← Chapters

စကြဝဠာတေးသွား

Vol. 6 Ch. 575

စကြဝဠာတေးသွား

Vol. 6 Ch. 575

လီယွမ်လျန်က နတ်ဆိုး စစ်သည်တော်များကို ပြန်ဆုတ်ရန် အတွက် အမိန့်ပေး လိုက်လေသည်။

ထို့နောက် သူက ဆန်းလျန်ကို လှမ်းကြည့်လိုက်တော့ ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

အသူရာဂိုဏ်းထဲတွင် ယခုကဲ့သို့ တိုက်ခိုက်နေမှုများမရှိဘဲ စည်းလုံး နေမည်ဆိုလျှင် အသူရာ ဂိုဏ်းသည် အသူရာ ချောက်တွင် အင်အားကြီးမားသည့် ဂိုဏ်းများထဲမှ တစ်ခု ဖြစ်နေမည်မှာ ကျိန်းသေပင်။

သို့သော် ဘုန်းတော်ကြီးသည် အသူရာ ဂိုဏ်းသားများကို ဓမ္မကို ကာကွယ်သူများ အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး တန်ခိုး စွမ်းအားများကိုပါ ပြောင်းလဲ ပစ်ခဲ့သည်။ ဘုန်းတော်ကြီး ထိုသို့ ပြုလုပ်ခြင်းမှာ ရည်ရွယ်ချက် တစ်ခုရှိရမည်ဟု ဆန်းလျန် ယုံကြည် ထားလေသည်။

သူတို့အားလုံး စကားမပြောဖြစ်ကြဘဲ တိတ်တဆိတ်ခရီးနှင်လာခဲ့ကြလေသည်။

သိပ်မကြာမီမှာပင် သူတို့ရှေ့တွင် ကျောက်ပြား တစ်ချပ်ကို တွေ့မြင်ရလေသည်။ ကျောက်ပြားမှာ ကောင်းကင်ကိုပင် ထိုးဖောက် သွားတော့မည့်အလား မြင့်မားလွန်းလှလေသည်။ ပင်လယ်ရေ မျက်နှာပင်အထက် ပေတစ်သောင်းအထိ မြင့်နိုင်လေသည်။ ထိုကျောက်ပြားထက်မှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက စိမ့်ထွက်နေသည်မှာ ချောက်ချားစရာပင် ဖြစ်လေ၏။

သို့သော် လီယွမ်လျန်နှင့် အခြားသူများကတော့ ထိုကျောက်ပြားကို သိပ်ပြီး အထူးအဆန်း ဖြစ်မနေပါ။

လီယွမ်လျန်က ဆန်းလျန်ကိုပင် ရှင်းပြလိုက်သေးသည်။

“ဂိုဏ်းချုပ်၊ ဒီကျောက်ပြားကို “မိစ္ဆာခွင်းကျောက်ပြား” လို့ခေါ်တယ်၊ နှစ်ပေါင်း ဘယ်လောက် ကတည်းကတည်ရှိ နေခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး၊ ဒဏ္ဍာရီအရ ဆိုရင်တော့ ပထမမျိုးဆက် အသူရာဘုရင်က ပင်လယ်ပြင်မှာ တိုက်ခတ်တဲ့ မုန်တိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ တည်ဆောက်ခဲ့တာတဲ့၊ ဒီကျောက်ပြားကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြသူ တွေလည်း အများကြီးပဲ၊ ဒါပေမဲ့ ဒီကျောက်ပြား ရွေ့အောင်တောင် မလုပ်နိုင်ခဲ့ကြဘူး၊ ဆရာက ဒီနေရာကို သဘောကျသွားတယ်လေ၊ အဲဒါနဲ့ ဒီနေရာရဲ့ ရေမျက်နှာပြင် အောက်မှာ မိစ္ဆာခွင်းနန်းတော်ကို တည်ဆောက်ခဲ့တယ်၊ ကျွန်တာ်တို့နဲ့အတူ ရေအောက်ကို သွားကြရအောင်ပါ ဂိုဏ်းချုပ်”

လီယွမ်လျန်၏ စကားဆုံးသည်နှင့် စန်းဝမ့်က သူ၏ ကြာပွတ်ကို တစ်ချက်ဝှေ့ယမ်း လိုက်လေသည်။

ထိုအခါ ပင်လယ်ရေပြင်သည် အက်ကွဲသွားပြီး ပင်လယ်အတွင်းသို့ ဆင်းသက်သည့် လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။

သွေးနီရောင် ပင်လယ်သည် ပေးတစ်သိန်းခန့် နက်ရှိုင်းပုံရလေသည်။

ရေအောက်သို့ ဆင်းသက်စဉ်တွင် စန်းဝမ့်သည် ကြာပွတ်ကို အဆက်မပြတ် ဝှေ့ယမ်းရင်း ရေဖိအားကို တွန်းလှန်နေခဲ့သည်။

ဆန်းလျန်ကတော့ စန်းဝမ့်သည် ကျင့်စဉ်ကို ကျင့်ကြံနေခြင်း ဖြစ်သည်ကို သိလိုက်သည့် အတွက် ထူးပြီး စကားပြောမနေတော့ပါ။

လီယွမ်လျန်နှင့် အခြားသူများကတော့ ရေခွဲနည်းပညာဖြင့် ရေအောက်သို့ ဆင်းသွား ကြလေသည်။ သို့သော် ဆန်းလျန်ကတော့ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည့်အတွက် မလေးမစား ပြုလုပ်သလို ဖြစ်မည်ကို စိုးရိမ်သည့်အတွက် စန်းဝမ့်က ရေခွဲလမ်းကို ဖန်ဆင်းကာ ဆန်းလျန်ကို ခေါ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။

ထို့နောက် အချိန်ခဏလေး အတွင်းမှာပင် ဆန်းလျန်နှင့် အခြားသူများသည် မိစ္ဆာခွင်း နန်းဆောင်သို့ ရောက်ရှိ လာကြလေသည်။

ရေအောက်တွင်ပင် ဖြစ်လင့်ကစား အလင်းရောင် ထွက်ပေါ်နေပြီး နန်းတော်သည် မှောင်မိုက်နေခြင်း မရှိပါချေ။

ရုတ်တရက် လီယွမ်လျန်၏မျက်နှာသည် တုန်လှုပ် ချောက်ချားသွားဟန် ဖြစ်သွားပြီး ဆန်းလျန်ကို ဦးညွတ်လိုက်ရင်း…

“ဂိုဏ်းချုပ်၊ ဆရာက ဂိုဏ်းချုပ်ကို အထဲကိုခေါ်ခဲ့ဖို့ ပြောပါတယ်”

ချန်ကျန့်မေက တပည့်ဖြစ်သူကို စိတ်စွမ်းအားဖြင့် ဆက်သွယ်ကာ အမိန့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဆန်းလျန် သိလိုက်လေသည်။ သို့သော် အံ့သြစရာ ကောင်းသည့် အချက်မှာ ချန်ကျန့်မေ၏ စိတ်စွမ်းအားဖြင့် ဆက်သွယ်မှုမှာ အလွန်အဆင့်မြင့် နေသည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။ ဂိုဏ်းတူအစ်ကို ဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်မြင့်မားနေပြီ ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။

မကြာမီပင် သူတို့ တွေ့ဆုံကြရတော့မည် ဖြစ်လေသည်။

တာအိုဆရာစန်းဝမ့်က ပြုံးလိုက်ရင်း…

“ဒါဖြင့် ကျုပ်က ဂိုဏ်းချုပ်တို့ညီအစ်ကို ပြန်ဆုံကြတာကို မနှောင့်ယှက် တော့ဘူးနော်…”

ဆန်းလျန်က ….

“ဟုတ်ပါပြီဗျာ…”

မိစ္ဆာခွင်းနန်းတော်သည် အလွန်မှ ကြီးမား ကျယ်ပြန့်လေသည်။

လှပသည့် အသူရာနန်းတွင်းသူများလည်း မရှိသည့်အတွက် တိတ်ဆိတ် ခြောက်ကပ်လျက် ရှိလေသည်။ သို့သော် အေးချမ်း လွန်းလှလေသည်။

နန်းတော် တည်ဆောက်ထားသည့် ပုံစံမှာလည်း ရှုတ်ထွေးခြင်း မရှိဘဲ အလွန်ရိုးရှင်း လေသည်။

တိတ်ဆိတ်သည့် လမ်းလေးတစ်လမ်းကို ဖြတ်သန်း သွားပြီးသည့်နောက် ကြာကန်တစ်ကန်ကို တွေ့ရလေသည်။ ကြာကန်သည် ပေတစ်ထောင် ပတ်လည်ခန့် ကျယ်ဝန်း လေသည်။ ကြာကန်ထဲတွင် သွေးနီရောင် ကြာပန်းများ ပွင့်လန်းနေသည်ကို တွေ့မြင်ရလေ၏။

ဆန်းလျန်သည် တာအိုဆရာ စန်းဝမ့်ပြောသည့် စကားများကို သတိရသွားပြီး ကြာပန်းများကို သေသေချာချာ ကြည့်မိလေသည်။ ကြာပန်းများမှာ ဝိညာဉ်စွမ်းအားများ ပြည့်ဝနေပြီး လှပကာ အသရေနှင့် တင့်တယ်လေသည်။

ဆန်းလျန်ကို လိုက်ပို့သည့် လီယွမ်လျန်သည် တိတ်တဆိတ် ပြန်လည် ထွက်ခွာ သွားလေသည်။

ရုတ်တရက်…

သွေးနီရောင် ကြာပန်းတစ်ပွင့်သည် အလွှာလိုက် ပွင့်အာလာပြီး ထိုကြာပန်းထက်တွင် တာအိုကျင့်ကြံသူ လူငယ် တစ်ယောက် ထိုင်နေသည်ကို တွေ့မြင်လိုက်ရလေသည်။

ထိုသူသည် အဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်များက လေထဲတွင် လွင့်ပျံ နေလေသည်။

ထူးခြားသည်မှာ လူငယ်၏ မျက်ခုံးများ ဖြစ်လေသည်။

ဓားသွားပုံသဏ္ဌာန် ဖြောင့်တန်းနေသည့် မျက်ခုံးများ… ။

ထို့ထက်ပိုပြီး ထူးခြားသည့် အချက်မှာ ထိုမျက်ခုံးများသည် သွေးနီရောင် တောက်နေကြခြင်းပင် ဖြစ်လေသည်။

သူ၏လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ထားလေသည်။

သွေးနီရောင် ဓားသွားမျက်ခုံးများ၏ ပိုင်ရှင်သည် သက်တမ်း တစ်ဝက် ကျင့်ကြံခဲ့ပြီး လောကကြီးကို ထိတ်လန့်တုန်လှုပ် စေခဲ့သူ ဓားတန်ခိုးရှင် ချန်ကျန့်မေမှ လွဲပြီး မည်သူ ဖြစ်နိုင်ပါမည်နည်။

ချင်းရွှမ်နတ်တံခါးတွင် ပါရမီရှင်ကျင့်ကြံသူများ များစွာ ထွက်ပေါ်ခဲ့ပြီး ထိုသူများသည် ကြယ်စင်များအလား တောက်ပနေကြဆဲ ဖြစ်လေသည်။ သို့သော် ထိုကြယ်စင်များကြားတွင် ချန်ကျန့်မေသည် အတောက်ပဆုံးကြယ် တစ်စင်းဖြစ်ခဲ့သည် ဆိုသည့်အချက်ကိုတော့ မည်သူမျှ ငြင်း၍ မရနိုင်ပေ။

ဆန်းလျန်ကပြုံးလိုက်ရင်း…

“ဂိုဏ်းတူအစ်ကို… အခု သဏ္ဌာန်မဲ့ ဓားသိုင်းကို ကျင့်ကြံအောင်မြင် သွားခဲ့ပြီမလား၊ အခု အသက်မဲ့ ဓားသိုင်းကို ဆက်ကျင့်ကြံမလို့လား”

ဆန်းလျန်၏ စကားကို ကြားသည့်အခါတွင်တော့ ချန်ကျန့်မေသည် လက်ထဲမှ ဖတ်လက်စ စာလိပ်ကို အသာချထား လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဆန်းလျန်ကို ပြုံးပြလိုက်လေသည်။

သူ၏ဦးခေါင်းထက်ရှိ ပိုင်ဟွေ့ဆုံချက်မှ သွေးနီရောင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ထိုသွေးနီရောင်စီးကြောင်း သည် ချန်ကျန့်မေ၏ဦးခေါင်းထက်တွင် တိမ်တိုက်တစ်ခုအလား ဖြစ်တည် နေလေသည်။ ထိုတိမ်တိုက်ထဲတွင် အလင်းတန်းတစ်ခု ဖြာလင်းနေပြီး တိမ်တိုက် အစွန်အဖျားလေး များတွင်ပင် အလင်းရောင်က လှည့်ပတ်နေလေ သည်။

ထိုအလင်းတန်းများသည် ကွမ်းလုန်ကျီ၏ သေခြင်းနှင့်ရှင်ခြင်း မီးအိမ်မှ အလင်းတန်းများကဲ့သို့ပင် တန်ခိုးစွမ်းအား မြင့်မားကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ ချန်ကျန့်မေ၏ ဦးခေါင်းထက်မှ အနီရောင် အလင်းတန်းနှင့် ထိမိသူ မည်သူမဆို ဘဝ အဆုံးသတ်ရမည် ဖြစ်လေသည်။ ဤသည်မှာ ဓားသိုင်းကို ကျင့်ကြံအောင်မြင် သွားပြီဆိုသည့် သင်္ကေတပင် ဖြစ်လေသည်။

ဖုကျီပြောခဲ့ဖူးလေသည်။

“လူတစ်ယောက်သည် အသက်ရှင်သန်ဖို့ နားမလည်နိုင်လျှင် သေခြင်းတရားကိုလည်း ရင်မဆိုင်နိုင်” ဟူ၍ဖြစ်လေ သည်။

ချန်ကျန့်မေသည် သေခြင်းတရား အဓိပ္ပာယ်ကို သွေးနီရောင် ကြာပန်းမှ တစ်ဆင့် သိမြင်ခဲ့လေသည်။ ထို့ကြောင့် သူသည် ရန်သူများကို တိုက်ခိုက် သတ်ဖြတ်သည့် အခါတွင် သဏ္ဌာန်မဲ့ ဓားသိုင်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။

သဏ္ဌာန်မဲ့ဓားသိုင်းနှင့် အသက်မဲ့ဓားသိုင်းသည် ခပ်ဆင်ဆင် တူသည်ဟု ထင်မှတ် ရနိုင်လေသည်။ သို့သော် တကယ်တမ်းတွင် ထိုဓားသိုင်းနှင့်ခုသည် မိုးနှင့်မြေလို ကွာခြား လွန်းလေသည်။  သဏ္ဌာန်မဲ့ ဓားသိုင်းသည် ကျင့်စဉ် တစ်ခုအပေါ်တွင် အဓိကထားပြီး အသက်မဲ့ ဓားသိုင်းကတော့ သေခြင်းနှင့် ရှင်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုသော သတ်ဖြတ် လိုသည့် စွမ်းအားများ၏ အမြင့်ဆုံးအဆင့် ဖြစ်လေသည်။

မရဏသေခြင်းတရား ရောက်လာသည်နှင့် အသက်ပျောက်ရမည် ဖြစ်လေသည်။ အသက်မရှိပါက မရဏတရား သည်လည်း ရောက်လာတော့မည် မဟုတ်သည်။ သေခြင်းနှင့်ရှင်ခြင်း ကြားတွင် တာအိုတရားကို ရှာဖွေတွေ့ရှိ နိုင်လေသည်။

ချန်ကျန့်မေသည် အစဉ်အမြဲ စစ်မှန်သည့် ဓားသိုင်းလမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေသူ ဖြစ်ပြီး အစဉ်အမြဲ ထွန်းလင်း တောက်ပနေသူ ဖြစ်လေသည်။

ရုတ်တရက်…

ချန်ကျန့်မေ၏ ဦးခေါင်းထက်မှ အလင်းတန်းသည် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေပြီး ထိုဓားဆီမှ ကြီးမားသော ဖိအားများသည် ဆန်းလျန်ကို ဖိနှိပ်ထားလေသည်။

ချန်ကျန့်မေက…

“ဆန်းလျန်… နှစ်တွေအများကြီး ကြာခဲ့ပြီနော်… မင်းရဲ့ကျင့်ကြံခြင်း အဆင့် ဘယ်လောက် တိုးတက်လာလဲ စမ်းကြည့် ရအောင်၊ မင်း ကျုပ်ထက်တော့ အဆင့်မနိမ့်လောက်ပါဘူး”

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ကျွန်တော်က ဂိုဏ်းတူအစ်ကိုကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

ချန်ကျန့်မေက ရယ်မော လိုက်စဉ်မှာပင် ပတ်ဝန်းကျင် တစ်ခုလုံးမှ အရာအားလုံး ပျောက်ကွယ် သွားပြီး အကန့်အသတ်မဲ့ နေရာတစ်ခုသို့ ရောက်ရှိ သွားလေသည်။

ထိုနေရာတွင် ဆန်းလျန်နှင့် ချန်ကျန့်မေ နှစ်ယောက်သာ ရှိလေသည်။

ဆန်းလျန်သည် ချန်ကျန့်မေ အနားတွင် ရပ်နေလေသည်။

ချန်ကျန့်မေကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရှိလေသည်။

“စကြဝဠာ တေးသွား ဖန်ဆင်းခြင်း… မင်း ဒီလို ဖန်ဆင်းမှုမျိုးကို ဘယ်တုန်း ကတည်းက သင်ယူထားတာလဲ၊ ကျုပ်တောင် မသိလိုက်ရပါလား”

ဆန်းလျန်က…

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော်က အစ်ကို့ကို ဘယ်မီမှာလဲ၊ ကျွန်တော်သာ ဒီလောက် မကျင့်ကြံထားရင် အစ်ကို့ကို ခုလိုမျိုး လာတွေ့ရဲမှာတောင် မဟုတ်ဘူး၊ ကဲ… သတိထား ပေတော့ဗျာ… ကျွန်တော်က အစ်ကို့ကို ညှာမှာ မဟုတ်ဘူး၊ ဒါကြောင့် အစ်ကိုရှုံးသွားရင် ကျွန်တော့်ကို အပြစ်မတင်နဲ့"

ပြောပြီးသည်နှင့် ဆန်းလျန်သည် လက်ဟန် တစ်ခုကို ပြုလုပ်လိုက်လေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးသည် တုန်လှုပ်လာပြီး တောင်မြင့်ကြီးများနှင့် မြစ်ရေများ စီးဆင်း ဝင်ရောက် လာလေသည်။ ဆန်းလျန်၏ တောင်နှင့်မြစ်ရေ သင်္ကေတကို အသုံးပြုနိုင်စွမ်းသည် ချင်းရွှမ် နတ်တံခါးမှ အခြားသူများ အားလုံးထက် သာလွန်ကာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

ချန်ကျန့်မေက ရယ်မောလိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။

သူ၏လက်ထဲတွင် ကြောက်မက်ဖွယ်ရာ မရဏဓားဝိညာဉ် တစ်လက်သည် လင်းလက် တောက်ပလျက် ရှိလေသည်။

***

All Chapters