← Chapters

အရင်ဦးဆုံး စတင်၍ စော်ကားလာခြင်း

Vol. 158 Ch. 2303

အရင်ဦးဆုံး စတင်၍ စော်ကားလာခြင်း

Vol. 158 Ch. 2303

ပြောဆိုပြီးနောက်မှပဲ ဒိုင်လူကြီးက ကြိုးဝိုင်း အစွန်းဘက်ခြမ်းသို့ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။

ကြိုးဝိုင်းထဲရှိ ယှဉ်ပြိုင်သူများကလည်း ချက်ချင်း စတင်ခြင်း မပြုပါဘဲ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သတိထားပြီး စောင့်ကြည့်နေကြ၏။

လေထုက တစ်မူထူးခြားစွာ လေးလံဖိစီးလာခဲ့ပြီး လူတိုင်းလူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကျားချောင်းချောင်းသည့်နှယ် ချောင်းနေကြသည်။

အောက်ရှိ ကြည့်ရှုသူများကလည်း ဤသည်က မုန်တိုင်းမလာမီ ငြိမ်သက်နေခြင်း ဖြစ်ကြောင်း သိရှိကြလေသည်။

သွေးထွက်သံယို တိုက်ပွဲတစ်ခုက အချိန်မရွေး ထွက်ပေါ်လာတော့မည် ဖြစ်၏။

ထိုအချိန်အခိုက်အတန့်တွင် မည်သူကမှန်းမသိ… ဒေါသတကြီးနှင့် ကျယ်လောင်စွာ အော်ဟစ်လာလေသည်။

…

အနှီ ဟိန်းဟောက်သံက စစ်ပွဲခရာသံနှင့် အလားသဏ္ဌာန်တူပြီး ရှိနေကြသည့် လူတိုင်း၏ သွေးဆာစိတ်ကို မီးတောက်လောင်သွားစေခဲ့သည်။

လူတစ်ရာကျော် ပါဝင်သည့် လွတ်လပ်သည့် တိုက်ပွဲကြီးက ထိုအချိန်အခိုက်အတန့်မှာတင်ပဲ စတင်လေတော့၏။

တစ်ဦးတစ်ယောက်ချင်းစီတိုင်းက မိမိတို့၏ ကိုယ်စီ သားကောင်များကို ရှာတွေ့ထားကြပုံရပြီး ချက်ချင်းဆိုသလို အချင်းချင်း ဆုတ်ဖြဲကြကုန်လေသည်။

အော်ဟစ်သံများနှင့် သွေးများက ကြိုးဝိုင်းတစ်လျှောက် ပျံ့နှံ့သွားခဲ့၏။

လက်သီးချင်းထိုးပြီး အချင်းချင်း ကွဲပြဲအောင် ထိုးနှက်သတ်ပုတ်နေကြသည့် မြင်ကွင်းက လူတိုင်း၏ အာရုံခံ သွေးကြောလေးများကို ဖွင့်ပေးလိုက်သလို ဖြစ်နေပြီး …

စင်အောက်ရှိ ကြည့်ရှုသူများကလည်း သူတို့၏ ဘီယာခွက်များ၊ ငွေသားများကို ကိုင်မြှောက်၍ ကျယ်လော်စွာ ဟစ်ကြွေးအားပေးနေကြကာ ကြိုးဝိုင်းထဲရှိ ဖိုက်တာများထက်ပင် ပို၍ စိတ်အားထက်နေပုံရသည်။

သို့ပေမယ့် လင်းရီ ရှိနေသည့် အနီးနားတစ်ဝိုက်တွင်တော့ ဗလာကျင်းလို့နေသည်။

သူနှင့် တစ်မီတာအတွင်း မည်သူကမျှ ချဉ်းကပ်မလာကြသလို မည်သူကမျှလည်း သူ့အား စိန်မခေါ်ဝံ့ကြပေ။

အကြောင်းမူကား … သာမန်ဆန်ပုံရသည့် အနှီ ဟွာရှန့်အမျိုးသားက လူတိုင်း စိတ်ကူးနိုင်သည်ထက်ကို ရက်စက်ကြမ်းကြုတ်သဖြင့် မည်သူကမျှ ကိုယ့်ပြဿနာကိုယ် မရှာလိုခဲ့ကြပေ။

ပထမ မိနစ်ပိုင်းအတွင်းမှာပဲ လူတစ်ဒါဇင်ခန့်လောက်က ကြိုးဝိုင်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ကြ၏။ သို့ပေမယ့်လည်း ကြိုးဝိုင်းထဲ ကျန်ရစ်သူတိုင်းက အနိုင်ရသူ ဖြစ်သွားပြီလို့တော့ မဆိုလိုပေ။

သူတို့တွေ စတင် တိုက်ခိုက်စဉ်က အင်မတန် သိပ်သည်းမြင့်မားသည့် တိုက်ခိုက်ရေး ခွန်အားများကို ပြသခဲ့ကြသော်လည်းပဲ နောက်တစ်စက္ကန့်၌ သက်လုံအား မလောက်ငှမှုကြောင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်‌စေ၊ ပစ်မှတ်ထားခံရခြင်းကြောင့်ဖြစ်စေ၊ တိုက်ခိုက်ခံလိုက်ရပြီး ကြိုးဝိုင်း အပြင်ဘက်သို့ ကန်ထုတ်ခံလိုက်ရလေသည်။

ယင်းကလည်း စည်းမျဉ်းမဲ့သည့် တိုက်ပွဲများ၏ အနှစ်သာရဟု ပြော၍ရသည်။

သန်မာသည်ဆိုတိုင်းလည်း အဆုံးထိ တောင့်ခံကျန်ရစ်သွားနိုင်မည်ဟု အာမခံချက် မရှိပေ။

လင်းရီကဲ့သို့ အလွန်အကျွံ အင်အားရှိသူ ဆိုလျှင်တော့ … ဤသည်က နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့လေပြီ။

ထို့အခိုက် လင်းရီ သတိပြုမိလိုက်သည်က သူ့ဘေးနားတွင် မည်သူမျှ မရှိဘဲ လုံခြုံနေသည့်အပြင် ကိုလ်ဆန်၏ အပေါင်းအပါများ ဘေးနားတွင်လည်း ထူးမခြားနား ဖြစ်နေသည်။

၎င်းတို့က တိုက်ပွဲထဲသို့ ဝင်ရောက်စွက်ဖက်ခြင်း မရှိသကဲ့သို့ အခြားသူတိုကလည်း ၎င်းတို့အား လာရောက်ထိခိုက်ခြင်း မရှိကြပေ။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ မူရင်း ဖိုက်တာ အရေအတွက် တစ်ဝက်ခန့်မျှသာ ကြိုးဝိုင်းထဲ ကျန်ရစ်တော့၏။ ကျန်ရစ်ခဲ့သူ အများစုတွင်လည်း ဒဏ်ရာကိုယ်စီ ရထားကြပြီး အခြားသူများအား စူးရဲစွာ စိုက်ကြည့်နေကြရင်းဖြင့် အသက်ကို မောဟိုက်စွာ ရှူရှိုက်နေကြရသည်။

နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ရှိနေသည့် ဦးရေ၏ သုံပုံနှစ်ပုံခန့်ကို ရှင်းထုတ်ပစ်ဖို့ လိုအပ်ကြောင်းကို ၎င်းတို့အားလုံး သိရှိကြလေသည်။

သို့တိုင် မည်သူကမျှ လင်းရီအပေါ် မလှုပ်ရှားဝံ့ဘဲ ရှိနေသေးသည်။

“ အလုပ်ဖြစ်မှာ မဟုတ်ဘူး ငါ့ကောင်တို့ ….” အနောက်တိုင်းသား တစ်ဦးက စကားစပြောလိုက်ပြီး “ ကြိုးဝိုင်းထဲမှာ အစကတည်းက မတိုက်ခိုက်ရသေးတဲ့ လူ တစ်ဒါဇင်ကျော်လောက်ရှိတယ် .. သူတို့က နေရာကို အော်တို ယူထားပြီးသား … ငါတို့ကောင်တွေအတွက် မမျှတဘူး … ငါတို့ကောင်တွေလည်း အသင်းဖွဲ့ပြီး အဲ့ကောင်တွေကို ဖြုတ်ချပစ်ဖို့ အကြံပြုချင်တယ် … အဲ့လိုဆိုရင် အခွင့်အရေးက ပိုပြီး များသွားပြီ …”

အနောက်တိုင်းသား၏ စကားကို ကြားတော့ ကြိုးဝိုင်းထဲရှိ အခြားသူများကလည်း အကြည့်ချင်း ဖလှယ်မိသွားခဲ့ကြပြီး သူပြောသည့် အချက်ကို လက်ခံမိကြ၏။

သူတို့တွေက နေရာလေး တစ်နေရာ ရဖို့အတွက် မီးကုန်ယမ်းကုန် တိုက်ခိုက်နေချိန်မှာ အဲ့လူတွေက ဘာမှမလုပ်ဘဲ အခန့်သား ရပ်နေရင်း နေရာတစ်နေရာ ရနေတယ်ဆိုတာက မျှတရဲ့လား …

အခုလို အင်အားစုစည်းပြီး သူတို့ကို အရင်ဆုံး ဖြုတ်ချပစ်တာက ပိုမကောင်းဘူးလား …

မကြာမီ ကျန်သည့် ယှဉ်ပြိုင်သူတို့က နားလည်မှု ကိုယ်စီနှင့် အတူ ရွေ့လျားလာခဲ့ကြသည်။

သူတို့၏ အကြည့်က လင်းရီ၊ Scarlett နှင့် အခြားသူများထံ ကျရောက်သွားခဲ့လေသည်။

“ အဲ့ ဟွာရှက တစ်ယောက်ကို ငါ ဖြုတ်လိုက်မယ် … ငါနဲ့ အတူ သုံးယောက်လိုတယ် … ဘယ်သူပါမလဲ … လေးယောက်အားနဲ့ဆိုရင် သူတစ်ယောက်ကို ဖြုတ်ဖို့က အသာလေးပါ …” အနောက်တိုင်းသားက ပြောလိုက်သည်။

“ ငါ ပါမယ် …”

လူသုံံးယောက်က သူ့ဘေးနားသို့ ရောက်လာပြီး လေးယောက် တစ်အုပ်စု ဖွဲ့စည်းလိုက်။

“ ကျန်တာကတော့ မင်းတို့အပိုင်းပဲ … အဲ့ကောင်တွေကို ဘာအခွင့်အရေးမှ မရစေနဲ့ ….”

“ အိုကေ ….”

တာဝန်များ ခွဲဝေပြီးသည်နှင့် အနောက်တိုင်းသားက အပေါင်းအပါ သုံးဦဂကို ဦးဆောင်ကာ လင်းရီ ရှေ့မှောက်တွင် ရပ်တန့်လိုက်သည်။

“ ဟွာရှန့်ကောင် … မင်း စိတ်ပျက်သွားပြီလား … ဒါပေမယ့် ငါတို့ကတော့ မင်းကို အသာလေး လွှတ်ပေးလိုက်ဖို့ စိတ်ကူးမရှိဘူး …..”

အနောက်တိုင်းသား၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ လင်းရီက သန်မာသော်လည်း သူ့ဘက်ခြမ်းရှိ လူလေးယောက်ဖြင့်ဆိုပါက အခွင့်အရေးတို့က မြင့်မားကြောင်း ယုံကြည်သည်။

“ မင်းက လူ ဒီလောက်အများကြီးကို နာခံစေတယ်ဆိုတော့ ဉာဏ်ကောင်းတဲ့လူစားမျိုးလို့ သတ်မှတ်လို့ရတယ် … တကယ်လို့ ကံကောင်းမယ်ဆိုရင် နောက်တစ်ဆင့်တောင် တက်လှမ်းလို့ရနေတာကို ဘာလို့လဲ… ဘာကြောင့်မို့ ငါ့ဆီ လာခဲ့ရတာလဲ …” လင်းရီ တည်တည်ငြိမ်ငြိမ်ပဲ မေးခွန်းထုတ်လိုက်သည်။

“ ငါ့မှာလည်း ရွေးချယ်မှ မရှိတာ … ကိန်းဂဏန်းတွေက မင်းနဲ့ဆိုရင် ပိုပြီး များနေတာကြောင့်ပဲ ….”

“ ကိန်းဂဏန်းတွေက ပိုမြင့်တာလား ….” လင်းရီ စိတ်ဝင်စားသွားသည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

“ ငါက ကိုလ်ဆန်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ခွန်အား တစ်ချို့တော့ ကုန်သွားခဲ့ပြီ … အဲ့ဒါကြောင့်မို့ ငါ့ကို ရှုံးနိမ့်မယ်ဆိုပြီး ထင်နေတယ်ပေါ့ ….”

“ အတိအကျပဲ …” အနောက်တိုင်းသားက ပွင့်ပွင့်လင်းလင်း ပြောဆိုလာသည်။

“ ကိုလ်ဆန်ရဲ့ အရည်အချင်းကို ငါ သိပြီးသား … ပုံမှန်ဆို တကယ်လို့ ငါတို့ လေးယောက် စုဖွဲ့ပြီး တိုက်ခိုက်မယ်ဆိုရင်တောင် သူ့ကို အနိုင်ယူနိုင်မယ့် အခွင့်အရေးမျိုး မရှိဘူး … မင်းရဲ့ စကေးလယ်ဗယ်ကလည်း သူနဲ့ အတော်လေး တူတယ် … ပြီးတော့ မင်းက စောနလေးတင်ပဲ သူ့ကို အနိုင်ယူထားတာ … နောက်ပြီး ဒဏ်ရာကလည်း ရထားသေးတယ် … ငါတို့ လေးယောက် စုပေါင်းလိုက်ရင် မင်းကို အနိုင်ယူဖို့က ပြဿနာ မရှိတော့ဘူး …. အခြေအနေတွေက အဲ့လိုမျိုးပဲ ….”

“ မင်းပြောသွားတာတွေလည်း ယုတ္တိတော့ ရှိပါတယ် …”

လင်းရီ လက်ဆစ်မျိုး ဖြေလျှော့လိုက်ပြီး “ ဆိုတော့ … စလိုက်ကြတာပေါ့ ….”

“ အတူတက် …”

လေးဦးလုံးက အတွေ့အကြုံပိုင်း၌ အတော်လေး ကြွယ်ဝကြ၏။ ဤသည်က သူတို့၏ ပထမဆုံးအကြိမ် ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်သော်လည်းပဲ ကိုယ့်နေရာကိုယ် ကောင်းစွာ ယူနိုင်ကြလေသည်။

မတူညီသည့် ဦးတည်ဘက်ခြမ်း တစ်ခုစီမှ လင်းရီထံသို့ ပြေးဝင်လာခဲ့ကြ၏။

အကယ်၍ တကယ့် အရည်အချင်း အစစ်အမှန်ကိုသာ အသုံးပြုမည်ဆိုပါက လင်းရီ ကြိုးဝိုင်းထဲရှိ ဤလေးယောက်လုံးကို အသာလေး ကိုင်ပေါင်လိုက်လို့ရသည်။ သူ့အတွက် အသာလေးပင်။ သို့ပေမယ့် ကျိုးဖန်က အပေါ်ထပ်မှနေ၍ စောင့်ကြည့်နေသဖြင့် သူ့ဘက်က ပိရိအောင်လည်း သရုပ်ပြဖို့ လိုအပ်နေသေးလေသည်။

လင်းရီသည် အနောက်သို့ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ပြီး ကြိုးဝိုင်း အတားအဆီးနားသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ကျရောက်လာသည့် တိုက်ခိုက်မှုများကို အင်မတန် ခက်ခက်ခဲခဲနှင့် ရှောင်တိမ်းနေဟန် ဆောင်လိုက်၏။

ပြီးသည့်နောက် သူတို့ထဲက တစ်ယောက်ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်ကာ ကြိုးဝိုင်းအပြင်ဘက်သို့ လွင့်ထွက်သွားစေလိုက်သည်။

စစချင်းမှာပဲ မိမိတို့ဘက်ခြမ်းက လူတစ်ယောက် ဆုံးရှုံးလိုက်ရတာကို မြင်တော့ အနောက်တိုင်းသား၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျန်နှစ်ယောက်ကို အတူလှုပ်ရှားဖို့ ညာသံပေးလိုက်သည်။

သုံးဦးက အလှည့်ကျစီ တိုက်ခိုက်နေလျက်ရှိပြီး လင်းရီ ပင်ပန်း၍ ခုခံနိုင်စွမ်း လျော့နည်းသွားအောင် ပြုလုပ်ဖို့ စီစဉ်နေခဲ့သည်။ ထိုသို့ဆိုပါက အနိုင်ယူဖို့ လွယ်ကူသွားပြီ ဖြစ်၏။

သို့ပေမယ့် တိုက်ခိုက်ပြီးသည့် အချိန်တွင်တော့ ဤ ဟွာရှန့်ကောင်က သူတို့ ထင်မှတ်ထားသည်ထက်ပင် သက်လုံကောင်းနေခဲ့ပြီး ပင်ပန်းရမည်ကို မသိသည့် စက်ရုပ်တစ်ခုလိုပင်။

နှစ်ချီခန့်မျှ တရစပ် တိုက်ခိုက်ပြီးနောက်တွင် လင်းရီ၏ သက်လုံကို အောက်ဆုံး ထိုးကျသွားဖို့ရာ မျှော်လင့်ခဲ့သော်လည်းပဲ တစ်ဖက်သူ၏ သက်လုံက စစချင်းတုန်းကအတိုင်း ရှိနေသည်ကို သတိထားမိလိုက်သည်။

အခြားတစ်ဖက်ရှိ မိမိတို့ဘက်ကတော့ သိသိသာသာ အင်အား လျော့နည်းလာနေသည်။

လင်းရီကို ကြောက်ရွံ့သည့် မျက်လုံးများဖြင့် ကြည့်ရင်း အသက်ကို မောဟိုက်စွာ ရှူရှိုက်နေမိကြ၏။

ဤလူ၏ ပုံစံက ခန့်မှန်း၍ မရနိုင်လောက်အောင် အန္တရာယ်များလှသည်။

အလင်းတောင်မျှ မလွတ်မြောက်နိုင်သည့် ဘလက်ဟိုးတစ်ခုနှယ် ဖြစ်လို့နေသည်။

တစ်လှမ်းချင်း လှမ်းလျက် … လင်းရီ သူတို့ သုံးဦးထံသို့ လျှောက်လှမ်းလာခဲ့၏။

“ ဘာလို့ ရပ်သွားခဲ့တာ … ဆက်လုပ်လေ …”

“ ချီးပဲ …..”

ကျိန်ဆဲရင်း … အနောက်တိုင်းသားက သွားကို တင်းတင်းကြိတ်လျက် လင်းရီထံသို့ ပြေးဝင်လာခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ သူ၏ ခွန်အားနှင့် အလျင်နှုန်းက အများအပြား လျော့ကျသွားခဲ့ပြီ ဖြစ်၏။

ဘေးကန်ချက် တစ်ခုက အနောက်တိုင်းသား၏ မျက်နှာတစ်ဖက်ခြမ်းသို့ ကျရောက်လာခဲ့ပြီး သူ့အား ကြိုးဝိုင်းအပြင်ဘက်သို့ လွင့်ထွက်သွားစေခဲ့သည်။

ကျန်နှစ်ယောက်သည်လည်း ထူးခြားကောင်းမွန်မနေချေ။ တူညီသည့် ပုံစံများနှင့် ကြိုးဝိုင်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ကြသည်။

လင်းရီ ကိစ္စပြီး၍ အခြား တစ်နေရာကို လှမ်းကြည့်လိုက်တော့ ထိုနေရာတွင် တစ်ဖက်သတ် တိုက်ပွဲ ဖြစ်ပေါ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

Scarlett နှင့် လူကိုးဦးက အတူ စုစည်း၍ ဉာဏ်အမြော်အမြင် ရှိရှိနှင့် လှုပ်ရှားပြီး အုပ်စုထဲရှိ အင်အားအနည်းဆုံး လူများကို ပစ်မှတ်ထားကာ ကြိုးပမ်း အားထုတ်မှု အနည်းဆုံးဖြင့် ကြိုးဝိုင်းထဲမှ မောင်းထုတ်နေခဲ့ကြသည်။

မည်သို့ပင်ဆိုစေ လက်ရှိ ပွဲစဉ်၏ အဓိကက နောက်တစ်ဆင့်သို့ တက်ရောက်ဖို့အတွက် ဖြစ်ပြီး ပရမ်းပတာ သတ်ဖြတ်ဖို့ အတွက် မဟုတ်ပေ။

သို့တိုင်အောင် လူ အယောက် လေးဆယ်ခန့်မျှ ဝန်းရံခြင်းကို ခံထားရသဖြင့် ၎င်းတို့ ကိုးဦး၏ အခြေအနေသည်လည်း လွယ်ကူမနေချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့တွင် လင်းရီကဲ့သို့ အခြားသူများထက် အပြတ်သတ် သာလွန်နေသည့် အင်အားမျိုး မပိုင်ဆိုင်ထားကြပေ။

All Chapters