မျက်ခုံးနှစ်ခုကြားကသွေးစက်များ
Vol. 6 Ch. 576
ချန်ကျန့်မေ၏ ဓားမှ ထွက်ပေါ်နေသည့် ဓားစွမ်းအားများသည် လေထုတစ်ခုလုံးတွင် ပြည့်နှက်နေလေသည်။ သို့သော် ဆန်းလျန်ကို ထိခိုက်နိုင်ခြင်း မရှိပါ။
ဆန်းလျန်၏ တောင်နှင့်မြစ်ရေ သင်္ကေတသည် တောင်နှင့်မြစ်ရေများကို ဆင့်ခေါ်နိုင်ရုံ သာမက မိုးများကိုပင် ရွာသွန်း စေလေသည်။ မိုးရွာသွန်းသည်နှင့် အမျှ လေပြင်းများလည်း တိုက်ခတ် လာလေသည်။
ဓားထိခတ်သံများ ထွက်ပေါ် နေလေသည်။
သဏ္ဌာန်မဲ့ ဓားအလွှာများသည် လေထဲတွင် တုန်ခါနေလေသည်။ သဏ္ဌာန်မဲ့ဓားသည် လေပြင်းကို ဖြတ်ကျော်ပြီး မြစ်များကို ထိုးခုတ်ကာ ဆန်းလျန် ရှိရာသို့ ဦးတည် ဝင်ရောက် လာလေသည်။
ဆန်းလျန်သည် ပြုံးနေဆဲ ဖြစ်ပြီး မြစ်ရေများကို ဖန်ဆင်းကာ ချန်ကျန့်မေ၏ ဓားသွားများကို ကာကွယ် တားဆီးထား လိုက်လေသည်။
ချန်ကျန့်မေ၏ ဓားသွားသည် လေထဲတွင် တောက်ပသော မီးတောက်များ ဖြစ်ပေါ်နေပြီး ဥက္ကာပျံများ ပျံသန်းနေသကဲ့သို့ တုန်လှုပ် ချောက်ချားဖွယ်ရာ ဖြစ်လေသည်။ ယခင်က ချန်ကျန့်မေ၏ ဓားသိုင်းသည် ယခင်က အတိုင်းပင် ရိုးရှင်းပြီး သန့်စင်လေသည်။ သို့သော် ချန်ကျန့်မေသည် ဆန်းလျန်ကို ပေါ့ပေါ့ပါးပါးပင် တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
ဓားဝိညာဉ်မှာ တောက်ပနေပြီး ဆန်းလျန်၏ တောင်နှင့်မြစ်ရေများ အားလုံးသည် ပျောက်ကွယ် သွားရလေသည်။
ဆန်းလျန်သည် ဂိုဏ်းတူအစ်ကိုနှင့် လက်ရည်စမ်း နေရသည့် အတွက် အပျော်လွန်လျက် ရှိလေသည်။
ရန်သူပြိုင်ဘက်များနှင့် သူသေကိုယ်သေ တိုက်ခိုက်လာသည့် တိုက်ပွဲများနှင့် မတူ ညီအစ်ကိုချင်း လက်ရည် စမ်းရသည်မှာ စိတ်ကို သက်သာရာ ရစေပြီး ပျော်ရွှင်စရာ အတိ ဖြစ်လေသည်။ ထို့ပြင် ညီရင်းအစ်ကိုကြားတွင် တစ်ယောက်၏ တန်ခိုး စွမ်းအားများကို အခြား တစ်ယောက်က အကုန်အစင် သိမြင်သွား၍လည်း ထူးခြားပြီး ပြဿနာ ဖြစ်မသွားနိုင်ပေ။
ချန်ကျန့်မေသည် ဆန်းလျန်အပေါ်တွင် သူ၏ ဓားတန်ခိုး စွမ်းအားများ အားလုံးကို အသုံးပြုခြင်း မရှိသေးသည့်တိုင် သူ၏အဆင့်သည် ဓားသူတော်စင် အဆင့်ကိုပင် ကျော်လွန်နေပြီ ဖြစ်လေသည်။ သူသည် ဓားတစ်လက်ဖြင့်ပင် ကျင့်စဉ်လမ်းပေါင်း များစွာကို ကျော်ဖြတ် သွားနိုင်လေသည်။ ထိုအချက်သည် ချဲ့ကား ပြောဆိုခြင်း မဟုတ်ပေ။
ထိုက်ဝေ့ထိုင် ခန်းမဆောင်မှ ကျင့်စဉ်ပေါင်း များစွာကို သိရှိနားလည်ထားည့် ဆန်းလျန်၏ တန်ခိုးစွမ်းအားနှင့် အသိဉာဏ်မှာ အလွန်ကျယ်ပြန့်သည်ဟု ဆိုနိုင်လေသည်။ သို့သော် ဆန်းလျန်၏ ကျင့်စဉ် စွမ်းအားများ အားလုံးသည် သူ့ရှေ့ရှိ ဂိုဏ်းတူအစ်ကို၏ ဓားတစ်လက် အောက်တွင် အကုန် ပျက်ပြယ် ကုန်ရလေသည်။
သို့သော် ချန်ကျန့်မေသည် ညီငယ် ထုတ်ဖော်ပြသမျှသော တန်ခိုးစွမ်းအားတိုင်း၏ ဟာကွက် နေရာများကို သူ၏ဓားဖြင့် အေးအေးဆေးဆေးပင် ထုတ်ဖော် ပြသပေးနေခဲ့လေသည်။
ဆန်းလျန်သည် ကျင့်စဉ်များကို ကျင့်ကြံ ထားသည့်တိုင် ကိုယ်တိုင် အသုံးပြုနေသည့် အတွက် ကျင့်စဉ်များ၏ ဟာကွက်ကို မတွေ့မြင်နိုင်ခဲ့ပေ။ ယခု ချန်ကျန့်မေ၏ လမ်းညွှန်မှုဖြင့် ဆန်းလျန်သည် အချိန်ခဏလေး အတွင်းမှာပင် သင်ယူမှုများစွာကို ပြုလုပ်နိုင်ခဲ့လေသည်။
ချန်ကျန့်မေမှာလည်း ညီငယ်နှင့် ပြန်လည် တွေ့ဆုံပြီး လက်ရည် စမ်းနေရသည်ကို အလွန်ပျော်ရွှင် နေဟန် ရှိလေသည်။ သူ့ဘဝတွင် ယခုကဲ့သို့ ပျော်ရွှင်မှုကို မခံစားရသည်မှာ ကြာပြီ ဖြစ်လေသည်။ သူသည် ဓားသိုင်းလမ်းစဉ်ကို အောင်မြင်ပြီး ကတည်းက သူ၏ ဓားသိုင်း တစ်ကွက်ကိုပင် ခုခံနိုင်သူ အတော်ရှားလေသည်။
ဆန်းလျန်ကဲ့သို့ ကျင့်စဉ် စွမ်းအားများစွာဖြင့် သူ့ကို ပညာစမ်းနိုင်သူမှာ မရှိသလောက်ပင် ဖြစ်လေသည်။
သူသည် ဆန်းလျန်၏ ကျင့်စဉ် စွမ်းအားများမှ ဟာကွက်များကို ထောက်ပြ နေခဲ့သော်လည်း တကယ်တမ်းတွင် ထိုဟာကွက်များသည် ပြောပလောက်သည့် အရာများမဟုတ်ပေ။ ဆန်းလျန် ဆိုသည်က အလွန်အဆင့်မြင့်သည့် နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။
ဆန်းလျန်သည် ကျင့်စဉ်ပေါင်းများစွာကို လေ့လာခဲ့ပြီး ကိုယ်ပိုင်ကျင့်စဉ်လမ်း တစ်ခုကိုပင် လမ်းသစ်ထွင်ရန် ကြိုးစားနေခဲ့သူ တစ်ယောက် ဖြစ်လေသည်။
ညီအစ်ကို နှစ်ယောက်သည် အချိန်ကြာမြင့်စွာ တိုက်ခိုက် နေခဲ့ကြလေသည်။
ဆန်းလျန်သည် အကန့်အသတ်မဲ့ တန်ခိုးစွမ်းအားများကို ထုတ်ဖော် ပြသနေပြီး စိတ်ပျက်ခြင်းလည်း မရှိခဲ့ပါ။ တိုက်ခိုက်နေစဉ် အတွင်း သူက ချန်ကျန့်မေ၏ ဓားသိုင်းလမ်းစဉ်ကို သေသေချာချာ လေ့လာနေမိလေသည်။
ရုတ်တရက် ဆန်းလျန်က စကားစပြော လိုက်သည်။
“အစ်ကိုချန်… ဒီတစ်ခါတော့ အစ်ကို့ရဲ့ဓားသိုင်းကို ဆန်းလျန်ရဲ့ ဓားသိုင်းနဲ့ စမ်းသပ် ကြည့်ရအောင်…"
စကားသံ ဆုံးသွားသည်နှင့် ဆန်းလျန်၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာလေသည်။
ထို့နောက် ဓားရှည်သည် လေထဲတွင် စီးဆင်းသွားပြီး နဂါးငွေ့တန်း ဖြစ်ပေါ်လာလေသည်။
ဆန်းလျန်က…
"ဒီဓားသိုင်းက ကျွန်တော် တီထွင်ထားတာ၊ 'နှလုံးသားဆီသို့ မိုင်ထောင်ပေါင်းများစွာ' လို့ နာမည် ပေးထားတယ်"
နဂါးငွေ့တန်းသည် ချန်ကျန့်မေထံသို့ ဦးတည်ပျံသန်း သွားလေသည်။ ထိုနဂါးငွေ့တန်းကို မည်သည့်ဓားကမှ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ဆန်းလျန်သည် သူတီထွင်ထားသည့် ပညာကို အသုံးပြုလိုက်ရသည့် အတွက် စိတ်လှုပ်ရှား နေလေသည်။
ချန်ကျန့်မေသည် အနည်းငယ် တုန်ခါ သွားလေသည်။
"နှလုံးသားဆီသို့ မိုင်ထောင်ပေါင်းများစွာ" ဓားသိုင်းတွင် ဟာကွက် တစ်ခုတစ်လေပင် တွေ့ရှိရခြင်း မရှိပေ။
သူသည် ဘုန်းတော်ကြီးနှင့် ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကို ပြန်လည် သတိရလိုက်မိလေသည်။
ထိုစိတ်ခံစားချက်သည် ခဏသာသူ့ခေါင်းထဲသို့ ရောက်ရှိလာပြီး ချက်ချင်း ပြန်ပျောက် သွားလေသည်။ ချန်ကျန့်မေ ထံမှဓားဝိညာဉ်၊ ဓားတန်ခိုးစွမ်းအား၊ သတ်ဖြတ်လိုသည့် အငွေ့အသက်များ အားလုံး ပျောက်ကွယ် သွားလေသည်။ ချန်ကျန့်မေသည် သာမန်လူသား တစ်ယောက်အဖြစ် ပြောင်းလဲ သွားလေသည်။
လေထဲတွင် ရပ်တန့်နေရင်း ချန်ကျန့်မေ ပြုံးလိုက်လေသည်။ ထို့နောက် သူ၏ မျက်ခုံးနှစ်ခုကြားတွင် သွေးစက် တစ်စက် ထွက်ပေါ် လာလေသည်။ ထိုသွေးစက် ထွက်ပေါ်လာသည်နှင့် ဆန်းလျန် ဖန်ဆင်းထားသည့် နဂါးငွေ့တန်း၏ တစ်စိတ်တစ်ဒေသသည် ပျောက်ကွယ် သွားလေသည်။
နောက်ထပ် သွေးစက်တစ်စက် ထွက်ပေါ်လာသည့်အခါ နဂါးငွေ့တန်း နောက်ထပ် အနည်းငယ် ထပ်မံပျောက်ကွယ် သွားရပြန်သည်။
ထို့နောက် အမည်မသိ စွမ်းအားတစ်ခု ပေါ်ထွက်လာပြီး ဆန်းလျန်၏ နဂါးငွေ့တန်း ဓားဝိညာဉ်သည် ပျောက်ကွယ် သွားလေတော့သည်။
ညီအစ်ကိုနှစ်ယောက် လက်ရည်စမ်းသည့် တိုက်ပွဲဖြစ်လင့်ကစား ချန်ကျန့်မေ၏ တန်ခိုး စွမ်းအားသည် ထူးဆန်းလွန်း လှလေသည်။ သူ၏ တန်ခိုးစွမ်းအားသည် မည်သည့် နေရာမှ ထွက်ပေါ်လာသည်ကို မခန့်မှန်းနိုင်ပေ။ နဂါးငွေ့တန်း ဓားဝိညာဉ်ကို ဖျောက်ဖျက်ပစ်နိုင်ရန် အတွက် မည်သည့် စွမ်းအားကို အသုံးပြုခဲ့ပါသနည်း။
ချန်ကျန့်မေ၏ မျက်ခုံးနှစ်ခုကြားမှ သွေးစက်များကြောင့် နဂါးငွေ့တန်း ဓားဝိညာဉ်သာမက ဆန်းလျန် ဖန်ဆင်းထား သည့်ဗလာနယ်ပါ ပျောက်ကွယ် သွားရလေသည်။
သူတို့သည် မူလနေရာဖြစ်သည့် ကြာကန်နံဘေးတွင် မတ်တတ် ရပ်နေကြလေသည်။
“မင်းက တကယ်ပဲ ကျုပ်ကို စိတ်မပျက်စေပါဘူး…”
ချန်ကျန့်မေက ဆန်းလျန်ကို ပြောလိုက်သည်။
"ဒါပေမဲ့ ထိုက်ရွှီးနည်းဗျူဟာနဲ့ နဂါးငွေ့တန်း ဓားသိုင်းကို ပေါင်းစပ်ထားတဲ့ ကျွန်တော့်ရဲ့ တန်ခိုးစွမ်းအားကို အစ်ကို ဘယ်လိုနည်းလမ်းသုံးပြီး ချိုးဖျက်ခဲ့တာလဲ"
ဆန်းလျန်က မေးခွန်း ထုတ်လိုက်သည်။
ချန်ကျန့်မေက…
"မင်းမေ့သွားပြီလား၊ တာအိုနဲ့ တစ်သားတည်း ကျခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုလေ”
ဆန်းလျန်က လက်ဖျောက် တစ်ချက် တီးလိုက်ရင်း…
“ကျွန်တော်သိသွားပြီ အစ်ကိုချန်၊ အစ်ကိုက မရဏဓားရဲ့ စွမ်းအားကို အသုံးပြုပြီး တာအို အရင်းမြစ်တစ်ခုနဲ့ ပေါင်းစပ် လိုက်တာမလား"
ချန်ကျန့်မေက ခေါင်းကို ခါယမ်းလိုက်ရင်း…
"ကျုပ်က သွေးနီရောင် ပယ်လယ်ပြင်နဲ့ စွမ်းအားကို ခဏငှားသုံး လိုက်တာပါ၊ တာအိုနဲ့ တစ်သားတည်း ကျဖို့ဆိုတာတော့ အိပ်မက်တောင် မမက်ရဲသေးဘူး"
ဆန်းလျန်က ခေါင်းညိတ်လိုက်လေသည်။
ချန်ကျန့်မေ ပြောသည့်စကားကို ဆန်းလျန်ကောင်းစွာ နားလည်လေသည်။
သူသည် ကျောက်စိမ်းကျိုင်းတံ ကိုင်ဆောင်ထားသည့် မူလနတ်ဘုရား လင်ပေါင် ထျန်းကျွင်း၏ တန်ခိုးစွမ်းအားကို ယူဆောင် အသုံးပြုလေ့ ရှိသကဲ့သို့ ချန်ကျန့်မသည်လည်း ပြင်ပစွမ်းအား တစ်ခု၏ အရင်းအမြစ်ကို ယူဆောင် အသုံးပြုခဲ့ခြင်းသာ ဖြစ်လေသည်။
***