နတ်ဆရာမ
Vol. 6 Ch. 577
ဆန်လျန်က အနည်းငယ်ပြုံးလိုက်ပြီး…
"အစ်ကို့ရဲ့အရည်အချင်းနဲ့ဆိုရင် တာအိုနဲ့တစ်သားတည်းကျတဲ့ အဆင့်ကိုတောင် ကျော်လွန် နိုင်နေပါပြီ၊ ဒါနဲ့ ကျွန်တော် သိချင်တာ တစ်ခုရှိတယ်၊ အစ်ကို အသူရာချောက်ကို ဘယ်လို ရောက်လာတာလဲ"
ချန်ကျန့်မေက…
"အသတ်ခံလိုက်ရလို့ ရောက်လာတာပေါ့၊ ဒါပေမဲ့ ကျုပ်ကို သတ်တဲ့သူက ချန်ပေသိုတော့ မဟုတ်ဘူး၊ ထူဆန်းတဲ့ တာအိုဆရာ တစ်ယောက်ပဲ"
ဆန်းလျန်က မျက်လုံးများကို အသာမှေးစင်း လိုက်လေသည်။
ထိုအချိန်တုန်းက ချန်ကျန့်မေသည် ဒဏ်ရာအပြင်းအထန် ရထားလေသည်။ ထို့ပြင် နတ်ဘုရားတစ်ပါး အဖြစ်လည်း အဆင့်တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် အသတ်ခံရသည် ဆိုသည်မှာ ပုံမှန်တော့ သိပ်မဖြစ်နိုင်ပေ။
သို့သော် ထိုအချိန်က သေစေခြင်း ကျောင်းတော်တွင် အသက်ရှင် ကျန်ရစ်သူ ဆို၍ ပုရွက်ဆိတ် တစ်ကောင်ပင် မကျန်ရစ်ခဲ့ပေ။ သို့သော် သေစေခြင်းကျောင်းတော် အဆောက်အဦ မှာတော့ ခြစ်ရာတစ်ရာပင် ထင်ခဲ့ခြင်း မရှိပေ။ ထိုအချက်ကြောင့် ဆန်းလျန်မှာ များစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသေးသည်။
ချန်ကျန့်မေအသတ်ခံရခြင်းသည် သူထင်မြင်သည့် အတိုင်းများ ဖြစ်ခဲ့လေသည်လားဟု ဆန်းလျန် စဉ်းစားနေမိလေသည်။
"အဲဒီလူဘယ်သူလဲ၊ ဘာသဲလွန်စမှ မရခဲ့ဘူးလား ဂိုဏ်းတူအစ်ကို…"
ချန်ကျန့်မေက…
"ထူးဆန်းတဲ့ တာအိုဆရာ တစ်ယောက်ပဲ၊ သူအသုံးပြုတဲ့ ဓားကလည်း မရဏဓား တစ်လက်ပဲ၊ ပြီးတော့ သူ့ရဲ့ဓားက ချန်ပေသိုရဲ့ဓားနဲ့ တော်တော် ဆင်တူတယ်၊ ဒါပေမဲ့ ကျုပ်စုံစမ်း ကြည့်လိုက်တော့ အဲဒီ တာအိုဆရာက တကယ့် စစ်မှန်တဲ့လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ တာအိုဆရာ တစ်ယောက်ပဲ၊ သွေးနီရောင် ပင်လယ်ထဲက ဟိုဘုန်းတော် ကြီးတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဆန်းလျန်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…
"အဲဒီ ဘုန်းတော်ကြီးက မဟာစကြာဗောဓိသကျ အဆင့်တောင် ရောက်နေပြီလား မသိဘူး၊ ဒါပေမဲ့ အစ်ကို့ကို သတ်သွားတဲ့တာအိုဆရာက အဲဒီဘုန်းတော်ကြီး ထက်တောင် အဆင့်မြင့်နေတယ် ဆိုရင် ဆရာဘိုးဘိုး ယွမ်ချင်းတို့နဲ့ တောင်အဆင့်တူတဲ့သူ ဖြစ်နေမှာပေါ့၊ ဒီလောက်အဆင့်မြင့်တဲ့ တာအိုဆရာ တစ်ယောက်က ဘယ်လိုဖြစ်လို့ အစ်ကို့ကို ကိုယ်တိုင်လာသတ်ရတာလဲ"
"ကျုပ်လည်း အဲဒီကိစ္စကို စဉ်းစားမရဘူး ဖြစ်နေတာ၊ သူ့ဓားချက် တစ်ချက်တည်းနဲ့ ကျုပ်အသက် ပါသွားတာပဲ၊ ဒါပေမဲ့ တစ်နေ့တော့ ကျုပ်လက်စား ပြန်ချေမှာပါလေ…"
ချန်ကျန့်မေက ခပ်အေးအေးပင် ပြောလိုက်လေသည်။
ချန်ကျန့်မေသည် အသူရာချောက်သို့ ရောက်ရှိလာပြီး အသူရာဂိုဏ်းတွင် လူပြန်ဝင်စား ရသည့်တိုင် စွန့်စားမှုများစွာကို ရင်ဆိုင်ခဲ့ရလေသည်။ နတ်ဘုရားတစ်ပါး မဖြစ်သေးဘဲ လူပြန်ဝင်စားခဲ့ရခြင်းမှာ သူ့ဘဝအတွက် အာမခံချက် မရှိလှပေ။ ဆန်းလျန်သည် ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် အနည်းငယ် စိတ်ဖိစီး သွားမိလေသည်။
အမှန်တော့ သူသည် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လေသည်။ သူ့အနေဖြင့် တစ်ချိန်က ချန်ကျန့်မေကို ကာကွယ် မပေးနိုင်ခဲ့သည့် အတွက် ယခုအချိန်တွင် မျက်နှာ မပြရဲလောက်အောင်ပင် ခံစားရလေ သည်။
ဆန်းလျန်က ထိုအကြောင်းများကို ထပ်မံမေးမြန်းခြင်း မပြုတော့ပါ။
ပြန်လည် ဆုံတွေ့ကြပြီဖြစ်သည့် အတွက် သူတို့ နှစ်ယောက် ကွဲကွာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ဖြည်းဖြည်းချင်း ပြန်ပြောနိုင်မည် ဖြစ်လေသည်။
ထို့ပြင် ချန်ကျန့်မေသည် အသူရာဂိုဏ်းတွင် လူပြန်ဝင်စားသည်မှာ နှစ်ပေါင်း သုံးရာခန့် ရှိနေပြီ ဖြစ်လေသည်။ သို့သော် ချင်းရွှမ်နတ်တံခါး တည်ရှိရာ လောကတွင် ချန်ကျန့်မေ ပျောက်ကွယ် သွားသည်မှာက အနှစ်နှစ်ဆယ်ပင် မပြည့်သေးပေ။ သို့သော် ထိုကိစ္စနှင့် ပတ်သက်ပြီး ဆန်းလျန်က ပုံကြီးချဲ့မနေတော့ပါ။
အဘယ်ကြောင့်ဆိုသော် အချိန်ယန္တယား၏ မတူညီမှုကို အိပ်မက်ကမ္ဘာတွင် တာ့ယိနှင့် ဟန်အယ်တို့ ရှိရာ လောကသို့ သူရောက်ရှိသွားသည့် အချိန်တွင် ကောင်းကောင်း သိရှိ ခဲ့ရသောကြောင့် ဖြစ်လေသည်။
တာ့ယိနှင့် ဟန်အယ်တို့ တည်ရှိရာ လောကတွင် ဆန်းလျန် နှစ်ပေါင်းများစွာ နေထိုင် ခဲ့ရသော်လည်း နတ်ဘုရား ကျောင်းတော် အတွင်းသို့ ပြန်ရောက်သည့် အခါ အချိန်သည် ခဏလေးပင် ကုန်ဆုံးသေးသည် မဟုတ်ပါလား။
အချိန်ယန္တရား၏ မတူညီမှုများသည် အံ့သြစရာ ဖြစ်သည့်တိုင် လက်မခံနိုင်စရာ အကြောင်းတော့ မရှိခဲ့ပါ။
အခြေအနေ အရပ်ရပ်သည် တွေးထင်ထားသလောက် လွယ်ကူခြင်း မရှိသည်ကို ဆန်းလျန် နားလည်နေခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် သူက ထိုအကြောင်းအရာများကို ချန်ကျန့်မေကို ချက်ချင်း ပြောမပြသေးဘဲ ဖြည်းဖြည်းမှပဲပြောရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်ဆုံးတော့ ဆန်းလျန်က တိုင်းပြည်တစ်ပြည် တည်ထောင်ရန် စိတ်ကူးနေသည့် သူ၏ ရည်ရွယ်ချက်ကို ချန်ကျန့်မေကို ပြောပြလိုက်လေသည်။
ချန်ကျန့်မေက…
“ကျုပ်လည်း တာ့ရှားဧကရာဇ်နဲ့ တစ်ခါ တိုက်ခိုက်ဖူးတယ်၊ တကယ် တော်တဲ့သူပဲ၊ ထျန်းယီ အကြီးအကဲကတော့ တော်တော်လေး နာမည်ကြီးတယ်၊ ဒါပေမဲ့ ကျုပ်အထင်ပြောရရင် မင်းက အားလုံးထက် သာပါတယ်၊ မင်းသာ တိုင်းပြည်တစ်ခု ထူထောင်ပြီး တာ့ရှားနဲ့ယင်းစန်းကို တိုက်ခိုက်ချင်တယ် ဆိုရင် ကျုပ်ရဲ့ သွေးနီရောင် ပင်လယ်က စစ်အင်အားက လုံလောက်ပြီးသားပဲ၊ အဝေးကြီးကိုလည်း သိပ်ပြီး လျှောက်မစဉ်းစားနဲ့ ဆန်းလျန်၊ ဒါပေမဲ့ ကျုပ် စိတ်ပူတာတစ်ခုက ကျုပ်သွေးနီရောင် ပင်လယ်က ထွက်ခွာပြီး မင်းကို မကူညီနိုင်မှာကိုပဲ၊ ပြီးတော့ ကျုပ်ရဲ့စစ်တပ်ကို မင်းနဲ့အတူ တိုက်ခိုက်ဖို့ အမိန့်ပေးဖို့ လွယ်ကူပါ့မလား ဆိုတာရယ်ပေါ့”
အသူရာဂိုဏ်းတွင် လူပြန်ဝင်စားပြီး ဘဝအသစ်ဖြင့် မွေးဖွားခဲ့သည့်တိုင် ချန်ကျန့်မေသည် ချန်ကျန့်မေသာ ဖြစ်လေသည်။ သူ၏ စိတ်နေစိတ်ထားများသည် ယခင်ဘဝကအတိုင်း ပြောင်းလဲသွားခြင်း မရှိပေ။ လောကီရေးရာ ကိစ္စများတွင် ပါဝင် ပတ်သက်လိုစိတ် ရှိသူတစ်ယောက် မဟုတ်ပေ။
ချန်ကျန့်မေ၏စကားသည် ဆန်းလျန်၏ရင်ထဲတွင် ထိရှ သွားလေသည်။
“ခုန စကြဝဠာ တေးသွားဖန်ဆင်းခြင်း ပညာကို အသုံးပြုလိုက်တုန်းက ကျွန်တော့်ရဲ့ တန်ခိုးစွမ်းအား အစိတ်အပိုင်း အချို့ကို ထည့်သွင်းထားတယ်၊ ဒါကြောင့် ဒီရက်တွေအတွင်းမှာ အစ်ကိုနဲ့ ဂိုဏ်းတူအစ်ကို စန်းဝမ့်ကို တန်ခိုးစွမ်းအား ပညာတွေ လက်ဆင့်ကမ်းပေးချင်မိတာ…"
ချန်ကျန့်မေက ပြုံးလိုက်ရင်း…
“လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကဆိုရင်တာ့ မင်းက ဗုဒ္ဓကိုယ်တိုင် ပေးအပ်ထားတဲ့ ကျင့်စဉ်ကို ကျုပ်ကိုလာပေးရင် တောင်တစ်ချက်ကလေးမှ လှည့်ကြည့်မိမှာ မဟုတ်ဘူး၊ ကျုပ်က ဓားသိုင်း တစ်မျိုးတည်းပဲ စိတ်ဝင်စားတာလေ၊ ဒါပေမဲ့ အခုအချိန်မှာတော့ မင်းကသင်မပေးဘူး ဆိုရင်တောင်မှ တန်ခိုးစွမ်းအား ကျင့်စဉ်တွေနဲ့ ပတ်သက်တာတွေကို သင်ပြပေးဖို့ ကျုပ်က တောင်းဆို ရလိမ့်မယ်"
ဆန်းလျန်က…
“ကျွန်တော်ကလည်း သင်ပေးချင်နေတာပါ…"
ညီအစ်ကိုနှစ်ယောက် ပြိုင်တူ ရယ်မော လိုက်ကြလေသည်။
ချန်ကျန့်မေသည် ဓားသိုင်း တစ်မျိုးတည်းကိုသာ စိတ်ဝင်စားသူ ဖြစ်လေသည်။ ဓားသိုင်းမှ လွဲပြီး မည်သည့် တန်ခိုးစွမ်းအားကိုမှ စိတ်ဝင်စားသူ မဟုတ်ပေ။ သို့သော် ယခုတော့ ချန်ကျန့်မေသည် ဓားသိုင်းပေါင်း တစ်သောင်းကို ကျင့်ကြံနားလည် သိရှိသွားပြီးသည့်နောက် သူက အခြားသော တန်ခိုးစွမ်းအားများကိုလည်း စိတ်ဝင်စား လာခဲ့လေသည်။
ချင်းရွှမ်နတ်တံခါးတွင် ကျင့်စဉ် ပညာရပ်ပေါင်း များစွာရှိလေသည်။
ယန်ရွှီးသည် ဆန်းလျန်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခြင်းမှာ ထိုကျင့်စဉ်များကြောင့် ဖြစ်လေသည်။
ချန်ကျန့်မေ သည်ဆန်းလျန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်စဉ်တွင် ထိုအချက်ကို သဘောပေါက် နားလည် သွားခဲ့လေသည်။ ဆန်းလျန် ပိုင်ဆိုင်သည့် တန်ခိုးစွမ်းအားများမှာ များပြားပြီး ရှုပ်ထွေး လွန်းလှလေသည်။ ထို့ပြင် ထိုမျှရှုတ်ထွေးလှ သည့်ကျင့်စဉ်များကို အကုန်ကျင့်ကြံထားသည့် သူ၏ ဂိုဏ်းတူညီငယ်ကိုလည်း မလေးစားဘဲတော့ မနေနိုင်ပါချေ။
ထို့နောက်တွင်တော့ ဆန်းလျန်သည် သွေးနီရောင် ပင်လယ်ထဲတွင် တစ်လကျော်ကျော်ခန့် နေထိုင်ပြီး သူသိသမျှ ကျင့်စဉ် ပညာအားလုံးကို တစ်ခုမှ မခြွင်းမချန်ဘဲ ဂိုဏ်းတူ အစ်ကိုများ ဖြစ်သည့် စန်းဝမ့်နှင့် ချန်ကျန့်မေကို သင်ပြပေးခဲ့ လေသည်။ ထိုကျင့်စဉ်များကို သိရှိရသည့်အတွက် စန်းဝမ့်နှင့် ယှဉ်လျှင် ချန်ကျန့်မေကပိုပြီး အကျိုးရှိခဲ့လေသည်။ စန်းဝမ့်ကတော့ မူလဝိညာဉ် ခန္ဓာရရှိအောင် ကျင့်ကြံနိုင်သည့် အခြေခံအဆင့်လောက် အထိသာ သိရှိနားလည်နိုင်ခဲ့ လေသည်။
ထို့နောက်တွင်တော့ ဆန်းလျန်သည် သွေးနီရောင်ပင်လယ်မှ ထွက်ခွာ လာခဲ့လေတော့သည်။
ချန်ကျန့်မေက သွေးနီရောင် ကြာစွယ်ကို အသုံးပြုကာ ဆန်းလျန်အတွက် ရုပ်ခန္ဓာတစ်ခု ဖန်ဆင်း ပေးချင်သော်လည်း ဆန်းလျန်က ငြင်းပယ် ခဲ့လေသည်။ သူက သူကိုယ်တိုင် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်လှမ်းပြီးမှသာ ပြီးပြည့်စုံသည့် ရုပ်ခန္ဓာတစ်ခုကို ဖန်ဆင်း ချင်သောကြောင့် ဖြစ်လေသည်။
ထို့ပြင် လက်ရှိအချိန်တွင် သူ၏ မူလဝိညာခန္ဓာမှာ မိုးမြေစွမ်းအား အနှစ်သာရများဖြင့် ပြည့်ဝစွာ ပေါင်းစပ်နေသည့် အတွက် ယခင်ကကဲ့သို့ ပျက်စီးသွားမည်ကို စိတ်ပူစရာလည်း မလိုတော့ပေ။
တောင်ပိုင်းနန်ကျန်း နယ်နိမိတ်တွင် မရေမတွက်နိုင်အောင် များပြားသည့် တောနက်များ ရှိလေသည်။
ထိုနေရာတွင် များပြားလှစွာသည့် နတ်မိစ္ဆာဂိုဏ်းများလည်း ရှိပြီး တောအုပ်များထဲတွင် နေထိုင်ကြသည့် လူရိုင်း မျိုးနွယ်စုများလည်း ရှိလေသည်။ နန်ကျန်းမျိုးနွယ်စုများသည် တုန်းယီဒေသ မျိုးနွယ်စုများနှင့် အရှေ့တိုင်းစစ်သည် တော်မျိုးနွယ်စုများနှင့် လုံးဝတူညီခြင်း မရှိပေ။ သူတို့သည် မည်သည့် တန်ခိုးစွမ်းအား ကျင့်စဉ်များကိုမှ ကျင့်ကြံ လေ့မရှိပေ။ သို့သော် မှော်ပညာများကို အသုံးပြုကြပြီး နတ်ကိုးကွယ်သည့် ဓလေ့ ရှိကြလေသည်။ မျိုးနွယ်စုများ၏ ရွာတိုင်းရွာတိုင်းတွင် နတ်ဆရာ တစ်ယောက်စီ ရှိပြီး ထိုနတ်ဆရာများသည်လည်း ထူးခြားဆန်းကြယ်သည့် တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်သူများ ဖြစ်ကြလေသည်။
နန်ကျန်းဒေသ မျိုးနွယ်စုများ၏ ကိုးကွယ် ယုံကြည်မှုများကလည်း အလွန်စုံလင်လေသည်။
သို့သော်… လက်ရှိအချိန်တွင် နန်းကျန်းဒေသမှ ရွာပေါင်းများစွာ စုဝေးပြီး နတ်ဆရာမ တစ်ယောက်ကို တင်မြှောက် ထားကြလေသည်။
လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က ထိုနတ်ဆရာမသည် တောင်ပိုင်းဒေသသို့ ရောက်ရှိ လာခဲ့လေသည်။
သူမသည် အလွန်ချောမောလှပပြီး ဗူဒူးမှော်ပညာကိုလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင် လေသည်။ လူသားများ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည့် မှော်ဆေးပင် များလည်း သူမထံတွင် ရှိလေသည်။
ထို့ပြင် သူမသည် မည်သည့် ယာဇ်ပူဇော်မှုကိုမှ ပြုလုပ်စရာမလိုဘဲ နတ်များဖြင့် တိုက်ရိုက် ဆက်သွယ် နိုင်လေသည်။ သူမက မျိုးနွယ်စုဝင်များကို ဆေးပင်များ အကြောင်း သင်ကြားပေးလေ့ရှိပြီး မျိုးနွယ်စုဝင်များကိုလည်း ရောဂါများ ကုသပေးလေ့ ရှိလေသည်။ အလွန်မှ စွမ်းအားကြီးမားသည့် သားရဲကြီးများပင်လျှင် သူမခြေဖဝါးအောက်တွင် ဝပ်တွား ခစားကြရလေ၏။
နန်းကျန်းမှ လူရိုင်းမျိုးနွယ်စုများသည် သူမကို နတ်ဘုရားများ၏ သမီးပျိုအဖြစ် ကိုးကွယ် ဆည်းကပ် ကြလေသည်။
သူမသည် နန်ကျန်းဒေသတွင် ပြန့်ကျဲနေသည့် မျိုးနွယ်စုဝင်များကို ပြန်လည် စုစည်းပေးခဲ့လေသည်။ များစွာသော စစ်သည်တော်များသည် သူမထံသို့ ချက်ချင်း ပြန်လာကြပြီး သူမအတွက် တာဝန်ထမ်းဆောင်ရန် အဆင်သင့် ရှိနေခဲ့ ကြလေသည်။
သူမသည် နန်ကျန်းဒေသရှိ အကြီးဆုံးသော တောင်ကြားတစ်ခုတွင် နေထိုင်လေသည်။
ထိုတောင်ကြားကို “မြင့်မြတ်သော ဗူဒူးမှော်တောင်ကြား” ဟု ခေါ်ကြလေသည်။ ထိုတောင်ကြားတွင် တစ်နှစ်ပတ်လုံး မြူများဆိုင်းနေလေသည်။
ဒဏ္ဍာရီအရဆိုလျှင်တော့ လွန်ခဲ့သည့် နှစ်ပေါင်းသန်းနှင့် ချီသည့် တစ်ချိန်တုန်းက ထိုတောင်ကြားတွင် ဗူဒူးနတ်ဘုရား တစ်ပါးနေထိုင်ခဲ့သည်ဟု အဆိုရှိလေသည်။ ထိုဒေသသည် “တိ” မျိုးနွယ်များ ကိုးကွယ်ကြသည့် ယိုသိုးတောင် ကဲ့သို့ပင် မြင့်မြတ်သည့် နေရာဟု လူအများက လက်ခံ ထားကြလေသည်။
ယနေ့တွင်တော့…
ဖိတ်ခေါ် မထားသည့် ဧည့်သည်တစ်ယောက်သည် မြင့်မြတ်သော ဗူဒူးမှော်တောင်ကြားသို့ ရောက်ရှိ လာခဲ့လေတော့သည်။
***