ဝါးပုလွေ
Vol. 6 Ch. 578
ထိုဧည့်သည်ကား….
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ငွေရောင် ဆံထိုးတစ်ချောင်းကို ထိုးစိုက် ထားလေသည်။
ထိုသူက ချောက်ကမ်းပါးယံထက်သို့ ရောက်ရှိလာပြီး တောင်ကြားထဲတွင် မြူခိုး ဖုံးလွှမ်းနေသည်ကို တွေ့မြင်သည့် အခါတွင်တော့ အနည်းငယ်တုံ့ဆိုင်း သွားရလေသည်။
"ဂိုဏ်းချုပ်ပြောတာတော့ ဘာအတားအဆီးမှ မရှိဘူးလို့ပြောတာပဲ၊ ဒါပေမဲ့ အခု ဘာလို့ မြူတွေ ဆိုင်းနေရတာလဲ၊ ဒီမြူခိုးတွေကို ငါ့ရဲ့ ဓားသိုင်းစွမ်းအားနဲ့ ဖောက်ထွင်း နိုင်ပါ့မလား မသေချာဘူး"
ထိုသူမှာအခြားသူ မဟုတ်။
ချန်ကျန့်မေ၏တပည့်ဖြစ်သူ လီယွမ်လျန်ပင် ဖြစ်လေသည်။ ချန်ကျန့်မေက လီယွမ်လျန်နှင့် အတူ အခြားတပည့်များဖြစ်သည့် ယွမ်ရွှယ်ဖုန်း၊ လျိုဝေးယိနှင့် ယွိယင်းဖားတို့ကို ဆန်းလျန်ကို ကူညီရန်အတွက် တာဝန် ပေးထားလေသည်။
သူတို့ (၄)ယောက်လုံးကလည်း ပေးအပ်သည့်တာဝန်ကို ကြည်ကြည်ဖြူဖြူပင် ထမ်းဆောင် ချင်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အပေါ်တွင် ဂိုဏ်းချုပ်ဆန်းလျန်၏ ပညာသင်ပြပေးသည့် ကျေးဇူးများစွာ ရှိပြီး သူတို့ ကိုယ်တိုင်ကလည်း ဆန်းလျန်ကို လေးစားကြသောကြောင့်ပင်။
လီယွမ်လျန်သည် ဂိုဏ်းချုပ်၏ အမိန့်ဖြင့် တောင်ကြားပိုင်ရှင် သခင်မကို စာတစ်စောင် လာပို့ခြင်း ဖြစ်လေသည်။ တောင်ကြား ပိုင်ရှင်သခင်မကို တွေ့ရှိသည့်အခါ ပြောရမည့် စကားများကိုလည်း အတိအကျ မှာလိုက်လေသည်။
သို့သော် လီယွမ်လျန်သည် မြူခိုးများကြောင့် တုံ့ဆိုင်းနေမိလေသည်။
လီယွမ်လျန်သည် ဓားတန်ခိုးရှင် တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် မြူခိုးများထဲတွင် မမြင်ရသည့် အန္တရယ်များ ရှိနိုင်ကြောင်း ကောင်းစွာ ရိပ်မိလေသည်။ သို့သော် ဂိုဏ်းချုပ်ကတော့ သူ့ကို လိမ်လည် ပြောဆိုမည် မဟုတ်ကြောင်း သူယုံကြည်လေသည်။
သူက ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း မည်သို့ပြုလုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် တောင်ကြားထဲမှ အစိမ်းရောင် အရိပ်တစ်ခု ပျံသန်း ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
လီယွမ်လျန် သူ့မျက်စိကိုတောင်သူ မယုံနိုင် ဖြစ်သွားရလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ငှက်ပျောရွက်ကဲ့သို့ ကြီးမားသည့် အတောင်ကြီး နှစ်ခုကို တဖျတ်ဖျတ် ခတ်ရင်း ပျံသန်း လာသောကြောင့် ဖြစ်လေသည်။ ထိုအတောင်များမှာ ပါးလွှာလွန်းလှသည့် အတွက် ဖောက်ထွင်း မြင်နေရလေသည်။
ထိုသူသည် တောင်ကြားထဲမှ ပျံသန်းထွက်လာပြီး လေထဲတွင် ရပ်တန့်လိုက်ကာ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်လေသည်။ သူက လီယွမ်လျန်ကို မြင်သွားသည့် အခါတွင်တော့ လီယွမ်လျန်ရှိရာသို့ ဆင်းသက် လာပြီး…
"နတ်ဆရာမက ခင်ဗျားကို လာကြိုခိုင်းလိုက်လို့ပါ၊ ကျုပ်နောက်လိုက်ခဲ့ပါ…"
ယခုတော့ လီယွီလျန်သည် ထိုသူ၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရပြီ ဖြစ်လေသည်။
ထိုသူ၏မျက်နှာတွင် သစ်ပင်မှပြုလုပ်ထားသည့် ဆိုးဆေးများကို ခြယ်သထားပြီး မျက်နှာ တစ်ခုလုံးမှာ စိမ်းဝါရောင် တောက်ပ နေလေသည်။ ဦးခေါင်းထက်တွင်လည်း သစ်ရွက်များဖြင့် ပြုလုပ်ထားသည့် ခေါင်းဆောင်းကို ဆောင်းထား ပြီးငှက်မွေး တစ်ချောင်းကိုလည်း ထိုးစိုက် ထားလေသည်။ ထိုသူ၏ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအားများ ထွက်ပေါ် နေသည်ကို ခံစားနေရလေသည်။
လီယွမ်လျန်က…
"နတ်ဆရာမက ကျုပ်လာတာကို ဘယ်လိုလုပ်သိတာလဲ"
ထိုသူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"လောကမှာ ကျုပ်တို့နတ်ဆရာမ မသိတာ ဘာမှမရှိဘူး၊ နတ်ဆရာမက မိုးမြေနိယာမတွေကို နားလည်တဲ့သူ တစ်ယောက်ပဲ၊ သူက မင်းရောက်လာမယ်ဆိုတာကို ကြိုသိနေတာ ဘာဆန်းသလဲ"
ထိုစကားကို ကြားသည့် အခါတွင်တော့ လီယွမ်လျန်သည် မရယ်မိအောင် မနည်းထိန်းထား လိုက်ရလေသည်။
ဂိုဏ်းချုပ်က အတားအဆီး မရှိဘူးဟုပြောလိုက်သည် စကားကိုလည်း သဘောပေါက် သွားရသည်။ နတ်ဆရာမသည် သူရောက်ရှိနေသည်ကို ကြိုတင်သိမြင်ပြီး အကြိုလွှတ်လိုက်မည်ကို ဂိုဏ်းချုပ်က သိနေသောကြောင့် "အတားအဆီး မရှိဘူး" ဟုပြောလိုက်ခြင်း ဖြစ်လေသည်။
သို့သော်… ကြီးမြတ်သည့် ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက် ဖြစ်သည့် လီယွမ်လျန်သည် အလွန်မှ တည်ငြိမ်သူ ဖြစ်လေသည်။
ထို့ကြောင့် သူ၏ စိတ်ခံစားချက်များသည် မျက်နှာတွင် လုံးဝမပေါ်အောင် ထိန်းထားလိုက်ရင်း…
"ဒါဖြင့်လည်း သွားကြတာပေါ့…"
အစိမ်းရောင်လူသားက နွယ်ပင်တစ်ပင်ကို လီယွမ်လျန်ထံသို့ ပစ်ပေး လိုက်လေသည်။
"ဒီကြိုးကို သေချာကိုင်ထား၊ ဒါမှ မိုးပေါ်က ပြုတ်မကျမှာ…"
လီယွမ်လျန်က နွယ်ကြိုးကို တစ်ချက် ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ ခပ်တင်းတင်း ဆုပ်ကိုင် လိုက်လေသည်။
ထို့နောက်တွင်တော့ အစိမ်းရောင် လူသားသည် ငှက်ပျောရွက်နှင့် တူသည့် အတောင်ပံနှစ်ခုကို တဖျတ်ဖျတ်ခတ်ကာ အစိမ်းရောင် အရိပ်တစ်ခုအဖြစ် ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။
သူတို့သည် ချိုင့်ဝှမ်းအတွင်းတွင် ပျံသန်းသွားသည့်အခါ မြူခိုးများက ပျောက်ကွယ် သွားရလေသည်။ လီယွမ်လျန် ဂရုစိုက်ပြီး ကြည့်လိုက်သည့် အခါတွင်တော့ ငှက်ပျောရွက်ကဲ့သို့ အတောင်ပံများက မြူခိုးများကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ကို သိရှိလိုက်ရလေသည်။
အမှန်တော့ ငှက်ပျောရွက် ကဲ့သို့သော အပင်များသည် တောင်ကြားထဲတွင် စိုက်ပျိုးထားသည့် ရှားပါးပြီး အစွမ်းထက်သည့် အပင်တစ်မျိုး ဖြစ်သည်ကို လီယွမ်လျန် သိရှိခဲ့ခြင်း မရှိပါ။
ရုတ်တရက်…
ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန် တောက်ပ သွားလေသည်။
တိမ်တိုက်များနှင့် ငှက်ကြီးဝန်ပိုများ ပျံသန်းနေသည့် မြင်ကွင်းတစ်ခုကို တွေ့မြင် လိုက်ရလေသည်။ နတ်ဒေဝါများ နေထိုင်သည့် နတ်ဘုံနတ်နန်း တစ်ခုအလားပင် ထင်မှတ် ရလေသည်။
လီယွမ်လျန်သည် ချင်းရွှမ်နတ်တခါးသို့ တစ်ခါမှ မရောက်ဖူးပါ။ သို့သော် တာအိုဆရာစန်းဝမ့် ပြောပြပုံ အရဆိုလျှင် ချင်းရွှမ်နတ်တံခါးသည်လည်း ထိုသို့ပင် နတ်ဘုံနတ်နန်းအလား ဖြစ်လေသည်။
မြူခိုးများကြားထဲတွင် တောင်ထိပ်တစ်ခု ထွက်ပေါ်လာလေသည်။
တောင်ထိပ်သို့တက်သည့် လှေကားထစ်လမ်းကို တွေ့မြင်နိုင်ပြီး လမ်းလေးနံဘေးတွင် ဝါးရုံတောများ ပေါက်ရောက် နေကြလေသည်။
တောင်ထိပ်တစ်နေရာတွင်တော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝါးပုလွေကို ကိုင်ကာ တေးသွားတစ်ပုဒ်ကို တီးမှုတ်နေသည့် မိန်းမပျိုတစ်ယောက် ရှိနေလေသည်။ ဂီတသံသည် အလွန်မှ သာယာနာပျော်ဖွယ် ရှိလှလေသည်။
ထိုမိန်းမပျိုမှာ နတ်ဆရာမဖြစ်ကြောင်း လီယွမ်လျန်က ချက်ချင်း သိလိုက်လေသည်။
သူက ချက်ချင်းပင် ဓားရောင်စဉ် တစ်ခုအဖြစ် ဖန်ဆင်းလိုက်ပြီး မိန်းမပျိုရှေ့သို့ ရောက်ရှိ သွားလေသည်။
ငှက်ပျောရွက် အတောင်ပံများပိုင်ရှင် လူရိုင်းစိမ်းမှာ အလွန်ထိတ်လန့် သွားလေသည်။
သူခေါ်လာသည့် လူသည် ထိုမျှအတင့်ရဲစွာဖြင့် နတ်ဆရာမအနားသို့ ရောက်ရှိ သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူက ဒေါသထွက်သွားပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လီယွမ်လျန်ကို ရိုက်ချလိုက်လေသည်။
သို့သော် … သူ၏ရိုက်ချက်က လီယွမ်လျန်ထံသို့ မရောက်မီမှာပင် သူ၏နားထဲတွင် အသံတစ်သံကို ကြားလိုက်ရ လေသည်။
"ရှင်းပ… မလုပ်နဲ့…"
ထိုအသံမှာ နတ်ဆရာမ၏ အသံပင် ဖြစ်လေသည်။
ထိုလူရိုင်းစိမ်း၏ နာမည်မှာ ရှင်းပဖြစ်လေ၏။ သူက နတ်ဆရာမကို ဘုရားသဖွယ် ရိုသေ ကိုးကွယ်သူ တစ်ယောက် ဖြစ်လေသည်။
ထို့ကြောင့် နတ်ဆရာမက တားဆီးလိုက်သည့် အခါတွင် လီယွမ်လျန်ကို ရိုက်တော့မည့် ရှင်းပ၏လက်သည် လေထဲတွင် ချက်ချင်း ရပ်တန့်သွားရလေသည်။
မိန်မပျိုက ပလွေမှုတ်နေသည်ကို ရပ်တန့်လိုက်ပြီး လီယွမ်လျန်ကို ကြည့်လိုက်လေသည်။
သူမက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…
"မင်းခန္ဓာကိုယ်ကနေ မိစ္ဆာစွမ်းအားတွေ အများကြီး ပေါ်ထွက်နေတယ်၊ မင်းက သွေးနီရောင် ပင်လယ်က လာတဲ့သူပဲ၊ မင်း ငါ့ဆီ ဘာလာလုပ်တာလဲ"
လီယွမ်လျန်မှာ မိန်းမပျိုကိုတွေ့မြင်သည်နှင့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရလေသည်။ မိန်းမပျိုသည် ထိုမျှ အရှိန်အဝါကြီးမားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူက ချက်ချင်းပင် ဂိုဏ်းချုပ်ပေးလိုက်သည့် ပိုသားပုဝါလေးကို ထုတ်ယူကာ မိန်းမပျိုကို ပေးလိုက်လေသည်။
"ဒီစာကို လာပေးတာပါ…"
မိန်းမပျိုက ပိုးသားပဝါစလေးကို လှမ်းယူလိုက်ပြီး ပဝါစပေါ်တွင် ရေးသားထားသည့်စာကို ဖတ်လိုက်လေသည်။
"ဟိုးရှေးရှေးတုန်းက… လောကမှာ ကြယ်စင်တွေ မလင်းလက်သေးဘူး"
ထိုစာသားကိုမြင်တော့ သူမသည် ရှီးလျန်ပြည်မှ အတိတ်တစ်ချိန်ကို ပြန်လည် သတိရလိုက် မိလေသည်။
သူမက သက်ပြင်း တစ်ချက်ချလိုက်ရင်း….
"မင်းပြန်သွားပြီး သူ့ကိုပြောလိုက်ပါ… ငါ့နာမည်က 'ယွင်' လို့ခေါ်တယ်၊ ငါ့မှာ မျိုးနွယ် မရှိဘူး…."
မိန်းမပျိုထံမှ ထိုစကားကိုကြားသည့်အခါ လီယွမ်လျန်သည် များစွာ အံ့သြ သွားရလေသည်။
"ဒီစာကို ပေးလိုက်တဲ့ လူက ကျုပ်ရဲ့ ဆရာဦးလေးပါ၊ သူကမှာလိုက်တယ် … ခင်ဗျားကသာ မျိုးနွယ် မရှိဘူးလို့ ပြန်ဖြေခဲ့မယ်ဆိုရင် သူ့ကိုလည်း လာတွေ့စရာ မလိုသလို သူ့ဘက်ကလည်း ညှာတာနိုင်မှာ မဟုတ်ဘူးတဲ့"
ထိုစကားကြားရသည့် အခါ ယွင်ဆိုသည့် မိန်းမပျိုသည် စိတ်ဂနာမငြိမ် ဖြစ်သွားဟန် ရှိလေသည်။
"သူ့ကို ပြောလိုက်ပါ… ငါတို့မကြာခင် တွေ့ကြရမှာပါလို့"
လီယွီလျန်၏မျက်လုံးထဲတွင် ထိုမိန်းမပျို၏ အလှတရားသည် သန့်စင် လွန်းလှလေသည်။ သူသည် မိန်းမပျိုကို ငေးမကြည့်ဘဲ မနေနိုင်ခဲ့ပေ။
"ကျုပ်ရဲ့ ဆရာဦးလေးကို မဆန့်ကျင်တာ ကောင်းလိမ့်မယ်၊ သူက ဘယ်လောက် တန်ခိုးစွမ်းအား မြင့်မားလဲဆိုတာ မင်းမသိဘူး"
ယွင်က ရယ်မောလိုက်ရင်း…
"ဘယ်သူက သူ့ကိုမသိရှိရမှာလဲ၊ အသူရာချောက်ရဲ့ တန်ခိုးစွမ်းအား အမြင့်မားဆုံး လူ(၃)ယောက်မှာ ချင်းရွှမ်ဟာ တန်ခိုးစွမ်းအား အကြီးမားဆုံးပဲ၊ တာ့ရှားဧကရာဇ်နဲ့ ထျန်းယီ အကြီးအကဲတောင်မှ သူ့လောက် မတော်ပါဘူး၊ ဒါပေမဲ့ ငါက ရဟန်းမင်းကြီးကို ကတိ ပေးထားခဲ့တယ်၊ တာ့ရှားပြည် တည်ရှိနေသရွေ့ တာ့ရှားပြည်ကို ကူညီမယ်၊ ငါ့အသက် သေသွားပါစေ တာ့ရှားပြည် အတွက် ရပ်တည်ပေးမယ်"
လီယွမ်လျန်သည် သူမ၏ မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက် ခိုင်မာမှုများကို တွေ့မြင် လိုက်ရလေသည်။ ထိုသို့သော ဆုံးဖြတ်ချက် ခိုင်မာသည့် မျက်ဝန်းမျိုးကို သူ၏ဆရာ ချန်ကျန့်မေထံတွင်လည်း တွေ့ခဲ့ရဖူးလေသည်။
"ဘယ်တော့မှမပြောင်းလဲနိုင်" ဆိုသည့် ဆုံးဖြတ်ချက် ခိုင်မာမှုမျိုးပင် ဖြစ်တော့၏….။
သူက မိန်းမပျိုကို လက်နှစ်ဖက်စုပ် ဂါရဝပြုလိုက်ရင်း…
"ဒါဖြင့် ကျုပ်ကို ပြန်ခွင့်ပြုပါဦး"
သို့သော်.. သူ့ခြေထောက်ကို မရွှေ့လိုက်ခင်မှာပင် သူသည် မြူခိုးငွေ့များကို ရင်ဆိုင် လိုက်ရလေသည်။
ယွင်ကတစ်ချက်ပြုံးလိုက်ရင်း…
"ကောင်းပြီ ကောင်းပြီ… ရှင့်ကို ပြန်လိုက်ပို့ ပေးပါ့မယ်"
လီယွမ်လျန်မှာ ထိတ်လန့် သွားရလေသည်။
ယွင်သည် သူမ၏ဝါးပုလွေလေးကို ကောင်းကင်ထက်သို့ ပစ်လွှတ် လိုက်လေသည်။ ထိုအခါ ကောင်းကင်ထက်တွင် အစိမ်းရောင် အလင်းတန်းများ ဖြာလင်း သွားလေသည်။
"အပေါ်ကိုတက်ပါ…"
နူးညံ့သည့် အသံတစ်သံကို သူ့နားထဲတွင် ကြားလိုက်ရလေသည်။
လီယွမ်လျန်၏ ခန္ဓာကိုယ်မှာ လေထဲတွင် မျောလွင့်နေသလို ခံစားလိုက်ရပြီး တောင်ကြား၏ ထွက်ပေါက်ဆီသို့ ရောက်ရှိသွားလေသည်။
ပုလွေအပေါက်ထဲမှ လေပြင်းများ တိုက်ခတ်နေပြီး လေပြင်းများက သူ့ကို သယ်ဆောင် သွားခြင်း ဖြစ်လေသည်။
"ဒီပုလွေလေးကို သူ့ကို လက်ဆောင်ပေးလိုက်ပါ… ဘာလို့လဲဆိုတော့ သူ့ကို လက်ဆောင်ပေးစရာ ငါ့မှာဘာမှ မရှိဘူးလေ"
ဆန်းလျန်သည် ကျောက်စိမ်းရောင် တောက်ပနေသည့် ဝါးပလွေလေးကို လက်ထဲတွင် လှည့်ကာ ကစားနေလေ သည်။
ပြီးမှ သူက လီယွမ်လျန်ကို ပြောလိုက်သည်။
"တကယ်တော့ မင်းရဲ့အဆင့်နဲ့ စာပို့တဲ့အလုပ်လောက်ကို လုပ်ပေးစရာ မလိုပါဘူး၊ တကယ်တော့ မင်းကို ကျုပ် လွှတ်လိုက်ရတဲ့ အကြောင်းရင်းက ကျုပ်ဘက်မှာ အသူရာ ဂိုဏ်းတစ်ခုလုံး ရှိတယ်ဆိုတာ သူ့ကိုသိစေချင်လို့ပဲ"
ဆန်းလျန်က စကားကို ခဏရပ်လိုက်ပြီးမှ သက်ပြင်း တစ်ချက်ချရင်း ဆက်ပြော လိုက်လေသည်။
"သူလည်း ကျုပ်ပြောချင်တဲ့အဓိပ္ပါယ်ကို နားလည် လောက်ပါတယ်၊ ဒါတောင်မှ သူက ဒီလိုစကားမျိုး ပြန်ပြော လိုက်တယ်ဆိုတော့ နောင်အနာဂတ်မှာ သူဟာ ကျုပ်အတွက် အနှောင့်အယှက် ဖြစ်လာနိုင်တယ်၊ ကျင့်ကြံခြင်း အဆင့်မှာတော့ သူက ကျုပ်ကိုမီစရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ သူက ထူးဆန်းတဲ့ ဗူဒူးမှော်ပညာကို တတ်မြောက်ထားတယ်၊ အဲဒီပညာက မဖြစ်နိုင်တဲ့ အရာတွေကို ဖြစ်လာအောင် လုပ်ယူနိုင်စွမ်း ရှိတယ်၊ ရဟန်းမင်း ကြီးဟာသူ့ကို ပညာသင်ပေးတုန်းက ဘယ်လိုလျှို့ဝှက်ချက်တွေကို အသုံပြုခဲ့သလဲ ဆိုတာလည်း မသိနိုင်ဘူး၊ ဒါကြောင့် နောက်တစ်ခါတွေ့ရင် သူ့ကိုညှာမှာ မဟုတ်ဘူးလို့ မင်းကို ပြောခိုင်း လိုက်ရတာပါပဲ"
***