အချိန်တောင်....
Vol. 80 Ch. 1112
ဖရိုဖရဲဟင်းလင်းပြင်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ခြေချိတ်ထိုင်နေသည်။ သူ၏ ရှေ့တွင် ထိုက်ချူးစွမ်းအားမျှင်များက ရောယှက်နေပြီး ထိုက်စွမ်းအားပုံစံတစ်ခု ဖြစ်ပေါ်လာသည်။
" ရှန်ထျန်းအသွင်ပြောင်းလဲခြင်းရဲ့ ပထမဆုံးက ထိုက်ချူး။ အဲ့ဒီနောက်မှာ ထိုက်ရှီလာတယ်။ ဒါပေမယ့် ထိုက်ရှီကတော့...."
လင်းယွမ်၏ စိတ်ထဲတွင် ရှန်ထျန်းအသွင်ပြောင်းလဲခြင်းနှင့် ပက်သက်သော အသိအမြင်များက ပေါ်လာပြီး သူက ဒုတိယမြောက် ထိုက်ရှီအပေါ် နားလည်မှုတစ်ခု ရရှိခဲ့သည်။ သို့သော် ၎င်းကို အပြည့်အဝ နားလည်ရန် အချိန်အတော်ကြာဦးမည်ဖြစ်သော်လည်း စတုတ္ထရင်းမြစ်ကမ္ဘာ၏ အကူအညီနှင့်ဆိုလျှင် အလွန်ကြာမည်မဟုတ်ပေ။
" ဟမ်...." ထိုအချိန်တွင် လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။
" ဝမ်ဝေဟင်းလင်းပြင်။ " လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်ရှိရာသို့ ကြည့်လိုက်သည်။ ဝမ်ဝေဟင်းလင်းပြင်ရှိ ထိုက်ကျိမူလစိတ်ဝိညာဉ်က တစ်စုံတစ်ခုကို ရှာတွေ့လိုက်ပြီဖြစ်သည်။
ဝမ်ဝေဟင်းလင်းပြင်အတွင်း၌ လင်းယွမ်က ရုတ်တရက် ရပ်တန့်သွားပြီး အရပ်မျက်နှာတစ်ခုသို့ ကြည့်လိုက်သည်။ ကျယ်ပြောလှသော အချိန်လေဟာနယ်က ဆုတ်ဖြဲခံလိုက်ရပြီး ထိုအက်ကြောင်းမှနေ၍ တောင်ငယ်လေးတစ်ခု လွင့်မျောလာသည်။
ဝမ်ဝေဟင်းလင်းပြင်တွင် အချိန်လေဟာနယ်က တည်ငြိမ်ခြင်းမရှိဘဲ မကြာခဏ ဆုတ်ဖြဲခံရလေ့ရှိသည်။ သို့သော် အချိန်အရှင်သခင်များ၏ အချိန်လေဟာနယ်အပေါ် နားလည်မှုဖြင့် ၎င်းကို ကြိုတင်၍ အာရုံခံနိုင်သည်။
" ဒါကဘာလဲ။ " လင်းယွမ်က လွင်မျောလာသော တောင်ငယ်လေးမှာ ကြွယ်ဝသော အချိန်စွမ်းအားများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။
" အချိန်သဲတွေနဲ့ ဖွဲ့စည်းထားတဲ့ အချိန်တောင်...." လင်းယွမ်က အသက်ပြင်းပြင်း ရှူလိုက်သည်။
" မဟာအခွင့်အလမ်းပဲ။ ဒီဆုတ်ဖြဲခံလိုက်ရတဲ့ အချိန်လေဟာနယ်က ဝမ်ဝေဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာနဲ့ ဆက်သွယ်နေတာ ဖြစ်ရမယ်။ အဲ့ဒါကြောင့် အဲ့ဒီက ရတနာတွေက အချိန်လေဟာနယ်အက်ကြောင်းကနေ လွင့်မျောလာတာဖြစ်ရမယ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
ထိုအချိန်တောင်ကို ရရှိလျှင် လင်းယွမ်က ဆင်းရဲသော ဘဝမှ ချမ်းသာသော ဘဝသို့ လုံးဝကူးပြောင်းသွားနိုင်မည်ဖြစ်သည်။ လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး အချိန်လေဟာနယ်အက်ကြောင်းဘေးတွင် ပေါ်လာကာ အချ်န်တောင်ကို ဖမ်းဆုပ်လိုက်သည်။
အခြားအရပ်မျက်နှာတစ်ခုတွင် ကတုံးနှင့်ပုံရိပ်တစ်ခုက ဆုတ်ဖြဲခံထားရသော အချိန်လေဟာနယ်အက်ကြောင်းကို စိုက်ကြည့်နေသည်။ ထိုပုံရိပ်က ဒုတိယအဆင့်သို့ စတင်ဝင်ရောက်လာသော အချိန်အရှင်သခင်တစ်ယောက် ဖြစ်သည်။
" တောင်တစ်ခုလား။ " ထိုအချိန်အရှင်သခင်က အချိန်သဲများဖြင့် ဖွဲ့စည်းထားသော တောင်ကို သတိပြုမိသွားသဖြင့် မှင်သက်သွားသည်။ သို့သော် နောက်ခဏတွင် ပုံရိပ်တစ်ခုက တောင်၏ ဘေးတွင် ပေါ်လာပြီး အချိန်တောင်ကို ယူဆောင်သွားခဲ့သည်။
" မဖြစ်ဘူး။ " ကတုံးအချိန်အရှင်သခင်က ထိတ်လန့်သွားသည်။
" သူက ဘယ်သူလဲ။ " ကတုံးအချိန်အရှင်သခင်က လင်းယွမ်ကို စောင့်ကြည့်နေသည်။ "ဒီလောက် အချိန်ကြာတဲ့အထိ ဝမ်ဝေဟင်းလင်းပြင်ရဲ့ အစွန်အဖျားမှာ စူးစမ်းနေတာဆိုတော့ သူက ဒုတိယအဆင့် အထွတ်အထိပ် အချိန်အရှင်သခင်မဟုတ်တာ သေချာတယ်။ "
" အလွန်ဆုံးရှိမှ ဒုတိယအဆင့်ကို ဝင်ရောက်ခါစပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် ပထမအဆင့် အချိန်အရှင်သခင်တစ်ယောက်တောင် ဖြစ်နိုင်တယ်။
ကတုံးအချိန်အရှင်သခင်က သက်ပြင်းချလိုက်ပြီး သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ သာမန်ရတနာများဆိုလျှင် အခြားအချိန်အရှင်သခင်တစ်ယောက်က အရင်ပိုင်ဆိုင်သွားလျှင် သူက လှုပ်ရှားမှု ပြုလုပ်မည်မဟုတ်ပေ။
သို့သော် အချိန်တောင်ကိုတော့ ကတုံးအချိန်အရှင်သခင်က ၎င်းကို လုယူရန် ကြိုးစားချင်သေးသည်။ ထိုအတွေးနှင့်အတူ သူ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
" ရပြီ။ " လင်းယွမ်က အချိန်တောင်ကို သူ၏ အတွင်းစကြာဝဠာထဲတွင် သိမ်းဆည်းလိုက်ပြီး အခြားအရပ်မျက်နှာတစ်ခုသို့ ချက်ချင်း ထွက်ခွာသွားသည်။
" အချိန်တောင်...." လင်းယွမ်က စိတ်ထဲတွင် ကျေနပ်နေသည်။
အဝေးတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် မမြင်ရသော အော်ရာတစ်ခုက ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
လင်းယွမ်က မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်သည်။
" အဲ့ဒီတောင်ကို ငါလည်း မြင်ခဲ့တာပဲ။ အဲ့ဒါကို မင်းတစ်ယောက်တည်း သိမ်းပိုက်တာက မတရားဘူး။ " ကတုံးအချိန်အရှင်သခင်က လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
" မင်းရော မြင်လိုက်တာလား။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။
အချိန်လေဟာနယ်အက်ကြောင်းထဲမှ ထွက်လာသော အလျိန်တောင်ကို သူက ခဏအတွင်း ယူဆောင်လိုက်ခြင်းဖြစ်သည်။ သို့သော် ထိုကတုံးအချိန်အရှင်သခင်ကလည်း မြင်တွေ့ခဲ့ရသည်။
" မင်းဘာလုပ်ချင်လို့လဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
" ငါ့ကို တစ်ဝက်ပေးပါ။ " ကတုံးအချိန်အရှင်သခင်က ပြောလိုက်သည်။ " မင်းသဘောတူမယ်ဆိုရင် ဒီအကြောင်းကို လျို့ဝှက်ထားမယ်။ ဒါဆို ငါတို့ ဝမ်ဝေဟင်းလင်းပြင်ထဲက ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်လိမ့်မယ်။ "
ဆိုလိုသည်မှာ လင်းယွမ်က သဘောမတူခဲ့လျှင် ထိုအကြောင်းကို လူသိရှင်ကြား ထုတ်ပြောမည်ဖြစ်သည်။ ထိုအခါ အခြားအချိန်အရှင်သခင်များကလည်း သေချာပေါက် အာရုံစိုက်ခံရမည်ဖြစ်ပြီး ဒုတိယအဆင့် အချိန်အရှင်သခင်များပင် ဝင်ရောက်စွက်ဖက်လာနိုင်သည်။
" ငါ့ရဲ့ တောင်းဆိုမှုက မများပါဘူး။ " ကတုံးအချိန်အရှင်သခင်က ပြောလိုက်သည်။ သူက လင်းယွမ်ကို ထိန်းထားရန် ယုံကြည်မှုမရှိပေ။
" မများဘူးလား။ " လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူက သူ၏ အကျိုးအမြတ်များကို အကြောင်းပြချက်မရှိ ခွဲဝေပေးရန် သေချာပေါက် ဆန္ဒမရှိပေ။ သို့သော် ကတုံးအချိန်အရှင်သခင်၏ ခြိမ်းခြောက်မှုက လင်းယွမ်အပေါ် သက်ရောက်မှုရှိနေသည်။
" တောင်ရဲ့ တစ်ဝက်ကို လိုချင်တယ်ဆိုရင် စကားသက်သက်နဲ့တော့ မရဘူး။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " ငါ့ရဲ့ တိုက်ကွက်တစ်ခုကို ခံကြည့်ပါ။ မင်းအဲ့ဒါကို ခံနိုင်ရည်ရှိရင် မင်းရဲ့ တောင်းဆိုမှုကို ငါသဘောတူမယ်။ "
အကယ်၍ ကတုံးအချိန်အရှင်သခင်က လင်းယွမ်၏ တိုက်ကွက်တစ်ခုကို ပြဿနာမရှိဘဲ ခံနိုင်ရည်ရှိလျှင် သူ၏ စွမ်းအားက လင်းယွမ်နှင့် ယှဉ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နောင်လာမည့်ပြဿနာများကို တားဆီးရန်အတွက် အချိန်တောင်၏ တစ်ဝက်ကို ခွဲဝေပေးခြင်းက ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။
" မင်းရဲ့ တိုက်ကွက်တစ်ခုကို ခံယူရမှာလား။ " ကတုံးအချိန်အရှင်သခင်က ပြုံးလိုက်သည်။
" တိုက်ကွက်တစ်ခုတည်းမဟုတ်ဘူး။ ဆယ်ကွက်လည်းရတယ်။ " ကတုံးအချိန်အရှင်သခင်က သူ့ကိုသူ အလွန်ယုံကြည်မှုရှိနေသည်။
လင်းယွမ်က သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ ဖိနှိပ်ခြင်းစွမ်းအားများက ထွက်ပေါ်လာပြီး အရာအားလုံးကို လွှမ်းခြုံနိုင်သော အကျဉ်းထောင်တစ်ခု ဖြစ်ပေါ်ကာ ကတုံးအချိန်အရှင်သခင်ကို ဖိနှိပ်လိုက်သည်။
" ဒါက..." ကတုံးအချိန်အရှင်သခင်က အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
" သူက ဘယ်လိုလုပ် ဒီလောက်သန်မာနေတာလဲ။ " ကတုံးအချိန်အရှင်သခင်က မှင်သက်သွားသည်။
လင်းယွမ်ထံမှ ထွက်ပေါ်လာသော အော်ရာတစ်ခုတည်းနှင့်ပင် လင်းယွမ်၏ စွမ်းအားက သူ့ထက်သာလွန်နေသည်ကို ကောက်ချက်ချနိုင်ခဲ့သည်။ ဒုတိယအဆင့် အချိန်အရှင်သခင်တစ်ယောက်က ကပ်ဘေးပေါင်း ၁.၀၈ ဘီလီယံကို ဖြတ်ကျော်ရန် လိုအပ်သည်။ ယခု လင်းယွမ်၏ အော်ရာက ကပ်ဘေးပေါင်း သန်းငါးရာခြောက်ရာကို ဖြတ်ကျော်ထားသော အင်အားကြီး အချိန်အရှင်သခင်တစ်ယောက်နှင့် ညီမျှနေသည်။
" ငါ့ရဲ့ တိုက်ကွက်ကို ခံယူပေတော့။ " လင်းယွမ်က သူ၏ ညာလက်ကို ဖိချလိုက်သည်။ ယခုအချိန်တွင် သူက အစွတ်ကုန် ထုတ်ဖော်လိုက်ပြီး ရှန်ထျန်းအသွင်ပြောင်းလဲခြင်းမှ ထိုက်ချူးကိုပါ အသုံးပြုလိုက်သည်။
အကယ်၍ ထိုက်ချူးက ကတုံးအချိန်အရှင်သခင်ကို အနိုင်မယူနိုင်လျှင် ၎င်းမှာ လင်းယွမ်တွင် သူ့ကို ကိုင်တွယ်ရန် နည်းလမ်းမရှိဟု ဆိုလိုခြင်းဖြစ်ပြီး အချိန်တောင်တစ်ဝက်ကို ခွဲဝေပေးလိုက်မည်ဖြစ်သည်။
ဝုန်း.... ဝုန်း....
လင်းယွမ်၏ တိုက်ကွက်က နှေးကွေးသည်ဟု ထင်ရသော်လည်း ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ကတုံးအချိန်အရှင်သခင်က လင်းယွမ်၏ စွမ်းအားကြောင့် တုန်လှုပ်သွားသော်လည်း သူကလည်း ခုခံရန် သူ၏ နည်းလမ်းအားလုံးကို ချက်ချင်း အသုံးပြုလိုက်သည်။ အချိန်တောင်နှင့် ပက်သက်နေသောကြောင့် သူက ဆုတ်ခွာရန် ဆန္ဒမရှိပေ။ မျှော်လင့်ချက်မကုန်ဆုံးသရွေ့ သူက တိုက်ခိုက်မည်ဖြစ်သည်။
လင်းယွမ်၏ တိုက်ခိုက်မှုကို ခုခံနိုင်လျှင် သူတို့နှစ်ယောက်က ညှိနှိုင်းရန် အခြေခံအချက်ရှိလာပေလိမ့်မည်။
ဝုန်း.... ဝုန်း...
ထိုက်ချူးစွမ်းအားများက အချိန်လေဟာနယ်အလွှာ အသီးသီးကို ထိုးဖောက်သွားခဲ့သည်။ ဝမ်ဝေဟင်းလင်းပြင်၏ ဖိနှိပ်မှုသာ မရှိလျှင် ပျံ့နှံ့လာသော ထိုက်ချူးစွမ်းအားများက အရာအားလုံးကို ချေမှုန်းပစ်ပေလိမ့်မည်။
ကတုံးအချိန်အရှင်သခင်၏ ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုက်ချူးစွမ်းအားများကို ခုခံရန် ရုန်းကန်နေရသည်။ " ပထမဆုံး ထိတွေ့မှုမှာတင် ငါ့ရုပ်ခန္ဓာရဲ့ ဆယ်ပုံတစ်ပုံကို ဖျက်ဆီးခံလိုက်ရတာလား။ "
ဖျက်ဆီးခံလိုက်ရသော အစိတ်အပိုင်းများက လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာသော်လည်း ၎င်းက ထိုက်ချူးစွမ်းအားများအောက်တွင် ဆက်လက်တိုက်စားခံနေရသည်။ ထိုက်ချူးစွမ်းအားများက ကျယ်ပြောလှသော သမုဒ္ဒရာကြီးနှင့် တူပြီး ကတုံးအချိန်အရှင်သခင်က အချိန်မရွေး တမ်းမှောက်သွားနိုင်သော လှေငယ်လေးတစ်စင်းနှင့် တူနေသည်။
" အရမ်းသန်မာတာပဲ။ " ကတုံးအချိန်အရှင်သခင်က တုန်လှုပ်သွားသည်။ သူက လင်းယွမ်ကို မယှဉ်နိုင်ဘဲ ခုခံရန်ပင် အလွန်ခက်ခဲနေသည်။
" ငါ့ကံက တော်တော်ဆိုးတာပဲ။ " ကတုံးအချိန်အရှင်သခင်က စိတ်ပျက်သွားသည်။
အစွန်အဖျားဒေသတွင် ရတနာတစ်ခုရှာတွေ့ခဲ့သော်လည်း ၎င်းက လင်းယွမ်ကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ သူက လင်းယွမ်၏ စွမ်းအားအပေါ် နောက်ဆုံး အကဲဖြတ်လိုက်သည်။
လင်းယွမ်က ဒုတိယအဆင့် ကပ်ဘေး သန်းခုနှစ်ရာရှစ်ရာကို ဖြတ်ကျော်ထားသော အချိန်အရှင်သခင်တစ်ယောက် ဖြစ်ပေလိမ့်မည်။ ဒုတိယအဆင့် ကပ်ဘေးများက ၁.၀၈ ဘီလီယံသာ ရှိသောကြောင့် ကပ်ဘေး သန်းခုနှစ်ရာရှစ်ရာက ထိပ်ဆုံးတွင် ရှိနေသည်ဟု ယူဆနိုင်သည်။