← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) ထွက်ခွာခြင်း

ဤရက်များတွင် အနွယ်တော်သည် သိုင်းပညာများကို လက်တွေ့ အသုံးချနိုင်ရန် ဖခင်ဖြစ်သူနှင့် လေ့ကျင့်တော့သည်။ ဤသည်မှာ တကယ့် တိုက်ပွဲမျိုး မဟုတ်သော်လည်း သိုင်းကွက်များအား အချိန်အခါနှင့်အလိုက် သင့်တော်စွာ သုံးတတ်စေရန်တော့ လုံလောက်ပေသည်။

မည်သို့ဆိုစေ တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်လှသော စောရဝိဇ္ဇာကြောင့် အနွယ်တော်မှာ ထိုမှတစ်ဆင့် များစွာ သင်ယူခဲ့ရသည်။ အတွေ့အကြုံဆိုသည်မှာ ပါရမီနှင့် မဆိုင်ပေ။ ထိုသည်မှာ တကယ့် လက်တွေ့ တိုက်ပွဲများ ထောင်သောင်းချီ ဆင်နွှဲပြီးမှ ရလာသော အဖိုးတန် ရတနာတစ်ပါးပင် ဖြစ်လေသည်။

ထိုသို့ဖြင့် အနွယ်တော် တိုက်ပွဲ အတွေ့အကြုံများကို နေ့စဉ်နှင့်အမျှ ယူနေရင်း လကုန်ရက်သို့ ရောက်လာခဲ့သည်။ ခရီးထွက်ဖို့ ပြင်ဆင်စရာ ရှိသည်များလည်း ပြီးပြီမို့ အနွယ်တော်နှင့် စောရဝိဇ္ဇာတို့သည် ဘရသေ့အား သွားရောက် နှုတ်ဆက်တော့သည်။

ရသေ့များသည် အနွယ်တော်တို့အား အပြင်စည်း တံခါးဝထိ လိုက်ပို့ပေးသည်။

"အနွယ်တော်လေး၊ အပြင်လောကကို အတွေ့အကြုံ ရှာဖို့ သွားတာက ကောင်းတဲ့ အချက်ပါ။ အပြင်လောကမှာ အဆင်မပြေတော့ရင် ဒီကို ပြန်လာခဲ့နော်။ ဒီနေရာက သားရဲ့ အိမ်ပဲ" ရသေ့ပျို ဦးဒီပါက ဝမ်းနည်းစွာဖြင့် ပြောသည်။ အနွယ်တော် ငယ်စဉ်ကတည်းက သူတို့ လက်ပေါ်တွင် ကြီးပြင်းလာသဖြင့် သူ အနွယ်တော်အား သံယောဇဉ် ရှိပေသည်။

ထိုစကားကို ကြားလိုက်ရာ အနွယ်တော် ရင်ထဲတွင် နွေးထွေးသွားတော့သည်။ ဤနေရာက သူ မွေးကတည်းက နေလာသည့် နေရာ ဖြစ်လေရာ သူ့အိမ်ဟု ဆိုလည်း မမှားပေ။ အပြင်စည်းက ရသေ့များ အားလုံးမှာ သူ၏မိသားစုများပင် ဖြစ်သည်။

"ဟုတ်ကဲ့ပါ ဦးရသေ့၊ ဘယ်မှ သွားစရာ မရှိတော့ရင် သား အိမ်ကို ပြန်လာခဲ့ပါ့မယ်" အနွယ်တော် ကတိပေးလိုက်သည်။

တခြား ရသေ့များမှာလည်း တစ်ဦးပြီးတစ်ဦး လာရောက် နှုတ်ဆက်ကြသည်။ ရသေ့ငယ်များမှာလည်း စိတ်မကောင်းဖြစ်ကာ တိတ်ဆိတ်နေလေသည်။

အနွယ်တော်သည်လည်း ဝမ်းနည်းလာသဖြင့် ခေါင်းငုံ့ကာ တစ်ဖက်သို့ လှည့်လိုက်သည်။ ရသေ့ငယ်များမှာ သူ၏ ကစားဖော် ကစားဖက်များ ဖြစ်လေရာ အနွယ်တော် သူတို့အပေါ် သံယောဇဉ် ရှိသည်။

"သွားရအောင်လေ သား" စောရဝိဇ္ဇာက အနွယ်တော် စိတ်မကောင်း ဖြစ်နေသည်ကို မြင်သဖြင့် အာရုံလွှဲလိုက်သည်။

"ဟုတ်ကဲ့" အနွယ်တော် ခေါင်းညိတ်ကာ ဖခင်ဖြစ်သူဘက် လှည့်လိုက်သည်။

ထိုသို့ဖြင့် သားအဖ နှစ်ယောက်သည် ၇ နှစ် နီးပါး နေခဲ့သည့် ရသေ့ဂိုဏ်းအား ကျောခိုင်းလိုက်တော့သည်။

"အနွယ်တော်ရေ၊ မင်း ငါတို့ကို သတိရရင် ပြန်လာခဲ့နော်" ရသေ့ငယ် သာဝကက လှမ်းအော်သည်။

အနွယ်တော် ထိုအသံကို ကြားလိုက်ရာ ခြေလှမ်း တုန့်ခနဲ ရပ်သွားသည်။ သို့သော် သူ နောက်သို့ ပြန်မလှည့်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ နောက်သို့သာ လှည့်ကြည့်မိပါက သူ ရှေ့သို့ ဆက်သွားနိုင်တော့မည် မဟုတ်ပေ။

နေမွန်းတည့်ချိန်သို့ ရောက်သောအခါ အနွယ်​တော်တို့သည် တောင်ခြေက တိဘက်ပြည်သို့ ရောက်လာခဲ့သည်။ တိဘက်ပြည်သို့ စောရဝိဇ္ဇာက အကြိမ်ကြိမ် ရောက်ဖူးသဖြင့် မြို့အခြေအနေကို ကောင်းကောင်း သိပေသည်။

မြို့ပေါ်သို့ ရောက်လာသည်တွင် အနွယ်တော်မှာ အဆောက်အဦးများကို ကြည့်ကာ တအံ့တဩ ဖြစ်နေတော့သည်။ ထိုသည်က သူ မြို့ပေါ်သို့ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်နေသည် မဟုတ်လော။

လမ်းများမှာ လွန်စွာ ကျယ်ဝန်းသဖြင့် နွားလှည်း နှစ်စီး ယှဉ်မောင်း၍ ရပေသည်။ အဆောက်အဦများမှာလည်း လေးထောင့်ဆန်ဆန် ဆောက်ထားသဖြင့် သေသပ်လှပေသည်။

အနွယ်တော်သည် ပတ်ဝန်းကျင်အား ငေးမောရင်း ဖခင်နောက်မှ လိုက်လာခဲ့သည်။ စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်လာသည်တွင် သူတို့ နေ့လယ်စာ ဝင်စားကြသည်။ တိဘက်ပြည်မှာ ဗုဒ္ဓဂိုဏ်း၏ အနီးအနားတွင် ရှိသဖြင့် ငြိမ်းချမ်းမှုများဖြင့်သာ ပြည့်နက်နေ၏။ မြို့သူမြို့သားများမှာလည်း လွန်စွာ ဖော်ရွေလှသဖြင့် ခရီးသွားသူများ၊ ကုန်သည်များအတွက် အဆင်ပြေလှပေသည်။

နေ့လယ်စာ ဝင်စားပြီးနောက် အနွယ်တော်နှင့် စောရဝိဇ္ဇာတို့သည် မြင်းလှည်းတစ်စီးကို ဝယ်၍ ခရီးဆက်ခဲ့ကြသည်။

အနွယ်တော်သည် မြင်းလှည်းပေါ်မှ နောက်တွင် ကျန်ခဲ့သော နှင်းတောင်ထိပ်အား လှမ်းကြည့်လိုက်မိသည်။ မြင်းလှည်း ရှေ့သို့ မောင်းနေသည်နှင့်အမျှ နှင်းတောင်ထိပ်မှာလည်း တဖြည်းဖြည်း ဝေး၍ ဝေး၍ ကျန်ခဲ့တော့သည်။ အနွယ်တော် ဝမ်းနည်းစိတ်ကို မျိုသိပ်ကာ ရှေ့သို့ ပြန်လှည့်လိုက်သည်။

"ဒီကနေ ဘယ်ကို ဆက်သွားမှာလဲ အဖေ" အနွယ်တော်က ဘေးသို့ ကြည့်ရင်း မေးသည်။

"အဖေတို့ ညနေမစောင်းခင် ဆိပ်ကမ်းမြို့ကို အရောက်သွားကြမယ်။ ညရောက်ရင် တအား အေးတော့ ခရီးသွားရတာ မကောင်းဘူး။ ဆိပ်ကမ်းမြို့ရောက်မှ ပင်လယ်ကို ဖြတ်ဖို့ ဖောင်စကြာ လက်မှတ် ဖြတ်ရမယ်" စောရဝိဇ္ဇာသည် သားဖြစ်သူ စိတ်မကောင်း ဖြစ်နေသည်အား မြင်သဖြင့် အာရုံလွှဲလိုက်သည်။

"စာထဲမှာ ပါတဲ့ ဖောင်စကြာကြီးကို သားတို့ စီးရတော့မှာပေါ့။ စိတ်လှုပ်ရှားစရာပဲ" အနွယ်တော် ဖောင်စကြာဘက် အာရုံရောက်သွားသဖြင့် စောစောက ဝမ်းနည်းစိတ်ကို ခေတ္တ မေ့သွားလေသည်။

ထိုသို့ဖြင့် စောရဝိဇ္ဇာသည် မြင်းကို ခပ်သွက်သွက် မောင်းလိုက်တော့သည်။ ဟိမဝန္တာ ဒေသက သူခိုး၊ ဓားပြ မရှိသဖြင့် ခရီးသွားရသည်မှာ အဆင်ပြေသည်။ ကြမ်းတမ်းသည့် သားရဲများလည်း မရှိသဖြင့် ဤနေရာက တကယ့် လောကနိဗ္ဗာန်ပင် ဖြစ်သည်။

အနွယ်တော်သည် ပတ်ဝန်းကျင်အား စူးစမ်းကြည့်ရင်း စာထဲက အရာများကို အပြင်လောကမှ အစစ်များနှင့် တိုက်စစ်ကာ အတွေ့အကြုံ ယူနေတော့သည်။

လမ်းခရီးတွင်လည်း မြင်းလှည်းများ ကုန်စည်လှည်းများ မပြတ်အောင် သွားလာနေသဖြင့် အနွယ်တော်အတွက် အတွေ့အကြုံကောင်း တစ်ရပ် ဖြစ်နေတော့သည်။

လမ်းမကြီးမှာ တော တောင်များ၊ လျှိုမြောင်းများနှင့် တောင်ကုန်းများကို ဖြတ်ကာ ဖောက်ထားသဖြင့် ပတ်ဝန်းကျင် မြင်ကွင်းများမှာ စာပေထဲကလို မဟုတ်ဘဲ လွန်စွာမှ အသက်ဝင်နေတော့သည်။

ညနေစောင်းလာသည်တွင် အနွယ်တော်တို့သည်လည်း ဆိပ်ကမ်းမြို့သို့ ရောက်လာတော့သည်။ ဒေသတစ်ခု၏ တစ်ခုတည်းသော ဆိပ်ကမ်းဖြစ်သည်နှင့်အညီ မြို့တော်မှာ လွန်စွာ ကြီးမားကာ စည်းကား သက်ဝင်လှပေသည်။

လမ်းမကြီးများမှာ နွားလည်း လေးစီးယှဉ်မောင်းနိုင်သည်ထိ ကျယ်ဝန်းပေသည်။ အဆောက်အဦများမှာလည်း တိဘက်ပြည်ထက် များစွာ သာလွန်ပေသည်။

အနွယ်တော်သည် အဆောက်အဦ အမြင့်ကြီးများကို ကြည့်ကာ ပင့်သက်ရှိုက်မိသည်။ ထိုသည်က စာထဲတွင်ပါသော ပြသာဒ်များပင် ဖြစ်သည်။ ဘုံခုနစ်ဆင့် ပြသာဒ်ကြီးမှာလည်း အဝင်ဝတွင် အဖွဲ့အစည်း နာမည်များ အသီးသီး ရေးထိုးထားကြသည်။ အနွယ်တော် ထိုအရာများအား မျက်စိတစ်ဆုံး ငေးရင်း ဖခင်ဖြစ်သူကိုလည်း မေးခွန်းများ ဆက်တိုက် မေးနေတော့သည်။

"ဒီမြို့က ဟိမဝန္တာဒေသမှာ အကြီးဆုံး မြို့ပဲ။ အနယ်နယ် အရပ်ရပ်က ကုန်သည်တွေက ဒီမှာပဲ အရောင်းအဝယ် လုပ်ကြတယ်။ ဒါက ပြည်နယ်တစ်ခုလုံးရဲ့ ငွေကြေး စီးဆင်းမှု အားလုံးရှိတဲ့ နေရာပဲ" စောရဝိဇ္ဇာက ရှင်းပြသည်။

"ဟုတ်ကဲ့" အနွယ်တော် သေချာ မှတ်ထားလိုက်သည်။

"လူတွေနဲ့ နေမယ်ဆိုရင် တကယ် အရေးကြီးဆုံးက ငွေပဲ သား။ ငွေမရှိရင် သား ဘာမှ လုပ်လို့ မရဘူး။ ဒီမှာတော့ ငွေကြေးကို ဒင်္ဂါးနဲ့ သုံးကြတယ်။ ရွှေဒင်္ဂါး၊ ငွေးဒင်္ဂါးနဲ့ ကြေးဒင်္ဂါးတွေကို တန်ဖိုးတစ်ခုထားပြီး သုံးကြတယ်။ ဒါတော့ သား သိပြီးသား ဖြစ်မှာပါ" စောရဝိဇ္ဇာက ရှင်းပြသည်။

"ဟုတ်ကဲ့၊ သား သိပါတယ်" အနွယ်တော် စာအုပ်များတွင် ဤလောက၏ ငွေကြေးအကြောင်းကို ဖတ်ဖူးသဖြင့် ကောင်းကောင်း သိပေသည်။

"စားသောက်ဆိုင် တစ်ဆိုင်လောက် ရှာရအောင်။ သား ဗိုက်ဆာပြီမလား" စောရဝိဇ္ဇာက ပြုံးကာ မေးသည်။

"ဟုတ်ကဲ့" အနွယ်တော် ခရီးသွားထားရသဖြင့် ဗိုက်ဆာနေပြီ ဖြစ်သည်။

မကြာမီ သူတို့ စားသောက်ဆိုင်နှင့် တည်းခိုခန်း တွဲဖွင့်ထားသည့် ဆိုင်တစ်ဆိုင် တွေ့ရသဖြင့် ညစာ ဝင်စားကြသည်။

"ရသေ့တို့ ဘာစားကြမလဲ။ ဆိုင်ထဲ ကြွပါခင်ဗျာ့" စားသောက်ဆိုင် ဧည့်ကြိုတစ်ဦးက ကြိုဆိုလိုက်သည်။

"ငါတို့က ရသေ့တွေ မဟုတ်ဘူး။ အညိုဝတ်ထားတိုင်း ရသေ့ ထင်မနေနဲ့။ ငါတို့က ရသေ့တွေလောက် မမြင့်မြတ်ဘူး" စောရဝိဇ္ဇာက ပြောလိုက်သည်။

"တောင်းပန်ပါတယ်ဗျာ၊ အထဲမှာ နေရာလွတ်တွေ ရှိပါတယ်။ ကြွပါခင်ဗျာ" ဧည့်ကြိုကာ တောင်းပန်ကာ နေရာပေးလေသည်။

စောရဝိဇ္ဇာနှင့် အနွယ်တော်တို့သည်လည်း နေရာတွင် ထိုင်ကာ ဟင်းပွဲများ မှာလိုက်တော့သည်။ စားသောက်ပြီးသည်နှင့် သူတို့သည် ထိုနေရာမှာပင် အခန်းငှားပြီး တည်းခိုလိုက်ကြသည်။

တစ်နေကုန် ခရီးသွားထားရသဖြင့် အနွယ်တော်သည် ညစ်ပတ်နေသည့် အဝတ်အစားများကို ချွတ်ကာ ရေချိုးလိုက်သည်။ ရေချိုးပြီး အဝတ်အစား လဲပြီးမှသာ အနွယ်တော် နေသာထိုင်သာ ရှိသွားကာ အိပ်ရာဝင်လိုက်တော့သည်။

အခန်း (၂၀) ကရဝိတ် ဖောင်စကြာ

နံနက်ခင်း မိုးလင်းချိန် ရောက်သည်တွင် အနွယ်တော်တို့ သားအဖ အိပ်ရာမှ ထကာ ကိုယ်လက်သန့်စင်လိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်ကာ စားသောက်ခန်းတွင် နံနက်စာ စားလိုက်ကြသည်။

ဆိပ်ကမ်းမြို့တော်က ၂၄ နာရီလုံး သက်ဝင်လှုပ်ရှားနေသဖြင့် စားသောက်ဆိုင်တွင်လည်း နံနက်စောစော အချိန်၌ပင် လူများ စည်းကားနေသည်။

"မြိုပေါ်က တအား ဆူတာပဲနော်။ ဒီမှာ အမြဲ နေကြတဲ့ လူတွေ ဘယ်လို နေကြလဲ မသိဘူး" အနွယ်တော်က ခေါင်းယမ်းကာ ပြောသည်။

"ဒီမှာ နေတဲ့ လူတွေအတွက်ကတော့ ဒီအသံတွေနဲ့ အသားကျသွားပြီလေ။ သူတို့အတွက်ကတော့ မထူးဆန်းတော့ဘူး" စောရဝိဇ္ဇာက ထမင်းပွဲကို လက်စသတ်ရင်း ပြောလိုက်သည်။

"ကဲကဲ... အဖေတို့ စားပြီးရင် သွားရအောင်။ ဖောင်စကြာ လက်မှတ် ကုန်သွားရင် နောက်တစ်ပတ်ထိ စောင့်ရလိမ့်မယ်" စောရဝိဇ္ဇာက ပြောသည်။

"ဟုတ်ကဲ့ပါ အဖေ" အနွယ်တော် ပြောကာ ထမင်းပွဲကို လက်စသတ်လိုက်သည်။

ထမင်းပွဲများအတွက် ကျသင့်ငွေ ရှင်းပြီးနောက် အနွယ်တော်တို့ သားအဖ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ သူတို့သည် ဖောင်စကြာ လက်မှတ်ဖြတ်ဖို့ သွားရင်း လမ်းတွင် အဝတ်အစားဆိုင် တစ်ဆိုင်ကို တွေ့ရသဖြင့် အဝတ်အစားများ ဝင်ဝယ်လိုက်ကြသည်။ သမထဂိုဏ်းတွင် အညိုများသာ ဝတ်ဆင်လေ့ရှိသဖြင့် သူတို့သည်လည်း အညိုရောင်သာ ဝတ်ကြရသည်။ ထို့ကြောင့် တခြားလူများက သူတို့ကို ရသေ့များနှင့် အထင်မှားနေကြခြင်း ဖြစ်သည်။

စောရဝိဇ္ဇာသည် သူအကြိုက်ဆုံးဖြစ်သည့် မီးခိုးရောင် ဝတ်စုံအား ရွေးချယ်ကာ ဆယ်စုံခန့် ဝယ်လိုက်သည်။

အနွယ်တော်သည် အဖြူရောင် ဝတ်စုံ သန့်သန့်လေးကို သဘောကျသဖြင့် ငါးစုံခန့် ယူလိုက်သည်။ အနွယ်တော်သည် အညိုရောင် ခပ်နွမ်းနွမ်း ဝတ်စုံနေရာတွင် သန့်ပြန့်နေသည့် အဖြူရောင် ဝတ်စုံအား အစားထိုးလိုက်ရာ ရုပ်ရည်များ ပိုမို ထင်လင်းလာသည်။ လမ်းသွားလမ်းလာများမှာ ချစ်စရာကောင်းသော ကလေးငယ်လေးအား လည်ပြန် လှည့်မကြည့်ဘဲကို မနေနိုင်ကြပေ။

အစတွင် အညိုရောင်ဝတ်စုံများဖြင့် ရသေ့ဟု ထင်သဖြင့် တခြားလူများက သူတို့ကို အလေးထားပြီး အာရုံမစိုက်ကြပေ။ ယခုတော့ အာရုံများက သူတို့ပေါ် ရောက်လာကြသည်။

အနွယ်တော်တို့သည် ထိုနေရာမှ ခပ်သွက်သွက် ထွက်လာခဲ့သည်။ လူအများ ဝိုင်းကြည့်နေသည်ကို တစ်ခါမျှ မခံဖူးသဖြင့် အနွယ်တော် စိတ်ထဲ ရှက်နေမိသည်။

မကြာမီ သူတို့သည် ပင်လယ်ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။ ဆိပ်ကမ်းတွင် ကုန်တင် ရွက်လှေကြီးများနှင့် ကုန်စည် အစုအပုံများမှာ မမြင်ချင်မှ အဆုံးပင်။ လူများမှာလည်း ပွဲဈေးတန်းကဲ့သို့ ကြိတ်ကြိတ်တိုးနေကြလေသည်။ ယခုအချိန်က ဖောင်စကြာ လက်မှတ်ရောင်းသည့် အချိန်မို့ လူများ ပိုမို များပြားနေခြင်း ဖြစ်သည်။

လက်မှတ်များကို ပြည်နယ်ပိုင် ပို့ဆောင်ရေး ဌာနမှ ရောင်းပေးသည်။ ဖောင်စကြာယာဉ်များကို ပုဂ္ဂလိကပိုင် အဖြစ် ဥပဒေက ခွင့်မပြုပေ။

လက်မှတ်အရောင်း စင်ကြီးများမှာ လွန်စွာ ကြီးမားပြီး အချွန်အတက်များဖြင့် ခမ်းနား တင့်တယ်ပေ၏။

"လက်မှတ်လာဖြတ်တဲ့ လူတွေက အမြဲတမ်း ဒီလောက် များတာလား" အနွယ်တော် အံ့ဩစွာ မေးလိုက်သည်။

"များတာပေါ့ သားရယ်။ ဒေသကြီး တစ်ခုလုံးမှာ ဒီဆိပ်ကမ်းတစ်ခုပဲ ရှိတာလေ။ အပတ်စဉ်တိုင်း လက်မှတ်လာဖြတ်တဲ့လူတွေ အများကြီး ရှိတယ်" စောရဝိဇ္ဇာက အပြုံးဖြင့် ရှင်းပြသည်။

အနွယ်တော်တို့သည်လည်း လူတန်းနောက်တွင် ဝင်တန်းစီရင်း ရှေ့သို့ တရွေ့ရွေ့ လျှောက်လာခဲ့သည်။ လက်မှတ်ရောင်းစင်က ဆယ်စင်ခန့် ရှိသဖြင့် လူများသော်လည်း အချိန် အကြာကြီး မစောင့်ရပေ။ မကြာမီ အနွယ်တော်တို့ အလှည့် ရောက်လာသည်။

"အထူးတန်း ယူမှာလား၊ ရိုးရိုးတန်း ယူမှာလား" လက်မှတ် တာဝန်ခံက မေးလိုက်သည်။

"အထူးတန်းပဲ ပေးပါ" စောရဝိဇ္ဇာက ပြောလိုက်သည်။

"နာမည် ဘယ်လို ခေါ်လဲ"

"လူဇော်ပါ၊ ဒါက ကျုပ်သား အနွယ်တော်"

လက်မှတ် တာဝန်ခံက လက်မှတ်ပေါ်တွင် အနွယ်တော်တို့ နာမည်ကို ချရေးကာ သူတို့အား ကမ်းပေးသည်။

"လက်မှတ်တစ်စောင်ကို ရွှေဒင်္ဂါးတစ်ရာ၊ နှစ်စောင်ဆိုတော့ နှစ်ရာကျတယ်"

ရွှေဒင်္ဂါးတစ်ရာ ဆိုသည်မှာ လွန်စွာမှ ဈေးကြီးပေသည်။ သာမန်လူများ တစ်သက်လုံး ထိုင်စား၍ ရသည်ထိ တန်ဖိုး ရှိသည်။ သို့သော် စောရဝိဇ္ဇာကဲ့သို့ မဟာသူခိုးတစ်ယောက်အတွက် ငွေဆိုသည်မှာ လိုသည့်အချိန်တိုင်း ရနိုင်သည့် အရာပင် ဖြစ်သည်။

စောရဝိဇ္ဇာ ခေါင်းညိတ်ကာ ဣစ္ဆာသယအိတ်ထဲမှ ရွှေဒင်္ဂါး နှစ်ရာအား ထုတ်ပေးလိုက်သည်။ ထို့နောက် လက်မှတ်များကို ယူကာ တစ်ဖက်သို့ ဆက်လျှောက်လာခဲ့သည်။ တစ်ဖက်သို့ ရောက်လာသည်တွင် ဧရာမ ကရဝိတ် ဖောင်စကြာကြီးကို အနွယ်တော် မြင်လိုက်ရသည်။ ၎င်းမှာ ရွှေရောင်များ ပြောင်ဝင်းလျက် ငွားငွားစွင့်စွင့် ထည်ဝါပေ၏။

"ကရဝိ ဖောင်စကြာ အင်းသခင်တွေက ထိန်းချုပ် မောင်းနှင်ပေးတယ်လို့ သား ဖတ်ဖူးတယ်။ အဲဒါ အမှန်ပဲလား" အနွယ်တော် ဖောင်စကြာကြီးကို စူးစမ်းရင်း မေးလိုက်သည်။

"မှန်တာပေါ့ သားရယ်။ ကရဝိတ်ရဲ့ တောင်ပံမှာ လေဓာတ်အင်းတွေ ဆွဲထားတယ်။ နှုတ်သီးမှာတော့ လေထုခွဲ ဓာတ်လုံးကို မြှုပ်ထားတယ်။ ဒါကြောင့်လည်း ကရဝိတ် ဖောင်စကြာကြီးက ပင်လယ်ကြီးကို အချိန်တိုတိုနဲ့ ဖြတ်သန်းနိုင်တာပေါ့" စောရဝိဇ္ဇာက သေချာစွာ ရှင်းပြသည်။

"အံ့ဩစရာပဲ" အနွယ်တော် ပင့်သက်ရှိုက်မိသည်။

မကြာမီ သူတို့သည် လူအုပ်ကြီးနှင့် ရောကာ ဖောင်စကြာပေါ်သို့ တက်လာခဲ့သည်။ ဖောင်စကြာ ထွက်ခွာရန် အချိန်လည်း သိပ်မကျန်တော့သဖြင့် ခရီးသည်များ စုံနေပြီ ဖြစ်သည်။

လူစုံပြီး ဖြစ်သဖြင့် အင်းသခင်များ ရောက်ရှိလာကြသည်။ အင်းသခင်များသည် နောက်ပါ အခြွေအရံများနှင့်အတူ ဖောင်စကြာပေါ်သို့ တက်လာကြသည်။ ဖောင်စကြာတစ်စီးကို အင်းသခင် ဆယ်ယောက်ခန့် ထိန်းချုပ်ရသည်။ ထိုအင်းသခင်များမှာ ဝိဇ္ဇာအဆင့်သို့ မတက်နိုင်တော့သည့် လူများဖြစ်သည်။

ပါရမီ မပြည့်မီ၍ ဖြစ်စေ၊ လမ်းစဉ်ကို သိဒ္ဓိမတင်နိုင်၍ ဖြစ်စေ နောက်ကျ ကျန်ရစ်ခဲ့သော လူများကို သူ့အပိုင်းနှင့်သူ သခင်ဟူသော အမည် တပ်ခေါ်ကြသည်။ သူတို့က ဝိဇ္ဇာအဆင့် မရောက်သော်လည်း သာမန်လူများကြားတွင်တော့ လွန်စွာမှ ကျော်ကြားပေသည်။

အင်းသခင်များ ဖောင်စကြာပေါ် ရောက်လာသည်တွင် ဆိပ်ကမ်းလုပ်သားများက လှေကားကို သိမ်းလိုက်ကြသည်။ ထို့နောက် အင်းသခင်များက သူတို့တာဝန်ကျရာ နေရာများသို့ လူစုခွဲကာ ထွက်သွားတော့သည်။

ထို့နောက် အင်းကွက်များကို အသက်သွင်းကာ ဖောင်စကြာအား ဆိပ်ကမ်းမှ ထွက်လိုက်တော့သည်။ ဖောင်စကြာကြီးမှာ လေထုကို ထိုးခွဲလျက် ပင်လယ်ပြင်ထဲသို့ ဦးတည်လိုက်တော့သည်။ ကရဝိတ် တောင်ပံများတွင် လေစွမ်းအားက တဝီဝီ လည်ပတ်နေပြီး ထိပ်ဦးက လေထုခွဲ ဓာတ်လုံးက လေထုများကို တဝုန်းဝုန်း ထိုးခွဲနေလေသည်။ အနွယ်တော်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့ဩမဆုံးအောင် ဖြစ်နေတော့သည်။

အနွယ်တော်တို့သည် အထူးတန်း လက်မှတ် ဖြတ်ထားသဖြင့် ကိုယ်ပိုင်အခန်း တစ်ယောက်တစ်ခန်း ရထားသည်။

"သားရေ၊ ပျင်းရင် ဖောင်စကြာ ကုန်းပတ်ပေါ် လျှောက်ကြည့်လို့ ရတယ်နော်။ သိပ်ဝေးဝေးလံလံတော့ မသွားနဲ့" စောရဝိဇ္ဇာက မှာကြားကာ သူ့အခန်းထဲ ဝင်သွားတော့သည်။

အနွယ်တော်သည်လည်း အပြင်မထွက်ချင်သေးသဖြင့် အခန်းထဲ ဝင်လာခဲ့သည်။ အခန်းထဲတွင် ခုတင်တစ်လုံးနှင့် ထမင်းစား စားပွဲ တစ်လုံးသာ ရှိသည်။ ရိုးရှင်းသော်လည်း ခရီးသွားရင်း နေထိုင်ဖို့အတွက်တော့ လုံလောက်ပေသည်။ အနွယ်တော်သည် လုပ်စရာ မရှိသဖြင့် တင်ပျဉ်ခွေ ထိုင်၍ သိဒ္ဓိစွမ်းအားကို ဆွဲငင်လိုက်တော့သည်။

တစ်နာရီခန့် အကြာတွင် အနွယ်တော် ကျင့်စဉ်ဖြုတ်လိုက်သည်။ ဖောင်စကြာက ယခုဆို ပင်လယ် အနက်ပိုင်းထဲသို့ ရောက်လောက်ပြီ ဖြစ်သည်။

အနွယ်တော် အပြင်ထွက်လာပြီး ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ ကုန်းပတ်များပေါ်တွင် လူများ စည်ကားနေသည်ကို တွေ့လိုက်သည်။ အနွယ်တော် လူများသည်ကို မနှစ်သက်သဖြင့် လူရှင်းသည့် ကုန်းပတ်တစ်နေရာသို့သာ ဦးတည်လိုက်သည်။ ထိုနေရာမှာ ဖောင်စကြာ စားဖိုဆောင် အနီးတွင် ဖြစ်သဖြင့် တော်ရုံလူ မလာတတ်ပေ။

အနွယ်တော်သည် ပင်လယ်ကြီးကို ငေးကြည့်ကာ အသက်တစ်ချက် ရှူလိုက်သည်။ ဆားနံ့သင်းသင်းပါသော လေထုကာ သူ့အဆုပ်ထဲ ပြည့်သွားသည်။ ထိုသည်က စာထဲတွင် ပါသော ပင်လယ်၏ အငွေ့အသက်ပင် ဖြစ်သည်။

အနွယ်တော် ပင်လယ်၏ အငွေ့အသက်ကို ခံစားနေစဉ်နေမှာပင် နောက်မှ စားဖိုဆောင် တံခါးမှ ပွင့်လာသည်။ အနွယ်တော် တံခါးဖွင့်သံ ကြားရသဖြင့် နောက်လှည့်ကြည့်လိုက်သည်။

အနွယ်တော် နောက်လှည့်ကြည့်လိုက်သည်တွင် သူနှင့်ရွယ်တူ ကောင်လေးတစ်ယောက် ကြက်ကောင်လုံးကြော် တစ်ကောင်ကို ကိုင်၍ အပြင်သို့ ကုတ်ချောင်း ကုတ်ချောင်း ထွက်လာသည်အား မြင်လိုက်ရသည်။ အနွယ်တော် စဉ်းစားမရ ဖြစ်သွားသည်။ ထိုကောင်လေးက တန်ဖိုးကြီး အဝတ်အစားများ ဝတ်ထားသည့်တိုင် ထိုကဲ့သို့သော အလုပ်မျိုးကို လုပ်နေသည် မဟုတ်လော။

ထိုကလေးမှာလည်း ဘေဘီဝဲယာကို ကျီးကန်းတောင်မှောက် လျှောက်ကြည့်ရင်း သူ့အား စိုက်ကြည့်နေသော အနွယ်တော်ကို မြင်လိုက်ရသည်။ ထိုကလေးသည် ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားကာ အနွယ်တော်အား ပြန်စိုက်ကြည့်လိုက်သည်။

သူတို့နှစ်ယောက်မှာ လေထုထဲတွင် အကြည့်များ စုံသွားကြသည်။ မည်သူမျှလည်း မျက်စိမလွဲဘဲ နှစ်ယောက်သား သူကြည့်ကိုယ်ကြည့်ဖြင့် ရပ်နေကြလေသည်။ ထိုအချိန်တွင် အရာအားလုံးမှာ တိတ်ဆိတ်သွားပြီး အချိန်များ ခဏ ရပ်တန့်သွားသလိုပင်။

All Chapters