← Chapters

ဘုရင့်မျိုးနွယ်

Vol. 6 Ch. 579

ဘုရင့်မျိုးနွယ်

Vol. 6 Ch. 579

ဆန်းလျန်၏ စကားများကို ကြားလိုက်ရသည့် အခါတွင်တော့ လီယွမ်လျန်သည် ချောမော လှပသည့် နတ်ဆရာမ အတွက် စိတ်ပူသွားမိလေသည်။

ဆရာဦးလေး ဆန်းလျန်နှင့် သူ၏ ဆရာချန်ကျန့်မေတို့တွင် မတူညီသည့် အချက်များစွာ ရှိလေသည်။ သို့သော် သူတို့ နှစ်ဦးစလုံးသည် ထိတ်လန့် ကြောက်မက်ဖွယ်ရာ တာအိုကျင့်ကြံသူများ ဖြစ်ကြလေသည်။ သူတို့နှစ်ယောက်၏ စွမ်းအားများ ပေါင်းစပ်ပြီး တိုက်ခိုက် ခံရပါက ထိုသူလောက် ကံဆိုးသည့်လူ လောကတွင် ရှိနိုင်မည် မဟုတ်ပေ။

လီယွမ်လျန်၏ မျက်နှာ အမူအရာကို ကြည့်ပြီး ဆန်းလျန်က မေးခွန်း ထုတ်လိုက်သည်။

"မင်းက သူ့အတွက် စိုးရိမ်နေတာလား"

ဆန်းလျန်၏ အမေးကြောင့် လီယွမ်လျန်မှာ ရှက်သွားပြီး…

"ဟုတ်ပါတယ် ဆရာဦးလေး၊ ဘာကြောင့်မှန်း မသိပေမယ့် သူနဲ့ ရင်းနှီးနေသလို ခံစားရတယ်၊ တကယ်တော့ သူက တိမ်ဖြူလေးတစ်စလို ကြည်လင် လှပလွန်းပါတယ်၊ ကျွန်တော့်အနေနဲ့လည်း လက်လှမ်း မမီနိုင်ပါဘူး"

ဆန်းလျန်က…

"ဒီလိုဖြစ်ရတာ မင်းရဲ့ ဆုံးဖြတ်ချက်မခိုင်မာလို့ ဖြစ်ရတာ မဟုတ်ပါဘူး၊ အဲဒါက သူကျင့်ကြံခဲ့တဲ့ ကျင့်စဉ်ရဲ့ လှည့်ဖြားမှုကြောင့် ဖြစ်ရတာပဲ၊ သူက တာ့ရှားပြည်က ရဟန်း မင်းကြီးဆီမှာ ဆယ်နှစ်ကျော်လောက် ပညာသင်ခဲ့ရတယ်၊ မိုးမြေနိယာမတွေကို နားလည်ပြီး အသက်ဓာတ် စွမ်းအားတွေကို စုပ်ယူနိုင်စွမ်းရှိတယ်၊ ဒါကြောင့် တောင်ပိုင်းလူရိုင်း မျိုးနွယ်တွေက သူမကို ကိုးကွယ်ကြတာပဲ၊ မင်းက အသူရာဂိုဏ်းသား တစ်ယောက် ဆိုပေမယ့် မင်းလိုက်တဲ့လမ်းစဉ် ကစစ်မှန်တဲ့တာအိုလမ်းစဉ်ဖြစ်တယ်၊ ဒါကြောင့်သာ သူ့ရဲ့လှည့်ဖြားမှုတွေကို မင်းဒီလောက်ခံနိုင်တာ၊ တခြားသူ တွေသာဆိုရင် အဲဒီနတ်ဆရာမက ဒုက္ခလှလှပေးမှာပဲ၊ ကောင်းကျိုးမရှိနိုင်ဘူး… ဆိုးကျိုးတွေပဲ ဖြစ်လာလိမ့်မယ်”

ထိုစကားကိုပြောပြီးသည်နှင့် ဆန်းလျန်သည် စိတ်ထဲမှ ကြိတ်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

ရဟန်းမင်းကြီးသည် တာ့ရှား ဧကရာဇ်ပေါ်တွင် အလွန်မှ သစ္စာစောင့်သိလွန်းလှသည်။ ဆန်းလျန်နှင့် ရင်ဆိုင် တိုက်ခိုက်ရန်အတွက် သာမက ယင်းစန်းဒေသမှ ကျင့်ကြံသူများကို ရင်ဆိုင်ရန် အတွက်ပါ "ယွင်" ကို လေ့ကျင့် သင်ကြားပေးခဲ့လေသည်။

သို့သော်… "ယွင်" ကို သူသင်ကြားပေးလိုက်သည့် ကျင့်စဉ်များသည် စစ်မှန်သည့် တာအိုကျင့်စဉ် လမ်းကြောင်းမှ သွေဖယ် နေလေသည်။ “ယွင်” ကဲ့သို့ အရည်အချင်း ရှိသူ တစ်ယောက်သည် စစ်မှန်သည့် တာအိုလမ်းစဉ်ကိုသာ လိုက်မိလျှင် အလွန် အဖိုးတန်မည် ဖြစ်လေသည်။

ဆန်းလျန် ရှင်းပြသည်ကို ကြားလိုက်ရတော့မှာ လီယွမ်လျန်သည် သူ့စိတ်တွင် ဖြစ်ပေါ်နေသည့် ခံစားချက်များကို နားလည် သွားရလေသည်။ သို့တိုင်အောင် သူမအပေါ် ထားရှိသည့် စေတနာမေတ္တာများကို မတွန်းလှန်နိုင်ခဲ့ပါ။ သူမသည် လှပပြီး ဆွဲဆောင်မှုရှိသည့် မိန်းမပျိုလေး တစ်ယောက်ပဲ မဟုတ်ပါလား။

ထို့နောက်တွင်တော့…

ဆန်းလျန်သည် လီယွမ်လျန်နှင့် အခြားတပည့်များကို ချန်ချင်အား ကူညီပေးရန် ရှီးလျန်သို့ စေလွှတ် လိုက်လေသည်။

ဆန်းလျန်ကတော့ ရှီးလျန်ပြည်သို့ မပြန်သေးပေ။ သူ့တွင် လုပ်စရာ အလုပ်တစ်ခု ကျန်ရှိ နေသေးသည်။

ထိုအလုပ်မှာ လေ့ကျင်း၏ စားဖိုမှူးကို စည်းရုံး သိမ်းသွင်းရန် ဖြစ်လေသည်။

ကံကြမ္မာပေးသည့် ယင်းစန်းဒေသနှင့် အပြိုင် တိုင်းပြည် တစ်ပြည် ထူထောင်ရန်အတွက် ထိုသူသည် အဓိကကျသည့် နေရာတွင် ပါဝင်ရမည် ဖြစ်လေသည်။ အကယ်၍ ထိုသူသည် ယင်းစန်းဘက်တော်သား ဖြစ်သွားပါက ဆန်းလျန် အတွက်ပိုပြီးအခက်တွေ့ရမည် ဖြစ်လေသည်။

ဆန်းလျန်နှင့် အပြင်းအထန် တိုက်ခိုက် ပြီးသည့်နောက် တာ့ရှားဧကရာဇ်သည် မုန့်စန်းတောင်သို့ ပြန်ရောက် လာလေသည်။

သို့သော် သူ့လက်ထဲတွင် ဆန်းလျန်၏ ခေါင်းပါမလာသည့် အတွက် ထူးဆန်းသည့် တာအိုဆရာ ချင်းရွှမ်သည် တာ့ရှား ဧကရာဇ်လက်မှ ထပ်မံ လွတ်သွားပြန်ပြီ ဖြစ်ကြောင်း စစ်သည်တော်များ အားလုံး သဘောပေါက် လိုက်ကြလေသည်။

ကွမ်းလုန်ကျီမှာတော့ ဒဏ်ရာအပြင်းထန် ခံစားနေရလျက် ရှိလေ၏။

တုန်းယီ ဒေသမျိုးနွယ်စုများနှင့် အရှေ့တိုင်း စစ်သည်တော်များကို အောင်နိုင်သည့် အနေဖြင့် အောင်ပွဲကြီး ကျင်းပရမည် ဖြစ်သော်လည်း တာအို ဆရာချင်းရွှမ်၏ ပြဿနာက ဝင်ရှုပ်သွားသဖြင့် အောင်ပွဲကြီး မကျင်းပ ဖြစ်ခဲ့တော့ပေ။

တုန်းယီ ဒေသမျိုးနွယ်စုများနှင့် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများမှာ တာ့ရှားဧကရာဇ်ကို မကျေနပ်ကြသည့် တိုင်တာ့ရှား ဧကရာဇ်ကို ကြောက်ရွံ့ကြသည့်အတွက် မဆန့်ကျင်ရဲကြပေ။ ဧကရာဇ်ကိုဆန့်ကျင်သူသည် အနည်း ငယ်သာရှိလေသည်။

တာ့ရှားဧကရာဇ်က တုန်းယီဒေသမှ မေရှီမင်းသမီးကို ကြင်ယာတော်အဖြစ် တင်မြှောက် လက်ဆက်ခဲ့လေသည်။

ယွမ်ယန်၏သတင်းမှာလည်း အစအနပင် မကြားရတော့ပေ။ အချိန်ကြာလာသည်နှင့် အမျှ သူ၏ ဂုဏ်သတင်းမှာ လည်းတဖြည်းဖြည်း မှေးမှိန် သွားခဲ့ရလေသည်။

ယွမ်ယန်သည် အဖြူရောင်မင်းကြီး၏ သားတော် ဖြစ်သည့်တိုင် တုန်းယီဒေသနှင့် အရှေ့တိုင်း စစ်သည်တော်များကို စိတ်ပျက် စေခဲ့လေသည်။ အစပိုင်းတွင် ယွမ်ယန်နှင့် စေ့စပ်ထားခဲ့သည့် မေရှီမှာလည်း ယခုတော့ တာ့ရှားဧကရာဇ်နှင့် လက်ဆက် ခဲ့ရလေသည်။

မေရှီနှင့် မင်္ဂလာပွဲ ပြုလုပ်ရန်အတွက် တာ့ရှားဧကရာဇ်သည် မုန့်စန်းတောင်တွင် ကြီးမားသည့် ယာယီနန်းတော်ကြီး တစ်ခုကို ဆောက်လုပ်ခဲ့လေသည်။ နန်းတော်ကြီးသည် မုန့်စန်းတောင်ထိပ်တွင် တည်ရှိပြီး တိမ်တိုက်များသည် နန်းတော်ကြီး၏ ပတ်ဝန်းကျင်တွင် လှည့်ပတ် သွားလာနေကြလေသည်။

ထင်းရှူးပင်များ၊ ရောင်စုံတိမ်တိုက်များဖြင့် ထိုနန်းတော်ကြီးသည် မှော်ဆန်ဆန် လှပလွန်းလေသည်။

မေရှီသည် တာ့ရှားဧကရာဇ်၏ ချစ်မြတ်နိုးခြင်းကို ခံရသူ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် သူမ၏အသွင် အပြင်သည် ရဟန်းမင်းကြီးနှင့် ဆင်တူနေသောကြောင့်ပင်။

နန်းတော်၏ မြေအောက်ခန်း ထဲတွင်တော့ ကွမ်းလုန်ကျီကို ချုပ်နှောင် ဖမ်းဆီး ထားလေသည်။ လေ့ကျင်းတစ်ယောက် သာလျှင် ကွမ်းလုန်ကျီကို သွားရောက် ကြည့်ခွင့် ရှိလေသည်။

လေ့ကျင်း သူ့ကို လာရောက်ကြည့်ရှုသည့် အခါတိုင်း ကွမ်းလုန်ကျီက သူမကို လျန်စန်း အကြောင်းကို တစ်ခုမှ မခြွင်းချန်ဘဲ သင်ပြပေးလေ့ရှိလေသည်။

ယခုအခါတွင်တော့ ကွမ်းလုန်ကျီသည် ဆံပင်များဖြူဖွေးနေပြီး အလွန်လည်း ပိန်လှီ လွန်းလှပြီ ဖြစ်လေသည်။

ဆန်းလျန်ကြောင့် ရရှိခဲ့သည့် ဒဏ်ရာသည် အလွန်မှ ဆိုးဝါးလေသည်။

သို့သော် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာမည်မျှပင် ပြင်းထန်ပါစေ ကွမ်းလုန်ကျီ၏ စိတ်ဓာတ်ကိုတော့ ထိခိုက်စေခဲ့ခြင်း မရှိခဲ့ပါ။ ကွမ်းလုန်ကျီ၏ စိတ်ထဲတွင် အေးချမ်း နေခဲ့လေသည်။

လေ့ကျင်းသည် ကွမ်းလုန်ကျီအတွက် အလွန်စိတ်ပူသည့် အတွက် သူမ၏ စားဖိုမှူးဖြစ်သူ အားဟန်ကို တစ်နေ့ တစ်မျိုးမရိုးရအောင် စားကောင်း သောက်ဖွယ်များ ချက်ပြုတ်ခိုင်းလေ့ ရှိလေသည်။

သို့သော်… ကွမ်းလုန်ကျီသည် တစ်နေ့တခြား အစားနည်း လာခဲ့လေသည်။

ယနေ့တွင်တော့ ကွမ်းလုန်ကျီသည် လေ့ကျင်းကို လျန်စန်းအကြောင်း အကုန်အစင် သင်ပြပေးပြီး သွားပြီ ဖြစ်လေသည်။

"လျန်စန်းက ရှန်းစန်းကို အခြေခံပြီး ဖြစ်ပေါ်လာတာ၊ ရာသီလေးမျိုး အပေါ်မှာ အခြေခံပြီး လျိုကျားဟာ ကံကောင်း ကံဆိုးကို ခွဲခြားနိုင်ခဲ့တယ်"

"ဒီအချက်ကို ကြည့်လိုက်ရင် ဒြပ်စင်ငါးပါးဖြစ်တဲ့ ရွှေ၊ သစ်သား၊ ရေ၊ မီး နဲ့ မြေကြီးတို့ရဲ့ မတူညီမှုတွေကို တွေ့မြင် နိုင်မယ်၊ ဒါက မင်းရဲ့ဆရာနဲ့ ကျုပ်ရဲ့ မတူညီတဲ့အချက်ပဲ၊ ဘယ်သူ ပိုတော်လဲ ဆိုတာတော့ မပြောတော့ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ဆရာက ပညာအစုံကို လေ့လာခဲ့ပြီးတော့ စကြဝဠာ အတွင်းမှာ ရှိတဲ့အရာအားလုံးကို ပုံဖော်ခဲ့တယ်၊ ဒါကြောင့် သူက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ အချိန်အပိုင်းအခြားကို ကျော်လွန်တဲ့ အကြောင်းအရာတွေကို နားလည်ခဲ့တယ်၊ ဒါပေမဲ့ သူ့အယူအဆတွေက ကျုပ်ရဲ့ အယူအဆတွေလောက် မသန့်စင်နိုင်ဘူး”

"ဒါကြောင့်ပဲ သူဟာ ထိုက်ယီထျန်းရှန်း အဆင့်ကို မတက်ရောက် နိုင်သေးတာပဲ၊ ဒါပေမဲ့ သိပ်မကြာခင် သူနားလည် သွားလိမ့်မယ်၊ ကျုပ်အတ္တကြီးတဲ့ တောင်းဆိုချက်တစ်ခုကို မင်းဆီမှာ တောင်းဆိုပါရစေ ကျင်းအယ်၊ မင်းရဲ့ဆရာ တိုးတက်မှု နှေးကွေးစေဖို့ အတွက် လျန်စန်းရဲ့ အနှစ်သာရအဓိပ္ပါယ်တွေကို သူ့ကို ဘယ်တော့မှ ပြောမပြပါနဲ့”

လေ့ကျင်းက…

"ဒါပေမဲ့ ဆရာကမေးရင်တော့ ကျွန်မ သူ့ကို ဘယ်လို ငြင်းနိုင်မှာတဲ့လဲ၊ ဒါပေမဲ့ သူမမေးဘူး ဆိုရင်တော့ ကျွန်မ သူ့ကိုပြောမပြပါဘူး၊ ဒါပေမဲ့ ဆရာကြီးလည်း လျန်စန်းကို ကျွန်မရဲ့ ဆရာကို ပေးဖတ်ခဲ့တာပဲ၊ ဘာလို့ လျန်စန်းရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို သူ့ကို နားမလည် စေချင်ရတာလဲ"

ကွမ်းလုန်ကျီက ခါးသီးစွာဖြင့် ပြုံးလိုက်လေသည်။

"ကျုပ်ကိုယ်ကျုပ် ဖြောင့်မတ်တဲ့ လူတစ်ယောက်လို့ ခံယူထားခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့ဆရာ အပေါ်မှာတော့ လှည့်ကွက်တစ်ခု သုံးထားခဲ့တယ်၊ ကျုပ်လျန်စန်းကို သူ့ကိုပေးခဲ့တာ ကံကြမ္မာကို သိနိုင်တဲ့ ယိလမ်းစဉ်ကိုသူစိတ်ဝင် စားသွားအောင်လို့ပဲ၊ ယိလမ်းစဉ်ဆိုတာ ကျယ်ပြန့် လွန်းတယ်၊ ဒါကြောင့် သူစိတ်အာရုံတွေ ပျံ့လွင့်ပြီး ထိုက်ယီ ထျန်းရှန်းအဆင့်ကို အတားအဆီး ဖြစ်စေလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသည့် အခါတွင်တော့ လေ့ကျင်းသည် စိတ်မကောင်း ဖြစ်သွားမိ လေသည်။

သူမသိထားသည့် ကွမ်းလုန်ကျီဆိုသူသည် စိတ်ထားမြင့်မြတ်သူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ကွမ်းလုန်ကျီက သူမ၏ ဆရာပေါ်တွင် ယခုကဲ့သို့ လှည့်ဖြားခဲ့ရခြင်းမှာ သူမ၏ ဦးရီးတော်ကို သစ္စာစောင့်သိသည့် အတွက် ဖြစ်လေသည်။ မဟုတ်လျှင် ကွမ်းလုန်ကျီသည် သိက္ခာအကျခံပြီး ထိုသို့သော မဖြောင့်မတ်သည့် အလုပ်မျိုးကိုပြုလုပ် မည့်သူတစ်ယောက် မဟုတ်ပေ။

သူမ၏ဆရာကဲ့သို့ ဉာဏ်ရည်ထက်မြက်သူ တစ်ဦးသည် အချိန်တန်လျှင် ကွမ်းလုန်ကျီ၏ လှည့်ကွက်အကြောင်းကို သိရှိသွားလိမ့်မည်ပဲ ဖြစ်လေသည်။ ထိုအခါတွင် သူတို့၏ ဆက်ဆံရေးသည် နောက်ဆုံး ပြိုကွဲခြင်းဆီသို့ ဦးတည် သွားရပေလိမ့်မည်။

သို့သော် ကွမ်းလုန်ကျီ၏ ကြိုးစားမှုများ အတွက် တာ့ရှား ဧကရာဇ်ကတော့ မည်သည့် ဆုလာဘ်မှ မပေးခဲ့ပါချေ။ ဆုလာဘ်အသာထား…၊ အကျဉ်းထောင်မှပင် လွှတ်ပေးခြင်း မရှိသေးပေ။

လေ့ကျင်းသည် ကွမ်းလုန်ကျီ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန်အတွက် ဦးရီးတော်ဖြစ်သူကို မရရအောင် တောင်းဆိုမည်ဟု ဆုံးဖြတ် လိုက်မိလေသည်။

ထိုအချိန်မှာပင် တည်ငြိမ်သည့် ခြေသံတစ်သံကို ကြားလိုက်ရလေသည်။

ကုန်းကုန်း တစ်ယောက်သည် စစ်သည်တော် အဖွဲ့တစ်ဖွဲ့နှင့် အတူ အကျဉ်းထောင် ရှိရာသို့ ရောက်ရှိလာလေသည်။ ကုန်းကုန်းက လေ့ကျင်းကို တွေ့သည်နှင့် ဂါရဝ ပြုလိုက်ပြီး…

"လေ့ကျင်း မင်းသမီးလေး၊ မင်းကြီးက မင်းသမီးအတွက် အမိန့်တော် ပါးလိုက်ပါတယ်"

လေ့ကျင်းက ခေါင်းညိတ်လိုက်ပြီး အမိန့်တော်ကို ရိုသေသည့် သဘောဖြင့် ဦးညွတ်ဂါရဝ ပြုလိုက်လေသည်။

ကုန်းကုန်း၏ မျက်နှာမှာ တည်ကြည် လေးနက်သွားပြီး…

"လေ့ကျင်းမင်းသမီးလေးသည် အရှေ့တိုင်း စစ်သည်တော်များနှင့် တိုက်ပွဲတွင်များစွာ ပါဝင် အကျိုးပြုခဲ့သည်၊ ထို့ကြောင့် ဧကရာဇ်မင်း၏ မျိုးနွယ်ဖြစ်သည့် စစ်မျိုးနွယ် အဖြစ် မင်းသမီးလေးအား တရားဝင် အပ်နှင်းကာ ဘုရင့် မျိုးနွယ်အဖြစ် ချီးမြှောက်လိုက်သည်"

တာ့ရှားပြည်တွင် ဆုချီးမြှင့်ခြင်းဆိုသည်မှာ အလွန်မှရှားပါးသည့် ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

မြေယာ ချီးမြှင့်ခြင်းပင်လျှင် အလွန်ရှားပါးသည့် ဆုလာဘ် ဖြစ်လေရာ ဧကရာဇ်၏ မျိုးနွယ်ကို ခံယူခွင့်ဆိုသည်မှာ အလွန်မှ ထူးခြားလွန်းပြီး အံ့သြစရာ ကောင်းလွန်းသည့် ဆုလာဘ် ဖြစ်လေသည်။ လေ့ကျင်းသည် တာ့ရှားဧကရာဇ်၏ မျိုးနွယ်အတိုင်း "စစ်" မျိုးနွယ်ကို ခံယူခွင့်ရခြင်းမှာ ဧကရာဇ်၏ မျိုးဆက်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပြီး တိုင်းပြည်ကိုပင် ဆက်ခံပိုင်ခွင့်ရှိသူ တစ်ယောက် ဖြစ်လာနိုင်လေသည်။

တာ့ရှားပြည်တွင် အမျိုးသမီးဘုရင်မ ပေါ်ထွန်းခဲ့ခြင်း မရှိသည့်တိုင် တိုင်းပြည်ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမသည် ဘုရင်မတစ်ပါး ဖြစ်ခွင့်ရှိလေသည်။

ထို့ပြင် တာ့ရှားဧကရာဇ်တွင် သားတော် တစ်ပါးတည်းသာရှိပြီး ထိုသားတော်မှာလည်း မြောက်ပိုင်းဒေသ နယ်နိမိတ် တွင်နှစ်ရှည်လများ တာဝန်ထမ်းဆောင်ရန် စေလွှတ် ခံထားရလေသည်။

***

All Chapters