← Chapters

အားဟန်

Vol. 6 Ch. 580

အားဟန်

Vol. 6 Ch. 580

လေ့ကျင်းက ထိုအမိန့်စာ ထွက်မည်ကို ကောလဟလများ ကြားထားပြီ ဖြစ်သည့်အတွက် သိနှင့်ထားပြီးသား ဖြစ်လေသည်။

သူမသည် ကုန်းကုန်းထံမှ အမိန့်စာလိပ်ကို လေးစားစွာဖြင့် လက်ခံ ရယူလိုက်လေသည်။

ထိုအမိန့်စာလိပ်လေးကို လက်ခံလိုက်ပြီးသည်နှင့် ချက်ချင်းပင် သူမထံသို့ တန်ခိုးစွမ်းအား တစ်ခု ဆင်းသက်လာသည်ကို ခံစားလိုက်ရလေသည်။ ဆန်းလျန်ထံမှ တာအိုကျင့်စဉ်များကိုသာ သင်ယူခဲ့ရခြင်း မရှိပါက သူမကိုယ်ထဲသို့ ထိုသို့ တန်ခိုးစွမ်းအား စီးဆင်း ဝင်ရောက် လာသည်ကို လေ့ကျင်း သိရှိနိုင်မည် မဟုတ်ပေ။

ထို့ပြင် လျန်စန်း၏အနှစ်သာရကို နားလည်သူတစ်ယောက် ဖြစ်သည့်အတွက် ထိုတန်ခိုး စွမ်းအားသည် နဂါးတန်ခိုး စွမ်းအား ဖြစ်သည်ကို ချက်ချင်း သိရှိလိုက်လေသည်။ နဂါးတန်ခိုး စွမ်းအားကို လက်ခံရရှိသူသည် တိုင်းပြည်နှင့် ကံကြမ္မာ ချည်နှောင်ခံရပြီ ဖြစ်လေသည်။ တိုင်းပြည် တစ်ပြည်ကို အုပ်ဆိုးသူသည် စစ်မှန်သည့် နဂါးစွမ်းအားပိုင်ဆိုင် သူဖြစ်လျှင် ကျင့်ကြံသူများကပင် သတ်နိုင်မည် မဟုတ်ပေ။

စစ်မှန်သည့် နဂါးစွမ်းအား ပိုင်ဆိုင်သူ ရေမြေ့အရှင်ကို သတ်မိပါက ကံကြမ္မာ တစ်ပတ်လည်သည့် အခါ ကျင့်ကြံသူများ၏ ကျင့်စဉ်လမ်းကိုပင် ထိခိုက်စေမည် ဖြစ်လေသည်။ ထို့ကြောင့် မိုးနှင့်မြေတွင် လွတ်မြောက်ခြင်းကို ရှာဖွေနေကြသည့် ကျင့်ကြံသူများသည် ထိုကဲ့သို့သော အပြုအမူများကို ရှောင်ရှားကြလေသည်။

"ကျွန်မ မင်းကြီးကို တွေ့ခွင့်ရနိုင်မလား"

စစ်ကျင်းက မေးလိုက်လေသည်။

တာ့ရှားဧကရာဇ် "စစ်ချီ" ၏ "စစ်"မျိုးနွယ်ကို ခံယူလိုက်ရပြီ ဖြစ်သည့်အတွက် သူမသည် လေ့ကျင်း မဟုတ်တော့ပါ။ "စစ်ကျင်း" ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။

စစ်ကျင်း၏ တည်ငြိမ်သည့် အကြည့်ကြောင့် ကုန်းကုန်းမှာ ကျောရိုးထဲအထိ စိမ့်သွား ရလေသည်။

ကုန်းကုန်းသည် မင်းသမီးလေးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်ပါ။ သို့သော် ယခုအချိန်တွင်တော့ သူမ၏ အကြည့်များက ခန့်မှန်းရခက်နေပြီး ကြောက်ရွံ့ ရိုသေဖွယ်ရာ ဖြစ်နေခဲ့လေသည်။

ကုန်းကုန်းက…

"မင်းသမီးလေး၊ မင်းကြီး အမိန့်ရှိလိုက်တာက ချီးမြှင့်လိုက်တဲ့ အမိန့်တော်ကို လက်ခံပြီးတာနဲ့ စေလွှတ်တဲ့ တိုင်းပြည် ကိုချက်ချင်းသွားပြီး တာဝန် ထမ်းဆောင်ရမယ်တဲ့"

စစ်ကျင်း၏ မျက်ခုံးလေးများ တွန့်ချိုး သွားလေသည်။

"မင်းကြီးက ကွမ်းလုန်ကျီနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောသေးလဲ"

ဧကရာဇ်မင်းက…

"မင်းကြီးက ကွမ်းလုန်ကျီကိုလည်း အကျဉ်းထောင်ကနေ လွှတ်ပေးပြီး မူလရာထူးဖြစ်တဲ့ နက္ခတ် ဗေဒပညာရှင် မင်းဆရာကြီး ရာထူး ပြန်ပေးမယ်လို့ ပြောပါတယ်"

စစ်ကျင်းမှာ ယခုမှ စိတ်သက်သာရာ ရသွားသည့် ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ကောင်းလိုက်တာ…"

ကုန်းကုန်းက…

"နန်းတွင်း စစ်သည်တော်တွေ ပြင်မှ စောင့်နေပါတယ်၊ မင်းသမီးလေး ကြွပါ…."

သူမက ခေါင်းညိတ်လိုက်ပြီး ကွမ်းလုန်ကျီကို တစ်ချက် လှည့်ကြည့် လိုက်လေသည်။ ကွမ်းလုန်ကျီသည် ပြုံးနေပြီး သူမကို ဦးညွတ်ဂါရဝ ပြုလိုက်လေသည်။

စစ်ကျင်းသည် ကုန်းကုန်းနောက်မှ နေပြီး မြေအောက် အကျဉ်းထောင်မှ ထွက်ခွာ သွားလေတော့သည်။

သို့သော် သူမ ယခုကဲ့သို့ ထွက်ခွာသွားပြီးသည့်နောက် ကွမ်းလုန်ကျီကို နောက်ထပ် တွေ့ခွင့်ရတော့မည် မဟုတ်သည်ကို သူမ သိနေခဲ့လေသည်။

အပြင်ဘက်တွင် နန်းတွင်း စစ်သည်တော်များ အဆင်သင့် ဖြစ်နေပြီး သူမထံတွင် တာဝန် ထမ်းဆောင်နေသည့် အားဟန်လည်း ရှိနေလေသည်။

အပြင်ဘက်တွင် မြင်း (၆) ကောင်ကသည့် မြင်းရထား တစ်စီး ရပ်တန့်ထားလေသည်။ မြင်းများအားလုံးမှာ မြင်းဖြူကြီးများ ဖြစ်ပြီး မြင်းရထားမှာလည်း အဖြူရောင် ဖြစ်လေသည်။

ထိုမြင်းဖြူကြီးများသည် နတ်မြင်းပျံများ မဟုတ်သည့်တိုင် တစ်နေ့လျှင် မိုင် (၃၀၀)အထိ ခရီးနှင်နိုင်သည့် အာဇာနည် မြင်းများ ဖြစ်ကြလေသည်။

တာ့ရှားဧကရာဇ်သည် မြင်းဖြူ (၈)ကောင်ကသည့် မြင်းရထားကို စီးနှင်လေ့ရှိပြီး ယခု စစ်ကျင်းကတော့ မြင်းဖြူ (၆) ကောင်ကသည့် မြင်းရထားကို စီးနှင်ရမည် ဖြစ်လေသည်။ သူမသည် "စစ်" ဆိုသည့် မျိုးနွယ်သစ်ကို ရရှိခဲ့ပြီး တိုင်းရေးပြည်ရာများတွင် ပါဝင်ဆောင်ရွက် ရတော့မည် ဖြစ်လေသည်။

အားဟန်သည် စစ်ကျင်း၏ မြင်းရထားထဲတွင် လိုက်ပါခွင့်ရလေသည်။

အားဟန်သည် အသက် (၃၀)အရွယ်ခန့် ရှိပြီ ဖြစ်လေသည်။ အားဟန်တွင် ဆရာမရှိပါ။ သို့သော် လောကနိယျာမ တရားများကို နားလည်သူ တစ်ယောက် ဖြစ်လေသည်။ သူသည် တိချိုးမြို့တော်တွင်လည်း နာမည်ကျော်ကြားသူ တစ်ယောက်ဖြစ်လေသည်။

စစ်ကျင်း၏ ဖခင်ဖြစ်သည့် လေ့နော်ကဲ့သို့ တော်ဝင်မိသားစုဝင် တစ်ဦးနှင့်ပင် သူ၏ စွမ်းရေများက တန်းတူဖြစ်လေသည်။

စစ်ကျင်းသည် တာ့ရှားဧကရာဇ်၏ အမိန့်အတိုင်း ယိုစန်းပြည်သို့ ထွက်ခွာ လာခဲ့လေသည်။

ယိုစန်းပြည်သည် မုန့်စန်းတောင်၏ မြောက်ဘက်တွင် တည်ရှိပြီး အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများ၏ အစိတ်အပိုင်း ဖြစ်လေသည်။

မြင်းဖြူ (၆) ကောင်ကသည့် စစ်ကျင်းမင်းသမီးလေး၏ မြင်းရထားသည် ယိုစန်းပြည် နယ်နိမိတ် အတွင်းသို့ ဝင်ရောက် လာသည်နှင့် တဖြည်းဖြည်း နှေးကွေး သွားလေသည်။ အဘယ်ကြောင့်ဆိုသော် စစ်ကျင်းသည် သူမစီမံအုပ်ချုပ်ရ မည့်တိုင်းပြည်ကို သေသေချာချာ လေ့လာလိုသောကြောင့် မြင်းရထားကို နှေးခိုင်းလိုက်ခြင်း ဖြစ်လေသည်။

အားဟန်သည် အပြင်ဘက်မှ ရှုမျှော်ခင်းများကို ငေးကြည့်နေလေသည်။

"ဧကရီလေး… ယိုစန်းပြည်ဟာ ကောင်းမွန်တဲ့ တိုင်းပြည်တစ်ခုပါပဲ။ အရှေ့တိုင်း စစ်သည်တော်တွေရဲ့ နယ်မြေကို နဂါးတစ်ကောင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ယိုစန်းပြည်ဟာ နဂါးခေါင်း တည်ရှိရာနေရာမှာ ရှိတယ်၊ ဝိညာဉ်စွမ်းအားတွေလည်း အရမ်းကောင်းတယ်၊ ပထဝီ အနေအထား ကလည်း အားသာချက်ရှိတယ်၊ ဒါကြောင့် ဒီနေရာကနေ ထိန်းချုပ်မယ်ဆိုရင် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်တွေကို တော်တော်များများ ထိန်းချုပ်နိုင်လိမ့်မယ်"

လူတိုင်းက စစ်ကျင်းကို မင်းသမီးလေး သို့မဟုတ် သခင်မလေးဟု ခေါ်လေ့ရှိသော်လည်း အားဟန်ကတော့ သူမကို ဧကရီလေးဟု ခေါ်လေသည်။

တိရိစ္ဆန်များသည် မီခိုနိုင်သည့် သစ်ပင်ကောင်းကို ရွေးချယ်ကြသလို လူသည်လည်း မှန်ကန်သည့် ခေါင်းဆောင်ကို ရွေးချယ်လေ့ ရှိကြလေသည်။ အားဟန်ကတော့ စစ်ကျင်းထက် သင့်တော်သည့် ခေါင်းဆောင် သူ့အတွက်မရှိနိုင်ပေ။

စစ်ကျင်းက…

"အားဟန်… မင်းက တိုင်းရေးပြည်ရာတွေကို စိတ်ဝင်စားတယ် မဟုတ်လား၊ ကျွန်မက ယိုစန်းရဲ့ အုပ်ချုပ်ရေးကိစ္စ အားလုံးကို မင်းဆီ လွှဲပြောင်းပေးမယ်"

အားဟန်က တည်ကြည်သည့် မျက်နှာထားဖြင့်…

"ဧကရီလေး… ဧကရီလေးက ကျင့်ကြံသူ တစ်ယောက်ဖြစ်လို့ လောကီရေးရာတွေ သိပ်ပြီး စိတ်မဝင်စားဘူး ဆိုတာ ကျွန်တော်မျိုးသိပါတယ်၊ လောကီရေးရာတွေက ကျင့်စဉ်လမ်းကို ထိခိုက်နိုင်တယ်လို့ ဧကရီလေးက ထင်နေတာ မဟုတ်လား"

စစ်ကျင်းက….

"တကယ်လည်း အဲဒီလို မဟုတ်ဘူးလား၊ လောကီရေးရာတွေမှာ အချိန်ဖြုန်းနေမယ် ဆိုရင် ဘဝဟာ အလကား ဖြစ်သွားမှာပေါ့"

ထိုစကားများကို ပြောနေသည့် အချိန်တွင် သူမသည် ဆရာဖြစ်သူကို သတိရနေမိလေသည်။

အားဟန်က ပြုံးလိုက်ရင်း…

"ဧကရီလေး ပြောတာ တကယ်တော့ အမှန် မဟုတ်သေးဘူး၊ ကျင့်စဉ်လမ်းကိုသာ ဧကရီလေးက တကယ်ဂရုစိုက် မယ်ဆိုရင် ဒီလိုစကားမျိုးကို ပြောမှာ မဟုတ်ဘူး၊ စစ်မှန်တဲ့ ကျင့်စဉ်လမ်း ဆိုတာ အတင်းလုပ်ယူလို့ မရနိုင်ဘူး၊ ဒီလောကမှာ မတရားမှုတွေလည်း ရှိသေးတယ်၊ ဒါတွေကို ကိုင်တွယ် ဖြေရှင်းတယ် ဆိုတာဟာ လောကီရေးရာတွေနဲ့ အချိန်ဖြုန်းနေတာမျိုးနဲ့ မတူပါဘူး၊ ပြီးတော့ တာ့ရှားပြည်ကို တည်ထောင်သူ ဧကရာဇ် စစ်ဝမ်မင့်ဟာ တိုင်းပြည်ကိုလည်း တည်ထောင်ရင်း ကျင့်စဉ်လမ်းမှာလည်း အဆုံးထိ အောင်မြင်ခဲ့သူ တစ်ယောက်ပဲလေ"

အားဟန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

သူတို့ နှစ်ယောက် စကားပြောသည်ကို အခြားသူများကြားလျှင် အားဟန်နှင့် စစ်ကျင်းသည် ကျင့်ကြံခြင်း အဆင့် တူညီ သူများဟု ထင်မြင်ကြပေလိမ့်မည်။ သို့သော် စစ်ကျင်းသည် အားဟန်နှင့် များစွာ အဆင့်ကွာခြားလေသည်။

စစ်ကျင်းကို ကွမ်းလုန်ကျီ သင်ပြပေးသည့် လျန်စန်းသည် ခက်ခဲလွန်းလေသည်။ သူမက နားမလည်သည့် အရာများကို အခါအားလျော်စွာ အားဟန်ထံတွင် မေးမြန်း တတ်လေသည်။ အားဟန်သည် သူမမေးသည့် မေးခွန်းတိုင်းကို လွယ်ကူစွာပင် ရှင်းပြနိုင်စွမ်း ရှိလေသည်။

တစ်ခါတစ်ရံတွင် အားဟန်သည် ကွမ်းလုန်ကျီနှင့် မတူညီသည့် ရှုထောင့်မှပင် သူ့ကို ရှင်းပြ နိုင်လေသည်။ အားဟန်၏ စကားများကိုနားထောင်ရတိုင်း စစ်ကျင်းသည် ဆရာဖြစ်သူ အနားတွင် ရှိနေသကဲ့သို့ ခံစားရလေသည်။

စစ်ကျင်းက…

"ပြောစရာရှိသေးရင် ဆက်ပြောပါလေ…"

အားဟန်သည် စစ်ကျင်းကို ငေးကြည့် နေလေသည်။

သူ၏မျက်ဝန်းများက လျှို့ဝှက် နက်ရှိုင်းစွာဖြင့် ညအမှောင်တွင် လင်းလက်နေသည့် ကြယ်စင် အလား တောက်ပလျက် ရှိလေ၏။

အားဟန်က…

"ဧကရီလေး… တာ့ရှားပြည်ကို ယင်းစန်းဒေသက အစားထိုးမယ်ဆိုတဲ့ မိုးကောင်းကင်က ချမှတ်ထားတဲ့ ကံကြမ္မာကို ဧကရီလေး ကြားဖူးမှာပါ"

စစ်ကျင်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုနဲ့ တုန်းယီဒေသ မျိုးနွယ်စု ပူးပေါင်းအင်အားကို ကျွန်မရဲ့ ဦးရီးတော်က အနိုင်ယူခဲ့ တယ်၊ တာ့ရှားပြည်ဟာ ခုထိ အခြေအနေ ကောင်းနေဆဲပါပဲ၊ ပြီးတော့ တာ့ရှားနဲ့ ယင်းစန်းကိစ္စမှာ ကျွန်မကိုဝင်မပါဖို့ ကွမ်းလုန်ကျီက မှာထားတယ်"

အားဟန်က ပြုံးလိုက်ရင်း…

"ကွမ်းလုန်ကျီရဲ့ရည်ရွယ်ချက်ကို ကျွန်တော်မျိုး နားလည်ပါတယ်၊ သူက တာ့ရှားပြည် နေရာမှာ ယင်းစန်းဒေသက အစားထိုးမယ့် ကံတရားက ပြောင်းလဲလို့မရဘူးလို့ ထင်နေတာကြောင့် ဧကရီလေးကို ဒီလို အကြံပေးခဲ့တာပါ၊ ဒါပေမဲ့ ဧကရီလေး နားမလည်သေးတာက ကံတရားကို ပြောင်းလဲလို့ မရပေမယ့် အာဏာကိုတော့ ပြောင်းလဲယူလို့ ရတယ်လေ၊ တကယ်တော့ မိုးကောင်ကင်ရဲ့ ကံကြမ္မာဆိုတာထက် ဒီကိစ္စအားလုံးက ထျန်းယီ အကြီးအကဲရဲ့ ကြိုစား အားထုတ်မှုတွေကြောင့် ဖြစ်လာရတာ၊ အခု ယွမ်ယန်လည်း ပျောက်ကွယ် သွားပြီဆိုတော့ ယင်းစန်းဒေသကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူးလေ"

အားဟန်က တစ်ခဏမျှရပ်နားပြီး ဆက်ပြောလိုက်သည်။

"တာ့ရှားဧကရာဇ်ကတော့ ဧကရီလေး စိတ်တိုင်းကျ ဘာမှ လုပ်ခိုင်းမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခု တာ့ရှားဧကရာဇ် ချီးမြှင့်ထားတဲ့ ဂုဏ်ပုဒ်တွေကို ဧကရီလေး ကောင်းကောင်း အသုံးချလို့ ရပါတယ်၊ ဒါတွေကိုအသုံးချမယ်ဆိုရင် ဧကရီလေး ထူးခြားတဲ့ အခွင့်အလမ်းတွေ အတွက် လမ်းပွင့်လာမှာပါ"

***

All Chapters