← Chapters

ယီစွေမြစ်

Vol. 6 Ch. 581

ယီစွေမြစ်

Vol. 6 Ch. 581

စစ်ကျင်းက…

"ဘာအခွင့်အလမ်းတွေ ပွင့်လာမှာလဲ"

အားဟန်က ဝမ်းသာအားရ ဖြစ်သွားဟန်ဖြင့်…

"ဧကရီလေး… အရှေ့တိုင်း စစ်သည်တော်တွေကို အောင်မြင်ပြီးတာတောင် မင်းကြီးက ဘာလို့ တာ့ရှားပြည်ကို မပြန် သေးတာလဲ ဧကရီလေး သိသလား"

"မင်းကြီးက အရှေ့တိုင်းစစ်သည်တော်တွေ ရမ်းကားလာမှာကို ထိန်းသိမ်းချင်တာကြောင့် ဖြစ်နိုင်တယ်"

စစ်ကျင်းက ဖြည်းညင်းစွာပြောလိုက်လေသည်။

သူမက စစ်ရေးအမြင်ရှိသူ တစ်ယောက် ဖြစ်လေသည်။

အားဟန်က…

"ဧကရီလေး မှန်ပါတယ်… တကယ်တော့ အရှေ့တိုင်း စစ်သည်တော်တွေဟာ အစကတည်းက တာ့ရှားပြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြတယ်၊ အခု ယွမ်ယန် ရှုံးနိမ့်သွားတော့ အရှေ့တိုင်း စစ်သည်တော်တွေလည်း ကြောက်ရွံ့ နေကြပြီ၊ ဧကရီလေးရဲ့ ဆရာသာ ဝင်မနှောင့်ယှက်ရင် အခုချိန်မှာ ဘယ်သူမှ ဧကရီလေးရဲ့ ဦးရီးတော်ကို အန်တုရဲမှာ မဟုတ်တော့ဘူး၊ ဒါပေမဲ့ မထင်မှတ်တာတွေ ဖြစ်လာတော့ တာ့ရှားဧကရာဇ်ဟာ အရှေ့တိုင်း စစ်သည်တော်တွေကို နှစ်သိမ့်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ အတွက် ယိုရှီရဲ့သမီးတော်ကို လက်ဆက်ခဲ့တယ်၊ ယိုရှီလည်း သေဒဏ် မကျခံရတော့ဘူးပေါ့၊ ဒါပေမဲ့ အရှေ့တိုင်းစစ်သည်တော်တွေနဲ့ တာ့ရှားဧကရာဇ်ရဲ့ ဆက်ဆံရေးက ဝေးကွာ သွားခဲ့ပါပြီ၊ ကျွန်တော်မျိုးအထင်တော့ တာ့ရှားဧကရာဇ်က အရှေ့တိုင်း စစ်သည်တော် တွေထဲက အရည်အချင်း ရှိတဲ့သူတွေကို စုစည်းပြီး စစ်တပ်တစ်တပ် ပြန်ဖွဲ့လိမ့်မယ်၊ တုန်းယီဒေသနဲ့ အရှေ့တိုင်း စစ်သည်တော်တွေရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးလိမ့်မယ်"

စစ်ကျင်းက…

"အဲဒီတော့ ဘာဖြစ်လာနိုင်သလဲ"

အားဟန်က ပြုံးလိုက်ရင်း…

"တကယ်လို့ တာ့ရှားဧကရာဇ်က အရှေ့တိုင်းစစ်သည်တော်စစ်တပ်ကို ဖွဲ့စည်းမယ် ဆိုရင် ဧကရီလေးက အဲဒီစစ်တပ်ရဲ့ စစ်သေနာပတိ တစ်ပါးဖြစ်လာလိမ့်မယ်"

စစ်ကျင်းက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…

"ဒါကိုတော့ ကျွန်မ လက်ခံမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ တာ့ရှားပြည်မှာလည်း အရည်အချင်းရှိတဲ့ စစ်သေနာပတိတွေမှ အများကြီးပါလေ…"

"တာ့ရှားဧကရာဇ်သာ အရှေ့တိုင်း စစ်သည်တော်စစ်တပ်ကို ဖွဲ့စည်းမယ်ဆိုရင် အရှေ့တိုင်း စစ်သည်တော်တွေက ကျေနပ်ကြမယ်လို့များ ဧကရီလေးက ထင်လို့လား၊ အတွေ့အကြုံရှိတဲ့ စစ်သေနာပတိ တစ်ယောက်ကိုသာ ရာထူး ပေးလိုက်ရင် အရှေ့တိုင်း စစ်သည်တော်တွေနဲ့ ပေါင်းပြီး တာ့ရှားကို သစ္စာ မဖောက်ဘူးလို့ ပြောနိုင်မလား၊ ပြီးတော့ တခြားအချက်တွေလည်း ရှိသေးတယ်၊ ဧကရီလေးက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိဘူးလို့ ယူဆလို့ရတယ်၊ ဒါပေမဲ့ ဧကရီလေးသာ စစ်သေနာပတိ ဖြစ်ခဲ့ရင် တာ့ရှားပြည်ဟာ သူတို့ကို ထိန်းချုပ်ထားဆဲပဲ ဆိုတာကို အရှေ့ တိုင်းစစ်သည်တော်တွေက အလိုလို သိလာလိမ့်မယ်"

အားဟန်သည် တာ့ရှားဧကရာဇ် ပြုလုပ်မည့် အကြောင်းအရာများကို သေသေချာချာ သိနေသကဲ့သို့ အခိုင်အမာဖြင့် ဖြည်းဖြည်းချင်း ပြောနေလေသည်။

သို့သော်… စစ်ကျင်း၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။ သူမသည် အားဟန်ကို စိုက်ကြည့်လိုက်ပြီး နူးညံ့ သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။

"မင်းပြောတာတွေ အကုန်လုံး ကျွန်မယုံကြည်ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ဦးရီးတော်က ဒီလောက် ထက်မြက်တယ် ဆိုရင် ရှင်ကဘာလို့ သူ့လက်အောက်မှာ တာဝန် မထမ်းဆောင်ရတာလဲ"

အားဟန်၏ မျက်နှာထားမှာ တည်ကြည်လေးနက် သွားလေသည်။

"ဘာဖြစ်လို့လဲဆိုတော့ တာ့ရှားပြည် ပျက်စီးရမယ် ဆိုတာဟာ မိုးကောင်းကင်က ချမှတ်ထားတဲ့ ကံကြမ္မာပါပဲ၊ ဧကရီလေး နားလည်သင့်တယ်၊ တာ့ရှားပြည်က ကျင့်ကြံသူတွေကို ဖိနှိပ်ထားတာဟာ မဖြေရှင်းနိုင်တဲ့ ပြဿနာကြီး ဖြစ်ခဲ့တယ်၊ တာ့ရှားပြည်သာ အင်အား ကြီးသည်ထက် ကြီးလာမယ်ဆိုရင် ကျင့်ကြံသူတွေ အတွက်တော့ မတွေးရဲ စရာပဲ၊ ပြီးတော့ တာ့ရှား ပြည်တော်ဝင်မျိုးနွယ် တွေကြောင့် ဝိညာဉ်စွမ်းအားတွေလည်း အရမ်း လျော့နည်းလာခဲ့ရ သလို ဝိညာဉ်စွမ်းအား သားရဲတွေလည်း ပျက်စီး ခဲ့ကြရတယ်၊ ဒါဟာ လူသားတွေ အတွက် အရမ်းဒုက္ခ ရောက်စေတဲ့ အချက်ပါပဲ"

အားဟန်ပြောသည့် စကားများမှာ အမှန်များ ဖြစ်နေသည့် အတွက် စစ်ကျင်း မငြင်းဆန်နိုင်ပါ။

သူမသည် တာ့ရှားပြည်မှ တော်ဝင်မိသားစု တစ်ယောက်လည်း ဖြစ်သလို ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နေခဲ့လေသည်။

သူမသည် ရှားမျိုးနွယ်များနှင့် ကျင့်ကြံသူများအကြား ခြားနားချက်ကို ပထမဆုံး နားလည် သဘောပေါက်လာသူ တစ်ယောက် ဖြစ်လေသည်။ ရှားမျိုးနွယ်များ ရေရှည်တည်တံ့ နိုင်ရေးအတွက် ဝိညာဉ်စွမ်းအား များစွာကို အသုံးပြုခဲ့ ကြရသည်။ ဝိညာဉ်သားရဲများကိုလည်း လိုအပ်ခဲ့ကြသည်။ ဝိညာဉ် စွမ်းအားများ ပြုန်းတီး လာခြင်းနှင့် ဝိညာဉ်သားရဲများ ရှားပါးလာခြင်း အကြောင်းရင်း နှစ်ခုလုံးမှာ ရှားမျိုးနွယ်များ ကြောင့်သာ ဖြစ်လေသည်။

"ဖွံ့ဖြိုးတိုးတက်ပြီးရင် ကျဆုံးရမှာ ဖြစ်သလို ကျဆုံးပြီးရင်လည်း ပြန်လည် တိုးတက် လာရမယ် ဆိုတာ ဓမ္မတာပါပဲ ဧကရီလေး၊ တစ်ချိန်က လူတွေရဲ့ သက်တမ်းက နှစ်ပေါင်း (၃၀၀)နဲ့ အထက်မှာ ရှိခဲ့တယ်၊ ဒါပေမဲ့ အခုတော့ လူတွေဟာ အသက်တွေ တဖြည်းဖြည်း တိုလာကြတယ်၊ ဒါက ကျဆင်းလာတဲ့ သဘောပါပဲ၊ ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ ပြောမယ် ဆိုရင်လည်း အတိတ်တစ်ချိန်ကနဲ့ ယှဉ်လိုက်ရင် အလှမ်းဝေး လွန်းလှပါတယ်၊ ဧကရီလေးက တာ့ရှားဧကရာဇ်ရဲ့ မျိုးနွယ် ဖြစ်ရုံသမက ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်တေယ်လေ၊ ရှားမျိုးနွယ်နဲ့ ကျင့်ကြံသူ တွေဆိုတာ အသူရာချောက်မှာ အကြီးမားဆုံးအားပြိုင်မှုနှစ်ခုပဲ၊ ဧကရီလေးသာ အောင်မြင်လာခဲ့ရင် အားလုံးက ဧကရီလေးကို လိုလိုလားလားနဲ့ လက်ခံကြိုဆိုကြလိမ့်မယ်၊ ဧကရီလေးကသာ စစ်ပွဲကြီး မဖြစ်အောင် လောကကြီးကို ပြောင်းလဲ ပေးနိုင်မယ်ဆိုရင် အကျိုးကျေးဇူး အများကြီး ရမှာပဲ၊ အဲဒီအခါကျ ထိုက်ယီထျန်းရှင်း အဆင့်ရောက်ဖို့ ဒါမှမဟုတ် မဟာစကြာ ဗောဓိသကျ အဆင့်ရောက်ဖို့ ဘာများ ခက်ခဲတော့မှာလဲ"

အားဟန်က ပြုံးရင်းပြောလိုက်လေသည်။

စစ်ကျင်းက အံ့သြသွားရပြီး…

"ဒါပေမဲ့ ကျွန်မရဲ့ ဦးရီးတော်နဲ့ ထျန်းယီအကြီအကဲက လောကမှာ ထိပ်တန်းတွေပဲ၊ ကျွန်မက ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပေမယ့် ဘယ်လိုလုပ် ထိပ်ဆုံး ရောက်နိုင်မှာတဲ့လဲ၊ ယွမ်ယန် ရှုံးနိမ့်သွားရတာက ဥပမာပဲ မဟုတ်လား"

အားဟန်က ပြုံးလိုက်ရင်း…

"ဒီလိုပြောရတာတွေ အတွက် ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ၊ စစ်ပွဲမဖြစ်ဘဲနဲ့ တာ့ရှား ဧကရာဇ်ရော ထျန်းယီ အကြီးအကဲကိုပါ အနိုင်ယူနိုင်တဲ့ နည်းလမ်း အားဟန်မှာ ရှိပါတယ်"

စစ်ကျင်းက…

"အားဟန်… မင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ဦးရီးတော်နဲ့ ထျန်းယီ အကြီးအကဲကိုတော့ ဘယ်လိုလုပ် ကျွန်မက ယှဉ်နိုင်မှာလဲ၊ ဖြစ်နိုင်မယ် မထင်ဘူးနော်"

"ဧကရီလေး… နတ်ဘုရား ကျင့်စဉ်တွေအပြင် မှော်ပညာတွေ ရှိသေးတယ်ဆိုတာ မေ့သွားပြီလား၊ ကျွန်တော်မျိုးက မှော်ပညာမှာ လောကပထမ ထိပ်တန်း အဆင့်ပါပဲ၊ ဝူဖိန်တောင်မှာ ကျွန်တော်မျိုးကို မီနိုင်မှာ မဟုတ်ပါဘူး"

အားဟန်သည် ပြောပြီးသွားသည်နှင့် စစ်ကျင်းကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့လေသည်။

စစ်ကျင်းကလည်း အတန်ကြာ တိတ်ဆိတ်နေပြီးမှ စကားဆက်ပြော လိုက်သည်။

"ယိုစန်းပြည်ရဲ့ကိစ္စအ၀၀ကို ရှင့်ကို တာဝန်ပေးမယ်၊ ဒီနေ့ကျွန်မကို ပြောတာတွေကို ထပ်ပြီး မပြောနဲ့တော့"

အားဟန်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

သူ၏စကားများသည် အလိမ်အညာ စကားများ မဟုတ်ခဲ့ပါ။ တိုင်းပြည်များ ငြိမ်းချမ်းစွာ လည်ပတ်နိုင်မှ သူ၏ ကျင့်စဉ်လမ်းသည်လည်း ဖြောင်းဖြူးနိုင်မည် ဖြစ်လေသည်။

စစ်ကျင်းတွင် စစ်အင်အား မရှိသည့်တိုင် သူမ၏ ဂုဏ်ပုဒ်ကြောင့် အားဟန်သည် သူမကို ခေါင်းဆောင် အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် သူမနောက်တွင် ယိုဟူမျိုးနွယ်များက အဆင်သင့် ရပ်တည်ပေးနေကြမည် ဖြစ်လေသည်။

ထို့ပြင် စစ်ကျင်း၏ဖခင် လေ့နော်သည် နိုင်ငံခြားရေး ဝန်ကြီးတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် အသူရာချောက်နှင့် ပတ်သက်ပြီး အခြားသူများထက် ပိုပြီး နားလည်သူ ဖြစ်လေသည်။ စစ်ကျင်းသာ ယိုစန်းပြည်တွင် ခြေကုပ် ရယူနိုင်ပါက အသူရာချောက်တွင် အင်အားကြီးမားသူ တစ်ယောက် ဖြစ်လာနိုင်လေသည်။

စစ်ကျင်းသည် ယိုစန်းတွင် ဘုရင်မတစ်ပါး ဖြစ်လာနိုင်ပြီး ကျင့်စဉ်များကိုလည်း ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ နောက်ဆုံး စစ်ကျင်းသည် နတ်ဘုရားတစ်ပါး အဖြစ်လည် အဆင့်တက်ရောက် နိုင်လျှင် တက်ရောက်သွားမည် ဖြစ်လေသည်။ လောကကြီး တစ်ခုလုံးကိုသာ သူမက ပြောင်းလဲလိုက်နိုင်လျှင် သူမသည် စစ်ဝမ်မင့်ကဲ့သို့ပင် ဖြစ်လာမည် ဖြစ်လေသည်။

သို့သော်… ကံမကောင်းစွာဖြင့်ပင် လေ့ကျင်းသည် ထိုအရာများကို စိတ်ဝင်စားခြင်း မရှိပေ။ အခြားသော ရွေးချယ်စရာမရှိပါက သူသည် ထျန်းယီ အကြီးအကဲ၏ လက်အောက်တွင် ခိုလှုံပြီး ကံတရား အတိုင်းသာ လိုက်နာရ မည်ဖြစ်လေသည်။ ထျန်းယီကတော့ ဝမ်ကျုန်း၏ အကူအညီဖြင့် စစ်အင်အားများစွာ ရှိလေသည်။

ရှေ့သို့ ခရီးအနည်းငယ် ဆက်မိသည့် အခါတွင်တော့ သူတို့ရှေ့တွင် မြစ်ကြီးတစ်စင်း စီးဆင်းနေသည်ကို တွေ့မြင် လိုက်ရလေသည်။ မြစ်ရေထဲတွင် လှိုင်းများက လှုပ်ခတ်နေပြီး ရေများက ကြည်လင်နေလေသည်။

လေ့ကျင်းသည် မြစ်ရေပြင်ရှုခင်းကို ကြည့်ရှု ခံစားနေလေသည်။

အားဟန်သည်လည်း ရေပြင်ကို ကြည့်နေပြီး များစွာသော အကြောင်းအရာများကို စဉ်းစား နေလေသည်။

ခဏအကြာတွင်တော့ စစ်ကျင်း၏ လက်တစ်ဖက်က အားဟန်၏ ပခုံးထက်သို့ ကျရောက်လာလေသည်။

"ဘာလို့ ဒီလောက်တောင် ငေးနေရတာလဲ"

အားဟန်က ပြုံးလိုက်ရင်း…

"ဧကရီလေး… တကယ်တော့ ဒီနေရာက ကျွန်တော်မျိုးရဲ့ မွေးရပ်မြေပါ"

စစ်ကျင်းမှာ အံ့သြ သွားလေသည်။

"မင်းဘယ်က လာလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ ဒါပေမဲ့ လက်စသတ်တော့ မင်းက ယီစွေမြစ်က လာတဲ့သူ ကိုး၊ မင်းရဲ့ မိခင်ကရော ဘယ်သူများလဲ"

"တောင်တိုင်း မြစ်တိုင်းမှာ တောင်စောင့်နတ်တွေ မြစ်စောင့်နတ်တွေ ရှိတယ်လေ၊ အဲဒီတုန်းက တောင်စောင့်နတ် တစ်ပါးနဲ့ မြစ်စောင့်နတ် တစ်ပါး ချစ်ကျွမ်း ဝင်ခဲ့ကြတယ်လေ၊ ကျွန်တော်မျိုးရဲ့ အမေက ယီစွေမြစ်စောင့် နတ်သမီးပါ၊ သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်၊ ကျွန်တော်မျိုး အသက်ခုနစ်နှစ်မှာ အမေ ပျောက်ကွယ် သွားခဲ့တယ်၊ အဲဒီ နောက်ပိုင်း ကျွန်တော်မျိုးလည်း တိချိုးမြို့တော်ကို ရောက်လာတာပါပဲ၊ ဒါပေမဲ့ တာ့ရှားပြည်က မဟုတ်တော့ အစေခံ တစ်ယောက်ပဲ ဖြစ်လာခဲ့ရတယ်"

အားဟန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

စစ်ကျင်းက တစ်ချက်ပြုံးလိုက်ပြီး အသေးစိတ်များကို မေးမြန်းခြင်း မပြုတော့ပေ။

အားဟန်သည် လျှို့ဝှက်ချက်များဖြင့် ပြည့်နေသည့် လူတစ်ယောက် ဖြစ်သည်ကို စစ်ကျင်း ရိပ်မိလေသည်။ သို့သော် သူမက အားဟန် ပြောပြသည့် အကြောင်းအရာများကို လက်ခံလိုခြင်း မရှိပေ။

ယိုစန်းပြည်သည် ကောင်းမွန်းသည့် နေရာတစ်ခု ဖြစ်လေသည်။ သူမက တိတ်ဆိတ် ငြိမ်သက်သည့် တိုင်းပြည်တွင် အချိန်အတန် ကြာနေရန် ဆုံးဖြတ် ထားလေသည်။ သူမသာ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လျှင် သူမဖြစ်ချင်သည့် ဆန္ဒများလည်း ဖြစ်လာမည်ဟု သူမ စဉ်းစားနေခဲ့ မိလေသည်။

"ဒါဖြင့်လည်း မြင်းရထားပေါ်က ဆင်းပြီး ယိုစန်းရဲ့အလှအပ ရှုမျှော်ခင်းတွေကို ခံစားကြရအောင်…"

အားဟန်က…

"ဒီဒေသက အကောင်းဆုံး နေရာတွေကို ဧကရီလေး ကြည့်ချင်တယ်ဆိုရင် ကျွန်တော်မျိုး လိုက်ပြပေးပါ့မယ်…"

အားဟန်က ယီစွေမြစ် သမိုင်းကြောင်း ပြောပြောပြနေရင်း စစ်ကျင်းနှင့် အားဟန်သည် ယီစွေမြစ်ကမ်း နံဘေးတွင် လမ်းလျှောက် နေခဲ့ကြလေသည်။

သူတို့ သတိမထားမိခင်မှာပင် နေဝင်တော့မည် ဖြစ်လေသည်။

ပုဇွန်ဆီရောင် နေရောင်ခြည်သည် မြစ်ရေကို ရောင်ပြန်ဟပ်နေပြီး မြစ်ကမ်းနံဘေးတွင် ကျူပင်များလည်း များစွာ ရှိလေသည်။

ရုတ်တရက်…

စစ်ကျင်း၏ မျက်ဝန်းထဲတွင် တံငါသည် တစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။

စစ်ကျင်းကဲ့သို့ပင် ထိုတံငါသည်ကို အားဟန်လည်း တွေ့မြင်ရလေသည်။

ထိုတံငါသည်သည် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အင်္ကျီလက်နှစ်ဖက်တွင် ငွေချည်များဖြင့် ပန်းထိုးထားလေသည်။ တံငါသည်၏ ဆံပင်များမှာ ရှည်လျားလွန်းပြီး ဖြူစင်သည့် မျက်နှာမှာ ကြည်ကြည်လင်လင် ရှိလှလေသည်။

မျက်လုံးများက ကြယ်စင်များကဲ့သို့ တောက်ပနေပြီး အမှောင်ထုကိုပင် ထိုးခွင်းနိုင်စွမ်းရှိပုံ ရလေသည်။

ထိုမျှ ထူးဆန်းပြီး လှပသည့် မျက်ဝန်းမျိုးကို အားဟန်၏ ဘဝတွင် တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။ ထို့ကြောင့် အားဟန် သည်တံငါသည်ကို ငေးကြည့်နေမိလေသည်။

ထိုသူသည် လမ်းစဉ်များ အားလုံးကို ကျော်လွန်နေပြီး ထာဝရတည်ရှိခြင်း အနှစ်သာရများကို ထုတ်ဖော် ပြသနေသကဲ့သို့ ရှိလေသည်။ ထိုအနှစ်သာရမှာ နေ၊ လ၊ ကြယ်တာရာများကိုပင် မှေးမှိန်စေသည့် ထာဝရ တာအိုကာရံညီ ခြင်းပင်ဖြစ်လေသည်။ ထိုတာအိုကာရံ ညီခြင်းသည် မိုးကောင်းကင် နတ်ဘုရား (သို့မဟုတ်) ထိုက်ယီထျန်းရှန်း အဆင့်ထက်ပင် သာလွန်လေသည်။

လူတိုင်း၏ အနိုင်အရှုံးနှင့် ကံတရားများကို ထုတ်ဖော် ပြသနိုင်မည် တာအို မဟာလမ်းစဉ်သည် ထိုသူ၏ မျက်ဝန်းများထဲတွင် ကွယ်ဝှက်လျက် ရှိလေသည်။

အားဟန်သည် ကျောက်တုံးတစ်တုံးကို ကန်ထုတ်လိုက်လေသည်။ ကျောက်တုံးသည် မြစ်ရေပြင်ထက်သို့ ကျဆင်းသွားပြီး ငြိမ်သက်နေသည့် တာအိုကာရံကို လှိုင်းထန် စေလေသည်။

တံငါသည်၏ လက်ထဲတွင် ငါးမျှားတံတစ်ချောင်း ပေါ်လာပြီး ငါးမျှားတံကို ဝှေ့ယမ်းကာ ရေထဲမှ ကျောက်တုံးကို ဖမ်းယူ လိုက်လေသည်။ ထို့နောက် … ထိုကျောက်တုံးဖြင့် စစ်ကျင်းထံသို့ အညှာအတာ ကင်းမဲ့စွာဖြင့် ကျောက်တုံးကို ပစ်လွှတ် လိုက်လေသည်။

တံငါသည်၏တိုက်ကွက်သည် စစ်ကျင်းမခုခံနိုင်သည့် တိုက်ကွက် မဟုတ်သည့်တိုင် ပတ်ဝန်းကျင်တွင် အသက်ဓာတ် စွမ်းအားများ ကျဆင်းသွားလေသည်။ ကြည့်ရသည်မှာ တံငါသည်သည် ထိုတိုက်ကွက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လိုက်ခြင်း ဖြစ်ဟန်တူလေသည်။

"မတိုက်နဲ့…"

စစ်ကျင်း၏ အသံထွက်ပေါ်လာသည့် အတွက် အားဟန်က တံငါသည်ကို တိုက်ခိုက်ခြင်း မပြုတော့ပါ။

စစ်ကျင်းက လက်နှစ်ဖက်ကို အသာ ပင့်မြှောက်လိုက်သည့် အခါတွင်တော့ မြစ်ရေများသည် ရေပိုက်ကွန်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တံငါသည်ထံသို့ ဝင်ရောက် သွားလေသည်။

သူမ မျက်စိရှေ့တွင် အစိမ်းရောင် အခိုးအငွေ့များကို တွေ့မြင်လိုက်ရပြီး ရေပိုက်ကွန်ကြီးသည် အပိုင်းပိုင်း ပြတ်ကာ ပျက်စီး သွားလေတော့သည်။

***

All Chapters