← Chapters

အနိုင်ရပြီ

Vol. 94 Ch. 1301

အနိုင်ရပြီ

Vol. 94 Ch. 1301

မန်ဟိုသည် နတ်မီးတောက်အနှစ်သာရထဲမှ ဤလူ့ကို မသိသော်လည်း ရင်းနှီးသလိုတော့ ရှိ၏။ ထို့နောက် နတ်မီးတောက်ကမ္ဘာထဲတွင် ဖြစ်ခဲ့သော တချို့အရာများကို သူ ပြန်မှတ်မိလိုက်သည်။

ထိုနေရာရှိ ဧရာမမျက်လုံးကြီးသည် မီးပင်လယ်အပေါင်း၏ ဝိညာဉ်ဖြစ်သည့်အလား တဟုန်းဟုန်းတောက်နေသော မီးတောက်မီးလျှံများဖြင့် ဝန်းရံခံထားခဲ့ရသည်။

ဤသက်လတ်ပိုင်းလူမှာ ... နတ်မီးတောက်ကမ္ဘာထဲ၌ တည်ရှိသော အဆိုပါမျက်လုံးကြီး၏ပိုင်ရှင် ဖြစ်နိုင်ချေများကြောင်း သုံးသပ်မိလိုက်သဖြင့် မန်ဟို၏မျက်လုံးများ လင်းလက်လာသည်။

ထိုလူက .... နဝမတောင်ပင်လယ်၏ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် တောက်ဖန်၏ အကျဉ်းချခြင်းခံခဲ့ရသော ရှေးခေတ်က အစွမ်းထက်ပညာရှင်လည်း ဖြစ်သည်။

ဤလူ ပေါ်လာသောအခိုက်အတန့်မှာပင် နဝမတောင်ပင်လယ်၊ တောင်ကောင်းကင်ဂြိုဟ်၏ မျက်နှာပြင်အောက်က ... နတ်မီးတောက်ကမ္ဘာထဲတွင် နတ်မီးတောက်မီးလျှံအားလုံး ဟုန်းခနဲ တောက်လာသဖြင့် မီးကမ္ဘာတစ်ကမ္ဘာလုံး တဝုန်းဝုန်း တုန်နေတော့သည်။

ထိုနေရာ၌ ဒေါသူပုန်ထနေသော တဝုန်းဝုန်းမြည်သံများသည် မန်ဟို့အရှေ့၌ ရပ်နေသော လူကြောင့် ဤနေရာ၊ အဋ္ဌမတောင်ပင်လယ်တွင် ထစ်ချုန်းရင်း ပဲ့တင်သံကို ဖြစ်ပေါ်နေစေ၏။

“တောက်ဖန် မင်း သေကိုသေရမယ်” သက်လတ်ပိုင်းလူက ကြိမ်းဝါးသည်။ ဤလူ့ဝိညာဉ်၏ အစွဲကား ဘယ်တော့မှ ချွတ်မရမည့်ပုံပင်။ သခင်အဖြူ၏ ဆင့်ခေါ်ခြင်းခံခဲ့ရသော တောက်ဖန်၏ပုံရိပ်မှာ အမျက်ဒေါသနှင့် မုန်းတီးစက်ဆုပ်မှုနှစ်မျိုးလုံးဖြင့် တုန်ရီလာကာ ရှေ့တစ်လှမ်းလှမ်းသည်။ မီးပင်လယ်အတွင်းရှိ သက်လတ်ပိုင်းလူက လက်ဝှေ့ယမ်းကာ မီးတောက်များကို ... ပင်လယ်ပြင်ထက်က လှိုင်းလုံးများပမာ ... တောက်ဖန်၏ပုံရိပ်ထံသို့ လိမ့်ထွက်သွားစေသည်။

မန်ဟို၏စိတ်မှာ ချာချာလည်နေပြီး မျက်လုံးများကို မှေးကျဉ်းလိုက်စဉ် ၎င်းတို့သည် စူးရှတောက်ပနေ၏။ ခပ်လှမ်းလှမ်းတွင်တော့ သခင်အဖြူမှာ လုံးလုံးလျားလျား ကြက်သေသေနေသည်။ သူ မည်မျှစဉ်းစားပါစေ၊ တောက်ဖန်၏ နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းက မန်ဟို့ကို ချက်ချင်း မသုတ်သင်သလို၊ မန်ဟို့ကိုယ်ထဲတွင် ... အံ့မခန်းလိလိဝိညာဉ်တစ်ကောင် ပုန်းအောင်းနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ထိုဝိညာဉ်နှင့်တောက်ဖန်သည် တာအိုဥသျှောင်အဆင့်မဟုတ်ဘဲ ထို့ထက်ပင် ကျော်လွန်နေသော စွမ်းအားတို့ကို ထုတ်ဖော်ထားကြ၏။ အံအားသင့်ဖွယ်ကောင်းစွာနှင့် ... ထိုစွမ်းအားက ပါရာဂွန်အဆင့်ဖြစ်သည်။

ဝုန်းးးးးးးးးးးးးး

မီးတောက်ပေါက်ကွဲသွားသလို ပေါက်ကွဲသံကြီးက အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ တောက်ဖန်ပုံရိပ်သည် ဧရာမတုတ်ကြီးကို လွှဲရင်း ရှေ့လျှောက်လာပြီးနောက် သက်လတ်ပိုင်းလူထံ ရိုက်ချလိုက်၏။

သက်လတ်ပိုင်းလူက မုန်းတီးစက်ဆုပ်မှုတို့ မျက်လုံးများတွင် တောက်လောက်နေလျက် မာန်သွင်းဟိန်းဟောက်ရင်း လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်ကာ မီးခေါင်းကြီးတစ်ခေါင်းအား ဆင့်ခေါ်၏။ ထိုမီးခေါင်းကြီးက မကောင်းဆိုးဝါးတစ်ကောင်ပမာ ကောက်ကျစ်စွာ ပြုံးနေသည်။ ၎င်းက တင်းမာခက်ထန်စွာ ဟိန်းဟောက်ရင်း ပြိုင်ဘက်ကင်းသော အမျက်ဒေါသ၊ နှစ်ပေါင်းများစွာ စုဝေးနေသော အမုန်းတရားတို့ဖြင့် တဟုန်ထိုး ထွက်သွားသည်။

တုတ်နှင့် မီးခေါင်း တစ်ခုကိုတစ်ခု ဝင်တိုက်သောအခါ ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ရီသွားပြီး တုန်ခါလှိုင်းကြီးတစ်လုံး အရပ်လေးမျက်နှာတစ်ခွင် ဖြာထွက်ရိုက်ခတ်သွားသည်။ ၎င်း မန်ဟို့ကို ရိုက်ခတ်သောအခါ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ နောက်သို့ယိုင်သွားသည်။ သခင်အဖြူမှာမူ သူလည်း ဒဏ်ရာအပြင်းအထန်ရထား၍ သွေးအန်ရင်း ဒယိမ်းဒယိုင်းဖြစ်သွား၏။

သို့သော် နှစ်ယောက်လုံး နောက်ဆုတ်လိုက်သည့်အချိန်မှာပင်၊ မီးတောက်လူသားက တောက်ဖန်ကို စတင်တိုက်ခိုက်သည့်အချိန်မှာပင် မန်ဟိုနှင့်သခင်အဖြူသည် တုံ့ခနဲ ရပ်ပြီး တစ်ယောက်ထံတစ်ယောက် ချက်ချင်း ပျံထွက်သွားကြလေသည်။

သူတို့တိုက်ပွဲကား မပြီးဆုံးသေး။ နှစ်ယောက်လုံး ဆီကုန်တော့မည့် ရေနံဆီမီးအိမ်များသဖွယ် ဖြစ်နေသည့်တိုင်၊ နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရထားကြသည့်တိုင် .... တိုက်ခိုက်နေကြဦးမည်သာ။

အုန်းးးးးးးး

သူတို့ တစ်ယောက်အနားတစ်ယောက် နီးကပ်သွားသည်နှင့် မှော်သိုင်းကွက်များ၏အလင်းရောင်များ တောက်ပလာပြီး နတ်ဘုရားစွမ်းရည်များ၏ လှိုင်းဂယက်များ ဖြာထွက်လာသည်။ တောင်ပင်လယ်စွမ်းအားကို နှစ်ဦးနှစ်ဖက်လုံးမှ ပြိုင်တူ ထုတ်လွှတ်လိုက်၍ ၎င်းတို့၏ဝင်တိုက်သွားမှုကို မျက်စိဗလာဖြင့်ပင် မြင်ရနိုင်သည်။ တခဏအတွင်း သူတို့ကား တိုက်ကွက်ပေါင်းထောင်ချီ ဖလှယ်ပြီးလေပြီ။

သူတို့၏ဒဏ်ရာများ ပိုမိုဆိုးရွားလာပြီး နှစ်ယောက်လုံး သွေးတပွက်ပွက်အန်နေရသည်။ သူတို့၏ခန္ဓာကိုယ်များကို ဖုံးလွှမ်းနေသော သွေးသံရဲရဲဒဏ်ရာများကို ကြည့်ရသည်မှာ စိတ်မသက်သာစရာကောင်းပေသည်။ သခင်အဖြူ၏ မြစိမ်းဧကရာဇ်ထာဝရဂါထာပင် အမှီမလိုက်နိုင်ပေ။

တခဏကြာသော် တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်နေစဉ် နှစ်ယောက်လုံး နောက်ဆုတ်လိုက်ကြသည်။ သူတို့မှာ သွေးအလိမ်းလိမ်း ညစ်ပတ်ပေရေနေပြီး မျက်နှာများက ရက်စက်ခက်ထန်နေကြသည်။ သခင်အဖြူက အံတင်းတင်းကြိတ်ထားပြီး သူ့မျက်ဝန်းများထဲရှိ အရိပ်အယောင်အရ တုံးတိုက်တိုက်ကျားကိုက်ကိုက် အသေအကြေတိုက်တော့မည့်ပုံပင်။ သူသည် စဉ်းစားရသမျှ သိုင်းကွက်အားလုံး၊ မှော်အတတ်အားလုံးနီးပါးကို သုံးခဲ့ပြီးဖြစ်သော်လည်း မန်ဟို့ကို မချေမှုန်းနိုင် ဖြစ်နေ၏။ အမှန်တွင် မန်ဟိုက ... သူ့တစ်ဘဝလုံးတွင် တိုက်ခိုက်ခဲ့ဖူးသမျှ ပြိုင်ဘက်များအနက် အစွမ်းထက်ဆုံးပြိုင်ဘက်ဖြစ်သည်ဟုပင် ဆိုနိုင်သည်။

“ဒီနေ့ မင်း သေရမယ်” သခင်အဖြူက ဆံပင်စုတ်ဖွားနှင့် ကြိမ်းဝါးသည်။ သူသည် ဆတ်ခနဲ ဖမ်းဆုပ်သည့်ဟန်လုပ်ရင်း မည်းနက်နေသော ဓားကိုးလက်ကို ဆင့်ခေါ်လိုက်၏။

ဓားနက်ကိုးလက်က ပေါ်လာလျှင်ချင်း တဟုန်းဟုန်းတောက်နေသော ညော်တူးတူးအခိုးအငွေ့များကို စတင်ထုတ်လွှတ်သည်။ တစ်ချိန်တည်းမှာပင် မကျွတ်လွတ်သော သရဲပေါင်းများစွာက မသဲမကွဲအော်သံများကို ထုတ်လွှတ်ရင်း ၎င်းတို့ကို ရစ်သိုင်းလှည့်ပတ်လာသည်။

“ရှင်ခြင်းနဲ့အတူ သေခြင်းလာတယ်။ သေခြင်းနဲ့အတူ ရှင်ခြင်းလာတယ်။ ကျိန်စာစွမ်းအားက စကားတစ်ခွန်းနဲ့ သတ်နိုင်တယ်.... အမြင့်ဆုံးကျိန်စာအဆင့်က ... မရဏကျိန်စာမှော်အစွမ်းပဲ” သခင်အဖြူ၏ မျက်လုံးများက ရူးမိုက်မှုတို့ဖြင့် တောက်ပနေသည်။ မရဏကျိန်စာမှော်အစွမ်းသည် တောင်ပင်လယ်ကျမ်းစာ၏ တာအိုသုံးခုနှင့် တာအိုမှော်အစွမ်းသုံးခုထက်ပင်ပို၍ ကြောက်စရာကောင်း၏။ မရဏကျိန်စာမှာ သတ္တမတောင်ပင်လယ်သခင်၊ သူပင်လျှင် တစ်ဘဝလုံးတွင် တစ်ခါသာ ထုတ်လွှတ်ခဲ့ဖူးသောအရာ ဖြစ်သည်။

ထိုတစ်ခါက သူ တောင်ပင်လယ်သခင်တစ်ဦး ဖြစ်လာခဲ့တုန်းကပင်။ ထိုတိုက်ပွဲတွင် သူသည် အနိုင်ရဖို့ သေရေးရှင်ရေးအခိုက်အတန့်၌ ဤမှော်အစွမ်းကို အသုံးပြုခဲ့၏။ သို့သော် သူ ပေးခဲ့ရသော တန်ကြေးမှာ .... ထိုအခိုက်အတန့်မှစ၍ သူ၏ကျင့်ကြံခြင်းအခြေခံသည် အနှစ်သာရ ၅ ခု အဆင့်၌သာ ထာဝရ တစ်နေခဲ့လေသည်။ ထို့ထက် အဆင့်တက်ဖို့ကား အတိုင်းထက်အလွန် ခက်ခဲလိမ့်မည်။

ယခုအချိန်တွင် သူသည် ကျိန်စာမှော်စွမ်းအားကို ဒုတိယအကြိမ် သုံးနေလေပြီ။

စိတ်ပိုင်းဖြတ်ပြီးလျှင် ဘယ်တော့မှ ပြန်မပြောင်းတတ်သည့်သူ ဖြစ်သည်နှင့်အားလျော်စွာ သခင်အဖြူသည် တုံ့ဆိုင်းနေခြင်းလည်း မရှိပေ။ သူ လက်ကို ဝှေ့ယမ်းလိုက်စဉ် သူ့မျက်ဝန်းထဲရှိ ရူးမိုက်မှုသည် ပိုမိုပြင်းထန်လာ၏။ ဓားနက်ကိုးလက်ထဲမှ တစ်လက်က ဝှီးခနဲ သူ့ဆီ ပြေးဝင်လာကာ သူ့နှလုံးသားထဲ စိုက်ဝင်သွားသည်။

ဓား သူ့ကို စိုက်လိုက်သောအခါ သခင်အဖြူသည် ဟိန်းဟောက်အကျယ်ကြီးကို ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့နတ်ဘုရားအာရုံက အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ဒုတိယဓား၊ တတိယဓား၊ စတုတ္ထဓားနှင့် ပဉ္စမဓားအားလုံး တစ်လက်ပြီးတစ်လက် သူ၏ခြေလက်လေးချောင်းကို  စိုက်ဝင်သွားသည်။ ဤအခိုက်အတန့်တွင် သခင်အဖြူ၏နတ်ဘုရားအာရုံသည် မန်ဟိုပင် အံ့အားသင့်သွားသည်အထိ မရပ်မနား အားကောင်းလာ၏။

ယခုတွင် သခင်အဖြူ၏နတ်ဘုရားအာရုံမှာ ပါရာဂွန်၏နတ်ဘုရားအာရုံနှင့် သုံးဆယ်ရာခိုင်နှုန်း ညီမျှနေလေပြီ။

သို့သော် မပြီးသေး။ ဆဋ္ဌမဓား၊ သတ္တမဓားနှင့် .... နောက်ဆုံး အဋ္ဌမဓား၊ နဝမဓားအားလုံး သခင်အဖြူ၏ကိုယ်ထဲ စိုက်ဝင်သွားကြသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့အသားမှာ စုတ်ပြတ်သပ်နေချေပြီ။ သွေးများသည် သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာသည့်တိုင် သူ၏နတ်ဘုရားအာရုံက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ ၎င်းကား ပါရာဂွန်၏နတ်ဘုရားအာရုံနှင့် ငါးဆယ်ရာခိုင်နှုန်း ညီမျှနေပြီဖြစ်သည်။

ကြောက်ခမန်းလိလိနတ်ဘုရားအာရုံက ကြယ်တာရာကောင်းကင်ကို တုန်ရီနေစေရင်း ပေါက်ကွဲထွက်လာသည်။ တစ်ဆက်တည်းတွင် သခင်အဖြူက မထီမဲ့မြင် ပြုံးရင်း မန်ဟို့ကို ကြည့်ပြီးနောက် ပြောသည်။ “မရဏကျိန်စာ”

ချက်ချင်းပင် သူ၏နတ်ဘုရားအာရုံက ထိတ်လန့်တုန်လှုပ်ဖွယ် ကျိန်စာတစ်ခုဖြစ်သည့် မည်းနက်နေသော ရှုပ်ထွေးထွေး မှော်စည်းသင်္ကေတတစ်ခုအသွင်ပြောင်းရင်း ထွက်လာသည်။ ထိုမှော်စည်းသင်္ကေတသည် မန်ဟို့ထံ ဝုန်းခနဲ ထွက်သွား၏။ ကျိန်စာစွမ်းအား၏ အခြေခံအုတ်မြစ်မှာ နတ်ဘုရားအာရုံဖြစ်သည့်အတွက် နတ်ဘုရားအာရုံ အားကောင်းလေလေ၊ ကျိန်စာလည်း အစွမ်းထက်လေလေပင်။

သခင်အဖြူသည် ဓားနက်ကိုးလက်ဖြင့် အစိုက်ခံခဲ့ခြင်းအတွက် အလဲအလှယ်အနေဖြင့် သူ၏နတ်ဘုရားအာရုံကို ပါရာဂွန်၏နတ်ဘုရားအာရုံနှင့် ငါးဆယ်ရာခိုင်နှုန်းညီမျှအောင် မြှင့်တင်ခဲ့ပြီးလေပြီ။ ထို့ကြောင့် အနှစ်သာရငါးခုအဆင့်အတွက် ... ဤမရဏကျိန်စာကား လွတ်လမ်းမရှိသောအရာပင်။

၎င်းသည် တဂျုန်းဂျုန်းမြည်ဟည်းလျက် မျက်လုံးများ ထူးဆန်းစွာ တောက်ပလျက် မျက်နှာထားတင်းမာနေသော မန်ဟို့ဆီ ချဉ်းကပ်သွား၏။ ကျိန်စာ သူ့အနားရောက်လာသည်အခါ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် နတ်ဘုရားအာရုံကို ထုတ်ဖော်သည်။

ဝုန်း

မန်ဟို၏နတ်ဘုရားအာရုံက အမျက်ဒေါသအပြည့်ဖြင့် မိုးနှင့်မြေတစ်လျှောက် ဖြာထွက်သွားသည်။

ဝုန်းးးးးးးးးးးး

သူသည် ပါရာဂွန်အဆင့်၏ လေးဆယ်ရာခိုင်နှုန်းရှိသော သူ၏ကိုယ်ပိုင်နတ်ဘုရားအာရုံနှင့် ပြန်တိုက်ခိုက်ရန် ချက်ချင်း အစွမ်းကုန်ထုတ်လိုက်၏။

ဝုန်းးးးးးးးးးးးးးးးးးးး

သွေးများက မန်ဟို့ပါးစပ်မှ ပန်းထွက်သွားပြီး သူ၏မျက်စိ၊ နားနှင့် နှာခေါင်းတို့မှ စီးကျလာသည်။ သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီနေသည့်တိုင် သူ၏နတ်ဘုရားအာရုံက မရဏကျိန်စာကို တောင့်ခံထားနိုင်သေးသည်။ အဝေးရှိ သခင်အဖြူမှာ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။ မန်ဟို၏နတ်ဘုရားအာရုံ မည်မျှအစွမ်းထက်ကြောင်း သူ ခံစားလိုက်ရသည်။ ၎င်းကား သူ၏မရဏကျိန်စာကို ခုခံနိုင်သည်အထိ အစွမ်းကြီးမားနေ၏။

“မဖြစ်နိုင်ဘူး” သူ အော်သည်။ ဖြစ်ပျက်နေသောအရာကို မယုံကြည်နိုင်သဖြင့် သူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ မရဏကျိန်စာမှော်အစွမ်းမှာ သူ ကြာကြာထိန်းထားနိုင်သည့်အရာမဟုတ်သလို၊ ၎င်းသာ ပစ်မှတ်ကို မထိလျှင် ပြန်ကန်သက်ရောက်မှုမှာလည်း သူ တောင့်မခံနိုင်သည့်အရာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် အဋ္ဌမတောင်ထိပ်ရှိ အဋ္ဌမတောင်ပင်လယ်သခင် မန်ဟို့အဘိုးသည် တဆတ်ဆတ် တုန်နေ၏။ မန်ဟိုနှင့် သတ္တမတောင်ပင်လယ်သခင်၏တိုက်ပွဲက သူ့အတွက် ကြီးမားသောလှုံ့ဆော်မှုကြီးတစ်ခု ဖြစ်နေလေသည်။

အမှန်တွင် အဋ္ဌမတောင်မှ ဖြန့်ကျက်နေသော သူ၏အရှိန်အဝါ၏ပြင်းအားမှာ ဆက်လက်တိုးများလာနေသည်။

သို့သော် သခင်အဖြူမှာ ယင်းကို သတိထားမိဖို့အတွက် တိုက်ပွဲတွင် နစ်မျောနေလွန်းသည်။ ‘ကျားတစ်ကောင်ကို တက်စီးမိမှတော့ ဆင်းဖို့မလွယ်နိုင်’ ဆိုသော ဆိုရိုးအတိုင်းပင်။ သူက အရူးကြီးလို တဟားဟား အော်ရယ်ပြီးနောက် အသက်ဝဝရှူကား လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ သူ့နဖူးသူ ရိုက်ချလိုက်သည်။

“ကိုယ်ပွားဆတိုးပွားခြင်း။ သတ္တမတောင်ပင်လယ်ရဲ့ စေတိယမီးတောက်စွမ်းအားကို အာရုံပြု၍ ... အသွင်ပြောင်းလေလော့” သခင်အဖြူ၏အသံ မိုးထစ်ချုန်းသံကြီးသဖွယ် ဟိန်းထွက်နေစဉ် သူ့ခန္ဓာကိုယ်က တစ်ကိုယ်မှ နှစ်ကိုယ်ကွဲသွားသည်။ ဤနှစ်ကိုယ်က လေးကိုယ်ဖြစ်လာသည်။ ထို့နောက် ရှစ်ကိုယ် ... ဆယ့်ခြောက်ကိုယ်....

သခင်အဖြူသည် ကြောက်မက်ဖွယ်လှိုင်းများကို ထုတ်လွှတ်နေသော ကိုယ်ပွားတစ်ရာကို လျင်မြန်စွာ ဖန်တီးပြီးနောက် ခန္ဓာဖောက်ခွဲလိုက်သဖြင့် ... မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

ဤခန္ဓာဖောက်ခွဲမှုများ၏ အားလှိုင်းက မရဏကျိန်စာစွမ်းအားကို အားဖြည့်ပေးလိုက်သည်။ သခင်အဖြူ၏နတ်ဘုရားအာရုံသည် ပို၍ပင် အားကောင်းလာရာ မှော်စည်းသင်္ကေတသည် တမုဟုတ်ချင်း ကြီးမားလာကာ ပို၍ပင်မည်းနက်လာ၏။

“သေလိုက်စမ်း” ပြိုကွဲနေသော သခင်အဖြူအားလုံးက ကြိမ်းဝါးသည်။

သို့သော် မရဏကျိန်စာမှော်အစွမ်း သူ၏နတ်ဘုရားအာရုံကို ချေမှုန်း၍ သူ့အပေါ် သက်ရောက်တော့မည့်အချိန်မှာပင် မန်ဟိုက မျက်လုံးပိတ်လိုက်သည်။

“တာအိုက ငါ၏ နှလုံးသားထဲ၌ တည်ရှိသည်။ စိတ်ဆန္ဒက ငါ၏ မျက်လုံးထဲ၌ တည်ရှိသည်.....

“တောင်ပင်လယ်တွေကို ငါ ပိုင်စိုးမည် ....ကောင်းကင်ဘုံချုပ်နှောင်ဂါထာ” ဤသူသေကိုယ်သေတိုက်ပွဲ၏ အတိမ်းအစောင်းမခံသော အခိုက်အတန့်၊ နောက်ဆုံးအခိုက်အတန့်တွင် မန်ဟိုက သူ၏ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို ရွတ်လိုက်သည်။

တောင်ပင်လယ်စွမ်းအားများ တဝေါဝေါ ထိုးဆင်းလာပြီး တောင်ပင်လယ်အပေါင်း၏စိတ်ဆန္ဒသည် မန်ဟို့နတ်ဘုရားအာရုံနှင့် တစ်သားတည်းပေါင်းစည်းသွား၏။ ထို့နောက် ကြယ်တာရာကောင်းကင်က မန်ဟို့ကို ဗဟိုပြုလျက် စွမ်းအားလှိုင်းများဖြင့် ပေါက်ကွဲထွက်သွားသည်။

ကြယ်တာရာကောင်းကင်ပြိုကျ၍ အာကာသကြီး ကြေမွသွားလေပြီ။ အဋ္ဌမတောင်ပင်လယ်မှာ တသိမ့်သိမ့် တုန်ရီနေပြီး လာနေသော မရဏကျိန်စာစွမ်းအားမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ အမည်းရောင်မှော်သင်္ကေတ၏ မျက်နှာပြင်တစ်လျှောက် အက်ရာများ ဖြာထွက်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံချုပ်နှောင်ဂါထာနှင့် မန်ဟို့နတ်ဘုရားအာရုံ၏ စုပေါင်းအားလှိုင်းက ၎င်းကို စိစိညက်ညက် ကြေသွားစေတော့သည်။

ခွမ်းးးးးးးးးးးးးးးးးး

မရဏကျိန်စာမှော်အစွမ်း၏ အပိုင်းအစများက သခင်အဖြူကို ရိုက်ခတ်ရင်း သူ့ကို ဖောက်ထွက်သွားကြသည်။

ပြန်ကန်သက်ရောက်မှုက သူ့ကို ချက်ချင်း ပိန်ချုံးခြောက်ကပ်လာစေသဖြင့် သခင်အဖြူသည် မချိတင်ကဲ အော်ဟစ်နေတော့၏။ သူ့သွေးများစွာ အငွေ့ပျံသွားပြီး သေမင်းအရိပ်က သူ့ကို ရစ်ဝဲနေလေပြီ။ သို့သော် သူ တတ်နိုင်သည့်အရာ မရှိတော့။ အမှန်တွင် သူ့အနေဖြင့် ရုန်းပင် မရုန်းနိုင်ပေ။

“ငါက သခင်အဖြူ၊ ငါက သတ္တမတောင်ပင်လယ်သခင်၊ ငါက ဘာလို့ ဒီနေရာမှာ သေရမှာလဲ.....” သို့သော် ထိုအခိုက်အတန့်မှာပင် သူ့ခန္ဓာကိုယ်သည် ပြိုကွဲစပြုလာပြီး သူ့မှာ ၎င်းကို မတားနိုင်ပေ။

ဤအချိန်၌ မန်ဟိုမှာ အနိုင်ရခဲ့ပြီဖြစ်ကြောင်း သိလိုက်သည်။ သွေးတစ်ပွက်အန်ရင်း သူ့အသိစိတ်သည် စတင်ဝေဝါးလာ၏။ သူ ယခုလေးတင် ရရှိခဲ့သော အောင်နိုင်မှုမှာ အင်မတန့် အင်မတန် ခက်ခဲသောအရာ ဖြစ်ခဲ့သည်။

All Chapters