← Chapters

သိမ်းသွင်းခြင်း

Vol. 6 Ch. 583

သိမ်းသွင်းခြင်း

Vol. 6 Ch. 583

ဆန်းလျန်သည် ယီကျီးကို ငါးမြားတံဖြင့် ထိုးချိန်လိုက်လေသည်။ ထိုခဏလေး အတွင်းမှာပင် ယီကျီးသည် သူ၏ဘဝတစ်ခုလုံး အဆုံးသတ် သွားတော့မည့် အလား ခံစားလိုက်ရလေသည်။

ထိုခံစားချက်မှာ သေခြင်းရှင်ခြင်း စာအုပ်တွင် ရေးသားထားသည့် အတိုင်းပင် ခံစားရခြင်း ဖြစ်လေသည်။ ထိုစာအုပ်ထဲ တွင်လူတစ်ယောက်သည် ညသန်းခေါင်းအချိန်တွင် သေဆုံးသွားမည်ဟု မှတ်တမ်းတင်ထားပါက ထိုသူသည် နောက်တစ်နေ့ အရုဏ်တက်သည်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။

သို့သော် ယီကျီးက လှုပ်ရှားမှု တစ်ခုကို ပြုလုပ်လိုက်လေသည်။

လှုပ်ရှားမှုဆိုသည့်တိုင် ရှေ့လည်းမရွေ့၊ နောက်လည်းမရွေ့၊ အထက်လည်း မရွေ့၊ အောက်လည်း မရွေ့ပါပဲ ဒီအတိုင်း လှုပ်ရှားနေခြင်း ဖြစ်လေသည်။

ထူးဆန်းသည့် လှုပ်ရှားမှုကြောင့် ဆန်းလျန်ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ဦးတည်ရာ ပျောက်သွား လေသည်။

ယီကျီး၏လှုပ်ရှားမှုကို ဆန်းလျန် အထင်ကြီး သွားမိလေသည်။

ထိုလှုပ်ရှားမှုသည် အရာအားလုံး ဆက်စပ် လှုပ်ရှားနေစေသည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်လေသည်။

ဆန်းလျန်သည်လည်း အရာအားလုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ယီကျီး၏ တန်ခိုးစွမ်းအားများမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ ယီကျီးသည် ကွမ်းလုန်ကျီထက် တော်သည်ဆိုသည့် အချက်မှာ ထိုအကြောင်းများကြောင့်ပင် ဖြစ်လေသည်။

ယီကျီးက သူသည် လောကပထမ မှော်ဆရာတစ်ယောက် ဖြစ်သည်ဟု ပြောရခြင်းမှာ အကြောင်း ရှိလေသည်။ လောကတွင် မှော်ပညာသည် ဆုတောင်းခြင်းမှ ဖြစ်တည်လာခြင်း ဖြစ်လေသည်။ ယီကျီးသည် ထိုဆုတောင်းခြင်းကို အခြေခံပြီး တန်ခိုးစွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။

သို့သော် သူက နတ်ဘုရားများ၊ နတ်ဆိုးများနှင့် အခြားသော တန်ခိုးရှင်များကို ဆုတောင်းခဲ့ခြင်း မဟုတ်ပါ။ သူက လောက သဘာဝတရားထံတွင် ဆုတောင်းခဲ့ခြင်း ဖြစ်လေသည်။

ထိုဆုတောင်းခြင်း၏ အနှစ်သာရသည် ယိလမ်းစဉ်နှင့် ပတ်သက် နေလေသည်။ ထို့ကြောင့် လျန်စန်းကို အနှစ်ချုပ်နိုင်သည်ဟု ယီကျီး ပြောခဲ့သည်မှာ တမင်သက်သက် ကြွားဝါပြောဆိုခြင်း မဟုတ်ပါချေ။

ဆန်းလျန်သည် ယီကျီးကို ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ထိခိုက်စေလိုသည့် သဘောမရှိပါ။

ထို့ကြောင့် သူက သူ၏ ငါးမျှားချိတ်ကို ကျူပင်များထံသို့ ပစ်လွှတ် လိုက်လေသည်။

ကျူပင်များသည် နှင်းများကဲ့သို့ ဖြူစင်လွန်းလေသည်။

ကျူပင်များသည် ယီကျီးထံသို့ ပျံသန်း ဝင်ရောက် လာကြလေသည်။

အရာရာသည် အိပ်မက် ဆန်လွန်းလေသည်။ သို့သော် အိပ်မက်လည်း မဟုတ်ဘဲ လက်တွေ့ ဖြစ်ပျက်နေခြင်း ဖြစ်လေသည်။ ကျူပင်များသည် သူ၏ နှလုံးသားနေရာကို ထိုးစိုက်တော့မည့် အလား ဖြစ်နေသည့်အတွက် ယီကျီးသည် ထိုကျူပင်များကို လျစ်လျူမရှုရဲပါချေ။

ယီကျီးမှာ အလွန်တရာ အံံ့သြသွားပြီး…

“အတ္တနဲ့ရုပ်ဝတ္ထုကိုခွဲထုတ်လိုက်တာပဲ၊ သိပ်ကို ကြီးကျယ်ခမ်းနားတဲ့ ပညာပဲ…”

သူသည် ထိုနိယာမ၏ အပေါ်ယံကို နားလည်ခဲ့သော်လည်း အတွင်းအနှစ်သာရကို နားလည်နိုင်ခြင်း မရှိခဲ့ပါ။

ထို့ကြောင့် သူမြင်တွေ့နေရသည့် ကျူပင်များမှာ အစစ်အမှန်လား၊ ပုံရိပ်ယောင်လား ဆိုသည်ကို ခွဲခြားနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ထိုကျူပင်များသည် အစစ်အမှန် ဖြစ်စေ၊ ပုံရိပ်ယောင်ဖြစ်စေ သူ့စိတ်ထဲမှ အယူအဆသည်သာ အဓိက ဖြစ်လေသည်။ အမှန်တော့ ကျူပင်များသည် အတ္တနှင့်ရုပ်ဝတ္ထုကို ခွဲထုတ်ရာတွင် အသုံးပြုလိုက်သည့် ကြားခံ ပစ္စည်း သက်သက်သာ ဖြစ်လေသည်။

ကျူပင်တွေလား…။

သူ့မျက်လုံးထဲတွင် ကျူပင်တွေဟု ထင်နေခြင်းလား…။

“အရာအားလုံးသည် အစစ်အမှန်မဟုတ်၊ ထိုအချက်ကို သိမြင်သူသည် တရားရလိမ့်မည်”

ဟုဗုဒ္ဓက ဆုံးမ ခဲ့ဖူးလေသည်။

ဤသည်မှာ လူတစ်ယောက်၏ မျက်ဝန်းထဲတွင် ကြယ်စင်များကို မြင်တွေ့ နေရသည့်တိုင် အမှန်တကယ်တွင် ကြယ်စင်များ ရှိမနေသကဲ့သို့ ဖြစ်လေသည်။ လောကတွင် ကြယ်များ အမှန်ရှိနေပြီး မြင်တွေ့နေရသည့်အရာသည် ပုံရိပ်ယောင် ဖြစ်နေပါက မည်သို့ လုပ်ဆောင် သင့်ပါသနည်း။

ထိုအချက်ကို “အတ္တနှင့် ရုပ်ဝတ္ထု ခွဲထုတ်ခြင်း” ဟု ခေါ်လေသည်။

လူတစ်ယောက်သည် မိမိကိုယ်ကို သိမြင်သလို အခြားသော အရာများကို သိမြင်နိုင်ခြင်း ဖြစ်လေသည်။

အစစ်အမှန်လား…။ ပုံရိပ်ယောင်လား…။

သို့မဟုတ်… ပုံရိပ်ယောင်ထဲမှ အစစ်အမှန် ဖြစ်နေလျှင် သူ…. မည်သို့ လုပ်ရပါမည်နည်။

တရားအလင်း သိမြင်သူကတော့ ပုံသဏ္ဌာန်ကိုကျော်လွန်ပြီး အမှန်တရားကို သိမြင်နိုင်မည် ဖြစ်လေသည်။

ဆန်းလျန်က အိပ်မက် လိပ်ပြာကျင့်စဉ်နှင့် ပကတိ ဖန်ဆင်းခြင်းပညာကို ပေါင်းစပ် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ထို့ပြင် သူက ချင်းရွှမ်မြေပြင်နှင့် ချင်းရွှမ်ကြယ်စင်မှ ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်မှ ဖော့ဝမ့်အဆင့်ကို အသုံးပြုကာ ထိုတန်ခိုးစွမ်းအား နှစ်ခုကို ပေါင်းစပ်လိုက်ခြင်း ဖြစ်လေသည်။

ဖော့ဝမ့်အဆင့်ကို လူတိုင်း ကျော်လွှားနိုင်မည် ဖြစ်သော်လည်း ချင်းရွှမ်မြေပြင်နှင့် ချင်းရွှမ်ကြယ်စင် နှစ်ခု ပေါင်းစပ်ခြင်း အယူအဆကို နားလည်နိုင်ရန်မှာတော့ ခဲယဉ်းမည် ဖြစ်လေသည်။

(ချင်းရွှမ်မြေပြင်နဲ့ ချင်းရွှမ် ကြယ်စင်ဆိုတာ ဒီနေရာမှာ ချင်းရွှမ်က လောကနတ်ဘုရား အဆင့်နဲ့ မိုးကောင်းကင် နတ်ဘုရားအဆင့်တွေကို ဆိုလိုချင်တာပါ - ဘာသာပြန်သူ)

ယီကျီးသည် ဖော့ဝမ့်အဆင့်ကို နားလည်သူ တစ်ယောက် ဖြစ်လေသည်။

သို့သော် ချင်းရွှမ်မြေပြင်နှင့် ချင်းရွှမ်ကြယ်စင် ပေါင်းစပ်လိုက်သည့် အခါတွင်တော့ သူသည် နားမလည်ခြင်း များစွာကို စတင် ရင်ဆိုင်ခဲ့ရလေသည်။ ဆန်းလျန် အသုံးပြုသည့် တန်ခိုးစွမ်းအား အရင်းအမြစ်ကို နားမလည်သည့် အတွက် ကြောင့်သူသည် ဆန်းလျန်၏ တိုက်ခိုက် ထိန်းချုပ်မှုကို ကျော်လွှားနိုင်ခြင်း မရှိတော့ပေ။

ချင်းရွှမ်မြေပြင်နှင့် ချင်းရွှမ်ကြယ်စင်ကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ဆန်းလျန်သည် ကျင့်ကြံသူများထဲတွင် ၉၉% ကြောက်စရာ အကောင်းဆုံး တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သွားသည်ကို ယီကျီး မသိရှိခဲ့ပါ။ သိရှိသွားပါကလည်း အလွန်အမင်း အံ့အားသင့် သွားရမည် ဖြစ်လေသည်။ ထိုအခါတွင် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အကြောင်းကို သူသည် မချီးမွမ်းဘဲ နေနိုင်မည် မဟုတ်တော့ပါ။

အမှန်တော့ ထိုက်ဝေ့ထိုင်မှ နတ်ဘုရားအဘိုးအိုနှင့် ယန်ရွှီးကြောင့်သာ မဟုတ်လျှင် ဆန်းလျန်သည်လည်း ယခုကဲ့သို့ တန်ခိုးစွမ်းအားများကို အသုံးပြုနိုင်မည် မဟုတ်ပေ။

ယီကျီးသည် မည်သို့ ပြုလုပ်ရမည် မသိတော့ဘဲ ချီတုံချတုံ ဖြစ်နေလေသည်။

ထိုအချိန်တွင် ဆန်းလျန်၏ ငါးမျှားချိတ်သည် လေထဲတွင် ရွေ့လျား သွားလေသည်။ လေထုတစ်ခုလုံး ပြိုကျသွား သကဲ့သို့ ခံစားလိုက်ရပြီး ယွီစွေမြစ်ရေပြင်မှ အသက်ဓာတ် စွမ်းအားများသည် ယီကျီးဆီသို့ ဝင်ရောက်လာလေသည်။

ကြောက်မက်ဖွယ်ရာအချက်မှာ ထိုငါးမျှားချိတ်သည် မရဏ ဓားတစ်လက် အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ဓားနှင့်တစ်သားတည်း ကျသွားပြီး ဓားအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားလေသည်။

နောက်ဆုံးတွင်တော့…

ယီကျီးသည် ပတ်ဝန်းကျင် တစ်ခုလုံးကို မူလအတိုင်း ပြန်မြင်လိုက်ရလေသည်။

သူ၏စိတ်သည် ရှင်းလင်းတည်ငြိမ် နေလေသည်။ သို့သော်… အရမ်းနောက်ကျ သွားခဲ့လေပြီ။

ဆန်းလျန်အတွက် ယီကျီးကို ထိန်းချုပ်ရန် အချိန်အကြာကြီး မလိုပေ။ အချိန်ခဏလေး ကလည်း လုံလောက်လေသည်။

ဆန်းလျန်မှ ပြောင်းလဲသွားသည့် ဓားအလင်းတန်းသည် ယီကျီး၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးချိန် ထားလေသည်။ ပိုလည်းမပို၊ လျော့လည်း မလျော့သည့် ကြောက်မက်ဖွယ် ကောင်းသည့် အနေအထား ဖြစ်လေသည်။ ထိုဓားအလင်းတန်းမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ယီကျီး၏ ခြေလက်များ အထိသာမက စိတ်ဝိညာဉ် အထိပါ ပျံ့နှံ့သွားလေ၏။

သူ၏ကျင့်စဉ်လမ်း မအောင်မြင် သေးခင်မှာပင် သူသည် သံသရာကို တစ်ဖန် ပြန်လည် ရတော့မည်။ သို့သော် သူ… မသေချင်သေးပါ။

ယခုဘဝ သေဆုံးသွားခဲ့လျှင် နောင်ဘဝတွင် ကျင့်စဉ်လမ်းကို မည်မျှ အချိန်ကြာကြာ လျှောက်လှမ်း ရဦးမည်ကို သူ မသိပါ။

ယီကျီး၏ခေါင်းထဲတွင် ထောင်ပေါင်းများစွာသော အတွေးများက လှည့်ပတ် နေလေသည်။

ထိုအချိန်မှာပင် ဓားအလင်းတန်း ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် ဆန်းလျန်၏ ရုပ်ခန္ဓာ ပေါ်လာလေသည်။ သို့သော် သူသည် အချိန်မရွေးပင် သူ့ကိုယ်သူ မရဏဓား အဖြစ် ပြန်လည် အသွင်ပြောင်းပြီး ယီကျီးကို သတ်ဖြတ် ပစ်နိုင်လေသည်။

ယီကျီးက သက်ပြင်းတစ်ချက် ချလိုက်ရင်း….

“ကျုပ် ခင်ဗျားကို လက်ခံယုံကြည်ပါပြီဗျာ…”

ဆန်းလျန်က ပြုံးလိုက်ရင်း…

“အရမ်းကို ပြင်းထန်တဲ့ နည်းလမ်းကို သုံးလိုက်ရလို့ တောင်းပန်ပါတယ်”

ဆန်းလျန်သည် ကောင်းကင်ထက်တွင် ရပ်တန့် နေလေသည်။

နေဝင်သွားပြီ ဖြစ်ပြီး ယွီစွေမြစ်ရေပြင်ထက်တွင် ကြယ်ရောင်နှင့် လရောင်များက အရိပ်ထင်ကာ တောက်ပ နေကြလေသည်။  အလွန်လှပသည့် ရှုမျှော်ခင်း တစ်ခုပင် ဖြစ်လေသည်။

တစ်ခါတစ်ရံတွင် ရေပြင်ထက်သို့ ငါးများက ခုန်ထွက် လာကြသေးသည်။

ယီကျီးက…

“အခု ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်တာလဲ”

ဆန်းလျန်က…

“မင်း ခုန ကျင်းအယ်ကို ပြောပြနေတဲ့ စကားတွေက မဆိုးပါဘူး၊ ကျုပ်သာ မင်းလောက် စစ်ရေးဗျူဟာမှာ တော်မယ်ဆိုရင် မင်းကိုတောင် ခုလိုမျိုး လာတွေ့နေစရာ မလိုတော့ဘူး၊ ပထမဆုံး အနေနဲ့ မင်းရဲ့အစီအစဉ်အတိုင်း လုပ်ဖို့ကျုပ်တို့ လက်ခံတယ်”

သူ၏စစ်ရေးမဟာဗျူဟာကို ဆန်းလျန်က ချီးကျူး လက်ခံလိုက်သည့် အတွက် ယီကျီးမှာ အနည်းငယ် ကျေနပ်သွားမိ လေသည်။

သူက စစ်ကျင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး…

"ဧကရီလေး သဘောတူမယ် ဆိုရင်ပေါ့လေ…"

စစ်ကျင်းမှာလည်း ယခုမှ စိတ်သက်သာရာ ရသွားလေသည်။

ဆန်းလျန်သည် နက်ရှိုင်းသည့် မျက်ဝန်းများဖြင့် စစ်ကျင်းကို ကြည့်လိုက်လေသည်။

“ကျင်းအယ်… ဒီတစ်ခါတော့ ဒီဆရာကို မျက်နှာသာ နည်းနည်းပေးဖို့ တောင်းဆိုပါတယ်”

ဆန်းလျန်၏ စကားသံသည် သူမ၏နှလုံးသားကို လှုပ်ရှား သွားစေလေသည်။

"ဆရာ… ကျွန်မ ဘယ်သူ့ကို မဆို ငြင်းနိုင်ပေမယ့် ဆရာ့ကိုတော့ ဘယ်တုန်းက လွန်ဆန်နိုင်ခဲ့လို့လဲ"

ဆရာတပည့်နှစ်ယောက်ကို ကြည့်ပြီး ယီကျီး၏ စိတ်ထဲတွင် တင်းကျပ်သွားလေသည်။

သူ၏ မဟာဗျူဟာကို စစ်ကျင်းကို ပြောပြခဲ့သည့် အချိန်တွင် စစ်ကျင်းသည် ခါးခါးသီးသီး ငြင်းဆန် ခဲ့လေသည်။ သို့သော် သူမ၏ဆရာထံမှ စကားတစ်ခွန်း ကြားရသည်နှင့် သူမသည် ချက်ချင်းပင် အလျှော့ပေးကာ သဘောတူ လိုက်လေသည်။

ထိုအချန်ခဏ အတွင်းတွင် ယီကျီး၏ရင်ထဲတွင် နာကျင်မှုဖြင့် ဒေါသတရားများကို ခံစားလိုက်ရလေသည်။

အသူရာချောက်မှ သက်ရှိအားလုံးကို သတ်ဖြတ်ပစ်မည် ဆိုလျှင်တောင်မှ ဒေါသနှင့် နာကျင်ခြင်းများ ပြေပျောက် သွားနိုင်မည် မဟုတ်တော့ပေ။

***

All Chapters