← Chapters

သေဘေးအန္တရာယ်....

Vol. 94 Ch. 1302

သေဘေးအန္တရာယ်....

Vol. 94 Ch. 1302

မန်ဟိုမှာ သခင်အဖြူနှင့် တိုက်ပွဲကို အနိုင်ရဖို့ ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့ရပြီး မည်မျှပင်အစွမ်းထက်ပါစေ ဒဏ်ရာအပြင်းအထန် ရခဲ့သေးလေသည်။ သူ့အသိစိတ်မှာ လွတ်တစ်ချက်မလွတ်တစ်ချက် ဖြစ်နေပြီး သွေးများလည်း အိုင်ထွန်းနေသည်။ သူ သခင်အဖြူ၏ တောင်ပင်လယ်ကျမ်းစာကို ဝါးမြိုဖို့ လှုပ်ရှားတော့မည့်အချိန်မှာပင် သူ့စိတ်သည် ချာချာလည်သွားပြီ သူက သခင်အဖြူကို လှည့်ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် သခင်အဖြူမှာ အသက်ငင်လျက် ပြိုကွဲနေသည်။ သို့သော် တောင်ပင်လယ်လောကမှ မဟုတ်သော အရှိန်အဝါတစ်ခုက ရုတ်တရက် သူ့ထံမှ ထွက်လာသည်။ ၎င်းက တခဏသာ ခံလိုက်သော်လည်း သခင်အဖြူကို သတ္တမတောင်ပင်လယ်နှင့် အဋ္ဌမတောင်ပင်လယ်အကြား ဆက်သွယ်ထားသော အကွဲကြောင်းထံ တွန်းပို့နိုင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူကား အကွဲကြောင်းအတွင်း ဝင်ပေတော့မည်။

မန်ဟိုမှာ အမြင်အာရုံများ ဝေဝါးနေသော်လည်း စိတ်ကြည်သွားအောင် အတင်းဖိအားပေးလိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ သခင်အဖြူထံ ခြေတစ်လှမ်းလှမ်းသည်။ သူ့အနေဖြင့် သခင်အဖြူကို ဘယ်လိုနည်းနှင့်မှ အလွတ်မပေးနိုင်ပေ။

ဤတိုက်ပွဲသည် အင်မတန်အဆုံးအရှုံးများသော တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့သည့်အပြင် ကံ,မ၍သာ အနိုင်ရခဲ့မှန်း မန်ဟို ကောင်းကောင်းသိသည်။ တိုက်ပွဲစကတည်းက အနိုင်ရဖို့ဆိုသည်မှာ မသေချာခဲ့သည့်အတွက် နှစ်ယောက်သား ထပ်မံတိုက်ခိုက်ရလျှင် အနိုင်ထပ်ယူနိုင်မည်ဟု သူ ယုံကြည်ချက်မရှိပေ။

သခင်အဖြူ အကွဲကြောင်းအနား သွားနေစဉ် မန်ဟို့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်လာသည်။ ထို့နောက် သူက ညာလက်ကို သခင်အဖြူထံ ဆန့်တန်း၍ ဖမ်းဆုပ်လိုက်ဟန် လုပ်သည်။

၎င်းက ကြယ်ခူးသိုင်းကွက်မှတစ်ပါး အခြားမဟုတ်ပေ။

သူသည် ဤမှော်သိုင်းကွက်ကို ထုတ်လွှတ်ဖို့ ကျန်ရစ်ခဲ့သည့် လုံးဝနောက်ဆုံးလက်ကျန်စွမ်းအားကို အသုံးပြုနေခြင်း ဖြစ်၏။ သခင်အဖြူမှာ ရုတ်တရက် တုန်ရီစပြုလာသည်။ မန်ဟို သူ့ကို ဖမ်းဆုပ်၍ ပြန်ဆွဲခေါ်လိုက်သည့်အချိန်တွင် သူ့ကိုယ်တစ်ပိုင်းမှာ အက်ကွဲကြောင်းများ ဖုံးနေခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် စုတ်ပြတ်သပ်ပြိုကွဲလျက် သွေးအလိမ်းလိမ်းပေနေသော သခင်အဖြူက မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်သည်။ ၎င်းတို့အတွင်း၌ ရူးမိုက်မှုကိုသော်လည်းကောင်း၊ မျှော်လင့်ချက်မဲ့မှုကိုသော်လည်းကောင်း မမြင်ရပေ။ ထိုအစား ၎င်းတို့သည် ... ရက်ရက်စက်စက် ရှင်းလင်းပြတ်သားနေသည့်တိုင်အောင် အေးစက်နေ၏။

စောစောက သူ လုပ်ခဲ့သမျှ အရာအားလုံးမှာ ဟန်ဆောင်မှုသာ ဖြစ်ခဲ့သယောင်ပင်။ သူ၏ရည်ရွယ်ချက်အမှန်က မန်ဟို သူ၏နောက်တိုက်ကွက်ကို မရှောင်နိုင်သည့်နေရာအထိ တိုးကပ်လာအောင် စောင့်နေဖို့ ဖြစ်ခဲ့သည်။

“အဆုံးသတ်မှာ ... မင်းက အတွေ့အကြုံနုနေသေးတယ်” သခင်အဖြူက တိုးညင်းစွာ ပြောသည်။ ဤအခိုက်အတန့်တွင် သူ၏စွမ်းအားနှင့် စကားသံနှစ်မျိုးလုံးမှ ပေးနေသော ခံစားချက်သည် စောစောကနှင့် တခြားစီဖြစ်နေ၏။ သူကား သရဲဘီလူးစီးနေသလို ဖြစ်မနေ.... ဤသည်မှာ သူအစစ်

သတ္တမတောင်ပင်လယ်သခင် ဖြစ်သည်။

သူက မျက်လုံးများအေးစက်နေလျက် ညာလက်ကို ဆန့်တန်းကာ မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ထို့နောက် မန်ဟိုရှိရာသို့ ဖမ်းဆုပ်ဟန်လုပ်လိုက်ရာ မဖော်ပြနိုင်သော အံ့မခန်းလိလိစွမ်းအားကြီး ပေါက်ကွဲထွက်လာသဖြင့် ကြယ်တာရာကောင်းကင်မှာ တဝုန်းဝုန်း တုန်ခါလာတော့သည်။

သခင်အဖြူသည် ဣန္ဒြေမပျက် တည်ငြိမ်နေသည့်တိုင် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မျက်နှာလည်း ဖြူဆုပ်သွား၏။ သူသည် သူ၏ပင်ကိုယ်စရိုက်အစစ်အမှန်ကို သရဲဘီလူးစီးနေသလို အသွင်အပြင်အောက်၌ ဖုံးကွယ်ထားခဲ့ကောင်း ဖုံးကွယ်ထားခဲ့လိမ့်မည်.... သူ၏ဒဏ်ရာဒဏ်ချက်များကတော့ အလွန်စစ်မှန်၏။ သူ့မှာ နောက်ဆုံးအခြေအနေသို့ ရောက်လုနီးပါး ဒဏ်ရာပြင်းထန်နေပြီး ဤတိုက်ကွက်ထဲတွင် သူ၏နောက်ဆုံးလက်ကျန်စွမ်းအားကို ထည့်ထားခဲ့လေသည်။

သူ့တွင် ဤနောက်ဆုံးတိုက်ကွက်ကို ထုတ်လွှတ်ဖို့ အားအင်လုံလောက်ရုံသာ ရှိတော့၏။ သို့သော် သူ မန်ဟို့ကို မျှားခေါ်ခဲ့သောပုံစံ၊ မန်ဟို့ကို အသည်းအသန်သတ်ချင်နေသည့် စိတ်က သခင်အဖြူ မည်မျှရက်စက်ပြီး မည်မျှဉာဏ်များသလဲ သက်သေပြနေသည်။

သူသည် သတိလစ်ခါနီး ဖြစ်နေလိမ့်မည်၊ အားကုန်ခါနီး ဖြစ်နေလိမ့်မည် ... သို့သော် အဆုံးသတ်တွင် အနိုင်ရဖို့ အံကြိတ်တင်းခံထားသေး၏။

ကြယ်ခူးသိုင်း သခင်အဖြူ၏ဖမ်းဆုပ်ကွက်ကြောင့် ပျက်စီးသွားသဖြင့် မန်ဟို့မျက်နှာ ပျက်သွားပြီး သူ့နှလုံးသားထဲတွင် ခံပြင်းမှုတို့ ပြည့်ကြပ်လာသည်။ မန်ဟို့ပါးစပ်မှ သွေးများစီးကျနေပြီး သူ့အမြင်အာရုံမှာ ဝေဝါးနေလေပြီ။ သူ့တွင် ပြန်တိုက်ခိုက်ရန် အားမရှိတော့သော်လည်း တိုက်ကွက် နီးသထက်နီးလာပြီး ထင်ရှားသထက် ထင်ရှားလာနေစဉ် မန်ဟို့မျက်ဝန်းများ၌ အလျှော့မပေးလိုသောအရိပ်အယောင် ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် မန်ဟို၏သိုလှောင်အိတ်ထဲမှ ဂီးခနဲ အသံရှည်ဆွဲအော်သံနှင့်အတူ ရောင်စုံအလင်းတန်းတစ်တန်း ထွက်လာသည်... ၎င်းကား သခင်ငါးမှတစ်ပါး အခြားမဟုတ်ပေ။

သခင်ငါးသည် အင်မတန် အားရကျေနပ်နေဟန်ရှိပြီး မာန်အပြည့်ဖြင့်ပင် ဂီးခနဲ အော်လိုက်၏။

“သေရေးရှင်ရေးအချိန်ရောက်တိုင်း ငါကိုယ်တော် သခင်ငါးက အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်တယ်” ကြယ်တူရွေးသည် တောင်ပံတဖျတ်ဖျတ် ခတ်ရင်း ဟိန်းဟောက်၏။ “ဟားဟားဟား သခင်ငါးမှာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါအတွက် ဆေးကလည်း တစ်မျိုးပဲရှိတာ။ ငါ ဒီနေ့ကို စောင့်နေခဲ့ရတာ အကြာမှအကြာကြီး ကြာပြီဟေးးးးးး” ရုတ်တရက် နဝမပင်လယ်မှ မိစ္ဆာကျင့်ကြံသူများ ဖောက်ခနဲ ဖောက်ခနဲ ထွက်လာကြသည်။

သူတို့က ဟိတ်ဟိန်အပြည့်ဖြင့် ကျကျနန နေရာယူပြီး ... သီချင်းဆိုဖို့ ပြင်လေသည်။

“လာ လာ သခင်ငါးနဲ့ အတူလိုက်ဆို”

ကြက်တူရွေး၏ တံစဉ်းတိုက်နေသလို အသံစူးစူးကြီးနှင့်အတူ နားမခံသာဖွယ် ပင်လယ်စာသီချင်းသံက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားတော့သည်။

“ငါက ပင်လယ်စာဟင်းလေး၊ ငါက ပင်လယ်စာဟင်းလေး ....”

ပင်လယ်စာသီချင်း ပဲ့တင်ထပ်နေစဉ် သခင်အဖြူ၏တိုက်ကွက်ထံ ရိုက်ခတ်ဖြာထွက်သွားသော အမျိုးအမည်မသိလှိုင်းများ ပေါ်လာသည်။ ၎င်းတို့ကို တစ်ခုကိုတစ်ခု ဝင်တိုက်လိုက်သောအခါ သခင်အဖြူ၏တိုက်ကွက်သည် ကွဲကြေရင်း ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသော အလင်းမှုန်များ ဖြစ်သွား၏။ ဤအခိုက်အတန့်တွင် ပင်လယ်စာသီချင်းက အရှိန်အမြင့်ဆုံးသို့ ရောက်လာသည်။

“.... ငယ်ငယ်တုန်းက ငါဟာ ကလေးဆိုးလေး၊ ပင်လယ်စာသေးသေးလေး၊ လာလာလာလာ ပင်လယ်စာဟင်းးးးးးးးး ဒိုဘီဒိုဘီဒိုးးးးးး ပင်လယ်စာသေးသေးလေး။ ဟေ့ ဟိုကအဖြူရောင်ဝတ်ရုံနဲ့ကောင် လာ လာ သခင်ငါးနဲ့လိုက်ဆို” ကြက်တူရွေးက အရူးအမူးဖြစ်နေသောပုံစံဖြင့် တောင်ပံများကို တဖျတ်ဖျတ် ခတ်နေသည်။ အကွဲကြောင်းအတွင်းရှိ သခင်အဖြူမှာတော့ ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ မျက်လုံးအပြူးသားနှင့် တအံ့တဩသာ ကြည့်နေမိသည်။

သတ္တမတောင်ပင်လယ်သခင်အဖြစ် သူသည် အလေးစားအကိုးကွယ်ခံရဆုံးဖြစ်၏။ သူ့ဘဝတွင် မမြင်ဖူးသည့်အရာမရှိဟု ယူဆထားခဲ့သော်လည်း .... သူ့ကို ယခုလို စိတ်ဒုက္ခနှင့်နားဒုက္ခပေးနိုင်သော ကြယ်တူရွေးတစ်ကောင်အား တစ်ခါမှ မတွေ့ခဲ့ရဖူးပေ။ ထို့အပြင် သီချင်းမှာ ဖော်ပြရန် စကားလုံးပင် ရှာမတွေ့သည်အထိ အင်မတန် ဆိုးဝါးလှသည်။

ပို၍ပင် ဩချစရာကောင်းသည်ကား ကြက်တူရွေး စကားပြောပြီးနောက် သီချင်းသံ ပဲ့တင်ထပ်နေစဉ် သခင်အဖြူမှာ သီချင်းအတူ လိုက်မဆိုမိအောင် သူ့ကိုယ်သူ မနည်းထိန်းလိုက်ရခြင်းပင်။ ထိုခံစားချက်က သူ့ကို ခေါင်းနပန်းကြီးသွားစေ၏။

သူ ဘာမှမလုပ်နိုင်ခင် သီချင်းသံမှ လှိုင်းဂယက်များက အကွဲကြောင်းအတွင်း ဝင်ရောက်ကာ သခင်အဖြူကို လွှမ်းခြုံလိုက်သည်။ သူ့မှာ ရုတ်တရက် တုန်ရီလာပြီးနောက် ပါးစပ်ဖွင့်ကာ သီချင်းစဆိုတော့သည်။

“ငါက မင်းရဲ့သေးသေးလေး၊ ချစ်စရာကောင်းတဲ့ ပင်လယ်စာလေး .... အားးးးးးးးးးးးးးး” သခင်အဖြူမှာ အပိုဒ်တစ်ဝက်သာ ဆိုရသေးသည်၊ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ဒဏ်ရာများ လွန်စွာဆိုးဝါးလာကြောင်း သဘောပေါက်လိုက်သဖြင့် သူ့မျက်လုံးများမှာ ကြောက်လန့်တကြား ပြူးကျယ်သွားပြီး သူ့မှာ သတိလစ်မတတ် ဖြစ်သွား၏။ ဤအခိုက်အတန့်တွင် မန်ဟို့ကို သတ်နိုင်တော့မည်မဟုတ်ကြောင်း သူ သိလိုက်၍ အံတင်းတင်းကြိတ်ရင်း တောင်ပင်လယ်လောကမှ မဟုတ်သော အရှိန်အဝါကို ထပ်မံဖြန့်ကျက်လိုက်သည်။ ၎င်းသည် သူ့ကို ရစ်ပတ်ပြီးနောက် အကွဲကြောင်းထဲ ဆွဲခေါ်သွား၏။

သူက ပျောက်ကွယ်နေသည့်အချိန်မှာပင် နောက်တစ်ကြိမ် ဒေါကြီးမောကြီး ကြိမ်းဝါးလိုက်သည်။ “ငါ ပြန်လာခဲ့မယ်”

“ဟေး ဟေ့ကောင်” ကြက်တူရွေးက စိန်းစိန်းဝါးဝါးကြည့်ကာ ပြောသည်။ “ဘာလို့ထွက်သွားနေတာတုန်း။ ငါ့လခွမ်းတဲ့မှ။ သခင်ငါးကို နည်းနည်းပါးပါး မျက်နှာသာပေးပါဦးကွာ” တကယ်တော့ ကြက်တူရွေးမှာ ကြောက်လွန်း၍ ရင်တဒိန်းဒိန်းခုန်နေခဲ့ရာ သခင်အဖြူထွက်သွားတော့မှ တိတ်တိတ်ကလေး သက်ပြင်းချလိုက်တော့သည်။

၎င်းက ဒေါကြီးမောကြီး ထပ်ကြိမ်းဝါးပြီးနောက် ပင်လယ်စာများကို ပြန်သိမ်းပြီး ရင်ကို ကော့ကာ မန်ဟို့အား လှည့်ကြည့်သည်။

မန်ဟို့အရှိန်အဝါမှာ ပြန်လည်ပြည့်တင်းလာနေပြီဖြစ်သော်လည်း သူ့မှာ မယုံနိုင်လောက်အောင် အားနည်းနေသေးသည်။ ကြက်တူရွေးကို ကြည့်ရင်း သူက မခိုးမခန့် ရယ်ပြီးနောက် သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် အကွဲကြောင်းထံ ပြန်ကြည့်လိုက်သည်။

တိုက်ပွဲသည် အလွန်ခက်ခဲခဲ့၏။ မန်ဟို ခန့်မှန်းထားခဲ့သည့်ထက်ပင် ခက်ခဲခဲ့သည်။ သူနှင့် သတ္တမတောင်ပင်လယ်သခင်မှာ လက်ရည်တူသည်ဟု ထင်ရသော်လည်း သူက အနည်းငယ်အားနည်းကြောင်း မန်ဟို သိသည်။

“ငါ သူ့ကို မသတ်နိုင်ဘူး....” သူက သက်ပြင်းချရင်း တွေးသည်။ သူသည် ရှိရှိသမျှ စွမ်းအားအလုံးစုံကို ထုတ်ခဲ့ရမှန်း သဘောပေါက်လိုက်သဖြင့် မျက်နှာမကောင်းတော့ပေ။ သို့သော် သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ဆက်လက်တောက်ပနေသည်။

သခင်အဖြူလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့၍ နလန်ထူရန် အချိန်တချို့ ယူရလိမ့်မည်ဖြစ်ကြောင်း သူ သိသည်။ သခင်အဖြူ ပြန်သက်သာလာလျှင် အဋ္ဌမတောင်ပင်လယ်သို့ ပြန်လာလိမ့်မည်။ ထိုအခါ သူတို့တိုက်ပွဲ ပြန်စမည်။

ကံဆိုးစွာနှင့် မန်ဟိုမှာ နောက်တစ်ကြိမ် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

သေစေနိုင်သောအန္တရာယ်အာရုံက သူ့ရင်ထဲတွင် ပြည့်ကြပ်လာစပြုလာပြီး သူက ရုတ်တရက် အဝေးကို လှမ်းကြည့်ရင်း မျက်လုံးများတောက်ပလာသည်။

“ငါ မိစ္ဆာချုပ်နှောင်မှော်အစွမ်းတွေကို သုံးတုန်းက သခင်အဖြူက သခင်လီရဲ့တာအိုလို့ ပြောခဲ့တယ်...

“ငါ သခင်လီရဲ့အမွေကို မြန်မြန်သွားယူဖို့ လိုတယ်။ အဲဒါမှ သခင်အဖြူပြန်မလာခင် အစွမ်းထက်အောင် လုပ်နိုင်မှာ။ အဲ့ဒါမှပဲ .. ငါ သူ့ကို သတ်နိုင်မယ်”

သူ ဝိညာဉ်မီးအိမ်များကို မီးထွန်းနေခဲ့တုန်းက သူ၏နတ်ဘုရားအာရုံသည် အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးအပြည့် ဖြာထွက်သွားခဲ့၏။ ထိုအချိန်တွင် ... မှီခိုရာဂိုဏ်းချုပ်ကို သူ မြင်ခဲ့ရသည်။

သူက ရှေ့တစ်လှမ်းလှမ်းကာ အဝေးရောက်သွားသည်။ သူ့စိတ်မှာ အတန်ငယ်နောက်ကျိနေသော်လည်း သူသည် အားဆက်တင်းထားပြီး အပြင်ပန်း၌ မည်သည့်အရာကိုမှ မပေါ်လွင်စေပေ။ အတွင်းထဲတွင် သူ၏ထာဝရအလွှာမှာ ပြန်လည်နိုးထစပြုလာသည်။

“တစ်လ” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ငါ အပြည့်အဝသက်သာဖို့ တစ်လလိုတယ်" သူ့အတွက် တစ်လလိုသော်လည်း သခင်အဖြူက ထို့ထက်လျင်မြန်စွာ သက်သာလာမည်ဖြစ်ကြောင်း သဘောပေါက်သဖြင့် သူသည် မျက်မှောင်ကြုတ်နေ၏။

**

အဋ္ဌမတောင်ပင်လယ်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြလေသည်။ သူတို့သည် စစ်မြေပြင်ကို မျက်မြင်ဒိဋ္ဌ မတွေ့ခဲ့ရသော်လည်း ကြယ်တာရာကောင်းကင်ရှိ သတ္တမတောင်ပင်လယ်မှ ဖိအား ပျောက်ကွယ်သွားခဲ့ကြောင်း ခံစားလိုက်ကြရ၏။

ဖိအားပျောက်ကွယ်သွားသည့်အခါ သတ္တမတောင်ပင်လယ်ကျင့်ကြံသူများ မျက်နှာဖြူဆုပ်သွားကြပြီး သူတို့၏အမူအရာများက ထိတ်လန့်သွားဟန် ဖြစ်ကုန်ကြသည်။ သူတို့မှာ မယုံချင်သော်လည်း သူတို့တောင်ပင်လယ်သခင်၏ အရှိန်အဝါ ပျောက်ကွယ်သွားခဲ့ခြင်းအတွက် အဖြေတစ်ခုတည်းသာ ရှိသည်။

ထိုတိုက်ပွဲတွင် သတ္တမတောင်ပင်လယ်သခင် .... ရှုံးနိမ့်ခဲ့လေပြီ။

သတ္တမတောင်ပင်လယ်ကျင့်ကြံသူများကို ထိုအချက်ကို သဘောပေါက်ရန် သိပ်မကြာလိုက်ပေ။ သူတို့၏စိတ်ဓာတ်အားမာန် ချက်ချင်း ပြိုလဲသွားပြီး တိုက်ခိုက်လိုစိတ်တို့ ကုန်ခမ်းကုန်ကြသည်။

ဆန့်ကျင်ဘက်တွင် အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူများသည် စိတ်လှုပ်ရှားလာကြပြီး အားတက်လာကြ၏။ သူတို့က ညာသံပေးရင်း ချီတက်လာကာ ချက်ချင်းဆိုသလို ရန်သူများကို မညှာမတာ သတ်ဖြတ်ကြတော့သည်။ ဤတစ်ကြိမ်တွင် နောက်ဆုတ်ပြီးရင်း ဆုတ်ရသူများမှာ အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူများ မဟုတ်တော့ဘဲ သတ္တမတောင်ပင်လယ်ကျင့်ကြံသူများ ဖြစ်သွား၏။

တိုက်ပွဲ ပြန်စတင်သဖြင့် တအုန်းအုန်း၊ တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်လာသည်။

အဋ္ဌမတောင်ပေါ်တွင် မန်ဟို့အဘိုး၊ အဋ္ဌမတောင်ပင်လယ်သခင်မှာ တုန်ရီမနေတော့ဘဲ ငြိမ်သက်နေ၏။ သူ့မျက်လုံးများက ပွင့်လာဖို့ အင်မတန် နီးစပ်နေလေပြီ.....

မန်ဟိုက ခပ်သွက်သွက် ထွက်သွားသည်။ ဆံနီအဘိုးအိုနှင့် ကျင့်ကြံသူသောင်းပေါင်းများစွာမှာ ပို၍ပင်ဝေးရာသို့ ဆုတ်ခွာထားကြ၏။ မျက်မြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်တိုက်ပွဲက သူတို့ကို ကြောက်ဒူးတုန်နေစေ၍ သူတို့က မန်ဟိုထွက်သွားသည်ကို ကြည့်ရုံသာ ကြည့်နေကြသည်။

မန်ဟို အားနည်းနေမှန်း သူတို့သိသော်လည်း တစ်ယောက်မှ သူ့ကို မထိရဲကြပေ...

ဆံနီအဘိုးအိုပင်လျှင် ထိုသို့လုပ်ရန် သတ္တိမရှိ။ မန်ဟို သည့်ထက်ပို၍ အခြေအနေဆိုးလျှင်တောင်မှ ၊ သတိလစ်နေလျှင်တောင် သူ့အနေဖြင့် မန်ဟို့ကို တိုက်ခိုက်ရဲမည်မဟုတ်ပေ။

မန်ဟို ထွက်သွားသည့်အခါမှ သူ့ရင်ထဲက အလုံးကြီးကျသွားတော့သည်။

မန်ဟိုသည် အတော်လေး ဝေးရာ၊ မည်သူမှ သူ့ကို မမြင်သည့်နေရာတွင် ရပ်လိုက်ပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ သူက ဆေးလုံးတချို့ကို ကပျာကယာ စားပြီးနောက် မျက်လုံးပိတ်ကာ သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။

မျက်လုံးပိတ်လိုက်သော အခိုက်အတန့်တွင် အန္တရာယ်အချက်ပေးခေါင်းလောင်းသံများ မန်ဟို့စိတ်ထဲတွင် မြည်လာသည်။ သူ ခေါင်းလှည့်ကြည့်ရာ လေထဲမှ ဘွားခနဲ ထွက်လာသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

လူငယ် ဘယ်သူမှန်း မှတ်မိလိုက်သည်နှင့် မန်ဟို့မျက်လုံးများက စူးရှတောက်ပလာသည်။

လူငယ်သည် စိတ်လှုပ်ရှားနေပုံရသော်လည်း ခပ်လှမ်းလှမ်းတွင်သာ နေနေ၏။ မန်ဟို သူ့ကို တွေ့သွားပြီဖြစ်ကြောင်း သတိထားမိလိုက်လျှင် သူက လက်ယှက်ကာ အရိုအသေပေးသည်။

“ညီနောင်မန် ၊ မတွေ့ရတာကြာပြီနော်။ ငါ့ကို ဒီအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စောင့်နေခဲ့ရတာလည်း အကြာမှအကြာကြီး ကြာခဲ့ရပြီ။ ဒီလောက်အချိန်တိုလေးအတွင်း ... မင်း ဒီလောက်အစွမ်းထက်လာလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး”

ဤလူငယ်ကား ... ကျီတုံယမ်းပင်။

All Chapters