← Chapters

အခန်း (၁၂၂၂-၁၂၂၄)

Vol. 82 Ch. 1222-1224

အခန်း (၁၂၂၂-၁၂၂၄)

Vol. 82 Ch. 1222-1224

အခန်း (၁၂၂၂) - ကတိတစ်ခု တည်ဆောက်ခြင်းနှင့် သူရဲကောင်းတို့၏ သူရဲကောင်း

၎င်းတို့သုံးဦးမှာ ကြောင်အမ်းသွားကြပြီး ရွှယ်အန်း ဘာလုပ်ဖို့ ကြံစည်နေသည်ကို ဝေခွဲမရ ဖြစ်နေကြသည်။

"ဟေး... ဟိုလူကြီးမငါး ဘာတွေ တွေးနေတာလဲ၊ ငါတို့ကို ဘာလို့ နတ်ဘုရားအာရုံနဲ့ သီးခြား ခွဲထုတ်ထားတာလဲ"

ယုရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

ရှောင်ထျန်းက ပို၍ပင် နားမလည်နိုင်ဖြစ်နေသည်။

"ငါလည်း ဘယ်သိမလဲ"

ဆွေ့မန် တစ်ဦးတည်းသာလျှင် ခဏမျှ အံ့ဩသွားပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ သူမ၏ မျက်ဝန်းများတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ပေါ်လာပြီး နတ်ဘုရားအာရုံ အကာအကွယ်အတားအဆီးကို ကြည့်ကာ လက်ဝါးဖြင့် ပါးစပ်ပိတ်၍ တဟိဟိ ရယ်နေတော့သည်။

ထိုအချိန်တွင် အကာအကွယ်အတွင်း၌ ရွှယ်အန်းသည် ဂါထာအချို့ကို တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်ပြီးနောက် သူကိုယ်တိုင် မှော်ရတနာနန်းဆောင် ပေါ်တွင် ထားခဲ့သော တံဆိပ်ခတ်နှိပ်မှုကို အနည်းငယ် စိုးရိမ်စိတ်ဖြင့် ပယ်ဖျက်လိုက်လေသည်။ တံဆိပ်ကို ပယ်ဖျက်လိုက်သည့် ခဏတွင် ရွှယ်အန်းသည် တစ်စုံတစ်ခုကို ရှောင်ရှားသည့်အလား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သို့သော် ထူးခြားသည့် ဖြစ်ရပ်မျိုး ဘာမှမဖြစ်ဘဲ နန်းဆောင်မှာ ငြိမ်သက်စွာပင် ရှိနေခဲ့သည်။

ရွှယ်အန်းက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီးနောက် စိုးရိမ်စိတ်ဖြင့် ရှေ့သို့ တိုးကာ အခြေအနေကို စစ်ဆေးရန် ပြင်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် နန်းဆောင်မှာ ရုတ်တရက် တုန်ခါသွားပြီး တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရွှယ်အန်းထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။ ရွှယ်အန်း တစ်ကိုယ်လုံး တုန်သွားပြီး လှည့်ပြေးရန် ပြင်လိုက်သော်လည်း ဒေါသထွက်နေသော အမျိုးသမီးတစ်ဦး၏ အေးစက်သော အသံမှာ ဟိန်းထွက်လာသည်။

"အဲဒီမှာ ရပ်လိုက်စမ်း"

ရွှယ်အန်း၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီးနောက် ဘာမှ ထပ်မလုပ်တော့ဘဲ လိမ္မာပါးနပ်စွာပင် ရပ်နေလိုက်တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် အလင်းတန်းမှာ ရွှယ်အန်း၏ ရှေ့တည့်တည့်၌ ကျဆင်းလာပြီး ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသူမှာ မည်သည့်စကားမှမပြောဘဲ ရွှယ်အန်း၏ နားရွက်ကို ဆွဲလိုက်ပြီး မျက်မှောင်ကြုတ်ကာ ဒေါသတကြီး မေးလိုက်တော့သည်။

"ရွှယ်အန်း... နင် ဘာတွေ လုပ်ခဲ့လဲဆိုတာ နင် သိရဲ့လား"

သူမ လေသံမှာ ဒေါသများ ဖုံးလွှမ်းနေသော်လည်း အနည်းငယ် တုန်ယင်နေလေသည်။ မှန်ပါပေသည်။ နန်းဆောင်အတွင်းမှ ပျံထွက်လာသူမှာ အခြားသူမဟုတ်ဘဲ အန်ယန်ပင် ဖြစ်သည်။ ရွှယ်အန်းမှာ နားရွက်ကို ဆွဲခံထားရသဖြင့် မျက်နှာကို ရှုံ့လိုက်မိသည်။

"အား... အား... ယန်အာ... လွှတ်ပါဦး၊ ကိုယ့် နားရွက် ပြတ်ထွက်တော့မယ်"

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ ရှောင်ထျန်းတို့အုပ်စုကို သီးခြားခွဲထုတ်ထားခဲ့မိသည်မှာ မှန်ကန်သည်ဟု တိတ်တဆိတ် သက်ပြင်းချမိသည်။ မဟုတ်ပါက သူစိမ်းများရှေ့တွင် ဤအခြေအနေမျိုး မြင်တွေ့သွားလျှင် သူ၏ တစ်သက်တာ တည်ဆောက်လာခဲ့သော သိက္ခာများ အကုန်လုံး ပြိုလဲသွားပေလိမ့်မည်။

သို့သော် သူ၏ အော်ဟစ်သံများအပေါ် အန်းယန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသဖြင့် ရွှယ်အန်း ဇဝေဇဝါ ဖြစ်သွားရသည်။ ထိုစဉ်မှာပင် ရွှယ်အန်းသည် သူ၏ ပုခုံးပေါ်သို့ အအေးဓာတ်တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရပြီးနောက် ရှိုက်ကြီးတငင် ငိုသံကို ကြားလိုက်ရသည်။အန်းယန်သည် ရွှယ်အန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော ဒဏ်ရာကြီးကို ငေးကြည့်နေပြီး သူမ၏ မျက်နှာတွင် မျက်ရည်များမှာ တသွင်သွင် စီးကျနေရှာသည်။

အင်မော်တယ်ဘုရင်၏ အမိန့်တော်နှင့် ရင်ဆိုင်ရချိန်တွင်ပင် တည်ငြိမ်ခဲ့သော ရွှယ်အန်းမှာ ယခုအခါ အန်းယန်၏ မျက်ရည်များကို မြင်လိုက်ရသောအခါတွင်မူ မကြုံစဖူးသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ယောက်ျားတစ်ယောက်မှာ မည်မျှပင် သန်မာပါစေ၊ ချစ်ရသူ၏ မျက်ရည်များကိုမူ မခုခံနိုင်သောကြောင့် ဖြစ်သည်။ ရွှယ်အန်းက အန်ယန်ကို သူ၏ ရင်ခွင်အတွင်းသို့ ဆွဲသွင်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကဲပါ... ယန်အာရယ်၊ မငိုပါနဲ့တော့ ကိုယ် အဆင်ပြေပါတယ်၊ ကြည့်ပါဦး... စိတ်မပူနဲ့တော့နော်"

သို့သော် အန်းယန်သည် ရွှယ်အန်း၏ ရင်ခွင်အတွင်းမှ ရုန်းထွက်ကာ သူ၏ ရင်ဘတ်ကို လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်တော့သည်။

"ရှင်... လူယုတ်မာကြီး၊ ကျွန်မ ရှင့်ကို အရမ်း မုန်းတာပဲ၊ ကျွန်မ နန်းဆောင်ထဲမှာ ဘယ်လောက်တောင် စိုးရိမ်နေခဲ့လဲ ရှငိ သိရဲ့လား၊ တကယ်လို့ ရှင် တစ်ခုခု ဖြစ်သွားရင် ကျွန်မရယ်၊ ရှန်းရှန်းရယ်၊ နျန်နျန်ရယ်က ဘယ်လိုလုပ်ရမှာလဲ၊ ရှင် အဲဒါကို စဉ်းစားဖူးရဲ့လား လူယုတ်မာကြီးရဲ့..."

"ယန်အာ... ကိုယ် မှားမှန်း သိပါပြီ ဒါပေမဲ့ ကြည့်ပါဦး၊ ကိုယ် အဆင်ပြေနေတာပဲ မဟုတ်လား၊ စိတ်အေးအေး ထားလေနော်"

"ငတုံးကြီး... ကျွန်မ ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ၊ အဲဒီတုန်းက ခံစားခဲ့ရတဲ့ အရှိန်အဝါက အရမ်း ကြောက်စရာကောင်းလွန်းလို့ ကျွန်မတောင် ထိတ်လန့်ခဲ့ရတာ၊ အဲဒါကို ရှငိက တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာလေ"

အန်ယန်သည် ရိုက်နှက်နေသည်ကို ရပ်တန့်လိုက်ပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် သူမသည် ရွှယ်အန်း၏ ရင်ခွင်အတွင်းသို့ တိုးဝင်ကာ အငမ်းမရ ပြန်လည်ငိုကြွေးပြန်သည်။

"ယောင်္ကျား... ကျွန်မ အရမ်း ကြောက်နေခဲ့တာ၊ ရှင် တစ်ခုခု ဖြစ်သွားမှာကို ကျွန်မ တကယ်ပဲ ကြောက်မိတာ၊ ကျွန်မ တောင်းပန်ပါတယ်၊ နောက်ဆိုရင် ကျွန်မကို ဒီလိုမျိုး အတွင်းထဲမှာပဲ အကူအညီမဲ့စွာနဲ့ စောင့်မနေခိုင်းပါနဲ့တော့နော်၊ ရှင့်ဘေးမှာ အတူတူ တိုက်ခိုက်ရတာကိုပဲ ကျွန်မ ကြိုက်တယ်"

ရွှယ်အန်းက အန်ယန်၏ တုန်ယင်နေသော ပုခုံးလေးများကို အသာအယာ ပုတ်ပေးလိုက်ပြီး တိုးတိုးလေး ကတိပေးလိုက်သည်။

"ကောင်းပြီ၊ မင်း တောင်းဆိုသမျှ အရာအားလုံးကို ကိုယ် ကတိပေးပါတယ်၊ နောက်ဆိုရင် ဒါမျိုး ဘယ်တော့မှ မဖြစ်စေရဘူး၊ ဟုတ်ပြီလား"

အန်းယန်က သူမ၏ လက်ကလေးဖြင့် ရွှယ်အန်း၏ ဝမ်းဗိုက်ပေါ်မှ ဒဏ်ရာကြီးကို အသာအယာ ထိတွေ့လိုက်သည်။ သူမ၏ မျက်နှာမှာ နာကျင်မှုများဖြင့် ဖုံးလွှမ်းနေရှာသည်။ အန်ယန်သည် မျက်ရည်များကြားမှ ထိုဒဏ်ရာကို အသာအယာ နမ်းလိုက်ကာ တိုးတိုးလေး မေးလိုက်သည်။

"နာနေလားဟင်"

ရွှယ်အန်းသည် ခပ်ဖွဖွ ပြုံးလိုက်သည်။

"ရတုန်းကတော့ နည်းနည်း နာတာပေါ့၊ ဒါပေမဲ့ အခုတော့ ဘာမှ မဖြစ်တော့ပါဘူး"

အန်းယန်သည် အတိတ်က အိမ်မက်ဆိုးများကို ထပ်မံ မခံစားချင်တော့သဖြင့် တုန်ယင်သော လေသံဖြင့် ဆိုလိုက်သည်။

"ယောကျာ်း... ကျွန်မတို့ နောက်ဆိုရင် အမြဲတမ်း အတူတူနဲ့ ကောင်းကောင်းမွန်မွန် အသက်ရှင်ကြရအောင်နော်၊ ဟုတ်ပြီလား"

"ကောင်းပါပြီကွာ"

"ရှင် ကျွန်မကို ကတိပေးရမယ်နော်"

"ကိုယ် ကတိပေးပါတယ်"

အဆုံးတွင် အန်းယန် စိတ်တည်ငြိမ်သွားသော်လည်း ရွှယ်အန်း၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီနေပြီး ရွှယ်အန်း ပြောပြသမျှ ဖြစ်ရပ်များကို အားကျစွာဖြင့် နားထောင်နေတော့သည်။ အထူးသဖြင့် အားလန်နတ်ဘုရာသည် လီဟန်အရှင်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် သူ့ကိုယ်ူယ အဆုံးစီရင်ခဲ့သည်ကို ကြားလိုက်ရသောအခါ သူမ၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။

"ယောင်္ကျား... ရှောင်ထျန်းက တကယ်ပဲ အာလန်နတ်ဘုရားရဲ့ ဝင်စားတဲ့ ဝိညာဉ်ကို ရှာတွေ့နိုင်ပါ့မလားဟင်"

"အမှန်ပြောရရင်... ကိုယ်လည်း မသိဘူး၊ မျှော်လင့်ချက် ရှိနေတာတော့ မှန်ပေမဲ့ အဲဒါက တကယ်ကို သေးငယ်လွန်းပြီး မဖြစ်နိုင်သလောက်ပါပဲ"

"တကယ်တော့... အဲဒါက မဆိုးပါဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒီမျှော်လင့်ချက်လေး မရှိရင် ရှောင်ထျန်းတစ်ယောက် ချက်ချင်း ပြိုလဲသွားနိုင်လို့လေ၊ ဒါပေမဲ့... မစ္စကျန်းအတွက်တော့ နောက်ဆို တော်တော်လေး ခက်ခဲသွားလိမ့်မယ် ထင်တယ်"

အန်းယန်က သက်ပြင်းချကာ ပြောလိုက်သည်။

အခန်း (၁၂၂၃) - စကြဝဠာ၏ အန္တရာယ်များ၊ ဒါလေးကို တန်ဖိုးထားပေးပါ

ရှောင်ထျန်းသည် ကျန်းရွှင်းနန်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်တရာ ထူးဆန်းသွားသည်။

"ရွှင်း... ရွှင်းနန်... ကိုယ်..."

သူ၏ စကားမဆုံးမီမှာပင် မျက်နှာကလေး အနည်းငယ် ဖြူလျော်နေသော ကျန်းရွှင်းနန်သည် ခေါင်းခါပြလိုက်သည်။ ထို့နောက် သူမ၏ နားဘေးမှ ဆံနွယ်များကို အသာအယာ သပ်ကာ တိုးညင်းစွာ ပြောလိုက်သည်။

"ဘာမှ ထပ်မပြောပါနဲ့တော့... ကျွနိမ အားလုံးကို သိပြီးသားပါ"

ရှောင်ထျန်းသည် အပြစ်မကင်းစိတ်များဖြင့် ထိုမိန်းကလေးကို ကြည့်နေမိပြီး တစ်ခါမျှ မခံစားဖူးသည့် ထိတ်လန့်တုန်လှုပ်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ သေရေးရှင်ရေး ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူ မခံစားဖူးသော ခံစားချက်မျိုး ဖြစ်သည်။ ယခုအခါ ရွှယ်အန်း၊ အန်းယန်နှင့် ဆွေ့မန်တို့မှာ အခြေအနေကို နားလည်စွာဖြင့် အဝေးသို့ ရှောင်ပေးထားကြသဖြင့် ထိုနေရာတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

"ဘယ်တော့... ထွက်သွားဖို့ စိတ်ကူးထားလဲ"

ကျန်းရွှင်းနန်က ခေါင်းငုံ့လျက် ခပ်တိုးတိုးလေး မေးလိုက်သည်။

"ဒီက ကိစ္စတွေ အကုန်ပြီးပြီဆိုတော့ ကို

ယ်..."

ရှောင်ထျန်းသည် ကျန်းရွှင်းနန်ကို ကြည့်ရန် တွန့်ဆုတ်သွားပြီး ခေါင်းကို တစ်ဖက်သို့ လွှဲကာ အံ့ကို တင်းတင်းကြိတ်လျက် ပြောလိုက်သည်။

"အခုချက်ချင်းပဲ ထွက်သွားဖို့ စိတ်ကူးထားတယ်၊ ကိုယ် စောစောသွားလေလေ... ဆရာရဲ့ ဝင်စားတဲ့ ဝိညာဉ်ကို စောစော ရှာတွေ့နိုင်မှာ"

"အွန်း"

ထိုအဖြေကို ကြိုတင်သိနေသည့်အလား ကျန်းရွှင်းနန်က ခပ်တိုးတိုးလေးသာ ပြန်ပြောလိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့သည်။

ရှောင်ထျန်းမှာ ရင်ထဲတွင် ပို၍ ပျာယာခတ်လာကာ အလွန်အမင်း တင်းမာနေမှုကြောင့် ခြေလက်များပင် မည်သို့ထားရမှန်း မသိဘဲ အနေရခက်လာရှာသည်။ သူ၏ ကို့ရို့ကားယား ဖြစ်နေသော အခြေအနေကို သတိထားမိပုံရသည့် ကျန်းရွှင်းနန်က ရုတ်တရက် ရယ်မောလိုက်ပြီး ရှောင်ထျန်းကို စနောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကြည့်ပါဦး... ရှင့်ပုံစံက တကယ့် ငတုံးလေးကျနေတာပဲ"

ထူးဆန်းသည်မှာ ကျန်းရွှင်းနန်၏ အပြုံးကို မြင်လိုက်ရသည့် ခဏ၌ ရှောင်ထျန်း၏ တင်းမာမှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူသည် ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပြီး ရယ်မောမိတော့သည်။ ၎င်းတို့နှစ်ယောက် အတူတူ ရယ်မောနေကြစဉ် ကျန်းရွှင်းနန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"ရှင် သွားပြီဆိုရင်ရော... ပြန်လာဦးမှာလား"

ရှောင်ထျန်း၏ မျက်နှာထားမှာ တည်ကြည်သွားပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ကိုယ့်ရဲ့ တာဝန် ပြီးဆုံးသွားပြီဆိုရင်တော့... မဖြစ်မနေ ပြန်လာခဲ့ပါ့မယ်"

"ကျွန်မ အဲဒီစကား ကြားရလို့ ဝမ်းသာမိတယ်"

ကျန်းရွှင်းနန်သည် ပြုံးလျက် လေးနက်သော အမူအရာဖြင့် ဦးညွှတ်လိုက်သည်။

"စကြဝဠာကြီးက အန္တရာယ်များလွန်းတယ်၊ ရှင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော်"

"မင်းလည်း အတူတူပဲ"

"ကျွန်မကတော့ အဆင်ပြေပါတယ်၊ ကျွန်မမှာ အိမ်လည်း မရှိတော့ဘူးဆိုတော့ ဘယ်နေရာမှာပဲနေနေ အတူတူပါပဲ"

ထိုသို့ပြောပြီးသည်နှင့် ကျန်းရွှင်းနန်သည် ထွက်သွားရန် ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ သို့သော် သူမသည်အ နောက်ဘက်မှ ရှောင်ထျန်း၏ တုန်ယင်နေသော အသံကို ကြားလိုက်ရသည်။

"ရွှင်းနန်... မင်း... မင်း ကိုယ့်ကို စောင့်နေပေးမှာလား"

ကျန်းရွှင်းနန်သည် ချက်ချင်း တောင့်ခဲသွားသည်။ သူမ အချိန်အတော်ကြာအောင် ထိန်းထားခဲ့သော မျက်ရည်များမှာ ဤစကားတစ်ခွန်းကြောင့်ပင် ကျဆင်းလာတော့သည်။ ထို့နောက် သူမ လှည့်ကြည့်ကာ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"စောင့်နေမှာပေါ့"

ရှောင်ထျန်းသည် မျက်ရည်များ ဖုံးလွှမ်းနေသော်လည်း အလွန် လေးနက်စွာ ဖြေကြားလိုက်သော ကျန်းရွှင်းနန်ကို မြင်ရသောအခါ သူ့ စိတ်ထဲတွင် တစ်ခုခု ကျိုးပျက်သွားသလို ခံစားလိုက်ရသည်။ သူသည် ရှေ့သို့ အပြေးသွားကာ သူမ၏ ရှေ့တွင် ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ပွေ့ဖက်ကာ သူမ၏ နှုတ်ခမ်းကို နမ်းလိုက်လေသည်။

ရှောင်ထျန်းက ဖြည်းဖြည်းချင်း ခွာလိုက်ပြီး ကျန်းရွှင်းနန်ကို သူ၏ ရင်ခွင်အတွင်း နူးညံ့စွာ ပွေ့ဖက်ထားလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်"

"တောင်းပန်ပါတယ်လို့ မပြောနဲ့၊ ဘာလို့လဲဆိုတော့ ကျွန်မဘက်ကလည်း အလိုတူလို့ပါ"

ရှောင်ထျန်းသည် ဝမ်းနည်းမှုများကို ထိန်းလိုက်ပြီးနောက် သူ၏ ရင်ဘတ်အတွင်းမှ တံဆိပ်ပြားလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ရှောင်ထျန်းက ထိုတံဆိပ်ပြားလေးကို ကျန်းရွှင်းနန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ရွှင်းနန်... ဒါက ကိုယ့်ဆရာ ကိုယ့်အတွက် ချန်ထားပေးခဲ့တဲ့ တစ်ခုတည်းသော အရာပဲ၊ အခု အဲဒါကို မင်းကို ပေးခဲ့မယ်၊ တစ်နေ့နေ့မှာ ဒီတံဆိပ်ပေါ်က စာလုံးလေးက အလင်းတွေ ထွက်လာပြီဆိုရင်... အဲဒါ ကိုယ် ပြန်လာတော့မယ့် အဓိပ္ပာယ်ပဲ"

ကျန်းရွှင်းနန်သည် ထိုတံဆိပ်ပြားလေးကို အမြတ်တနိုး သိမ်းဆည်းလိုက်သည်။ ထို့နောက် ရှောင်ထျန်းက သူမကို နောက်ဆုံးအနေဖြင့် တင်းကျပ်စွာ တစ်ခါထပ်မံ ပွေ့ဖက်လိုက်သည်။

"ဂရုစိုက်ဦး"

ကျန်းရွှင်းနန်မှာ ထွက်သွားသော ရှောင်ထျန်း၏ ကျောပြင်ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။

ထိုခဏ၌ ဟင်းလင်းပြင်ထဲမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဟွီယင်းသည် လေထဲမှ ပေါ်လာကာ ကျန်းရွှင်းနန်အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

"နင့်မှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီဆိုတာကို ဘာလို့ သူ့ကို မပြောပြခဲ့တာလဲ"

ကျန်းရွှင်းနန်၏ တစ်ကိုယ်လုံး တုန်သွားရပြီး လက်ထဲမှ တံဆိပ်ပြားလေးကို ငုံ့ကြည့်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ပြောပြလိုက်တော့ ဘာထူးမှာလဲ၊ ဒါနဲ့ သူ့ကို ချည်နှောင်ထားဖို့လား၊ သူ့ဆရာကို မရှာရအောင် တားဆီးဖို့လား၊ အဲလိုသာ လုပ်လိုက်ရင် သူ အသက်ရှင်နေရတာက သေတာထက် ပိုဆိုးသွားလိမ့်မယ်"

"ဒါက မင်းအတွက် တကယ်ပဲ မျှတမှု ရှိရဲ့လား"

ဟွီယင်းက နားမလည်နိုင်စွာ မေးလိုက်သည်။ ကျန်းရွှင်းနန်က ပြုံးလိုက်သည်။

"ယင်းအာ... နင်က နှစ်ပေါင်း တစ်ထောင်လောက် အသက်ရှင်လာပေမဲ့ နင့်ရဲ့ စိတ်နေစိတ်ထားက ကလေးတစ်ယောက်နဲ့ မခြားသေးပါဘူး၊ အချစ်ကိစ္စတွေမှာ ဘယ်မှာ တရားမျှတမှု ဆိုတာ ရှိလို့လဲ"

ကျန်းရွှင်းနန်က ရှောင်ထျန်း ပျောက်ကွယ်သွားရာအရပ်ကို ကြည့်ကာ တိုးတိုးလေး ဆက်ပြောလိုက်သည်။

"တစ်ယောက်ယောက်ကို ချစ်လာပြီဆိုရင် သူ့အတွက် အရာအားလုံးကို ပေးဆပ်ဖို့ အသင့်ရှိနေတာပဲ၊ တကယ်လို့ နင်က အသေးအဖွဲကအစ တွက်ချက်နေပြီး အရာရာမှာ မျှတမှု ရှာနေတယ်ဆိုရင်တော့... အဲဒါက နင် သူ့ကို တကယ် မချစ်လို့ပဲ ဖြစ်မှာပေါ့"

ဟွီယင်းမှာ ထိုအဖြေကြောင့် ကြောင်သွားပြီးနောက် တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေပုံရသည်။ မကြာမီမှာပင် သူမက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"နင် ပြောတာ မှန်ပါတယ်၊ ဒါက ငါ့ရဲ့ အစ်ကိုရွှယ်အပေါ် ထားတဲ့ ခံစားချက်နဲ့ အတူတူပဲ"

ကျန်းရွှင်းနန်က ခါးသီးစွာ ပြုံးလိုက်မိပြီး အဝေးတွင် ရပ်နေသော ရွှယ်အန်းနှင့် အန်ယန်တို့ကို ကြည့်ကာ မကြားတကြား လေသံဖြင့် ဆိုလိုက်သည်။

"ယင်းအာ... ငါ့ရဲ့ စောင့်ဆိုင်းခြင်းက အရမ်း ရှည်လျားပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသေးတယ်၊ နင့်အတွက်ကျတော့... ငါ ထင်တာတော့ ပိုပြီး ခက်ခဲလိမ့်မယ် ထင်တယ်”

အခန်း (၁၂၂၄) - လီဟန်သို့ ပြန်လည်ရောက်ရှိခြင်းနှင့် အရှင်မဲ့နယ်မြေ

ရှောင်ထျန်းသည် လီဟန်ကောင်းကင်ဘုံသို့ ပြန်မသွားဘဲ နတ်ဘုရားအကျဉ်းထောင်၏ ထူးခြားသော အာကာသတည်ဆောက်ပုံမှတစ်ဆင့် တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

ရှောင်ထျန်း၏ စွမ်းအားမှာ အင်မော်တယ်သခက်အဆင့်သို့ မရောက်သေးသဖြင့် စကြဝဠာတိုင်းကို စိတ်တိုင်းကျ ဖြတ်သန်းနိုင်စွမ်း မရှိသင့်ပေ။ သို့သော် လူသားမျိုးနွယ်စု နတ်ဘုရားများ၏ ကျင့်စဉ်စနစ်မှာ သာမန်နှင့် ကွဲပြားကာ သူသည် အားလန်နတ်ဘုရား၏ ခွဲခွာ၍မရသော အဖော်ဖြစ်ခဲ့ခြင်းတို့ကြောင့် လျှို့ဝှက်ပညာရပ်ပေါင်းများစွာကို တတ်မြောက်ထားသူ ဖြစ်သည်။

သို့သော် ဤစွမ်းရည်မှာ သူကိုယ်တိုင်အတွက်သာ အသုံးပြုနိုင်ပြီး အခြားသူများကို ခေါ်ဆောင်သွား၍ မရပေ။ ထို့ကြောင့်လည်း ရှောင်ထျန်းသည် ထွက်ခွာသွားချိန်တွင် ကျန်းရွှင်းနန်ကို ခေါ်မသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကြည့်ကာ ရွှယ်အန်းမှာ သက်ပြင်းသာ ချနိုင်တော့ပြီးနောက် လူတိုင်းကို ဦးဆောင်ကာ နတ်ဘုရားအကျဉ်းထောင်မှ ထွက်၍ လီဟန်ကောင်းကင်ဘုံသို့ ဦးတည်လိုက်တော့သည်။

ဤအချိန်တွင် လီဟန်ကောင်းကင်ဘုံ တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေချေသည်။ ထိုနေ့က ဖြစ်ပေါ်ခဲ့သော နေနှင့်လ ပြောင်းပြန်ဖြစ်မှုနှင့် ကမ္ဘာ တုန်ခါမှုတို့ကြောင့် အစွမ်းထက်သူ အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။ ဤနယ်မြေကို အုပ်ချုပ်ခဲ့သော လီဟန်အရှင်၏ အရှိန်အဝါမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို အများစုက ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ဤလက္ခဏာများ အားလုံးက နယ်မြေ၏ အုပ်ချုပ်သူ လီဟန်အရှင် ကျဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြနေပါသည်။ သို့မဟုတ်ပါက သူ၏ ကမ္ဘာအတွင်း ဤကဲ့သို့သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာရန် မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ ဤအတွေးက လီဟန်ကောင်းကင်ဘုံအတွင်းရှိ အင်အားစုအားလုံးကို ကြောက်လန့်သွားစေသည်။ နှစ်ပေါင်းသောင်းချီ အသက်ရှင်လာသည့် လီဟန်အရှင်ကဲ့သို့ အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီးကို ကျရှုံးအောင် လုပ်နိုင်သူမှာ သူ့ထက် ပို၍ပင် သန်မာရပေလိမ့်မည်။

အစပိုင်းတွင် အင်အားစုအားလုံးမှာ အိမ်ထဲ၌သာ ငြိမ်သက်နေကြပြီး ဘာမှ မလုပ်ရဲဘဲ စီရင်ချက်ချမည့် အချိန်ကိုသာ စောင့်နေခဲ့ကြသည်။ သို့သော် ရက်အနည်းငယ် ကြာသည့်တိုင်အောင် ဘာမှ ပြောင်းလဲမသွားသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိန်းချုပ်မှု ကင်းမဲ့နေသဖြင့် နေနှင့်လမှာ ပရမ်းပတာ သွားလာနေသည်မှလွဲ၍ လီဟန်ကောင်းကင်ဘုံ တစ်ခုလုံးမှာ အေးချမ်းနေဆဲ ဖြစ်သည်။

ဤအခြေအနေက အစွမ်းထက်သူများ၏ စိတ်ထဲတွင် အတွေးသစ်များကို ဖြစ်ပေါ်စေခဲ့သည်။ လီဟန်ကောင်းကင်ဘုံသည် ယာယီအားဖြင့် ဘေးကင်းနေပြီဟု သူတို့ ယူဆလိုက်ကြသည်။ သူတို့၏ အသက်အန္တရာယ် မရှိတော့ဟု ထင်လိုက်သည်နှင့် တစ်ပြိုင်နက် အင်အားစုကြီးများ၏ ရည်မှန်းချက်များကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။

လီဟန်ကောင်းကင်ဘုံသည် နတ်ဘုရားနယ်မြေတွင် အသာဆုံး နယ်မြေတစ်ခုအဖြစ် ကျော်ကြားပြီး ဝိညာဉ်စွမ်းအားနှင့် ကောင်းကင်ဘုံ ဥပဒေသများမှာလည်း အခြားမည်သည့် နေရာနှင့်မျှ မယှဉ်နိုင်အောင် ကောင်းမွန်လှသည်။ ယခုအခါ လီဟန်အရှင်မှာ ကျဆုံးသွားပြီ ဖြစ်နိုင်သဖြင့် လီဟန်ကောင်းကင်ဘုံ တစ်ခုလုံးမှာ အရှင်မဲ့ နယ်မြေ တစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

ဤကဲ့သို့သော အခွင့်အရေးကြီးမှာ လူတိုင်း၏ ရှေ့မှောက်သို့ ရောက်နေသဖြင့် အင်အားစု အမျိုးမျိုးမှာ မျက်စိကျနေကြတော့သည်။ ထိန်းချုပ်မရသော ရည်မှန်းချက်များအောက်တွင် မဟာမိတ်ဖွဲ့ခြင်း၊ သစ္စာဖောက်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် လုပ်ကြံခြင်း ဇာတ်လမ်းပေါင်းစုံမှာ စင်မြင့်ထက်သို့ တစ်ခုပြီးတစ်ခု တက်လာကြတော့သည်။

ဤမျှ ရှုပ်ထွေးနေသော အခြေအနေကြားတွင် ယန်မိသားစုဝင်များကလည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ ယန်မိသားစုသည် ဤနယ်မြေမှ အင်အားစုတစ်ခု မဟုတ်သော်လည်း ၎င်းတို့၏ ကြီးမားသော ကြွယ်ဝမှုကြောင့် လီဟန်ကောင်းကင်ဘုံရှိ အစွမ်းထက်သူများကြားတွင် နာမည်ကျော်ကြားသူများ ဖြစ်သည်။

ယခုအခါ ပြိုင်ဘက်များကို အနိုင်ယူရန်အတွက် ပြင်ပအင်အားစုဖြစ်သည့် ယန်မိသားစုမှာ လူတိုင်း၏ အလိုရှိဆုံး အဖွဲ့အစည်း ဖြစ်လာတော့သည်။

ယန်မိသားစုသည် လီဟန်ကောင်းကင်ဘုံသို့ ခြေကုပ်ယူရန် အကြာကြီးကတည်းက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ မမျှော်လင့်ဘဲ ယန်မေရှူ၏ စကားများကြောင့် သူတို့သည် လီဟန်ကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် နှစ်ပေါင်းတစ်ထောင်မှာ တစ်ခါသာ ကြုံရမည့် အခွင့်အရေးကြီးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက ယန်ယန်ကို မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

ယနေ့တွင်တော့ အခြား အဖွဲ့အစည်းတစ်ခုမှ ကိုယ်စားလှယ် ထွက်သွားပြီးနောက် ယန်ယန်က သူ၏ ဝမ်းသာမှုကို မဖုံးကွယ်နိုင်တော့ဘဲ နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များကို ဆွေးနွေးရန် လူတိုင်းကို ခန်းမဆောင်ကြီးအတွင်း၌ စုဝေးစေခဲ့သည်။

စင်မြင့်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အနာဂတ် အစီအစဉ်များကို ရှင်းပြနေသော ယန်ယန်၏ စကားများကို နားထောင်ပြီးနောက် ယန်မေရှူမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ထွက်လာကာ သူမ၏ ဖခင်ကို ဦးညွှတ်လိုက်သည်။

"အဖေ"

ယန်ယန်သည် ယန်မေရှူ၏ ကြားဖြတ်မှုကြောင့် အလွန် စိတ်ပျက်သွားကာ ပြတ်သားသော လေသံဖြင့် မေးလိုက်သည်။

"မေရှူ... ဘာကိစ္စရှိလို့လဲ"

ယန်မေရှူသည် ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"ဖေဖေ... အခုချိန်က အဲ့ဒီအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလို့ သမီး ယုံကြည်ပါတယ်"

ယန်မေရှူ၏ စကားကြောင့် ယန်မိသားစုဝင်များကြားတွင် ဆူညံသွားတော့သည်။ ယန်ယန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"ဟမ်... ဘာလို့ အဲလို ပြောတာလဲ"

ယန်မေရှူက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ရှင်းပါတယ်၊ ဘာလို့လဲဆိုတော့ အရှင်ရွှယ် ပြန်မလာသေးလို့ပါ၊ သူ ပြန်မလာမချင်း အဲ့ဒီအဖွဲ့အစည်းတွေရဲ့ အစီအစဉ်တွေဆိုတာ ရေထဲက လရိပ်ကို ဖမ်းနေသလို၊ မှန်ထဲက ပန်းကို ကြည့်နေသလိုပဲ၊ အချည်းနှီး ဖြစ်နေမှာပါ၊ ဘာလို့လဲဆိုတော့..."

ယန်မေရှူ၏ မျက်နှာထားမှာ တည်ကြည်သွားပြီး လေးနက်သော လေသံဖြင့် ဆက်ပြောသည်။

"သူ ပြန်လာတဲ့ ခဏမှာပဲ... အဲ့ဒီအဖွဲ့အစည်းတွေနဲ့ အစွမ်းထက်သူဆိုတာတွေ အားလုံးဟာ ရယ်စရာ အဖြစ်အပျက်တွေပဲ ဖြစ်သွားကြမှာ မို့လို့ပါ"

ဝုန်း!

ယန်မေရှူး၏ စကားကြောင့် ပရိသတ်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားတော့သည်။အဘယ်ကြောင့်ဆိုသော် သူမ ပြောလိုက်သည့် စကားမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းသောကြောင့် ဖြစ်သည်။

ယန်ယန်၏ မျက်နှာထားပင် ပြောင်းလဲသွားပြီး သူ၏ ထိုင်ခုံတွင် မကျေမနပ် မှီထိုင်ရင်း အေးစက်စွာ ပြောလိုက်သည်။

"မင်းပြောပုံအရဆိုရင်... အဲဒီ အရှင်ရွှယ်ဆိုတဲ့ လူ ပြန်မလာမချင်း ငါတို့က ဒီမှာပဲ ထိုင်စောင့်နေရမှာလား"

ယန်မေရှူက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ် အဖေ”

All Chapters