အခန်း (၁၂၂၅-၁၂၂၇)
Vol. 82 Ch. 1225-1227
အခန်း (၁၂၂၅) - ယန်ယန်၏ လောဘနှင့် အမျိုးသမီးနှစ်ဦးကြားမှ အားပြိုင်မှု
"အတော်ကို အတင့်ရဲတာပဲ"
ယန်ယန်သည် စားပွဲကို အားပြင်းစွာ ရိုက်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ သို့သော် ယန်မေရှူးမှာ နောက်ဆုတ်သွားခြင်း မရှိဘဲ ခေါင်းကို မော့ကာ လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"အဖေ... သမီး ပြောတဲ့ စကားတွေဟာ စိတ်ရင်းနဲ့ ပြောတာပါ၊ သမီးတို့ ယန်မိသားစုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ အသက်ရှင်ခြင်း၊ သေခြင်းဆိုတာ အဖေ အခု ချမှတ်မယ့် ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတာပါ၊ အခုမြင်နေရတဲ့ အကျိုးအမြတ် သေးသေးလေးတွေကြောင့် မျက်စိမကွယ်သွားပါနဲ့ဦး၊ မဟုတ်ရင် အရင်က ကြိုးစားခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားရုံတင်မကဘဲ အရှင်ရွှယ်ကိုပါ စော်ကားမိသလို ဖြစ်သွားပါလိမ့်မယ်"
ယန်ယန်သည် ဒေါသကြောင့် ခါးသီးစွာ ရယ်မောလိုက်တော့သည်။ တစ်ခန်းလုံးမှာလည်း ဆူညံပွက်လောရိုက်သွားတော့သည်။
"မမလေး ဘာဖြစ်နေတာလဲ၊ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးသေးပဲ တကယ်ရှိမရှိတောင် မသေချာတဲ့ လူတစ်ယောက်အတွက်နဲ့ မိသားစုအကြီးအကဲကို ဘာလို့ ဒီလောက်အထိ အံတုနေရတာလဲ"
တစ်စုံတစ်ယောက်က အံ့ဩတကြီး ပြောလိုက်သည်။
"ဟုတ်ပ၊ နယ်စပ်မြို့က ပြန်လာကတည်းက မမလေးယန်က ရူးနေသလိုပဲ၊ ပါးစပ်ဖွင့်လိုက်တိုင်း အရှင်ရွှယ်၊ အရှင်ရွှယ်နဲ့ပဲ"
အခြားတစ်ဦးကလည်း လှောင်ပြောင်လိုက်သည်။ ထိုဆူညံနေသော ဝေဖန်သံများကြားတွင် ယန်မေရှူမှာ တုန်လှုပ်ခြင်း မရှိပေ။ သူမသည် တိတ်ဆိတ်စွာ ရပ်နေရင်း ဖခင်ဖြစ်သူကိုသာ စိုက်ကြည့်နေခဲ့သည်။
ယခုအချိန်တွင် ယန်ယန်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။ သူ၏အချစ်ဆုံး သမီးဖြစ်သူက လူအများရှေ့တွင် ပြန်လည်အာခံလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့သောကြောင့် ဖြစ်သည်။
သို့သော် သူ စကားမပြောရသေးမီ ယန်မုန့်ထောင်က လူအုပ်ကြားမှ ယဉ်ကျေးစွာ ထွက်လာပြီး ယန်ယန်ကို ဦးညွှတ်လိုက်သည်။
"အဖေ... စိတ်ကို လျှော့ပါဦး"
ထို့နောက် သူမက ယန်မေရှူဘက်သို့ လှည့်ကာ နောက်ပြောင်သည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ကျစ်... ကျစ်... အစ်မကြီးရယ်၊ နင့်ကို ငါ တကယ်ပဲ အထင်ကြီးမိပါတယ်၊ အဖေ့ကို လူအများရှေ့မှာတောင် ပြန်ပြောရဲတယ်ဆိုတော့လေ၊ နင် ဒီလိုလုပ်တာက ဖေဖေ့ကို စိတ်နာအောင် လုပ်နေတာဆိုတာ နင် မသိဘူးလား"
ဤစကားမှာ ရန်ပွဲကို တားဆီးနေသကဲ့သို့ ရှိသော်လည်း အမှန်မှာတော့ မီးလောင်ရာ လေပင့်လိုက်ခြင်းပင် ဖြစ်သည်။ ယန်မုန့်ထောင်သည် ယန်မေရှူ၏ ဂုဏ်သိက္ခာကို လျှော့ချရန် အချိန်အခါကောင်းကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ယန်မေရှူ၏ မျက်နှာမှာ တည်ကြည်နေပြီး ညီမဖြစ်သူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
"ယန်မိသားစုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ အသက်ရှင်ခြင်း၊ သေခြင်းအတွက်ဆိုရင် အဖေ စိတ်အနှောင့်အယှက် ဖြစ်ရရင်တောင် ငါ ပြောရမှာပဲ"
ယန်ယန်၏ မျက်နှာမှာ ဒေါသကြောင့် မှောင်မည်းလာပြီး သူမဘက်မှ မျက်နှာလွှဲလိုက်တော့သည်။ ယန်မုန့်ထောင်က ပို၍ပင် ဘဝင်မြင့်သွားကာ လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"ယန်မေရှူ... ငါ နင့်ကို မေးခွန်းတစ်ခုပဲ မေးမယ်၊ အဲဒီစီနီယာရွှယ်ဆိုတဲ့ လူက တကယ်ပဲ ပေါ်လာလိမ့်မယ်လို့ နင် ဒီလောက်တောင် ယုံကြည်နေတာလား"
ယန်မေရှူက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့... ငါ ယုံတယ်၊ အခု နင်တို့အားလုံး မြင်တဲ့အတိုင်း လီဟန်အရှင်က သေသွားပြီလေ၊ ဒါက အရှင်ရွှယ် အောင်မြင်သွားပြီဆိုတာကို သက်သေပြနေတာပဲ၊ အဲဒါကိုရော နင်တို့ သံသယ ရှိနေသေးတာလား"
ယန်မုန့်ထောင်ကမူ နှာခေါင်းရှုံ့လိုက်သည်။
"ကောင်းပြီလေ၊ အဲဒီအရှင်ရွှယ်ကပဲ လီဟန်အရှင်ကို သတ်ခဲ့တယ်လို့ ထားပါဦး၊ ဒါပေမဲ့ နင် မစဉ်းစားမိဘူးလာ၊ ဒီကိစ္စဖြစ်တာ ဆယ်ရက်ကျော်နေပြီလေ၊ ဒီလောက်အချိန်အကြာကြီးအထိ သူ ပေါ်မလာဘူးဆိုတာ... သူပါ လီဟန်အရှင်နဲ့အတူ သေသွားခဲ့လို့များလား"
ဤစကားက လူတိုင်း၏ စိတ်ထဲသို့ ဒိန်းခနဲ ရိုက်ခတ်သွားသည်။
"ဟုတ်တယ်၊ လီဟန်အရှင်က အင်မော်တယ်ဘုရင် အဆင့်တစ်ဝက် အဆင့်ရှိတဲ့ အလွန်အစွမ်းထက်တဲ့ ရန်သူပဲ၊ စီနီယာရွှယ်ကပဲ သတ်ခဲ့တယ်ဆိုရင်တောင် သူလည်း ကြီးမားတဲ့ ပေးဆပ်မှုမျိုး လုပ်ခဲ့ရမှာပဲ၊ ဖြစ်နိုင်တာကတော့ သူတို့နှစ်ယောက်လုံး အတူတူ သေသွားကြတာ ဖြစ်နိုင်တယ်"
တစ်စုံတစ်ယောက်က ထောက်ခံလိုက်သည်။ ယန်မေရှူ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး မျက်ဝန်းအစုံတွင် ထိတ်လန့်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
အဘယ်ကြောင့်ဆိုသော် ယန်မုန့်ထောင် ပြောသကဲ့သို့ မဖြစ်နိုင်ဟု မဆိုနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူမသည် ရွှယ်အန်း၏ စွမ်းအားကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့သည်။ ယန်မုန့်ထောင်က အောင်နိုင်သူတစ်ဦးပမာ ရယ်မောလိုက်သည်။
"အဖေ... သမီးရဲ့ အမြင်ကတော့ ယန်မေရှူနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ၊ အခုအချိန်က ငါတို့ ယန်မိသားစုအတွက် လီဟန်ကောင်းကင်ဘုံကို ခြေကုပ်ယူဖို့ အကောင်းဆုံး အခွင့်အရေးလို့ ထင်တယ်၊ အဲဒါကို အလဟဿ အဖြစ်မခံသင့်ပါဘူး"
ယန်ယန်သည် ထိုစကားကို ကြားသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အဲဒါ ငါတွေးနေတာနဲ့ အတူတယပဲ၊ ဒါဆို နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ မင်း ထင်လဲ"
သူ၏ စကားမှာ ယန်မုန့်ထောင်၏ အကြံဉာဏ်ကို တောင်းခံနေခြင်းပင် ဖြစ်သည်။ ယန်ယန်၏ သဘောထား ပြောင်းလဲသွားပြီဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ယန်မုန့်ထောင်က ပြုံးရွှင်သော မျက်နှာဖြင့် ပြောလာသည်။
"ဖေဖေ... သမီးထင်တာတော့ အခု အရေးကြီးဆုံးက ဒီအင်အားစုတွေထဲက စိတ်ရင်းအမှန်ဆုံး အဖွဲ့ကို ရွေးချယ်ဖို့ပဲ"
"ဒါဆို ဘယ်သူက စိတ်အမှန်ဆုံးလို့ မင်း ထင်လဲ"
ယန်မုန့်ထောင် ခဏမျှ စဉ်းစားပြီးနောက် ပြောလာသည်။
"အခုနက ထွက်သွားတဲ့ ကိုယ်စားလှယ်က တော်တော်လေး စိတ်ရင်းမှန်တယ်လို့ သမီး ထင်ပါတယ်"
ယန်ယန်က အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းတယ်၊ မင်းက တကယ်ကို ငါ့သမီးပဲ၊ ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ၊ သူတို့ကို အခုပဲ အကြောင်းပြန်လိုက်ပြီး မဟာမိတ်ဖွဲ့မယ့် ကိစ္စတွေကို ဆွေးနွေးလိုက်တော့မယ်"
ယန်မေရှူက ယခုအချိန်တွင် ရေခဲကဲ့သို့ အေးစက်နေပြီး ပြတ်သားသော လေသံဖြင့် ဟန့်တားလိုက်သည်။
"အဖေ... ဒါကို လုံးဝ မလုပ်သင့်ပါဘူး"
သူမသည် ယန်ယန်၏ လမ်းကို ပိတ်ဆို့ရန် ရှေ့သို့ တိုးလာခဲ့သည်။ ယန်ယန်၏ မျက်နှာမှာ ဒေါသကြောင့် မှောင်မည်းသွားသည်။
"ယန်မေရှူ... နင်က မိသားစု စည်းမျဉ်းတွေကိုတောင် ဂရုမစိုက်တော့ဘူးလား၊ ဖယ်စမ်း... မဟုတ်ရင် နင် နောင်တရလိမ့်မယ်"
"အဖေ... ဒါကို လုံးဝ မလုပ်သင့်ပါဘူး"
ယန်မေရှူးက လုံးဝ နောက်မဆုတ်ဘဲ ထပ်မံ ပြောလိုက်ပြန်သည်။
"ထွက်သွားစမ်း"
ဖြောင်း!
ဒေါသ အထွတ်အထိပ် ရောက်နေသော ယန်ယန်သည် လက်ကို မြှောက်ကာ ပါးရိုက်လိုက်ရာ ယန်မေရှူမှာ လွင့်ထွက်သွားတော့သည်။ ထိုပါးရိုက်သံကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ ယန်မေရှူမှာ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာ ပေါ်လာသည်။ ယန်ယန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်း အိမ်ပြန်ရောက်ရင် နောက်တောင်က ကျောက်ဆောင်အောက်မှာ သုံးနှစ်ကြာတဲ့အထိ အမှားကို ပြန်သုံးသပ်ရမယ်၊ မိသားစုရဲ့ ကိစ္စတွေကိုလည်း မင်း ထပ်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး”
-အခန်း (၁၂၂၆) - သွေးကျားမျှော်စင်၏ ဆင်ခြင်မှု၊ သေခြင်းရှင်ခြင်းမဟာမိတ်
ထိုသို့ ပြောဆိုပြီးနောက် ယန်ယန်သည် ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။ ယန်မုန့်ထောင်မှာလည်း ကျေနပ်အားရနေသည့် မျက်နှာထားဖြင့် ယန်မေရှူကို စောင်းကြည့်ကာ တစ်ချက်လှောင်ရယ်ပြီးနောက် ဖခင်ဖြစ်သူနောက်သို့ အပြေးလိုက်သွားလေသည်။ ဆူညံပွက်လောရိုက်မှုများ ပြီးဆုံးသွားချိန်တွင် ကျန်ရစ်ခဲ့သော ယန်မိသားစုဝင်များသည် မြေပြင်ပေါ်ရှိ ယန်မေရှူကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်ကာ တိတ်ဆိတ်စွာပင် ထွက်ခွာသွားကြပြန်သည်။
ခဏချင်းအတွင်းမှာပင် ခန်းမဆောင်ကြီးအတွင်း၌ ယန်မေရှူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူမသည် အပယ်ခံအရုပ်ကလေးတစ်ရုပ်ပမာ မြေပြင်ပေါ်တွင် ထိုင်နေမိပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ဖုံးလွှမ်းနေရှာသည်။ သို့သော် မကြာမီမှာပင် သူမ၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မကြုံစဖူးသော ပြတ်သားမှုများ အစားထိုးဝင်ရောက်လာသည်။ သူမ၏ဖခင်သည် ယန်မိသားစုကို အဆုံးအစမဲ့သော ချောက်ကမ်းပါးထဲသို့ ဦးဆောင်ခေါ်သွားနေပြီဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။
အရှင်ရွှယ် ပြန်ရောက်လာသည့်တစ်နေ့တွင် လီဟန်ကောင်းကင်ဘုံရှိ နတ်ဘုရားအားလုံးမှာ ပျောက်ကွယ်သွားနိုင်သလို ထိုအချိန်တွင် သူမတို့ ယန်မိသားစုမှာလည်း ကိုယ်ပိုင်လောဘကြောင့် အမြစ်ပြတ်သုတ်သင်ခံရနိုင်ချေရှိသည်။ ဤအရာအားလုံးကို တားဆီးရန် သူမ ဆုံးဖြတ်လိုက်ပြီး မည်သည့်ပေးဆပ်မှုမျိုးကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေခဲ့သည်။ ယန်မေရှူသည် မနည်းရုန်းထ၍ ခိုင်မာသော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။
ဤအဆောက်အအုံမှာ လီဟန်မြို့တော်အတွင်း အလွန်ပင် ခမ်းနားထည်ဝါလှပြီး၊ လက်ရှိတွင် လီဟန်မြို့၌ ထိပ်တန်းအင်အားစုအဖြစ် ရှိနေသော သွေးကျားမျှော်စင် တည်ရှိရာနေရာ ဖြစ်သည်။ ယန်ယန်နှင့် သူ၏လူစု ရောက်ရှိလာချိန်တွင် အလွန်တရာ ခမ်းနားသော ကြိုဆိုမှုကို ရရှိခဲ့ကြသည်။ သွေးကျားမျှော်စင်၏ အရှင်သခင် ကွမ်ကျိဝမ့် ကိုယ်တိုင် အကြီးအကဲများကို ဦးဆောင်ကာ တံခါးဝအထိ လာရောက် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။
"ယန်မိသားစု အကြီးအကဲ... ခင်ဗျားတို့ ကျွန်တော်တို့ သွေးကျားမျှော်စင်ကို ကြွလာပေးတာ တကယ်ကို ဂုဏ်ယူစရာပါပဲ"
ကွမ်ကျိဝမ့်ကိုယ်တိုင် ထွက်၍ ကြိုဆိုသည်ကို မြင်ရသောအခါ ယန်ယန်မှာ အလွန်ပင် ဘဝင်ခိုက်သွားမိသည်။ ကွမ်ကျိဝမ့်သည် နာမည်ကျော်ကြားလှသော ဝါရင့်အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အင်အားနှင့် အဆင့်အတန်းအရဆိုလျှင် မိမိနှင့် များစွာ ကွာခြားလှသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"မျှော်စင်သခင်ကွမ်... တကယ်ကို အားနာစရာကောင်းလွန်းပါတယ်"
အတွင်းသို့ ဝင်သွားချိန်တွင် ခန်းမဆောင်ကြီးအတွင်း၌ သွေးကျားမျှော်စင်မှ တပည့်ပေါင်း သုံးထောင်ခန့် စုဝေးနေကြပြီး ဧည့်သည်များကို မြင်သည်နှင့် တညီတညွတ်တည်း ဦးညွှတ်ကာ ကြွေးကြော်လိုက်ကြသည်။
"သွေးကျားမျှော်စင်က ယန်မိသားစုကို ကြိုဆိုပါတယ်"
ထိုအသံမှာ အမိုးအကာများကိုပင် တုန်ခါသွားစေပြီး အလွန်ပင် ခန့်ညားလှသည်။ အကယ်၍ မိသားစုနှစ်ခု ပူးပေါင်းလိုက်လျှင် အနာဂတ်မှာ အမှန်တကယ်ပင် အကန့်အသတ်မရှိ တိုးတက်လာပေလိမ့်မည်။ လူအုပ်၏ နောက်ဆုံးမှ လျှောက်လာသော ယန်မေရှူး တစ်ဦးတည်းသာလျှင် အေးစက်သော အကြည့်ဖြင့် တိတ်ဆိတ်နေခဲ့သည်။ ယန်ယန်နှင့် ကွမ်ကျိဝမ့်တို့မှာလည်း အလွန်ပင် ရင်းရင်းနှီးနှီး စကားပြောနေကြသည်။
"ကျွန်တော့်ရဲ့ သွေးကျားမျှော်စင်အပေါ် အကြီးအကဲရဲ့ အမြင်က ဘယ်လိုရှိပါသလဲ"
ကွမ်ကျိဝမ့်က ယန်ယန်ကို ဝိုင်ခွက်ဖြင့် တိုက်ကာ ပြုံး၍ မေးလိုက်သည်။
ယန်ယန်က အံ့ဩတကြီး ပြောလိုက်သည်။
"မျှော်စင်သခင်ကွမ်က သူ့လူတွေကို တကယ်ပဲ ကောင်းကောင်း အုပ်ချုပ်နိုင်တာပဲ၊ နှစ်ပေါင်းများစွာ အခြေခိုင်လာခဲ့တဲ့ အင်အားစုကြီးတစ်ခုရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်"
ကွမ်ကျိဝမ့်က အားရပါးရ ရယ်မောလိုက်သော်လည်း မကြာခင်မှာပင် သက်ပြင်းတစ်ချက် ချလိုက်သည်။
"အကြီးအကဲကလည်း မြှောက်ပင့်လွန်းလှပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ သွေးကျားမျှော်စင် အရင်က ဘယ်လို အခြေအနေမျိုး ကြုံခဲ့ရလဲဆိုတာ ခင်ဗျား သိလား"
"မျှော်စင်သခင် ဘာကို ဆိုလိုတာလဲ"
ကွမ်ကျိဝမ့်၏ မျက်နှာမှာ တည်ကြည်သွားပြီး မျက်ဝန်းများတွင် နာကျည်းရိပ်များ ဖြတ်ပြေးသွားသည်။
"အရင်တုန်းက လီဟန်အရှင် အာဏာရှိစဉ်က သူဟာ အရမ်းကို လွှမ်းမိုးချုပ်ကိုင်ခဲ့တာ၊ သူ အုပ်ချုပ်နေတုန်းက ကျွန်တော့်ရဲ့ သွေးကျားမျှော်စင်ဟာ သည်းမခံနိုင်လောက်အောင် အရှက်ရတဲ့ ဘဝမျိုးနဲ့ပဲ ရှင်သန်ခဲ့ရတာ"
ထိုသို့ပြောရင်းနှင့် ကွမ်ကျိဝမ့်က ရုတ်တရက် မော့ကြည့်လိုက်သည်။
"အခုလို ရှုပ်ထွေးနေတဲ့ အခြေအနေမှာ သွေးကျားမျှော်စင် တစ်ခုတည်းနဲ့တော့ လီဟန်မြို့ကို ထိန်းချုပ်ဖို့ မလုံလောက်ဘူး၊ အဲဒါကြောင့်ပဲ ခင်ဗျားတို့ကို မဟာမိတ်ဖွဲ့ဖို့ ကျွန်တော် ဖိတ်ခေါ်ရတာပါ၊ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ပြောစရာလိုမယ် မထင်ပါဘူး"
ယန်ယန်မှာ လွန်စွာ စိတ်လှုပ်ရှားသွားပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"မျှော်စင်သခင်... နောက်ထပ် စကားတွေ အများကြီး ပြောနေဖို့ မလိုပါဘူး၊ ကျွန်တော် လူစုကို ဦးဆောင်ပြီး ဒီကို ရောက်လာတာကပဲ ခင်ဗျားနဲ့ မဟာမိတ်ဖွဲ့ဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြနေတာပဲ မဟုတ်လား"
"ကောင်းပြီ"
ကွမ်ကျိဝမ့်က ဝိုင်ခွက်ကို မြှောက်လိုက်သည်။
"လာ... ငါတို့နှစ်ယောက် မဟာမိတ်အဖြစ် ဒီဝိုင်တစ်ခွက်ကို အတူတူ သောက်ကြစို့"
ယန်မုန့်ထောင်က ရှေ့သို့ လှမ်းတက်လာကာ ဝိုင်ခွက်များကို ယဉ်ကျေးစွာ ဖြည့်ပေးလိုက်သည်။ ကွမ်ကျိဝမ့်က အနည်းငယ် အံ့ဩသွားသည်။
"ဒီမိန်းမငယ်လေးက..."
"ဪ... ဒါက ကျွန်တော့်ရဲ့ သမီးငယ်လေး မုန့်ထောင်ပါ၊ မုန့်ထောင်... နင့်ရဲ့ ဦးဦးကွမ်ကို နှုတ်ဆက်လိုက်ဦးလေ"
ယန်မုန့်ထောင်က ချိုသာစွာ ပြုံးလျက် ဦးညွှတ်လိုက်သည်။
"ဦးဦးကွမ်ကို ဂါရဝပြုပါတယ်"
"ကောင်းတယ်၊ ဟားဟားဟား"
ကွမ်ကျိဝမ့်က အားရပါးရ ရယ်မောလိုက်သည်။
"အကြီးအကဲရဲ့ သမီးက တကယ်ကို လှပတာပဲ၊ ဒါပေမဲ့ ကျွန်တော် ကြားဖူးတာကတော့... ခင်ဗျား အားအကိုးဆုံး သမီးက မေရှူဆိုတဲ့ တစ်ယောက်လို့ ကြားထားတယ်"
ထိုစကားကြောင့် ယန်ယန်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။
"မျှော်စင်သခင် သတင်းက တကယ်ကို စုံတာပဲ၊ ဒါပေမဲ့ မကြာသေးခင်က မေရှူ နေမကောင်းဖြစ်နေလို့ မိသားစုရဲ့ အရေးကိစ္စတွေကို သူ ထပ်ပြီး မစီမံခန့်ခွဲတော့ဘူး"
ယန်မိသားစုဝင်အားလုံး ထောင့်တွင် ထိုင်နေသော ယန်မေရှူကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြသည်။ လူတိုင်း၏ အကြည့်အောက်တွင် ယန်မေရှူမှာ တိတ်ဆိတ်စွာပင် ရှိနေပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို သတိမမူမိသကဲ့သို့ ရှိနေလေသည်။
ယန်မုန့်ထောင်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"ဦးဦးကွမ်... အခု လီဟန်အရှင်လည်း မရှိတော့ပြီဆိုတော့ ဦးဦးတို့ နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဟင်"
ကွမ်ကျိဝမ့်က ချီးကျူးသလို ပြောလိုက်သည်။
"အကြီးအကဲရဲ့ သမီးက အမျိုးသမီးတစ်ယောက် ဖြစ်ပေမဲ့ တကယ်ကို အမြော်အမြင် ရှိတာပဲ၊ အခု လီဟန်အရှင် မရှိတော့တဲ့အတွက် မြို့တော်ဟာ အုပ်ချုပ်သူမဲ့ ဖြစ်နေပြီ၊ အဓိက အကျဆုံးဖြစ်တဲ့ မြို့လယ်ခေါင်က လီဟန်နန်းတော်ကိုပဲ ငါတို့ ရအောင် တိုက်ရလိမ့်မယ်”
အခန်း (၁၂၂၇) - နတ်ဘုရားနန်းတော်သို့ ချီတက်ခြင်း
ဤသို့ပြောနေစဉ် ကွမ်ကျိဝမ့်၏ မျက်ဝန်းများတွင် လောဘရိပ်များ လက်ခနဲ ဖြတ်ပြေးသွားသည်။
"လီဟန်အရှင်က ဒီနယ်မြေကို နှစ်ပေါင်းတစ်သောင်းကျော် အုပ်ချုပ်ခဲ့တာ၊ သူစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေဆိုတာ အတိုင်းအဆမရှိဘူး၊ အဲဒီရတနာတွေ သိုလှောင်ထားတဲ့နေရာက တခြားမဟုတ်ဘူး... လီဟန်နန်းတော်ပဲ၊ အဲဒီနေရာကို သိမ်းပိုက်နိုင်တာနဲ့ ငါတို့က လီဟန်ကောင်းကင်ဘုံရဲ့ အဓိက အသက်သွေးကြောကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်"
လီဟန်အရှင် ချန်ထားရစ်ခဲ့သော ရတနာများအကြောင်း ကြားလိုက်ရသည့်ခဏ၌ ယန်ယန်၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။
"နားလည်ပြီ... ဒါဆို မျှော်စင်သခင်ကွမ်က အဲဒီနေရာကို ဘယ်လိုသိမ်းဖို့ အစီအစဉ်ရှိလဲ"
"ဟဲဟဲ... ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့ ငါတို့ လီဟန်နန်းတော်နားကိုတောင် ကပ်နိုင်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီမှာ လီဟန်အရှင်ရဲ့ အယုံကြည်ရဆုံးနဲ့ အစွမ်းအထက်ဆုံး ကိုယ်ရံတော်တွေ ရှိနေလို့ပဲ၊ ဒါပေမဲ့ အခုတော့ လီဟန်အရှင်ကိုယ်တိုင်တောင် သေသွားပြီဆိုတော့ အဲဒီကိုယ်ရံတော်တွေရဲ့ အင်အားကလည်း တော်တော်လေး အားနည်းသွားပြီ၊ အခု အဓိကပြဿနာက လီဟန်နန်းတော်ရဲ့ ကာကွယ်ရေး အတားအဆီးကို ဘယ်လိုချိုးဖျက်မလဲ ဆိုတာပဲ"
ယန်ယန်သည် နားထောင်ရင်းနှင့် ပို၍ပင် စိတ်လှုပ်ရှားလာကာ နောက်ထပ်လုပ်ဆောင်ရမည့် အစီအစဉ်များကို ကွမ်ကျိဝမ့်နှင့် ဝမ်းသာအားရ ဆွေးနွေးတော့သည်။ ယန်မုန့်ထောင်သည်လည်း သူတို့ဘေးတွင်ရှိနေပြီး တစ်ခါတစ်ရံ ရယ်မောစရာများ ထည့်ပြောပေးရာ သူတို့နှစ်ဦးမှာ အားရပါးရ ရယ်မောနေကြပြီး ပတ်ဝန်းကျင်မှာ အလွန်ပင် သဟဇာတဖြစ်နေတော့သည်။
ဤစားသောက်ပွဲမှာ ညဉ့်နက်သည်အထိ ကြာမြင့်ခဲ့ကာ အဆုံးတွင် ယန်ယန်အပါအဝင် ယန်မိသားစုဝင်အားလုံးမှာ လုံးဝ မူးယစ်ရီဝေကာ သတိလစ်သွားကြတော့သည်။ ကွမ်ကျိဝမ့်သည် ပြုံးလျက်ပင် သူ၏ လက်အောက်ငယ်သားများကို ခေါ်ကာ ယန်မိသားစုဝင် အားလုံးကို နေရာချထားပေးရန် အမိန့်ပေးလိုက်သည်။
ထိုခဏ၌ ယန်မေရှူမှာ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ့ကို လေးနက်သော အကြည့်တစ်ချက်ဖြင့် ကြည့်ကာ လှည့်ထွက်သွားသည်ကို သူ တွေ့လိုက်ရသည်။ ယန်မေရှူး၏ ကျောပြင်ကို ကြည့်ကာ ကွမ်ကျိဝမ့်၏ အပြုံးမှာ တဖြည်းဖြည်း တောင့်တင်းသွားသည်။ သူမသည် သာမန်မိန်းကလေးတစ်ဦးကဲ့သို့ ထင်ရသော်လည်း၊ သူမ၏ ကျောပြင်တွင် လျှို့ဝှက်ချက်များစွာ ကိန်းအောင်းနေသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။ ထိုစဉ်မှာပင် အစောင့်တစ်ဦးသည် အရိပ်ထဲမှ တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။ ကွမ်ကျိဝမ့်က နောက်သို့ လှည့်မကြည့်ဘဲ မေးလိုက်သည်။
"ဘယ်လိုလဲ"
"အားလုံးကို စီစဉ်ပြီးပါပြီ"
"ဪ... ယန်ယန်ကရော"
"အဖိုးကြီးက တကယ်ပဲ သတိလစ်တဲ့အထိ မူးနေတာပါ၊ အန္တရာယ်ကို သတိပြုနိုင်တဲ့ အခြေခံအသိတောင် မရှိတော့ပါဘူး"
ကွမ်ကျိဝမ့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဟား... ငါတို့ကို ဒီလောက်အထိ အလွယ်တကူ ယုံကြည်ရဲတယ်ဆိုတော့... သူ့လို အရည်အချင်းမရှိတဲ့လူက ဘယ်လိုလုပ်ပြီး အကြီးအကဲ ဖြစ်လာလဲဆိုတာ ငါ တကယ်ပဲ တွေးလို့မရဘူး"
"မျှော်စင်သခင်... မမလေး ယန်မုန့်ထောင်ကို မျှော်စင်သခင်ရဲ့ အခန်းထဲကို ခေါ်လာရမလား"
"အခုလောလောဆယ်တော့ မလိုသေးဘူး၊ အခုက ဒီယန်မိသားစုကို အသုံးချရမယ့် အချိန်ပဲ၊ အရာအားလုံး ပြီးသွားမှ သူ့ကို အေးအေးဆေးဆေး ကစားရမှာပေါ့"
ကွမ်ကျိဝမ့်သည် သူ၏ မျက်ဝန်းများတွင် ခန့်မှန်းရခက်သော အရိပ်အယောင်များ ပေါ်လာကာ၊ နှုတ်ခမ်းထောင့်တွင် မာန်တက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"ငါက သူတို့ ယန်မိသားစုရဲ့ အင်အားကို တကယ်ပဲ အလေးထားတယ်လို့ သူတို့ ထင်နေကြတာလား၊ လီဟန်အရှင်က ငါ့ရဲ့ သွေးကျားမျှော်စင်ကို အရမ်းသတိထားပြီး နန်းတော်ရဲ့ ကာကွယ်ရေးအတားအဆီးတွေကို ငါတို့နဲ့ပဲ သီးသန့် ဆန့်ကျင်အောင် လုပ်မထားခဲ့ဘူးဆိုရင် ဒီအသုံးမကျတဲ့ ငတုံးတွေကို ငါ အားကိုးပါ့မလား၊ သူတို့က ငါနဲ့ အာဏာခွဲဝေဖို့တောင် အိပ်မက်မက်နေကြသေးတယ်၊ ဟား... တကယ့်ကို စိတ်ကူးယဉ်တတ်တဲ့ အရူးတွေပဲ"
"ဒါပေမဲ့ မုန့်ထောင်ဆိုတဲ့ မိန်းကလေးကတော့ တကယ်ကို လှတာပဲ၊ နန်းတော်ထဲက ရတနာတွေကို ရပြီဆိုတာနဲ့ ငါ သူ့ကို အဝအပြဲ ဇိမ်ခံပစ်မယ်"
ညဉ့်တာမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ နောက်တစ်နေ့ မနက်တွင် ယန်ယန်မှာ အမူးပြေသွားပြီး ကွမ်ကျိဝမ့်ကို အားနာသည့် မျက်နှာဖြင့် တောင်းပန်စကား ဆိုလေသည်။ ကွမ်ကျိဝမ့်က အားရပါးရ ရယ်မောလိုက်သည်။
"ငါတို့လို ညီအစ်ကိုတွေကြားမှာ ဒါမျိုးတွေ ပြောနေဖို့ လိုလို့လား၊ မြန်မြန် မနက်စာ စားလိုက်ဦး၊ ပြီးရင် ငါတို့ လီဟန်နန်းတော်ကို ချက်ချင်း ချီတက်ကြမယ်"
ယခုအချိန်တွင် ယန်မုန့်ထောင်မှာ ယန်မိသားစု မျိုးဆက်သစ်များအကြား အဓိက အချက်အချာ ဖြစ်နေခဲ့ပြီဖြစ်သည်။ သူမသည် ဝင့်ကြွားသော ခြေလှမ်းများဖြင့် ယန်မေရှူ၏ အနားသို့ လျှောက်သွားကာ လှောင်ပြောင်လိုက်သည်။
"ယန်မေရှူ... အရှင်ရွှယ် ပြန်မလာသေးလို့ အရာအားလုံးက အချည်းနှီးပဲဆိုပြီး နင် အမြဲတမ်း ပြောနေတာ မဟုတ်လား၊ အခု ငါတို့ ယန်မိသားစုဟာ သွေးကျားမျှော်စင်နဲ့ အသက်ပေးမဟာမိတ် ဖွဲ့ပြီး လီဟန်နန်းတော်ကိုလည်း သိမ်းတော့မယ်၊ အဲဒါကိုရော နင် အခု ဘာပြောချင်သေးလဲ"
ယန်မေရှူ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
"နင် ဘာပဲပြောပြော... ငါ့ရဲ့သဘောက အရင်အတိုင်းပဲ"
ယန်မုန့်ထောင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"တချို့လူတွေကတော့ အခြေအနေကို မျက်မြင်မတွေ့မချင်း နောင်တ မရကြဘူးပဲ၊ ငါတို့ ဘယ်လို အောင်ပွဲခံမလဲဆိုတာကိုပဲ စောင့်ကြည့်နေလိုက်"
ယန်မေရှူက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ... ငါ စောင့်ကြည့်နေပါ့မယ်"
ယန်မေရှူသည် ထိုလူအုပ်ကြီးကို အေးစက်စွာ ကြည့်နေမိပြီး လက်သီးကို တင်းတင်းဆုပ်ထားမိရာ လက်သည်းများမှာ အသားထဲသို့ စိုက်ဝင်သွားပြီး သွေးနီနီများပင် ထွက်ပေါ်လာတော့သည်။ သူမ စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်နေမိသည်။ အရှင်ရွှယ်... အရှင် ဘယ်တော့မှ ပြန်လာမှာလဲ...
ကွမ်ကျိဝမ့်သည် သွေးကျားမျှော်စင်မှ တပည့်ပေါင်း ၃၀၀၀ နှင့် ယန်မိသားစုဝင်များကို ဦးဆောင်ကာ လီဟန်နန်းတော်ရှိရာသို့ တိုက်ရိုက် ချီတက်သွားကြသည်။ လမ်းတစ်လျှောက်တွင် မြူမှုန်များ တထောင်းထောင်း ထနေပြီး လီဟန်မြို့ရှိ အစွမ်းထက်သူများမှာ တုန်လှုပ်နေကြရသည်။
ယခုအချိန်တွင် လီဟန်နန်းတော်မှာ ခံ့ညားထည်ဝါမှုကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သို့သော် ကွမ်ကျိဝမ့်တို့၏ အမြင်တွင်မူ ၎င်းမှာ အလွန်တရာ ဆွဲဆောင်မှုရှိသော အမဲသားတုံးကြီး တစ်တုံးကဲ့သို့သာ ဖြစ်နေတော့သည်။ လီဟန်အရှင် ကျဆုံးသွားသဖြင့် ဤနေရာကို စောင့်ကြပ်နေသော အင်အားမှာ သိသိသာသာ လျော့နည်းသွားသည်။