အခန်း (၆၉၁-၆၉၃)
Vol. 47 Ch. 691-693
အခန်း (၆၉၁) - ပိုင်ချင်းကျွယ်
~ဝင်္ကပါပင်လယ်နယ်မြေ၊ ကျူးကော့မိသားစု။
ယနေ့တွင် ကျူးကော့မိသားစု၏ စံအိမ်တော်ကြီးမှာ ထူးခြားဆန်းပြားသော လေထုဖြင့် ဖုံးလွှမ်းနေ၏။
အကြောင်းမူကား ၊ အလွန်တရာမှ အဆင့်အတန်းမြင့်မားသော ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ဦးကို ကြိုဆိုနေရခြင်းကြောင့်ပင် ဖြစ်သည်။
ထိုဧည့်သည်တော် ရောက်ရှိလာမှုမှာ ကျူးကော့မြို့အတွင်းရှိ ကျင့်ကြံသူများ အားလုံးအတွက် ပြောစမှတ်တွင်စရာ မြင်ကွင်းကြီးတစ်ခု ဖြစ်သွားခဲ့ရ၏။
ကျူးကော့မိသားစု စံအိမ်တော်အပြင်ဘက်ရှိ လမ်းမကြီးပေါ်တွင်လည်း စပ်စုချင်ကြသော လူအုပ်ကြီးမှာ ပုရွက်ဆိတ်အုံသဖွယ် ပြည့်နှက်နေတော့သည်။
ကျူးကော့မိသားစုသို့ ကြွရောက်လာသော ထိုဂုဏ်သရေရှိ ဧည့်သည်တော်မှာ အခြားသူမဟုတ်၊ နတ်ဘုရားဘုရင်နန်းတော်၏ တတိယမြောက် အကြီးအကဲ ပိုင်ချင်းကျွယ် ပင် ဖြစ်၏။
နတ်ဘုရားဘုရင်နန်းတော်၏ တတိယအကြီးအကဲ ဖြစ်သကဲ့သို့ အဆင့် (၇) လက်နက်သွန်းလုပ်ခြင်း သခင်ကြီးတစ်ဦးလည်း ဖြစ်သည့်အပြင်၊ သူ၏ ကျင့်ကြံခြင်းမှာ နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ပိုင်ချင်းကျွယ်၏ ခွန်အားမှာ ကြီးမြတ်သလို.. တိုက်ကြီးပေါ်ရှိ ထိပ်တန်းပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးလည်း ဖြစ်သည်။ သူသည် ခြေတစ်ချက် ဆောင့်လိုက်ရုံနှင့်ပင် တိုက်ကြီးတစ်ခုလုံးကို လှုပ်ခါစေသော ဖြစ်တည်မှုမျိုးပင်။
ဤမျှ မြင့်မြတ်လှသော ပုဂ္ဂိုလ်ကြီး ကျူးကော့မြို့ရှိ ကျူးကော့မိသားစုသို့ ရောက်ရှိလာခြင်းမှာ တစ်မြို့လုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ခြင်း ဖြစ်သည်။ သို့သော် ပိုင်ချင်းကျွယ်၏ ဟန်ပန်မှာမူ အလွန်ပင် ယဉ်ကျေးပျူငှာလှသည်။
ကျူးကော့မိသားစု၏ မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများမှာမူ ယခင်က အိပ်မက်ပင် မမက်ဝံ့ခဲ့သော ကိစ္စကြီး ပေါ်ပေါက်လာသဖြင့် အံ့အားသင့်မှု၊ တုန်လှုပ်မှုတို့နှင့်အတူ ဝမ်းသာပီတိဖြစ်နေကြရ၏။ သူတို့သည် မြို့အတွင်းရှိ မရေမတွက်နိုင်သော လူအုပ်ကြီး၏ ရှေ့မှောက်တွင် ပိုင်ချင်းကျွယ်ကို ကိုယ်တိုင်ကိုယ်ကျ ထွက်၍ ကြိုဆိုခဲ့ကြ၏။ ဒါက ကျူးကော့မိသားစုအတွက် တကယ့်ကို မျက်နှာပွင့်စရာ ကိစ္စကြီးတစ်ခုပင်။
ကျူးကော့မြို့ရှိ အင်အားကြီးမိသားစုများနှင့် ကျင့်ကြံသူများ အားလုံးမှာလည်း မနာလိုအားကျနေသော အကြည့်များဖြင့် ငေးကြည့်နေကြရတော့သည်။ နတ်ဘုရားဘုရင်နန်းတော်နှင့် ပတ်သက်ခွင့် ရလိုက်သည်ဆိုကတည်းက ဤဘဝတွင် ထိပ်တန်းသို့ တက်လှမ်းရန် အခွင့်အရေးကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပြီဟု လူတိုင်းက သိရှိထားကြသောကြောင့်ပင်။
ကျူးကော့မိသားစု၏ ခန်းမဆောင်ကြီးအတွင်း၌ မိသားစု ခေါင်းဆောင်သည် ပိုင်ချင်းကျွယ်ကို အစွန်းရောက်သော ရိုသေမှုများဖြင့် ဧည့်ခံနေပြီး စပါးလုံး တစ်ထောက်စာမျှပင် အမှားအယွင်းမရှိစေရန် ဂရုစိုက်နေလေ၏။ သို့ဖြစ်သော်ငြားလည်း မိသားစုခေါင်းဆောင်မှာ လူနုံတစ်ယောက် မဟုတ်ပါချေ။ မိမိတို့ ကျူးကော့မိသားစုနှင့် နတ်ဘုရားဘုရင်နန်းတော်မှာ မည်သည့် ပတ်သက်မှုမျှ မရှိခဲ့ဘဲ ပိုင်ချင်းကျွယ် ရုတ်တရက် ရောက်လာခြင်းမှာ တစ်စုံတစ်ခုသော ရည်ရွယ်ချက် ရှိလိမ့်မည်ဟု သူကောင်းစွာ ရိပ်မိထားသည်။
မိသားစု ခေါင်းဆောင်က ရိုသေစွာဖြင့် ဆိုလိုက်၏။
"တတိယအကြီးအကဲ... လက်ဖက်ရည်လေး သောက်ပါဦး ခင်ဗျာ"
ပိုင်ချင်းကျွယ်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ခေါင်းဆောင်ကြီး... အဲဒီလောက်အထိ အားနာနေဖို့ မလိုပါဘူး။ တခြားအကြီးအကဲတွေလည်း ထိုင်ကြပါဦးဗျာ။ အရမ်းကြီး စည်းကမ်းကြီးနေဖို့ မလိုပါဘူး"
သူ၏ ဟန်ပန်မှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့နေပြီး အဆင့်မြင့်အကြီးအကဲတစ်ဦး၏ မာန်မာနများ လုံးဝ မပါဝင်ချေ။
"တတိယအကြီးအကဲကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ"
အကြီးအကဲများမှာ အံ့အားသင့်မှုနှင့်အတူ ကျေးဇူးတင်စကား ဆိုလိုက်ကြရသည်။ ပိုင်ချင်းကျွယ်၏ ရှေ့မှောက်တွင် သူတို့မှာ အကြီးအကျယ် ရိုသေနေကြရရုံသာမက အနည်းငယ်မျှပင် မပေါ့ဆရဲကြပါချေ။
ကျူးကော့မိသားစုခေါင်းဆောင်က ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်၏။
"တတိယအကြီးအကဲ ခင်ဗျာ... ကျွန်တော်တို့ ကျူးကော့မိသားစုကို ခုလို ကြွရောက်ချီးမြှင့်တာ ဘာကိစ္စများ ရှိလို့လဲဆိုတာ သိပါရစေ။ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘယ်ကိစ္စကိုမဆို ငြင်းမှာ မဟုတ်ပါဘူး ခင်ဗျာ"
ပိုင်ချင်းကျွယ်က ခေါင်းကို အသာအယာ ညိတ်ပြရင်း ၊
"တကယ်တော့ တခြားတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ဒီကိုလာတာက မော့လင်အာ ကို လာခေါ်တာပါ။ နန်းတော်သခင်ကိုယ်တိုင်က မော့လင်အာ ကို တော်တော်လေး သဘောကျနေတာမို့လို့... ဒီကိစ္စကို ခေါင်းဆောင်ကြီးနဲ့ ဆွေးနွေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ"
"မော့လင်အာ ဟုတ်လား..."
ထိုစကားကို ကြားလိုက်ရသောအခါ မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများမှာ တုန်လှုပ်သွားကြရသည်။ နတ်ဘုရားဘုရင်နန်းတော်၏ မိသားစုခေါင်းဆောင်ကိုယ်တိုင်က မော့လင်အာကို သတိပြုမိနေသည် တဲ့လား။
"ဟုတ်ပါတယ်... သခင်လေးကျူးကော့နဲ့ အတူတူရှိနေတဲ့ မိန်းကလေးလေ။ နန်းတော်သခင်က ပြောလိုက်ပါသေးတယ်။ ခေါင်းဆောင်ကြီးဘက်ကသာ သဘောတူမယ်ဆိုရင်... သခင်လေးကျူးကော့ကိုလည်း နတ်ဘုရားဘုရင်နန်းတော်ရဲ့ တပည့်တစ်ယောက်အဖြစ် လက်ခံပေးမယ်တဲ့ဗျာ"
ကျူးကော့မိသားစုခေါင်းဆောင်မှာ ချက်ချင်းပင် အတိုင်းအဆမဲ့သော ဝမ်းသာအားရမှုများဖြင့် မျက်နှာတစ်ခုလုံး ဝင်းပသွားတော့သည်။
"ကောင်းလိုက်လေဗျာ... တကယ့်ကို ကောင်းတဲ့သတင်းပဲ။ နန်းတော်သခင်ကိုယ်တိုင်က မိန့်ကြားသလို... တတိယအကြီးအကဲ ကိုယ်တိုင်လည်း ကြွလာတာဆိုတော့... ကျွန်တော့်ဘက်က ငြင်းစရာ အကြောင်း လုံးဝ မရှိပါဘူး ခင်ဗျာ"
ပိုင်ချင်းကျွယ်ကလည်း 'မင်း လူတတ်ပဲ' ဆိုသည့် အကြည့်မျိုးဖြင့် ခေါင်းညိတ်ပြ၏။ အကယ်၍ ကျူးကော့လျန်ချန်သာ နတ်ဘုရားဘုရင်နန်းတော်၏ တပည့် ဖြစ်သွားမည်ဆိုပါက ကျူးကော့မိသားစု၏ အဆင့်အတန်းမှာ ကောင်းကင်ယံအထိ ထိုးတက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အကြီးအကဲများမှာလည်း အိပ်မက် မက်နေသည့်အလား ခံစားနေကြရရင်း ဝမ်းသာပီတိ ဖြစ်နေကြတော့သည်။
"တတိယအကြီးအကဲ ခင်ဗျာ... ခဏလေး စောင့်ပေးပါဦး။ ကျွန်တော် အခုချက်ချင်းပဲ လင်အာ နဲ့ လျန်ချန် ကို လာခိုင်းလိုက်ပါ့မယ်"
မိသားစုခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ ဒါက ကျူးကော့မိသားစုအတွက် ရခဲလှသော အခွင့်အရေးကြီး ဖြစ်သဖြင့် လုံးဝ အလွတ်မခံနိုင်ပါချေ။
ထိုအခိုက်အတန့်၌ အခန်းအတွင်း ကျင့်ကြံနေသော မော့လင်အာမှာ နတ်ဘုရားဘုရင်နန်းတော်၏ တတိယအကြီးအကဲ ကိုယ်တိုင် ရောက်ရှိနေကြောင်း ကြားလိုက်ရသဖြင့် အလွန် အံ့အားသင့်သွားရ၏။
ဤမျှ အစွမ်းထက်လှသော အင်အားစုကြီးက သူမကို အဘယ်ကြောင့် စိတ်ဝင်စားရသနည်း ဆိုသည်မှာ သူမအတွက်တော့ ပဟေဠိပင်။ သို့သော်လည်း လျှို့ဝှက်ပုဂ္ဂိုလ်ကြီး ပြောခဲ့သော စကားများကို သတိရလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်ဝန်းများ ဝင်းပသွားကာ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့တော့သည်။
တစ်ဖက်တွင်လည်း ကျူးကော့လျန်ချန်မှာ နတ်ဘုရားဘုရင်နန်းတော်၏ တပည့်အဖြစ် လက်ခံခြင်း ခံရမည်ကို သိလိုက်ရသဖြင့် ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။ လူတိုင်း အိပ်မက်မက်နေရသော အခွင့်အရေးကြီးက သူ၏ လက်ထဲသို့ အလိုအလျောက် ကျရောက်လာခြင်းပင် မဟုတ်ပါလော။
ခန်းမဆောင်ကြီးအတွင်းသို့ ကျူးကော့လျန်ချန်နှင့် မော့လင်အာတို့ ဝင်ရောက်လာကြ၏။
"မော့လင်အာနဲ့ ကျူးကော့လျန်ချန်... တတိယအကြီးအကဲကို ဂါရဝပြုပါတယ် ခင်ဗျာ"
သူတို့နှစ်ဦးစလုံးမှာ ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။ ပိုင်ချင်းကျွယ်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါမှသာ အရာအားလုံးမှာ အစစ်အမှန် ဖြစ်ကြောင်း သူတို့ အပြည့်အဝ ယုံကြည်သွားကြလေတော့သည်။
ပိုင်ချင်းကျွယ်က သူတို့နှစ်ဦးကို အကဲခတ်ကြည့်ရင်း ကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်လာသည်။
သို့သော် သူ၏ အကြည့်များက မော့လင်အာထံသို့ ကျရောက်သွားသည့်အခါတွင်မူ... ပိုင်ချင်းကျွယ်၏ မျက်ဝန်းများထဲတွင် မသိမသာသော ရိုသေမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"မင်းတို့လည်း အကုန်လုံး ကြားပြီးလောက်ပြီ ထင်ပါတယ်။ ဒါပေမဲ့ ငါကတော့ မင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင် မေးချင်သေးတယ်။ မင်းတို့ရဲ့ ရွေးချယ်မှုကို ငါကတော့ အလေးထားပါတယ်"
ပိုင်ချင်းကျွယ်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။
ကျူးကော့လျန်ချန်က သူ၏ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ပေ။
"လက်ခံပါတယ် ခင်ဗျာ။ နတ်ဘုရားဘုရင်နန်းတော်မှာ ပညာသင်ခွင့် ရတာက ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာကြီးပါပဲ"
"တတိယအကြီးအကဲ... လင်အာလည်း ဆုံးဖြတ်ချက် ချပြီးပါပြီ"
မော့လင်အာကလည်း ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ..."
ပိုင်ချင်းကျွယ်က ထပ်မံ၍ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက ကျူးကော့မိသားစုခေါင်းဆောင်ဘက်သို့ လှည့်ကာ ပစ္စည်းအချို့ကို စားပွဲပေါ်တွင် တင်လိုက်ရင်း ပြုံးကာ ပြောလိုက်၏။
"ခေါင်းဆောင်ကြီး... ဒီစာလိပ် သုံးခုကတော့ မြေကမ္ဘာအဆင့် ကျင့်စဉ်တွေနဲ့ သိုင်းကွက်တွေပါ။ ပြီးတော့ ဒါက အဆင့်နိမ့် အင်မော်တယ်လက်နက် တစ်ခုပေါ့။ ဒါတွေကို ခေါင်းဆောင်ကြီး သေသေချာချာ သိမ်းထားလိုက်ပါ။ ဒါက ကျုပ်တို့ နန်းတော်သခင်ရဲ့ စေတနာပဲ"
"မြေကမ္ဘာအဆင့် ကျင့်စဉ်တွေနဲ့... အင်မော်တယ်လက်နက် တစ်ခု ဟုတ်လား..."
မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများမှာ အကြီးအကျယ် တုန်လှုပ်သွားကြပြီး နေရာတင် မှင်သက်သွားကြလေတော့သည်။ အင်မော်တယ်လက်နက်ကို ဆုလာဘ်အဖြစ် ပေးသနားသည် တဲ့လား။
ကျူးကော့လျန်ချန်နှင့် မော့လင်အာတို့မှာလည်း ဆွံ့အသွားကြရ၏။ မြေကမ္ဘာအဆင့် ကျင့်စဉ်ဆိုသည်မှာပင် ခဲယဉ်းလှသော်လည်း... အင်မော်တယ်လက်နက်ကိုပါ လက်ဆောင်ပေးသည်ဆိုခြင်းမှာ တကယ့်ကို မယုံနိုင်စရာပင်။ ၎င်းမှာ တိုက်ကြီးပေါ်ရှိ ကျင့်ကြံသူတိုင်း အိပ်မက်မက်နေကြရသော ရတနာကြီး မဟုတ်ပါလော။ တိုက်ကြီး၏ အစွမ်းအထက်ဆုံး အင်အားစု ဖြစ်သည့်အတိုင်း သူတို့၏ ရက်ရောမှုမှာ တကယ့်ကို ကြီးမားလှသည်။
"နတ်ဘုရားဘုရင်နန်းတော်သခင်ကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ ကျေးဇူးအထူး တင်ရှိပါတယ်"
မိသားစုခေါင်းဆောင်က အဆက်မပြတ် ကျေးဇူးတင်စကား ဆိုနေမိတော့သည်။
သူ အိပ်မက်ထဲတွင်ပင် မမျှော်လင့်ရဲခဲ့သော အင်မော်တယ်လက်နက်ကို ယခုအခါ ပိုင်ဆိုင်ခွင့် ရလိုက်ပြီ မဟုတ်ပါလော။ သူသည် အိပ်မက် မက်နေသည်ဟုသာ ခံစားနေရပြီး အကယ်၍ အိပ်မက်ဖြစ်လျှင်ပင် မနိုးထချင်တော့ပါချေ။
"ခေါင်းဆောင်ကြီး... ကျွန်တော် သူတို့ကို ခေါ်ပြီး ပြန်သွားရဦးမယ်။ အချိန် သိပ်မရလို့ ဒီမှာ အကြာကြီး မနေတော့ဘူးနော်"
ပိုင်ချင်းကျွယ်က ညင်သာစွာ ဆိုလိုက်၏။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ခင်ဗျာ။ တတိယအကြီးအကဲ... ကြွပါ ခင်ဗျာ"
မိသားစုခေါင်းဆောင်က အကြီးအကျယ် ရိုသေစွာဖြင့် ခေါင်းကို တရစပ် ညိတ်ပြနေလေတော့သည်။ ပိုင်ချင်းကျွယ် ရောက်ရှိလာမှုကပင် ကျူးကော့မိသားစုအတွက် ကြီးမားလှသော ဂုဏ်ကျက်သရေကို ရရှိစေခဲ့ပြီ ဖြစ်ရာ မိသားစုခေါင်းဆောင်က အကြာကြီး မနေခိုင်းရဲတော့ပါချေ။
"လျန်ချန်... တတိယအကြီးအကဲရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်နဲ့နော်။ ပြဿနာတွေလည်း မရှာနဲ့ဦး"
မိသားစုခေါင်းဆောင်က သူ၏သားကို အသည်းအသန် မှာကြားလိုက်၏။
"အဖေ စိတ်ချပါ။ ကျူးကော့မိသားစုရဲ့ မျက်နှာကိုလည်း အပျက်မခံသလို... တတိယအကြီးအကဲကိုလည်း စိတ်ပျက်အောင် မလုပ်ပါဘူး"
ကျူးကော့လျန်ချန်က ခိုင်မာစွာ အာမခံလိုက်လေ၏။ ဒါက သူ၏ ဘဝအတွက် အကောင်းဆုံးသော အခွင့်အရေးကြီး ဖြစ်ကြောင်း သူကောင်းစွာ သိရှိထားသည်။
"မင်းရဲ့ ပါရမီနဲ့ဆိုရင်... နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာပါ"
ပိုင်ချင်းကျွယ်က ချီးကျူးစကား ဆိုလိုက်၏။
"တတိယအကြီးအကဲ စိတ်ချပါ။ ကျွန်တော် ကြိုးစားပြီး ကျင့်ကြံပါ့မယ်"
ကျူးကော့လျန်ချန်က ရိုသေစွာ တုံ့ပြန်လိုက်သည်။
သို့သော် ကျူးကော့လျန်ချန်၏ ရင်ထဲတွင်မူ ကောက်ကျစ်လှသော အပြုံးတစ်ခုနှင့်အတူ အမုန်းတရားများက တောက်လောင်နေ၏။
'ဖုန်းဝူချန်... မင်း ဒါမျိုး ဖြစ်လာမယ်လို့ ထင်မထားဘူးမလား။ ငါ ကျူးကော့လျန်ချန် အတွက် အခွင့်အရေး ရောက်လာပြီကွ။ မင်း စောင့်နေလိုက်စမ်းပါ' ဟု တိတ်တဆိတ် ကြွေးကြော်နေလေသည်။
အခန်း (၆၉၂) - တိုက်ရိုက်တပည့်
~မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့သည် ပိုင်ချင်းကျွယ်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါရင်း ကျူးကော့မိသားစု၏ စံအိမ်တော်ကြီးအတွင်းမှ ထွက်ခွာလာခဲ့ကြလေ၏။ စံအိမ်တော်အပြင်ဘက်ရှိ လမ်းမများပေါ်တွင်မူ စပ်စုလိုသည့် လူအုပ်ကြီးမှာ ပြည့်နှက်နေဆဲပင် ဖြစ်သည်။ လူအုပ်ကြီး၏ ဇဝေဇဝါဖြစ်နေသော အကြည့်များ၊ သိချင်စိတ် ပြင်းပြနေသော အကြည့်များကြားမှပင် ပိုင်ချင်းကျွယ်သည် ထိုလူငယ်နှစ်ဦးကို ဦးဆောင်ကာ ဟင်းလင်းပြင်အတွင်းသို့ ပျံတက်သွားတော့သည်။
"ကျူးကော့မိသားစုရဲ့ သခင်လေးနဲ့ မော့လင်အာက တတိယအကြီးအကဲနဲ့အတူ လိုက်သွားကြပြီဟေ့... ဘာတွေ ဖြစ်ကုန်တာလဲ"
"တတိယအကြီးအကဲက ဘာလို့ ဒီလောက်အမြန် ပြန်သွားရတာလဲ"
"သခင်လေးကျူးကော့ကများ နောက်ထပ် ပြဿနာတစ်ခုခု ထပ်ရှာမိလို့လား... ဒါပေမဲ့ ကြည့်ရတာတော့ အဲဒီလိုပုံစံ မဟုတ်ဘူးနော်"
လူအုပ်ကြီးအတွင်း၌ နားမလည်နိုင်မှုများဖြင့် ဆူညံပွက်လောရိုက်နေပြီး အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြ၏။ ပိုင်ချင်းကျွယ်က ထိုနှစ်ဦးကို ခေါ်ဆောင်သွားပြီးနောက်တွင်မှ လူအုပ်ကြီး၏ အာရုံမှာ ကျူးကော့မိသားစုခေါင်းဆောင်ထံသို့ ရောက်ရှိသွားတော့သည်။ မိသားစုခေါင်းဆောင်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါတွင်မူ... လူတိုင်းမှာ အစွန်းရောက်သော အံ့အားသင့်မှုများနှင့်အတူ မနာလိုအားကျမှုများဖြင့် ပြည့်နှက်သွားကြပြီး ကျူးကော့မိသားစုခေါင်းဆောင်ကို ဝိုင်းဝန်းဂုဏ်ပြုကြလေတော့သည်။ ထိုအခါ ကျူးကော့မိသားစု၏ အဆင့်အတန်းမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ရပြီ ဖြစ်သည်။ နတ်ဘုရားဘုရင်နန်းတော်၏ ကျောထောက်နောက်ခံကို ရရှိထားမှတော့ မည်သူကများ ကျူးကော့မိသားစုကို လာရောက်စော်ကားရဲပါဦးမည်နည်း။
---
နတ်ဘုရားဘုရင်နန်းတော်သို့ ပြန်လည်ရောက်ရှိချိန်တွင် သူတို့ကို ကြိုဆိုနှုတ်ဆက်သူမှာ အခြားသူမဟုတ်၊ နန်းတော်၏ သခင်လေး လိန်ဟွန်း ပင် ဖြစ်သည်။
"နတ်ဘုရားဘုရင်နန်းတော်ကနေ ကြိုဆိုပါတယ်။ အခုကစပြီး မင်းတို့နှစ်ယောက်လည်း ငါတို့နန်းတော်ရဲ့ တပည့်တွေ ဖြစ်သွားပြီပေါ့"
လိန်ဟွန်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။
"သခင်လေးကို ဂါရဝပြုပါတယ် ခင်ဗျာ"
မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာ အစွန်းရောက်သော ရိုသေမှုများဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
လိန်ဟွန်းက ရယ်မောရင်း ပြန်လည်မှာကြားလိုက်၏။
"အရမ်းကြီးတော့ အားမနာကြပါနဲ့။ နောင်ဆိုရင်လည်း ငါ့ကို 'အစ်ကိုလိန်' လို့ပဲ ခေါ်ကြပေါ့"
လိန်ဟွန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူတို့ကို ဤမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေခြင်းမှာ တစ်စုံတစ်ခုသော အကြောင်းပြချက် ရှိလိမ့်မည်ဟု သူတို့ အနည်းငယ်တော့ ရိပ်မိထားသည်။ လိန်ဟွန်းကိုယ်တိုင် ထွက်၍ ကြိုဆိုနေသည်ကို မြင်သောအခါ မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာ အံ့အားသင့်မှုကြောင့် ရင်တုန်နေကြရပြီး ယုံကြည်ရန်ပင် ခဲယဉ်းနေတော့သည်။ နန်းတော်အတွင်းရှိ အခြားတပည့်များကလည်း သူတို့ကို အလွန်ရိုသေစွာ ဆက်ဆံနေကြသည်မှာ ကျူးကော့လျန်ချန်တို့အတွက်တော့ ပဟေဠိတစ်ခုပင်။
'ဒါ... သူနဲ့ ပတ်သက်နေလို့လား'
မော့လင်အာက စိတ်ထဲမှ တိတ်တဆိတ် မှန်းဆနေမိ၏။
သူမ၏ အမျိုးသမီးတို့၏ ထက်မြက်သော အာရုံခံစားမှုမှာ အလွန်ပင် တိကျလှသည်။ နန်းတော်တပည့်များ၏ မျက်ဝန်းထဲမှ ရိုသေမှုနှင့် သတိထားစိုးရိမ်မှုများကို သူမ ခံစားနေရသည် မဟုတ်ပါလော။ နတ်ဘုရားဘုရင်နန်းတော်တွင် သူမထက် ပါရမီမြင့်မားသော သူများစွာ ရှိနေသည့်တိုင်အောင် နန်းတော်သခင်က သူမ၏ ပါရမီကို တစ်ခုတည်းကြောင့် စိတ်ဝင်စားနေသည်ဟု သူမ လုံးဝ မယုံကြည်ချေ။
'သူက... ဒီနတ်ဘုရားဘုရင်နန်းတော်ထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတာလား'
မော့လင်အာက တွေးတောရင်း ကျောချမ်းသွားသဖြင့် ဆက်လက် မစဉ်းစားရဲတော့ပါချေ။
လိန်ဟွန်းသည် မော့လင်အာနှင့် ကျူးကော့လျန်ချန်ကို ဦးဆောင်ကာ ခန်းမဆောင်ကြီးဆီသို့ ခေါ်ဆောင်သွား၏။ ခမ်းနားထည်ဝါလွန်းလှသော နန်းတော်ဆောင်ကြီးများကို မြင်လိုက်ရသောအခါ ထိုနှစ်ဦးမှာ အံ့အားသင့်မှင်သက်သွားကြရ၏။ သူတို့ဘဝတွင် ဤမျှ ကြီးကျယ်ခမ်းနားလှသော နေရာမျိုးသို့ တစ်ခါမျှ ခြေမချဖူးခဲ့ကြသည် မဟုတ်ပါလော။
ခန်းမဆောင်ကြီးအတွင်း၌မူ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီးတစ်ခုက သူတို့ကို ဆီးကြိုနေ၏။ ပဓာနနေရာတွင် နတ်ဘုရားဘုရင်နန်းတော်၏ မိသားစုခေါင်းဆောင် ထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်တွင်မူ ကာကွယ်ရေးမှူးများ၊ အကြီးအကဲများနှင့် ထိပ်ပိုင်းခေါင်းဆောင်များ နေရာယူထားကြ၏။ ၎င်းတို့မှာ နတ်ဘုရားဘုရင်နန်းတော်၏ အစွမ်းအထက်ဆုံး အင်အားစုများပင် ဖြစ်သည်။
နန်းတော်သခင်သည် နက်မှောင်သော ပိုးသားဝတ်ရုံခြုံကို ဆင်မြန်းထားပြီး သူ၏ လူလတ်ပိုင်းအရွယ် အသွင်အပြင်မှာပင် ကြောက်ရွံ့မှုကို ပေးစွမ်းနိုင်သော သူရဲကောင်းတစ်ဦး၏ အရှိန်အဝါ ထွက်ပေါ်နေတော့သည်။ သူ၏ ကျင့်ကြံခြင်းမှာ နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ရာ ခွန်အားမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှသည်။ မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာ ထိုဖိအားကြောင့် ချွေးအေးများပင် ပြန်လာကြပြီး မျက်နှာများမှာလည်း ဖြူလျော့နေတော့သည်။
"မော့လင်အာနဲ့ ကျူးကော့လျန်ချန်... နန်းတော်သခင်ကို ဂါရဝပြုပါတယ် ခင်ဗျာ"
သူတို့နှစ်ဦးစလုံးမှာ ရိုသေစွာဖြင့် ဝပ်စတွား ဦးညွှတ်လိုက်ကြ၏။
နန်းတော်သခင်က သူတို့ကို အကဲခတ်ကြည့်ရင်း ပြုံးရွှင်စွာဖြင့် တုံ့ပြန်လိုက်၏။
"အဲဒီလောက်အထိတော့ မလိုပါဘူးကွာ။ ထကြပါဦး"
"ကျူးကော့လျန်ချန်... ဒီနေ့ကစပြီး မင်းက တတိယအကြီးအကဲဆီမှာ ပညာသင်ရမယ်။ သူက မင်းကို တိုက်ရိုက်တပည့်တစ်ယောက်အဖြစ် လက်ခံလိုက်ပြီ"
နန်းတော်သခင်က မိန့်ကြားလိုက်၏။
"နန်းတော်သခင်ကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ"
ကျူးကော့လျန်ချန်မှာ အတိုင်းအဆမဲ့ စိတ်လှုပ်ရှားသွားရပြီး ချက်ချင်းပင် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ထို့နောက် နန်းတော်သခင်၏ အကြည့်များက မော့လင်အာထံသို့ ရောက်ရှိသွားပြီး သူက ပြုံးရင်း ဆိုလိုက်၏။
"မော့လင်အာ... မင်းက တော်တော်လေး ဉာဏ်ကောင်းပြီး ပါရမီလည်း ရှိတာပဲ။ အခုကစပြီး မင်းက မိသားစုခေါင်းဆောင်အကြီးအကဲဆီမှာ ပညာသင်ရမယ်။ သူက မင်းကို ကိုယ်တိုင်သင်ကြားပေးမယ့် ကိုယ်တိုင်သင်တပည့်အဖြစ် လက်ခံလိုက်ပြီ"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် နန်းတော်သခင်"
မော့လင်အာမှာလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတော့သည်။ သူမသည် ဤမျှ မြင့်မားသော အဆင့်အတန်းတစ်ခုကို ရရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ မိသားစုခေါင်းဆောင်အကြီးအကဲနှင့် တတိယအကြီးအကဲတို့၏ တပည့်များ ဖြစ်သွားကြပြီ ဖြစ်ရာ... သူတို့၏ အဆင့်အတန်းမှာ နတ်ဘုရားဘုရင်နန်းတော်ရှိ အခြားတပည့်များထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။ အကြီးဆုံး တပည့်ကြီးပင်လျှင် သူတို့ရှေ့တွင် ခေါင်းငုံ့နေရမည့် အခြေအနေ ဖြစ်သည်။
"ဟွန်းအာ... သူတို့ကို ခေါ်သွားပြီး အနားယူခိုင်းလိုက်ဦး"
နန်းတော်သခင်က မှာကြားလိုက်၏။
"အဖေ... မော့လင်အာနဲ့ ဖုန်းဝူချန်ကြားမှာ ရန်ငြိုးတွေ ရှိနေတယ်လို့ ကျွန်တော် ကြားထားတယ်။ နဂါးနတ်ဘုရားနန်းတော်ကို သွားနှိမ်နင်းတဲ့အခါ သူတို့ကိုပါ တစ်ခါတည်း ခေါ်သွားရင် မကောင်းဘူးလား။ ကျွန်တော့်အထင် သူတို့လည်း ငြင်းမှာ မဟုတ်ပါဘူး"
လိန်ဟွန်းက အကြံပြုလိုက်သည်။
"နဂါးနတ်ဘုရားနန်းတော်ကို နှိမ်နင်းမယ် ဟုတ်လား..."
မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရ၏။
"ဘယ်လိုလဲ... မင်းတို့ရော စိတ်ဝင်စားလား"
လိန်ဟွန်းက ခပ်ပြုံးပြုံးဖြင့် သူတို့ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"လိုက်မှာပေါ့... သေချာပေါက် လိုက်ရမှာပေါ့ဗျာ"
ကျူးကော့လျန်ချန်က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်ပြောဆိုလိုက်၏။
"ဒီနေ့ကို ကျွန်မ စောင့်နေခဲ့တာ ကြာပါပြီ။ ကျွန်မအဖေနဲ့ မိုမိသားစု တစ်ခုလုံးအတွက် ဖုန်းဝူချန်ကို ကလဲ့စားချေရမှာပဲ"
မော့လင်အာက သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း ဆိုလိုက်၏။ ယခု ရရှိထားသော အဆင့်အတန်းက သူမကို ဖုန်းဝူချန်နှင့် ရင်ဆိုင်ရန်အတွက် ခိုင်မာသော သတ္တိများကို ပေးစွမ်းနေတော့သည်။
ဖုန်းဝူချန်သည် ဝူကျိနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေသော ဆေးဧကရာဇ် ဖြစ်နေပါစေ၊ သူ၏ နောက်ကွယ်တွင် ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်တို့ ရှိနေပါစေ... မော့လင်အာကတော့ အနည်းငယ်မျှ ကြောက်ရွံ့မနေတော့ပါချေ။
'ဖုန်းဝူချန်... ငါ ဒီလို အခြေအနေမျိုး ရောက်လာမယ်လို့ နင် အိပ်မက်တောင် မမက်ဖူးဘူးမလား။ အခု ငါက နတ်ဘုရားဘုရင်နန်းတော်ရဲ့ မိသားစုခေါင်းဆောင်အကြီးအကဲ ရဲ့ ကိုယ်တိုင်သင်တပည့် ဖြစ်သွားပြီ။ နင့်ကို မြေမြှုပ်စရာ ကျင်းတောင် မရှိအောင် လုပ်ပြမယ်’
မော့လင်အာ၏ ရင်ထဲတွင် အတိုင်းအဆမဲ့သော စိတ်လှုပ်ရှားမှုနှင့် ကလဲ့စားချေလိုစိတ်များက တောက်လောင်နေလေတော့သည်။
"ဒါဆိုရင်လည်း... လိန်ဟွန်းနဲ့အတူ မင်းတို့ပါ လိုက်သွားကြပေါ့"
နန်းတော်သခင်က သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့ပါ ခင်ဗျာ"
"အချိန်ကလည်း တော်တော်လေး စေ့နေပြီပဲ။ သွားကြစို့... နဂါးနတ်ဘုရားနန်းတော်ဆီကို"
လိန်ဟွန်းက အေးစက်စက် လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်၏။
သူ၏ မျက်စိထဲတွင်တော့ နဂါးနတ်ဘုရားနန်းတော်ကြီး ပြိုလဲပျက်စီးနေပြီး ဖုန်းဝူချန် အသတ်ခံနေရသည့် မြင်ကွင်းကို ကြိုတင် မြင်ယောင်နေသည့်အလားပင်။
တစ်လဟူသော အချိန်မှာ ကုန်ဆုံးတော့မည် ဖြစ်ရာ လိန်ဟွန်း၏ စကားများမှာ အချည်းနှီး ဖြစ်လိမ့်မည် မဟုတ်ပါချေ။
"တပ်မှူးကြီး... အမိန့်ထုတ်လိုက်စမ်း။ ကောင်းကင်ဘုံလူသား အဆင့် (၅) လွှာနဲ့ အထက်မှာ ရှိတဲ့ တပည့်တွေ အကုန်လုံး ငါနဲ့အတူ နဂါးနတ်ဘုရားနန်းတော်ကို အခုချက်ချင်း လိုက်ခဲ့ရမယ်"
လိန်ဟွန်းက ပြတ်သားစွာ အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ သခင်လေး"
ခန်းမဆောင်အတွင်းရှိ တပ်မှူးကြီးက ရိုသေစွာ နာခံလိုက်သည်။
သိပ်မကြာမီမှာပင်... နတ်ဘုရားဘုရင်နန်းတော်၏ ဧရာမ ကွင်းပြင်ကြီးထက်တွင် ကောင်းကင်ဘုံလူသား အဆင့်ရှိ ပညာရှင် တစ်ထောင်ကျော် စုဝေးရောက်ရှိလာကြ၏။ သူတို့ကြားတွင် ထျန်းကျီဘုံ ပညာရှင် ဒါဇင်ပေါင်းများစွာလည်း ပါဝင်နေသဖြင့် တကယ့်ကို အားကောင်းလှသော စစ်အင်အားကြီး တစ်ခု ဖြစ်နေတော့သည်။
မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း 'အစွမ်းအထက်ဆုံး အင်အားစု' ဆိုသည့် အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သွားကြတော့သည်။ ဤစစ်အင်အားကြီးမှာပင် နတ်ဘုရားဘုရင်နန်းတော်၏ အင်အားအစစ်အမှန်၏ အစွန်းအဖျားမျှသာ ရှိသေးသည် မဟုတ်ပါလော။
"သခင်လေး... နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေကိုရော ခေါ်သွားဖို့ လိုမလား ခင်ဗျာ"
တပ်မှူးကြီးက ရိုသေစွာ မေးမြန်းလိုက်၏။
လိန်ဟွန်းက မထီမဲ့မြင် လေသံဖြင့် တုံ့ပြန်လိုက်သည်။
"မလိုပါဘူး။ ဒီလူတွေနဲ့တင် လုံလောက်ပါတယ်။ မင်းပဲ ငါနဲ့အတူ လိုက်ခဲ့... လိုရမယ်ရပေါ့။ အကယ်၍ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကသာ ဝင်ပါမယ် ဆိုရင်တော့... သူတို့ကိုပါ တစ်ခါတည်း သတ်ပစ်လိုက်လို့ ရတာပဲ။ နဂါးနတ်ဘုရားနန်းတော် ဆိုတာကတော့ ထည့်ပြောဖို့တောင် မထိုက်ပါဘူး။ လင်ရှောင်ရှောင် ဆိုတဲ့ ကောင်မလေး တစ်ယောက်ပဲ ရှိတာ... အခုတော့ သူ့ကိုလည်း ငါတို့ ကြောက်နေစရာ မလိုတော့ဘူးလေ"
နဂါးနတ်ဘုရားနန်းတော်တွင် လူရာဂဏန်းမျှသာ ရှိပြီး လင်ရှောင်ရှောင်မှလွဲလျှင် လိန်ဟွန်း ကြောက်ရွံ့ရမည့်သူ မရှိပါချေ။
"ထွက်ခွာကြစို့"
လိန်ဟွန်းက ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
"ဝီ... ဝီ..."
ပညာရှင် တစ်ထောင်ကျော်မှာ ကောင်းကင်ယံသို့ တပြိုင်နက်တည်း ထိုးတက်သွားကြပြီး ဝူကျိနယ်မြေရှိ ကြယ်တာရာနယ်မြေ နဂါးနတ်ဘုရားနန်းတော်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြတော့သည်။ လေကိုခွင်းသော အသံများက ဟိန်းထွက်နေပြီး တကယ့်ကို အရှိန်အဝါ ကြီးမားလှသည်။ ဤမျှကြီးမားသော စစ်အင်အားမှာ ဝူကျိနယ်မြေ တစ်ခုလုံးကို အလွယ်တကူ ခြေမှုန်းပစ်ရန်ပင် လုံလောက်နေတော့သည်။
'ဖုန်းဝူချန်... မင်းရဲ့ သေနေ့ ရောက်ပြီကွ'
ကျူးကော့လျန်ချန်၏ ရင်ထဲတွင် အူမြူးစွာ အော်ဟစ်နေမိလေ၏။
အခန်း (၆၉၃) - တိုက်ပွဲစတင်ခြင်း
~နဂါးနတ်ဘုရား နန်းတော်။
တစ်လဟူသော အချိန်ကာလသည် ကုန်ဆုံးရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်ရှိ လူတိုင်းသည် ကြီးမားလှသော တိုက်ပွဲကြီးအတွက် အသင့်ပြင်ဆင်ထားကြကုန်၏။
ဒဏ်ရာကုသသည့် ဆေးလုံးများနှင့် အစစ်အမှန်ယွမ်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဆေးရည်များအားလုံးကိုလည်း အိတ်သွန်ဖာမှောက် ဝေငှပေးထားပြီး ဖြစ်သည်။
ဆေးဆရာကြီး ဟန်ခွန်းသည် သူသိကျွမ်းသော အစွမ်းထက်ပုဂ္ဂိုလ်များအားလုံးထံသို့ အကူအညီတောင်းခံသည့် သတင်းစကားများကို ကြိုတင်ပေးပို့ထားခဲ့၏။ ဝူကျိနယ်မြေ၏ ငရဲဒေသများမှ အစွမ်းထက် ဆေးပညာရှင် အမြောက်အမြားသည်လည်း ထိုတောင်းဆိုမှုကို တုံ့ပြန်ခဲ့ကြသည်။ သူတို့သည် မိမိတို့၏ ကျယ်ပြန့်လှသော လူမှုကွန်ရက်များကို အသုံးပြုကာ ထိပ်တန်းစစ်သည်တော်များစွာကို စုစည်းခဲ့ကြပြီး နဂါးနတ်ဘုရား နန်းတော်ကို ကူညီရန်အတွက် အင်အားတောင့်တင်းလှသော အဖွဲ့ကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြတော့သည်။
ထိုဧရာမ အဖွဲ့ကြီးတွင် လူရာပေါင်းများစွာ ပါဝင်ပြီး အားလုံးမှာ ကျွမ်းကျင်လှသော စစ်သည်တော်များ ဖြစ်ကြသည့်အပြင် ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်ပင် ပါဝင်၏။
၎င်းတို့အထဲတွင် ဝင်္ကပါပင်လယ်နယ်မြေမှ အဆင့် (၈) ဆေးပညာရှင်ကြီး ဖြစ်သော ထျန်းရှန်းဇီ လည်း ပါဝင်နေ၏။ သူသည် ဝူကျိနယ်မြေ၏ ကိုယ်စားပြု ဆေးပညာရှင်ကြီး တစ်ဦးပင် ဖြစ်သည်။
ထျန်းရှန်းဇီသည် ဝူကျိနယ်မြေသာမက တိုက်ကြီးတစ်ခုလုံးတွင်ပါ ဩဇာတိက္ကမ ကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ အမိန့်တစ်ခွန်းသည် အစွမ်းထက် ပညာရှင်များစွာကို သူ၏ ရှေ့မှောက်တွင် ဒူးထောက်စေရန် လုံလောက်သည်။ အမှန်စင်စစ် ဆေးဆရာကြီး ဟန်ခွန်း တစ်ဦးတည်း၏ အင်အားဖြင့် ဤမျှ အစွမ်းထက်လှသော ပညာရှင်များကို စုစည်းနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။ သို့သော် ဆေးဧကရာဇ် ၏ မျက်နှာကို ထောက်ထားသောကြောင့် ဆေးပညာရှင် အများအပြားသည် ဤတိုက်ပွဲတွင် ကူညီရန်မှာ မိမိတို့၏ တာဝန်ဖြစ်သည်ဟု ခံယူထားကြခြင်း ဖြစ်သည်။ ထျန်းရှန်းဇီသည်လည်း ထိုသူများအနက် တစ်ဦးပင်။
ရန်သူသည် နတ်ဘုရားဘုရင်နန်းတော် ဖြစ်နေသည့်တိုင်အောင် ထျန်းရှန်းဇီသည် နဂါးနတ်ဘုရား နန်းတော်ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းတည်း။
ထို့အပြင် လေလံရုံမှ လင်မိုယန် အပါအဝင် အခြားသော အစွမ်းထက် ပညာရှင်များစွာသည်လည်း ကူညီရန် ရောက်ရှိနေကြလေပြီ။ အင်အားကြီး ပညာရှင် ရာပေါင်းများစွာ၏ အကူအညီကြောင့် နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ အလွန်ပင် ကျေးဇူးတင်မိကြရသကဲ့သို့ စိတ်ဓာတ်များလည်း အနည်းငယ် ပြန်လည် မြင့်တက်လာကြတော့၏။
တစ်ဖက်တွင်လည်း နတ်ဘုရားဘုရင်နန်းတော်၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော စစ်တပ်ကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ချီတက်လာနေပြီ ဖြစ်သည်။ သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အင်အားစု အငယ်အနှောင်းများမှာ ထိုထက်ရှသော အရှိန်အဝါကြီးကြောင့် တဆတ်ဆတ် တုန်ယင်နေကြရ၏။
နဂါးနတ်ဘုရား နန်းတော်အတွင်း၌ ထျန်းရှန်းဇီသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။
"သူတို့ ရောက်လာကြပြီ..."
"ရောက်လာကြပြီလား... ဒီလောက်တောင် မြန်တာလား"
လျိုချင်းယန်မှာ အံ့အားသင့်တကြီးဖြင့် အော်ဟစ်လိုက်၏။
ယီထျန်းချင်းကမူ မျက်နှာကို တင်းတင်းထားကာ ဝင်ရောက်ပြောဆိုလိုက်သည်။
"နန်းတော်သခင်ကတော့ အခုထိ ပြန်မရောက်သေးဘူး"
ထျန်းရှန်းဇီက လေးနက်သော အသံဖြင့် မှာကြားလိုက်၏။
"ကြည့်ရတာ ဆေးဧကရာဇ်ကို စောင့်ဖို့ အချိန်ရတော့မယ် မထင်ဘူး။ လိန်ဟွန်းက တော်တော်လေး ရက်စက်တဲ့ကောင်ပဲ။ ငါတို့ကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး"
ထျန်းရှန်းဇီ၏ စကားအဆုံးတွင် လူတိုင်း၏ မျက်နှာများမှာ တင်းမာသွားကြပြီး ကောင်းကင်ယံဆီသို့ တုန်လှုပ်ခြောက်ခြားစွာဖြင့် မော့ကြည့်လိုက်ကြတော့သည်။
"လိန်ဟွန်း..."
ထျန်းကျီဘုံ တတိယအလွှာရှိ အကြီးအကဲ တစ်ဦးက အံကို တင်းတင်းကြိတ်ကာ ရေရွတ်လိုက်၏။
"နတ်ဘုရားဘုရင်နန်းတော်ရဲ့ တပ်မှူးကြီး ပေတိုယန်စန်း လည်း ပါလာတာပဲ"
ထျန်းကျီဘုံ သတ္တမအလွှာရှိ အကြီးအကဲ တစ်ဦးကလည်း တည်ကြည်လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
အဆင့် (၇) ဆေးပညာရှင် ရှားယွင်ရွှမ်ကမူ အခြေအနေကို အကဲခတ်ရင်း မှာကြားလိုက်၏။
"ကောင်းကင်ဘုံလူသားအဆင့် တစ်ထောင်ကျော်နဲ့... ထျန်းကျီဘုံ ပညာရှင် ၃၂ ယောက်တောင်လား။ ကြည့်ရတာ လိန်ဟွန်းက နဂါးနတ်ဘုရား နန်းတော်ကိုတင် မကဘဲ ဆေးဧကရာဇ်ကိုပါ အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားပုံရတယ်"
ထိုစစ်အင်အားကို ကြားလိုက်ရသောအခါ လျိုချင်းယန်နှင့် အခြားသူများမှာ အလွန် ထိတ်လန့်သွားကြရသည်။ ရန်သူသည် လူအင်အားသာမက ပညာရှင်အဆင့်အတန်းတွင်ပါ အပြတ်အသတ် သာလွန်နေသည် မဟုတ်ပါလော။ နတ်ဘုရားဘုရင်နန်းတော်မှ ပါလာသော ကောင်းကင်ဘုံလူသားအဆင့် စစ်သည်တော်များမှာ အနည်းဆုံး အဆင့် (၅) လွှာနှင့် အထက်တွင် ရှိနေကြသဖြင့် နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေကြပြီ ဖြစ်သည်။
တိုက်ပွဲကြီး မစတင်မီမှာပင် နဂါးနတ်ဘုရား နန်းတော်မှာ တစ်ဝက်ခန့် ရှုံးနိမ့်နေသည့်အလား ခံစားနေကြရ၏။
"ဝီ... ဝီ..."
နတ်ဘုရားဘုရင်နန်းတော်မှ စစ်သည်တော်များကို မျက်စိဖြင့် မမြင်ရသေးမီမှာပင် သူတို့၏ ပြင်းထန်လှသော အရှိန်အဝါများနှင့် ဟင်းလင်းပြင် တုန်ခါသံများကို ကြားနေရပြီ ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော် အမြောက်အမြားမှာမူ အကြောက်တရားကြောင့် တံတွေးကို ခက်ခဲစွာ မျိုချနေကြရတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ထိုအခိုက်အတန့်၌ ပြင်းထန်လှသော လေကိုခွင်းသည့် အသံများ ထွက်ပေါ်လာပြီး ကောင်းကင်ယံထက်တွင် အမည်းရောင် လူရိပ်များ လျှပ်တစ်ပြက် ပေါ်ထွက်လာကြ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပညာရှင် တစ်ထောင်ကျော်သည် နဂါးနတ်ဘုရား နန်းတော်၏ အထက်တွင် နေရာယူလိုက်ကြတော့သည်။ ခြောက်ခြားဖွယ်ကောင်းလှသော ဖိအားမှာ နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
လိန်ဟွန်း ဦးဆောင်လာသော နတ်ဘုရားဘုရင်နန်းတော်၏ စစ်တပ်ကြီးမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။
"ဖုန်းဝူချန်... အခုချက်ချင်း ထွက်ခဲ့ပြီး သေပေးလိုက်တော့"
လိန်ဟွန်း၏ မိုးခြိမ်းသံပမာ ဟိန်းထွက်လာသော အော်ဟစ်သံသည် နန်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး လူတိုင်း၏ ရင်ကို သိမ့်သိမ့်ခါသွားစေတော့သည်။
"အစ်ကိုလျို... ဟိုမှာကြည့်စမ်း။ မော့လင်အာနဲ့ ကျူးကော့လျန်ချန် ပါလား"
မြောင်ချင်းချင်းက အလန့်တကြား အော်ဟစ်လိုက်သဖြင့် လူတိုင်း၏ အကြည့်များမှာ ထိုနှစ်ဦးထံသို့ ရောက်ရှိသွားတော့သည်။
"တကယ်ကြီး မော့လင်အာပဲ။ သူက ဘယ်လိုဖြစ်ပြီး လိန်ဟွန်းနဲ့ ပါလာတာလဲ။ ပြီးတော့ သူ့ကျင့်ကြံခြင်းကလည်း ကောင်းကင်ဘုံလူသားအဆင့် (၄) လွှာတောင် ဖြစ်နေပြီ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လျိုချင်းယန်မှာ လုံးဝ ကြောင်အသွားရပြီ ဖြစ်သည်။ အခြားသူများမှာလည်း ကိုယ့်မျက်လုံးကိုယ်.. မယုံကြည်နိုင်အောင် ဖြစ်နေကြရ၏။
မော့လင်အာ၏ ကျင့်ကြံခြင်းမှာ တစ်ညတည်းနှင့် ထျန်းယွမ်ဘုံမှ ကောင်းကင်ဘုံလူသားအဆင့်သို့ ခုန်တက်သွားခြင်း ဖြစ်ရာ ဒါက လုံးဝ ယုတ္တိမရှိလှပါချေ။
"တကယ်တမ်း ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူး"
လင်ရှောင်ရှောင်ကလည်း မျက်မှောင်ကြုတ်ကာ တီးတိုး ဆိုလိုက်သည်။
ကျူးကော့မိသားစုကဲ့သို့သော အညတရမိသားစုမှာ နတ်ဘုရားဘုရင်နန်းတော်နှင့် ပတ်သက်ခွင့် ရရန်မှာ အစကတည်းက မဖြစ်နိုင်သည့် ကိစ္စပင် မဟုတ်ပါလော။
"နန်းတော်သခင်က သူတို့ကို စောစောစီးစီး သတ်ပစ်လိုက်သင့်တာ"
ပေတိုယန်စန်းက အေးစက်စွာ မှတ်ချက်ချလိုက်သည်။
"ဖုန်းဝူချန် ဘယ်မှာလဲ"
လိန်ဟွန်း၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွား၏။ သူသည် ဖုန်းဝူချန်၏ အရိပ်အယောင်ကို မတွေ့ရသကဲ့သို့ အရှိန်အဝါကိုလည်း အာရုံမခံနိုင်သောကြောင့် ဖြစ်သည်။
"နန်းတော်သခင် ပြန်မရောက်သေးဘူး"
ဟန်ခွန်းက လေးနက်သော အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
"ဟွန်း... ဖုန်းဝူချန်က ကြောက်လို့ ပုန်းနေတာ ဖြစ်မှာပေါ့"
ကျူးကော့လျန်ချန်က မထီမဲ့မြင် လေသံဖြင့် လှောင်ပြောင်လိုက်သည်။
"မင်းရဲ့ ပါးစပ်ပုပ်ကို ပိတ်ထားစမ်း"
လျိုချင်းယန်က ဒေါသတကြီးဖြင့် ကျူးကော့လျန်ချန်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်လေတော့သည်။
"ထျန်းရှန်းဇီ... ရှားယွင်ရွှမ်... ခင်ဗျားတို့က ငါတို့ နတ်ဘုရားဘုရင်နန်းတော်နဲ့ ရန်သူ လုပ်ချင်တာလား"
လိန်ဟွန်းက ရက်စက်သော အကြည့်များဖြင့် ထျန်းရှန်းဇီတို့ကို ဝေ့ကြည့်ကာ မေးမြန်းလိုက်၏။
ထျန်းရှန်းဇီကမူ အေးအေးဆေးဆေးပင် ချေပလိုက်သည်။
"သခင်လေးလိန်ဟွန်း... ကျုပ်က ဆေးဧကရာဇ်ရဲ့ တပည့်တစ်ယောက်ပါ။ ခင်ဗျားက နဂါးနတ်ဘုရားနန်းတော်ကို ဖျက်ဆီးမယ်ဆိုမှတော့... ကျုပ်က ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ။ ပြီးတော့ ခင်ဗျား တကယ်ပဲ ဖျက်ဆီးနိုင်မလားဆိုတာကလည်း မသေချာသေးဘူးလေ"
"ဪ... ဟုတ်လား။ သေချင်တယ်ဆိုရင်လည်း ငါက သတ်ပေးရတာပေါ့"
လိန်ဟွန်းက ရက်စက်စွာ လှောင်ပြုံးလိုက်ပြီး သူ၏ စကားလုံးတိုင်းတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။
"သတ်ကြစမ်း"
တပ်မှူးကြီး ခွန်ယွင် အေးစက်စွာ အမိန့်ပေးလိုက်၏။
"သတ်ကြဟေ့..."
နတ်ဘုရားဘုရင်နန်းတော်မှ စစ်သည်တော် တစ်ထောင်ကျော်မှာ တစ်ပြိုင်နက်တည်း ကြွေးကြော်လိုက်ကြရာ သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်ယံအထိ ထိုးတက်သွားတော့သည်။
"သူတို့ရဲ့ မူလစွမ်းအင်တွေကို အရင် ကုန်ဆုံးအောင် လုပ်ရမယ်။ အခင်းအကျင်းကို အသက်သွင်းကြစမ်း"
ဟန်ခွန်းက ဟစ်ကြွေးလိုက်ပြီး သူ၏ အစစ်အမှန်ယွမ်များကို အစွမ်းကုန် လှုံ့ဆော်လိုက်၏။
"ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ်ဖြတ်ခြင်း အခင်းအကျင်း... အသက်သွင်းစမ်း"
"ဝီ... ဝီ..."
နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပသွားပြီး ဧရာမ အကာအကွယ်ကြီးတစ်ခု ဖွဲ့တည်လာတော့သည်။
"ဖုန်းဝူချန်ရဲ့ အခင်းအကျင်းတွေတောင် ငါ့ကို မတားနိုင်တာ... မင်းတို့ရဲ့ အားနည်းလှတဲ့ စွမ်းအားတွေနဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား"
လိန်ဟွန်းက မထီမဲ့မြင် ပြုလိုက်၏။
"ဝှစ်..."
"ဝီ... ဝီ..."
စကားပြောပြောဆိုဆိုပင် လိန်ဟွန်းသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အဝေးမှနေ၍ ညွှန်ပြလိုက်သည်။
စွမ်းအင်တန်းကြီး တစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားမည့်အလား အဟုန်ဖြင့် ကျဆင်းလာတော့သည်။
"ဟွန်း..."
လင်ရှောင်ရှောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ သွေးမျိုးဆက်စွမ်းအားများကို လှုံ့ဆော်လိုက်၏။ ထိုအခါ အပြာရောင် အကာအကွယ်တစ်ခုသည် အခင်းအကျင်းအပေါ်မှ ထပ်မံ ဖန်တီးလိုက်တော့သည်။
"ဘုန်း..."
"ဝီ... ဝီ..."
လိန်ဟွန်း၏ စွမ်းအင်တန်းမှာ ထိုအကာအကွယ်နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့တော့သည်။ အကာအကွယ်ကိုမူ စပါးလုံး တစ်ထောက်စာမျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပါချေ။ ထိုခိုင်မာလှသော အကာအကွယ်ကြောင့် နတ်ဘုရားဘုရင်နန်းတော်မှ လူများမှာ အံ့အားသင့်သွားကြရ၏။
"နတ်ဘုရား အကာအကွယ် ပါလား..."
ခွန်ယွင် မျက်မှောင်ကြုတ်ကာ လင်ရှောင်ရှောင်ကို စူးစိုက်ကြည့်လိုက်၏။
"ထျန်းကျီဘုံ အဆင့် (၈) လွှာလောက်နဲ့များ... ငါတို့ နဂါးနတ်ဘုရားနန်းတော်မှာ လာပြီး ဟန်ထုတ်ချင်နေတာလား"
လင်ရှောင်ရှောင်က ရေခဲတမျှ အေးစက်လှသော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။