← Chapters

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း (၆၉၄-၆၉၆)

Vol. 47 Ch. 694-696

အခန်း (၆၉၄) - နဂါးနတ်ဘုရား နန်းတော်၏ အင်အားစစ်မှန်

~"ဟန်ထုတ်နေတာလား..."

လိန်ဟွန်း၏ နှုတ်ခမ်းအစုံသည် ရက်စက်လှသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး သူ၏ ဟန်ပန်မှာလည်း အကြီးအကျယ် မောက်မာအေးစက်နေလေ၏။

"နုံအလိုက်တဲ့ ကောင်မလေး... ငါ အရင်ကလည်း ပြောပြီးသားလေ။ နင် ငါ့ကို တားလို့မရပါဘူးဆိုတာ။ ဒီနတ်ဘုရားအသွင်ပြောင်း အကာအကွယ်နဲ့တင် ငါ့ကို ဟန့်တားနိုင်မယ်လို့ ထင်နေတာလား"

လိန်ဟွန်းက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်သည်။

သူက စကားပြောပြောဆိုဆိုပင် သူ၏ လက်အတွင်းမှ မိစ္ဆာဆန်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရတနာတစ်ခုကို ထုတ်ဖော်လိုက်တော့၏။

"မိစ္ဆာလက်နက် ပါလား..."

ထိုယုတ်မာညစ်ထေးလှသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာ ရုတ်ချည်း ပျက်ယွင်းသွားရသည်။ သူမသည် ၎င်းမှာ မိစ္ဆာလက်နက် ဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်ခြင်း ဖြစ်၏။

"မိစ္ဆာလက်နက် ဟုတ်လား..."

လျိုချင်းယန်နှင့် အခြားသူများမှာ အလွန်တရာ ထိတ်လန့်သွားကြပြီး လိန်ဟွန်း၏ လက်ထဲရှိ ရတနာကိုသာ စူးစိုက်ကြည့်နေမိကြတော့သည်။

"မိစ္ဆာလက်နက်... အဲဒါက ဘယ်လို ရတနာမျိုးလဲ"

ထျန်းရှန်းဇီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး သူ၏ ဇဝေဇဝါဖြစ်မှုမှာ တဖြည်းဖြည်းနှင့် သတိထားစိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲလာ၏။

"ဒီယုတ်မာတဲ့ အရှိန်အဝါတွေက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ"

လင်မိုယန်က မျက်မှောင်ကို တင်းတင်းကြုတ်ကာ ရေရွတ်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

ဆေးဆရာကြီး ဟန်ခွန်းကမူ အကြောက်တရားကြောင့် တဆတ်ဆတ် တုန်ယင်နေသော အသံဖြင့် ဆိုလိုက်သည်။

"ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို တိုက်ခိုက်သွားတဲ့ လျှို့ဝှက်ပုဂ္ဂိုလ်မှာလည်း ဒီလို အရှိန်အဝါမျိုးပဲ ရှိတာ။ လိန်ဟွန်းက သူတို့နဲ့ ပတ်သက်နေတာ သေချာပြီ။ နတ်ဘုရား ဘုရင် နန်းတော်ကိုယ်တိုင်လည်း သူတို့နဲ့ ပူးပေါင်းထားတာ ဖြစ်ရမယ်"

"သူတို့က မိစ္ဆာမျိုးနွယ်စုဝင်တွေပဲ..."

လန်ယွီက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်၏။

လန်ယွီသည် နတ်သူငယ် မျိုးနွယ်စု မှ ဖြစ်သည့်အတွက် မိစ္ဆာမျိုးနွယ်စု အကြောင်းကို အနည်းငယ် သိရှိထားသကဲ့သို့ ယုတ်မာသော အရှိန်အဝါများကိုလည်း ပိုမို အာရုံခံနိုင်စွမ်း ရှိပါသည်။

"မိစ္ဆာမျိုးနွယ်စု ဟုတ်လား... ရှောင်ရှောင် ပြောခဲ့တဲ့ မျိုးနွယ်စုလား"

လျိုချင်းယန်၏ မျက်နှာမှာ နောက်တစ်ကြိမ် ထပ်မံ၍ သွေးရောင် ဖျော့သွားရပြန်၏။

လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ တည်ကြည်စွာ ဆိုလိုက်၏။

"ဟုတ်တယ်... သူတို့က မိစ္ဆာမျိုးနွယ်စုဝင်တွေပဲ။ လိန်ဟွန်းက ငါတို့ နဂါးနတ်ဘုရား နန်းတော်ကို ဖျက်ဆီးပစ်မယ်လို့ ယုံကြည်ချက် ရှိနေတာက... သူ မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းထားလို့ ဖြစ်ရမယ်။ သူ့လက်ထဲက ရတနာက မိစ္ဆာမျိုးနွယ်စုရဲ့ 'မိစ္ဆာလက်နက်' တစ်ခုပဲ။ အဲဒါရဲ့ စွမ်းအားက အင်မော်တယ် လက်နက်တွေနဲ့ တန်းတူပဲလေ။ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို တိုက်ခိုက်တာကလည်း သူတို့ ငါတို့ကို လာမကူနိုင်အောင် ကြိုတင် ပိတ်ဆို့ထားတာပေါ့"

"မိစ္ဆာမျိုးနွယ်စု တဲ့လား..."

ထျန်းရှန်းဇီနှင့် အခြားသူများမှာ ထိုမျိုးနွယ်စု၏ အမည်ကို တစ်ခါမျှ မကြားဖူးခဲ့ကြသော်လည်း ထိုဖြစ်တည်မှုမှာ သူတို့ စိတ်ကူးထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာ ကောင်းလိမ့်မည် ဖြစ်ကြောင်း ခံစားမိနေကြ၏။

"နင်က တော်တော်လေး သိတာပဲနော်"

လိန်ဟွန်းက မထီမဲ့မြင် လေသံဖြင့် လှောင်ပြုံးလိုက်လေသည်။

"မှန်ပါတယ်။ ဒါက တကယ့် မိစ္ဆာလက်နက် တစ်ခုပဲ။ သာမန် မိစ္ဆာလက်နက်တော့ မဟုတ်ဘူးပေါ့"

လိန်ဟွန်း၏ လက်ပေါ်တွင် ဝဲပျံနေသော ထိုရတနာမှာ အမည်းရောင် ပုလဲလေး တစ်ခုဖြစ်ပြီး အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ တကယ့်ကို ခြောက်ခြားဖွယ် ကောင်းလှသည်။

"နင်တို့ရဲ့ အကာအကွယ်က ဒီ 'မိစ္ဆာပုလဲ' ကို တားနိုင်မလား ဆိုတာ ကြည့်ကြသေးတာပေါ့"

လိန်ဟွန်းက အေးစက်စွာ ဆိုလိုက်၏။ သူ၏ သေးသွယ်သော မျက်ဝန်းများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေတော့သည်။

သူက စကားပြောပြောဆိုဆိုပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုမိစ္ဆာပုလဲသည် အနက်ရောင် မြူခိုးများနှင့်အတူ တဟုန်ထိုး ပြေးထွက်သွားတော့သည်။ ဆိုးညစ်သည့် စွမ်းအင်များမှာလည်း တဆက်တည်း၌ပင် သိပ်သည်းသွား၏။

"ဘုန်း..."

"ဝီ... ဝီ..."

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအမည်းရောင် မိစ္ဆာပုလဲသည် အပြာရောင် အကာအကွယ်ကြီးကို ပြင်းထန်စွာ ဝင်ရောက် ရိုက်ခတ်လိုက်သည်။ အကာအကွယ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နန်းတော်အတွင်းရှိ လူတိုင်းမှာလည်း ဟန်ချက်ပျက်ကာ ယိမ်းထိုးကုန်ကြ၏။ နဂါးနတ်ဘုရား နန်းတော်မှ တပည့်များမှာ ထိုအကာအကွယ်ကြီး ချက်ချင်း ပြိုကွဲသွားတော့မည်ဟု ထင်မှတ်ကာ သွေးပျက်မတတ် ကြောက်လန့်သွားကြရသည်။

လင်ရှောင်ရှောင်၏ မျက်နှာမှာလည်း အလွန်တရာ လေးနက်တည်ကြည်နေ၏။ ဤနတ်ဘုရားအသွင်ပြောင်း အကာအကွယ်သည် မိစ္ဆာပုလဲ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလား ဆိုသည်ကို သူမကိုယ်တိုင်ပင် အာမမခံနိုင်ပါချေ။

"တောင့်ခံထားနိုင်တုန်းပဲဟေ့... အကာအကွယ် မပျက်သေးဘူး"

လျိုချင်းယန်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"တကယ်ကြီး တောင့်ခံထားနိုင်တာပဲ"

မိစ္ဆာပုလဲ နောက်သို့ လွင့်ထွက်သွားသည်ကို မြင်သောအခါ နဂါးနတ်ဘုရား နန်းတော်မှ တပည့်များ အားလုံး ဝမ်းသာပီတိ ဖြစ်ကုန်ကြ၏။

ထျန်းရှန်းဇီနှင့် အခြားသူများမှာလည်း သက်ပြင်းချနိုင်ကြသော်လည်း သူတို့၏ မျက်နှာများမှာမူ တင်းမာနေဆဲပင် ဖြစ်သည်။

"အရမ်း စောစောစီးစီး ဝမ်းမသာကြပါနဲ့ဦးကွာ"

လိန်ဟွန်းက အေးစက်စက် လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်၏။ သူသည် အလွန်ပင် ယုံကြည်မှု ရှိနေသည့်ဟန် ပေါ်နေ၏။

လိန်ဟွန်း၏ စကားကြောင့် နန်းတော်တပည့်များ၏ ဝမ်းသာနေသော မျက်နှာများမှာ တစ်ခဏချင်းမှာပင် တောင့်တင်းသွားကြရပြန်သည်။

ထင်သည့် အတိုင်းပင်။

လိန်ဟွန်း၏ စကားအဆုံးတွင် ထိုမိစ္ဆာပုလဲထံမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး အကာအကွယ်ကြီး၏ ပတ်ပတ်လည်သို့ ဖြာထွက်သွားတော့သည်။ ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင် တစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များမှာ ဝေဝါးနေသော အနက်ရောင် မြူခိုးများထံသို့သာ စူးစိုက်ကျရောက်နေကြ၏။ ထိုအနက်ရောင် မြူခိုးများအတွင်း၌ ထူးဆန်းလှသော စွမ်းအားများ ပါဝင်နေသော်လည်း ယုတ်မာလှသော အရှိန်အဝါများက ပိုမို ပြင်းထန်နေသဖြင့် လူတိုင်းကို ကျောချမ်းသွားစေတော့သည်။

"ဒါက ဘယ်လို စွမ်းအားမျိုးလဲ"

နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး ပို၍ပင် စိုးရိမ် ထိတ်လန့်လာကြရ၏။

မိနစ်ပိုင်းမျှပင် မကြာလိုက်မီမှာပင် ထိုအနက်ရောင် မြူခိုးများမှာ အကာအကွယ်ကြီးအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာတော့သည်။

"ဒုက္ခပဲ..."

မြူခိုးမည်းများ အထဲသို့ စိမ့်ဝင်လာသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာများမှာ ဖြူလျော့သွားကြပြီး ရင်ထဲတွင်လည်း ကြောက်ရွံ့မှု လှိုင်းတံပိုးများ တဝုန်းဝုန်း ရိုက်ခတ်လာတော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယီထျန်းချင်းမှာလည်း ထိုအနက်ရောင် မြူခိုးများကို ကြည့်ရင်း မျက်နှာ တစ်ခုလုံး သွေးရောင် ဖျော့သွားကာ ရေရွတ်လိုက်မိ၏။

"ဒါက ဘယ်လို ဝိညာဉ်လက်နက် မျိုးလဲဗျာ။ အကာအကွယ်ကိုတောင် ဖောက်ပြီး ဖြာထွက်နိုင်တယ် ဆိုတော့..."

လျိုချင်းယန်မှာ အလန့်တကြား အော်ဟစ်လိုက်မိ၏။ သူ၏ ကျောပြင်မှာလည်း ချွေးအေးများဖြင့် ရွှဲနစ်နေပြီး ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ယင်နေတော့သည်။

"အကာအကွယ် ပေါက်သွားပြီ... ပေါက်သွားပြီဟေ့"

ဟွမ်ယန်ကလည်း အစွန်းရောက်သော အကြောက်တရားဖြင့် အော်ဟစ်လိုက်၏။

ဟွမ်ယန်တို့မှာ သေရေးရှင်ရေး အခြေအနေများစွာကို ကြုံတွေ့ခဲ့ဖူးသော်ငြားလည်း ယခုကဲ့သို့ စိတ်ကူးနှင့်တောင် မှန်းဆလို့ မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအားကြီးနှင့် ရင်ဆိုင်ရသောအခါတွင်မူ ကြောက်ရွံ့နေမိကြသည်မှာ မဆန်းပါချေ။

ထိုခြောက်ခြားဖွယ် ကောင်းလှသော မိစ္ဆာပုလဲမှာ နဂါးနတ်ဘုရား နန်းတော်မှ လူများကို အမှန်တကယ်ပင် ကသောင်းကနင်း ဖြစ်သွားစေခဲ့တော့၏။ လင်ရှောင်ရှောင် အသည်းအသန် ဖန်တီးထားသော အကာအကွယ်ကြီးမှာလည်း အနက်ရောင် မြူခိုးများ ဖုံးလွှမ်းသွားသော နေရာတိုင်းတွင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာနေပြီ ဖြစ်သည်။

"ဒါ... ဒါက..."

လင်ရှောင်ရှောင်ကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင်အောင် ဖြစ်နေရ၏။ ဤအကာအကွယ်မှာ သူမ၏ အဖေကိုယ်တိုင် ဖန်တီးခဲ့သည့် အဆင့်အတန်းရှိသော အရာ ဖြစ်သည့်တိုင်အောင် မိစ္ဆာပုလဲကို မတောင့်ခံနိုင်ခဲ့ပါချေ။

မိစ္ဆာပုလဲမှ ထွက်ပေါ်လာသော အနက်ရောင် မြူခိုးများမှာ အလွန်တရာမှ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော တိုက်စားမှု သဘာဝ ရှိနေပြီး မည်မျှပင် အစွမ်းထက်လှသော စွမ်းအားများ ဖြစ်နေပါစေ ၎င်း၏ တိုက်စားမှုအောက်တွင် လုံးဝ ပြိုကွဲပျက်စီးသွားရသည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ဘယ်လိုလဲ... ငါ ပြောသားပဲ။ နင် ငါ့ကို တားလို့မရပါဘူးဆိုတာ။ ဖုန်းဝူချန် အခုထိ ထွက်မလာသေးတာကတော့ ကိစ္စမရှိပါဘူး။ နင်တို့ အားလုံးကို အပြတ်ရှင်းပြီးမှ သူ့ကို သတ်ရင်လည်း မနောက်ကျသေးပါဘူး။ သူ တစ်သက်လုံး ပုန်းနေနိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့"

အကာအကွယ်ကြီး တဖြည်းဖြည်း ပျောက်ကွယ်လာသည်ကို ကြည့်ရင်း လိန်ဟွန်းက ကောက်ကျစ်စွာ လှောင်ပြုံးလိုက်၏။

"သတ်ကြစမ်း..."

လိန်ဟွန်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် နတ်ဘုရား ဘုရင် နန်းတော်မှ စစ်သည်တော်များမှာ တစ်ပြိုင်နက်တည်း အောက်သို့ တဟုန်ထိုး ခုန်ဆင်းလာကြတော့သည်။ သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ တဝုန်းဝုန်း ထတောက်နေပြီး အရှိန်အဝါမှာလည်း အလွန်တရာ ကြမ်းတမ်းလှသည်။

"ကျုပ်တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်"

ထျန်းရှန်းဇီက မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။

"လိန်ဟွန်းကိုတော့ ကျုပ် တာဝန်ယူမယ်"

ထျန်းကျီဘုံ သတ္တမအလွှာရှိ အကြီးအကဲ တစ်ဦးက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။ သူတို့ထဲတွင် ထိုအဘိုးကြီးမှာ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်သည်။

နဂါးနတ်ဘုရား နန်းတော်၏ ဤအရေးကြီးလှသော အခြေအနေတွင် လျိုချင်းယန်သည် သူ၏ ရင်ထဲမှ အကြောက်တရားများကို အတင်းအကျပ် မြိုသိပ်လိုက်ပြီးနောက် အသံကုန် ဟိန်းဟောက်လိုက်လေတော့၏။

"ညီအစ်ကိုတို့... အစွမ်းကုန် တိုက်ကြစမ်း။ သေရမှာကို ကြောက်နေတယ် ဆိုရင်တော့... မင်းတို့ဟာ နဂါးနတ်ဘုရား နန်းတော်ရဲ့ လူတွေ မဟုတ်တော့ဘူး။ လူညံ့တစ်ယောက်လို အသက်ရှင်နေရမယ့်အစား စစ်မြေပြင်မှာ အသေခံတိုက်ပွဲဝင်တာကမှ ပိုဂုဏ်ရှိသေးတယ်"

"နန်းတော်သခင် မရှိတဲ့အချိန်မှာ... ငါတို့ နဂါးနတ်ဘုရား နန်းတော်ကို ငါတို့ ကိုယ်တိုင် ကာကွယ်ရမယ်။ ညီအစ်ကိုတို့... မင်းတို့ သေရမှာ ကြောက်သလား"

ချီဟွမ်ကလည်း ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မကြောက်ဘူးဟေ့..."

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ အားလုံး၏ တိုက်ပွဲဝင်လိုစိတ်များမှာ တဟုန်ထိုး လောင်မြိုက်လာတော့သည်။

"နဂါးနတ်ဘုရား နန်းတော် အတွက် တိုက်ကြစမ်း... သတ်ကြဟေ့..."

ချီဟွမ်က ထပ်မံ၍ အော်ဟစ်လိုက်ပြီး သူ၏ လက်ကို လေထဲသို့ ဆန့်ထုတ်ကာ အဆင့်နိမ့် အင်မော်တယ်လက်နက် လှံရှည်ကြီး တစ်ခုကို အမိအရ ဆုပ်ကိုင်လိုက်၏။ သူ၏ ကိုယ်မှ ပြတ်သားလှသော သတ်ဖြတ်လိုစိတ်များမှာလည်း နေရာအနှံ့ ဖြာထွက်သွားတော့သည်။

"သတ်ကြ..."

စစ်သည်တော်များ၏ သွေးများမှာ ဆူပွက်လာကြပြီး နဂါးနတ်ဘုရား နန်းတော်မှ ပြင်းထန်လှသော အရှိန်အဝါ တစ်ခုမှာ ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားလေတော့သည်။ သူတို့၏ ကြွေးကြော်သံကြောင့် ကြားရသူတိုင်း၏ နှလုံးသားများမှာ တုန်လှုပ်ခြောက်ခြား သွားကြရလေ၏။ သူတို့၏ ကိုယ်မှ ရဲရင့်ပြတ်သားလှသော သတ်ဖြတ်လိုစိတ်များနှင့်အတူ စစ်သည်တော် တစ်ဦး၏ စိတ်ဓာတ်များမှာလည်း ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေတော့သည်။

"ဝီ... ဝီ..."

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ သူတို့၏ အင်မော်တယ်လက်နက်များနှင့် ဝိညာဉ်လက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြပြီး... အမြင့်မြတ်ဆုံး ခန္ဓာကိုယ်၏ ပထမအဆင့် စွမ်းအားများကိုပါ လှုံ့ဆော်လိုက်ကြ၏။ ထို့အပြင် ကိုယ်ဖော့ပညာများကိုပါ အသုံးပြုလိုက်ကြရာ သူတို့၏ အရှိန်အဝါမှာ ရူးသွပ်စွာ မြင့်တက်လာတော့သည်။

ဒါက နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ သူတို့၏ အစွမ်းကုန် ခွန်အားများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်၏။ ကောင်းကင်ဘုံလူသား အဆင့် (၂) လွှာရှိ စစ်သည်တော်များ၏ အရှိန်အဝါမှာ အဆင့် (၄) လွှာ နှင့်ပင် နှိုင်းယှဉ်နိုင်သော အနေအထားသို့ ရောက်ရှိသွားခဲ့တော့သည်။

ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာရှိ စစ်သည်တော်များ၏ အရှိန်အဝါမှာလည်း မျက်တောင်တစ်ခတ်အတွင်း အဆင့် (၅) လွှာအထိ ထိုးတက်သွားခဲ့ရပြီ ဖြစ်သည်။ ချီဟွမ်၏ အရှိန်အဝါမှာမူ ကောင်းကင်ဘုံလူသား အဆင့် (၆) လွှာအထိပင် ရောက်ရှိသွားရာ... သူသည် စစ်သည်တော်များ အားလုံးထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်လာခဲ့တော့၏။

စစ်သည်တော်များ၏ အရှိန်အဝါများမှာ ရူးသွပ်စွာ မြင့်တက်လာသဖြင့် ထျန်းရှန်းဇီ အပါအဝင် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များ အားလုံးမှာလည်း အကြီးအကျယ် အံ့အားသင့် သွားကြရတော့သည်။ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များသည် ဤမျှလောက်သော ခွန်အားများကို ဖုံးကွယ်ထားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြသည်မှာ သေချာလှသည်။

"ဪ... အညတရ နဂါးနတ်ဘုရား နန်းတော် ဆိုပြီးတော့... ကောင်းကင်ဘုံလူသား အဆင့်မှာ ဒီလောက်တောင် အစွမ်းထက်တဲ့ ခွန်အားတွေကို ဖုံးကွယ်ထားနိုင်တာပဲလား"

လိန်ဟွန်းပင်လျှင် ထိုမြင်ကွင်းကြောင့် ခေတ္တမျှ မှင်သက်သွားရလေ၏။

အခန်း (၆၉၅) - သွေးချောင်းစီး သတ်ဖြတ်ခြင်း

~"ကြည့်ရတာ... ငါတို့ နဂါးနတ်ဘုရား နန်းတော်ကို အတော်လေး အထင်သေးမိသွားတာပဲ"

"အားအနည်းဆုံး တစ်ယောက်တောင်မှ ကောင်းကင်ဘုံလူသား အဆင့် (၂) လွှာ ရှိနေတာလား... မဆိုးဘူးဟ"

"နဂါးနတ်ဘုရား နန်းတော်မှာ ဒီလောက်တောင် အစွမ်းထက်တဲ့ ခွန်အားတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ၏ ပေါက်ကွဲထွက်လာသော အစွမ်းအစများကို မြင်လိုက်ရသောအခါ နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များ အားလုံး အံ့အားသင့် မှင်သက်သွားကြလေ၏။ နန်းတော်၏ တပ်မှူးကြီး ခွန်ယွင် ပင်လျှင် သူ၏ မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။

လင်ရှောင်ရှောင်သည် ကောင်းကင်ဘုံလူသား အဆင့် (၆) လွှာ၌ ရှိနေသော်လည်း သူမ၏ အရှိန်အဝါမှာ အဆင့် (၈) လွှာနှင့်ပင် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။ ယဲ့ထျန်းဝေမှာမူ အဆင့် (၉) လွှာတွင် ရှိနေပြီး သူ ထုတ်ဖော်လိုက်သော တိုက်ခိုက်ရေး စွမ်းအားမှာ ထျန်းကျီဘုံ အဆင့် (၁) လွှာနှင့်ပင် ယှဉ်နိုင်လောက်သည်။

လျိုချင်းယန်သည် အဆင့် (၅) လွှာတွင် ရှိသော်လည်း သူ၏ အစွမ်းကုန် ခွန်အားများမှာ အဆင့် (၇) လွှာနှင့် တန်းတူ ဖြစ်နေ၏။

မြောင်ချင်းချင်းမှာမူ နတ်ဘုရား စွမ်းအားများကို လှုံ့ဆော်လိုက်သောအခါ သူမ၏ ခွန်အားမှာ အဆင့် (၇) လွှာ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားတော့သည်။

ယီထျန်းချင်း၊ ပေတိုယန်၊ နန်းကုန်းကျန့်၊ လန်ယွီ၊‌ လေ့ထျန်းကျွယ်နှင့် လျိုယန်တို့ကဲ့သို့သော ပါရမီရှင်များ အားလုံးသည်လည်း သူတို့၏ ကျင့်ကြံခြင်း အဆင့်ထက် သာလွန်သော ကြောက်မက်ဖွယ် စွမ်းအားများကို အသီးသီး ထုတ်ဖော်လိုက်ကြ၏။ နတ်ဘုရား ဘုရင် နန်းတော်မှ ပါရမီရှင် တပည့်များပင်လျှင် သူတို့နှင့် ယှဉ်လိုက်ပါက အားနည်းသည်ဟု ခံစားနေကြရတော့သည်။

"နဂါးနတ်ဘုရား နန်းတော်အတွက် တိုက်ကြစမ်း"

"သွေးမကြောက်တဲ့ သွေးသောက်တွေပဲ ရှေ့ထွက်ခဲ့"

စစ်သည်တော်များ၏ ကြွေးကြော်သံမှာ မိုးခြိမ်းသံပမာ ဟိန်းထွက်နေပြီး သူတို့၏ သွေးများမှာလည်း တိုက်ပွဲဝင်လိုစိတ်ဖြင့် ဆူပွက်နေကြလေ၏။ နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးမှာ ယခုအခါ၌ ပြတ်သားလှသော သတ်ဖြတ်လိုစိတ်များနှင့် အေးစက်စက် အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ချီဟွမ်က ရှေ့ဆုံးမှ ဦးဆောင်ကာ စစ်သည်တော် ရာပေါင်းများစွာနှင့်အတူ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားတော့၏။ သူတို့၏ အဟုန်မှာ စစ်နတ်ဘုရားများ ဆင်းသက်လာသည့်အလား ရဲရင့်လှသည်။

နတ်ဘုရား ဘုရင် နန်းတော်မှ ကောင်းကင်ဘုံလူသား အဆင့်ရှိ တပည့် ရာပေါင်းများစွာသည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ အခြားသော အစွမ်းထက် ပညာရှင်များမှာမူ နဂါးနတ်ဘုရား နန်းတော်အတွင်းသို့ တဟုန်ထိုး ခုန်ဆင်းလာကြတော့သည်။

"ကိုယ့်ပြိုင်ဘက်ကိုယ် ရှာကြပါ၊ အင်အားချင်း မမျှရင် အသာစီးရအောင် ကစား။ နန်းတော်သခင် မှာထားတာ မှတ်မိကြသေးလား"

ချီဟွမ်က သူ၏ လှံရှည်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အသံကုန် ဟိန်းဟောက်လိုက်၏။

"ရက်ရက်စက်စက် သတ်မယ်။ တစ်ချက်တည်းနဲ့ အပြတ်ရှင်းပါမယ်"

စစ်သည်တော်များကလည်း တက်ကြွစွာဖြင့် ပြန်လည် ကြွေးကြော်လိုက်ကြ၏။

"လူခွဲကြဟေ့"

ချီဟွမ်၏ အမိန့်ပေးသံအဆုံးတွင် စစ်သည်တော် ရာပေါင်းများစွာမှာ အရပ်မျက်နှာ အသီးသီးသို့ လျှပ်တစ်ပြက်အတွင်း လူစုခွဲလိုက်ကြလေတော့သည်။

နဂါးနတ်ဘုရား နန်းတော် စစ်သည်တော်များ၏ ရုတ်တရက် လူစုခွဲလိုက်သော နည်းဗျူဟာကြောင့် ရန်သူများမှာ ဇဝေဇဝါ ဖြစ်ကုန်ကြ၏။

"ဒါက ဘာနည်းဗျူဟာလဲ။ တစ်ယောက်ချင်းစီ တိုက်ဖို့ ပြင်နေတာလား"

လိန်ဟွန်းက နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ သို့သော် သူတို့ စဉ်းစားနေရန် အချိန်မရလိုက်ပါချေ။ ကြီးမားသော တိုက်ပွဲကြီးမှာ ပေါက်ကွဲထွက်လာခဲ့ပြီ မဟုတ်ပါလော။

"တိုက်ကြစမ်း"

ထျန်းရှန်းဇီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ အဖွဲ့ကို ဦးဆောင်ကာ စတင် တိုက်ခိုက်လိုက်တော့သည်။

လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် အခြားသူများမှာလည်း သူတို့၏ ပြိုင်ဘက်များကို အသီးသီး ရှာဖွေကာ အတိုဆုံး အချိန်အတွင်းမှာပင် ပြင်းထန်သော ဒဏ်ရာများ ရရှိအောင် တိုက်ခိုက်နေကြတော့သည်။ ထျန်းရှန်းဇီနှင့် ထျန်းကျီဘုံ ပညာရှင်များမှာမူ ကောင်းကင်ယံ အမြင့်ဆုံးနေရာတွင် နတ်ဘုရား ဘုရင် နန်းတော်မှ ထျန်းကျီဘုံ ပညာရှင်များနှင့် ရင်ဆိုင်နေကြ၏။

"အားလုံး သတိထားကြစမ်း။ ဒါက အပျော်ကစားနေတာ မဟုတ်ဘူး။ သေရေးရှင်ရေး တိုက်ပွဲပဲ"

ထျန်းရှန်းဇီက လေးနက်စွာ မှာကြားလိုက်သည်။

"ဒီအဘိုးကြီးတွေကို သတ်နိုင်ရင် သတ်ပစ်ကြ။ အားနာနေဖို့ မလိုဘူး။ သူတို့ ကိုယ်တိုင် သေလမ်းကို ရွေးချယ်ခဲ့တာပဲ"

လိန်ဟွန်းက သူ၏ လူများကို အေးစက်စွာ အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ သခင်လေး"

ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်မှာ ရိုသေစွာ နာခံလိုက်ပြီးနောက် အနည်းငယ်မျှပင် နောက်မတွန့်ဘဲ ဝင်ရောက် တိုက်ခိုက်လိုက်ကြလေတော့သည်။ မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာမူ ဘေးမှနေ၍ ပွဲကြည့်နေကြဆဲပင် ဖြစ်၏။

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝီ... ဝီ..."

ထျန်းရှန်းဇီ ဦးဆောင်သော ထျန်းကျီဘုံ ပညာရှင်များ၏ တိုက်ပွဲမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။ ထက်ရှသော စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာ အသီးသီးသို့ လိမ့်ဆင်းသွားကြပြီး ဟင်းလင်းပြင် တစ်ခုလုံးမှာလည်း ပြိုကွဲပျက်စီးနေတော့သည်။ ဒါက ကမ္ဘာပျက်ကိန်းကြီး တစ်ခု ဆိုက်ရောက်လာသည့်အလားပင်။

ထိုအခိုက်အတန့်၌ ထျန်းကျီဘုံ သတ္တမအလွှာရှိ အကြီးအကဲ တစ်ဦးမှာ လိန်ဟွန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေ၏။

"သခင်လေး... သတိထား"

ခွန်ယွင် စိုးရိမ်တကြီး သတိပေးလိုက်သည်။

လိန်ဟွန်းကမူ မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်၏။

"အဘိုးကြီး... မင်းကတော့ သေတွင်းကို ကိုယ်တိုင် တူးနေတာပဲ"

သူတို့နှစ်ဦးစလုံးမှာ အဆင့်တူ ပညာရှင်များ ဖြစ်ကြသော်ငြားလည်း လိန်ဟွန်းကတော့ ထိုအဘိုးကြီးကို သူ့မျက်စိထဲတောင် ထည့်ထားပုံ မရချေ။

"ဝီ... ဝီ..."

လိန်ဟွန်းက လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး 'ဟင်းလင်းပြင် စွမ်းအား' ကို လှုံ့ဆော်လိုက်၏။ သူ၏ လက်ဖဝါးအတွင်း၌ စွမ်းအင်တန်းလေး တစ်ခုမှာ ကခုန်နေပြီး ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေတော့သည်။ သူ၏ မျက်နှာပေါ်တွင်လည်း မောက်မာလှသော အပြုံးတစ်ခု ပေါ်လွင်နေ၏။

"ဘုန်း..."

"ဝေါ့..."

လိန်ဟွန်း၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ လက်သွားပြီး သူက လက်သီးကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထိုအခိုက်အတန့်မှာပင် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး ထိုအကြီးအကဲမှာ သွေးများ အန်ကျကာ နောက်သို့ လွင့်ထွက်သွားလေတော့သည်။

ထျန်းကျီဘုံ သတ္တမအလွှာရှိ ထိုအဘိုးကြီးမှာ မျက်တောင်တစ်ခတ်အတွင်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ရပြီ ဖြစ်သည်။

"အကြီးအကဲရန်"

ထျန်းရှန်းဇီက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ထိုနေရာသို့ လျှပ်တစ်ပြက်အတွင်း ပျံသန်းသွားလေတော့သည်။

လိန်ဟွန်း၏ ဟင်းလင်းပြင် စွမ်းအားမှာ အလွန်တရာမှ ကြောက်စရာ ကောင်းလွန်းလှသည်။ ၎င်းကို ရှောင်တိမ်းရန် ဖြစ်နိုင်သော်လည်း ကာကွယ်ရန်မှာမူ လုံးဝ မဖြစ်နိုင်သလောက်ပင်။

"ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ကောင်တွေ"

လိန်ဟွန်းက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်၏။

"အကြီးအကဲရန် အကြီးအကဲရန်"

ထျန်းရှန်းဇီ ထိုနေရာသို့ ရောက်ရှိသွားချိန်တွင်တော့ အကြီးအကဲရန်မှာ အသက်ပျောက်နေခဲ့ပြီ ဖြစ်သည်။

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ထျန်းကျီဘုံ သတ္တမအလွှာရှိ ပညာရှင် တစ်ဦးမှာ လိန်ဟွန်း၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရတော့သည်။

"အကြီးအကဲရန် အသတ်ခံလိုက်ရပြီ"

ရှားယွင်ရွှမ်နှင့် အခြားသော ပညာရှင်များမှာ အကြီးအကျယ် ထိတ်လန့်သွားကြရ၏။

"စီနီယာရန်"

လင်ရှောင်ရှောင်နှင့် အခြားသူများမှာလည်း ထိုမြင်ကွင်းကြောင့် မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ လိန်ဟွန်း၏ ခွန်အားမှာ သူတို့ ထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။

"သေချင်လို့ သေတာပဲလေ။ သူ့အပြစ်နဲ့သူပေါ့"

လိန်ဟွန်းက လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်၏။

"ခွေးကောင်... မင်းကို ငါ ကိုယ်တိုင် သတ်ပစ်မယ်"

လျိုချင်းယန်မှာ ဒေါသအမျက် ခြောင်းခြောင်းထွက် လာပြီး သူ၏ အင်မော်တယ်လက်နက် ဓားရှည်ကြီးကို ဆွဲထုတ်ကာ လိန်ဟွန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူ၏ ကိုယ်မှ ကောင်းကင်ယံအထိ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေ၏။

လင်ရှောင်ရှောင်သည်လည်း ဖုန်းဝူချန် ပေးထားသော အဆင့်မြင့် အင်မော်တယ်ဓားကို ထုတ်ဖော်လိုက်ရာ သူမ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ထပ်မံ၍ တဟုန်ထိုး မြင့်တက်လာတော့သည်။ သူမ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ကောင်းကင်ဘုံလူသား အဆင့် (၉) လွှာ၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားခဲ့တော့သည်။

ရုတ်တရက်... လျှပ်တစ်ပြက် လှုပ်ရှားမှု

လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် အခြားသူများမှာ လျှပ်တစ်ပြက် လှုပ်ရှားမှု ကို အသီးသီး ဖော်ထုတ်လိုက်ကြရာ သူတို့၏ ပုံရိပ်များမှာ တစ္ဆေများပမာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြင့် အကြီးအကျယ် ကြောက်စရာ ကောင်းနေတော့သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

"ရှူး... ရှူး... ရှူး..."

လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံး ကျဆုံးကုန်ကြ၏။ ဒါက တိုက်ပွဲ မဟုတ်တော့ဘဲ သွေးချောင်းစီး သတ်ဖြတ်ခြင်းကြီး တစ်ခုပမာ ဖြစ်နေတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူဒါဇင်ပေါင်းများစွာမှာ အကြင်နာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။

နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာ သူတို့ကို ပြန်လည် မခုခံနိုင်ရုံသာမက လင်ရှောင်ရှောင်တို့၏ အရှိန်အဝါကိုပင် အာရုံမခံနိုင်ကြတော့ဘဲ အစွန်းရောက်သော အကြောက်တရားများဖြင့် ကသောင်းကနင်း ဖြစ်ကုန်ကြတော့သည်။

တစ်ချိန်တည်းမှာပင်... လူစုခွဲထားသော နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များကလည်း လျှပ်တစ်ပြက် လှုပ်ရှားမှုကို စတင် အသုံးပြုလိုက်ကြတော့၏။

"ဝှစ်... ဝှစ်... ဝှစ်..."

"ရှူး... ရှူး... ရှူး..."

ရှေ့သို့ တိုးဝင်လာသော နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာလည်း ထိုနည်းတူပင်။ သူတို့သည် ဘာဖြစ်မှန်းပင် မသိလိုက်ဘဲ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် အသတ်ခံနေကြရပြီး အလောင်းများမှာလည်း ကောင်းကင်ယံမှ နေ၍ ကျီးကန်းတောင်မှောက် ကျဆင်းလာကြရာ... သွေးမိုးများ ရွာချနေသည့်အလားပင် ဖြစ်နေတော့သည်။

ကောင်းကင်ဘုံလူသား အဆင့် (၂) လွှာ နှင့် (၃) လွှာရှိ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များပင်လျှင် သူတို့၏ ခွန်အားများကို လျှပ်တစ်ပြက် လှုပ်ရှားမှုနှင့် ပေါင်းစပ်လိုက်သောအခါ... နတ်ဘုရား ဘုရင် နန်းတော်မှ အဆင့် (၅) လွှာရှိ တပည့်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်၏။

ဤလျှပ်တစ်ပြက် လှုပ်ရှားမှုမှာ တကယ့်ကို ပြိုင်ဘက်ကင်းလှသော သတ်ဖြတ်ခြင်း အတတ်ပညာပင်။

တားဆီး၍ မရနိုင်သော ထိုသတ်ဖြတ်ကွက်များကြောင့် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာ အကြီးအကျယ် အထိနာနေကြရတော့သည်။ သူတို့သည် အစုအဖွဲ့ လိုက် မဟုတ်ဘဲ လူစုခွဲခံလိုက်ရသဖြင့် အချင်းချင်း ကူညီရန်လည်း မဖြစ်နိုင်တော့ပါချေ။

ဒါကပင်.. လူစုခွဲလိုက်သော နည်းဗျူဟာ၏ အားသာချက်ပင် ဖြစ်၏။ ရန်သူ၏ ကာကွယ်ရေးကို အားနည်းသွားစေပြီး မိမိတို့၏ သတ်ဖြတ်နိုင်စွမ်းကိုမူ အမြင့်ဆုံးသို့ မြှင့်တင်လိုက်ခြင်းပင် မဟုတ်ပါလော။

"ဪ... ဒီလောက်တောင် စွမ်းကြတာလား"

လိန်ဟွန်းပင်လျှင် ဤမြင်ကွင်းကြောင့် မျက်မှောင်ကြီး ကြုတ်သွားလေသည်။

အခန်း (၆၉၆) - အကျအဆုံး များပြားခြင်း

~နဂါးနတ်ဘုရား နန်းတော်၏ ရူးသွပ်လှသော တန်ပြန်တိုက်စစ်အောက်တွင် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များစွာမှာ အတုံးအရုံး ကျဆုံးနေကြရတော့သည်။

မိနစ်ပိုင်းမျှသော အချိန်အတွင်းမှာပင် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့် ရာပေါင်းများစွာမှာ အကြင်နာ ကင်းမဲ့စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရပြီး၊ ကျန်ရှိနေသူများမှာလည်း တဖြည်းဖြည်းနှင့် နောက်သို့ ဆုတ်ခွာနေကြရတော့သည်။ ချီဟွမ်သည် အလွန်တရာ ကြမ်းတမ်းလှသော ခွန်အားများကို ထုတ်ဖော်ပြသနေပြီး၊ ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာရှိ ပညာရှင်များပင်လျှင် သူ့ကို ဖိနှိပ်နိုင်ခြင်း မရှိကြပါချေ။

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝီ... ဝီ..."

ပြင်းထန်လှသော တိုက်ပွဲကြီးမှာ ဆက်လက် ဖြစ်ပွားနေဆဲပင်။

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ၏ လျှပ်တစ်ပြက် လှုပ်ရှားမှုများကြောင့်၊ သေမင်း၏ တံစဉ်အောက်မှ လွတ်မြောက်ခဲ့သော နတ်ဘုရား ဘုရင် နန်းတော် တပည့်များပင်လျှင် ပြန်လည် ခုခံနိုင်စွမ်း မရှိကြတော့ပါချေ။

လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့၏ သွေးအေးလှသော သတ်ဖြတ်မှုများမှာ အကြီးအကျယ် ရူးသွပ်လွန်းလှရာ... ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ရန်သူတို့၏ သွေးများဖြင့် နီရဲနေခဲ့ပြီ ဖြစ်သည်။ ထိုမြင်ကွင်းကပင် ရန်သူများကို ကြောက်လန့်သွားစေတော့သည်။

"ဒါက ဘယ်လို ကိုယ်ဖော့ပညာ မျိုးလဲ..."

နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များ ပြန်မခုခံနိုင်ဘဲ အသတ်ခံနေရသည်ကို ကြည့်ရင်း တပ်မှူးကြီး ခွန်ယွင်မှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

ထျန်းကျီဘုံ ပညာရှင် တစ်ဦးကလည်း တည်ကြည်လေးနက်သော အသံဖြင့် မှတ်ချက်ချလိုက်သည်။

"သူတို့ ပျောက်ကွယ်သွားတဲ့ အခိုက်အတန့်မှာ အရှိန်အဝါပါ ပျောက်သွားတာပဲ။ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို လုံးဝ အာရုံခံလို့ မရဘူး။ ပြန်ပေါ်လာတဲ့ ပုံစံကလည်း တကယ့်ကို ထူးဆန်းလွန်းလို့ ကာကွယ်ဖို့တောင် မဖြစ်နိုင်ဘူးဗျာ"

လိန်ဟွန်း၏ မျက်နှာမှာ လုံးဝ မှောင်မိုက်သွားပြီး မျက်နှာပေါ်ရှိ အသားစိုင်များမှာလည်း ဒေါသကြောင့် တုန်ရီနေတော့သည်။ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များတွင် ဤမျှ ဆန်းကြယ်ပြီး အစွမ်းထက်လှသော ကိုယ်ဖော့ပညာ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဤစစ်တပ်ကြီးကို လွှတ်လိုက်လျှင် နဂါးနတ်ဘုရား နန်းတော်ကို အလွယ်တကူ ခြေမှုန်းနိုင်လိမ့်မည်ဟု သူ တွက်ဆခဲ့သော်လည်း... ယခုမူ သူ၏ လူများကသာ အကြင်နာ ကင်းမဲ့စွာ အသတ်ခံနေရသည် မဟုတ်ပါလော။ ဒါက နတ်ဘုရား ဘုရင် နန်းတော်၏ မျက်နှာကို ဗြောင်ကျကျ ရိုက်နှက်လိုက်ခြင်းပင် ဖြစ်၏။

မော့လင်အာနှင့် ကျူးကော့လျန်ချန်တို့မှာလည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် မျက်နှာများ ဖြူလျော့နေကြရတော့သည်။ ဝင်္ကပါပင်လယ်နယ်မြေတွင် နဂါးနတ်ဘုရား နန်းတော်၏ အားကြီးမှုကို တစ်ကြိမ် မြင်တွေ့ခဲ့ဖူးသော်လည်း... ယခုတစ်ကြိမ်တွင်မူ ပို၍ပင် သွေးအေးပြီး ရက်စက်ကြမ်းကြုတ်လှသဖြင့် သူတို့မှာ ကျောချမ်းနေကြရတော့သည်။

"သူတို့က အရင်ကထက် အများကြီး ပိုပြီး အစွမ်းထက်လာကြတာပဲ"

မော့လင်အာက တုန်ရီနေသော လေသံဖြင့် ဆိုလိုက်၏။

"သူတို့ရဲ့ ကျင့်ကြံခြင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်အမြန် တိုးတက်လာရတာလဲ။ သူတို့ရဲ့ ပါရမီက အဲဒီလောက်အထိ ထူးချွန်တာလည်း မဟုတ်ဘဲနဲ့..."

ကျူးကော့လျန်ချန်က မယုံကြည်နိုင်စွာဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

ဤမျှ ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် ကျင့်ကြံနေကြမည်ဆိုပါက... ဝင်္ကပါပင်လယ်နယ်မြေ၏ ပါရမီရှင် ဖြစ်သော သူ့ကိုပင် မကြာမီ ကျော်တက်သွားတော့မည်ကို သူ အလွန် စိုးရိမ်နေမိ၏။

နဂါးနတ်ဘုရား နန်းတော် စစ်သည်တော်များမှာ တဖြည်းဖြည်းနှင့် အသာစီး ရလာခဲ့ပြီ ဖြစ်သည်။

"သတ်ကြစမ်း... သတ်ကြဟေ့"

သူတို့၏ ကြွေးကြော်သံများနှင့်အတူ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များမှာ နေရာအနှံ့ ဖြာထွက်သွားတော့၏။ ခန္ဓာကိုယ်များမှာ ရန်သူတို့၏ သွေးများဖြင့် ရွှဲနစ်နေကြပြီ ဖြစ်သော်လည်း သူတို့ကတော့ အားရကျေနပ်ခြင်း မရှိသေးပါချေ။

နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များမှာ အဆင့် (၅) နှင့် အထက်တွင် ရှိနေကြသော်လည်း... နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များကမူ တစ်ယောက်တည်းနှင့် မနိုင်လျှင် နှစ်ယောက်ပေါင်း၍ ရက်ရက်စက်စက် သတ်ဖြတ်နေကြခြင်းပင်။

ဆန့်ကျင်ဘက် အနေဖြင့် ထျန်းရှန်းဇီတို့ ခေါ်ဆောင်လာသော ပညာရှင်များမှာမူ အခြေအနေ မကောင်းလှပါချေ။ သူတို့သည် နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များ၏ ပြင်းထန်လှသော သိုင်းကွက်များနှင့် ခွန်အားများကို အသည်းအသန် ခုခံနေကြရရုံသာ ရှိတော့သည်။ ထျန်းရှန်းဇီနှင့် ရှားယွင်ရွှမ်ကဲ့သို့သော ထျန်းကျီဘုံ ပညာရှင်များပင်လျှင်... နတ်ဘုရား ဘုရင် နန်းတော်မှ ထျန်းကျီဘုံ ပညာရှင်များကို မယှဉ်နိုင်ဘဲ အပြင်းအထန် ဒဏ်ရာရနေကြပြီ ဖြစ်သည်။

"ရှူး... ရှူး... ရှူး..."

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ သွေးဆာနေသော တောဝံပုလွေများပမာ ဖြစ်နေကြတော့သည်။ ဆယ်မိနစ်မျှပင် မကြာလိုက်မီမှာပင် လူရာပေါင်းများစွာမှာ သူတို့၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ကြရ၏။

လိန်ဟွန်းသည် သူ၏ လူများ အသတ်ခံနေရသည်ကို ကြည့်ရင်း ဒေါသအမျက် ခြောင်းခြောင်းထွက် လာပြီး အေးစက်စွာ အမိန့်ပေးလိုက်လေတော့သည်။

"ဘာရပ်ကြည့်နေကြတာလဲ... သူတို့ကို အမြစ်ပြတ် ခြေမှုန်းပစ်ကြစမ်း"

"ဟုတ်ကဲ့ပါ သခင်လေး"

ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်မှာ ရိုသေစွာ နာခံလိုက်ပြီးနောက်... လျှပ်စီးတမျှ မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် နဂါးနတ်ဘုရား နန်းတော် စစ်သည်တော်များထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့၏။

ထက်ရှသော ပညာရှင်ကြီးများ သူတို့ထံသို့ ဦးတည်လာနေသည်ကို မြင်သောအခါ ချီဟွမ်၏ မျက်နှာမှာ သွေးရောင် ဖျော့သွားပြီး အသည်းအသန် အော်ဟစ် သတိပေးလိုက်သည်။

"ထျန်းကျီဘုံ ပညာရှင်တွေ လာနေပြီ... အားလုံး သတိထားကြစမ်း"

နဂါးနတ်ဘုရား နန်းတော် စစ်သည်တော်များမှာ နတ်ဘုရား ဘုရင် နန်းတော်မှ တပည့်များကို ကိုယ်ဖော့ပညာဖြင့် အသာစီးရနိုင်သော်လည်း... ထျန်းကျီဘုံ ပညာရှင်များနှင့် ရင်ဆိုင်ရသောအခါတွင်မူ လုံးဝ မခုခံနိုင်တော့ပါချေ။ ထျန်းကျီဘုံ နှင့် ကောင်းကင်ဘုံလူသား အဆင့် ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည် မဟုတ်ပါလော။

"ဘုန်း..."

"ဝေါ့... ဝေါ့... ဝေါ့..."

ထျန်းကျီဘုံ ပညာရှင် တစ်ဦးသည် လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာပြီး သူ၏ လက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ... ဒီရေလှိုင်းများပမာ ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်လာပြီး စစ်သည်တော် ဒါဇင်ပေါင်းများစွာမှာ သွေးများ အန်ကျကာ နောက်သို့ လွင့်ထွက်ကုန်ကြတော့သည်။

"ရွှေဖုန်း... ထျန်းရှင်း... မင်းတို့... မင်းတို့ ဘာဖြစ်သွားတာလဲ"

ချီဟွမ်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

"ရွှေဖုန်း ထျန်းရှင်း"

ခွမ်ကျန့်နှင့် ဒွမ်ထျန်းဖုန်းတို့မှာလည်း နာကျည်းမှုများနှင့်အတူ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။

"မင်းတို့လို အကောင်ပေါက်လေးတွေကတော့... တော်တော်လေး စွမ်းလှချေလား။ ဒါပေမဲ့ အားနည်းလွန်းနေသေးတာပဲကွာ"

ထျန်းကျီဘုံ ပညာရှင် တစ်ဦးက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်၏။

"မင်းတို့က အင်အားကြီးတာကို အသုံးချပြီး အားနည်းတဲ့သူတွေကို နှိပ်စက်နေတာ... ဒါကိုများ စွမ်းတယ်လို့ ပြောရဲသေးတယ်ပေါ့လေ"

ဟွမ်ယန်က မျက်လုံးများ သွေးရောင်လွှမ်းလျက် ဒေါသတကြီး ကြွေးကြော်လိုက်သည်။

"ဆုတ်ကြစမ်း... နဂါးနတ်ဘုရား နန်းတော် ထဲကို ပြန်ဆုတ်ကြ"

ချီဟွမ်က အသည်းအသန် အော်ဟစ် မှာကြားလိုက်လေ၏။ သူတို့ မည်မျှပင် အစွမ်းထက်ပါစေ... ထျန်းကျီဘုံ ပညာရှင်ကြီးများ၏ ရှေ့တွင်တော့ ဘာမှ မဟုတ်တော့ပါချေ။

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝေါ့... ဝေါ့... ဝေါ့..."

ထျန်းကျီဘုံ ပညာရှင်များမှာ အဆက်မပြတ် တိုက်ခိုက်နေကြရာ ဖျက်ဆီးခြင်း စွမ်းအင်များမှာ ကမ္ဘာပျက်တော့မည့်အလား နေရာအနှံ့ သိပ်သည်းနေတော့သည်။ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရကုန်ကြပြီး... ရှေ့ဆုံးမှ ခုခံနေသော ချီဟွမ်နှင့် ဟွမ်ယန်တို့မှာလည်း ပြင်းထန်လှသော စွမ်းအင်ချက်များကြောင့် နေရာတင်ပင် အသက်ပျောက်သွားကြရကာ လေထဲသို့ လွင့်ထွက်သွားကြလေတော့၏။

ကောင်းကင်ယံထက်မှ စစ်သည်တော် တစ်ရာကျော်မှာ မြေပြင်ပေါ်သို့ ကျီးကန်းတောင်မှောက် ကျဆင်းလာကြကုန်၏။ ချီဟွမ်နှင့် ဟွမ်ယန်တို့ပင်လျှင် ထိုကြောက်မက်ဖွယ် စွမ်းအင်များကို မတောင့်ခံနိုင်ခဲ့ကြပါချေ။ နဂါးနတ်ဘုရား နန်းတော်မှာ ယခုအခါ၌ အကျအဆုံး များပြားလှသော အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

"ချီဟွမ် ဟွမ်ယန်"

လျိုချင်းယန်မှာ ဒေါသအမျက် ခြောင်းခြောင်းထွက် လာပြီး ထိုနေရာသို့ အသည်းအသန် ပြေးထွက်သွားတော့သည်။

"အစ်ကိုကြီး ချီဟွမ်... အစ်ကိုကြီး ဟွမ်ယန်... မလုပ်ကြပါနဲ့ဦးဗျာ"

စစ်သည်တော်များမှာလည်း နာကျည်းစွာဖြင့် အော်ဟစ်ငိုယိုနေကြ၏။

"ချီဟွမ်တို့... သူတို့... သူတို့ သေကုန်ပြီလား"

ပေတိုယန်မှာ အစွန်းရောက်သော တုန်လှုပ်မှုများဖြင့် မျက်လုံးများ ပြူးကျယ်သွားရလေ၏။

မြောင်ချင်းချင်းမှာမူ သူမ၏ ညီအစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေသည်ကို ကြည့်ရင်း မျက်ဝန်းများ နီမြန်းလာပြီး မျက်ရည်များမှာလည်း တားမရအောင် စီးကျလာတော့သည်။

"မင်းတို့လို ခွေးကောင်တွေကို... ငါ အသေခံပြီး တိုက်မယ်ဟေ့"

ယီထျန်းချင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လူအုပ်စုကို ဦးဆောင်ကာ အသည်းအသန် ဝင်ရောက် ကူညီလိုက်၏။

"အသေခံ တိုက်ကြစမ်း"

စစ်သည်တော်များကလည်း ကိုယ့်အသက်ကိုပင် ပဓာနမထားတော့ဘဲ ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်လာကြတော့သည်။ ချီဟွမ်နှင့် ဟွမ်ယန်တို့၏ သေဆုံးမှုက သူတို့အားလုံး၏ ဒေါသမီးတောက်များကို အရှိန်အဟုန်ပြင်းစွာ လောင်မြိုက်စေခဲ့တော့သည်။

"ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ကောင်တွေ..."

ထျန်းကျီဘုံ ပညာရှင် တစ်ဦးက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်၏။

"နတ်ဘုရား အကာအကွယ် အခင်းအကျင်း"

လင်ရှောင်ရှောင်မှာ သူမ၏ ညီအစ်ကိုများ အသတ်ခံနေရသည်ကို ကြည့်ရင်း မျက်ရည်များ ဝဲတက်လာကာ ထိုနေရာသို့ အသည်းအသန် ပြေးဝင်သွားလေ၏။ သူမသည် လျှပ်တစ်ပြက် လှုပ်ရှားမှုကို အသုံးပြုကာ အဆက်မပြတ် လက်ကွက်များ ဖော်လိုက်ပြီးနောက် အပြာရောင် အကာအကွယ်ကြီး တစ်ခုကို ဖန်တီးလိုက်လေတော့သည်။

"ဘုန်း... ဘုန်း... ဘုန်း..."

လင်ရှောင်ရှောင်၏ အကာအကွယ်ကြောင့် ထျန်းကျီဘုံ ပညာရှင်များ၏ ပြင်းထန်လှသော တိုက်ခိုက်မှုများမှာ ဟန့်တားခြင်း ခံလိုက်ရ၏။ ထိုပညာရှင်များမှာလည်း အကာအကွယ်မှ တန်ပြန်လာသော စွမ်းအားများကြောင့် နောက်သို့ လွင့်ထွက်သွားကြရ၏။ ထိုအကာအကွယ်၏ အားကြီးမှုကြောင့် သူတို့အားလုံးမှာ အစွမ်းကုန် မတိုက်ခိုက်မိခဲ့ခြင်းအတွက် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိကြတော့သည်။

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ အတုံးအရုံး ကျဆုံးနေသည်ကို ကြည့်ရင်း လိန်ဟွန်း၏ မျက်နှာပေါ်တွင် ကောက်ကျစ်လှသော လှောင်ပြုံးတစ်ခု ပေါ်လွင်လာသည်။

"လူပြက်တွေကတော့... လူပြက်တွေပါပဲကွာ။ အဆုံးသတ်မှာတော့ မင်းတို့အားလုံးက အမှိုက်တွေချည်းပါပဲ"

"ချီဟွမ် ဟွမ်ယန် ဟေ့... နိုးကြစမ်းပါဦးဗျာ..."

လျိုချင်းယန်က ထိုနှစ်ဦးကို ဆွဲပွေ့ကာ နာကျည်းစွာဖြင့် အော်ဟစ်နေမိတော့သည်။

"ရွှေဖုန်း ရွှေဖုန်း"

ခွမ်ကျန့်မှာလည်း အသည်းကွဲမတတ် အော်ဟစ်နေသော်လည်း သူတို့မှာမူ မည်သို့မျှ ပြန်လည် မထူးနိုင်ကြတော့ပါချေ။

"အစ်ကိုလျို... သူတို့... သူတို့ အကုန် သေကုန်ပြီလားဟင်..."

မြောင်ချင်းချင်းက ရှိုက်ကြီးတငင် ငိုကြွေးရင်း မေးမြန်းလိုက်၏။ သူမ၏ နှလုံးသားလေးမှာ အပိုင်းပိုင်း အစစ ကွဲကြေသွားရရှာလေ၏။

All Chapters