← Chapters

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း (၆၉၇) - မျှော်လင့်ချက်မဲ့သည့် အခြေအနေဆိုးအတွင်း ပိတ်မိခြင်း

~"ဘုန်း... ဘုန်း... ဘုန်း..."

"ဝေါ့... ဝေါ့... ဝေါ့..."

ထျန်းရှန်းဇီနှင့် အခြားသော ထျန်းကျီဘုံ ပညာရှင်များမှာမူ နတ်ဘုရား ဘုရင် နန်းတော်မှ အစွမ်းထက် ပညာရှင်များ၏ အဆက်မပြတ် ရိုက်နှက်ခြင်းကို ခံနေကြရပြီး၊ သူတို့၏ ဒဏ်ရာများမှာလည်း တစ်နေ့တခြား ပို၍ ပြင်းထန်လာပြီ ဖြစ်သည်။ နတ်ဘုရား ဘုရင် နန်းတော်မှ ပါလာသော ပညာရှင်များမှာ အစွမ်းအထက်ဆုံးသူမှာ ထျန်းကျီဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေသကဲ့သို့၊ ကျန်ရှိနေသူများမှာလည်း ဆဋ္ဌမနှင့် သတ္တမအလွှာများတွင် ရှိနေကြသဖြင့် ထျန်းရှန်းဇီတို့ထက် အဆင့်အတန်းချင်း အပြတ်အသတ် သာလွန်နေကြခြင်း ဖြစ်သည်။

"ထျန်းရှန်းဇီ... ခင်ဗျားတို့ အိုကြီးအိုမတွေက သေတွင်းကို ကိုယ်တိုင် တူးနေတာပဲ။ ခင်ဗျားတို့က ဘာကောင်တွေပဲ ဖြစ်နေဖြစ်နေ... ငါကတော့ ဂရုမစိုက်ဘူး"

အပြင်းအထန် ဒဏ်ရာရထားသော ထျန်းရှန်းဇီတို့ကို ကြည့်ရင်း လိန်ဟွန်းက မထီမဲ့မြင် ပြုသော လေသံဖြင့် ရက်စက်စွာ လှောင်ပြုံးလိုက်လေ၏။ ထျန်းရှန်းဇီ၏ အဆင့် (၈) ဆေးပညာရှင် ဆိုသည့် ဂုဏ်သတင်းမှာလည်း လိန်ဟွန်းအတွက်တော့ အပြောတောင် မထိုက်ပါချေ။

နဂါးနတ်ဘုရား နန်းတော်ဘက်မှ စစ်သည်တော်များမှာလည်း အတုံးအရုံး ကျဆုံးနေကြရပြီး ထျန်းရှန်းဇီတို့ပါ အပြင်းအထန် ဒဏ်ရာရကုန်သဖြင့် တိုက်ပွဲအခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားလေတော့သည်။ ထိုအခိုက်အတန့်၌ နဂါးနတ်ဘုရား နန်းတော်မှာ အားကိုးရာမဲ့သည့် အခြေအနေဆိုးကြီးအတွင်းသို့ လုံးဝ ကျရောက်သွားခဲ့ရပြီ ဖြစ်သည်။

"မြန်မြန်... ဒဏ်ရာရတဲ့ ညီအစ်ကိုတွေကို နန်းတော်ထဲ ပြန်ခေါ်ကြစမ်း"

လျိုချင်းယန်က နာကျည်းမှုများနှင့်အတူ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ချင်းယန်.. ငါတို့တွေ အသေခံ တိုက်ကြရအောင်.."

ပေတိုယန်က သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးအိမ်အတွင်း၌ သွေးရောင်များ လွှမ်းနေပြီး ကောင်းကင်ယံအထိ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေတော့သည်။

"ကောင်းပြီလေ"

လျိုချင်းယန်က ဒေါသကြောင့် တုန်ရီနေသော လေသံဖြင့် ဆိုလိုက်၏။

"ရှောင်ရှောင်... အကာအကွယ်ရဲ့ စွမ်းအားကို သုံးပြီး အဲဒီကောင်တွေကို ဒဏ်ရာရအောင် လုပ်ပါ၊ ငါ ချီဟွမ်တို့အတွက် ကလဲ့စားပြန်ချေချင်တယ် ကျန်တဲ့ ညီအစ်ကိုတွေ... တစ်ယောက်မှ အလွတ်မပေးနဲ့၊ အကုန် သတ်ပစ်ကြစို့"

"သတ်ကြဟေ့"

ကျန်ရှိနေသော စစ်သည်တော် သုံးရာကျော်မှာလည်း နာကျည်းစွာဖြင့် ဝိုင်းဝန်း ကြွေးကြော်လိုက်ကြ၏။ သူတို့၏ မျက်နှာများမှာ ရက်စက်ကြမ်းကြုတ်နေပြီး တိုက်ပွဲဝင်လိုစိတ်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ကျွန်မနောက်ကနေ သေချာ လိုက်ခဲ့ကြပါ"

လင်ရှောင်ရှောင်ကလည်း ချီဟွမ်တို့အတွက် ကလဲ့စားချေရန် ပြင်းထန်သော စိတ်ဓာတ်များဖြင့် အော်ဟစ်လိုက်လေ၏။

လင်ရှောင်ရှောင်သည် အကာအကွယ်၏ စွမ်းအားများကို စုစည်းကာ လျိုချင်းယန်နှင့် အခြားသူများကို ဦးဆောင်လျက် ထျန်းကျီဘုံ ပညာရှင်များရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။

"လူခွဲလိုက်ကြစမ်း တစ်ယောက်ချင်းစီကို အပြတ်ရှင်းမယ်"

နတ်ဘုရား ဘုရင် နန်းတော်မှ ထျန်းကျီဘုံ ပညာရှင် တစ်ဦးက အော်ဟစ်လိုက်လေ၏။ သူတို့သည်လည်း ထိုထက်ရှသော အကာအကွယ်ကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြပါချေ။

ထျန်းကျီဘုံ ပညာရှင်များမှာ လူနုံများ မဟုတ်ကြသဖြင့် လင်ရှောင်ရှောင်၏ အကာအကွယ်နှင့် မထိတွေ့မိစေရန် အသီးသီး ရှောင်တိမ်းနေကြကုန်၏။

"ဝှစ်... ဝှစ်... ဝှစ်..."

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝေါ့... ဝေါ့... ဝေါ့..."

ထျန်းကျီဘုံ ပညာရှင်များမှာ လင်ရှောင်ရှောင်တို့ကို ရှောင်တိမ်းကာ အခြားသော စစ်သည်တော်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြတော့သည်။ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာမူ ထိုပညာရှင်ကြီးများကို ပြန်လည် ခုခံနိုင်စွမ်း မရှိသဖြင့် တစ်ယောက်ပြီး တစ်ယောက် ကျဆုံးနေကြရရှာလေ၏။

ထိုမြင်ကွင်းကြောင့် လျိုချင်းယန်နှင့် အခြားသူများမှာ အတိုင်းအဆမဲ့ နာကျင်ခံစားနေကြရပြီး သူတို့၏ မျက်လုံးများမှာလည်း ဒေါသကြောင့် သွေးရောင်လွှမ်းနေတော့သည်။ သို့သော်လည်း ရန်သူများမှာ အရေအတွက် များပြားလှသဖြင့် လင်ရှောင်ရှောင်တို့ အနေဖြင့် အရာအားလုံးကို လိုက်လံ ဟန့်တားနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပါချေ။

"မြန်မြန်... ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို လူလွှတ်ပြီး အကူအညီတောင်းကြ"

စစ်သည်တော်များ ကျဆုံးနေသည်ကို ကြည့်ရင်း လျိုချင်းယန်က အော်ဟစ်လိုက်၏။

"ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ် ဟုတ်လား..."

လိန်ဟွန်းက မထီမဲ့မြင် လေသံဖြင့် လှောင်ပြောင်လိုက်သည်။

"သူတို့က ကိုယ့်အသက်ကိုတောင် အနိုင်နိုင် ကယ်နေရတာပါ။ နင်တို့ဆီကို လာရဲမယ် ထင်နေလား။ လာခဲ့ရင်တောင်မှ... သေတွင်းထဲကို ကိုယ်တိုင် လာပို့တာနဲ့ အတူတူပဲ ဖြစ်မှာပေါ့"

ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်တို့မှာ မိစ္ဆာမျိုးနွယ်စု ပညာရှင်များ၏ တိုက်ခိုက်ခြင်းကို ခံထားရသဖြင့် အင်အားများစွာ ချိနဲ့နေပြီ ဖြစ်၏။ အကယ်၍ သူတို့ ရောက်လာခဲ့လျှင်ပင် လိန်ဟွန်းနှင့် ခွန်ယွင်တို့ကို ယှဉ်နိုင်ရန်မှာ အလှမ်းဝေးလွန်းလှသည်။

"ရှောင်ရှောင်... မြန်မြန် စီနီယာ အောက်ယွမ် ကို ခေါ်လိုက်ပါဦး"

လျိုချင်းယန်က စိုးရိမ်တကြီးဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ အားလုံး မျိုးပြုတ်သွားမည်မှာ သေချာလှသည်။

လင်ရှောင်ရှောင်သည်လည်း သူမ၏ သွေးမျိုးဆက် စွမ်းအားများကို အသည်းအသန် လှုံ့ဆော်ကာ အကူအညီ ခေါ်ယူရန် ပြင်ဆင်လိုက်တော့၏။

"ခွန်ယွင်... သူ့ကို တားလိုက်စမ်း"

လိန်ဟွန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူသည် လင်ရှောင်ရှောင်ကို သတိထားနေဆဲပင်။

အောက်ယွမ်၏ အားကြီးလှသော ခွန်အားများကို လိန်ဟွန်း ကောင်းစွာ မှတ်မိနေဆဲ ဖြစ်ရာ... သူ၏ အစီအစဉ်များကို လင်ရှောင်ရှောင် ဖျက်ဆီးပစ်မည်ကို အဖြစ်မခံနိုင်ပါချေ။

အမိန့်ရသည်နှင့် တပ်မှူးကြီး ခွန်ယွင်သည် နတ်ဘုရားအသွင်ပြောင်းဘုံ ၏ ခွန်အားများကို အသုံးပြုလိုက်၏။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ယူဇနာ သောင်းချီသော ဟင်းလင်းပြင် တစ်ခုလုံးကို ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် ပိတ်ဆို့လိုက်တော့သည်။

လင်ရှောင်ရှောင်မှာ အကူအညီ ခေါ်ယူရန် ကြိုးစားစဉ်မှာပင် မျက်နှာ ပျက်ယွင်းသွားပြီး ဆိုလိုက်၏။

"ဒုက္ခပဲ... သူ..ဟင်းလင်းပြင်ကို ပိတ်ထားလိုက်ပြီ ၊ ငါ ဘယ်သူ့ကိုမှ ခေါ်လို့ မရတော့ဘူး"

"ဘာ..."

လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်းပင် ပြာနှမ်းသွားကြတော့သည်။

ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်သဖြင့် လင်ရှောင်ရှောင်မှာ အကူအညီ ခေါ်ယူရန် မဖြစ်နိုင်တော့သကဲ့သို့၊ နဂါးနတ်ဘုရား နန်းတော်မှ မည်သူကမျှလည်း ဤစွမ်းအားကြီးကို ဖြတ်ကျော်ကာ ကျန်းမိသားစုဆီသို့ သွားရောက်နိုင်ခြင်း မရှိတော့ပါချေ။

"သွားပြီ... ငါတို့တော့ တောင့်မခံနိုင်တော့ဘူး"

"စီနီယာ ထျန်းရှန်းဇီတို့လည်း အပြင်းအထန် ဒဏ်ရာရကုန်ပြီ... ရှောင်ရှောင်ရဲ့ အကာအကွယ်တောင် သူတို့ကို မတားနိုင်တော့ဘူး"

"နန်းတော်သခင်ကလည်း အခုထိ ပြန်မလာသေးဘူး... သူသာ မြန်မြန် မရောက်လာရင်တော့ ငါတို့အားလုံး အသတ်ခံရတော့မှာပဲ"

နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြရတော့၏။

တစ်ယောက်ပြီး တစ်ယောက် ကျဆုံးနေသော စစ်သည်တော်များကို ကြည့်ရင်း သူတို့မှာ အကြီးအကျယ် ထိတ်လန့်နေကြပြီး ယုံကြည်မှုများလည်း ပျောက်ဆုံးကုန်ကြရတော့သည်။

နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင်များမှာ အလွန်ပင် အစွမ်းထက်လှသည်။ ခွန်ယွင်နှင့် လိန်ဟွန်းတို့ ကိုယ်တိုင် ဝင်မတိုက်သေးခင်မှာပင် နဂါးနတ်ဘုရား နန်းတော်မှာ ပြိုလဲနေပြီပင်။

လင်ရှောင်ရှောင်နှင့် လျိုချင်းယန် နှစ်ဦးတည်း၏ အင်အားဖြင့်တော့ နန်းတော်ကြီးကို ကာကွယ်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။

"သူတို့ကို အကုန် သတ်ပစ်ကြစမ်း ဖုန်းဝူချန် ပြန်လာတဲ့အခါ... ဒီမြင်ကွင်းကို မြင်ပြီး တော်တော်လေး ဝမ်းသာသွားမှာပဲ"

လိန်ဟွန်းက မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။

နတ်ဘုရား ဘုရင် နန်းတော်မှ ထျန်းကျီဘုံ ပညာရှင်များနှင့် စစ်သည်တော် ရာပေါင်းများစွာမှာ နဂါးနတ်ဘုရား နန်းတော်ကို အမြစ်ပြတ် ခြေမှုန်းရန်အတွက် အရှိန်အဟုန်ကို မြှင့်လိုက်ကြတော့သည်။

"နန်းတော်ထဲကို ပြန်ဆုတ်ကြစမ်း"

လင်ရှောင်ရှောင်က အသည်းအသန် အော်ဟစ်လိုက်၏။

စစ်သည်တော်များမှာ လျှပ်တစ်ပြက် လှုပ်ရှားမှုကို အသုံးပြုကာ နန်းတော်အတွင်းသို့ ပြန်လည် ဆုတ်ခွာခဲ့ကြပြီး၊ ထျန်းရှန်းဇီနှင့် အခြားသူများလည်း နောက်မှ လိုက်ပါလာကြတော့သည်။

"နတ်ဘုရားအသွင်ပြောင်း အကာအကွယ်"

လင်ရှောင်ရှောင်က ထပ်မံ၍ အော်ဟစ်လိုက်ရာ... တည်ကြည်ခိုင်မာလှသော အကာအကွယ်ကြီး တစ်ခုမှာ နဂါးနတ်ဘုရား နန်းတော်ရှိရာ တောင်ကုန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လိန်ဟွန်းက မထီမဲ့မြင် ပြုသော လေသံဖြင့် ဆိုလိုက်၏။

"နုံအလိုက်တဲ့ ကောင်မလေး... နင် ဒီလို အကာအကွယ်မျိုး အခု (၁၀၀) လုပ်ထားရင်တောင်မှ... ငါ့ရဲ့ မိစ္ဆာပုလဲ ကို တားနိုင်မှာ မဟုတ်ဘူး"

စကားပြောပြောဆိုဆိုပင် လိန်ဟွန်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မိစ္ဆာပုလဲသည် တဟုန်ထိုး ပြေးထွက်သွားတော့သည်။ မိစ္ဆာပုလဲမှ ထွက်ပေါ်လာသော အနက်ရောင် မြူခိုးများမှာ ထိုအကာအကွယ်ကြီးကို စတင် တိုက်စားလာပြီ ဖြစ်သည်။

နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းမှာ လင်ရှောင်ရှောင်၏ အကာအကွယ်သည် ခဏတာ အသက်ရှူချောင်ရုံမျှသာ ဖြစ်ပြီး၊ မိစ္ဆာပုလဲ၏ တိုက်စားမှုကို လုံးဝ တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားကြ၏။

"ခွေးကောင်တွေ"

လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာများမှာ ဒေါသကြောင့် ပုံပျက်နေပြီး၊ သူတို့၏ ရင်ထဲတွင် အဆုံးအစမဲ့သော အမုန်းတရားများဖြင့် ပြည့်နှက်နေတော့သည်။

"အစ်ကိုကြီး... ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲဟင်"

စစ်သည်တော် တစ်ဦးက အစွန်းရောက်သော အကြောက်တရားဖြင့် မေးမြန်းလိုက်၏။

"အသေခံ တိုက်ကြတာပေါ့ကွာ"

ယီထျန်းချင်းက သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း ဒေါသတကြီး တုံ့ပြန်လိုက်၏။ ရှေ့တွင် သေလမ်းသာ ရှိတော့ကြောင်း သိသော်လည်း သူတို့ နောက်မဆုတ်နိုင်ပါချေ။

ယဲ့ထျန်းဝေကလည်း ရက်စက်သော လေသံဖြင့် ဆိုလိုက်၏။

"အခုတော့... အသေခံ တိုက်ဖို့ပဲ ရှိတော့တာပေါ့"

"စီနီယာ ထျန်းရှန်းဇီ... တခြား နည်းလမ်းများ ရှိပါသေးလားဗျာ"

ဟန်ခွန်းက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

ထျန်းရှန်းဇီ၏ မျက်နှာမှာ ဖြူလျော့နေပြီး သူက လေးနက်သော အသံဖြင့် မှာကြားလိုက်၏။

"တခြား နည်းလမ်းတော့ မရှိတော့ဘူး။ ခွန်ယွင် ဟင်းလင်းပြင်ကို ပိတ်ထားလိုက်ပြီဆိုတော့... ငါတို့ ဘယ်လိုမှ ထွက်သွားလို့ မရတော့ဘူး"

"ကျွန်မရဲ့ အကာအကွယ်က သူ့ရဲ့ စွမ်းအားကို ဖျက်နိုင်ပေမယ့်... သူကတော့ ကျွန်မကို လှုပ်ရှားခွင့် ပေးမှာ မဟုတ်ဘူး"

လင်ရှောင်ရှောင်က တည်ကြည်စွာ ဆိုလိုက်သည်။

"အကာအကွယ် ပေါက်နေပြီဟေ့"

စစ်သည်တော် တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ လင်ရှောင်ရှောင် ဖန်တီးထားသော အကာအကွယ်ကြီးမှာ မိစ္ဆာမြူခိုးများအောက်တွင် နောက်တစ်ကြိမ် ထပ်မံ တိုက်စားခံနေရပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာနေပြီ ဖြစ်သည်။

"လာကြစမ်း ညီအစ်ကိုတို့ သူတို့နဲ့ အသေခံ တိုက်ကြမယ်ဟေ့"

လျိုချင်းယန်က ရူးသွပ်စွာဖြင့် အသံကုန် ဟိန်းဟောက်လိုက်၏။ သူ၏ ရင်ထဲတွင်မူ ကလဲ့စားချေလိုစိတ် တစ်ခုတည်းသာ ကျန်ရှိတော့သည်။

နန်ကုန်းကျန့်ကလည်း အံကိုတင်းတင်းကြိတ်ကာ ဒေါသတကြီး ကြွေးကြော်လိုက်၏။

"သေချင်သေပါစေကွာ ငါကတော့ အပ်ဖျားလောက်လေးတောင် မကြောက်ဘူး"

လိန်ဟွန်းက မထီမဲ့မြင် ပြုသော လေသံဖြင့်၊

"ဟွန်း... သေခါနီး လူတစ်ယောက်ရဲ့ ရုန်းကန်မှုတွေပါပဲကွာ"

"အစ်ကိုဖုန်း... ဘယ်မှာလဲဟင်။ မြန်မြန် ပြန်လာပါဦး... ကျွန်မတို့ တောင့်မခံနိုင်တော့ဘူး"

မြောင်ချင်းချင်းက နာကျည်းစွာဖြင့် ငိုကြွေးရင်း ဆုတောင်းနေမိတော့သည်။

ဤအခိုက်အတန့်၌... နဂါးနတ်ဘုရား နန်းတော်ရှိ လူတိုင်း ဖုန်းဝူချန်ကိုသာ တသသ အောက်မေ့နေကြမိတော့၏။

အကယ်၍ ဖုန်းဝူချန်သာ ရှိနေခဲ့လျှင်... စစ်သည်တော်များစွာ ဤမျှလောက် ကျဆုံးရမည် မဟုတ်သကဲ့သို့ ချီဟွမ်တို့လည်း အသက်ပေးသွားရမည် မဟုတ်ပါလော။

"နန်းတော်သခင် မြန်မြန် ပြန်လာပါဦးဗျာ"

"အစ်ကိုကြီးဖုန်း... ဘယ်မှာလဲဟင်"

လင်ရှောင်ရှောင်လည်း ဆုတောင်းနေမိ၏။

သူမသည်လည်း ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

နဂါးနတ်ဘုရား နန်းတော်ကြီး တစ်ခုလုံးမှာလည်း ပြိုလဲပျက်စီးရန် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေလေသည်။

အခန်း (၆၉၈) - နဂါးနတ်ဆိုး ၏ လက်အောက်ငယ်သား

~စောင့်ဆိုင်းခြင်း၏ အဆုံးသတ်..

ရွှမ်ဟော့ တောင်တန်းဝယ်၊

ဖုန်းဝူချန် သည် လျှို့ဝှက် မီးတောက် ဂူ ၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွားခဲ့သည်မှာ တစ်လဟူသော အချိန်အတိုင်းအတာအထိ ကြာမြင့်ခဲ့တော့သည်။ သို့သော်ငြားလည်း ယနေ့တိုင်အောင် မည်သည့် သတင်းစကားမျှ ထွက်ပေါ်လာခြင်း မရှိသေးပါချေ။

ကူတင့် နှင့် ရိုရွှေ တို့မှာမူ ထိုနေရာ၌ပင် တစ်လတိုင်တိုင် စောင့်ဆိုင်းနေခဲ့ကြသော်လည်း ဖုန်းဝူချန်၏ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် သူတို့၏ စိတ်အစဉ်မှာ အကြီးအကျယ် ပူပန်နေကြရလေ၏။ ဆရာကြီးဟယ် နှင့် အခြားသော ပညာရှင်များမှာလည်း ကျင့်ကြံလိုစိတ်များ ပျောက်ဆုံးကာ ဖုန်းဝူချန်၏ ဘေးကင်းလုံခြုံရေးအတွက်သာ စိုးရိမ်တကြီး စောင့်ကြည့်နေကြတော့သည်။

"အစ်ကိုကြီး ကူတင့်... တစ်လတောင် ရှိပြီနော်။ ဆေးဧကရာဇ် ပြန်ထွက်လာနိုင်မယ် မထင်တော့ဘူး။ ငါတို့ ပြန်ကြရအောင်လေ"

ရိုရွှေက အားကိုးရာမဲ့စွာဖြင့် ခပ်တိုးတိုး ဆိုလိုက်၏။

ကူတင့်ကမူ မျက်မှောင်ကို တင်းတင်းကြုတ်ကာ စိုးရိမ်တကြီး တုံ့ပြန်လိုက်သည်။

"ဆေးဧကရာဇ်က အထဲဝင်သွားတာ တစ်လတောင် ရှိပြီ။ အခုထိလည်း သတင်းမရှိတော့... အသက်ရှင်ရဲ့လား၊ သေပြီလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒီလို အခြေအနေကြီးမှာ ငါ ဘယ်လိုလုပ် စိတ်ဖြောင့်ဖြောင့်နဲ့ ပြန်နိုင်မှာလဲ"

လျှို့ဝှက် မီးတောက် ဂူ ၏ အနက်ရှိုင်းဆုံး နေရာရှိ ထက်ရှသော အခြေအနေကို ထိုနေရာရှိ လူတိုင်း သိရှိထားကြသည် မဟုတ်ပါလော။ အထဲသို့ ဝင်သွားသူတိုင်း တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ကြချေ။

"ကြည့်ရတာ... ဆေးဧကရာဇ် တစ်ယောက် ကံဆိုးသွားပြီ ထင်တယ်"

"လျှို့ဝှက် မီးတောက် ဂူ က တကယ့်ကို ကြောက်စရာ ကောင်းတာလေ။ အထဲဝင်ရင် မရှင်နိုင်ဘူးဆိုတာ သိသိကြီးနဲ့ ဆေးဧကရာဇ်က ဇွတ်ဝင်သွားတာဆိုတော့... ဒါဟာ ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲပေါ့"

"နှမြောစရာ ပါရမီရှင်လေးပါလား။ ကြည့်ရတာ မိစ္ဆာမီးတောက်ရဲ့ ဝါးမြိုတာကို ခံလိုက်ရပြီ ထင်တယ်"

ဂူအတွင်းရှိ လူအများစုမှာ ခေါင်းခါယမ်းကာ သက်ပြင်းချနေကြလေ၏။ မည်သူကမျှ ဖုန်းဝူချန် အသက်ရှင်နိုင်လိမ့်မည်ဟု အကောင်းမမြင်ရဲကြပါချေ။

---

ထျန်းကျီဘုံသို့ တက်လှမ်းခြင်း

သို့သော် သူတို့အားလုံး ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက် အနေဖြင့် ဖုန်းဝူချန်မှာမူ ဘေးကင်းလုံခြုံစွာ ရှိနေဆဲပင် ဖြစ်သည်။ လျှို့ဝှက် မီးတောက် ဂူ ၏ အနက်ရှိုင်းဆုံး နေရာ၌ မိစ္ဆာမီးတောက်မှာ လုံးဝ ငြိမ်းသတ်ခြင်း ခံလိုက်ရပြီ ဖြစ်သော်လည်း ကြမ်းတမ်းလှသော မီးစွမ်းအင်များမှာမူ ရွှမ်ဟော့ တောင်တန်းဆီမှ အဆက်မပြတ် စီးဆင်းနေဆဲပါပင်။

တစ်လတိုင်တိုင် ရူးသွပ်စွာ ဝါးမြိုသန့်စင်ခဲ့ပြီးနောက်... ထိုအခိုက်အတန့်၌ ဖုန်းဝူချန် သည် ထျန်းကျီဘုံ ပထမအလွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တော့သည်။ သူသည် ယခုအခါတွင် သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို ပိုမို ခိုင်မာလာစေရန် ပြုလုပ်နေတော့သည်။ ဝူမီးတောက်၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဝါးမြိုမှုကြောင့် မိစ္ဆာမီးတောက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်၏။

'အစ်ကိုကြီးဖုန်း... ဘယ်မှာလဲဟင်'

ကျင့်ကြံနေစဉ်မှာပင် ဖုန်းဝူချန်၏ စိတ်အာရုံအတွင်း၌ လင်ရှောင်ရှောင်၏ စိုးရိမ်တကြီး ခေါ်ဆိုသံကို ရုတ်တရက် ကြားလိုက်ရ၏။ သူသည် မျက်လုံးများကို ရုတ်ချည်း ဖွင့်လိုက်တော့သည်။

"ရှောင်ရှောင်"

ဖုန်းဝူချန်၏ မျက်နှာ အမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ကျင့်ကြံခြင်းကို ချက်ချင်း ရပ်တန့်လိုက်၏။

"မကောင်းတော့ဘူး ရှောင်ရှောင် တစ်ခုခု ဖြစ်နေပြီ"

ဒါက သာမန် အသံလွှင့်ခြင်း မဟုတ်ဘဲ သွေးမျိုးဆက်၏ ခေါ်ဆိုမှုတည်း။

အရေးပေါ် အခြေအနေ မဟုတ်ပါက လင်ရှောင်ရှောင် ဤသို့ လုပ်လိမ့်မည် မဟုတ်ပါချေ။ သူသည် အနည်းငယ်မျှပင် ဆက်မနေနိုင်တော့ဘဲ နဂါးနတ်ဘုရား နန်းတော်သို့ အပြေးအလွှား ပြန်ရန် ပြင်လိုက်လေတော့၏။

---

မြေအောက်မှ လျှို့ဝှက်အသံ

သို့သော် ဖုန်းဝူချန် နေရာမှ ထရန် ပြင်လိုက်စဉ်မှာပင်... ဂူအတွင်းမှ အသက်ကြီးရင့်သော အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ဘာလဲ... အကျိုးအမြတ်တွေ ရပြီးတာနဲ့ ဒီအတိုင်း လစ်ထွက်သွားတော့မလို့လား"

ထိုအသံကြောင့် ဖုန်းဝူချန်မှာ လန့်ဖျပ်သွားရလေ၏။

"ဘယ်သူလဲ"

သူသည် အလိုအလျောက် အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိထား စိုးရိမ်စွာဖြင့် စူးစမ်းကြည့်လိုက်၏။ သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် ဆေးဧကရာဇ် တစ်ဦး၏ အာရုံခံစားမှုနှင့်ပင် မည်သူ ရောက်လာသည်ကို သူ အာရုံမခံမိခဲ့ပါချေ။

'တကယ့်ကို ကြောက်စရာကောင်းတဲ့ ပညာရှင် တစ်ယောက်ပဲ။ ငါ့အာရုံကိုတောင် ရှောင်ကွင်းနိုင်တယ် ဆိုတော့...'

"ဟဲ့ ကောင်လေး ငါက မင်းရဲ့ အောက်မှာကွ"

ဒေါပွနေသော အသံ ထွက်ပေါ်လာပြန်သည်။

"အောက်မှာ ဟုတ်လား..."

ဖုန်းဝူချန်က အံ့အားသင့်စွာဖြင့် ကြမ်းပြင်ကို ငုံ့ကြည့်လိုက်၏။

ဂူ၏ ကြမ်းပြင်အောက်တွင် ဝေဝါးလှသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ ၎င်းမှာ မှော်ဝင်မျက်နှာပြင် တစ်ခုပမာ ဖြစ်နေပြီး ထိုအလင်းတန်းများကြားမှတစ်ဆင့် အဘိုးအို တစ်ဦး၏ ပုံရိပ်ကို ဝိုးတဝါး မြင်နေရတော့သည်။

"အခုမှ မြင်သလား။ ငါ ဒီမှာ ရှိနေတာကွ"

အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားသော ထိုအဘိုးအိုက မြေအောက်မှနေ၍ ဟိန်းဟောက်လိုက်၏။ ထိုအဘိုးအို၏ ဆံပင်ဖြူများမှာ ကြမ်းတမ်းစွာ ဖွာလန်နေပြီး သူ၏ မျက်နှာမှာလည်း အလွန်တရာမှ ရက်စက်ကြမ်းကြုတ်လှသဖြင့် ကြည့်ရသူတိုင်းကို ကျောချမ်းသွားစေတော့သည်။

ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားရတော့သည်။ တစ်လတိုင်တိုင် ကျင့်ကြံနေခဲ့သော်လည်း ဤကြမ်းပြင်အောက်၌ အခြားသော ကမ္ဘာတစ်ခု ရှိနေသည်ကို သူ လုံးဝ သတိမထားမိခဲ့ပါချေ။

"ဪ... ဒါကြောင့် ငါ ဘာမှ အာရုံမရတာကိုး။ ဒါက ‘'ကိုယ်ပျောက် အခင်းအကျင်း' ပဲ"

ဖုန်းဝူချန်က ခေတ္တမျှ မှင်သက်သွားပြီးနောက် သဘောပေါက်သွား၏။

"ဟဲ့... နုံအလိုက်တဲ့ ကောင်လေး ဘာတွေ တစ်ယောက်တည်း ပေါက်ကရတွေ ရေရွတ်နေတာလဲ။ မြန်မြန် ငါ့ကို ကယ်စမ်းပါဦး"

အဘိုးအိုက အမိန့်ပေးသည့် လေသံဖြင့် အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။

"ဆရာကြီး... ကျွန်တော် အခု တကယ့်ကို အရေးကြီးတဲ့ ကိစ္စရှိလို့ အမြန်သွားရမှာမို့ တောင်းပန်ပါတယ်ဗျာ။ ပြီးတော့ ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်းကြီးကို ကျွန်တော်လည်း မဖျက်နိုင်ပါဘူး။ ဖျက်နိုင်ခဲ့ရင်တောင်မှ... ဆရာကြီးက ကျွန်တော့်ကို ပြန်သတ်မှာ စိုးရတယ်။ ဒါကြောင့် ကျွန်တော် သွားပါပြီ ဆရာကြီး"

"ဟဲ့ ကောင်လေး အရင် ကယ်ဦးလေ မြန်မြန်လုပ်စမ်းပါ"

ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ အချက်ပြမှုကို ရရှိထားပြီး ဖြစ်ရာ နဂါးနတ်ဘုရား နန်းတော်တွင် တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း သူ ကောင်းကောင်း သိရှိထားပြီ ဖြစ်သည်။ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသဖြင့် သူသည် အချိန် စပါးလုံး တစ်ထောက်စာမျှပင် မနှောင့်နှေးနိုင်ပါချေ။

ပြောပြောဆိုဆိုပင် ဖုန်းဝူချန်သည် ထိုအဘိုးအိုကို လျစ်လျူရှုကာ လှည့်ထွက်ရန် ပြင်လိုက်၏။ ပထမအချက်မှာ ထိုသူကို သူ မသိရှိခြင်း၊ ဒုတိယအချက်မှာ ထိုသူက လူကောင်းလား၊ လူဆိုးလား ဆိုသည်ကို သူ မခန့်မှန်းနိုင်ခြင်းနှင့် တတိယအချက်မှာ ဘေးအန္တရာယ် ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။ ဤအဘိုးအိုသည် သူ ဝူမီးတောက်ကို အသုံးပြုနေသည်ကို စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလော။

"ဟဲ့... လူမိုက်လေး ပြန်လာခဲ့စမ်း၊ ပြန်လာခဲ့ပါဦး ၊မင်းရဲ့ အမည်းရောင် မီးလျှံတွေက ဒီအခင်းအကျင်းရဲ့ စွမ်းအားကို ဝါးမြိုနိုင်တယ်... မင်း ငါ့ကို ကယ်နိုင်တယ်ကွ"

ဖုန်းဝူချန် ထွက်သွားသည်ကို မြင်သောအခါ အဘိုးအိုမှာ အသည်းအသန် အော်ဟစ်လိုက်လေတော့သည်။ အကယ်၍ ဖုန်းဝူချန်သာ ထွက်သွားမည်ဆိုပါက သူသည် တစ်သက်လုံး ဤနေရာမှ ထွက်နိုင်တော့မည် မဟုတ်ပါချေ။

"မင်းလို ကျေးဇူးကန်းတဲ့ကောင် မင်း ကျင့်ကြံနေတုန်းက ငါက နှောင့်ယှက်ခဲ့လို့လား။ ငါသာ နှောင့်ယှက်လိုက်ရင် မင်း ထျန်းကျီဘုံကို ရောက်ဖို့ နေနေသာသာ... ကြောက်လန့်ပြီး သေသွားလောက်ပြီကွ"

"ဟဲ့ ကောင်လေး ပြန်လာခဲ့စမ်းပါဦး"

ဖုန်းဝူချန်ကမူ ဘာမှ မကြားသည့်အလား ဂူအတွင်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူ့အတွက်တော့ နဂါးနတ်ဘုရား နန်းတော်မှာ အရာအားလုံးထက် ပို၍ အရေးကြီးသည် မဟုတ်ပါလော။

"ဟဲ့ ကောင်လေး မင်းက 'အမြင့်မြတ်ဆုံး နဂါးနတ်ဘုရား ကျင့်စဉ်' ကို ကျင့်ထားတာပဲ။ မင်းနဲ့ 'နဂါးနတ်ဆိုး ' နဲ့ ဘာပတ်သက်သလဲ။ ငါက နဂါးနတ်ဆိုး ရဲ့ လက်အောက်ငယ်သားကွ"

"နဂါးနတ်ဆိုး ရဲ့ လက်အောက်ငယ်သား လား..."

အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သော ဖုန်းဝူချန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက်... သူ၏ မျက်နှာ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားလေသည်။

အခန်း (၆၉၉) - မီးတောက်နဂါး

~"စီနီယာက နဂါးနတ်ဆိုး ရဲ့ လက်အောက်ငယ်သား လား"

အဘိုးအို၏ အဆက်မပြတ် ဟိန်းဟောက်သံများကြားထဲမှာပင် ဖုန်းဝူချန်၏ အေးစက်လှသည့် အသံက ရုတ်ချည်း ထွက်ပေါ်လာလေ၏။ ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂူအတွင်းသို့ တစ္ဆေတစ်ကောင်ပမာ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် ပေါ်လာသော ဖုန်းဝူချန်ကြောင့် အော်ဟစ်နေသော အဘိုးအိုမှာ အကြီးအကျယ် လန့်ဖြန့်သွားရတော့သည်။

"လျှပ်တစ်ပြက် လှုပ်ရှားမှု ပါလား"

အဘိုးအိုက မျက်လုံးအဝိုင်းသားဖြင့် အော်ဟစ်လိုက်၏။ သူသည် ဖုန်းဝူချန်ကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိ၏။

"မင်းက လျှပ်တစ်ပြက် လှုပ်ရှားမှုကို သိတာလား"

ဖုန်းဝူချန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ စိတ်ထဲတွင်မူ ဤအဘိုးအိုသည် နဂါးနတ်ဆိုး နှင့် တစ်စုံတစ်ရာ ပတ်သက်နေသည်မှာ သေချာသည်ဟု မှတ်ယူလိုက်၏။

"ဟဲ့... လူလည်လေး.. မြန်မြန် ..ငါ့ကို ကယ်စမ်းပါဦး"

ဖုန်းဝူချန် ပြန်ရောက်လာသည်ကို မြင်သောအခါ အဘိုးအိုမှာ အတိုင်းအဆမဲ့ ဝမ်းသာသွားပြီး မှာကြားလိုက်၏။

ဖုန်းဝူချန်ကမူ အေးအေးဆေးဆေးပင် ဆိုလိုက်၏။

"အရင်ဆုံး ကျွန်တော့် မေးခွန်းကို အရင်ဖြေဦးလေ"

"ငါက မီးတောက်နဂါး ကွ၊ နဂါးနတ်ဆိုး ရဲ့ လက်အောက်က စစ်သူကြီး တစ်ယောက်ပေါ့"

အဘိုးအိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

"မီးတောက်နဂါး ဟုတ်လား...ခင်ဗျားက မီးတောက်နဂါး လား"

ထိုစကားကြောင့် ဖုန်းဝူချန်၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ နဂါးနတ်ဆိုး ၏ မှတ်ဉာဏ်များအတွင်းမှ မီးတောက်နဂါး၏ ပုံရိပ်မှာ သူ၏ ခေါင်းထဲသို့ ရောက်ရှိလာသော်လည်း... သူ၏ ရှေ့မှ အဘိုးအိုမှာမူ ထိုပုံရိပ်နှင့် လုံးဝ ကွဲပြားနေသည် မဟုတ်ပါလော။

"ခင်ဗျားက မီးတောက်နဂါး မဟုတ်ပါဘူး။ ငါ ဘယ်လိုပဲ ကြည့်ကြည့်...ခင်ဗျားနဲ့ မီးတောက်နဂါးနဲ့က တစက်မှ မတူဘူး"

ဖုန်းဝူချန်က ခေါင်းကို ခါယမ်းလိုက်ရင်း ထပ်မံ မေးမြန်းလိုက်၏။

"ခင်ဗျားက တကယ်တမ်း ဘယ်သူလဲ။ နဂါးနတ်ဆိုး ကိုရော ဘယ်လို သိတာလဲ"

"ဟဲ့... ခွေးကောင်လေး.. ငါ့ကိုများ လာစစ်ဆေးနေသေးတယ်၊ ငါက မီးတောက်နဂါးအစစ်ကွ"

အဘိုးအိုက ဒေါသတကြီးဖြင့် သူ၏ ဖွားလန်နေသော ဆံပင်ဖြူများကို လက်နှစ်ဖက်ဖြင့် ဆွဲဖွလိုက်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်၏။

ဖုန်းဝူချန်က အနီးကပ် သေသေချာချာ အကဲခတ်လိုက်သောအခါမှသာ... ထိုအဘိုးအို၏ မျက်နှာပေါ်တွင် မီးတောက်နဂါး၏ အရှိန်အဝါအချို့ကို စတင် မြင်တွေ့လိုက်ရတော့သည်။

ဤအဘိုးအိုသည် နှစ်ပေါင်း မည်မျှကြာအောင် ပိတ်လှောင်ခံထားရသည် မသိသဖြင့် ညစ်ပတ်ပေရေနေပြီး သေသေချာချာ မကြည့်ပါက မည်သူမှန်း သိရန် ခဲယဉ်းလွန်းလှပါ၏။

"ခင်ဗျား…တကယ်ပဲ မီးတောက်နဂါး လား"

ဖုန်းဝူချန်က မယုံကြည်နိုင်စွာဖြင့် ထပ်မံ မေးလိုက်ပြန်သည်။

"နုံအလိုက်တဲ့ ကောင်လေးရာ ၊ မင်းက ငါ့ကို တစ်ခါမှ မြင်ဖူးတာလည်း မဟုတ်ဘဲနဲ့... ငါ မီးတောက်နဂါး ဟုတ်မဟုတ် ..မင်း ဘယ်လိုလုပ် သိမှာလဲ"

အဘိုးအိုက အလိုမကျစွာဖြင့် ပြန်လည် အော်ဟစ်လိုက်၏။

"ဒီဒေါသကြီးတဲ့ ပုံစံကတော့ တော်တော် တူတာပဲ"

ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

သူသည် နဂါးနတ်ဆိုး ၏ မှတ်ဉာဏ်များနှင့် ချိန်ညှိကြည့်လိုက်သောအခါ ဤအဘိုးအိုသည် အမှန်တကယ်ပင် မီးတောက်နဂါး ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်တော့သည်။ မီးတောက်နဂါးသည် နဂါးမျိုးနွယ်စုဝင် တစ်ဦး ဖြစ်သကဲ့သို့ နဂါးနတ်ဆိုး ၏ လက်ရုံးတစ်ဆူလည်း ဖြစ်ခဲ့ရာ သူ၏ ခွန်အားမှာလည်း အကြီးအကျယ် ကြောက်စရာ ကောင်းလှပေ၏။

"ဟဲ့... ကောင်လေး။ မင်းက နဂါးနတ်ဆိုး ရဲ့ ကျင့်စဉ်တွေကို ဘယ်လို ရတာလဲ။ ပြီးတော့ မင်းက လူသားတစ်ယောက် ဖြစ်နေပါလျက်နဲ့... ဘာလို့ နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက်တွေ ရှိနေရတာလဲ"

မီးတောက်နဂါးက ဖုန်းဝူချန်ကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

"ဝုန်း..."

ဖုန်းဝူချန်သည် သူ၏ ကိုယ်တွင်းမှ ဝူမီးတောက်ကို လှုံ့ဆော်လိုက်ရင်း ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။

"အဲဒါတွေကိုတော့ နောက်မှပဲ ပြောပြတော့မယ်။ အခုတော့ ခင်ဗျားကို အရင် ကယ်ရမယ်။ ကျွန်တော့်မှာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စရှိလို့... ခင်ဗျား ခဏလောက် ပါးစပ်ပိတ်ထားပေးရင် ပိုကောင်းလိမ့်မယ်"

---

ဝူမီးတောက်သည် ဂူ၏ ကြမ်းပြင်ပေါ်ရှိ အလင်းတန်း မျက်နှာပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ထိုမီးတောက်မည်းကြီးမှာ အခင်းအကျင်း၏ စွမ်းအားများကို တရစပ် ဝါးမြိုနေတော့၏။ ဖုန်းဝူချန်သည် ထျန်းကျီဘုံ ပထမအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ သူ၏ ဝူမီးတောက်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်သည်။

"ဝီ... ဝီ..."

ပိတ်ဆို့ခြင်း အခင်းအကျင်းကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး တောက်ပလှသော အပြာရောင် အလင်းတန်းများက ဂူတစ်ခုလုံးကို ပြည့်နှက်သွားစေတော့သည်။ လျှို့ဝှက် မီးတောက် ဂူ အပြင်ဘက်ရှိ ကူတင့်နှင့် အခြားသူများမှာမူ ထိုဖျက်ဆီးခြင်း အရှိန်အဝါကြီးကြောင့် မိစ္ဆာမီးတောက်များ ပြန်ထွက်လာပြီဟု ထင်မှတ်ကာ ထွက်ပြေးကုန်ကြရ၏။

"ဒီမီးတောက်မည်းတွေက... ဝါးမြိုနိုင်စွမ်း အရမ်း ကြောက်စရာ ကောင်းတာပဲ။ ဒါ ရှေးဦး ဝူမီးတောက် များလား"

မီးတောက်နဂါးပင်လျှင် ဝူမီးတောက်၏ စွမ်းအားကြောင့် အကြီးအကျယ် ထိတ်လန့်နေမိတော့သည်။

'ဒီအခင်းအကျင်းရဲ့ စွမ်းအားက အရမ်း ကြီးလွန်းတယ်။ ငါ့ခန္ဓာကိုယ်က ဒီလောက်အင်အားတွေကို တောင့်ခံနိုင်ပါ့မလား မသိဘူး'

ဖုန်းဝူချန် စိတ်ထဲမှ တိတ်တဆိတ် တွေးတောရင်း အံကို တင်းတင်းကြုတ်ထားလိုက်၏။

ဝူမီးတောက်သည် အခင်းအကျင်း၏ စွမ်းအားများကို အငမ်းမရ ဝါးမြိုနေပြီး ထိုစွမ်းအားများမှာ ဖုန်းဝူချန်၏ သွေးကြောများအတွင်းသို့ ဒလဟော စီးဝင်လာပြီ ဖြစ်သည်။ သွေးကြောများ ပြည့်လျှံလာမှုကြောင့် ဖုန်းဝူချန်၏ မျက်နှာမှာလည်း နာကျင်မှုကြောင့် ပုံပျက်နေတော့သည်။

"ပုံရိပ်ယောင် သိုင်းကွက်"

ဖုန်းဝူချန်က အသံကုန် ဟိန်းဟောက်လိုက်ပြီး သူ၏ ရှေးဦး ဝိညာဉ် ပုံရိပ်ယောင် (၁၂) ခုကို လျှပ်တစ်ပြက်အတွင်း ထုတ်ဖော်ကာ ထိုကြီးမားလှသော စွမ်းအားများကို ကူညီ သန့်စင်စေလိုက်၏။

"ဒါ... ဒါက ပုံရိပ်ယောင် သိုင်းကွက် မဟုတ်လား"

မီးတောက်နဂါးမှာ ထိုပုံရိပ်ယောင်များကို မြင်လိုက်ရသောအခါ အိုမင်းနေသော မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

'ဒီကောင်လေးက ဘယ်သူလဲ။ နဂါးနတ်ဘုရား သိတဲ့အရာမှန်သမျှကို သူက ဘာလို့ သိနေရတာလဲ။'

စွမ်းအားများ သန့်စင်သွားသည်နှင့်အမျှ ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်မှာလည်း တဟုန်ထိုး မြင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

"ဖြောင်း... ဖြောင်း..."

"ဒိုင်း..."

မိနစ်ပိုင်းမျှသော အချိန်အတွင်းမှာပင် ထိုခိုင်မာလှသော အခင်းအကျင်းကြီးမှာ ဝူမီးတောက်၏ ဝါးမြိုမှုအောက်တွင် လုံးဝ ပြိုကွဲ ပျက်စီးသွားခဲ့တော့သည်။

"ပွင့်သွားပြီ ၊ အခင်းအကျင်း ပွင့်သွားပြီဟေ့"

မီးတောက်နဂါးက အတိုင်းအဆမဲ့ ဝမ်းသာပီတိ ဖြစ်စွာဖြင့် အော်ဟစ်လိုက်လေတော့၏။

"ဟူး..."

ဖုန်းဝူချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်၏။

သူသည် အခင်းအကျင်းကို ဖျက်ဆီးပြီးသည်နှင့် မီးတောက်နဂါးကို စပါးလုံး တစ်ထောက်စာမျှ ဂရုမစိုက်တော့ဘဲ... လျှပ်တစ်ပြက် လှုပ်ရှားမှုကို အသုံးပြုကာ နဂါးနတ်ဘုရား နန်းတော်ရှိရာ ဆီသို့ တဟုန်ထိုး ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

သူ၏ အတွင်းစိတ်က နဂါးနတ်ဘုရား နန်းတော်တွင် ဆိုးရွားလှသော ကိစ္စတစ်ခုခု ဖြစ်နေပြီဟု အသည်းအသန် သတိပေးနေသောကြောင့်ပင်။

"ဒီကောင်လေးကတော့... ပြေးလိုက်တာ မြန်လိုက်တာကွာ"

မီးတောက်နဂါးမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ခေါင်းကို ခါယမ်းလိုက်၏။

"နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီးမှတော့... အခု ငါလည်း လောကကြီးကို ပြန်ပတ်ကြည့်ရတာပေါ့ဟေ့"

ပြောပြောဆိုဆိုပင် မီးတောက်နဂါး၏ ပုံရိပ်မှာလည်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေတော့သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မည်မျှ ကြောက်စရာ ကောင်းနေသနည်း ဆိုသည်မှာ ထိုပျောက်ကွယ်သွားသော ပုံရိပ်လေးကပင် သက်သေပြနေပြီ ဖြစ်သည်။

---

နဂါးနတ်ဘုရား နန်းတော်မှ ငိုရှိုက်သံများ..

နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ကြည့်လိုက်မည် ဆိုလျှင်မူ... လင်ရှောင်ရှောင် ဒုတိယအကြိမ် ဖန်တီးထားသော အကာအကွယ်ကြီးမှာ မိစ္ဆာပုလဲ၏ တိုက်စားမှုကြောင့် လုံးဝ ပြိုကွဲ ပျက်စီးသွားတော့၏။ နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင်များမှာမူ အကြင်နာ ကင်းမဲ့စွာဖြင့် စတင် တိုက်ခိုက်နေကြတော့သည်။

တိုက်ပွဲကြီးမှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။ ထျန်းရှန်းဇီနှင့် အခြားသူများမှာ အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း... သူတို့ဘက်မှ မဟာမိတ်များစွာမှာ တစ်ယောက်ပြီးတစ်ယောက် အသက်ပေးနေကြရသည်။

ကျန်ရှိနေသူများမှာလည်း အပြင်းအထန် ဒဏ်ရာများဖြင့် တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးနေကြရရှာလေ၏။

နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များမှာ ပို၍ပင် အထိနာနေကြရတော့သည်။ ပေတိုထျန်းယဲ့၊ လျိုယန်၊ ဟိုမင်နှင့် တောက်ဟွန်းတို့ကဲ့သို့သော ညီအစ်ကိုများ အားလုံးမှာလည်း အသက်ပေးသွားခဲ့ကြရတော့သည်။ လျိုချင်းယန်နှင့် ယီထျန်းချင်းတို့မှာလည်း အပြင်းအထန် ဒဏ်ရာရထားကြပြီး... အကယ်၍ လန်ယွီ၏ 'ရေဝိညာဉ် အကာအကွယ်' သာ အချိန်မီ ထွက်မလာခဲ့ပါက သူတို့အားလုံး အသက်ရှင်နိုင်ကြမည် မဟုတ်ပါချေ။

ဒါက နဂါးနတ်ဘုရား နန်းတော်အတွက်တော့ အဆိုးရွားဆုံးသော ရှုံးနိမ့်မှုကြီး တစ်ခုပင် ဖြစ်သည်။ စစ်သည်တော် သုံးရာကျော်မှာ အသက်ပေးသွားခဲ့ကြရပြီး မဟာမိတ်များစွာလည်း ကျဆုံးနေကြရတော့၏။

လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးမှာလည်း သွေးရောင် ဖျော့ နေပြီ ဖြစ်သည်။ သူမသည် နန်းတော်ကြီးကို ကာကွယ်ရန်အတွက် သူမ၏ စွမ်းအားများ အားလုံးကို အသုံးချခဲ့သဖြင့် ယခုအခါတွင် အားအင်များ ကုန်ခမ်းနေရ၏။

"နုံအလိုက်တဲ့ ကောင်မလေး... အခုတော့ အားကုန်သွားပြီ မဟုတ်လား။ နင့်ရဲ့ အကာအကွယ်တွေက ငါ့ကို မတားနိုင်ပါဘူးဆိုတာ သိသွားပြီလား"

လိန်ဟွန်းက ရက်စက်စွာ လှောင်ပြုံးရင်း ဆိုလိုက်၏။

"နင် သတ္တိရှိရင် ငါ့ကို အခုချက်ချင်း သတ်လိုက်လေ"

လင်ရှောင်ရှောင်က အားအင်ကုန်ခမ်းနေသော်လည်း အနည်းငယ်မျှ နောက်မဆုတ်ဘဲ အေးစက်စွာ စိန်‌ခေါ်လိုက်၏။

သူမသည် ဖုန်းဝူချန်အတွက် ဤနန်းတော်ကြီးကို အသေခံ၍ ကာကွယ်ရန် ဆုံးဖြတ်ထားသူ မဟုတ်ပါလော။

"နင့်ကိုတော့ ငါ မသတ်သေးပါဘူး။ ဒါပေမဲ့ ကျန်တဲ့လူတွေ အကုန်လုံးကတော့ သေရမယ်"

လိန်ဟွန်းက အေးစက်စွာ ကြွေးကြော်လိုက်သည်။

"ဟို မောက်မာလှတဲ့ ကောင်လေးကို အရင်ဆုံး သတ်ပစ်ကြစမ်း"

သူက လျိုချင်းယန်ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်လေ၏။ ထျန်းကျီဘုံ ပညာရှင် တစ်ဦးက ရိုသေစွာ နာခံလိုက်ပြီးနောက်... လေထဲသို့ လက်တစ်ချက် ဝှေ့ယမ်းကာ အပြင်းအထန် ဒဏ်ရာရနေသော လျိုချင်းယန်ကို ကောင်းကင်ယံသို့ ဆွဲတင်လိုက်လေတော့သည်။

"အစ်ကိုလျို"

မြောင်ချင်းချင်းမှာ မျက်နှာ ပျက်ယွင်းသွားပြီး လျိုချင်းယန်ကို ဆွဲဖမ်းရန် အသည်းအသန် ရှေ့သို့ တိုးဝင်သွားလေ၏။

"ချင်းယန်"

လင်ရှောင်ရှောင်နှင့် အခြားသူများမှာလည်း အစွန်းရောက်သော နာကျည်းမှုများနှင့်အတူ ထိတ်လန့်တုန်လှုပ်ကုန်ကြသော်လည်း... မည်သူကမျှ ဝင်ရောက် ကူညီနိုင်လောက်သော အားအင် မရှိကြတော့ပါချေ။

All Chapters