အခန်း (၇၀၃-၇၀၅)
Vol. 47 Ch. 703-705
အခန်း (၇၀၃) - ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်း
~ ဟင်းလင်းပြင်အတွင်းရှိ ထောင်ချောက်..
"ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း"
ဖုန်းဝူချန်သည် ရွှေနဂါးတံဆိပ်တော်၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်လေ၏။ ရွှေရောင်အလင်းတန်းများသည် မှောင်မိုက်နေသော ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်သွားပြီး
စွမ်းအားများမှာလည်း ဟုန်းဟုန်းတောက်လောင်နေတော့သည်။ ဟင်းလင်းပြင်အတွင်း၌ လေပွေကြီး ဖွဲ့တည်လာပြီး အမည်းရောင်မီးလျှံများမှာ ထိုလေပွေအတွင်းသို့ စီးဝင်သွားကြရာ တကယ့်ကို ထူးဆန်းဆန်းပြားလှသော မြင်ကွင်း ဖြစ်နေတော့သည်။
"ခွေးကောင်လေး.. မင်းရဲ့ ဒီမီးတောက်တွေနဲ့ ငါ့ကို တားနိုင်မယ် ထင်သလား"
ဖုန်းဝူချန် စွမ်းအားကို စတင်အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက်... ခွန်ယွင်၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာ၏။
နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာရှိ ပညာရှင်ဖြစ်သော ခွန်ယွင်သည် အကြီးအကျယ် ကြောက်စရာကောင်းလှသော ခွန်အားနှင့် အရှိန်အဝါကို အသုံးပြုကာ ဖုန်းဝူချန်ထံသို့ တဟုန်ထိုး ပြေးဝင်လာပြီ ဖြစ်သည်။ သူ၏ စွမ်းအားများကြောင့် လမ်းတစ်လျှောက်ရှိ ဝူမီးတောက်များမှာလည်း လွင့်စင်သွားကြရလေ၏။
ဖုန်းဝူချန်သည် သူ၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းများကို အနည်းငယ် ကျဉ်းလိုက်ပြီး ကိုယ်ဖော့ပညာကို အသုံးပြုကာ လျှပ်တစ်ပြက်အတွင်း ရှောင်တိမ်းလိုက်တော့သည်။
"ဘုန်း..."
"ဝီ... ဝီ..."
ခွန်ယွင်၏ လက်သီးချက်မှာ ဟင်းလင်းပြင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မိုးခြိမ်းသံပမာ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ သူ၏ ထက်ရှသော စွမ်းအင်များကြောင့် အနီးနားရှိ အမည်းရောင်မီးလျှံများမှာလည်း မျက်တောင်တစ်ခတ်အတွင်း ပြန့်ကျဲသွားရ၏။
"ပြေးတာတော့ မြန်သားပဲ"
ခွန်ယွင် အေးစက်စွာ ဆိုလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ ဖုန်းဝူချန်၏ ဆန်းကြယ်လှသော ကိုယ်ဖော့ပညာကြောင့် အံ့အားသင့်နေမိ၏။
'တော်သေးတာပေါ့... သခင်လေးတို့ ဘေးကင်းကင်းနဲ့ ဆုတ်သွားနိုင်လို့။ ဒီကောင် ဒီလောက် ကြောက်စရာကောင်းတဲ့ မီးတောက်တွေကို ဘယ်ကရလာတာလဲ မသိဘူး။ ငါသာ နတ်ဘုရားအသွင်ပြောင်းဘုံ မဟုတ်ရင်... ဒီအပူရှိန်ကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး'
---
"ဟူး... တော်သေးတယ်ဗျာ။ သခင်လေးလိန် အချိန်မီ ကယ်လိုက်လို့ပေါ့။ မဟုတ်ရင် ကျွန်တော်တို့ အရှင်လတ်လတ် မီးလောင်ပြာကျတော့မှာပဲ"
လိန်ဟွန်း ဖန်တီးထားသော သီးသန့် ဟင်းလင်းပြင်အတွင်း၌ ကျူးကော့လျန်ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်လေ၏။ သူ၏ လေသံမှာ တုန်ရီနေပြီး ဝိညာဉ်လွင့်မတတ် ထိတ်လန့်နေဆဲ ဖြစ်သည်။ မော့လင်အာမှာမူ ကြောက်လန့်လွန်းသဖြင့် စကားပင် မဟနိုင်တော့ပါချေ။ သူမ၏ မျက်နှာလေးမှာလည်း စက္ကူချပ်ပမာ ဖြူလျော့နေပြီး ဖုန်းဝူချန်၏ ရူးသွပ်နေသော ပုံရိပ်မှာ သူမ၏ မျက်စိထဲတွင် စွဲထင်နေတော့သည်။
"သခင်လေး... အဲဒီ မီးတောက်မည်းတွေက တကယ်တမ်း ဘာတွေလဲဗျာ။ ကျွန်တော် ဒီလောက် ကြောက်စရာကောင်းတဲ့ မီးတောက်မျိုး တစ်ခါမှ မမြင်ဖူးဘူး"
ထျန်းကျီဘုံ ဆဋ္ဌမအလွှာရှိ ပညာရှင် တစ်ဦးက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
လိန်ဟွန်း၏ မျက်နှာမှာ အကြီးအကျယ် ပုပ်သိုးနေ၏။ နတ်ဘုရားဘုရင်နန်းတော်၏ သခင်လေးဖြစ်သော သူသည် နဂါးနတ်ဘုရားနန်းတော်ကို အလွယ်တကူ ခြေမှုန်းနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း... ယခုမူ ဖုန်းဝူချန်၏ မီးတောက်မည်းများကြောင့် အရှက်တကွဲ ဆုတ်ခွာခဲ့ရသည် မဟုတ်ပါလော။ ဒါက သူ၏ ဘဝအတွက် အကြီးမားဆုံးသော အရှက်ရမှုပင်။
"ငါလည်း အဲဒါ ဘာမီးတောက်လဲ ဆိုတာ မသိဘူး"
လိန်ဟွန်းက သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း ဒေါသတကြီး ပြန်ပြောလိုက်၏။
သို့ဖြစ်သော်ငြားလည်း ထိုအခိုက်အတန့်၌... လိန်ဟွန်း ဖန်တီးထားသော သီးသန့် ဟင်းလင်းပြင်အတွင်းသို့ အမည်းရောင်မီးလျှံများမှာ တစ္ဆေပမာ ထူးဆန်းစွာ စတင် ဖြာထွက်လာတော့သည်။
"မီး... မီးမည်းတွေ"
"မကောင်းတော့ဘူး သခင်လေးလိန် ဟို မီးမည်းတွေ ပြန်ပေါ်လာပြန်ပြီဗျ"
"ဒါ... ဒါ ဘယ်လိုလုပ်ပြီး..."
ကျူးကော့လျန်ချန်နှင့် အခြားသော ထျန်းကျီဘုံ ပညာရှင်များမှာ အကြီးအကျယ် ထိတ်လန့်သွားကြရတော့သည်။ သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်သွားရ၏။ ဤဟင်းလင်းပြင်မှာ လိန်ဟွန်း၏ ဟင်းလင်းပြင်စွမ်းအားဖြင့် သီးခြားဖန်တီးထားသော နေရာဖြစ်ရာ... မည်သည့်အရာမျှ ဝင်ရောက်နိုင်စရာ အကြောင်းမရှိသည် မဟုတ်ပါလော။
"မဖြစ်နိုင်တာ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
လိန်ဟွန်းမှာလည်း သူ၏ ကိုယ်ပိုင် မျက်စိကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်သွားရ၏။ သို့သော် သူ စဉ်းစားနေရန် အချိန်မရလိုက်ပါချေ။ ဝူမီးတောက်၏ အစွန်းရောက်လှသော အပူရှိန်ကြောင့် သူတို့၏ အသားစိုင်များမှာ အရှင်လတ်လတ် ဆွဲခွာခံနေရသည့်အလား နာကျင်မှုများကို ခံစားလာရသောကြောင့်ပင်။
"သခင်လေး မြန်မြန် ထွက်ပြေးကြရအောင်"
လိန်ဟွန်းသည် အနည်းငယ်မျှပင် မနှောင့်နှေးရဲဘဲ အားလုံးကို ဦးဆောင်ကာ ဟင်းလင်းပြင်အတွင်းမှ အပြေးအလွှား ထွက်ခွာလိုက်တော့သည်။ ထိုအခါ သူတို့အားလုံးမှာ ဟင်းလင်းပြင်အတွင်းမှ ရုတ်တရက် ပြန်လည် ထွက်ပေါ်လာကြသော်လည်း... သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားကြရ၏။
အကြောင်းမူကား၊... သူတို့သည် နဂါးနတ်ဘုရားနန်းတော်၏ အထက် ကောင်းကင်ယံမှာပင် ရှိနေသေးသောကြောင့်ပင်
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ..."
လိန်ဟွန်းမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရပြီ ဖြစ်သည်။ သူ၏ ဟင်းလင်းပြင်စွမ်းအားဖြင့်ဆိုလျှင် တစ်စက္ကန့်အတွင်းမှာပင် ယူဇနာ သောင်းချီဝေးသော နေရာသို့ ရောက်ရှိသွားရမည် မဟုတ်ပါလော။ သို့သော် ယခုမူ သူတို့သည် မူလနေရာနှင့် ပေရာဂဏန်းမျှသာ ဝေးသော နေရာသို့ ရောက်ရှိနေရ၏။
---
"ထွက်သွားချင်တယ် ဆုရင်... ငါ့ကို အရင် မေးရဦးမှာပေါ့"
ဖုန်းဝူချန်၏ အေးစက်လှသော အသံမှာ ကောင်းကင်ယံထက်မှ ဟိန်းထွက်လာသည်။ ဖုန်းဝူချန်၏ ရွှေနဂါးတံဆိပ်တော်သည် နဂါးမျိုးနွယ်စု၏ ဘိုးဘေးများ ပိုင်ဆိုင်သော အစွမ်းထက် ဝိညာဉ်တစ်ခု ဖြစ်ရာ... ၎င်း၏ ဟင်းလင်းပြင် ဖြတ်ကျော်နိုင်စွမ်းမှာ လိန်ဟွန်း၏ စွမ်းအားထက် အဆပေါင်းများစွာ သာလွန်လှ၏။
လိန်ဟွန်းတို့ အံ့အားသင့်နေစဉ်မှာပင် ဖုန်းဝူချန်သည် အကြင်နာ ကင်းမဲ့စွာဖြင့် ထပ်မံ တိုက်ခိုက်လိုက်တော့သည်။ ထက်ရှသော ဝူမီးတောက်များသည် အရပ်မျက်နှာအသီးသီးသို့ သိပ်သည်းသွားပြီး လိန်ဟွန်းတို့၏ ထွက်ပြေးလမ်းများကို အပြီးတိုင် ပိတ်ဆို့လိုက်တော့သည်။ ဧရာမ နဂါးနက်ကြီး ဒါဇင်ပေါင်းများစွာမှာလည်း သူတို့ထံသို့ တဟုန်ထိုး ပြေးဝင်လာပြီ ဖြစ်သည်။
"သခင်လေး သတိထား"
ခွန်ယွင်မှာ မျက်နှာ တစ်ခုလုံး ပျက်ယွင်းသွားပြီး လိန်ဟွန်းထံသို့ လျှပ်တစ်ပြက်အတွင်း ပြေးဝင်ကာ သူ့ကို ဆွဲဖမ်း၍ ရှောင်တိမ်းလိုက်ရ၏။
"အား... ကယ်ကြပါဦးဗျာ"
သို့သော် ကျန်ရှိနေသော ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်နှင့် ကျူးကော့လျန်ချန်၊ မော့လင်အာတို့မှာမူ ထိုနဂါးနက်ကြီးများ၏ ရစ်ပတ်ခြင်းကို အမိအရ ခံလိုက်ကြရတော့သည်။ သူတို့၏ ကိုယ်ပေါ်တွင် အမည်းရောင်မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာသဖြင့် အသည်းကွဲမတတ် အော်ဟစ်နေကြရရှာတော့သည်။
"သခင်လေးလိန်... ကယ်ပါဦး တပ်မှူးကြီး... ကျွန်တော့်ကို ကယ်ပါဦးဗျ"
"သခင်လေး ကျွန်တော့်ကို မြန်မြန် ကယ်ပါ... ကျွန်တော် မခံနိုင်တော့ဘူး"
ထျန်းကျီဘုံ အဋ္ဌမအလွှာရှိ ပညာရှင်များပင်လျှင် သူတို့၏ အစွမ်းကုန် ခွန်အားများကို အသုံးပြုသော်လည်း... ဝူမီးတောက်၏ လောင်မြိုက်မှုကိုမူ လုံးဝ ရုန်းကန်၍ မရနိုင်ကြပါချေ။
"ဖုန်းဝူချန် ငါပါ... ကျူးကော့လျန်ချန် ပါ လင်အာလည်း ပါတယ်လေ ငါတို့ကို မသတ်ပါနဲ့... မသတ်ပါနဲ့"
ကျူးကော့လျန်ချန်မှာ အစွန်းရောက်သော အကြောက်တရားဖြင့် အသည်းအသန် အော်ဟစ် တောင်းပန်နေတော့သည်။
"မင်းတို့ အားလုံး... သေရမယ်"
ဖုန်းဝူချန်၏ စကားသံမှာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းလှသော အမုန်းတရားများသာ ပြည့်နှက်နေပြီး... ရူးသွပ်နေသော ဖုန်းဝူချန်သည် မည်သည့် အကြင်နာတရားမျှ မရှိတော့ပါချေ။
အခန်း (၇၀၄) - မိစ္ဆာပုလဲအား သန့်စင်ခြင်း
~နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များစွာ ကျဆုံးခဲ့ရသည့်အတွက် ဖုန်းဝူချန်၏ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေပြီ ဖြစ်သည်။ အကြောင်းမူကား ထိုညီအစ်ကိုများမှာ သူ့အတွက်တော့ အသက်နှင့်ထပ်တူ တန်ဖိုးထားရသူများ ဖြစ်သောကြောင့်ပင်။
ဒေါသက သူ့ကို ရူးသွပ်စေခဲ့၏။ ဒေါသက သူ့ကို သွေးဆာနေသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲပစ်ခဲ့တော့သည်။
ယခုအခါတွင် ကျူးကော့လျန်ချန်က ဘယ်သူလဲ၊ မော့လင်အာက ဘယ်သူလဲ ဆိုသည်မှာ ဖုန်းဝူချန်အတွက် အရေးမကြီးတော့ပါချေ။ အတိတ်က သံယောဇဉ်များကိုလည်း သူ စပါးလုံး တစ်ထောက်စာမျှ ထည့်မတွက်တော့ဘဲ အားလုံးကို အပြတ်ရှင်းရန်သာ ဆုံးဖြတ်ထားတော့သည်။
"သေကြစမ်း"
ဖုန်းဝူချန်က အသံကုန် ဟိန်းဟောက်လိုက်လေရာ... အဆုံးအစမဲ့လှသော သတ်ဖြတ်လိုစိတ်များမှာ ဟင်းလင်းပြင်အတွင်း၌ ရူးသွပ်စွာ လှည့်ပတ်သွားတော့သည်။ ထက်ရှသော ဝူမီးတောက်သည် အရပ်မျက်နှာအနှံ့ ဖြာထွက်သွားပြီး ရန်သူများကို အကြင်နာကင်းမဲ့စွာ ဝါးမြိုလောင်ကျွမ်းစေခဲ့တော့သည်။ ထျန်းကျီဘုံ ပညာရှင် ၁၀ ယောက်ကျော်၏ အသည်းကွဲမတတ် အော်ဟစ်သံများမှာ နဂါးနတ်ဘုရား နန်းတော်၏ ကောင်းကင်ထက်တွင် ပြည့်နှက်နေတော့သည်။
"မြန်မြန်... မော့လင်အာကို သွားကယ်ကြစမ်း"
လိန်ဟွန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လေ၏။
"သခင်လေး ကျွန်တော် သွားကယ်ချင်ပေမယ့် နောက်ကျသွားပြီဗျ"
ခွန်ယွင် အားကိုးရာမဲ့စွာဖြင့် တုံ့ပြန်လိုက်ရ၏။ အကယ်၍ သူသာ လျှပ်တစ်ပြက်အတွင်း မလှုပ်ရှားခဲ့လျှင် လိန်ဟွန်းကိုပင် သူ ဆွဲထုတ်နိုင်ခဲ့မည် မဟုတ်ပါချေ။
"သွားပြီ... အကုန် သွားပြီ..."
လိန်ဟွန်း၏ မျက်နှာမှာ သွေးရောင် ဖျော့ကာ ကသောင်းကနင်း ဖြစ်နေတော့သည်။ မော့လင်အာသည် မိစ္ဆာမျိုးနွယ်စု၏ အရေးပါသော တပည့်တစ်ဦး ဖြစ်ရာ... အကယ်၍ သူမသာ သေဆုံးသွားခဲ့လျှင် နတ်ဘုရားဘုရင်နန်းတော် တစ်ခုလုံးသည်ပင် မိစ္ဆာမျိုးနွယ်စု၏ ဒေါသကို တောင့်ခံနိုင်မည် မဟုတ်သည်မှာ သေချာလှသည်။
---
မိစ္ဆာအသွင် ပြောင်းလဲခြင်း
နဂါးနတ်ဘုရား နန်းတော်မှ လူများမှာမူ ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ဝိညာဉ်လွင့်မတတ် ထိတ်လန့်နေကြရ၏။
"နန်းတော်သခင်... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ..."
"ဒါ... ဒါဟာ နန်းတော်သခင်ရဲ့ အကြောက်စရာဆုံး အချိန်ပဲ ဖြစ်ရမယ်"
"ထျန်းကျီဘုံ ပညာရှင်တွေ အများကြီးကို... ဝူမီးတောက်နဲ့ တခါတည်း ပြာဖြစ်အောင် လုပ်ပစ်နိုင်တာလား"
လျိုချင်းယန်နှင့် အခြားသူများမှာ မယုံကြည်နိုင်လောက်အောင် မှင်သက်နေကြစဉ်မှာပင်... မော့လင်အာ၏ ခန္ဓာကိုယ်ပေါ်တွင် အမည်းရောင် စွမ်းအင်တန်းများ ထူးဆန်းစွာ ရစ်သိုင်းလာသည်ကို မြင်တွေ့လိုက်ကြရ၏။
"ယုတ်မာတဲ့ အရှိန်အဝါတွေ ပါလား"
လျိုချင်းယန်က အလန့်တကြား အော်ဟစ်လိုက်၏။
လင်ရှောင်ရှောင်က မျက်မှောင်ကို တင်းတင်းကြုတ်ကာ မှာကြားလိုက်၏။
"ဒါ မိစ္ဆာမျိုးနွယ်စုရဲ့ အရှိန်အဝါပဲ။ မော့လင်အာက မိစ္ဆာကျင့်စဉ်တွေကို ကျင့်ပြီး မိစ္ဆာစွမ်းအားတွေကို စုပ်ယူထားတာပဲ။ သူက မိစ္ဆာအသွင် ပြောင်းနေပြီ"
"မိစ္ဆာအသွင် ပြောင်းတယ် ဟုတ်လား..."
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
"သခင်လေး မိစ္ဆာပုလဲ မြန်မြန် သုံးလိုက်ပါတော့"
ခွန်ယွင် အသည်းအသန် တိုက်တွန်းလိုက်၏။
လိန်ဟွန်းမှာလည်း အသိပြန်ဝင်လာသည်နှင့် 'မိစ္ဆာပုလဲ' ကို ချက်ချင်း ထုတ်ဖော်ကာ မော့လင်အာရှိရာဆီသို့ ပစ်လွှတ်လိုက်တော့သည်။ ထိုပုလဲမှာ မော့လင်အာ၏ အသက်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသည် မဟုတ်ပါလော။
"ခွန်ယွင် ဖုန်းဝူချန်ကို သတ်စမ်း မော့လင်အာကို အသေမခံနဲ့"
လိန်ဟွန်းက ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်၏။
---
ခွန်ယွင်သည် အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ သူ၏ အစွမ်းကုန် ခွန်အားများကို လက်ဝါးအတွင်းသို့ စုစည်းလိုက်၏။ တောက်ပလှသော အပြာရောင် အလင်းတန်းများနှင့်အတူ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအား ပေါ်ထွက်နေသည်။
"အစ်ကိုကြီးဖုန်း... သတိထား.. အဲဒီ မိစ္ဆာပုလဲက စွမ်းအားတွေကို တိုက်စားနိုင်တယ် ကျွန်မရဲ့ အကာအကွယ်တောင် အဲဒါကြောင့် ပေါက်သွားတာ"
လင်ရှောင်ရှောင်က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်၏။
"မိစ္ဆာလက်နက် ဟုတ်လား..."
ဖုန်းဝူချန်၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းများက ထိုပုလဲထံသို့ စူးစိုက်ကျရောက်သွားပြီး... လက်တစ်ချက် ဝှေ့ယမ်းကာ အမည်းရောင် နဂါးနက်ကြီး တစ်ကောင်ကို ပစ်လွှတ်လိုက်တော့သည်။ ဖုန်းဝူချန်မှာ ထိုမိစ္ဆာပုလဲကို စပါးလုံး တစ်ထောက်စာမျှပင် အထင်မကြီးသည့်ဟန် ပေါ်နေ၏။
"ဖုန်းဝူချန် မင်းရဲ့ အသက်ကို ငါ ယူမယ်"
ခွန်ယွင် ဟိန်းဟောက်လိုက်ရင်း အဝေးမှနေ၍ လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။
"ဘုန်း..."
"ဝီ... ဝီ..."
ဧရာမ အပြာရောင် လက်ဝါးပုံရိပ်ကြီး တစ်ခုသည် ဖုန်းဝူချန်ထံသို့ တဟုန်ထိုး ပြေးဝင်လာပြီ ဖြစ်သည်။
"နတ်ဘုရား အကာအကွယ်"
လင်ရှောင်ရှောင်မှာ အားအင်များ ပြန်လည် ပြည့်ဝလာသည်နှင့် အကာအကွယ်တစ်ခုကို လျှပ်တစ်ပြက် ဖန်တီးလိုက်လေတော့သည်။ ခွန်ယွင်မှာ ထိုအကာအကွယ်ကို မြင်သည်နှင့် မျက်နှာ တစ်ခုလုံး ပြာနှမ်းသွားပြီး သူ၏ စွမ်းအား ထက်ဝက်ခန့်ကို အသည်းအသန် ပြန်လည် ရုပ်သိမ်းလိုက်ရ၏။ လင်ရှောင်ရှောင်၏ အကာအကွယ်ကို ထိမိပါက မည်သို့ ဖြစ်သွားမည်ကို သူ ကောင်းစွာ သိရှိထားသည် မဟုတ်ပါလော။
"ဝုန်း"
လက်ဝါးပုံရိပ်မှာ အကာအကွယ်ကို ရိုက်ခတ်သွားသော်လည်း စိုးစဉ်းမျှ မလှုပ်ရှားစေနိုင်ခဲ့ပါချေ။
"နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာလောက်နဲ့... ငါ့အစ်ကိုကြီးဖုန်းကို လာနှိပ်စက်ချင်တာလား။ နင့်မှာ အဲဒီအရည်အချင်း ရှိလို့လား"
လင်ရှောင်ရှောင်က ခွန်ယွင်အား ငေါက်ငမ်းလိုက်၏။
---
ဝူမီးတောက်၏ လောင်မြိုက်မှုအောက်တွင် ထျန်းကျီဘုံ ပညာရှင် ၁၀ ယောက်ကျော်မှာ ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ရတော့သည်။ မော့လင်အာ၏ ဘေးတွင် ရှိနေသော ကျူးကော့လျန်ချန် တစ်ဦးတည်းသာလျှင် မိစ္ဆာအရှိန်အဝါများကြောင့် အသက်ဆက်နေရသော်လည်း အခြေအနေမှာ အလွန်ပင် စိုးရိမ်ရ၏။
"သခင်လေး... ကယ်ပါဦး... ကျွန်တော့်ကို ကယ်ပါဦးဗျ..."
ကျူးကော့လျန်ချန်က အားနည်းလှသော အသံဖြင့် အသနားခံနေရှာတော့သည်။
သို့သော် လိန်ဟွန်းကမူ သူ့ကို အရေးမစိုက်ဘဲ မိစ္ဆာပုလဲကိုသာ စိတ်ပူတကြီး စိုက်ကြည့်နေမိ၏။
"ရှေးဦး ဝိညာဉ် ပုံရိပ်ယောင် သိုင်းကွက်"
ဖုန်းဝူချန်က ဒေါသတကြီး မာန်သွင်းလိုက်ရင်း... သူ၏ ပုံရိပ်ယောင် (၁၂) ခုကို ထုတ်ဖော်လိုက်၏။ ထိုပုံရိပ်ယောင်များမှာ မိစ္ဆာပုလဲ၏ ပတ်ပတ်လည်တွင် နေရာယူလိုက်ကြပြီး ဝူမီးတောက်ကို အသုံးပြုကာ ထိုပုလဲကိုပင် ပြန်လည် သန့်စင်ရန် ကြိုးစားလိုက်တော့သည်။
"ဒီကောင်က တကယ်ကြီး မိစ္ဆာပုလဲကို သန့်စင်ဖို့ ကြိုးစားနေတာလား။ သခင်လေး မြန်မြန် တားလိုက်စမ်းပါ"
ခွန်ယွင် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။
လိန်ဟွန်းသည်လည်း အသည်းအသန် ကြိုးစားသော်လည်း... ထိုမိစ္ဆာပုလဲမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည်ကို သိလိုက်ရသဖြင့် အကြီးအကျယ် မှင်သက်သွားရလေတော့သည်။ အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ... မိစ္ဆာပုလဲ၏ အရှိန်အဝါများမှာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လိန်ဟွန်းမှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
နဂါးနတ်ဘုရား နန်းတော်မှ လူများမှာမူ အောင်ပွဲခံရန် ပြင်လိုက်ကြစဉ်မှာပင်...
"ဖောင်း.."
ရုတ်တရက် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး..ပြင်းရှသော စွမ်းအားကြီး တစ်ခုက ဖုန်းဝူချန်ကို သွေးများ အန်ထွက်သွားစေတော့သည်။
"ဝီ... ဝီ..."
မိစ္ဆာပုလဲထံမှ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့ ဖြာထွက်သွား၏။ မျက်စိကျိန်းမတတ် တောက်ပလှသော အနက်ရောင် အလင်းတန်းများနှင့်အတူ... အသက်ရှူပင် ကြပ်စေလောက်သော ယုတ်မာလှသည့် စွမ်းအားများက ထိုနေရာရှိ လူတိုင်းကို ဖိနှိပ်လိုက်လေ၏။
အခန်း (၇၀၅) - လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲ
~ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကြောင့် ဖုန်းဝူချန်မှာ လုံးဝ အငိုက်မိသွားခဲ့ရ၏။ ဤကဲ့သို့ အဆုံးအဖြတ် အခိုက်အတန့်၌ မိစ္ဆာပုလဲအတွင်းမှ ဖျက်ဆီးခြင်း အရှိန်အဝါများ ပေါက်ကွဲထွက်လာလိမ့်မည်ဟု မည်သူကမျှ ကြိုတင် မတွေးဆနိုင်ခဲ့ကြချေ။
"နန်းတော်သခင်"
နဂါးနတ်ဘုရား နန်းတော်မှ လူများမှာ အလန့်တကြား အော်ဟစ်လိုက်ကြကုန်၏။ ဖုန်းဝူချန်သည် သူတို့၏ စိတ်ဓာတ်ခေါင်းဆောင်ဖြစ်သကဲ့သို့ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။ အကယ်၍ ဖုန်းဝူချန်သာ ပြိုလဲသွားခဲ့လျှင် နဂါးနတ်ဘုရား နန်းတော်မှာလည်း အဆုံးသတ်သွားမည် မဟုတ်ပါလော။
"ဒါ ဘယ်လိုဖြစ်ရတာလဲ။ စောစောက မိစ္ဆာပုလဲရဲ့ အရှိန်အဝါက တော်တော်လေး အားနည်းနေတာ မဟုတ်လား။ ဘာလို့ အခုထိ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေရသေးတာလဲ"
ထျန်းရှန်းဇီမှာ အံ့အားသင့်မှုနှင့်အတူ ဇဝေဇဝါ ဖြစ်နေတော့သည်။
ရှားယွင်ရွှမ်ကလည်း မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။
"မိစ္ဆာပုလဲရဲ့ အရှိန်အဝါက ပြန်ပြီး မြင့်တက်လာတာပဲ။ တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ မသိဘူး"
လိန်ဟွန်းနှင့် ခွန်ယွင်တို့မှာလည်း အံ့အားသင့် မှင်သက်နေကြရတော့သည်။ သူတို့ကိုယ်တိုင်ပင်လျှင် ဘာဖြစ်သွားသည်ကို မသိရှိကြသော်လည်း... မိစ္ဆာပုလဲအတွင်းရှိ ကြောက်မက်ဖွယ် စွမ်းအားများကို တစ်စုံတစ်ဦးက လှုံ့ဆော်လိုက်ခြင်း ဖြစ်ကြောင်းတော့ သူတို့ ရိပ်မိနေကြသည်။
ထိုအခိုက်အတန့်၌ မိစ္ဆာပုလဲထံမှ ထွက်ပေါ်လာသော စွမ်းအားများမှာ ပို၍ပင် ကြောက်စရာ ကောင်းလာပြီး အရှိန်အဝါမှာလည်း ရူးသွပ်စွာ မြင့်တက်နေတော့သည်။
"အစ်ကိုကြီးဖုန်း... ဒဏ်ရာတွေ ဘယ်လိုနေသေးလဲဟင်"
လင်ရှောင်ရှောင်က အသည်းအသန် မေးမြန်းလိုက်၏။ သူမမှာ အကာအကွယ်ကြောင့် ဒဏ်ရာ မရရှိခဲ့သော်လည်း ဖုန်းဝူချန်အတွက်တော့ အကြီးအကျယ် စိုးရိမ်နေမိရှာ၏။
"ရှောင်ရှောင်... ခဏ ဆုတ်နေလိုက်ဦး"
ဖုန်းဝူချန်က အသံတိုးတိုးဖြင့် မှာကြားလိုက်၏။ သူသည် ဒဏ်ရာ အပြင်းအထန် ရထားသော်ငြားလည်း သတိတရားကိုတော့ ထိန်းထားနိုင်ဆဲ ဖြစ်သည်။ မိစ္ဆာပုလဲထံမှ နောက်ထပ် ထူးဆန်းသော အရာများ ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် လင်ရှောင်ရှောင်ကို ဘေးကင်းစေချင်ခြင်းပင်။
---
စွမ်းအားများ ပေါက်ကွဲထွက်လာသည့် အရှိန်ကြောင့် ဖုန်းဝူချန်၏ ဝူမီးတောက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့သည်။ ထိုအခါ မိစ္ဆာအရှိန်အဝါများ ဖုံးလွှမ်းနေသော မော့လင်အာသည် အသက်ရှင်လျက် ကျန်ရစ်ခဲ့၏။ သူမ၏ ကိုယ်တွင်းမှ ယုတ်မာလှသော အရှိန်အဝါများမှာလည်း တစ်နေ့တခြား ပို၍ ပြင်းထန်လာပြီ ဖြစ်သည်။
ကျူးကော့လျန်ချန်မှာမူ မော့လင်အာ၏ အနီးတွင် ရှိနေခဲ့သဖြင့် ကံကောင်းထောက်မစွာ အသက်မသေခဲ့သော်လည်း... သူ၏ အသွင်အပြင်မှာမူ လုံးဝ ပျက်ယွင်းသွားခဲ့ရ၏။ ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကြည့်ရသည်မှာ တကယ့်ကို ရွံရှာဖွယ်ရာပင်။
လိန်ဟွန်း၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သော မိစ္ဆာပုလဲမှာ လေထဲ၌ တရွေ့ရွေ့ လွင့်မျောကာ မော့လင်အာရှိရာဆီသို့ ဦးတည်သွားနေတော့သည်။ လူတိုင်း၏ အကြည့်များမှာ ထိုပုလဲနှင့် မော့လင်အာထံသို့သာ စူးစိုက် ကျရောက်နေကြ၏။
အံ့ဩစရာ ကောင်းသည်မှာ... မိစ္ဆာပုလဲအတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများမှာ မော့လင်အာ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင် ပေါင်းစပ်သွားခြင်းပင် ဖြစ်သည်။ မော့လင်အာ၏ အစစ်အမှန်ယွမ်များမှာ ဝူမီးတောက်၏ ဝါးမြိုမှုကြောင့် ကုန်ခမ်းသွားခဲ့ရပြီ ဖြစ်သော်လည်း... ယခုအခါတွင်မူ ထိုမိစ္ဆာစွမ်းအားများဖြင့် သူမသည် အစစ်အမှန် မိစ္ဆာမျိုးနွယ်စုဝင် တစ်ဦးအဖြစ်သို့ လုံးဝ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
မော့လင်အာ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာပြီး သူမ၏ ကိုယ်ပေါ်ရှိ မီးလောင်ဒဏ်ရာများမှာလည်း မျက်စိရှေ့တင်ပင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာတော့သည်။ မိစ္ဆာပုလဲ၏ စွမ်းအားမှာ ကုသနိုင်စွမ်းရှိသည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့် မှင်သက်သွားကြရ၏။
---
ခေတ္တမျှ ကြာပြီးနောက်... သတိလစ်နေသော မော့လင်အာသည် သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူမ၏ မျက်ဝန်းများမှာ ယခင်ကကဲ့သို့ နက်မှောင်မနေတော့ဘဲ... မိစ္ဆာမျိုးနွယ်စု၏ ထူးခြားသော သွေးရောင် မျက်ဝန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
"လင်... လင်အာ..."
ဘေးတွင် ရှိနေသော ကျူးကော့လျန်ချန်က မော့လင်အာကို ကြောက်လန့်တကြား ငေးကြည့်ရင်း တုန်တုန်ယင်ယင် ခေါ်လိုက်မိ၏။ သူ၏ ပုံပျက်နေသော မျက်နှာကြီးမှာ အကြီးအကျယ် ထိတ်လန့်နေကြောင်း ပြသနေသည်။
မော့လင်အာ၏ အကြည့်များက ကျူးကော့လျန်ချန်ထံသို့ ဝေ့ဝဲသွားသော်လည်း... ထိုအကြည့်များထဲတွင် လူသားဆန်မှု မပါဝင်တော့ဘဲ လူသတ်ရိပ်များသာ ပြည့်နှက်နေတော့သည်။ သူမသည် ကျူးကော့လျန်ချန်ကို အစိမ်းသက်သက် လူတစ်ယောက်ကို ကြည့်သည့်အလား စိုက်ကြည့်နေခြင်းပင်။
မော့လင်အာက သူမ၏ လက်ကို ကျူးကော့လျန်ချန်ထံသို့ ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။ ထိုအခါ ကျူးကော့လျန်ချန်မှာ ဝမ်းသာအားရဖြင့် သူမ၏ လက်ကို လှမ်းဖမ်းရန် ပြင်လိုက်သော်လည်း... မော့လင်အာ၏ လက်ဖဝါးအတွင်း၌ ထက်ရှသော မိစ္ဆာစွမ်းအားများ စုစည်းလာသည်ကို မြင်လိုက်ရသောအခါတွင်မူ သူ၏ ကမ္ဘာကြီးမှာ ပြိုလဲသွားခဲ့ရတော့သည်။
"လင်အာ... နင် ဘာလုပ်မလို့လဲ။... နင် ငါ့ကို သတ်မလို့လား"
ကျူးကော့လျန်ချန်က တုန်ယင်ကာ အော်ဟစ် မေးမြန်းလိုက်ရှာ၏။
"ဝှစ်..."
"ရှူး..."
မော့လင်အာ၏ လက်ဖဝါးအတွင်းမှ အနက်ရောင် စွမ်းအင်တန်းတစ်ခုမှာ လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာပြီး ကျူးကော့လျန်ချန်၏ ရင်ဘတ်ကို အကြင်နာ ကင်းမဲ့စွာဖြင့် ဖောက်ထွင်းသွားတော့သည်။ သွေးများမှာလည်း ပန်းထွက်လာသည်။
"လင်အာ... နင်... နင်..."
ကျူးကော့လျန်ချန်မှာ မယုံကြည်နိုင်လောက်အောင် မှင်သက်နေသော မျက်နှာထားဖြင့် တဖြည်းဖြည်းနှင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရတော့၏။
မော့လင်အာက ကျူးကော့လျန်ချန်ကို ကိုယ်တိုင် သတ်ပစ်လိုက်သည် တဲ့လား။
နဂါးနတ်ဘုရား နန်းတော်မှ လူများရော၊ လိန်ဟွန်းနှင့် ခွန်ယွင်တို့ပါ အံ့အားသင့် မှင်သက်သွားကြရ၏။
သူမတို့နှစ်ဦးမှာ ချစ်သူများ မဟုတ်ပါလော။
မော့လင်အာက ဘာကြောင့်များ ဤမျှ ရက်စက်ရသနည်း ဆိုသည်မှာ မည်သူမျှ နားမလည်နိုင်သော ပဟေဠိ တစ်ခုပင် ဖြစ်လေတော့သည်။
---
မော့လင်အာက လက်ယပ်ခေါ်လိုက်သောအခါ မိစ္ဆာပုလဲသည် သူမ၏ လက်ဖဝါးထက်သို့ ငြိမ်သက်စွာ ပျံသန်းရောက်ရှိလာ၏။ သူမ၏ သွေးရောင် မျက်ဝန်းများက ဖုန်းဝူချန်ထံသို့ ချက်ချင်းပင် စူးစိုက် ကျရောက်သွားတော့သည်။
"ခွေးသူငယ်လေး... မင်း သတ္တိ တော်တော် ကောင်းတာပဲ။ ငါ့ရဲ့ မိစ္ဆာပုလဲကိုတောင် သန့်စင်ဖို့ ကြိုးစားရဲတယ်ပေါ့လေ"
မော့လင်အာ၏ နှုတ်မှ ဇရာရနေသည့် အဘိုးအို တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"မိစ္ဆာမျိုးနွယ်စု"
ဖုန်းဝူချန်၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းသွားပြီး သူ၏ ကိုယ်မှလည်း အဆုံးအစမဲ့သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့၏။
"မိစ္ဆာမျိုးနွယ်စုက အစွမ်းထက် ပညာရှင် တစ်ယောက် ပါလား"
ထိုအသံကို ကြားလိုက်ရသောအခါ လိန်ဟွန်းနှင့် ခွန်ယွင်တို့မှာ မျက်နှာများ ဖြူလျော့သွားကြပြီး အကြီးအကျယ် ရိုသေ ထိတ်လန့်သွားကြသည်။
"မော့လင်အာ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်တာ ခံနေရပြီ"
မြောင်ချင်းချင်းက အလန့်တကြား အော်ဟစ်လိုက်သည်။
လျိုချင်းယန်ကလည်း မျက်မှောင်ကြုတ်ကာ မှတ်ချက်ချလိုက်၏။
"ဒါကြောင့် သူ အသက်ရှင်နိုင်ခဲ့တာကိုး။ စောစောက စွမ်းအားတွေကလည်း ဒီအဘိုးကြီးဆီက ဖြစ်ရမယ်"
လင်ရှောင်ရှောင်ကမူ လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"မော့လင်အာ ဘယ်ကနေ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရလာတာလဲလို့ စဉ်းစားနေတာ။ အခုတော့ သေချာသွားပြီ... သူ မိစ္ဆာမျိုးနွယ်စုက ပညာရှင် တစ်ယောက်ရဲ့ ထိန်းချုပ်တာ ခံနေရတာပဲ"
"ဒုက္ခပဲ... ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးကို ငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ"
ထျန်းရှန်းဇီ၏ မျက်နှာမှာ အလွန်တရာမှ တည်တင်းနေတော့သည်။
ရှားယွင်ရွှမ်ကလည်း တဆက်တည်း၌ပင် ဆိုလိုက်၏။
"ဒီလူရဲ့ အရှိန်အဝါက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ငါတို့ ခန့်မှန်းလို့ မရပေမယ့်... အရင်က လူနှစ်ယောက်ထက်တော့ အများကြီး ပိုပြီး ထိတ်လန့်ဖို့ ကောင်းတယ်"
ဤအခိုက်အတန့်၌... မော့လင်အာ ဘာကြောင့် အသက်ရှင်နိုင်ခဲ့သည်နှင့် မိစ္ဆာပုလဲမှာ ဘာကြောင့် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေရသနည်း ဆိုသည်ကို လူတိုင်း သဘောပေါက်သွားခဲ့ကြပြီ ဖြစ်သည်။ မော့လင်အာ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ထိုအဘိုးကြီးမှာ နောက်ကွယ်မှ ကြိုးကိုင်နေခြင်းတည်း။
"ဒီမိန်းကလေးရဲ့ စိတ်ဆန္ဒက တော်တော်လေး ပြင်းပြတာပဲ။ မင်းကို သတ်ပြီး သူ့ရဲ့ မိသားစုအတွက် ကလဲ့စားချေချင်တဲ့ စိတ် တစ်ခုတည်းနဲ့ပဲ အသက်ရှင်နေတာ။ မင်းကို ကျော်တက်ချင်တဲ့ စိတ်က တကယ့်ကို ပြင်းထန်လွန်းတယ်"
မော့လင်အာက ညင်သာသော လေသံဖြင့် ဆိုလိုက်သော်လည်း ထိုအသံမှာ အဘိုးအို၏ အသံသာ ဖြစ်သည်။
"မိစ္ဆာမျိုးနွယ်စုက အကြီးအကဲကြီး ခင်ဗျာ... ဖုန်းဝူချန်ကို သတ်ပစ်လိုက်ပါတော့"
လိန်ဟွန်းက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်၏။
"ဟင်..."
လိန်ဟွန်း၏ စကားကြောင့် မော့လင်အာက သူ့ကို အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်ရာ... လိန်ဟွန်းမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားရပြီး မျက်နှာ တစ်ခုလုံးလည်း အကြောက်တရားများ ဖုံးလွှမ်းသွားတော့သည်။
"ကောင်လေး... မင်းရဲ့ အမုန်းတရားတွေကလည်း တော်တော်လေး ပြင်းထန်တာပဲ။ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ မိစ္ဆာမျိုးနွယ်စုထဲကို ဝင်ခဲ့စမ်း။ မဟုတ်ရင်တော့ မိစ္ဆာစွမ်းအားတွေကို မင်းရဲ့ ကိုယ်ထဲကို ငါ အတင်းအကျပ် သွတ်သွင်းပစ်မယ်။ မင်းရဲ့ မီးတောက်တွေက ငါ့ကို တားနိုင်မယ်လို့တော့ အထင်မမှားနဲ့ဦးနော်"
အဘိုးအို၏ အသံက မောက်မာစွာဖြင့် ထွက်ပေါ်လာသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ထပ်မံ ဆိုလိုက်၏။
"မင်းသာ သဘောတူမယ် ဆိုရင်တော့... မင်းကို ငါ အမြင့်ဆုံး အဆင့်အတန်း တစ်ခု ပေးမယ်။ လိုချင်တဲ့ အရာမှန်သမျှကိုလည်း ..ပေးနိုင်တယ်"
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ဒေါသတကြီး ပြန်အော်လိုက်လေတော့သည်။
"ခင်ဗျားရဲ့ အသက်ကိုရော ပေးမှာလား ထွက်သွားစမ်း.. လိန်ဟွန်းကို ကျုပ် သတ်မယ့်လမ်းမှာ လာပြီး မရှုပ်နဲ့"
"ဟွန်း... ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ ကောင်"
မော့လင်အာက အေးစက်စွာ ရှုံ့ချလိုက်လေ၏။
"မင်းဘက်က အညံ့မခံဘူး ဆိုမှတော့... အခုချက်ချင်းပဲ ပြာဖြစ်သွားအောင် လုပ်ပေးရတာပေါ့။ မင်းရဲ့ ရှေးဟောင်း စွမ်းအားတွေနဲ့ မီးတောက်တွေကို ငါ တော်တော်လေး စိတ်ဝင်စားနေတာလေ"