အခန်း (၁၅၉၁-၁၅၉၃)
Vol. 107 Ch. 1591-1593
အခန်း (၁၅၉၁)
ကျောက်နက်တောင်ကြားသို့ မျှားခေါ်ခြင်း
ထိုအခိုက်အတန့်တွင် တိန့်ချင်းဖုန်းက စီကုန်းယုဖုန်း၏ ရည်ရွယ်ချက်ကို စူးစမ်းချင်သောကြောင့်
“နောက်ထပ် ဘာများလုပ်ပေးရမလဲ နတ်စွမ်းအားရှင်”
စီကုန်းယုဖုန်း ခဏခန့် အတွေးထဲနစ်မြောသွား၏။ လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းကြားတွင် စစ်ပွဲတစ်ခု ဖြစ်ပွားစေရန်သာ သူ အလိုရှိသည်။
လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်းကို သတ်လိုက်ရုံနှင့်ပင် စစ်ပွဲ အလိုအလျောက် ဖြစ်ပေါ်လာမည် ဖြစ်၏။
သို့သော် ကောင်းကင်ဝံပုလွေမြို့သည် ချီယန်ဂိုဏ်းနှင့် အတန်ငယ် နီးကပ်လွန်းနေပြီး ချီယန်ဂိုဏ်းမှ လူအချို့လည်း အနီးအနားတွင် ရှိနေနိုင်သည်။ ထိုသူကို မဖြေရှင်းနိုင်ခဲ့ပါက ချီယန်ဂိုဏ်းမှ လူများကို ဆွဲဆောင်မိ သွားနိုင်ခြေ ရှိနေပြန်သည်။
ချီယန်ဂိုဏ်းသားများ ဤနေရာသို့ ရောက်ရှိလာခဲ့လျှင် သူ၏ အစီအစဉ် ပျက်စီးသွားပေလိမ့်မည်။ ချီယန်ဂိုဏ်းမှ လူများသည် လူအများ မဟုတ်ကြရာ လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်းကို သတ်ဖြတ်သည်အထိတော့ သူကို ခွင့်ပြုမည် မဟုတ်ချေ။
ထိုသို့ တွေးတောရင်း သူ၏အစီအစဉ်ကို အန္တရာယ်မဖြစ်စေမည့် နည်းလမ်းကိုသာ အလေးအနက်ထား ဆုံးဖြတ်လိုက်၏။
စီကုန်းယုဖုန်းက
“အရင်ဆုံး သူ့ကို ခဏ ထိန်းထားပြီး ကျောက်နက်တောင်ကြားကို ခေါ်ထုတ်လာနိုင်မယ့် နည်းလမ်း ရှာပါ။”
စီကုန်းယုဖုန်း၏ ရည်ရွယ်ချက်ကို တိန့်ချင်းဖုန်း ချက်ချင်းပင် နားလည်သွား၏။ ထိုသူကို ကျောက်နက်တောင်ကြားတွင် အစဖျောက်ရန် စီကုန်းယုဖုန်း ကြံစည်ထားခြင်း ဖြစ်သည်။
တိန့်ချင်းဖုန်းအတွက်လည်း ဤအစီအစဉ်သည် သူ၏ အသက်အန္တရာယ်ကို စွန့်စားရမှု အနည်းဆုံးဖြစ်၏။
တိန့်ချင်းဖုန်းက
“ဟုတ်ကဲ့ပါ နတ်စွမ်းအားရှင်”
တိန့်ချင်းဖုန်း၏ စကားအဆုံးတွင် စီကုန်းယုဖုန်း၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လုချန်းကို ကြိုဆိုရန်အတွက် ကောင်းကင်ဝံပုလွေမြို့ရှိ မိသားစု ခေါင်းဆောင်များကို တိန့်ချင်းဖုန်း ဦးဆောင်ကာ မြို့တံခါးသို့ ထွက်လာခဲ့လေသည်။
ထိုအချိန်တွင် မြို့တံခါးအတွင်းသို့ လုချန်း ရောက်ရှိနေပြီ ဖြစ်၏။ ရှောင်ရွှီရင်က လုချန်းထံသို့ အသံလှိုင်းမှတစ်ဆင့်
“မောင်လေးချန်း... အန္တရာယ် တစ်ခုခု ရှိလာရင် နန်းတော်သခင်ရဲ့ ကျောက်စိမ်းလိပ်ကို ချက်ချင်း အသုံးပြုလိုက်နော်။”
လုချန်းက ရှောင်ရွှီရင်ကို
“ကောင်းပါပြီ အစ်မ”
မြို့တံခါးအတွင်းသို့ ဝင်ရောက်လာသည်နှင့် စစ်သည်များ၏ အကြည့်များ ပုံမှန်မဟုတ်သည်ကို သူတို့ သိသိသာသာ ခံစားမိလိုက်၏။ သူတို့ကို အထက်ဂိုဏ်းမှ သံတမန်များကဲ့သို့ ကြည့်နေခြင်း မဟုတ်သလို မျက်လုံးထဲတွင်လည်း ကြောက်ရွံ့ရိုသေမှုများ ကင်းမဲ့နေသည်။
ကောင်းကင်ဝံပုလွေမြို့ တကယ်ပင် သစ္စာဖောက်သွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။ မည်မျှအထိ သစ္စာဖောက်သွားသည်ကိုသာ မသိရသေးခြင်းပင်။
မကြာမီမှာပင် တိန့်ချင်းဖုန်းသည် ကောင်းကင်ဝံပုလွေမြို့မှ မိသားစုခေါင်းဆောင်များနှင့်အတူ လုချန်း၏ အရှေ့သို့ ရောက်ရှိလာပြီး
“အထက်ဂိုဏ်းက သံတမန်ကြီးကို ဂါရဝပြုပါတယ်”
ရောက်ရှိနေသူများကို လုချန်း တစ်ချက်ကြည့်လိုက်ပြီး ၎င်းတို့၏ အချက်အလက်များကို စနစ်ဖြင့် စစ်ဆေးကြည့်လိုက်၏။ သူတို့၏ သစ္စာစောင့်သိမှု သုညဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲမှ လုချန်း လှောင်ပြုံး ပြုံးလိုက်မိသည်။
လုချန်းက
“အားလုံး ထကြပါ”
တိန့်ချင်းဖုန်း မတ်တတ်ရပ်လိုက်ပြီးနောက် လုချန်းကို ပြုံးလျက်
“သံတမန်... ကျုပ်ကတော့ ကောင်းကင်ဝံပုလွေမြို့ရဲ့ မြို့တော်ဝန် တိန့်ချင်းဖုန်း ဖြစ်ပါတယ်။ သံတမန် ရောက်လာမယ့်အကြောင်းကို သိထားရလို့ တည်းခိုဖို့ နေရာများကိုလည်း အဆင်သင့် ပြင်ထားပြီးပါပြီ။ ကျုပ်နောက်ကို လိုက်ခဲ့ပေးပါ။”
လုချန်းက
“ကောင်းပါပြီ”
ဤလူများ မည်သည့်လှည့်ကွက်များကို အသုံးပြုဦးမလဲ ကြည့်လိုက်ဦးမည်ဟု လုချန်း စိတ်ထဲ တွေးလိုက်၏။ သစ္စာစောင့်သိမှု သုညဖြစ်နေခြင်းကြောင့် သူတို့အားလုံး သစ္စာဖောက်ထားကြကြောင်း ထင်ရှားလှပေသည်။
ယခင်က သူနှင့်တွေ့ခဲ့သော ရွှေနတ်က သူတို့ထက်ဦးအောင် ကောင်းကင်ဝံပုလွေမြို့သို့ ရောက်နှင့်နေပြီလား ဆိုတာကိုသာ သေချာမသိရသေးပေ။
တိန့်ချင်းဖုန်း၏ လမ်းပြမှုနှင့်အတူ မြို့တော်ဝန်စံအိမ်ရှိ အစည်းအဝေးခန်းမသို့ မကြာမီမှာပင် လုချန်း ရောက်ရှိသွားခဲ့သည်။ မြို့တော်ဝန်၏ နေရာကို လုချန်းထံ ပေးအပ်လိုက်ပြီး တိန့်ချင်းဖုန်းကတော့ ညာဘက်အောက်ပိုင်းရှိ နေရာတွင် ဝင်ထိုင်လိုက်၏။
စံအိမ်၏ အစေခံကို တိန့်ချင်းဖုန်း မျက်ရိပ်ပြလိုက်သည်နှင့် မြို့တော်ဝန်စံအိမ်အတွင်းသို့ မြိန်ရှက်ဖွယ် စားသောက်ဖွယ်ရာများ ရောက်ရှိလာခဲ့ပြီး လှပသော အမျိုးသမီး အုပ်စုတစ်စုကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။
တိန့်ချင်းဖုန်းက လုချန်းကို
“သံတမန်... ဒီအမျိုးသမီးလေးတွေကတော့ မိသားစုကြီးအသီးသီးက အမျိုးသမီးလေးတွေပါ။ သူတို့အားလုံးက စင်ကြယ်ကြသူတွေဖြစ်လို့ သံတမန် စိတ်ချမ်းသာအောင် ပြုစုပေးနိုင်ပါလိမ့်မယ်။”
ထိုအမျိုးသမီးများ၏ အချက်အလက်များကို လုချန်း တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။
တကယ်တော့ ဤအမျိုးသမီးများသည် သာမန်မိသားစုများမှသာ ဖြစ်ကြသည်။
ထိုအခိုက်အတန့်တွင် အမျိုးသမီးနှစ်ဦး လုချန်း၏ အနီးသို့ တိုးကပ်လာရန် ပြင်လိုက်စဉ် ရှောင်ရွှီရင်က မနေနိုင်တော့ပဲ
“မြို့တော်ဝန်တိန့်... ဒါက ဘာသဘောလဲ။ ကျွန်မရဲ့ မောင်လေးက ကျင့်စဉ်ကိုပဲ အာရုံစိုက်နေတဲ့ လူမျိုးပါ။ အခုလို အမျိုးသမီးတွေကို လွှတ်ပေးပြီး သူ့ရဲ့ ကျင့်စဉ်လမ်းကို ဖျက်ဆီးဖို့ စဉ်းစားနေတာလား။”
ရှောင်ရွှီရင်၏ စကားသံနှင့်အတူ ဖိအားလှိုင်းတစ်ခုလည်း ပြန့်လွင့်ထွက်ပေါ်လာခဲ့သည်။ ချီယန်ဂိုဏ်းမှ နတ်စွမ်းအားရှင် သူတို့ကို အရိပ်ထဲမှ စောင့်ကြည့်နေနိုင်သည်ကို သိသော်လည်း တိန့်ချင်းဖုန်း၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့၏။
ဤမျှနီးကပ်သော အကွာအဝေးတွင် ရှောင်ရွှီရင်က သူ့ကို သတ်ချင်ပါက ချီယန်ဂိုဏ်းမှ နတ်စွမ်းအားရှင်ပင်လျှင် အချိန်မီ တားဆီးနိုင်မည် မဟုတ်ချေ။
တိန့်ချင်းဖုန်းက
“နတ်မိမယ်လေး... ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဒါက ကျုပ်ရဲ့ ပေါ့ဆမှုပါ။”
တိန့်ချင်းဖုန်း၏ စကားကို ကြားလိုက်ရသဖြင့် ခန်းမအတွင်းရှိ အမျိုးသမီးများ အလျင်အမြန်ပင် ထွက်ခွာသွားကြ တော့သည်။
အမျိုးသမီးများ ထွက်သွားသည်ကို မြင်သောအခါမှ လုချန်းက
“ကဲ... မသိလို့လုပ်တာဆိုတော့လည်း အပြစ်မရှိပါဘူး”
တိန့်ချင်းဖုန်းက
“သံတမန်ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။”
လုချန်းက
“မိသားစုခေါင်းဆောင် နှစ်ယောက် လိုနေသလိုပဲ”
“ကျုပ် သိသလောက်ဆိုရင် ကောင်းကင်ဝံပုလွေမြို့မှာ လျှိုမိသားစုနဲ့ ဝမ်မိသားစုလည်း ရှိသေးတာပဲ။ အဲ့ဒီမိသားစုက ခေါင်းဆောင်တွေရော ဘယ်မှာလဲ။”
ထိုအရာကို ကြားလျှင် လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်ဝံပုလွေမြို့၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အစောကတည်းက သိနေခဲ့သဖြင့် ဤမိသားစုနှစ်စုအကြောင်းကို အရင်ဦးဆုံး မေးမြန်းခြင်းဖြစ်နိုင်သည်။
ဤမေးခွန်းသည် စမ်းသပ်မေးမြန်းခြင်းမျှသာဖြစ်ပြီး အမှန်တကယ် သိရှိထားပြီးသား အချက်အလက်များကို အတည်ပြုခြင်းသာ ဖြစ်သည်ဟု တိန့်ချင်းဖုန်း နားလည်လိုက်သည်။
သူတို့က ထိုမိသားစုများနှင့် စာရင်းရှင်းရန် ကြံစည်နေခြင်း ဖြစ်လိမ့်မည်။ ကံကောင်းသည်က သူတို့အခု ချီယန်ဂိုဏ်းနှင့် ပူးပေါင်းပြီး ဖြစ်နေခြင်းပင်။
ခန်းမ၏ အလယ်သို့ တိန့်ချင်းဖုန်း ချက်ချင်းပင် လျှောက်လှမ်းလာပြီး ဒူးထောက်လျက်
“သံတမန်... လျှိုမိသားစုနဲ့ ဝမ်မိသားစုက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး တစ်မျိုးလုံး ချီယန်ဂိုဏ်းဆီကို ပြောင်းရွှေ့သွားကြပါပြီ။”
ထိုအရာကို ကြားလျှင် လုချန်း၏ မျက်နှာ ချက်ချင်းပင် ညိုမှောင်သွားခဲ့ပြီး
“လျှိုမိသားစုနဲ့ ဝမ်မိသားစုက သတ္တိတော်တော်ရှိကြတာပဲ။”
“လျှို့ဝှက်လဝန်းနန်းတော်သာ မရှိခဲ့ရင် သူတို့မှာ အခုလို အဆင့်အတန်းမျိုး ရှိလာမှာ မဟုတ်ဘူး။ ဒါတောင် သူတို့က လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ရဲကြတယ်ပေါ့။”
လုချန်းက ဆက်လက်၍
“သူတို့ ကောင်းကင်ဝံပုလွေမြို့ကနေ ဘယ်တုန်းက ထွက်သွားတာလဲ”
တိန့်ချင်းဖုန်းက
“မကြာသေးခင်ကမှပါ သံတမန်”
ထိုအရာကို ကြားလျှင် လုချန်း၏ ဖိအားများ ရုတ်တရက် ပွင့်ထွက်လာခဲ့ရာ တိန့်ချင်းဖုန်းနှင့် မိသားစုခေါင်းဆောင်များလည်း ဖိအားကို မတောင့်ခံနိုင်ပဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားခဲ့ကြ၏။
လုချန်းက
“တိန့်ချင်းဖုန်း... ခင်ဗျား မြို့တော်ဝန် တစ်ယောက်အနေနဲ့ ဘယ်လိုတွေ လုပ်နေတာလဲ။”
“သူတို့ ကောင်းကင်ဝံပုလွေမြို့နဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်နေတာကို ခင်ဗျားက ဒီအတိုင်းပဲ ကြည့်နေခဲ့တာလား”
တိန့်ချင်းဖုန်းက
“ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ် မတားခဲ့တာ မဟုတ်ပါဘူး။ အဲဒီမိသားစု နှစ်စုရဲ့ အင်အားက အရမ်းကြီးလွန်းလို့ မြို့တော်ဝန်စံအိမ်က သူတို့ကို မယှဉ်နိုင်ခဲ့လို့ပါ။”
“ဒါ့ပြင် သူတို့နောက်မှာ ချီယန်ဂိုဏ်းက ကျောထောက်နောက်ခံ ပေးထားတာကြောင့် ကျုပ်တို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။”
ထိုစကားကို ကြားသောအခါ လုချန်းက
“ဩော်... ဒါဆို ချီယန်ဂိုဏ်းက လူတွေက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတယ်လို့ ဆိုချင်တာလား။”
တိန့်ချင်းဖုန်း၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရပြီး ချီယန်ဂိုဏ်းမှ နတ်စွမ်းအားရှင်အကြောင်း သူ သိသွားပြီလားဟု တွေးလိုက်မိသည်။
သို့သော် သူ ယခုပြောလိုက်သော စကားများသည် လုချန်းကို ကျောက်နက်တောင်ကြားသို့ ဆွဲဆောင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကိုလည်း တိန့်ချင်းဖုန်း သိ၏။
တစ်ခုခုကို သတိရသွားဟန်ဖြင့် တိန့်ချင်းဖုန်းက
“သံတမန်... ချီယန်ဂိုဏ်းက သူခိုးတွေက လျှို့ဝှက်လဝန်းနန်းတော် နယ်မြေထဲကို တကယ် ကျူးကျော်ဝင်ရောက်နေတာပါ။ သူတို့က ကျောက်နက်တောင်ကြားမှာ စိတ်ဝိညာဉ်ကြောတစ်ခုကို တွေ့ရှိထားပုံရပြီး တောင်ကြားတစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြံစည်နေကြပါတယ်။ ဒါတင်မကသေးဘဲ ကောင်းကင်ဝံပုလွေမြို့ တစ်မြို့လုံးကိုပါ ချီယန်ဂိုဏ်း လက်အောက်ကို သွတ်သွင်းဖို့ ကြိုးစားနေကြပါတယ်။”
“ချီယန်ဂိုဏ်းက အဲဒီလူယုတ်မာတွေကို ကျောက်နက်တောင်ကြားကနေ နှင်ထုတ်ပေးဖို့ သံတမန်ကို ကျုပ် တောင်းဆိုပါတယ်။”
တိန့်ချင်းဖုန်း၏ စကားကို ကြားလိုက်ရသောအခါ လုချန်း၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွှတ်သွားခဲ့၏။
သူတို့က သူ့ကို ထိုနေရာသို့ ခေါ်ဆောင်ချင်နေကြခြင်း ဖြစ်သည်။
ဤလူများ ချက်ချင်း အရေးမယူရခြင်းမှာ သူတို့ကို ကျောက်နက်တောင်ကြားသို့ ရောက်မှသာ တိုက်ခိုက်ရန် ကြံစည်ထားကြသောကြောင့် ဖြစ်ကြောင်း လုချန်း နားလည်သွားခဲ့သည်။
လုချန်းက
“ချီယန်ဂိုဏ်းက လူတွေက တကယ့်ကို သတ္တိကောင်းကြတာပဲ။ ကောင်းကင်ဝံပုလွေမြို့ရဲ့ အကြောင်းအရာတွေကို ကျုပ်ရဲ့ ဆရာထံ အစီရင်ခံရမယ်။”
ထိုစကားကြောင့် တိန့်ချင်းဖုန်း မှင်တက်သွားခဲ့ပြီး သတိပြန်ဝင်လာသောအခါ
“သံတမန်... ဒီလိုကိစ္စလေးတွေနဲ့ နန်းတော်သခင်ကို ဒုက္ခပေးနေဖို့ မလိုပါဘူး”
“ချီယန်ဂိုဏ်းက နတ်စွမ်းအားရှင်တွေက ကျုပ်တို့လို သာမန်လူတွေထက် စွမ်းအားကြီးတယ်ဆိုပေမဲ့ သူတို့က ချီယန်ဂိုဏ်းက သာမန် တပည့်အဆင့်တွေပဲ ရှိတာပါ။ သံတမန်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ သံတမန်သာ ကိုယ်တိုင်ဦးဆောင်မယ်ဆိုရင် သူတို့ကို ကျောက်နက်တောင်ကြားကနေ နှင်ထုတ်နိုင်မှာ အသေအချာပါပဲ။”
လုချန်းက
“အဲ့ဒီလိုလား... ဒါဆိုရင်တော့ မနက်ဖြန်ကျရင် ကျောက်နက်တောင်ကြားကို ကျုပ် သွားမယ်။”
လုချန်း သဘောတူလိုက်သည်ကို မြင်သောအခါမှ တိန့်ချင်းဖုန်း စိတ်သက်သာရာ ရသွားတော့၏။ လုချန်းကို ကျောက်နက်တောင်ကြားသို့ အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီဖြစ်၍ သူ၏တာဝန် ကျေပွန်သွားပြီဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကောင်းကင်ဝံပုလွေမြို့၏ အကြောင်းအရာများကို လျှို့ဝှက်လဝန်းနန်းတော် သခင်အား လုံးဝ မသိစေရပေ။
သူမ၏ နတ်ဘုရင် အဆင့် စွမ်းအားနှင့်ဆိုလျှင် ကောင်းကင်ဝံပုလွေမြို့သို့ ရောက်ရှိရန် အချိန်ခဏလေးသာ လိုအပ်မည် ဖြစ်သည်။
သူမ ကိုယ်တိုင်သာ ရောက်လာခဲ့လျှင် အားလုံး ဒုက္ခရောက်ကုန်ပေလိမ့်မည်။
………….
အခန်း (၁၅၉၂)
ချီယန်ဂိုဏ်းက ဖြစ်ချင်မှ ဖြစ်မယ်
စားသောက်ပွဲ ပြီးဆုံးသွားပြီးနောက် တိန့်ချင်းဖုန်း စီစဉ်ပေးထားသော အဆောင်အတွင်းသို့ လုချန်း ဝင်ရောက်နားနေလိုက်၏။ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း ထိုဆောင်အတွင်း၌ပင် တည်းခိုကြသည်။
ထိုစဉ် လုချန်း၏ အခန်းထဲသို့ အမျိုးသမီးနှစ်ဦး တိုက်ရိုက်ဝင်လာကြပြီး အသံလုံ နည်းဗျူဟာပုံစံတစ်ခုကို ခင်းကျင်းလိုက်ကြ၏။
ရှောင်ရွှီရင်က
“ချီယန်ဂိုဏ်းက လူတွေ ကျောက်နက်တောင်ကြားမှာ တို့ကို ချုံခိုတိုက်ဖို့ လူကြိုလွှတ်ထားလောက်ပြီလို့ ထင်တယ်။ ဒါပေမဲ့ သူတို့က ဘာလို့ ကောင်းကင်ဝံပုလွေမြို့ထဲမှာပဲ တိုက်ရိုက်မတိုက်တာလဲ။ ဘာလို့ ဒီလို အပိုအဆင့်တွေ လုပ်နေရတာလဲ။”
ကောက်ရှီယွမ်က
“ကျောက်နက်တောင်ကြားက ကောင်းကင်ဝံပုလွေမြို့နဲ့ဆိုရင် တစ်ရက်ခရီးလောက် ဝေးတယ်။ လုချန်းကို တိုက်ခိုက်တာ သူတို့လက်ချက်ဆိုတာ လျှို့ဝှက်လဝန်းနန်းတော်က သိသွားမှာ ချီယန်ဂိုဏ်းက မလိုလားလို့ နေမှာပေါ့။”
လုချန်းက ပြုံးလျက်
“ကျောက်နက်တောင်ကြားက ကောင်းကင်ဝံပုလွေမြို့ကနေ တစ်ရက်ခရီး ဝေးတယ်ဆိုပေမဲ့ ချီယန်ဂိုဏ်းနဲ့ ကပ်လျက်ရှိနေတယ်လို့ပဲ သတ်မှတ်လို့ရတယ်။ ကျုပ် တစ်ခုခုဖြစ်သွားခဲ့ရင် လျှို့ဝှက်လဝန်းနန်းတော်က ချီယန်ဂိုဏ်းလက်ချက်လို့ပဲ ဧကန်မုချ ထင်မှာပဲ။”
“ဒါကြောင့် ဘယ်နေရာမှာ တိုက်ခိုက်တိုက်ခိုက် မထူးခြားပါဘူး။ ကောင်းကင်ဝံပုလွေမြို့ထဲမှာ မတိုက်တာက ချီယန်ဂိုဏ်းနဲ့ အရမ်းနီးနေလို့လို့ ကျုပ် သံသယဖြစ်မိတယ်။ ကျုပ်ကို ချက်ချင်း အပြတ်မရှင်းနိုင်ခဲ့ရင် တခြား ချီယန်ဂိုဏ်းသားတွေကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်လို့ပါ။”
ထိုအရာကို ကြားလျှင် ဇဝေဇဝါဖြစ်သွားသော ကောက်ရှီယွမ်က
“မောင်လေး... ချီယန်ဂိုဏ်းက မောင်လေးကို အန္တရာယ်ပြုချင်နေတာ မဟုတ်ဘူးလား။ တိုက်ခိုက်မယ့်လူတွေက တခြား ချီယန်ဂိုဏ်းသားတွေ ရောက်လာမှာကို ဘာလို့ စိုးရိမ်နေရတာလဲ။”
လုချန်းက ရယ်မောကာ
“ကျုပ်ကို ပစ်မှတ်ထားနေတဲ့သူတွေက ချီယန်ဂိုဏ်းက ဖြစ်ချင်မှ ဖြစ်မှာပါ။”
ထိုစကားကြောင့် အမျိုးသမီးနှစ်ဦး မှင်တက်သွားကြ၏။
ချီယန်ဂိုဏ်းက မဟုတ်ဘူးတဲ့လား။
ချီယန်ဂိုဏ်းနယ်မြေနှင့် လျှို့ဝှက်လဝန်းနန်းတော်နယ်မြေတို့သည် ကပ်လျက်တည်ရှိနေပြီး ယခု ချီယန်ဂိုဏ်းက ကောင်းကင်ဝံပုလွေမြို့ကိုပါ ထိန်းချုပ်ထား၏။ လုချန်းကို ပစ်မှတ်ထားနေသူက ချီယန်ဂိုဏ်းမှ မဟုတ်ပါက အခြား မည်သူ ဖြစ်နိုင်ဦးမည်နည်း။
တစ်စုံတစ်ဦး၏ သရုပ်မှန်ကို ခွဲခြားသိမြင်နိုင်သည့် စနစ်သာ မရှိခဲ့ပါက ချီယန်ဂိုဏ်းက သူကို အန္တရာယ်ပြုလိုသည်ဟု လုချန်း တကယ်ပဲ ထင်မှတ်မိပေလိမ့်မည်။
ကောင်းကင်ဝံပုလွေမြို့သို့ လာရာလမ်းတွင် တွေ့ခဲ့ရသော ရွှေနတ်ကို လုချန်း ပြန်လည်အမှတ်ရလိုက်၏။ ထိုရွှေနတ် မည်သူဖြစ်ကြောင်း သတ်မှတ်ချက် နှစ်မျိုး ရှိနေသည်က ထင်ရှားလှသည်။
သူသည် ချီယန်ဂိုဏ်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် သွေးလင်းယုန်ခန်းမမှ စေလွှတ်လိုက်သောသူ ဖြစ်နိုင်ကြောင်း သိသာထင်ရှား၏။
လုချန်းကို သတ်ဖြတ်ခြင်းဖြင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းကြားတွင် စစ်ပွဲတစ်ပွဲ ဖြစ်ပွားအောင် သွေးထိုးပေးကာ ကြားကနေ အကျိုးအမြတ် ထုတ်ယူဖို့ ရည်ရွယ်နေပုံရ၏။
ထိုကဲ့သို့ လှည့်ကွက်မျိုးက ထျန်းရန် နတ်ဘုရား နယ်မြေ၌ ထူးဆန်းလှသည်တော့ မဟုတ်ချေ။
လုချန်းက
“တစ်ယောက်ယောက်က ကျုပ်ကို သတ်ပြီး လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကြားမှာ စစ်မီးမွှေးချင်နေတာ။”
မျက်ခုံးနှစ်ဖက်ကို စုကြုတ်လျက် ရှောင်ရွှီရင်က
“မောင်လေးချန်း... ဒါကို မောင်လေး ဘယ်လိုသိတာလဲ”
လုချန်းက
“ကောင်းကင်ဝံပုလွေမြို့ကို လာတဲ့လမ်းမှာ ကျုပ် တို့တွေ့ခဲ့တဲ့ ရွှေနတ်ကို မှတ်မိသေးလား။”
ရှောင်ရွှီရင်က
“မှတ်မိတာပေါ့... သူက ချီယန်ဂိုဏ်းကလို့ မောင်လေး ပြောခဲ့တယ်လေ”
လုချန်းက
“တရားဝင်အနေနှင့် သူက ချီယန်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ ဒါပေမဲ့ သူ့မှာ သွေးလင်းယုန်ခန်းမရဲ့ အကြီးအကဲဆိုတဲ့ တခြား အဆင့်အတန်း တစ်ခုလည်း ရှိနေသေးတယ်။”
ထိုစဉ်
“သွေးလင်းယုန်ခန်းမ”
ဟု အမျိုးသမီးနှစ်ဦးလုံးထံမှ ပြိုင်တူ အာမေဍိတ်သံ ထွက်သွား၏။
သူတို့၏ အံ့အားသင့်နေသော တုံ့ပြန်မှုကို မြင်လျှင် စပ်စုလိုသော စိတ်ဖြင့် လုချန်းက
“အစ်မတို့ရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ သွေးလင်းယုန်ခန်းမအကြောင်း သိထားပုံပဲ။”
ထျန်းရန် နတ်ဘုရား နယ်မြေသို့ လုချန်း ပြန်မလာခဲ့သည်မှာ နှစ်ပေါင်း ကုဋေကုဋာ ကြာခဲ့ဖြစ်သဖြင့် အင်းအား တည်ဆောက်ပုံများလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
အင်အားစု အသစ်များ ပေါ်ပေါက်လာသကဲ့သို့ အဟောင်းများလည်း ပျောက်ကွယ်သွားခဲ့ကြ၏။ ထို့ကြောင့် သွေးလင်းယုန်ခန်းမ အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။
လုချန်း၏ မျက်လုံးများကို စိုက်ကြည့်လျက် ကောက်ရှီယွမ်က
“မောင်လေးချန်း... အဲ့ဒီလူက တကယ်ပဲ သွေးလင်းယုန်ခန်းမရဲ့ အကြီးအကဲလား။”
လုချန်းက
“ဟုတ်တယ်... ကျုပ်မှာ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို ခွဲခြားနိုင်တဲ့ ရတနာတစ်ခု ရှိတယ်။ အစ်မ ကောက်... သွေးလင်းယုန်ခန်းမက ဘယ်လို အင်အားစုမို့လို့ အစ်မတို့ ဒီလောက်တောင် အံ့သြနေရတာလဲ။”
ကောက်ရှီယွမ်က
“သွေးလင်းယုန်ခန်းမဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်ကမှ ပေါ်လာတဲ့ အင်အားစုတစ်ခုပါ။ သူတို့က တို့ဆီက နတ်အငွေ့အသက်တွေကို နှိမ်နှင်းနိုင်တဲ့ ထူးဆန်းတဲ့ နတ်နိယာမတွေကို သုံးတဲ့ မိစ္ဆာနတ်ဂိုဏ်းတစ်ခုပဲ။ သွေးလင်းယုန်ခန်းမရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းကို မြန်တယ်။ အခုဆိုရင် သူတို့ဆီမှာ နတ်ဘုရင် သုံးပါးတောင် ရှိနေပြီလို့ သတင်းတွေ ထွက်နေတယ်။ တစ်ပါးဆိုရင် နတ်သခင် အဆင့်ကိုတောင် တက်လှမ်းဖို့ ကြိုးစားနေပြီတဲ့။”
ထိုအရာကို ကြားလျှင် နတ်ဆိုးကျင့်ကြံသူများကို လုချန်း သတိရသွားမိ၏။ သူသည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲ၌ ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို တစ်ချိန်က ကျင့်ကြံခဲ့ဖူးသော်လည်း သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များအပေါ် ထိရောက်မှု ရှိမရှိကိုတော့ မသေချာနိုင်ပေ။
လုချန်းက
“စနစ်... ငါ ကျင့်ထားတဲ့ ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်က မိစ္ဆာနတ်တွေအပေါ် နှိမ်နှင်းနိုင်စွမ်း ရှိလား”
ဟု စိတ်ထဲမှ မေးမြန်းလိုက်၏။
စနစ်က
“အတိုင်းအတာ တစ်ခုအထိတော့ နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်နဲ့ ယှဉ်ရင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက မိစ္ဆာနတ်တွေအပေါ် ပိုပြီး အစွမ်းထက်ပါတယ်”
လုချန်း စိတ်လှုပ်ရှားသွား၏။
စနစ်က သူ့အတွက် တန်ပြန်နည်းလမ်းကို ကြိုတင်ပြင်ဆင်ပေးထားခဲ့သည် မဟုတ်ပါလား။
ဤစနစ် အနာဂတ်ကို ကြိုတင်မြင်နိုင်သလားဟုပင် သူ တွေးတောမိသွားတော့သည်။
ရှောင်ရွှီရင်က
“မောင်လေး... အဲဒီလူက တကယ်ပဲ သွေးလင်းယုန်ခန်းမရဲ့ အကြီးအကဲဆိုရင်တော့ ဒီကိစ္စကို အစီရင်ခံမှ ဖြစ်မယ်။ သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကြားမှာ စစ်မီးမွှေးချင်နေတာက တို့ နတ်ဂိုဏ်းနှစ်ဂိုဏ်းလုံး အားနည်းသွားတဲ့အချိန်မှာ အမြစ်ပြတ်ရှင်းဖို့အတွက် ဖြစ်မှာပဲ။ သွေးလင်းယုန်ခန်းမက နှစ်တော်တော်များများ နယ်မြေချဲ့ထွင်လာခဲ့တာဆိုတော့ ပေါ့ပေါ့ဆဆ သဘောထားလို့ မရဘူး။”
လုချန်းက
“ကောင်းပါပြီ... အခုဖြစ်နေတဲ့ အခြေအနေတွေကို လျှို့ဝှက်လဝန်းနန်းတော်ဆီ အစ်မတို့ နှစ်ယောက် အစီရင်ခံလိုက်ပါ။”
အသံလုံ အကာအကွယ်ကို ဖယ်ရှားလိုက်ပြီး ရိပ်မိသွားနိုင်သည့် အန္တရာယ်ကြားမှပင် လုချန်း တွေ့ရှိထားသည်များကို လျှို့ဝှက်လဝန်းနန်းတော်သို့ အစီရင်ခံရန် အသံလွှင့် အင်းစာလိပ်တစ်ခုကို ကောက်ရှီယွမ် ထုတ်ယူလိုက်၏။ သို့သော် ခဏအကြာတွင် အသံလွှင့် အင်းစာလိပ် အလုပ်မလုပ်တော့သည်ကို ကောက်ရှီယွမ် တွေ့လိုက်ရသည်။
သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ရှောင်ရွှီရင်နှင့် လုချန်းကို
“တစ်ခုခုတော့ မှားနေပြီ... အသံလွှင့် အင်းစာလိပ်က အလုပ်မလုပ်တော့ဘူး”
ဟု အလျင်အမြန် ပြောလိုက်၏။
အသံလွှင့် အင်းစာလိပ် အလုပ်မလုပ်ခြင်း အကြောင်းအရင်းက စီကုန်းယုဖုန်းသည် ကြီးမားသော နည်းဗျူဟာပုံစံတစ်ခုကို ခင်းကျင်းထားပြီး အင်းစာလိပ်များကို အသုံးမပြုနိုင်အောင် ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်။
ရှောင်ရွှီရင်က
“အခု ဘာဆက်လုပ်ကြမလဲ”
ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး လုချန်းက
“အစ်မကောက်... ဒီကိစ္စကို လျှို့ဝှက်လဝန်းနန်းတော်က အကြီးအကဲတွေဆီ အစ်မ ကိုယ်တိုင်သွားပြီး အစီရင်ခံရင် ဘယ်လိုလဲ။”
ရှောင်ရွှီရင်က
“အဲဒီလူက တို့နောက်ကို အရိပ်လို လိုက်ကြည့်နေလောက်တယ်။ အခုထွက်သွားရင် အန္တရာယ်ရှိနိုင်တယ်။ အစီရင်ခံဖို့ ပြန်သွားတာကို သူ ခွင့်ပြုမှာ မဟုတ်ဘူး။”
လုချန်းက
“ဒါက လွယ်ပါတယ်။ မနက်ဖြန် ကျောက်နက်တောင်ကြားကို သွားတဲ့အခါ အဲ့ဒီလူကို အပြင်ရောက်အောင် ဆွဲထုတ်ပြီးရင် အစ်မကောက်က လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သွားလို့ ရပြီလေ။”
ကောက်ရှီယွမ်က
“ဒါဆို မင်းတို့နှစ်ယောက်ကရော။ သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကြားမှာ စစ်မီးမွှေးချင်နေတာဆိုတော့ မင်းတို့ကိုလည်း အလွှတ်ပေးမှာ မဟုတ်ဘူး။”
လုချန်းက ပြုံးလျက်
“ကျောက်စိမ်းလိပ်အပြင် ဆရာက ကျုပ် အတွက် တခြား အသက်ကယ် ရတနာတွေလည်း ပေးထားပါသေးတယ်။ အစ်မကောက် စိတ်မပူပါနဲ့။”
ခဏခန့် တွေးတောပြီးနောက် ကောက်ရှီယွမ်က
“ကောင်းပါပြီ... သူ့ရဲ့ နည်းဗျူဟာပုံစံ အကွာအဝေးကနေ ကျော်တာနဲ့ လျှို့ဝှက်လဝန်းနန်းတော်ဆီ ဒီကိစ္စကို အစီရင်ခံဖို့ အသံလွှင့် အင်းစာလိပ်ကို အစ်မ ချက်ချင်း သုံးလိုက်ပါ့မယ်။”
လုချန်းက
“ကောင်းပါပြီ... ဒီနေ့တော့ နားကြတာပေါ့”
“ဟုတ်ကဲ့”
ဟု အမျိုးသမီးနှစ်ဦးလုံးက ပြိုင်တူပြောကာ လုချန်း၏ အခန်းထဲမှ ထွက်ခွာသွားကြ တော့သည်။
…….
ညအမှောင်ရိပ် အောက်တွင်။
မြို့တော်ဝန်စံအိမ်ရှိ စာကြည့်ခန်းအတွင်းသို့ အရိပ်ပုံသဏ္ဌာန် တစ်ခု ရောက်ရှိလာခဲ့၏။
တိန့်ချင်းဖုန်းက စီကုန်းယုဖုန်းကို ရိုသေစွာဖြင့်
“နတ်စွမ်းအားရှင်... အစီအစဉ်က အောင်မြင်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်က သံတမန်တွေက မနက်ဖြန် ကျောက်နက်တောင်ကြားကို သွားဖို့ ပြင်ဆင်နေကြပါပြီ။”
စီကုန်းယုဖုန်းက ခပ်အေးအေးပင်
“ခင်ဗျား ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒီကိစ္စတွေအားလုံး ပြီးသွားရင် ခင်ဗျား ကျုပ်နောက်ကို လိုက်ခဲ့လို့ ရပြီ။”
တိန့်ချင်းဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကာ
“နတ်စွမ်းအားရှင်ကို ကျေးဇူးတင်ပါတယ်”
ဟု တတွတ်တွတ်ပြောလျက် အကြိမ်ကြိမ် ဦးချလိုက်၏။
ထို့နောက် လုချန်း တည်းခိုရာ အဆောင်ဘက်သို့ စီကုန်းယုဖုန်း တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွှတ်သွားပြီး လျှို့ဝှက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တိုက်ရိုက်တပည့် သေဆုံးသွားသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်က ချီယန်ဂိုဏ်းအပေါ် စစ်ပွဲ ဆင်နွှဲလာမှာ ဧကန်မုချ ဖြစ်သည်။ ထိုအခါ ဤနတ်ဂိုဏ်းကြီး နှစ်ခု ပျောက်ကွယ်သွားရန် အချိန်များစွာ လိုအပ်တော့မည် မဟုတ်ချေ။
………….
အခန်း (၁၅၉၃)
လျှို့ဝှက်ချက်ကို သိနေသူ
ထျန်းရှ နတ်ဘုရား နိုင်ငံတော်။
ကွမ်းရန်ဘုရင်၏ ပိုင်နက်နယ်။
ကွမ်းရန်ဘုရင် လုကျင့်ဖူသည် အဆောင်ငယ်တစ်ခုအတွင်းရှိ ကျောက်သားခုံတန်းတစ်ခုပေါ်တွင် ထိုင်လျက် ဝတ်စုံနီဝတ် အမျိုးသားတစ်ဦးနှင့် စစ်တုရင် ကစားနေ၏။
ထိုအခိုက်အတန့်တွင် ဝတ်စုံနီဝတ် အမျိုးသားက စကားစလာ၏။
“မကြာသေးခင်က ကွမ်းရန်ဘုရင်ဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်နှင့် မဟာမိတ်ဖွဲ့ဖို့ စဉ်းစားနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ကံမကောင်းတာက သူက ခင်ဗျားအပေါ် စိတ်ဝင်စားပုံမရဘူး။ ခင်ဗျားရဲ့ လည်ပတ်ခွင့်တောင်းခံလွှာကိုတောင် လက်မခံဘူးလေ။”
ထိုစကားကို ကြားလျှင် လုကျင့်ဖူက အေးစက်စွာ တုံ့ပြန်လိုက်၏။
“သူက နတ်ဘုရင်တစ်ပါးပဲလေ... နည်းနည်းပါးပါး မာနကြီးတာက သဘာဝပါပဲ။”
ဝတ်စုံနီဝတ် အမျိုးသားက ရယ်မောကာ
“ကွမ်းရန်ဘုရင်က ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်တာပဲ”
“လျှို့ဝှက်လဝန်းနန်းတော်က ခင်ဗျားကို ထောက်ခံဖို့ ဆန္ဒမရှိတာ ထင်ရှားနေတာပဲကို... ဘာလို့များ ဒီလို တုံ့ပြန်မှုမျိုးကိုတောင် အကောင်းမြင်နေရတာလဲ။”
လုကျင့်ဖူက
“ခင်ဗျား ဒီနေ့လာတာ ကျုပ်ကို လှောင်ပြောင်ဖို့ သက်သက်ပဲလား။”
ဝတ်စုံနီဝတ် အမျိုးသားက
“ဒီလိုတော့... မဟုတ်ပါဘူး”
“ထျန်းရန် နတ်ဘုရား နယ်မြေမှာ နတ်ဘုရင်တွေ ဒီလောက်တောင် များနေတာကို ဘာလို့ သစ်ပင်တစ်ပင်တည်းကိုပဲ စွဲလမ်းနေရမှာလဲဆိုတာ ကွမ်းရန်ဘုရင်ကို သတိပေးချင်ရုံသက်သက်ပါ။”
ထိုအရာကို ကြားလျှင် လုကျင့်ဖူက နှာခေါင်းရှုံ့လျက်
“ကျုပ်က နတ်ဘုရင်တစ်ပါးတည်းရဲ့ ထောက်ခံမှုကိုပဲ ရှာနေတယ်လို့ ခင်ဗျား တကယ်ထင်နေတာလား။”
ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်ဘုရင်များစွာ ရှိသော်လည်း သူ လျှို့ဝှက်လဝန်းနန်းတော်နှင့် မဟာမိတ်ဖွဲ့လိုသည်က ထောက်ခံမှုရရန်သာမကပဲ ယွမ်ယုတိနှင့် နီးစပ်ခွင့်ရရန်လည်း ဖြစ်သည်။
ဝတ်စုံနီဝတ် အမျိုးသားက
“သဘောပေါက်ပါပြီ... ဒါကြောင့်လည်း ကွမ်းရန်ဘုရင်က လျှို့ဝှက်လဝန်းနန်းတော်ကို အကြိမ်ကြိမ် လူလွှတ်နေတာကိုး။”
“ဒါပေမဲ့ နတ်ဘုရင်တစ်ပါးရဲ့ စိတ်နှလုံးကို သိမ်းပိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။”
“လက်ရှိမှာ ကွမ်းရန်ဘုရင်က ရွှေနတ်အဆင့်ပဲ ရှိသေးတာလေ။ ပြီးတော့ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အုပ်စိုးသူလည်း မဟုတ်သေးဘူး။ နတ်ဘုရင်တစ်ပါးဖြစ်တဲ့ ယွမ်ယုတိက ခင်ဗျားကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ။”
ကွမ်းရန်ဘုရင်က သူ၏ မျက်ဝန်းများကို မှေးလျက် ရှေ့မှ ဝတ်စုံနီဝတ် အမျိုးသားကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
“ခင်ဗျားက ကျုပ်ကို လှောင်ပြောင်ဖို့ ရောက်လာတာလား။”
ထိုအခါ ဝတ်စုံနီဝတ် အမျိုးသားက
“ခင်ဗျားသာ နတ်ဘုရင်အဆင့်ကို ရောက်ပြီး ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ ဧကရာဇ် ဖြစ်လာခဲ့ရင် ခင်ဗျားအလိုရှိတဲ့ ဘယ်အမျိုးသမီးကိုမဆို ရနိုင်မှာပဲ။ ဘာလို့ ယွမ်ယုတိအပေါ်မှာပဲ စိတ်စွဲနေရမှာလဲ။”
“ခင်ဗျားသာ အဲဒီနေရာကို တကယ်လိုချင်တယ်ဆိုရင် ကျုပ်တို့ သွေးလင်းယုန်ခန်းမက ခင်ဗျားကို ကူညီနိုင်ပါတယ်။”
ထိုစကားကြောင့် ကွမ်းရန်ဘုရင် လန့်သွားကာ
“သွေးလင်းယုန်ခန်းမလား။ ခင်ဗျားက သွေးလင်းယုန်ခန်းမကလား”
ဝတ်စုံနီဝတ် အမျိုးသားက
“ဟုတ်ပါတယ်”
“ကျုပ်တို့ သွေးလင်းယုန်ခန်းမမှာ နတ်ဘုရင် သုံးပါး ရှိတယ်။ ဒီနတ်ဘုရင် သုံးပါးရဲ့ ထောက်ခံမှုနှင့်ဆိုရင် အဲ့ဒီနေရာကို ရဖို့က အများကြီး ပိုလွယ်ကူသွားလိမ့်မယ်။”
ထိုအရာကို ကြားလျှင် လုကျင့်ဖူ ခဏခန့် မှင်တက်သွားပြီးမှ ရယ်မောလျက်
“ကျုပ်ကို ထောက်ခံပေးတဲ့အတွက် သွေးလင်းယုန်ခန်းမက အလဲအလှယ်အနေနှင့် ဘာလိုချင်တာလဲ။”
ဝတ်စုံနီဝတ် အမျိုးသားက
“ကျုပ်တို့က ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ ကံစွမ်းအားကို လိုချင်တယ်။ ခင်ဗျား အဲဒီနေရာကို တက်လှမ်းပြီးတာနဲ့ သွေးလင်းယုန်ခန်းမကို နိုင်ငံတော်ဘာသာရေးအဖွဲ့အဖြစ် သတ်မှတ်ပေးရမယ်။”
ဝတ်စုံနီဝတ် အမျိုးသားက အလွန် ပွင့်လင်းလှ၏။ သူက အခြေအနေများကို တိုက်ရိုက် တောင်းဆိုလာခြင်းဖြစ်သည်။
ဤအခြေအနေများက ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှု ရှိနိုင်သည်ဟု ထင်ရသော်လည်း လုကျင့်ဖူ၏ စရိုက်ကို သူ ကောင်းကောင်းသိ၏။ သူ ဧကရာဇ် ဖြစ်လာနိုင်ပါက ဤအချက်များကို လုကျင့်ဖူ ဧကန်မုချ သဘောတူမည်သာ ဖြစ်သည်။
လုကျင့်ဖူ မျက်မှောင်ကြုတ်သွား၏။ သူ၏ အမူအရာကလည်း အလွန် လေးနက်သွားခဲ့သည်။
ဤဆုံးဖြတ်ချက်၏ အကျိုးအမြတ်နှင့် ရင်းနှီးရမည့်အရာများကို သူ ချိန်ဆနေခြင်းဖြစ်၏။
ခဏခန့်အကြာတွင် လုကျင့်ဖူက
“ကောင်းပြီ... ကျုပ် သဘောတူတယ်”
လုကျင့်ဖူ သဘောတူသည်ကို မြင်လျှင် ဝတ်စုံနီဝတ် အမျိုးသားက ပြုံးလျက်
“ခင်ဗျား မှန်ကန်တဲ့ ရွေးချယ်မှု လုပ်လိုက်တာပဲ။”
“ကဲ... ဒီနေ့အတွက်တော့ ဒါပါပဲ။ ကျုပ် ပြန်ပြီး အစီရင်ခံရဦးမယ်။ ခင်ဗျား တစ်ခုခု လိုအပ်တာရှိရင် ကျုပ်ပေးထားတဲ့ ကျောက်စိမ်းဆွဲပြားကတစ်ဆင့် ဆက်သွယ်လိုက်ပါ။”
ထိုသို့ပြောပြီးနောက် အမျိုးသား၏ ပုံရိပ် ပျောက်ကွယ်သွားတော့သည်။ အမျိုးသား ထွက်ခွာသွားပြီးနောက် လုကျင့်ဖူ၏ မျက်နှာ မှောင်မည်းသွားခဲ့၏။
သွေးလင်းယုန်ခန်းမဆိုသည်က သူ ကောင်းကောင်းသိထားသော အင်အားစုတစ်ခု ဖြစ်သည်။ သွေးလင်းယုန်ခန်းမသည် သတ်ဖြတ်ခြင်းနှင့် သွေးစွမ်းအားများဖြင့် ကျင့်ကြံသည့် မိစ္ဆာနတ်ဂိုဏ်းတစ်ခု ဖြစ်သည်။
သွေးလင်းယုန်ခန်းမ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ နိုင်ငံတော်ဘာသာအဖွဲ့ ဖြစ်ချင်နေခြင်းက နိုင်ငံတော်၏ ကံစွမ်းအားအတွက်သာမက လူသားများအတွက်ပါ ဖြစ်နိုင်ခြေ ရှိသည်။
သွေးလင်းယုန်ခန်းမ၏ မကောင်းသော ရည်ရွယ်ချက်များကို သိထားသော်လည်း သူ့၌ သဘောတူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။ သူ မရွေးပါက သူ၏ပြိုင်ဘက်များ သို့မဟုတ် သူ၏ မောင်နှမများက ရွေးချယ်နိုင်သည်။
သူ ငြင်းပယ်လိုက်ပါက သွေးလင်းယုန်ခန်းမက အခြားသူများနှင့် ဧကန်မုချ ပူးပေါင်းသွားပေလိမ့်မည်။
သွေးလင်းယုန်ခန်းမတွင် နတ်ဘုရင် သုံးပါး ရှိသည်။ သူတို့၏ အကူအညီနှင့်ဆိုလျှင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ မည်သည့်မင်းသားအတွက်မဆို ထိုနေရာသို့ ရောက်ရန် အလှမ်းမဝေးတော့ချေ။
…..
နံနက်စောစောအချိန်။
မနက်စာ စားပြီးနောက် လုချန်းနှင့် အဖွဲ့သားများသည် ကျောက်နက်တောင်ကြားသို့ ဦးတည်ထွက်ခွာလာကြ၏။
ထိုအချိန်တွင် စီကုန်းယုဖုန်းက ကျောက်နက်တောင်ကြား၌ အသင့်စောင့်ဆိုင်းနေပြီဖြစ်သည်။ လုချန်းနှင့် အဖွဲ့သားများ ရောက်ရှိလာသည်နှင့် သူ အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။
လုချန်းနှင့် အဖော်များ၏ အင်အားကို မနေ့ညကတည်းက သူ ကြိုတင် စူးစမ်းထားပြီး ဖြစ်သည်။
ကောင်းကင်နတ် နှစ်ပါးနှင့် မြေနတ် တစ်ပါး။
ရွှေနတ်တစ်ပါးဖြစ်သော သူ့အတွက် ထိုသုံးယောက်ကို သတ်ဖြတ်ရန်က ငှက်ပျောသီး အခွံနွှာရသကဲ့သို့ပင် လွယ်ကူလှသည်။
တစ်ရက်ကြာပြီးနောက် လုချန်းနှင့် အဖွဲ့သားများသည် နေရာအနှံ့၌ ကျောက်နက်များ ရှိနေသော ကျောက်နက်တောင်ကြားသို့ ရောက်ရှိလာကြ၏။
မြေကမ္ဘာမှ လာသူတစ်ဦးအနေနှင့် ဤကျောက်တုံးများ ကျောက်မီးသွေးများဖြစ်ကြောင်း လုချန်း သိသော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေရှိ လူများကတော့ ၎င်းတို့ကို ကျောက်နက်များဟုသာ ခေါ်ဆိုကြသည်။
ကျောက်နက်တောင်ကြားသို့ ရောက်လျှင် နတ်အာရုံကို အသုံးပြု၍ ထိုဒေသကို လုချန်း စူးစမ်းလိုက်သော်လည်း အခြားမည်သည့် နတ်ကိုမှ မတွေ့ရချေ။
တစ်ဖက်က သူတို့၏ အငွေ့အသက်ကို ဖုံးကွယ်ထားကြောင်း လုချန်း သိထားပြီး ဖြစ်သဖြင့် အချိန်မဖြုန်းတော့ပဲ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို တောင်ကြားထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားလိုက်သည်။
သို့သော် ကျောက်နက်တောင်ကြားသို့ ဝင်ဝင်ချင်းမှာပင် သူတို့၏ ခြေဖဝါးအောက်၌ နည်းဗျူဟာပုံစံတစ်ခု ပေါ်လာပြီး သွေးနီရောင် အကာအကွယ်တစ်ခုအတွင်း ပိတ်မိသွားကြ၏။
နောက်တစ်ခဏတွင် ကျောက်နက်တောင်ကြား၌ ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
“သခင်လေးချန်း... မတွေ့ရတာ ကြာပြီပဲ”
ထိုသူကို လုချန်း လှည့်ကြည့်လိုက်ရာ ထိုသူသည် တကယ်ပင် စီကုန်းယုဖုန်း ဖြစ်နေ ကြောင်း တွေ့လိုက်ရ၏။
စီကုန်းယုဖုန်းကို မြင်လျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း ၎င်းကို သတိကြီးစွာဖြင့် စောင့်ကြည့်ရင်း ဓားများကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။ လုချန်းကတော့ တည်ငြိမ်စွာဖြင့်
“ဒီစီနီယာက ကျုပ် ဆီက ဘာလိုချင်လို့လဲဆိုတာ သိပါရစေဦး။”
စီကုန်းယုဖုန်းက နှာခေါင်းရှုံ့လျက်
“ခင်ဗျားကိုယ် ခင်ဗျား ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကလို့ ပြောခဲ့တယ် မဟုတ်လား။”
လုချန်းက
“ကျုပ် ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှာ ခဏနေခဲ့ဖူးတယ်လေ... ဒါကြောင့် အဲဒီက လူတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။”
စီကုန်းယုဖုန်းက လှောင်ပြောင်လျက် “ခင်ဗျားက သတ္တိရှိတာလား ဒါမှမဟုတ် အတယ်လို့ပဲ ပြောရမလား။ ကောင်းကင်ဝံပုလွေမြို့ကို ကျုပ်တို့ရဲ့ ချီယန်ဂိုဏ်းက ထိန်းချုပ်ထားတယ်ဆိုတာ သိသိကြီးနှင့် ခင်ဗျားက လာရဲသေးတယ်ပေါ့။”
“ခင်ဗျားက သေဖို့ စိတ်ပိုင်းဖြတ်ထားမှတော့ ခင်ဗျားရဲ့ ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးရတာပေါ့။”
ထိုသို့ပြောပြီးနောက် လုချန်းနှင့် အဖွဲ့သားများကို တိုက်ခိုက်ရန် စီကုန်းယုဖုန်း ပြင်ဆင်လိုက်သော်လည်း လုချန်းကတော့ အလောမကြီးပဲ စကားဆက်လိုက်သည်။
“ကျုပ် ထင်တာ မမှားဘူးဆိုရင် ခင်ဗျားက ချီယန်ဂိုဏ်းက မဟုတ်ဘူး မဟုတ်လား။”
စီကုန်းယုဖုန်း မျက်ခုံးတွန့် သွား၏။ သူ၏ သရုပ်မှန်ကို ဘယ်သူမှ မသိဟု သူ ထင်ခဲ့သော်လည်း သူ့ကို နှစ်ကြိမ်ခန့်သာ တွေ့ဖူးသည့် ဤလူက သူ ချီယန်ဂိုဏ်းမှ မဟုတ်ကြောင်းကို မည်သို့ သိမြင်နိုင်ရသနည်း။
စီကုန်းယုဖုန်းက
“ရယ်စရာပဲ... ကျုပ်က ချီယန်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်ပဲ။”
“ကျုပ်က လျှို့ဝှက်လဝန်း နန်းတော်သခင်ရဲ့ တပည့်ရင်းပါ။ ခင်ဗျားသာ တကယ်ပဲ ချီယန်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်မယ်ဆိုရင် ကျုပ်ကို ဖမ်းဆီးရင်တောင် သေတဲ့အထိတော့ လုပ်မှာ မဟုတ်ဘူး။”
“ကျုပ် သေသွားခဲ့လျှင် နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကြားမှာ စစ်ပွဲကြီးတစ်ခု ဧကန်မုချ ဖြစ်လာလိမ့်မယ်။”
“ကျုပ် အမြင်အရတော့ ခင်ဗျားက သွေးလင်းယုန်ခန်းမကပဲ။ ခင်ဗျားက နတ်ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ပဋိပက္ခဖြစ်အောင် သွေးထိုးပေးချင်တာ မဟုတ်လား။ နှစ်ဖက်စလုံး အားနည်းသွားတဲ့အချိန်ကျမှ သွေးလင်းယုန်ခန်းမက ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ်ရှင်းဖို့ပေါ့။”
လုချန်း၏ စကားကို ကြားလျှင် စီကုန်းယုဖုန်း မှင်တက်သွားတော့သည်။ သွေးလင်းယုန်ခန်းမ၏ ကြံစည်မှုကို ဤလူ အလွယ်တကူ သိမြင်နိုင်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ့ကို သူတို့၏ ခန်းမသခင်က ချီယန်ဂိုဏ်းထဲသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းက သူတို့သာ သိသည့် လျှို့ဝှက်ချက် ဖြစ်သည်။
လူတစ်ယောက်က ထိုအရာကို ချက်ချင်း ဘယ်လိုလုပ် ထွင်းဖောက်မြင်နိုင်ရသနည်း။
စီကုန်းယုဖုန်းက လုချန်းကို သတိဖြင့် စောင့်ကြည့်လိုက်ပြီး
“ခင်ဗျားက ဘယ်သူလဲ။ ဒါကို ခင်ဗျား ဘယ်လိုလုပ် သိနိုင်ရတာလဲ။”
လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းဟူသော လုချန်းဆိုသူက ထင်သလောက် မရိုးရှင်းကြောင်း ယခု သူ တွေ့ရှိသွားပြီဖြစ်သည်။