အခန်း (၁၅၉၄-၁၅၉၆)
Vol. 107 Ch. 1594-1596
အခန်း (၁၅၉၄ )
နတ်ဘုရင်တစ်ပါးလား
လုချန်းက စီကုန်းယုဖုန်း၏ မျက်နှာအမူအရာကို သေချာစွာ ကြည့်ရှုလိုက်ပြီး အေးဆေးစွာဖြင့်
“စီနီယာကတော့ နောက်နေပြန်ပြီ။ ကျုပ်ကို သတ်ဖို့ လာခဲ့ပြီး ကျုပ်က ဘယ်သူလဲဆိုတာတောင် မသိဘူးလား။”
စီကုန်းယုဖုန်းက နှာခေါင်းရှုံ့လိုက်၏။
သူ့ထက် များစွာအဆင့်နိမ့်သူတစ်ဦးက ဤသို့ပြောခြင်းကို မထီမဲ့မြင် လေသံဖြင့် ပြောရဲနေခြင်းဖြစ်သည်။
“လျှို့ဝှက်လဝန်းနန်းတော်က တပည့်တစ်ယောက်က ဒီကိစ္စတွေကို သိနေလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။”
“တော်ပြီ... ခင်ဗျား ဘယ်သူဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ ဒီအကြောင်းတွေကို သိသွားမှတော့ ခင်ဗျားကို အသက်ရှင်လျက် ထားလို့မဖြစ်တော့ဘူး။”
ထိုစကားများနှင့်အတူ စီကုန်းယုဖုန်း အသံကုန် ဟစ်အော်လိုက်သည်။
သူ၏ မိစ္ဆာစွမ်းအားအားလုံးကို စုစည်းကာ အဆုံးစွန်သော တိုက်ခိုက်မှုကို စတင်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
“ဝိညာဉ်ငရဲ မီးလျှံချိပ်ပိတ်ခြင်း”
စီကုန်းယုဖုန်း၏ ခန္ဓာကိုယ်မှ နက်မှောင်သော မီးလျှံအမြောက်အမြား ပွင့်ထွက်လာကာ ဦးခေါင်းခွံများအဖြစ် ပြောင်းလဲသွားပြီးနောက် လုချန်းတို့အုပ်စုဆီသို့ ပြေးဝင်သွားကြသည်။
ရှောင်ရွှီရင်က လုချန်းကို အလောတကြီး သတိပေးလိုက်၏။
“မောင်လေးချန်း...နန်းတော်သခင် ပေးထားတဲ့ ကျောက်စိမ်းစာလိပ်ကို မြန်မြန်သုံးလိုက်တော့။”
သူမနှင့် ကောက်ရှီယွမ်တို့ နှစ်ဦးအတွက် ဤမိစ္ဆာနတ်၏ စွမ်းအားသည် ကြီးမားလှသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။
ရွှေနတ်တစ်ဦးကို သူတို့သုံးယောက် ယှဉ်နိုင်လိမ့်မည်ဟု ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ နှစ်ဦးလုံး မထင်ချေ။ ယခု အခြေအနေတွင် ထွက်ပြေးခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
သို့သော် လုချန်းက ကျောက်စိမ်းလိပ်ကို မသုံးသည့်အပြင် ထွက်ပြေးမည့် အမူအရာလည်း မပြသဖြင့် သူတို့နှစ်ဦး အံ့အားသင့်သွားကြ၏။ ထို့အစား လုချန်းက တိုက်ကွက်ကိုသာ လျင်မြန်စွာ ဖော်လိုက်သည်။
“နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ”
တစ်ခဏအတွင်းမှာပင် အကာအကွယ်အတွင်း၌ မီးအိမ်အမြောက်အမြား ပေါ်လာပြီး ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အလင်းတန်းများက နက်မှောင်သော ဦးခေါင်းခွံများကို ချက်ချင်း ဖိနှိပ်လိုက်၏။
သူ၏ စွမ်းအားများ ဖိနှိပ်ခံလိုက်ရသည်ကို ခံစားမိလျှင် စီကုန်းယုဖုန်း မျက်မှောင်ကြုတ်သွားသည်။ နိမ့်ကျသော မြေနတ်တစ်ဦးက မိစ္ဆာနတ်တစ်ဦး၏ စွမ်းအားကို ဖိနှိပ်နိုင်လိမ့်မည်ဟု သူ မထင်မိပေ။
ဘာတွေဖြစ်နေတာလဲ။
မြေနတ်တစ်ယောက်က သူ့စွမ်းအားတွေကို ဘယ်လိုလုပ်ပြီး ဖိနှိပ်နိုင်ရတာလဲ။
သူသည် မိစ္ဆာနတ်တစ်ဦး ဖြစ်သည့်အတွက် သာမန်နတ်များကို ဖိနှိပ်နိုင်စွမ်း ရှိသော်လည်း ယနေ့တွင်တော့ ပြောင်းပြန် ဖြစ်နေပြီဖြစ်သည်။
ဤအချက်က လုချန်းသည် မြင်ရသလောက် မရိုးရှင်းကြောင်း စီကုန်းယုဖုန်းအား သွယ်ဝိုက်၍ သိစေခဲ့သည်။
လုချန်းနှင့် ပတ်သက်၍ စီကုန်းယုဖုန်း ပို၍ စိတ်မအေးဖြစ်လာ၏။ ဤလူသည် သွေးလင်းယုန်ခန်းမ၏ ကြံစည်မှုကို သိထားသည့်အပြင် မိစ္ဆာနတ်တစ်ဦး၏ စွမ်းအားကိုပါ ဖိနှိပ်နိုင်နေသည်။
ဤလူကိုသာ ကြီးထွားခွင့် ပေးလိုက်ပါက သွေးလင်းယုန်ခန်းမအတွက် ဧကန်မုချ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။
စီကုန်းယုဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်အငွေ့အသက်များကို ထပ်မံ စုစည်းကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြန်၏။
ဤတစ်ကြိမ်တွင် သူ၏ စွမ်းအား အကုန်နီးပါးကို အသုံးပြုလိုက်ပြီး လုချန်းကို ပွဲချင်းပြီး အဆုံးသတ်ရန် ရည်ရွယ်လိုက်သည်။
“ဝိညာဉ်ငရဲ မဟူရာ မိစ္ဆာလက်ဝါး။”
နက်မှောင်သော နတ်အငွေ့အသက်များ ရောယှက်ကာ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို ဖိအားပေးလိုက်သည်။ နတ်အငွေ့အသက်များကို ထုတ်ဖော်၍ မရတော့သဖြင့် မိန်းကလေးနှစ်ဦး၏ မျက်နှာများ ဖြူလျော့သွားကြ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ မီးအိမ်များထဲသို့ သူခန္ဓာကိုယ်မှ နတ်အငွေ့အသက်များအားလုံးကို လုချန်း ထည့်သွင်းလိုက်၏။ မီးအိမ်များ လင်းလက်လာပြီးနောက် အနီရောင် နတ်အငွေ့အသက်များ ထွက်ပေါ်လာကာ စီကုန်းယုဖုန်း၏ လက်ဝါးကြီးကို ရစ်ပတ်မည့် ကြိုးမျှင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အနီရောင်ကြိုးမျှင်နှင့် မဟူရာ လက်ဝါးကြီး ထိတွေ့မိလျှင် မဟူရာ နတ်အငွေ့အသက်များကို ကြိုးမျှင်က တဖြည်းဖြည်း ဝါးမြိုသွားပြီး စီကုန်းယုဖုန်းလည်း တန်ပြန် သက်ရောက်မှုဒဏ်ကြောင့် သွေးအန်သွားသည်။
သူမြင်နေရသည့်အရာကို စီကုန်းယုဖုန်း မယုံကြည်နိုင် ဖြစ်နေ၏၊
သူက ရွှေနတ်တစ်ဦး မဟုတ်ပါလား။
အဆင့်သုံးဆင့်နိမ့်သော မြေနတ်တစ်ဦး၏ လက်ချက်ဖြင့် ရွှေနတ်တစ်ဦး သွေးအန်သွားရကြောင်း အပြင်လူများ သိသွားပါက လှောင်ပြောင်စရာ ဖြစ်ပေလိမ့်မည်။
စီကုန်းယုဖုန်းက လုချန်းကို ခက်ထန်စွာ စိုက်ကြည့်ရင်း
“ခင်ဗျား ဘယ်လို နတ်ကျင့်စဉ်ကို သုံးနေတာလဲ။ ကျုပ်ခန္ဓာကိုယ်ထဲက နတ်အငွေ့အသက်တွေကို ဘယ်လိုလုပ်ပြီး ဖိနှိပ်ထားနိုင်ရတာလဲ။”
လုချန်းက စီကုန်းယုဖုန်းကို မတုံ့ပြန်ပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကိုသာ ဆက်လက် အသက်သွင်းလိုက်ရာ အနီရောင် ကြိုးမျှင်က စီကုန်းယုဖုန်းဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။
အနီရောင်ကြိုးမျှင်ထံမှ ခြိမ်းခြောက်မှုကို ခံစားမိသဖြင့် စီကုန်းယုဖုန်းလည်း သူ၏ အာကာသလက်စွပ်အတွင်းမှ မြေအဆင့် နတ်ဓားတစ်လက်ကို အလျင်အမြန် ထုတ်ယူလိုက်ရသည်။ ထို့နောက် ထိုဓားဖြင့် အနီရောင် ကြိုးမျှင်ကို ပိုင်းချလိုက်၏။
မြေအဆင့် နတ်လက်နက်ကို အသုံးပြုလိုက်သောကြောင့် သူ၏ တိုက်ခိုက်မှုစွမ်းအား သိသိသာသာ မြင့်တက်သွားစေခဲ့သည်။
ဓားအရှိန်အဝါ၊ ဓား၏စွမ်းအားနှင့် နတ်အငွေ့အသက်များ ပေါင်းစပ်သွားကာ အနီရောင် ကြိုးမျှင်ကို ဖျက်ဆီးလိုက်သဖြင့် ကောင်းကင်ထက်ရှိ မီးအိမ်များလည်း ပေါက်ကွဲကာ ပျောက်ကွယ်သွားကြသည်။
သူ၏ ခန္ဓာကိုယ်အတွင်းသို့ တန်ပြန်သက်ရောက်လာသော စွမ်းအားကို လုချန်း ခံစားလိုက်ရသဖြင့် နတ်အငွေ့အသက်များကို အမြန်လှည့်ပတ်ကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ရ၏။
မည်သို့ပင်ဆိုစေ သူက မြေနတ်အဆင့်၌သာ ရှိသေးသည် မဟုတ်ပါလား။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက စီကုန်းယုဖုန်း၏ နတ်အငွေ့အသက်ကို ဖိနှိပ်နိုင်သော်လည်း အဆင့်ကွာဟချက်က ကြီးမားလွန်းသည့်အပြင် စီကုန်းယုဖုန်းက မြေအဆင့် နတ်လက်နက်ကို အသုံးပြုလိုက်သဖြင့် လုချန်းကို အားနည်း သွားစေခြင်းဖြစ်သည်။
ထို့ကြောင့် ဤတိုက်ပွဲတွင် သူအနိုင်ရရန် တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဘုရင်၏ ကျိန်စာကို အသုံးပြုရန်သာဖြစ်ကြောင်း လုချန်း သိရှိလိုက်၏။
လက်ထဲရှိ ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် နက်မှောင်သော နတ်အငွေ့အသက်များကို စုစည်းရင်း စီကုန်းယုဖုန်းက
“ကလေး... အများကြီး သိလွန်းတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ အခုတော့ မင်း သွားရမယ့် အချိန်ရောက်ပြီ။”
ထိုသို့ပြောပြီးနောက် စီကုန်းယုဖုန်းက ဓားဖြင့် ပိုင်းချလိုက်၏။
ဤတစ်ကြိမ်တွင် သူ၏ နတ်အငွေ့အသက်အားလုံးကို ဓားချက်တစ်ချက်တည်းတွင် စုစည်းလိုက်ပြီး လုချန်းကို ချေမှုန်းရန် ကြိုးပမ်းလိုက်သည်။
“နဂါးစိမ်း မိစ္ဆာဓား... ပိုင်းချစမ်း..”
ထိုစကားနှင့်အတူ ထွက်ပေါ်လာသော ဓားအရှိန်အဝါက နက်မှောင်သော မိစ္ဆာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ကျောက်နက်တောင်ကြားတစ်ခုလုံး နဂါးဟိန်းသံများ ဖုံးလွှမ်းသွားသည်။
၎င်းကို မြင်လျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ မျက်နှာပျက်သွားကြပြီး လုချန်းကို ကာကွယ်ပေးရန်အတွက် ချက်ချင်း ပျံတက်လိုက်ကြ၏။
ထင်မှတ်မထားသည်က လုချန်းကလည်း ကောင်းကင်ထက်သို့ ပျံတက်သွားကာ သူတို့နှစ်ဦး၏ ရှေ့တွင် နေရာယူလိုက်သည်။
မိန်းကလေးနှစ်ဦး စကားမပြောရသေးမီမှာပင် လုချန်းက တွန့်ဆုတ်မနေပဲ နတ်ဘုရင်၏ ကျိန်စာကို အသက်သွင်းလိုက်၏။ တစ်ခဏအတွင်းမှာပင် လုချန်း၏ နဖူးထက်၌ ကြာပန်းပုံစံ အမှတ်အသားတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ ခန့်ညားထည်ဝါသော ဖိအားများ ထွက်ပေါ်လာသည်။
ထိုဖိအားကြောင့် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်နှင့် စီကုန်းယုဖုန်းတို့ ကောင်းကင်ထက်မှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ရောက်သည့်တိုင် မတ်တပ်မရပ်နိုင် ဖြစ်နေကြ၏။ လုချန်းထံမှ ဖိအားကို ခံစားမိလျှင် ထိုသုံးဦးစလုံး မှင်တက်သွားကြ၏။
နတ်ဘုရင်....
ဤအရာက နတ်ဘုရင်တစ်ပါး၏ ဖိအား ဖြစ်သည်။
သူက တကယ်ပဲ နတ်ဘုရင်တစ်ပါး ဖြစ်နေတာလား။
မိန်းကလေးနှစ်ဦးလည်း လုချန်းကို ဇဝေဇဝါဖြင့် ကြည့်နေမိကြ၏။ စီကုန်းယုဖုန်းကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် လုချန်းကို စိုက်ကြည့်နေသည်။
ဤအခြေအနေတွင် သူ့အတွက် အနိုင်ရရန် အခွင့်အလမ်း လုံးဝမရှိတော့ကြောင်း စီကုန်းယုဖုန်း နားလည်သွားခဲ့သည်။
ဒီလူက နတ်ဘုရင်တစ်ပါး ဖြစ်နေတာကိုး။
နတ်ဘုရင်တစ်ပါး မြေနတ်အယောင်ဆောင်နေတာ တကယ့်ကို အရှက်မရှိတဲ့ လုပ်ရပ်ပဲ။
အစောပိုင်းက သူ့ကို လုချန်း ဘာကြောင့် ဖိနှိပ်နိုင်ခဲ့သလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤလူက အယောင်ဆောင်ထားသော နတ်ဘုရင်တစ်ပါး ဖြစ်နေသည် မဟုတ်ပါလား။
လုချန်း ရယ်မောရင်း
“အခုတော့ ကျုပ်အလှည့် ရောက်ပြီ”
ထိုသို့ပြောပြီးနောက် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ထပ်မံ အသုံးပြုလိုက်ရာ ကျောက်နက်တောင်ကြား၏ ကောင်းကင်ယံတစ်ခုလုံးတွင် မီးအိမ်များ ပေါ်လာပြန်၏။ မီးအိမ်များမှ အနီရောင် နတ်အငွေ့အသက်များ ထွက်ပေါ်လာကာ သွေးနီရောင် ပိုးချည်မျှင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ထိုဖိအားက ယခင်ထက်ပင် ပို၍ ထိတ်လန့်ဖွယ် ကောင်းနေသည်။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် စီကုန်းယုဖုန်း၏ တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားလိုက်ရ၏။ စီကုန်းယုဖုန်း မျက်နှာ ပျက်သွားကာ အလျင်အမြန်ပင်
“ကျုပ်က သွေးလင်းယုန်ခန်းမရဲ့ အကြီးအကဲ တစ်ယောက်ပဲ... ခင်ဗျား ကျုပ်ကို သတ်လို့မဖြစ်ဘူး။ သတ်လိုက်ရင် သွေးလင်းယုန်ခန်းမက ကျုပ်အတွက် လက်စားချေပြီး လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ် ချေမှုန်းလိမ့်မယ်။”
လုချန်းက နှာခေါင်းရှုံ့လိုက်ရင်း
စီကုန်းယုဖုန်း၏ ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်သည့် လေသံဖြင့်
“ခင်ဗျားကို မသတ်လည်း သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ရန်မူဦးမှာပဲ။ ကဲ... ခင်ဗျား သွားရမယ့် အချိန်တန်ပြီ။”
ထိုသို့ပြောကာ စီကုန်းယုဖုန်းဆီသို့ အနီရောင် ပိုးချည်မျှင် ပြေးဝင်သွားစေရန် သူ၏ လက်တစ်ဖက်ကို လုချန်း မြှောက်လိုက်၏။ ၎င်းကို မြင်လျှင် ကျောက်နက်တောင်ကြားမှ ထွက်ခွာနိုင်ဖို့ အာကာသ ကူးပြောင်းခြင်းကို သုံးရန် စီကုန်းယုဖုန်း ပြင်လိုက်သည်။
သို့သော် သူ အာကာသကို ချိပ်ပိတ်နိုင်သကဲ့သို့ လုချန်းကလည်း ပိတ်နိုင်၏။
နတ်ဘုရင်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော လုချန်း၏ ချိပ်ပိတ်မှုကို ထူးခြားသော မှော်ရတနာ မရှိပဲ ဖောက်ထွက်ရန်က စီကုန်းယုဖုန်းအတွက် လုံးဝ မဖြစ်နိုင်ပေ။
အနီရောင်ပိုးချည်မျှင် နီးကပ်လာသည်ကို မြင်လျှင် စီကုန်းယုဖုန်းလည်း သူ၏ စွမ်းအားအားလုံးကို စုစည်းကာ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို နောက်တစ်ကြိမ် ဖျက်ဆီးရန် ကြိုးပမ်းလိုက်၏။
“နဂါးစိမ်း မိစ္ဆာဓား...”
ကံဆိုးစွာပင် ယခုတစ်ကြိမ်ကတော့ စီကုန်းယုဖုန်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ချေ။ မိစ္ဆာနဂါး အနီရောင်ကြိုးမျှင်ကို ဝင်တိုက်မိလျှင် ချက်ချင်းပင် သွေးနီရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ကြိုးမျှင်၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။ ထို့နောက် ကြိုးမျှင်က စီကုန်းယုဖုန်းကို လုံးဝ ရစ်ပတ်လွှမ်းခြုံသွား တော့သည်။
အနီရောင် ကြိုးမျှင်နှင့် စီကုန်းယုဖုန်း၏ ခန္ဓာကိုယ် ထိတွေ့မိသည်နှင့် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်တို့ အငွေ့ပျံလာပြီး ထူထပ်သော မြူဖြူများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်တော့ စီကုန်းယုဖုန်း၏ နာကျင်စွာ အော်ဟစ်သံများ ကျောက်နက်တောင်ကြား တစ်ခုလုံး ဟိန်းထွက်သွား တော့သည်။
“အားးးးးးး”
“မဖြစ်နိုင်ဘူးးး”
တစ်ခဏအကြာတွင် စီကုန်းယုဖုန်း၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်တို့ လုံးဝ ပျောက်ကွယ်သွားတော့၏။
…………..
အခန်း (၁၅၉၅)
သူဟာတကယ်ပဲ ချန်ဘုရင်လား
ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း သူတို့ရှေ့တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေမိပြီး အိမ်မက်မက်နေသည်လားဟုပင် သံသယဝင်မိသွားကြ၏။
အကြောင်းမှာ နတ်ဘုရင်၏ စွမ်းအားနှင့် မြေနတ်၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးလောက် ကွာခြားသောကြောင့် ဖြစ်၏။
လုချန်းတွင် အသက်ကယ်ဝှက်ဖဲ ရှိနေမှန်း သိထားကြသော်လည်း လုချန်းသည် နောက်ဆုံးတွင် မြေနတ် တစ်ဦးမျှသာ ဖြစ်၏။ မြေနတ်တစ်ဦးဖြစ်သူက နတ်ဘုရင်တစ်ပါး၏ စွမ်းအားနှင့် ဖိအားကို ရုတ်တရက် ထုတ်ဖော်လိုက်ခြင်းက အလွန်ပင် မယုံနိုင်စရာ ကောင်းလှ၏။
လုချန်းက တကယ်ပဲ နတ်ဘုရင်တစ်ပါး ဖြစ်နေတာလား။
စီကုန်းယုဖုန်းကို ရှင်းလင်းပြီးနောက် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို လုချန်း လှည့်ကြည့်လိုက်၏။ သူတို့၏ မှင်တက်နေသော မျက်နှာပေးများကို မြင်လျှင် လုချန်းက ပြုံးလိုက်ကာ
“စီနီယာအစ်မတို့... ကျုပ်ကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ။”
ကောက်ရှီယွမ် က
“မောင်လေးက နတ်ဘုရင်တစ်ပါးလား။”
လုချန်းက နတ်ဘုရင်၏ အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်ပြီး
“ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ။ ကျုပ်ရဲ့ ဆရာ ပေးထားတဲ့ ရတနာတစ်ခုကို သုံးပြီး နတ်ဘုရင်ရဲ့ စွမ်းအားကို ခဏ ရယူလိုက်တာပါ။”
ထိုအရာကို ကြားလျှင် အမျိုးသမီးနှစ်ဦးလည်း လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကြ၏။ သူတို့ ထင်ထားသည့်အတိုင်းပင် နန်းတော်သခင်၏ လက်ချက် ဖြစ်နေသည်။
သူ နတ်ဘုရင်တစ်ပါး ဖြစ်နေစရာ အကြောင်းမရှိဟုလည်း သူတို့ တွေးမိကြ၏။
လုချန်းက ဆက်လက်၍
“အခု စီကုန်းယုဖုန်း သေသွားပြီဆိုတော့ ချီယန်ဂိုဏ်းက ကောင်းကင်ဝံပုလွေမြို့ကို ခဏတဖြုတ်တော့ ပြဿနာ လာရှာဦးမှာ မဟုတ်ပါဘူး။”
ထိုသို့ပြောရင်း လုချန်း၏ အကြည့်က ကောက်ရှီယွမ်ဆီသို့ ကျရောက်သွားကာ
“စီနီယာအစ်မ ကောက်... လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ပြီးတော့ ဖြစ်ပျက်ခဲ့သမျှကို အကြီးအကဲတွေကို အကြောင်းကြားပေးပါ။”
“သွေးလင်းယုန်ခန်းမရဲ့ အကြံအစည်က ကျရှုံးသွားပြီဆိုတော့ သူတို့ နောက်ထပ် တစ်ခုခု ထပ်လုပ်လာမှာ သေချာတယ်။”
ကောက်ရှီယွမ်က
“အစ်မ နားလည်ပါပြီ။ အခုပဲ ပြန်သွားတော့မယ်။ ညီမလေး ရှောင်နဲ့ မောင်လေး ချန်း.. သတိထားကြဦးနော်။”
လုချန်း၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားရသောအခါ အခြေအနေ၏ အရေးကြီးပုံကို ကောက်ရှီယွမ် ပို၍နားလည်သွားခဲ့သည်။
ထိုသို့ပြောပြီးနောက် ကောက်ရှီယွမ်သည် နတ်လှေတစ်စင်းကို ထုတ်ယူကာ ပေါ်သို့ တက်လိုက်ပြီး လျှို့ဝှက်လဝန်းနန်းတော် တည်ရှိရာ အရပ်သို့ ပျံသန်းထွက်ခွာသွားလေတော့၏။
ကောက်ရှီယွမ် ထွက်ခွာသွားပြီးနောက် ရှောင်ရွှီရင်က လုချန်းကို ကြည့်ကာ
“မောင်လေး ချန်း... တို့ နောက်ထပ် ဘယ်ကို သွားကြမလဲ။”
လုချန်းက
“ကောင်းကင်ဝံပုလွေမြို့ကို ပြန်သွားကြမယ်။”
ယခုလို အချိန်မျိုးတွင် ကောင်းကင်ဝံပုလွေမြို့သို့ ပြန်သွားရန် ဆုံးဖြတ်ချက်က အလွန်ကို ရဲတင်းလွန်းသော ဆုံးဖြတ်ချက်ဖြစ်သည်။
ထိုအရာကို ကြားလျှင် ရှောင်ရွှီရင် ခဏတုံ့ဆိုင်းသွား၏။
အခုလို အချိန်မျိုးမှာ ကောင်းကင်ဝံပုလွေမြို့ကို ပြန်သွားမလို့လား။
သွေးလင်းယုန်ခန်းမက သူ့ကို လုပ်ကြံဖို့ လူလွှတ်ထားပြီးပြီ ဖြစ်၏။ ယခုတစ်ခေါက် ကျရှုံးသွားသည့်အတွက်ကြောင့် သူတို့ လက်လျှော့သွားမည် မဟုတ်ပေ။ နောက်ထပ် လုပ်ကြံသတ်ဖြတ်သူတွေကို ဆက်လွှတ်လာနိုင်သည်။
ဒီအချိန်မှာ ပုန်းရှောင်ဖို့ နေရာတစ်ခု ရှာသင့်တာ မဟုတ်ဘူးလား။
ရှောင်ရွှီရင်က
“မောင်လေး... အခု ကောင်းကင်ဝံပုလွေမြို့ကို ပြန်သွားရင် သွေးလင်းယုန်ခန်းမက ဒုတိယအကြိမ် လုပ်ကြံဖို့ ထပ်ကြိုးစားလာမှာ မဟုတ်ဘူးလား။”
လုချန်းက ပြုံးလျက်
“စီနီယာအစ်မ... စိတ်မပူပါနဲ့။ ကျုပ်ရဲ့ ဆရာ ပေးထားတဲ့ ရတနာက နောက်တစ်ကြိမ် ထပ်သုံးလို့ ရပါသေးတယ်။ နတ်ဘုရင်အဆင့် ပြိုင်ဘက်နဲ့ ရင်ဆိုင်ရရင်တောင် ဆရာ ရောက်မလာခင်အထိ ကျုပ် ခုခံထားနိုင်ပါတယ်။”
ထိုစဉ် လုချန်းသည် နတ်ဘုရင်၏ ကျိန်စာကို စစ်ဆေးကြည့်ရန် လိုအပ်ကြောင်းလုချန်း သတိရသွားခဲ့သည်။
သူ၏ ကိုယ်တွင်းရှိ နတ်ဘုရင်၏ ကျိန်စာကို လုချန်း စစ်ဆေးကြည့်လိုက်ရာ စွမ်းအားဝက်ခန့် ကျန်ရှိနေသေးပြီး စွမ်းအားပြန်လည်ဖြည့်တင်းရန် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူနေသည်ကို တွေ့ရ၏။ သို့သော် အပြည့်အဝ ပြန်ပြည့်ရန် အတော်စောင့်ရဦးမည်ဖြစ်သည်။
လုချန်း၏ စကားကို ကြားမှ ရှောင်ရွှီရင်လည်း စိတ်အေးသွားကာ နန်းတော်သခင်က မောင်လေး ချန်းလုအတွက် အလွန် အဖိုးတန်ရတနာကို လက်ဆောင်ပေးထားတာပါလားဟု တွေးမိသွား၏။
ရှောင်ရွှီရင် အတွေးလွန်နေစဉ်မှာပင် လုချန်းက နတ်လှေတစ်စင်းကို ထုတ်ယူကာ အပေါ်သို့ အမြန် ခုန်တက်လိုက်ပြီး
“စီနီယာအစ်မ... တက်လာခဲ့ပါ။ ကျုပ် အစ်မနဲ့ ဆွေးနွေးစရာ ရှိလို့ပါ။”
သူတို့နှစ်ယောက်တည်း သီးသန့်ဖြစ်သွားမည့် အချိန်ကို လုချန်း မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
ယခု ကောက်ရှီယွမ် ထွက်သွားပြီဖြစ်ရာ သူနှင့် ရှောင်ရွှီရင် နှစ်ယောက်တည်းသာ ကျန်ရှိတော့သဖြင့် သူ့အတွက် အခွင့်ကောင်းကြီး တစ်ခုပင်။
ရှောင်ရွှီရင်၏ သူ့အပေါ် နှစ်သက်မှုက ကိုးဆယ်အထိ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ သူ၏ ဖြစ်တည်မှုအမှန်ကို ဖွင့်ပြောလိုက်ပါက သူမ၏ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ ပိုနီးစပ်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ စကားကို ကြားသောအခါ သူ ဘာများ ဆွေးနွေးချင်ပါလိမ့်ဟု ရှောင်ရွှီရင် သိချင်စိတ် ပြင်းပြသွားပြီး နတ်လှေပေါ်သို့ လိုက်ပါလာခဲ့၏။
လုချန်းက နတ်လှေ၏ ဦးတည်ရာကို မှော်ပညာဖြင့် သတ်မှတ်လိုက်ပြီး လှေပေါ်ရှိ အခန်းတစ်ခန်းထဲသို့ ဝင်သွား၏။ လုချန်း ဝင်သွားသည်ကို မြင်လျှင် ရှောင်ရွှီရင် ခဏခန့် တုံ့ဆိုင်းနေမိ၏။
အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တည်း သီးသန့်ရှိနေခြင်းက မသင့်လျော်သော်လည်း လုချန်းတွင် သူမနှင့် ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိနေနိုင်သည်ဟု တွေးကာ နောက်ဆုံးတွင် အခန်းထဲသို့ ရှောင်ရွှီရင် လိုက်ဝင်သွားခဲ့၏။
အခန်းထဲသို့ ဝင်လာသည့် ရှောင်ရွှီရင်၏ မျက်နှာထက်မှ အနည်းငယ် တုန်လှုပ်နေသော အမူအရာကို လုချန်း သတိပြုမိသွားသည်။
အခန်းထဲ ရောက်သည်နှင့် ရှောင်ရွှီရင်က
“မောင်လေး... ဘာအကြောင်း ဆွေးနွေးချင်တာလဲ။”
လုချန်းက ရှောင်ရွှီရင်၏ မျက်နှာကို ကြည့်ပြီး ပြုံးလိုက်ရင်း
“စီနီယာအစ်မ... ကျုပ်တို့ အရင်က ဆုံဖူးတယ်လို့ ခံစားရဖူးလား။”
ထိုသို့သော မေးခွန်းကို မမျှော်လင့်ထားသဖြင့် ရှောင်ရွှီရင်၏ စိတ်ထဲ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။
ရှောင်ရွှီရင် ခဏခန့် မှင်တက်သွား၏။ သူမသည်လည်း သူ့လို မျက်နှာမျိုးကို အရင်က မြင်ဖူးသော်လည်း သူမရှေ့က လူက ထိုလူ မဟုတ်ပေ။
ထိုသို့တွေးမိရင်း ရှောင်ရွှီရင် က
“မထင်ပါဘူး။ ဘာလို့ အဲဒီလို မေးတာလဲ မောင်လေး။”
လုချန်းက
“ဒါပေမဲ့ ကျုပ်ကတော့ စီနီယာအစ်မကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရလို့ပါ။”
ရှောင်ရွှီရင်က
“ဖြစ်နိုင်တာကတော့ အစ်မ အရင်က လူ့လောကထဲမှာ ကျင့်စဉ်ကျင့်ကြံနေတုန်းက မြင်ဖူးခဲ့တာ ဖြစ်မှာပါ။”
လုချန်းက ခေါင်းခါလိုက်ကာ
“မဟုတ်ဘူး... စီနီယာအစ်မဟာ ကျုပ် အရင်က သိခဲ့တဲ့ အစေခံမလေးတစ်ယောက်နဲ့ တူနေသလိုပဲလို့ ကျုပ် ခံစားနေရတာ။”
တခြားသူသာ ထိုစကားကို ကြားခဲ့ပါက လုချန်းကို ရိုင်းစိုင်းသည်ဟု ထင်မှတ်ကာ ဒေါသထွက်သွားနိုင်သော်လည်း ရှောင်ရွှီရင်ကတော့ မတူပေ။ ထိုစကားများကို ကြားလျှင် သူမ ကြောင်သွားမိ၏။
သူမသည် လုချန်းကို မယုံနိုင်သလို ကြည့်နေမိပြီး သူမ၏ မျက်ခွံများလည်း အနည်းငယ် တုန်လှုပ်နေ၏။
လုချန်းက ဆက်လက်၍
“အမှန်အတိုင်း ပြောရရင် ... ကျုပ်က တကယ်တော့ နတ်ဘုရားနိုင်ငံတော်တစ်ခုရဲ့ မင်းသားတစ်ပါးပါ။ အကြောင်းအမျိုးမျိုးကြောင့် လျှို့ဝှက်လဝန်းနန်းတော်ထဲကို ရောက်လာခဲ့တာ။”
“ကျုပ် နန်းတော်ထဲမှာ ရှိနေတုန်းက အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ အစေခံမလေးတစ်ယောက်နဲ့ ဆုံခဲ့ဖူးတာကို မှတ်မိတယ်။ ကျုပ်က မကြည့်ရက်တာနဲ့ သူ့ကို နန်းတော်ထဲကနေ ထွက်သွားနိုင်အောင် ကူညီပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး။”
“စီနီယာအစ်မကို မြင်တော့ အစ်မက သူမနဲ့ အတော်လေး ဆင်တူနေတာကို တွေ့ရလို့ပါ။”
ရှောင်ရွှီရင် လှုပ်ရှားမှုမရှိပဲ ရပ်နေသည်ကို မြင်လျှင် လုချန်းက
“ဖြစ်နိုင်တာကတော့ ကျုပ် မှားသွားတာ ဖြစ်မှာပါ။”
လုချန်း စကားအဆုံးတွင် ရှောင်ရွှီရင်၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ
“မောင်လေး... မောင်လေးက ချန်ဘုရင်ပဲ”
ရှောင်ရွှီရင်၏ လှပသော မျက်ဝန်းများသည် လုချန်းထံသို့ စိုက်ကြည့်နေမိပြီး အဖြေမှန်ကို ကြားရဖို့ မျှော်လင့်နေမိ၏။
လုချန်းက နှုတ်ခမ်းပေါ် လက်ညိုးတင်ကာ တိုးတိုးနေရန် အချက်ပြလိုက်ပြီး
“စီနီယာအစ်မ... အဲဒါကို အကျယ်ကြီး မပြောပါနဲ့။”
လုချန်း သတိထားနေပုံကို မြင်လျှင် သူမရှေ့က လူသည် သူမ တမ်းတနေခဲ့ရသူ အစစ်ဖြစ်ကြောင်း ရှောင်ရွှီရင်၏ ရင်ထဲ အခိုင်အမာ ယုံကြည်သွားတော့၏။
တစ်ချိန်က အေးစက်တည်ငြိမ်ပြီး လှပသော ထိုအလှနတ်သမီး၏ မျက်နှာပေါ်တွင် ယခု မျက်ရည်များ စီးကျလာကာ
“တကယ်ပဲ... တကယ်ပဲ မောင်လေး ဖြစ်နေတာပဲ”
“အစ်မကတော့ မောင်လေး တစ်ခုခု ဖြစ်သွားပြီလို့...”
လွန်ခဲ့သော နှစ်သန်းထောင်ပေါင်းများစွာက ချန်ဘုရင် ပေါ်ထွန်းလာခဲ့၏။ သူသည် ထျန်းရန်နတ်ဘုရားနယ်မြေရှိ ပါရမီရှင်အားလုံးကို ချေမှုန်းကာ နတ်သမီး အမြောက်အမြား၏ အိပ်မက်မင်းသား ဖြစ်ခဲ့ဖူး၏။
ရှောင်ရွှီရင်သည် နတ်သမီးတစ်ဦး မဟုတ်ခဲ့သော်လည်း ချန်ဘုရင်အပေါ် နက်ရှိုင်းသော သံယောဇဉ်များ ရှိခဲ့သည်။ အထူးသဖြင့် သူက သူမကို နန်းတော်ထဲမှ ကယ်ထုတ်ပေးခဲ့ပြီးနောက်ပိုင်းတွင် သူမ၏ သူ့အပါ် ချစ်စိတ်များ ပိုမို နက်ရှိုင်းလာခဲ့၏။
ချန်ဘုရင်သာ မရှိခဲ့ပါက သူမ ထျန်းရှနတ်ဘုရားနိုင်ငံ နန်းတော်ထဲတွင် သေဆုံးသွားခဲ့သည်မှာ ကြာလှပြီဖြစ်၏။
ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ ထွက်ခွာလာပြီးနောက်ပိုင်းတွင်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ချန်ဘုရင်၏ သတင်းကို သူမ လိုက်လံစုံစမ်းခဲ့၏။
ထို့နောက် သူသည် သစ္စာဖောက်တစ်ဦး ဖြစ်သွားပြီး ထျန်းရှနတ်ဘုရားနိုင်ငံတော်နှင့် ထျန်းရန်နတ်ဘုရားနယ်မြေမှ ထိပ်သီးအင်အားစုများ၏ လိုက်လံလုပ်ကြံခြင်းကို ခံနေရကြောင်း တစ်နေ့တွင်မူ သူမ ရုတ်တရက် ကြားသိလိုက်ရ၏။
အသက်ကယ်ခဲ့သည့် ကျေးဇူးကို ဆပ်ရန်အတွက် ချန်ဘုရင်၏ နယ်မြေသို့ သူမ ချက်ချင်း သွားရောက်ရန် စီစဉ်ခဲ့သည်။
သို့သော် သူမ ထိုနယ်မြေသို့ မရောက်ရှိမီမှာပင် ချန်ဘုရင်သည် အင်အားကြီးအဖွဲ့အစည်းများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတွင် သူ၏ ဇနီးများအားလုံးကို ခေါ်ဆောင်ကာ ထျန်းရန်နတ်ဘုရားနယ်မြေ၏ အစွန်းရှိ ကစဉ့်ကလျားပင်လယ်ထဲ၌ အဆုံးစီရင်ရန် စိတ်ပျက်အားငယ်စွာ ဝင်ရောက်သွားခဲ့ကြောင်း ကြားလိုက်ရ၏။
ထိုသတင်းက သူမကို အပြင်းအထန် စိတ်ထိခိုက်စေခဲ့၏။ သတင်းမှန်၊ မမှန် အတည်ပြုရန်အတွက် ထျန်းရန်နတ်ဘုရားနယ်မြေ၏ အစွန်းသို့ သူမ သွားရောက် စုံစမ်းကြည့်ခဲ့ရာ ထိုသတင်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့နောက်ပိုင်း နှစ်သန်းထောင်ပေါင်းများစွာတိုင်အောင် ဦးတည်ရာမဲ့စွာဖြင့် သူမ လေလွင့်နေခဲ့၏။ နောက်ဆုံးတွင်မူ သူမ၏ နှလုံးသားကို ပိတ်လှောင်လိုက်ပြီး ယခုတွေ့မြင်နေရသည့်အတိုင်း အေးစက်သော နတ်သမီးတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့တော့၏။
သို့သော် ယခုကဲ့သို့ အချိန်မျိုးတွင် ချန်ဘုရင် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
………..
အခန်း (၁၅၉၆)
ကူညီဖို့ အသင့်ရှိနေသည်
ထိုခဏ၌ သူမ၏ စိတ်ခံစားချက်များကို ရှောင်ရွှီရင် မထိန်းချုပ်နိုင်တော့ပဲ မျက်ဝန်းအစုံမှ မျက်ရည်များ အတားအဆီးမဲ့စွာ စီးကျလာလေတော့၏။
လုချန်းက ရှောင်ရွှီရင်ကို
“စီနီယာအစ်မ... ဘာဖြစ်လို့လဲ”
ရှောင်ရွှီရင် သတိပြန်ဝင်လာကာ လုချန်းအား ချက်ချင်း ဂါရဝပြုလိုက်ရင်း
“ဒီအစေခံက ဘုရင်ကြီးကို ဂါဝရပြုပါတယ်”
အံ့သြဟန်ဆောင်လိုက်ရင်း လုချန်းက
“စီနီယာအစ်မက ကျုပ်သိတဲ့သူ တကယ်ပဲလား။”
ရှောင်ရွှီရင်က
“ဒီအစေခံကို ဘုရင်ကြီး အမှတ်ရနေဦးမယ်လို့ မထင်ထားခဲ့မိပါဘူး... ကျွန်မဟာ အရင်တုန်းက ထျန်းရှနတ်ဘုရားနိုင်ငံတော် နန်းတော်ထဲကနေ ဘုရင်ကြီး ကယ်တင်ခဲ့တဲ့ အစေခံမလေးပါ။”
“အကယ်၍သာ ဘုရင်ကြီး မရှိခဲ့ရင် ဒီအစေခံမဟာ နန်းတော်ထဲက လူတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရမှာပါ။”
လုချန်းက
“စီနီယာအစ်မ... အမြန်ထပါ။ အစေခံလို့ ပြောနေဖို့ မလိုပါဘူး... အခုဆိုရင် ခင်ဗျားက ကျုပ်ရဲ့ စီနီယာအစ်မ ဖြစ်နေပြီပဲ။ ကိုယ့်ကိုယ်ကို အစေခံလို့ ဘယ်လိုလုပ် ခေါ်နိုင်ဦးမှာလဲ။”
ရှောင်ရွှီရင်က
“ဘုရင်ကြီး ကျွန်မကို ကယ်တင်ခဲ့တဲ့ အချိန်ကစပြီး ဒီဘဝမှာ ဘုရင်ကြီးရဲ့ အစေခံအဖြစ်ပဲ ထာဝရ နေထိုင်သွားမယ်လို့ စိတ်ထဲက ဆုံးဖြတ်ခဲ့ပါတယ်။”
ရှောင်ရွှီရင်သည် ဒူးထောက်ထားဆဲဖြစ်ကာ ထရန် စိတ်မပါသည်ကို မြင်လျှင် လုချန်းက
“စီနီယာအစ်မ... ခင်ဗျား ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကျုပ် အခုချက်ချင်း လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်သွားတော့မယ်။”
လုချန်း၏ စကားများကို ကြားလျှင် ရှောင်ရွှီရင် တုန့်ခနဲ ဖြစ်သွားကာ မျက်ရည်များကို သုတ်ရင်း ကြမ်းပြင်မှ အမြန်ထလိုက်၏။
လုချန်းက
“စီနီယာအစ်မ... ကျုပ်ရဲ့ လက်ရှိ အခြေအနေကို ခင်ဗျား သိထားသင့်တယ်... နှစ်သန်းတစ်သောင်းကျော် ကြာသွားခဲ့ပေမဲ့ ကျုပ်ကို မှတ်မိနေတဲ့သူတွေ ရှိနေသေးသလို ကျုပ်ကို သေစေချင်နေတဲ့သူတွေလည်း အများကြီးပဲ။”
“အဝေးက လူတွေကို ထားပါဦး... ကျုပ်ရဲ့ လေးစားရတဲ့ ဆရာနဲ့ စီနီယာအစ်မကိုယ်တိုင်တောင် ကျုပ်ကို မုန်းတီးနေကြတာ... သူတို့က ကျုပ်ရဲ့ အရေခွံကို ခွာပြီး အပိုင်းပိုင်း ဖြတ်ပစ်ချင်နေကြတာလေ။”
လုချန်း၏ ဆရာနဲ့ စီနီယာအစ်မတို့က သူ့အား မုန်းတီးနေကြသည်ဟု ကြားလျှင် ရှောင်ရွှီရင် ခဏခန့် ဇဝေဇဝါဖြစ်သွား၏။ မုန်းတီးနေကြသည်ဆိုလျှင် သူ့အား လျှို့ဝှက်လဝန်းနန်းတော်သို့ အဘယ်ကြောင့် ခေါ်ဆောင်လာကြသနည်း။
လုချန်းက
“ခင်ဗျားကလွဲလို့ ကျုပ်ရဲ့ ဆရာနဲ့ စီနီယာအစ်မ အပါအဝင် ဘယ်သူမှ ကျုပ်ရဲ့ တကယ့် သရုပ်မှန်ကို မသိကြသေးဘူး... ဒါပေမဲ့ စီနီယာအစ်မကတော့ ကျုပ်ကို သံသယဝင်နေပြီ။”
“လျှို့ဝှက်လဝန်းနန်းတော်မှာ နေတုန်းက ကျုပ်ကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ခဲ့တယ်... အခု ကောင်းကင်ဝံပုလွေမြို့မှာ လေ့ကျင့်နေတုန်းမှာလည်း ခင်ဗျားနဲ့ စီနီယာအစ်မ ကောက်ကို စောင့်ကြည့်ဖို့ တာဝန်ပေးထားတာလေ။”
ထိုအရာကို ကြားလျှင် သူတို့၏ စီနီယာအစ်မ လုချန်းအား စောင့်ကြည့်ရန် အဘယ်ကြောင့် တာဝန်ပေးခဲ့သည်ကို ကောက်ရှီယွမ် နောက်ဆုံး၌ နားလည်သွား၏။
ချန်းလုသည် တကယ်တော့ လုချန်းဖြစ်နေနိုင်သည်ကို ယဲ့ချူယောင် သံသယဝင်နေခြင်းပင် ဖြစ်သည်။
လုချန်းက
“အစကတော့ ကျုပ် ခင်ဗျားနဲ့ မတွေ့ချင်ခဲ့ဘူး... ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်စဉ်က ထူးခြားနေတယ်... အကယ်၍သာ ကူညီမဲ့သူ တစ်ယောက်ယောက်ကို မရှာနိုင်ရင် ပေါက်ကွဲပြီး သေသွားနိုင်တယ်။”
ရှောင်ရွှီရင်မှာ ရုတ်တရက် သတိဝင်လာကာ
“ဘုရင်ကြီး... ရှင် ကျွန်မကို ဘာပဲလုပ်ခိုင်းလုပ်ခိုင်း ကျွန်မ အကြိမ်တစ်ထောင် သေရမယ်ဆိုရင်တောင် ဝန်လေးမှာ မဟုတ်ပါဘူး”
လုချန်းက
“စီနီယာအစ်မ... ကိုယ့်ကိုယ်ကို အစေခံလို့ ဆက်ခေါ်နေဦးမယ်ဆိုရင် ကျုပ် လျှို့ဝှက်လဝန်းနန်းတော်ကနေ တကယ် ထွက်သွားတော့မှာနော်။”
“ခင်ဗျား ပေါ့ဆသွားရင် ကျုပ်ရဲ့ သရုပ်မှန်ကို ဖော်ပြသလို ဖြစ်သွားနိုင်တယ်... အဲ့ဒီအချိန်ကျရင် ကျုပ်ဟာ ဆရာနဲ့ စီနီယာအစ်မတို့ လိုက်သတ်ဖြတ်တာကို မလွဲမသွေ ခံရလိမ့်မယ်။”
ဒါက...
ရှောင်ရွှီရင် ခဏခန့် မှင်တက်သွားပြီးနောက်
“စီနီယာ... မောင်လေး။ တို့ လျှို့ဝှက်လဝန်းနန်းတော်ကနေ အတူတူ ထွက်သွားကြရအောင်လေ။”
လျှို့ဝှက်လဝန်းနန်းတော်တွင် ရန်သူများ ရှိနေမှတော့ အဘယ်ကြောင့် ဆက်နေရမည်နည်း။ နန်းတော်အပေါ် သံယောဇဉ် ရှိသော်ငြားလည်း လုချန်းနှင့် နှိုင်းယှဉ်လျှင် ထိုသံယောဇဉ်က အရေးမပါလှပေ။
လုချန်းက
“ကျုပ်ရဲ့ စွမ်းအားတွေက အကုန်ပြန်မရသေးဘူး... ကျင့်စဉ်အတွက် အရင်းအမြစ်တွေ အမြောက်အမြား လိုအပ်နေသလို သွားစရာ တခြားနေရာလည်း မရှိသေးတော့ လောလောဆယ် လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်ဖို့ မစဉ်းစားသေးဘူး။”
ဒါကတော့...
ရှောင်ရွှီရင်လည်း သူမ၏ စိတ်ခံစားချက်များကို ထိန်းသိမ်းလိုက်ရင်း
“မောင်လေးရဲ့ ကျင့်စဉ်က ထူးခြားနေပြီး အကူအညီ လိုအပ်နေတာလား... မဟုတ်ရင် ပေါက်ကွဲပြီး သေနိုင်တယ်လို့ ခုနက ပြောလိုက်တာလား။”
လုချန်းက
“ဟုတ်တယ်”
“ကျုပ်ကျင့်တဲ့ နတ်လမ်းစဉ်က ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ စွမ်းအားတွေကို အမြဲတစေ တိုးပွားစေတယ်... အဲ့ဒီစွမ်းအားတွေကို ခန္ဓာကိုယ်ထဲကနေ တိုက်ရိုက် ထုတ်ပစ်လို့မရပဲ ယင်ယန် ဟန်ချက်ညီအောင် လုပ်ရတယ်။”
“အရင်က ထျန်းရန်နတ်ဘုရားနယ်မြေမှာ ရှိတုန်းက ကျုပ်ရဲ့ စွမ်းအားတွေကို ဟန်ချက်ညီအောင် ကူညီပေးနိုင်မဲ့ ဇနီးတွေ အများကြီး ရှိခဲ့တယ်... ဒါပေမဲ့ အခုတစ်ခေါက် ပြန်လာတော့ ဘယ်သူမှ ပါမလာဘူး... ပြင်းထန်တဲ့ စွမ်းအားတွေ အဆက်မပြတ် စုစည်းလာတာကြောင့် ကျုပ်ရဲ့ ခန္ဓာကိုယ်က မခံနိုင်တော့ပဲ ပျက်စီးတော့မဲ့ အခြေအနေကို ရောက်နေပြီ။”
ထိုအရာကို ကြားလျှင် လုချန်း၏ ဆိုလိုရင်းကို ရှောင်ရွှီရင် ချက်ချင်းပင် နားလည်သွားကာ ပါးပြင်နှစ်ဖက်လည်း ချက်ချင်းပင် နီရဲသွား၏။ နှစ်ပေါင်း သန်းတစ်သောင်းကျော်တိုင်အောင် လုချန်းအား စိတ်ထဲမှ ကြည်ညို နေခဲ့သော်လည်း ထိုနှစ်များတစ်လျှောက် လုချန်းသည် သူမ၏ အိပ်မက်ထဲတွင်သာ ရှိနေခဲ့၏။ သူ့အား တစ်ခါမှပင် မတွေ့ခဲ့ရပေ။
ယခု လုချန်းနှင့် ပြန်လည် ဆုံတွေ့ပြီးနောက် ချက်ချင်းပင် စုံတွဲကျင့်စဉ် ကျင့်ကြံရန်က သူမအား အလွန် ရှက်ရွံ့သွားစေသည်မှာ ထင်ရှားလှသည်။
သို့သော် ရှောင်ရွှီရင်က
“မောင်လေး... ကူညီဖို့ ကျွန်မ အသင့်ရှိနေပါတယ်”
ထိုစကားများနှင့်အတူ ရှောင်ရွှီရင် လက်ကို ဝေ့ယမ်းလိုက်ရာ သူမ၏ ပြင်ပဝတ်ရုံသည် အလင်းစက်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး အဖြူရောင် အတွင်းခံအင်္ကျီသာ ကျန်ရှိတော့၏။
ရှောင်ရွှီရင် သဘောတူသည်ကို မြင်လျှင် လုချန်းသည်လည်း တုံ့ဆိုင်းမနေတော့ပေ။ ပြောစရာရှိသည်များကို နောက်မှသာ ပြောဆိုနိုင်သည်။
လုချန်းက လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ အဝတ်အစားများလည်း ချက်ချင်း ပျောက်ကွယ်သွား၏။ ထို့နောက် ရှောင်ရွှီရင်ကို သူ၏ ရင်ခွင်ထဲသို့ လုချန်း ဆွဲသွင်းလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းကို ခေါင်းငုံ့ကာ နမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ စကားများကို ရှောင်ရွှီရင် လုံးဝ သံသယ မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ချန်ဘုရင်မှလွဲ၍ သူမ၏ အခြေအနေကို အခြားသူ မသိနိုင်သောကြောင့် ဖြစ်၏။ ထိုအကြောင်းကို လုချန်းက ပွင့်ပွင့်လင်းလင်း ပြောပြနေမှတော့ သူသည် လုချန်း ဧကန်မုချ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် ချန်းလုအား ပထမဆုံး မြင်လိုက်ကတည်းက အရင်က လုချန်းနှင့် ချွပ်စွပ်တူနေသည်ဟု သူမ ခံစားခဲ့ရ၏။ အရေးကြီးဆုံးအချက်က လုချန်းသည် အရင်အတိုင်းပင် ဖြစ်နေခြင်းပင်။
ချန်ဘုရင်သည် အလှအပကို နှစ်သက်ပြီး ဆွဲဆောင်မှုရှိသူ ဖြစ်ကြောင်းကို ရှောင်ရွှီရင် ကောင်းကောင်း သိထားသည်။
လုချန်း၏ ကျင့်စဉ်အတွက် ထိုအရာ တကယ် လိုအပ်နေသလားဆိုတာကို ရှောင်ရွှီရင် အနည်းငယ် သံသယရှိသော်လည်း သူမ ဂရုမစိုက်တော့ပေ။ သူမ သိထားသည်က လုချန်းသည် သူမအား တမ်းတနေပြီး သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေသည်ဟူသောအချက်သာ ဖြစ်၏။
သူတို့၏ နှုတ်ခမ်းများ ထိတွေ့သွားချိန်တွင် ရှောင်ရွှီရင်၏ ကျင့်စဉ်အဆင့်မှာ ထိုအခိုက်အတန့်၌ပင် ရုတ်တရက် မြင့်တက်သွားရာ သူသည် လုချန်း အစစ်ဖြစ်ကြောင်း သူမ၏ စိတ်ထဲ ဝမ်းသာအားရ သိလိုက်ရ၏။
ကောင်းကင်နတ်နယ်ပယ်သို့ ရောက်ရှိကတည်းက သူမ၏ ကျင့်စဉ်အဆင့် တိုးတက်မှု မရှိတော့ပေ။ ထိုသို့ဖြစ်ရခြင်းက လုချန်းကြောင့် ဖြစ်သည်။
ချစ်ရသူနှင့် အတူမရှိနိုင်သောကြောင့် သူမ၏ စိတ်အခြေအနေ ပြည့်စုံမှု မရှိခဲ့ချေ။ ချစ်ရသူနှင့် အတူရှိမှသာ ထိုအဆင့်ကို ကျော်ဖြတ်နိုင်မည် ဖြစ်၏။
ရှောင်ရွှီရင် အဆင့်တက်သွားသည် ခံစားမိလိုက်သောအခါ လုချန်း မှင်တက်သွားသည်။
ရှောင်ရွှီရင်အား နမ်းရုံသာ နမ်းရသေး၏။
သူမက ဘယ်လိုလုပ် အဆင့်တက်သွားရသနည်း။
ရှောင်ရွှီရင်၏ မျက်ဝန်းများကို ကြည့်ရင်း လုချန်းနှင့် ရှောင်ရွှီရင်တို့ ဖြည်းညှင်းစွာ ခွာလိုက်ကြ၏။ ရှောင်ရွှီရင်က နီရဲနေသော မျက်နှာဖြင့် လုချန်းကို ကြည့်ကာ
“မောင်လေး... ကျေးဇူးတင်ပါတယ်”
လုချန်းက
“ဒါက ကျုပ်နဲ့ မဆိုင်သလိုပဲနော်”
ရှောင်ရွှီရင်က
“ရှင့်ရဲ့ ကယ်တင်မှုကို ကျွန်မ ကျေးဇူးမဆပ်ရသေးလို့ စိတ်အခြေအနေ မပြည့်စုံပဲ စစ်မှန်သောနတ် နယ်ပယ် အဆင့်ကို မတက်နိုင်ခဲ့တာပါ... အခု ရှင် ပြန်ရောက်လာပြီး ကျေးဇူးဆပ်ခွင့် ရတော့မှာမို့လို့ ကျွန်မရဲ့ စိတ်အခြေအနေ ပြည့်စုံသွားပြီး အဆင့်တက်သွားတာပါ။”
ရှောင်ရွှီရင်၏ ဆိုလိုရင်းကို လုချန်း ချက်ချင်းပင် နားလည်သွားကာ
“ဒါကြောင့်ကိုး”
လုချန်းက ပြုံးလိုက်ရင်း
“ကျုပ်ကြောင့် စီနီယာအစ်မရဲ့ စိတ်အခြေအနေ ပြည့်စုံသွားပြီဆိုရင် စီနီယာအစ်မကလည်း ကျုပ်ကို ပြန်ကူညီဖို့ မလိုဘူးလား။”
ရေခဲတမျှ အေးစက်သော အလှနတ်သမီးက ရှက်ရွံ့စွာဖြင့်
“စီနီယာအစ်မကို မောင်လေး စိတ်ကြိုက် အသုံးချပါ။”
ရှောင်ရွှီရင်က ထိုသို့ ပြောလာမှတော့ လုချန်း ဘာပြောစရာ ရှိတော့မည်နည်း။
ထို့နောက် ရှောင်ရွှီရင်ကို ကုတင်ပေါ်သို့ တိုက်ရိုက် လှဲသိပ်လိုက်ပြီးနောက် သူမနှင့်
ထိကပ်လိုက်လေတော့၏။
…….
တစ်ချိန်တည်းမှာပင်။
သွေးလင်းယုန်ခန်းမ။
ထိုကမ္ဘာပေါ်တွင် သွေးချောင်းစီးနေသည့် အလောင်းတောင်တန်းများ ရှိနေ၏။ တောင်ထိပ်များသည် ဦးခေါင်းပြတ်နေသော ဘီလူးအလောင်းကြီးများဖြင့် တည်ဆောက်ထားပြီး စီးဆင်းနေသော မြစ်ချောင်းအိုင်များမှာလည်း နီရဲသော အရည်များသာ ဖြစ်သည်။
တောင်ထိပ်တစ်ခုပေါ်ရှိ သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက်က လေထဲတွင် ဝဲပျံနေသည့် ရွှေရောင်အလင်းလုံးတစ်ခုကို ရုတ်တရက် လှမ်းဖမ်းလိုက်၏။
ထို့နောက် သူက
“ယွမ်ယုတိရဲ့ တပည့်ရင်းလား... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သူရဲ့ တပည့်ရင်း အသတ်ခံလိုက်ရတာကို သိရင် ယွမ်ယုတိတစ်ယောက် ဘယ်လို မျက်နှာပေးမျိုး ရှိမလဲဆိုတာ သိချင်မိတယ်”
ဟု ရေရွတ်လိုက်၏။