← Chapters

အခန်း (၁၆၀၃-၁၆၀၅)

Vol. 107 Ch. 1603-1605

အခန်း (၁၆၀၃-၁၆၀၅)

Vol. 107 Ch. 1603-1605

အခန်း( ၁၆၀၃ )

စီကုန်းယုဖုန်းကို မည်သူက အတင့်ရဲစေသနည်း

ကောင်းကင်ဝံပုလွေမြို့၏ ပြင်ပဝေဟင်တွင် ဆံပင်အနည်းငယ် ဖြူနေသော အဖိုးအိုတစ်ဦး ဝဲပျံနေ၏။ ရဲရဲနီသော ဝတ်ရုံကို ဆင်မြန်းထားသည့် သူ၏ ကိုယ်၌လည်း ပြင်းထန်သော မီးလျှံများ တောက်လောင်နေသည်။

နတ်ဘုရင်ခံ လင်ရင် နှင့်အတူ ကောင်းကင်ဝံပုလွေမြို့၏ ပြင်ပသို့ လုချန်း ရောက်ရှိလာ၏။

နတ်ဘုရင်ခံ လင်ရင်ကို မြင်လျှင် နတ်ဘုရင်ခံ တိမ်နက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

သူမက သူနှင့် အဘယ်ကြောင့် တွေ့ဆုံလိုရ သနည်း။

ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်သည် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း ဂိုဏ်း၏ အကြီးပိုင်း အချင်းချင်း ဆက်ဆံရေးကတော့ နည်းပါးလှ၏။ထို့ကြောင့် သူမထံ၌ သူနှင့် တွေ့ဆုံရန် အရေးကြီးသော အကြောင်းအရာတစ်ခုခု ရှိနေလိမ့်မည်။

ထိုအခိုက်အတန့်တွင် သူမ၏ ဝတ်ရုံနေရာ အတွင်းမှ လူအားလုံးကို နတ်ဘုရင်ခံ လင်ရင် ထုတ်လိုက်၏။ ထို့နောက် သူမက နတ်ဘုရင်ခံ တိမ်နက်ကို

“နတ်ဘုရင်ခံ တိမ်နက်... ရှင် သူတို့ကို အရင်ဆုံး ဝိညာဉ်ရှာဖွေကြည့်သင့်တယ်”

ဒါက...

ထို ရုတ်တရက် တောင်းဆိုချက်ကို ကြားလျှင် နတ်ဘုရင်ခံ တိမ်နက်၏ မျက်နှာထက်၌ ရှုပ်ထွေးသော အရိပ်အယောင်များ အနည်းငယ် ဖြတ်သန်းသွားသည်။

အနီးအနားရှိ လူများကို နတ်ဘုရင်ခံ တိမ်နက် ကြည့်လိုက်၏။ ထို့နောက် သူ၏ နတ်အငွေ့အသက်များကို ထုတ်ဖော်လိုက်ပြီး တိန့်ချင်းဖုန်းနှင့် ဩဇာကြီး မိသားစုများမှ လူစုကို တိုက်ရိုက် ဝိညာဉ်ရှာဖွေလိုက်တော့သည်။

ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် တိန့်ချင်းဖုန်းနှင့် စီကုန်းယုဖုန်းတို့၏ စကားပြောဆိုမှုကို သူ မြင်လိုက်ရလျှင် မှင်တက်သွား၏။

အတွင်းစည်းအကြီးအကဲ တစ်ဦးဖြစ်သော စီကုန်းယုဖုန်းသည် သူသဘောနှင့်သူ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းကို လုပ်ကြံရန် သွားရောက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဤကဲ့သို့ အရေးပါသော ပုဂ္ဂိုလ်ကို လုပ်ကြံခြင်းက စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းသာ တကယ် သေဆုံးသွားခဲ့လျှင် ထိုနတ်ဂိုဏ်းကြီးနှစ်ဂိုဏ်း ထာဝရ ရန်သူများ ဖြစ်သွားကြပေလိမ့်မည်။

ထို့ကြောင့် အခြေအနေ၏ ပြင်းထန်မှုကို နတ်ဘုရင်ခံ တိမ်နက် ချက်ချင်းသဘောပေါက်သွားသည်။

ကောင်းကင်ဝံပုလွေမြို့က သူတို့ထံ ခိုလှုံလိုသည်ကို ချီယန်ဂိုဏ်း၏ အကြီးပိုင်းများ သိထားကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်နှင့် ထိပ်တိုက်မတွေ့လိုသဖြင့် ထိုမြို့ကို လက်အောက်ခံအဖြစ် မသိမ်းပိုက်ပဲ ထားခဲ့ခြင်း ဖြစ်၏။

အတွင်းစည်းအကြီးအကဲ တစ်ဦးဖြစ်သော စီကုန်းယုဖုန်း အနေနှင့် ချီယန်ဂိုဏ်း ခေါင်းဆောင်ပိုင်း၏ ရပ်တည်ချက်ကို မသိပဲ မနေနိုင်ပေ။

ဝိညာဉ်ရှာဖွေခြင်း ပြီးဆုံးသွားလျှင် နတ်ဘုရင်ခံ တိမ်နက်က နတ်ဘုရင်ခံ လင်ရင်ကို အလျင်အမြန် ပြောလိုက်၏။

“နတ်ဘုရင်ခံ လင်ရင်... ခင်ဗျားတို့ နန်းတော်သခင်ရဲ့ တပည့်ရင်းကို လုပ်ကြံဖို့ ကြိုးစားတာက ကျုပ် တို့ ဂိုဏ်းရဲ့ အမိန့်မဟုတ်ပါဘူး။ ဒါဟာ စီကုန်းယုဖုန်း တစ်ယောက်တည်းရဲ့ လုပ်ရပ်ပါ။”

ထိုသို့ပြောရင်း နတ်ဘုရင်ခံ တိမ်နက်၏ အကြည့်က လုချန်းထံသို့ ကျရောက်သွား၏။ ထို့နောက် သူက လုချန်းကို

“ဒီမိတ်ဆွေငယ်လေးက လျှို့ဝှက်လဝန်း နန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်ရမယ်။ ချီယန်ဂိုဏ်းကိုယ်စား ဒီဖြစ်ရပ်အတွက် ကျုပ် တောင်းပန်ပါတယ်။ ချီယန်ဂိုဏ်းအနေနှင့် လျော်ကြေးအဖြစ် မြေအဆင့် နတ်ရတနာတစ်ခု ပေးအပ်လိုပါတယ်။”

“မိတ်ဆွေအနေနှင့် ချီယန်ဂိုဏ်းရဲ့ ပေါ့လျော့မှုကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။”

ထိုစဉ် နတ်ဘုရင်ခံ လင်ရင်က နတ်ဘုရင်ခံ တိမ်နက်ကို

“ရှင်တို့ဂိုဏ်းရဲ့ အတွင်းစည်းအကြီးအကဲက ကျွန်မတို့ နန်းတော်သခင်ရဲ့ တပည့်ရင်းကို ဘာကြောင့် တိုက်ခိုက်ရတာလဲဆိုတာ နတ်ဘုရင်ခံ တိမ်နက် မသိချင်ဘူးလား။”

နတ်ဘုရင်ခံ လင်ရင်၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ တိမ်နက် အနည်းငယ် အံ့အားသင့်သွား၏။ သူသည်လည်း စီကုန်းယုဖုန်း၏ လုပ်ရပ်ကို အမှန်တကယ် နားမလည်နိုင် ဖြစ်နေခဲ့သည်။

နတ်ဘုရင်ခံ တိမ်နက်က

“ဒီမိတ်ဆွေနဲ့ စီကုန်းယုဖုန်းကြားမှာ တစ်ခုခု နားလည်မှုလွဲတာမျိုး ရှိလို့လား။”

နတ်ဘုရင်ခံ လင်ရင်က

“မဟုတ်ပါဘူး”

ထိုအခါ လင်ရင်က

“ရှင်တို့ရဲ့ အကြီးအကဲက သွေးလင်းယုန်ခန်းမက လွှတ်လိုက်တဲ့ သူလျှိုတစ်ယောက် ဖြစ်နေလို့ပဲ။ လုချန်းကို သူ တိုက်ခိုက်ရတာက နတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကြား စစ်ပွဲဖြစ်အောင် သွေးထိုးပေးဖို့ပဲ။ ပြီးတော့ ကျွန်မတို့ နှစ်ဖက်စလုံး အင်အားနည်းသွားတဲ့အချိန်မှာ အမြစ်ပြတ်ချေမှုန်းဖို့ ကြံစည်ထားတာ။”

နတ်ဘုရင်ခံ လင်ရင်၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ တိမ်နက် လုံးဝ မှင်တက်သွား၏။

သတိပြန်ဝင်လာ သောအခါ သူက မယုံကြည်နိုင်စွာဖြင့်

“ဒီစကားအတွက် သက်သေရှိလို့လား နတ်ဘုရင်ခံ လင်ရင်... “

နတ်ဘုရင်ခံ လင်ရင်က

“လုချန်းမှာ ကောင်းကင်လျှို့ဝှက်ချက်တွေသိနိုင်တဲ့ ပညာ အချို့ရှိတယ်။ အဲဒါကြောင့် သူက လူတစ်ယောက်ရဲ့ သရုပ်မှန် ကို တွက်ချက်ဖော်ထုတ်နိုင်တယ်။ စီကုန်းယုဖုန်းကို သူ မြင်လိုက်တာနဲ့ သူက သွေးလင်းယုန်ခန်းမကဆိုတာ သူ သိလိုက်တယ်။”

စီကုန်းယုဖုန်းကို ရတနာတစ်ခုဖြင့် ဖော်ထုတ်ခဲ့သည်ဟု လုချန်းက ဆိုခဲ့သော်လည်း ရတနာအကြောင်းကို ထည့်ပြောလိုက်လျှင် နတ်ဘုရင်ခံ တိမ်နက်က ထိုရတနာကို ထုတ်ပြရန် တောင်းဆိုလာမည်ကို နတ်ဘုရင်ခံ လင်ရင် စိုးရိမ်မိ၏။

လုချန်း၌ ထိုကဲ့သို့သော ရတနာ တကယ် ရှိ မရှိ သူမ မသေချာပေ။ ထို့ကြောင့် လူတစ်ယောက်၏ သရုပ်မှန်ကို အလွယ်တကူ တွက်ချက်နိုင်သော ကောင်းကင်လျှို့ဝှက်ချက်ပညာဟုသာ နတ်ဘုရင်ခံ လင်ရင်က ရိုးရှင်းစွာ ပြောဆိုလိုက်ခြင်း ဖြစ်၏။

နတ်အများစု၌ တွက်ချက်ခြင်းအတတ်ပညာများ ရှိကြသော်လည်း များသောအားဖြင့် သူထက် အဆင့်နိမ့်သော နတ်များ မတွက်ချက်နိုင်အောင် သူတို့၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်ကြသည်။ သို့သော် ကောင်းကင်လျှို့ဝှက်ချက်ပညာတွင် အထူးကျွမ်းကျင်သူများကတော့ ခြွင်းချက် ဖြစ်၏။

ကောင်းကင်လျှို့ဝှက်ချက်ပညာတွင် ကျွမ်းကျင်သူတစ်ဦးအတွက်မူ လူတစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန်က အလွန်လွယ်ကူသော အလုပ်တစ်ခုပင်။

နတ်ဘုရင်ခံ လင်ရင်၏ စကားကို ကြားပြီးနောက် နတ်ဘုရင်ခံ တိမ်နက်လည်း သံသယ မရှိတော့ပေ။ သူက လုချန်းကို ကြည့်ကာ

“ဒီမိတ်ဆွေလေးက လျှို့ဝှက်လဝန်းနန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်ရကျိုးနပ်ပါတယ်။ ကောင်းကင်လျှို့ဝှက်ချက်ပညာမှာတောင် ကျွမ်းကျင်နေတာပဲ။”

“ကျုပ် ပြန်ရောက်ရင် ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ အစီရင်ခံပါ့မယ်။”

နတ်ဘုရင်ခံ လင်ရင်၏ စကားကို နတ်ဘုရင်ခံ တိမ်နက် အနေနှင့် မယုံကြည်ပဲ မနေနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် စီကုန်းယုဖုန်း၏ လုပ်ရပ်က တကယ်ပင် ပုံမှန်မဟုတ်သောကြောင့် ဖြစ်၏။

အတွင်းစည်းအကြီးအကဲ တစ်ဦးဖြစ်သော စီကုန်းယုဖုန်းသည် ဂိုဏ်း၏ အမိန့်တစ်စုံတစ်ရာ မရှိပဲ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းကို သွားရောက်လုပ်ကြံခြင်းက အဓိပ္ပာယ်မရှိပေ။

အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းသာ တကယ် သေဆုံးသွားခဲ့လျှင် ထိုနတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းဂိုဏ်း ထာဝရ ရန်သူများ ဖြစ်သွားကြပေလိမ့်မည်။

ဤအချက်ကို နတ်ဘုရင်ခံ တိမ်နက်သာမက ချီယန်ဂိုဏ်းမှ အခြားသော အကြီးအကဲများအားလုံးလည်း ကောင်းစွာ နားလည်ထားကြသည်။

မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပိတ်စို့နေပြီး လူဦးရေ လျော့နည်းလာသော ယခုကဲ့သို့ ခေတ်ကာလတွင် ဂိုဏ်းအချင်းချင်း စစ်ပွဲဖြစ်ခြင်းမှ ဖြစ်ပေါ်စေမည့် မရေမတွက်နိုင်သော သေဆုံးမှုများကို အစားထိုးရန် မလွယ်ကူပေ။ ထို့ကြောင့် ဂိုဏ်းအများစုသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကိုသာ နှစ်သက်ကြ၏။

တစ်ခါတစ်ရံတွင် ဂိုဏ်းအချို့ သာမန်လူသား ကျေးရွာများကို သိမ်းပိုက်ခြင်းက ပြဿနာမဟုတ်သော်လည်း အင်အားချင်း မကွာသော ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား အလုံးစုံ စစ်ပွဲဖြစ်ပွားခြင်းကတော့ စဉ်းစား၍ပင် မရနိုင်သော ကိစ္စဖြစ်၏။

နတ်ဘုရင်ခံ တိမ်နက်က

“နတ်ဘုရင်ခံ လင်ရင်... ကောင်းကင်ဝံပုလွေမြို့မှာ ရက်အနည်းငယ်လောက် ထပ်စောင့်ပေးနိုင်မလား။ ကျုပ်တို့ ချီယန်ဂိုဏ်းအနေနှင့် ခင်ဗျားတို့ နန်းတော်နဲ့ ဒီမိတ်ဆွေလေးအတွက် သင့်တော်တဲ့ ရှင်းပြချက်တစ်ခု ဧကန်မုချ ပေးပါ့မယ်။”

နတ်ဘုရင်ခံ လင်ရင်က

“ကောင်းပါပြီ”

နတ်ဘုရင်ခံ တိမ်နက်လည်း ဘာမျှထပ်မပြောတော့ဘဲ ကောင်းကင်ဝံပုလွေမြို့မှ ချက်ချင်းပင် လှည့်ထွက်သွားတော့၏။

ခဏချင်းတွင်ပင် နတ်ဘုရင်ခံ တိမ်နက် ချီယန်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိသွား၏။ ထိုအခါ သူ၏ အရှေ့၌ နီရဲသော ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသားတစ်ဦး ပေါ်လာ၏။

“ဘာဖြစ်လို့လဲ”

ကောင်းကင်ဝံပုလွေမြို့သည် ချီယန်ဂိုဏ်း ပိုင်နက်နှင့် အလွန်နီးကပ်လှရာ

နတ်ဘုရင်ခံ တိမ်နက် ထိုမြို့သို့ သွားသည်ကိုလည်းကောင်း၊ ထိုမြို့တွင် အခြားသော နတ်ဘုရင်ခံတစ်ဦး၏ အငွေ့အသက် ရှိနေသည်ကိုလည်းကောင်း နတ်ဘုရင် ဝေဖူရှန်း ချက်ချင်းပင် အာရုံခံမိလိုက်၏။

ကောင်းကင်ဝံပုလွေမြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေဖြစ်၏။ နတ်ဘုရင်ခံ တိမ်နက်သည် အကြောင်းအရင်း မရှိပဲ ထိုနေရာသို့ သွားမည် မဟုတ်ပေ။

ကောင်းကင်ဝံပုလွေမြို့က လူများ သူတို့ထံ ခိုလှုံလိုလျှင်ပင် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပဋိပက္ခမဖြစ်စေရန် ထိုမြို့ကို မသိမ်းပိုက်ဖို့ နတ်ဘုရင်ခံ တိမ်နက်နှင့် အခြားသော အကြီးအကဲများကို ဝေဖူရှန်း ကြိုတင်ညွှန်ကြားထားပြီး ဖြစ်၏။

ဝေဖူရှန်းကို မြင်လိုက်ရလျှင် နတ်ဘုရင်ခံ တိမ်နက်က အလျင်အမြန် ဂါရဝပြုလိုက်၏။

“ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်”

“ဂိုဏ်းချုပ်ကြီး... အခုလေးတင် လျှို့ဝှက်လဝန်းနန်းတော်က နတ်ဘုရင်ခံ လင်ရင် ကျုပ် ကို လာရှာသွားပါတယ်။”

“အတွင်းစည်းအကြီးအကဲ စီကုန်းယုဖုန်းက သူ့သဘောနဲ့သူ ကောင်းကင်ဝံပုလွေမြို့ကို သွားပြီး လျှို့ဝှက်လဝန်း နတ်ဘုရင်ရဲ့ တပည့်ရင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ကံကောင်းလို့ အဲ့ဒီတပည့်က အစွမ်းအစရှိလို့ အသက်ရှင်သွားတာပါ။”

ထိုအရာကို ကြားလျှင် ဝေဖူရှန်း၏ မျက်ခုံးများ ချက်ချင်းပင် တွန့်သွား၏။ သူကိုယ်တိုင်ပင် ကောင်းကင်ဝံပုလွေမြို့ကို မသိမ်းပိုက်ရဲခဲ့ပေ။

သို့သော် စီကုန်းယုဖုန်းကတော့ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းကို လုပ်ကြံရန်အထိပင် အတင့်ရဲနေခဲ့သည်။

ဝေဖူရှန်းက ဒေါသတကြီးဖြင့် ဟစ်အော်လိုက်၏။

“စီကုန်းယုဖုန်းကို ဘယ်သူက ဒီလောက်အထိ အတင့်ရဲ စေလိုက်တာလဲ။”

“အခု စီကုန်းယုဖုန်း ဘယ်မှာလဲ”

နတ်ဘုရင်ခံ တိမ်နက်က

“နတ်ဘုရင်ခံ လင်ရင်ကပဲ သူ့ကို ရှင်းပစ်လိုက်ပြီ ထင်ပါတယ်။”

ဝေဖူရှန်းက

“လျှို့ဝှက်လဝန်းနန်းတော်ဘက်က ဘာပြောလဲ”

စီကုန်းယုဖုန်းသည် ချီယန်ဂိုဏ်း၏ အတွင်းစည်းအကြီးအကဲတစ်ဦး ဖြစ်နေသလို လုပ်ကြံရန် ပစ်မှတ်ထားခံရသူ၏ အဆင့်အတန်းကလည်း များစွာ ရှုပ်ထွေးလှသည်။ လျှို့ဝှက်လဝန်းနန်းတော်က ထိုကိစ္စကို ဤအတိုင်း လွှတ်ထားမည် မဟုတ်ဟု

ဝေဖူရှန်း နားလည်၏။

ဤပြဿနာကို ဖြေရှင်းရန် ချီယန်ဂိုဏ်းဘက်မှ ကြီးမားသော အလျှော့ပေးမှုများ ပြုလုပ်ရပေလိမ့်မည်။

ဝေဖူရှန်း တွေးတောနေစဉ်မှာပင် နတ်ဘုရင်ခံ တိမ်နက်က

“ဂိုဏ်းချုပ်ကြီး... နတ်ဘုရင်ခံ လင်ရင်ရဲ့ အပြောအရဆိုရင် လျှို့ဝှက်လဝန်းနတ်ဘုရင်ရဲ့ တပည့်ရင်းဟာ ကောင်းကင်လျှို့ဝှက်ချက် ပညာမှာ ကျွမ်းကျင်ပြီး စီကုန်းယုဖုန်းဟာ ကျုပ်တို့ ချီယန်ဂိုဏ်းက မဟုတ်ပဲ သွေးလင်းယုန်ခန်းမက လွှတ်လိုက်တဲ့ သူလျှိုဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။”

………….

အခန်း (၁၆၀၄ )

ဝေဖူရှန်း၏ လက်ဆောင်

နတ်ဘုရင်ခံ တိမ်နက်၏ စကားကို ကြားလျှင် ဝေဖူရှန်း အံ့အားသင့်သွား၏။

ချီယန်ဂိုဏ်းအတွင်း နှစ်ပေါင်းများစွာ ရှိနေခဲ့သူ တစ်ဦးက သူလျှိုဖြစ်နိုင်မည်ဟု သူ လုံးဝ မတွေးထားခဲ့ပေ။

သွေးလင်းယုန်ခန်းမမှ သူလျှိုတစ်ယောက်လား။

ဝေဖူရှန်း၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ချီယန်ဂိုဏ်းတွင် စီကုန်းယုဖုန်း ရှိနေခဲ့သည်မှာ နှစ်ပေါင်း သန်းထောင်ပေါင်းများစွာမက ကြာမြင့်နေပြီဖြစ်ပြီး သွေးလင်းယုန်ခန်းမကတော့ မကြာသေးမီကမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် စီကုန်းယုဖုန်းသည် ချီယန်ဂိုဏ်းအတွင်း ဝင်ရောက်လာပြီးမှ သွေးလင်းယုန်ခန်းမနှင့် လက်တွဲခဲ့ခြင်း ဖြစ်ရမည်။

သတိပြန်ဝင်လာပြီးနောက် ဝေဖူရှန်းက

“ဒါဆို သွေးလင်းယုန်ခန်းမက နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား ရန်တိုက်ပေးပြီး ကျုပ် တို့နှင့် လျှို့ဝှက်လဝန်းနန်းတော်ကြား စစ်ဖြစ်အောင် ဖန်တီးချင်နေတယ်လို့ နန်းတော်ဘက်က ယုံကြည်နေတာပေါ့။”

နတ်ဘုရင်ခံ တိမ်နက်က

“ဟုတ်ပါတယ်။ ဒါက လျှို့ဝှက်လဝန်းနန်းတော်ဘက်က ယူဆထားတဲ့ အချက်ပါပဲ။”

ခဏခန့် အတွေးထဲနစ်မြောကာ တိတ်ဆိတ်သွားပြီးနောက် ဝေဖူရှန်းက

“စီကုန်းယုဖုန်း အခုတလော ဘာတွေလုပ်နေလဲဆိုတာ ချက်ချင်း လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်။”

လျှို့ဝှက်လဝန်းနတ်ဘုရင်၏ တပည့်ရင်းကို လုပ်ကြံရန် စီကုန်းယုဖုန်း ကိုယ်တိုင်ဦးဆောင်ခဲ့ခြင်းက ထူးဆန်းလွန်းလှသဖြင့် အစစအရာရာကို သတိထားရန် ဝေဖူရှန်း ဆုံးဖြတ်လိုက်၏။

လျှို့ဝှက်လဝန်းနတ်ဘုရင်၏ တပည့်ရင်းကို လုပ်ကြံခြင်းက ချီယန်ဂိုဏ်းအပေါ် မည်မျှအန္တရာယ်ကြီးမားသော ပြဿနာများ သယ်ဆောင်လာနိုင်သည်ကို အတွင်းဆောင်အကြီးအကဲ တစ်ယောက်အနေနှင့် စီကုန်းယုဖုန်း မသိတာ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ရှင်းလင်းနေသည်။

သို့သော် သူက ထိုသို့ လုပ်ခဲ့ပြီဖြစ်သဖြင့် သူ့တွင် တစ်ခုခု မှားယွင်းနေတာက အသေအချာပင်။

သူသည် သွေးလင်းယုန်ခန်းမမှ သူလျှိုမဟုတ်ခဲ့လျှင်ပင် ပြောပြ၍မရသော ရည်ရွယ်ချက်အချို့ ရှိနေပေလိမ့်မည်။

သူသာ သွေးလင်းယုန်ခန်းမမှ သူလျှိုအစစ်အမှန်ဖြစ်ခဲ့လျှင်တော့ သွေးလင်းယုန်ခန်းမသည် ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော် ဟူသော နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းလုံးကို ပစ်မှတ်ထားနေပြီဟု ဆိုလိုခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် သွေးလင်းယုန်ခန်းမသည် အင်အားကြီး နတ်ဂိုဏ်းနှစ်ဂိုဏ်းလုံးကို တစ်ပြိုင်နက် ဖျက်ဆီးရန် ကြံစည်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ဤကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးရပေမည်။

နောက်ရက်များတွင် စီကုန်းယုဖုန်း၏ လှုပ်ရှားမှုများနှင့် သူနှင့် ပတ်သက်ဆက်နွှယ်သူ အားလုံးကို လူလွှတ်ကာ စုံစမ်းစေ၏။ ထိုသို့ စုံစမ်းမှုကြောင့် ဝေဖူရှန်းအတွက် သဲလွန်စအချို့ ထွက်ပေါ်လာခဲ့သည်။

ထိုသဲလွန်စများသည် စီကုန်းယုဖုန်း၏ ကွဲလွဲနေသော အပြုအမူများကို ရှင်းပြပေးနိုင်ခဲ့သည်။

မကြာသေးမီကပင် စီကုန်းယုဖုန်းသည် ကိစ္စတစ်ခုအတွက် အတွင်းဆောင်အကြီးအကဲ တစ်ဦးနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး လက်ရည်စမ်း တိုက်ခိုက်ကြသည် အထိပင် ဖြစ်ခဲ့ကြသေး၏။ ထိုအတွင်းဆောင်အကြီးအကဲသည် နတ်ဘုရင်ခံ အဆင့်တစ်ဦး ဖြစ်သော်လည်း ရွှေနတ်အဆင့်သာရှိသော စီကုန်းယုဖုန်းကို အနိုင်မရခဲ့ပေ။

ဤအချက်က စီကုန်းယုဖုန်းတွင် ပုံမှန်မဟုတ်သော စွမ်းအားတစ်ခု ရှိနေကြောင်း ထင်ရှားစေသည်။

စီကုန်းယုဖုန်းနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ ၏ နတ်အငွေ့အသက်များ တစ်ခုခုကြောင့် အဖိနှိပ်ခံနေရသည်ကို အသေအချာ ခံစားခဲ့ရကြောင်းနှင့် စီကုန်းယုဖုန်းက နည်းဗျူဟာပုံစံ တစ်မျိုးကို သုံးစွဲခဲ့သည်ဟုသာ ထင်မြင်ခဲ့ကြောင်း ထိုနတ်ဘုရင်ခံက ဆို၏။

စီကုန်းယုဖုန်းသည် ဂိုဏ်းအတွင်း သက်တမ်းရင့်သူ ဖြစ်သောကြောင့်သာ အတွင်းဆောင်အကြီးအကဲ ဖြစ်လာခြင်းဖြစ်၏။ ချီယန်ဂိုဏ်း၏ မူလစည်းမျဉ်းအရ နတ်ဘုရင်ခံ အဆင့်သို့ ရောက်ရှိမှသာ အတွင်းဆောင်အကြီးအကဲ ဖြစ်ခွင့်ရှိသည်။

ရွှေနတ်အဆင့်သာရှိသော စီကုန်းယုဖုန်း အတွင်းဆောင်အကြီးအကဲ ဖြစ်လာခြင်းက အခြားအကြီးအကဲများအား မကျေမနပ် ဖြစ်စေသော်လည်း အရင်က သူသည် အေးအေးဆေးဆေး နေတတ်သူ ဖြစ်သဖြင့် ထိုနတ်ဘုရင်ခံများနှင့် ကြီးမားသော ပဋိပက္ခများကို ရှောင်လွှဲနိုင်ခဲ့၏။

သို့သော် မကြာသေးမီ နှစ်များအတွင်း စီကုန်းယုဖုန်းသည် အရင်ကကဲ့သို့ မဟုတ်တော့ပဲ ပို၍ ထင်ပေါ်လိုလာကာ ရဲတင်းလာခဲ့၏။

ဤပြောင်းလဲမှုသည် သူ၏ အတွင်းစိတ် သဘောထား ပြောင်းလဲသွားခြင်းကြောင့်သာမက သူ၏ စွမ်းအား တိုးပွားလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ရွှေနတ်အဆင့်သာရှိပြီး အတွင်းဆောင်အကြီးအကဲ ဖြစ်လာသူတစ်ဦးက ထင်ပေါ်ကျော်ကြားအောင် နေထိုင်လာသဖြင့် နတ်ဘုရင်ခံများနှင့် ပဋိပက္ခဖြစ်ပွားလာခြင်းက အံ့ဩစရာ မဟုတ်ပေ။

သို့သော် သူ၏ စွမ်းအား နတ်ဘုရင်ခံ တစ်ဦးနှင့် ယှဉ်နိုင်နေခြင်းကတော့ ထူးခြားလှသည်။

ဤအချက်တစ်ခုတည်းနှင့်ပင် စီကုန်းယုဖုန်းတွင် ကြီးမားသော ပြဿနာရှိနေတာ ထင်ရှားသည်။

စီကုန်းယုဖုန်းသည် ချီယန်ဂိုဏ်းကို သစ္စာဖောက်ကာ သွေးလင်းယုန်ခန်းမထဲသို့ လျှို့ဝှက်ဝင်ရောက်သွားပြီး ထိုခန်းမမှပေးသော မိစ္ဆာနတ်ကျမ်းကို ကျင့်ကြံခြင်းဖြင့် နတ်ဘုရင်ခံများကို ဖိနှိပ်နိုင်သည့် စွမ်းအားများ ရရှိနေခြင်းဖြစ်မည်ဟု ဝေဖူရှန်း သံယယဝင်လာ၏။

ထို့ပြင် စီကုန်းယုဖုန်းသည် မကြာသေးမီက ကောင်းကင်ဝံပုလွေမြို့မှ လူများနှင့် ပတ်သက်မှု ရှိနေခဲ့ပြီး ကောင်းကင်ဝံပုလွေမြို့မှ မိသားစုကြီး နှစ်ခုကိုပင် ချီယန်ဂိုဏ်း၏ နယ်မြေအတွင်း လာရောက်အခြေချခွင့်ပေးရန် စဉ်းစားခဲ့သေး၏။

စီကုန်းယုဖုန်းက ဤလုပ်ရပ်များအတွက် ဂိုဏ်း၏ ခွင့်ပြုချက်ကိုလည်း မတောင်းခံပဲ ကိုယ်ပိုင်သဘောဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းကြား ဆက်ဆံရေးကို ပျက်ပြားအောင် သူ ကြံစည်နေကြောင်း သိသာလှသည်။

စီကုန်းယုဖုန်းသည် သွေးလင်းယုန်ခန်းမမှ သူလျှိုဖြစ်ကြောင်း တိုက်ရိုက်သက်သေ မရှိသေးသော်လည်း ဝေဖူရှန်းကတော့ အတော်အတန် ယုံကြည်သွားပြီ ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်နှင့် နားလည်မှုမလွဲစေရန် ကောင်းကင်ဝံပုလွေမြို့သို့ သူကိုယ်တိုင်သွားရောက်ရန် ဝေဖူရှန်း ဆုံးဖြတ်လိုက်၏။

…….

နှစ်ရက်အကြာတွင်။

ကောင်းကင်ဝံပုလွေမြို့ အထက်တွင် စွမ်းအားကြီးမားသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်ကို တရားထိုင်ကျင့်ကြံနေသော လုချန်း ခံစားလိုက်ရ၏။ ချက်ချင်းပင် မျက်လုံးဖွင့်လိုက်ကာ အခန်းအပြင်ဘက်သို့ လုချန်း ထွက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် မြို့တော်ဝန်စံအိမ်၏ လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝေဖူရှန်းနှင့် နတ်ဘုရင်ခံ တိမ်နက်တို့ ရောက်ရှိလာကြ၏။

မကြာမီမှာပင် လုချန်းနှင့် နတ်ဘုရင်ခံ လင်ရင်တို့လည်း လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာ၏။ နတ်ဘုရင်ခံ လင်ရင်ကို ကြည့်ကာ ဝေဖူရှန်းက

“နတ်ဘုရင်ခံ လင်ရင်... ကျုပ် တို့ စုံစမ်းကြည့်ရသလောက် စီကုန်းယုဖုန်းက အခုတလောမှာ ထူးထူးခြားခြားတွေ လုပ်နေတာကို တွေ့ရပါတယ်။”

“စီကုန်းယုဖုန်းရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကျုပ် တို့ အစက မသိခဲ့ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ချီယန်ဂိုဏ်းဝင် တစ်ယောက် ဖြစ်နေသေးတာမို့ မောင်ရင် ချန်းလုကို တောင်းပန်တဲ့ ဒီမြေအဆင့် နတ်ဓားလေးကို လက်ဆောင်အဖြစ် လက်ခံပေးပါ။”

စကားအဆုံးတွင် အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် နတ်ဓားတစ်လက် လေထုထဲတွင် ပေါ်လာပြီး လုချန်း၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လွင့်မြောလာ၏။

မြေအဆင့် နတ်ဓားတစ်လက်ကို လုချန်း အထင်မကြီးသော်လည်း နတ်ဘုရင်တစ်ပါးသာရှိသည့် ချီယန်ဂိုဏ်းကဲ့သို့ ဂိုဏ်းမျိုးအတွက်တော့ လျော်ကြေးအဖြစ် ဤဓားကို ပေးအပ်ခြင်းက မဆိုးလှပေ။

ထို့ကြောင့် လုချန်း ရွေးချယ်မနေတော့ပေ။

လုချန်းထံ နတ်ဓားကို ပေးအပ်ပြီးနောက် ဝေဖူရှန်း လက်ဝှေ့ယမ်းလိုက်၏။ ထိုအခါ ချီယန်ဂိုဏ်းနယ်မြေသို့ မကြာသေးမီက ပြောင်းရွှေ့လာခဲ့ကြသည့် လျှိုမျိုးနွယ်နှင့် ဝမ်မျိုးနွယ်ဝင်များ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကြ၏။

ဆက်လက်၍ ဝေဖူရှန်းက

“သူတို့က လျှို့ဝှက်လဝန်းနန်းတော်က သစ္စာဖောက်တွေဖြစ်လို့ နန်းတော်ကပဲ ကြိုက်သလို စီရင်နိုင်ပါတယ်။”

ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ လင်ရင်က

“ သွေးလင်းယုန်ခန်းမနဲ့ ပတ်သက်ပြီး တစ်ခုခုများ တွေ့ထားသေးလား ချီယန် နတ်ဘုရင်။”

ဝေဖူရှန်းက

“စီကုန်းယုဖုန်းရဲ့ လုပ်ရပ်တွေက ထူးဆန်းနေပေမဲ့ သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ တိုက်ရိုက်သက်သေတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ ကျုပ်တို့ ဂိုဏ်းကို ပြန်ရောက်ရင်တော့ ဂရုတစိုက် စောင့်ကြည့်သွားမှာပါ။”

နတ်ဘုရင်ခံ လင်ရင်က

“သွေးလင်းယုန်ခန်းမရဲ့ အစီအစဉ် ပျက်သွားပြီဆိုတော့ သူတို့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား ရန်ဖြစ်အောင် တခြားနည်းလမ်းတွေ သုံးဦးမှာပဲ။”

ဝေဖူရှန်းက

“ကျုပ် တို့ နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းဟာ စတင်တည်ထောင်ချိန်ကစလို့ ပဋိပက္ခဆိုတာ တစ်ခါမှ မရှိခဲ့ဘူးပါဘူး။ အတိတ်မှာလည်း မရှိခဲ့ဘူး။ အခုလည်း မရှိဘူး။ အနာဂတ်မှာလည်း ရှိမှာမဟုတ်ပါဘူးလို့ လျို့ဝှက်လဝန်းနတ်ဘုရင်ကို ပြန်ပြောပေးပါ။ “

“သွေးလင်းယုန်ခန်းမက ဘယ်လောက်ပဲ ရန်တိုက်ပေးပါစေ ကျုပ် တို့ ချီယန်ဂိုဏ်းကတော့ စစ်ကို အရင်စမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကောင်းကင်ဘုံ လမ်းစဉ်တွေ တဖြည်းဖြည်း ကွယ်ပျောက်နေတဲ့ အခုလိုအချိန်မှာ နတ်ဂိုဏ်းတွေကြား စစ်ဖြစ်ရင် ကျုပ် တို့လို နတ်ဘုရင်အဆင့် ဂိုဏ်းတွေအတွက် မခံနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်လာမှာပဲ။”

နတ်ဘုရင်ခံ လင်ရင်နှင့် ဝေဖူရှန်းတို့ စကားပြောနေစဉ်အတွင်း လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခဲ့သည့် လျှိုမျိုးနွယ်နှင့် ဝမ်မျိုးနွယ်ဝင်များအပေါ်သို့ လုချန်း၏ အကြည့်က ရောက်ရှိသွား၏။ ထိုအခိုက်တွင် လူအုပ်ထဲမှ လူတစ်ယောက်ထံမှ ထွက်ပေါ်နေသည့် စိတ်မသက်မသာဖြစ်ဖွယ် အငွေ့အသက်တစ်ခုကို လုချန်း ရုတ်တရက် သတိပြုမိလိုက်၏။

ထို့နောက် ထိုသူ၏ အချက်အလက်ကို စနစ်အကူအညီဖြင့် လုချန်း ချက်ချင်း စစ်ဆေးလိုက်သည်။

[အမည် : လျှိုယဲ့]

[အဆင့်အတန်း : ချီယန်ဂိုဏ်း၏ အတွင်းဆောင်တပည့်၊ သွေးလင်းယုန်ခန်းမ၏ တပည့်]

[စွမ်းအား : မဟယာန အဆင့်]

[သစ္စာစောင့်သိမှု : ၀]

တွန့်ဆုတ်ခြင်း မရှိပဲ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ချက်ချင်း ထုတ်ဖော်လိုက်၏။

လုချန်း ရုတ်တရက် လှုပ်ရှားလိုက်သည်ကို မြင်လျှင် သွေးလင်းယုန်ခန်းမ၏ ကျူးကျော်မှုကို ကာကွယ်ရန် ဆွေးနွေးနေကြသည့် နတ်ဘုရင်ခံ လင်ရင်နှင့် အခြားသူများ ဇဝေဇဝါ ဖြစ်သွားကြသည်။

ကောင်းကင်ယံတွင် ပေါ်ပေါက်လာသည့် မီးအိမ်များကို ကြည့်ကာ ထိုသူများသည် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်၍ ချီယန်ဂိုဏ်းနှင့် ပူးပေါင်းခဲ့သူများ ဖြစ်သောကြောင့် လုချန်းက ချီယန်ဂိုဏ်းအား ပညာပြနေခြင်းဖြစ်မည်ဟု ဝေဖူရှန်း ထင်မှတ်လိုက်၏။

သို့သော် လုချန်းက ထိုသစ္စာဖောက်များကို ချက်ချင်း သတ်ဖြတ်ခြင်းမပြုပဲ ကောင်းကင်ရှိ မီးအိမ်များမှ အနီရောင်အလင်းတန်းများသာ ထွက်ပေါ်လာစေ၏။

ထိုမီးအိမ်များမှ ထွက်ပေါ်နေသည့် နတ်အငွေ့အသက်များကို ခံစားကြည့်ပြီးနောက် ဤအရာက အနည်းဆုံး ကောင်းကင်အဆင့် နတ်ကျမ်း ဖြစ်ရမည်ဟုလည်းကောင်း၊ လျှို့ဝှက်လဝန်းနတ်ဘုရင်သည် သူမ၏ တပည့်ရင်းအပေါ် အတော်အတန် တန်ဖိုးထားပုံရသည်ဟုလည်းကောင်း ဝေဖူရှန်း တွေးတောနေမိ၏။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသားတပည့်များကို လက်ခံလေ့မရှိဟု လူသိများသည်။ ယခုမှ အမျိုးသားတစ်ဦးကို တပည့်ရင်းအဖြစ် ယွမ်ယုတိက အဘယ်ကြောင့်လက်ခံခဲ့ရသနည်း။

…………

အခန်း (၁၆၀၅ )

ဝေဖူရှန်း၏ အစီအစဉ်

ဝေဖူရှန်း အတွေးထဲနစ်မြောနေစဉ်မှာပင် လေ့ကျင့်ရေးကွင်းအတွင်းရှိ လူတစ်ယောက်သည် သူဦးခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်မြည်တမ်းလာ၏။

“အားးး”

ထိုအော်ဟစ်သံကို ကြားလျှင် လူတိုင်း၏ အကြည့်များလည်း အသံလာရာ အရပ်သို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ အသံ၏ ပြင်းထန်မှုကို ကြားရသည်နှင့် ပုံမှန်မဟုတ်သော အရာတစ်ခု ဖြစ်နေကြောင်း လူတိုင်း သိလိုက်ကြသည်။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း အသုံးပြုလိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ တိုက်ရိုက် သတ်ဖြတ်ခြင်း မရှိခဲ့ပေ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ နတ်အလင်းနှင့် ထိတွေ့ရရုံမျှဖြင့် လျှိုယဲ့၏ ခန္ဓာကိုယ်မှ အမည်းရောင် မြူခိုးများ စတင် ထွက်ပေါ်လာ၏။

ဤအမည်းရောင် မြူခိုးများသည် သာမန်နတ်အငွေ့အသက်များနှင့် လုံးဝ ကွဲပြားနေသည်။

လျှို့ယဲ့ထံမှ ထူးဆန်းသော အပြောင်းအလဲကို မြင်တွေ့ရလျှင် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။

ဒါက...

ဝေဖူရှန်းကို လုချန်းက

“သူတို့ကို ခေါ်လာတုန်းက ဝိညာဉ်ကို စစ်ဆေးတာမျိုး မလုပ်ခဲ့ဘူးလား...ချီယန် နတ်ဘုရင်။”

ဝေဖူရှန်းက

“ဒီလူတွေက သာမန်လူတွေပဲ။ သူတို့ကို ဝိညာဉ် စစ်ဆေးလိုက်ရင် တစ်ခါတည်း သေသွားနိုင်တယ်။”

ထိုသူများသည် လျှို့ဝှက်လဝန်းနန်းတော်၏ သစ္စာဖောက်များ ဖြစ်ကြ၏။ သူ၏ ရိုးသားမှုကို ပြသရန်အတွက် ဝေဖူရှန်းက ၎င်းတို့ကို ဖမ်းဆီးကာ လျှို့ဝှက်လဝန်းနန်းတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဝိညာဉ်စစ်ဆေးမှုကြောင့် ၎င်းတို့အားလုံး သေဆုံးသွားခဲ့လျှင် လျှို့ဝှက်လဝန်းနန်းတော်က မည်သို့ စီရင်နိုင်တော့မည်နည်း။

သို့သော် လျှိုယဲ့တွင် ထူးခြားသော အရာတစ်ခု ရှိနေကြောင်း လုချန်း၏ အပြုအမူက ဖော်ပြနေသည်။

အော်ဟစ်နေသည့် လျှိုယဲ့ကို လုချန်း လက်ညှိုးညွှန်ပြကာ

“ ဒီလူ့ရဲ့ နတ်အာရုံကို စစ်ဆေးကြည့်ပါလား ချီယန် နတ်ဘုရင်။ မျှော်လင့်မထားတဲ့ တွေ့ရှိမှုတစ်ခု ရှိလာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”

ထိုသို့ ပြောပြီးနောက် လုချန်း လက်ယမ်းလိုက်ရာ နတ်အငွေ့အသက်တစ်ရပ် ထွက်ပေါ်လာပြီး လျှို့ယဲ့၏ ခန္ဓာကိုယ်ကို ဝေဖူရှန်း၏ ရှေ့မှောက်သို့ ပျံသန်းရောက်ရှိသွားစေ၏။

လုချန်း၏ စကားကို ကြားလျှင် ဝေဖူရှန်းက ဇဝေဇဝါဖြင့် လျှိုယဲ့ကို ကြည့်လိုက်သည်။

သာမန်လူတစ်ယောက်၏ ဝိညာဉ်ကို စစ်ဆေးရမှာလား။

သာမန်ကျင့်ကြံသူတစ်ဦးတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနိုင်မည်နည်း။

သို့သော် ဤအရာက ယွမ်ယုတိ၏ တပည့်ရင်း ပြောဆိုသော စကားဖြစ်သဖြင့် ဤလူတွင် တစ်ခုခု ထူးခြားနေလိမ့်မည်ဟု တွေးတောကာ ဝေဖူရှန်းလည်း ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာကို လျှို့ယဲ့အပေါ် တိုက်ရိုက် အသုံးပြုလိုက်၏။

သို့သော် ဝေဖူရှန်း၏ နတ်အငွေ့အသက်များလျှိုယဲ့၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် သူ၏ နတ်အငွေ့အသက်များ ပြန်ကန်ထွက်သွားသည်ကို အသေအချာ ခံစားလိုက်ရ၏။

လျှိုယဲ့အပေါ် ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာ အသုံးပြုရန် နတ်အငွေ့အသက် အနည်းငယ်သာ လိုအပ်သင့် သော်လည်း ယခုတော့ လျှို့ယဲ့နှင့် ထိတွေ့လိုက်သည်နှင့် ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာ ပျက်ပြယ်သွားသည်ကို သူ တွေ့ရှိလိုက်ရသည်။

ထိုအချက်က လျှိုယဲ့၏ ခန္ဓာကိုယ်အတွင်း၌ ပုံမှန်မဟုတ်သော အကာအကွယ်တစ်ခု ရှိနေကြောင်း ထင်ရှားစေသည်။

ဝေဖူရှန်း ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြဿနာကို ရိပ်မိသွား၏။ ယွမ်ယုတိ၏ တပည့်ရင်းက လျှို့ယဲ့၏ ဝိညာဉ်ကို အဘယ်ကြောင့် စစ်ဆေးရန် တိုက်တွန်းခဲ့သည်ကို သူ နားလည်သွားပြီ ဖြစ်သည်။

ထိုအခိုက်တွင် ဝေဖူရှန်းလည်း အင်တိုက်အားတိုက် လုပ်ဆောင်ကာ လျှိုယဲ့၏ ခန္ဓာကိုယ်အတွင်းသို့ နတ်အငွေ့အသက် အမြောက်အမြား ထည့်သွင်းလိုက်ပြီး ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာကို တစ်ဖန် ပြန်လည် အသုံးပြုလိုက်၏။

ထိုခဏ၌ လျှို့ယဲ့၏ မှတ်ဉာဏ်အားလုံးကို ဝေဖူရှန်း ဖတ်ရှုနိုင်ခဲ့၏။ လျှို့ယဲ့၏ မှတ်ဉာဏ်အရ စီကုန်းယုဖုန်းသည် လျှို့ယဲ့အား မိစ္ဆာနတ်ကျမ်းအချို့ကို မကြာခဏ သင်ကြားပေးခဲ့ကြောင်း ဝေဖူရှန်း တွေ့ရှိလိုက်ရသည်။

ထိုမိစ္ဆာနတ်ကျမ်း အမြောက်အမြားသည် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ အသုံးပြုသည့် နတ်ကျမ်းများနှင့် ဆင်တူနေ၏။ ဤအချက်အရ စီကုန်းယုဖုန်းသည် သူလျှိုတစ်ဦး ဖြစ်ကြောင်းကို အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ဝေဖူရှန်း နှာခေါင်းရှုံ့လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်လျှင် လျှိုယဲ့၏ ခန္ဓာကိုယ်လည်း သွေးမြူခိုးများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့၏။

ထိုအခိုက်အတန့်တွင် ဝေဖူရှန်းက

“မောင်ရင် ချန်းလုကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် သွေးလင်းယုန်ခန်းမက တို့ဂိုဏ်းရဲ့ အတွင်းဆောင်အကြီးအကဲ တစ်ယောက်ကို စည်းရုံးသွားတာကို သိလိုက်မှာမဟုတ်ဘူး။”

နတ်ဘုရင်ခံ လင်ရင်က

“ချီယန် နတ်ဘုရင်အနေနဲ့ သွေးလင်းယုန်ခန်းမက နောက်ကွယ်ကနေ ပြဿနာရှာနေတာကို အတည်ပြုပြီးပြီဆိုတော့ နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။”

ဝေဖူရှန်းက ထိုမေးခွန်းကို မဖြေပဲ

“လျှို့ဝှက်လဝန်း နတ်ဘုရင် အခု ဘယ်မှာလဲ။”

ဝေဖူရှန်း ဘာလုပ်ချင်သည်ကို နတ်ဘုရင်ခံ လင်ရင် ချက်ချင်း ခန့်မှန်းမိသွားသဖြင့်

“ကျွန်မတို့ နန်းတော်သခင်က တံခါးပိတ် ကျင့်စဉ်စခန်း ဝင်သွားပါပြီ။”

ထိုအရာကို ကြားလျှင် ဝေဖူရှန်း အနည်းငယ် အံ့အားသင့်သွားပြီးနောက်

“သွေးလင်းယုန်ခန်းမက စတင် လှုပ်ရှားနေပြီဆိုတော့ သူတို့က ကျုပ်တို့နတ်ဂိုဏ်း နှစ်ဂိုဏ်းလုံးကို ပစ်မှတ်ထားနေပြီလို့ ဆိုလိုတာပဲ။ ဒီအစီအစဉ် ပျက်သွားပြီးတဲ့နောက် သွေးလင်းယုန်ခန်းမက တို့နတ်ဂိုဏ်း နှစ်ဂိုဏ်းလုံးကို တိုက်ရိုက် တိုက်ခိုက်လာနိုင်တယ်။”

“သွေးလင်းယုန်ခန်းမမှာ နတ်ဘုရင် သုံးပါး ရှိတယ်။ ကျုပ်တို့နတ်ဂိုဏ်း နှစ်ဂိုဏ်းလုံးမှာတော့ နတ်ဘုရင် တစ်ပါးစီပဲ ရှိတာ။ လျှို့ဝှက်လဝန်းနန်းတော် ဖြစ်ဖြစ်၊ ကျုပ်တို့ရဲ့ ချီယန်ဂိုဏ်း ဖြစ်ဖြစ် သွေးလင်းယုန်ခန်းမကို တစ်ဦးတည်း ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။”

“ကျုပ်တို့နတ်ဂိုဏ်း နှစ်ဂိုဏ်း မဟာမိတ်ဖွဲ့သင့်တယ်။ သွေးလင်းယုန်ခန်းမက တစ်ဖက်ဖက်ကို တိုက်ခိုက်လာခဲ့ရင် ကျန်တဲ့ တစ်ဖက်က မဟာမိတ်အဖြစ် ကူညီ ကာကွယ်ပေးကြတာပေါ့။”

နတ်ဘုရင်ခံ လင်ရင်က

“ဒီကိစ္စကိုတော့ လျှို့ဝှက်လဝန်းနန်းတော်က တခြား အကြီးအကဲတွေနဲ့ ကျွန်မ ဆွေးနွေးကြည့်ဖို့ လိုပါလိမ့်မယ်။”

ဝေဖူရှန်းက

“လျှို့ဝှက်လဝန်း နတ်ဘုရင်က ဘယ်အချိန်လောက်မှ ကျင့်စဉ်စခန်းက ထွက်လာမှာလဲ။”

နတ်ဂိုဏ်းချင်း မဟာမိတ်ဖွဲ့မည့် ကိစ္စမှာ တစ်ဖက်ဂိုဏ်း၏ ခေါင်းဆောင်နှင့် ဆွေးနွေးရမည့် အရာ ဖြစ်သည်။

နတ်ဘုရင်ခံ လင်ရင်က

“ကျွန်မတို့ နန်းတော်သခင်က အခုမှ ကျင့်စဉ်စခန်း ဝင်သွားတာပါ။”

နတ်ဘုရင်ခံ လင်ရင်၏ အဖြေကို ကြားလျှင် ဝေဖူရှန်းက မတတ်သာသည့် အမူအရာဖြင့်

“ဒါဆို အခု လျှို့ဝှက်လဝန်းနန်းတော်ကို ဘယ်သူ တာဝန်ယူထားလဲ။”

နတ်ဘုရင်ခံ လင်ရင်က

“ကျွန်မတို့ နန်းတော်ရဲ့ နန်းတော်သခင်ငယ်ပါ။”

ဝေဖူရှန်းက

“သူက မဟာမိတ်ဖွဲ့မယ့် ကိစ္စကို ဆုံးဖြတ်နိုင်လား။”

နတ်ဘုရင်ခံ လင်ရင်က

“ကျင့်စဉ်စခန်း မဝင်ခင်မှာ နန်းတော်သခင်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကိစ္စအရပ်ရပ်ကို နန်းတော်သခင်ငယ်ကပဲ ဆုံးဖြတ်လိမ့်မယ်လို့ မှာသွားခဲ့ပါတယ်။”

“လျှို့ဝှက်လဝန်း နတ်ဘုရင်က အဲဒီလို ပြောသွားခဲ့တယ်ဆိုရင် သူက မဟာမိတ်ကိစ္စကို ဆုံးဖြတ်နိုင်မှာပါ။ နောက်နှစ်လကြာရင် ကျုပ်တို့ရဲ့ ချီယန်ဂိုဏ်းက မဟာမိတ်ကိစ္စ ဆွေးနွေးဖို့ လျှို့ဝှက်လဝန်းနန်းတော်ဆီ လာရောက်မယ်လို့ နန်းတော်သခင်ငယ်ကို ပြောပြပေးပါဦး။”

သူ၏ ဂိုဏ်းကို သွေးလင်းယုန်ခန်းမက ပစ်မှတ်ထားနေကြောင်း သိလိုက်ရပြီးနောက် ကြီးမားသော ဖိအားများကို ဝေဖူရှန်း ခံစားလိုက်ရ၏။ သွေးလင်းယုန်ခန်းမက ကျင့်ကြံသည့် မိစ္ဆာနတ်ကျမ်းများသည် သာမန်နတ်များ၏ နတ်အငွေ့အသက်များကို ဖိနှိပ်နိုင်သည် ဆိုသည့်အချက်အပြင် ၎င်းတို့တွင် နတ်ဘုရင် သုံးပါးရှိသည်ကိုပါ ထည့်သွင်းစဉ်းစားရပေမည်။

အကယ်၍ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးလုံးက ချီယန်ဂိုဏ်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့လျှင် ချီယန်ဂိုဏ်းအနေနှင့် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

သွေးလင်းယုန်ခန်းမသည် အစကတည်းက ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကြား ပဋိပက္ခဖြစ်အောင် ကြံစည်နေခဲ့ခြင်းဖြစ်ရာ ၎င်းတို့သည် ချီယန်ဂိုဏ်းကိုသာမက လျှို့ဝှက်လဝန်းနန်းတော်ကိုပါ ပစ်မှတ်ထားနေကြောင်း သိသာလှ၏။ ထို့ကြောင့် နတ်ဂိုဏ်း နှစ်ဂိုဏ်း မဟာမိတ်ဖွဲ့ကာ သွေးလင်းယုန်ခန်းမကို အတူတကွ တိုက်ထုတ်သင့်သည်။

ဝေဖူရှန်းက

“တခြားကိစ္စ မရှိတော့ရင် ကျုပ်ကို ပြန်ခွင့်ပြုပါဦး။”

နတ်ဘုရင်ခံ လင်ရင်က

“ကောင်းကောင်းသွားပါ ... ချီယန် နတ်ဘုရင်။”

ထိုစကားများနှင့်အတူ ဝေဖူရှန်းလည်း နတ်ဘုရင်ခံ တိမ်နက်နှင့်အတူ ကောင်းကင်ဝံပုလွေမြို့မှ ထွက်ခွာသွားတော့သည်။

ဝေဖူရှန်း ထွက်ခွာသွားပြီးနောက် နတ်ဘုရင်ခံ လင်ရင်သည် ထိုနေရာရှိ သစ္စာဖောက် မိသားစုဝင်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် လုချန်းကို

“ချန်းလု...ဒီလူတွေကို ဘယ်လို လုပ်ဖို့ စိတ်ကူးထားလဲ။”

လုချန်းက ခပ်အေးအေးပင်

“အခု ကောင်းကင်ဘုံ လမ်းစဉ်တွေ တဖြည်းဖြည်း ကွယ်ပျောက်နေပြီး လူဦးရေလည်း လျော့နည်းလာနေတာမို့ ဒီလူတွေကို အကုန် သတ်လိုက်ရင် နှမြောစရာပဲ။ သူတို့ကို အကျဉ်းချထားပြီး ကလေးတွေ ပိုမွေးခိုင်းတာ ပိုကောင်းလိမ့်မယ်။ ပြီးရင် သူတို့ရဲ့ ကလေးတွေကို တခြား မိသားစုတွေဆီမှာ ကျွေးမွေးခိုင်းတာပေါ့။”

နတ်ဘုရင်ခံ လင်ရင်က

“ကျွန်မ နားလည်ပါပြီ။”

ထိုစကားများနှင့်အတူ နတ်ဘုရင်ခံ လင်ရင် လက်မြှောက်လိုက်ရာ ထိုနေရာရှိ အသက်ငါးဆယ်ကျော် သာမန်လူများ အားလုံး သွေးမြူခိုးများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြ၏။

ထို့နောက် ကျန်ရှိနေသည့် လူများကို ဖမ်းဆီးကာ အကျဉ်းချထားရန် စစ်သည်များကို အမိန့်ပေးလိုက်၏။

အားလုံး ပြီးစီးသွားသောအခါ နတ်ဘုရင်ခံ လင်ရင်က လုချန်းကို

“ချန်းလု... မဟာမိတ်ကိစ္စကို တခြား အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ လျှို့ဝှက်လဝန်းနန်းတော်ဆီ ကျွန်မ ပြန်ရလိမ့်မယ်။ ရှင် ကျွန်မနဲ့အတူ ပြန်လိုက်ခဲ့ပါလား။”

“သွေးလင်းယုန်ခန်းမရဲ့ အစီအစဉ် ပျက်သွားပြီဆိုတော့ သူတို့ ရှင့်ကို ရန်မူဖို့ လူလွှတ်လာနိုင်တယ်။”

လုချန်း ခဏခန့် တွေးတောလိုက်ပြီးနောက်

“မလိုပါဘူး... ကျုပ် လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်လာတာက စမ်းသပ်မှုတွေကနေတစ်ဆင့် အဆင့်တက်ဖို့ အခွင့်အရေး ရှာချင်လို့ပဲ။ အခု ပြန်သွားရင် ကျုပ်ရဲ့ လေ့ကျင့်မှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။”

နတ်ဘုရင်ခံ လင်ရင်က

“ကျွန်မ နားလည်ပါပြီ... ဒါဆိုရင်လည်း ဂရုစိုက်ပါဦး”

ထိုစကားများနှင့်အတူ နတ်ဘုရင်ခံ လင်ရင်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။

နတ်ဘုရင်ခံ လင်ရင် ထွက်ခွာသွားပြီးနောက် လုချန်း၏ အကြည့်က ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့အပေါ်သို့ ကျရောက်သွား၏။

ရှောင်ရွှီရင်က သူ့ကို စိတ်ဝင်စားနေပြီ ဖြစ်သဖြင့် နောက်တစ်ခေါက်က ကောက်ရှီယွမ်၏ အလှည့် ဖြစ်၏။ ကောက်ရှီယွမ်၏ သူ့အပေါ်ထားသည့် နှစ်သက်မှုက သိပ်မမြင့်မားသေးပေ။

သူ၏ မည်သူဖြစ်ကြောင်းကို ယခုနေ တိုက်ရိုက် ထုတ်ဖော်လိုက်လျှင် သူမနှင့် ချက်ချင်း နီးစပ်နိုင်မည် မဟုတ်ပေ။

နှစ်သက်မှု အဆင့် ကိုးဆယ်သို့ မရောက်ရှိမီအထိ သူ၏ သရုပ်မှန်ကို သူမအား အသိမပေးခြင်းက ပို၍ ကောင်းပေလိမ့်မည်။

ထိုအချိန်တွင် ကောက်ရှီယွမ်က

“မောင်လေးချန်း... အခု ကောင်းကင်ဝံပုလွေမြို့က ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ကျွန်မတို့ တခြား မြို့တွေကို ဆက်သွားကြမလား။”

All Chapters