← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း ၅၂၆ - ယန်ရှောင်ကျစ်နှင့် ဈေးဝယ်ထွက်ခြင်း

ထိုကုမ္ပဏီများ၏ နာမည်များနှင့် သူတို့ပေးမည့် နှစ်စဉ်လစာများကို ကြားလိုက်ရသောအခါ ကျန်းမင်ခမျာ အံ့သြမှင်တက်သွားလေတော့သည်။

ဒါတွေအားလုံးကို ယဲ့ချန်းက ဖိတ်ခေါ်ထားတာများလား။

ဘာလို့လဲ။ ဒီလောက်အထင်ကြီးစရာကောင်းတဲ့ ကုမ္ပဏီတွေကို ယဲ့ချန်းက ဘယ်လိုလုပ်ပြီး ဖိတ်ခေါ်နိုင်ခဲ့တာလဲ။

အစတုန်းကတော့ သူ ယဲ့ချန်းကို အထင်သေးခဲ့သော်ငြား ယခုမူ အမှန်တကယ်အံ့သြနေမိချေပြီ။

သူက ငတုံးမှ မဟုတ်တာ။

ယဲ့ချန်းအနေနှင့် ဤမျှများပြားလှသော ကုမ္ပဏီများကို ခေါ်လာနိုင်ခြင်းမှာ မယုံနိုင်စရာကောင်းသော သူ့ဩဇာတိက္ကမကို ပြသနေခြင်းပင်။

ယဲ့ချန်းက မည်မျှစွမ်းပကားကြီးပြီး ချမ်းသာကြွယ်ဝနေမလဲဆိုသည်ကို ကျန်းမင် တွေးပင် မတွေးရဲတော့ပေ။

ယဲ့ချန်းရှေ့တွင် နှစ်ဘီလျံဖြင့် ကြွားလုံးထုတ်ချင်ခဲ့သော သူ့ကိုယ်သူ ယခုမှသာ အလွန်ရယ်ချင်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

အလုပ်ခေါ်ယူခြင်းကိစ္စ ပြီးဆုံးသွားချိန်တွင်မူ ကျောင်းသားများအားလုံး အလုပ်ကိုယ်စီရသွားကြပြီး တစ်ယောက်ချင်းစီတိုင်းကလည်း ဝမ်းသာလုံးဆို့နေကြ၏။

ကျောင်းအုပ်ကျူးသည် စင်မြင့်ထက်တွင် မတ်တတ်ရပ်နေပြီး အစောပိုင်းက စိတ်ပျက်အားလျော့နေသောပုံစံနှင့် ဆန့်ကျင်စွာ ခွန်အားပြည့်ဝနေတော့သည်။

"ချစ်လှစွာသော ကျောင်းသားဟောင်းတို့... စီးပွားရေးကို စတင်တည်ထောင်ခဲ့တဲ့ လုပ်ငန်းခရီးစဉ်အကြောင်း အားလုံးကို ဝေမျှပေးဖို့အတွက် ကျောင်းသားဟောင်းယဲ့ချန်းကို ကြိုဆိုလိုက်ကြရအောင်"

ထိုအခိုက်ဝယ် ကျောင်းသားအားလုံးက ယဲ့ချန်းကို လေးစားအားကျလေဟန် အမူအရာဖြင့် ကြည့်နေကြသည်။

သူတို့အားလုံး ယဲ့ချန်း၏စွမ်းအားကို မြင်တွေ့ခဲ့ရပြီဖြစ်၏။

သူဖိတ်ခေါ်လာသူများမှာ Fortune 500ကုမ္ပဏီရှိ ထိပ်တန်းအမှုဆောင်အရာရှိများချည်းဖြစ်နေခြင်းမှာ ယဲ့ချန်းအနေနှင့် မည်မျှအထိ အံ့ဖွယ်ကောင်းအောင် တော်လဲဆိုသည်ကို ညွှန်ပြနေပေသည်။

အတန်းဖော်များမှာ ယခုဆိုလျှင် သူ့ကို သူတို့၏ အနာဂတ်ပန်းတိုင်တစ်ခုအနေနှင့် မြင်နေကြပြီဖြစ်၏။

ယဲ့ချန်းဆိုသည်မှာ ယခင်က သူတို့လို သာမန်ဘွဲ့ရတစ်ယောက် ဖြစ်ခဲ့သော်ငြား အချိန်တိုလေးအတွင်း များပြားလှသော ကြွယ်ဝချမ်းသာမှုများကို စုဆောင်းနိုင်ခဲ့သည်။

ကျောင်းအုပ်ကျူး၏စကားကို ကြားသော် ယဲ့ချန်း တုံ့ခနဲရပ်သွားသည်။

"ထားလိုက်ပါတော့ ကျောင်းအုပ်ကျူးရယ်.. ကျွန်တော် မပြောတာပဲ ပိုကောင်းမယ်ထင်တယ်။ မဟုတ်ရင် ဒီကလေးတွေ စိတ်ပျက်သွားလိမ့်မယ်"

ကျောင်းအုပ်ကျူးက ရယ်မောရင်း ပြန်ပြောလိုက်၏။

"ရပါတယ်။ ဒီကလေးတွေလည်း လက်တွေ့ဘဝရဲ့ အခက်အခဲတချို့ကို ရင်ဆိုင်သင့်တာပေါ့"

ယဲ့ချန်းက ခေါင်းခါလိုက်၏။

"ကျွန်တော်ဆိုလိုချင်တာ အဲဒါမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေကြောင့် ဒီကလေးတွေ စိတ်ဓာတ်ကျသွားမှာစိုးလို့ပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုနေရာရှိ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များအားလုံး ရယ်မောလိုက်ကြသည်။

"သခင်လေးယဲ့ကလည်း နောက်လိုက်တာ။ ခင်ဗျားရဲ့ အတွေ့အကြုံတွေက ကျောင်းသားတွေကို စိတ်ပျက်စေမယ်တဲ့လား။ ဘယ်လိုမှ မဖြစ်နိုင်တာ။ ဒါက သေချာပေါက် စိတ်ဝင်စားဖို့ကောင်းတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်း ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာပါ"

"စီနီယာအစ်ကိုယဲ့.. အစ်ကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မိုက်လာတာလဲဆိုတာ ကျွန်တော်တို့အားလုံး သိချင်ပါတယ်"

ကျောင်းသားတချို့က စင်အောက်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

မိန်းကလေးများ၏ မျက်လုံးလေးများမှာ အရောင်လက်နေကြချေသည်။

"နတ်ဘုရားယဲ့ ရှင့်ဇာတ်လမ်းလေးကို ကျေးဇူးပြုပြီး မျှဝေပေးပါဦး"

ယဲ့ချန်း သက်ပြင်းချလိုက်လေသည်။

"မင်းတို့အားလုံး သိချင်နေမှတော့ ပြောပြတာပေါ့"

"ဘွဲ့ရပြီးတဲ့နောက် အလုပ်ကောင်းကောင်းတစ်ခုရခဲ့ပေမယ့် သူဌေးက ငါ့ကို မျက်စိကျနေလို့ ငါ အလုပ်ထွက်လိုက်ရတယ်"

နောက်ဆက်တွဲဇာတ်ကွက်ကိုမူ စိတ်ကူးယဉ်ကြည့်စရာမလိုပါချေ။ လူတိုင်းက ယဲ့ချန်း ကြိုးကြိုးစားစားအလုပ်လုပ်ပြီး သူ့စီးပွားရေးကို အောင်မြင်စွာ စတင်နိုင်ခဲ့သည်ဟုသာ ယူဆလိုက်ကြသည်။

ထို့ကြောင့် လူတိုင်းမှာ ယဲ့ချန်း၏ စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းကို ဆက်နားထောင်နေကြသည်။

"အဲဒီနောက် တက္ကစီစမောင်းတယ်။ အခုအချိန်အထိလည်း တက္ကစီဒရိုင်ဘာလုပ်နေတုန်းပဲ"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လူတိုင်း ဆွံ့အသွားကြသည်။

ကျောင်းအုပ်ကျူးခမျာ ပို၍ဇဝေဇဝါဖြစ်သွားလေသည်။

အဲဒီနောက်မှာ သူက တက္ကစီဒရိုင်ဘာဖြစ်သွားတာလား။

ဇာတ်ကွက်က ဒီလိုမျိုးမဖြစ်သင့်ဘူးလေ။ ဩဇာတိက္ကမကြီးမားတဲ့ လူတစ်ယောက် တောက်ပလာတဲ့ ဇာတ်လမ်းမျိုး ဖြစ်သင့်တာမဟုတ်ဘူးလား။

တက္ကစီမောင်းတယ်ဆိုတာက ဘာကြီးလဲ။

သို့သော် လူတိုင်းကမူ ယဲ့ချန်းကို အလွန်တရာနှိမ့်ချနေကြသည်ဟုသာ ထင်ကြသည်။ တက္ကစီမောင်းသတဲ့။ ဤမျှအထင်ကြီးစရာကောင်းသော လူတစ်ယောက်က တက္ကစီမောင်းနေသည်ဟု မည်သူက ယုံနိုင်မည်နည်း။

"တွေ့လား။ တကယ့်ဒိတ်ဒိတ်ကြဲတွေက ဟိတ်ဟန်မရှိကြဘူးလေ"

"ဒါကို 'မြို့တော်ထဲမှာ ပုန်းကွယ်နေတဲ့' တကယ့်စွမ်းအားရှင်လို့ ခေါ်တာပေါ့"

"ငါ သဘောပေါက်ပြီ။ စီနီယာအစ်ကိုယဲ့က ဘဝအတွေ့အကြုံကို ခံစားဖို့အတွက် တက္ကစီမောင်းနေတာပဲ ဖြစ်ရမယ်"

ယဲ့ချန်းက ဆို၏။

"ကဲ ဒါကတော့ ငါ့ရဲ့စီးပွားရေးစတင်တည်ထောင်ခြင်းဇာတ်လမ်းအဆုံးပါပဲ"

ဘေးနားတွင်မူ ကျောင်းအုပ်ကျူးခမျာ သူ့မျက်နှာကို လက်နှင့် အုပ်ထားလိုက်၏။

ဒါက ဘယ်လိုစီးပွားရေးတည်ထောင်တဲ့ အတွေ့အကြုံမျိုးလဲ။

မင်းက တက္ကစီမောင်းရင်း ဒီလောက်များတဲ့ ဒိတ်ဒိတ်ကြဲတွေကို ဖိတ်ခေါ်နိုင်ခဲ့တာလား။

မင်းက တက္ကစီမောင်းရင်း နိုင်ငံတကာအဆင့်မီ သန်းချီတန်တဲ့ ပြေးလမ်းကြီးကို တည်ဆောက်နိုင်ခဲ့တာလား။

ဤဇာတ်လမ်းက ချမ်းသာသော မိသားစုဆီက အမွေသန်းတစ်ရာရသွားသော ဇာတ်လမ်းထက် ပိုပြီးယုံနိုင်စရာမရှိချေ။

တကယ်တော့ ယဲ့ချန်း၏စကားများမှာ အမှန်တရားများသာ။ သို့သော် မည်သူကမှ သူ့ကို မယုံကြချေ။

ဘုတ်အဖွဲ့အစည်းအဝေးကို တက်ရောက်ပြီးနောက် ယဲ့ချန်း ကျောင်းထဲက ထွက်လာချိန်ဝယ် သူ့ဖုန်းက မြည်လာခဲ့သည်။

ကြည့်လိုက်သောအခါ ယန်ရှောင်ကျစ်ဆီက ဖုန်းဝင်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။

"ယဲ့ချန်း.. ကျွန်မနဲ့အတူ ဈေးဝယ်ထွက်ပေးလို့ရမလား"

"တော်ပါတော့။ ကိုယ့်ကို မင်းမန်နေဂျာလို့များ ထင်နေတာလား"

ယဲ့ချန်းခမျာ ဆွံ့အသွားရလေသည်။

"အဲဒီလိုမပြောပါနဲ့။ အခု ကျွန်မတို့က သူငယ်ချင်းတွေဖြစ်နေပြီ မဟုတ်ဘူးလား"

ယန်ရှောင်ကျစ်က ချွဲနွဲ့လေဟန်လေသံဖြင့် ပြောလိုက်၏။

ဤကောင်မလေးကို စိတ်ဆိုးအောင်လုပ်မိလျှင် ဟိုတယ်ကိုများ တိုင်လိုက်လေမလားဟု တွေးမိသောကြောင့် ယဲ့ချန်း ပြန်ပြောလိုက်၏။

"ကောင်းပြီလေ။ ခဏနေရင် မင်းကို လာခေါ်မယ်"

ဟိုတယ်ကို ရောက်သောအခါ ယဲ့ချန်း မေးလိုက်လေသည်။

"ထမင်းစားပြီးပြီလား"

ယန်ရှောင်ကျစ်ကလည်း ခေါင်းခါပြသည်။

"အခုလေးတင် နိုးတာ။ ဒီလိုကောင်းကောင်းမအိပ်ရတာ တော်တော်ကြာပြီ"

ယဲ့ချန်းက ဆို၏။

"တစ်ခုခုစားဖို့ စားသောက်ဆိုင်ကိုခေါ်သွားပေးရမလား"

"ဟင့်အင်း။ ရှင်တို့စားသောက်ဆိုင်မှာ ပိုးဟပ်တွေရှိတယ်"

"အဲဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ။ စားဖိုမှူးကိုလည်း လူစားထိုးလိုက်ပြီ။ မီနူးကိုလည်း ကိုယ်တိုင်ရွေးချယ်စီစဉ်ထားတာ"

"တကယ်လား။ ဒါဆို စားကြည့်မယ်လေ"

ယန်ရှောင်ကျစ် စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်ချိန်ဝယ် ဆိုင်၏အနေအထားကြောင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။

ယဲ့ချန်း၏ ညွှန်ကြားချကအတိုင်း စားသောက်ဆိုင်ကို အသစ်ပြန်လည် ပြင်ဆင်မွမ်းမံထားသည်။

သူ(မ) ထိုင်ချလိုက်ပြီးနောက် စားပွဲဘေးနားရှိ စာသားအသေးလေးတစ်ကြောင်းကို ရုတ်တရက် သတိထားမိလိုက်သည်။

ကိုယ့်ဘဝရဲ့ လက်ကျန်အချိန်တွေအတွက်

မင်းကိုပဲ လိုချင်တယ်

ကိုယ့်ဘဝရဲ့လက်ကျန်အချိန်တွေအတွက်

နှင်းထန်ထန်လေကြမ်းကြမ်း မင်းကိုပဲလိုအပ်တယ်

ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ မင်းကိုပဲလိုအပ်တယ်

ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းကိုပဲ လိုအပ်တယ်

နှလုံးသားထဲက နူးညံ့ကြင်နာမှုကလည်း မင်းအတွက်ပါပဲ

ဘယ်နေရာကိုပဲ ကြည့်ကြည့်

မင်းပါပဲ

ယန်ရှောင်ကျစ်မှာ ဤစာသားလေးများကြောင့် ရင်ထဲ ထိရှသွားရသည်။

ထိရှဖွယ်ကောင်းလှသော စကားစုလေးပင်။

ယဲ့ချန်းက တခစ်ခစ်ရယ်မောလိုက်၏။

"ဘယ်လိုလဲ။ ရေးထားတာ မဆိုးဘူးမလား"

"အာ.. ဒါကို ရှင်ရေးထားတာလား"

ယန်ရှောင်ကျစ်က ယဲ့ချန်းကို တအံ့တသြကြည့်လိုက်သည်။

ယဲ့ချန်းကလည်း ပြုံးလိုက်သည်။

"ဒါပေါ့"

ဤသည်မှာ သူ့ယခင်ဘဝက သီချင်းစာသားတစ်ခုပင်။ ဤကမ္ဘာတွင်မူ ဤသီချင်းမျိုး မရှိချေ။

ထို့ကြောင့် သူရေးခဲ့သည်ဟုပြောခြင်းမှာ မှားတော့မမှားချေ။

ယန်ရှောင်ကျစ်က တအံ့တသြရေရွတ်လိုက်၏။

"ဘုရားရေ... ရှင်က အရမ်းအံ့ဩစရာကောင်းတာပဲ"

ထိုအချိန်မှာပင် အစားအသောက်များ ရောက်လာလေသည်။

ယဲ့ချန်းက ပြုံးလိုက်၏။

"ကိုယ်တို့ဟိုတယ်ရဲ့ အစားအသောက်တွေ ဘယ်လိုနေလဲဆိုတာ မြည်းကြည့်လိုက်ပါဦး"

ယန်ရှောင်ကျစ်က တစ်လုတ်စားကြည့်ပြီးနောက် မရပ်နိုင်လောက်အောင် ဖြစ်သွားသည်။

"အရသာက မိုက်လှချည်လား။ အရမ်းကောင်းတာပဲ။ ဓာတ်ပုံရိုက်ပြီး ဒီကဗျာလေးကိုပါ တင်လိုက်ဦးမယ်"

ယဲ့ချန်းက ညင်သာစွာ ပြုံးလိုက်သည်။

"ပရိသတ်တွေ အများကြီးရှိတဲ့ ယန်ရှောင်ကျစ်သာ တင်လိုက်ရင် ဒီနေရာက နာမည်ကြီးဆိုင်တစ်ဆိုင် ဖြစ်သွားတော့မှာ။ နာမညိမကြီးမှာ စိုးရိမ်စရာတောင် မလိုတော့ဘူး"

စားသောက်ပြီးသွားသောအခါ ယန်ရှောင်ကျစ်က သူ(မ)၏ ဗိုက်လုံးလုံးလေးကို ပုတ်လိုက်သည်။

"ကျွန်မကို အရသာရှိတဲ့ အစားအသောက်တွေကျွေးတာ ရှင့်အပြစ်။ ကျွန်မမန်နေဂျာကတော့ ကျွန်မကို ထပ်ဆူတော့မှာပဲ"

ယဲ့ချန်းက ရယ်မောရင်း ပြောလိုက်သည်။

"ကိုယ်တို့ အစာကြေသွားအောင် ဈေးဝယ်ထွက်ကြမလား"

ယန်ရှောင်ကျစ်က ခေါင်းညိတ်လိုက်သော်ငြား သူ(မ)ကိုယ်သူ(မ) လုံခြုံသွားအောင် သေချာဖုံးအုပ်ထားဆဲပင်။

နှာခေါင်းစည်းနှင့် နေကာမျက်မှန်ကို တပ်ထားသည့်အပြင် ဦးထုပ်အနားကွပ်ကိုပင် အောက်ကို ဆွဲချထားသေးသည်။

ယန်ရှောင်ကျစ် ဤမျှအထိ သတိထားနေသည်ကို မြင်သောအခါ ယဲ့ချန်း သက်ပြင်းသာ ချလိုက်မိတော့သည်။

နာမည်ကြီးတစ်ယောက်ဖြစ်သောကြောင့် အများက ခမ်းနားသည်ဟု ထင်ကြသော်ငြား သူတို့တွင်လည်း သူတို့အခက်အခဲနှင့်သူတို့ ရှိကြသည်။

အနည်းဆုံးတော့ သူတို့သည် သာမန်လူများနှယ် လွတ်လွတ်လပ်လပ် လျှောက်သွား၍မရပေ။ ဘယ်သွားသွား အများ၏ အာရုံစိုက်မှုကို ခံရမည်သာ။

ယဲ့ချန်းက ယန်ရှောင်ကျစ်ကို ကားနှင့် စီးပွားရေးလမ်းမသို့ ခေါ်သွားပေးခဲ့သည်။

"ရေဆာပြီလား။ ကိုယ့်ကိုစောင့်နေနော်။ ရေသွားဝယ်လိုက်ဦးမယ်"

ယဲ့ချန်းက ထိုသို့ပြောရင်း အနီးအနားရှိ စူပါမားကတ်တစ်ခုသို့ လျှောက်သွားလိုက်၏။

ယဲ့ချန်း၏ကျောပြင်ကို စိုက်ကြည့်ရင်း ယန်ရှောင်ကျစ်ခမျာ ရုတ်တရက် အထီးကျန်သလို ခံစားလိုက်ရသည်။

မကြာသေးခင်က ယန်ရှောင်ကျစ်သည် အရာအားလုံးမှာ သူ(မ)မျှော်လင့်ထားသလို ဖြစ်မလာဘဲ ရိုက်ကွင်းမှာ ဇာတ်ကောင်နေရာ အလုခံရခြင်း၊ သြဇာကြီးသူများက ပါတီပွဲများကို အတင်းအကျပ်တက်ခိုင်းခြင်းတို့ကို ခံစားခဲ့ရသည်။

ယခုလို အပြင်ထွက်လာရသည်မှာ သူ(မ)အတွက် တစ်ခုတည်းသော ပျော်ရွှင်ချိန်လေးပင်။ အထူးသဖြင့် ယဲ့ချန်းနှင့် ဆုံတွေ့ရခြင်းပင်။

ဘာကြောင့်မှန်းမသိသော်ငြား ယဲ့ချန်းနှင့် အတူရှိနေရခြင်းမှာ သူ(မ)ကို ရှင်းပြ၍မရနိုင်သော ပျော်ရွှင်မှုတစ်ခုကို ပေးစွမ်းလေသည်။

သာမန်မိန်းကလေးတစ်ယောက် ဖြစ်ရခြင်းကများ ပိုကောင်းလေမလား။ ငါ ဖျော်ဖြေရေးအလုပ်ကို စွန့်လွှတ်လိုက်သင့်ပြီလား။

ထိုအချိန်လေးမှာပင် မလှမ်းမကမ်း၌ အသက်ခုနစ်ဆယ်အရွယ် အဘွားအိုတစ်ယောက် ရုတ်တရက် မြေကြီးပေါ်သို့ ထိုင်လျက်လဲကျသွားပြီး ရင်ဘတ်ကိုဖိ၍ နာကျင်စွာ ညည်းတွားနေပေသည်။

ဤမြင်ကွင်းကို တွေ့လိုက်ရသော ဘေးနားရှိ လူများက ကူးစက်ရောဂါကို ရှောင်ဖယ်သွားကြသလို လူစုကွဲသွားကြပြီး ယန်ရှောင်ကျစ်တစ်ယောက်တည်းသာ စိုးရိမ်တကြီး ပြေးသွားလေသည်။

••••••••••••••••

အပိုင်း ၅၂၇ : ယန်ရှောင်ကျစ်၏ အကျပ်အတည်း

ယန်ရှောင်ကျစ်မှာ စိတ်ထားကောင်းလှသော မိန်းကလေးတစ်ယောက်ပင်။ အဘွားအိုတစ်ယောက် လဲကျသွားသည်ကို မြင်လိုက်ရသောအခါ သူ(မ)လည်း တွေဝေမနေဘဲ ချက်ချင်းပြေးသွားလိုက်သည်။

ထိုအဘွားအိုက မြေပြင်ပေါ်မှာ လဲကျနေပြီး ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ယင်နေပေသည်။

ယန်ရှောင်ကျစ် လန့်ဖျပ်သွားသည်။

"ဘာဖြစ်တာလဲ အဘွား"

အဘွားအိုက အတုန်တုန်အယင်ယင်ဖြင့် ပြောရှာသည်။

"အဘွားမှာ နှလုံးရောဂါရှိတယ်။ ဆေးတွေက အိတ်ကပ်ထဲမှာ"

ယန်ရှောင်ကျစ်လည်း အဘွားအို၏အိတ်ကပ်ထဲကို လက်နှိုက်ကြည့်လိုက်သော်လည်း ပိုက်ဆံအိတ်တစ်လုံးကိုသာ တွေ့လိုက်ရသည်။

"အဘွား.. အိတ်ကပ်ထဲမှာ ဘာဆေးမှမရှိပါဘူး။ အဘွား အမှတ်မှားနေတာများလား။ ကျွန်မ အဘွားအတွက် ၁၂၀ကို ခေါ်ပေးမယ်နော်"

ယန်ရှောင်ကျစ်က ထိုသို့ပြောပြီးနောက် မတ်တတ်ထရပ်ရန် ပြင်လိုက်သည်။

သို့သော် သူ(မ) မတ်တတ်ရပ်တော့မည့်ဆဲဆဲမှာပင် အစောကမှ သတိလစ်လုမတတ်ဖြစ်နေသော အဘွားအိုက ယန်ရှောင်ကျစ်၏လက်ကောက်ဝတ်ကို ရုတ်တရက်လှမ်းဆွဲလိုက်သည်။

"ကလေးမ… နင်က တော်တော်ရက်စက်တာပဲ။ လူကို ဝင်တိုက်ပြီးတော့ ထွက်ပြေးမလို့ပေါ့"

ယန်ရှောင်ကျစ် ကြက်သေသေသွားလေသည်။

သူ့ဘာသာ လဲကျသွားတာ အသိသာကြီးကို...

ယခုမူ အဘွားအိုက လုံးဝအားနည်းနေခြင်းမရှိတော့ဘဲ အလွန်အားအင်ပြည့်ဝနေဟန်တူသည်။

သူ(မ)၏မျက်လုံးထဲဝယ် မလိုမုန်းထားမှုများ တောက်ပနေလေသည်။

"ငါ့ဘာသာငါ လမ်းလျှောက်နေတာ နင် ငါ့ကို ဝင်တိုက်တာလေ။ နင် လျော်ကြေးမပေးဘဲ ထွက်သွားလို့မရဘူး"

ယန်ရှောင်ကျစ်မှာ ယခင်က ဒဏ်ရာရချင်ယောင်ဆောင်ပြီး ငွေညှစ်သည့် သတင်းများကို မြင်ဖူးသော်လည်း သူ(မ)ကိုယ်တိုင် ဤကိစ္စမျိုး ကြုံရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။

"ဘာပေါက်ကရတွေ လာပြောနေတာလဲ။ ရှင့်ဘာသာရှင် လဲကျတာလေ။ ကျွန်မက ရှင့်ကို လာကူညီပေးတာကို"

ယန်ရှောင်ကျစ်လည်း ပြန်လည်ချေပလိုက်သည်။

ယန်ရှောင်ကျစ်က ထိုသို့ပြောရင်း အဘွားအို၏လက်ထဲမှ အလွတ်ရုန်းထွက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် အဘွားအိုက မြဲမြဲမြံမြံဆုပ်ကိုင်ထားသဖြင့် ယန်ရှောင်ကျစ်ခမျာ အလွတ်မရုန်းနိုင်ခဲ့ပေ။

အဘွားအိုက သူ(မ)၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း လမ်းသွားလမ်းလာများကို အော်ခေါ်လိုက်သည်။

"ရက်စက်လိုက်တာနော်။ လူကိုဝင်တိုက်ပြီး ထွက်ပြေးမလို့တဲ့။ ဒီကောင်မလေးက ငါ့ကို ရိုက်လည်းရိုက်သေးတယ်"

ယန်ရှောင်ကျစ်မှာမူ ဒေါသပေါက်ကွဲတော့မတတ်ပင်။ ဇာတ်လမ်းတွဲများထဲရှိ သရုပ်ဆောင်များပင် ဤအဘွားအိုလောက် သရုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ထိုအချိန်မှာ ယန်ရှောင်ကျစ်လည်း သူ(မ)အနောက်ရှိ အဘွားအိုထံမှ အမြန်ဆုံးရုန်းထွက်ချင်ရုံသာ ရှိတော့သည်။

ထိုစဉ် ပြစ်တင်ကြိမ်းမောင်းလိုက်သော အသံတစ်သံထွက်ပေါ်လာသည်။

"မိန်းမယုတ်… နင် ငါ့အမေကို ဘာလုပ်လိုက်တာလဲ"

ထိပ်ပြောင်ပြောင်အမျိုးသားတစ်ယောက် ပေါ်လာပြီး ယန်ရှောင်ကျစ်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

ယန်ရှောင်ကျစ်ကလည်း ခပ်မြန်မြန်ပြောလိုက်လေသည်။

"ကျွန်မ ဘာမှမလုပ်ပါဘူး။ သူ့ဘာသာလဲကျသွားလို့ ကျွန်မက ကူညီပေးချင်ရုံသက်သက်ပါ"

အဘွားအိုက အော်ဟစ်ငိုယိုလိုက်သည်။

"နင်တို့မြို့သူမြို့သားတွေက အရမ်းရက်စက်တာပဲ။ နင် ငါ့ကိုဝင်တိုက်သွားတာ အသိသာကြီးကို"

ထိပ်ပြောင်ပြောင်လူက လှောင်ပြောင်လိုက်လေသည်။

"ကောင်မလေး.. နင် လူကို ဝင်တိုက်တုန်းက တိုက်ထားပြီး ဗြောင်လိမ်ချင်တယ်ပေါ့။ နင်သာ ငါ့အမေကို ဝင်မတိုက်ဘူးဆိုရင် ဘာလို့ လာကူညီပေးမှာလဲ။ နင်ဝင်တိုက်တာပဲဖြစ်ရမယ်"

ထိပ်ပြောင်ပြောင်အမျိုးသား၏ စွပ်စွဲချက်များကြောင့် ယန်ရှောင်ကျစ် ဆွံ့အသွားရသည်။

အဘွားအိုတစ်ယောက် လဲကျသွားတာကိုမြင်လို့ သွားကူညီပေးမိတာ ငါ့အမှားလား

ထိုအချိန်တွင် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြည့်ရန်အတွက် ဝိုင်းလာကြပြီဖြစ်၏။

အမျိုးသမီးတစ်ယောက်က ခုန်ထွက်လာပြီး ယန်ရှောင်ကျစ်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ဒီကောင်မလေး လိမ်နေတာ။ သူ လူကိုဝင်တိုက်သွားတာ ငါမြင်လိုက်တယ်"

"ငါလည်းမြင်လိုက်တယ်။ သူက အဘွားအိုကို ဝင်တိုက်ပြီး အိတ်ကပ်တွေထဲကို နှိုက်ကြည့်နေတာ။ အဘွားအိုသတိလစ်နေတုန်း ပိုက်ဆံခိုးချင်လို့နေမှာ"

ဤစကားကိုကြားသော် ပတ်ပတ်လည်ရှိ လူများမှာ ယန်ရှောင်ကျစ်ကို ဝိုင်းဝန်းစွပ်စွဲကြတော့သည်။

"ဒီကောင်မလေး ဘယ်လိုလုပ်ပြီး လုပ်ရက်ရတာလဲ"

"ဟုတ်ပါ့။ ကိုယ်ကျင့်တရား မရှိတာပါ"

"ဒီနေ့ခေတ်လူငယ်တွေများ"

ယန်ရှောင်ကျစ်ခမျာ နာကျည်းလွန်းသဖြင့် ငိုမိသည်။

"ကျွန်မ တကယ်ဝင်မတိုက်ခဲ့ပါဘူး"

ထိပ်ပြောင်ပြောင်အမျိုးသားက ယန်ရှောင်ကျစ်ကို ခက်ထန်စွာ လက်ညှိုးထိုးပြလိုက်သည်။

"ဒီကောင်မလေးက တော်တော်ယုတ်မာတာပဲ။ ငါ့အမေကို ဝင်တိုက်တဲ့အပြင် ပိုက်ဆံပါ ခိုးချင်သေးတယ်။ ဒီနေ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားထားလိုက်"

ယန်ရှောင်ကျစ်ခမျာ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

"ရှင်တို့တွေအကုန်လုံးလိမ်နေတာ။ ကျွန်မ သူ့ကိုဝင်မတိုက်ဘူး။ သူ့ဘာသာလဲကျသွားတာ။ ကျွန်မက ကူညီပေးချင်ရုံပဲ။ ဒါပေမဲ့ သူက ကျွန်မကို ရိုက်စားလုပ်ချင်တာ။ ကျွန်မက သူ့အတွက် ဆေးရှာပေးချင်တာ။ ပိုက်ဆံခိုးဖို့မဟုတ်ဘူး"

"တရားမျှတမှုဆိုတာ မရှိတော့ဘူးပဲ။ သူ ငါ့ကိုဝင်တိုက်သွားတာ အသိသာကြီးတောင် ဝန်မခံဘူး"

အဘွားကြီးက မြေပြင်ပေါ်တွင် လှဲချပြီးနောက် အော်ဟစ်ကာ သောင်းကျန်းလေတော့သည်။

အစောက ဝင်ပြောပေးသည့် အမျိုးသမီးကြီးကလည်း မောက်မောက်မာမာပြောပြန်သည်။

"ဟဲ့ ကောင်မလေး.. ငါ အကုန်လုံးကို ဗီဒီယိုရိုက်ထားတယ်နော်။ နင် ငြင်းချင်သေးလား"

ထိုအမျိုးသမီးကြီးက သူ(မ)၏ဖုန်းကို ဆွဲထုတ်ကာ ဘေးနားရှိ လူများကို ပြလိုက်၏။

"ဒီကောင်မလေးကိုကြည့်စမ်း.. အဘွားရဲ့အိတ်ကပ်ကိုနှိုက်နေတာနော်။ ပိုက်ဆံခိုးတာမဟုတ်ရင် အဲဒါ ဘာလုပ်နေတာလဲ"

"တကယ်ပါပဲ။ ရုပ်လေးက သနားကမားလေးနဲ့ တော်တော်ယုတ်မာတာပဲ"

"အဲဒါကြောင့် နှာခေါင်းစည်းနဲ့ နေကာမျက်မှန်တပ်ပြီး သူ့မျက်နှာကို လုံလုံခြုံခြုံဖုံးထားတာကိုး။ မကောင်းတာလုပ်ထားတော့ လူမိသွားမှာကြောက်တယ်ထင်ပါရဲ့"

"ဒီလိုလူမျိုးကို အလွတ်ပေးလို့မဖြစ်ဘူး"

ဘေးနားရှိ လူအုပ်ကြီးက ယန်ရှောင်ကျစ်ကို ဝိုင်းဝန်းဆဲဆိုကြတော့သည်။

ယန်ရှောင်ကျစ်မှာ ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်တော့သဖြင့် သူများကိစ္စကို ဝင်ပါခဲ့မိသည့်အတွက် နောင်တရနေမိတော့သည်။

ယခုမူ ဤသည်မှာ ငွေလိမ်ဂိုဏ်းတစ်ခုဖြစ်ကြောင်း သူ(မ) သဘောပေါက်လိုက်လေပြီ။

ဤသည်မှာ အစကတည်းက ထောင်ချောက်ဆင်ထားခြင်းပင်။

ယန်ရှောင်ကျစ်ခမျာ ဘေးနားရှိ လူများကိုသာ ရှင်းပြရတော့သည်။

"ကျွန်မ တကယ် ဘယ်သူ့ကိုမှ ဝင်မတိုက်ခဲ့ပါဘူး။ သူ့မှာ နှလုံးရောဂါရှိတယ်ဆိုလို့ သူ့ဆေးကို ကူရှာပေးနေတာပါ"

ထိုအချိန်မှာပင် အဘိုးကြီးတစ်ယောက်က လူအုပ်ကြီးထဲမှ ထွက်လာပြီး ယန်ရှောင်ကျစ်ကို လက်ညှိုထိုးပြလိုက်သည်။

"နင်က ငြင်းချင်သေးတယ်ပေါ့။ နင့်လိုလူတွေကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ကိုယ်ကျင့်တရားတွေ ပျက်စီးနေရတာ"

ထိုအဘိုးကြိး၏စကားများက ဘေးနားရှိ လူအုပ်ကြီးကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားလေသည်။

"ဟုတ်ပါ့။ လူကို ဝင်တိုက်ပြီးတော့ ကောင်းတာလုပ်တယ်လို့ ပြောရဲသေးတယ်။ နည်းနည်းပါးပါးရှက်တတ်ပါဦး"

"သက်ကြီးရွယ်အိုဆီက ပိုက်ဆံခိုးဖို့ ကြိုးစားတာကတော့ တော်တော်လွန်သွားပြီ"

...

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက မောက်မာစွာ ပြောလိုက်၏။

"ငါ့ဆီမှာ ဗီဒီယိုသက်သေရှိနေတာတောင် ဒီကောင်မလေးက ငြင်းနေသေးတယ်။ ဒါမျိုးက ခွင့်လွှတ်ပေးလို့ကိုမရတာ"

ပွဲကြည့်သူများလည်း ဒေါသထွက်လာကြတော့သည်။

ထိုအချိန်တွင် ထိပ်ပြောင်ပြောင်အမျိုးသားက ထီမထင်ဟန်အမူအရာဖြင့် ပြောလိုက်သည်။

"ဟမ့်… ဒီကောင်မလေးက လူကောင်းလို့ ငါတော့မထင်ဘူး။ မဟုတ်ရင် ဒီလောက်အထိ ဘာလို့လုံလုံခြုံခြုံဖုံးထားမှာလဲ။ သူ့နှာခေါင်းစည်းနဲ့ နေကာမျက်မှန်ကိုချွတ်ပြီး သူ့မျက်နှာအစစ်ကို ကြည့်ရအောင်"

အမျိုးသမီးကြီးကလည်း ထောက်ခံလိုက်သည်။

"ဟုတ်တယ်။ လူတိုင်းမြင်အောင် သူ့မျက်နှာကို ဖော်ထုတ်ပစ်လိုက်"

ဤလူများ၏စကားကြောင့် ယန်ရှောင်ကျစ် ကြောက်လန့်သွားသည်။

မည်သို့ပင်ဖြစ်စေ သူ(မ)က အနုပညာရှင်တစ်ယောက်ပင်။ နေကာမျက်မှန်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်ပါက ဤလူများ သူ(မ)ကို မှတ်မိသွားပေလိမ့်မည်။

သံသယဖြစ်စရာမလိုပေ။ အကယ်၍ သူ(မ)ကိုသာ မှတ်မိသွားပါက နောက်တစ်နေ့တွင် ဖျော်ဖြေရေးသတင်းခေါင်းကြီးပိုင်းတွင် သူ(မ) သေချာပေါက် ပါလာပေလိမ့်မည်။

ပိုဆိုးသည်မှာ ယခုအချိန်တွင် သူ(မ)သည် မတရားစွပ်စွဲခံနေရသည်ဖြစ်ရာ အကယ်၍ သတင်းထဲ ပါသွားခဲ့လျှင်…

ပြင်းထန်လှသော အကျိုးဆက်များကို တွေးမိပြီး ယန်ရှောင်ကျစ်၏ရင်ထဲတွင် လေးလံသွားသည်။

"ရှင်တို့ လွန်နေပြီနော်။ နှာခေါင်းစည်းနဲ့ နေကာမျက်မှန်တပ်တာက ကျွန်မရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နော်"

အဘိုးကြီးက နှာခေါင်းရှုံ့လိုက်သည်။

"ဟမ့်… မင်းကို လူမြင်သွားမှာကြောက်နေတာပဲ။ သူ့ကို ရဲတွေမှတ်မိသွားမှာ ကြောက်နေတာပဲဖြစ်မယ်"

လူတစ်စု၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူအုပ်ကြီးကလည်း စတင်အော်ဟစ်လေတော့သည်။

"ဟုတ်တယ်။ ဟုတ်တယ်။ သူ့နှာခေါင်းစည်းနဲ့ နေကာမျက်မှန်ကို ချွတ်လိုကု်။ သူက ဝရမ်းပြေးဟုတ်မဟုတ် ကြည့်ကြတာပေါ့"

"ဟုတ်တယ်။ ဟုတ်တယ်။ လူဆိုးတွေကို အလွတ်ပေးလို့မဖြစ်ဘူး"

လူအုပ်ကြီးမှာ အရူးအမူးဖြစ်သွားလေသည်။

လူအုပ်ထဲရှိ လူအများစုမှာ အမှန်တရားကို မသိကြဘဲ ရောယောင်၍ ဝင်ပါကြသည်။

ယန်ရှောင်ကျစ်ခမျာ စိတ်ဖိစီမှုကြောင့် ငိုမိတော့မတတ်ဖြစ်နေလေပြီ။

ဤလူများက အလွန်မုန်းစရာကောင်းပြီး လူအုပ်ကြီးကို အဆက်မပြတ်သွေးထိုးလှုံ့ဆော်နေကြသည်။

လူအုပ်ကြီး၏ စွပ်စွဲမှုအောက်တွင် ထိုအမျိုးသားက ယန်ရှောင်ကျစ်ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။

"မိန်းမယုတ်.. နင့်ရုပ်အစစ်က ဘယ်လိုလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ယန်ရှောင်ကျစ် မျက်နှာပျက်သွားလေသည်။

သွားပါပြီ..

အပြင်ခိုးထွက်လာမိသည်ကို သူ(မ)နောင်တရမိသွားသည်။

ထိုအမျိုးသားက ယန်ရှောင်ကျစ်ဆီသို့ လက်လှမ်းလိုက်ချိန်မှာပင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ခက်ထန်လှသော ထိုအသံကြောင့် ထိုအမျိုးသားလည်း လန့်ဖျပ်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။

ယဲ့ချန်းက ယန်ရှောင်ကျစ်အရှေ့တွင် ရပ်လိုက်သည်။

"ဘယ်သူလှုပ်ရဲလဲဆိုတာ ကြည့်ရသေးတာပေါ့"

ယဲ့ချန်းကို မြင်သောအခါ အစောတုန်းက မျှော်လင့်ချက်မဲ့နေရှာသော ယန်ရှောင်ကျစ်လည်း ရုတ်ခြည်းစိတ်သက်သာရာရသွားသည်။

"ယဲ့ချန်း.. ရှင်ရောက်လာပြီပဲ"

ဤလူများက ယန်ရှောင်ကျစ်ကို ပစ်မှတ်ထားနေကြောင်း မြင်လိုက်ရကတည်းက သူ ဒေါသထွက်နေခြင်းပင်။

ထို့ကြောင့် ထိုအမျိုးသား၏လက်ကို ပုတ်ချလိုက်ပြီးနောက် အဘွားအိုကိုလည်း တွန်းဖယ်လိုက်သည်။

ဩဇာညောင်းလေဟန်တူသော အမျိုးသားကို မြင်လိုက်ရချိန်ဝယ် လူအုပ်ကြီး၏အမူအရာကား ပြောင်းလဲသွားသည်။

••••••••••••••••

အပိုင်း ၅၂၈ - ကျွန်တော် တစ်သန်း လျော်ပေးမယ်

ယန်ရှောင်ကျစ်လည်း ယဲ့ချန်းကို မြင်လိုက်ရသောအခါ ဆွေမျိုးတစ်ယောက်ကို မြင်လိုက်ရသည့်နှယ် ယဲ့ချန်း၏ ရင်ခွင်ထဲသို့ ရုတ်တရက်တိုးဝင်ကာ ငိုချလိုက်တော့သည်။

"ယဲ့ချန်း သူတို့က လူကို သက်သက်အနိုင်ကျင့်နေကြတာ။ သူတို့ချင်းပေါင်းပြီး မတော်တဆမှုဖြစ်ချင်ယောင်ဆောင်နေကြတာ"

ယဲ့ချန်းက ယန်ရှောင်ကျစ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"စိတ်မပူနဲ့။ ကိုယ်ရှိတယ်"

ထိုအချိန်တွင် ယန်ရှောင်ကျစ်သည် ယဲ့ချန်း၏ ရင်ခွင်ထဲဝယ် စင်စစ်နွေးထွေးလုံခြုံသွားသလို ခံစားလိုက်ရသည်။

ပရိသတ်သန်းချီရှိသည့် နာမည်ကြီးစတားတစ်ယောက် ဖြစ်နေသော်လည်း တကယ်တမ်းတွင်မူ ယန်ရှောင်ကျစ်မှာ အလွန်အထီးကျန်ဆန်လှသည်။

ကိစ္စတော်တော်များများကို သူ(မ)တစ်ယောက်တည်းသာ ဖြေရှင်းရပြီး အလွန်ပင်ပန်းလွန်းသည်ဟု ခံစားရသည်။

ယခင်တုန်းကတော့ သရုပ်ဆောင်လုပ်နေသည့် သူ(မ)၏မောင်လေး ရှိသောကြောင့် သူ့ကို ရင်ဖွင့်တိုင်ပင်၍ ရသေးသည်။

သို့သော် ယခုမူ မောင်ဖြစ်သူမှာ ချစ်သူရည်းစားရှိနေပြီဖြစ်၍ သူ့ကို အနှောင့်အယှက်ပေးရမည်ကို အားနာနေမိသည်။

ယဲ့ချန်းက ယန်ရှောင်ကျစ်၏ သနားစရာကောင်းသော မျက်နှာလေးကို ကြည့်လိုက်သည်။

"ကဲပါ။ ဒီလိုကိစ္စသေးသေးလေးအတွက် ငိုနေစရာလိုလို့လား"

တွန်းဖယ်ခံလိုက်ရသော အဘွားအိုမှာ အစပိုင်းတွင် လန့်သွားသော်လည်း ရုတ်ခြည်းပင် အသံကုန်ဟစ်၍ ငိုယိုလေတော့သည်။

"ဒီလောကကြီးမှာ လူကိုဝင်တိုက်သွားတာတောင်မှ မှန်တဲ့ပုံ ဖမ်းနေသေးတယ်။ အားလုံးပဲ ကြည့်ကြပါဦး။ ဒီလောက်တောင် ကျိုးကြောင်းမဲ့တဲ့လူ ရှိသေးလို့လား"

တစ်ဖက်အမျိုးသားက ရက်စက်ခက်ထန်သော အကြည့်ဖြင့် ယဲ့ချန်းကို လက်ညှိုးထိုးလိုက်၏။

"မင်းက ဘာသဘောလဲ ကောင်လေး.. ပြဿနာရှာချင်နေတာလား"

ထိုသို့ပြောရင်း ထိုအမျိုးသားက ယဲ့ချန်းကိုထိုးရန် လက်သီးရွယ်လိုက်သည်။

သို့သော် ယဲ့ချန်းက ရှောင်တိမ်းပြီးနောက် ထိပ်ပြောင်ပြောင်အမျိုးသား၏ ဝမ်းဗိုက်ကို ကန်ချလိုက်သည်။

ထိပ်ပြောင်ပြောင်အမျိုးသားလည်း 'ဘုန်း'ခနဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုလူ အကန်ခံလိုက်ရပြီး လဲကျသွားသည်ကို မြင်သောအခါ အဘွားအိုခမျာ အလွန်စိုးရိမ်သွားသည်။

"အားလုံးပဲ ကြည့်ကြပါဦး။ လူကို ဝင်တိုက်ရုံတင်မကဘူး။ ရိုက်နှက်နေကြသေးတယ်"

စောင့်ကြည့်နေကြသော အဘိုးအိုနှင့် လူလတ်ပိုင်းအမျိုးသမီးမှာ မျက်နှာပျက်ယွင်းသွားသည်။

"ကောင်လေး...မင်းက လမ်းမပေါ်မှာ လူကို တကယ်ရိုက်နှက်လိုက်တာပဲ"

"တရားဥပဒေဆိုတာ မရှိတော့ဘူးလား"

ယဲ့ချန်းကမူ အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့လိုက်၏။

"သေချာကြည့်။ သူ ငါ့ကို အရင်စထိုးတာနော်။ ဒါကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်တယ်လို့ ခေါ်တယ်။ ပြီးတော့ ခင်ဗျားတို့တွေပေါင်းပြီး မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ အခုလိုလူလိမ်ဂိုဏ်းဖွဲ့ထားတာ မရှက်ကြဘူးလား"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူတချို့ မျက်နှာပျက်သွားကြသည်။

အမျိုးသမီးက ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက မတော်တဆမှုဖြစ်ချင်ယောင်ဆောင်နေလို့လဲ။ ရှင်းရှင်းပြောစမ်း။ ငါ့ဆီမှာ ဗီဒီယိုသက်သေ ရှိတယ်နော်"

ယဲ့ချန်းက အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့လိုက်၏။

"ဗီဒီယိုသက်သေ ဟုတ်လား။ ကောင်းပြီလေ။ ဒီကောင်မလေး လူကို ဝင်တိုက်မိတဲ့ ဗီဒီယိုရှိရင် ပြစမ်းပါ။ အဲဒါမျိုးသာရှိရင် ကျုပ်တို့ ဝန်ခံမယ်"

"အဲဒါကတော့... ငါ ရိုက်ဖို့အချိန်မရလိုက်ဘူး"

ထိုအမျိုးသမီးက အနည်းငယ်ထိတ်ထိတ်ပျာပျာဖြင့် ပြောလိုက်သည်။

ယန်ရှောင်ကျစ်ကလည်း ဘေးနားတွင်ရပ်ကာ ပြောလိုက်သည်။

"ငါ သူ့အတွက် ဆေးကူရှာပေးနေတာ။ ခိုးနေတာ မဟုတ်ဘူး"

"ဟွန့်.. ဆေး ဟုတ်လား။ နင် ဆေးရှာပေးနေတာလို့ ဘယ်သူက သက်သေပြနိုင်မှာလဲ"

အမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ယန်ရှောင်ကျစ်ခမျာ ဆွံ့အသွားရသည်။

ယဲ့ချန်းက ယန်ရှောင်ကျစ်၏ အရှေ့တွင် ရပ်၍ ပြောလိုက်သည်။

"ဒီကောင်မလေးက လူကို ဝင်တိုက်သွားတယ်ဆိုတဲ့သက်သေ ခင်ဗျားတို့ဆီမှာ ရှိလို့လား"

အဘိုးအိုက ရှေ့ထွက်လာပြီး ပြောလိုက်သည်။

"ငါ့မျက်စိနဲ့တပ်အပ်မြင်လိုက်တာ"

ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။

"ဪ... ထူးဆန်းလိုက်တာ။ လမ်းပေါ်မှာ လူတွေ ဒီလောက်အများကြီး ရှိနေတာကို ခင်ဗျားတို့နှစ်ယောက်တည်းကပဲ ဒီကောင်မလေး အဘွားအိုကို တိုက်သွားတာ မြင်လိုက်တာလား"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဘေးနားမှ ဝိုင်းကြည့်နေသူများမှာ တီးတိုးပြောဆိုကြလေတော့သည်။

တစ်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

"တကယ်တော့ ငါ ခုနလေးတင် မြင်လိုက်တယ်။ အဘွားကြီးက သူ့ဘာသာသူ လဲကျသွားတာ"

ဘေးနားရှိ ဆွေးနွေးပြောဆိုသံများကို ကြားသော် လူအမြောက်အများမှာ ထိတ်လန့်သွားကြသည်။

ထိပ်ပြောင်ပြောင်အမျိုးသားက ရက်စက်ခက်ထန်စွာ ပြောလိုက်လေသည်။

"ကောင်လေး… ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။ ဝင်မပါဖို့ အကြံပေးချင်တယ်"

ယဲ့ချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကျုပ်နဲ့မဆိုင်ဘူးလို့ ဘယ်သူပြောလဲ။ ကျုပ်က သူ့သူငယ်ချင်းပဲ။ သူ့ကိစ္စက ကျုပ်ကိစ္စပဲ။ ဒီကိစ္စကို ကျုပ် ဖြေရှင်းပေးမယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ယန်ရှောင်ကျစ်၏ ရင်ထဲတွင် နွေးထွေးသွားရသည်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်အပေါ် မှီခိုအားထားရသည့် ခံစားချက်ကို သူ(မ) ခံစားလိုက်ရသည်။

ထိုသို့ မှီခိုအားထားစရာ လူတစ်ယောက်ရှိနေခြင်းမှာ စင်စစ်ကောင်းမွန်လှသည့် ခံစားချက်ပင်။

ယခုအချိန်တွင် ယန်ရှောင်ကျစ်က သူ့ကို အလွန်နှစ်သက်သွားပြီဖြစ်ကြောင်း ယဲ့ချန်း မသိခဲ့ပေ။

ယဲ့ချန်း၏ စကားများကြောင့် လူတချို့ မျက်မှောင်ကြုတ်လိုက်ကြသည်။

ဤလူငယ်သည် ထိုကောင်မလေးထက် ကိုင်တွယ်ရပိုခက်ခဲကြောင်း သူတို့အားလုံး သတိထားမိလိုက်ကြသည်။

မူလက ရန်လိုနေခဲ့သော မိသားစုမှာ အနည်းငယ် စိုးရိမ်ထိတ်လန့်လာသည်။

အမျိုးသမီးက လူလတ်ပိုင်းအရွယ် အမျိုးသားကို တီးတိုးပြောလိုက်သည်။

"ယောက်ျား.. ဒီကောင်လေးက သွားရှုပ်လို့ လွယ်မယ့်ပုံမပေါ်ဘူးနော်"

"ငါတို့ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ရအောင်"

အဘွားအိုက မြေပြင်ပေါ်က ထလာပြီး ရေရွတ်လိုက်သည်။

"ငါတို့မှာ ငါးကြီးကြီးတစ်ကောင်မိဖို့ အများကြီး ကြိုးစားထားရတာကို။ ဒီတိုင်းလွှတ်ပေးလိုက်ရမှာတော့ မကျေနပ်နိုင်ဘူး"

ထိပ်ပြောင်ပြောင်အမျိုးသားက တီးတိုးပြောလိုက်သည်။

သူတို့၏အသံကား တိုးညင်းသော်လည်း ယဲ့ချန်းကတော့ ရှင်းရှင်းလင်းလင်း ကြားနေရသည်။

အစကတည်းက ဤသည်မှာ မိသားစုလိုက် ငွေညှစ်နေခြင်းသာဖြစ်၏။

ထိပ်ပြောင်ပြောင်အမျိုးသားက အံတင်းတင်းကြိတ်လိုက်၏။

"ထားလိုက်တော့။ ကောင်မလေး ကံကောင်းသွားတယ်မှတ်"

အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့လည်း တိတ်တဆိတ်ထွက်ပြေးရန် ပြင်ကြသည်။

ယဲ့ချန်းကမူ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ ကြိုးစားပြီးသည်နှင့် သည်အတိုင်း ထွက်သွားလို့ရလေသလား။

အိပ်မက်မက်နေလိုက်..

သူတို့ လှည့်ထွက်သွားတော့မည်ကို မြင်သောအခါ ယဲ့ချန်း ရုတ်တရက်ပြောလိုက်သည်။

"ပိုက်ဆံကြောင့်လုပ်နေတာ မဟုတ်လား။ ခင်ဗျားတို့ လိုချင်တဲ့စျေးကိုပြော"

မူလက ထွက်ခွာရန်ပြင်နေသော ထိုလူစုမှာ ယဲ့ချန်း၏စကားကို ကြားသောအခါ တုံ့ခနဲရပ်တန့်သွားပြီး မျက်လုံးများ အရောင်လက်သွားသည်။

"ဝိုး... ဒီကောင်လေးက တကယ်ပိုက်ဆံပေးချင်နေတာလား"

ထိပ်ပြောင်ပြောင်အမျိုးသားက ပြောလိုက်သည်။

"ပါးနပ်လိုက်တဲ့ကောင်လေး.. ကြည့်စမ်း။ ဒီကောင်မလေးက ငါ့အမေကို ဝင်တိုက်ထားတာလေ။ ထောင်ဂဏန်းလောက် မရဘဲနဲ့တော့ ငါတို့ ဒီကိစ္စကို ကျေအေးပေးလို့ မရဘူး"

သူ့ဘေးရှိ အဘွားအိုကလည်း အော်ဟစ်ညည်းညူလေတော့သည်။

"အမလေး... ငါ့ခါး ငါ့ခြေထောက်.. ကျိုးသွားပြီထင်ပါရဲ့"

လူအုပ်ကြီးကား ဆွံ့အသွားသည်။

အစောကပင် အဘွားကြီးက သွက်သွက်လက်လက် ထလာသည်မဟုတ်ပါလော။

ပွဲကြည့်နေသူများလည်း ဤလူများကို ပိုပြီးသံသယဝင်လာသည်။

ထိပ်ပြောင်ပြောင်အမျိုးသားက အေးစက်စက်ပြောလိုက်သည်။

"အစကတော့ မင်းသူငယ်ချင်းက ငါ့အမေကို ဝင်တိုက်ပြီး ပိုက်ဆံခိုးတဲ့အတွက် ငါတို့ ရဲစခန်းကိုသွားရမှာ။ ဒါပေမဲ့ မင်းက ရိုးသားပုံပေါ်လို့ ပိုက်ဆံပေးမယ်ဆိုရင်တော့ ငါတို့ ရဲမခေါ်တော့ဘူး"

ယဲ့ချန်းက စိတ်မရှည်လေဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ ဘယ်လောက်လိုချင်တာလဲ။ မြန်မြန်လုပ်။ ကျုပ်က အလုပ်များတယ်"

ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး သူတို့ ငွေညှစ်နိုင်သည့် "ငါးကြီးကြီးတစ်ကောင်"ဖြစ်ကြောင်း ထိပ်ပြောင်အမျိုးသား သဘောပေါက်လိုက်သဖြင့် တိတ်တဆိတ် ကျေနပ်သွားသည်။

အနည်းဆုံးတော့ ယွမ်တစ်ထောင်ခန့် တောင်း၍ရနိုင်မည်ဟု သူတို့ တွေးလိုက်ကြသည်။

ထိပ်ပြောင်အမျိုးသားက အေးတိအေးစက် ပြောလိုက်၏။

"ဒီကိစ္စ ပြေလည်သွားဖို့ဆိုရင် ပမာဏတစ်ခုတော့ လိုလိမ့်မယ်"

ယဲ့ချန်းက နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"တွေးထားပြီးသားပါ။ ဘယ်လောက်လဲ။ တစ်သန်းမဟုတ်ဘူးလား"

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

တစ်သန်းတဲ့လား။

အမျိုးသားဖြစ်သူကား အံ့သြမှင်တက်သွားသည်။ သူသည် တစ်ထောင်ဟု ပြောချင်ရုံသာ။ သို့သော် ယခုမူ မည်သို့နှယ် တစ်သန်းဖြစ်သွားရလေသလဲ။

ဤစကားကြောင့် ဝိုင်းကြည့်နေသူများမှာ ဆွံ့အသွားကြသည်။

တစ်သန်းဟူသော ပမာဏကို ကြားလိုက်ရချိန်ဝယ် ထိပ်ပြောင်ပြောင်အမျိုးသားခမျာ အသက်ရှူရပ်လုမတတ် ဖြစ်သွားလေသည်။

ဝိုး... အရူးအမူးချမ်းသာတဲ့လူနဲ့ တည့်တိုးတာပါလား။ ဒီနေ့ ဘယ်လိုတောင် ကံကောင်းနေတာလဲ။

ထိပ်ပြောင်ပြောင်အမျိုးသားက သူ့ကိုယ်သူ အမြန်ပြန်ထိန်းပြီး ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ် တစ်သန်း.. တစ်ပြားမှလျော့လို့မရဘူး"

ထိုအခါ ယန်ရှောင်ကျစ်မှာ စိုးရိမ်စပြုလာသည်။

"ယဲ့ချန်း.. သူတို့က လူလိမ်ဂိုဏ်းမှန်း အသိသာကြီးကို..ဘာလို့ ပိုက်ဆံပေးမှာလဲ"

ယဲ့ချန်းက အသာပြုံးလိုက်၏။

"စိတ်မပူပါနဲ့။ ကိုယ် ဘာလုပ်နေလဲဆိုတာ ကိုယ်သိပါတယ်"

ထို့နောက် ယဲ့ချန်းက ထိပ်ပြောင်​အမျိုးသားကို ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင်လေ ကိုယ့်လူ.. တစ်သန်းက နည်းနည်းတော့ များသလားလို့ယေ ခင်ဗျားအမေက ဘယ်လောက်တောင် ဒဏ်ရာရသွားလို့လဲ"

ထိုအခါ အဘွားအိုသည် သူ(မ)၏ပြဇာတ်စွမ်းရည်ကို ထပ်မံထုတ်ပြပြီး ညည်းတွားလေတော့သည်။

"ငါ့ခါးတွေ နာလိုက်တာနော်။ ခြေထောက်တွေရော နာလိုက်တာ။ ငါ့တင်ပါးရောပဲ"

ယခုအချိန်တွင်မူ အဘွားအိုက ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း ဘေးနားရှိ လူများလည်း သဘောပေါက်သွားပြီဖြစ်၏။

အဘွားအိုက ဟန်ဆောင်နေခြင်းဖြစ်ကြောင်း လူတိုင်း သိသွားကြသည်။

အကယ်၍ ဟန်ဆောင်နေခြင်းသာ မဟုတ်ပါက အစောကပင် အားအင်အပြည့်ရှိနေသူက မျက်တောင်တစ်ခတ်အတွင်းမှာ မည်သို့နှယ် ဤမျှအထိ အားနည်းသွားရလေသလဲ။

အဘိုးအိုက အဘွားအိုထံသို့ ရောက်လာပြီး သူ(မ)၏ခြေထောက်ကို ကိုင်ကြည့်ချင်ယောင်ဆောင်လိုက်သည်။

"ခြေထောက်က တကယ်ကျိုးသွားတာပဲ။ ပြန်ကောင်းလာဖို့ တစ်နှစ်နှစ်နှစ်လောက် အချိန်ယူရမယ့်ပုံပဲ။ တစ်သန်းဆိုတာ အရမ်းတန်ပါတယ်"

စုတ်ချာလှသော သူတို့၏ သရုပ်ဆောင်မှုကို ကြည့်ရင်း ယဲ့ချန်း အေးစက်စက်ရယ်မောလိုက်မိသည်။

"ကောင်းပြီ။ တစ်သန်းပဲထားလိုက်။ ဒါပေမဲ့ တစ်ခါတည်းအပြတ်ရှင်းရအောင်။ ပြီးရင်တော့ နောက်က လိုက်မနှောင့်ယှက်ပါနဲ့"

ယဲ့ချန်းက အေးအေးလူလူပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသော် ထိုနေရာတွင် ထပ်မံဆူညံသွားပြန်သည်။

All Chapters