← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အပိုင်း ၅၃၂ - ရှောင်မေ့ဒုက္ခရောက်ခြင်း

နောက်နေ့မနက်စောစောတွင် ယဲ့ချန်းထံသို့ ရှောင်မေ့ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည်။

"မွေးစားအဖေ.. ရှောင်မေ့ကို အပြင်ခေါ်မသွားတာ ကြာပြီနော်"

ယဲ့ချန်းလည်း ရယ်မောလိုက်မိသည်။

"အင်း... မွေးစားအဖေက အခုတလော နည်းနည်းအလုပ်များနေလို့ပါ"

"ရှောင်မေ့က မွေးစားအဖေကို လွမ်းနေတာ"

ထိုအချိန်တွင် မုန့်ဝမ်ထင်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

"ယဲ့ချန်း ဆောရီးနော်။ ဒီကောင်မလေးရှောင်မေ့က ကျွန်မဖုန်းကို ယူသွားတာ။ ဂိမ်းဆော့ချင်တယ်ပြောလို့ ပေးလိုက်တာ။ ရှင့်ကို အနှောင့်အယှက်ပေးလိမ့်မယ်လို့ မထင်ထားဘူး"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"ရပါတယ်။ ကိုယ် ရှောင်မေ့ကို အပြင်မခေါ်သွားဖြစ်တာ ကြာပြီဆိုတာလည်း အမှန်ပါပဲ"

ရှောင်မေ့က ကြားဖြတ်ပြောလိုက်သည်။

"မွေးစားဖေဖေ.. သမီး ရှေးဟောင်းပစ္စည်းလမ်းမကို သွားချင်တယ်"

"ရှေးဟောင်းပစ္စည်းလမ်းမကို သွားချင်တာလား"

ယဲ့ချန်းလည်း အံ့အားသင့်သွားရသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကလေးများက တိရစ္ဆာန်ရုံလို နေရာမျိုးကိုရွေးပြီး ဆော့ကစားတတ်ကြသည် မဟုတ်လော။

ယဲ့ချန်းက မေးလိုက်လေသည်။

"ဘာလို့ ရှေးဟောင်းပစ္စည်းလမ်းမကို သွားချင်ရတာလဲ"

ရှောင်မေ့က ရယ်မောလိုက်၏။

"သမီး ရှေးဟောင်းပစ္စည်းတွေအကြောင်း တီဗီမှာကြည့်ဖူးတယ်။ အဲဒီမှာ ဒေါ်လာနည်းနည်းလောက်အကုန်ခံပြီး သန်းချီတန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဝယ်လို့ရတယ်လို့ ကြားဖူးတယ်"

ယဲ့ချန်းလည်း ဆွံ့အသွားရသည်။

"တီဗီထဲမှာမို့လို့ပါ။ အကုန် အတုတွေချည်းပါပဲ"

"ဒါပေမဲ့ သမီး တကယ်သွားကြည့်ချင်တာ"

ယဲ့ချန်းမှာမူ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။

"ကောင်းပါပြီကွာ.. သမီး သွားချင်တယ်ဆိုရင်လည်း မွေးစားဖေဖေက လိုက်ပို့ပေးပါ့မယ်"

မုန့်ဝမ်ထင်က ဘေးမှနေ၍ ​​ပြောလိုက်သည်။

"ယဲ့ချန်း ရှင့်ကို ထပ်ဒုက္ခပေးမိတဲ့အတွက် တကယ်အားနာပါတယ်"

ယဲ့ချန်းလည်း ပြုံးလိုက်မိသည်။

"ဘာမှမဖြစ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လည်း ဒီနေ့ အားနေတာပဲလေ"

ကားမောင်းထွက်ခဲ့ပြီးနောက် မကြာခင်မှာပင် ရှောင်မေ့၏အိမ်သို့ ရောက်လာခဲ့သည်။

ယဲ့ချန်းကိုမြင်သည်နှင့် ရှောင်မေ့က ရင်ခွင်ထဲသို့ ချက်ချင်းခုန်ဝင်လာသည်။

"မွေးစားဖေဖေက အရမ်းသဘောကောင်းတာပဲ။ သမီး မေမေ့ကို အကြာကြီးပူဆာနေတာတောင် မေမေက လိုက်မပို့ဘူးလေ"

ယဲ့ချန်းက ရှောင်မေ့၏ခေါင်းလေးကို တယုတယ ပွတ်သပ်ပေးလိုက်သည်။

"သမီးမေမေက အလုပ်များနေလို့ပါ"

မုန့်ဝမ်ထင်က နေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"ကြည့်ဦး...ရှင့်ကို ထပ်ဒုက္ခပေးမိလို့ ကျွန်မ တကယ်အားနာမိပါတယ်ရှင်"

ယဲ့ချန်းလည်း ခေါင်းခါပြလိုက်သည်။

"ရပါတယ်။ ကိုယ့်မှာလည်း တခြားလုပ်စရာမှမရှိတာ"

ရှေးဟောင်းပစ္စည်းလမ်းမသို့ ရောက်သောအခါ ရှောင်မေ့က မှန်ဘီလူးတစ်ခုကို ကိုင်၍ နေရာအနှံ့ ရတနာရှာဖွေခြင်းလုပ်ငန်းကို စတင်လေတော့သည်။

ရှောင်မေ့၏ ချစ်စရာကောင်းသော အမူအရာလေးကို ကြည့်ပြီး ယဲ့ချန်း အလွန်ဆွံ့အသွားခဲ့ရသည်။

တကယ်တမ်းတွင် ဤနေရာရှိ ပစ္စည်းအများစုမှာ အတုများဖြစ်ပြီး အစစ်အမှန်ဟူ၍ ရှားပါးလှသည်။

ယဲ့ချန်းကတော့ မုန့်ဝမ်ထင်နှင့် စကားစမြည် ပြောဆိုနေချေသည်။

ရှောင်မေ့က ငြိမ်ငြိမ်လေးရပ်နေစဉ် ဖုန်းကြည့်ရင်း ရှေ့ကိုမကြည့်ဘဲ လျှောက်လာသော အမျိုးသမီးတစ်ယောက်က သူ(မ)ကို ဝင်တိုက်မိလိုက်သည်။

ထို့ကြောင့် ခန္ဓာကိုယ်ကြီးမားသော ထိုအမျိုးသမီးက ရှောင်မေ့ကို ဝင်တိုက်မိလိုက်သဖြင့် ရှောင်မေ့ခမျာ လဲကျသွားရသည်။

အမျိုးသမီး၏ လက်ထဲရှိ ပန်းအိုးလည်း မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျကွဲသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေတော့သည်။

မြေပြင်ပေါ်သို့ ပန်းအိုးကျကွဲ​သွားသည်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးက ရှောင်မေ့ကို ဆွဲဖမ်းလိုက်သည်။

"ကောင်မစုတ်လေး... ငါ့ပန်းအိုးအတွက် ပြန်လျော်ပေးရမယ်"

မုန့်ဝမ်ထင် အမြန်ပြေးလာချေသည်။

"ရှင့်စကားက ဆီလျော်မှုရှိမနေဘူးနော်။ ရှင် သူ့ကိုဝင်တိုက်မိတာ အသိသာချည်းကို။ ဘာလို့ ကျွန်မတို့ကလေးက လျော်ပေးရမှာလဲ"

"သူကမှ ငါ့ကိုဝင်တိုက်တာ။ ဟုတ်ပြီလား။ လျော်ကြေးမပေးဘဲနဲ့ ဒီနေ့ နင်တို့ ထွက်သွားလို့မရဘူး"

ရှောင်မေ့က ပြန်ငြင်းလိုက်သည်။

"သမီးက ဖေဖေနဲ့မေမေ့ကို မလှုပ်ဘဲ ရပ်စောင့်နေတာ။ ဒီအန်တီကမှ သမီးကို ဝင်တိုက်တာ"

"ကလေးစုတ်လေး ငြင်းရဲသေးတယ်ပေါ့"

ဝတုတ်တုတ်အမျိုးသမီးက ရှောင်မေ့ကို ပါးရိုက်ရန် လက်ရွယ်လိမ့်မည်ဟု မည်သူမှ မထင်ထားပေ။

ထိုအမျိုးသမီးက အကြမ်းဖက်နည်းလမ်းကို သုံးလာလိမ့်မည်ဟု မုန့်ဝမ်ထင် မထင်ထားသဖြင့် တားရန်လည်း နောက်ကျသွားသည်။

ရှောင်မေ့ခမျာ အလွန်ကြောက်လန့်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

အမျိုးသမီး၏လက်က ရှောင်မေ့၏ မျက်နှာကို ထိမိတော့မည့်ဆဲဆဲ အခြားလက်တစ်ဖက်က ဝင်တားလိုက်သည်။

ယဲ့ချန်းက ထိုအမျိုးသမီး၏ လက်ကို ဆုပ်ကိုင်၍ အားအပြည့်ဖြင့် တွန်းထုတ်လိုက်သည်။

အမျိုးသမီး၏ ခန္ဓာကိုယ်ကြီးမှာ အနောက်သို့ ခြေလှမ်းခုနစ်လှမ်းရှစ်လှမ်းခန့် ယိုင်သွားသည်။

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ကိစ္စက ဘာပဲဖြစ်ဖြစ် စကားနဲ့ပဲ ပြေလေ။ ကလေးတစ်ယောက်ကို ရိုက်တာကတော့ အောက်တန်းကျလွန်းတယ်"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီး၏ မျက်နှာမှာ အေးစက်ခက်ထန်သွားသည်။

"နင့်ကိုယ်နင် ဘယ်သူများမှတ်နေလို့လဲ"

ယဲ့ချန်းကလည်း မာမာတင်းတင်း ပြန်ပြောလိုက်သည်။

"ကျုပ်က ဒီကလေးရဲ့ မိဘပဲ"

"ကောင်းပြီ... ကောင်းပြီ။ နင့်ကလေးက ငါ့ရဲ့မင်မင်းဆက်ခေတ်က ပန်းအိုးကို ခွဲလိုက်တာနော်။ လျော်ကြေးအတွက် နင် ဘာလုပ်ပေးမလဲ"

မင်မင်းဆက်ခေတ်က ပန်းအိုးတဲ့လား...

ဘေးနားရှိ လူတိုင်း အံ့ဩမှင်တက်သွားကြသည်။

အရည်အသွေးညံ့ဖျင်းလျှင်ပင် မင်မင်းဆက်ခေတ်က ပန်းအိုးတစ်လုံး၏ တန်ဖိုးမှာ တစ်သန်းကျော်ကုန်ကျကြောင်း လူတိုင်းသိကြသည်။

မုန့်ဝမ်ထင်က အေးစက်စက် နှာမှုတ်လိုက်၏။

"မင်မင်းဆက်ခေတ်ကလို့ပြောရုံနဲ့ မင်မင်းဆက်ခေတ်က ဖြစ်မသွားဘူးလေ။ ရှင့်မှာ သက်သေအထောက်အထားရှိလို့လား"

အမျိုးသမီးက လှောင်ပြောင်လိုက်သည်။

"ဒါပေါ့။ ငါ့မှာ အစစ်ဖြစ်ကြောင်း ထောက်ခံစာရှိတယ်"

ယဲ့ချန်းက မြေပြင်ပေါ်တွင် အစိတ်စိတ်အမြွှာမြွှာကွဲကြေနေသော ပန်းအိုးအပိုင်းအစများကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုကိုကောက်ယူရန် ငုံ့လိုက်ချိန်ဝယ် သူ့နှုတ်ခမ်းထက်တွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်လာလေသည်။

ဤပန်းအိုးက ခေတ်သစ်ထုတ်ပန်းအိုးတုတစ်လုံးသာဖြစ်ကြောင်း ယဲ့ချန်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ဝတုတ်တုတ်အမျိုးသမီးကို ကြည့်၍ ယဲ့ချန်း ပြန်​ပြောလိုက်၏။

"ဒီပန်းအိုးက မင်မင်းဆက်ခေတ်ကဆိုရင် ကျုပ်တို့ အဲဒီအတိုင်း လျော်ပေးလို့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်က ပစ္စည်းအတုတွေနဲ့ ပြည့်နေမှာကိုတော့ စိုးရိမ်မိတယ်"

"နင် ဘာတွေလျှောက်ပြောနေတာလဲ"

ထိုစကားကိုကြားသည်နှင့် အမျိုးသမီးမှာ မျက်နှာပျက်သွားလေသည်။

ယဲ့ချန်း၏စကားမှာ မှန်နေပေသည်။ သူတို့၏ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရှိ ပစ္စည်းအများစုမှာ အတုများသာ။

ရှောင်မေ့ကလည်း တစ်ချက်ချောင်းကြည့်လိုက်သည်။

"မိန်းမယုတ်ကြီး.. အန်တီ့ဆိုင်က အတုတွေကလွဲပြီး ဘာမှရောင်းမှာမဟုတ်ဘူးဆိုတာ လောင်းရဲတယ်။ အန်တီ့ပုံစံက လူဆိုးနဲ့ပဲတူတယ်"

ဝတုတ်တုတ်အမျိုးသမီးက လှောင်ပြောင်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် လျော်ကြေးမပေးဘဲနဲ့တော့ ဒီနေ့ နင်တို့ ထွက်သွားလို့မရဘူး"

ဒေါသထွက်နေသော မုန့်ဝမ်ထင်က ပြောလိုက်သည်။

"ဘာအကြောင်းပြချက်နဲ့လဲ။ ရှင့်ဘာသာ လမ်းလျှောက်ရင်း ဖုန်းပွတ်နေလို့ သူများကို ဝင်တိုက်မိတာလေ"

"ငါက နင့်ကိုဝင်တိုက်တယ်တဲ့လား။ နင့်မှာ သက်သေရှိလား။ ပြောစမ်း။ ဒီကောင်မလေးကမှ ငါ့ကိုဝင်တိုက်တာ မဟုတ်ဘူးလား"

တံခါးပေါက်ရှိ စာရေးများကို အမျိုးသမီးက လှမ်းမေးလိုက်သည်။

ဆိုင်ဝန်ထမ်းများဖြစ်ကြသဖြင့် သူတို့က အမျိုးသမီးဘက်က ရပ်တည်ပေးကြလေသည်။

"ကျွန်မတို့အားလုံး မြင်လိုက်ပါတယ်။ ကျွန်မတို့မန်နေဂျာကိုဝင်တိုက်တာ ဒီကလေးမလေးပဲ"

ရှောင်မေ့၏ မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းသွားပြီး အော်ဟစ်လိုက်၏။

"ရှင်တို့တွေက လူဆိုးတွေပဲ။ ရှင်တို့ လိမ်နေတာ။ သမီး ဘယ်သူ့ကိုမှ ဝင်မတိုက်ဘူး"

ထိုအမျိုးသမီးက ကျေနပ်အားရစွာဖြင့် ပြောလာချေသည်။

"မျက်မြင်သက်သေတွေ အများကြီးရှိနေတာနော်။ နင် ဘာပြောနိုင်သေးလဲ။ ငါက နင့်ဆီက ငွေညှစ်ဖို့ကြိုးစားနေတာ မဟုတ်ဘူး။ ပန်းအိုးအတွက် ငွေတစ်သန်းလျော်ပေးလိုက်ရုံပဲ"

တစ်သန်းတဲ့လား။

ထိုပမာဏကို ကြားလိုက်ရသောအခါ မုန့်ဝမ်ထင်၏မျက်နှာမှာ အရောင်ပြောင်းသွားလေသည်။

ဘေးနားက ဝိုင်းကြည့်နေသူများလည်း ခေါင်းခါယမ်းလိုက်ကြသည်။

"ဟင်း... ဒီနေ့ခေတ် ပြဿနာအိုးလေးတွေက မိဘတွေကို ဒုက္ခရောက်အောင်ပဲ လုပ်တတ်ကြတာ"

"တစ်သန်းတောင်မှနော်။ သာမန်မိသားစုက ဘယ်လိုလုပ်တတ်နိုင်မှာလဲ"

"အခုတော့ သူများပန်းအိုးကိုခွဲမိပြီးမှ သူတို့ နောင်တရနေကြပြီ"

ရှောင်မေ့ခမျာ ငိုလုမတတ်ဖြစ်နေချေသည်။

"အန်တီက လူတွေကို အနိုင်ကျင့်နေတာ။ သမီးက ငြိမ်ငြိမ်လေးရပ်နေတာကို အန်တီ့ဘာသာ သမီးကို ဝင်တိုက်တာလေ"

ယဲ့ချန်းက ရှောင်မေ့၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"ငတုံးမလေး ဖေဖေရှိတယ်လေ။ မကြောက်နဲ့နော်။ ပိုက်ဆံပေးရမယ်ဆိုရင်လည်း ဖေဖေပေးလိုက်ပါ့မယ်"

စိတ်လှုပ်ရှားနေသော မုန့်ဝမ်ထင်က ပြောလိုက်သည်။

မည်သို့ပင်ဆိုစေ ငွေတစ်သန်းဆိုသည်မှာ နည်းပါးလှသော ပမာဏမဟုတ်ပေ။ ယဲ့ချန်းကို သူ(မ) မည်သို့ပေးခိုင်းနိုင်မည်နည်း။

"ယဲ့ချန်း... ကျွန်မ နည်းလမ်းရှာလိုက်ပါ့မယ်။ ရှင် ပေးစရာမလိုပါဘူး။"

ယဲ့ချန်းကမူ လက်ကာပြလိုက်၏။

"ဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ကိုယ့်သမီးရဲ့ ပြဿနာတွေကို ကိုယ် သေချာပေါက်ရှင်းပေးမှာပါ"

အမျိုးသမီးက ကျေနပ်အားရနေဟန်ပင်။

"ဘယ်သူပဲပေးပေး ဒီငွေပမာဏအတိုင်း ပေးရမှာပဲ"

ယဲ့ချန်းက တဟားဟားရယ်မောလိုက်၏။

"ကျုပ်တို့ လျော်ပေးလို့ရပါတယ်။ ဒါပေမဲ့ ဒီကြွေထည်ရဲ့စျေးနှုန်းက တော်တော်ရယ်စရာကောင်းနေတယ်"

"ဘာက ရယ်စရာကောင်းနေတာလဲ။ ငါတို့ဆိုင်က အတုတွေရောင်းတယ်လို့ ထင်နေတာလား"

ထိုအမျိုးသမီးက လှောင်ပြောင်ရယ်မောလိုက်သည်။

"မပေးနိုင်ဘူးလား။ စိတ်မပူနဲ့။ နင့်အိမ်ကို အပေါင်ထားလို့ရတယ်"

ယဲ့ချန်းက ဆို၏။

"ရပါတယ်။ ဒီကြွေထည်က အပိုင်းပိုင်းကွဲနေပေမဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကတော့ စစ်ဆေးပေးနိုင်ပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ကလည်း ကျွမ်းကျင်သူတစ်ယောက်နဲ့ သိတယ်ဆိုတော့ သူ့ကိုပဲ စစ်ဆေးခိုင်းလိုက်ရအောင်"

ယဲ့ချန်း၏ စကားကို ကြားလိုက်ရချိန်ဝယ် ထိုအမျိုးသမီး၏ မျက်နှာအမူအရာကား သိသိသာသာ ပြောင်းလဲသွားသည်။

ဤကြွေထည်က အတုဖြစ်၏။ အကယ်၍ အတုဖြစ်ကြောင်းကိုသာ အတည်ပြုလိုက်ပါက သူတို့ဆိုင်၏ ဂုဏ်သိက္ခာလည်း ပျက်စီးသွားပေလိမ့်မည်။

ဘေးနားမှ ဝိုင်းကြည့်နေသူများမှာ ထိုအမျိုးသမီး၏ တုံ့ဆိုင်းမှုကို သတိပြုမိသွားပြီး ပြောလိုက်၏။

"သူဌေးဟူ.. ဒီကြွေထည်က အတုတော့ မဟုတ်ပါဘူးနော်"

"နင့်ဆိုင်က အတုမရောင်းဘူးလို့ နင်ပဲ ပြောထားတာမဟုတ်ဘူးလား"

လူအုပ်ကြီး၏ ပြောစကားများကို ကြားလိုက်ရသောအခါ အမျိုးသမီးက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

"နင်တို့ စစ်ဆေးချင်တယ်ဆိုရင်လည်း ငါက ဘာမှကြောက်စရာမရှိပါဘူး"

အမျိုးသမီးက ပြောလိုက်သည်။

"အခုလေးတင်ကွဲသွားတဲ့ ကြွေထည်က အသစ်ဝင်ထားတာ။ ငါတောင် သေသေချာချာ မစစ်ဆေးရသေးဘူးဆိုတော့ ငါတို့ တခြားနည်းလမ်းရှာရလိမ့်မယ်"

••••••••••••••••

အပိုင်း ၅၃၃ : ခင်ဗျား အကဲဖြတ်တာ မှားသွားပြီ

အမျိုးသမီး၏စကားကို ကြားလိုက်ရသောအခါ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ဤအမျိုးသမီးသည် သူ(မ)၏ကြွေထည်က အစစ်ဖြစ်ကြောင်း ယခုလေးတင် ကျိန်ဆိုပြောထားသော်လည်း ကျွမ်းကျင်ပညာရှင်ဖြင့် စစ်ဆေးမည်ဟု ပြောလိုက်သောအခါတွင်မူ နောက်တွန့်သွားသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ဘယ်လိုနည်းလမ်းလဲ"

"ဆိုင်ထဲကနေ ပစ္စည်းတစ်ခုစီရွေးပြီး ကျွမ်းကျင်ပညာရှင်ကို အကဲဖြတ်ခိုင်းကြမယ်။ တန်ဖိုးအကြီးဆုံးပစ္စည်းကို ရွေးနိုင်တဲ့လူက နိုင်မှာပဲ။ နင်ရှုံးရင် ငါ့ကို တစ်သန်းပေးရမယ်။ နင်နိုင်ရင်တော့ နင်ရွေးထားတဲ့ပစ္စည်းကို ယူသွားလို့ရသလို ငွေတစ်သန်းလည်း ပေးစရာမလိုတော့ဘူး"

ဝဖိုင့်ဖိုင့်အမျိုးသမီးက ပြောလိုက်သည်။

အမျိုးသမီး၏စကားကို ကြားသောအခါ လူအုပ်ကြီးမှာ ဆူညံသွားသည်။

ဝဖိုင့်ဖိုင့်အမျိုးသမီးက အရှက်မဲ့လွန်းလှသည်။ ကိုယ့်ဆိုင်ထဲရှိ ပစ္စည်းများကို ရွေးရသည့်ပြိုင်ပွဲမှာ ဘယ်ပစ္စည်းက တန်ဖိုးအကြီးဆုံးလဲဆိုသည်ကို ကိုယ်တိုင်သိနေမည်မဟုတ်လော။ ဤသည်မှာ လိမ်လည်နေခြင်း မဟုတ်လော။

"သူဌေးဟူ.. ဒါက မတရားဘူးလေ။ ခင်ဗျားဆိုင်က ပစ္စည်းတွေရဲ့ ဈေးနှုန်းကို ခင်ဗျားပဲ အသိဆုံးဖြစ်မှာပေါ့"

"ဟုတ်တယ်။ ဒါ လုံးဝမတရားဘူး"

"ဒါက ပေါ်တင်ကြီး မတရားသဖြင့်လုပ်တာ"

ဝဖိုင့်ဖိုင့်အမျိုးသမီးက လှောင်ပြောင်လိုက်၏။

"နင် မပြိုင်ရဲဘူးဆိုရင်လည်း ထားလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဘက်က အခွင့်အရေးပေးပြီးသားနော်။ နင် ပစ္စည်းမရွေးရဲဘူးဆိုရင် ပျက်စီးသွားတဲ့ပစ္စည်းအတွက် အပြည့်အဝလျော်ပေးရမယ်"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"ခင်ဗျားက ပြိုင်ချင်နေမှတော့ ပြိုင်ကြတာပေါ့"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ မုန့်ဝမ်ထင်လည်း သူ့အင်္ကျီလက်ကို အမြန်ဆွဲထားလိုက်သည်။

"ယဲ့ချန်း ရှင် ရူးနေတာလား။ သူ့ဆိုင်က ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို သူသိမှာပေါ့"

ယဲ့ချန်းက ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ သူတို့ မနိုင်ပါဘူး။ လူတွေက ကိုယ့်ကို ရှေးဟောင်းပစ္စည်းတွေ အလကားလာပေးနေမှတော့ ဘာလို့ မယူဘဲ နေရမှာလဲ"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ဝဖိုင့်ဖိုင့်အမျိုးသမီးက ထပ်မံလှောင်ပြောင်လိုက်သည်။

"ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ။ 'နင့်ကို ရှေးဟောင်းပစ္စည်းပေးမယ်'တဲ့လား။ နင်နဲ့ တန်လို့လား။ နင် ရှုံးတဲ့အခါ ဘာများပြောဦးမလဲလို့ ကြည့်ရသေးတာပေါ့"

ဝဖိုင့်ဖိုင့်အမျိုးသမီးက အေးစက်ခက်ထန်စွာ တွေးလိုက်သည်။

ထိုအချိန်တွင် လူတိုင်းက ယဲ့ချန်းအတွက် စိုးရိမ်နေကြသည်။

"ဒီကောင်လေးက အရမ်းမိုက်မဲတာပဲ။ သူ့အတွက် ထောင်ထားတဲ့ ထောင်ချောက်ထဲကို တည့်ခုန်ဆင်းသွားတာ"

"ဟုတ်တယ်။ သူ ရှုံးတဲ့အခါ အဲဒီကြွေထည်က အတုဖြစ်နေရင်တောင် ငြင်းစရာ အကြောင်းပြချက်မရှိတော့ဘူး"

"ဒီကောင်လေးက သူနိုင်မယ်လို့ ဘယ်လိုလုပ်ပြီးတော့များ ယုံကြည်မှုတွေ ရှိနေတာလဲဆိုတာ နားမလည်နိုင်ဘူး"

ဝဖိုင့်ဖိုင့်အမျိုးသမီးက လှောင်ပြောင်လိုက်သည်။

"ကောင်းပြီလေ။ အခု စရွေးကြတာပေါ့"

ထိုသို့ပြောပြီးနောက် ဝဖိုင့်ဖိုင့်အမျိုးသမီးက သူ(မ)ဆိုင်ထဲရှိ ကောင်တာတစ်ခုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး လျှို့ဝှက်အခန်းငယ်တစ်ခုထဲမှ ကြွေထည်တစ်လုံးကို ဆွဲထုတ်လိုက်သည်။

"ဒီမင်မင်းဆက်ခေတ်က အပြာနဲ့အဖြူစပ်ကြွေထည်က ရှစ်သန်းတန်ကြေးရှိတယ်။ ဒါက ကျွန်မတို့ဆိုင်ရဲ့ ရတနာပေါ့"

ဤကြွေထည်ကို မြင်လိုက်ရသောအခါ လူတိုင်း အံ့သြမှင်တက်သွားကြသည်။

ဤအပြာနှင့်အဖြူစပ်ကြွေထည်ကား အရောင်အသွေးလှပလေသည်။ ကျွမ်းကျင်သူအများအပြားက အစစ်အမှန်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ဝဖိုင့်ဖိုင့်အမျိုးသမီးက လှောင်ပြောင်လိုက်၏။

"ကဲ... နင်လိုချင်တာ ဘာမဆိုရွေးလို့ရပြီ"

သူ(မ)၏ဆိုင်ထဲရှိ ပစ္စည်းအများစုမှာ အတုများသာ။ အကယ်၍ အစစ်ဖြစ်နေခဲ့လျှင်ပင် အများဆုံးတန်ကြေးမှာ တစ်သောင်းကျော်သာ ရှိလိမ့်မည်။

မည်သည့်အရာက သူ(မ)၏ အပြာနှင့် အဖြူစပ်ကြွေထည်ထက် ပိုတန်ဖိုးရှိနိုင်မည်နည်း။

လူတိုင်းလည်း ခေါင်းခါယမ်းလိုက်ကြသည်။

"ဟင်း... ဒီလူငယ်လေးက ရိုးအလွန်းတယ်။ သူ သေချာပေါက်ရှုံးမှာပဲ"

"ဟုတ်တယ်။ ဘာလို့ လောင်းကြေးထပ်ရတာလဲ။ ဒီဆိုင်မှာ ရှစ်သန်းကျော်တန်တဲ့ ပစ္စည်း ဘယ်လိုလုပ်ရှိနိုင်မှာလဲ"

သို့သော် ယဲ့ချန်းကတော့ မလောပေ။ သူသည် ဆိုင်ထဲတွင် လှည့်လည်သွားလာပြီးနောက် သူ့အကြည့်က ပန်းချီကားတစ်ချပ်ပေါ်တွင် ရပ်တန့်သွားသည်။

ထိုပန်းချီကားမှာ ကျန်းရှောင်ချန် လက်မှတ်ရေးထိုးထားသော ရှုခင်းပန်းချီကားတစ်ချပ်ပင်။

ယဲ့ချန်းက ပန်းချီကားကို လက်ညှိုးထိုးပြပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

"ကျုပ် ဒါကိုရွေးတယ်"

ထိုပန်းချီကားကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးက ရုတ်တရက်အသံထွက်အောင် ရယ်မောလိုက်သည်။

"နင် ရှုံးသွားပြီ။ အဲဒါက ကျန်းရှောင်ချန် လက်မှတ်ထိုးထားတယ်ဆိုပေမဲ့ ပုံတူကူးထားတာ။ အများဆုံးတန်မှ တစ်သောင်းပဲရှိတာ"

ထိုအမျိုးသမီး၏စကားကို ကြားလိုက်ရသောအခါ လူတိုင်း သက်ပြင်းချလိုက်ကြသည်။

အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည့် စွမ်းရည်တချို့ ယဲ့ချန်းတွင် ရှိလိမ့်မည်ဟု သူတို့ မျှော်လင့်ထားခဲ့ကြသော်လည်း အဆုံးတွင် သူ ရှုံးနိမ့်သွားဆဲပင်။

သို့သော် ယဲ့ချန်းကတေ့ ပြတ်ပြတ်သားသား ပြောလိုက်၏။

"ဒီပန်းချီကားရဲ့တန်ဖိုးက ခင်ဗျားရဲ့မင်မင်းဆက်ခေတ်က အပြာနဲ့အဖြူစပ်ကြွေထည်ထက် ပိုများနေရင် ဒါက ကျုပ်အပိုင်ဖြစ်သွားမှာနော်"

ဝဖိုင့်ဖိုင့်အမျိုးသမီးက လှောင်ပြောင်လိုက်၏။

"ဒါပေါ့။ လူတိုင်းကြည့်နေကြတာပဲကို"

ယဲ့ချန်းက ခေါင်းခါလိုက်သည်။

"စကားနဲ့ပြောရုံတင် မလုံလောက်ဘူး။ စာနဲ့ရေးပြီး သဘောတူညီချက်ယူကြတာပေါ့"

ဝဖိုင့်ဖိုင့်အမျိုးသမီးက လှောင်ပြောင်ရယ်မောလိုက်သည်။

"နင့်မှာ ဘယ်လိုလှည့်ကွက်တွေ ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ စာနဲ့ရေးရမယ်ဆိုရင်တောင် ဘာကြောက်စရာရှိလို့လဲ။ ဒီပန်းချီကားကိုဝယ်ဖို့ ငါ တစ်ထောင်ပဲ ပေးခဲ့ရတာ။ နောက်တော့ ပညာရှင်တွေက ပုံတူကူးထားတာဆိုပြီး အကဲဖြတ်ပေးခဲ့တယ်။ ဒီမှာချိတ်ထားတာက အလှပြဖို့သက်သက်ပဲ"

သဘောတူညီချက် ရယူပြီးနောက် အမျိုးသမီးက ဆိုလေသည်။

"ထောင်ပေါင်လမ်းမှာ ရှေးဟောင်းပစ္စည်း အကဲဖြတ်တဲ့နေရာမှာ အကျွမ်းကျင်ဆုံး ပညာရှင်က အကြီးအကဲဝေ့သုန်းပဲ။ သူက တရားမျှတမှုအရှိဆုံးဆိုလည်း မမှားဘူး။ ပစ္စည်းတွေကို သူ့ကိုအကဲဖြတ်ခိုင်းဖို့ နင့်မှာ ကန့်ကွက်စရာရှိလား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။

"ဘာမှ ကန့်ကွက်စရာမရှိပါဘူး"

လူအုပ်ကြီးကလည်း ခေါင်းညိတ်ထောက်ခံကြသည်။

ထောင်ပေါင်လမ်းမတွင် အကြီးအကဲဝေ့သည် ရှေးဟောင်းပစ္စည်းအကဲဖြတ်ရာတွင် နာမည်ကြီးလှသော ကျွမ်းကျင်ပညာရှင်တစ်ဦးပင်။ သူ့စစ်ဆေးမှုအောက်တွင် ရတနာများ၏ စစ်မှန်မှုကို တစ်ချက်ကြည့်ရုံဖြင့် ဆုံးဖြတ်နိုင်သည်။

နာရီဝက်ခန့်အကြာတွင် အကြီးအကဲဝေ့ကို ဖိတ်ခေါ်လာခဲ့သည်။

အသက်ခုနစ်ဆယ်ကျော်အရွယ်ရှိသော အကြီးအကဲဝေ့သည် ခပ်မတ်မတ် ကိုယ်နေဟန်ထားရှိပြီး ဟွားရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။

သူသည် စားပွဲပေါ်ရှိ အပြာနှင့်အဖြူစပ်ကြွေထည်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

"ဒီပစ္စည်းက အကဲဖြတ်ဖို့ မလိုပါဘူး။ ငါ အရင်က အကဲဖြတ်ပေးခဲ့ဖူးတယ်။ ရှစ်သန်း တန်ကြေးရှိတယ်"

ထိုသို့ပြောပြီးနောက် အကြီးအကဲဝေ့က သူ့အကြည့်ကို ပန်းချီကားဘက်သို့ လှည့်လိုက်သည်။

"ဒီပန်းချီကားက ပုံတူကူးဆွဲထားတာမို့ တစ်သောင်းနဲ့ရောင်းရင်တောင် ဈေးကြီးနေသေးတယ်"

အကြီးအကဲဝေ့၏ စကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီးလည်း သက်ပြင်းချလိုက်မိသည်။

သူတို့က အံ့ဖွယ်ကိစ္စတစ်ရပ် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။

ဤပန်းချီကားမှာ ပုံတူကူးထားခြင်းသာ။

ရှစ်သန်းတန်ကြေးရှိသော ကြွေထည်နှင့် တစ်သောင်းပင်မပြည့်သော ပုံတူပန်းချီကားတို့ကြားရှိ တန်ဖိုးကွာဟချက်မှာ အလွန်ကြီးမားလှသည်။

ဝဖိုင့်ဖိုင့်အမျိုးသမီးက လှောင်ပြောင်လိုက်၏။

"ကောင်လေး.. နင် ရှုံးသွားပြီနော်"

သို့သော် ယဲ့ချန်းကတော့ တည်ငြိမ်နေဆဲပင်။

"ကျုပ် မရှုံးသေးပါဘူး။ အကြီးအကဲဝေ့.. ခင်ဗျား အကဲဖြတ်တာ မှားသွားပြီ။ ဒီနှစ်ခုရဲ့တန်ဖိုးတွေက ပြောင်းပြန်ဖြစ်နေတာ"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

"ဘာ။ ဒီနှစ်ခုရဲ့တန်ဖိုးတွေက ပြောင်းပြန်ဖြစ်နေတာလား"

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

"ဒီအပြာနဲ့အဖြူစပ်ကြွေထည်က အတုပါ။ တစ်သောင်းတောင် မတန်ဘူး။ ဒီပန်းချီကားကတော့ ရှစ်သန်းတန်ကြေးရှိတဲ့ လက်ရာမြောက်ပန်းချီကားပဲ"

ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

မကြာခင်မှာပင် ရယ်မောသံများ ထွက်ပေါ်လာတော့သည်။

ဒီကောင်လေးက ရူးနေတာများလား...

အပြာနှင့်အဖြူစပ်ကြွေထည်သည် ဆိုင်၏ ရတနာဖြစ်ကြောင်း လူတိုင်းသိထားကြပြီး ထိုပန်းချီကားကလည်း အကဲခတ်တတ်သူ မည်သူမဆို ပုံတူကူးဆွဲထားကြောင်း သိသာထင်ရှားနေပေသည်။

ဝဖိုင့်ဖိုင့်အမျိုးသမီးက သရော်လေတော့သည်။

"ကောင်လေး.. နင်က အရှုံးကိုလက်မခံချင်လို့ လိမ်လည်လှည့်ဖြားဖို့ကြိုးစားနေတာလား"

သို့သော်လည်း ယဲ့ချန်းက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

"ကျုပ်ရှုံးခဲ့ရင် သေချာပေါက်ဝန်ခံမှာပေါ့။ ဒါပေမဲ့ ကျုပ်မှမရှုံးသေးတာ"

အကြီးအကဲဝေ့က မျက်ခုံးပင့်လိုက်လေသည်။

"ကောင်လေး.. မင်းက ငါ့ကို အကဲဖြတ်တာမှားတယ်လို့ ပြောလိုက်တယ်နော်။ မင်းမှာ ဘာသက်သေအထောက်အထား ရှိလို့လဲ"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။

"ဒါပေါ့။ သက်သေအထောက်အထား ရှိတာပေါ့"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ဆိုင်ဝန်ထမ်းတစ်ယောက်ကို ပြောလိုက်သည်။

"ကျွန်တော့်ကို ဓားအသေးလေးတစ်လက်လောက် ပေးပါ"

ဆိုင်ဝန်ထမ်းကလည်း ဓားအသေးလေးတစ်လက်ကို ပေးလိုက်သည်။

ယဲ့ချန်းက ပန်းချီကား၏အစွန်းနားကို ဂရုတစိုက် လှီးဖြတ်လိုက်သည်။

အတွင်းဘက်တွင် ဖုံးကွယ်ထားသော အလွှာတစ်ခု ရှိနေခဲ့သည်။

အကြီးအကဲဝေ့၏ မျက်လုံးများမှာ အနည်းငယ် မှေးကျဉ်းသွားသည်။

ဒါက ပန်းချီကားထဲက ပန်းချီကားတစ်ချပ်ပဲ။

မတည်ငြိမ်သော ကာလများတွင် အချို့စုဆောင်းသူများက ပန်းချီကားများကို ကာကွယ်ရန်အတွက် ပုံတူပန်းချီကားများ၏ အလွှာများအတွင်း၌ တမင်တကာ ဖုံးကွယ်ထားလေ့ရှိကြသည်။

ပန်းချီကားကို ခွာလိုက်သောအခါ အခြားပန်းချီကားတစ်ချပ်က လူတိုင်းရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။

ထိုပန်းချီကားကို မြင်လိုက်ရချိန်ဝယ် အကြီးအကဲဝေ့၏ မျက်နှာအမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။

ဒါ... ဒါက ထန်ဟူရဲ့ ပန်းချီကားပဲ။

မှန်ဘီလူးကိုင်ထားသည့် သူ့လက်အစုံက အနည်းငယ်တုန်ယင်နေခဲ့သည်။

"ဒါက မူရင်းပဲ။ ဒါက တကယ့်မူရင်းပန်းချီကား။ ထန်ဟူရဲ့ မူရင်းလက်ရာကို ထပ်မြင်ရလိမ့်မယ်လို့ ငါ လုံးဝထင်မထားဘူး"

ဘာ..

မူရင်းလက်ရာတဲ့လား။

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ပုံတူကူးထားသော ပန်းချီကားအတွင်း၌ မူရင်းလက်ရာတစ်ခု ရှိနေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။

"အကြီးအကဲဝေ့.. ဒီပန်းချီကားက ဘယ်လောက်တန်လဲ"

အကြီးအကဲဝေ့ခမျာ အသက်ပြင်းပြင်းရှူသွင်းပြီး ပြောလိုက်သည်။

"ဒီပန်းချီကားက အဖိုးမဖြတ်နိုင်ဘူး။ အဲဒီအပြာနဲ့အဖြူစပ်ကြွေထည်ရဲ့တန်ဖိုးထက် အများကြီးပိုများတယ်"

ဝဖိုင့်ဖိုင့်အမျိုးသမီးလည်း အကြီးအကဲဝေ့၏စကားကို ကြားလိုက်ရသောအခါ အနည်းငယ်တုန်ယင်သွားသည်။

သူ(မ)၏နံရံပေါ်တွင် အချိန်အကြာကြီး ချိတ်ဆွဲထားသော ပန်းချီကားမှာ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်လိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။

အရယ်ရဆုံးအချက်မှာ ထိုအရာကို သူ(မ)အနေနှင့် လုံးဝသတိမထားမိခဲ့ခြင်းပင်။

အကြီးအကဲဝေ့က ပြောလိုက်သည်။

"ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ငါ အကဲဖြတ်တာ မှားသွားတယ်ဆိုပေမဲ့ အပြာနဲ့အဖြူစပ်ကြွေထည်က အတုဖြစ်တယ်ဆိုတာ မင်းက ဘယ်လိုအကြောင်းပြချက်နဲ့ ပြောရတာလဲ"

••••••••••••

အပိုင်း ၅၃၄ : ဘယ်သူအရှက်ကွဲမလဲ ကြည့်ကြတာပေါ့

ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ကျိုးဖေးကိုတော့ လူတိုင်းသိကြမှာပါ"

ဤနာမည်ကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာအမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။

အကြီးအကဲဝေ့၏ အကြည့်များမှာ ပို၍ပင် စူးရှသွားသည်။

ကျိုးဖေးသည် ရှေးဟောင်းပစ္စည်းလောကတွင် အလွန်နာမည်ကြီးသည်။

သူသည် အတုလုပ်ရာတွင် ပြိုင်ဘက်ကင်းဆရာတစ်ဆူပင်။

သူ့ပစ္စည်းများကို အတုအစစ်ခွဲခြားရန် ခက်ခဲလွန်းလှသည်။

အကြီးအကဲဝေ့လည်း မင်မင်းဆက်ခေတ်က အပြာနှင့်အဖြူစပ်ကြွေထည်ကို လက်ညှိုးထိုးပြရင်း တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။

"မင်းက ဒီအပြာနဲ့အဖြူစပ်ကြွေထည်က ကျိုးဖေးလုပ်ထားတာလို့ ပြောချင်တာလား"

သူတို့ဘေးရှိ ဝဖိုင့်ဖိုင့်အမျိုးသမီးက ပြန်ချေပလိုက်၏။

"နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ"

ထိုအမျိုးသမီးသည် အဖိုးမဖြတ်နိုင်သော ပန်းချီကားတစ်ချပ်ကို ယခုလေးတင် လက်လွှတ်လိုက်ရသဖြင့် အလွန်စိတ်ထိခိုက်နေသည်။ အကယ်၍ ထိုပန်းအိုးကသာ အတုဖြစ်နေပါက သူ(မ) ဒေဝါလီခံရတော့မည်ဖြစ်၏။

ယဲ့ချန်း တည်တည်ငြိမ်ငြိမ်ပြုံးလိုက်လေသည်။

"ကျိုးဖေးက ပစ္စည်းတုလုပ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ပေမဲ့ သူ့လက်ရာတိုင်းမှာ လျှို့ဝှက်လက်မှတ်တစ်ခု ပါတတ်တယ်"

ယဲ့ချန်းက သတိမထားမိနိုင်သော ပုံစံတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

"အဲဒီနေရာကို တစ်ချက်ကြည့်လိုက်"

အကြီးအကဲဝေ့က မှန်ဘီလူးယူ၍ ယဲ့ချန်း ညွှန်ပြသောနေရာကို ကြည့်လိုက်သည်။

ထိုပုံစံပေါ်ရှိ စာသားကို မြင်လိုက်ရချိန်ဝယ် အကြီးအကဲဝေ့၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

မှန်ဘီလူးဖြင့် ကြည့်လိုက်သောအခါ ထိုပုံစံတွင် ကျိုးဖေးဟူသော စာလုံးများကို တွေ့လိုက်ရသည်။

"ဒါက တကယ်အတုဖြစ်နေတာပဲ"

"ဘာ အတုလား"

ဝဖိုင့်ဖိုင့်အမျိုးသမီး၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

ကျိုးဖေးဆိုသည်မှာ ခေတ်သစ်လူတစ်ယောက်သာ။ အကယ်၍ အတုဖြစ်နေပါက သူ(မ)၏ပန်းအိုးမှာ တန်ဖိုးရှိတော့မည် မဟုတ်ပေ။

ထိုပန်းအိုးမှာ သူ(မ) ခြောက်သန်းအကုန်ခံပြီး ဝယ်ယူထားခြင်းပင်။

အကြီးအကဲဝေ့က အသက်ပြင်းပြင်းရှူသွင်းပြီး ပြောလိုက်သည်။

"ကျိုးဖေးရဲ့ လက်ရာတိုင်းမှာ သူ့နာမည်ကို ထွင်းထားတတ်တယ်။ အခု ဒီပုံစံမှာလည်း ကျိုးဖေးဆိုတဲ့ စာလုံးနှစ်လုံး တကယ်ပါနေတယ်"

အကြီးအကဲဝေ့၏ စကားကို ကြားလိုက်ရသောအခါ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဝဖိုင့်ဖိုင့်အမျိုးသမီးက သူ(မ)အနောက်ရှိ ထိုင်ခုံပေါ်သို့ ခွေခွေလေး လဲကျသွားရှာသည်။

အကြီးအကဲဝေ့၏ အကြည့်ကား စူးရှသွားသည်။

"ရှေးဟောင်းပစ္စည်းလောကရဲ့ စည်းမျဉ်းအရ ကျိုးဖေးရဲ့ပစ္စည်းတုမှန်သမျှ ရိုက်ခွဲပစ်ရမယ်"

"ရိုက်ခွဲလို့မရဘူး"

ဝဖိုင့်ဖိုင့်အမျိုးသမီးက မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်သည်။

အကြီးအကဲဝေ့က အေးစက်စက် နှာမှုတ်လိုက်သည်။

"မင်းက ရှေးဟောင်းပစ္စည်းလောကရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ချင်နေတာလား"

"ဒါက.."

ဝဖိုင့်ဖိုင့်အမျိုးသမီးခမျာ ဆက်မပြောရဲတော့ပေ။

အကြီးအကဲဝေ့က အေးစက်စက်နှာမှုတ်ပြီး ပန်းအိုးကို တူဖြင့် ချက်ချင်းရိုက်ခွဲပစ်လိုက်သည်။

ဝဖိုင့်ဖိုင့်အမျိုးသမီးခမျာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသော ပန်းအိုးကို မြင်လိုက်ရချိန်ဝယ် မျက်လုံးပြူးကျယ်သွားပြီး သတိလစ်သွားတော့သည်။

ယဲ့ချန်းကတော့ ရှောင်မေ့၊ မုန့်ဝမ်ထင်တို့နှင့်အတူ ထောင်ပေါင်လမ်းမှ ထွက်လာခဲ့လိုက်သည်။

မုန့်ဝမ်ထင်က ပြောလိုက်လေသည်။

"ယဲ့ချန်း.. ကျေးဇူးအများကြီးတင်ပါတယ်"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။

"ရပါတယ်။ ရှောင်မေ့ကမှ နာမည်ကြီးပန်းချီကားတစ်ချပ်ကို အလကားရသွားတဲ့အထိ ကံကောင်းနေတာ"

မုန့်ဝမ်ထင််မှာမူ ခါးသက်သက် ပြုံးလိုက်သည်။

"ဒီနေ့အတွက် ရှင့်ကို တကယ်ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီလောက်ဈေးကြီးတဲ့ ပန်းအိုးကို ကျွန်မတို့ ဘယ်လိုလုပ်လျော်နိုင်မှာလဲ"

ယဲ့ချန်းက ဆို၏။

"အဲဒီမိန်းမက ကိုယ့်ဒုက္ခကိုယ်ရှာတာလေ။ သူနဲ့တန်တယ်"

သားအမိနှစ်ယောက်ကို အိမ်ပြန်ပို့ပေးပြီးနောက် ယဲ့ချန်းကို လီယောင်က ဖုန်းဆက်လာသည်။ လျိုဟွားက ကုမ္ပဏီသို့ ရောက်နေပြီဖြစ်​၏။

ယဲ့ချန်းလည်း အလင်းနှင့်အရိပ်လုပ်ငန်းစုသို့ ရောက်လာခဲ့သည်။

အစည်းအဝေးခန်းမထဲတွင်မူ လျိုဟွားက သူ့ကို စောင့်နေပေသည်။

ယဲ့ချန်းက အနားသို့ လျှောက်သွားလိုက်သည်။

"ကြိုဆိုပါတယ် မစ္စတာလျိုဟွား"

လျိုဟွာကမူ ခါးသက်သက် ပြုံးလိုက်သည်။

"ဖျော်ဖြေရေးလောကကတော့ အခုအချိန်မှာ ကျွန်တော့်ကို ကြိုဆိုပုံမပေါ်ပါဘူး"

ယဲ့ချန်းက ဆိုလေသည်။

"မစ္စတာလျိုဟွားလိုမျိုး ကိုယ်ကျင့်တရားကောင်းပြီး အရည်အချင်းရှိတဲ့ ကြယ်ပွင့်တစ်လက်ကို ဘယ်သူကများ မကြိုဆိုရဲဘဲ နေမှာလဲ"

လျိုဟွားက ပြောလိုက်လေသည်။

"ဒီတစ်ခေါက် ကျွန်တော်က ဥက္ကဋ္ဌယဲ့ဆီမှာ ခိုလှုံဖို့ လာခဲ့တာပါ"

ထျန်းကောရုပ်ရှင်နှင့်ရုပ်မြင်သံကြားလုပ်ငန်းစုနှင့် အဆင်မပြေဖြစ်ပြီးကတည်းက လျိုဟွားသည် နာမည်ပျက်စာရင်းသွင်းခံထားရ၏။

သတင်းအစီအစဉ်အားလုံးနှင့် အချို့အစီအစဉ်များပင် ဖျက်သိမ်းခံခဲ့ရသည်။

ဤသည်မှာ ထျန်းကောလုပ်ငန်းစု၏ သြဇာလွှမ်းမိုးမှု ဘယ်လောက်ကြီးမားသလဲဆိုသည်ကို ပြသနေသည်။

ဤကာလအတွင်းမှာ လျိုဟွားသည် အခြားကုမ္ပဏီများကို ရှာဖွေခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

အဆုံးမှာတော့ လျိုဟွားက အနုပညာရှင်တစ်ယောက်သာသာဖြစ်သောကြောင့် ထျန်းကောလို ရုပ်ရှင်ကုမ္ပဏီကြီးကို သူ့အတွက်နှင့် မည်သူကမှ မစော်ကားချင်ကြပေ။

ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။

"ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ကြိုဆိုပါတယ် မစ္စတာလျိုဟွား"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လျိုဟွား အံ့အားသင့်သွားသည်။

"ကျွန်တော့်ကို လက်ခံပေးမယ်ပေါ့"

ယဲ့ချန်း ခေါင်းခါပြလိုက်၏။

"ဒါက ခင်ဗျားကို လက်ခံပေးတာ မဟုတ်ပါဘူး။ မစ္စတာလျိုဘက်က ကျွန်တော်တို့လုပ်ငန်းစုနဲ့ ပူးပေါင်းတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ"

လျိုဟွားက ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့.. ကျွန်တော့်အခြေအနေကို ကျွန်တော်နားလည်ပါတယ်။ အဲ့ဒါကြောင့် လစာလျှော့ယူဖို့လည်း ဆန္ဒရှိပါတယ်"

သို့သော် ယဲ့ချန်းကမူ ခေါင်းခါလိုက်သည်။

"လစာလျှော့စရာ မလိုပါဘူး။ တကယ်တော့ ကျွန်တော်တို့ဘက်က လစာတောင် တိုးပေးဦးမှာ"

"ဒါက..."

ယဲ့ချန်း၏စကားကြောင့် လျိုဟွား လုံးဝမှင်တက်သွားလေတော့သည်။

ဤသည်မှာ သူ့အနုပညာသက်တမ်းတစ်လျှောက် အနိမ့်ပါးဆုံးအချိန်ဖြစ်ပြီး ပုံမှန်အားဖြင့် လစာအပြင်းအထန်ဖြတ်တောက်ခံရမည်ဟု မျှော်လင့်ထားသော်လည်း သူတို့ဘက်က လစာတိုးပေးရန်ပင် ဆန္ဒရှိနေကြသည်။

ယဲ့ချန်း၏ ရိုးသားစစ်မှန်မှုကြောင့် လျိုဟွား စိတ်လှုပ်ရှားသွားရသည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့.. ကျွန်တော် ကြိုးစားပါ့မယ်"

ယဲ့ချန်းလည်း ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။ သူသည် လျိုဟွား၏ စွမ်းရည်ကို ကောင်းကောင်းသိထားသည်။

သူသည် ပိတ်ပင်ခံထားရသော်လည်း ယာယီမျှသာ။ ဖျော်ဖြေရေးလောကထဲသို့ ပြန်ရောက်လာသည်နှင့် ကောင်းကောင်းပုံဖော်ပေးနိုင်ပါက သူသည် ယခင်ဘဝက ဘုရင်လျို၏ အဆင့်အထိ ရောက်ရှိနိုင်သည်။

ယဲ့ချန်း ပြုံးလိုက်သည်။

"မစ္စတာလျို.. ကျွန်တော် အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ။ ကျွန်တော်တို့ဆီမှာ ဇာတ်ပို့နေရာလေးတစ်ခု ရှိတယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းကတော့ တော်တော်များတယ်။ အရင်သရုပ်ဆောင်က နှုတ်ထွက်သွားလို့ ခင်ဗျား ဝင်လုပ်ပေးနိုင်မလား။ နောက်ထပ်ရိုက်မယ့် ဇာတ်ကားကျရင်တော့ ခင်ဗျားအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ဇာတ်ဆောင်နေရာ ပေးပါ့မယ်လို့ ကတိပေးပါတယ်။ ပြီးတော့ ခင်ဗျားကို ရုပ်ရှင်ဧကရာဇ်ဖြစ်လာအောင် ကျွန်တော် လုပ်ပေးချင်တယ်"

မည်သို့ပင်ဆိုစေ လက်ရှိအဓိကဇာတ်ဆောင်ဖြစ်သူ ကျိုးဖာမှာ သိပ်နာမည်မကြီးလှသဖြင့် လျိုဟွားကို ဇာတ်ပို့အဖြစ် သရုပ်ဆောင်ခိုင်းခြင်းမှာ သူနှင့် အဆင်မပြေဖြစ်နိုင်ချေရှိသည်။

သို့သော် လျိုဟွားကမူ တုံ့ဆိုင်းမနေပေ။

"ဒါပေါ့။ ကျွန်တော် သရုပ်ဆောင်ဖို့ နေရာတစ်ခုရှိနေသရွေ့ ဝမ်းသာပါတယ်"

သရုပ်ဆောင်လုပ်ငန်းအပေါ်ထားသော လျိုဟွား၏ စိတ်အားထက်သန်မှုမှာ အစစ်အမှန်ပင်။

ဝူကောက အလွန်မောက်မာပြီး မီဒီယာများရှေ့တွင် သူ့ကို ရိုက်နှက်ခဲ့သည်အထိ လုပ်ခဲ့လေရာ သူ့အနေနှင့် သည်းမခံနိုင်တော့သဖြင့် ထျန်းကောလုပ်ငန်းစုနှင့် အဆင်မပြေဖြစ်ခဲ့ရခြင်းပင်။

သူသည် "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး" ဇာတ်လမ်းနှင့်ပတ်သက်သော သတင်းများကို ​သိထားပြီးဖြစ်၏။ ဤသည်မှာ ဇာတ်ပို့နေရာဖြစ်သော်လည်း အလွန်ထူးခြားသော ဇာတ်ကောင်တစ်ခုပင်။

နောက်တစ်နေ့တွင် အဓိကမီဒီယာအားလုံးတွင် ပေါက်ကွဲအားပြင်းသော သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ကြသည်။

နာမည်ကြီးကြယ်ပွင့်လျိုဟွားသည် အလင်းနှင့်အရိပ်ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလုပ်ငန်းစုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး "ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး"သရုပ်ဆောင်အဖွဲ့တွင် ပါဝင်လာခဲ့သည်။

လော့ရှောင်ဟူနေရာအတွက် လျာထားသော ယခင်သရုပ်ဆောင်မှာ ဒုတိယတန်းစား ကြယ်ပွင့်တစ်ပွင့်မျှသာဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ ယဲ့ချန်းက ပထမတန်းစားကြယ်ပွင့် လျိုဟွားကို ခေါ်ယူလိုက်ခြင်းဖြင့် ရုပ်ရှင်အပေါ်ထားသော လူအများ၏ အာရုံစိုက်မှုကို ထပ်မံဆွဲဆောင်ခဲ့သည်။

ဤသတင်းကို မြင်လိုက်ရသောအခါ ဝူကောခမျာ ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။

"ယဲ့ချန်းပဲ။ ယဲ့ချန်းပဲ ဖြစ်နေပြန်ပြီ"

ပထမတော့ သုန်းရှောင်ယာက အလင်းနှင့်အရိပ်လုပ်ငန်းစုကို ထွက်သွားခဲ့ပြီး ယခုလည်း လျိုဟွားက အလင်းနှင့်အရိပ်လုပ်ငန်းစုဆီသို့ ရောက်သွားပြန်ချေပြီ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထျန်းကောလုပ်ငန်းစု၏ ထိပ်တန်းပါရမီရှင်နှစ်ယောက်ကို ယဲ့ချန်းက ခိုးယူသွားခဲ့သည်။

ဝူကောခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မနက်ဖြန်ကား အယ်လ်ဘမ်သစ် ထွက်ရှိမည့်နေ့ပင်။

ထိုအချိန်တွင် လက်ထောက်က အလျင်စလို ပြေးဝင်လာ၏​။

"သူဌေး.. သုန်းရှောင်ယာ သီချင်းထွက်မယ့်ရက်ကလည်း မနက်ဖြန်ပဲ"

"ဘာ"

ထိုသတင်းကို ကြားလိုက်ရချိန်ဝယ် ဝူကော၏မျက်နှာကား ပို၍ပင် ပျက်ယွင်းသွားသည်။

သို့သော် သူ့မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

ယခုတစ်ခေါက်တွင် သူသည် သူ့အနုပညာရှင်အတွက် ဤသီချင်းကိုဖန်တီးရန် ဟွားနိုင်ငံမှ ရွှေတံဆိပ်ဆုရ သီချင်းရေးဆရာ အများအပြားကို ငှားရမ်းထားသည်။

သုန်းရှောင်ယာအတွက် သီချင်းရေးပေးရဲသူ မည်သူမဆို သူ့ကို ဆန့်ကျင်နေခြင်းဖြစ်ကြောင်း ဂီတလောကတွင် သူ ကြေညာထားသည်။

ထို့ကြောင့် သုန်းရှောင်ယာ သီချင်းတစ်ပုဒ် ထွက်လာသည်ဆိုလျှင် ထိုသီချင်းမှာ အစုတ်အပြတ်မျှသာ ဖြစ်ပေလိမ့်မည်။

ဝူကောက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဒီတစ်ခါတော့ ငါ့ဆီကထွက်သွားတဲ့ အနုပညာရှင်တစ်ယောက် ဘယ်လောက်တောင် သနားစရာကောင်းလဲဆိုတာ လူတိုင်းသိအောင် ပြရသေးတာပေါ့"

ထိုအချိန်တွင် သုန်းရှောင်ယာမှာမူ အလွန်စိုးရိမ်နေသည်။

"ယဲ့ချန်း.. ထျန်းကောလုပ်ငန်းစုနဲ့ တစ်ရက်တည်း အယ်လ်ဘမ်ထွက်တာ အဆင်ပြေပါ့မလား"

"ဒါပေါ့။ ပြဿနာမရှိပါဘူး။ ကိုယ်က သူတို့ကို စိန်ခေါ်ချင်တာလေ။ မင်းက မင်းရဲ့သီချင်းတွေကို ယုံကြည်မှုမရှိဘူးလား"

"ယုံကြည်မှုရှိပါတယ်။ ရှင်ရေးပေးထားတဲ့ သီချင်းတွေက သိပ်ကောင်းတာကို"

ယဲ့ချန်းက တဟားဟားရယ်မောလိုက်၏။

"ကိုယ်တို့ အသာစောင့်နေပြီး မနက်ဖြန်ကျရင် ဝူကောရဲ့မျက်နှာကို ခပ်ပြင်းပြင်းဖြတ်ရိုက်ကြတာပေါ့"

ထိုအချိန်တွင် ဝေးပေါ်ရှိ ပို့စ်တစ်ခုကို ယဲ့ချန်း သတိထားမိလိုက်သည်။

"တချို့အနုပညာရှင်တွေက သူတို့အတွက် သီချင်းရေးပေးမယ့်သူတောင် မရှိဘဲနဲ့ အယ်လ်ဘမ်ထုတ်ဖို့အထိ ရဲတင်းနေကြတယ်။ အဲဒီသီချင်းက အမှိုက်တွေပဲဖြစ်ရမယ်"

ထိုမက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ သုန်းရှောင်ယာမှာ ဒေါသကြောင့် မျက်နှာတစ်ပြင်လုံး နီမြန်းသွားသည်။

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၍ စာပြန်လိုက်သည်။

"မနက်ဖြန်ကျရင် ဘယ်သူ့မျက်နှာ ဖြတ်ရိုက်ခံရမလဲဆိုတာ ဟောင်နေတဲ့ခွေးက စောင့်ကြည့်နေလိုက်ပေါ့"

All Chapters