အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အပိုင်း ၅၃၅ : အယ်လ်ဘမ်၏ ကြီးမားသော အောင်မြင်မှု
ဝေးပေါ်ရှိ ယဲ့ချန်းနှင့် ဝူကောတို့ကြားက အငြင်းပွားမှုမှာ ပရိသတ်များ၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့သည်။
"ငါ သုန်းရှောင်ယာကို တော်တော်သဘောကျတယ်။ ဒါပေမဲ့ သူက နာမည်ပျက်စာရင်း အသွင်းခံထားရတယ်လို့ ကြားတယ်။ ဘယ်သူမှ သူ့အတွက် သီချင်းမရေးပေးချင်ကြတော့ဘူး မဟုတ်လား"
"နာမည်ကြီးအောင် လုပ်ယူနေတာ ဖြစ်နိုင်တယ်။ ဒီသီချင်းက သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး"
"အလင်းနှင့်အရိပ်နဲ့ ထျန်းကောလုပ်ငန်းစု နောက်ဆုံးမှာ ဘယ်သူအရှက်ကွဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
နောက်တစ်နေ့တွင် ထျန်းကောလုပ်ငန်းစု၌...
ဝူကောသည် အယ်လ်ဘမ်အသစ်၏ အောင်မြင်မှုကို ကြည့်နေချေသည်။
သီချင်းတစ်ပုဒ်က ထိပ်တန်းသီချင်းဆယ်ပုဒ်စာရင်းတွင် ပါဝင်ခဲ့ပြီး ကျန်သီချင်းများမှာ သီချင်းသစ်ဇယား၏ ထိပ်တန်းအပုဒ်သုံးဆယ်စာရင်းတွင် ပါဝင်ခဲ့သည်။
ယခုမှ အသစ်ထွက်ရှိလာသော အယ်လ်ဘမ်တစ်ခုအတွက်မူ ဤရလဒ်မှာ အလွန်ကောင်းမွန်နေပြီဖြစ်၏။
ဤရလဒ်များကို မြင်လိုက်ရသောအခါ ဝူကော၏ ယုံကြည်မှုများမှာ မြင့်တက်လာသည်။
"ဟားဟား.. ငါတို့အဆိုတော်ရဲ့ စွမ်းဆောင်ရည်ကတော့ အံ့မခန်းပဲဟေ့။ တကယ်တမ်း ဘယ်သူအရှက်ကွဲမလဲ ကြည့်ကြသေးတာပေါ့"
ဝူကော ဝေးပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် အင်တာနက်အသုံးပြုသူ အများအပြားက အမြန်မှတ်ချက်ဝင်ပေးကြသည်။
"အယ်လ်ဘမ်အသစ်ကို နားထောင်ပြီးပြီ။ တကယ်မဆိုးဘူး"
"ဟုတ်တယ်။ တော်တော်အထင်ကြီးဖို့ကောင်းတဲ့ အယ်လ်ဘမ်အသစ်နော်။ နားထောင်လို့ ကောင်းတယ်"
"မနက်ဖြန်ကျရင် ရှောင်ယာ ဖိအားတွေများနေတော့မှာပဲ။ သူ့ရမှတ်တွေက ပြိုင်ဘက်ကို ကျော်တက်ဖို့ ခက်လိမ့်မယ်ထင်တယ်"
ယဲ့ချန်းမှာမူ အွန်လိုင်းမှတ်ချက်များကို မြင်သော် ပြန်ဖြေလိုက်သည်။
"ဒီလောက်ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်လေးနဲ့ ကြွားလုံးထုတ်နေသေးတယ်။ မနက်ဖြန်ကျရင် ငါတို့ရှောင်ယာက ဘယ်လိုပြန်အရှက်ခွဲမလဲဆိုတာ စောင့်သာကြည့်နေလိုက်"
ယဲ့ချန်းဘက်က ဝေးပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် ဝူကောမှာ ဒေါသကြောင့် ရူးမတတ်ဖြစ်သွားတော့သည်။
သေစမ်း... အခုမှ အသစ်ထွက်တဲ့သီချင်းက ရွှေတေးသံစဉ်သီချင်းဇယားမှာ နေရာရတာက အထင်ကြီးစရာကောင်းနေပြီ မဟုတ်ဘူးလား။ ဒါတောင် ဒီကောင်လေးက ကြွားရဲသေးတယ်ပေါ့...
အင်တာနက်အသုံးပြုသူများကလည်း တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်များ ချန်ထားခဲ့ကြသည်။
"ဟားဟား.. ဥက္ကဋ္ဌယဲ့က နည်းနည်းတော့ ဘဝင်မြင့်တယ်နော်။ ဒီစွမ်းဆောင်ရည်က တကယ်ကောင်းပါတယ်။ မနက်ဖြန် ရှောင်ယာ့ရဲ့သီချင်းက ထိပ်တန်းအပုဒ်နှစ်ဆယ်စာရင်းထဲကို ဝင်ရင်တောင် တော်လှပြီ"
"ဟုတ်တယ်။ အခုကြွားနေပေမဲ့ မနက်ဖြန်ကျရင် အရှက်ကွဲတော့မှာ"
"ရှောင်ယာ့ရဲ့ သီချင်းတွေအကုန်လုံးကို ယဲ့ချန်း ရေးပေးထားတာလို့ ငါ ကြားတယ်"
"သေလိုက်ပါတော့.. ဒီလူက ရုပ်ရှင်တွေလည်း ရိုက်တယ်လို့ ကြားတယ်နော်။ အရမ်းရယ်ရတာပဲ။ ပိုက်ဆံပေါတဲ့ လူချမ်းသာတစ်ယောက် လျှောက်ကစားနေတာ ဖြစ်နိုင်တယ်"
"နည်းနည်းတော့ စိုးရိမ်မိတယ်။ ယဲ့ချန်း ရေးထားတဲ့ သီချင်းတွေက တကယ်ရော ကောင်းပါ့မလား"
ယဲ့ချန်းက ထိုမှတ်ချက်များကို ကြည့်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
သူ စာမပြန်တော့ပေ။
အကြောင်းမှာ သူသည် သုန်းရှောင်ယာ၏ အယ်လ်ဘမ်အပေါ် ယုံကြည်မှုအပြည့်ရှိသောကြောင့်ပင်။
နောက်တစ်နေ့ မနက်ဆယ်နာရီတွင် သုန်းရှောင်ယာ၏ သီချင်းအသစ်များမှာ တရားဝင်အွန်လိုင်းပေါ်သို့ ရောက်လာခဲ့သည်။
ဤအယ်လ်ဘမ် အွန်လိုင်းပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ပွက်လောရိုက်သွားတော့သည်။
"သေစမ်း... ဒီသီချင်းက အရမ်းကောင်းလွန်းတယ်"
"'ပူဖောင်း'ဆိုတဲ့သီချင်းကို ငါ အရမ်းသဘောကျသွားပြီ"
"ငါကတော့ 'ကောင်းကင်နတ်ဆိုး'ကို ပိုသဘောကျတယ်။ တော်တော်ထူးခြားတာ"
"'အလင်းနှစ်အကွာအဝေး'ကိုလည်း အကြိုက်ဆုံးပဲ"
...
ယဲ့ချန်းမှာ အွန်လိုင်းမှတ်ချက်များကို မြင်သော် နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားသည်။
သုန်းရှောင်ယာ၏ တစ်ကိုယ်တော်သီချင်းများမှာ ခိုင်မာမှုရှိသည်။
ယခု ယဲ့ချန်းအနေနှင့် ဆယ့်နှစ်နာရီတွင် ထွက်ပေါ်လာမည့် ဇယားများကိုသာ စောင့်ဆိုင်းနေသည်။
ထိုအချိန်တွင် ဝူကောကလည်း ရုံးခန်းထဲတွင် ထိုင်နေခဲ့သည်။
သူသည် အင်တာနက်ပေါ်ရှိ နာမည်ကြီး အလှပဂေးလေးနှစ်ဦးကို တစ်ဖက်တစ်ချက်စီတွင်ထားရင်း ဝိုင်နီကို အေးအေးလူလူ သောက်နေခဲ့သည်။
ဝူကောကလည်း သုန်းရှောင်ယာ၏ တစ်ကိုယ်တော်သီချင်းများအတွက် ရလဒ်များ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေပြီး သူ(မ)ကို အရှက်ခွဲရန် ရည်ရွယ်ထားသည်။
အဆုံးတွင်မူ ဆယ့်နှစ်နာရီထိုးသွားလေပြီ။
ထိုအချိန်တွင် အတွင်းရေးမှူးက ကမန်းကတန်း ပြေးဝင်လာခဲ့သည်။
ဝူကောကလည်း ပျာယာခတ်နေသော အတွင်းရေးမှူးကို တစ်ချက်ကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။
"ရှောင်ဝမ်.. တအားပျာယာခတ်မနေနဲ့လို့ မင်းကို ငါ ဘယ်နှခါပြောရမလဲ"
အတွင်းရေးမှူးက ပူပင်သောကရောက်နေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"သူဌေး.. သုန်းရှောင်ယာရဲ့ အယ်လ်ဘမ်..."
ဝူကောက မောက်မာစွာ ပြောလိုက်သည်။
"တစ်ကိုယ်တော်သီချင်းနှစ်ပုဒ်သုံးပုဒ်လောက်နဲ့ ထိပ်တန်းအပုဒ်နှစ်ဆယ်စာရင်းထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
အတွင်းရေးမှူးခမျာ ပိုသောကရောက်နေလေဟန် အမူအရာဖြင့် ပြောလိုက်၏။
"မဟုတ်ပါဘူး။ တစ်ကိုယ်တော်သီချင်းခြောက်ပုဒ်ပါ"
ဘာ..
ဝူကော၏ မျက်နှာကား ဆိုးဆိုးဝါးဝါး ပျက်ယွင်းသွားတော့သည်။
"တစ်ကိုယ်တော်သီချင်းခြောက်ပုဒ်က ထိပ်တန်းအပုဒ်နှစ်ဆယ်စာရင်းထဲကို ဝင်သွားတာလား"
အတွင်းရေးမှူးက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ပြောလိုက်သည်။
"မဟုတ်ပါဘူး။ တစ်ကိုယ်တော်သီချင်း ခြောက်ပုဒ်က ထိပ်တန်းဆယ်ပုဒ်စာရင်းထဲကို ဝင်သွားတာပါ။ ပြီးတော့ သီချင်းနှစ်ပုဒ်က နံပါတ်တစ်ဆယ့်နှစ်နဲ့ ဆယ့်တစ်နေရာမှာ ရှိနေပါတယ်။ နေ့လယ်လောက်ဆိုရင် ထိပ်တန်းဆယ်ပုဒ်စာရင်းထဲကို ဝင်သွားနိုင်ခြေရှိပါတယ်"
"မင်း ဘာပြောလိုက်တယ်"
ဝူကောက ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။
သူသည် ဘေးနားရှိ အင်တာနက်ဆယ်လီများကို တွန်းဖယ်ကာ ကွန်ပျူတာနားသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ကွန်ပျူတာကိုဖွင့်ပြီး ရွှေတေးသံစဉ်သီချင်းဇယား အဆင့်သတ်မှတ်ချက်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာကား လုံးဝပြောင်းလဲသွားတော့သည်။
သုန်းရှောင်ယာ၏ သီချင်းသစ်အားလုံးက ထိပ်တန်းဆယ်ပုဒ်စာရင်းတွင် ဝင်ရောက်နေပြီး ထိုသီချင်းများက ဇယား၏ထိပ်ဆုံးသုံးနေရာကို ယူထားသည်။
ကျန်သီချင်းသုံးပုဒ်မှာ အဆင့်ငါး၊ အဆင့်ရှစ်နှင့် အဆင့်တစ်ဆယ်တို့တွင် အသီးသီး ရပ်တည်နေသည်။
ဤအောင်မြင်မှုမှာ ဂီတလောကတွင် အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဝူကော၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။
အစတုန်းက သူသည် ဤအယ်လ်ဘမ်အသစ်ကို အသုံးချပြီး သုန်းရှောင်ယာမှာ သူမရှိလျှင် မည်မျှသနားစရာကောင်းကြောင်း လူတိုင်းသဘောပေါက်သွားအောင်လုပ်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် သုန်းရှောင်ယာ၏ အယ်လ်ဘမ်အသစ်က ဤမျှအထိ ပေါက်သွားလိမ့်မည်ဟု ဝူကော လုံးဝမထင်ထားခဲ့ပေ။
ဟွားနိုင်ငံ၏ ဂီတနယ်ပယ်မှာပင် ဘယ်အယ်လ်ဘမ်ကမှ ဤမျှအထင်ကြီးလောက်စရာကောင်းသော ရလဒ်မျိုးကို တစ်ရက်တည်းဖြင့် မစွမ်းဆောင်နိုင်ခဲ့ဖူးချေ။
"ကျစ်... မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး"
ယခုလေးတင် အတွင်းရေးမှူးကို ဆူပူကြိမ်းမောင်းနေခဲ့သော ဝူကောခမျာ ဆင်ခြင်တုံတရားများ လုံးဝပျောက်ဆုံးသွားပြီး သူ့အရှေ့ရှိ ကီးဘုတ်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်။
ထိုအချိန်တွင် ဟွားနိုင်ငံရှိ အင်တာနက်တစ်ခွင်လုံးမှာ သုန်းရှောင်ယာ၏ အယ်လ်ဘမ်ကြောင့် ရူးသွပ်လုမတတ် ဖြစ်နေချေသည်။
အဓိကမီဒီယာများကလည်း သတင်းများ ဖော်ပြနေကြသည်။
"သုန်းရှောင်ယာက အားကောင်းကောင်းနဲ့ ပြန်ရောက်လာခဲ့ပါပြီ။ သူ့အယ်လ်ဘမ်အသစ်က စံချိန်သစ်တွေ တင်နိုင်ခဲ့ပါတယ်"
"အယ်လ်ဘမ်အသစ်ဟာ ပရိသတ်တွေဆီကချီးကျူးမှုကို တစ်ခဲနက်ရရှိခဲ့ပြီး သုန်းရှောင်ယာကလည်း အောင်ပွဲခံရင်း ပြန်ရောက်လာခဲ့ပါပြီ"
"သုန်းရှောင်ယာရဲ့ အယ်လ်ဘမ်အသစ်က ဂီတဇယားတွေကို ကြီးစိုးထားရင်း ဟွားနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တစ်လက် ဖြစ်လာခဲ့ပါတယ်"
...
အင်တာနက်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။
"ရှောင်ယာ့ရဲ့သီချင်းတွေက အရမ်းကောင်းလွန်းတယ်"
"ငါ 'ပူဖောင်း'ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် နားထောင်ပြီးသွားပြီ။ အရမ်းနားထောင်လို့ကောင်းတာပဲ"
"သီချင်းရေးဆရာတွေအားလုံးက စတားလိုက်ဖြစ်နေတာကို သတိထားမိကြလား"
"ဘုရားရေ.. ဒီစတားလိုက်ဆိုတာ ဘယ်သူများလဲ။ အရမ်းအထင်ကြီးဖို့ကောင်းလွန်းတယ်"
...
ယဲ့ချန်း တက္ကစီမောင်းနေစဉ် သူ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။
"ယဲ့ချန်း.. ကျွန်မရဲ့အယ်လ်ဘမ်က ပေါက်သွားပြီ"
"ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ သုန်းရှောင်ယာမှာ ခေတ္တမှင်တက်သွားခဲ့သည်။
"ရှင်ကတော့ နည်းနည်းလေးတောင် အံ့သြပုံမပေါ်ပါလား"
ယဲ့ချန်းက ဆိုလိုက်သည်။
"ကိုယ်ရေးတဲ့ သီချင်းတွေနဲ့ဆိုရင် မအောင်မြင်ဖို့ကမှ ပိုခက်လိမ့်မယ်လေ။ အံ့သြစရာဘာရှိလို့လဲ"
သုန်းရှောင်ယာ : "..."
"ယဲ့ချန်း.. ကျေးဇူးတင်ပါတယ်"
သုန်းရှောင်ယာကလည်း ကျေးဇူးတင်စကား ပြောလိုက်သည်။
သုန်းရှောင်ယာသည် ယခင်က ထျန်းကောလုပ်ငန်းစုတွင် အောင်မြင်ခဲ့သော်လည်း ဝူကောက အမွေဆက်ခံသူဖြစ်လာပြီး ထျန်းကောလုပ်ငန်းစုကို ထိန်းချုပ်လိုက်ချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
သူ(မ)ကို အပိုင်သိမ်းရန်အတွက် ဝူကောက အမြဲကြံစည်နေခဲ့သည်။
ယဲ့ချန်းသာ မရှိလျှင် သူ(မ)အနေနှင့် ဝူကော၏ သားကောင်ဖြစ်သွားနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သုန်းရှောင်ယာသည် သူ(မ)အနေနှင့် နာမည်ပျက်စာရင်း အသွင်းခံရပြီး လုံးဝအောင်မြင်တော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယဲ့ချန်းက သူ(မ)ကို နာမည်ကြီးအောင် လုပ်ပေးခဲ့ရုံသာမက သူ(မ)၏ကျော်ကြားမှုကလည်း ထိုးတက်သွားလိမ့်မည်ဟု သုန်းရှောင်ယာ အိမ်မက်ပင် မမက်ဖူးချေ။
"ဟားဟား.. ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်မလဲ"
ယဲ့ချန်းက ရယ်မောလိုက်၏။
"ဒီလိုဆိုရင်ရော.. ကျွန်မ ရှင့်ကို ဟော့ပေါ့ ဝယ်ကျွေးမယ်လေ"
ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ။ ပုသုန်းမှာ ကျွီရှန်းကျွမ့် ဟော့ပေါ့ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။ ဒီတစ်ခါ မင်းရဲ့အယ်လ်ဘမ်လည်း အရောင်းသွက်တယ်ဆိုတော့ ကိုယ် အားမနာတော့ဘူးနော်"
သုန်းရှောင်ယာကလည်း ခပ်ဖွဖွပြုံးလိုက်၏။
"ရပါတယ်။ ပြဿနာမရှိပါဘူး"
"ကောင်းပြီလေ။ ဒါဆိုရင် ဒီည ကျွီရှန်းကျွမ့်ဟော့ပေါ့ဆိုင်မှာ တွေ့ကြတာပေါ့"
သုန်းရှောင်ယာက ပြောလိုက်၏။
"ရတယ်လေ"
ညရှစ်နာရီတွင် ယဲ့ချန်းသည် ဟော့ပေါ့ဆိုင်သို့ မသွားခင် တက္ကစီမောင်းလိုက်သေးသည်။
သီးသန့်ခန်းသို့ ရောက်သောအခါ သုန်းရှောင်ယာက သူ့ကို စောင့်နှင့်နေပြီဖြစ်၏။
သုန်းရှောင်ယာက စိတ်လှုပ်ရှားစွာဖြင့် သူ(မ)၏ဖုန်းကို ထုတ်ယူလိုက်၏။
"ယဲ့ချန်း.. ကျွန်မရဲ့ သီချင်းရှစ်ပုဒ်လုံးက အခု ထိပ်တန်းဆယ်ပုဒ်စာရင်းထဲ ရောက်နေပြီ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။
"ထင်ထားတဲ့အတိုင်းပါပဲ"
သုန်းရှောင်ယာက တအံ့တသြရေရွတ်လိုက်သည်။
"ယဲ့ချန်း.. ရှင်က အရမ်းအံ့သြဖို့ကောင်းတာပဲ"
ယဲ့ချန်းကလည်း တဟားဟားရယ်မောလေသည်။
"သာမန်ပါပဲ။ ထူးထူးခြားခြား မဟုတ်ပါဘူး"
ဟော့ပေါ့စားပြီးနောက် ယဲ့ချန်းနှင့် သုန်းရှောင်ယာတို့ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။
သူတို့ ဝင်ပေါက်သို့ ရောက်သောအခါ ယဲ့ချန်း၏ ပြိုင်ကားပေါ်တွင် ကောင်လေးတစ်ယောက် တစ်ခုခုရေးဆွဲနေကြောင်း မြင်လိုက်ရသည်။
သေစမ်း... ဒီနေ့စီးလာတဲ့ ကားက လိုင်ကန်ကားကြီး...
ယဲ့ချန်းလည်း အနားသို့ အမြန်သွားပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ဟေ့ကောင်လေး.. မင်း ဘာလုပ်နေတာလဲ။"
ကောင်လေးက ယဲ့ချန်းကို မြင်သောအခါ ချက်ချင်းထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော် ယဲ့ချန်းက သူ့ကို ချက်ချင်း ဖမ်းဆွဲထားလိုက်သည်။
သူ့ကားကိုယ်ထည်ပေါ်တွင် လိပ်ပေါက်စလေးတစ်ကောင် ရေးဆွဲထားကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။
"မင်းရဲ့မိဘတွေ ဘယ်မှာလဲ"
ယဲ့ချန်းက အေးစက်ခက်ထန်စွာ မေးလိုက်သည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်က သုတ်သီးသုတ်ပျာ ရောက်ချလာသည်။
"ရှင် ဘာလုပ်နေတာလဲ။ ကလေးကို အနိုင်ကျင့်နေတာလား"
•••••••••••••••••
အပိုင်း ၅၃၆ : ကလေးဆိုး
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် အမြန်ပြေးလာပြီး ယဲ့ချန်းကို ဘေးသို့ တွန်းဖယ်လိုက်သည်။
"အမလေး အမေ့ရဲ့အသည်းအသက်လေး... ခုနက ဒီလူ မင်းကို နာအောင်လုပ်လိုက်သေးလား"
ထိုသို့ပြောရင်း အမျိုးသမီးက ကလေးကို ပွေ့ဖက်ထားရင်း မျက်ရည်အနည်းငယ်ကိုပင် ညှစ်ထုတ်လိုက်သေးသည်။
ယဲ့ချန်းခမျာ ဆွံ့အသွားရသည်။ သူသည် မိဘများကို ရှာပေးရန် ရည်ရွယ်ချက်ဖြင့် ကလေးကို အသာဖမ်းဆွဲထားရုံသာဖြစ်ပြီး ကလေး၏လက်မောင်းကို တမင်သက်သက် ဖွဖွလေးဆုပ်ကိုင်ထားခဲ့သည်။
သို့သော် ဤအမျိုးသမီးကမူ သူသည် သူ(မ)၏သားကို သတ်ပစ်လိုက်သည့်အလား ပြုမူနေချေသည်။
မိခင်ဖြစ်သူ ရောက်လာသည်ကို မြင်သောအခါ ထိုကလေးကလည်း အားကိုးရာရသွားသည့်နှယ် ယဲ့ချန်းကို လက်ညှိုးထိုးကာ ချက်ချင်းအော်ဟစ်လေတော့သည်။
"သူလုပ်တာ။ ခုနက သူ သားကို အရမ်းနာအောင် ဆွဲဆိတ်ပြီး ရိုက်မလို့လုပ်တယ်"
ထိုသို့ပြောပြီးနောက် ကောင်လေးက ကြီးကြီးမားမား နစ်နာလိုက်ရသကဲ့သို့ ငိုယိုလေတော့သည်။
ထိုစကားကို ကြားသောအခါ ကလေးမိခင်မှာ ချက်ချင်းဆိုသလို မိန်းမကြမ်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ယဲ့ချန်းကို ဆဲဆိုတော့သည်။
"ကလေးတစ်ယောက်ကို အနိုင်ကျင့်ရအောင် ဘယ်လိုတောင်ရိုင်းစိုင်းရတာလဲ။ ရှင်က လူရောဟုတ်ရဲ့လား"
သူ(မ)က ကလေး၏လက်မောင်းကို ပွတ်သပ်ပေးရင်း ထိုသို့ပြောလိုက်သည်။
"သားရဲ့လက်မောင်းလေး ရောင်သွားသေးလား။ မေမေ ကြည့်ပါရစေဦး။ ပုံမှန်ဆိုရင် ငါတောင် သူ့ကို မထိရက်မကိုင်ရက်တာကို ရှင်က သူ့ကို ရိုက်တယ်ပေါ့။ ဒါတော့ လွန်လွန်းသွားပြီ"
ယဲ့ချန်းခမျာ ဆွံ့အသွားရသည်။
"ခင်ဗျားရဲ့သားကမှ ကျွန်တော့်ကားကို ခြစ်သွားတာ။ ဟုတ်ပြီလား"
အစပိုင်းတွင် ယဲ့ချန်းသည် မိဘများကိုသာ ရှာချင်ခဲ့ပြီး သူတို့ဘက်က တောင်းပန်ပါက သည်အတိုင်းခွင့်လွှတ်ပေးရန် ရည်ရွယ်ထားခဲ့သည်။
ဆေးပြန်သုတ်ရန် ယွမ်သိန်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်သော်လည်း ထိုပမာဏက ယဲ့ချန်းအတွက် အရေးပါလေသလော။
သို့သော် ဤအမျိုးသမီးကမူ အလျှော့မပေးပါဘဲ ယဲ့ချန်းကိုပင် အပြစ်လာတင်နေသဖြင့် ယဲ့ချန်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။
ယခုဆိုလျှင် ယဲ့ချန်း၏ကားပေါ်တွင် ထိုကလေးရေးဆွဲထားသော လိပ်ပေါက်စလေးကို လူတိုင်း မြင်လိုက်ရပြီဖြစ်၏။
ကလေးက ကျောက်ခဲဖြင့် ရေးဆွဲခဲ့သောကြောင့် ကားကိုယ်ထည်၏ ဆေးသားကို အစင်းရာထင်သွားစေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်း၏ကားကို ကြည့်လိုက်သည်နှင့် ဈေးကြီးမှန်း လူတိုင်း သိနိုင်ပေသည်။ မိမိ၏ကား အခြစ်ခံရပါက မည်သူကများ စိတ်ချမ်းသာနိုင်မည်နည်း။
သို့သော် ကလေးမိခင်ကတော့ ဂရုမစိုက်ပေ။
"ငါတို့ကလေးက ငယ်သေးတယ်။ ဘာမှ နားမလည်သေးဘူးလေ။ ရှင့်ကားပေါ်မှာ အစင်းရာနည်းနည်းထင်သွားရုံလေးပဲ မဟုတ်ဘူးလား။ အဲဒါက ဘာများ အရေးကြီးနေလို့လဲ။ ရှင်ကမှ လူကိုရိုက်တာ။ အဲဒါကို ရှင် နားမလည်ဘူးလား"
ယဲ့ချန်းခမျာ ထိုစကားကို ကြားသောအခါ အေးစက်စက် ရယ်မောလိုက်သည်။
ဤအမျိုးသမီးက ကလေးအကြောင်းကိုသာ တဖွဖွပြောနေချေသည်။
ကလေး၏ အုပ်ထိန်းသူအနေနှင့် ကြီးကြပ်စောင့်ရှောက်ရမည့် တာဝန်ကို သူ(မ) မကျေပွန်ခဲ့ပေ။
သူ(မ)က ကလေးကို လျှောက်ပြေးခိုင်းထားပြီး စားသောက်နေခဲ့သည်။ ဤတစ်ခါတော့ ကားကိုခြစ်ခဲ့ရုံသာ။ အကယ်၍ သူသာ ကားတိုက်ခံရမည်ဆိုလျှင် ယာဉ်မောင်း၏အပြစ်ဟု ပြောပေဦးမည်။
အထူးသဖြင့် ဤအမျိုးသမီး၏လေသံက သူ(မ)ကသာ အရာရာမှန်ကန်နေသည့်အလား ဒေါသထွက်စရာကောင်းလှပေသည်။
သူ(မ)၏ကလေးက ကလေးတစ်ယောက်ဖြစ်သောကြောင့် သူ(မ)အနေနှင့် မည်သည့်အရာကိုမဆို လုပ်နိုင်သည်။ အရင်ဦးစွာ တိုင်တန်းနိုင်သည်။ အခြားလူများကို တရားဝင်စွပ်စွဲနိုင်သည်ဟု ထင်နေချေသည်။
ယဲ့ချန်းက အေးစက်မာကျောစွာ ပြောလိုက်လေသည်။
"အမိ... ခင်ဗျားပြောတာ မှန်ပါတယ်။ ခင်ဗျားရဲ့ကလေးက နားမလည်ဘူးဆိုပေမဲ့ လူကြီးဖြစ်တဲ့ ခင်ဗျားကရော နားမလည်ဘူးလား။ ခင်ဗျားသားက ကျွန်တော့်ကားကို ခြစ်သွားတဲ့အတွက် ခင်ဗျားက ကျွန်တော့်ကို တောင်းပန်သင့်တာ မဟုတ်ဘူးလား။ တကယ်လို့ ခင်ဗျားသားသာ ကားတိုက်ခံရရင် အဲဒါက ဘယ်သူ့တာဝန်ဖြစ်သွားမလဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုအမျိုးသမီးမှာ မကျေမနပ်ဖြစ်သွားချေသည်။
"ရှင်က အရမ်းအဆိပ်ပြင်းတာပဲ။ ကျွန်မသားကိုတောင် ကျိန်ဆဲနေတယ်"
ယဲ့ချန်းက အေးစက်စက် နှာမှုတ်လိုက်၏။
"ခင်ဗျားနဲ့ စကားပြောပြီး အချိန်မဖြုန်းချင်တော့ဘူး။ ကျွန်တော့်ကားပြင်စရိတ်ကို လျော်ပေးပြီး ဒီကိစ္စကို ဒီမှာပဲအဆုံးသတ်လိုက်တော့"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကလေးမိခင်က အေးစက်စက်နှာမှုတ်လိုက်၏။
"ဟွန့်... ကလေးတစ်ယောက်က ရှင့်ကားပေါ်မှာ ပုံလေးဆွဲမိတာကို ရှင်က ကလေးတစ်ယောက်ကို ပြဿနာရှာနေတာပေါ့။ ယောကျ်ားရော ဟုတ်ရဲ့လား။ ချမ်းသာတာနဲ့ပဲ အကြင်နာတရားကင်းမဲ့တော့မှာလား။ အဆင့်မြင့်ကားမောင်းဖို့ ရှင့်ကို ဘယ်သူက ပြောလို့လဲ။ ဒီမှာ..အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ ရှင့်ကို ပြောလိုက်မယ်။ အရမ်းယုတ်မာမနေနဲ့"
ယဲ့ချန်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။
ယုတ်မာတယ်တဲ့လား။ ဒါဆို သူက အရမ်း ယုတ်မာနေတာပေါ့။
သူ့ကား အခြစ်ခံရတာကို သူက ကျေးဇူးတင်နေရမှာလား။
ကလေးလေး မင်းဆွဲထားတာ သိပ်လှတာပဲ။ နောက်တစ်ခါ လာဆွဲဦးနော်လို့ ပြောရမှာလား။
ဤအမျိုးသမီး၏ အတွေးအခေါ်မှာ လုံးဝအဓိပ္ပာယ်မဲ့လွန်းလှသည်။
ယခုမူ ဤကလေးက သူ့ကားကို ဘာကြောင့် ခြစ်ခဲ့ရသည်ကို ယဲ့ချန်း နောက်ဆုံးတော့ နားလည်လိုက်လေပြီ။
ထိုကဲ့သို့သောမိဘမျိုးရှိနေမှတော့ ကလေးဆိုးဖြစ်လာရန် သေချာနေချေပြီ။
ဤကလေးက အလိုလိုက်ခံထားရလွန်း၍ ပျက်စီးနေမှန်း သိသာလှ၏။
ယဲ့ချန်းလည်း ကားပြင်ဆိုင်မှ လူတစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်သည်။
"တစ်ချက်လောက် ကြည့်ပေးပါဦး။ ဒါကို ဆေးပြန်သုတ်မယ်ဆိုရင် ဘယ်လောက်ကျမလဲ"
ပြင်ဆင်ရေးဝန်ထမ်းက တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"ကလေးက တံခါးပေါ်မှာ ဆွဲထားတာဆိုတော့ တံခါးတစ်ချပ်လုံးကို ဆေးပြန်သုတ်ဖို့ လိုပါလိမြၽမယ်။ အဲဒါကြောင့် ကုန်ကျစရိတ်က တော်တော်များလိမ့်မယ်။ ခန့်မှန်းခြေအားဖြင့် ယွမ်သုံးသိန်းလောက် ကျပါမယ်"
ထိုပမာဏကို ကြားလိုက်ရသောအခါ အမျိုးသမီး၏မျက်နှာကား ချက်ချင်းပျက်ယွင်းသွားလေတော့သည်။
"ရှင်တို့ ဓားပြတိုက်နေတာလား။ ဆေးပြန်သုတ်ရုံလေးကို ဒီလောက်တောင်ဈေးကြီးရသလား"
ယဲ့ချန်းက အေးစက်စက် ရယ်မောလိုက်၏။
"အမိ သေချာကြည့်ပါဦး။ ကျွန်တော့်ကားက လိုင်ကန်နော်။ ယွမ်သုံးသိန်းဆိုတာကတင် အရမ်းဈေးပေါနေပြီ"
ထိုအချိန်တွင် ပြင်ဆင်ရေးဝန်ထမ်းကလည်း အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"မိန်းကလေး..ကျွန်တော်တို့ပြောထားတဲ့ ဈေးနှုန်းက တော်တော်သက်သာနေပါပြီ။ ဥက္ကဋ္ဌယဲ့ကသာ ကျွန်တော်တို့ရဲ့ အဆင့်မြင့်ဗီအိုင်ပီမဟုတ်ဘူးဆိုရင် အနည်းဆုံး ယွမ်ငါးသိန်းလောက်ကျမှာပါ"
ယခုအချိန်တွင် ယဲ့ချန်းသည် ဤအမျိုးသမီးနှင့် ပတ်သက်နေရသည်ကို ပင်ပန်းလာသဖြင့် ရဲကိုသာ တိုက်ရိုက်ဖုန်းဆက်လိုက်သည်။
ထိုအချိန်တွင် ဘေးနားက စောင့်ကြည့်နေသူ အများအပြားက ယဲ့ချန်းကို ထောက်ခံလာကြသည်။
"ဒီလိုကလေးဆိုးတွေကို ဆုံးမဖို့ လိုတယ်။ အရင်က ငါ့ကားလည်း အခြစ်ခံခဲ့ရဖူးတယ်"
"ဟုတ်တယ်။ ဒီလို အလိုလိုက်ခံထားရတဲ့ ကလေးတွေကို အခွင့်အရေးပေးထားလို့ မရဘူး"
"ခံရတာတန်ပါတယ်။ ဒီလိုကလေးမျိုးကို မထိန်းချုပ်ဘူးဆိုရင် နောက်ပိုင်း ပိုဆိုးလာလိမ့်မယ်"
မကြာခင်မှာပင် ရဲအရာရှိများမှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာခဲ့သည်။
ရဲများကို မြင်သောအခါ ထိုအမျိုးသမီးမှာ နစ်နာသူတစ်ဦးနှယ် ဟန်ဆောင်လေသည်။
"အရာရှိကြီး.. ကျွန်မကလေးက သူ့ကားကို မတော်တဆခြစ်မိသွားတာတောင် သူက ကျွန်မကလေးကို ရိုက်တယ်ရှင့်"
ယဲ့ချန်းက အေးစက်မာကျောစွာ နှာမှုတ်လိုက်သည်။
"မိန်းကလေး.. အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့။ ဒီမှာ ကင်မရာတွေ ရှိတယ်။ ရဲတွေအနေနဲ့ ဗီဒီယိုမှတ်တမ်းကို ဆွဲထုတ်ပြီး ကျွန်တော် ခင်ဗျားကလေးကို ရိုက်မရိုက်ကြည့်လို့ရတယ်နော်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုအမျိုးသမီးခမျာ ဘာလုပ်ရမှန်းမသိတော့ပေ။
အခြေအနေကို နားလည်သွားသည့်နောက် ရဲအရာရှိကလည်း အေးစက်စက်ဆိုလိုက်သည်။
"မိန်းကလေး.. ခင်ဗျားရဲ့သားက သူများကားကို ခြစ်ခဲ့တဲ့အတွက် အုပ်ထိန်းသူဖြစ်တဲ့ ခင်ဗျားမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ခင်ဗျားက လျော်ကြေးပေးမယ်ဆိုရင် ဒီကိစ္စကို သီးသန့်ဖြေရှင်းပြီးသားလို့ ယူဆလို့ရပါတယ်။ တကယ်လို့ ခင်ဗျားဘက်က မလျော်ဘူးဆိုရင် ပမာဏက များတဲ့အတွက် ကျွန်တော်တို့နဲ့အတူ စခန်းကို လိုက်ခဲ့ရပါလိမ့်မယ်"
ရဲစခန်းသို့သွားရမည်ဟု ကြားလိုက်ရသောအခါ ထိုအမျိုးသမီးခမျာ ကြောက်လန့်သွားချေသည်။
ယွမ်သုံးသိန်း ဆုံးရှုံးရတော့မည်ဟု တွေးမိသောအခါ သူ(မ)မှာ အသည်းကွဲသလို ခံစားလိုက်ရသည်။
ထိုယွမ်သုံးသိန်းမှာ ကားဝယ်ရန် ရည်ရွယ်ထားခြင်းဖြစ်လေရာ ယခုမူ ဤကလေးဆိုးလေးကြောင့် ကားဝယ်ရန် ပိုက်ဆံထပ်စုရပေတော့မည်။
လျော်ကြေးပေးပြီးနောက် ထိုအမျိုးသမီးက သူ(မ)၏သားနှင့်အတူ စိတ်ပျက်လက်ပျက် ပြန်သွားလေတော့သည်။
အနည်းငယ်ဝေးသောနေရာသို့ ရောက်သောအခါ ပိုဒေါသထွက်လာသော အမျိုးသမီးသည် သူ(မ)၏သားကို ခပ်ကြမ်းကြမ်း ဆူပူကြိမ်းမောင်းလေတော့သည်။
ဘေးနားမှ ကြည့်နေသူများလည်း မရယ်ဘဲ မနေနိုင်ကြတော့ချေ။
ယဲ့ချန်း ကားပေါ်သို့ ပြန်တက်လာချိန်တွင် သုန်းရှောင်ယာက ပြောလိုက်၏။
"ယဲ့ချန်း.. ရှင်လုပ်တာ လုံးဝမှန်တယ်။ ကလေးဆိုးတွေကို အလိုလိုက်ထားလို့ မရဘူး"
"ဟုတ်တယ်။ တကယ်တော့ သူတို့မိဘတွေက ကိုယ့်ကို ကျေးဇူးတင်သင့်တာ။ ဒီလိုသင်ခန်းစာသာ မရှိခဲ့ဘူးဆိုရင် နောက်နောင် သူ့သားက ဘယ်လိုပြဿနာမျိုးတွေ ရှာလာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ယဲ့ချန်းလည်း ကားမောင်း၍ သုန်းရှောင်ယာကို အိမ်သို့ လိုက်ပို့ပေးခဲ့သည်။
သုန်းရှောင်ယာက မိဘများနှင့်အတူ နေထိုင်လေသည်။ အချိန်လည်း လင့်နေပြီဖြစ်၍ ဝင်ရောက်လည်ပတ်ရန် အဆင်မပြေသောကြောင့် ယဲ့ချန်းမှာ သူ့အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်။
ဟွားစံအိမ်တော်သို့ ပြန်ရောက်သော် ဗီလာထဲရှိ မီးများ လင်းထိန်နေသည်ကို တွေ့ရသဖြင့် လင်းဝမ်ယိုပြန်ရောက်ပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် ယဲ့ချန်း၏ နှလုံးသားထဲဝယ် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ယဲ့ချန်းမှာ ဓာတ်လှေကားဖြင့် အခန်းရှိရာသို့ တက်လာခဲ့လေရာ လင်းဝမ်ယိုက ဓာတ်လှေကားတံခါးဝတွင် ရပ်စောင့်နေပေသည်။
"အိမ်ပြန်ရောက်လာတာ ကြိုဆိုပါတယ် သခင်လေး"
"ဝမ်ယို.. နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ။ ကိုယ် မင်းကို အရမ်းလွမ်းနေတာ"
လင်းဝမ်ယိုခမျာ ရှက်သွေးဖြာသွားချေသည်။
"ကျွန်မလည်း သခင်လေးကို လွမ်းနေတာပါ"
"ဟားဟား.. ကိုယ်တို့ လေ့ကျင့်ခန်းမလုပ်ဖြစ်တာ တော်တော်တောင် ကြာသွားပြီပဲ။ ဒီညတော့ သေချာလေး လေ့ကျင့်ခန်း လုပ်ကြရအောင်"
လင်းဝမ်ယို၏မျက်နှာကား နီရဲသွားသည်။
"သခင်လေး.. ရှင်က အရမ်းဆိုးတာပဲ"
နောက်တစ်နေ့တွင် ယဲ့ချန်း ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အဖေ၏ အသက်၆၀ပြည့်မွေးနေ့ပင် နီးကပ်နေလေပြီ။
ထို့ကြောင့် ဖခင်ဖြစ်သူ နှစ်သက်မည့် လက်ဆောင်တချို့ပေးရန် သူ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ရေဒီယိုမှ မိုတု မော်တော်ယာဉ်ပြပွဲအကြောင်း သတင်းကြေညာနေပေသည်။
သူ့အဖေက ကားမောင်းရခြင်းကို အလွန်နှစ်သက်ကြောင်းနှင့် သူတို့၏ကားကလည်း မောင်းနှင်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ကြောင်း ယဲ့ချန်း သတိရလိုက်သည်။
အစပိုင်းတုန်းက ယဲ့ချန်းသည် သူ့အဖေအတွက် ကားအသစ် လဲပေးချင်ခဲ့သော်လည်း ဖခင်ဖြစ်သူက ထိုကားဟောင်းကို သံယောဇဉ်တွယ်နေပြီဖြစ်၍ မစွန့်လွှတ်ရက်ကြောင်း ပြောခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ယဲ့ချန်းသည် သူ့အဖေ၏မွေးနေ့ကို အသုံးချပြီး စင်စစ်ကောင်းမွန်သော လက်ဆောင်တချို့ပေးရန် ဆုံးဖြတ်လိုက်၏။
••••••••••••••
အပိုင်း ၅၃၇: နတ်ဘုရားအဆင့်စုံထောက်စွမ်းရည်
နောက်တစ်နေ့ ယဲ့ချန်းသည် ကားပြပွဲသို့သွားရန် ဖုတန်တက္ကသိုလ်ဂိတ်ပေါက်တွင် ထန်ရှောင်ဖေးကို သွားကြိုခဲ့သည်။
"ယဲ့ချန်း.. ရှင် ဟိုတလောကမှ ကားဝယ်ထားတာ မဟုတ်ဘူးလား"
ထန်ရှောင်ဖေးခမျာ ဆွံ့အသွားချေသည်။
လူကုံထံများက စိုးမိုးခြယ်လှယ်လွန်းသည်မဟုတ်လော။ ဤအချိန်တိုလေးအတွင်း နောက်ထပ်ကားတစ်စီး ဝယ်မည်တဲ့။ ယဲ့ချန်းအနေနှင့် ယခင်တစ်စီးတုန်းက ယွမ်ဆယ်သန်းကျော် သုံးခဲ့သည်မဟုတ်လော။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ဒီကားက အဖေ့အတွက် မွေးနေ့လက်ဆောင်ပါ။ သူ့အတွက် ပိုတည်ငြိမ်တဲ့ကားမျိုး ပေးချင်လို့လေ။ ပြီးတော့ မင်းက ကားရောင်းတဲ့ အတွေ့အကြုံရှိတော့ ကိုယ့်ကို အကြံဉာဏ်တချို့ ပေးနိုင်မယ်ထင်လို့"
သူတို့နှစ်ယောက်သား ကားပြပွဲစင်တာထဲသို့ ဝင်သွားကြသည်။
စင်တာထဲတွင် လူများ စည်ကားနေချေသည်။
ယဲ့ချန်းမှာ ဘန်ထလေအရောင်းပြခန်းသို့ ရောက်သွားသည်။
ထိုစဉ် အရောင်းဝန်ထမ်းတစ်ယောက် ရောက်လာလေသည်။
"လူကြီးမင်း ကားတွေကြည့်မလို့လား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်ပြီး ဘန်ထလေကားတစ်စီးကို လက်ညှိုးထိုးပြလေသည်။
"အဲဒီကားက ဘယ်လောက်လဲ"
ဤကား၏ပုံစံမှာ အလွန်တည်ငြိမ်ပြီး ကားကိုယ်ထည်ကလည်း လေးလံသဖြင့် သူ့ဖခင်၏အရွယ်နှင့် အလွန်လိုက်ဖက်ပေသည်။
“လူကြီးမင်းက အမြင်ရှိတယ်နော်။ ဒီကားက ဘန်ထလေက အသစ်ထွက်ထားတဲ့ ကန့်သတ်ထုတ်ကုန်စီးပွားရေးသုံးကားပါ"
အရောင်းဝန်ထမ်းက စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလေသည်။
ချန်းမင်ဟု အမည်ရသော ထိုအရောင်းဝန်ထမ်းသည် ဤကားပြပွဲအတွက် အရောင်းမန်နေဂျာဖြစ်၏။
ချန်းမင်သည် များပြားလှသော သူ့အတွေ့အကြုံများဖြင့် ယဲ့ချန်း၏လက်ကောက်ဝတ်ထက်ရှိ ပါတက်ခ်ဖီလစ်နာရီနှင့် ဟားမက်စ်ဝတ်စုံတို့ကို မြင်လိုက်ရသည်နှင့် ဤလူငယ်မှာ သာမန်လူမဟုတ်ကြောင်း တန်းသိလိုက်သည်။
“ဒီကားရဲ့ဈေးနှုန်းက ယွမ်၈.၈၈သန်းဖြစ်ပြီး အဆင့်အမြင့်ဆုံး အီလက်ထရောနစ်ဘရိတ်စနစ် ပါဝင်တဲ့အတွက် အမြင့်မားဆုံး လုံခြုံရေးအဆင့်ကို ပေးစွမ်းနိုင်ပါတယ်။ ကားကိုယ်ထည်ကို ကာဗွန်ကုန်ကြမ်းပစ္စည်းနဲ့ ပြုလုပ်ထားတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ ပထမတန်းစားထိခိုက်မှုကာကွယ်ရေးကို ပေးစွမ်းနိုင်ပြီး 4.8Tတာဘိုအင်ဂျင် ပါဝင်ပါတယ်။ ကားကိုယ်ထည်က လေးလံပေမဲ့ ၃.၈စက္ကန့်အတွင်း အရှိန်တင်နိုင်ပါတယ်"
ချန်းမင်က ဆက်ပြောပြန်သည်။
"စီးပွားရေးသုံးကားဖြစ်တဲ့အတွက် လမ်းကြောင်းပြစနစ်၊ ယာဉ်ကြောသွေဖည်မှုသတိပေးစနစ်၊ ညကြည့်စနစ်တွေ ပါဝင်ပြီး လူကြီးမင်းရဲ့ လိုအပ်ချက်တိုင်းကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါတယ်"
...
ချန်းမင်က ကား၏ လုပ်ဆောင်ချက်အားလုံးကို စိတ်ရှည်လက်ရှည် မိတ်ဆက်ပေးခဲ့သဖြင့် ယဲ့ချန်းကလည်း ကျေနပ်စွာ ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"အင်း... မဆိုးဘူးပဲ။ ငါ ဒီတစ်စီးပဲယူမယ်။ ကတ်ဖြတ်လိုက်"
သူက ပြောလိုက်၏။
ချန်းမင်ခမျာ ချက်ချင်းဆိုသလို မှင်တက်သွားလေတော့သည်။
သူသည် သူဌေးများစွာနှင့် တွေ့ဆုံဖူးသော်လည်း ဤမျှကြီးစိုးခြယ်လှယ်နိုင်စွမ်းရှိသူနှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။
ချန်းမင်ခမျာ အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"လူကြီးမင်း တကယ် ဒီအတိုင်းယူလိုက်တော့မှာလား။ သေချာထပ်မကြည့်တော့ဘူးလား"
ယဲ့ချန်း ခေါင်းခါယမ်းလိုက်၏။
"မလိုပါဘူး။ ဒီကားက ငါ့အဖေ့အတွက် မွေးနေ့လက်ဆောင်ဆိုတော့ အချိန်မီပို့ပေးနိုင်ရင် ရပါပြီ"
"ဟုတ်ကဲ့။ စိတ်မပူပါနဲ့"
ချန်းမင်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။
ဤကားက ဤနေရာတွင် ပြသထားသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်၏။ စိတ်ဝင်စားသူများ ရှိခဲ့သော်လည်း အလွန်ဈေးကြီးသောကြောင့် မည်သူကမှ အလေးအနက်မထားခဲ့ကြပေ။
ဤကားကို ရောင်းချရပါက သူလည်း ကော်မရှင်ခ အမြောက်အများရရှိမည်သာ။
"ဒါနဲ့ ဒီကားက ငါ့အဖေ့အတွက် မွေးနေ့လက်ဆောင်ဆိုတော့ အချိန်ကျရင် မင်းတို့ရဲ့4S ဆိုင်က တရားဝင်အခမ်းအနားတစ်ခု စီစဉ်ပေးဖို့ မျှော်လင့်ပါတယ်"
ယဲ့ချန်းက ဆက်ပြောလေသည်။
"စိတ်ချပါ လူကြီးမင်း။ အဲဒီအတွက် ကျွန်တော်တို့ အကုန်စီစဉ်ပေးပါ့မယ်"
ယဲ့ချန်းက ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ တခြားပြဿနာမရှိရင် ကတ်ဖြတ်လိုက်ပါ"
သူ့ဘေးရှိ ထန်ရှောင်ဖေးမှာမူ ကြက်သေသေသွားလေသည်။
ယဲ့ချန်းက ဒေါ်လာသန်းနှင့်ချီတန်သော ကားတစ်စီးကို ဂေါ်ဖီထုပ်ဝယ်သလို ဝယ်လိုက်သည်မှာ အလွန်စိုးမိုးနိုင်လွန်းသည်။
ချန်းမင်မှာ ပို၍ပင် လေးစားသွားရသည်။
ပါတက်ခ်ဖီလစ်ဝတ်ဆင်ထားသည့် လူကြီးလူကောင်းတစ်ဦးက သန်းနှင့်ချီတန်သော ကတ်ကို ဖြတ်လိုက်သည်မှာ မဆန်းတော့ပေ။ သုံးနိုင်ဖြုန်းနိုင်လွန်းလှ၏။
တကယ်တော့ လူကြီးများက ချွေတာခြင်းကို တန်ဖိုးထားတတ်ကြသော်လည်း ဇိမ်ခံကားမောင်းရသည်ကို မည်သူကများ မနှစ်သက်ဘဲ နေမည်နည်း။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ယဲ့ချန်းသည် သူ့အဖေကို အံ့အားသင့်သွားအောင်လုပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ကားကလည်း ဝယ်ပြီးသွားပြီဖြစ်ရာ သူ့အဖေအနေနှင့် သူ့ကို ပြန်သွင်းခိုင်းမည်မဟုတ်ပေ။
ငွေပေးချေပြီးနောက် ယဲ့ချန်း ဝယ်ယူမှုစာချုပ်ကို ရလာခဲ့သည်။
ချန်းမင်က စာချုပ်ကို ယဲ့ချန်းထံသို့ လက်နှစ်ဖက်ဖြင့် တရိုတသေ ကမ်းပေးလိုက်သည်။
"မစ္စတာယဲ့.. စိတ်ချပါ။ ကျွန်တော်တို့ ကတိပေးထားတဲ့အတိုင်း ကားကို အချိန်မီပို့ပေးပါ့မယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ။ ကားရောက်လာရင် ငါ့ကိုဆက်သွယ်လိုက်ပါ"
သူ့ဘေးနားရှိ ထန်ရှောင်ဖေးခမျာ ပြောစရာစကား ပျောက်ရှသွားရသည်။
"ယဲ့ချန်း.. ရှင်မှာ ပိုက်ဆံ ဘယ်လောက်တောင် ရှိနေလို့များ သန်းနဲ့ချီတန်တဲ့ကားကို ဂေါ်ဖီထုပ်ဝယ်သလို ဝယ်နေရတာလဲ"
ယဲ့ချန်းလည်း ခဏမျှ စဉ်းစားကြည့်လိုက်သည်။
"တကယ်တော့ ကိုယ့်မှာ ငွေနဲ့ပတ်သက်တဲ့ သဘောတရားတွေ သိပ်မရှိဘူး။ ကိုယ့်မှာ ငွေဘယ်လောက်ရှိလဲဆိုတာတောင် မသိဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထန်ရှောင်ဖေး သူ့ကို မျက်စောင်းထိုးလိုက်သည်။
ဒါ သက်သက်ကြွားနေတာပဲ။
"ဒါနဲ့ ကားရွေးပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ဒီည ကိုယ် မင်းကို ညစာဝယ်ကျွေးမယ်လေ"
ယဲ့ချန်းက ပြောလိုက်၏။
ထန်ရှောင်ဖေးကလည်း ပြန်ပြောသည်။
"ထားလိုက်ပါတော့။ ကျွန်မကပဲ ရှင့်ကို ဝယ်ကျွေးပါ့မယ်။ ရှင်ကမှ ကျွန်မကို အများကြီးကူညီပေးခဲ့တာ"
"ကောင်းပြီလေ"
ထန်ရှောင်ဖေးမှာ ယဲ့ချန်းကို အကင်စားရန် ခေါ်သွားခဲ့သည်။
ဈေးမကြီးသော်လည်း ယဲ့ချန်းကတော့ ဤလေထုအခြေအနေကို တကယ်သဘောကျသည်။
အဆင့်မြင့်စားသောက်ဆိုင်များမှာ ပတ်ဝန်းကျင်အနေအထား ကောင်းမွန်သော်လည်း အမြဲချုပ်ချယ်ထားသလို ခံစားရသည်။
ဖီလာအားဖြင့် ဤကဲ့သို့သော ဆိုင်လေးများတွင်မူ လွတ်လွတ်လပ်လပ် စကားပြောဆိုပြီး ရယ်မောနိုင်သည်ဖြစ်ရာ အလွန်သက်သောင့်သက်သာရှိသည်ဟု ခံစားရ၏။
အချိန်ကို တစ်ချက်ကြည့်ပြီးနောက် ထန်ရှောင်ဖေးက ပြောလိုက်၏။
"ယဲ့ချန်း.. စောစောပြန်ကြရအောင်။ အပြင်မှာ အခု တော်တော်ဝရုန်းသုန်းကားဖြစ်နေတာ"
"တကယ်လား။ ဘာဖြစ်လို့လဲ"
"တလောတုန်းက ကျွန်မတို့တက္ကသိုလ်နားမှာ လူသတ်မှုတစ်ခု ဖြစ်ထားတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတာလေ။ သူ့မျက်နှာကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုပဲ။ အရမ်းကြောက်စရာကောင်းတယ်"
"သြော်... ဟုတ်လား"
ဟွားနိုင်ငံသည် ပြည်သူ့လုံခြုံရေး ကောင်းမွန်သောကြောင့် ဤသို့နှယ် ရက်စက်ကြမ်းကြုတ်သော အမှုများ ဖြစ်ပွားလေ့မရှိပေ။
"ဒါဆိုလည်း ကိုယ် မင်းကို စောစောပြန်ပို့ပေးပါ့မယ်"
ယဲ့ချန်းက မိုတုတက္ကသိုလ်သို့ မောင်းလာခဲ့ပြီးနောက် ထန်ရှောင်ဖေး သူ(မ)၏အဆောင်ထဲသို့ လုံလုံခြုံခြုံရောက်သွားကြောင်း မြင်ပြီးမှသာ ပြန်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ရေဒီယိုမှ သတင်းတစ်ပုဒ် လာနေပေသည်။
"မကြာသေးခင်က ကျွန်တော်တို့မြို့မှာ ကြီးမားတဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း လက်ရှိအချိန်မှာ ပြည်သူတွေဆီက သဲလွန်စတွေကို ရှာဖွေနေပါတယ်"
"သေဆုံးသူကတော့ ဝူမျိုးရိုးအမျိုးသမီး၊ အသက် ၂၃နှစ်၊ မိုတုတက္ကသိုလ်ကျောင်းသူ ဖြစ်ပါတယ်။ မနေ့က မွန်းတည့်ချိန်လောက်မှာ ကျောင်းက ထွက်သွားခဲ့ပြီး အလောင်းကိုတော့ ကျောင်းနဲ့ တစ်ကီလိုမီတာအကွာက တောအုပ်လေးထဲမှာ တွေ့ရှိခဲ့ပါတယ်။ အခုဆိုရင် ပြည်သူတွေဆီက မျက်မြင်သက်သေတွေကို ရှာဖွေနေပြီး ဆုကြေးငွေ ယွမ်တစ်သိန်းပေးအပ်သွားမှာ ဖြစ်ပါတယ်"
ဤသတင်းကို ကြားသောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ထန်ရှောင်ဖေးပြောခဲ့သော အမှုနှင့် ဤအမှုမှာ အတူတူပင်ဖြစ်ကြောင်း သိသာလှသည်။
ယဲ့ချန်း ဆက်မောင်းရန် ပြင်လိုက်ချိန်မှာပင် အမှာစာတစ်ခု ဝင်လာခဲ့သည်။
နေရာကား မိုတုတက္ကသိုလ်အနီးပင်။
ယဲ့ချန်းလည်း ခရီးသည်တင်ရမည့်နေရာသို့ မောင်းသွားလိုက်လေရာ ယူနီဖောင်းဝတ်ထားသော ရဲမေတစ်ယောက်က ကားစောင့်နေကြောင်း တွေ့လိုက်ရသည်။ သူ(မ)မှာ အခြားသူမဟုတ်ပါချေ။ ကျိုးစုစုပင်။
"စုစု တိုက်ဆိုင်လိုက်တာ"
ယဲ့ချန်းက ရယ်မောလိုက်သည်။
ယဲ့ချန်းကို မြင်လိုက်ရသဖြင့် ကျိုးစုစုလည်း အနည်းငယ် အံ့သြသွားသည်။
"တိုက်ဆိုင်လိုက်တာ။ ကားငှားရင်း ရှင်နဲ့လာဆုံနေတယ်"
ကားပေါ်သို့ တက်လာပြီးနောက် ကျိုးစုစုမှာ အလွန်ပင်ပန်းနေပုံရသည်။
"ဘာဖြစ်လို့လဲ"
ယဲ့ချန်းက မေးလိုက်၏။
ကျိုးစုစုက သက်ပြင်းချလိုက်လေသည်။
"လူသတ်မှု ဖြစ်ထားတယ်လေ။ ကျွန်မတို့ အနားမယူရဘဲ ၂၄နာရီလုံး အလုပ်လုပ်နေရတာ။ အထက်လူကြီးကလည်း ဒီအမှုကို သုံးရက်အတွင်း ဖြေရှင်းချင်နေတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ ဘာသဲလွန်စမှ မရှိသေးဘူး"
[တင်! တက္ကစီရွေးချယ်မှုစနစ် စတင်ပါပြီ။ အပတ်စဉ်တိုင်း အထူးစွမ်းရည်ရှိတဲ့ ခရီးသည်တစ်ဦးနဲ့ ကျပန်းတွေ့ဆုံရပါမယ်။ ရွေးချယ်မှုတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရင် ပိုင်ရှင့်အနေနဲ့ ကမ္ဘာ့အဆင့်မီ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်လာဖို့ ကူညီပေးနိုင်မယ့် အမြင့်ဆုံးဆုလာဘ်တွေကို ရရှိမှာပါ]
[ခရီးသည်၏အလုပ်အကိုင် : ရဲအရာရှိ]
[ရွေးချယ်စရာနံပါတ်တစ် : ရဲအရာရှိလှလှလေးကို ဟိုတယ်ခေါ်သွားပြီး ကောင်းကောင်းအနားယူခွင့်ပေးလိုက်ပါ။ စနစ်ဆုလာဘ်အဖြစ် ပိုင်တာ့လီဟိုတယ်ရဲ့ ရှယ်ယာ၃၀ရာခိုင်နှုန်းကို ရရှိမှာပါ]
[ရွေးချယ်စရာနံပါတ်နှစ် : ရဲအရာရှိလှလှလေးကို သင့်အတွက် အလုပ်လုပ်ပေးဖို့နဲ့ ခက်ခဲတဲ့ ဒီအလုပ်ကထွက်ဖို့ ဖျောင်းဖျပါ။ စနစ်ဆုလာဘ်အဖြစ် နတ်ဘုရားမထိန်းချုပ်ရေးစွမ်းရည်ကို ရရှိမှာပါ]
[ရွေးချယ်စရာနံပါတ်သုံး : ရဲအရာရှိလှလှလေးကို အမှုဖြေရှင်းဖို့နဲ့ ရာဇဝတ်ကောင်ကိုဖမ်းမိဖို့ ကူညီပေးပါ။ စနစ်ဆုလာဘ်အဖြစ် နတ်ဘုရားအဆင့်စုံထောက်စွမ်းရည်ကို ရရှိမှာပါ]
ပထမဆုလာဘ်ဖြစ်သော ဟိုတယ်ရှယ်ယာများမှာ ယဲ့ချန်းအတွက် ဆွဲဆောင်မှုမရှိလှပေ။
ဒုတိယဆုလာဘ်ဖြစ်သော နတ်ဘုရားမထိန်းချုပ်ရေးစွမ်းရည်နှင့် ပတ်သက်၍ ယဲ့ချန်းသည် အမျိုးသမီးများနှင့် ပေါင်းစည်းရာတွင် ခံစားချက်ကိုသာ အမြဲအသုံးပြုလေ့ရှိ၏။ သူတို့ကို ထိန်းချုပ်ရန် လုံးဝဆန္ဒမရှိပေ။
မိန်းကလေးတစ်ယောက်က သူ့ကို သဘောကျပါက ယဲ့ချန်းအနေနှင့် သဘာဝကျကျ ဝမ်းသာပျော်ရွှင်မည်သာ။ သို့သော် သူ(မ)ဘက်က သဘောမကျလျှင်လည်း ယဲ့ချန်းကတော့ အတင်းအကျပ် ဖိအားပေးမည်မဟုတ်ပေ။
နောက်ဆုံးတွင်မူ ယဲ့ချန်းလည်း ရွေးချယ်စရာနံပါတ်သုံးကို ရွေးချယ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သောလူစားမျိုးမှာ အလွန်ကြောက်စရာကောင်းပြီး ပြည်သူလူထု၏ လုံခြုံရေးကို အန္တရာယ်ပြုနေသဖြင့် နိုင်ငံသားကောင်းတစ်ယောက်အနေနှင့် ရဲအရာရှိလှလှလေးကို အမှုဖြေရှင်းရာတွင် ကူညီပေးရန် ရွေးချယ်သင့်ပေသည်။