အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
အပိုင်း ၅၃၈ : မြွေဆိုးနှင့် လယ်သမားပုံပြင်
ယဲ့ချန်းက မေးလိုက်သည်။
"သဲလွန်စ တစ်ခုလေးတောင် မရသေးဘူးလား"
ကျိုးစုစုကလည်း ခေါင်းယမ်းလိုက်၏။
"ဒီလူရဲ့ လူသတ်နည်းလမ်းက အရမ်းပရိယာယ်ကြွယ်လွန်းတယ်။ ပြီးတော့ သူက သဲလွန်စတစ်ခုလေးတောင် ချန်မထားခဲ့ဘူး"
"လူသတ်သမားရဲ့ နည်းလမ်းက အရမ်းကျွမ်းကျင်လွန်းတယ်။ ရာဇဝတ်မှုတွေကို ကျူးလွန်နေကျ လူဆိုးတစ်ယောက်လိုပဲ။ ပြီးတော့ သူ့လုပ်ရပ်က အရမ်းရက်စက်တယ်။ အရေးအကြီးဆုံးကတော့ ပြစ်မှုကျူးလွန်တဲ့နေရာမှာ ဒီလူက သဲလွန်စတစ်ခုမှ ချန်မထားခဲ့ဘူး။ စုံစမ်းထောက်လှမ်းရေးကို တန်ပြန်ရှောင်တိမ်းနိုင်တဲ့ စွမ်းရည်ကလည်း အရမ်းမြင့်တယ်"
ယဲ့ချန်းက ပြောလိုက်လေသည်။
"မိန်းကလေးရဲ့မျက်နှာက ဖျက်ဆီးခံထားရတယ်လို့ ကြားတယ်"
ကျိုးစုစုကလည်း ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။ အဲဒီမြင်ကွင်းက အရမ်းကြောက်စရာကောင်းတယ်။ အဲဒါကိုမြင်ပြီးကတည်းက ကျွန်မ ထမင်းကောင်းကောင်း မစားနိုင်တာ ရက်တော်တော်ကြာပြီ"
"အသေးစိတ်ပြောပြလေ။ ကိုယ် ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးမယ်"
နတ်ဘုရားအဆင့်စုံထောက်စနစ်ကြောင့် ယဲ့ချန်းအနေနှင့် ကျိုးစုစုပြောပြသည့် စကားများကတစ်ဆင့် သဲလွန်စတစ်ခုခုများ ရှာတွေ့နိုင်မလားဆိုသည်ကို သိချင်လှသည်။
ယဲ့ချန်းမှာ ကားမောင်းရင်း ကျိုးစုစုပြောပြသော အမှုအကြောင်း နားထောင်နေလိုက်သည်။
"အဲဒီမိန်းကလေးက အတန်းထဲမှာ အရမ်းအေးဆေးတဲ့ စရိုက်ရှိတယ်။ သူ့မှာ ရန်သူဆိုတာလည်း မရှိသလို အတန်းဖော်တွေနဲ့လည်း အဆင်ပြေပြေနေတတ်တယ်"
"အခင်းဖြစ်ပွားတဲ့အချိန်မှာ အဲဒီမိန်းကလေးက သူဘယ်သွားမလဲ ဒါမှမဟုတ် ဘာလုပ်မလဲဆိုတာကို တစ်ယောက်ယောက်ကိုများ ပြောပြခဲ့သေးလား"
ယဲ့ချန်း မေးခွန်းထုတ်လိုက်သည်။
"မပြောခဲ့ဘူး။ သူ့အိမ်က ဒီနားမှာပဲလေ။ ကောင်မလေးက ကျောင်းမှာနေနေပေမဲ့ အိမ်ကိုပဲ ပြန်သွားသင့်တာလေ။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဘေးနားက အိမ်ရာဝင်းထဲကိုသွားပြီး ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပဲ"
ယဲ့ချန်းက ဆို၏။
"မူလပြစ်မှုကျူးလွန်ခဲ့တဲ့နေရာကို ရှာတွေ့ပြီလား"
ကျိုးစုစုကလည်း ခေါင်းညိတ်ပြသည်။
"ကောင်မလေးက အိမ်ကို ကားစီးပြီး ပြန်လာတယ်။ ပြီးတော့ မြေအောက်ထပ်ကို သွားပြီးနောက်ပိုင်း ပျောက်သွားတာပဲ။ ကျွန်မတို့ စောင့်ကြည့်ကင်မရာမှတ်တမ်းမှာ သံသယဖြစ်ဖွယ်လူတစ်ယောက်ကို တွေ့ခဲ့ပေမယ့် ရုပ်ဖျက်ထားလို့ သူ့ရုပ်ကို သေချာမမြင်ရဘူး"
"တရားခံက သေသွားအောင် ခေါင်းကို တူနဲ့ ထုရိုက်ခဲ့တယ်။ ဒါပေမဲ့ စဉ်းစားရခက်တာက တရားခံဟာ ကောင်မလေးရဲ့ မျက်နှာကို ဆယ်ကြိမ်ထက်မက ထုရိုက်ထားခဲ့တာပဲ"
ကျိုးစုစုက ဆက်ပြောလိုက်၏။
"စောင့်ကြည့်ကင်မရာမှတ်တမ်းတွေအရ အဲဒီလူ ပြစ်မှုကျူးလွန်ခဲ့တဲ့အချိန်က အရမ်းတိုတောင်းတယ်။ ပြစ်မှုကျူးလွန်ပြီးတာနဲ့ အမြန်ထွက်ပြေးသွားတာ သေချာတယ်"
ဤအချိန်တွင် ယဲ့ချန်း၏စိတ်ထဲတွင် အကြမ်းဖျင်းခွဲခြမ်းစိတ်ဖြာမှုတစ်ခု ရှိနေပြီဖြစ်၏။
"ပထမဆုံးအနေနဲ့ ပြစ်မှုကျူးလွန်သူက အရမ်းရက်စက်တယ်။ ဒီလူနှစ်ယောက်က သိပ်ရင်းနှီးပုံမပေါ်ဘူး။ တကယ်လို့ သူတို့သာ တစ်ယောက်ကိုတစ်ယောက် သိနေခဲ့မယ်ဆိုရင် နှုတ်မဆက်ဘဲ ဒီအတိုင်းဖြတ်သွားကြမှာ မဟုတ်ဘူးလို့ ခံစားမိတယ်"
ကျိုးစုစုက ခွဲခြမ်းစိတ်ဖြာပြသည်။
ယဲ့ချန်းက ရုတ်တရက်ပြောလိုက်၏။
"တစ်ဖက်လူက ရုပ်ဖျက်ထားလို့ ကောင်မလေးက သူ့ကို မမှတ်မိတာများလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျိုးစုစု၏ မျက်လုံးများ အရောင်လက်သွားချေသည်။
ယဲ့ချန်းက ဆို၏။
"ဒီအမှုမှာ သံသယဖြစ်စရာကောင်းတဲ့အချက်တွေက ဒီလိုရှိတယ်။ ကောင်မလေးက ဘာလို့ သူတို့အိမ်နားက အိမ်ရာဝင်းထဲကို သွားခဲ့ရတာလဲ။ တကယ်လို့ ကောင်မလေးက အကြောင်းတစ်ခုခုကြောင့် အဲဒီကိုသွားဖို့ သွေးဆောင်ခံခဲ့ရတာဆိုရင် ဒါက ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှု ဖြစ်နိုင်ခြေများတယ်။ ကျပန်းလူသတ်မှုရဲ့ ဖြစ်နိုင်ခြေကိုတော့ ပယ်ဖျက်လို့ရသွားပြီ"
"ကျွန်မတို့လည်း စုံစမ်းကြည့်ခဲ့ပါတယ်။ အဲဒီအိမ်ရာဝင်းထဲမှာ ကောင်မလေးနဲ့ခင်တဲ့လူ တစ်ယောက်မှမရှိဘူး။ ပြီးတော့ ကျွန်မတို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ကောင်မလေးက ပုံမှန်ဆိုရင် အရမ်းသဘောကောင်းပြီး ဘယ်သူ့ကိုမှ ပြစ်မှားစော်ကားတာမျိုးလည်း မရှိခဲ့ဘူး။ တစ်ဖက်လူက မိန်းကလေးတစ်ယောက်အပေါ် ဘာလို့ ဒီလောက်တောင် ရက်ရက်စက်စက်လုပ်ရသလဲဆိုတာ နားမလည်နိုင်ဘူး"
ယဲ့ချန်းက ဆို၏။
"မဟုတ်ဘူး။ ကောင်မလေးကို အဲဒီအိမ်ရာဝင်းထဲလာခဲ့ဖို့ တစ်ယောက်ယောက်က ချိန်းထားတာပဲဖြစ်မယ်။ တစ်ဖက်လူက ရုပ်ဖျက်ထားပေမဲ့ ရင်းနှီးကျွမ်းဝင်မှုတော့ ရှိနိုင်တယ်။ ကောင်မလေးက တစ်ဖက်လူကို မသိတာဖြစ်နိုင်ပေမဲ့ တစ်ဖက်လူကတော့ ကောင်မလေးကို သိတယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် ကျိုးစုစုခမျာ ခဏမျှမှင်တက်သွားသည်။
ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"ဒီကောင်မလေးရဲ့မျက်နှာက တစ်ယောက်ယောက်ကို မကျေမနပ်ဖြစ်အောင်လုပ်ခဲ့တာဖြစ်မယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျိုးစုစု အလွန်အံ့သြသွားသည်။
ယဲ့ချန်းက ပြောလိုက်သည်။
"မင်းရဲ့ပြောစကားအရ ပထမတစ်ချက် တူနဲ့ထုလိုက်ကတည်းက ကောင်မလေးက သေသွားခဲ့ပြီလေ။ ဘာလို့ တစ်ဖက်လူက ကောင်မလေးရဲ့မျက်နှာကို အကြိမ်ကြိမ် ထုရိုက်ခဲ့ရတာလဲ။ အကြောင်းပြချက်ကတော့ တစ်ခုတည်းပဲ ရှိနိုင်တယ်။ အဲဒါက တစ်ဖက်လူက ကောင်မလေးရဲ့ ဒီမျက်နှာကို အရမ်းမုန်းတီးနေလို့ပဲ"
ထိုစကားကိုကြားပြီးနောက် ကျိုးစုစု၏ မျက်လုံးအစုံကား အရောင်လက်သွားလေသည်။
"ရှင် ဆိုလိုချင်တာက အဲဒီလူကို လူသတ်ချင်စိတ်ဖြစ်အောင် လုပ်ခဲ့တာက ကောင်မလေးရဲ့မျက်နှာကြောင့်လို့ ပြောချင်တာလား"
ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။
"မင်းရဲ့စကားတွေကို ကြည့်ရင် တစ်ဖက်လူက ယောကျ်ားလေးဖြစ်နိုင်တယ်။ လက်နက်ပါတဲ့ ယောကျ်ားတစ်ယောက်အတွက် မိန်းမတစ်ယောက်ကိုသတ်ဖို့ဆိုတာ အရမ်းလွယ်တယ်။ ဒါပေမဲ့ အဲဒီမိန်းမကို သတ်ပြီးနောက်မှာတောင် သူ့မျက်နှာကို ထပ်ပြီး ထုရိုက်ခဲ့တယ်ဆိုတာကျတော့ တစ်ဖက်လူက ဒီမျက်နှာကို အရမ်းမုန်းတီးနေတယ်ဆိုတာ သိသာလွန်းတယ်"
ကျိုးစုစုကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဒါပေမဲ့ ကျွန်မတို့ ကောင်မလေးရဲ့ ကျောင်းနဲ့ ဆွေမျိုးတွေကို စုံစမ်းကြည့်ပြီးပြီ။ အားလုံးက သူနဲ့ ဆက်ဆံရေးအဆင်ပြေကြတာချည်းပဲ"
ထိုအချိန်တွင် ကျိုးစုစု၏ဖုန်းက မြည်လာခဲ့သည်။
"စုစု.. အမှုက တိုးတက်မှုရှိလာပြီ။ ကောင်မလေးရဲ့ဦးလေးက အဓိကသံသယတရားခံပဲ"
ထိုစကားကို ကြားသောအခါ ကျိုးစုစု၏ မျက်လုံးများ အရောင်လက်သွားလေသည်။
"ယဲ့ချန်း.. သဲလွန်စရပြီ။ ကျူးလွန်သူက သူ့ဦးလေးဖြစ်နိုင်တယ်"
ထိုစကားကို ကြားသောအခါ ယဲ့ချန်း မှင်တက်သွားခဲ့သည်။
ဒီအမှုက ဒီလိုနဲ့ပဲ ဖြေရှင်းပြီးသွားပြီလား။
သို့သော် ယဲ့ချန်းကတော့ စနစ်ကတစ်ဆင့် တာဝန်ပြီးမြောက်ကြောင်း အသိပေးချက်တစ်စုံတစ်ရာ မတွေ့ရပေ။
ဆိုလိုသည်မှာ ကောင်မလေး၏ဦးလေးက လူသတ်သမား မဟုတ်နိုင်ချေ။
"ကိုယ် မင်းနဲ့အတူ စစ်ကြောရေးခန်းကို လိုက်ခဲ့လို့ရမလား"
ယဲ့ချန်းက မေးလိုက်သည်။
"ရတာပေါ့"
ကျိုးစုစုက ယဲ့ချန်း မည်သူမည်ဝါဖြစ်ကြောင်း သိထားသည်။
သူသည် ရဲတပ်ဖွဲ့ကိုပင် စည်းရုံးလှုပ်ရှားပိုင်ခွင့် အာဏာရှိပေသည်။
ယဲ့ချန်းလည်း ကျိုးစုစုနှင့်အတူ ရဲစခန်းသို့ လိုက်သွားခဲ့သည်။
စစ်ကြောရေးခန်းထဲတွင် ကျိုးစုစုနှင့် ရဲအရာရှိတစ်ဦးက ကောင်မလေး၏ ဦးလေးကို စစ်ဆေးမေးမြန်းနေကြသည်။
ကျိုးစုစု : "ကျွန်မတို့ စုံစမ်းစစ်ဆေးပြီးပြီ။ တလောတုန်းက ရှင် လောင်းကစားကြောင့် ငွေအများကြီးဆုံးရှုံးခဲ့ရပြီး အကြွေးဆပ်ဖို့အတွက် အိမ်နဲ့ကားကိုတောင် ရောင်းချခဲ့ရတယ်ဆိုတာ ဟုတ်လား"
"ဟုတ်ပါတယ်။ ဒါပေမဲ့ ရှောင်ကျားရဲ့ သေဆုံးမှုက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး"
ကောင်မလေး၏ ဦးလေးက ပြောလေသည်။
"မိသားစုတွေ့ဆုံပွဲမှာ ရှင့်တူမက ရှင့်ကို ဆူပူကြိမ်းမောင်းခဲ့လို့ ရှင်တို့နှစ်ယောက် စကားများခဲ့ကြတယ်လို့ ကျွန်မတို့ကြားထားတယ်"
"ဟုတ်ပါတယ်။ အဲဒါက တကယ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ရှောင်ကျားက ကျွန်တော့်အပေါ် စေတနာထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူက ကျွန်တော့်ကို ဆူပူခဲ့ပေမဲ့ တိတ်တဆိတ်ကူညီပေးခဲ့ပြီး အကြွေးတချို့ကိုတောင် ဆပ်ပေးခဲ့ပါသေးတယ်။ ကျွန်တော့်မှာ ကျေးဇူးတင်လို့တောင် မဆုံးနိုင်တာ။ သူ့ကို ဘယ်လိုလုပ်ပြီး သတ်ရက်မှာလဲ။ ကျွန်တော် ရှောင်ကျားကို ငယ်ငယ်ကတည်းက ချစ်ခဲ့တာ။ ဘယ်ခွေးကောင်ကများ သူ့ကို ဒီလောက် ရက်ရက်စက်စက် သတ်သွားလဲမသိဘူး"
ထိုသို့ပြောရင်း ကောင်မလေး၏ ဦးလေးမှာ အသံထွက်ကာ ငိုကြွေးလေတော့သည်။
ဤမြင်ကွင်းကိုကြည့်ရင်း ယဲ့ချန်း ခေါင်းယမ်းလိုက်မိသည်။ ကောင်မလေး၏ ဦးလေးမှာ လူသတ်သမား မဟုတ်ပေ။
လူသတ်သမားက ဘယ်သူများ ဖြစ်နိုင်မလဲ။
ထိုအချိန်တွင် စစ်ကြောရေးခန်းထဲရှိ ကောင်မလေး၏ဦးလေးက ပြောလိုက်၏။
"ဟူး... ကျွန်တော့်အစ်ကိုက ပရဟိတလုပ်ရတာကို အရမ်းသဘောကျတာ။ ကလေးတွေအများကြီးကိုလည်း ထောက်ပံ့ပေးခဲ့တယ်။ အခုတော့ သူ့ကလေးအရင်းက ဒီလို အဖြစ်ဆိုးနဲ့ ဆုံးပါးသွားရရှာတယ်"
ယဲ့ချန်း၏စိတ်ထဲတွင် စနစ်၏ အသိပေးချက်တစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
"သေဆုံးသူရဲ့ဖခင်က တက္ကသိုလ်ကျောင်းသားတွေကို ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ မကြာသေးခင်က စီးပွားရေးအရှုံးပေါ်မှုတွေကြောင့် အလှူငွေတွေကို အဆုံးအထိ မထောက်ပံ့နိုင်တော့ဘဲ အားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း တစ်စုံတစ်ခုကို ရုတ်တရက်စဉ်းစားမိသည်။
စစ်ကြောရေးအပြီးတွင် ကျိုးစုစုက သက်ပြင်းချလိုက်၏။
"ကောင်မလေးရဲ့ဦးလေး မဟုတ်ဘူးလို့ ကျွန်မရဲ့အလိုလိုသိစိတ်က ပြောနေတယ်"
ယဲ့ချန်းက ကျိုးစုစုကို ပြောလိုက်၏။
"ကောင်မလေးရဲ့အဖေ ထောက်ပံ့ပေးထားတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ချက်ချင်းစစ်ဆေးကြည့်လိုက်။ မကြာသေးခင်က သူတို့ထဲက တစ်ယောက်ယောက်များ ကောင်မလေး ဒါမှမဟုတ် သူ့အဖေနဲ့ အဆက်အသွယ်ရှိခဲ့သလားဆိုတာလည်း ကြည့်လိုက်ပါ"
မကြာခင်မှာပင် စုံစမ်းစစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာခဲ့သည်။ မကြာသေးခင်က ချန်းခွမ်းအမည်ရ ကျောင်းသားတစ်ဦးသည် ကောင်မလေး၏ဖခင်က ထောက်ပံ့ငွေ ရပ်ဆိုင်းလိုက်သောကြောင့် ကုမ္ပဏီသို့ အကြိမ်ကြိမ်သွားရောက်ကာ ပြဿနာရှာခဲ့သည်။ တစ်ကြိမ်တွင် ထိုနေရာ၌ ကောင်မလေးကလည်း ရှိနေခဲ့သဖြင့် သူ့ကို လူပုံအလယ်မှာပင် ဆူပူကြိမ်းမောင်းခဲ့ဖူးသည်။
ခဏအကြာတွင် ထိုကောင်လေးနှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ဆွဲထုတ်နိုင်ခဲ့သည်။
အံ့သြစရာကောင်းသည်မှာ ထိုကောင်လေး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဗီဒီယိုထဲရှိ ထိုလူနှင့် အလွန်တူညီနေခြင်းပင်။
ယဲ့ချန်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ဒီချန်းခွမ်းက လူသတ်သမားပဲ"
ယဲ့ချန်း၏စကားကို ကြားသော် ကျိုးစုစု အံ့သြမှင်တက်သွားသည်။
"ဒါပေမဲ့ ကောင်မလေးရဲ့ အဖေက ဒီကလေးကို ထောက်ပံ့ပေးခဲ့တာလေ။ သူက ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်အထိ ရက်စက်နိုင်ရတာလဲ"
ယဲ့ချန်းက ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။
"မြွေဆိုးနဲ့လယ်သမားပုံပြင်ကို ကြားဖူးလား"
မကြာခင်မှာပင် ချန်းခွမ်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များမှာ ဆက်တိုက် ဝင်ရောက်လာသည်။
ချန်းခွမ်းက အမှန်စင်စစ် အကြီးစားသံသယတရားခံဖြစ်နေပေသည်။
ညဘက်တွင် ကောင်လေးတစ်ယောက်က အငှားအိမ်တစ်လုံးထဲမှ စိုးရိမ်တကြီးဖြင့် အလျင်စလို ထွက်လာခဲ့သည်။
တံခါးဝတွင်မူ ကျီလိကားတစ်စီး ရပ်ထားသည်။
ကားပေါ်သို့ တက်ပြီးနောက် ထိုကောင်လေးက ပြောလိုက်သည်။
"ဒရိုင်ဘာအစ်ကို... စုမြို့ ရထားဘူတာရုံကို သွားပေးပါ"
ယာဉ်မောင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကားစက်နှိုးလိုက်၏။
ကောင်လေးလည်း နောက်ဆုံးတွင် ဤနေရာမှ ထွက်ခွာနိုင်ပြီဖြစ်၍ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်တော့သည်။
••••••••••••••••
အပိုင်း ၅၃၉ : သူ ကျွန်မကို ကယ်တင်ခဲ့တာ
ချန်းခွမ်း၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကားတံခါးကို ချက်ချင်းဖွင့်ကာ အပြင်သို့ ထွက်ပြေးသွားတော့သည်။
သို့သော် သူ ခြေလှမ်းအနည်းငယ်မျှပင် မပြေးရသေးခင် မိန်းမလှလေးတစ်ယောက်က ပြေးလာပြီး သူ့ကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။
ချန်းခွမ်း ပြန်ထရန် ပြင်လိုက်ချိန်မှာပင် ရဲအရာရှိနှစ်ဦးက သူ့ကို ဖမ်းချုပ်လိုက်သည်။
ကျိုးစုစု၏မျက်နှာကား ရေခဲတမျှ အေးစက်နေချေသည်။
မိန်းကလေး၏အဖေက သူ့ကို တက္ကသိုလ်တက်ရန် ထောက်ပံ့ပေးခဲ့သော်လည်း ဤသကောင့်သားကမူ ထိုကျေးဇူးကို လူသတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
ဤလူစားမျိုးမှာ တိရစ္ဆာန်သာသာပင်။
"မင်းက ချန်းခွမ်းမဟုတ်လား။ မင်းကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ သံသယရှိတဲ့အတွက် ငါတို့နဲ့ လိုက်ခဲ့ပါ
ရဲအရာရှိများက ချန်းခွမ်းကို ရဲကားပေါ်သို့ ခေါ်ဆောင်သွားကြသည်။
စစ်ကြောရေးခန်းထဲတွင် ချန်းခွမ်းသည် ခဏအတွင်း ပြစ်မှုကို ဝန်ခံလေသည်။
"ဟုတ်ပါတယ်။ သူဌေးလီက ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့တဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျောင်းပြီးဖို့ တစ်နှစ်ပဲ လိုတော့တာကို သူက ဘာလို့ ထောက်ပံ့ငွေကို ရပ်ဆိုင်းလိုက်ရတာလဲ။ မုန်းဖို့အကောင်းဆုံးက သူ့သမီးပဲ။ သူဌေးလီက ကျွန်တော့်ကို ဆက်ထောက်ပံ့ပေးဖို့ သဘောတူထားပြီးသားပါ။ ဒါပေမဲ့ သူက ကျွန်တော့်ကို ကပ်ပါးကောင်လို့ ခေါ်တယ်။ တက္ကသိုလ်ရောက်ပြီးရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်သင့်တယ်လို့ ပြောခဲ့တယ်။ သူ့ကြောင့်ပဲ သူဌေးလီက ကျွန်တော့်ကို မထောက်ပံ့တော့တာ"
"သူဌေးလီရဲ့ ထောက်ပံ့မှုမရှိတဲ့အခါ ကျွန်တော် နောက်ဆုံးနှစ်ကျောင်းလခအတွက် လုံလောက်အောင် မရှာနိုင်ခဲ့ဘူး။ ကျောင်းမပြီးနိုင်တော့ဘူး။ အလုပ်လည်း မရနိုင်တော့ဘူး။ အားလုံးက အဲဒီမိန်းမကြောင့်ပဲ"
"သူ့မှာ မျက်နှာလှလှလေး ရှိတယ်မဟုတ်လား။ ကျွန်တော် အဲဒါကို ဖျက်ဆီးပစ်ရမယ်လေ"
ချန်းခွမ်း၏စကားကို ကြားသောအခါ ကျိုးစုစုက စားပွဲကို ရိုက်ချလိုက်သည်။
"သူဌေးလီက ကုမ္ပဏီအရှုံးပေါ်နေလို့ ထောက်ပံ့ငွေကို မဖြစ်မနေရပ်ဆိုင်းလိုက်ရတာ။ ပြီးတော့ သူက ကျောင်းသားအများကြီးကို ထောက်ပံ့ပေးခဲ့တယ်။ အဲဒီကျောင်းသားတွေက တက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်မှာတင် အလုပ်စလုပ်ကြပြီး ထောက်ပံ့ငွေမလိုတော့ကြောင်း ကိုယ်တိုင် လျှောက်ထားကြတယ်။ ဒါပေမဲ့ မင်းကရော။ ဂိမ်းတွေဆော့တယ်။ အင်တာနက်ကဖေးတွေမှာ အချိန်ဖြုန်းတယ်။ နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားတွေကိုတောင် ဝတ်သေးတယ်။ အခုတော့ မင်းက ကျေးဇူးကို သစ္စာဖောက်မှုနဲ့ ပြန်ဆပ်တယ်ပေါ့လေ"
"ကုမ္ပဏီက ဒေဝါလီခံသွားတာဆိုရင် သူက ဘယ်လိုလုပ်ပြီး ဆုကြေးငွေတစ်သိန်းကို ပေးနိုင်မှာလဲ"
ချန်းခွမ်းက လှောင်ပြောင်လိုက်သည်။
ကျိုးစုစုကမူ အေးစက်စက် နှာမှုတ်လိုက်၏။
"အဲဒီတစ်သိန်းက သူဌေးလီထောက်ပံ့ပေးခဲ့တဲ့ တခြားကျောင်းသားတစ်ယောက် လှူထားတာ။ သူက ပညာရေးမှာ ထူးချွန်ပြီး ကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအိုဖြစ်လာခဲ့တယ်။ သူကလည်း အစတုန်းက ဆင်းရဲတဲ့ မိသားစုက ဆင်းသက်လာတာပဲ။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်လာခဲ့တယ်။ မင်းကတော့ ကျေးဇူးကို သစ္စာဖောက်မှုနဲ့ ပြန်ဆပ်တယ်လေ"
...
ယဲ့ချန်းလည်း စစ်ကြောရေးဗီဒီယိုကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
စစ်ကြောရေးအပြီးတွင် ယဲ့ချန်းက ကျိုးစုစုကို မေးလိုက်သည်။
"ဒီကောင့်ကို သေဒဏ်ချမှာလား"
ကျိုးစုစုက ဆို၏။
"စိတ်ချပါ။ ကျွန်မ အစီရင်ခံစာမှတ်တမ်းတွေထဲမှာ သေဒဏ်ပေးဖို့ တောင်းဆိုချက်ထည့်လိုက်ပါ့မယ်"
ယဲ့ချန်းတစ်ယောက် ရဲစခန်းထဲမှ ထွက်လာပြီးနောက် အနည်းငယ် စိတ်လေးလံနေခဲ့သည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ထိုမိန်းကလေးအတွက် အလွန်ဆိုးဝါးလှသော ဆုံးရှုံးမှုကြီးပင်။
အတန်းဖော်များ၏ အမြင်တွင် ထိုမိန်းကလေးမှာ အမြဲသဘောကောင်းသူဖြစ်သော်လည်း ချန်းခွမ်းကို ပြောခဲ့မိသည့် စကားအနည်းငယ်ကြောင့် ရက်စက်စွာ ရုပ်ပျက်ဆင်းပျက် အသတ်ခံခဲ့ရသည်။
ယဲ့ချန်း ကုန်တိုက်သို့ ကာမောင်းသွားခဲ့သည်။
ယောကျ်ားများ အနှစ်သက်ဆုံးအရာမှာ ကားများနှင့် နာရီများပင်။
ယခု သူ့တွင် ကားတစ်စီးရှိနေပြီဖြစ်ရာ လိုအပ်နေသော နောက်တစ်ချက်မှာ နာရီပင်။
ယဲ့ချန်းလည် ရိုးလက်စ်အရောင်းဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
သူ အထဲဝင်သွားသည်နှင့်တစ်ပြိုင်နက် အရောင်းမန်နေဂျာက သူ့ထံသို့ လျှောက်လာခဲ့သည်။
ယဲ့ချန်း၏ လက်ကောက်ဝတ်ထက်ရှိ ပါတက်ဖီလစ်နာရီကို မြင်လိုက်ရသောအခါ အရောင်းမန်နေဂျာ၏ မျက်လုံးများမှာ လင်းလက်သွားသည်။
"မင်္ဂလာပါ.. ကျွန်တော်က ရိုးလက်စ်ရဲ့ အရောင်းမန်နေဂျာပါ။ နာရီဝယ်ချင်လို့လားဗျ"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော့်အဖေရဲ့ မွေးနေ့အတွက်လေ။ သူက ခင်ဗျားတို့ဘရန်းထဲက နာရီတွေကို သဘောကျလို့ သူ့အတွက် တစ်လုံးလောက် ဝယ်ပေးချင်ပါတယ်။ တစ်ခုလောက် ညွှန်းပေးလို့ရမလား"
"လူကြီးမင်း.. ဒီတစ်လုံးဆိုရင်ရော"
ယဲ့ချန်း ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်သည်။ နှစ်သိန်းပင်။
"ကျွန်တော်က ဈေးနှုန်းတစ်သန်းအထက် ရှာနေတာပါ"
ယဲ့ချန်း ခေါင်းခါယမ်းလိုက်လေသည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ အရောင်းမန်နေဂျာ၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး အမြန်ပြောလိုက်၏။
"ကျွန်တော်တို့ဆီမှာ ဈေးနှုန်းတစ်သန်းအထက် နာရီတွေရှိပါတယ်"
ထိုသို့ပြောရင်း အရောင်းမန်နေဂျာက နာရီတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒီနာရီက ကျွန်တော်တို့ရဲ့ 'ကြယ်စင်တန်း'စီးရီးထဲကပါ။ အရောင်းရဆုံးနာရီတွေထဲက တစ်လုံးပေါ့။ စိန်အလုံးရေစုစုပေါင်း ၉၉လုံး ပါဝင်ပြီး အရမ်းကောင်းမွန်တဲ့ လက်ရာနဲ့ ဖန်တီးထားပါတယ်။ ဈေးနှုန်းကတော့ ၅.၁၈သန်းပါ"
ယဲ့ချန်း တစ်ချက်ကြည့်လိုက်၏။ နာရီမှာ အလွန်လှပပြီး ခမ်းနားလှသော ဒိုင်ခွက်တစ်ခုလုံးကို စိန်များဖြင့် စီခြယ်ထားသည်။
"ကောင်းပြီ။ အဲဒါပဲ ယူလိုက်မယ်။ ကတ်ဖြတ်လိုက်ပါ"
ယဲ့ချန်းက မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။
ယဲ့ချန်းပြောသည့်စကားကို ကြားသောအခါ အရောင်းမန်နေဂျာခမျာ မှင်တက်သွားသည်။
"ဟုတ်ကဲ့။ ကျွန်တော် နာရီကို အခုချက်ချင်းထုပ်ပိုးပေးပါ့မယ်"
ထိုအချိန်တွင် ဗီအိုင်ပီအခန်းထဲရှိ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ယောက်က ယဲ့ချန်းကို အရောင်လဲ့နေသော မျက်ဝန်းများဖြင့် ကြည့်နေချေသည်။
ယဲ့ချန်းက အလွန်ချောမောသည်။ ပိုအရေးကြီးသည်မှာ အလွန်ချမ်းသာနေခြင်းပင်။
ဤကဲ့သို့သော ယောကျ်ားမျိုးကို ဘယ်သူကများ မကြိုက်ဘဲ နေမည်နည်း။
ထိုအမျိုးသမီးက ယဲ့ချန်းရှေ့တွင် ကော်ဖီတစ်ခွက် ချပေးပြီး လိပ်စာကတ်တစ်ခုကို ကမ်းပေးလိုက်သည်။
"လူကြီးမင်း.. ဒါက ကျွန်မရဲ့ ဆက်သွယ်ရန်လိပ်စာပါ။ နောင်တစ်ချိန် နာရီအရည်အသွေးနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်"
ယဲ့ချန်း တစ်ချက်ကြည့်လိုက်သည်။ နာရီနှင့်ပတ်သက်၍ ပြဿနာမရှိနိုင်ပေ။ ဤဆက်သွယ်ရန်အချက်အလက်ကို ပေးလာခြင်းမှာ သူ့ကိုချိန်းဆိုရန် အခွင့်အရေးပေးနေကြောင်း ထင်ရှားလှသည်။
ကတ်ပြားကိုယူလိုက်ရင်း ယဲ့ချန်း ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့.. နားလည်ပါပြီ"
နာရီဝယ်ပြီးနောက် ယဲ့ချန်းက လှည့်ထွက်သွားသည်။
ယဲ့ချန်း၏ကျောပြင်ကို ကြည့်ရင်း မန်နေဂျာကမူ လေးစားအားကျစွာဖြင့် တိတ်တဆိတ် စုတ်သပ်လိုက်မိသည်။
"တကယ့်ဒိတ်ဒိတ်ကြဲသူဌေးကြီးပဲ။ မိုက်လိုက်တာနော်"
အဖေဖြစ်သူအတွက် မွေးနေ့လက်ဆောင်ဝယ်ပြီးနောက် ယဲ့ချန်း အိမ်သို့ ကားမောင်း၍ ပြန်လာခဲ့သည်။
ထိုစဉ် လမ်းဘေးတွင် ကျိုးစုစုတစ်ယောက် အားကစားဝတ်စုံ ဝတ်ဆင်ပြီး ပြေးနေသည်ကို ရုတ်တရက်မြင်လိုက်ရသည်။
ဤလမ်းက အလွန်တိတ်ဆိတ်ပြီး လူပြတ်လှသည်။
ဒီကောင်မလေး ဒီနေရာမှာ ဘာလုပ်နေတာလဲ။
ယဲ့ချန်း ရုတ်တရက်သတိရသွားသည်။
ရဲစခန်းတွင် သူ ကြားခဲ့ရသည်။ ယခုတလော ညဘက် အပြေးလေ့ကျင့်ခန်းလုပ်သည့် မိန်းကလေးများကို အထူးပစ်မှတ်ထားသည့် ကောင်တစ်ကောင်ရှိပြီး မိန်းကလေးတော်တော်များများလည်း သားကောင်ဖြစ်ခဲ့ရပြီးပြီဟူ၍ပင်။
ကျိုးစုစုက သူ(မ)ကိုယ်သူ(မ) သားကောင်အဖြစ် အသုံးချနေလေသလား။
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။
ကျိုးစုစုကတော့ အစွမ်းကုန် ကြိုးစားနေတာပဲ။ အမှုတစ်ခုပြီးတာနဲ့ နောက်တစ်ခုကို ဆက်လုပ်နေတယ်။
ကျိုးစုစု ပန်းခြံတစ်ခုထဲသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် ယဲ့ချန်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ယခုအချိန်တွင် ပန်းခြံထဲ၌ လူခြေတိတ်နေပေသည်။
သူ(မ)ကို ကာကွယ်ပေးရန် ရဲအရာရှိများ အနီးအနားတွင် သေချာပေါက် ရှိနေမည်ဖြစ်ကြောင်း ယဲ့ချန်း သိသော်လည်း ပန်းခြံ၏ပတ်ဝန်းကျင်မှာ ရှုပ်ထွေးလှလေရာ ရုတ်တရက်တိုက်ခိုက်ခံရပါက ကျိုးစုစုအတွက် အန္တရာယ်ရှိနိုင်သည်။
ယဲ့ချန်းလည်း သူ့ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်ပြီး ပန်းခြံထဲသို့ တိတ်တဆိတ် လိုက်ဝင်သွားသည်။
ပန်းခြံထဲတွင် လူရှင်းလုနီးပါးဖြစ်နေပြီး ကျိုးစုစုကမူ တစ်ယောက်တည်း ပြေးနေပေသည်။
သူ(မ)၏မျက်လုံးများက ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေသည်။ ထိုအခိုက် သူ(မ)ကို စိုက်ကြည့်နေသော အကြည့်တစ်ချက်ကို ရုတ်ခြည်းခံစားလိုက်ရသည်။
ကျိုးစုစု၏မျက်လုံးများမှာ လင်းလက်သွားသည်။ ပစ်မှတ် ပေါ်လာချေပြီ။
သို့သော် သူ(မ)ကတော့ ပုံမှန်ပြေးနှုန်းကိုသာ ထိန်းထားခဲ့သည်။
သို့သော် ထိုအချိန်မှာပင် ကျောဘက်မှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ကျိုးစုစု၏ အမြင်အာရုံများ မှောင်မိုက်သွားတော့သည်။
တစ်ဖက်လူက ဤမျှ ကောက်ကျစ်လိမ့်မည်ဟု သူ(မ) မယုံကြည်နိုင်ပေ။
ကျိုးစုစုခမျာ အပြင်ဘက်ရှိ ရဲအကူအညီကို ဆက်သွယ်ချင်သော်လည်း သူ(မ)၏ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားသလို ခံစားရပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ(မ) လဲကျသွားသည်နှင့်တစ်ပြိုင်နက် အမည်းရောင်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက မှောင်ရိပ်ထဲမှ ထွက်ပေါ်လာသည်။
"ကျွတ်ကျွတ်... ဒီတစ်ခါတော့ ရဲအရာရှိပန်းပွင့်လေးပဲ။ သူက တော်တော်လှသားပဲ"
ကျိုးစုစုခမျာ အနားသို့ ချဉ်းကပ်လာသော အမည်းရောင်ဝတ် ထိုလူကို ကြည့်ရင်း ရုန်းကန်ရန် ကြိုးစားသော်လည်း သူ(မ)၏ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းကာ ကူကယ်ရာမဲ့နေချေသည်။
ပြီးသွားပြီ။
ဤမျှဆိုးရွားစွာ ကျရှုံးလိမ့်မည်ဟု ကျိုးစုစု မျှော်လင့်မထားခဲ့ပေ။
အမည်းရောင်ဝတ်ထားသော ထိုလူက ကျိုးစုစုအနားသို့ ချဉ်းကပ်လာစဉ် လှောင်ပြုံးပြုံးလိုက်၏။
"အလှလေး.. ဒီနေ့ ကိုယ် မင်းကို ကောင်းကောင်းပြုစုပေးမယ်"
ထိုသို့ပြောရင်း သူသည် ကျိုးစုစု၏ ရှပ်အင်္ကျီကို လှမ်းကိုင်လိုက်သည်။
ထိုအချိန်တွင် အရိပ်တစ်ခုက အမည်းရောင်ဝတ်ထားသည့် ထိုလူ၏ အနောက်တွင် ရုတ်တရက်ပေါ်လာခဲ့သည်။
ဘန်း...
တုံးတိတိအသံနှင့်အတူ အမည်းရောင်ဝတ်လူမှာ လေထဲသို့ ဆောင့်ကန်ခံလိုက်ရသည်။
ကန်ချက်မှာ အလွန်ပြင်းထန်လှသဖြင့် အမည်းရောင်ဝတ်အမျိုးသားမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး နံရိုးကျိုးသွားဟန်တူကာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။
ကျိုးစုစုလည်း အမြင်အာရုံများ ပိုမှုန်ဝါးလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ(မ)ရှေ့တွင် ရပ်နေသော ရင်းနှီးလှသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
"ယဲ့ချန်း"
ကျိုးစုစု နိုးလာသောအခါ ဆေးရုံပေါ်တွင် လဲလျောင်းလျက်သား ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"ရာဇဝတ်ကောင်ကို ဖမ်းမိပြီလား"
ကျိုးစုစုက မေးလိုက်သည်။
"ဖမ်းမိပါပြီ။ မင်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ရာဇဝတ်ကောင်ကို နံရိုးကျိုးသွားတဲ့အထိ ကန်ပစ်ခဲ့တာနော်"
ကျိုးစုစုကမူ ခေါင်းယမ်းပြလိုက်သည်။
"သူ့ကိုဖမ်းခဲ့တာ ကျွန်မ မဟုတ်ဘူး။ သူ ဖမ်းခဲ့တာ"
ထိုပုံရိပ်ကို သတိရမိသောအခါ ကျိုးစုစု၏ နှလုံးသားထဲဝယ် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်းသာ မရှိခဲ့လျှင် ထိုညကား သူ(မ)အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ပေလိမ့်မည်။
•••••••••••••••••
အပိုင်း ၅၄၀ : အရာအားလုံး ငါ့အပေါ်မှာပဲ မူတည်တယ်
နောက်တစ်နေ့တွင် ယဲ့ချန်းက သူတို့၏ မိသားစုအိမ်ဟောင်းအောက်၌ ကားကို ရပ်ထားလိုက်သည်။
"အဖေ ခဏလောက်ဆင်းလာခဲ့ဦး။ ပြောစရာရှိလို့"
ယဲ့ကျန်းခမျာ ခဏမျှ ဇဝေဇဝါဖြစ်သွားပြီး ပြောလိုက်၏။
"မင်း ပြဿနာတစ်ခုခုရှာလာတာတော့ မဟုတ်ပါဘူးနော်"
ယဲ့ချန်းက ရယ်မောလိုက်၏။
"မဟုတ်တာ အဖေရာ..တကယ်ပြောစရာရှိလို့။ မြန်မြန်ဆင်းလာခဲ့ပါ"
"အေးအေး.. အခု ဆင်းလာခဲ့မယ်"
ယဲ့ကျန်းကလည်း ထိုသို့ပြန်ဖြေပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ယဲ့ချန်း ပြဿနာတစ်ခုခုမတက်ဖို့သာ သူ မျှော်လင့်မိသည်။
အောက်ထပ်သို့ ရောက်လာသောအခါ ယဲ့ချန်း လိုင်ကန်ပြိုင်ကား၏ ဟွန်းကို တီးလိုက်သည်။
ယဲ့ကျန်းမှာ လန့်ဖျပ်သွားချေသည်။
"မင်း ငါ့ကို ဘာပြောချင်လို့လဲ"
ယဲ့ချန်းကမူ လျှို့ဝှက်ဆန်းပြားသော လေသံဖြင့် ပြောလိုက်သည်။
"ကားပေါ်တက်လိုက်ပါဦး။ အထဲရောက်ရင် သိရလိမ့်မယ်"
ယဲ့ချန်း၏ ထူးခြားဆန်းပြားနေသောအမူအရာကို မြင်သော် ယဲ့ကျန်း ပိုစိုးရိမ်လာသည်။
ဤကောင်လေး ပြဿနာတစ်ခုခု တက်လာလေသလား။
ယဲ့ချန်းလည်း အလွန်အမင်း စိုးရိမ်နေသော သူ့အဖေကို ဘန်ထလေ4Sအရောင်းဆိုင်သို့ ခေါ်သွားခဲ့သည်။
သွားရာလမ်းတွင် ယဲ့ချန်း အရောင်းမန်နေဂျာထံသို့ ကြိုတင်ဖုန်းဆက်ထားသည်။
ကားပေါ်က ဆင်းလိုက်သောအခါ ယဲ့ကျန်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
"ဘာလို့ ငါ့ကို ဘန်ထလေ4Sဆိုင်ကို ခေါ်လာတာလဲ"
ယဲ့ချန်းကမူ ပြုံး၏။
"ကျွန်တော်နဲ့သာ လိုက်ခဲ့ပါ"
အဝင်ဝတွင် အနီရောင်အဝတ်စဖြင့် ဖုံးအုပ်ထားသော အသစ်စက်စက်ဆီဒင်ကားတစ်စီး၊ မြေပြင်ပေါ်ရှိ ကော်ဇောနီနှင့် ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီရှိ လှပချောမောသော အရောင်းဝန်ထမ်းမိန်းကလေးများကို မြင်လိုက်ရသည်။
ဤအစီအစဉ်ကို မြင်သောအခါ ယဲ့ကျန်းခမျာ အံ့အားသင့်သွားပြီး ယဲ့ချန်းကို ကြည့်လိုက်လေသည်။
"မင်း ဘာတွေလုပ်ထားတာလဲ"
ထိုအချိန်တွင် အရောင်းမန်နေဂျာက အနားသို့ လျှောက်လာပြီး ဦးညွှတ်နှုတ်ဆက်၍ ပြောလိုက်သည်။
"မင်္ဂလာပါ မစ္စတာယဲ့"
ထို့နောက် သူက ယဲ့ကျန်းအနားသို့ ချဉ်းကပ်သွားလိုက်၏။
"မင်္ဂလာပါ ဦးလေး"
ယဲ့ကျန်းမှာမူ အလွန်အမင်း ဝေခွဲရခက်နေသော အမူအရာဖြင့် ယဲ့ချန်းကို ကြည့်လိုက်မိသည်။
ယဲ့ချန်းကမူ ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။
အရောင်းမန်နေဂျာက ပြုံးလျက် ပြောလိုက်၏။
"ဦးလေးယဲ့.. ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"
မန်နေဂျာက ယဲ့ကျန်းကို ဘန်ထလေကားရှေ့သို့ ခေါ်သွားသည်။
ကားရှေ့တွင် လှပချောမောသော အရောင်းဝန်ထမ်းအမျိုးသမီး ခြောက်ယောက်က ဖဲကြိုးပစ်စက်တစ်ခုစီ ကိုင်ဆောင်၍ ရပ်နေကြသည်။
အရောင်းမန်နေဂျာက ပြုံးစစဖြင့် ပြောလိုက်၏။
"ဦးလေး.. ဒီအနီရောင်ပိတ်စကို ဖယ်ပေးပါဦး"
ယဲ့ကျန်းမှာမူ ခေတ္တမျှတုံ့ဆိုင်းသွားပြီး ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။
ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"အဖေ.. လုပ်လိုက်ပါ။ စပရိုက်ရှိတယ်"
ယဲ့ကျန်းလည်း အနီရောင်ပိတ်စကို ဖယ်လိုက်ချိန်ဝယ် အထဲရှိ ဘန်ထလေကားကို မြင်သောအခါ မှင်တက်သွားတော့သည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"အဖေ.. မွေးနေ့မှာ ပျော်ရွှင်ပါစေ"
သူ့ရှေ့ရှိ ဘန်ထလေကားကို မြင်လိုက်ရသောအခါ ယဲ့ကျန်း၏မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
ထို့နောက် မျက်ရည်သုတ်ရင်း နှလုံးသားထဲတွင် အလွန်ကြည်နူးနှစ်သိမ့်သွားသည်။
ယဲ့ချန်း တက္ကစီမောင်းနေရစဉ်က အလွန်ပင်ပန်းခက်ခဲခဲ့ပြီး ယဲ့ကျန်းကလည်း သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။
သူ ယဲ့ချန်းကို မကြာခဏ တိတ်တဆိတ် ပိုက်ဆံခိုးထည့်ပေးခဲ့ဖူးသည်။
သို့သော် ယခုမူ သူ့သားမှာ အောင်မြင်သွားရုံသာမက သူ့မွေးနေ့တွင်ပါ ဤမျှကြီးကျယ်ခမ်းနားလှသော လက်ဆောင်ကို ပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့သော် ယဲ့ကျန်းက ပြစ်တင်လေဟန်လေသံဖြင့် ပြောလိုက်ဆဲသာ။
"ဒီကောင်လေး.. ပိုက်ဆံထပ်ဖြုန်းပြန်ပြီ။ ဒီကားက တော်တော်ဈေးကြီးမှာပဲ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။
"အဖေသဘောကျရင် ဘယ်လောက်ပဲပေးရပေးရ တန်ပါတယ်"
"ဒီကားက ဘယ်လောက်တန်လဲ"
ဘေးနားရှိ အရောင်းမန်နေဂျာက ပြုံးစစဖြင့် ပြောလိုက်၏။
"လူကြီးမင်း... ဒီကားက စုစုပေါင်း ၈.၈၈သန်း ကျသင့်ပါတယ်ဗျ"
ထိုစကားကို ကြားသောအခါ ယဲ့ကျန်း လန့်ဖျပ်သွားသည်။
"မဖြစ်နိုင်တာ။ ငါတို့ ဒီကားကို မယူနိုင်ဘူး။ အရမ်းဈေးကြီးလွန်းတယ်"
ယဲ့ချန်းမှာ ဆွံ့အသွားလေသည်။
သူသည် အစကမူ သူ့အဖေအတွက် ဆယ်သန်းကျော်တန်သော ကားတစ်စီး ဝယ်ပေးချင်သော်လည်း ဖခင်ဖြစ်သူက ဈေးကြီးလွန်းသည်ဟုထင်ကာ လက်မခံဘဲ နေမည်ကို စိုးရိမ်သောကြောင့် ဤကားကို ဝယ်လိုက်ခြင်းပင်။
ယဲ့ချန်း တဟားဟားရယ်မောလိုက်မိသည်။
"အဖေ.. အဖေ့သားက ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် ငွေတွေအများကြီး ရှာထားပြီးသားပါ။ ဒီကားက ကျွန်တော့်ပိုင်ဆိုင်မှုတွေထဲက အစိတ်အပိုင်းအသေးလေးပဲရှိတာ။ စိတ်မပူပါနဲ့။ ပြီးတော့ ဒီကားက ပြန်သွင်းလို့လည်း မရဘူး"
"စမ်းမောင်းကြည့်ပါဦး"
ယဲ့ချန်း ရယ်မောလိုက်လေသည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ ယဲ့ကျန်းလည်း စမ်းကြည့်ချင်စိတ်များ ပေါ်လာသဖြင့် ကားပေါ်သို့ တက်လိုက်သည်။
ယဲ့ကျန်းမှာ အသက်ခြောက်ဆယ်ရှိပြီဖြစ်သော်ငြား ကားများကို သဘောကျနေဆဲပင်။
ယဲ့ချန်းက ယဲ့ကျန်းကို ကားစက်နှိုးနည်း သင်ပေးပြီးနောက် ယဲ့ကျန်းတစ်ယောက် အနည်းငယ် ပတ်မောင်းကြည့်လိုက်သည်။
ယဲ့ကျန်း ဤကားကို အလွန်သဘောကျသွားသည်။
မည်သို့ပင်ဆိုစေ ဤကားတွင် 408Tတာဘိုအင်ဂျင် ပါဝင်သောကြောင့် အရှိန်မြန်လှသည်။ စမ်းသပ်မောင်းနှင်ကွင်းက သေးလွန်းသဖြင့် ကား၏စွမ်းဆောင်ရည်အစစ်ကို မပြသနိုင်သည်ကသာ နှမြောစရာကောင်းနေသည်။
"ဩော်.. နောက်ထပ်လက်ဆောင်တစ်ခု ရှိသေးတယ်"
ထိုသို့ပြောရင်း ယဲ့ချန်းက ရိုးလက်စ်နာရီတစ်လုံးကို ထုတ်ပြလိုက်၏။
ရိုးလက်စ်နာရီကို မြင်သောအခါ ယဲ့ကျန်း ခဏမျှမှင်တက်သွားသည်။
"ဒါက ရိုးလက်စ်လား"
"ဟုတ်တယ်။ အဖေ သဘောကျလား"
ယဲ့ကျန်းသည် ယခင်က အတန်းဖော်ဟောင်းများတွေ့ဆုံပွဲတစ်ခုတွင် သူငယ်ချင်းတစ်ယောက်က ရေငုပ်သင်္ဘောသားအစိမ်းရောင်နာရီကို ဝတ်လာပြီး ကြွားလုံးထုန်အတွက် အင်္ကျီလက်ကို အမြဲလိပ်တင်တတ်ကြောင်း ရုတ်တရက်သတိရသွားသည်။ သူ အိမ်ပြန်ရောက်သောအခါ ထိုအကြောင်းကို ပြောပြဖူးသည်။
ယဲ့ချန်းက ထိုဖြစ်ရပ်ကို မှတ်မိနေပြီး သူ့အတွက် ရိုးလက်စ်နာရီတစ်လုံး တကယ်ဝယ်လာပေးလိမ့်မည်ဟု မထင်ထားပေ။
နာရီပေါ်ရှိ စိန်များကို ကြည့်ရုံဖြင့် ယဲ့ချန်းပေးသောနာရီမှာ ဈေးမနည်းလှကြောင်း ယဲ့ကျန်း သိလိုက်သည်။
"မင်းကတော့လေ.. ငါတို့မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဒီလို ပရမ်းပတာမသုံးရဘူး"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"အဖေ ဒီနေ့က အဖေ့မွေးနေ့လေ။ ဒါက သားတစ်ယောက်ရဲ့ မေတ္တာလက်ဆောင်ပါ"
...
ညနေပိုင်းတွင် ယဲ့ချန်းသည် မာရီယော့ဟိုတယ်၌ တည်ခင်းဧည့်ခံပွဲတစ်ခု ကျင်းပခဲ့သည်။
ဆွေမျိုးသားချင်းအားလုံး ရောက်လာကြသည်။
ယခင်က ယဲ့ကျန်း မွေးနေ့ပွဲလုပ်လျှင်ပင် မည်သူမှလာလေ့မရှိပေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ အလှမ်းဝေးသော ဆွေမျိုးများပင် အားလုံးလာရောက် ဂုဏ်ပြုကြသည်။
ယဲ့ကျန်း ဘန်ထလေမောင်းလာသည်ကို မြင်သောအခါ ဆွေမျိုးများအားလုံး အံ့အားသင့်သွားကြသည်။
"ဒုတိယဦးလေး.. အဲဒါက ဘန်ထလေလား"
ဦးလေးတစ်ယောက်က မေးလေသည်။
"ဟုတ်တယ်။ ငါ့သား ဝယ်ပေးထားတာ"
"အဲဒါက ရိုးလက်စ်နာရီလား"
ဦးလေးဖြစ်သူက ယဲ့ကျန်း၏လက်ရှိ နာရီကို ကြည့်ပြီး အံ့သြသွားပြန်သည်။
"ဟုတ်တယ်။ ဒါလည်း ရှောင်ချန်း ပေးတာပဲ"
ယဲ့ကျန်း၏ မျက်နှာထက်ဝယ် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
ဆွေမျိုးများအားလုံးကလည်း အားကျနေကြသည်။
နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီဆက်မောင်းနေခဲ့သည်။
ခရီးစဉ် အနည်းငယ်မောင်းပြီးနောက် ယဲ့ချန်းထံသို့ လီရှီသုန်း ဖုန်းခေါ်လာလေသည်။
လီရှီသုန်းသည် တေးဂီတဌာနမှ ဂျူနီယာတစ်ယောက်ဖြစ်ပြီး သူတို့ နောက်ဆုံးတစ်ခေါက် တွေ့ပြီးကတည်းက အဆက်အသွယ် မရှိကြတော့ပေ။
"အစ်ကိုယဲ့ချန်း ကျွန်မ အကူအညီတစ်ခုလောက် တောင်းလို့ရမလား"
ယဲ့ချန်း ခေတ္တမျှတုံ့ဆိုင်းသွားသည်။
"ဘာများလဲ"
တစ်ဖက်လူက တွေဝေတုံ့ဆိုင်းပြီး ဘာမှမပြောသဖြင့် ယဲ့ချန်း စိုးရိမ်ပူပန်စွာ မေးလိုက်လေ၏။
"ဘာဖြစ်လို့လဲ"
"ကျွန်မကို ပိုက်ဆံနည်းနည်းလောက် ချေးပေးနိုင်မလား။ ကျွန်မအမေ နေမကောင်းဖြစ်နေလို့ ဆေးကုဖို့ ပိုက်ဆံမရှိလို့ပါ"
လီရှီသုန်း၏စကားကို ကြားသောအခါ ယဲ့ချန်း ပြုံးလိုက်မိသည်။
"ဘယ်လောက်လိုတာလဲ"
"တစ်သိန်းလောက်"
လီရှီသုန်းက အားတုံ့အားနာ ပြောရှာသည်။
"အစ်ကိုယဲ့ချန်း.. စိတ်မပူပါနဲ့။ ကျွန်မ အလုပ်လုပ်ပြီး နောက်ကျရင် ပြန်ဆပ်ပါ့မယ်"
ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်၏။
"မင်းရဲ့အကောင့်နံပါတ် ပြောပါဦး"
မကြာခင်မှာပင် ပိုက်ဆံလွှဲပေးသဖြင့် လီရှီသုန်းခမျာ အလွန်ကျေးဇူးတင်သွားသည်။
ယဲ့ချန်းက မေးလိုက်၏။
"အန်တီက ဘယ်ဆေးရုံမှာလဲ။ ငါ လူနာလာမေးမလို့"
"မိုတုဆေးရုံအမှတ်တစ်မှာပါ"
ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
ယဲ့ချန်း ဆေးရုံသို့ ရောက်လာသောအခါ လီရှီသုန်း၏မိခင်မှာ အရေးပေါ်ကုသမှု ခံယူနေရပြီဖြစ်၏။
လီရှီသုန်း၏ မျက်လုံးများမှာ ငိုထားသဖြင့် ဖောင်းအစ်နေချေသည်။
မိခင်ဖြစ်သူ၏ အခြေအနေမှာ အလွန်စိုးရိမ်ရပုံပေါ်သည်။
ယဲ့ချန်းက ဆို၏။
"စိတ်မပူနဲ့။ အန်တီ အဆင်ပြေသွားမှာပါ"
လီရှီသုန်းက ခေါင်းညိတ်ပြလိုက်၏။
"အစ်ကိုယဲ့ချန်း.. တကယ်ကျေးဇူးတင်ပါတယ်။ အစ်ကို့ဆီကသာ အချိန်မီ အကူအညီမရခဲ့ရင် ကျွန်မအမေတော့..."
ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်သည်။
"ရပါတယ်။ ငါတို့က သူငယ်ချင်းတွေပဲဟာကို။ ဒါက မပြောပလောက်ပါဘူး"
ထိုအချိန်တွင် ယဲ့ချန်းလည်း အလွန်အိုမင်းပြီး ပင်ပန်းနွမ်းနယ်နေပုံရသော လီရှီသုန်း၏ အဖေကို မြင်လိုက်ရသည်။
ဇနီးဖြစ်သူ၏ အခြေအနေက သူ့အပေါ် သိသိသာသာ သက်ရောက်မှုရှိကြောင်း ထင်ရှားလှသည်။
ယဲ့ချန်းက မေးလိုက်၏။
"အန်တီ့ရဲ့အခြေအနေက ဘယ်လိုရှိလဲ"
လီရှီသုန်းက ပြန်ဖြေရှာသည်။
"အမေက ကျောက်ကပ်ပျက်စီးနေတာ။ ဆရာဝန်က ကျောက်ကပ်အစားထိုးဖို့လိုတယ်တဲ့။ ဒါပေမဲ့ လိုက်ဖက်တဲ့ ကျောက်ကပ်ရှာဖို့က အရမ်းခက်တယ်။ လိုက်ဖက်တာ တွေ့ခဲ့ရင်တောင် အနည်းဆုံး တစ်သန်းလောက် ကုန်မယ်တဲ့။ ကျွန်မတို့ဆီမှာ ဒီလောက်ပိုက်ဆံအများကြီး ဘယ်မှာရှိမှာလဲ"
အဖေလီကလည်း နာကျင်နေဟန်အမူအရာဖြင့် ပြောလိုက်သည်။
"မင်းအမေ ခွဲစိတ်ခန်းမဝင်ခင်က ပြောသွားတယ်။ ပိုက်ဆံအများကြီးကုန်မယ်ဆိုရင် သူ ကုသမှုမခံယူချင်ဘူးတဲ့"
သူ(မ)အဖေ၏စကားကို ကြားသောအခါ လီရှီသုန်းခမျာ ပိုစိတ်ဓာတ်ကျသွားပြီး မျက်ရည်များကို မထိန်းနိုင်တော့ပေ။
ယဲ့ချန်းကလည်း လီရှီသုန်းကို ပွေ့ဖက်ထားရင် ပြောလိုက်၏။
"ရှီသုန်း စိတ်မပူနဲ့။ ငါရှိနေသရွေ့ အားလုံး အဆင်ပြေသွားလိမ့်မယ်"