အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃ - အမှောင်ထုဖုံးလွှမ်းလာခြင်းက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ...
သူတို့ အနိုင်ရသွားခဲ့ပြီ...
ဗုဒ္ဓဂိုဏ်းသူတော်စင်သည် ချင်းယွင်ဂိုဏ်းမှ လူငယ်တစ်ဦး၏ အနိုင်ယူခြင်းကို တကယ်ပင် ခံလိုက်ရလေသည်။
ထို့ပြင် အခြေတည်စဝိညာဉ်အဆင့် ကျင့်ကြံသူကို ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူက အနိုင်ယူသွားခဲ့ခြင်းပင် ဖြစ်ပေ၏။
သူတို့၏ နယ်ပယ်များကို ခွဲခြားမသိမြင်နိုင်သော ပရိသတ်များကမူ မရေမတွက်နိုင်သော ဗုဒ္ဓလက်ဝါးများနှင့် မရေမတွက်နိုင်သော ဓားအလင်းတန်းများကိုသာ မြင်တွေ့ခဲ့ကြရလေသည်။
ထို့နောက် လန်ချင်းဆုန့်သည် အိုးယန်၏ နံဘေးသို့ ပြန်ရောက်လာပြီး အင်္ကျီလက်များ စုတ်ပြတ်သတ်နေသော ဟွေကျစ်က ရှုံးနိမ့်သွားသဖြင့် သူ၏ ခေါင်းကို ငုံ့ထားလိုက်၏။
အနိုင်ရရှိသောဘက်က အနည်းငယ် ရိုင်းစိုင်းသော်လည်း ထိုနေရာရှိ ပရိသတ်များမှာ အနိုင်ရရှိသူ၏ ခွန်အားကို အံ့အားသင့်နေရဆဲ ဖြစ်ပေသည်။
ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့်နှင့် အခြေတည်စဝိညာဉ်အဆင့် ဟူသော လုံးဝ ကွာခြားလှသည့် နယ်ပယ်နှစ်ခု... သို့တိုင်အောင် လူတစ်ယောက်က ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့်ဖြင့် အခြေတည်စဝိညာဉ်အဆင့် ကျင့်ကြံသူကို အနိုင်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့၏။
မဟာမြင့်မြတ်နယ်မြေ ကိုးခု အနက်မှ တစ်ခုဖြစ်သော ချင်းယွင်ဂိုဏ်းသည် ယခင်ကကဲ့သို့ပင် မှန်းဆ၍ မရနိုင်လောက်အောင် နက်နဲနေဆဲ ဖြစ်ပုံရသည်။
ဤအချီတွင် ရှုံးနိမ့်သွားသဖြင့် ဟွေကျစ်သည် ဤနေရာတွင် ဆက်လက် မနေလိုတော့သည်မှာ သဘာဝကျပေ၏။ သူက လူတိုင်းကို အနည်းငယ် ဦးညွတ်လိုက်ပြီး တောင်တံခါးပေါ်ရှိ ဧည့်ခန်းမဆောင်ဆီသို့ လျှောက်သွားလေသည်။
ထပ်မံပြောဆိုစရာ အတင်းအဖျင်းများ မရှိတော့သဖြင့် လူတိုင်းက ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့်တွင်သာ ရှိသေးသော လန်ချင်းဆုန့်သည် ယခုလေးတင် ဟွေကျစ်ကို မည်သို့ အနိုင်ယူနိုင်ခဲ့သနည်းဟု ဆွေးနွေးရင်း စိတ်အားထက်သန်စွာဖြင့် လူစုကွဲသွားကြ၏။
အိုးယန်က စိတ်ဓာတ်ကျနေသော လင်းဖုန်းထံသို့ လျှောက်သွားပြီး လင်းဖုန်း၏ ပခုံးကို ပုတ်ကာ ပြောဆိုလိုက်သည်။
"လင်းအိုကြီး... အဆင်ပြေပါတယ်... အဲ့ဒီကောင်က သူ့ရဲ့ ပိုမြင့်တဲ့ ကျင့်ကြံမှုကို အားကိုးပြီး လူတွေကို အနိုင်ကျင့်နေရုံပါပဲ..."
လင်းဖုန်းက အတင်းပြုံးပြလိုက်ပြီး အိုးယန်ကို လက်အုပ်ချီကာ ပြောဆိုလိုက်၏။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို အိုးယန်... လင်းဖုန်းက ဒီနေရာကနေပဲ ကျေးဇူးတင်ပါတယ်..."
ယခုတိုင်အောင် တောင့်တင်းပြီး ခေတ်ဟောင်းအယူအဆများကို ဆုပ်ကိုင်ထားဆဲဖြစ်သော လင်းဖုန်းကို ကြည့်ရင်း အိုးယန်က သူ၏ စိတ်နှလုံးထဲတွင် ခေါင်းခါရမ်းလိုက်သည်။ ဤလင်းဖုန်းသည် ကြာပန်းဖြူလေး တစ်ပွင့်ကဲ့သို့ ဖြစ်နေဆဲပင် ဖြစ်၏။ ကြာပန်းဖြူလေး တစ်ပွင့် ဖြစ်နေခြင်းက မမှားယွင်းသော်လည်း ရန်သူများအပေါ် ယခုတိုင် ကြာပန်းဖြူလေးတစ်ပွင့်လို ဆက်ဆံနေသေးသော သူတော်စင် တစ်ဦးသည် အန္တရာယ်ကြုံလာချိန်တွင် သေတွင်းကို တကယ်ပင် ရှာဖွေနေခြင်း ဖြစ်ပေသည်။
"စီနီယာအစ်ကို အိုးယန်..."
ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာပြီး လက်ထဲတွင် ကျောက်စိမ်းပုလွေ တစ်လက်ကို ကိုင်ဆောင်ထားသော စုလင်းအာသည် အိုးယန်ဆီသို့ ပြေးလာလေ၏။
စုလင်းအာ ပြေးလာသည်နှင့်အမျှ အိုးယန်သည် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီးနောက် သူ၏ အမြင်အာရုံများ မည်းမှောင်သွားကာ စုလင်းအာ၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။
စုလင်းအာ၏ အသံကို ကြားချိန်တွင် လင်းဖုန်း၏ မူလက စိတ်ဓာတ်ကျနေသော မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လင်းလက်သွားသော်လည်း စုလင်းအာ ခုန်တက်ကာ အိုးယန်ကို ပွေ့ဖက်လိုက်သည်ကို မြင်ပြီးနောက်တွင် လင်းဖုန်း၏ မျက်လုံးများထဲရှိ အလင်းရောင်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့၏။
လင်းဖုန်းက ခေါင်းလှည့်ကာ တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။ ရှုံးနိမ့်သူ တစ်ဦးအနေဖြင့် သူသည် သူ၏ ဒဏ်ရာများကို တစ်ကိုယ်တည်းသာ ခံစားနေနိုင်ပေ၏။
"ဟီးဟီးဟီး... ဘယ်လိုလဲ... ငါ ပြောတဲ့အတိုင်းပဲ မဟုတ်လား..."
လင်းဖုန်း၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ပါးစပ်ပိတ်ထားစမ်း..."
လင်းဖုန်းက တိုးညှင်းစွာ ပြောဆိုလိုက်၏။
"ပါးစပ်ပိတ်ထားရမယ်... မင်းလို ညံ့ဖျင်းတဲ့ ပါရမီရှိတဲ့သူက ရန်သူတွေရဲ့ ပေါ့ပေါ့ပါးပါး နင်းခြေတာကို ခံရတယ်... ပြီးတော့ မင်းရဲ့ ဂုဏ်ကျက်သရေ အားလုံးကို တခြားသူတွေက အလွယ်တကူ လုယူသွားကြတယ်... ပြီးတော့ မင်း ချစ်တဲ့ မိန်းမကလည်း အနာဂတ်မှာ တခြားသူ တစ်ယောက်ရဲ့ အောက်မှာ ယိမ်းနွဲ့နေတော့မှာလေ... မင်းက တကယ်ကို သည်းခံနိုင်တာပဲနော်..."
"မင်းကို ပါးစပ်ပိတ်ထားလို့ ပြောနေတယ်..."
လင်းဖုန်းက မျက်လုံးများ သွေးရဲရဲဖြင့် တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"အခုမှ ငါ့ကို ယုံပြီလား... ဒါတွေ အားလုံး ပြောင်းလဲသွားအောင် ငါ တစ်ယောက်တည်းပဲ မင်းကို ကူညီနိုင်မယ်... ငါက မင်းပဲ... ပြီးတော့ မင်းက ငါပဲ... ငါက ဘယ်လိုလုပ် မင်းကို ဒုက္ခပေးနိုင်မှာလဲ..."
အသံထဲတွင် သွေးဆောင်ဖြားယောင်းမှုများ ပြည့်နှက်နေသဖြင့် လင်းဖုန်း၏ စိတ်ကို ယိမ်းယိုင်သွားစေခဲ့၏။ သူက အိုးယန်၏ နံဘေးတွင် ဆက်တိုက် အလိုလိုက်ခံနေသော စုလင်းအာကို ကြည့်ရန် ခေါင်းကို ထပ်မံ လှည့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်သွားလေတော့သည်။
လင်းဖုန်းသည် ရေကန်တစ်ခုဆီသို့ လျှောက်သွားပြီး သူ၏ ရေကန်ထဲမှ ပုံရိပ်ကို ကြည့်လိုက်၏။
အမည်းရောင် ချီများဖြင့် ဖုံးလွှမ်းနေပြီး သွေးရဲရဲ မျက်လုံးများ ရှိနေသော သူ၏ ပုံရိပ်က သူ့ကို လှောင်ပြောင်လျက် စိုက်ကြည့်နေပေသည်။
"အနာဂတ်မှာ ငါ အိုးယန်ကို သတ်နိုင်မယ်လို့ မင်း ပြောခဲ့တာလား..."
လင်းဖုန်းက ရေကန်ထဲရှိ သူ၏ ပုံရိပ်ကို ကြည့်ကာ မသေချာစွာဖြင့် မေးမြန်းလိုက်လေသည်။
"သေချာတာပေါ့... မင်း ငါ့စကားကို နားထောင်နေသရွေ့ ငါတို့ရဲ့ နေရာကို အမြဲတမ်း လုယူနေတဲ့ အဲ့ဒီကောင်ရဲ့ ခေါင်းကို အနာဂတ်မှာ အခွင့်အရေး ရတာနဲ့ ငါ ချက်ချင်း ခုတ်ဖြတ်ပစ်မယ်..."
ရေထဲရှိ လင်းဖုန်း၏ ပုံရိပ်က လှောင်ပြောင်ကာ ပြောဆိုလိုက်၏။
လင်းဖုန်း၏ အမူအယာမှာ ခဏမျှ ရုန်းကန်နေရပြီးနောက် ရေထဲရှိ ပုံရိပ်ကို ငုံ့ကြည့်ကာ ပြောဆိုလိုက်လေသည်။
"မင်း ပြောခဲ့တဲ့ အရာတွေ အားလုံးက တကယ်ပဲလား..."
"သေချာတာပေါ့ တကယ်ပေါ့... ငါတို့ရဲ့ အစီအစဉ်က သေချာတိကျနေသရွေ့ ဒီတစ်ကြိမ်မှာ ကမ္ဘာကြီး တစ်ခုလုံးက ငါတို့ရဲ့ အရာ ဖြစ်လာလိမ့်မယ်... ပြီးတော့ မင်း လိုချင်တဲ့ အရာ အားလုံးက မင်းလက်ထဲ ရောက်လာလိမ့်မယ်..."
ရေထဲရှိ ပုံရိပ်က သွေးဆောင်ဖြားယောင်းစွာ ပြောဆိုလိုက်လေ၏။
လင်းဖုန်းသည် သူ၏ နားထဲရှိ သွေးဆောင်ဖြားယောင်းနေသော စကားလုံးများကို နားထောင်ရင်း သူ၏ ဘဝကို ပြန်လည်စဉ်းစားမိလေသည်။
ငယ်စဉ်ကတည်းက သူသည် ဂိုဏ်းချုပ်၏ တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရ၏။ သူ၏ ပါရမီသည် အခြားသူများစွာနှင့် နှိုင်းယှဉ်လျှင် အလွန် တောက်ပနေခဲ့သည်။ မူလက သူသည် ချီးကျူးမှုများနှင့် လေးစားမှုများ အလယ်တွင် နေထိုင်ခဲ့ရပေသည်။
သို့သော် အိုးယန်နှင့် လန်ချင်းဆုန့်တို့ တောင်ပေါ်သို့ ရောက်လာပြီးနောက်တွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။
တစ်ခါက ပါရမီရှင်ဟု အခေါ်ခံခဲ့ရသော သူသည် သာမန်လူ တစ်ယောက် ဖြစ်လာခဲ့၏။ လူတိုင်းက သူ၏ ထူးချွန်မှုမှာ မွေးရာပါဟု ယုံကြည်ကြပြီး သူ၏ ကြိုးစားအားထုတ်မှု အားလုံးကို 'ဒီလိုပဲ ဖြစ်သင့်တာပေါ့' ဟုသာ ရှုမြင်ကြလေသည်။
တောင်ထိပ်ငယ်လေးပေါ်ရှိ ထိုဘီလူးများသည် ပါရမီရှင် တစ်ဦးဖြစ်သော သူ့ကို သာမန်လူ တစ်ယောက်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်ကြလေပြီ။
အခြားသူများသည် သူ့ကို ဂိုဏ်းချုပ်၏ ဆက်ခံသူအဖြစ် အမြဲတမ်း မြင်တွေ့ခဲ့ကြပြီး တစ်နေ့နေ့တွင် သူသည် သူ၏ ဆရာ၏ နေရာကို ဆက်ခံရမည်ဟု သူကိုယ်တိုင်လည်း ယုံကြည်ခဲ့၏။
ထို့ကြောင့် သူက အမှားလုပ်ရန် မရဲခဲ့သလို လုပ်၍လည်း မရနိုင်ခဲ့ချေ။ သူသည် နေ့တိုင်း ပြုံးရွှင်နေသော မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး သဘောကောင်းသူ တစ်ဦးဖြစ်လာရန် သူ၏ ဆရာထံမှ သင်ယူခဲ့လေသည်။
သို့သော် သူ ဤသို့ လုပ်ဆောင်လေလေ အခြားသူများက သူ၏အပေါ် အထင်အမြင် သေးလာလေလေပင် ဖြစ်၏။
"အရမ်းကို သဘောကောင်းတဲ့သူပဲ..."
"သူက ဟန်ဆောင်နေတာပါ..."
"သူ့ရဲ့ ကြာပန်းဖြူလေး ဟန်ဆောင်မှုက တကယ်ကို ရွံစရာကောင်းတာပဲ..."
ဤကောလာဟလများက သူ့ကို များစွာ စိတ်ရှုပ်ထွေးစေခဲ့လေ၏။ တင်းကျပ်သော စီနီယာအစ်ကို တစ်ဦး၏ ပုံရိပ်ကို တည်ဆောက်ရန် သူ ကြိုးစားချိန်တွင် လူတိုင်း၏ သံသယဝင်ခြင်းကို ခံခဲ့ရပေသည်။
"ဘာတွေများ အရေးကြီးနေလို့လဲ... သူက ဂိုဏ်းချုပ်ရဲ့ တပည့် သက်သက်ပါပဲ... သူက ဘာလို့ ဟန်ရေးပြနေရတာလဲ..."
"သူ့ကိုယ်သူ ပါရမီရှင်လို့ တကယ်ပဲ ထင်နေပြီး ချင်းယွင်ဂိုဏ်းက သူ့အပိုင်လို့ ထင်နေတာလား..."
"သူက အခုကတည်းက ဟန်ရေးပြနေပြီ... တကယ်လို့ သူသာ နောက်ပိုင်းမှာ ဂိုဏ်းချုပ် တကယ် ဖြစ်လာရင် ဘယ်သူကများ ကောင်းကောင်း နေရတော့မှာလဲ..."
.....
မျက်နှာဖုံးတစ်ခုကို အချိန်အကြာကြီး တပ်ဆင်ထားလျှင် ၎င်းကို ဖယ်ရှား၍ မရနိုင်တော့ချေ။ လင်းဖုန်းသည် ဤအတိုင်း အတိအကျ ခံစားနေရပေ၏။
သူသည် အခြေတည်စဝိညာဉ်အဆင့်တွင် အချိန်အတော်ကြာ တစ်ဆို့နေခဲ့ပြီး အလွန် ကြာမြင့်လွန်းသဖြင့် ပါရမီနည်းပါးသူများပင်လျှင် သူ့ကို ကျော်တက်သွားခဲ့ကြလေပြီ။
သူ ဘာလုပ်ရမလဲဟု ဆရာဖြစ်သူအား မေးမြန်းချိန်တွင် ဆရာဖြစ်သူက ခေါင်းခါမ်းရုံသာ တတ်နိုင်ပြီး သူ၏ နှလုံးသားနတ်ဆိုး မှာ အလွန် အားကောင်းနေသည်ဟုသာ ပြောဆိုခဲ့၏။
လင်းဖုန်းက သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။ သူ၏ ညာဘက်လက်တွင် ဘယ်ကမှန်းမသိ ပေါ်လာခဲ့သော ရှေးဟောင်း လက်စွပ်တစ်ကွင်း ရှိနေ၏။
ထိုအရာသည် တစ်နေ့တွင် သူ၏ လက်ထဲသို့ ရိုးရိုးရှင်းရှင်းလေး ရောက်လာခဲ့ခြင်း ဖြစ်သည်။ မူလက ထိုအရာသည် ကြီးမားသော အခွင့်အရေး တစ်ခုခုဖြစ်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူ့ကို တွင်းနက်ကြီးထဲသို့ တွန်းချမည့် အရာတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ချေ။
အနာဂတ်မှ မိမိကိုယ်ကိုယ်ဟု ဆိုသော အသံတစ်ခုက သူ တွေးကြည့်ရန်ပင် မရဲဝံ့သော အရာများကို ပြောပြခဲ့လေ၏။
အနာဂတ်တွင် သူသည် ပုန်ကန်သော အရာများစွာကို လုပ်ဆောင်လိမ့်မည်ဟု ဆိုသည်။
သူသည် လောကကြီးက ရွံရှာပြီး ကြောက်ရွံ့ရမည့် ဇာတ်ကောင် တစ်ကောင် ဖြစ်လာလိမ့်မည်ဟု ဆိုလေ၏။
"ကြောက်ရွံ့မှုလား... တကယ်တော့ အဲ့ဒါလည်း မဆိုးပါဘူး..."
လင်းဖုန်းက တိုးညှင်းစွာ မရေရွတ်လိုက်လေသည်။
"စီနီယာအစ်ကို... စီနီယာအစ်ကို... ဒီမှာ ဘာလုပ်နေတာလဲ..."
ကျူးယွမ်က လင်းဖုန်း၏ အနောက်သို့ လျှောက်လာပြီး ရေကန်နံဘေးတွင် ရပ်နေသော လင်းဖုန်းကို အနည်းငယ် ဝေခွဲမရစွာဖြင့် ကြည့်လိုက်လေ၏။
ကျူးယွမ်က လင်းဖုန်းကို အဆိပ်ပြင်းစွာ ကြည့်လိုက်သည်။ ဤအသုံးမကျသော လူသည် အမှန်တကယ်ပင် အခြားသူတစ်ဦး၏ အနိုင်ယူခြင်းကို ခံလိုက်ရလေ၏။ သူ့ကို အရှက်ရစေရုံသာ တတ်နိုင်သော ဂုဏ်သိက္ခာကြီးမားသည့် ဆရာတစ်ဦးလော။ မည်မျှတောင် ရွံစရာကောင်းလိုက်သနည်းဟု ကျူးယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
လင်းဖုန်းက ခေါင်းလှည့်လိုက်ရာ ကျူးယွမ်၏ မျက်လုံးများထဲရှိ ဖြတ်သန်းသွားသော အဆိပ်ပြင်းသည့် အရိပ်အယောင်လေးကို အသေးစိတ် ဂရုစိုက်တတ်သော လင်းဖုန်းက သတိပြုမိလိုက်ဆဲ ဖြစ်လေ၏။
"ဒီဂျူနီယာညီလေးက နတ်ဆိုးသူတော်စင် လား... ငါ အစက သူ့ကို သတ်ဖို့ တောင်ထိပ်ငယ်လေးကို အသုံးချချင်ခဲ့တာ... ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ ဂျူနီယာညီလေးကို ဂိုဏ်းတူညီအစ်ကိုတွေ လက်ထဲမှာ အဲ့ဒီလို သေသွားအောင် ငါ မလုပ်ရက်ခဲ့ဘူး... ကြည့်ရတာ ငါက သဘောကောင်းလွန်းနေသေးတာပဲ..."
လင်းဖုန်းက သူ၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်လေ၏။
တောင်ထိပ်ငယ်လေးပေါ်ရှိ ထိုဘီလူးများက သူ့ကို ဓားဖြင့် ထိုးမသတ်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။
ဤသို့တွေးရင်း လင်းဖုန်းက လက်စွပ်ကို သူ၏ အနောက်တွင် ဖုံးကွယ်ထားရန် လက်ကို နှိမ့်ချလိုက်လေ၏။ သူက သူ၏ ပုံမှန် ရိုးသားသော အပြုံးကို တပ်ဆင်လိုက်ပြီး ကျူးယွမ်အား ပြောဆိုလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး... ငါ ဒီမှာ ငေးကြည့်နေတာပါ... ဂျူနီယာညီလေး... တောင်ထိပ်က ပင်မခန်းမဆီ မြန်မြန် သွားကြရအောင်..."
"အင်း... စီနီယာအစ်ကို... ကျွန်တော် အစ်ကို့ကို လာရှာတာ... မြန်မြန် သွားကြရအောင်... နောက်ကျရင် ဆရာက သေချာပေါက် ဆူလိမ့်မယ်..."
ကျူးယွမ်က လိမ္မာရေးခြားရှိစွာ ပြောဆိုလိုက်၏။
နက်ရှိုင်းသော သံယောဇဉ်ရှိသည့် စီနီယာနှင့် ဂျူနီယာ ညီအစ်ကို နှစ်ဦးသည် ချင်းယွင်တောင်ထိပ်၏ ထိပ်ဆုံးဆီသို့ တစ်ယောက်နောက် တစ်ယောက် လျှောက်သွားကြလေတော့သည်။
အခန်း ၄၄ - ဆယ်ရက်အတွင်း ကျင်းပမယ့် ဂိုဏ်းပြိုင်ပွဲ
ချင်းယွင်တောင်ထိပ်၏ စကျင်ကျောက်ဖြူ လှေကားထစ်များပေါ်တွင် အတွင်းစည်းဂိုဏ်း တပည့်များသည် တန်းနှစ်တန်း စီတန်းနေကြပြီး ချင်းယွင်ဂိုဏ်း၏ ခမ်းနားကြီးကျယ်မှုကို ပြသနေကြပေ၏။
အနိမ့်ဆုံးမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် တွင် ရှိပြီး အမြင့်ဆုံးမှာ အခြေတည်စဝိညာဉ်အဆင့် တွင် ရှိကာ စကျင်ကျောက်ဖြူ လှေကားထစ်များ၏ တစ်ဖက်တစ်ချက်စီတွင် အစဉ်လိုက် ရပ်နေကြသည်။
ထိပ်တန်းဂိုဏ်း တစ်ခုဖြစ်သော ချင်းယွင်ဂိုဏ်း၏ စွမ်းအားကို အပြည့်အဝ ပြသထားလေ၏။
ချင်းယွင်ဂိုဏ်းတွင် တပည့်တစ်ဦး စိတ်ဝိညာဉ်ထွက်ပေါ်ခြင်းအဆင့် သို့ ရောက်ရှိသည့်အခါတိုင်း သူတို့ကို ဂိုဏ်းမှ အနားပေးပြီး တောင်အောက်သို့ စေလွှတ်ကာ သူတို့၏ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ရန် သို့မဟုတ် အပြင်ဘက်တွင် အတွေ့အကြုံများ ရှာဖွေရန် စေလွှတ်လေ့ရှိပေသည်။
ချင်းယွင်ဂိုဏ်းကို လက်အောက်ခံဂိုဏ်းများ သုံးထောင် ဟု နာမည်ပြောင် ပေးထားကြပြီး ထိုဂိုဏ်းများ အားလုံးကို ချင်းယွင်ဂိုဏ်း၏ ယခင်တပည့်များက တည်ထောင်ခဲ့ကြခြင်းပင် ဖြစ်၏။
ကြက်ဥများ အားလုံးကို ခြင်းတောင်းတစ်လုံးတည်းထဲ မထည့်ပါနှင့်။ ဤသည်မှာ ချင်းယွင်ဂိုဏ်း၏ အမြဲတမ်း ခံယူချက် ဖြစ်သည်။
အပြင်ဘက်ရှိ ထိုတပည့်များသည် ဆုံးရှုံးမှုများ ခံစားရနိုင်သော်လည်း ဂိုဏ်း၏ အကာအကွယ်မှ ထွက်ခွာသွားသူများသည် မိုးမခသစ်ပင်ကြီးများကဲ့သို့ လျင်မြန်စွာ ကြီးထွားလာကြမည် ဖြစ်၏။
နောက်ဆုံးတွင် သူတို့သည် ဂိုဏ်းသို့ ပြန်လည်ပေးဆပ်ကြမည်ဖြစ်ပြီး မရေမတွက်နိုင်သော သွေးသစ်များကို ယူဆောင်လာကာ ချင်းယွင်ဂိုဏ်း၏ ရေရှည် ကြီးပွားတိုးတက်မှုကို အောင်မြင်စေခဲ့လေသည်။
၎င်းသည် ဂိုဏ်းကြီး အားလုံးလိုလို၏ တူညီသော သဘောတူညီချက်လည်း ဖြစ်ပေ၏။
မဟုတ်ပါက ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်း မဟာယာနအဆင့် ကျင့်ကြံသူ တစ်စုသည် နေရာတစ်နေရာတည်းတွင် စုပြုံနေပါက မည်သူ့အတွက်မျှ ကောင်းမွန်မည် မဟုတ်ချေ။
၎င်းက တစ်ဦးချင်းစီ၏ တိုးတက်မှုကို ဟန့်တားရုံသာမက ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဟန့်တားစေလေသည်။
ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်း မဟာယာနအဆင့် ကျင့်ကြံသူ တစ်စုအတွက် လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များသည်လည်း အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေ၏။ ထိုအရင်းအမြစ်များကို တပည့်သစ်များ ကျင့်ကြံရန် အသုံးပြုခြင်းက ပို၍ ကောင်းမွန်လေသည်။
ချင်းယွင်ဂိုဏ်း၏ တပည့်များအနေဖြင့် အကယ်၍ ချင်းယွင်ဂိုဏ်းသည် အနာဂတ်တွင် အခက်အခဲများနှင့် ကြုံတွေ့ရပါက သူတို့သည် လက်ပိုက်ကြည့်နေကြမည်လော။
မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကကြီးသည် အလွန် ကျယ်ဝန်းလှပေ၏။ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် တွင်ပင် ဤကမ္ဘာလောကကြီး၏ အပြည့်အစုံကို မမြင်နိုင်ချေ။ ဤအဆုံးအစမရှိသော ကမ္ဘာလောကကြီးတွင် အမြဲတမ်း အမျိုးမျိုးသော အခွင့်အရေးများ ရှိနေပေသည်။
သေဆုံးသည်အထိ ဂိုဏ်းအတွင်း သီးသန့် ကျင့်ကြံလိုပြီး ဂိုဏ်းမှ တားမြစ်နယ်မြေ တွင် ထားရှိခြင်း ခံရသော ထိုကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများမှလွဲ၍ ကျန်ရှိသော ချင်းယွင်ဂိုဏ်း၏ တပည့်များသည် ပြန့်ကျဲနေသော နှမ်းစေ့များကဲ့သို့ ဤကမ္ဘာလောက အနှံ့အပြားတွင် ပျံ့နှံ့နေကြပေသည်။
ပြီးတော့ ယခု လှေကားထစ်များပေါ်တွင် ရပ်နေသော လူငယ် တပည့်များသည် ချင်းယွင်ဂိုဏ်း၏ နောက်ထပ် အနာဂတ်များ ဖြစ်လာကြမည် ဖြစ်၏။
တောင်ထိပ်ငယ်လေးသည် ချင်းယွင်တောင်ထိပ် ဆယ့်နှစ်ခု၏ အဆုံးတွင် ရှိနေသဖြင့် အိုးယန်နှင့် အခြားသူများသည် လှေကားထစ်များ၏ အောက်ဆုံးတွင် ရပ်နေကြလေသည်။
ရှောင်ဖုန်းက တိမ်တိုက်များထဲသို့ ထိုးထွက်နေသော ချင်းယွင်တောင်ထိပ်၏ အထွတ်အထိပ်ကို ကြည့်ကာ ရည်မှန်းချက်ကြီးစွာဖြင့် ပြောဆိုလိုက်လေ၏။
"စီနီယာအစ်ကို... အနာဂတ်မှာ ချင်းယွင်တောင်ထိပ်ရဲ့ လှေကားထစ်တွေရဲ့ အရှေ့ဆုံးမှာ တောင်ထိပ်ငယ်လေး ရပ်တည်နိုင်အောင် ကျွန်တော် သေချာပေါက် လုပ်ပြပါ့မယ်..."
လှေကားထစ်များပေါ်တွင် ပျင်းရိစွာ ထိုင်နေသော အိုးယန်က ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။
"မင်းက အသုံးမကျဘူး... ဒီလောက်သေးငယ်တဲ့ အရာကိုတောင် မင်းက ဘယ်လိုလုပ် တွေးရဲတာလဲ..."
ရှောင်ဖုန်းက အိုးယန်ကို ဝေခွဲမရစွာ ကြည့်လိုက်လေ၏။
အိုးယန်က ပိုင်ယွီဆီသို့ လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။
"မင်းရဲ့ ဒီစီနီယာအစ်ကို ပိုင်က ဂိုဏ်းထဲကို ဝင်တဲ့ ပထမဆုံးနေ့မှာပဲ ငါတို့ရဲ့ ဆရာကို သူက ဂိုဏ်းချုပ် လုပ်ချင်လားလို့ မေးခဲ့တာလေ..."
ရှောင်ဖုန်းက တည်ငြိမ်နေသော ပိုင်ယွီကို ကြည့်လိုက်လေ၏။ သူ၏ ဤစီနီယာအစ်ကိုက သူ့ထက်ပင် ပို၍ ရက်စက်နေသည်လောဟု ရှောင်ဖုန်းက တွေးလိုက်မိသည်။
"မင်း ဂိုဏ်းချုပ် ဖြစ်ချင်သရွေ့ မင်းရဲ့ ဒုတိယစီနီယာအစ်ကိုကို မျက်နှာချိုသွေးထားလိုက်... သူ အလုံအလောက် အားကောင်းလာတဲ့အခါ မင်း ထိုင်ဖို့အတွက် ဂိုဏ်းချုပ်ရဲ့ ခွေးခေါင်းကို သူ သေချာပေါက် ခုတ်ဖြတ်ပေးလိမ့်မယ်..."
အိုးယန်က ရယ်မောလိုက်၏။
ထိုကဲ့သို့သော ပုန်ကန်သည့် စကားများကို ကြားချိန်တွင် ရှောင်ဖုန်းက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်၏။
အိုးယန်က လူတိုင်း၏ အနောက်တွင် ပုန်းနေသော ချန်ချန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် တွေးလိုက်လေ၏။
"တကယ်လို့ တတိယစီနီယာအစ်ကိုသာဆိုရင် သူက သေချာပေါက် ဂိုဏ်းချုပ်ကို ရုပ်သေးရုပ် အဖြစ် ပြောင်းလဲပစ်ပြီး ချင်းယွင်ဂိုဏ်းရဲ့ လျှို့ဝှက်သခင် ဖြစ်လာမှာပဲ..."
လှေကားထစ်များပေါ်တွင် အမူအရာ အမျိုးမျိုး ရှိနေကြသော သူ၏ စီနီယာအစ်ကိုများကို ရှောင်ဖုန်း ကြည့်လိုက်ရာ သူ လုံလုံလောက်လောက် ကြိုးစားအားထုတ်မှု မရှိသေးကြောင်းနှင့် သူ၏ အတွေးများကပင် သူ၏ စီနီယာအစ်ကိုများလောက် မကြီးကျယ်ကြောင်း ရုတ်တရက် ခံစားလိုက်ရလေ၏။
သို့သော် သူသည် ယခုအခါ မာနကြီးရန် အရင်းအနှီးလည်း ရှိနေပြီ ဖြစ်၏။ သူ၏ ခွန်အား လုံလောက်လာပြီး သူ၏ ကြီးမားသော ကလဲ့စားချေမှုကို ပြီးမြောက်သည့်အခါ...
တစ်နေ့နေ့ကျရင် ဒီကောင်းကင်ကြီးက ငါ့မျက်လုံးတွေကို မကွယ်ထားနိုင်အောင် ငါ လုပ်ပြမယ်...
ရှောင်ဖုန်းက သူ၏ စိတ်နှလုံးထဲတွင် ကြီးမားသော ရည်မှန်းချက်ဖြင့် တွေးလိုက်၏။
ဟူထူသည် အနည်းငယ် အိပ်ချင်နေပြီဖြစ်ပြီး အိုးယန်၏ လက်မောင်းကို မှီကာ အိပ်ပျော်နေလေ၏။ အိပ်ပျော်နေစဉ်အတွင်း သူမက အိုးယန်၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ယခုလေးတင် ထိုကာမရာဂကြီးသော အစ်မကြီးက စီနီယာအစ်ကို့အား လာရောက်ဖြားယောင်းပြန်ပြီ မဟုတ်ပါလော။
သူမက တကယ်ကို မြန်မြန် ကြီးပြင်းချင်ပြီး စီနီယာအစ်ကို့ကို လှောင်အိမ်ထဲ ထည့်ထားကာ သူမ တစ်ယောက်တည်း အပိုင် လုပ်ထားချင်မိလေသည်။
....
ချင်းယွင်တောင်ထိပ်၏ ပင်မခန်းမ အထက်တွင် တောင်ထိပ်သခင်များ၊ အကြီးအကဲများနှင့် ဂိုဏ်း၏ ကိုးကွယ်ခံပုဂ္ဂိုလ်များသည် ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြလေ၏။
ကြည့်ရှုရန် စင်မြင့်အောက်ရှိ ကွင်းပြင်ထဲတွင် မရေမတွက်နိုင်သော ဂိုဏ်းကိုယ်စားလှယ်များ ထိုင်နေကြပေသည်။
ချင်းယွင်ဂိုဏ်း ပြိုင်ပွဲချိန်အထိ တစ်လမပြည့်တော့သော်လည်း လာသင့်လာထိုက်သော ဂိုဏ်းအများစု ရောက်ရှိနေကြပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ချင်းယွင်ဂိုဏ်းကဲ့သို့သော ထိပ်တန်းဂိုဏ်း တစ်ခုတွင် နေရာတိုင်း၌ အခွင့်အရေးများ ရှိနေပြီး ၎င်းတို့နှင့် ကြုံတွေ့ရရန် အချိန်အလုံအလောက် လိုအပ်ပေသည်။
အကယ်၍ လွန်ခဲ့သော အနှစ်တစ်ထောင်က အင်မော်တယ် တစ်ပါး ချန်ရစ်ခဲ့သော ကျင့်ကြံနည်းစနစ် တစ်ခုနှင့် သူတို့ အမှတ်မထင် ဆုံတွေ့ခဲ့လျှင်ရော...
ချင်းယွင်ဂိုဏ်း၏ ကျမ်းစာတိုက် တွင် ကျင့်ကြံခြင်း လောက တစ်ခုလုံး၌ အမည်တပ်နိုင်သော ကျင့်ကြံနည်းစနစ် အားလုံးကို စာရင်းပြုစုထားလေ၏။
ထိုအထဲတွင် သူတို့နှင့် သင့်လျော်မည့် အမျိုးမျိုးသော အမြင့်ဆုံး လျှို့ဝှက် လက်စွဲစာအုပ်များ သေချာပေါက် ရှိနေမည် ဖြစ်သည်။
ချင်းယွင်ဂိုဏ်းတွင် သူတို့ ရှိနေစဉ်အတွင်း ထိုအရာများကို ငှားရမ်းပြီး သေချာစွာ ဖတ်ရှုရမည် ဖြစ်၏။
တုန်းရွှီကျစ်က ထိပ်ပြောင် တစ်ဦးတည်းသာ ထိုင်နေသော အရှေ့ဘက်ရှိ စားပွဲ ကိုးလုံးကို ကြည့်လိုက်ပြီးနောက် ပုံမှန် အမူအယာရှိသော လင်းဖုန်းကို ကြည့်ကာ သူ၏ စိတ်နှလုံးထဲတွင် အနည်းငယ် သက်ပြင်းချလိုက်၏။
ခုလေးတင် တောင်တံခါးဝတွင် ဖြစ်ပျက်ခဲ့သမျှကို သူ အလွန် ရှင်းလင်းစွာ သိရှိပေသည်။ သူ၏ တပည့်သည် မူလက သင့်တင့်လျောက်ပတ်သော ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်း ရှိသော်လည်း သူ၏ စိတ်က အလွန်အမင်း အသေးစိတ်ကျလွန်းပြီး သူ၏ စရိုက်ကလည်း ဖြောင့်မတ်လွန်းနေပေသည်။
အိုးယန်က အခြေအနေကို ဖြေရှင်းပေးခဲ့သော်လည်း ၎င်းသည် သူ၏ တပည့်၏ စိတ်အခြေအနေအပေါ် နောက်ထပ် သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ဖြစ်ခဲ့လေသည်။
လူတစ်ယောက်က ပိုပြီး စိတ်ရှုပ်ထွေးလေလေ၊ တန့်နေလေလေ သူ့ကို ပိုပြီး သွေးပူလေ့ကျင့်ပေးဖို့ လိုအပ်လေလေပဲ... မဟုတ်ရင် အင်မော်တယ် အဖြစ်ကို ရောက်ရှိဖို့နဲ့ တာအိုကို လိုက်စားတဲ့ နေရာမှာ ခိုင်မာတဲ့ နှလုံးသား မရှိဘဲနဲ့ အဆုံးထိ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...
ဤအချက်သည် တုန်းရွှီကျစ်က လင်းဖုန်းကို အမြဲတမ်း သူ့သဘောအတိုင်း လွှတ်ထားရခြင်း၏ အကြောင်းရင်းလည်း ဖြစ်၏။ ကိုယ်တိုင် ကျော်လွှားနိုင်မှသာ ပိုမိုကြီးမားသော တာဝန်များကို ထမ်းဆောင်နိုင်မည် ဖြစ်သည်။
၎င်းသည် ဂိုဏ်းချုပ်၏ တပည့်တစ်ဦးအနေဖြင့် လင်းဖုန်း၏ တာဝန်လည်း ဖြစ်ပေ၏။
မဟာမြင့်မြတ်နယ်မြေ ကိုးခု အနက်မှ မဟာစိတ်ဝိညာဉ်တောင် ဘုရားကျောင်း တစ်ခုသာ ရောက်ရှိလာသေးပြီး ၎င်းက ပြဿနာရှာသူ တစ်ဦး ဖြစ်နေသည်။
မဟာမြင့်မြတ်နယ်မြေ ကိုးခု အနက်မှ မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူချေ။ တုန်းရွှီကျစ်က အေးစက်စွာ နှာမှုတ်လိုက်သော်လည်း သူ၏ ချင်းယွင်ဂိုဏ်းသည်လည်း ရွှံ့ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ချေ။
ချက်ချင်းပင် တုန်းရွှီကျစ်က ရှေ့သို့ လှမ်းထွက်လာပြီး ကျယ်လောင်စွာ ပြောဆိုလိုက်လေ၏။
"ဂိုဏ်းပြိုင်ပွဲကို ဆယ်ရက်အတွင်း ကျင်းပပါမယ်... အတွင်းစည်းဂိုဏ်း တပည့်များ အားလုံးနဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေ အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်... ချင်းယွင်ဂိုဏ်းရဲ့ တောင်တံခါးကို ဖွင့်ထားပြီး လမ်းကြောင်းပေါင်းစုံက အင်မော်တယ် တွေကို ဖိတ်ကြားထားပါတယ်... အနိုင်ရရှိသူက ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ တာအိုလက်နက် တစ်ခု၊ အမြင့်ဆုံး စိတ်ကျင့်ကြံခြင်းနည်းစနစ် တစ်ခုနဲ့ ချင်းယွင် လျှို့ဝှက်ရတနာ ကို ကြည့်ရှုခွင့် ရရှိပါလိမ့်မယ်..."
တုန်းရွှီကျစ်၏ အသံသည် လူတိုင်း၏ နားထဲသို့ တိတ်တဆိတ် လွင့်မျောသွားပြီး ကွင်းပြင်ထဲရှိ လူတိုင်းထံမှ အာမေဍိတ်သံများကို ချက်ချင်း ဖြစ်ပေါ်စေခဲ့၏။
တာအိုလက်နက် တစ်ခု...
ကောင်းကင်နှင့်မြေကြီး၏ တာအိုစိတ်ဆန္ဒ များ ပါဝင်နေသော မှော်ရတနာ တစ်ခု...
၎င်းသည် ကျင့်ကြံသူ တစ်ဦး၏ လက်ထဲရှိ မှော်ရတနာများ၏ အထွတ်အထိပ် ဖြစ်ပေ၏။
စိတ်ဝိညာဉ်ရတနာ တစ်ခုတောင်မှ အပြင်ဘက်ရှိ ဂိုဏ်းချုပ်များကို အသေအလဲ တိုက်ခိုက်စေရန် လုံလောက်နေပြီ ဖြစ်သည်။
ချင်းယွင်ဂိုဏ်းက တာအိုလက်နက် တစ်ခုကို လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် အမှန်တကယ် ကမ်းလှမ်းလိုက်လေ၏။
ထိုအရာသည် ယခင်ဘဝက ရှန်ကျင်း၏ ဒုတိယမြောက် ကွင်းလမ်းရှိ စီဟေးယွမ် တစ်ခုကို တိုက်ရိုက် ပေးကမ်းလိုက်ခြင်းနှင့် မကွာခြားလှချေ။
အမြင့်ဆုံး စိတ်ကျင့်ကြံခြင်းနည်းစနစ် ဆိုသည်မှာ ကျင့်ကြံသူ အားလုံး အိပ်မက်မက်ကြသော အရာတစ်ခု ဖြစ်ပေ၏။
ကျင့်ကြံခြင်း လမ်းစဉ်သည် ရှည်လျားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အင်မော်တယ် အဖြစ်သို့ တိုက်ရိုက် ဦးတည်သွားနိုင်သော ကျင့်ကြံနည်းစနစ် ကို တောင့်တကြလေသည်။
ဤကမ္ဘာလောကတွင် အင်မော်တယ် များကို ထပ်မံ မမွေးထုတ်နိုင်တော့လျှင်တောင်မှ ချင်းယွင်ဂိုဏ်းက ကမ်းလှမ်းသော အမြင့်ဆုံး ကျင့်ကြံနည်းစနစ်သည် အနည်းဆုံးတော့ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် သို့ ကျင့်ကြံနိုင်စေမည် မဟုတ်ပါလော။
ဤကမ္ဘာလောကတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိသော်လည်း သူတို့၏ တစ်သက်တာလုံးတွင် သာမန် ကျင့်ကြံနည်းစနစ်များကို အသုံးပြုရခြင်းအတွက်သာ နောင်တရနိုင်ကြပေ၏။
ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများကို ပြုစုပျိုးထောင်နိုင်စွမ်းရှိသော ကျင့်ကြံနည်းစနစ် တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ချပေးလိုက်ခြင်း...
မဟာမြင့်မြတ်နယ်မြေ ကိုးခု အနက်မှ တစ်ခုဖြစ်သော ချင်းယွင်ဂိုဏ်း၏ စွမ်းအားသည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။
ဒဏ္ဍာရီလာ ချင်းယွင်ဂိုဏ်း၏ လျှို့ဝှက်ရတနာ ကို ဆိုဖွယ်ရာပင် မရှိတော့ချေ။
၎င်းသည် ချင်းယွင်ဂိုဏ်းကို အနှစ်တစ်သောင်းတိုင်တိုင် မတ်မတ်ရပ်တည်နိုင်စေခဲ့သော ဂိုဏ်းဖိနှိပ်ခြင်း ရတနာ ဖြစ်ပေ၏။
ဒဏ္ဍာရီအရ ၎င်းတွင် အင်မော်တယ် အဖြစ်သို့ ရောက်ရှိရန် လျှို့ဝှက်ချက် ပါဝင်သည်ဟု ဆိုကြလေ၏။
၎င်း၏ နက်နဲမှုများကို နားလည်သဘောပေါက်နိုင်သရွေ့ အင်မော်တယ် အဖြစ်သို့ သွားရာလမ်းသည် လက်လှမ်းမီနိုင်သော နေရာတွင် ရှိနေပေမည်။
ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်ပဲ... တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်ပဲ...
လေ့လာကြည့်ရှုရန် ရောက်ရှိလာကြသော ဂိုဏ်းကိုယ်စားလှယ်များ အားလုံးသည် အဆုံးအစမရှိ အံ့အားသင့်နေကြပေ၏။
တုန်းရွှီကျစ် ပြောပြခဲ့သော ပစ္စည်းတစ်ခုစီတိုင်းသည် လူတိုင်း၏ စိတ်နှလုံးကို ခုန်ပေါက်သွားစေရန် လုံလောက်နေပေသည်။
အရှေ့ဆုံးတွင် ထိုင်နေသော မဟာမြင့်မြတ်နယ်မြေ ကိုးခု အနက်မှ တစ်ခုဖြစ်သည့် မဟာစိတ်ဝိညာဉ်တောင် ဘုရားကျောင်း ၏ ဗုဒ္ဓဂိုဏ်းသူတော်စင် ဟွေကျစ်ပင်လျှင် သူ၏ စိတ်နှလုံးထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရ၏။
ချင်းယွင်ဂိုဏ်းသည် ဤမျှ ရက်ရောလိမ့်မည်ဟု ဟွေကျစ်လည်း မမျှော်လင့်ခဲ့ချေ။
သူသည် တာအိုလက်နက် များနှင့် ကျင့်ကြံနည်းစနစ်များကို စိတ်မဝင်စားသော်လည်း...
ဒဏ္ဍာရီလာ ဂိုဏ်းဖိနှိပ်ခြင်း ရတနာကို ရယူရန် သူ သန္နိဋ္ဌာန် ချထားခဲ့၏။