ကုန်းစန်း
Vol. 6 Ch. 584
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ဒေါသမထွက်ပါနဲ့…၊ ဒြပ်စင်ငါးမျိုးဆိုတာ ရှာဖွေလို့ရတဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘူးလေ…”
ယီကျီးမှာ ဆန်းလျန်ကို များစွာ လေးစားသွားမိသည်။
ထိုစကားများကို ဆန်းလျန်က သူ့အတွက် ပြောလိုက်ခြင်း ဖြစ်လေသည်။ မည်သည့် အရာကိုမှ အလွန်အကျွံမပြုလုပ် မိစေရန် သတိပေးလိုက်ခြင်း ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ယီကျီးသည် စိတ်ပြေသွားကာ စိတ်သက်သာရာလည်း ရသွား ခဲ့လေသည်။ စစ်ကျင်းပဲ ဖြစ်ဖြစ်၊ ဆန်းလျန်ပဲ ဖြစ်ဖြစ် သူ၏ ကျင့်စဉ်လမ်းကိုသာ အထောက်အကူ ပြုပေးနိုင်မည်ဆိုလျှင် သူ့အနေဖြင့် အခြားသော အကြောင်းအရာများကို ဂရုစိုက်စရာမရှိပါ။
ဆန်းလျန်သည် စစ်ကျင်းကို တစ်ခုခုပြောချင်နေပုံ ရလေသည်။ သို့သော် နောက်ဆုံးတွင်တော့ မည်သည့်စကားမှ မပြောတော့ဘဲ သက်ပြင်းတစ်ချက် ချလိုက်ကာ အေးဆေးစွာပင် ထွက်ခွာ သွားလေတော့သည်။
ကျူပင်များကြားထဲတွင်....
ဆန်းလျန် ပျောက်ကွယ် သွားခဲ့လေပြီ။
သူ... မည်သည့်နေရာသို့ ထွက်သွားသည်လဲ ဆိုသည်ကိုတော့ မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။
ဆန်းလျန်သည် ရုတ်တရက် ရောက်လာပြီး ရုတ်တရက် ပျောက်ကွယ် သွားခဲ့လေပြီ။
ယီကျီးနှင့် စစ်ကျင်းမှလွဲပြီး သူရောက်ရှိလာသည်ကို မည်သူမှ မသိရှိလိုက်ကြပေ။ ယီကျီးကို အံ့သြစေသည့် အချက် မှာဆန်းလျန်သည် သူ့ကို ထိန်းချုပ်ရန်အတွက် မည်သည့် တန်ခိုးစွမ်းအားကိုမှ အသုံးပြုသွားခဲ့ခြင်း မရှိခြင်းပင် ဖြစ်လေသည်။
ထို့ပြင်… ဆန်းလျန်သည် အခြားသော တောင်းဆိုမှုများကိုလည်း ပြုလုပ်မသွားခဲ့ပေ။
ယီကျီး၏ မဟာဗျူဟာအတိုင်း လိုက်လုပ်ရန် အတွက် စစ်ကျင်းထံမှ သဘောတူညီမှု တစ်ခုကိုသာ ရယူ သွားခဲ့လေသည်။
ဆန်းလျန် ထွက်ခွာသွားခြင်း အတွက် စစ်ကျင်းကလည်း မည်သည့် မှတ်ချက်မှ ပြုမနေတော့ပါ။ သူမသည် အလွန် တည်ငြိမ် နေလေသည်။
နောက်တစ်နေ့တွင်တော့....
စစ်ကျင်းသည် ယိုစန်းပြည်မှ အရေးကြီးသည့် တာဝန်ရှိသူများကို စုစည်းလိုက်ပြီး ယီကျီးကို ဝန်ကြီးချုပ်အဖြစ် ရာထူး ခန့်အပ်လိုက်လေသည်။
ထို့ကြောင့်... ယိုစန်းပြည်မှ လူများသည် ယီကျီးကို ယီယင်းအကြီးအကဲ အဖြစ် အသိအမှတ်ပြု လက်ခံလိုက်ကြ လေသည်။
တာ့ရှားနှင့် ယင်းစန်း၏ အရေးတွင် ဝင်မပါရန် ကွမ်းလုန်ကျီက စစ်ကျင်းကို သေသေချာချာ မှာကြားခဲ့လေသည်။ သို့သော် စစ်ကျင်းသည် သေသေချချာပင် ပါဝင် ပတ်သက်ခဲ့မိပြီ ဖြစ်လေသည်။
သို့သော်… သူမသည် သူမကိုယ်သူမရော လောကကြီး တစ်ခုလုံးကိုပါ အရေးစိုက်မည် မဟုတ်ပါ။ သူမအရေးစိုက် သည်ကသူမဆရာ၏ စကားတစ်ခွန်းပင် ဖြစ်လေသည်။
ဆန်းလျန် ပြောသကဲ့သို့ပင် သူမသည် အလွန် တုံး , အ သည့် ကလေးတစ်ယောက်သာ ဖြစ်လေတော့၏။
ယိုစန်းပြည်မှလူများသည် အစပိုင်းတွင် ယီယင်း အကြီးအကဲကို အထင်မကြီးကြပေ။ သို့သော် နောက်ပိုင်းတွင် ယီယင်း အကြီးအကဲသည် အုပ်ချုပ်ရေးတွင် ကျွမ်းကျင်စွာဖြင့် အရည်အချင်းများကို ပြသခဲ့သည့် အခါတွင်တော့ (၁၀)ရက်အတွင်းမှာပင် ယိုစန်းပြည်သည် သူ့ကို အထင်ကြီး လေးစား လာခဲ့ကြလေသည်။
ထို့နောက်တွင်တော့ တာ့ရှားဧကရာဇ်သည် တာ့ရှားပြည်သို့ ပြန်သွားပြီဆိုသည့် သတင်းရောက်ရှိ လာလေသည်။ တာ့ရှား ဧကရာဇ်သည် တုန်းယီဒေသနှင့် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများ အတွက် အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး စစ်ကျင်း တာဝန်ယူ အုပ်ချုပ်ရသည့် ယိုစန်းပြည်သည် တုန်းယီဒေသတွင် တာ့ရှားဧကရာဇ်၏ အခြေခံအုတ်မြစ် တည်ရှိရာ နေရာတစ်ခု အဖြစ် မင်းမိန့်ဖြင့် တရားဝင်သတ်မှတ်ခြင်း ခံလိုက်ရလေသည်။
အဆိုပါမင်းမိန့်တွင် ပါသည့်စာအရ ဆိုလျှင် ယိုစန်းပြည်သည် တာ့ရှားဧကရာဇ်၏ လက်အောက်ခံ ဖြစ်ပြီး စစ်ကျင်းသည် တုန်းယီဒေသနှင့် အရှေ့တိုင်း စစ်သည်တော်များ၏ ဧကရီတစ်ပါး ဖြစ်လာခဲ့လေသည်။
ထို့ပြင် တာ့ရှားဧကရာဇ် ထုတ်ပြန်လိုက်သည့် မင်းမိန့်ကြောင့် တုန်းယီဒေသနှင့် အရှေ့တိုင်း စစ်သည်တော်များ၏ ပြဿနာများအလားလုံးကို ဖြေရှင်းနိုင်ရန်မှာ စစ်ကျင်း၏ တာဝန် ဖြစ်လာရလေသည်။
ယိုစန်းပြည်သည် သာမန်တိုင်းပြည် တစ်ခုသာ ဖြစ်သည့်တိုင် ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လေသည်။ စစ်ကျင်းသည် တာ့ရှားဧကရာဇ်ကဲ့သို့ စစ်အင်အားနှင့် ဂုဏ်သတင်းကို ပိုင်ဆိုင်ခြင်း မရှိသည်က တစ်ကြောင်း၊ ယွမ်ယန်မှာလည်း တုန်းယီဒေသ တစ်နေရာတွင် ပုန်းအောင်း နေနိုင်သည်က တစ်ကြောင်းကြောင့် အတွေ့အကြုံနုနယ်သည့် စစ်ကျင်းအတွက် အခြေအနေ မကောင်းနိုင်ဟု အားလုံးက ထင်မှတ် ခဲ့ကြလေသည်။
သို့သော်… ထိုသို့ထင်မှတ်ကြာသူများအားလုံး မှားယွင်း သွားခဲ့လေသည်။
စစ်ကျင်းသည် အုပ်ချုပ်မှု အခန်းကဏ္ဍများ အားလုံးကို ယီယင်းအကြီးအကဲသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယီယင်း အကြီးအကဲကလည်း စစ်ကျင်း စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ သူသည် ယိုစန်းပြည်၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများ အားလုံးကို ချောမောစွာဖြင့် လုပ်ဆောင် သွားခဲ့လေသည်။
“ထိပ်ပိုင်း အဆင့်အရာရှိများ နားလည်မှုရှိလျှင် အောက်ခြေ လူတန်းစားများကလည်း သစ္စာရှိကြလိမ့်မည်”
ဟူသည့်ဆိုရိုး တစ်ခု ရှိလေသည်။
ထိုဆိုရိုးမှာ ယိုစန်းပြည်ကို ပြောခြင်းပင် ဖြစ်တော့သည်။
နဂါးစွမ်းအားများကို စောင့်ကြည့်လေ့လာ နေသူများကလည်း ယိုစန်းမှာ ကံကြမ္မာ မြင့်မားသည့် တိုင်းပြည်တစ်ခု မဟုတ်သည့်တိုင် ကျောက်လုန်ဟု ခေါ်သည့် ရေနဂါးတစ်ကောင် အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို တွေ့မြင်ခဲ့ကြရလေသည်။
စစ်ကျင်းနှင့် ယီကျီးကို တွေ့ဆုံခဲ့ပြီးသည့်နောက် ဆန်းလျန်သည် ရှီးလျန်ပြည်သို့ ပြန်လာခဲ့လေသည်။
အစပိုင်း သူ၏အကြံအစည်အရ ဆိုလျှင် ရှီးလျန်ကို ပြန်လာသည့် အချိန်တွင် ယီကျီးကိုပါ တစ်ပါတည်း ခေါ်ဆောင်လာ ရန်ဖြစ်လေသည်။ သို့သော် နောက်ဆုံးတော့ လက်လွှတ် ခဲ့လေသည်။
အမှန်တော့ ယီကျီးပြောသည့် မဟာဗျူဟာသည် အမှန်ပင် လေးနက်လွန်း ခဲ့လေသည်။ သို့သော်… တာ့ရှား ဧကရာဇ်ကို ပစ်မှတ်ထားနေသည့် ဆန်းလျန် အတွက်တော့ အဆင် သိပ်မပြေခဲ့ပေ။ ဆန်းလျန်၏ ဂုဏ်သတင်းသည် အလွန်ကြီးမားသည့်တိုင် သူသည် “လောကပထမ” မဟုတ်သေးပေ။ အခြေအနေများကို ပြန်လည်သုံးသပ်ရန် လိုအပ်နေသေးသည်။
သူ့အနေဖြင့် အသူရာချောက်ကို စည်းလုံးညီညွတ်စေရန်နှင့် စွမ်းအားစုစည်းမှု ရှိအောင် လုပ်ဆောင်ရန် လိုအပ်လေသည်။
ထိုအချိန်လေးမှာပင် ကံကြမ္မာ အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့သည်ကို ဆန်းလျန် သတိမထားခဲ့မိပေ။
ယင်းစန်းဒေသသည် ကံတက်နေပြီး အလွန်မှ အင်အားကြီးမား နေလေသည်။
ဆန်းလျန်သည် အလွန်ဝေးကွာသည့် တိချိုးမြို့တော်တွင် ဖမ်းဆီးချုပ်နှောင် ခံထားရသည့် ထျန်းယီ အကြီးအကဲကို လှမ်းပြီး ကြည့်လိုက်သည့် အခါတွင်တော့ ထျန်းယီ၏ တန်ခိုး စွမ်းအားများသည် နေ့စဉ်နှင့်အမျှ မြင့်တက် လာနေသည်ကို ခံစားလိုက်ရလေသည်။ ထျန်းယီသည် စကြဝဠာနှင့်ပင် တစ်သားတည်း ကျနေပြီး တိချိုးမြို့တော်မှ နဂါးစွမ်းအား များကို ပျက်စီးစေရန် အတွက် ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူလျက် ရှိလေသည်။
ဆန်းလျန်သည် တာ့ရှားဧကရာဇ်ဆီသို့ သွားပြီး ထျန်းယီ အကြီးအကဲအား လွှတ်ပေးခြင်း မရှိလျှင် တိချိုးမြို့တော်မှ နဂါးစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများ ခြောက်သွေ့ သွားတော့မည်ဟု သွားပြောခဲ့လျှင်တော့ ကျိန်းသေဟာသကြီး တစ်ခုအလား ဖြစ်နေပေလိမ့်မည်။
တာ့ရှားဧကရာဇ်သည် တုန်းယီဒေသနှင့် အရှေ့တိုင်းစစ်သည်တော်များကို အောင်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် နောက်ထပ် ခြေလှမ်းတစ်ခု လှမ်းရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ သူက ကွမ်းလုန်ကျီထံမှ ယင်နှင့်ယန်မီးအိမ်ကို ရယူကာ ထျန်းယီ အကြီးအကဲကို နှိမ်နင်းရန် စီစဉ် ထားခဲ့လေသည်။
သို့သော်… ယင်နှင့်ယန် မီးအိမ်သည် ဆန်းလျန်၏ နေမင်းဖြိုခွင်း မြားစွမ်းကြောင့် ပျက်စီး သွားခဲ့ရလေသည်။
တာ့ရှားဧကရာဇ်၏ အစီအစဉ် တစ်ခုလုံးသည့် ဆန်းလျန်ကြောင့် ကပြောင်းကပြန် ပြောင်းဆန် ကုန်ခဲ့ရလေသည်။
ထို့ပြင် ယခင်အချိန်က တိချိုးမြို့တော်တွင် တာ့ရှားဧကရာဇ်သည် ဆန်းလျန်ကို အာရုံစိုက် နေခဲ့ရလေသည်။
ဆန်းလျန်ကြောင့် ရဟန်းမင်းကြီးမှာလည်း သေဆုံးသွားရသည့် အတွက် တာ့ရှား ဧကရာဇ်သည် ထျန်းယီကို သိပ်ပြီး အရေးမစိုက်နိုင်ခဲ့ပေ။ ထိုအချိန်တွင်းမှာပင် ထျန်းယီသည် စကြဝဠာနှင့် တစ်သားတည်း ကျသည်အထိ ကျင့်ကြံနိုင်ခဲ့ ခြင်းဖြစ်လေသည်။
ယခုအချိန်တွင်တော့ ထျန်းယီ အကြီးအကဲသည် တိချိုးကို စောင့်ရှောက်နေသည့် နဂါးကြီး ယင်းလုန်ကိုပင် ကိုင်တွယ် ထိန်းချုပ်နိုင်သည့် နည်းလမ်းများကို ကျွမ်းကျင်စွာ သိရှိနေခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့်လည်း သူကစကြဝဠာနှင့် တစ်သားတည်း ကျနေသည့် တန်ခိုးစွမ်းအားများကို အသုံးပြုကာ တိချိုးမြို့တော်မှ နဂါးစွမ်းအားများကို အချိန်နှင့်အမျှ စုပ်ယူ နေလေတော့သည်။
ဆန်းလျန်သည် ထျန်းယီ အကြောင်း စဉ်းစားနေမိလေသည်။
သူသည် ထျန်းယီ၏ နူးညံ့သိမ်မွေ့ပြီး ထင်ရှားသည့် အသွင်သဏ္ဌာန်ကို အမှတ်ရနေမိသည်။ သူအများက သူ့ကို အလွန်တော်သည့် ဂုဏ်သရေရှိ သူတော်စင်တစ်ယောက် အဖြစ် ထင်မှတ်စေရန် လှည့်ဖြားထားခဲ့ပြီး တိချိုးမြို့တော်ကို ပျက်စီးစေရန် တစ်ဖက်လှည့်ဖြင့် ကြံစည်ခဲ့ခြင်းကို မည်သူမှ မသိခဲ့ကြပေ။ ကွမ်းလုန်ကျီတောင်မှ သိရှိရိပ်မိခဲ့ခြင်း မရှိပေ။
အကျဉ်းထောင်ထဲတွင် ထိုင်နေရင်းနှင့်ပင် ထျန်းယီ အကြီးအကဲသည် အကြီးမားဆုံး အောင်မြင်သူ တစ်ယောက် ဖြစ်လာခဲ့လေသည်။
လက်ရှိအချိန်တွင် တာ့ရှားဧကရာဇ်သည် စစ်ပွဲကို အောင်နိုင်ခဲ့ပြီး ယွမ်ယန်ကို အနိုင်ယူကာ တုန်းယီဒေသနှင့် အရှေ့တိုင်း စစ်သည်တော်များကို သိမ်းပိုက်နိုင်ခဲ့လေသည်။
အရှေ့တိုင်း စစ်သည်တော်များသည် တာ့ရှားနှင့် အကြီးအကျယ် စစ်ဖြစ်ခဲ့သည့်တိုင် ယင်းစန်းနှင့်လည်း မျက်နှာချင်း ဆိုင်၍ မရကြသည့် မဟာရန်သူများ ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်သည်လည်း တာ့ရှားပြည်ကို ကူညီမည့်သူ တစ်ယောက် မဟုတ်ပါချေ။
ဆန်းလျန်သည် ထိုအချက်များကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးသည့်နောက် အဆုံးမသတ် နိုင်သည့် တိုင်းရေးပြည်ရာများကို သဘောပေါက် လာလေသည်။
ထို့ပြင် သူ့တွင် အင်အား အနည်းငယ်သာရှိပြီး သူနိုင်ငံရေးကို စတင် လုပ်ဆောင်ခဲ့သည့် အချိန်မှာ နှောင်းပိုင်းကျလေသည်။ ထို့ကြောင့် အခြားသူများနှင့် ယှဉ်လျှင် သူနောက်ကျ ကျန်ခဲ့သည်မှာ အဆန်းမဟုတ်ပါ။
မိုးကောင်းကင်မှ သတ်မှတ်သည့် ကံကြမ္မာဆိုသည်မှာလည်း လူတို့၏ လုပ်ရပ်များနှင့် များစွာ ပတ်သက်နေသည် မဟုတ်ပါလား။
ယင်းစန်းသည် တာ့ရှားပြည်ကို အစားထိုးမည်ဆိုသည့် မိုးကောင်းကင်က ချမှတ်ထားသည့် ကံကြမ္မာဆိုသည်မှာ တကယ်ပဲ ဖြစ်ပျက်လာမည်လား။ သို့မဟုတ် အခြားသော ဖုံးကွယ်ထားသည့် ကံကြမ္မာ အပြောင်းအလဲများ ရှိနေနိုင်သေးသလား။ သို့သော် ဆန်းလျန်ကတော့ ကံကြမ္မာကို စိန်ခေါ်မည်ပဲ ဖြစ်လေသည်။ ကံကြမ္မာကိုစိန်ခေါ် နိုင်မှသာ အကြပ်အတည်းမှ လွတ်မြောက်ရန် အခွင့်အရေး ရှိလာမည် ဖြစ်လေသည်။
ထိုအခါမှ စစ်တုရင်ကစားပွဲမှ ထွက်ခွာပြီး ပိုပြီးကျယ်ပြန့်သည့် စကြဝဠာကြီးကို ရှုမြင်နိုင်မည် ဖြစ်လေသည်။
ရှီးလျန်ပြည် ပတ်ဝန်းကျင်တွင် လွှမ်းခြုံထားသည့် အသက်ဓာတ် စွမ်းအားများသည် အလွန်ပါးလွှာ လေသည်။
ထိုဒေသတွင် အဆင့်မြင့် ကျင့်ကြံသူများနှင့် တန်ခိုးစွမ်းအား မြင့်မားသည့် နတ်မိစ္ဆာများ မရှိသလောက် နည်းပါးလေသည်။
ရှီးလျန်ပြည်၏ ပိုင်နက်ဖြစ်သည့် မိုင်ပေါင်း တစ်သောင်း ပတ်လည်တွင် ရွာငယ်လေးများ စွာရှိလေသည်။
ယခင်တစ်ချန်ကတော့ ရှီးလျန်ပြည် အင်အားကြီးမား မလာခင်တွင် တာ့ရှီပြည်က အင်အားကြီးမားသည့် တိုင်းပြည် တစ်ပြည်ဖြစ်လေသည်။
တာ့ရှီပြည် ပျက်စီးသွားပြီးသည့်နောက် ရှီးလျန်သည် ထိုဒေသ တစ်ခုလုံးကို သိမ်းယူခဲ့လေသည်။ မြို့ငယ်များနှင့် ရွာငယ်လေးများသည် ရှီးလျန်ပြည်၏ လက်အောက်သို့ ခိုလှုံလာကြပြီး သူတို့ကိုယ်သူတို့ ရှီးလျန်နိုင်ငံသားများ အဖြစ် ခံယူလိုက်ကြလေသည်။
သို့သော်….
မကြာသေးမီအချိန်မှာပင် ရှီးလျန်သည် အန္တရာယ်ကြီး တစ်ခုနှင့် ရင်ဆိုင်ရလေသည်။
ရှီးလျန်၏ အရှေ့ဘက်တွင် ကုန်းစန်းဟုခေါ်သည့် တိုင်းပြည်ငယ်လေး တစ်ခု ရှိလေသည်။
ကုန်းစန်းပြည်သည် ထူးဆန်းသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။ ထိုတိုင်းပြည်တွင် နေထိုင်သည့် သူများသည် လူတစ်ဝက် သားရဲတစ်ဝက်များ ဖြစ်လေသည်။
ယုတ္တိဗေဒအားဖြင့် လူသားနှင့် တိရစ္ဆာန်ပေါင်းစပ်နိုင်ရန်မှာ မဖြစ်သော်လည်း ကုန်းစန်းကတော့ ထိုယုတ္တိဗေဒကို ချိုးဖျက် ခဲ့လေသည်။
လူသားတစ်ပိုင်း သားရဲတစ်ပိုင်းများ ဖြစ်သည့်အတွက် ကုန်းစန်းမှ လူများသည် အလွန်ကြမ်းတမ်း ကြလေသည်။ သို့သော် စစ်အင်အား နည်းပါးသည့် အတွက် ကျေးရွာငယ်လေး များကိုသာ သူတို့က အနိုင်ကျင့်တတ် ကြလေသည်။
သို့သော်…
ကုန်းစန်းပြည်သည် နေချင်းညချင်းဆိုသလို ရုတ်တရက် အင်အားကြီးမား လာခဲ့လေသည်။
ရှီးလျန်အင်အား ကြီးမားလာသလိုပင် ကုန်းစန်းပြည်၏ အင်အားကြီးမား လာမှုသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန် လာခဲ့လေသည်။
***