အခန်း (၂၀၃၆-၂၀၃၈)
Vol. 126 Ch. 2036-2038
အခန်း (၂၀၃၆) ထိတ်လန့်ဖွယ် ဧကရာဇ်နဂါးလက်သီး
နန်းဆောင်အထက်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်မှာ မတ်မတ်ရှိနေပြီး၊ တော်ဝင်အကြံပေးများနှင့် တော်ဝင်နဂါးအစောင့်တပ်အုပ်စုလိုက် ဝန်းရံထားခြင်း ခံနေရသော တတိယသားတော်ရွှမ်းကို ရင်ဆိုင်နေရသည့်တိုင် သူ၏ မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။
အကြံအစည်များမှာ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သလို၊ တတိယသားတော်ရွှမ်းသည်လည်း သူ၏အဆင့်အတန်းကို ဝန်ခံလိုက်ပြီ ဖြစ်ရာ၊ ဝမ်ချောင်အနေဖြင့်လည်း ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
ဧကရာဇ်အာဏာ ဆိုသည်မှာ ဘာနည်း။
ဂုဏ်ဒြပ်နှင့် အဆင့်အတန်း ဆိုသည်မှာ ဘာနည်း။
ဝမ်ချောင်အတွက်မူ အစကတည်းက သူ အလေးထားခဲ့သည်မှာ ဤအရာများ လုံးဝ မဟုတ်ပေ။ သူသည် ဧကရာဇ်အာဏာကို လေးစားခဲ့ခြင်းမှာ ထိုအာဏာသည် သူ၏ ရည်မှန်းချက်များနှင့် တူညီနေပြီး လမ်းကြောင်းတစ်ခုတည်းသို့ ဦးတည်ကာ တစ်လောကလုံးရှိ ပြည်သူများကို အကျိုးပြုရန်နှင့် ဤတိုင်းပြည်၊ ဤမြေပြင်ကို ကာကွယ်ရန်အတွက် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ဧကရာဇ်အာဏာသည် တရားမျှတမှု ကင်းမဲ့လာပြီး၊ တတိယသားတော်ရွှမ်းကဲ့သို့သော လူစားမျိုး ထီးနန်းတက်လာခြင်းသည် ဧကရာဇ်အာဏာ၏မူလတာဝန်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေပါက လေးစားကြောက်ရွံ့နေရန် မည်သည့်အရာကများ ထိုက်တန်ပါသနည်း။
ဂုဏ်ဒြပ်၊ စည်းစိမ်၊ တတိယသားတော်ရွှမ်းအနေဖြင့် ဤအရာများက မိမိကို ချည်နှောင်ထားနိုင်မည်ဟု တကယ်ပဲ ထင်နေတာလား။
"မင်း.. မင်း မင်း…"
နန်းဆောင်အောက်၌ တတိယသားတော်ရွှမ်းသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ခါနေပြီး၊ နားထင်မှ အကြောများပင် ထောင်တက်နေတော့သည်၊ သူသည် ဧကရာဇ်ဖြစ်သလို လီထန်တော်ဝင်မိသားစု၏ အစစ်အမှန် မျိုးဆက် မဟုတ်ပါလား။
ဧကရာဇ်၏အောက်၌ရှိသော လူသားအားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။ မင်းသားတစ်ပါးအနေဖြင့် သူ ငယ်စဉ်ကတည်းက လက်ခံခဲ့သော ပညာပေးမှုမှာ စစ်အမိန့်သည် တောင်ကြီးတစ်လုံးအလား လေးလံသလို၊ ဧကရာဇ်သည် နောက်ပြောင်သော စကားကို မဆိုရဘဲ ဧကရာဇ် လုပ်ဆောင်လိုသမျှ အရာအားလုံးကို လုပ်ဆောင်နိုင်သည်ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သေးငယ်လှသော အမတ်တစ်ဦးက မိမိ၏ရှေ့မှောက်၌ အကြောက်အလန့် မရှိဘဲ ရိုင်းစိုင်းစွာ ပြောဆိုနေခြင်းမှာ အမှန်တကယ်ပင် မဖြစ်သင့်သော ကိစ္စပင် ဖြစ်တော့သည်။
"မိုက်မဲလိုက်တာ။ မင်းလို သစ္စာမဲ့တဲ့ အမတ် ငါ့ရဲ့ရှေ့မှောက်မှာ ဒီလောက်အထိ ဖီဆန်ရဲတယ်ပေါ့။ ငါ မင်းကို မသတ်နိုင်ဘူးလို့ တကယ် ထင်နေတာလား"
"မင်းက အမိန့်တော်ကို ဖီဆန်ပြီး အထက်ကို ပြန်လှန်တယ်။ ငါ ဒီနေ့ပဲ မင်းရဲ့ ပြစ်မှုတွေကို ကြေညာမယ်။ မင်းတို့ဝမ်မိသားစု တစ်ခုလုံးကို ပုန်ကန်မှု ပြစ်မှုကြီးနဲ့ စီရင်မယ်၊ မင်း တစ်ယောက်တည်း တင်မကဘူး၊ ဒီနေ့ ဝမ်မိသားစုရဲ့ အထက်အောက် လူအားလုံး သေရမယ်"
တတိယသားတော်ရွှမ်းသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ခါနေပြီး မျက်နှာမှာလည်း ညိုမည်းနေကာ အမူအရာမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်နေတော့သည်။ ယခု အခိုက်အတန့်တွင် သူသည် ဒေါသအဆင့်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်များစွာက ခမည်းတော် ဧကရာဇ်မင်းမြတ်၏ပြစ်တင်မှုကို ခံရပြီး၊ ထီးနန်းဆက်ခံခွင့် အပယ်ခံခဲ့ရသည့်ကိစ္စမှာ သူ၏ စိတ်နှလုံးအတွင်းမှ အနက်ရှိုင်းဆုံးသော ဒဏ်ရာတစ်ခု ဖြစ်သလို သူ အမုန်းဆုံးသော ကိစ္စလည်း ဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုဒဏ်ရာကို မိမိ၏ရှေ့မှောက်၌ ဗြောင်ကျကျပင် လှန်ပြခဲ့ရာ ၎င်းက သူ၏ စိတ်ထဲမှ သတ်ဖြတ်လိုစိတ်များကို လုံးဝ နှိုးဆွလိုက်ခြင်းပင်။
"လူလွှတ်စမ်း ဒီ သစ္စာမဲ့တဲ့ အမတ်ကို ကွပ်မျက်ကြစမ်း"
ထိုခဏ၌ ဝုန်း ဆိုသည့် အသံနှင့်အတူ မိုးကြိုးသံကြီး တစ်ခုအလား သူတော်စင်ဧကရာဇ်၏ အသံမှာ နန်းတွင်း တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့ပြီး မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ခဏချင်းအတွင်းမှာပင် မြို့တော်ကြီးမှာ တုန်လှုပ်သွားခဲ့ပြီး၊ အရှေ့အနောက် တောင်မြောက်ရှိ လမ်းကြားများ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအတွင်းမှ အကြည့်ပေါင်းများစွာမှာ ဝမ်ချောင်ဆီသို့ စုပြုံ ကျရောက်လာကြသည်။
အခြားတစ်ဖက်ရှိ နန်းတော်တံခါးနှင့် မဝေးလှသော နေရာ၌မူ၊ ဝေးကွာသော နေရာသို့ မရောက်သေးသည့် စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့မှာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး၊ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကာ နန်းတော် ရှိရာဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
နန်းဆောင်အတွင်း၌မူ တတိယသားတော်ရွှမ်း၏ ရက်စက်ကြမ်းကြုတ်လှသော ဟိန်းဟောက်သံနှင့်အတူ၊ နန်းဆောင်အတွင်းရှိ တင်းမာလှသော အငွေ့အသက်များမှာ အဆင့်ပေါင်းများစွာ မြင့်တက်သွားတော့သည်။
နန်းဆောင်အထက်တွင် ရပ်နေသော ဝမ်ချောင်ပင်လျှင် မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
တတိယသားတော်ရွှမ်းမှာ မည်မျှပင် အရည်အချင်း မရှိဘဲ အသိတရား ကင်းမဲ့နေပါစေ၊ အနည်းဆုံးအားဖြင့် အဆင့်အတန်းအရမူ သူသည် မဟာထန်၏ ဧကရာဇ် အစစ်အမှန် ဖြစ်နေပေသည်
ဧကရာဇ်သည် နောက်ပြောင်သော စကားကို မဆိုရ။
ဤစကားတစ်ခွန်းကြောင့်ပင် နောက်ဆက်တွဲရလဒ်မှာ မည်သို့ပင် ဖြစ်စေကာမူ၊ ဝမ်ချောင်နှင့်ဝမ်မိသားစု တစ်ခုလုံးမှာ ဘယ်တော့မှ ပြန်မလာနိုင်သော၊ အလွန် အန္တရာယ်ကြီးမားလှသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
ဧကရာဇ်မှာ အမြဲတမ်း ဧကရာဇ်သာ ဖြစ်သလို၊ အမြင့်ဆုံးသော အာဏာများကိုလည်း ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ဤအချက်ကို ဝမ်ချောင်မည်သို့ပင် လုပ်ဆောင်စေကာမူ ပြောင်းလဲ၍ မရနိုင်သလို အစားထိုး၍လည်း မရနိုင်ပေ။
အကယ်၍ ယနေ့တွင် ဤကိစ္စကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ခဲ့ပါက၊ မဟာထန်တွင် မျိုးနွယ်ခြားဘုရင်ဆိုသည်မှာ ရှိတော့မည် မဟုတ်ပေ။
"သတ်"
နန်းဆောင်အတွင်းရှိ နဂါးအစောင့်တပ်များနှင့် တော်ဝင်အကြံပေးများမှာ တတိယသားတော်ရွှမ်း၏ အမိန့်နှင့်အတူ ဝမ်ချောင်ဆီသို့ ချက်ချင်း တိုက်ခိုက်လိုက်ကြရာ၊ ပြင်းထန်လှသော ဂန်ချီ လှိုင်းလုံးကြီးများမှာ တောင်ပြိုကမ္ဘာပျက်မတတ် ပွင့်ထွက်လာတော့သည်။
ယခုကဲ့သို့သော တိုက်ခိုက်မှုကြီးကို ရင်ဆိုင်ရသည့်အခါ၊ ဝမ်ချောင်အတွက် အသက်ရှင်နိုင်မည့် အခွင့်အရေးမှာ မရှိသလောက်ပင် ဖြစ်သည်။
"အိပ်မက်ဆိုးသားရဲ တိုက်ခိုက်စမ်း"
အလွန အရေးကြီးလှသော အခြေအနေတွင် မကြုံစဖူးသော ထိုကြောက်မက်ဖွယ် ဘေးဒုက္ခကြီးကို ရင်ဆိုင်ရင်း ဝမ်ချောင်သည် သူ၏မျက်နှာကို တည်ကြည်စွာ ထားလျက် ရုတ်တရက် အော်ဟစ်လိုက်တော့သည်။
"ဟိန်း..."
ဝမ်ချောင်၏အသံ ဆုံးသွားသည်နှင့် လူသားနှင့်မတူဘဲ သားရဲနှင့်လည်း မတူသော ဟိန်းဟောက်သံကြီးတစ်ခုမှာ လူတိုင်း၏ဦးနှောက်အတွင်း၌ ရုတ်တရက် ပဲ့တင်ထပ်သွားတော့သည်။
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်၏အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် မကြုံစဖူးသော ကမ္ဘာနှင့် မြေကြီးကိုပင် အရောင်အသွေး ကင်းမဲ့သွားစေနိုင်သည့် စိတ်ဝိညာဉ် မုန်တိုင်းကြီးတစ်ခုမှာ ဝမ်ချောင်၏ရင်ဘတ်အတွင်းမှ ပြင်းထန်စွာ ပွင့်ထွက်လာခဲ့ပြီး တစ်ခုလုံးသော နန်းဆောင်ကြီးကို ဖုံးလွှမ်းသွားတော့သည်။
ဝမ်ချောင်သည် အနောက်မြောက် တိုက်ပွဲကို ဖြတ်ကျော်ခဲ့စဉ်က အာရပ်ဘုန်းတော်ကြီး၏ စိတ်ဝိညာဉ် စွမ်းအားများ အားလုံးကို ဝါးမျိုခဲ့သဖြင့် သူ၏စိတ်စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှကာ အဆင့်တူ သိမ်မွေ့နက်နဲမှု နယ်ပယ်အင်အားကြီး ပုဂ္ဂိုလ်များထက် ဆယ်ဆခန့် ပိုမိုအစွမ်းထက်နေပြီ ဖြစ်သည်။
ဤမျှလောက် ကြီးမားလှသော စိတ်စွမ်းအားမှာ ဝမ်ချောင်အနေဖြင့် တစ်လောကလုံးရှိ ထိပ်သီး ပညာရှင် အများစုကို အထင်အမြင်သေးနိုင်ရန် လုံလောက်လှပေသည်။
သို့သော်လည်း ဤမျှအစွမ်းထက်လှသော စိတ်စွမ်းအားမှာ သူ၏ရင်ခွင်အတွင်းရှိ အသက်ဓာတ် အမြုတေအတွင်းမှ ထိုအိပ်မက်ဆိုးသားရဲနှင့် နှိုင်းယှဉ်လိုက်ပါကမူ လပြည့်ဝန်းရှေ့မှ ပိုးစုန်းကြူးလေးအလား ချက်ချင်းပင် အရောင်အသွေး ကင်းမဲ့သွားခဲ့ရသည်။
အနောက်မြောက် တိုက်ပွဲအတွင်း၌ အိပ်မက်ဆိုးသားရဲသည် အနည်းဆုံးအားဖြင့် အာရပ်လူမျိုး ရှစ်သိန်းခန့်၏ စိတ်ဝိညာဉ်စွမ်းအားများကို ဝါးမျိုခဲ့သလို၊ နောက်ဆက်တွဲ စစ်ပွဲများအတွင်း၌လည်း ပို၍ဝါးမျိုခဲ့ရာ၊ ယခုအခါ၌ စုစည်းထားသော စိတ်ဝိညာဉ် စွမ်းအားများမှာ လူတိုင်း၏ စိတ်ကူးထက် များစွာ ပိုမို၍ အင်အားကြီးမားနေပြီ ဖြစ်သည်။
ဝမ်ချောင်အနေဖြင့် ထို အဆိပ်ဝိုင်ကို သောက်ရဲရခြင်းမှာ အိပ်မက်ဆိုးသားရဲ၏အစွမ်းကို အားကိုးထားခြင်းကြောင့် ဖြစ်သည်။
ဝမ်ချောင်သည် ထိုအဆိပ်ဝိုင်ကို လုံးဝမသောက်ခဲ့ပေ။ မူလနေရာတွင် ရပ်နေသော ပုံရိပ်ယောင်အပါအဝင် အရာအားလုံးမှာ အိပ်မက်ဆိုးသားရဲ၏ ပြောင်မြောက်လှသော ဖန်တီးမှုများသာ ဖြစ်ကြသည်။
လူတိုင်း၏ အာရုံစိုက်မှုမှာ ဝမ်ချောင်ဆီသို့သာ စုပြုံနေသည့်အချိန်တွင် ၎င်းမှာ အိပ်မက်ဆိုးသားရဲအတွက် အခွင့်ကောင်းကြီး တစ်ခု ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးအလား ကွာခြားနေသော စိတ်ဝိညာဉ် စွမ်းအားများကြောင့်၊ အိပ်မက်ဆိုးသားရဲသည် ဤ ရှုပ်ထွေးလှသော ထိုက်ကျိနန်းဆောင် အတွင်း၌ အဟန့်အတား မရှိဘဲ သူ၏အစွမ်းများကို အစွမ်းကုန် ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
မြေကမ္ဘာကြီးမှာ တုန်ဟီးသွားခဲ့ပြီး၊ အိပ်မက်ဆိုးသားရဲသည် သူ၏အစွမ်းများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည့်အခါ၊ ပုံသဏ္ဌာန်မရှိသော ထိုစိတ်ဝိညာဉ် စွမ်းအားများမှာ မျက်စိဖြင့် မြင်တွေ့နိုင်သော ကြိုးမျှင်များအလား ပြောင်းလဲသွားခဲ့ရာ၊ လူတိုင်းမှာ ခုခံရန် ကြိုးစားကြသော်လည်း တောင်ကြီးကို တွန်းနေသော ပုရွက်ဆိတ်များအလား လုံးဝပြိုင်ဘက် မဟုတ်ကြပေ။
သူတို့၏ ဦးနှောက်အတွင်း၌ အိပ်မက်ဆိုးသားရဲ ၏ စိတ်ဝိညာဉ် တံဆိပ်ခတ်နှိပ်မှုများကို ခံလိုက်ရပြီ ဖြစ်ရာ၊ မည်သို့လျှင် ခုခံနိုင်ပါ့မည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် မှောင်ရိပ်များမှာ လှုပ်ခတ်သွားခဲ့ပြီး လူတိုင်းကို လွှမ်းခြုံသွားတော့သည်။
"အား..."
ရက်စက်ကြမ်းကြုတ်လှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး မူလက ဝမ်ချောင်ဆီသို့ ဦးတည်တိုက်ခိုက်နေသော ကမ္ဘာပျက်မတတ် တိုက်ကွက်များမှာ ထက်ဝက်ကျော်ခန့်မှာ လမ်းကြောင်းများ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး၊ မိမိတို့၏ ဘေးနားရှိ အခြားသော သူများဆီသို့သာ ကျရောက်သွားတော့သည်။
မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့်၊ အင်အားအကောင်းဆုံး ဖြစ်သော နဂါးအစောင့်တပ်တစ်သိုက်မှာ တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့်၊ နန်းဆောင်အတွင်း၌ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားတော့သည်။
"မိုက်မဲလိုက်တာ"
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တတိယသားတော်ရွှမ်းသည် အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး အော်ဟစ်သံကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။
အော်ဟစ်သံကြီး တစ်ခုနှင့်အတူ ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး၊ အခြားသူများမှာ အိပ်မက်ဆိုးသားရဲ၏ထိန်းချုပ်မှုကို ခံနေရစဉ်အတွင်း သူ၏ခန္ဓာကိုယ်မှာ လှုပ်ခတ်သွားခဲ့ပြီး ဝမ်ချောင်ဆီသို့ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် တိုက်ရိုက် ခုန်ဝင်တိုက်ခိုက်လိုက်တော့သည်။
ဟိန်း...
ရှေ့သို့ ပြေးဝင်သွားသည့် ခဏ၌ပင် ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး ကမ္ဘာပျက်မတတ် ပြင်းထန်လှသော နဂါးဟိန်းသံကြီးတစ်ခုမှာ သူ၏ကိုယ်အတွင်းမှ ပွင့်ထွက်လာတော့သည်။
ဝမ်ချောင်၏ အကြည့်များအောက်၌၊ တတိယသားတော်ရွှမ်း၏ ကိုယ်အတွင်းမှ ရွှေရောင် အလင်းတန်းများမှာ စူးရှစွာ ထွက်ပေါ်လာခဲ့ပြီး၊ ထို ရွှေဝါရောင် ဂန်ချီလှိုင်းလုံးကြီးများမှာ သူ၏ခန္ဓာကိုယ် အပြင်ဘက်၌ ရွှေရောင် နဂါးကြီး တစ်ကောင်အလား အသွင်ပြောင်းသွားခဲ့ကာ တတိယသားတော်ရွှမ်းမှာမူ ထိုနဂါးကြီး၏ အလယ်ဗဟို၌ ရှိနေပေသည်။
နဂါးကြီး၏အရှိန်အဝါဖြင့်၊ တတိယသားတော်ရွှမ်းတစ်ကိုယ်လုံးမှာ အလွန်ပင် ခန့်ညားထည်ဝါနေသလို ကြီးမားလှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေတော့သည်။
ထိတ်လန့်ဖွယ် ဧကရာဇ်နဂါးလက်သီး။
တတိယသားတော်ရွှမ်းသည် အသိတရား ကင်းမဲ့ပြီး အရည်အချင်း မရှိသူ တစ်ဦး ဖြစ်စေကာမူ၊ အဆုံးစွန်၌မူ သူသည် တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်သဖြင့်၊ တော်ဝင်မိသားစု၏ အစစ်အမှန်ဆုံးသော ပညာပေးမှုများကို လက်ခံခဲ့သူ ဖြစ်သည်။ သူတော်စင်ဧကရာဇ်၏ ကမ္ဘာပျက်မတတ် အင်အားကြီးမားမှုများနှင့် မယှဉ်နိုင်စေကာမူ၊ တတိယသားတော်ရွှမ်းသည်လည်း ဘာမှအသုံးမကျသော လူစားမျိုးတော့ လုံးဝမဟုတ်ပေ။
"သေလိုက်တော့"
တတိယသားတော်ရွှမ်းသည် သူ၏လက်ဖဝါးကို တစ်ချက် ရိုက်ချလိုက်ရာ၊ လိပ်တက်နေသော ဂန်ချီများမှာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့ပြီး၊ ခဏချင်းအတွင်းမှာပင် စီးဆင်းလှသော စွမ်းအင်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲကာ ဝမ်ချောင်ဆီသို့ တိုက်ခိုက်လိုက်တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝမ်ချောင်ပင်လျှင် မျက်ခွံများ လှုပ်ခတ်သွားခဲ့ပြီး၊ သူ၏စိတ်ထဲ၌လည်း အင်အားကြီးမားလှသော အကျပ်အတည်း ခံစားချက်ကို ခံစားလိုက်ရသည်။
တတိယသားတော်ရွှမ်း၏ သိုင်းပညာ အတွေ့အကြုံနှင့် တိုက်ခိုက်ရေး နည်းစနစ်များမှာ သူတော်စင်ဧကရာဇ်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးအလား ကွာခြားနေစေကာမူ၊ ထိုခန္ဓာကိုယ်မှာမူ သူတော်စင်ဧကရာဇ်၏ခန္ဓာကိုယ် ဖြစ်နေသလို၊ ၎င်းအတွင်း၌လည်း သူတော်စင်ဧကရာဇ် စုစည်းထားသော ကြီးမားလှသည့် စွမ်းအားများမှာ ပြည့်နှက်နေခြင်း ဖြစ်သည်။
၎င်းမှာ အသက် သုံးနှစ်အရွယ် ကလေးတစ်ဦးက လှံရှည်ကြီး တစ်စင်းကို ကိုင်ဆောင်ထားသကဲ့သို့ပင် ဖြစ်သည်။ သူသည် ခွန်အား မရှိသလို ပစ်မှတ်ကိုလည်း တိကျစွာ မပစ်နိုင်စေကာမူ ထို လှံရှည်ကြီး သူ၏ လက်ထဲ၌ ရှိနေသရွေ့မူ အလွန် ကြီးမားလှသော ခြိမ်းခြောက်မှုကို ပေးစွမ်းနိုင်ဆဲ ဖြစ်ပေသည်။
ယခု အခိုက်အတန့်တွင် တတိယသားတော်ရွှမ်း ၏ အခြေအနေမှာလည်း ထိုနည်းတူစွာပင် ဖြစ်ပေသည်။
"မဟာလော့ဝ်နတ်ဘုရားကျင့်စဉ်"
ခဏချင်းအတွင်းမှာပင်၊ ဝမ်ချောင်၏အကြည့်များမှာ တင်းကျပ်သွားခဲ့ပြီး၊ မဟာလော့ဝ်နတ်ဘုရားကျင့်စဉ်ကို အထွတ်အထိပ်သို့ ရောက်အောင် အရှိန်အဟုန်ဖြင့် မြှင့်တင်လိုက်ရာ ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဝမ်ချောင်၏ နောက်ကွယ်၌ ရွှေရောင်အလင်းတန်းများမှာ ဝင်းခနဲ ပေါ်ထွက်လာခဲ့ပြီး၊ ရွှေရောင်ရှိသော ခမ်းနားလှသည့် နန်းဆောင်အထပ်ထပ်နှင့် နတ်ဘုရား အငွေ့အသက်များမှာ ဝမ်ချောင်၏ နောက်ကွယ်၌ လျင်မြန်စွာ ထင်ဟပ်လာတော့သည်။
ဝုန်း
ဟင်းလင်းပြင်အနှံ့မှ ကျရောက်လာသော ထိုပြင်းထန်လှသော လှိုင်းလုံးကြီးများ ကျရောက်လာသည့်ခဏ၌မူ၊ ယခုတစ်ကြိမ်တွင် ဝမ်ချောင်၏ မဟာလော့ဝ်နတ်ဘုရားကျင့်စဉ်သည် အရာအားလုံးကို ဝါးမျိုယူနိုင်သော၊ အရာအားလုံးကို အရည်ပျော်စေနိုင်သော အစွမ်းကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
ထို အရပ်မျက်နှာ အနှံ့မှ ကျရောက်လာသော ဖျက်ဆီးလိုစိတ် ပြည့်နှက်နေသည့် လှိုင်းလုံးကြီးများမှာ ခဏချင်းအတွင်းမှာပင် ဝမ်ချောင်၏ နောက်ကွယ်ရှိ ကောင်းကင်ဘုံ၃၃ဘုံကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမွပစ်လိုက်တော့သည်။
သူတော်စင်ဧကရာဇ်၏ ကိုယ်အတွင်းမှ ဂန်ချီများမှာ အလွန်ပင် ပြင်းထန်လှသလို၊ ဂန်ချီ ၏စွမ်းအား သဘောသဘာဝမှာလည်း ဝမ်ချောင်ထက် များစွာ သာလွန်နေပေသည်။
ဂန်ချီများ စီးဝင်လာသည့်ခဏ၌ ဝမ်ချောင်အနေဖြင့် ထိုစွမ်းအားများမှာ တောက်လောင်နေသော မီးလျှံများအလား ခံစားလိုက်ရပြီး၊ မဟာလော့ဝ်နတ်ဘုရားကျင့်စဉ်၏ အရည်အချင်းဖြင့်ပင် ထိုစွမ်းအားများကို ခံနိုင်ရည် မရှိခဲ့ပေ။
၎င်းမှာ ဝမ်ချောင်အနေဖြင့် မဟာလော့ဝ်နတ်ဘုရားကျင့်စဉ်ကို လေ့ကျင့်တတ်မြောက်ခဲ့သည့်အချိန်မှစ၍၊ ပထမဦးဆုံးအကြိမ်အဖြစ် ဝါးမျို၍ မရနိုင်သော၊ အသွင်ပြောင်း၍ မရနိုင်သော စွမ်းအားတစ်ခုကို ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
"ဝုန်း"
ဝမ်ချောင်၏တုန့်ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှပေသည်။ ကောင်းကင်ဘုံ၃၃ထပ် အပိုင်းပိုင်း ပြတ်တောက်သွားသည့် ခဏ၌ပင်၊ သူသည် အရိပ်နတ်ဆိုး၏ လျှပ်တပြက် အရှိန်ကို လျင်မြန်စွာ အသုံးပြုလိုက်ပြီး၊ ဂန်ချီများ ထိခိုက်မိရာမှ ထွက်ပေါ်လာသော အနည်းငယ်သော အက်ကြောင်းလေးများကို အသုံးချကာ အရှိန်အဟုန်ဖြင့် နောက်သို့ ဆုတ်ခွာလိုက်တော့သည်။
ဤနေရာတွင် တတိယသားတော်ရွှမ်းနှင့် ဝမ်ချောင်တို့အကြား တိုက်ခိုက်ရေး အတွေ့အကြုံ ကွာခြားမှုကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
အကယ်၍သာ စစ်မှန်သော သူတော်စင်ဧကရာဇ်သာ တိုက်ခိုက်ခဲ့မည် ဆိုပါက၊ ဝမ်ချောင်အတွက် မည်သည့် အခွင့်အရေးမျှ ရှိလိမ့်မည် မဟုတ်သော်လည်း၊ တတိယသားတော်ရွှမ်းမှာမူ ခွန်အားသာ ရှိပြီး ထို အခွင့်အရေးကို အသုံးချ၍ ဝမ်ချောင်ကို သေစေနိုင်လောက်သော တိုက်ကွက်မျိုး မပြုလုပ်နိုင်ခဲ့ပေ။
သို့သော်လည်း သူတော်စင်ဧကရာဇ်၏ ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကိုယ်တိုင်မှာမူ ဝမ်ချောင်ကို ကြီးမားလှသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ဝုန်း
ဝမ်ချောင်သည် ပေပေါင်း တစ်ရာကျော်ခန့်မျှသာ ရွှေ့လျားနိုင်ခဲ့ပြီး၊ ဂန်ချီလှိုင်း၏ အစွန်းပိုင်းနှင့် ထိခိုက်မိခဲ့သဖြင့်၊ ထိုက်ကျိနန်းဆောင်၏ နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားခဲ့ကာ နံရံပေါ်မှနေ၍ အောက်သို့ ပြန်လည် လျောကျလာတော့သည်။
တတိယသားတော်ရွှမ်းမှာမူ အလေးထားရန် မလိုစေကာမူ၊ တတိယသားတော်ရွှမ်း၏ ထိုခန္ဓာကိုယ်အတွင်းမှ အင်အားမှာမူ ယခု အခိုက်အတန့်တွင် ဝမ်ချောင်အနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။
တိုက်ကွက်တစ်ခုတည်းနှင့်ပင် ကျဉ်းမြောင်းလှသော နေရာကို အသုံးချ၍ တတိယသားတော်ရွှမ်းသည် ဝမ်ချောင်ကို ဒဏ်ရာရရှိအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုမျှသာမကဘဲ ဝမ်ချောင်ဒဏ်ရာရရှိသွားသည့် အချိန်မှာပင်၊ နန်းဆောင်အတွင်း၌ ဟိန်းထွက်နေသော သတ်ဖြတ်လိုသည့် အော်ဟစ်သံများမှာလည်း ရုတ်တရက် များစွာ ငြိမ်သက်သွားတော့သည်။
အိပ်မက်ဆိုးသားရဲ၏ ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုများကို ခံနေရစေကာမူ၊ စိတ်ဓာတ် ခိုင်မာလှသော နဂါးအစောင့်တပ်အချို့နှင့် တော်ဝင်အကြံပေးများမှာမူ သတိပြန်ဝင်လာခဲ့ကြပြီး ခဏတာ ဝေဝါးသွားခဲ့ပြီးနောက်တွင် အိပ်မက်ဆိုးသားရဲ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခဲ့ကြပြီ ဖြစ်သည်။
"သတ်"
သူတို့၏အကြည့်များမှာ အေးစက်သွားခဲ့ပြီး၊ မဝေးလှသော နေရာရှိ ဝမ်ချောင်ကို သေချာစွာ ပစ်မှတ်ထားလိုက်ကြသည်။ မိမိတို့၏ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ မည်သူပင် ဖြစ်စေကာမူ၊ လူတိုင်း ကြည်ညိုလေးစားရသော မျိုးနွယ်ခြားဘုရင် ဖြစ်စေကာမူ၊ သူတော်စင်ဧကရာဇ် ၏ အမိန့်တစ်ခွန်း ရှိရုံနှင့် လူတိုင်းမှာ တွန့်ဆုတ်မနေဘဲ သတ်ဖြတ်ရန် ရှေ့သို့ တိုးလာကြမည်သာ ဖြစ်သည်။
နဂါးအစောင့်တပ်များနှင့် အကြံပေးများအတွက်မူ၊ အမိန့်ကို နာခံခြင်းမှာ သူတို့၏ရှင်သန်မှု တန်ဖိုးပင် ဖြစ်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း
အရာရာမှာ ဤမျှနှင့် မပြီးဆုံးသေးပေ၊ ဝမ်ချောင်နှင့် တတိယသားတော်ရွှမ်း တို့ အပြန်အလှန်တိုက်ခိုက်လိုက်သည့် ခဏ၌၊ မြေကမ္ဘာကြီးမှာ တုန်ဟီးသွားခဲ့ပြီး၊ ထူထပ်လှသော ခြေသံများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား အရပ်မျက်နှာ အနှံ့မှနေ၍ တိုးဝင်လာတော့သည်။
ယခု အခိုက်အတန့်တွင် မည်မျှလောက်သော ကျင်းဝူအစောင့်တပ်များနှင့်နန်းတွင်းတပ်ဖွဲ့များမှာ တတိယသားတော်ရွှမ်း၏ အစောပိုင်းက အော်ဟစ်သံကို ကြားခဲ့ကြရသဖြင့် နန်းတော်၏နေရာ အသီးသီးမှ စုပြုံရောက်ရှိလာကြသည်ကို မည်သူမျှ မသိနိုင်ပေ။ ထို ကြီးမားလှသော အရှိန်အဝါများမှာ လူကို ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။ အလွှာတစ်ခု၊ နှစ်ခု၊ သုံးခု... အကယ်၍ ယခုအခိုက်အတန့်တွင် နန်းဆောင်အပြင်ဘက်သို့ အာရုံစိုက်၍ စီးမိုးကြည့်ရှုလိုက်မည် ဆိုပါက၊ မရေမတွက်နိုင်သော ကျင်းဝူအစောင့်တပ်များ၊ ယွီလင်းတပ်ဖွဲ့များနှင့် နန်းတွင်းတပ်ဖွဲ့များမှာ ဤနေရာကို ဝိုင်းပတ် ပိတ်ဆို့ထားကြပြီ ဖြစ်ကြောင်း တွေ့ရှိရလိမ့်မည်။
နန်းဆောင်အပြင်ဘက်၌ သိပ်သည်းလှသော၊ တစ်စုံထက်တစ်စုံ ပိုမိုများပြားလာသော နန်းတွင်းတပ်ဖွဲ့များ၏ အငွေ့အသက်များကို အာရုံခံမိသည့်အခါ၊ ယခု အခိုက်အတန့်တွင် ဝမ်ချောင်၏စိတ်နှလုံးမှာလည်း လေးလံနေပြီး မျက်နှာမှာလည်း အလွန်ပင် ဖြူလျော်နေတော့သည်။
******
အခန်း (၂၀၃၇) နဂါးစစ်စစ် ပေါ်ထွက်လာခြင်း
အကျပ်အတည်း။
၎င်းမှာ စစ်မှန်သော အကျပ်အတည်းကြီးပင် ဖြစ်တော့သည်။
မိမိ၏ရှေ့မှောက်ရှိ တတိယသားတော်ရွှမ်းတင်မကဘဲ နန်းဆောင်အပြင်ဘက်၌လည်း ထူထပ်လှစွာဖြင့် ဤနေရာကို ရေလုံအောင် ဝိုင်းပတ်ထားကြသော နန်းတွင်းတပ်ဖွဲ့များ ရှိနေပေရာ ဝမ်ချောင်အနေဖြင့် ယခုနေရာမှ လွတ်မြောက်နိုင်ခဲ့လျှင်ပင်၊ ယနေ့မှစ၍ ဝမ်ချောင်နှင့် ဝမ်မိသားစု တစ်ခုလုံးမှာ မြင့်မားလှသော ဂုဏ်ဒြပ်များမှ လွင့်စဉ်ကျဆုံးသွားရကာ မဟာထန်၏ သစ္စာမဲ့သော ပုန်ကန်သူများအဖြစ် သတ်မှတ်ခံရပြီး ဘယ်တော့မှ ပြန်မလာနိုင်သော ဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။
"မင်းလို သစ္စာမဲ့တဲ့ အမတ်၊ မင်းက အခုထိ လွတ်နိုင်သေးတယ်လို့ ထင်နေတာလား"
တတိယသားတော်ရွှမ်းက ဆက်တိုက်ဆိုသလို အေးစက်စွာ လှောင်ပြုံးလိုက်ပြီး သူ၏ ခြေလှမ်းများကို အသာအယာ ရွှေ့လျက် ဝမ်ချောင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
"အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို အခုချက်ချင်း အပ်စမ်း၊ ဒါဆိုရင်တော့ မင်းနဲ့ ဝမ်မိသားစုကို အလောင်း အကောင်းပကတိအတိုင်း ချန်ထားပေးဖို့ ငါ စဉ်းစားပေးမယ်"
"အဟွတ်... အဟွတ်"
မထင်မှတ်ဘဲ၊ တတိယသားတော်ရွှမ်း၏ စကားကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်၏ နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျနေပြီး ကိုယ်တွင်း ကလီစာများလည်း ဒဏ်ရာရရှိထားစေကာမူ သူ၏ ဖြူလျော်နေသော မျက်နှာပေါ်၌မူ ယခု အခိုက်အတန့်တွင် လှောင်ပြောင်လှသော အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။
"မင်းက အခုထိ မသိသေးဘူးလား။ အဲဒီ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ငါ မင်းဆီ အကုန်လုံး ပေးပြီးပြီလေ"
"မင်း ဘာကို ဆိုလိုတာလဲ"
တတိယသားတော်ရွှမ်း၏မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွားခဲ့ပြီး၊ ရှေ့သို့ ခြေတစ်လှမ်း အတင်းတိုးလာကာ အေးစက်လှသော အသံဖြင့် မေးမြန်းလိုက်သည်။
ဝမ်ချောင်ကမူ ပြုံးရုံသာ ပြုံးနေပြီး စကားတစ်ခွန်းမျှ မဆိုပေ၊ သူ၏ ညာဘက် လက်ဖဝါးကို ဖြန့်ပြလိုက်သည့်အခါ၊ လက်ဖဝါးအလယ်၌ အမြစ်ဖျားလေး အနည်းငယ်သာ ကျန်ရှိနေတော့သည်ကို မြင်တွေ့ရပြီး ထိုအရောင်ငါးမျိုးသလင်းနတ်ဆေးပင်၏ ပင်စည်နှင့် အရွက်များ အားလုံးမှာမူ လုံးဝ ပျောက်ကွယ်နေပြီ ဖြစ်သည်။
တတိယသားတော်ရွှမ်းသည် မိမိကို အလွန်အမင်း လျှော့တွက်ခဲ့ခြင်းပင်။ တတိယသားတော်ရွှမ်း မိမိကို ရန်မူတော့မည်ကို သိလျက်နှင့်ပင်၊ ဝမ်ချောင်အနေဖြင့် နန်းတော်အတွင်းသို့ တည်ငြိမ်စွာ ဝင်ရောက်လာခဲ့ခြင်းမှာ ဧကရာဇ်အာဏာကို ကြောက်ရွံ့ခြင်း သို့မဟုတ် မိုက်မဲလှသော သစ္စာရှိမှုများကြောင့်သာ ဖြစ်ပါ့မည်လော။
အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကို ရရှိထားခဲ့ပြီ ဖြစ်သော်လည်း၊ ၎င်းကို အစွမ်းပြစေရန်မှာ တတိယသားတော်ရွှမ်း ကိုယ်တိုင် မိမိအလိုအလျောက် သုံးဆောင်ရန် လိုအပ်ပေသည်။ ဝမ်ချောင်နှင့် တတိယသားတော်ရွှမ်းတို့၏ လက်ရှိ ဆက်ဆံရေးအရဆိုလျှင် ဤကိစ္စကို လုပ်ဆောင်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရန်ထက်ပင် ပိုမို ခက်ခဲလှပေသည်။
သို့သော်လည်း တတိယသားတော်ရွှမ်း၏ ရုတ်တရက် ဆင့်ခေါ်မှုမှာ ဝမ်ချောင်အတွက်မူ ရခဲလှသော အခွင့်အရေးကြီး တစ်ခု ဖြစ်သွားခဲ့သည်။ ထို ဝတ်ရုံခမ်းနားလှသော မိန်းမစိုး အိုကြီး မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်းသို့ ခြေချလိုက်သည့်ခဏ၌ပင်၊ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ လျှပ်စီးအလား အတွေးတစ်ခု ပေါ်လာခဲ့ပြီး၊ မိမိအတွက် အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်ကြောင်း သူ သိရှိလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် လမ်းခရီး တစ်လျှောက်လုံး၌ ထိုမိန်းမစိုးအိုကြီးက မည်မျှပင် လှောင်ပြောင်နေပါစေ။ ဝမ်ချောင်မှာမူ အနည်းငယ်မျှ ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် တွေ့ဆုံမှုတွင် တတိယသားတော်ရွှမ်းသည် မိမိအတွက် အဆိပ်ဝိုင်တစ်ခွက် ပြင်ဆင်ထားခဲ့သလို၊ နန်းတွင်းထိပ်သီးပညာရှင် အမြောက်အမြားကိုလည်း ချောင်းမြောင်း စောင့်ဆိုင်းစေကာ မိမိကို တစ်ချက်တည်းနှင့် ဖမ်းဆီးရန် ကြံစည်ခဲ့သော်လည်း၊ ဝမ်ချောင်သည်လည်း တတိယသားတော်ရွှမ်းအတွက် အရောင်ငါးမျိုး သလင်းနတ်ဆေးပင်တစ်ပင်ကို ပြင်ဆင်ထားခဲ့သည်ကိုမူ တတိယသားတော်ရွှမ်း မသိရှိခဲ့ပေ။
တတိယသားတော်ရွှမ်းက ဝမ်ချောင်ကို အဆိပ်ဝိုင် သောက်ရန် အတင်းအကျပ် တိုက်တွန်းနေသည့် အချိန်၌၊ ဝမ်ချောင်သည် ထိုအရောင်ငါးမျိုး သလင်း နတ်ဆေးပင် ကို သူ၏ လက်ဖဝါးအတွင်း၌ ကြိုတင်၍ ထည့်သွင်းထားခဲ့ပြီး ကိုယ်တွင်း ဂန်ချီများကို အသုံးပြုကာ ၎င်းကို အမှုန့်ဖြစ်အောင် ချေမွ၍ ထိုက်ကျိနန်းဆောင်၏လေထုအတွင်း၌ ရောနှော ပျံ့လွင့်စေခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် နှစ်ဦးစလုံး အပြန်အလှန်တိုက်ခိုက်ကြပြီး အနီးကပ်ဆုံး အကွာအဝေးသို့ ရောက်ရှိသွားသည့် အချိန်၌၊ ဝမ်ချောင်သည် ထို အရောင်ငါးမျိုး သလင်း နတ်ဆေးပင်၏ ထက်ဝက်ကျော်ကို ဟင်းလင်းပြင်အတွင်း၌ အငွေ့ပျံစေခဲ့ပြီး တတိယသားတော်ရွှမ်း၏ အသက်ရှူသံများအတွင်းသို့ စိမ့်ဝင်သွားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဆေးလုံးအဖြစ် ဖော်စပ်သုံးဆောင်ခြင်းလောက် အစွမ်းမထက်စေကာမူ ဝမ်ချောင်အတွက်မူ ယခု အခြေအနေတွင် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်တော့သည်။
"မင်းလို သစ္စာမဲ့တဲ့ အမတ်၊ ငါ ဒီနေ့ မင်း ကို အရိုးချစရာ မြေတောင် မကျန်စေရဘူး"
ယခု အခိုက်အတန့်တွင် တတိယသားတော်ရွှမ်းသည်လည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီ ဖြစ်ရာ၊သူ၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုစိတ်များမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး လုံးဝကို ပေါက်ကွဲသွားတော့သည်၊ ဝမ်ချောင်က မိမိကို ယခုကဲ့သို့ လှည့်ကွက် သုံးရဲခြင်းမှာ အမှန်တကယ်ပင် ရဲတင်းလွန်းလှပေသည်။
ဝုန်း
မြေပြင်ကြီးမှာ တုန်ခါသွားခဲ့ပြီး လေထုမှာလည်း မြည်ဟီးသွားခဲ့ရာ၊ တတိယသားတော်ရွှမ်း ၏ အကြည့်များမှာ အေးစက်လှသလို သူ၏ ကိုယ်အတွင်းမှလည်း ကြောက်မက်ဖွယ်ကောင်းလှသော ဂန်ချီများမှာ ထပ်မံ၍ ပွင့်ထွက်လာတော့သည်။
အဆင့်မြင့်လှသော ဂန်ချီစွမ်းအားလှိုင်းများမှာ မရေမတွက်နိုင်သော ရွှေရောင် ဒေါသနဂါးများအလား အသွင်ပြောင်းလျက် ဝမ်ချောင်ဆီသို့ တိုးဝင်လာသည်ကို မြင်တွေ့ရသလို၊ အိပ်မက်ဆိုးသားရဲ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာကြသော အခြားသော နဂါးအစောင့်တပ်များသည်လည်း၊ ဂန်ချီများကို မြည်ဟီးစေလျက် အမျိုးစုံလှသော တိုက်ကွက်များကို ထုတ်ဖော်ကာ ဝမ်ချောင်ဆီသို့ ဝိုင်းပတ် တိုက်ခိုက်လိုက်ကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်သည် အလွန်ပင် အန္တရာယ်ကြီးမားလှသော အခြေအနေသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"နောက်ဆုံးတော့ ကျရှုံးခဲ့ရပြန်ပြီလား"
ဝမ်ချောင်၏စိတ်နှလုံးမှာ လေးလံသွားခဲ့ပြီး ထိုပြင်းထန်လှသော အကျပ်အတည်း ခံစားချက်ကြောင့် သူ၏ကျောပြင်မှာ ဆူးများဖြင့် ထိုးခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် အပြင်ပန်းတွင်မူ တည်ငြိမ်နေပြီး တောင်ကြီးတစ်လုံးအလား မလှုပ်မယှက် ရှိနေစေကာမူ၊ ဝမ်ချောင်အနေဖြင့် ကောင်းစွာ သိရှိထားသည်မှာ နန်းတော်အတွင်းသို့ ခြေချလိုက်သည့် ခဏကတည်းက မိမိသည် အလွန် ပါးလွှာလှသော သံကြိုးမျှင်ပေါ်၌ လမ်းလျှောက်နေသကဲ့သို့ အန္တရာယ်ကြီးမားသော လမ်းကြောင်းပေါ်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်ကြောင်းပင်။
ဤလမ်းကြောင်း၏ တစ်ဖက်တွင်မူ မတ်စောက်လှသော ကမ်းပါးယံကြီး ရှိနေသလို၊ အခြားတစ်ဖက်တွင်မူ အဆုံးမဲ့လှသော ချောက်နက်ကြီး ရှိနေပေသည်
သို့သော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ၊ နန်းတွင်းရေးရာများကို ယခုကဲ့သို့ ဆက်လက်၍ ပျက်စီးခွင့်ပေးထားမည် ဆိုပါကမူ ရလဒ်မှာ ယခုထက်ပင် များစွာ ပိုမိုဆိုးရွားသွားပေလိမ့်မည်။
ဝမ်ချောင်အနေဖြင့် ကောင်းစွာ သိရှိထားသည်မှာ တတိယသားတော်ရွှမ်းကို နှိမ်နှင်းပြီး စစ်မှန်သော သူတော်စင်ဧကရာဇ်ကို ပြန်လည် ခေါ်ယူနိုင်ခြင်းမှာသာလျှင် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်းပင်။
သို့သော်လည်း မိမိအနေဖြင့် စွန့်စား၍ တိုက်ခိုက်ကာ "နဂါးပုလဲ" ကို ချေမွခဲ့သလို၊ "အရောင်ငါးမျိုး သလင်း နတ်ဆေးပင် " ကိုလည်း ထုတ်လွှတ်ခဲ့စေကာမူ၊ ကြည့်ရသည်မှာ တတိယသားတော်ရွှမ်း မှာမူ အသာစီး ရနေဆဲပင် ဖြစ်ပုံရသည်။
လျှပ်စီးအလား မြန်ဆန်လှသော အချိန်အတွင်းမှာပင်၊ ဝမ်ချောင်၏မျက်ဝန်းအတွင်း၌ မှေးမှိန်လှသော အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း များမကြာမီမှာပင် သူ၏လက်ချောင်းငါးဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ၊ ဂန်ချီများမှာ မြည်ဟီးသွားခဲ့ပြီး၊ မဟာယင်ယန် မြေကမ္ဘာ ဖန်တီးခြင်း အတတ်၏ နေနှင့် လ ပုံရိပ်ယောင် နှစ်ခုမှာ အစစ်အမှန်အလား သူ၏ နောက်ကွယ်၌ လျင်မြန်စွာ ထင်ဟပ်လာတော့သည်။
လုပ်ဆောင်ချက်မှာ ကျရှုံးတော့မည့် အခြေအနေသို့ ရောက်နေစေကာမူ၊ မည်သည့် အချိန်တွင်မဆို သူသည် အရှုံးပေးလိမ့်မည် မဟုတ်ပေ။
"ဝုန်း"
စကားမဆုံးမီမှာပင် ဝမ်ချောင်သည် ယခင်အတိုင်း အကျပ်အတည်းအတွင်းသို့ ထပ်မံကျရောက်ရတော့မည့် အခြေအနေ တတိယသားတော်ရွှမ်း၏ အပြင်းအထန် ဒဏ်ရာပေးခြင်းကို ခံရတော့မည့် အခြေအနေသို့ ရောက်နေစဉ၊ ထို အချိန်၌ပင် မထင်မှတ်ထားသော အလှည့်အပြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တိုက်ခိုက်တော့မည့် ခဏ၌ပင်၊ တတိယသားတော်ရွှမ်း၏ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး မူလနေရာမှာပင် ကျောက်ရုပ်တစ်ရုပ်အလား ရပ်တန့်သွားခဲ့ရာ ကမ္ဘာနှင့် မြေကြီးကို ဖုံးလွှမ်းတော့မည့် ထို ကြီမားလှသော ရွှေဝါရောင် ဂန်ချီလှိုင်းလုံးကြီးများမှာလည်း ဟင်းလင်းပြင်အတွင်း၌ ရုတ်တရက် ရပ်တန့်သွားတော့သည်။
တစ်ခုလုံးသော မြင်ကွင်းမှာ ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ပင် ဖြစ်သွားတော့သည်။
"ဒါ ဘာဖြစ်တာလဲ"
တတိယသားတော်ရွှမ်း၏ မျက်ဝန်းအတွင်း၌ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ပြီး၊ သူ၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။
သူ၏စိတ်ဝိညာဉ် အသိစိတ်ကို အသုံးပြု၍ ကိုယ်တွင်း ဂန်ချီများကို ပေါက်ကွဲစေရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း၊ ခန္ဓာကိုယ်မှာမူ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိဘဲ ရှိနေပေသည်၊ ယခု အခိုက်အတန့်တွင် သူသည် မိမိ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကြောင်း မထင်မှတ်ဘဲ သိရှိလိုက်ရသည်။
"မဖြစ်နိုင်ဘူး"
"ဒီလူယုတ်မာ မင်း ဘာတွေ လုပ်လိုက်တာလဲ"
တတိယသားတော်ရွှမ်းသည် ထိတ်လန့်တုန်လှုပ်နေသလို ဒေါသလည်း ထွက်နေသဖြင့်၊ မသိစိတ်အရပင် သူ၏ရှေ့မှောက်ရှိ ဝမ်ချောင်ကို ရည်ညွှန်း၍ အော်ဟစ်လိုက်မိသည်။
ဧကရာဇ်ကို အနည်းငယ်မျှ ရိုသေမှု မရှိသော ဤ သစ္စာမဲ့သော အမတ်မှာ မိမိ၏ နဂါးပုလဲကိုလည်း ချေမွခဲ့သလို၊ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကိုလည်း လေထုအတွင်း၌ ရောနှောစေကာ မိမိကို ရှူရှိုက်စေခဲ့သည်။ ၎င်းအပြင် အခြားသော မည်သည့် မိစ္ဆာနည်းလမ်းများကိုများ အသုံးပြုထားခဲ့ပါသနည်း။
"အရှင်မင်းကြီး"
"အရှင်မင်းကြီး"
...
ဝမ်ချောင်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသော နဂါးအစောင့်တပ်များနှင့် တော်ဝင် အကြံပေးများမှာလည်း၊ တတိယသားတော်ရွှမ်း ၏ ထူးဆန်းသော အခြေအနေကို သတိပြုမိသွားကြသဖြင့်၊ တစ်ဦးချင်းစီမှာ ရှေ့သို့ တိုးလာကြရင်း ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြတော့သည်။
အခြားတစ်ဖက်ရှိ အသက်စွန့်၍ တိုက်ခိုက်ရန် ပြင်ဆင်ထားသော ဝမ်ချောင်မှာမူ၊ တတိယသားတော်ရွှမ်းထက်ပင် ပိုမို၍ အံ့သြသွားခဲ့ရသည်။
မိမိအနေဖြင့် နဂါးပုလဲကို ချေမွခဲ့သလို၊ အရောင်ငါးမျိုး သလင်း နတ်ဆေးပင်ကိုလည်း အသုံးပြုခဲ့စေကာမူ၊ ၎င်းတို့မှလွဲ၍ အခြားသော မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။
သို့သော်လည်း၊ ၎င်းမှာ အရေးအကြီးဆုံး အချက် မဟုတ်ပေ။
အရေးအကြီးဆုံး အချက်မှာမူ၊ ခဏချင်းအတွင်းမှာပင် မလှုပ်မယှက် ဖြစ်နေသော တတိယသားတော်ရွှမ်း၏နောက်ကွယ်၌၊ အလင်းတန်းများ ပွင့်ထွက်လာခဲ့ပြီး၊ ဝမ်ချောင်သည် ထိုစူးရှလှသော ရွှေရောင် အလင်းတန်းများကြားမှနေ၍ အခြားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို အသေအချာ မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
ထိုပုံရိပ်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသလို၊ မြင့်မားလှသော အရွယ်အစားနှင့်အတူ နတ်ဘုရားတစ်ပါးအလား ဟင်းလင်းပြင်အတွင်း၌ ရပ်တန့်နေပေသည်၊ ဝမ်ချောင်အနေဖြင့် ထိုသူ၏ မျက်နှာကို သေချာစွာ မမြင်တွေ့နိုင်စေကာမူ၊ စူးရှလှသော ရွှေရောင် အလင်းတန်းများအောက်၌ ဝေဝါးနေသော်လည်း ထိုပုံရိပ်ပေါ်ထွက်လာသည့် ခဏ၌ ဝမ်ချောင်သည် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော၊ အလွန်ပင် ရင်းနှီးလှသော အငွေ့အသက်ကြီး တစ်ခုကို အသေအချာ ခံစားလိုက်ရခြင်း ဖြစ်သည်။
"အရှင်မင်းကြီး"
ဝမ်ချောင်သည် တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး ထို စကားလုံး နှစ်လုံးကို မသိစိတ်အရပင် ရေရွတ်လိုက်မိကာ သူ၏ စိတ်ထဲ၌လည်း အတိုင်းအဆမရှိသော ဝမ်းမြောက်မှုများ ပြည့်နှက်သွားတော့သည်။
ထိုပုံရိပ်မှာ အလွန်ပင် ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်စေကာမူ၊ ဝမ်ချောင်အနေဖြင့် တစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိလိုက်ခြင်း ဖြစ်သည်။
"တကယ်ကို ကောင်းတာပဲ"
ထိုခဏ၌ ရင်းနှီးလှသောပုံရိပ်ကို ကြည့်ရင်း ဝမ်ချောင်၏စိတ်ထဲမှ ဝမ်းမြောက်မှုကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြရန် မဖြစ်နိုင်တော့ပေ။
ယခု အခိုက်အတန့်တွင် ဝမ်ချောင်ချက်ချင်း သိရှိလိုက်သည်မှာ မိမိအနေဖြင့် အန်းယာလုရှန်းဆက်သခဲ့သော ထိုနဂါးပုလဲကို ချေမွခဲ့သလို၊ နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေခဲ့သော အရောင်ငါးမျိုး သလင်းနတ်ဆေးပင်ကိုလည်း ဟင်းလင်းပြင်အတွင်း၌ ဖြန့်ကျက်ခဲ့ရာ နောက်ဆုံးတွင် ထိရောက်သော ရလဒ်များ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ကြောင်းပင်။
တတိယသားတော်ရွှမ်း၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သူမှာ အခြားသူ မဟုတ်ဘဲ၊ စစ်မှန်သော သူတော်စင်ဧကရာဇ်ပင် ဖြစ်တော့သည်
"ဟူး..."
ထိုအချိန်မှာပင် နက်ရှိုင်းလှသော သက်ပြင်းချသံကြီ တစ်ခုမှာ နန်းဆောင်အတွင်း၌ ဟိန်းထွက်သွားခဲ့ပြီး ထိုအသံအတွင်း၌ ရှုပ်ထွေးလှသော ခံစားချက်များစွာ ကိန်းအောင်းနေပေသည်။
ထိုအသံကို ကြားလိုက်ရသည့်ခဏ၌၊ မူလက ဒေါသထွက်နေသော တတိယသားတော်ရွှမ်းသည်လည်း တစ်ကိုယ်လုံး ထုံကျင်သွားခဲ့ပြီး မိမိ၏ခန္ဓာကိုယ်မှာ မလှုပ်မယှက် ဖြစ်နေသည့် ခဏအတွင်းမှာပင် တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
"ဒါ... ဒါ... ဒါဟာ ဘယ်လိုလုပ်ပြီး..."
နန်းဆောင်အတွင်း၌မူ ယခု အခိုက်အတန့်တွင် အထူးဆန်းဆုံးနှင့် အဝေခွဲရဆုံးသော သူများမှာ တော်ဝင် အကြံပေးများနှင့် နဂါးအစောင့်တပ်များပင် ဖြစ်တော့သည်၊ သူတို့၏ရှေ့မှောက်ရှိ တတိယသားတော်ရွှမ်း နှင့် ဟင်းလင်းပြင်ရှိ ထို ရွှေရောင် ပုံရိပ်ကို ကြည့်ရင်း လူတိုင်း၏ စိတ်ထဲ၌ ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေတော့သည်။
အရာရာမှာ ရုတ်တရက် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်စေကာမူ၊ နန်းဆောင်အတွင်း၌မူ အားနည်းသူ တစ်ဦးမှ ရှိမနေပေ။
လူအများအပြားမှာ ဟင်းလင်းပြင်ရှိ ထိုရွှေရောင်ပုံရိပ်ကို မြင်တွေ့လိုက်ကြရသည်၊ ၎င်းမှာ အမှန်စင်စစ်တွင် တတိယသားတော်ရွှမ်း၏ ကိုယ်အတွင်းမှနေ၍ ပေါ်ထွက်လာခြင်း ဖြစ်သည်။
မိမိတို့၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ စိတ်ကူးထားသည်ထက် များစွာ ပိုမိုရှုပ်ထွေးလှပေသည်။ ပို၍အရေးကြီးသောအချက်မှာမူ၊ လူအများအပြားမှာ ဟင်းလင်းပြင်ရှိ ထို ရွှေရောင် ပုံရိပ်ထံမှနေ၍ မထင်မရှားသော၊ အလွန်ပင် ရင်းနှီးလှသော အငွေ့အသက် တစ်ခုကို ခံစားမိနေကြခြင်းပင်။
"သူတော်စင်ဧကရာဇ်… ဒါဟာ သူတော်စင်ဧကရာဇ် ပါ"
ယခု အခိုက်အတန့်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော အသံတစ်ခုမှာ နန်းဆောင်အတွင်း၌ ဟိန်းထွက်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် လေးလံလှသော သံချပ်ကာ ဝတ်စုံကို ဆင်ယင်ထားပြီး မျက်ဝန်းအစုံသာ အပြင်သို့ ထွက်ပေါ်နေသော ဗိုလ်ချုပ်လီက စကားဆိုလိုက်ရာ သူ၏အမူအရာမှာ အလွန်ပင် စိတ်လှုပ်ရှားနေပေသည်။
သူသည် တော်ဝင်နဂါးအစောင့်တပ်များ၏ ခေါင်းဆောင် ဖြစ်သည်။ ယခုတစ်ကြိမ် ဝမ်ချောင်ကို တိုက်ခိုက်ရန် ကြံစည်မှုတွင် အခြေအနေ အခက်ခဲဆုံးသော သူမှာ သူပင် ဖြစ်တော့သည်။ ဝမ်ချောင်သည် တိုင်းပြည်၏ဒေါက်တိုင် တစ်ခုဖြစ်ရာ ဤနေရာ၌ အသက်မပျောက်သင့်စေကာမူ သူတော်စင်ဧကရာဇ်၏ အမိန့်တော်ကိုလည်း မလွန်ဆန်ရဲသဖြင့် ဗိုလ်ချုပ်လီမှာ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှုမှာ သူ့အတွက် အခွင့်အရေး တစ်ခုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အိပ်မက်ဆိုးသားရဲ တိုက်ခိုက်လိုက်သည့်အခါတွင်မူ၊ ဗိုလ်ချုပ်လီသည် လျင်မြန်စွာပင် ထိန်းချုပ်မှုကို ခံလိုက်ရပြီး အခြားသော နဂါးအစောင့်တပ်များနှင့် အပြန်အလှန် တိုက်ခိုက်နေခဲ့ရသဖြင့်၊ ဝမ်ချောင်ဆီသို့ ဦးတည် တိက်ခိုက်နေသော ဂန်ချီလှိုင်းလုံး အမြောက်အမြားကို ဗိုလ်ချုပ်လီက ကြားဖြတ်၍ ဟန့်တားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို ရွှေရောင်ပုံရိပ်ယောင်မှာ အလွန်ပင် ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်စေကာမူ၊ ဗိုလ်ချုပ်လီ အနေဖြင့် တစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိလိုက်ခြင်း ဖြစ်သည်။
နန်းတွင်းအတွင်းရှိ အပြောင်းအလဲများစွာ၏ အစစ်အမှန်တရားကို ဗိုလ်ချုပ်လီပင်လျှင် မသိရှိစေကာမူ၊ သူတော်စင်ဧကရာဇ်၏စိတ်နေစိတ်ထား ပြောင်းလဲသွားမှုမှာမူ သံသယဖြစ်ဖွယ် မရှိအောင် ထင်ရှားနေခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်လီ၏ စိတ်ထဲ၌လည်း သံသယများ ရှိနေခဲ့စေကာမူ၊ ဟင်းလင်းပြင်၌ ထို ရွှေရောင်ပုံရိပ် ပေါ်ထွက်လာသည့် အခါတွင်မူ၊ ဗိုလ်ချုပ်လီသည် ချက်ချင်းပင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဤပုံရိပ်မှာသာလျှင် မိမိ အမြဲတမ်း အသက်ပေး၍ သစ္စာခံခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်းနှင့်၊ ၎င်းမှာသာလျှင် စစ်မှန်သော သူတော်စင်ဧကရာဇ် ဖြစ်ကြောင်းပင်။
နန်းဆောင်အတွင်းရှိ လူတိုင်းမှာ ပိုမို၍ ဝေခွဲမရ ဖြစ်နေကြတော့သည်။
ထို ပုံရိပ်မှာ ဘယ်လိုလုပ်ပြီး သူတော်စင်ဧကရာဇ် ဖြစ်နိုင်ပါ့မည်နည်း။
အကယ်၍ ထိုသူမှာ သူတော်စင်ဧကရာဇ် ဆိုလျှင်၊ မိမိတို့၏ ရှေ့မှောက်ရှိ ဤသူမှာရော ဘယ်သူနည်း။
ထို့အပြင် သူတော်စင်ဧကရာဇ် သည် အဘယ်ကြောင့် ယခုကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် ပေါ်ထွက်လာရသနည်း။
သို့သော်လည်း၊ ဗိုလ်ချုပ်လီသည် လိမ်ညာလိမ့်မည် မဟုတ်ပေ။
တော်ဝင်နဂါးအစောင့်တပ်များ အားလုံးမှာ ဗိုလ်ချုပ်လီ သည် သူတော်စင်ဧကရာဇ် အပေါ် မည်မျှအထိ သစ္စာရှိကြောင်း သိရှိထားကြသည်၊ သူသည် တစ်စုံတစ်ယောက်သော ပုံရိပ်ကို သူတော်စင်ဧကရာဇ် ဟု မှားယွင်းစွာ သတ်မှတ်လိမ့်မည် မဟုတ်ပေ။
"ကျွန်တော်မျိုး အမတ်မင်း၊ သူတော်စင်ဧကရာဇ်ကို ဖူးမြော်ပါတယ်"
သံချပ်ကာများ ထိခိုက်သံနှင့်အတူ၊ သူတော်စင်ဧကရာဇ် ပေါ်ထွက်လာသည့် ခဏ၌၊ ဗိုလ်ချုပ်လီသည် ဒူးနှစ်ဖက်ကို ညွှတ်၍ ဝုန်းခနဲ မြေပြင်ပေါ်သို့ ဒူးထောက် ဂါရဝပြုလိုက်တော့သည်။
ဗိုလ်ချုပ်လီဒူးထောက်လိုက်သည်ကို မြင်ရသည့်အခါ၊ အခြားသော နဂါးအစောင့်တပ်များသည်လည်း ထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် တစ်ဦးပြီးတစ်ဦး ဒူးထောက် ဂါရဝပြုလိုက်ကြရာ၊ အမူအရာ ကင်းမဲ့စွာ မတ်တပ်ရပ်နေသော အချို့သော တော်ဝင် အကြံပေးများသာ ကျန်ရှိတော့သည်။ သို့သော်လည်း ဤမျှလောက် များပြားလှသော နဂါးအစောင့်တပ်များ ဒူးထောက်နေသည်ကို မြင်ရသည့်အခါ၊ ထိုသူများသည်လည်း မသိစိတ်အရပင် မြေပြင်ပေါ်သို့ ဒူးထောက် ဂါရဝပြုလိုက်ကြတော့သည်။
မည်သို့ပင် ဖြစ်စေကာမူ၊ သူတော်စင်ဧကရာဇ်မှာ မိမိတို့၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ မည်သူက အစစ်၊ မည်သူက အတု ဖြစ်စေကာမူ၊ သူတော်စင်ဧကရာဇ်ကို ဒူးထောက် ဂါရဝပြုခြင်းမှာမူ မှားယွင်းလိမ့်မည် မဟုတ်ပေ။
"ရှပ်... ရှပ်... ရှပ်"
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မတ်တပ်ရပ်နေဆဲဖြစ်သော သူများမှာ နန်းဆောင်အထက်ရှိ ဝမ်ချောင် နန်းဆောင်အောက်၌ မလှုပ်မယှက် ဖြစ်နေသော တတိယသားတော်ရွှမ်းနှင့် ဟင်းလင်းပြင်၌ ပျံဝဲနေလျက် အလင်းတန်းများ ပိုမို၍ တောက်ပလာသော သူတော်စင်ဧကရာဇ်တို့ သုံးဦးတည်းသာ ကျန်ရှိတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ နဂါးအစောင့်တပ်များနှင့် အကြံပေးများ အားလုံးမှာ မြေပြင်ပေါ်၌ ဝပ်စံလျက်၊ ခေါင်းများကို ငုံ့ထားကြပြီး အသက်ရှူပင် မဝံ့ကြဘဲ ရှိနေကြသည်။
မသင့်တော်သော အရာကို မကြားစေရ။
မသင့်တော်သော အရာကို မမြင်စေရ။
ထိုက်ကျိနန်းဆောင်အတွင်း၌ သူတော်စင်ဧကရာဇ်နှစ်ဦး ပေါ်ထွက်လာခြင်းနှင့်၊ ခြားနားလှသော အငွေ့အသက် နှစ်ခု ရှိနေခြင်းမှာ ဤကိစ္စသည် လူတိုင်း၏ စိတ်ကူးထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
နိုင်ငံရေးနှင့် ပတ်သက်၍ များစွာ နားမလည်သူ ဖြစ်စေ၊ တုန့်ပြန်မှု နှေးကွေးသူ ဖြစ်စေ၊ ယခု အခိုက်အတန့်တွင်မူ အားလုံး သိရှိလိုက်ကြပြီ ဖြစ်သည်။ လက်ရှိတွင် မိမိတို့သည် အင်ပါယာအတွင်းရှိ မည်သူမျှ စိတ်ကူး၍ မရနိုင်လောက်သော၊ ကမ္ဘာကို တုန်လှုပ်စေမည့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ထိတွေ့လိုက်ရပြီ ဖြစ်ကြောင်းပင်။
ဤကိစ္စမှာ အင်ပါယာ၏ အမြင့်ဆုံးသော အရှင်သခင်သူတော်စင်ဧကရာဇ် နှင့် ပတ်သက်နေသဖြင့် မည်သူမျှ ယခုကဲ့သို့သော အနည်းငယ်မျှ မှားယွင်းရုံနှင့် ခေါင်းပြတ်နိုင်သည့် အကြံအစည်ကြီး အတွင်း၌ ပါဝင် ပတ်သက်လိုခြင်း မရှိကြပေ။
လူတိုင်းမှာ ရေခဲပြင်ပါးပါးပေါ်၌ လမ်းလျှောက်နေရသကဲ့သို့ပင် အလွန်ပင် ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
******
အခန်း (၂၀၃၈) စစ်မှန်သော သူတော်စင်ဧကရာဇ်နှင့် အတု
နန်းဆောင်အတွင်း၌မူ တတိယသားတော်ရွှမ်း၏ နောက်ကွယ်ရှိ ထိုရွှေဝါရောင် အလင်းပုံရိပ်မှာ ပုံသဏ္ဌာန် ပေါ်ပေါက်လာပြီးနောက် လူအများအပြားကိုမူ ဂရုမစိုက်ဘဲ ရှိနေပေသည်။
"ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်..."
နန်းဆောင်အတွင်း၌ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော သူတော်စင်ဧကရာဇ်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ဟိန်းထွက်နေသလို အရှိန်အဝါ ကြီးမားလှပြီး၊ ကမ္ဘာနှင့် မြေကြီးကို အစိုးရသော အရှင်သခင် တစ်ဦး၏ အရသာမှာ ပေါ်လွင်နေပေသည်။
"နှမြောစရာ ကောင်းတာကတော့၊ မင်းက အဲဒါကို တန်ဖိုးမထားခဲ့တာပဲ"
သူတော်စင်ဧကရာဇ်၏ အသံအတွင်း၌ စိတ်ပျက်အားလျော့နေမှုကို ဖုံးကွယ်ထားရန် ခက်ခဲနေပေသည်။
အခြားတစ်ဖက်တွင်မူ၊ တတိယသားတော်ရွှမ်းသည် ထိုအလင်းပုံရိပ်ဖြင့် ဖြစ်ပေါ်နေသော သူတော်စင်ဧကရာဇ်ကို ကျောခိုင်းထားလျက်၊ သူ၏ မျက်နှာတစ်ခုလုံးမှာ အရှိန်အဟုန်ဖြင့် နီရဲလာတော့သည်။
"ဒီလူယုတ်မာ ငါက နတ်ဘုရားရဲ့ သားတော်ပဲ၊ အင်ပါယာရဲ့ အရှင်သခင်ပဲ၊ မင်း ပေးတဲ့ အခွင့်အရေးကို ငါက လိုအပ်နေလို့လား"
တတိယသားတော်ရွှမ်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
သူသည် မူလက ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီး ထိုနေရာ၌ပင် မလှုပ်မယှက် တောင့်တင်းနေခဲ့ရသော်လည်း၊ ယခု အခိုက်အတန့်တွင်မူ၊ ကြီးမားလှသော အရှက်ကွဲမှုနှင့် လှုံ့ဆော်မှုများကို ခံလိုက်ရသကဲ့သို့၊ ပြင်းထန်လှသော ဒေါသတရားများ၏ အကျိုးသက်ရောက်မှုကြောင့် ခန္ဓာကိုယ်ကို ခေတ္တမျှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
"ဝုန်း"
လူတိုင်း သတိမဝင်နိုင်သေးမီမှာပင်၊ တတိယသားတော်ရွှမ်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့ပြီး၊ ရခဲလှသော ဤအခွင့်အရေးကို အသုံးချကာ ရုတ်တရက် နောက်သို့ လှည့်လိုက်ပြီးနောက် ရွှေရောင် အလင်းတန်း တစ်ခုကို အားကုန် ထိုးနှက်လိုက်ရာ၊ ၎င်းမှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုအလား၊ သူ၏နောက်ကွယ်ရှိ ထိုရွှေဝါရောင် အလင်းပုံရိပ်ကို ခဏချင်းအတွင်း ထိုးဖောက်သွားတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ကြီးမားလှသော အလင်းတန်းကြီးမှာ ထို ရွှဝါရောင် ပုံရိပ်ကို ဖြတ်ကျော်သွားခဲ့ပြီးနောက် ထိုက်ကျိနန်းဆောင်၏နံရံပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ရာ၊ တစ်ခုလုံးသော နန်းဆောင်ကြီးမှာ တအုန်းအုန်း တုန်ဟီးသွားတော့သည်။ ထိုကျယ်လောင်လှသော အသံကြီးမှာ ဟင်းလင်းပြင်အတွင်း၌ မျက်စိဖြင့် မြင်တွေ့နိုင်သော လှိုင်းဂယက်များကို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေခဲ့ပြီး၊ ပင်လယ်လှိုင်းလုံးကြီးများအလား ဟင်းလင်းပြင်ကို လှုပ်ခတ်စေကာ ပတ်ဝန်းကျင် မိုင်ပေါင်း များစွာအထိ ပဲ့တင်ထပ်သွားတော့သည်။
"ဝုန်း"
ထိုက်ကျိနန်းဆောင် ၏ အပြင်ဘက်၌မူ၊ သတင်းကြားရသဖြင့် စုပြုံ ရောက်ရှိလာကြသော ကျင်းဝူအစောင့်တပ်၊ ယွီလင်းတပ်ဖွဲ့၊ နန်းတွင်းတပ်ဖွဲ့နှင့် များပြားလှသော နန်းစောင့်တပ်ဖွဲ့ များမှာ ဤနေရာကို ရေလုံအောင် ဝိုင်းပတ် ပိတ်ဆို့ထားကြပြီ ဖြစ်သည်။
သူတို့သည် နန်းဆောင်အတွင်းမှ ထွက်ပေါ်လာသော ထိုကျယ်လောင်လှသော အသံကြီးကို ကြားလိုက်ရသည့်အခါ၊ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းအတွင်း၌လည်း ထိတ်လန့်တုန်လှုပ်မှုများနှင့် စိုးရိမ်မှုများ ပြည့်နှက်နေတော့သည်။
သူတို့သည် သတင်းစကားများ ရရှိသဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သလို၊ မိမိတို့၏ ရှေ့မှောက်ရှိ အခြေအနေများအရ ကြည့်မည် ဆိုပါက၊ ထိုက်ကျိနန်းဆောင် အတွင်း၌ ကြီးမားလှသော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားနေကြောင်း ထင်ရှားလှပေသည်။
နန်းတွင်းတပ်ဖွဲ့များ၏ တာဝန်မှာ သူတော်စင်ဧကရာဇ်ကို ကာကွယ်ရန် ဖြစ်စေကာမူ၊ ထူးဆန်းသည်မှာ ထိုက်ကျိနန်းဆောင်သည် အဆင့်အတန်း ထူးခြားလွန်းလှသဖြင့် သူတော်စင်ဧကရာဇ်၏ အမိန့် မရရှိဘဲ မည်သူမျှ မဆင်မခြင် ဝင်ရောက်ခွင့် မရှိပေ။
"ဘယ်လို လုပ်ကြမလဲ"
တပ်ဖွဲ့ခေါင်းဆောင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ဝေခွဲမရ ဖြစ်နေကြပြီး၊ နောက်ဆုံးတွင်မူ အကြည့်ပေါင်းများစွာမှာ အရှေ့တောင်ဘက်ရှိ ရွှမ်ဝူးတပ်ဖွဲ့ကို အုပ်ချုပ်သော ကျောက်ဖုန်းချန်းဆီသို့သာ စုပြုံ ရောက်ရှိသွားတော့သည်။
တတိယသားတော်ရွှမ်း ထီးနန်းတက်လာပြီးနောက်တွင်မူ ကျောက်ဖုန်းချန်းမှာ မျက်နှာသာ ပေးခြင်း မခံရစေကာမူ၊ နန်းတွင်းတပ်ဖွဲ့ များအကြား၌မူ၊ ကျောက်ဖုန်းချန်းသည် ကြီးမားလှသော သွေးချောင်းစီး တိုက်ပွဲကြီး နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးသလို နောက်ဆုံးတွင်လည်း အောင်မြင်မှု ရရှိခဲ့သည့် တစ်ဦးတည်းသော စစ်မြေပြင် အတွေ့အကြုံရှိ တပ်ဖွဲ့ ခေါင်းဆောင် ဖြစ်သဖြင့်၊ ကျင်းဝူတပ်ဖွဲ့ များအကြား၌ သူ၏အဆင့်အတန်းနှင့် လွှမ်းမိုးမှုမှာ မြင့်မားနေဆဲပင် ဖြစ်သည်။
"အခြေအနေကို အသာကြည့်နေကြစမ်း။ အမိန့်ပေးလိုက်ပါ၊ ငါ့ရဲ့အမိန့် မရဘဲနဲ့ ဘယ်သူမှ အတွင်းထဲကို ဝင်ခွင့် မရှိစေရဘူး"
ကျောက်ဖုန်းချန်းက ပြောဆိုလိုက်ရင်း သူ၏ရှေ့မှောက်ရှိ မြင့်မားလှသော ထိုက်ကျိနန်းဆောင်ကို မသိစိတ်အရ တစ်ချက်လှမ်းကြည့်လိုက်ကာ သူ၏မျက်ဝန်းအတွင်း၌ စိုးရိမ်မှု အရိပ်အယောင်လေး တစ်ခု ဖြတ်သန်းသွားသည်။
နန်းတော်တံခါးကြီးများမှာ ပိတ်ထားဆဲ ဖြစ်သည်။ ၎င်းမှာ သူတော်စင်ဧကရာဇ်၏ အမိန့် ဖြစ်သလို၊ ကျောက်ဖုန်းချန်းသည်လည်း စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့ထံမှ စာပို့ချိုးငှက်များကို လက်ခံရရှိထားပြီးဖြစ်ရာ၊ ဝမ်ချောင်နန်းတော်အတွင်းသို့ ဝင်ရောက်သွားပြီး သူတော်စင်ဧကရာဇ်၏ တားဆီးခြင်း ခံထားရသည့် ကိစ္စကိုလည်း သိရှိထားပြီး ဖြစ်သည်။
လက်ရှိ ထိုက်ကျိနန်းဆောင် အတွင်းရှိ အခြေအနေမှာ အလွန်ပင် ထူးခြားလှပေသည်၊ သူသည် အနည်းဆုံးအားဖြင့် အငွေ့အသက် အခုပေါင်း ဆယ်ဂဏန်းခန့်ကို အာရုံခံမိနေပြီး၊ ၎င်းတို့အတွင်း၌ ဝမ်ချောင်လည်း ပါဝင်နေပေသည်။
နန်းဆောင်အတွင်း၌ အပြန်အလှန် ရင်ဆိုင်နေကြသော နှစ်ဖက်စလုံးတွင်၊ သံသယဖြစ်ဖွယ် မရှိအောင်ပင် တစ်ဖက်မှာ သူတော်စင်ဧကရာဇ်ဖြစ်ပြီး၊ အခြားတစ်ဖက်မှာမူ ဝမ်ချောင်ပင် ဖြစ်တော့သည်။ အကယ်၍ ယခုအချိန်တွင် အတင်းအဓမ္မ ဝင်ရောက်သွားမည် ဆိုပါက၊ သူတော်စင်ဧကရာဇ်ကို ကူညီရမည်လား သို့မဟုတ် ဝမ်ချောင်ကို ကူညီရမည်လား။
ထို့အပြင် ယခင်က သူတော်စင်ဧကရာဇ် ဟိန်းဟောက်ခဲ့သော "လူလွှတ်စမ်း၊ ဒီ သစ္စာမဲ့တဲ့ အမတ်ကို ကွပ်မျက်ကြစမ်း" ဆိုသည့် စကားမှာ ယခု အချိန်အထိ ကျောက်ဖုန်းချန်းကို စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်စေဆဲပင်။
"ဝမ်ချောင် ငါ အခု မင်းအတွက် တတ်နိုင်သမျှ အချိန်ဆွဲပေးထားပါ့မယ်၊ သူတို့ နန်းဆောင်ထဲကို ဝင်မယ့်အချိန်ကို ငါ ထိန်းထားပေးမယ်၊ ကျန်တာကတော့ မင်း ကိုယ်တိုင်ပဲ ကြိုးစားရတော့မှာပဲ"
ကျောက်ဖုန်းချန်းသည် ရှေ့တည့်တည့်ကို ကြည့်ရင်း စိုးရိမ်ပူပန်နေတော့သည်။
...
ယခုအခိုက်အတန့်တွင် ထိုက်ကျိနန်းဆောင်အတွင်း၌မူ၊ တံခါးကြီးမှာ မည်သည့် အချိန်ကတည်းက ပိတ်သွားခဲ့သည် မသိစေကာမူ၊ တစ်ခုလုံးသော ထိုက်ကျိနန်းဆောင်မှာမူ ပြင်ပလောကနှင့် လုံးဝ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
"လက်လျှော့လိုက်စမ်း။ မင်းက ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး၊ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ"
သူတော်စင်ဧကရာဇ်၏ အသံမှာ မိုးကြိုးသံအလား နန်းဆောင် တစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။
တတိယသားတော်ရွှမ်း၏ ထိုတိုက်ကွက်မှာ အရှိန်အဝါ ကြီးမားလှသလို စွမ်းအားလည်း အလွန် ပြင်းထန်ပုံရစေကာမူ၊ သူတော်စင်ဧကရာဇ်အပေါ်၌မူ မည်သည့် ထိခိုက်မှုကိုမျှ မပေးနိုင်ခဲ့ဘဲ၊ အပြန်အလှန်အားဖြင့် သူတော်စင်ဧကရာဇ်၏ ခန္ဓာကိုယ်မှာ ပိုမို၍ပင် တည်ငြိမ်အားကောင်းလာပုံ ရပေသည်။
"သေလိုက်စမ်း။ သေလိုက်စမ်း ငါကတော့ မင်းလို မိစ္ဆာကို လုံးဝ အရှုံးပေးမှာ မဟုတ်ဘူး၊ သေလိုက်စမ်း"
သို့သော်လည်း သူတော်စင်ဧကရာဇ်၏ စကားကို ကြားလိုက်ရသည့်အခါ၊ တတိယသားတော်ရွှမ်းမှာမူ ပိုမို၍ပင် လှုံ့ဆော်မှုကို ခံလိုက်ရပြီး၊ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများကြား၌ အလင်းတန်းများမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက်၊ သူတော်စင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ဖြတ်သန်းသွားကာ သူ၏နောက်ကွယ်ရှိ နံရံများပေါ်သို့သာ ကျရောက်သွားတော့သည်။
တစ်ခုလုံးသော ထိုက်ကျိနန်းဆောင်မှာ ပြင်းထန်စွာ တုန်ခါနေပြီး၊ နန်းဆောင်အတွင်း၌ တည်ဆောက်ထားသော ရာနှင့်ချီသည့် အစီအရင်မှာလည်း လှုပ်ခတ်သွားခဲ့ကာ စူးရှတောက်ပလှသော အလင်းတန်းများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေတော့သည်။
နန်းဆောင်ထက်ရှိ ဝမ်ချောင်သည် ရွှေရောင် နဂါးပလ္လင်၏ဘေးနားတွင် ရပ်နေရင်း တတိယသားတော်ရွှမ်း၏ ရူးသွပ်နေသောပုံစံကို ကြည့်ကာ မထင်မရှားသော အမူအရာဖြင့် မျက်မှောင်များကို အသာအယာ ကြုတ်လိုက်မိသည်။
သူ၏ခန္ဓာကိုယ်မှာ လှုပ်ခတ်သွားခဲ့ပြီး မသိစိတ်အရပင် ရှေ့သို့ တိုးသွားကာ တတိယသားတော်ရွှမ်းကို ဟန့်တားရန် ပြင်လိုက်သော်လည်း သူ၏အကြည့်များမှာ တစ်ဖက်ရှိ ရွှေဝါရောင် အလင်းပုံရိပ်ဆီသို့ ရောက်ရှိသွားသည့်ခဏ၌ ဝမ်ချောင်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို သိရှိသွားသဖြင့် မူလက ကြုတ်ထားသော မျက်မှောင်များမှာလည်း ဖြည်းညှင်းစွာ ပြေလျော့သွားတော့သည်။
တတိယသားတော်ရွှမ်း၏ ကျင့်စဉ်မှာ အလွန် မြင့်မားလှသလို ခြိမ်းခြောက်မှုလည်း ကြီးမားစေကာမူ၊ လက်ရှိအခြေအနေအရ ကြည့်မည်ဆိုပါက၊ သူသည် သူတော်စင်ဧကရာဇ်ကို အနည်းငယ်မျှ ခြိမ်းခြောက်နိုင်စွမ်း မရှိသေးပေ။ သူ၏တိုက်ခိုက်မှု အားလုံးမှာ အပြင်ပန်းတွင်မူ ပြင်းထန်လှသော်လည်း တိုက်ကွက် တစ်ခုမျှပင် စစ်မှန်သော ထိခိုက်မှုကို မပေးနိုင်ခဲ့ပေ။
"အရှင်မင်းကြီးက အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီ ဆိုတော့၊ ငါ ဝင်ရောက် ကူညီဖို့ မလိုအပ်တော့ဘူး"
ဝမ်ချောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် လက်နှစ်ဖက်ကို အောက်သို့ ပြန်ချလိုက်ပြီး ဝင်ရောက် စွက်ဖက်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။
"ဒီ ပြက်လုံးတွေ ပြီးဆုံးသင့်ပါပြီ"
ဝမ်ချောင်၏ နားထဲသို့ သူတော်စင်ဧကရာဇ်၏ အသံမှာ ထပ်မံ ဝင်ရောက်လာပြန်သည်။ သူ၏အသံမှာ အလွန်လည်း မကျယ်သလို အလွန်လည်း မတိုးဘဲ၊ အရာရာကို ကြိုတင် တွက်ချက်ထားပြီး အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည့် တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေပေသည်။ လူတိုင်း၏ စူးစိုက်ကြည့်နေမှုများအောက်၌ သူတော်စင်ဧကရာဇ်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီးနောက် လက်ဖဝါးကို မြှောက်လိုက်ရုံမျှဖြင့် တတိယသားတော်ရွှမ်းကို လုံးဝထိန်းချုပ်လိုက်ရာ၊ ထို အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေသော စွမ်းအားလှိုင်းများမှာလည်း ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။
မိမိ၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း ထပ်မံ၍ ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ၊ တတိယသားတော်ရွှမ်း၏မျက်ဝန်းအတွင်း၌ နောက်ဆုံးတွင် နက်ရှိုင်းလှသော ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်လေးတစ်ခု ပြန်လည်ပေါ်ထွက်လာတော့သည်။
သို့သော်လည်း များမကြာမီမှာပင် အခြားသော ပြင်းထန်လှသည့် ဒေါသတရားများက ထို ထိတ်လန့်မှုကို အစားထိုးလိုက်ပြီး တတိယသားတော်ရွှမ်းသည် ဒေါသတကြီးဖြင့် ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။
"လီထိုက်ယီ မင်း ငါ့ကို ထပ်ပြီး အမိန့်ပေးဖို့ မကြိုးစားနဲ့တော့၊ ငါကတော့ မင်းကို လုံးဝအရှုံးပေးမှာ မဟုတ်ဘူး"
"နှစ်ပေါင်း သုံးဆယ် ရှိပြီ။ မင်းက ငါ့ရဲ့နှစ်ပေါင်း သုံးဆယ်ဆိုတဲ့ အချိန်တွေကို သုံးစွဲခဲ့သလို၊ ငါ့ရဲ့ဝိညာဉ်ကိုလည်း အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ အဲဒီကမ္ဘာထဲမှာ ပိတ်လှောင်ထားခဲ့တာ ဖြစ်ပါလျက်နဲ့၊ အခုထိ ငါ့ကို ခြိမ်းခြောက်ဖို့ မျက်နှာ ရှိသေးတာလား”
"မင်း ငါ့ကို ခြိမ်းခြောက်လို့ မရပါဘူး၊ ငါက မဟာထန်ရဲ့ ဧကရာဇ်ပဲ၊ စစ်မှန်တဲ့ လီထန် တော်ဝင်မိသားစုပဲ၊ မင်းကတော့ ကျန်ရစ်နေတဲ့ ဝိညာဉ် အပိုင်းအစလေး တစ်ခု၊ အရှက်မရှိတဲ့ ပြင်ပက ကျူးကျော်သူ တစ်ယောက်ပဲ။ ငါ မင်း ကို အရှုံးပေးမှာ မဟုတ်ဘူး၊ လုံးဝပဲ"
...
နောက်ဆုံး စကားကို ပြောဆိုလိုက်သည့်အခါ၊ တတိယသားတော်ရွှမ်း၏ အတင်းအဓမ္မ ထိန်းချုပ်ခံထားရသော ခန္ဓာကိုယ်မှာ ဆန်ကာချသကဲ့သို့ပင် ပြင်းထန်စွာ တုန်ခါလာတော့သည်။
တတိယသားတော်ရွှမ်း၏ မျက်ဝန်းအစုံမှာ နီရဲနေပြီး သူ၏အကြည့်များအတွင်း၌လည်း နက်ရှိုင်းလှသော ကလဲ့စားချေလိုစိတ်များ ထင်ဟပ်နေပေသည်။
သူသည် မိမိ၏ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့ရစဉ်က အသက်တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ ထိုစဉ်က သူသည် ငယ်ရွယ်ချောမောပြီး ကြီးမားသော ရည်မှန်းချက်များ ရှိခဲ့သလို သူ့ကို ချစ်မြတ်နိုးကြသော ခမည်းတော်ဧကရာဇ်နှင့် မယ်တော် မိဖုရားကြီး တို့လည်း ရှိခဲ့သည်။ သို့သော် သူ နောက်တစ်ဖန် ပြန်လည် နိုးထလာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည့် အချိန်တွင်မူ နှစ်ပေါင်း သုံးဆယ်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူသည် အသက် တစ်ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေး တစ်ဦး ဘဝမှနေ၍၊ အသက် ငါးဆယ်ကျော်အရွယ် အဘိုးအို တစ်ဦး ဘဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤအရာအားလုံးမှာ ထိုသူကြောင့်သာ ဖြစ်သည်။ လီထိုက်ယီဆိုသည့် ထိုသူကြောင့်သာ ဖြစ်သည်။
"ငါ မင်း ကို သေချာပေါက် သတ်မယ်၊ ငါ မင်း ကို သေချာပေါက် သတ်မယ်"
"မင်းကို မသတ်နိုင်ရင်တောင်မှ မင်း ချစ်မြတ်နိုးရတဲ့ အရာအားလုံးကို ငါ ဖျက်ဆီးပစ်မယ်။ မင်း အပေါ်မှာ သစ္စာရှိတဲ့သူ မှန်သမျှဟာ ငါ့ရဲ့ ရန်သူတွေပဲ"
"မင်းရဲ့မိန်းမတွေကို ငါ သတ်ပစ်မယ်။ မင်း အပေါ်မှာ သစ္စာရှိတဲ့ အမတ်တွေကိုလည်း ငါ အကုန်လုံး သတ်ပစ်မယ်"
တတိယသားတော်ရွှမ်းသည် ဒေါသတကြီး ဟောက်လိုက်ရင်း သူ၏မျက်ဝန်းအတွင်းမှ ပို၍ပြင်းထန်လှသော ဒေါသမီးလျှံများကို ထုတ်လွှတ်နေတော့သည်။
ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဒေါသတရားများနှင့် နာကျည်းမှုများက သူ့ကို အားပေးနေသဖြင့် သူ၏ခန္ဓာကိုယ်မှာ ပို၍ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး၊ လီထိုက်ယီကို အဆက်မပြတ် ဆန့်ကျင်နေတော့သည်။
ဘာအရည်အချင်း မရှိတာလဲ၊ ဘာရက်စက်ကြမ်းကြုတ်တာလဲ။
သူသည် လီထန်မျိုးရိုးဖြစ်သည်။ သူသည် ကောင်းကင်ယံထက်တွင် ပျံသန်းနေသော လင်းယုန်ငှက် တစ်ကောင် ဖြစ်သည်။ လင်းယုန်ငှက် ဆိုသည်မှာ ကောင်းကင်ပြာထက်၌ ပျံဝဲလျက် နေမင်း၊ လမင်းတို့နှင့်အတူ အဖော်ပြုရမည် ဖြစ်သည်၊ အဘယ်ကြောင့် မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ထိုနိမ့်ကျလှသော လူသား များနှင့်အတူ ပေါင်းသင်းနေရပါ့မည်နည်း။
ထိုသူသည် မိမိ၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးခဲ့သူ ဖြစ်ရာ၊ ဘယ်လို အခြေအနေမျိုးမှာမဆို၊ ထိုသူ့ကို ထိုက်တန်သော တန်ဖိုးကို ပေးဆပ်စေရမည်သာ ဖြစ်သည်။
ဝမ်ချောင်သည် နန်းဆောင်အထက်တွင် ရပ်နေရင်း ဒေါသတကြီး ဟောက်နေသော တတိယသားတော်ရွှမ်းကို ကြည့်ကာ စိတ်ထဲ၌ ပြောမပြနိုင်သော ခံစားချက်ကြီး တစ်ခု ပေါ်ပေါက်နေတော့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးနောက် ကိစ္စရပ်များစွာမှာ တဖြည်းဖြည်းနှင့် ကြည်လင်လာခဲ့ပြီဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက မီးရှို့ဖျက်ဆီးခံခဲ့ရသော ထိုမှတ်တမ်းများကို ဖတ်ရှုခဲ့ပြီးနောက်တွင်မူ ယခု တတိယသားတော်ရွှမ်း၏စကားများနှင့် ပေါင်းစပ်လိုက်သည့်အခါ၊ အတိတ်မှ လျှို့ဝှက်ချက်များစွာမှာ သူ၏ ရှေ့မှောက်၌ အသေအချာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်မှာ ပျောက်ကွယ်သွားခဲ့ပြီး ဆံပင်ဖြူအဘိုးအို ဘဝဖြင့် ပြန်လည် ရောက်ရှိလာခြင်းပင်။
ထိုစဉ်က တတိယသားတော်ရွှမ်း ပြဿနာ တက်ခဲ့စဉ်က အသက် တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ သူ ဘဝမှာ အစွမ်းကုန် တောက်ပနေမည့် အချိန် ဖြစ်စေကာမူ၊ နောက်ပိုင်းတွင် ဖြစ်ပေါ်လာသော ထိုအပြောင်းအလဲကြောင့်၊ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်တစ်ခု လုံးဝပြောင်းလဲသွားခဲ့ပြီး သူသည်လည်း ထိုအချိန်မှစ၍ အိပ်မောကျသွားခဲ့ကာ ပြန်လည်နိုးထလာသည့် အချိန်တွင်မူ အသက် ငါးဆယ် ဖြစ်နေခဲ့ပြီ ဖြစ်ရာ၊ ဆယ်စုနှစ်ပေါင်းများစွာသော အချိန်နှင့် လွတ်လပ်မှုများကို ဆုံးရှုံးခဲ့ရသလို၊ သူ၏အဆင့်အတန်းမှာလည်း အစားထိုးခံခဲ့ရခြင်း ဖြစ်သည်။
သံသယဖြစ်ဖွယ် မရှိအောင်ပင် တတိယသားတော်ရွှမ်းသည် သူတော်စင်ဧကရာဇ်အပေါ် နာကျည်းမှုများ ရှိနေပေသည်။ ၎င်းကပင် သူ နောက်ပိုင်းတွင် အဘယ်ကြောင့် ယခုကဲ့သို့သော ကိစ္စရပ်များကို လုပ်ဆောင်ခဲ့ရသနည်း ဆိုသည်ကို ရှင်းပြပေးနေခြင်း ဖြစ်သည်။
တတိယသားတော်ရွှမ်း အနေဖြင့် နန်းတွင်းရေးရာများကို ရှုပ်ထွေးအောင် လုပ်ဆောင်ခြင်း၊ စကားပြော ကောင်းသော အမတ်များကို နှိမ်နှင်းခြင်းနှင့် ဂုဏ်ပကာသနနောက် လိုက်ခြင်းများက စနစ်တကျ လည်ပတ်နေသော ဤနိုင်ငံအပေါ် မည်မျှအထိ ထိခိုက်စေနိုင်သနည်း ဆိုသည်ကို သိရှိထားသင့်ပေသည်။
သို့သော်လည်း တတိယသားတော်ရွှမ်းမှာမူ လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ၏ စိတ်နှလုံးမှာလည်း ထိုနာကျည်းမှုများကြောင့် တစ်စုံတစ်ရာသော အဆင့်အထိ ယွင်းဖောက်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဝမ်ချောင်အနေဖြင့်မူ မည်သည့် သနားကြင်နာမှုကိုမျှ မရှိခဲ့ပေ။ နန်းတွင်း မှတ်တမ်းများအရ အသက်တစ်ဆယ့်ရှစ်နှစ် မတိုင်ခင်ကတည်းက တတိယသားတော်ရွှမ်း၏စရိုက်မှာ ရက်စက်ကြမ်းကြုတ်လှပြီး လူ့အသက်ကို မြက်ပင်လေးများအလား သတ်မှတ်ခဲ့သူ ဖြစ်သည်။ အကယ်၍သာ ထိုသူ့အပေါ် အလွန်အမင်း စိတ်ပျက်ခဲ့ခြင်း မရှိပါက ထိုစဉ်က ခမည်းတော် ဧကရာဇ်သည်လည်း သူ၏ထီးနန်းဆက်ခံခွင့်ကို ပယ်ဖျက်လိမ့်မည် မဟုတ်ပေ။
အကယ်၍သာ သူတော်စင်ဧကရာဇ် ပေါ်ထွက်မလာခဲ့လျှင် မင်းသားတစ်ပါးအနေဖြင့် သူ၏စရိုက်နှင့်၊ သူတော်စင်ဧကရာဇ်ကို အစားထိုး၍ ထီးနန်းတက်ပြီးနောက် သူ ပြုမူခဲ့သော ပုံစံများအရဆိုလျှင်၊ လူပေါင်းမည်မျှလောက်မှာ သူလက်ချက်ဖြင့် အသက်ပျောက်ရမည်ကို မည်သူမျှ မသိနိုင်ပေ။
သူတော်စင်ဧကရာဇ် ပေါ်ထွက်လာခြင်းမှာ မဟာထန်အင်ပါယာအတွက် အကြီးမားဆုံးသော ကောင်းချီးတစ်ခု ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
"ဒီအရာအားလုံးဟာ တိုက်ဆိုင်မှု သက်သက်ပဲလို့ မင်း တကယ် ထင်နေတာလား"
"မင်းက မင်းရဲ့ ကိုယ်ပိုင စွမ်းအားတွေနဲ့ ပြန်လည်နိုးထလာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့တာလို့ တကယ်ပဲ ယုံကြည်နေတာလား"
...
ထိုအချိန်မှာပင် နက်ရှိုင်းလှသော သက်ပြင်းချသံကြီး တစ်ခုနှင့်အတူ၊ သူတော်စင်ဧကရာဇ်၏အသံမှာ နန်းဆောင်အတွင်း၌ ရုတ်တရက် ဟိန်းထွက်လာတော့သည်။
"ဝုန်း"
ထိုစကားကို ကြားလိုက်ရသည့်ခဏ၌၊ မူလက အစွမ်းကုန် ဒေါသထွက်နေသော တတိယသားတော်ရွှမ်းသည် တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး လျှပ်စစ်စီးသွားသကဲ့သို့ ခံစားလိုက်ရကာ သူ၏ ရှေ့မှောက်ရှိ သူတော်စင်ဧကရာဇ်ကို ရုတ်တရက် မော့ကြည့်လိုက်တော့သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
နန်းဆောင်အတွင်း၌မူ နဂါးအစောင့်တပ်များနှင့် တော်ဝင် အကြံပေးများ အားလုံးမှာ မျက်နှာများ ဖြူလျော်သွားကြပြီး၊ မြေပြင်ပေါ်၌ ဝပ်စံနေရင်း တစ်ကိုယ်လုံးလည်း တုန်ယင်နေကြတော့သည်။ ယခုကဲ့သို့သော လျှို့ဝှက်ချက်မှာ အင်ပါယာ၏ အဓိက အနှစ်သာရနှင့် ပတ်သက်နေသဖြင့်၊ သူတို့ သိရှိသင့်သော အရာမျိုး လုံးဝ မဟုတ်ပေ။
"ဒီကိစ္စကို ငါ အကြာကြီး တွေးခဲ့သလို ကောင်းလီရှီနဲ့လည်း အချိန်အတော်ကြာ တိုင်ပင်ခဲ့ဖူးတယ်"
သူတော်စင်ဧကရာဇ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ ရွှေဝါရောင် အလင်းပုံရိပ်များမှာ နန်းဆောင်အတွင်း၌ ပျံ့နှံ့နေပြီး ထိုအသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေပေသည်။ သူ၏ဝတ်ရုံစကို အသာအယာ ခါယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခုမှာ နန်းဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ဤနေရာကို အပြင်ဘက်မှ လုံးဝပိတ်ဆို့လိုက်တော့သည်။
ဝမ်ချောင်သည် ထိုအရာကို ချက်ချင်း မှတ်မိလိုက်သည်၊ ၎င်းမှာ အသံပိတ်လှောင်ခြင်း အတတ်ပင် ဖြစ်တော့သည်။
"မင်းရဲ့စိတ်နေစိတ်ထားက အရှင်သခင်တစ်ယောက် ဖြစ်လာဖို့ မသင့်တော်ပါဘူး၊ အင်ပါယာသာ မင်းရဲ့လက်ထဲကို ရောက်သွားမယ်ဆိုရင်၊ တစ်ခဏချင်းအတွင်းမှာပဲ ပျက်သုဉ်းသွားလိမ့်မယ်။ ဒါကြောင့်မို့လို့ ဂေါက်လိစိကလည်း အစွမ်းကုန် ကန့်ကွက်ခဲ့တာပေါ့။ ဒါပေမဲ့၊ ငါကတော့ အဆုံးစွန်ထိ မင်း အပေါ်မှာ အကြွေးတင်နေခဲ့တာဖြစ်လို့၊ အကြာကြီး တွေးတောပြီးတဲ့နောက်မှာတော့၊ မင်းကို ပြန်လည် လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ"
သူတော်စင်ဧကရာဇ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်း လိမ်နေတာ၊ မင်း လိမ်နေတာပဲ"
"ဒါတွေ အားလုံးဟာ ငါ့ရဲ့ကိုယ်ပိုင် ကြိုးစားမှုတွေကြောင့် ဖြစ်လာတာ။ ငါ ကိုယ်တိုင် အတင်း ရုန်းကန်ပြီး ထွက်လာခဲ့တာ။ ငါ ကိုယ်တိုင် အနိုင်ယူခဲ့တာပဲ"
တတိယသားတော်ရွှမ်းက ပြင်းထန်လှသော လှုံ့ဆော်မှုများကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်၊ သူ၏ မျက်ဝန်းအစုံမှာလည်း အစောပိုင်းကထက် ပိုမို၍ နီရဲလာတော့သည်။
******