← Chapters

အခန်း (၂၀၄၂-၂၀၄၄)

Vol. 126 Ch. 2042-2044

အခန်း (၂၀၄၂-၂၀၄၄)

Vol. 126 Ch. 2042-2044

အခန်း (၂၀၄၂) စစ်မှန်သော နဂါးမင်း၏ နေဝင်ချိန်

“ဟဟ မင်းက ငါကိုယ်တော်ကို စိုးရိမ်နေတာလား”

သူတော်စင်ဧကရာဇ်သည် ပြုံးလျက် ဦးခေါင်းကို ခါယမ်းလိုက်သော်လည်း သူ၏ မျက်လုံးအစုံမှာမူ ရှေ့ဘက်သို့သာ စိုက်ကြည့်နေဆဲဖြစ်ကာ တောင်ဘက်အရပ်ရှိ မြို့တော်တစ်ခုလုံးကို ငေးမောကြည့်ရှုနေ၏။

“မှန်လှပါ”

ကောင်းလီရှီက ပြောဆိုလိုက်ရာ သူ၏မျက်ဝန်းအစုံ၌ မှေးမှိန်အားငယ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူတော်စင်ဧကရာဇ်၏ ယခုလက်ရှိ အခြေအနေကို မည်သူမျှ သူထက် ပိုမိုနားလည်နိုင်ခြင်း မရှိပေ။ ဧကရာဇ်အတွက် ကျန်ရှိသောအချိန်မှာ များစွာမကျန်တော့ပြီ ဖြစ်သည်။

“အရှင်မင်းကြီး၊ အဲဒီကိစ္စကို ရပ်တန့်လို့ မရဘူးလား။ အရှင်မင်းကြီးရဲ့ အခုလက်ရှိ အခြေအနေအရဆိုရင် အဲဒီကိစ္စက အရှင်မင်းကြီးအတွက် ဝန်ထုပ်ဝန်ပိုးကို ပိုပြီး လေးလံစေပါလိမ့်မယ်”

ကောင်းလီရှီက စကားဆိုလိုက်ရာ သူ၏ အသံမှာ တစ်စုံတစ်ရာကို ရည်ညွှန်းနေသည့်ဟန် ပေါ်လွင်နေ၏။

“ယွမ်ကျုံး၊ မင်းဘာတွေ တွေးနေသလဲဆိုတာ ငါကိုယ်တော် သိပါတယ်၊ ဒါပေမဲ့ သေခြင်းနဲ့ ရှင်ခြင်းဆိုတာ သဘာဝတရားပဲ၊ လောကကြီးရဲ့ ဖြစ်ပျက်မှုတွေက ဒီလိုပဲလေ၊ ဘယ်သူမှလည်း ရှောင်လွှဲလို့ မရနိုင်ဘူး။ မင်း ငါကိုယ်တော် နောက်ကို ဒီလောက်တောင် ကြာအောင် လိုက်ပါလာခဲ့ပြီးမှ ဒါကို အခုထိ နားမလည်နိုင်သေးဘူးလား”

သူတော်စင်ဧကရာဇ်က အေးဆေးတည်ငြိမ်စွာ ဆိုလိုက်ပြီး ကောင်းလီရှီ၏ အမည်ရင်းဖြစ်သော ယွမ်ကျုံးဟု ပထမဆုံးအကြိမ် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။

လောကသားများ သိရှိထားကြသော ကောင်းလီရှီသည် မူလက ကောင်းဟူသော မျိုးရိုးအမည် မဟုတ်သကဲ့သို့ သူ၌ အခြားအမည်တစ်ခု ရှိနေပြီး အမည်ရင်းမှာ ယွမ်ကျုံးပင် ဖြစ်၏။

ကောင်းလီရှီသည် ထိုရင်းနှီးလှသော အမည်ကို ကြားလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်ဝန်းများမှာ ပိုမို၍ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်လာခဲ့သော်လည်း သူတော်စင်ဧကရာဇ်၏ အသံမှာမူ နားထဲသို့ ဆက်လက် ဝင်ရောက်လာဆဲ ဖြစ်သည်။

“…… ဒါ့အပြင် အဲဒီအရာက ငါကိုယ်တော်အနေနဲ့ အလယ်ပိုင်းဒေသနဲ့ ဒီအင်ပါယာအတွက် ချန်ထားပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ၊ တစ်ချိန်တည်းမှာပဲ ဒါက မင်းနဲ့ ငါကိုယ်တော် မရှိတော့တဲ့နောက် သူ့ကို ကူညီပေးနိုင်မယ့် တစ်ခုတည်းသော အရာလည်း ဖြစ်တယ်”

သူတော်စင်ဧကရာဇ်သည် သူ ဆိုသည်မှာ မည်သူဖြစ်ကြောင်း ထုတ်ဖော်မပြောကြားခဲ့သော်လည်း ကောင်းလီရှီကမူ ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။

“ကျွန်တော်မျိုး နားလည်ပါပြီ၊ အရှင်မင်းကြီး အလိုရှိတဲ့ အရာမှန်သမျှကို ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပြီး ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်”

ကောင်းလီရှီက ရုတ်တရက် ဦးညွှတ်ကာ ပြောဆိုလိုက်သည်။

နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ပေ။ ကောင်းလီရှီသည် အံ့အားသင့်သွားကာ မော့ကြည့်လိုက်သည့်အခါ သူတော်စင်ဧကရာဇ်၏ နှုတ်ခမ်းထောင့်မှ သွေးစအချို့ မည်သည့်အချိန်က စီးကျလာသည်ကို မသိဘဲ မြင်တွေ့လိုက်ရသည်။

ကောင်းလီရှီ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး အလျင်အမြန် ရှေ့သို့ တိုးသွားကာ နီမှောင်သော ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ သူတော်စင်ဧကရာဇ်အား တိုက်ကျွေးလိုက်ရာ ခဏချင်းမှာပင် ဧကရာဇ်၏ ထွက်သက်ဝင်သက်မှာ ပြန်လည် တည်ငြိမ်သွားသော်လည်း တစ်ကိုယ်လုံး၏ မျက်နှာအမူအရာမှာမူ ဖျော့တော့ကာ ဖျားနာနေသူကဲ့သို့ ဖြစ်သွားရသည်။

“ဘာမှ မဖြစ်ဘူး၊ မင်းအရင် ဆင်းသွားတော့၊ ငါကိုယ်တော် တစ်ယောက်တည်း ခဏလောက် နေပါရစေဦး”

သူတော်စင်ဧကရာဇ်က လက်ယမ်းကာ ပြောဆိုလိုက်သည်။

ကောင်းလီရှီ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသော်လည်း အမိန့်ကို မဖီဆန်ဝံ့ဘဲ ဦးညွှတ်အလေးပြုကာ နန်းဆောင်အတွင်းမှ ဆုတ်ခွာသွားခဲ့သည်။

အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကြာမြင့်သွားခဲ့သည်။ မျှော်လင့်မထားဘဲ စုန့်ဘုရင်၏ အစိုးရအဖွဲ့အသစ်ဖွဲ့စည်းရေး အဆိုပြုချက်မှာ အလျင်အမြန်ပင် အတည်ပြုခြင်း ခံလိုက်ရသည်။

ထန်မင်းဆက်တစ်ခုလုံးမှာ လေငြိမ်လှိုင်းငြိမ် ရှိနေသော်လည်း ဝမ်ချောင်၏စိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှုများမှာ ပိုမို ပြင်းထန်လာခဲ့သည်။

နံနက်ခင်းအချိန်တွင် ဝမ်ချောင်သည် မိမိ၏ နေအိမ်၌ ရှိနေပြီး မိမိရှေ့တွင် တောင်ပုံရာပုံ စုပုံနေသော ရတနာများကို ကြည့်ရှုနေသည်။ ၎င်းတို့မှာ ဝမ်ချောင်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် ဒေသအသီးသီးရှိ မျိုးရိုးကြီး မိသားစုများနှင့် သိုင်းလောကမှ ဂိုဏ်းပေါင်းစုံတို့ ပေးပို့လာကြသော ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများ ဖြစ်ကြသည်။

ဝမ်ချောင်သည် မိမိ၏ဒဏ်ရာများကို ကုသရန်အတွက်သာ ထိပ်တန်းရတနာများ လိုအပ်ကြောင်း ပြောဆိုခဲ့ပြီး သူတော်စင်ဧကရာဇ်အကြောင်းကိုမူ ထည့်သွင်းပြောကြားခြင်း မပြုခဲ့ပေ။ သို့သော်လည်း ထိုကိစ္စမှာ လောကတစ်ခုလုံးကို ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ရတနာပေါင်းစုံကို ဆက်တိုက် ပေးပို့လာကြရာ သာမန်လူတစ်ဦး တစ်သက်လုံး မြင်တွေ့ရန် ခဲယဉ်းသော ရတနာများမှာ ယခုအခါ ဝမ်ချောင်၏ ရှေ့၌ စုပုံနေတော့သည်။

ကျူးကော်များ၊ ဝိညာဉ်အမြစ်များ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိသော အဖိုးတန် ဆေးမြစ်များ၊ နှစ်ပေါင်းထောင်ချီ ဝိညာဉ်နွယ်ပင်များ…… စသည်တို့မှာ ဝမ်ချောင်၏ ရှေ့တွင် အားလုံး ပေါ်ထွက်နေသည်။

သို့သော် ထိုရတနာများကို ကြည့်ရှုရင်း ဝမ်ချောင်ကမူ သက်ပြင်းကိုသာ နက်နဲစွာ ချလိုက်မိသည်။ သူသည် စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ရာ ထိုရတနာများမှာ ဝိညာဉ်စွမ်းအင် (ချီ) ပြည့်ဝနေသည်မှာ မှန်သော်လည်း သူတော်စင်ဧကရာဇ်ကဲ့သို့သော နတ်သိုင်းအဆင့်နှင့် နီးကပ်နေသူတစ်ဦးအတွက်မူ ၎င်းတို့၏ အာနိသင်မှာ များစွာနည်းပါးလှပေလိမ့်မည်။

“ဟူး… တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား”

ဝမ်ချောင်က နက်နဲစွာ သက်ပြင်းချလိုက်ပြီး သူ၏ မျက်ခုံးအစုံမှာလည်း လှုပ်ခတ်နေသည်၊ အကြောင်းရင်းကို မသိရသော်လည်း ဤကာလအတွင်း သူ၏စိတ်ထဲတွင် အလွန် ဆိုးရွားသော ခံစားချက်မျိုး အမြဲ ဖြစ်ပေါ်နေခဲ့သည်။

ဝမ်ချောင်သည် ခေါင်းကို ငုံ့လိုက်ကာ သူ၏ လက်ထဲရှိ ယင်ယန်ငါးစုံ ကျောက်စိမ်းပြားကို ကြည့်ရှုလိုက်သည်။ ၎င်းမှာ နန်းဆောင်နောက်ဘက်တွင် သူတော်စင်ဧကရာဇ်က သူ့ကို ပေးအပ်ခဲ့သော အရာဖြစ်ပြီး ယခုအချိန်အထိမူ လျှို့ဝှက်ချက်ပေါင်းများစွာ ပါဝင်နေသော ဤကျောက်စိမ်းဆွဲပြားမှာ အခြားသော ရတနာများထက် ပိုမို၍ အားကိုးထိုက်ဟန် ရှိနေသည်။

“သတင်းပို့ပါတယ်”

ပြောလိုက်သည့်အချိန်မှာပင် ဝမ်ချောင်က သူ၏ စိတ်စွမ်းအားများကို လက်ထဲရှိ ကျောက်စိမ်းဆွဲပြားပေါ်သို့ ထပ်မံ၍ စုစည်းလိုက်သည့် အချိန်မှာပင် ဝမ်အိမ်တော်၏ တံခါးကြီးမှာ အပြင်ဘက်မှ ကြီးမားသော အင်အားတစ်ခုဖြင့် ဝုန်းကနဲ ပွင့်ထွက်သွားပြီး ဝမ်ချောင်၏ လက်အောက်ခံ ကျင်းဝူတပ်ဖွဲ့မှ တပ်မှူးတစ်ဦးမှာ အလွန် အလျင်အမြန်ပင် ပြေးဝင်လာခဲ့သည်။

“အရှင် ကောင်းကုန်းကုန်း ရောက်ရှိလာပါတယ်”

“ဘာလဲ”

ဝမ်ချောင်က မျက်မှောင်ကြုတ်လျက် များစွာ အံ့အားသင့်သွားသည်။

ဝမ်ချောင်နှင့် ကောင်းကုန်းကုန်းတို့မှာ များစွာ ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သော်လည်း ကောင်းကုန်းကုန်းသည် ဝမ်ချောင်၏အိမ်တော်သို့ လာရောက်လေ့ မရှိသကဲ့သို့ သတင်းစကားတစ်ခု ပေးပို့ရန်အတွက် ကျင်းဝူတပ်ဖွဲ့ဝင်များအနေဖြင့် ဤမျှအထိ စိုးရိမ်တကြီး ဖြစ်ရန် မလိုအပ်ပေ။

သို့သော် ဝမ်ချောင်တစ်ယောက် အသေးစိတ် စဉ်းစားရန် အချိန်မရမီမှာပင် လေလှိုင်းများ လှုပ်ခတ်သွားပြီး နန်းဆောင်အပြင်ဘက်မှ ပြင်းထန်သော လေပြင်းတစ်ခု တိုးဝင်လာခဲ့သည်။ လေငြိမ်သွားသည့် အချိန်၌ တိမ်တိုက်ပုံစံ ပန်းထိုးထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ရင်းနှီးသော ပုံရိပ်တစ်ခုမှာ လေလှိုင်းများနှင့်အတူ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

“ကောင်းကုန်းကုန်း”

တံခါးဝရှိ ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားခဲ့ရသည်။

ဤသည်မှာ ဝမ်ချောင်အနေဖြင့် ကောင်းကုန်းကုန်း ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း မဟုတ်ပေ။

ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် ထန်မင်းဆက်၏ ပထမဆုံးသော သစ္စာရှိမိန်းမစိုးဖြစ်ကာ သူတော်စင်ဧကရာဇ်၏ ယုံကြည်ရဆုံးသော လက်ရုံးဖြစ်သည့် ဤသူသည် အမြဲတမ်းပင် ဝဝဖြိုးဖြိုး ရှိနေတတ်ပြီး အမြဲပြုံးနေသော မိလဲ့ဖော် ကဲ့သို့ပင် ဖြစ်ကာ နီမြန်းစိုပြည်သော မျက်နှာမှာ သူ၏ အထင်ရှားဆုံးသော လက္ခဏာရပ် ဖြစ်သည်။

သို့သော် ယခုအချိန်၌ တံခါးဝတွင် ပေါ်လာသော ကောင်းကုန်းကုန်းမှာမူ ဝမ်ချောင်၏ မှတ်ဉာဏ်ထဲရှိပုံစံနှင့် လုံးဝ ကွဲပြားနေသည်။ သူ၏ကိုယ်လုံးမှာ တိုက်ရိုက်ပင် ပိန်ချောင်သွားပြီး အရင်က နီမြန်းစိုပြည်နေသော မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများစွာ ထွက်ပေါ်နေကာ များစွာအိုမင်းသွားခဲ့ရသည်။ အရင်ကကဲ့သို့ ပြည့်ဝတောက်ပနေခြင်း ရှိမနေတော့ဘဲ သာမန်အဘိုးအိုတစ်ဦးကဲ့သို့ပင် ဖြစ်နေတော့သည်။

သူ၏မျက်ဝန်းအစုံထဲတွင်လည်း ဝမ်ချောင်သည် နက်နဲသော အိုမင်းမှုနှင့် ဝမ်းနည်းမှုများကို မြင်တွေ့လိုက်ရသည်။ ထိုခဏ၌ ဝမ်ချောင်မှာ အလွန်အမင်း တုန်လှုပ်သွားရသည်။

ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာပင် ကောင်းကုန်းကုန်းသည် ဤမျှအထိ ပြောင်းလဲသွားပြီး အိုမင်းသွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ဝုန်း”

တံခါးဝတွင် ကောင်းကုန်းကုန်း စကားမပြောရသေးမီမှာပင် နောက်ထပ်တစ်ခဏ၌ ရင်းနှီးသော အသံတစ်ခုမှာ ခေါင်းလောင်းသံကဲ့သို့ ဝမ်ချောင်၏ဦးနှောက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ထူးခြားသော ဖြစ်ရပ်၊ စစ်မှန်သော နဂါးမင်း၏ နေဝင်ချိန်”

“လိပ်နဂါးမှာ သက်တမ်းရှည်သော်လည်း ကုန်ဆုံးမည့် အချိန်ရှိ၏၊ တုန်စွေနဂါးမှာ မြူခိုးများကို စီးနင်းနိုင်သော်လည်း နောက်ဆုံး၌ မြေမှုန့်သာ ဖြစ်ရ၏။ မျိုးဆက်တစ်ခု၏ ထူးချွန်သော ဧကရာဇ်သည် မကြာမီ ကျဆုံးတော့မည်”

“ဝုန်းလောင်းလောင်း”

ထိုအသံများနှင့်အတူ ဝမ်ချောင်၏မျက်စိရှေ့တွင် မြင်ကွင်းအမှားများ ပေါ်ထွက်လာခဲ့သည်။

လျှပ်စီးသံပေါင်းများစွာနှင့်အတူ မရေမတွက်နိုင်သော လျှပ်စစ်နဂါးရိပ်များသည် ဝမ်ချောင်၏ မျက်စိရှေ့မှ ဖြတ်ပြေးသွားကြပြီး မိုးတိမ်များ လိပ်တက်လာကာ ဝမ်ချောင်၏ နားထဲတွင် ကမ္ဘာမြေကို တုန်ဟည်းစေသော အော်ဟစ်တိုက်ခိုက်သံများ ကြားလိုက်ရသည်။

အဆုံးမရှိလှသော မြင်းစီးစစ်သည်များနှင့် ခြေလျင်စစ်သည်များသည် ဟိန်းဟောက်လျက် ကမ္ဘာမြေပြင်တစ်ခုလုံးကို ဖြတ်ကျော်တိုက်ခိုက်နေကြသည်။ မြင်းဟီသံ၊ ဓားချင်းရိုက်သံ၊ ခရုသင်းမှုတ်သံနှင့် နာကျင်စွာ အော်ဟစ်သံများမှာ တစ်သားတည်း ဖြစ်ပေါ်နေ၏။

ထိုကောင်းကင်ယံအနှံ့ရှိ စစ်တပ်ကြီးများကြားတွင် ဝမ်ချောင်သည် တောင်တန်းကြီးတစ်ခုကဲ့သို့ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူသည် ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရှည်လျားသော ဓားကို မြှောက်ကိုင်လျက် စစ်တပ်ကြီးကို ရေလွှမ်းမိုးမှုကဲ့သို့ ရှေ့သို့ တိုးဝင်တိုက်ခိုက်ရန် ညွှန်ကြားနေသည်။

ထိုဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် မရေမတွက်နိုင်သော စစ်သည်များသည် အရပ်မျက်နှာအနှံ့ တိုက်ခိုက်ချေမှုန်းခဲ့ကြပြီး ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့ကြသည်၊ နိုင်ငံခြားအလံများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် လဲပြိုသွားခဲ့ပြီး နောက်ဆုံးတွင် အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့သည်။

သို့သော် မည်မျှပင် အစွမ်းထက်သော တည်ရှိမှုဖြစ်စေကာမူ နောက်ဆုံး၌ လဲပြိုရမည့် အချိန်ရှိသည်သာ ဖြစ်သည်။

စစ်ပွဲကြီး အောင်မြင်ပြီးနောက်တွင် ထိုခန့်ညားထည်ဝါသော ဧကရာဇ်ပုံရိပ်သည် နေမင်းကြီးကဲ့သို့ ထိန်ထိန်လင်းလက်လျက် လူအများအတွက် လမ်းညွှန်မှုပေးနေရင်းမှ ဝမ်ချောင်၏ မျက်စိရှေ့တွင်ပင် လေးလံစွာဖြင့် လဲပြိုကျသွားခဲ့ရသည်။

ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။

“စစ်မှန်သော နဂါးမင်း၏ နေဝင်ချိန်။ ဒါကို ပြောင်းလဲလို့ မရနိုင်တော့ပါဘူး၊ ပိုင်ရှင်အနေနဲ့ စစ်မှန်သော နဂါးမင်းကို နောက်ဆုံးအကြိမ် တွေ့ဆုံခွင့်ရမှာဖြစ်ပြီး နဂါးမင်းရဲ့ အမွေအနှစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်”

နားထဲတွင် တစ်ချိန်တည်းမှာပင် ကံကြမ္မာကျောက်တုံး၏ အသံ ထွက်ပေါ်လာသည်။

“ဝုန်း”

မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဝမ်ချောင်တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏ မျက်နှာမှာ ခဏချင်းအတွင်းမှာပင် ဖြူလျော့သွားကာ သွေးစအနည်းငယ်မျှပင် မရှိတော့ပေ။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်၏စိတ်ထဲတွင် လှိုင်းလုံးများကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်၊ ထိုခဏ၌ သူ၏ ခြေထောက်များမှ အင်အားအားလုံး ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး ရပ်တည်ရန်ပင် ခက်ခဲသွားခဲ့ရသည်။

“ဝမ်ချောင်……”

ထိုအချိန်မှာပင် တံခါးဝ၌ ကောင်းလီရှီ၏ နားထင်မှ ဆံနွယ်များမှာ လေထဲတွင် လွင့်ပျံ့နေသည်။ သူ၏နှုတ်ခမ်းများမှာ တုန်ရီနေပြီး အသံမှာလည်း အက်ရှလျက် ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေ၏။

“အရှင်မင်းကြီးမှာ အမိန့်တော်ရှိပါတယ်၊ မင်းကို နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးနဲ့ တွေ့ဆုံဖို့ ဆင့်ခေါ်လိုက်ပါတယ်”

ထိုတိုတောင်းလှသော စကားတစ်ခွန်းသည် သူ၏အင်အားအားလုံးကို ကုန်ဆုံးစေခဲ့သကဲ့သို့ပင်။

ဝမ်ချောင်သည် တံခါးဝကို ဖြတ်ကျော်ကာ မြင်းရထားပေါ်သို့ တက်လိုက်သည်။ လမ်းကြားပေါင်းများစွာကို ဖြတ်ကျော်ကာ နန်းတော်ဆီသို့ ဦးတည်ခဲ့သည်၊ အေးစက်လှသော မြင်းရထားနံရံကို မှီထားရင်း ဝမ်ချောင်၏ ဦးနှောက်ထဲတွင် ဗလာကျင်းနေပြီး ဘာမှ မတွေးတောနိုင်ဘဲ ရှိနေသည်။

သူသည် မြင်းရထားအပြင်ဘက်မှ မြင်းရထားမောင်းသူ၏ ရွှေ့ ဟူသော အော်ဟစ်သံများကို ကြားနေရသကဲ့သို့၊ နန်းတော်တံခါးရှိ စောင့်ကြပ်နေသော စစ်သည်များ ပြောဆိုနေသည်များကိုလည်း ကြားနေရသည်။ မကြာမီမှာပင် နန်းတော်တံခါးကို ဖွင့်ပေးလိုက်ပြီး မြင်းရထားကို ဝင်ခွင့်ပြုလိုက်သည်။ တစ်လမ်းလုံးတွင် သူသည် မိန်းမောတွေဝေနေခဲ့ပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

“အရှင် ရောက်ပါပြီ”

မြင်းရထားအပြင်ဘက်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ်ချောင်သည် ရထားတံခါးကို ဖွင့်ကာ ဆင်းလိုက်သည်၊ မော့ကြည့်လိုက်သည့်အခါ သူ၏ ရှေ့တွင် ကောင်းကင်ယံသို့ ထိုးထွက်နေသော ထိုက်ကျိနန်းဆောင်ကို မြင်တွေ့လိုက်ရသည်။

ကောင်းကင်ယံတွင် မိုးတိမ်များ ဖုံးလွှမ်းနေပြီး အလွန်အမင်း မှောင်မှောက်နေ၏။

ထိုမိုးတိမ်များအောက်တွင် ထိုက်ကျိနန်းဆောင်သည် ဧရာမ ငှက်ကြီးတစ်ကောင် အတောင်ပံဖြန့်ထားသကဲ့သို့ ကောင်းကင်တွင် ဝဲပျံနေဟန်ဖြင့် ခန့်ညားထည်ဝါစွာ တည်ရှိနေပြီး ကြည့်ရှုသူကို ကြီးမားသော ဖိအားကို ပေးစွမ်းနေသည်။

အကြောင်းရင်းကို မသိရသော်လည်း ဤထိုက်ကျိနန်းဆောင်ကို ထပ်မံမြင်တွေ့ရသည့်အခါ ဝမ်ချောင်၏ စိတ်ထဲတွင် အလွန်အမင်း လေးလံလှသော ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။

“ဝမ်ချောင် အရှင်မင်းကြီးက စောင့်နေတာ ကြာလှပြီ”

ကောင်းလီရှီက လမ်းလျှောက်ဝင်လာပြီး ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်သည်။

ဝမ်ချောင်သည် လှေကားထစ်များအတိုင်း တက်သွားပြီး ဖြူဖွေးသော ကျောက်စိမ်းရင်ပြင်၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။ သူ၏လက်ဖြင့် ထိုက်ကျိနန်းဆောင်၏ လေးလံလှသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

“ကျွီ”

ထိုအသံသည် နှစ်ပေါင်းသောင်းချီ၍ ပဲ့တင်ထပ်နေသကဲ့သို့ပင် ရှည်လျားလှသည်၊ ဝမ်ချောင်သည် တံခါးခုံကို ကျော်ဖြတ်ကာ အထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ထိုက်ကျိနန်းဆောင်အတွင်း၌ အနည်းငယ် အေးစက်နေပြီး အရပ်မျက်နှာအနှံ့၌ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏၊ မည်သည့်အသံမျှ မရှိပေ၊ ဝမ်ချောင်သည် ခေါင်းကို မော့ကြည့်လိုက်သည့်အခါ နန်းဆောင်၏ အပေါ်ဘက်ရှိ မြင့်မားလှသော ကိုးပါးနဂါးပလ္လင်ပေါ်၌ ရင်းနှီးသော ပုံရိပ်တစ်ခုကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

သူတော်စင်ဧကရာဇ်သည် နဂါးဝတ်စုံကို ဝတ်ဆင်ထားကာ ကိုယ်ကို စောင်းလျက် လက်တစ်ဖက်ဖြင့် ဦးခေါင်းကို ထောက်ထားပြီး အတွေးနက်နေဟန် ရှိသည်။

“မင်းရောက်လာပြီလား”

အသံတစ်ခုသည် ဝမ်ချောင်၏ နားထဲတွင် ထွက်ပေါ်လာသည်။ နန်းဆောင်အထက်၌ သူတော်စင်ဧကရာဇ်သည် အိပ်စက်ရာမှ နိုးထလာသကဲ့သို့ စကားဆိုလိုက်သည်။

သူသည် ကိုယ်ကို ဖြည်းညှင်းစွာ မတ်လိုက်သည်။ ထိုအချိန်မှာပင် ပြင်းထန်လှသော အရှိန်အဝါတစ်ခုသည် တောက်လောင်နေသော နေမင်းကြီးကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာ လှိုင်းလုံးကြီးများကဲ့သို့လည်းကောင်း သူ၏ ကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး နန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ထိုက်ကျိနန်းဆောင်အတွင်းရှိ အေးစက်တိတ်ဆိတ်သော အငွေ့အသက်များမှာ ခဏချင်းမှာပင် အကုန်လုံး ပြယ်လွင့်သွားပြီး နေရောင်ခြည်အောက်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားချက်ကို ထပ်မံ ပေးစွမ်းလိုက်ပြန်သည်။

ထိုကိုးပါးနဂါးပလ္လင်ပေါ်၌ ဝမ်ချောင်သည် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူတော်စင်ဧကရာဇ်၏ အရင်က ဖြူလျော့နေသော ပါးပြင်ပေါ်၌ သွေးရောင်များ ရုတ်တရက် လွှမ်းမိုးလာခဲ့သည်၊ သူ၏ အမူအရာမှာ ခန့်ညားထည်ဝါကာ တည်ငြိမ်နေပြီး ဝမ်ချောင်၏ မှတ်ဉာဏ်ထဲရှိသော၊ လူအပေါင်းတို့ ကြည်ညိုရသော သူတော်စင်ဧကရာဇ်အသွင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

အကယ်၍ ကံကြမ္မာကျောက်တုံး၏ အသံကို မကြားခဲ့ရပါက ဝမ်ချောင်အနေဖြင့် သတိထားမိလိမ့်မည် မဟုတ်ပေ။ သို့သော် ထိုခဏ၌ သူ၏ မှတ်ဉာဏ်ထဲရှိ ရင်းနှီးသော ပုံရိပ်ကို ကြည့်ရှုရင်း ဝမ်ချောင်၏ စိတ်ထဲတွင် နက်နဲလှသော ဝမ်းနည်းမှုများကို ခံစားနေရသည်။

သို့သော် တစ်ခဏအတွင်းမှာပင် ဝမ်ချောင်သည် သူ၏စိတ်ထဲရှိ ဝမ်းနည်းကြေကွဲမှု အားလုံးကို ဖုံးကွယ်လိုက်သည်။

အချိန်များမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည်လည်ပတ်နေခဲ့ပြီး နောက်ဆုံးတွင်မူ သူတော်စင်ဧကရာဇ်ကျဆုံးမည့် အချိန်သို့ ထပ်မံရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်သည်။

အချိန်မှာ အကန့်အသတ် ရှိနေသည်ကို ဝမ်ချောင်ကောင်းစွာ သိရှိထားသည်၊ သူတော်စင်ဧကရာဇ်သည် သူ၏ဘဝ နောက်ဆုံးအချိန်၌ မိမိကို ခေါ်ယူတွေ့ဆုံခြင်းမှာ သေချာပေါက် အရေးကြီးသော ကိစ္စရပ်များ ရှိနေခြင်းကြောင့်ဖြစ်ရာ မိမိ၏ ဝမ်းနည်းနေသော မျက်နှာကို ဧကရာဇ် မြင်တွေ့လိုမည် မဟုတ်ပေ။

“ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

ဝမ်ချောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ တည်ငြိမ်သော အမူအရာ၊ ခိုင်မာသော မျက်လုံးများဖြင့် နန်းဆောင်အတွင်း၌ ဒူးတစ်ဖက် ထောက်လျက် ရိုသေစွာဖြင့် ဂါရဝပြုလိုက်သည်။

“ထတော့ အခမ်းအနားတွေ လုပ်မနေပါနဲ့တော့”

နန်းဆောင်အထက်၌ ဝမ်ချောင်ကို ကြည့်ရှုရင်း သူတော်စင်ဧကရာဇ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

အကြောင်းရင်းကို မသိရသော်လည်း ထိုအပြုံးကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်ထဲတွင် ရုတ်တရက် နာကျင်ဆို့နင့်မှုကို ခံစားလိုက်ရသည်။

******

အခန်း (၂၀၄၃) ကျိုးအကာအကွယ်

“ရှေ့ကို တိုးလာခဲ့စမ်း၊ ငါကိုယ်တော်မှာ မင်းကို ပြောစရာ စကားရှိတယ်”

သူတော်စင်ဧကရာဇ်က စကားဆိုလိုက်ရာ သူ၏ အသံမှာ အနည်းငယ် အားနည်းနေဟန် ရှိသည်။

“ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ် ”

ဝမ်ချောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ရှေ့သို့ တိုးသွားခဲ့သည်။

“ကောင်းတယ်”

သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို ရုတ်တရက် အကဲခတ်ကြည့်ရှုကာ ပြုံးလျက် ဆိုလိုက်သည်။

“ငါကိုယ်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ စစ်သူကြီး၊ ထန်မင်းဆက်ရဲ့ စစ်နတ်ဆိုတာ တကယ်ကို မမှားပါဘူး”

သို့သော် ဝမ်ချောင်သည် သူ၏ရှေ့ရှိ သူတော်စင်ဧကရာဇ်ကို ကြည့်ရှုရင်း အနည်းငယ်မျှပင် ပြုံးမပြနိုင်ပေ။

အနီးကပ် ကြည့်ရှုလိုက်သည့် အခါတွင်မူ သူတော်စင်ဧကရာဇ်၏ ဦးခေါင်းပေါ်တွင် ဆံပင်ဖြူအချို့ တိုးပွားလာပြီး အမူအရာမှာလည်း များစွာ ပင်ပန်းနွမ်းနယ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူသည် ခန့်ညားထည်ဝါမှု ရှိနေဆဲ ဖြစ်သော်လည်း သူ၏ ကိုယ်အတွင်း၌ အားနည်းမှု အရိပ်အယောင်များမှာ တိတ်တဆိတ် ထွက်ပေါ်နေ၏။

ဝမ်ချောင်၏ စိတ်ထဲတွင် တင်းကျပ်သွားသည်၊ သူတော်စင်ဧကရာဇ်သည် ဤမျှအထိ အားနည်းနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“အရှင်မင်းကြီး ……”

ဝမ်ချောင်က စကားစရန် ပြင်လိုက်သော်လည်း သူ စကားပြောရန် ပြင်ဆင်လိုက်သည်နှင့် သူတော်စင်ဧကရာဇ်က လက်တစ်ဖက်ကို မြှောက်ကာ တားဆီးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

“ငါကိုယ်တော်အတွက် အချိန်က သိပ်မကျန်တော့ဘူး”

သူတော်စင်ဧကရာဇ်သည် နဂါးပလ္လင်ကို လက်တစ်ဖက်ဖြင့် မှီထားလျက် မိမိ၏ ယုံကြည်ရသော အမတ်ကြီးရှေ့တွင် ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

တစ်ချိန်က လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ထိုမျက်နှာပေါ်တွင် နက်နဲလှသော ပင်ပန်းနွမ်းနယ်မှုများ ထွက်ပေါ်နေ၏။

“ဝမ်ချောင် ငါကိုယ်တော် ဘာကြောင့် ဒီအချိန်မှာ မင်းကို နန်းတော်ထဲ ခေါ်ယူတွေ့ဆုံရသလဲဆိုတာ မင်း သိသင့်ပါတယ်”

“အရှင်မင်းကြီး အရှင်မင်းကြီး ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး”

ဝမ်ချောင်၏စိတ်အစဉ်မှာ တုန်လှုပ်သွားပြီး စိတ်ထဲတွင် ပြောစရာ စကားလုံးများစွာ ရှိနေသော်လည်း နှုတ်ဖျားမှ ထွက်လာသည့် အခါတွင်မူ ဤစကားတစ်ခွန်းသာ ကျန်ရှိတော့သည်။

“ငါကိုယ်တော်ကို ဖျောင်းဖျနေဖို့ မလိုပါဘူး၊ ငါ့အခြေအနေကို ငါကိုယ်တိုင် သိပါတယ်”

သူတော်စင်ဧကရာဇ်က ပြုံးလျက် လက်ယမ်းလိုက်သည်။

“ဝမ်ချောင်၊ မင်းက ငါကိုယ်တော်သဘောကျတဲ့ လူတစ်ယောက်ပဲ၊ မင်း လုပ်သမျှ အရာအားလုံးကို ငါကိုယ်တော် မျက်မြင်ကိုယ်တွေ့ပါပဲ”

“မင်း ငါကိုယ်တော်ကို စိတ်မပျက်စေခဲ့ဘူး”

“အရှင်မင်းကြီး ဒါဆို…… တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား”

ဝမ်ချောင်က ဝမ်းနည်းကြေကွဲစွာဖြင့် မေးမြန်းလိုက်သည်။

အခြေအနေများမှာ ဤအဆင့်အထိ ရောက်ရှိသွားမည်ဟု သူ လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။ ကံကြမ္မာကျောက်တုံး၏ သတိပေးချက်များ ရှိနေသော်လည်း ဝမ်ချောင်အနေဖြင့်မူ အခြားသော နည်းလမ်းများ ရှိနေလိမ့်မည်ဟု အမြဲ ယုံကြည်ထားခဲ့သည်။

“အပိုပါပဲ”

သူတော်စင်ဧကရာဇ်က ဦးခေါင်းကို ခါယမ်းကာ ဝမ်ချောင်ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ကြည်နူးမှုများ ပြည့်နှက်နေ၏။

သူနှင့် ဝမ်မိသားစုတို့၏ သံယောဇဉ်မှာ ကျိုကုန်း(ဝမ်အဘိုးအိုကြီး)မှတစ်ဆင့် ဝမ်မိသားစု၏ အငယ်ဆုံးသားဖြစ်သော ဝမ်ချောင်ဆီသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပြန်လည်စဉ်းစားကြည့်မည်ဆိုပါက သူကိုယ်တိုင်ပင်လျှင် ဤသည်မှာ မယုံနိုင်စရာ ကောင်းသည်ဟု ခံစားရသည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ငါကိုယ်တော် နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြိုးစားရာမှာ ကျရှုံးခဲ့ကတည်းက ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာကို သိရှိထားပြီးသားပါ”

“ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ ငါကိုယ်တော် လောကမှာရှိတဲ့ နည်းလမ်းမှန်သမျှကို စမ်းသပ်ကြည့်ခဲ့ပေမဲ့ ဘယ်နည်းလမ်းကမှ ဒီပြောင်းလဲမှုကို မတားဆီးနိုင်ခဲ့ဘူး။ သိုင်းပညာလမ်းစဉ်ဆိုတာ လမ်းတိုင်းက ခက်ခဲလှတယ်၊ ရှေ့မတိုးရင် နောက်ဆုတ်သွားရတာပဲ၊ နတ်ဘုရားအဆင့် ဆိုတာကတော့ ပိုလို့တောင် အန္တရာယ်များပြီး အောင်မြင်ရင် အောင်မြင်၊ မအောင်မြင်ရင်တော့ ကိုယ်ခန္ဓာပျက်စီးရမယ့် သေလမ်းပဲ”

“ငါကိုယ်တော်က ကျရှုံးသွားခဲ့ရုံပါပဲ”

သူတော်စင်ဧကရာဇ်က အေးဆေးစွာ ဆိုလိုက်သည်။ သူ၏စကားထဲတွင် စိတ်ပျက်အားငယ်မှုများ မရှိဘဲ အုပ်ချုပ်သူတစ်ဦး၏ ပြတ်သားမှုနှင့် တည်ငြိမ်မှုများသာ ရှိနေသည်။

သိုင်းပညာလမ်းစဉ်တွင် ရှေးယခင်မှ ယနေ့အထိ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော လူသားများနှင့် သိုင်းပညာရှင်များစွာထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ထိုနယ်ပယ်သို့ မထိတွေ့နိုင်ခဲ့ပေ။ သူသည် ထိုနယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားနိုင်ခဲ့ပြီး လူသန်းပေါင်းများစွာ မတွေးဝံ့သည့် အရာကို လုပ်ဆောင်နိုင်ခဲ့ခြင်းမှာပင် လုံလောက်လှပြီ ဖြစ်သည်။

ဝမ်ချောင်သည် သူ၏ဘေးနားရှိ လမင်းကဲ့သို့ ခန့်ညားထည်ဝါသော သူတော်စင်ဧကရာဇ်ကို ကြည့်ရှုရင်း စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်များ ဖြစ်ပေါ်နေသည်။

မည်သည့်အချိန်တွင်မဆို သူ၏ရှေ့ရှိ ထန်မင်းဆက်ကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့သူမှာ သူ၏ စိတ်ထဲတွင် အလေးစားရဆုံးသော ပုဂ္ဂိုလ်ဖြစ်နေဆဲ ဖြစ်သည်။

သူသည် ဧကရာဇ်မျိုးနွယ်ထဲတွင် ရှိနေသော်လည်း စိတ်ထားမှာ ပွင့်လင်းလွတ်လပ်သူဖြစ်၏၊ သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် အမြဲတမ်း တည်ငြိမ်နေဆဲဖြစ်ကာ ဤလောကတွင် သူ့ကို လှုပ်ခတ်စေနိုင်သည့်အရာ သို့မဟုတ် သူ၏ မျက်ခုံးများကို တွန့်ချိုးစေနိုင်သည့်အရာ မရှိသကဲ့သို့ပင်။

ဤသူသည် သေခြင်းတရားကပင် အနိုင်မယူနိုင်သော ကမ္ဘာတည်သရွေ့ ကျော်ကြားမည့် လိမ္မာပါးနပ်သော ဧကရာဇ်တစ်ပါးပင် ဖြစ်၏

“ဝမ်ချောင် နန်းဆောင်နောက်ဘက်မှာ ငါကိုယ်တော်မင်းကို ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးရဲ့လား”

သူတော်စင်ဧကရာဇ်က ရုတ်တရက် မေးမြန်းလိုက်သည်။

“ကျွန်တော်မျိုး တစ်သက်လုံး မမေ့ပါဘူး”

ဝမ်ချောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး လေးနက်စွာ လျှောက်တင်လိုက်သည်။

“ကောင်းပြီ၊ မင်းဆီက ဒီစကားကို ကြားရတော့ ငါကိုယ်တော်စိတ်ချသွားပါပြီ”

သူတော်စင်ဧကရာဇ်က ဦးခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

“ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ ငါကိုယ်တော် အမြဲတမ်း ရှာဖွေနေခဲ့တာက ငါကိုယ်တော် မရှိတော့တဲ့နောက်မှာ ငါ့အစား ထန်မင်းဆက်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် လူတစ်ယောက်ကိုပဲ၊ ဝမ်ချောင် မင်း ငါကိုယ်တော်ကို စိတ်မပျက်စေခဲ့ဘူး”

သူတော်စင်ဧကရာဇ်၏အသံမှာ နန်းဆောင်အတွင်း၌ ထပ်မံ ထွက်ပေါ်လာပြီး ထိုအသံထဲတွင် ကြည်နူးမှုများ ပြည့်နှက်နေသည်။

“မင်းရှိနေတဲ့အတွက် ငါကိုယ်တော်နောက်ဆုံးတော့ စိတ်အေးလက်အေး နေနိုင်ပါပြီ”

“အရှင်မင်းကြီး စိတ်ချပါ၊ ဘယ်လို အချိန်မျိုးမှာမဆို ကျွန်တော်မျိုးရဲ့ အသက်ကို ရင်းပြီးတော့တောင် ဒီမြေကမ္ဘာနဲ့ တောင်တန်းတွေကို သေသည်အထိ ကာကွယ်စောင့်ရှောက်သွားပါ့မယ်”

ဝမ်ချောင်၏ အသံမှာ ခိုင်မာပြတ်သားလှသည်။

သူတော်စင်ဧကရာဇ်က ပြုံးလိုက်ရာ သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသော အမူအရာမျိုး ထွက်ပေါ်လာသည်။

သူသည် လူရွေးမမှားခဲ့ကြောင်းကို သိရှိထားသည်။

“ဝုန်း”

ရုတ်တရက် သူတော်စင်ဧကရာဇ်၏ ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်လှုပ်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးစအချို့ ထွက်ပေါ်လာခဲ့သော်လည်း သူသည် ချက်ချင်းပင် ပြန်လည် မျိုချလိုက်သည်။ သူတော်စင်ဧကရာဇ်၏ မျက်နှာမှာ ဖြူလျော့မသွားဘဲ ပိုမို၍ပင် နီမြန်းစိုပြည်လာခဲ့သည်။

“အရှင်မင်းကြီး”

ဝမ်ချောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး တစ်စုံတစ်ရာကို ချက်ချင်း နားလည်လိုက်သည်။

“ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ ဒဏ်ရာကို ကုသပေးပါရစေ”

ဝမ်ချောင်သည် ရှေ့သို့ တိုးသွားရန် ပြင်လိုက်သော်လည်း သူတော်စင်ဧကရာဇ်က တားဆီးလိုက်ပြန်သည်။

“ငါကိုယ်တော်မှာ အချိန်အများကြီး မရှိတော့ဘူး၊ နောက်ထပ် ပြောမယ့် စကားတွေကို သေသေချာချာ နားထောင်ထားပါ”

သူတော်စင်ဧကရာဇ်က လက်ယမ်းလိုက်ပြီး သူ၏အမူအရာမှာလည်း များစွာ လေးနက်တည်ငြိမ်သွားခဲ့သည်။

“ထန်မင်းဆက်ရဲ့ အတွင်းနဲ့အပြင်မှာတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အေးချမ်းနေသလို ထင်ရပေမဲ့ မင်းအသက် ၁၆ နှစ်တုန်းက ငါကိုယ်တော်ဆီ တင်ပြခဲ့တဲ့ အစီရင်ခံစာအတိုင်းပဲ၊ အမှောင်ထဲမှာတော့ ဘေးအန္တရာယ်တွေက ဝိုင်းရံနေတာပဲ”

“နန်းတွင်းပုန်ကန်မှုမှာ ပထမမင်းသားလီယင်းကို ကူညီပေးခဲ့တဲ့ အမည်းရောင်ဝတ်စုံဝတ်လူတွေကို မှတ်မိသေးလား။ မင်း မှတ်ထားပါ၊ ထန်မင်းဆက်ရဲ့ တကယ့်ရန်သူက အရှေ့နဲ့ အနောက် တာ့ခ်တွေ မဟုတ်ဘူး၊ ယွီစန်းနဲ့ ဂိုဂူလျောတွေလည်း မဟုတ်ဘူး၊ အနောက်ဘက်က ဝေးကွာလှတဲ့ အာရပ်တွေလည်း မဟုတ်ဘူး၊ အဲဒီအစား နှစ်ပေါင်း ထောင်ချီအောင် ပုန်းအောင်းနေခဲ့တဲ့ အဲဒီ အမည်းရောင်ဝတ်စုံဝတ်လူတွေပဲ”

“မင်းရဲ့ ဉာဏ်ပညာက ပြည့်စုံပေမဲ့လည်း မင်းရဲ့သိုင်းပညာကတော့ အများကြီး လိုအပ်နေပါသေးတယ်”

“ငါကိုယ်တော် ရှိနေသရွေ့တော့ အဲဒီအမည်းရောင်ဝတ်စုံဝတ်လူတွေက ကြောက်ရွံ့နေကြတုန်းပဲမို့ သိပ်ပြီး မသောင်းကျန်းဝံ့ကြသေးဘူး။ ဒါပေမဲ့ ငါကိုယ်တော် မရှိတော့တဲ့နောက်မှာတော့ လောကမှာ သူတို့ကို တားဆီးနိုင်မယ့်သူ မရှိတော့ဘူး၊ အဲဒီအချိန်ကျရင် ဧကရာဇ်အာဏာဆိုတာတောင် သူတို့အတွက် ကစားစရာလို ဖြစ်သွားလိမ့်မယ်။ မင်းရဲ အစွမ်းနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် မလုံလောက်ဘူး”

သူတော်စင်ဧကရာဇ်က ဆိုလိုက်သည်။

ဝမ်ချောင်၏ စိတ်ထဲတွင် လေးလံသွားပြီး ခေါင်းငုံ့လိုက်မိသည်။

သူတော်စင်ဧကရာဇ်ပြောကြားသည်မှာ အမှန်တရားပင် ဖြစ်၏၊ ဝတ်စုံနက်ဝတ်လူ အဖွဲ့အစည်းမှာ အစွမ်းထက်လှပြီး ထိပ်တန်းပညာရှင်များစွာ ရှိနေသည်၊ ဆိတ်၊ သမင်၊ ကျား နတ်မင်းသုံးပါး၊ ထျန်းဖူနတ်ဘုရား၊ အဝါရောင်နဂါးမင်း၊ ထိုက်ရှီ…… ဤသူများမှာ တစ်ဦးထက်တစ်ဦး ပိုမိုအစွမ်းထက်ကြသည်။

သာမန်လူသားများ၏ အမြင်တွင် ထိပ်တန်းပညာရှင်ဟု ဆိုနိုင်သူများမှာ ဤသူတို့၏ ရှေ့တွင် ခြောက်ပေါက်ကဲ့သို့ သေးငယ်လှပေသည်။

အထူးသဖြင့် အန်းလုရှန်း၏ နောက်ကွယ်မှ ထိုက်ရှီဆိုသူမှာ ပို၍ပင် မတွေးဝံ့လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

အကယ်၍ ထိုနေ့က သူတော်စင်ဧကရာဇ်၏ အရှိန်အဝါသာ ပေါက်ကွဲမထွက်လာခဲ့ပါက သူသည် ထိုသူ၏ လက်ထဲတွင် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

သူတော်စင်ဧကရာဇ်ပြောကြားသကဲ့သို့ပင် ဧကရာဇ် ရှိနေသရွေ့ မြို့တော်မှာ ဘေးကင်းမည်ဖြစ်သော်လည်း ဧကရာဇ် မရှိတော့ပါက တန်မင်းဆက်တစ်ခုလုံး၌ ထိုက်ရှီကဲ့သို့သော သူများကို ယှဉ်ပြိုင်နိုင်မည့်သူ မရှိတော့ပေ။

“ငါကိုယ်တော်မင်းအတွက် ချန်ထားခဲ့နိုင်တဲ့ အရာက သိပ်မကျန်တော့ဘူး။ ဒီအရာကတော့ ငါကိုယ်တော် မရှိတော့တဲ့နောက် မင်းအတွက် ချန်ထားခဲ့နိုင်တဲ့ တစ်ခုတည်းသော အရာပဲ”

သူတော်စင်ဧကရာဇ်၏အသံမှာ နန်းဆောင်အတွင်း၌ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေသည်။

ထိုသို့ပြောဆိုပြီးနောက် ဝမ်ချောင်၏ရှေ့တွင် သူတော်စင်ဧကရာဇ်သည် ဝုန်းကနဲ မတ်တပ်ထရပ်လိုက်သည်။

သူ၏လက်ချောင်းဖြင့် ဟင်းလင်းပြင်ထဲသို့ တစ်ချက် ထောက်လိုက်ရာ

“ဝုန်း”

လူနှစ်ဦးမှာ ဆယ်လံခန့် ကွာဝေးနေသော်လည်း သူတော်စင်ဧကရာဇ်၏ ထိုလက်ညှိုးတစ်ချက်သည် ဟင်းလင်းပြင်ထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်ပေါ်လာပြီး နန်းဆောင်အတွင်း၌ လှိုင်းလုံးများစွာ ပေါက်ကွဲသွားခဲ့သည်။

ဝမ်ချောင်သည် ဘေးတစ်ဖက်စီမှ လေလှိုင်းများ ပြင်းထန်စွာ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး နောက်တစ်ခဏ၌ ကြီးမားလှသော အသံကြီးနှင့်အတူ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ သူ၏စိတ်ဝိညာဉ်မှာ သူတော်စင်ဧကရာဇ်နှင့် ဆက်သွယ်မိသွားပြီး ထူးဆန်းသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားစေခဲ့သည်။

ဝမ်ချောင်သည် မူလနေရာမှာပင် ရပ်နေဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ ခန့်ညားထည်ဝါလှသော ထိုက်ကျိနန်းဆောင်မှာမူ ပျောက်ကွယ်သွားကာ သူနှင့် သူတော်စင်ဧကရာဇ်သည် နန်းတော်၏ အမြင့်ဆုံးနေရာတွင် ရပ်နေလျက် မြို့တော်တစ်ခုလုံးကို ငေးကြည့်နေရသကဲ့သို့ မြင်တွေ့လိုက်ရသည်။

မရေမတွက်နိုင်သော အဆောက်အဦးများမှာ တစ်ခုနှင့်တစ်ခု အစီအရီ တည်ရှိနေကြပြီး အောက်ဘက်တွင် အဆင့်ဆင့် ပေါ်ထွက်နေသည်၊ ထိုအဆောက်အဦးများ၏ ပတ်လည်တွင် မြို့တော်၏ အရပ်လေးမျက်နှာ၌ ဧရာမ ရွှေရောင်မြို့ရိုးကြီး လေးခုကို ဝမ်ချောင်မြင်တွေ့လိုက်ရသည်။

“ဒါက……”

ဝမ်ချောင်အနည်းငယ် အံ့အားသင့်သွားသည်။

ဤသည်မှာ သူ မြို့တော်တစ်ခုလုံးကို ဤကဲ့သို့သော မြင်ကွင်းမျိုးဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

သူ၏ ရှေ့ရှိ သူတော်စင်ဧကရာဇ်ကို ကြည့်ရှုရင်း ဝမ်ချောင်ချက်ချင်း နားလည်သွားခဲ့သည်၊ ဧကရာဇ်သည် သူ၏မြင့်မြတ်လှသော စွမ်းအားဖြင့် မြို့တော်တစ်ခုလုံး၏ မြင်ကွင်းကို သူ၏ မှတ်ဉာဏ်ထဲသို့ တိုက်ရိုက် ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

ဝမ်ချောင်သည် သူတော်စင်ဧကရာဇ်မိမိကို ဘာပြချင်သလဲဆိုသည်ကို မေးမြန်းရန် ပြင်လိုက်သည့် အချိန်မှာပင် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

“ဝုန်း”

ဝမ်ချောင်၏ အာရုံထဲတွင် ခန့်ညားထည်ဝါလှသော မြို့တော်ကြီးမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မြို့တော်၏ မြေအောက်၌ နက်နဲဆန်းကြယ်လှသော စီရင်ထုံးများ တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက် ပေါ်ထွက်လာခဲ့သည်။

ထိုနက်နဲသော စီရင်ထုံးများသည် မြို့ပြတည်ဆောက်ပုံနှင့် တစ်သားတည်း ဖြစ်နေပြီး မြို့တော်အတွင်းရှိ လမ်းမများ၊ မြို့ရိုးများမှာလည်း မရည်ရွယ်ဘဲ ထိုစီရင်ထုံးများနှင့် ပေါင်းစပ်နေကာ ဧရာမ စစ်တုရင်ခုံကြီးတစ်ခုကဲ့သို့ မြေအောက်နက်နဲရာတွင် ပိုမိုကြီးမားသော စီရင်ထုံးကြီးတစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်သည်။

သေသေချာချာ ကြည့်ရှုလိုက်သည့်အခါ မီးခိုးငွေ့များကြားတွင် နက်နဲသော ရွန်း (မန္တန်အက္ခရာ) သင်္ကေတများစွာ ပေါ်ထွက်နေပြီး စီရင်ထုံး၏ အတွင်းပိုင်းမှ စွမ်းအင်များ အားလုံးမှာ ဝမ်ချောင်၏ခြေထောက်အောက်ရှိ နန်းတော်မြေအောက်မှ ကိုးကမ္ဘာသုံးဧကရာဇ်စီရင်ထုံးနှင့် ပေါင်းစပ်နေခြင်း ဖြစ်သည်။

စီရင်ထုံးမှာ အသက်ဝင်ခြင်း မရှိသေးဘဲ စွမ်းအင်အားလုံးမှာ ငြိမ်သက်နေသော်လည်း ဝမ်ချောင်အနေဖြင့် ထိုစီရင်ထုံးအတွင်း၌ ပုန်းအောင်းနေသော သမုဒ္ဒရာကဲ့သို့ ပြင်းထန်လှသည့် ကြောက်မက်ဖွယ် စွမ်းအင်များကို ခံစားနေရဆဲ ဖြစ်သည်။

ဤစီရင်ထုံးသည် နန်းတော်မြေအောက်ရှိ ကိုးကမ္ဘာသုံးဧကရာဇ်စီရင်ထုံး၏ နှစ်ပေါင်း ထောင်ချီ စုဆောင်းထားသော စွမ်းအားများကို အသုံးပြုထားခြင်းဖြစ်ကာ၊ စီရင်ထုံးကိုယ်တိုင်၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်သည့်အခါ ထိုစွမ်းအင်ပမာဏမှာ သိုင်းပညာရှင် တစ်ဦးချင်းစီ၏ စွမ်းအားထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

ဝမ်ချောင်ပင်လျှင် ဤကြောက်မက်ဖွယ် စီရင်ထုံးကြီး၏ ရှေ့တွင် သူ၏ သိုင်းပညာမှာ အလွန် သေးငယ်လှသည်ဟု ခံစားလိုက်ရသည်။

သို့သော် နောက်တစ်ခဏ၌ ဝမ်ချောင်သည် မြေအောက်မှ ထွက်ပေါ်နေသော နဂါးကြီးများကဲ့သို့ ရွှေရောင်စွမ်းအင်များကို မြင်တွေ့လိုက်ရပြီး ထိုစွမ်းအင်များထဲမှ ရင်းနှီးသော အငွေ့အသက်များကို ခံစားလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ချက်ချင်း နားလည်သွားခဲ့သည်။

“အရှင်မင်းကြီး အရှင်မင်းကြီး”

ဝမ်ချောင်သည် သူတော်စင်ဧကရာဇ်ကို ကြည့်ရှုရင်း မျက်လုံးများ ပြူးကျယ်သွားကာ များစွာတုန်လှုပ်သွားရသည်။

မြို့တော်မြေအောက်ရှိ ထိုဧရာမ စီရင်ထုံးကြီးကို မြင်တွေ့လိုက်ရသည့်အခါ၊ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူတော်စင်ဧကရာဇ်သည် ဘာကြောင့် ဤမျှအထိ ပင်ပန်းနွမ်းနယ်ကာ အားနည်းသွားရသလဲဆိုသည်ကို ဝမ်ချောင်နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူသည် သူ၏ တစ်ကိုယ်လုံးရှိ ကြီးမားလှသော စွမ်းအင်များကို မြို့တော်မြေအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး မြို့တော်ကို ကာကွယ်ရန်အတွက် မကြုံစဖူးသော ကြီးမားလှသည့် စီရင်ထုံးကြီးကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

“မင်းမြင်တွေ့နေရတာက ရှန်းလျူစီရင်ထုံးပဲ၊ ငါကိုယ်တော်က ဒါကို အနည်းငယ် ပြုပြင်ပြောင်းလဲထားပြီး ရှောင်ကျိုကျိုးအကာအကွယ်အဖြစ် ပြောင်းလဲထားတယ်၊ ဒီစီရင်ထုံး အဝန်းအဝိုင်းအတွင်းမှာဆိုရင် အစီရင်ကို အသက်သွင်းလိုက်တာနဲ့ နတ်ဘုရားအဖွဲ့အစည်းက လူမှန်သမျှ အကုန်လုံးကို တိုက်ထုတ်ပစ်မှာ ဖြစ်သလို စီရင်ထုံးရဲ့ တိုက်ခိုက်မှုကိုလည်း ခံရလိမ့်မယ်”

“ဒါပေမဲ့ အရေးကြီးဆုံးကတော့ ငါကိုယ်တော်က ဒီစီရင်ထုံးရဲ့ အရှိန်အဝါကို မင်းရဲ့ ကိုယ်ခန္ဓာနဲ့ ပေါင်းစပ်ပေးထားတယ်။ ထျန်းသာ ပေါ်မလာဘူးဆိုရင် ဒီအဝန်းအဝိုင်းထဲမှာ မင်းကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး၊ ထိုက်ရှီတောင်မှ မင်းရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး”

သူတော်စင်ဧကရာဇ်၏ အသံမှာ ဝမ်ချောင်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်၊ သူ၏လက်ချောင်းလေးဖြင့် တစ်ချက် လှုပ်ရှားလိုက်ရာ ရွှေငွေနှစ်ရောင် တောက်ပနေသော အမွှေးအတောင်ကဲ့သို့ ရွန်းသင်္ကေတတစ်ခုမှာ ထွက်ပေါ်လာပြီး ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ စိမ့်ဝင်သွားခဲ့သည်။

“ဝုမ်း…”

ခဏချင်းမှာပင် ဝမ်ချောင်သည် မိမိနှင့် ထိုစီရင်ထုံးကြီးကြား၌ နက်နဲသော ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ သူ အလိုရှိပါက ထိုမဟာအစီအရင်ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်သကဲ့သို့ ခံစားလိုက်ရတော့သည်။

******

အခန်း (၂၀၄၄) သူတော်စင်ဧကရာဇ်၏ ပုံပြင်

အစီအရင်၏ စွမ်းအားမှာ များစွာ ကြီးမားလှပေရာ ဝမ်ချောင်မှာ ယခုမှ စတင်ထိတွေ့ဖူးခြင်း ဖြစ်သဖြင့် ၎င်းကို အလုံးစုံ ကျွမ်းကျင်စွာ ထိန်းချုပ်အသုံးပြုနိုင်ခြင်း မရှိသေးပေ။

“ရှောင်ကျိုကျိုးရှိတယ်ဆိုပေမဲ့၊ မင်းရဲ့ အခုလက်ရှိ အစွမ်းနဲ့ဆိုရင် သူတို့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်တာကို သတိထားရမယ်။ မြို့တော်ကနေ ထွက်သွားတာနဲ့ မင်းကို ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး၊ ဒါကြောင့် လုံးဝ ပေါ့ဆလို့ မဖြစ်ဘူး”

သူတော်စင်ဧကရာဇ်က ဆိုလိုက်သည်။ သူ၏အသံမှာ တည်ငြိမ်အေးဆေးနေပြီး မည်သည့် လှုပ်ခတ်မှုမျှ မရှိဘဲ အရာအားလုံးကို ကြိုတင်သိမြင်နေသည့်နှယ် ရှိနေပေသည်။

သူတော်စင်ဧကရာဇ်၏ဆံနွယ်များကြားတွင် ဆံပင်ဖြူအသစ် အချို့ ထပ်မံတိုးပွားလာသည်ကို ကြည့်ရှုရင်း ဝမ်ချောင်၏ စိတ်အစဉ်၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။

“အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်တော်မျိုးရဲ့ အသက်ကို ရင်းပြီး ထန်မင်းဆက်တစ်ခုလုံးကို အသက်ထက်ဆုံး ကာကွယ်သွားပါ့မယ်”

ဝမ်ချောင်က သွားကို တင်းတင်းကြိတ်ကာ လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

သူတော်စင်ဧကရာဇ်အနေဖြင့် အစီအရင်အတွက် အသုံးပြုထားသည့် သူ၏ဂန်ချီများကို ပြန်လည်သိမ်းဆည်းစေချင်သော်လည်း အခြေအနေများမှာ ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သကဲ့သို့ ဧကရာဇ်ကလည်း အရာအားလုံးကို စီစဉ်ပြီးသွားပြီဖြစ်၍ မိမိအနေဖြင့် တားဆီး၍ မရနိုင်တော့ကြောင်း ဝမ်ချောင် သိရှိနေပေသည်။

သူ ယခု လုပ်ဆောင်နိုင်သည်မှာ ထိုက်ဟယ်နန်းဆောင်၏ နောက်ဘက်ဆောင်အတွင်း၌ သူတော်စင်ဧကရာဇ်ကို ကတိပေးခဲ့သည့်အတိုင်း အနာဂတ်တွင် သူ၏အသက်ဖြင့် ဧကရာဇ်၏ ကိုယ်စား ဤမြေကမ္ဘာကို ဆက်လက်ကာကွယ်သွားရန်သာ ရှိတော့သည်။

“အင်း”

သူတော်စင်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ တိုတောင်းလှသည့် အချိန်အတွင်းမှာပင် သူ၏ အမူအရာမှာ ပိုမို ပင်ပန်းနွမ်းနယ်လာဟန် ပေါ်လွင်နေပေသည်။

“ထိုက်ရှီတို့လို လူတွေက ကြောက်စရာ မဟုတ်ပါဘူး၊ မင်းတကယ် သတိထားရမှာက ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ပုန်းနေတဲ့ 'ထျန်း'ပဲ။ ဒီလူက အရမ်းကို ကောက်ကျစ်စဉ်းလဲပြီး ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေ ရှိနေတာ၊ လွန်ခဲ့တဲ့ နှစ်တွေက ငါကိုယ်တော် နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြိုးစားရာမှာ ကျရှုံးခဲ့တာကလည်း ဒီလူရဲ့ နောက်ကွယ်က ကြိုးကိုင်မှုကြောင့်ပဲ”

ဝမ်ချောင်သည် ဤသည်ကို ကြားလိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်လှုပ်သွားရ၏။ ဤသည်မှာ သူတော်စင်ဧကရာဇ်အနေဖြင့် လွန်ခဲ့သည့် နှစ်များက နတ်ဘုရားအဆင့် သို့ တက်လှမ်းရန် ကြိုးပမ်းခဲ့သည့် အကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားသည်ကို ကြားလိုက်ရခြင်း ဖြစ်ပေသည်။

နောင်လာနောက်သားများထဲ၌ သူတော်စင်ဧကရာဇ် နတ်ဘုရားအဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးခဲ့သည်ကို သိရှိသူ များပြားသော်လည်း၊ အဘယ်ကြောင့် ကျရှုံးခဲ့ရသနည်းဟူသည်ကိုမူ မည်သူမျှ မသိရှိခဲ့ကြပေ။ လူအတော်များများက ဧကရာဇ်၏ သိုင်းပညာအစွမ်း မလုံလောက်ခြင်း သို့မဟုတ် ကံကြမ္မာ အထောက်အပံ့ မပါရှိခြင်းကြောင့်ဟုသာ ယူဆခဲ့ကြသည်။

သို့သော် ထိုကျရှုံးမှုသည် လျှို့ဝှက်ဆန်းကြယ်လှသော ‘ထျန်း’နှင့် တိုက်ရိုက် ပတ်သက်နေလိမ့်မည်ဟုမူ မည်သူမျှ မသိရှိခဲ့ကြပေ။

“ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ ငါကိုယ်တော်က သူ့ရဲ့ အသိုက်အအုံကို ရှာပြီး သူ့ရဲ့ ကိုယ်ထည်အစစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အမြဲ ကြိုးစားခဲ့ပေမဲ့၊ အုပ်ချုပ်ရေး ကိစ္စတွေ များပြားလွန်းတာကြောင့် မအောင်မြင်ခဲ့ဘူး။ ငါကိုယ်တော် သွားပြီးတဲ့နောက်မှာ ဒီလူက သေချာပေါက် တစ်ခုခု ကြံစည်လာလိမ့်မယ်၊ မင်းအရမ်း သတိထားရမယ်နော်”

သူတော်စင်ဧကရာဇ်၏ အသံမှာ သူ၏ နားထဲသို့ ဆက်လက် ဝင်ရောက်လာနေသည်။

“'ထျန်း'က ကိုယ်ပွားပေါင်း ထောင်သောင်းချီ ရှိနေတာမို့၊ ဘယ်သူမှ သူ့ရဲ့ကိုယ်ထည်အစစ် ဘယ်မှာ ရှိနေသလဲဆိုတာကို မသိကြဘူး။ ငါကိုယ်တော်နှစ်ပေါင်းများစွာ အချိန်ပေးပြီး သူ့ကို ရှာခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ဘူး”

“ဒီလူကသာ ငါကိုယ်တော်နဲ့ ထန်မင်းဆက်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုပဲ”

“ရန်သူက အလင်းထဲမှာ ရှိနေပြီး ငါတို့က အမှောင်ထဲမှာ ရှိနေတာ၊ တကယ်လို့ ထျန်းရဲ့ ကိုယ်ထည်အစစ်ကို မရှာနိုင်ဘူးဆိုရင် အနာဂတ်မှာ မင်းသေချာပေါက် သူ့လက်ထဲမှာ ရှုံးနိမ့်သွားလိမ့်မယ်။ အရင်က ငါကိုယ်တော်ကိုယ်တိုင် အစာအဖြစ် အသုံးချပြီး သူ့ကို ထွက်လာအောင် ဆွဲဆောင်ခဲ့တာ၊ နောက်ဆုံးမှာ သူ့ရဲ့ ကိုယ်ပွားတစ်ခုပဲ ထွက်လာခဲ့ပေမဲ့ သူ့ရဲ့ ကိုယ်ပေါ်က အနှစ်သာရ စွမ်းအင် တစ်စွန်းတစ်စကိုတော့ အောင်အောင်မြင်မြင် ရရှိခဲ့တယ်။ မင်းဒါကို မှတ်ထားပါ၊ ဒီစွမ်းအင်ကို သေသေချာချာ သိမ်းထား၊ အနာဂတ်မှာ မင်း သူ့နဲ့ တွေ့တဲ့အခါ ဒါက မင်းကို အများကြီး ကူညီပေးလိမ့်မယ်၊ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်”

သူတော်စင်ဧကရာဇ်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ သူ၏ စကားအဆုံး၌ ဝမ်ချောင်သည် ဧကရာဇ်၏ရင်ခွင်အတွင်းမှ ကြည်လင်ပြတ်သားလှသော အလင်းတန်းတစ်ခု ပျံ့လွင့်ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်းမှာ ကောင်းကင်ယံကဲ့သို့ ထိုးဖောက်မြင်နိုင်ကာ အလွန်ပင် ထူးဆန်းလှပေသည်။

ဝမ်ချောင်သည် ဤမျှ ထူးဆန်းပြီး သန့်စင်လှသော အလင်းရောင်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အလင်းတန်းလေးတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းအတွင်း၌ အဆုံးမရှိသော အရာများ ပါဝင်နေသည့်နှယ် ရှိနေကာ ဝမ်ချောင်သည် ၎င်းဆီမှ ကမ္ဘာဦး အနှစ်သာရ၏ အငွေ့အသက် အချို့ကိုပင် ခံစားသိရှိနေရပေသည်။

သိမ်မွေ့နယ်မြေ၏ စွမ်းအင်များမှာ ဤသန့်စင်လှသော အလင်းတန်းရှေ့၌ ချက်ချင်းပင် မှေးမှိန်သွားခဲ့ရသည်။

“ဒါက ‘ထျန်း’ရဲ့ အငွေ့အသက်လား”

ဝမ်ချောင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

မင်းသားသုံးပါး ပုန်ကန်မှုတုန်းက ဝမ်ချောင်သည် ‘ထျန်း’ဟူသော အမည်ကို ကြားဖူးခဲ့သော်လည်း ၎င်း၏ အငွေ့အသက်ကို ခံစားရသည်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်ပေသည်။

နှစ်ခုကြားရှိ ကွာခြားချက်မှာ သမုဒ္ဒရာကြီးသဖွယ် အလွန်ပင် ကြီးမားလွန်းလှပေသည်။

“ထျန်းက ရည်မှန်းချက် အလွန်ကြီးမားပြီး လောကကြီးတစ်ခုလုံးကို ထိန်းချုပ်ထားတာ၊ မင်းဆက်တွေ အပြောင်းအလဲနဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခြင်း၊ ပျက်သုဉ်းခြင်း အားလုံးက သူ့လက်ထဲမှာပဲ ရှိနေတာ”

သူတော်စင်ဧကရာဇ်က အေးဆေးစွာ ဆိုလိုက်သော်လည်း ၎င်းအတွင်းမှ ပါဝင်နေသည့် အချက်အလက် အနည်းငယ်ကပင် ဝမ်ချောင်၏ စိတ်ထဲ၌ ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့၏။

သူတော်စင်ဧကရာဇ်ပြောကြားခဲ့သည်မှာ အသေးစိတ် မဟုတ်ဘဲ အစွန်းအစမျှသာ ဖြစ်ပေရာ၊ ၎င်းကပင် လူကို များစွာ တုန်လှုပ်ခြောက်ခြားစေရန် လုံလောက်နေပေသည်။

ဝုမ်း… သူတော်စင်ဧကရာဇ်က လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုသန့်စင်လှသော အလင်းတန်းမှာ လက်ထဲမှ ထွက်ခွာသွားပြီး ဝမ်ချောင်၏လက်ဖဝါးပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာ၏။

ဝမ်ချောင်၏ လက်ထဲတွင် ထိုအလင်းတန်းကို တင်ထားသော်လည်း ထူးဆန်းသည်မှာ ဝမ်ချောင်သည် ၎င်း၏တည်ရှိမှုကို အနည်းငယ်မျှပင် မခံစားရဘဲ သူတော်စင်ဧကရာဇ်ပို့ပေးလိုက်သည့်အရာမှာ ဖောက်ထွင်းမြင်ရသည့် လေထုတစ်ခုမျှသာ ဖြစ်နေသကဲ့သို့ ရှိနေသည်။

အလင်းရောင် တစ်ချက် လက်သွားပြီး လှိုင်းတွန့်တစ်ခု ပျံ့နှံ့သွားကာ သူတော်စင်ဧကရာဇ်ပေးအပ်လိုက်သည့် ထိုသန့်စင်လှသော အလင်းတန်းမှာ အလင်းတန်းတစ်ခုသဖွယ် ဝမ်ချောင်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။ ဝမ်ချောင်၏ ယခုလက်ရှိ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ဧကရာဇ်က ၎င်းကို မည်သည့်နေရာ၌ အစီရင် ချထားသနည်းဟူသည်ကိုပင် မသိနိုင်သကဲ့သို့ ၎င်း၏ တည်ရှိမှုကိုလည်း လုံးဝ ခံစား၍ မရပေ။

“မင်းမှတ်ထားပါ၊ ထျန်းက နောင်အနာဂတ်မှာ မင်းရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ထျန်းက အစွမ်းထက်တယ်ဆိုပေမဲ့၊ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဒဏ်ရာရရှိထားတာ။ အကြောင်းပြချက် တစ်ခုခုကြောင့် သူ့ရဲ့ကိုယ်ထည်အစစ်က အလယ်ပိုင်းဒေသထဲကို ပေါ်မလာနိုင်ဘူး။ ဒါကြောင့် လောလောဆယ်တော့ မင်းကို ခြိမ်းခြောက်နိုင်ဦးမှာ မဟုတ်ဘူး”

“အခုကစပြီး အချိန်အတော်ကြာတဲ့အထိ မင်းအနေနဲ့ သူ့ရဲ့ကိုယ်ပွားတွေကိုပဲ သတိထားရင် လုံလောက်ပါတယ်”

သူတော်စင်ဧကရာဇ်က ထိုစကားများကို ပြောကြားပြီးနောက်၊ နှစ်ဦးကြားရှိ ဆက်သွယ်မှုမှာ ချက်ချင်းပင် ပြတ်တောက်သွားခဲ့သည်။ ခဏချင်းမှာပင် ဝမ်ချောင်၏ အသိစိတ်မှာ ခန္ဓာကိုယ်ထဲသို့ ပြလည်ရောက်ရှိလာပြီး စိတ်အာရုံမှာ နန်းဆောင်ထဲသို့ ပြန်လည်ရောက်ရှိသွားကာ၊ ခန္ဓာကိုယ်ကို ကျော်လွန်ပြီး မြို့တော်ကို ငေးကြည့်နေရသည့် ခံစားချက်မှာလည်း ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။

ဝမ်ချောင်က မျက်လုံးကို ဖွင့်ကာ မော့ကြည့်လိုက်သည့်အခါ နန်းဆောင်၏ အပေါ်ဘက်၌ မူလက မတ်တပ်ရပ်နေသည့် သူတော်စင်ဧကရာဇ်သည် အရှိန်အဝါများ အတော်လေး အားနည်းသွားဟန် ရှိနေပြီး ရွှေရောင်ပလ္လင်ပေါ်သို့ ပြန်လည်ထိုင်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ မျက်လုံးအစုံမှာ အနည်းငယ် မှိတ်ထားပြီး နဂါးပလ္လင်ကို မှီထားကာ လှုပ်ရှားခြင်းမရှိဘဲ ခွန်အားများကို ဖြည်းညှင်းစွာ ပြန်လည်စုစည်းနေဟန် ရှိပေသည်။

ဝမ်ချောင်သည် ထိုခန့်ညားထည်ဝါလှသော ပုံရိပ်ကို ကြည့်ရှုရင်း သူ၏မျက်ဝန်းများ၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူတော်စင်ဧကရာဇ်၏ အရှိန်အဝါမှာ ပိုမိုအားနည်းလာသည်ကို သူ ခံစားသိရှိနေရပေသည်။

ယခုနက လုပ်ဆောင်ချက်များသည် သူ၏အင်အားအားလုံးကို ကုန်ဆုံးစေခဲ့ပုံ ရပေသည်။

ဝမ်ချောင်သည် ဤမြင်ကွင်းကို ကြည့်ရှုရင်း သူ၏မျက်ဝန်းများ၌ နက်နဲလှသော ဝမ်းနည်းမှုများ ထွက်ပေါ်လာသည်။ သူတော်စင်ဧကရာဇ်၏ သက်စောင့်မီးလျှံမှာ ငြိမ်းသတ်ခြင်း ခံနေရသည်ကို သူ ခံစားနေရသော်လည်း သူကိုယ်တိုင်မှာမူ ဘာမျှ မလုပ်ဆောင်နိုင်ဘဲ ရှိနေပေသည်။

ယခုနက ခဏအတွင်းမှာပင် သူသည် မဟာပုရောဟိတ်ထံမှ ရရှိထားသည့် စိတ်ဝိညာဉ်အတတ်ပညာများနှင့် အိပ်မက်သားရဲ၏ အစွမ်းများကို အသုံးပြုပြီး သူတော်စင်ဧကရာဇ်ကို တိတ်တဆိတ် ကုသပေးရန် ကြိုးစားခဲ့သော်လည်း ပြင်းထန်လှသည့် စွမ်းအားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။

ဝမ်ချောင်၏ စိတ်စွမ်းအားမှာ လူသားတို့၏ အဆင့်ထက် သာလွန်နေသော်လည်း သူတော်စင်ဧကရာဇ်ကျဆုံးရမည့် ကံကြမ္မာကိုမူ ပြောင်းလဲပေးနိုင်ခြင်း မရှိပေ။

ဧကရာဇ်၏ အသိစိတ်အတွင်း၌ သေခြင်းတရား အငွေ့အသက်များစွာ စုပုံနေခဲ့ပြီ ဖြစ်သကဲ့သို့၊ အချိန်ကာလအားဖြင့် တွက်ချက်မည်ဆိုလျှင်လည်း အလွန်ပင် ကြာမြင့်လှသော အချိန်ကတည်းက ဖြစ်ပုံရပေသည်။

ဤကဲ့သို့သော သေခြင်းတရား စွမ်းအားမျိုးကိုသာ အခြားသော သိုင်းပညာရှင်တို့၏ ကိုယ်ပေါ်၌ဆိုလျှင် သိမ်မွေ့နယ်မြေမှ ပညာရှင်များပင်လျှင် အချိန်အတော်ကြာကတည်းက သေဆုံးသွားခဲ့ရမည် ဖြစ်သော်လည်း သူတော်စင်ဧကရာဇ်ကမူ မြင့်မြတ်လှသည့် စွမ်းအားများကို အသုံးပြုပြီး ယခုအချိန်အထိ အတင်းအကျပ် ဆွဲဆန့်တောင့်ခံထားခဲ့ခြင်း ဖြစ်သည်။

ဝမ်ချောင်သည် ချီစွမ်းအင်ပေါင်းစုံကို နားလည်သဘောပေါက်ခဲ့သော်လည်း သေခြင်းနှင့် ရှင်ခြင်းကိုမူ နားမလည်နိုင်သေးပေ

ဤစွမ်းအားမျိုးမှာ သူ၏ စွမ်းအားနယ်ပယ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်၏။

” အရှင်မင်းကြီး ကျွန်တော်မျိုး ဘာများ ထပ်မံလုပ်ဆောင်ပေးရဦးမလဲ”

ဝမ်ချောင်သည် သာမန်လူတို့ကဲ့သို့ ဝမ်းနည်းပူဆွေးသည့် အမူအရာမျိုးကို မပြသဘဲ ရှေ့သို့ တိုးသွားကာ ဒူးတစ်ဖက် ထောက်လျက် ရိုသေစွာဖြင့် လျှောက်တင်လိုက်သည်။

သူတော်စင်ဧကရာဇ်သည် မိမိကို ခေါ်ယူတွေ့ဆုံခြင်းမှာ ထန်မင်းဆက်ကို အပ်နှံရန်အပြင် အခြားသော ကိစ္စရပ်များလည်း သေချာပေါက် ရှိနေဦးမည်ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ သေခြင်းနှင့် ရှင်ခြင်းကို နားမလည်နိုင်သလို ဧကရာဇ်၏ ကံကြမ္မာကိုလည်း မပြောင်းလဲနိုင်သည့်အတွက်၊ ဝမ်ချောင်အနေဖြင့် ဧကရာဇ်၏ မပြီးဆုံးသေးသော ဆန္ဒများကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရန် နည်းလမ်းရှာဖွေရန်သာ ရှိတော့သည်။

နန်းဆောင်၏ အထက်ပိုင်း မြင့်မားလှသော နဂါးပလ္လင်ပေါ်ရှိ နတ်တစ်ပါးကဲ့သို့ မြင့်မြတ်လှသောပုံရိပ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများ၌ ကျေနပ်အားရသည့် အပြုံးတစ်ခု ထွက်ပေါ်နေပေသည်။

အစွမ်းထက်သူတို့၌ မျက်ရည်ဆိုသည်မှာ မရှိပေ။

ဘာကြောင့်လဲဆိုတော့ မျက်ရည်ကျနေရန် ၎င်းတို့၌ အချိန်မရှိသောကြောင့်ပင် ဖြစ်၏။

သူ၏ရှေ့တွင် ရပ်နေသော လူငယ်လေးသည် အသက် ၂၀ မျှသာ ရှိသေးသော်လည်း၊ သူသည် အနှစ်သာရပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ပြီးမြောက်ခဲ့ပြီဖြစ်ကာ ယုံကြည်စိတ်ချပြီး အပ်နှံထိုက်သော တကယ့် ယောက်ျားကောင်းတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာလည်း သူ မျှော်လင့်ထားသည့် အရာပင် ဖြစ်ပေသည်။

သူ ရှိနေသည့်အတွက် သူကိုယ်တိုင်လည်း ဤကမ္ဘာလောကအတွက် မျိုးစေ့တစ်ခု ချန်ထားခဲ့နိုင်သကဲ့သို့၊ အလယ်ပိုင်းဒေသ၌ ရှိသည့် လူသန်းပေါင်းများစွာကိုလည်း တာဝန်ကျေရာ ရောက်သွားခဲ့ပြီ ဖြစ်၏။

“မင်းနဲ့အိမ်ရှေ့စံကို ငါအပ်ခဲ့ပါတယ်၊ ငါကိုယ်တော်မရှိတော့တဲ့နောက်မှာ မင်းအနေနဲ့ သူ့ကို တကယ့် လိမ္မာပါးနပ်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာအောင် အစွမ်းကုန် ကူညီပေးလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကိစ္စတစ်ခုကိုတော့ ငါကိုယ်တော် စိတ်မအေးနိုင်ဘဲ ဖြစ်နေတယ်…”

သူတော်စင်ဧကရာဇ်က ပြောရင်းနှင့် နက်နဲစွာ သက်ပြင်းချလိုက်ရာ သူ၏မျက်ဝန်းများ၌ ရှုပ်ထွေးလှသော အမူအရာများ ထွက်ပေါ်နေပေသည်။

“ဝမ်ချောင် ငါကိုယ်တော်ကို ကိစ္စတစ်ခု ကတိပေးနိုင်မလား”

“အရှင်မင်းကြီး မိန့်တော်မူပါ”

ဝမ်ချောင်က ခေါင်းငုံ့လျက် တွန့်ဆုတ်ခြင်းမရှိဘဲ လျှောက်တင်လိုက်သည်။

“ငါကိုယ်တော်ရဲ့ ကိုယ်စား ကြင်ယာတော်ထိုက်ကျန်းကို စောင့်ရှောက်ပေးပါ”

သူတော်စင်ဧကရာဇ်က ဆိုလိုက်သည်။

“ဝုမ်း..” ဤစကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး အလိုအလျောက် ငြင်းပယ်ရန် ကြိုးစားခဲ့သော်လည်း၊ မော့ကြည့်လိုက်သည့်အခါ ရွှေရောင်ပလ္လင်ပေါ်ရှိ သူတော်စင်ဧကရာဇ်ကို မြင်တွေ့လိုက်ရပြီးနောက် စကားတစ်လုံးမျှပင် ထွက်မလာတော့ပေ။

ဝမ်ချောင်၏ မှတ်ဉာဏ်ထဲရှိ သူတော်စင်ဧကရာဇ်မှာ အမြဲတမ်းပင် ဉာဏ်ပညာကြီးမြတ်၍ သိုင်းစွမ်းထက်မြက်သူဖြစ်ပြီး ပြတ်သားခိုင်မာသူ ဖြစ်ကာ၊ ဤလောက၌ သူ့ကို လှုပ်ခတ်နိုင်သည့်အရာ မရှိသကဲ့သို့ပင် ဖြစ်ပေသည်။ သို့သော် ယခုလက်ရှိ ဧကရာဇ်၏ ပုံစံမှာမူ ဝမ်ချောင်တစ်ခါမျှ မမြင်ဖူးခဲ့သည့် ပုံစံမျိုး ဖြစ်နေသည်။

သူ၏ မျက်နှာပေါ်တွင် တွယ်တာမှု၊ ခွဲခွာရမှာကို နှမြောမှု၊ အားနာမှုနဲ့ နက်နဲလှတဲ့ နောင်တ အရိပ်အယောင်တွေ ထွက်ပေါ်နေ၏။

ခဏတာမျှသာ ဖြစ်သော်လည်း ထိုအချိန်၌ ဝမ်ချောင်၏စိတ်ထဲတွင် များစွာတုန်လှုပ်သွားခဲ့ရသည်။

“ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်”

ဝမ်ချောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ခေါင်းငုံ့လိုက်သည်။

“ဝမ်ချောင် ငါကိုယ်တော်ပြောမယ့် ပုံပြင်တစ်ပုဒ်ကို နားထောင်ဖို့ စိတ်ဝင်စားရဲ့လား”

ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ သူတော်စင်ဧကရာဇ်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ထွက်ပေါ်လာပြီး ရုတ်တရက် မေးမြန်းလိုက်သည်။

ဝမ်ချောင်က ဘာမျှ ထပ်မံမမေးမြန်းတော့ဘဲ နားထောင်မည့် အမူအရာမျိုးကိုသာ ပြသလိုက်သည်။

သူတော်စင်ဧကရာဇ်အတွက် အချိန်သိပ်မကျန်တော့ပေ။ သူ၏ အရှိန်အဝါများမှာလည်း ဆက်တိုက် အားနည်းလာသည်ကို ဝမ်ချောင်ခံစားနေရသော်လည်း၊ ဧကရာဇ်က ဘာကြောင့် ဤအချိန်၌ မိမိကို ပုံပြင်ပြောပြချင်ရသနည်းဟူသည်ကိုမူ သူ မမေးမြန်းခဲ့ပေ။

သူတော်စင်ဧကရာဇ်ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ သေချာပေါက် အကြောင်းပြချက် ရှိလိမ့်မည်ဟု ဝမ်ချောင်သိရှိနေ၏။

သို့မဟုတ် အနည်းဆုံးတော့ သူတော်စင်ဧကရာဇ်ကိုယ်တိုင်အတွက် ဤပုံပြင်မှာ အလွန်ပင် အရေးပါလှသည့် အဓိပ္ပာယ် ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။

“စကြဝဠာထဲမှာ ဟင်းလင်းပြင်တွေ အများကြီး ရှိတယ်၊ နေရာတိုင်းမှာလည်း မတူညီတဲ့ ပုံပြင်တွေ ရှိနေကြတာပဲ။ ဒါတွေအားလုံးကိုတော့ အဲဒီလူက အချိန်အတော်ကြာပြီးမှပဲ နားလည်သွားခဲ့တာ……”

သူတော်စင်ဧကရာဇ်၏ အသံမှာ နန်းဆောင်အတွင်း၌ ပဲ့တင်ထပ်နေပြီး၊ ရှည်လျားလှသော ရေရွတ်သံများနှင့်အတူ အဆုံးမရှိသော အချိန်နှင့် ဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ အနက်ရှိုင်းဆုံးသော နေရာဆီသို့ လွင့်ပျံ့သွားဟန် ရှိပေသည်။

ဤစကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်ထဲ၌ တုန်လှုပ်သွားရ၏။ သူတော်စင်ဧကရာဇ်က သူ၏ကိုယ်ပိုင်ပုံပြင်ကို ပြောပြသည်ကို ကြားရသည်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်ပေသည်။

“အဲဒီလူက ကမ္ဘာကြီးက ဘယ်လိုမျိုးလဲဆိုတာကို မသိခဲ့ဘူး။ သူသိတာကတော့ သူ့ကမ္ဘာမှာ ထန်မင်းဆက်လည်း မရှိဘူး၊ ဟန်မင်းဆက်လည်း မရှိဘဲ၊ အဆုံးမရှိတဲ့ ဟူလူမျိုးတွေပဲ ရှိနေတာ။ သူ နေ့တိုင်း နိုးထလာတဲ့အခါ မြင်ရတာက တိုင်းတစ်ပါးတွေရဲ့ မျက်နှာတွေပဲ။ အဲဒါက တစ်ကမ္ဘာလုံးအတွက် အမှောင်ဆုံး အချိန်ကာလပဲ၊ ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအရာအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ထန်အင်ပါယာလို့ ခေါ်တဲ့ အချိန်မှာပဲ သတ်မှတ်ပြီးသား ဖြစ်နေလို့ပဲ”

သူတော်စင်ဧကရာဇ်က ပလ္လင်ပေါ်၌ ထိုင်လျက် ရှည်လျားလှသော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။

“အလယ်ပိုင်းဒေသလို့ ခေါ်တဲ့ နေရာက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ဆုတ်ယုတ်နေခဲ့ပြီ။ ပုပ်သိုးပျက်စီးပြီး…… ဘယ်လို ထွန်းကားမှုမျိုးမှ မရှိခဲ့သလို၊ ဘယ်လို ခန့်ညားထည်ဝါမှုမျိုးမှလည်း မရှိခဲ့ဘူး။ နယ်နိမိတ်တွေကလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲပြီး ဆက်တိုက်သေးငယ်လာခဲ့တယ်။ အဲဒီလူရဲ့ခေတ်ကို ရောက်တဲ့အခါမှာတော့ အလယ်ပိုင်းဒေသဟာ မြို့တစ်ဝက်စာလောက်ပဲ ရှိတဲ့ ထောင့်စွန်းလေးတစ်ခုပဲ ကျန်တော့တယ်။ ဒါပေမဲ့ အဲဒါကလည်း နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားခဲ့ရတာပဲ”

“သူ့စိတ်ထဲမှာ အင်အားမဲ့မှုတွေ ပြည့်နှက်နေပြီး အရာအားလုံးကို ပြောင်းလဲပစ်ချင်ပေမဲ့ ကံကြမ္မာကို မလှန်နိုင်ခဲ့ဘူး။ တစ်ချိန်က ဟန်မင်းဆက်နဲ့ တစ်ချိန်က အလယ်ပိုင်းဒေသတို့ဟာ ရေပူဖောင်းလေးတွေလိုပဲ အဲဒီခေတ်ရဲ့ သမိုင်းရေစီးကြောင်းထဲမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာကို သူက ဒီအတိုင်းပဲ ငေးကြည့်နေခဲ့ရတာပေါ့”

“ဒါက အကြောက်စရာအကောင်းဆုံးနဲ့ အမှောင်ဆုံး ခေတ်ကာလပဲ”

“ရှင်နေရတာက သေတာထက်တောင် ပိုပြီး ဆိုးရွားတာပေါ့”

******

All Chapters