အခန်း (၂၀၄၅-၂၀၄၇)
Vol. 126 Ch. 2045-2047
အခန်း (၂၀၄၅) ကြင်ယာတော်ထိုက်ကျန်း၏ အမှန်တရား
“အဲဒီခေတ်ကာလတုန်းက သူရဲ့တစ်ခုတည်းသော အားကိုးရာက မီးရှူးမီးပန်းလေးလို အမျိုးသမီးတစ်ယောက်ပဲ။ အမှောင်ဆုံး ရွှံ့နွံတွေထဲမှာတောင် သူက အမြဲတမ်း မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး သူ့ကို အားပေးတယ်၊ အလင်းဆီကိုပဲ စိတ်ညွတ်ဖို့၊ ကြံ့ကြံ့ခံဖို့ တိုက်တွန်းခဲ့တယ်”
“လူနှစ်ယောက်က ပရွက်ဆိတ်လေးတွေလိုပဲ သိမ်ငယ်စွာ ရှင်သန်ခဲ့ကြပြီး အခက်အခဲတွေကြားမှာ တစ်ဦးကိုတစ်ဦး ဖေးမခဲ့ကြတာ”
သူတော်စင်ဧကရာဇ်သည် ထိုသို့ပြောဆိုရင်း နက်နဲလှသော တိတ်ဆိတ်မှုအတွင်းသို့ နစ်ဝင်သွားခဲ့ရာ သူ၏ မှတ်ဉာဏ်ထဲ၌ များစွာ ဝေးကွာလှသည့်အပြင် မေ့လျော့လုနီးပါး ဖြစ်နေပြီဖြစ်သော ကမ္ဘာနှင့် ခေတ်ကာလကို ပြန်လည် အမှတ်ရနေဟန် ရှိပေသည်။
“…” ဝမ်ချောင်သည် သေသေချာချာ နားစိုက်ထောင်နေသော်လည်း သူ၏ စိတ်အစဉ်၌မူ ကြီးမားလှသော လှုပ်ခတ်မှုများ ဖြစ်ပေါ်နေရ၏။ သူ သိရှိထားသော မည်သည့် သမိုင်းမှတ်တမ်းမှာမျှ သူတော်စင်ဧကရာဇ်ပြောကြားနေသည့် အချက်အလက်များနှင့် တိုက်ဆိုင်ခြင်း မရှိပေ။
“အရာအားလုံးမှာ အစနဲ့အဆုံး ရှိတာပဲ။ သူကတော့ သိမ်ငယ်စွာနဲ့ပဲ သေဆုံးသွားရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့၊ အဲဒီ မှောင်မိုက်တဲ့ခေတ်ရဲ့ နောက်ဆုံးအချိန်မှာ ကမ္ဘာကြီး ပျက်သုဉ်းသွားတာကို မြင်ခဲ့ရမယ်လို့ မထင်ထားခဲ့ဘူး”
သူတော်စင်ဧကရာဇ်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ထိုရင်းနှီးလှသော အသံမှာ တစ်ဖန်ထွက်ပေါ်လာပြန်ပေသည်။
“ပိုပြီးထင်မှတ်မထားတာက တိုက်ဆိုင်မှုတစ်ခုကြောင့် သူနဲ့သူမ၊ လူနှစ်ယောက်ရဲ့ ဝိညာဉ်က တခြားကမ္ဘာတစ်ခုထဲ ရောက်သွားခဲ့တာပဲ။ အရာအားလုံးရဲ့ အစလို့ ပြောကြတဲ့ ထန်အင်ပါယာခေတ်ထဲကိုပေါ့”
“သူက မမျှော်လင့်ဘဲ လူတစ်ယောက်ရဲ့ကိုယ်ထဲကို ရောက်သွားခဲ့ပြီး ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ အင်အားရှိနေတာကို သိလိုက်ရတယ်”
“အဲဒီအချိန်မှာ သူက ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးကို ပြောင်းလဲပစ်မယ်။ ထန်မင်းဆက်နဲ့ အလယ်ပိုင်းဒေသရဲ့ တောက်ပတဲ့ အောင်မြင်မှုတွေကို ပြန်ဖော်ဆောင်မယ်လို့”
နောက်ဆုံး စကားတစ်ခွန်းကို ပြောဆိုလိုက်သည့်အခါတွင်မူ သူတော်စင်ဧကရာဇ်၏ မျက်ဝန်းအစုံ၌ မကြုံစဖူးသော တောက်ပလှသည့် အလင်းတန်းများ လျှပ်ခနဲ ထွက်ပေါ်လာခဲ့၏။
“အဲဒီနောက်မှာတော့ သူက အရပ်မျက်နှာအနှံ့ တိုက်ခိုက်ပြီး ဆုတ်ယုတ်တော့မယ့် အင်ပါယာကို ဦးဆောင်ပြီး တိုင်းပြည်တွေကို အောင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ သူ့မှတ်ဉာဏ်ထဲမှာ အလယ်ပိုင်းဒေသဆိုတာ သေးသေးလေးပဲ ကျန်တော့တာမို့ သူက အစွမ်းကုန် ကြိုးစားခဲ့တာ။ အနောက်ဘက်မှာ ယွီစန်းကို တိုက်ခိုက်ပြီး မြို့တော်ကို သိမ်းခဲ့တယ်။ သူတို့ကို ကုန်းမြင့်ဒေသထဲအထိ မောင်းထုတ်ခဲ့သလို မြောက်ဘက်မှာရှိတဲ့ အရှေ့နဲ့ အနောက် တာ့ခ်နိုင်ငံတွေကိုလည်း ချေမှုန်းပြီး သူတို့ရဲ့ အင်အားကြီးမှုကို ရပ်တန့်စေခဲ့တယ်။ သူတို့ကို အလယ်ပိုင်းဒေသ အင်ပါယာရဲ့ ရှေ့မှာ အမြဲတမ်း ကြောက်လန့်နေအောင် လုပ်ခဲ့တာပေါ့……”
သူတော်စင်ဧကရာဇ်၏အသံမှာ တစ်စုံတစ်ရာကို ရွတ်ဖတ်နေသကဲ့သို့ပင် ထိုက်ကျိနန်းဆောင်တစ်ခုလုံး၌ ပဲ့တင်ထပ်လျက် ရှိနေပေသည်။
ထို့နောက်တွင်မူ နန်းဆောင်အတွင်း၌ ရှည်လျားလှသော တိတ်ဆိတ်မှု တစ်ဖန် ဖုံးလွှမ်းသွားခဲ့ပြန်၏။
ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သေသေချာချာသာ နားထောင်နေပေသည်။ သူတော်စင်ဧကရာဇ်က အတိအလင်း မဆိုသော်လည်း ပုံပြင်အတွင်းရှိ ဇာတ်လိုက်မှာ ဧကရာဇ်ကိုယ်တိုင် ဖြစ်ကြောင်း ဝမ်ချောင်သိရှိနေပေသည်။
သူတော်စင်ဧကရာဇ်၏ ရှည်လျားလှသော ဘဝဇာတ်ကြောင်းမှာ သူ၏ နှုတ်ဖျား၌ တိုတောင်းလှသော ဖော်ပြချက်မျှသာ ဖြစ်သွားခဲ့သော်လည်း ဧကရာဇ်၏အေးဆေးတည်ငြိမ်လှသော ပြောကြားချက်များမှာ ဝမ်ချောင်၏စိတ်ထဲ၌ လှိုင်းလုံးများသဖွယ် လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ရ၏။
စစ်မှန်သော ဧကရာဇ်နှင့် အတုအယောင်ဧကရာဇ် ဖြစ်ရပ်များကြောင့် အချက်အလက်များစွာမှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပေသည်။ သူတော်စင်ဧကရာဇ်သည်လည်း မိမိကဲ့သို့ပင် အခြားသော ကမ္ဘာမှ ရောက်ရှိလာသူဖြစ်ကာ သမိုင်းကို ပြောင်းလဲသူတစ်ဦး ဖြစ်နိုင်ခြေ ရှိပေသည်။
သို့သော်လည်း သူတော်စင်ဧကရာဇ်၏ ပြောကြားချက်များမှာ ဝမ်ချောင်အား များစွာလေးလံသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
အထွတ်အထိပ်သို့ မရောက်ဖူးဘဲ ဆုတ်ယုတ်နေသော ထန်မင်းဆက်၊ နှစ်ပေါင်း ရာချီအောင် ဟူလူမျိုး သိမ်းပိုက်ထားသော အလယ်ပိုင်းဒေသ၊ သေးငယ်လှသော နယ်မြေနှင့် ဟန်လူမျိုး အနည်းငယ်မျှသာ ကျန်ရှိတော့သော မြေကမ္ဘာ……။
ဝမ်ချောင်က သေသေချာချာ ပြန်လည်စဉ်းစားကြည့်သော်လည်း သူတော်စင်ဧကရာဇ်ဖော်ပြနေသော သမိုင်းကြောင်းမှာ သူ သိရှိထားသော သမိုင်းနှင့် လုံးဝ ကွဲပြားနေကာ မည်သည့် အချက်အလက်မျှ တိုက်ဆိုင်ခြင်း မရှိပေ။ ၎င်းမှာ အခြားသော သမိုင်းရေစီးကြောင်းတစ်ခုအတွင်းရှိ ကမ္ဘာနှင့် ပိုမိုတူညီနေပေသည်။
သူတော်စင်ဧကရာဇ် ပြောကြားသကဲ့သို့သော ကြုံတွေ့မှုမျိုး မိမိ၌မရှိသော်လည်း ပုံပြင်အတွင်းရှိ ထိုသူ၏ ခံစားချက်ကို ဝမ်ချောင်လုံးဝ ခံစားသိရှိနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် တစ်နည်းအားဖြင့် သူတော်စင်ဧကရာဇ်၏ပုံပြင်မှာ သူ၏ယခင်ဘဝ၌ ကြုံတွေ့ခဲ့ရသော နောက်ဆုံးသော ကပ်ဘေးဆိုးကြီးနှင့် များစွာ တူညီနေသောကြောင့် ဖြစ်၏။
ထိုကဲ့သို့သော နက်နဲလှသည့် မျှော်လင့်ချက်ကင်းမဲ့မှုမှာ သူ၏ဝိညာဉ်အနက်ရှိုင်းဆုံးသို့ ထာဝရ ကပ်ညှိနေခဲ့ပြီ ဖြစ်ပေသည်။
ထို့ပြင် ဝမ်ချောင်၌ ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေပေသည်။ သူတော်စင်ဧကရာဇ်သည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် မိမိ၏ အင်အားဖြင့် အရပ်မျက်နှာအနှံ့ တိုက်ခိုက်ခဲ့ကာ ဤကမ္ဘာ၏ လမ်းစဉ်ကို ပြောင်းလဲခဲ့သည်၊ အလယ်ပိုင်းဒေသ၏ မှောင်မိုက်သော ခေတ်ကာလကို ရှောင်လွှဲနိုင်ခဲ့သော်လည်း သူကိုယ်တိုင် ဖန်တီးခဲ့သည့် ထိုသမိုင်းသစ်မှာမူ သူ၏မူလကမ္ဘာ၊ ယခုလက်ရှိကမ္ဘာနှင့် မရေမတွက်နိုင်သော ကမ္ဘာများ၌ လူသိများလှသည့် သမိုင်းကြောင်းနှင့် တစ်ထပ်တည်း ကျနေပေသည်။
ဤသမိုင်းသစ်သည်သာ လူအများ သိရှိကြသော သမိုင်းကြောင်း ဖြစ်လာခဲ့ပေသည်
သူတော်စင်ဧကရာဇ်ပြောကြားနေသော သမိုင်းကြောင်းမှာမူ မည်သူမျှ မသိရှိကြတော့ပေ။
နန်းဆောင်အတွင်း၌ သူတော်စင်ဧကရာဇ်သည် ဝမ်ချောင်၏စိတ်ထဲ၌ မည်သည်ကို တွေးတောနေသနည်းဟူသည်ကို မသိရှိဘဲ စကားတစ်ခွန်းမျှ မဆိုပေ။ သူကိုယ်တိုင်လည်း အတိတ်၏ မှတ်ဉာဏ်များအတွင်း၌ နစ်ဝင်နေဟန် ရှိပေသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ဝေးကွာလှသော မှတ်ဉာဏ်များအတွင်းမှ ပြန်လည်ရောက်ရှိလာဟန်ဖြင့် သက်ပြင်းတစ်ချက်ကို ညည်းတွားလိုက်ကာ သူတော်စင်ဧကရာဇ် အသံမှာ နန်းဆောင်အတွင်း၌ ထပ်မံ ထွက်ပေါ်လာခဲ့ပေသည်။
“ဒါပေမဲ့ တစ်ကမ္ဘာလုံးကို အစိုးရတဲ့ ဧကရာဇ် ဖြစ်နေရင်တောင် မလုပ်နိုင်တဲ့ အရာတွေ ရှိနေတာပဲ။ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ကြီးမားတဲ့ အပြောင်းအလဲမှာ သူက သူရဲ့အရေးအကြီးဆုံး အမျိုးသမီးနဲ့အတူ ဒီကမ္ဘာထဲ ရောက်လာခဲ့တယ်။ သူကတော့ လူတွေ ကြည်ညိုရတဲ့ ဧကရာဇ် ဖြစ်လာပေမဲ့ သူမကတော့ ဘယ်ကို ရောက်သွားမှန်း မသိဘဲ ပျောက်သွားခဲ့တာပေါ့”
“ကိုယ်ခန္ဓာ ပျက်စီးသွားပေမဲ့ ဝိညာဉ်ကတော့ ကျန်နေတာမို့ သူ ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုတာ မသိနိုင်ပေမဲ့ ဝိညာဉ်ရဲ့ ဆက်နွယ်မှုနဲ့တော့ သူ့ကို သေချာပေါက် ရှာနိုင်မယ်လို့ သူက အမြဲ ထင်ခဲ့တာ”
“ဒါပေမဲ့ နောက်ဆုံးကျမှ သိလိုက်ရတာက ကံကြမ္မာရဲ့စနောက်ခြင်းကို ခံခဲ့ရတာပဲ။ ကံကြမ္မာက သူ့ကို ကြီးမားတဲ့ ပြက်လုံးတစ်ခု လုပ်ခဲ့တာ”
ဝမ်ချောင်သည် တိတ်ဆိတ်စွာ နားထောင်နေပေသည်။ သူတော်စင်ဧကရာဇ်အနေဖြင့် ထို “သူမ” ဟူသော ပုဂ္ဂိုလ်အကြောင်း ပြောကြားသည်မှာ ယခု ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူတော်စင်ဧကရာဇ်သည် ထိုအမျိုးသမီးအကြောင်း ပြောဆိုလိုက်သည့်အခါ သူ၏မျက်ဝန်းများမှာ နူးညံ့သွားခဲ့ရပြီး အရင်က ခန့်ညားထည်ဝါလှသော အရှိန်အဝါများနှင့် မတူညီသည့် နက်နဲလှသော သံယောဇဉ်များကို ဖော်ပြနေပေသည်။
“အဲဒီအမျိုးသမီးက သူတော်စင်ဧကရာဇ် အချစ်ရဆုံးသော သူ ဖြစ်ပေလိမ့်မယ်၊ ဒါပေမဲ့လည်း ကြင်ယာတော်ထိုက်ကျန်းနှင့် သူမကြား၌ ဘယ်လို ပတ်သက်မှုများ ရှိနေတာလဲ” ဝမ်ချောင်၏ စိတ်ထဲ၌ တိတ်တဆိတ် တွေးတောလိုက်မိ၏။
သူတော်စင်ဧကရာဇ်သည် ဘာကြောင့် မိမိအား ဤစကားများကို ပြောကြားရသနည်းဟူသည်ကို ဝမ်ချောင်မသိရှိသော်လည်း ဧကရာဇ် ယခု ပြောကြားမည့် အရာနှင့် သေချာပေါက် ပတ်သက်နေလိမ့်မည်ဟု သူ သိရှိထားပေသည်။ ဖြစ်နိုင်သည်မှာ မိမိသည်လည်း သမိုင်းကို ပြောင်းလဲသူတစ်ဦး ဖြစ်နေခြင်းကြောင့် ဤလောက၌ သူတော်စင်ဧကရာဇ်၏ စိတ်ကမ္ဘာကို နားထောင်ခွင့်ရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။
“ဟူး….” သူတော်စင်ဧကရာဇ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်ပြီး သူ၏ခန့်ညားလှသော မျက်နှာပေါ်၌ နာကျင်မှု အရိပ်အယောင်များ တိတ်တဆိတ် ထွက်ပေါ်လာခဲ့ပေသည်။
“သူက အရာအားလုံးကို ထိန်းချုပ်နိုင်ပြီး သမိုင်းရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းကျမှ သိလိုက်ရတာက အရာအားလုံးရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခု ရှိနေတာပဲ။ အဲဒီအင်အားစုက အမှောင်ထဲမှာ ပုန်းပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းချုပ်နေခဲ့ကြတာ”
ဤသည်ကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏အမူအရာမှာလည်း ချက်ချင်းပင် လေးနက်သွားခဲ့ရသည်။ သူတော်စင်ဧကရာဇ်က အတိအလင်း မဆိုသော်လည်း ထိုအင်အားစုမှာ မည်သူဖြစ်ကြောင်း သူ ကောင်းစွာ သိရှိနေပေပြီ။
“ဒီလူတွေက သူ့ကို တိုက်ရိုက်မနိုင်တဲ့အခါ နည်းလမ်းမျိုးစုံကို သုံးပြီး သူ့ကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြတယ်”
“ဒီလူတွေ ယုတ်မာတာကို သူ သိပေမဲ့ သူ ထင်ထားတာထက် ပိုပြီး အောက်တန်းကျလိမ့်မယ်လို့တော့ မထင်ခဲ့ဘူး”
“သူတို့က သူ့ဘဝမှာ အရေးအကြီးဆုံး အမျိုးသမီးကို ရှာတွေ့သွားခဲ့ပြီး သူ့ရဲ့ကံကြမ္မာကို ကြိုးကိုင်ခဲ့သလို သူမအသက်နဲ့ သူ့ကို ခြိမ်းခြောက်ခဲ့ကြတာ……”
“လွန်ခဲ့တဲ့ ဆယ်နှစ်က သူမ သေဆုံးသွားခဲ့တယ်။ အဲဒီအချိန်ကျမှ သူမက မိသားစုရှိနေပြီး ကလေးတစ်ယောက် ကျန်ရစ်ခဲ့တယ်ဆိုတာကို သိခဲ့ရတာ”
“သူမ သေဆုံးခါနီးအချိန်မှာ သူမရဲ့ကလေးကို သူ့ဆီ အပ်နှံခဲ့တယ်။”
သူတော်စင်ဧကရာဇ်သည် ဤမျှအထိ ပြောဆိုပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်ရာ သူ၏ မျက်နှာပေါ်၌ နက်နဲလှသော ဝမ်းနည်းမှုများ ထွက်ပေါ်နေပေသည်။
နန်းဆောင်အောက်ရှိ ဝမ်ချောင်၏ စိတ်ထဲ၌မူ ထိုစကားများကြောင့် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်သွားခဲ့ရ၏။
“ထိုကလေးမှာ…… ကြင်ယာတော်ထိုက်ကျန်းလား” ဝမ်ချောင်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားခဲ့ပေသည်။
သူတော်စင်ဧကရာဇ်ပြောကြားနေသော အမှန်တရားမှာ ဤသည်ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ကြင်ယာတော်ထိုက်ကျန်းမှာ သူတော်စင်ဧကရာဇ်၏ဘဝတွင် အရေးအကြီးဆုံးသော အမျိုးသမီး၏ ကလေး ဖြစ်နေခြင်းပင်
ဤမျှသာ မကသေးဘဲ ထိုခဏ၌ ဝမ်ချောင်၏ ဦးနှောက်ထဲတွင် အချက်အလက်များစွာ ပေါ်ထွက်လာခဲ့ပေသည်။ ကြင်ယာတော်ထိုက်ကျန်း၏ မျိုးရိုးနောက်ခံမှာ အမှန်တကယ်ပင် ရှင်းလင်းလှပေသည်။
ယန်မိသားစုမှာ ကျော်ကြားလှသော မျိုးရိုးတစ်ခု ဖြစ်ပေသည်။ သူမ၏ ဘိုးဘေး ယန်ဝမ်မှာ ဆွန်းမင်းဆက်၏ ထိပ်တန်းအရာရှိ ဖြစ်ခဲ့ကာ ဖခင်ယန်ရွှမ်ယန်မှာလည်း ရှုကျိုး၏ အရာရှိတစ်ဦး ဖြစ်ခဲ့ပေသည်။ သူမ၏မိခင်မှာမူ…… သံသယဖြစ်ဖွယ်မရှိဘဲ သူတော်စင်ဧကရာဇ်၏ ဘဝတွင် အချစ်ရဆုံးသော ထိုအမျိုးသမီးပင် ဖြစ်ပေလိမ့်မည်။
တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြသော သူနှစ်ဦးတွင် တစ်ဦးမှာ ထန်မင်းဆက်၏ ဧကရာဇ် ဖြစ်လာခဲ့သော်လည်း အခြားတစ်ဦးမှာမူ အရပ်မျက်နှာအနှံ့ လှည့်လည်သွားလာရင်း……
ကြားထဲ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ ဘာကြောင့် ချစ်သူနှစ်ဦး အတူတူ မရှိနိုင်ခဲ့ကြသနည်း။ သူတော်စင်ဧကရာဇ်၏ အဆင့်အတန်းနှင့် အာဏာရှိနေပါလျက် မိမိအချစ်ဆုံးသော သူနှင့် အဘယ်ကြောင့် မပေါင်းဖက်နိုင်ခဲ့သနည်းဟူသည်ကို ဝမ်ချောင် မသိရှိသော်လည်း သူတော်စင်ဧကရာဇ်၏ နောက်ပိုင်း ပြောကြားချက်များအရ ထို အမည်းရောင်ဝတ်စုံဝတ်လူများနှင့် သေချာပေါက် ပတ်သက်နေလိမ့်မည်ဟု သူ သိရှိထားပေသည်။
သူတော်စင်ဧကရာဇ်၏ မျက်နှာပေါ်ရှိ နက်နဲလှသော နာကျင်မှုများကို ကြည့်ရှုရင်း ဝမ်ချောင်တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားခဲ့ပေသည်။ သူတော်စင်ဧကရာဇ်သည် အဘယ်ကြောင့် အမည်းရောင်ဝတ်စုံဝတ်လူများကို အမြစ်ပြတ် ချေမှုန်းလိုသနည်းဟူသည်ကို သိရှိသွားခဲ့သလို လောကသားများ၏ အမြင်၌ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသော၊ ဉာဏ်ပညာကြီးမြတ်၍ သိုင်းစွမ်းပြည့်ဝမှု ရှိလှသည့် ဤဧကရာဇ်ကြီး၌လည်း သာမန်လူသားများကဲ့သို့ နူးညံ့သိမ်မွေ့သော အစိတ်အပိုင်းများ ရှိနေသေးကြောင်း သူ သိရှိသွားခဲ့ရပေသည်။
သူ၏ စိတ်အနက်ရှိုင်းဆုံး၌မူ သူသည် သာမန်လူတစ်ဦးမျှသာ ဖြစ်ပေလိမ့်မည်။
“ဒီအရာအားလုံးကို…… ကြင်ယာတော်ထိုက်ကျန်း မသိရှိဘူး မဟုတ်လား” ဝမ်ချောင်က မေးမြန်းလိုက်ပေသည်။ ယန်ကျောက် မိမိအား ပြောပြခဲ့သည့် အချက်များကို ပြန်လည် စဉ်းစားကြည့်ရင်း ဝမ်ချောင်တစ်စုံတစ်ရာကို နားလည်သွားဟန်ဖြင့် စမ်းသပ်မေးမြန်းလိုက်ခြင်း ဖြစ်၏။
လွန်သော နှစ်နှစ်ကျော်က သူတော်စင်ဧကရာဇ်သည် အမတ်များ၏ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ အရာရှိပေါင်းစုံကို ရာထူးမှ ထုတ်ပယ်လျက် ကြင်ယာတော်ထိုက်ကျန်းအား နန်းတော်အတွင်းသို့ ခေါ်ဆောင်ခဲ့ပေသည်။ စုန့်ဘုရင်ပင်လျှင် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရ၏။ ထိုစဉ်က သူတော်စင်ဧကရာဇ်၏ ပြတ်သားလွန်းလှသော လုပ်ဆောင်ချက်များမှာ လူအပေါင်းကို များစွာအံ့အားသင့်စေခဲ့သော်လည်း ယခုအချိန်၌မူ ထိုသံသယများမှာ အားလုံး ပြေလည်သွားခဲ့ပြီ ဖြစ်ပေသည်။
အမတ်များစွာ တားဆီးနေသည့်ကြားမှ သူတော်စင်ဧကရာဇ်အဘယ်ကြောင့် ဤမျှအထိ အတင်းအကျပ် လုပ်ဆောင်ခဲ့သနည်းဟူသည်ကို ဝမ်ချောင် ရုတ်တရက် နားလည်သွားခဲ့ပေသည်။
“ဒါကြောင့်မို့လို့ကိုး……” ဝမ်ချောင်က စိတ်ထဲမှ တိုးညှင်းစွာ ရေရွတ်လိုက်ပေသည်။
အရာအားလုံး၏ နောက်ကွယ်တွင် ဤကဲ့သို့သော လျှို့ဝှက်ချက် ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဤမျှသာမက ဝမ်ချောင်သည် ရှောက်ဝမ်အကြောင်းကိုလည်း ပြန်လည်အမှတ်ရမိနေပေသည်။ ကြင်ယာတော်ထိုက်ကျန်းသည် မူလက ရှောက်ဝမ်၏ ကြင်ယာတော် ဖြစ်ခဲ့သော်လည်း သူမသည် ရှောက်ဝမ်အိမ်တော်၌ နှစ်ပေါင်းများစွာ ရှိနေသည့်တိုင်အောင် ရှောက်ဝမ်သည် သူမကို အနည်းငယ်မျှပင် မထိတွေ့ခဲ့ဖူးကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပေသည်။ လွန်ခဲ့သော နှစ်နှစ်က သူတော်စင်ဧကရာဇ်နှင့် လက်ထပ်ခဲ့သည့်အချိန်၌ပင် ကြင်ယာတော်ထိုက်ကျန်းမှာ အပျိုစင်ဘဝအတိုင်း ရှိနေဆဲ ဖြစ်၏။ သားဖြစ်သူ၏ဇနီးကို ဖခင်က သိမ်းပိုက်လိုက်သည့် ဤကဲ့သို့သော နန်းတွင်းအရှုပ်တော်ပုံမှာ သူတော်စင်ဧကရာဇ်၏ဘဝတွင် အကြီးမားဆုံးသော အမည်းစက် ဖြစ်ခဲ့ပေသည်။
သို့သော်လည်း သားဖြစ်သူ ရှောက်ဝမ် လီမောက်မှာမူ တစ်ချိန်လုံး ထူးဆန်းစွာဖြင့် ငြိမ်သက်နေခဲ့ပြီး မည်သည့် မကျေနပ်မှုကိုမျှ ဖော်ပြခြင်း မရှိခဲ့ပေ။ ၎င်းမှာ အပြင်ပန်းအရ နာခံနေခြင်း မဟုတ်ဘဲ စစ်မှန်သော နာခံမှုပင် ဖြစ်ပေသည်။
ဝမ်ချောင်သည် ထိုစဉ်က စုန့်ဘုရင်အား ရှောက်ဝမ်ထံ သွားရောက်တွေ့ဆုံရန် ပြောကြားခဲ့ဖူးသဖြင့် ဤကိစ္စကို များစွာ မှတ်မိနေပေသည်။
“အမှန်တကယ်တော့ အစကတည်းက သူတော်စင်ဧကရာဇ်က အရာအားလုံးကို စီစဉ်ထားခဲ့တာ ဖြစ်လိမ့်မယ်။ ရှောက်ဝမ်အနေနဲ့လည်း အစကတည်းက ဒီအရာအားလုံးက လူတွေကို မျက်စိလှည့်ဖို့သာဖြစ်ပြီး အဓိကရည်ရွယ်ချက်က ကြင်ယာတော်ထိုက်ကျန်းကို ကာကွယ်ဖို့ဖြစ်ကြောင်း သိရှိထားဟန် တူတယ်” ဝမ်ချောင်စိတ်ထဲ၌ တွေးတောလိုက်မိပေသည်။
သူ၏ဦးနှောက်ထဲတွင် ပိုမိုနက်နဲစွာ စဉ်းစားလေလေ သံသယဖြစ်ဖွယ် အချက်အလက်များမှာ ရှင်းလင်းသွားကာ အမှန်တရားမှာ ပေါ်ထွက်လာခဲ့ပေသည်။
ဤမျှသာမကဘဲ ကြင်ယာတော်ထိုက်ကျန်းသည် ရှောက်ဝမ်အိမ်တော်၌ နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း လွန်ခဲ့သော နှစ်နှစ်ကမှ သူတော်စင်ဧကရာဇ်က သူမကို နန်းတော်အတွင်းသို့ အလျင်အမြန် ခေါ်ယူခဲ့ခြင်းမှာ ဧကရာဇ်အနေဖြင့် ဘေးအန္တရာယ်တစ်ခုခုကို သိရှိသွားခဲ့သဖြင့် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤစိမ်းသက်လှသော ကမ္ဘာလောကအတွင်း၌ သူတော်စင်ဧကရာဇ်အလေးထားသည့် အရာများမှာ များစွာမရှိသော်လည်း ကြင်ယာတော်ထိုက်ကျန်းမှာမူ သေချာပေါက် ထိုအရာများထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။
ဤမျှသာမက သူမ၏အစ်ကိုတော် ယန်ကျောက်ကလည်း ပြောကြားခဲ့ဖူးပေသည်။ ကြင်ယာတော်ထိုက်ကျန်းကို သူတော်စင်ဧကရာဇ်က များစွာအလိုလိုက်ကာ ချစ်မြတ်နိုးသော်လည်း သူမကို တစ်ခါမျှ မထိတွေ့ခဲ့ဖူးကြောင်းပင် ဖြစ်၏။
ယခု ပြန်လည်စဉ်းစားကြည့်မည်ဆိုပါက သူတော်စင်ဧကရာဇ်၏ ကြင်ယာတော်ထိုက်ကျန်းအပေါ် ထားရှိသော သံယောဇဉ်မှာ ချစ်သူအချင်းချင်း ထားရှိသော အချစ်မျိုး မဟုတ်ဘဲ ဖခင်နှင့် သမီးကြားရှိ သံယောဇဉ်မျိုးသာ ဖြစ်ပေလိမ့်မည်။
******
အခန်း (၂၀၄၆) သူတော်စင်ဧကရာဇ်၏ အမွေအနှစ်၊ နောက်ဆုံး ကဏ္ဍကို ဖွင့်လှစ်ခြင်း
"ဟူး"
ဝမ်ချောင်သည် စိတ်နှလုံးအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိပြီး ရုတ်တရက် ပြောမပြနိုင်သော ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ဤကိစ္စရပ်များအတွင်း၌၊ အပြစ်မရှိဆုံးသောသူမှာ ကြင်ယာတော်ထိုက်ကျန်းသာ ဖြစ်ပေလိမ့်မည်။
ဝမ်ချောင်အနေဖြင့် ကြင်ယာတော်ထိုက်ကျန်းသည် ယခု အချိန်အထိ အရာရာကို အလှည့်ဖျား ခံထားရခြင်း ဟုတ်မဟုတ် မေးမြန်းရန် ကြံရွယ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ပြန်လည်စဉ်းစားကြည့်သည့်အခါ၊ ၎င်းမှာ သေချာပေါက် ဖြစ်နိုင်ခြေ ရှိနေပေသည်။
အချို့သော ကိစ္စရပ်များမှာ ထုတ်ဖော် ပြောဆို၍ မရနိုင်ပေ၊ ဥပမာအားဖြင့် ကမ္ဘာကူးပြောင်းသူ ကိစ္စမျိုးမှာ အလွန်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသဖြင့်၊ ထုတ်ပြောခဲ့လျှင်ပင် မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူတော်စင်ဧကရာဇ်သည် မိမိအနေဖြင့် သူမကို ကာကွယ်ပေးနေသည်ဟု ယူဆထားစေကာမူ၊ ဝမ်ချောင်နှင့်နောင်လာနောက်သားများ၏အမြင်အရ ကြည့်မည်ဆိုပါက၊ သူတော်စင်ဧကရာဇ်သည် ကြင်ယာတော်ထိုက်ကျန်းက သူ့ကို အစောကတည်းက ချစ်မြတ်နိုးနေခဲ့သည်ကို မသိရှိခဲ့ခြင်းပင် ဖြစ်သည်။
၎င်းမှာသာလျှင် ဤကိစ္စ၏ အကြီးမားဆုံးသော ဝမ်းနည်းဖွယ်ရာ အချက်ပင် ဖြစ်တော့သည်။
သို့သော်လည်း ဝမ်ချောင်အနေဖြင့် အရာရာကို သိရှိထားစေကာမူ၊ ၎င်းအတွင်းသို့ ဝင်ရောက် စွက်ဖက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
"ဝမ်ချောင်ငါ့ကို ကတိပေးစမ်းပါ၊ ငါ့ကိုယ်စား သူမကို ထာဝရ ကာကွယ်ပေးမယ်လို့၊ မင်း လုပ်နိုင်ပါ့မလား"
နန်းဆောင်ထက်တွင် သူတော်စင်ဧကရာဇ်သည် ရုတ်တရက် မျက်ဝန်းများကို ဖွင့်လိုက်ပြီး ဝမ်ချောင်ကို ကြည့်ရင်း မေးမြန်းလိုက်သည်။
"အရှင်မင်းကြီးစိတ်ချပါ၊ ကျွန်တော်မျိုး အမတ်မင်းအနေနဲ့ အစွမ်းကုန် ကြိုးစားပြီးတော့၊ ကြင်ယာတော်ထိုက်ကျန်းရဲ့ ဘေးကင်းမှုကို အသက်နဲ့လဲပြီး ကာကွယ်သွားပါ့မယ်"
ဝမ်ချောင်သည် ခါးကို ညွှတ်၍ အလွန်ပင် ရိုသေလေးစားစွာဖြင့် လျှောက်တင်လိုက်သည်။
"ဒါဆိုရင်တော့၊ ငါ့မှာ ဘာနောင်တမှ မရှိတော့ပါဘူး"
သူတော်စင်ဧကရာဇ်သည် အသာအယာ ပြုံးလိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ လေးလံလှသော ဝန်ထုပ်ဝန်ပိုးများ အားလုံးကို ချထားလိုက်ရသကဲ့သို့ပင်။
"နောက်ဆုံးအနေနဲ့ ငါ့မှာ မင်း အတွက် ပေးစရာ လက်ဆောင် အချို့ ရှိသေးတယ်"
သူတော်စင်ဧကရာဇ်၏အသံမှာ ရုတ်တရက် များစွာမြင့်တက်လာခဲ့ပြီး ဝမ်ချောင်သတိမဝင်နိုင်သေးမီမှာပင် ဝုန်း ဆိုသည့် မိုးခြိမ်းသံကဲ့သို့သော အသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ကာ နန်းဆောင်အထက်ရှိ သူတော်စင်ဧကရာဇ်၏ ကိုယ်အတွင်းမှ နေမင်းကြီးထက်ပင် ပိုမိုစူးရှလှသော ရွှေရောင် အလင်းတန်းများ ပွင့်ထွက်လာတော့သည်။ ထို အလင်းတန်းများမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာနှင့် မြေကြီးကို ဖုံးလွှမ်းသွားခဲ့ရာ၊ သူတော်စင်ဧကရာဇ်၏ ပုံရိပ်တစ်ခုလုံးမှာလည်း ထိုအလင်းတန်းများအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
သူတော်စင်ဧကရာဇ်၏ အငွေ့အသက်မှာလည်း ရုတ်တရက် အဆင့်တစ်ခု မြင့်တက်သွားခဲ့ပြီး ထိုခန့်ညားထည်ဝါလှသော အသံကြီးမှာ ဝမ်ချောင်၏နားထဲ၌ ထပ်မံပဲ့တင်ထပ်လာပြန်သည်။
"ငါ့ရဲ့ ကျင့်စဉ်အင်အားတွေက အရင်လို မဟုတ်တော့ပေမဲ့လည်း ကျန်ရှိနေသေးတဲ့ စွမ်းအားတွေကတော့ မင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါသေးတယ်"
သူတော်စင်ဧကရာဇ်၏ စကားအဆုံးတွင်မူ၊ အရှိန်အဝါ ကြီးမားလှသော ဖိအားတစ်ခုမှာ ကောင်းကင်ယံထက်မှနေ၍ ကျရောက်လာခဲ့ပြီး ပြင်းထန်လှသော စွမ်းအားလှိုင်းတစ်ခုမှာ ဝမ်ချောင်၏ခန္ဓာကိုယ်ကို ချက်ချင်း ပစ်မှတ်ထားလိုက်သဖြင့် သူသည် တစ်ခဏချင်းအတွင်းမှာပင် မလှုပ်မယှက် ဖြစ်သွားရတော့သည်။
"ငါကတော့ ဒီစွမ်းအားကို မင်းရဲ့ခန္ဓာကိုယ်အတွင်းမှာ ပိတ်လှောင်ပေးထားမှာပါ၊ နောင်တစ်ချိန်မှာ မင်း အလွန်အန္တရာယ် ကြုံရတဲ့ အခါကျရင်၊ ငါ ချန်ထားပေးခဲ့တဲ့ ဒီစွမ်းအားက မင်း ကို ကူညီပေးနိုင်ပါလိမ့်မယ်"
"ဒါပေမဲ့ ဒီ စွမ်းအားကို တစ်ကြိမ်ပဲ အသုံးပြုလို့ ရတာဖြစ်တဲ့အတွက် သေသေချာချာ မှတ်ထားပါ၊ တကယ်ကို မဖြစ်မနေ အခြေအနေမျိုး မဟုတ်ရင်တော့ လုံးဝမဆင်မခြင် အသုံးမပြုပါနဲ့"
သူတော်စင်ဧကရာဇ်၏ အသံမှာ မိုးကြိုးသံအလား ဟိန်းထွက်နေပေသည်။ ဝမ်ချောင်၏ အာရုံခံစားမှုအတွင်း၌မူ၊ သူတော်စင်ဧကရာဇ်၏ စွမ်းအားများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား သူ၏ကိုယ်အတွင်းမှ အရှိန်အဟုန်ဖြင့် စီးထွက်လာသည်ကို ခံစားနေရသလို၊ သူတော်စင်ဧကရာဇ်၏ မူလကပင် ဆုတ်ယုတ်နေသော အသက်ဓာတ် မီးလျှံမှာလည်း ယခု အခိုက်အတန့်တွင် အလွန်ပင် မှေးမှိန်သွားခဲ့ပြီး အချိန်မရွေး ငြိမ်းသတ်ခံရတော့မည့်အတိုင်း ဖြစ်နေတော့သည်။
"အရှင်မင်းကြီး၊ မဖြစ်ပါဘူး"
ဝမ်ချောင်သည် စိုးရိမ်တုန်လှုပ်သွားခဲ့ပြီး မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် ရုန်းကန်၍ သူတော်စင်ဧကရာဇ်၏ ချည်နှောင်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သော်လည်း လုံးဝမလှုပ်ရှားနိုင်ခဲ့ပေ။
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အလင်းတန်းများမှာ နန်းဆောင်အတွင်း၌ ပျံ့နှံ့သွားခဲ့ပြီး နန်းဆောင်အထက်မှ ထို ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကြီးမှာ နေမင်းကြီး တစ်စင်းအလား ဟင်းလင်းပြင်ကို တောက်ပစေလျက်၊ သူတော်စင်ဧကရာဇ်ရှိရာ အရပ်မှနေ၍ ဝမ်ချောင်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာကာ၊ ဦးခေါင်းထိပ်ရှိ ပိုင်ဟွေ့သွေးကြောမှတ်မှတစ်ဆင့် ဝမ်ချောင်၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားတော့သည်။
ထိုစွမ်းအားမှာ ဝမ်ချောင်၏ကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင်မူ၊ အရှိန်အဟုန်ဖြင့် ကျုံ့ဝင်သွားတော့သည်။
၎င်းမှာ ထျန်းဖူကို ဖြတ်ကျော်လျက်၊ ရှီအာ့ကျုံးလော့(လူ့ခန္ဓာကိုယ်ရဲ့လည်ပင်းကနေ ရင်ခေါင်းအထိ ဆက်သွယ်ထားတဲ့ လေပြွန်အရိုးဆစ် ၁၂ ဆစ် ရှိတဲ့နေရာ)ကို ထိုးဖောက်ကာ၊ ရှန်းကျုံးမှတစ်ဆင့် အထက်ဒန်ထျန်သို့ ရောက်ရှိသွားပြီးနောက်၊ နောက်ဆုံးတွင် ဝမ်ချောင်၏ ဒန်ထျန်အနက်ရှိုင်းဆုံးနေရာ၌ ကျောက်တုံးတစ်တုံးအလား ငြိမ်သက်စွာ အခြေချလိုက်တော့သည်။
ထိုကျယ်ပြောလှသော သမုဒ္ဒရာကြီးအလား ကြီးမားကာ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော စွမ်းအားမှာလည်း ထက်ရှလာခဲ့ပြီး ၎င်းအတွင်းမှ အငွေ့အသက် တစ်မျှင်တည်းသာ ဝမ်ချောင်နှင့်တစ်သားတည်း ဖြစ်သွားခဲ့ရာ၊ ဝမ်ချောင်သာ အလိုရှိမည် ဆိုပါက ၎င်းကို အချိန်မရွေး ပေါက်ကွဲစေနိုင်တော့မည် ဖြစ်သည်။
"မင်းရဲ့ကျင့်စဉ် အဆင့်က မလုံလောက်သေးဘူး၊ ငါ ပေးခဲ့တဲ့ ဒီ စွမ်းအားထဲမှာ တစ်ဝက်က နတ်ဘုရားစစ်သည်တော်အဆင့်ရဲ့ အငွေ့အသက်တွေ ပါဝင်နေတာပါ။ ဒါကြောင့် မင်း အနေနဲ့ အဲဒါကို အသုံးပြုရုံပဲ သုံးလို့ ရမယ်။ ကိုယ့်ကိုယ်ကိုယ် ဝါးမျိုဖို့တော့ မကြိုးစားပါနဲ့၊ မဟုတ်ရင်တော့ အဲဒါရဲ့တန်ပြန်သက်ရောက်မှုကြောင့် မင်းကိုယ်တိုင် အပြင်းအထန် ဒဏ်ရာရသွားပါလိမ့်မယ်"
သူတော်စင်ဧကရာဇ်၏အသံမှာ နန်းဆောင်အထက်မှ ထွက်ပေါ်လာသည်၊ ထိုအသံမှာ အတိုင်းအဆမရှိ အားနည်းနေပေသည်။
"အရှင်မင်းကြီး ဝမ်ချောင်နားလည်ပါပြီ"
ဝမ်ချောင်၏ မျက်ဝန်းအစုံမှာ နီရဲလာခဲ့ပြီး ခေါင်းကို ငုံ့လိုက်မိသည်။
အရာရာမှာ ပြန်လည်ပြုပြင်၍ မရနိုင်တော့ကြောင်း သူ သိရှိထားသည်။ သူတော်စင်ဧကရာဇ်၏ ဝိညာဉ်အနက်ရှိုင်းဆုံး နေရာ၌ ထိ ကြီးမားလှသော သေခြင်းတရား အငွေ့အသက်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သလို၊ တစ်ကိုယ်လုံးသို့လည်း ပျံ့နှံ့နေပြီ ဖြစ်သည်။
သေခြင်းနှင့်ရှင်ခြင်း စွမ်းအားဆိုသည်မှာ သိုင်းသမား တစ်ဦးအနေဖြင့် လုပ်ဆောင်နိုင်သော အရာ မဟုတ်တော့ပေ။
"ငါ လုပ်ဆောင်နိုင်တာတွေကိုတော့ လုပ်ဆောင်ခဲ့ပြီးပါပြီ၊ ကျန်တာတွေကိုတော့ မင်း ဆီမှာပဲ အပ်နှံခဲ့ပါ့မယ်"
ပလ္လင်တော်ပေါ်၌၊ သူတော်စင်ဧကရာဇ်သည် အားနည်းလှသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
"ကျွန်တော်မျိုး အမတ်မင်းအနေနဲ့ ကိုးပြည်ထောင်မြေကို သေသည်အထိ ကာကွယ်သွားပါ့မယ်"
ဝမ်ချောင်၏မျက်ဝန်းအိမ်မှာ စိုစွတ်လာခဲ့ပြီး စိတ်ထဲ၌လည်း နာကျင်မှုများ ခံစားနေရသဖြင့် ခေါင်းကို ထပ်မံငုံ့လိုက်မိသည်။
သူသည် ကမ္ဘာကျော် ဧကရာဇ်တစ်ဦး၏ နောက်ဆုံးသော အခိုက်အတန့်ကို ကိုယ်တိုင် မျက်မြင် ကြုံတွေ့နေရခြင်း ဖြစ်သလို သူ နတ်ရွာစံခါနီးအချိန်၌ အပ်နှံခဲ့သမျှသော တာဝန်များကိုလည်း လက်ခံလိုက်ခြင်း ဖြစ်ကြောင်း သူ သိရှိထားသည်။
"သေခြင်းနဲ့ ရှင်ခြင်းဆိုတာ ကံကြမ္မာအတိုင်းပါပဲ၊ အများကြီး စိတ်ထဲ မထားပါနဲ့"
ပလ္လင်တော်ပေါ်၌ ဝမ်ချောင်ဘာတွေတွက်ချက်နေသလဲ ဆိုသည်ကို သိရှိပုံရသဖြင့် သူတော်စင်ဧကရာဇ်က အသာအယာ ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်သည်။
နန်းဆောင်အပြင်ဘက်မှ လေပြည်လေးတစ်ခုမှာ တိုက်ခတ်လာပြီး နန်းဆောင်အတွင်းသို့ တိုးဝင်လာကာ သူတော်စင်ဧကရာဇ်၏ နားထင်မှ ဆံပင်ဖြူများကို ဖရိုဖရဲ ဖြစ်အောင် လှုပ်ခတ်စေတော့သည်။
ဤကမ္ဘာကျော် ဧကရာဇ်ကြီးမှာ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီးနောက်၊ နန်းဆောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏အကြည့်များမှာ ဟင်းလင်းပြင်ပေါင်း များစွာကို ဖြတ်ကျော်လျက် မြို့တော်နှင့် ကျယ်ပြောလှသော မြေပြင်၊ တောင်စဉ်တောင်တန်းများဆီသို့ ရောက်ရှိသွားတော့သည်။ သူ၏ဘဝနောက်ဆုံး အခိုက်အတန့်တွင်မူ သူ၏မျက်နှာပေါ်၌ မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိဘဲ၊ တည်ငြိမ်အေးဆေးမှုများသာ ရှိနေပေသည်။
"ငါ့ရဲ့နောက်ဆုံးအချိန်ကတော့ ရောက်လာပြီပဲ။ ဒါပေမဲ့ ငါ့မှာ ဘာနောင်တမှ မရှိတော့ပါဘူး"
"ခမည်းတော် ဧကရာဇ်မင်းမြတ် လက်ထက် ၁၃ နှစ်မှာ ငါက ဒီကမ္ဘာကို ပထမဦးဆုံးအကြိမ် ရောက်လာခဲ့တာ၊ သုံးနှစ်အတွင်းမှာပဲ ထီးနန်းကို ဆက်ခံနိုင်ခဲ့သလို၊ အဲဒီနောက်မှာတော့ မင်းဆက် အမည်ကို ရှန်လုံလို့ ပြောင်းလဲခဲ့တာပေါ့"
"ရှန်လုံ ၁ နှစ်၊ ၃ လပိုင်းမှာ ငါက စစ်သည်တော် ၁၀ သိန်းကို ဦးဆောင်ပြီးတော့ ယွီစန်းကို အကြီးအကျယ် ချေမှုန်းခဲ့သလို၊ မဟာထန်ရဲ့နယ်နိမိတ်ကိုလည်း အနောက်ဘက်ဆီကို မိုင်ပေါင်း ၅၀၀၀ ကျော်အထိ ချဲ့ထွင်နိုင်ခဲ့ပြီး ယွီစန်းရဲ့အစွန်းပိုင်းမှာ မဟာထန်ရဲ့ အစောဆုံး အခြေစိုက်စခန်းကို တည်ဆောက်ခဲ့တာပဲ"
"ရှန်လုံ ၃ နှစ်၊ ၄ လပိုင်းမှာ ငါက စစ်သည်တော် ၃၀ သိန်းကို ဦးဆောင်ပြီးတော့ တာ့ကျွယ်အင်ပါယာကို ချေမှုန်းခဲ့ကာ ကျင်းမန်၊ လွမ်ထိုင်၊ ရွှမ်ချီကျိုးဒေသတွေကို သိမ်းပိုက်နိုင်ခဲ့သလို မဟာထန်ရဲ့ နယ်နိမိတ်ကိုလည်း မြောက်ဘက်ဆီကို မိုင်ပေါင်း ၈၀၀၀ ကျော်အထိ ချဲ့ထွင်နိုင်ခဲ့ပြီး ပေထင်နယ်စားအိမ်တော်ကို တည်ထောင်ခဲ့တာပေါ့"
"ရှန်လုံ ၇ နှစ်၊ ၆ လပိုင်းမှာ၊ ငါက စစ်တပ်ကို ဦးဆောင်ပြီး အရှေ့ဘက်ကို ချီတက်ခဲ့ကာ၊ ပိုင်ကျိနဲ့ ကောက်ချယ်တွေကို ဖျက်ဆီးခဲ့သလို၊ ဂိုဂုလျောကိုလည်း အကြီးအကျယ် ချေမှုန်းနိုင်ခဲ့တာကြောင့်၊ မဟာထန်ရဲ့နယ်နိမိတ်ဟာ အရှေ့ဘက်ဆီကို မိုင်ပေါင်း ၆၀၀၀ ကျော်အထိ ကျယ်ပြန့်သွားခဲ့သလို၊ ယိုကျိုးမှာလည်း အန်းတုန်နယ်စားအိမ်တော်ကို ဖွင့်လှစ်နိုင်ခဲ့တာပဲ"
"ရှန်လုံ ၉ နှစ်၊ ၁၀ လပိုင်းမှာ၊ ငါက စစ်တပ်ကြီးကို အာဟိုင်ဆီကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့သလို၊ မာန်ရှဲ့ကျောက်ကိုလည်း ခြိမ်းခြောက်နိုင်ခဲ့တာကြောင့်၊ မာန်ရှဲ့ကျောက်ဟာ တိုက်ခိုက်စရာမလိုဘဲ အရှုံးပေးပြီးတော့ မဟာထန်ဆီမှာ သစ္စာခံခဲ့ကာ လက်နက်ချ အညံခံလွှာကို ဆက်သခဲ့တယ်။ ဒါကြောင့်မို့လို့ အန်းနန်နယ်စားအိမ်တော် ဆိုတာ ရှိလာခဲ့တာပေါ့"
"ရှန်လုံ ၁၁ နှစ်မှာ ငါက အနောက်ဘက်ဒေသ တစ်ခုလုံးကို ချေမှုန်းပြီးတော့ အနောက်ဘက်ဒေသ နယ်စားအိမ်တော်ကို တည်ထောင်ခဲ့သလို၊ အဲဒီနောက်မှာတော့ ချီရှီမှာ လက်နက်တိုက်တွေကို တည်ဆောက်ခဲ့တယ်။ မဟာထန်ရဲ့အင်အားကို သုံးပြီးတော့ လက်နက်တိုက် အခုပေါင်း ဆယ်ဂဏန်းခန့်ကို တည်ဆောက်ပေးခဲ့သလို၊ တစ်ချိန်တည်းမှာပဲ အန်းရှီ၊ ချီရှီ၊ ပေထင်၊ လုံရှီ စတဲ့ နေရာတွေရဲ့ နောက်ထောက်ပို့ လုပ်ငန်းတွေကိုလည်း တိုးမြှင့်ပေးခဲ့တာကြောင့်၊ မဟာထန်ရဲ့ စစ်အင်အားကို ပိုပြီးခိုင်မာစေကာ တခြား နိုင်ငံတွေကိုလည်း ခြိမ်းခြောက်နိုင်ခဲ့တာပဲ။"
"ရှန်လုံ ၁၄ နှစ် ရောက်တဲ့ အခါမှာတော့ မဟာထန်မှာ ပြိုင်ဘက် ဆိုတာ မရှိတော့ဘူး၊ အရပ်မျက်နှာ အနှံ့အပြားက မျိုးနွယ်ခြား နိုင်ငံတွေ အားလုံးနဲ့ ပင်လယ်ရပ်ခြားက နိုင်ငံငယ်လေးတွေပါ မဟာထန် ဆီကို လာရောက်ပြီးတော့ ဂါရဝပြုခဲ့ကြတယ်၊ ဟွာအယ်ရှန်းဟွေး မျှော်စင်မှာ၊ ငါက ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံပေါင်းစုံကို ဆင့်ခေါ်ပြီးတော့၊ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီးကို ကျင်းပခဲ့တာပေါ့"
...
ပလ္လင်တော်ပေါ်၌ သူတော်စင်ဧကရာဇ်သည် မိမိဘာသာ တီးတိုး ရေရွတ်လျက် ဝမ်ချောင်အား သူ၏အတိတ်မှ စွမ်းဆောင်ရည်များကို ပြောပြနေသလို၊ တစ်ချိန်က ခမ်းနားခဲ့သော သမိုင်းကြောင်း တစ်ခုကိုလည်း ပြန်လည် ပြောပြနေခြင်း ဖြစ်သည်။ သူ၏မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာ တောက်ပနေပြီး မူလက စစ်မက်များ ပြည့်နှက်နေခဲ့သော ထိုခေတ်ကာလကြီးအတွင်းသို့ ပြန်လည် ရောက်ရှိသွားပုံရပေသည်။
ယခုအခိုက်အတန့်တွင် သူတော်စင်ဧကရာဇ်၏ အမူအရာမှာ တည်ကြည်နေပြီး သူ၏တစ်ကိုယ်လုံးမှလည်း ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသဖြင့်၊ တစ်ဦးတည်းသော ခန့်ညားထည်ဝါလှသည့်၊ မြင့်မြတ်လှသော၊ မည်သူမျှ ကျူးကျော်ရန် မဝံ့ရဲသော အရှိန်အဝါများဖြင့် ပြည့်နှက်နေတော့သည်။
ဝမ်ချောင်သည် တိတ်တဆိတ် နားထောင်နေရင်း မိမိ၏ရှေ့မှောက်ရှိ မဟာထန် အင်ပါယာ၏ အထွတ်အထိပ် ခေတ်ကာလကို ဖန်တီးခဲ့သော ဤပုဂ္ဂိုလ်ကြီးကို ကြည့်ကာ စိတ်နှလုံးအတွင်း၌ နက်ရှိုင်းလှသော လေးစားမှုများနှင့် ကြည်ညိုမှုများသာ ရှိနေတော့သည်။
မဟာထန်၏ စိတ်ဝိညာဉ်
သူသည် မဟာထန်ကို ဦးဆောင်၍ စစ်ပွဲပေါင်းများစွာကို အနိုင်ယူခဲ့သလို၊ ရန်သူပေါင်းများစွာကိုလည်း ချေမှုန်းနိုင်ခဲ့စေကာမူ၊ ဝမ်ချောင်အနေဖြင့် ကောင်းစွာ သိရှိထားသည်မှာ၊ နဂါးပလ္လင်ပေါ်မှ ထိဧကရာဇ်မင်းမြတ်မှာသာလျှင် ဤ အင်ပါယာ၏ စစ်မှန်သော စိတ်ဝိညာဉ် မဏ္ဍိုင် ဖြစ်ကြောင်းပင်။
သူသာလျှင် တစ်ခုလုံးသော အင်ပါယာကြီးကို ထိန်းကျောင်း ပံ့ပိုးပေးခဲ့သူ ဖြစ်သည်
သူသည် ကမ္ဘာကူးပြောင်းသူ ဖြစ်သည် မဖြစ်သည်မှာ အရေးမကြီးတော့သလို၊ မည်သည့် အပြိုင် ကမ္ဘာလောကမှ လာသည် ဆိုသည်မှာလည်း အရေးမပါတော့ပေ။ အရေးကြီးသည်မှာ မိမိ၏ရှေ့မှောက်ရှိ ဤ ပုဂ္ဂိုလ်ကြီးမှာ အစောကတည်းကပင် သူ၏ထူးကဲလှသော သတ္တိနှင့် လုပ်ဆောင်ချက်များဖြင့် တစ်လောကလုံးရှိ လူပေါင်း သောင်းခြောက်ထောင် ကြည်ညိုလေးစားရသော တည်ရှိမှု တစ်ခု ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။ သူသည် သူ၏ထူးကဲလှသော ကိုယ်ကျင့်တရားများဖြင့် ဝမ်ချောင်အပါအဝင် လူတိုင်း၏လေးစားမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
"ဒီမဟာထန်ရဲ့ အင်ပါယာကြီးကို တိုင်းနိုင်ငံပေါင်းစုံက သစ္စာခံကြပါစေ၊ ဒီ ကုဋေပေါင်းများစွာသော ပြည်သူတွေအားလုံး၊ တိုင်းပြည် အေးချမ်းပြီး ပြည်သူတွေ စိတ်ချမ်းသာကြပါစေ၊ ဒီ အလယ်ပိုင်းဒေသရဲ့ လူသားတွေအားလုံး၊ အလုပ်အကိုင်တွေ အဆင်ပြေပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ကြပါစေ။ ဝမ်ချောင်ဒီအရာတွေ အားလုံးကို ငါ မရှိတော့တဲ့နောက်မှာ မင်း လုပ်ဆောင်နိုင်ပါ့မလား”
နဂါးပလ္လင်ထက်တွင် သူတော်စင်ဧကရာဇ်သည် မျှော်လင့်ချက်များ ပြည့်နှက်နေသော အကြည့်များဖြင့် ဝမ်ချောင်ကို ကြည့်ရင်း မေးမြန်းလိုက်သည်။
မျက်ရည်များမှာ မသိစိတ်အရပင် စီးကျလာခဲ့ပြီး မျက်ဝန်းများကို ဝေဝါးသွားစေကာမူ၊ ဝမ်ချောင်၏အသံမှာမူ အလွန်ပင် ခိုင်မာနေပြီး အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိပေ။
"ကျွန်တော်မျိုး အမတ်မင်း သေချာပေါက် လုပ်ဆောင်နိုင်ပါ့မယ်"
"ဒါဆိုရင်တော့ ငါ စိတ်အေးသွားပါပြီ။"
သူတော်စင်ဧကရာဇ်က ခေါင်းကို ညိတ်လိုက်ရင်း သက်ပြင်းတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်သည်။ သူ၏ညာဘက်လက်မှာ ဝတ်ရုံစအောက်မှ ထွက်ပေါ်လာခဲ့ပြီး သူ၏လက်ချောင်းငါးဖက်ကို ဖြန့်လိုက်သည့်အခါ လက်ဖဝါးအလယ်၌ ကြည်လင်တောက်ပနေသော အပိုင်းအစလေး တစ်ခု ရှိနေပေသည်။
ထို အပိုင်းအစမှာ ဝင်းခနဲ ကြည်လင်နေပြီး စူးရှလှသော အလင်းတန်းများကို ထုတ်လွှတ်နေသဖြင့်၊ လူကို တိုက်ရိုက် ကြည့်ရန်ပင် ခက်ခဲလှပေသည်။
"အချိန်လည်း ရောက်ပြီဆိုတော့၊ ဒီအရာကိုလည်း မင်းဆီကို ပေးသင့်ပါပြီ၊ မင်းက ငါ့ထက်စာရင် ဒီအရာကို ပိုပြီးတော့ လိုအပ်နေတာ မဟုတ်လား။"
"ဒါဟာ ငါ မင်း ကို ပေးတဲ့ နောက်ဆုံးသော လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ။"
သူတော်စင်ဧကရာဇ်က ပြောဆိုလိုက်ရင်း၊ လက်ချောင်းကို အသာအယာ ခါယမ်းလိုက်ရာ၊ ထိုကြည်လင်လှသော အပိုင်းအစလေးမှာ လက်မှ ထွက်ခွာသွားပြီး ဟင်းလင်းပြင်အတွင်း၌ လခြမ်းပုံစံအတိုင်း ပျံဝဲလျက် ဝမ်ချောင်၏ လက်ဖဝါးအတွင်းသို့ ကျရောက်လာတော့သည်။
ဝမ်ချောင်၏စိတ်ထဲ၌ အလွန်ပင်အံ့အားသင့်သွားခဲ့ရသည်။ သူ အသေအချာ စူးစိုက်ကြည့်လိုက်သည့်အခါ သူတော်စင်ဧကရာဇ် ပေးအပ်လိုက်သော ထိုအရာမှာ လက်သည်းခွံ အရွယ်အစားမျှသာ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ အစပိုင်းတွင်မူ အလင်းတန်းများ တောက်ပနေစေကာမူ များစွာထင်ပေါ်ခြင်း မရှိလှပေ။ သို့သော်လည်း ဘာကြောင့်မှန်း မသိဘဲ ဝမ်ချောင်အနေဖြင့် ရင်းနှီးနေသော ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
"အရှင်မင်းကြီး ဒါဟာ..."
ဝမ်ချောင်သည် စကားကို ဆက်လက်မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်၊ နောက်တစ်ခဏ၌ မည်သူမျှ မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုကြည်လင်တောက်ပနေသော အပိုင်းအစလေးမှာ ဝမ်ချောင်၏လက်ဖဝါးအတွင်း၌ ပြဒါးအလား ပျောက်ကွယ်သွားခဲ့ပြီးနောက် ဝမ်ချောင်၏ လက်မောင်းတစ်လျှောက်မှနေ၍ သူ၏ဦးနှောက်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားတော့သည်။
"ဝုန်း"
ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာ အရှိန်အဟုန်ဖြင့် တောက်ပလာခဲ့ပြီး တစ်ချိန်တည်းမှာပင်၊ ကံကြမ္မာကျောက်တုံး၏ အသံမှာ ခေါင်းလောင်းသံကြီး တစ်ခုအလား ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"သတိပြုရန် ကံကြမ္မာကျောက်တုံး၏အပိုင်းအစကို ရှာဖွေတွေ့ရှိပါသည်"
"ထူးခြားသောဖြစ်ရပ်၊ ပိုင်ရှင်အနေဖြင့် ပထမဦးဆုံးသော ကံကြမ္မာကျောက်တုံး အပိုင်းအစကို စုဆောင်းနိုင်ခဲ့ပါပြီ ကံကြမ္မာကျောက်တုံး ပြန်လည်ဖြည့်တင်းခြင်း အစီအစဉ်ကို စတင်လိုက်ပါပြီ။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ကံကြမ္မာ စွမ်းအား အမှတ် ကုဋေ တစ်ဆယ်ကို ပေးအပ်ပါသည်"
"သတိပြုရန်၊ ကံကြမ္မာကျောက်တုံး အပိုင်းအစသည် ကံကြမ္မာကျောက်တုံး၏ အရည်အချင်းများကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သလို၊ ပိုင်ရှင်အနေဖြင့် ကမ္ဘာလောက၏ စွမ်းအားအပေါ် ခုခံမှုနှင့် နှောင့်ယှက်မှုများကိုလည်း များစွာမြှင့်တင်ပေးနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် အိမ်ရှင်အား ဤကမ္ဘာလောက၏ သမိုင်းကြောင်းကို နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲနိုင်သော အရည်အချင်းများကိုလည်း ရရှိစေမည် ဖြစ်ပါသည်"
"ထူးခြားသော ဖြစ်ရပ်၊ ပိုင်ရှင်အနေဖြင့် ဤကမ္ဘာလောက၏ နောက်ဆုံး ကဏ္ဍဖြစ်သော 'ကံကြမ္မာ ကဏ္ဍ’ကို အစစ်အမှန် ဖွင့်လှစ်လိုက်ပါပြီ"
...
အချိန်တိုလေးအတွင်းမှာပင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသော အသံများမှာ ရေတံခွန်ကြီး တစ်ခုအလား ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်၊ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ အကြည့်များအောက်၌၊ သူတော်စင်ဧကရာဇ် ပေးအပ်လိုက်သော ထိုကြည်လင်တောက်ပလှသော အပိုင်းအစလေးမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့ပြီး တစ်စုံတစ်ခုသော ဆွဲငင်မှုကြောင့် ဝမ်ချောင်ကိုယ်တိုင် ပိုင်ဆိုင်ထားသော ကံကြမ္မာကျောက်တုံးနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
""
"အရှင်မင်းကြီး"
ဝမ်ချောင်သည် မျက်ဝန်းများကို ရုတ်တရက် ပြူးကြည့်လိုက်ပြီးနောက်၊ နန်းဆောင်အထက်ရှိ သူတော်စင်ဧကရာဇ်ကို ကြည့်ရင်း စကားလုံး နှစ်လုံးကိုသာ ဆိုလိုက်နိုင်သည်။ သူ၏စိတ်နှလုံးအတွင်း၌မူ အတိုင်းအဆမရှိသော လှိုင်းလုံးကြီးများ ပွင့်ထွက်နေတော့သည်။
ကံကြမ္မာကျောက်တုံး။
ကံကြမ္မာ အပိုင်းအစ။
နောက်ဆုံး ကဏ္ဍ။
ယခုကဲ့သို့သော အပြောင်းအလဲမှာ ဝမ်ချောင်လုံးဝမထင်မှတ်ထားသော ကိစ္စပင် ဖြစ်တော့သည်။
ဝမ်ချောင်သည် မိမိ၏ ဦးနှောက်အတွင်း၌ ရှိနေသော အရာမှာ ပြီးပြည့်စုံသော ကံကြမ္မာကျောက်တုံး ဖြစ်သည်ဟုသာ အမြဲတမ်း ယူဆထားခဲ့ခြင်း ဖြစ်သည်၊ ကံကြမ္မာကျောက်တုံး ၌ အပိုင်းအစများ ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မစဉ်းစားခဲ့မိပေ။
ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည်မှာမူ၊ သူတော်စင်ဧကရာဇ်သည်လည်း မိမိကဲ့သို့ပင်၊ ကံကြမ္မာကျောက်တုံး၏စွမ်းအားကို အသုံးပြု၍၊ အချိန်နှင့် ဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ ဤနေရာသို့ ရောက်ရှိလာသူ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။ ယခုကဲ့သို့သော ဆက်နွယ်မှုမျိုးကို သူ တစ်ခါမှပင် မစဉ်းစားခဲ့ဖူးပေ။
ဝမ်ချောင်သည် အခြားတစ်ဖက်ရှိ သူတော်စင်ဧကရာဇ်ကို စူးစိုက်ကြည့်နေမိသည်။ တစ်လောကလုံးက အသိအမှတ်ပြုထားသော ထိုဧကရာဇ်ကြီးမှာမူ ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ အံ့သြတုန်လှုပ်မှုများကို ကြည့်ရင် မထိန်းနိုင်ဘဲ အားရပါးရ ဟားတိုက် ရယ်မောလိုက်တော့သည်။
"ဘယ်လိုလဲ ငါ မင်းကို ပေးတဲ့ ဒီ လက်ဆောင်ကို သဘောကျရဲ့လား"
"အရှင်မင်းကြီး ဒါတွေက အမှန်တကယ် ဘယ်လိုမျိုး..."
ဝမ်ချောင်၏အမူအရာမှာ အလွန်ပင် ဝေဝါးနေပြီး ဆက်လက်၍ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်၊ နန်းဆောင်အထက်ရှိ သူတော်စင်ဧကရာဇ်မှာမူ ရယ်မောနေရင်းနှင့်ပင် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာတော့သည်။ ထို ချောင်းဆိုးသံမှာ သူ၏ဘဝတစ်ခုလုံးရှိ အင်အားများကို သုံးစွဲပစ်လိုက်သကဲ့သို့ပင်။
ဝမ်ချောင်ကို ပို၍ပင် ထိတ်လန့်သွားစေသည်မှာမူ ထိုချောင်းဆိုးသံနှင့်အတူ သူတော်စင်ဧကရာဇ်၏ နှုတ်ခမ်းထောင့်မှနေ၍ သွေးစများစွာမှာ တစ်ဖန် ပြန်လည်စီးကျလာခြင်းပင် ဖြစ်တော့သည်။
******
အခန်း (၂၀၄၇) ထာဝရ သူတော်စင်ဧကရာဇ်
"မကောင်းတော့ဘူး"
ဝမ်ချောင်၏စိတ်နှလုံးမှာ ထိတ်လန့်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ လှုပ်ခတ်သွားကာ သူတော်စင်ဧကရာဇ်ရှိရာ အရပ်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားရန် ပြင်လိုက်သော်လည်း၊ ထိုအချိန်၌ပင် သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို တားဆီးလိုက်သည်။
"မလိုအပ်တော့ပါဘူး၊ ငါ ဘာမှမဖြစ်ဘူး"
"ဝမ်ချောင်ငါ့ကို ပေးထားတဲ့ ကတိကို မှတ်ထားပါ၊ အခုတော့ ဆင်းသွားပါတော့"
သူတော်စင်ဧကရာဇ်သည် မျက်ဝန်းအစုံကို အသာအယာ မှိတ်ထားလျက် မိမိ၏အင်အားများ အားလုံးကို ဖြုန်းတီးပစ်လိုက်ရသကဲ့သို့ ရွှေဝါရောင် နဂါးပလ္လင်ပေါ်သို့ ဖြည်းညှင်းစွာ မှီချလိုက်တော့သည်။
ဝမ်ချောင်သည် နဂါးပလ္လင်ပေါ်ရှိ သူတော်စင်ဧကရာဇ်ကို ကြည့်ရင်း၊ တစ်စုံတစ်ခုကို နားလည်သွားပုံရပေသည်။
သူတော်စင်ဧကရာဇ်၏ ကိုယ်အတွင်း၌ အရှိန်အဟုန်ဖြင့် တိုးပွားလာနေသော သေခြင်းတရား အငွေ့အသက်များနှင့်၊ ငြိမ်းသတ်ခံရတော့မည့် အသက်ဓာတ် မီးလျှံများကို သူ အသေအချာ အာရုံခံမိနေပေသည်။
ဝမ်ချောင်အနေဖြင့် သိရှိထားသည်မှာ ဤမင်းကောင်းမင်းမြတ်၏ ဘဝခရီးသည် အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းပင်။
၎င်းမှာ မိမိအနေဖြင့် သူ့ကို နောက်ဆုံးအကြိမ် မြင်တွေ့ရခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝမ်ချောင်၏စိတ်နှလုံးအတွင်း၌ အတိုင်းအဆမရှိသော နာကျင်မှုများနှင့် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေတော့သည်။
သူတော်စင်ဧကရာဇ်အနေဖြင့် မိမိ၏ နောက်ဆုံးသော မြင်ကွင်းကို ဝမ်ချောင်အား မမြင်တွေ့စေလိုဘဲ ဧကရာဇ်တစ်ပါး၏သိက္ခာကို နောက်ဆုံးအချိန်အထိ ထိန်းသိမ်းလိုသည်ကို သူ နားလည်လိုက်ခြင်း ဖြစ်သည်။
"ကျွန်တော်မျိုး အမတ်မင်းဝမ်ချောင်ဧကရာဇ်မင်းမြတ်ကို နောက်ဆုံးအကြိမ် ဂါရဝပြု နှုတ်ဆက်ပါတယ်"
ဝမ်ချောင်သည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် စိတ်နှလုံးအတွင်းမှ ဝမ်းနည်းမှုများကို အတင်းအဓမ္မ ဖိနှိပ်လျက် အလွန်ပင် ရိုသေလေးစားစွာဖြင့် မြေပြင်ပေါ်သို့ ဝပ်စံ၍ ဂါရဝပြုလိုက်တော့သည်။
ခေတ်ကာလတစ်ခုမှာ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သလို ဤနေရာမှာပင် သူ၏အဆုံးသတ်လည်း ဖြစ်ပေသည်။
ဝမ်ချောင်သည် လှည့်ပြန်လာခဲ့ပြီးနောက်၊ နောက်ဆုံးတွင် ထိုက်ကျိနန်းဆောင်အတွင်းမှ ထွက်ခွာလာခဲ့သည်။ သူသည် အဆုံးမဲ့လှသော ဝမ်းနည်းမှုများနှင့် ခိုင်မာလှသော စိတ်ဆန္ဒများကို ဆုပ်ကိုင်ထားလျက် ဧကရာဇ်ကြီးကို နောက်ဆုံးအကြိမ်အဖြစ် လမ်းခွဲ နှုတ်ဆက်လိုက်ခြင်းပင် ဖြစ်တော့သည်။
ဝမ်ချောင်ထွက်ခွာသွားပြီးနောက်တွင်မူ၊ နန်းဆောင်အတွင်း၌ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ခဏချင်းအတွင်းမှာပင်၊ ပလ္လင်တော်ပေါ်ရှိ ထိုလူပေါင်း သောင်းခြောက်ထောင် ကြည်ညိုလေးစားရသော ခန့်ညားထည်ဝါလှသည့် ပုံရိပ်ကြီး၏ဦးခေါင်းပေါ်မှ ဆံပင်နက်များမှာ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ဆံပင်ဖြူများအဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ကိုယ်လုံးမှာလည်း ရုတ်တရက် များစွာအိုမင်းသွားတော့သည်။
ယခု အခိုက်အတန့်တွင် သူသည် လူပေါင်း သောင်းခြောက်ထောင် ကြည်ညိုလေးစားရသော သူတော်စင်ဧကရာဇ်တစ်ဦး မဟုတ်တော့ဘဲ၊ သွေးသားဖြင့် တည်ဆောက်ထားသော သာမန် လူသားတစ်ဦးမျှသာ ဖြစ်ပေသည်။
"ဖျတ်"
သူ၏လက်ချောင်းကို တစ်ချက် ခါယမ်းလိုက်ရာ၊ ကျန်ရှိနေသေးသော ဂန်ချီ တစ်မျှင်မှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက်၊ ထိုက်ကျိနန်းဆောင်၏ ဘယ်ဘက် နံရံပေါ်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော စာလွှာလိပ်တစ်ခုကို ထိမှန်သွားတော့သည်။
စာလွှာလိပ်ပေါ်မှ ကြိုးမျှင်လေးမှာ ဂန်ချီ၏ ထိမှန်မှုကြောင့် ပြတ်တောက်သွားခဲ့ပြီး ဝုန်း ဆိုသည့် အသံနှင့်အတူ စာလွှာလိပ်မှာ ပြန့်ကားသွားခဲ့ရာ ပန်းချီကား တစ်ချပ် ပေါ်ထွက်လာတော့သည်။
၎င်းမှာ လက်ဖြင့် သေသေချာချာ ရေးဆွဲထားသော အလှမယ် ပုံတူကားတစ်ချပ် ဖြစ်ပြီး ပုံထဲမှ မိန်းကလေးမှာ အနီရောင် ဝတ်စုံကို ဆင်ယင်လျက် ကခုန်နေသည်မှာ ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်သမီး တစ်ပါးအလား ရှိနေပေသည်။
သူမသည် ကြင်ယာတော်ထိုက်ကျန်းနှင့် ခုနစ်ပုံခန့် ဆင်တူနေစေကာမူ၊ သူမနှင့် တစ်ဦးတည်း မဟုတ်သည်မှာ သေချာလှပေသည်။
"ချင်းလျော့ ငါ မကြာခင်မှာ မင်း ဆီကို လာပြီး အဖော်ပြုပေးတော့မယ်..."
ထိုအခိုက်အတန့်တွင်၊ ပန်းချီကားပေါ်မှ အနီရောင် ဝတ်စုံဝတ် မိန်းကလေးကို ကြည့်ရင်း၊ သူတော်စင်ဧကရာဇ်၏ အကြည့်များမှာ အတိုင်းအဆမရှိ နူးညံ့သွားတော့သည်။
"အရှင်မင်းကြီး အိမ်ရှေ့မင်းသားက အပြင်ဘက်မှာ စောင့်နေပါတယ်"
များမကြာမီမှာပင်၊ နန်းဆောင်အပြင်ဘက်မှ ကောင်းလီရှီ၏ အိုမင်းလှသော အသံမှာ ထွက်ပေါ်လာတော့သည်။
"သူ့ကို ဝင်လာခိုင်းလိုက်ပါ..."
ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ အိမ်ရှေ့မင်းသားသည် မျက်ဝန်းအစုံမှာ နီရဲလျက် မျက်နှာတစ်ခုလုံးတွင်လည်း ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း ထိုက်ကျိနန်းဆောင်အတွင်းမှ ထွက်ခွာလာခဲ့သည်။
နန်းဆောင်အတွင်း၌မူ သူတော်စင်ဧကရာဇ်၏အငွေ့အသက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို၍အားနည်းလာနေပြီး သူ၏ဦးခေါင်းပေါ်မှ ဆံပင်များမှာလည်း လုံးဝ ဖြူဖွေးသွားခဲ့ရာ သူသည် ဘဝနောက်ဆုံး အခိုက်အတန့်အတွင်းသို့ ရောက်ရှိနေပုံရပေသည်။
သို့သော်လည်း သူသည် အထက်တွင် မလှုပ်မယှက် ဆက်လက် ထိုင်နေဆဲဖြစ်ပြီး တစ်စုံတစ်ခုသော အရာကို စောင့်ဆိုင်းနေပုံရပေသည်။
"အရှင်မင်းကြီး ကျွန်တော်မျိုး အမတ်အိုကြီး အရှင်မင်းကြီးကို လာတွေ့တာပါ"
ရုတ်တရက်ဆိုသလို နန်းဆောင်အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အိမ်ရှေ့မင်းသား ထွက်ခွာသွားပြီးနောက်တွင်မူ အခြားသော ပုံရိပ်တစ်ခုမှာ နန်းဆောင်အတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာတော့သည်။
ပလ္လင်တော်ပေါ်၌ သူတော်စင်ဧကရာဇ်သည် မူလက ဘဝနောက်ဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုအသံကို ကြားလိုက်ရသည့်အခါတွင်မူ ရုတ်တရက် သူ၏မျက်ဝန်းအစုံကို ပြူးကြည့်လိုက်မိသည်။
"ဆရာကြီး မင်း ရောက်လာပြီပဲ"
ထိုရင်းနှီးလှသော ပုံရိပ်ကို ကြည့်ရင်း၊ သူတော်စင်ဧကရာဇ်၏ နှုတ်ခမ်းထောင့်၌ နောက်ဆုံးတွင် အပြုံးလေးတစ်ခု ပေါ်ထွက်လာတော့သည်။
အကယ်၍ ဝမ်ချောင်သာ ဤနေရာတွင် ရှိနေခဲ့မည် ဆိုပါက၊ နန်းဆောင်အတွင်းသို့ နောက်ဆုံး ဝင်ရောက်လာသော ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ အတိုင်းအဆမရှိ ထိတ်လန့်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတော်စင်ဧကရာဇ်က "ဆရာကြီး" ဟု ရိုသေစွာ ခေါ်ဆိုလိုက်သော သူ၏ဘဝနောက်ဆုံးအချိန်အထိ စောင့်ဆိုင်းနေခဲ့သော ထိုသူမှာ၊ အခြားသူမဟုတ်ဘဲ ဝမ်ချောင်၏အဘိုးဖြစ်သူ၊ တစ်လောကလုံးက ကြည်ညိုလေးစားရသော ကျိုကုန်းပင် ဖြစ်နေသောကြောင့်ပင်။
"ဟူး..."
ပလ္လင်တော်ပေါ်မှ ဘဝနောက်ဆုံး အချိန်သို့ ရောက်နေသော သူတော်စင်ဧကရာဇ်ကို ကြည့်ရင်း ကျိုကုန်းသည် အိုမင်းလှသော သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိသည်။
ထိုခဏ၌ အချိန်များမှာ နောက်ပြန် လည်ပတ်သွားသကဲ့သို့ ရှိနေပြီး သူသည်လည်း လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ဤကလေးငယ်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ခဲ့ရသော အချိန်ကာလအတွင်းသို့ ပြန်လည်ရောက်ရှိသွားပုံရပေသည်။
ထိုစဉ်ကလည်း သူသည် မိမိကို ယခုကဲ့သို့ပင် "ဆရာကြီး" ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
"သွားပါတော့ မင်းဟာ ငါ့ရဲ့တစ်သက်တာအတွင်းမှာ အဂုဏ်ယူရဆုံးသော ကျောင်းသားပဲ"
"ဆရာကြီးက မင်း အတွက် ဂုဏ်ယူပါတယ်"
ရထားလုံးမှာ ဝုန်းခနဲ မြည်ဟီးလျက် နန်းတွင်း လမ်းကြားများကြားမှ ဖြတ်ကျော် မောင်းနှင်နေပေသည်။ တစ်ခုလုံးသော နန်းတော်အတွင်းရှိ အငွေ့အသက်များမှာ အလွန်ပင် တည်ကြည်လေးနက်နေတော့သည်။
ဝမ်ချောင်၏ ရထားလုံးမှာ နန်းတော် ရှေ့တံခါးအနီးသို့ ရောက်ရှိလာသည့် အချိန်၌ ရုတ်တရက်ဆိုသလို ကျယ်လောင်လှသော ခေါင်းလောင်းသံကြီး တစ်ခုမှာ တစ်ခုလုံးသော မြို့တော်အတွင်း၌ မြည်ဟီးသွားတော့သည်။
"ဒေါင်"
ခေါင်းလောင်းသံမှာ တည်ကြည်လေးနက်လှသလို၊ နက်ရှိုင်းလှသော ဝမ်းနည်းပူဆွေးမှုများလည်း ကိန်းအောင်းနေပေသည်။
ထိုခေါင်းလောင်းသံကို ကြားလိုက်ရသည့်အခါ တစ်ခုလုံးသော မြို့တော်၏ အရှေ့အနောက် တောင်မြောက်ရှိ၊ ကုန်သည်များ၊ အလုပ်သမားများမှစ၍ ဘုရင်၊ စစ်သူကြီးများနှင့် အမတ်ကြီးများအထိ၊ လူတိုင်းမှာ မိမိတို့၏ လက်ရှိ လုပ်ဆောင်ချက်များကို ရပ်တန့်လိုက်ကြသည်။
လူပေါင်း တစ်သန်းနီးပါးခန့်၏ အကြည့်များမှာ နန်းတော် အနက်ရှိုင်းဆုံး နေရာရှိ ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီသို့ တညီတညွတ်တည်း ကျရောက်သွားတော့သည်။
"သူတော်စင်ဧကရာဇ်နတ်ရွာစံလေပြီ"
ထိုအချိန်မှာပင် အလွန် စူးရှလှသော အသံတစ်ခုမှာ တစ်ခုလုံးသော နန်းတော်အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။
ထိုခဏ၌ ရထားလုံးအတွင်းရှိ ဝမ်ချောင်၏တစ်ကိုယ်လုံးမှာ တုန်ယင်သွားခဲ့ပြီး မျက်ရည်များကိုလည်း ထပ်မံ၍ မထိန်းနိုင်တော့ဘဲ စီးကျလာတော့သည်။
မြို့တော်အတွင်း၌မူ၊ မရေမတွက်နိုင်သော လူရိပ်များမှာလည်း မြေပြင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး ဒူးထောက်လိုက်ကြပြီး နန်းတော် ရှိရာဘက်သို့ မျက်နှာမူလျက်၊ အသံကုန် ဟစ်အော်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေကြတော့သည်။
လူတိုင်းမှာ နားလည်လိုက်ကြသည်မှာ၊ ၎င်းမှာ နတ်ရွာစံ ခေါင်းလောင်းသံပင် ဖြစ်တော့သည်။
ယခုအခိုက်အတန့်တွင် တစ်ခုလုံးသော မြို့တော်မှာ အတိုင်းအဆမရှိသော ဝမ်းနည်းမှုများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
"ဝုန်း"
ခေါင်းလောင်းသံ မြည်ဟီးလိုက်သည့် တစ်ချိန်တည်းမှာပင် မြို့တော်၏ ကောင်းကင်ယံထက်၌ ပုံသဏ္ဌာန် မရှိသော အလင်းအကာအကွယ်တစ်ခုမှာ ထိုက်ကျိနန်းဆောင်၏ အထက်ဘက်မှနေ၍ တစ်ခုလုံးသော မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့ပြီး နောက်ဆုံးတွင် ကြီးမားလှသော အကာအကွယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲကာ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ဤ ရှန်းလျူမဟာအစီအရင် သို့မဟုတ် သူတော်စင်ဧကရာဇ်ကိုယ်တိုင် သွန်းလုပ်ခဲ့သော ရှောင်ကျိုကျိုး နယ်မြေပိတ်လှောင်မှုသည် သူတော်စင်ဧကရာဇ်နတ်ရွာစံပြီးနောက်တွင်မူ နောက်ဆုံး၌ တရားဝင် စတင် လည်ပတ်သွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ သူတော်စင်ဧကရာဇ်အနေဖြင့် ဤကမ္ဘာလောကအတွက် ချန်ထားပေးခဲ့သော နောက်ဆုံးသော လက်ဆောင်ပင် ဖြစ်တော့သည်။
"အား..."
နယ်မြေပိတ်လှောင်မှု စတင်လည်ပတ်လိုက်သည့် တစ်ချိန်တည်းမှာပင်၊ မြို့တော်၏ နေရာအနှံ့အပြားမှနေ၍ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
စနစ်တကျ တန်းစီနေသော အဆောက်အအုံများအတွင်းမှနေ၍၊ အမည်းရောင် ဝတ်စုံဝတ်လူများမှာ ထိတ်လန့်တုန်လှုပ်သော မျက်နှာထားများဖြင့် လမ်းဘေးခွေးများအလား၊ နေရာအသီးသီးမှနေ၍ အရှိန်အဟုန်ဖြင့် ထွက်ပြေးလာကြကာ မြို့ပြင်ဘက်သို့ အသည်းအသန် ဦးတည်နေကြတော့သည်။
ဤ အမည်းရောင် ဝတ်စုံဝတ်လူ များမှာ မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြသလို၊ မြို့တော်အတွင်း၌ မည်မျှအထိ ပုန်းအောင်းနေခဲ့ကြသည်ကို မည်သူမျှ မသိရှိကြပေ။
ယခုအခိုက်အတန့်တွင်မူ၊ အားလုံးမှာ ရှောင်ကျိုကျိုး နယ်မြေပိတ်လှောင်မှု၏ စွမ်းအားကြောင့် ပူပြင်းလှသော အိုးအတွင်းမှ ပုရွက်ဆိတ်များအလား အတင်းအဓမ္မ မောင်းထုတ်ခြင်း ခံလိုက်ရခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဤလူများမှာ မည်မျှပင် ထိတ်လန့်နေကြပါစေ၊ မည်မျှပင် အသည်းအသန် ထွက်ပြေးနေကြပါစေ၊ ရှောင်ကျိုကျိုး နယ်မြေပိတ်လှောင်မှု မြင့်တက်လာခဲ့သည့် ခဏ၌ပင် သူတို့၏ ကံကြမ္မာမှာ သတ်မှတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
စူးရှလှသော နာကျင်စွာ အော်ဟစ်သံများကြား၌ အမည်းရောင် ဝတ်စုံဝတ်လူ များ၏ မျက်ဝန်းအတွင်း၌ အဆုံးမဲ့လှသော ကြောက်ရွံ့မှုများ ပြည့်နှက်နေစဉ်၊ ပုံသဏ္ဌာန် မရှိသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုအောက်၌ သူတို့အားလုံးမှာ တစ်ဦးပြီးတစ်ဦး ပေါက်ကွဲသွားခဲ့ကြပြီး ကောင်းကင်အနှံ့ ပြန့်ကျဲနေသော အမည်းရောင် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။
ဟင်းလင်းပြင်၌ ဖြစ်စေ၊ အိမ်မိုးပေါ်၌ ဖြစ်စေ၊ လမ်းကြားများအတွင်း၌ ဖြစ်စေ... နေရာတိုင်းတွင် ထို အမည်းရောင် ပြာမှုန့်များမှာ လွင့်ပျံနေတော့သည်။
"ဒီလူယုတ်မာ"
မြို့တော်၏ အပြင်ဘက်၊ မြင့်မားလှသော မြို့ရိုး၏ အပြင်ဘက်၌မူ၊ ထိုက်ရှီသည် အမည်းရောင် ဝတ်စုံကို ဆင်ယင်လျက် မျက်နှာပေါ်၌ အဖြူရောင် မျက်နှာဖုံးကို တပ်ဆင်ထားကာ၊ သူ၏တစ်ကိုယ်လုံးမှာ ဒေါသထွက်လွန်းသဖြင့် တုန်ခါနေတော့သည်။
"လီထိုက်ယီ မင်းက သေတဲ့အထိတောင် ဒီအရာကို ချန်ထားခဲ့ပြီး ငါတို့ကို ရန်သူလို ဆက်ဆံသွားတာပေါ့။ ဒါပေမဲ့လည်း မင်းက မြို့တော်ကို ကာကွယ်နိုင်ခဲ့မယ် ဆိုရင်တောင်မှ၊ တစ်ခုလုံးသော ကိုးပြည်ထောင်မြေကိုတော့ မင်းက ဘယ်လိုမျိုး ကာကွယ်သွားမှာလဲ"
လေလှိုင်း တစ်ချက် လှုပ်ခတ်သွားခဲ့ပြီးနောက် ထိုက်ရှီမှာလည်း ဟင်းလင်းပြင်အတွင်း၌ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အခြားသော နေရာတစ်ခု၌မူ တချွင်ချွင် ဆိုသည့် အသံများနှင့်အတူ၊ သတ္တုချင်း ထိခိုက်မိသော သံကြိုးသံများမှာ ထွက်ပေါ်နေပေသည်။
ထိုအသံတိုင်းမှာ အလွန်ပင် လေးလံလှသလို၊ သံကြိုး တစ်ခုချင်းစီမှာလည်း ပေါင်ချိန် သောင်းချီ၍ လေးလံလှပေသည်။
"ဟားဟား..."
ဤလျှို့ဝှက်ဆန်းပြားလှသော ဟင်းလင်းပြင်အတွင်း၌ ရုတ်တရက်ဆိုသလို ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အစပိုင်းတွင်မူ အလွန်ပင် တိုးညှင်းလှစေကာမူ၊ နောက်ပိုင်းတွင်မူ ပိုမို၍ကျယ်လောင်လာခဲ့ပြီး မိုးခြိမ်းသံကြီး တစ်ခုအလား ဟင်းလင်းပြင်ကိုပင် အက်ကြောင်းများစွာ ဖြစ်ပေါ်စေတော့သည်။
"လီထိုက်ယီ မင်းကတော့ နောက်ဆုံးမှာ သေသွားခဲ့ပြီပဲ"
"စိတ်မပူပါနဲ့ မကြာခင် အချိန်အတွင်းမှာပဲ၊ ငါ တစ်ဖန် ပြန်လည် နိုးထလာတော့မယ်။ တစ်လောကလုံးမှာ ငါ့ကို ရန်သူလို ဆက်ဆံနိုင်မယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး"
ထိုအသံနှင့်အတူ သံကြိုးများမှာ တုန်ခါသွားခဲ့ပြီး ၎င်းတို့၏အပေါ်ရှိ ရှေးဟောင်း စာသားတစ်ခုချင်းစီမှနေ၍ ရွှေနီရောင် အလင်းတန်းများမှာ ပွင့်ထွက်လာတော့သည်။
ထိုသံကြိုးများ၏ အလယ်ဗဟို၌မူ ကြောက်မက်ဖွယ်ကောင်းလှသော ပုံရိပ်ကြီး တစ်ခုမှာ အားရပါးရ ဟားတိုက်ရယ်မောနေပေသည်။ သူ၏ကိုယ်အတွင်း၌မူ စွမ်းအားလှိုင်းများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား တုန်ခါနေတော့သည်။
ထို ကြောက်မက်ဖွယ်ကောင်းလှသော ဖျက်ဆီးလိုစိတ် ပြည့်နှက်နေသည့် စွမ်းအားများမှာ၊ သက်ရှိပေါင်းစုံ၊ ကမ္ဘာနှင့် မြေကြီး၊ နတ်ဘုရားနှင့် မိစ္ဆာများကိုပင် အရောင်အသွေး ကင်းမဲ့သွားစေရန် လုံလောက်လှပေသည်။
...
အရပ်မျက်နှာ အသီးသီးမှ လှုပ်ရှားမှုများကို ထားပါဦးတော့၊ ကိုးပြည်ထောင်အရပ်ဒေသ အသီးသီး၌ နတ်ရွာစံ ခေါင်းလောင်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်နှင့်အမျှ၊ သူတော်စင်ဧကရာဇ်နတ်ရွာစံသည့် သတင်းမှာ ကိုးပြည်ထောင် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ရှန်ကျိုးမြေ အရပ်ရပ်၌ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင်အလံများ လွင့်ထူလာကြပြီး မရေမတွက်နိုင်သော ပြည်သူများမှာ အသံကုန် ဟစ်အော်ကာ ငိုကြွေးကြလျက် သူတော်စင်ဧကရာဇ်အတွက် နတ်ရွာစံ အဝတ်အစားများ ဆင်ယင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်များကို ပြုလုပ်ကြတော့သည်။
ယခု အခိုက်အတန့်တွင် ကိုးပြည်ထောင် တစ်ခုလုံးမှာ အဖြူရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
ကိုးပြည်ထောင် တစ်ခုလုံးမှာ သူတော်စင်ဧကရာဇ်နတ်ရွာစံသည့် ဝမ်းနည်းမှုများအတွင်း နစ်မြောနေကြပြီး မြို့တော်၏ နေရာအနှံ့၌ အဖြူရောင် အလံများ လွင့်ထူနေစဉ်အတွင်း၊ ညဉ့်နက်ပိုင်းအချိန်သို့ ရောက်ရှိလာသည့်အခါတွင်မူ ဝမ်ချောင်၏အကြီးဆုံး ဦးလေးဖြစ်သူ ဝမ်ကန်သည် ဝမ်ချောင်၏ အိမ်တော်အတွင်းသို့ ရုတ်တရက် ရောက်ရှိလာတော့သည်။
သူ၏မျက်ဝန်းအစုံမှာ နီရဲနေသလို၊ အမူအရာမှာလည်း အလွန်ပင် ဝမ်းနည်းပူဆွေးနေပြီး အိမ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် စကားတစ်ခွန်းသာ ပြောဆိုလိုက်သည်။
"ချောင်အာ မင်းရဲ့အဘိုးကတော့ မကြာခင် ထွက်ခွာတော့မယ်၊ သူက မင်းကို တွေ့ချင်နေတယ်"
"ဘာပြောတယ်"
ခန်းမဆောင်အတွင်း၌ ထိုစကားကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်သည် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်တော့သည်။
အသေးစိတ် ပြောနေရန် အချိန်မရှိတော့သဖြင့် ဝမ်ချောင်သည် အိမ်တော်အတွင်းမှ အလျင်အမြန် ထွက်ခွာလာခဲ့ပြီး ဦးလေး ဝမ်ကန်နှင့်အတူ ရထားလုံးပေါ်သို့ တက်ရောက်ကာ ညဉ့်အမှောင်အတွင်း၌ စီဖန်းကွမ် ရှိရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည် ထွက်ခွာသွားတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ မှောင်မည်းနေစေကာမူ စီဖန်းကွမ်အတွင်း၌မူ မီးရောင်များမှာ လင်းထိန်နေပေသည်။
အိမ်တော် တံခါးဝ၌မူ အမျိုးသမီး ဆွေမျိုးသားချင်းများ အားလုံးမှာ ရောက်ရှိနေကြပြီ ဖြစ်သည်။ အဒေါ်ကြီး၊ ဝမ်ကျူယန်၊ အဒေါ်... အားလုံးမှာ ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီး မျက်ဝန်းများမှာလည်း နီရဲရောင်ကိုင်းနေကာ အခိုင်းအစေ မိန်းကလေးများ၏ မျက်နှာပေါ်၌လည်း ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပေသည်။
လူတိုင်းမှာ အခန်းအတွင်းရှိ အဘိုးအိုကို မနှောင့်ယှက်လိုကြသဖြင့်၊ တံခါးဝ၌သာ ရပ်စောင့်နေကြခြင်း ဖြစ်သည်။
ဝမ်ချောင်သည် ရထားလုံး တံခါးကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လာသည့် ခဏ၌ သူ၏စိတ်နှလုံးမှာ မကြုံစဖူးသော အေးစက်မှုများကို ခံစားလိုက်ရသည်။
"ဦးလေးငယ်"
ဝမ်ချောင်က လှမ်းခေါ်လိုက်သည်။
စီဖန်းကွမ်၏ တံခါးဝ၌ လူတိုင်းမှာ စုဝေးနေကြပေသည်။ ဦးလေးငယ် ဝမ်မီ၊ အဒေါ်၊ ဦးလေး၊ ဝမ်လီ၊ ဝမ်လျန် အပါအဝင် အစ်ကိုကြီး ဝမ်ဖုနှင့် အစ်ကိုလတ် ဝမ်ပေ၊ ပြီးတော့ ညီမငယ် ဝမ်ရှောင်ယောင်တို့ အားလုံးမှာလည်း ဤနေရာ၌ ရှိနေကြပေသည်။
ထို့အပြင် လူအုပ်ကြီးကြားမှ ဝမ်ချောင်သည် ယဲ့အဘိုးအို၊ ကျောက်အဘိုးအို စသည့် အဘိုးဖြစ်သူ၏လက်အောက်မှ လက်ရုံးဟောင်းကြီးများကိုလည်း မြင်တွေ့လိုက်ရသည်။
ဝမ်ချောင်ပေါ်ထွက်လာသည်ကို မြင်ရသည့်အခါ၊ လူတိုင်းမှာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ထိုကဲ့သို့သော လေးလံလှသည့်၊ ထူထပ်လှသည့် ဝမ်းနည်းပူဆွေးမှု အငွေ့အသက်များမှာ လူကို အသက်ရှူပင် ကျပ်သွားစေရန် လုံလောက်လှပေသည်။
"ဝမ်ချောင်မင်း ရောက်လာပြီပဲ"
ဦးလေးငယ် ဝမ်မီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့ပြီးနောက်၊ ဝမ်ချောင်၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏မျက်ဝန်းအစုံမှာ နီရဲရောင်ကိုင်းနေပြီး သူကိုယ်တိုင်လည်း ငိုကြွေးထားခဲ့ပုံရကာ သူ၏အကြည့်များအတွင်း၌မူ နက်ရှိုင်းလှသော ဝမ်းနည်းမှုများ ထင်ဟပ်နေပေသည်။
"မင်းရဲ့အဖေကတော့ အတွင်းထဲကို ဝင်သွားပြီ။ အခု မင်း တစ်ယောက်ပဲ ကျန်တော့တာပဲ"
"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ။ ကျွန်တော် လွန်ခဲ့တဲ့ အချိန်တုန်းကတောင် အဘိုးကို တွေ့ခဲ့သေးတာပဲ..."
ဝမ်ချောင်က ဆိုလိုက်သည်။
အရာရာမှာ ရုတ်တရက် ဆန်လွန်းလှပေသည်
သူတော်စင်ဧကရာဇ်နတ်ရွာစံခြင်းမှာ ဤအင်ပါယာအတွက် ကြီးမားလှသော ရိုက်ခတ်မှုများ ပေးခဲ့ပြီးဖြစ်သော်လည်း၊ သူသည် ယခုကဲ့သို့သော အချိန်မျိုးတွင် အဘိုးဖြစ်သူနှင့် ပတ်သက်သော သတင်းဆိုးကို ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ငါလည်း အခုလေးတင်မှ သတင်းကို လက်ခံရရှိတာပါ"
ဝမ်မီက ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါပေမဲ့ နန်းတော်ထဲကနေ တော်ဝင်သမားတော် ရောက်လာပါတယ်။ သူ က ဆေးပညာမှာ အတော်ဆုံး ဖြစ်တဲ့ ရှန်တော်ဝင်သမားတော်ပါ၊ သူ ပြောတာကတော့... အဘိုးရဲ့အချိန်ကတော့ များစွာ မကျန်တော့ဘူးတဲ့။"
စကားအဆုံးတွင်မူ ဝမ်မီ၏ အသံမှာ တိမ်ဝင်သွားတော့သည်။
"ကျွီ..."
ထိုအချိန်မှာပင် သစ်သားတံခါး တစ်ခု ပွင့်သွားသံမှာ နားထဲသို့ တိုးဝင်လာခဲ့ပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားတော့သည်။
ဝမ်ချောင်နှင့် ဝမ်မီတို့မှာလည်း စကားပြောခြင်းကို ရပ်တန့်လိုက်ကြပြီး လူတိုင်းမှာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
တံခါးကြီး ပွင့်သွားသည်ကို မြင်လိုက်ရသည်။ ဝမ်ချောင်၏ ဖခင်ဖြစ်သူ ဝမ်ယန်သည် ခါးကို ညွှတ်လျက် ခေါင်းကို ငုံ့ထားရင်း အထဲမှနေ၍ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
"ဝမ်ချောင်အထဲကို ဝင်သွားပါတော့.. မင်းရဲ့အဘိုးက မင်း ကို စောင့်နေတာ ကြာလှပြီ"
ဝမ်ယန်၏အမူအရာမှာ အလွန်ပင် ဝမ်းနည်းပူဆွေးနေသလို၊ သူ၏မျက်ဝန်းအစုံမှာလည်း သွေးကြောများဖြင့် ပြည့်နှက်နေပေသည်။ သူသည် တံခါးပေါက်ကို ဖြတ်ကျော်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဘက်ရှိ ဝမ်ချောင်ကို လှမ်းကြည့်လျက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မည်သူမျှ ထပ်မံ၍ စကားမဆိုကြတော့ပေ။
ဝမ်ချောင်သည် သူ၏ဖခင်ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် တံခါးပေါက်ကို ဖြတ်ကျော်၍ လျင်မြန်စွာ အတွင်းသို့ လှမ်းဝင်သွားတော့သည်။
******