← Chapters

အခန်း (၂၀၄၈-၂၀၅၀)

Vol. 126 Ch. 2048-2050

အခန်း (၂၀၄၈-၂၀၅၀)

Vol. 126 Ch. 2048-2050

အခန်း (၂၀၄၈) ခေတ်ကာလတစ်ခု၏ ဇာတ်သိမ်းခန်း

ညဉ့်အမှောင်က အေးစက်စက်ရှိလှပြီး ဥယျာဉ်အတွင်းရှိ စိမ်းလန်းသော ဝါးပင်များပင်လျှင် ညှိုးနွမ်းခြောက်သွေ့နေကာ၊ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ခြောက်သွေ့အေးစက်လှသော အငွေ့အသက်များ ဖုံးလွှမ်းနေပေသည်။

"ဟောက်တယ်ကျိုက်ဝူး (မြင့်မြတ်သော ကိုယ်ကျင့်တရားသည် အရာခပ်သိမ်းကို ထမ်းဆောင်နိုင်၏။)" ဟု ရေးထိုးထားသော ဆိုင်းဘုတ် အောက်ရှိ တံခါးဝ မီးရောင်အောက်တွင် ရှန်တော်ဝင်သမားတော်သည် ဆေးသေတ္တာကို ပိုး၍ ထွက်ခွာရန် ပြင်ဆင်နေပြီ ဖြစ်သည်။

"မျိုးနွယ်ခြားဘုရင် ကိုးကျိုကုန်း ခုလေးတင် နိုးလာပါတယ်၊ သူက အရှင့်ကိုပဲ စောင့်နေတာ ဖြစ်လို့၊ မြန်မြန် ဝင်သွားပါတော့"

ရှန်တော်ဝင်သမားတော်က သက်ပြင်းချရင်း ပြောဆိုလိုက်ပြီးနောက် ဝမ်ချောင်နှင့် ဘေးချင်းယှဉ် ဖြတ်ကျော်ကာ ထွက်ခွာသွားတော့သည်။

ဧည့်ခန်းမဆောင်ကြီးကို ဖြတ်ကျော်ပြီးနောက်တွင်မူ ဝမ်ချောင်သည် သူ၏အဘိုးကို နောက်ဆုံး၌ တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရသည်။

ကျယ်ဝန်းလှသော ထိုက်ရှီ ကုလားထိုင်ပေါ်တွင်၊ အဘိုးသည် မလှုပ်မယှက် ထိုင်နေပေသည်။ သူ၏မျက်နှာမှာ အနည်းငယ် ဖြူလျော်နေသည်မှလွဲ၍၊ တစ်ကိုယ်လုံးမှာ ပုံမှန်ထက်ပင် ပိုမို၍ အားအင် ရှိနေပုံရသလို ပါးပြင်ပေါ်၌ပင် သွေးရောင်လေးများ မထင်မရှား ရှိနေပေသည်။

သူ၏ဘေးနားတွင်မူ၊ အဘွားဖြစ်သူမှာ မတ်တပ်ရပ်နေရင်း မျက်ရည်များကို အဆက်မပြတ် သုတ်နေပေသည်။

သို့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့် ခဏ၌ ဝမ်ချောင်၏စိတ်နှလုံးမှာ ချက်ချင်းပင် လေးလံသွားခဲ့ရသည်။

ယခုကဲ့သို့သော အခြေအနေမျိုးကို ဝမ်ချောင်စိမ်းနေသူ မဟုတ်ပေ။ ၎င်းမှာ သေခါနီး လူတစ်ယောက်၏ နောက်ဆုံး ရုန်းကန်မှုသာ ဖြစ်ပြီး သူတော်စင်ဧကရာဇ်၏ ကိုယ်ပေါ်တွင်လည်း သူ မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။

"အဘိုး"

ဝမ်ချောင်က တိုးညှင်းစွာ ခေါ်လိုက်သည်။ သူ၏ခြေလှမ်းများကို လှမ်းလိုက်စဉ်မှာပင် အသံများမှာ တုန်ခါနေတော့သည်။

"ချောင်အာ မင်း ရောက်လာပြီပဲ"

ဝမ်ချောင်၏အသံကို ကြားလိုက်ရသည့်အခါ၊ ကိုးကျိုကုန်းက လှည့်ကြည့်လိုက်ပြီးနောက်၊ ကြင်နာယုယလှသော အပြုံးလေးတစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ထို ဖြူလျော်နေသော မျက်နှာမှာ လူကို ရင်ထုမနာ ဖြစ်စေရန် လုံလောက်လှပေသည်။

အချိန်တိုလေးအတွင်းမှာပင် အဘိုး၏ဆံပင်များမှာ ဖြူဖွေးသွားခဲ့သလို၊ အရေးအကြောင်းများမှာလည်း ပိုမိုနက်ရှိုင်းသွားခဲ့ရာ၊ လူတစ်ယောက်ကို ရုတ်တရက် အိုမင်းသွားစေသကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းနေသဖြင့် ဝမ်ချောင်၏ စိတ်ထဲ၌ နာကျင်မှုများ ပြည့်နှက်သွားတော့သည်။

အဘိုးက အဘွားကို တစ်ချက် ကြည့်လိုက်ရာ၊ အဘွားမှာလည်း နားလည်သွားခဲ့ပြီး မျက်ရည်များကို သုတ်လိုက်သည်။

"မင်းတို့ အရင် စကားပြောကြပါ၊ ငါ အပြင် ထွက်နှင့်မယ်"

ပြောဆိုပြီးနောက်တွင်မူ အဘွားဖြစ်သူမှာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သဖြင့်၊ အခန်းအတွင်း၌ ဝမ်ချောင်နှင့် အဘိုးဖြစ်သူ နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

"အဘိုး"

ဝမ်ချောင်သည် ရှေ့သို့ တိုးသွားကာ အဘိုး၏ရှေ့မှောက်၌ ဒူးတစ်ဖက် ထောက်၍ ဝပ်စံလိုက်ရင်း အဘိုး၏လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ဖဝါးအတွင်းရှိ ထိုခြောက်သွေ့ပိန်လှီလှသော လက်ကလေးကို အာရုံခံမိသည့်အခါ ဝမ်ချောင်၏ စိတ်နှလုံးမှာ ဓားဖြင့် မွှန်းခံရသကဲ့သို့ နာကျင်နေတော့သည်။

လွန်ခဲ့သော ဘဝတုန်းက ဖြစ်စေ၊ ယခု ဘဝ၌ ဖြစ်စေ၊ မည်သည့် အချိန်တွင်မဆို၊ မိမိ၏ဘေးနားရှိ ဆွေမျိုးသားချင်းများ ထွက်ခွာသွားကြသည့် အခါတိုင်း၌ ဝမ်ချောင်သည် နှလုံးသားတစ်ခုလုံး ဆွဲဖြဲခံလိုက်ရသကဲ့သို့ ခံစားနေရခြင်းပင် ဖြစ်သည်။

ယခု ဘဝတွင်မူ ဝမ်ချောင်သည် အရာရာကို များစွာ ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သည်၊ "ကြင်ယာတော်ထိုက်ကျန်း ဖြစ်ရပ်" အတွင်း၌ စုန့်ဘုရင်မှာ မျက်နှာသာ ပေးခြင်း မခံရဘဲ ရှိမနေခဲ့သလို၊ ဝမ်မိသားစုမှာလည်း ဆုတ်ယုတ်သွားခြင်း မရှိခဲ့ပေ။

သို့သော်လည်း မမျှော်လင့်ဘဲနှင့် အခြေအနေများ လည်ပတ်လာခဲ့ရာမှ၊ နောက်ဆုံးတွင်မူ ဤအဆင့်သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

ဝမ်ချောင်အနေဖြင့် အဘိုးကို ဆုံးရှုံးရဦးမည်ဟု တစ်ခါမှ မစဉ်းစားခဲ့မိပေ။

ယခု ဘဝတွင်မူ ၎င်းမှာ သူ ပထမဦးဆုံးအကြိမ် ဆွေမျိုးသားချင်းကို ဆုံးရှုံးရခြင်း ဖြစ်ပေသည်။

မျက်ရည်များမှာ မျက်နှာပေါ်မှ စီးကျလာခဲ့ပြီး ဝမ်ချောင်၏ ပခုံးနှစ်ဖက်မှာလည်း အသာအယာ တုန်ခါနေစေကာမူ၊ ငိုသံများမှာမူ ထွက်ပေါ်မလာခဲ့ပေ။

တစ်ရက်တည်းအတွင်းမှာပင် သူ၏ဘဝတွင် အရေးအကြီးဆုံးသော လူသားနှစ်ဦးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ

ဆေးလုံးများ၊ ဂျင်ဆင်းများ၊ ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာ အမျိုးမျိုး... ယခုဘဝတွင် သူသည် နည်းလမ်းပေါင်းစုံဖြင့် အဘိုး၏သက်တမ်းကို ရှည်ကြာအောင် ကြိုးစားခဲ့စေကာမူ၊ နောက်ဆုံးတွင်မူ ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်သည်။

အဘယ်ကြောင့်နည်း။ ဒါတွေ အားလုံးဟာ ကံကြမ္မာလား။

အကယ်၍ ၎င်းမှာ ကံကြမ္မာ ဖြစ်နေမည် ဆိုပါက သူသည် ထို ကံကြမ္မာများ အားလုံးကို တစ်ပါတည်း ချေမှုန်းပစ်မည် ဖြစ်သည်။

"အဘိုး နည်းလမ်း ရှိပါသေးတယ်။ ကျွန်တော့်မှာ နည်းလမ်း ရှိပါသေးတယ်၊ ...ကျွန်တော် သေချာပေါက် အဘိုးကို ကယ်တင်ဖို့ အဘိုးရဲ့သက်တမ်းကို ရှည်စေဖို့ နည်းလမ်း ရှာပါ့မယ်"

ဝမ်ချောင်သည် ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်ရင်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

"မလိုအပ်တော့ပါဘူး"

ထိုအချိန်မှာပင်၊ ဝမ်ချောင်သည် သူ၏လက်ထဲရှိ ထိုပိန်လှီလှသော လက်အစုံမှာ ရုတ်တရက် တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။

ဝမ်ချောင်မှာ မှင်သက်သွားခဲ့ပြီး မသိစိတ်အရ အဘိုးကို လှမ်းကြည့်လိုက်ရာ အဘိုးမှာ ကြင်နာလှသော အမူအရာဖြင့် မိမိ၏လက်ကို ဆုပ်ကိုင်ထားရင်း၊ မိမိကို ကြည့်လျက် ပြုံးပြကာ ခေါင်းကို ခါယမ်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"ကလေး မင်း လုပ်နိုင်တယ်ဆိုတာကို အဘိုး သိပါတယ်၊ ဒါပေမဲ့ မလိုတော့ပါဘူး။ အဘိုး အခုထိ အသက်ရှင်ခဲ့တာမှာ၊ ကြုံတွေ့သင့်တာတွေ အကုန်လုံး ကြုံခဲ့ပြီးပြီ ဖြစ်လို့၊ ဘာနောင်တမှ မရှိတော့ပါဘူး"

"ဒါ့အပြင်... ငါတို့ရဲ့ ခေတ်ကာလကလည်း ပြီးဆုံးသွားခဲ့ပြီလေ"

နောက်ဆုံး စကားကို ပြောဆိုလိုက်သည့်အခါ အဘိုးမှာ အရာရာကို အေးအေးဆေးဆေး စဉ်းစားပြီးသား ဖြစ်ပုံရသည်။ ထိုကဲ့သို့သော တည်ငြိမ်မှုများအတွင်း၌ အတိတ်အပေါ် လွမ်းဆွတ်မှုများ ရှိနေသလို နောင်အနာဂတ်အပေါ် ယုံကြည်အပ်နှံမှုများလည်း ကိန်းအောင်းနေပေသည်။

ဝမ်ချောင်မှာ မှင်သက်သွားခဲ့ပြီး အဘိုး၏ ဝတ်ရုံလက်ဖျားပေါ်မှ နတ်ရွာစံ အထိမ်းအမှတ် အဖြူရောင် ပိတ်စလေးကို မြင်တွေ့လိုက်ရသည့် ခဏ၌၊ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူတော်စင်ဧကရာဇ်ထွက်ခွာသွားပြီ ဖြစ်သည်။

အဘိုးနှင့် သူတော်စင်ဧကရာဇ်တို့ အတူတကွ ဖန်တီခဲ့သော ခေတ်ကာလကြီးမှာ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သလို ထိုခေတ်ကာလ၏ ခမ်းနားမှုများမှာလည်း အတိတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အဘိုးမှာ မည်သည့် ရောဂါဝေဒနာ ခံစားနေရခြင်း သို့မဟုတ် ကိုယ်တွင်းမှ ဒဏ်ရာဟောင်းများ ပြန်လည်ထလာခြင်းမျိုး မဟုတ်ဘဲ၊ ဆက်လက်၍ ရှင်သန်နေထိုင်လိုသော ဆန္ဒများ ကုန်ဆုံးသွားခြင်းသာ ဖြစ်ပေသည်။

လူတစ်ယောက်အနေဖြင့် ခမ်းနားမှုပေါင်းစုံ၊ အတက်အကျပေါင်းစုံ၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနှင့် သေဆုံးခြင်းများကို ဖြတ်ကျော်ခဲ့ပြီးနောက်၊ ဘဝတွင် မည်သည့် နောင်တမှ မရှိတော့သည့် အခါတွင်မူ၊ ဆက်လက်၍ တွယ်တာနေစရာ မည်သည့်အရာမျှ ရှိလိမ့်မည် မဟုတ်တော့ပေ။

"အဘိုး"

ဝမ်ချောင်တစ်စုံတစ်ခု ပြောရန်ကြိုးစားလိုက်သော်လည်း မည်သည့် စကားမျှ ထွက်မလာခဲ့ဘဲ၊ စိတ်ထဲ၌မူ အတိုင်းအဆမရှိသော နာကျင်မှုများကိုသာ ခံစားနေရပေသည်။

"ဝမ်ချောင်အဘိုး မင်းကို ကိစ္စ တစ်ခုလောက် မေးပါရစေ၊ အဘိုးကို အမှန်အတိုင်း ပြောပြပေးနိုင်မလား”

ကိုးကျိုကုန်းက စကားစလိုက်သည်။ သူ၏အသံမှာ အနည်းငယ် အားနည်းနေပေသည်။

"အဘိုး အဘိုး ဘာကို သိချင်တာလဲ၊ မြေး အကုန်လုံးကို အမှန်အတိုင်း ပြောပြပါ့မယ်"

ဝမ်ချောင်က ဆိုလိုက်သည်။

အခန်းအတွင်း၌ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်၊ အတော်လေး ကြာမြင့်သည့် အခါတွင်မှ အဘိုးအို၏အသံမှာ ထွက်ပေါ်လာတော့သည်။

"မင်းဟာ အရှင်မင်းကြီးလိုပဲ၊ နောင်အနာဂတ်ကို မြင်တွေ့ခဲ့တာ မဟုတ်လား"

"ဝုန်း"

ကိုးကျိုကုန်း၏ အသံမှာ မကျယ်လောင်လှစေကာမူ ဝမ်ချောင်၏နားထဲသို့ ရောက်ရှိသွားသည့် အခါတွင်မူ၊ သူ၏တစ်ကိုယ်လုံးမှာ တုန်ယင်သွားခဲ့ပြီး မျက်နှာမှာလည်း အကြီးအကျယ် ပျက်သွားကာ တစ်ကိုယ်လုံးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။

ဝမ်ချောင်အနေဖြင့် အဘိုးဖြစ်သူသည် ဘဝနောက်ဆုံး အခိုက်အတန့်တွင် ယခုကဲ့သို့သော မေးခွန်းမျိုးကို မေးမြန်းလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

ဤမေးခွန်းမှာ အပ်ရှည်ကြီး တစ်ချောင်းအလား ဝမ်ချောင်၏ကာကွယ်မှုများကို နက်ရှိုင်းစွာ ထိုးဖောက်သွားခဲ့ပြီး သူ၏စိတ်နှလုံး အနက်ရှိုင်းဆုံးရှိ လျှို့ဝှက်ချက်များဆီသို့ တိုက်ရိုက်ရောက်ရှိသွားခြင်းပင် ဖြစ်တော့သည်။

ဝမ်ချောင်အနေဖြင့် အမြဲတမ်း စီဖန်းကွမ် အတွင်း၌သာ အေးအေးဆေးဆေး နေထိုင်တတ်ပြီး ပြင်ပလောကနှင့် လုံးဝပြတ်တောက်နေသကဲ့သို့ ရှိသော အဘိုးဖြစ်သူသည် အဘယ်ကြောင့် ယခုကဲ့သို့သော ကိစ္စမျိုးကို မေးမြန်းလာရသနည်း ဆိုသည်ကို တစ်ခါမှ မစဉ်းစားခဲ့မိပေ။

မသိစိတ်အရပင် ဝမ်ချောင်မှာ ငြင်းဆန်ရန် ကြံရွယ်လိုက်မိသည်။

သို့သော်လည်း နောက်တစ်ခဏ၌၊ ဝမ်ချောင်ခေါင်းကို မော့ကြည့်လိုက်သည့်အခါ၊ လက်တစ်ကမ်း အကွာအဝေးရှိ အဘိုး၏မျက်ဝန်းအစုံကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် တွန့်ဆုတ်သွားတော့သည်။

ထိုမျက်ဝန်းအစုံမှာ ကြည်လင်နက်ရှိုင်းလှစေကာမူ တစ်ဖက်လူကို ဖိအားပေးခြင်းမျိုး သို့မဟုတ် ထက်ရှလှသော အရှိန်အဝါမျိုး မရှိဘဲ အပြန်အလှန်အားဖြင့် နူးညံ့သိမ်မွေ့သော စွမ်းအားများသာ ကိန်းအောင်းနေသဖြင့် လေပြည်အေးလေး တစ်ချက်တိုက်ခတ်သွားသကဲ့သို့ပင် ခံစားရပေသည်။

ဤမျက်ဝန်းများအတွင်း၌မူ ဝမ်ချောင်အနေဖြင့် မည်သည့်အပြစ်တင်လိုသော အငွေ့အသက်မျိုးကိုမျှ မခံစားမိပေ။

ပြန်လည် ရှင်သန်ခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များကိုမူ ဝမ်ချောင်အနေဖြင့် မည်သူ့ကိုမျှ ပြောပြခဲ့ခြင်း မရှိသလို အရင်းနှီးဆုံးသော သူများကိုပင်လျှင် တစ်ခါမှ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

၎င်းမှာ သူ တစ်ဦးတည်း၏ လျှို့ဝှက်ချက်သာ ဖြစ်စေကာမူ ယခု အခိုက်အတန့်တွင် သူ၏ရှေ့မှောက်ရှိ ကြင်နာတည်ငြိမ်လှသော အဘိုးကို ကြည့်ရင်း၊ ဝမ်ချောင်သည် တစ်စုံတစ်ခုသော ဆွဲဆောင်မှုကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ခေါင်းကို ညိတ်ပြလိုက်မိသည်။

"ဟုတ်ကဲ့ပါ"

"ငါ့ရဲ့ခန့်မှန်းချက်က မမှားဘူးဆိုတာ ငါ သိထားပြီးသားပါ။ တကယ်ပဲ ဒီလို ဖြစ်နေတာပဲ၊ တကယ်ပဲ ဒီလို ဖြစ်နေတာပဲ"

ဝမ်ချောင်၏စိတ်ထဲ၌ မတင်မကျ ဖြစ်နေစဉ်မှာပင် အဘိုးအိုမှာ အသာအယာ ရယ်မောလိုက်ပြီး ခေါင်းကို ညိတ်လိုက်သည်။

"ကလေး မင်းက အဘိုးရဲ့ မြေးကောင်းတစ်ယောက် ဖြစ်ရကျိုး တကယ်ပဲ နပ်ပါပေတယ်။"

"မင်း ဘာတွေ တွက်ချက်နေသလဲ ဆိုတာကို အဘိုး သိပါတယ်၊ ဒါပေမဲ့ မင်းက ဘယ်ကနေ လာသလဲဆိုတာက ဘာများအရေးကြီးလို့လဲ။ မင်းရဲ့ ကိုယ်ကျင့်တရားက မြင့်မြတ်နေသရွေ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့ အခါမှာလည်း နောင်တ မရှိနေသရွေ့တော့ မင်းဟာ အဘိုးရဲ့ မြေးကောင်း တစ်ယောက် ဖြစ်သလို၊ ဝမ်မိသားစုရဲ့ ကောင်းမြတ်တဲ့ သားစဉ်မြေးဆက် တစ်ယောက်လည်း ဖြစ်နေမှာပါပဲ၊ အဘိုးကတော့ မင်းအတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါ"

အဘိုးအိုက ပြုံးလျက် ဆိုလိုက်သည်။

"ဒါ့အပြင် အဘိုးက မင်းနဲ့သူတော်စင်ဧကရာဇ် မတူဘူးဆိုတာကိုလည်း အမြဲတမ်း သိထားတာပေါ့၊ မင်းကတော့ အဘိုးရဲ့မြေး အစစ်အမှန်ပါပဲ၊ ဘာလို့လဲဆိုတော့ မင်း အဘိုးကို ကြည့်တဲ့ အကြည့်တွေဟာ မိသားစုဝင် တစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုး ဖြစ်နေလို့ပဲ"

"အဘိုး"

အဘိုး၏ နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်သည် အဘိုး၏ ဒူးပေါ်တွင် ဝပ်လျက် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အသံကုန် ဟစ်အော်ကာ ငိုကြွေးလိုက်တော့သည်။

အမှန်တကယ်တော့ အဘိုး သိနေခဲ့တာပဲ။

အမှန်တကယ်တော့ သူ အစောကတည်းက အရာရာကို သိနေခဲ့တာပဲ။

မိမိအနေဖြင့် တစ်လောကလုံးရှိ လူသားများကို လှည့်စားထားနိုင်ခဲ့ပြီဟု ထင်မှတ်ထားခဲ့စေကာမူ၊ ဤဥယျာဉ်လေးအတွင်း၌သာ နေထိုင်နေသော၊ အပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းသော ဤအဘိုးအိုမှာမူ၊ မိမိ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးရှိ လျှို့ဝှက်ချက်ကို အရာရာ နားလည်နေခဲ့ခြင်း ဖြစ်သည်

သို့သော်လည်း အရာရာမှာ နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဘိုးအိုမှာ မည်သည့် စကားမျှ မဆိုတော့ဘဲ သူ၏ဒူးပေါ်တွင် ဝပ်၍ငိုကြွေးနေသော ဝမ်ချောင်ကို ကြည့်ရင်း ကျေနပ်အားရလှသော မျက်နှာထားဖြင့်၊ သူ၏ခြောက်သွေ့နေသော လက်ဖဝါးဖြင့် ဝမ်ချောင်၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးနေတော့သည်။

ဝမ်ချောင်၏ စိတ်ထဲ၌ နာကျင်မှုများ၊ အဆုံးမဲ့လှသော နောင်တများနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေပေသည်။ အကယ်၍သာ ဤအရာများကို အစောကတည်းက သိရှိခဲ့မည် ဆိုပါက သူသည် အရာရာကို အဘိုးဖြစ်သူအား အစောကတည်းကပင် ပြောပြခဲ့မိပေလိမ့်မည်။

"အဘိုးကို ပြောပြစမ်းပါ၊ မင်း ဒီလောက်အထိ အစွမ်းကုန် ကြိုးစားပြီး ရုန်းကန်နေရတာဟာ နောင်အနာဂတ်မှာ ကျရောက်မယ့် အကျပ်အတည်းတွေကို မြင်တွေ့ခဲ့ရလို့ မဟုတ်လား"

"ဟုတ်ပါတယ်"

ယခုတစ်ကြိမ်တွင် ဝမ်ချောင်မှာ ထပ်မံ၍ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

"ဒါဆို အဘိုးကို ပြောပြစမ်းပါ၊ မင်း အဲဒါတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလား"

အဘိုးအိုက ထပ်မံ မေးမြန်းလိုက်သည်။

"နိုင်ပါတယ်။ နိုင်ပါတယ် ...သေချာပေါက် ဖြေရှင်းနိုင်ပါ့မယ်"

ဝမ်ချောင်က ပြောဆိုလိုက်သည်။ ၎င်းမှာ အဘိုးကို ပြောပြနေခြင်း ဖြစ်သလို၊ မိမိကိုယ်မိမိ ပြန်လည်ပြောဆိုနေခြင်းလည်း ဖြစ်ပေသည်။

" ဒါဆိုရင်တော့ အဘိုး စိတ်အေးသွားပါပြီ"

အဘိုးအိုက ပြုံးလျက် ဆိုလိုက်သည်။

"အဘိုးအနေနဲ့ ဒီဘဝမှာ ဘာနောင်တမှ မရှိတော့ပါဘူး"

စကားအဆုံးတွင်မူ အဘိုး၏အငွေ့အသက်များမှာ တစ်စုံထက်တစ်စုံ ပိုအားနည်းသွားခဲ့ပြီးနောက် နောက်ဆုံးတွင်မူ ထိုခြောက်သွေ့ပိန်လှီလှသော လက်ဖဝါးမှာ အင်အားများအားလုံး ကုန်ဆုံးသွားခဲ့ပုံရသဖြင့် ဝမ်ချောင်၏ ဦးခေါင်းထက်မှနေ၍ ဖြည်းညှင်းစွာ လျောကျသွားတော့သည်။

ဘဝ၏နောက်ဆုံး အခိုက်အတန့်အထိ အဘိုးအို၏မျက်နှာပေါ်၌ ကျေနပ်အားရလှသော အပြုံးလေးတစ်ခုမှာ ကျန်ရှိနေဆဲပင် ဖြစ်သည်။

"အဘိုး"

မိမိ၏ ရှေ့မှောက်ရှိ တဖြည်းဖြည်း အေးစက်လာသော ခန္ဓာကိုယ်ကို အာရုံခံမိသည့်အခါ၊ ဝမ်ချောင်သည် အသံများအက်ကွဲလျက် တစ်ကိုယ်လုံးမှာလည်း တုန်ယင်နေကာ၊ သူ၏စိတ်ထဲ၌ အချိန်အတော်ကြာအောင် ဖိနှိပ်ထားခဲ့သော ခံစားချက်များ အားလုံးမှာ ပေါက်ကွဲထွက်လာခဲ့ပြီး အသံကုန် ဟစ်အော်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။

အခြားတစ်ဖက်တွင်မူ ဝမ်ချောင်မသိရှိခဲ့သည်မှာ ဝမ်မိသားစုဝင်များမှာ ငိုကြွေးရင်း အခန်းအတွင်းသို့ စုပြုံဝင်ရောက်လာကြသည့် အချိန်၌ နံရံတစ်ခုသာ ခြားနေသော အခြားတစ်ဖက်ရှိ နေရာတွင်မူ ပုံရိပ်တစ်ခုမှာ တောင်ဝှေးကို အားပြုလျက်၊ နံရံကို မှီထားရင်း ဤဘက်ရှိ အခြေအနေများကို တိတ်တဆိတ် စူးစိုက်ကြည့်နေခဲ့ခြင်းပင် ဖြစ်တော့သည်။

"ဟူး..."

အခြားတစ်ဖက်မှ ထွက်ပေါ်လာသော နာကျင်လှသော ငိုကြွေးသံများကို ကြားလိုက်ရသည့်အခါ အမှောင်ထုအတွင်းမှနေ၍ နက်ရှိုင်းလှသော သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသည်။

"ဝမ်အဘိုးကြီး…ငါတို့တွေ တစ်ဘဝလုံး တိုက်ခိုက်လာခဲ့ကြတာ၊ နောက်ဆုံးတော့လည်း ဒီအဆင့်ကို ရောက်လာခဲ့ရပြန်ပြီ၊ ငါတို့ရဲ့ခေတ်ကာလကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ မင်းက ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး အနိုင်ယူလိုက်ပြန်ပြီပဲ"

အခန်းအတွင်း၌ မှေးမှိန်လှသော မီးအိမ်အလင်းရောင်လေး တစ်ခုသာ ရှိနေပေသည်။ ယောင်ချုံးသည် ခေါင်းကို မော့ကြည့်လိုက်ရာ ထိုအိုမင်းလှသော မျက်နှာပေါ်၌ ဝမ်းနည်းမှုလည်း မရှိသလို ဝမ်းသာမှုလည်း မရှိဘဲ နက်ရှိုင်းလှသော အထီးကျန်မှုများသာ ရှိနေတော့သည်။

၎င်းမှာ ခေတ်ကာလတစ်ခု၏ အဆုံးသတ် အမှတ်အသားပင် ဖြစ်တော့သည်။

အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ ယခု အခိုက်အတန့်တွင်မူ အရေးမပါတော့ပေ။

"ကွမ်းယီ အဖေ မင်းကို ပြောခဲ့တဲ့ စကားတွေကို၊ အကုန်လုံး မှတ်မိရဲ့လား"

ယောင်ချုံးသည် မဝေးလှသော နေရာ၌ မြေပြင်ပေါ်သို့ ဒူးထောက် ဝပ်နေသော ယောင်ကွမ်းယီကို ကြည့်ရင်း မေးမြန်းလိုက်သည်။

"မြေး အကုန်လုံး မှတ်မိပါပြီ"

ယောင်ကွမ်းယီက ရိုသေစွာ လျှောက်တင်လိုက်သည်။

"ကောင်းတယ်၊ တကယ်ကို ကောင်းပါတယ်"

ယောင်အဘိုးအိုမှာ ခေါင်းကို အားရပါးရ ညိတ်လိုက်ပြီးနောက် သူ၏အိုမင်းလှသော မျက်နှာပေါ်၌ တစ်ချိန်က ကမ္ဘာကျော် အမတ်ချုပ်ကြီးတစ်ဦး၏ အရှိန်အဝါများမှာ ထပ်မံ၍ ပေါ်ထွက်လာတော့သည်။

"မိသားစု၊တိုင်းပြည်နဲ့ တစ်လောကလုံး ဘယ်လို အချိန်မျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင် အကျိုးစီးပွားကြောင့် တိုင်းပြည်ရဲ့အကျိုးကို မပျက်စီးစေနဲ့။ ဒါဟာ အဖေ မင်းကို နောက်ဆုံး ပြောပြနိုင်တဲ့ အရာပဲ၊ ပြီးတော့ ဒါဟာ အဖေ တစ်ဘဝလုံး အသုံးချခဲ့တဲ့ အကြီးမားဆုံးသော ဉာဏ်ပညာလည်း ဖြစ်တာပေါ့"

နောက်ဆုံး စကားကို ပြောဆိုလိုက်သည့်အခါ ယောင်အဘိုးအိုမှာ သူ၏တစ်ကိုယ်လုံးရှိ အင်အားများ အားလုံးကို သုံးစွဲပစ်လိုက်ပုံရပေသည်။ သူ၏လက်နှစ်ဖက်ဖြင့် တောင်ဝှေးကို အားပြုထားရင်း၊ အမူအရာမှာ တည်ကြည်လေးနက်နေလျက်၊ မျက်ဝန်းများကို ဖြည်းညှင်းစွာ မှိတ်လိုက်တော့သည်။

ဘဝ၏ နောက်ဆုံး အခိုက်အတန့်တွင်မူ၊ သူ၏အမူအရာမှာ ခန့်ညားထည်ဝါလျက် တည်ကြည်နေပေသည်။ သူသည် စီဖန်းကွမ်အတွင်း၌ အရာရာကို ကြိုတင်တွက်ချက်နေသော အဘိုးအို မဟုတ်တော့ဘဲ မဟာထန်အင်ပါယာ၏ လူတိုင်း ချီးမွမ်းကြသော ယောင်အမတ်ချုပ်ကြီးအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

"သား အဖေ့ကို ဂါရဝပြု နှုတ်ဆက်ပါတယ်"

အဘိုးအို၏ကိုယ်ပေါ်မှ အသက်ဓာတ် မီးလျှံများ လုံးဝငြိမ်းသတ်ခြင်း ခံလိုက်ရသည်ကို အာရုံခံမိသည့်အခါ၊ မျက်ရည်များကို ထပ်မံမထိန်းနိုင်တော့ဘဲ စီးကျလာတော့သည်၊ ယောင်ကွမ်းယီသည် မြေပြင်ပေါ်သို့ ဝပ်ချလျက် ခေါင်းကို မြေပြင်နှင့် ထိကာ မလှုပ်မယှက် ရှိနေတော့သည်။

"ဝုန်း"

တစ်ချိန်တည်းမှာပင် သာမန်လူသားများ မမြင်တွေ့နိုင်သော ကြယ်တာရာ ကောင်းကင်ယံ အနက်ရှိုင်းဆုံး နေရာ၌ ကြီးမားလှသော ကြယ်တာရာကြီး နှစ်လုံးမှာ မီးလျှံများအလား ရဲရဲနီလျက် ကောင်းကင်ယံထက်မှနေ၍ ကြွေလွင့်ကျဆင်းသွားတော့သည်၊ တစ်ချိန်တည်းမှာပင် ကိုးပြည်ထောင် မြေပြင်ပေါ်ရှိ တောင်စဉ်တောင်တန်းများမှာလည်း တအုန်းအုန်းနှင့် တုန်ခါသွားကြတော့သည်။

ကောင်းကင် မြင်ကွင်းများ ပြောင်းလဲသွားသည့်အခါ၊ မြေကမ္ဘာ၏သွေးကြောများမှာလည်း လိုက်ပါ ပြောင်းလဲသွားကြခြင်းပင် ဖြစ်သည်။

"ဟူး..."

တောင်စဉ်တောင်တန်းများအကြား၌မူ ကြယ်တာရာ ကြည့်သူများနှင့် လျှို့ဝှက်ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ကြရသည့်အခါ၊ တစ်ဦးချင်းစီမှာ သက်ပြင်းများ ချလိုက်ကြရင်း မြို့တော်ရှိရာ အရပ်ဆီသို့ မျက်နှာမူလျက် တစ်ဦးပြီးတစ်ဦး ခါးကို ညွှတ်၍ ဂါရဝပြုလိုက်ကြတော့သည်။

၎င်းမှာ သူတို့အနေဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ်တွင် ကြီးမားလှသော စွမ်းဆောင်ရည်များကို တည်ဆောက်ခဲ့ကြသည့် မဟာထန်၏ ထူးချွန်သော အမတ်ကြီးနှစ်ဦးအား မိမိတို့၏ နည်းလမ်းဖြင့် နောက်ဆုံးအကြိမ် ဂါရဝပြု နှုတ်ဆက်လိုက်ခြင်းပင် ဖြစ်တော့သည်။

...

"ဒေါင်"

"ဒေါင်"

အရှေ့ဘက် ကောင်းကင်ယံမှာ တဖြည်းဖြည်း လင်းထိန်လာခဲ့ပြီး ပထမဦးဆုံးသော နေရောင်ခြည်မှာ မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသည့် အချိန်၌၊ ဆက်တိုက်ဆိုသလို နတ်ရွာစံ ခေါင်းလောင်းသံ နှစ်ချက်မှာ ကိုးပြည်ထောင်မြေ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

သူတော်စင်ဧကရာဇ်နတ်ရွာစံပြီး မကြာမီမှာပင်၊ကိုးကျိုကုန်းနှင့် ယောင်အမတ်ချုပ်ကြီး၊ မဟာထန် အင်ပါယာ၏ အထွတ်အထိပ် ခေတ်ကာလမှ အတောက်ပဆုံးသော အမတ်ကြီး နှစ်ဦးသည်လည်း တစ်ပြိုင်နက်တည်း ကြွေလွင့်သွားခဲ့ကြပြီ ဖြစ်သည်။

နတ်ရွာစံ သတင်းထုတ်ပြန်ချက်များမှာ ကိုးပြည်ထောင် အရပ်ဒေသ အသီးသီး၌ ကပ်ထားကြပြီ ဖြစ်သည်။

၎င်းမှာ တစ်ခုလုံးသော မဟာထန်သမိုင်းကြောင်းအတွင်း၌ အမှောင်ဆုံးသော အချိန်ကာလပင် ဖြစ်တော့သည်။

သတင်းစကားများ ပျံ့နှံ့သွားသည့် အခါ၊ မရေမတွက်နိုင်သော လူသားများမှာ အသံကုန် ဟစ်အော်ကာ ငိုကြွေးကြရသည်။ လူတိုင်းမှာ သိရှိလိုက်ကြသည်မှာ တစ်ချိန်က အခမ်းနားဆုံး၊ အတောက်ပဆုံးနှင့် အင်အားအကောင်းဆုံးသော ခေတ်ကာလကြီးမှာ၊ အစစ်အမှန် ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်ကြောင်းပင်။

ကိုးပြည်ထောင် အရပ်ဒေသ အသီးသီးမှ၊ မရေမတွက်နိုင်သော ပြည်သူများမှာ နာရေး အဝတ်အစားများကို ဆင်ယင်လျက်၊ အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ကာ၊ မိမိတို့ အလိုအလျောက်ပင် မြို့တော်ဆီသို့ စုပြုံ ရောက်ရှိလာကြပြီး တစ်ဦးပြီးတစ်ဦး ဝမ်းနည်းပူဆွေးစွာဖြင့် ဂါရဝပြုနေကြတော့သည်။

လူအမြောက်အမြားမှာ ရင်ထုမနာ ဖြစ်နေကြရသလို၊ အချို့မှာမူ သတိလစ် မေ့မြောသွားကြသည်အထိပင်။

ကိုးကျိုကုန်းနှင့် ယောင်အမတ်ချုပ်ကြီးတို့မှာမူ သက်ရှိထင်ရှား ရှိစဉ်ကပင် တစ်လောကလုံး၌ တပည့်သားမြေးများစွာ ရှိနေခဲ့သူများ ဖြစ်ရာ သူတို့၏ တပည့်ပေါင်း များစွာမှာလည်း ဤအချိန်ကာလအတွင်း၌ မြို့တော်ဆီသို့ အရောက်လာကာ နာရေး အခမ်းအနားများကို ကျင်းပပေးနေကြတော့သည်။

******

အခန်း (၂၀၄၉) ဧကရာဇ်သစ် နန်းတက်ခြင်းနှင့် ရှာဖွေတွေ့ရှိမှုအသစ်

"ဖျတ်... ဖျတ်... ဖျတ်"

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော စာပို့ချိုးငှက်များသည် မြို့တော်မှနေ၍ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံသန်းသွားကြတော့သည်။ မကြုံစဖူးသော မဟာထန်အင်ပါယာ၏ ကြီးမားလှသော အပြောင်းအလဲကြီးသည်လည်း၊ ဤ စာပို့ချိုးငှက်များနှင့်အတူ အရပ်မျက်နှာ အနှံ့အပြားရှိ တိုင်းနိုင်ငံများဆီသို့ ပျံသန်း ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"ဟူး..."

မဟာထန်၏ ကြီးမားလှသော အပြောင်းအလဲနှင့် သူတော်စင်ဧကရာဇ်နတ်ရွာစံသည့် သတင်းကို လက်ခံရရှိလိုက်သည့်အခါ ယွီစန်းနန်းတော်အတွင်း၌ တာ့လုံချင်းလင်းသည် သူ၏လက်ထဲရှိ ထိုစာလွှာကို ဆုပ်ကိုင်ထားရင်း ကောင်းကင်ယံထက်သို့ မော့ကြည့်လျက် နက်ရှိုင်းလှသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်တော့သည်။

သူတော်စင်ဧကရာဇ်နတ်ရွာစံခြင်းသည် တိုင်းနိုင်ငံများအတွက်မူ မကြုံစဖူးသော ဝမ်းမြောက်ဖွယ်ရာ သတင်းတစ်ခု ဖြစ်စေကာမူ၊ ဝမ်ကျိုလင်နှင့် ယောင်ချုံးတို့၏ ကွယ်လွန်မှုမှာလည်း မထင်မှတ်ထားသော ရလဒ်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း တာ့လုံချင်းလင်း၏မျက်နှာပေါ်၌မူ မည်သည့် ဝမ်းမြောက်မှု အရိပ်အယောင်မျှ မရှိဘဲ၊ ပြောမပြနိုင်သော ဟာလာဟင်းလင်း ဖြစ်နေသည့် ခံစားချက်များသာ ရှိနေတော့သည်။

မဟာထန် အင်ပါယာ၏ သူတော်စင်ဧကရာဇ်နှင့် ထို အမတ်ချုပ်ကြီး နှစ်ဦးတို့မှာ မိမိတို့၏ ရန်သူများ ဖြစ်ကြစေကာမူ၊ တစ်ဖက်တွင်လည်း သူရဲကောင်းများ၊ အာဇာနည်များပင် ဖြစ်ကြပေသည်။ ယွီစန်းသည် ဤလူများနှင့် အပြန်အလှန် စစ်မက်ပြုခဲ့ကြသော်လည်း၊ သူတို့နှင့်အတူ ခမ်းနားလှသော ခေတ်ကာလကြီးတစ်ခုကို ဖန်တီးခဲ့ကြခြင်းလည်း ဖြစ်သည်။

သူရဲကောင်းများမှာ မည်သူမဆို လေးစားခြင်းကို အမြဲတမ်း ခံထိုက်ပေသည်။

"ငါ့ရဲ့အမိန့်ကို နားထောင်စမ်း။ အခုချက်ချင်းပဲ အင်အားကြီးတဲ့ သံတမန်အဖွဲ့ကို စုစည်းပြီးတော့ မဟာထန်ရဲ့မြို့တော်ကို စေလွှတ်လိုက်ပါ၊ သူတော်စင်ဧကရာဇ်ကို ဂါရဝပြု နှုတ်ဆက်ဖို့အတွက်ပေါ့၊ နတ်ရွာစံ အခမ်းအနားတွေ ကျင်းပနေတဲ့ အချိန်အတွင်းမှာတော့၊ ယွီစန်း နဲ့ မဟာထန် ကြားမှာ ဘာပြဿနာမှ မရှိစေရဘူး"

တာ့လုံချင်းလင်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

တစ်ခုလုံးသော မဟာထန်အင်ပါယာမှာ အငွေ့အသက်များ တည်ကြည်လေးနက်နေပြီး လူတိုင်းမှာ အတိုင်းအဆမရှိသော ဝမ်းနည်းမှုများအတွင်း နစ်မြောနေကြရသည်။

ထိုက်ကျိနန်းဆောင်အတွင်း၌မူ၊ မိန်းမစိုးကောင်းသည် သူတော်စင်ဧကရာဇ်၏ နောက်ဆုံး အမိန့်တော်လွှာကို ကြေညာလိုက်တော့သည်။

"ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း၊ ဧကရာဇ်မင်းမြတ် မိန့်ကြားလိုက်သည်မှာ—"

"ယခုအခါ ငါ့တွင် အိမ်ရှေ့မင်းသားအဖြစ် ဆက်ခံမည့် ငါးဦးမြောက် သားတော် ရှိနေပေပြီ၊ ငါဧကရာဇ်မင်းမြတ်အနေဖြင့် အသေအချာ စစ်ဆေးကြည့်ရှုပြီးနောက်၊ အိမ်ရှေ့မင်းသား လီဟန်သည် ကိုယ်ကျင့်တရား ကောင်းမွန်သလို၊ ဉာဏ်ပညာလည်း ထူးကဲလှကာ၊ ကြင်နာသနားတတ်သော စိတ်နှလုံးလည်း ရှိပေသည်၊ ၎င်းမှာ တိုင်းပြည်၏ မြင့်မြတ်လှသော ရာထူးအတွက် အသင့်တော်ဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်"

"ငါ ဧကရာဇ်မင်းမြတ်သည် ယခုအခါ ထီးနန်းကို ထိုသူ့အား လွှဲအပ်လိုက်ပေပြီ၊ သူသည် ပြည်သူများကို ချစ်မြတ်နိုးသော မင်းကောင်းမင်းမြတ်တစ်ဦး ဖြစ်လာရန်နှင့်၊ ငါဧကရာဇ်မင်းမြတ် အပ်နှံခဲ့သော တာဝန်များကို မပျက်ကွက်စေရန်၊ တစ်လောကလုံးရှိ ပြည်သူများ၏မျှော်လင့်ချက်များကိုလည်း ဖြည့်ဆည်းပေးရန် မျှော်လင့်မိပေသည်၊ ဤအတိုင်း နာခံစေ"

"ကျွန်တော်မျိုးတို့ ဘုရင်မင်းမြတ်ကို ဖူးမြော်ပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ထောင်ကျော်အထိ ရှည်ပါစေ"

"ကျွန်တော်မျိုးတို့ ဘုရင်မင်းမြတ်ကို ဖူးမြော်ပါတယ်"

...

တစ်ခုလုံးသော ထိုက်ဟယ်နန်းဆောင်အတွင်း၌ စစ်ဘက်နှင့် အရပ်ဘက် အမတ်ကြီးများ အားလုံးမှာ မြေပြင်ပေါ်သို့ ဒူးထောက် ဝပ်စံလျက် ခါးကို ညွှတ်၍ ဂါရဝပြုလိုက်ကြတော့သည်။

နန်းဆောင်အထက်တွင်မူ၊ သူ၏ဆံပင်နက်များမှာ ဖြူဖွေးသွားခဲ့ပြီး တစ်ခဏချင်းအတွင်းမှာပင် ဆယ်နှစ်ခန့် အိုမင်းသွားပုံရသော ကောင်းကုန်းကုန်းသည် အမိန့်တော်လွှာကို ဖတ်ကြားပြီးနောက် ခေါင်းကို တစ်ချက် ညိတ်လိုက်ပြီး များမကြာမီမှာပင် ဆက်လက် ပြောဆိုလိုက်သည်။

"ဝတ်ပြုရေးဌာနရဲ့ ဆွေးနွေးချက်အရ နတ်ရွာစံ အခမ်းအနား ခုနစ်ရက် ကျင်းပပြီးတဲ့နောက် သူတော်စင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်တော်ကို ဂူဗိမာန်အတွင်း သွင်းပြီးတဲ့အခါကျမှသာ၊ အိမ်ရှေ့မင်းသား လီဟန်ရဲ့ နန်းတက်ပွဲ အခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်"

အရာရာမှာ ယခုကဲ့သို့ပင် သတ်မှတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သူတော်စင်ဧကရာဇ်၏ အလိုတော်အတိုင်း အိမ်ရှေ့မင်းသား လီဟန်သည် နောက်ဆုံးတွင် ထီးနန်းကို ဆက်ခံခဲ့ပြီး တရားဝင်သော နည်းလမ်းဖြင့် မဟာထန်အင်ပါယာ၏ နောက်ထပ် ဧကရာဇ်မင်းမြတ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူတော်စင်ဧကရာဇ်၏ နတ်ရွာစံ အခမ်းအနားကိုမူ ဝတ်ပြုရေးဌာန က အစမှ အဆုံးအထိ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အကြီးကျယ်ဆုံးသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပေသည်။ ထိုမျှမကဘဲ ကိုးကျိုကုန်းနှင့် ယောင်ချုံးတို့သည်လည်း ဧကရာဇ် လီဟန်၏ ခွင့်ပြုချက်ကို ရရှိခဲ့သလို ထိုက်ဟယ်နန်းဆောင် အတွင်းရှိ အမတ်ကြီးများ အားလုံး၏သဘောတူညီချက်ကိုလည်း ရရှိခဲ့သဖြင့် သူတော်စင်ဧကရာဇ်၏ ဂူဗိမာန်အတွင်း၌ပင် အတူတကွ မြှုပ်နှံခွင့်ကို ရရှိခဲ့ကြပြီး ဧကရာဇ်မင်းမြတ်၏ ဘေးနားတွင်ပင် ဆက်လက် ခစားခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။

ဧကရာဇ်တစ်ပါးနှင့် အမတ် နှစ်ဦးတို့သည် တစ်လောကလုံးရှိ လူသားများ လေးစားရသော ဧကရာဇ်နှင့် အမတ်များအကြားရှိ ရင်းနှီးလှသော သံယောဇဉ်ကို တည်ဆောက်သွားခဲ့ကြခြင်းပင်။

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ၊ အရာရာမှာ စနစ်တကျ လည်ပတ်နေခဲ့သည်။ ရက်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မူ၊ ကြီးကျယ်ခမ်းနားလှသော အခမ်းအနား တစ်ခုအတွင်း၌၊ မရေမတွက်နိုင်သော ပြည်သူများ၏ လွမ်းဆွတ်မှုများနှင့် လေးစားမှုများကြား၌၊ သူတော်စင်ဧကရာဇ်၊ ကိုးကျိုကုန်းနှင့် ယောင်ချုံးတို့၏ ရုပ်ကလာပ်တော်များမှာ တော်ဝင် ဂူဗိမာန်အတွင်းသို့ အတူတကွ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။

"ဝုန်း"

တော်ဝင် ဂူဗိမာန် ၏ မြေအောက် အနက်ရှိုင်းဆုံး နေရာ၌ ကျယ်လောင်လှသော အသံကြီး တစ်ခုနှင့်အတူ၊ ပေါင်ချိန် တစ်သိန်းခွဲကျော် လေးလံသော ထူထပ်လှသည့် သံမဏိ တံခါးကြီးမှာ ပြင်းထန်စွာ ပိတ်သွားခဲ့ပြီးနောက်၊ ခေတ်ကာလကြီး တစ်ခုမှာလည်း ဤသို့ဖြင့် ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

၎င်းနောက် ရက်အနည်းငယ် ကြာမြင့်သည့် အခါတွင်မူ ဆံပင်များ လုံးဝဖြူဖွေးသွားခဲ့ပြီး များစွာအိုမင်းသွားပုံရသော ကောင်းကုန်းကုန်းသည် နတ်ရွာစံ အခမ်းအနားများ ပြီးဆုံးပြီးနောက်တွင်မူ ပထမဦးဆုံးအကြိမ်အဖြစ် ဝမ်ချောင်၏အိမ်တော်အတွင်းသို့ ရောက်ရှိလာတော့သည်။

"ဒီအရာတွေကတော့ အရှင်မင်းကြီး သက်ရှိထင်ရှား ရှိစဉ်တုန်းက ငါ့ကို မင်း ဆီမှာ အပ်ခိုင်းထားခဲ့တဲ့ အရာတွေပဲ"

ကောင်းလီရှီက သူ၏ရှေ့မှောက်ရှိ ဝမ်ချောင်ကို ကြည့်ရင်း စကားစလိုက်သည်။

ကောင်းလီရှီက ပြောဆိုလိုက်ရင်း သူ၏လက်ထဲရှိ တစ်ပေခန့် ကျယ်ဝန်းသော ရွှေဝါရောင် ကြေးသေတ္တာတစ်လုံးကို ဝမ်ချောင်၏ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

ကြေးသေတ္တာကို သော့ခတ်ထားသလို လုံခြုံစွာလည်း ပိတ်ဆို့ထားသဖြင့် သံသယဖြစ်ဖွယ် မရှိအောင်ပင် မည်သူမျှ ဖွင့်ဖူးခြင်း မရှိခဲ့သည်မှာ ထင်ရှားလှပေသည်။

"ဒါကတော့ သော့ပါပဲ၊ အရာရာ ပြီးဆုံးသွားတဲ့ အခါမှာ မင်းကိုယ်တိုင် ဒီသေတ္တာကို ဖွင့်ဖို့အတွက် အရှင်မင်းကြီးက မိန့်ကြားထားခဲ့တာပါ။ သေတ္တာထဲက အရာတွေကိုတော့၊ ငါ အပါအဝင် ဘယ်သူကမှ ထိတွေ့ခွင့် မရှိပါဘူး"

ကောင်းလီရှီ၏စကား ဆုံးသွားသည်နှင့် သူသည် အခြားသော ဝါဂွမ်းရောင် ကြေးသော့တစ်ချောင်းကိုလည်း ထိုရွှေဝါရောင် ကြေးသေတ္တာ၏ ဘေးနားတွင် တင်ပေးလိုက်သည်။

ဤအရာများကို လုပ်ဆောင်ပြီးနောက်တွင်မူ၊ ကောင်းလီရှီသည် နောက်သို့ လှည့်၍ အပြင်ဘက်သို့ ထွက်ခွာရန် ပြင်လိုက်တော့သည်။

"ကောင်းကုန်းကုန်း"

ကောင်းလီရှီ၏ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော နောက်ကျောပြင်ကို ကြည့်ရင်း၊ ဝမ်ချောင်သည် မအောင့်နိုင်တော့ဘဲ သူ့ကို လှမ်းခေါ်လိုက်ကာ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် မေးမြန်းလိုက်သည်။

"ကုန်းကုန်းအနေနဲ့၊ နောင်အနာဂတ်မှာ ဘယ်ကို သွားဖို့ ပြင်ဆင်ထားလဲ"

ယခုအခါ သူတော်စင်ဧကရာဇ်မှာ မရှိတော့ပေ၊ သူတော်စင်ဧကရာဇ်ဆိုသည်မှာ ကောင်းလီရှီငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့သော မင်းသားတစ်ပါးဖြစ်ရာ၊ ယခုအခါ ခေတ်ကာလကြီးမှာ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သလို အရာရာမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ချောင်ကြားသိခဲ့ရသည်မှာ ကောင်းလီရှီသည် ဧကရာဇ်လီဟန်ထံသို့ နုတ်ထွက်လွှာကို တင်သွင်းထားပြီး ဖြစ်ကြောင်းနှင့်၊ ရာထူးမှ အနားယူ၍ လျှို့ဝှက်စွာ နေထိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

သို့သော်လည်း အမှန်တကယ်တွင်မူ လူတိုင်း သိရှိထားကြသည်မှာ ကောင်းလီရှီသည် ငယ်စဉ်ကတည်းက နန်းတော် အနက်ရှိုင်းဆုံး နေရာ၌သာ နေထိုင်လာခဲ့သူဖြစ်ရာ၊ ရာထူးမှ အနားယူ၍ ဆုတ်ခွာမည် ဆိုသည်မှာမူ အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

"ငါကတော့ အိုပါပြီ၊ အရှင်မင်းကြီး မရှိတော့တဲ့နောက်မှာ ငါ့မှာလည်း ငါ သွားချင်တဲ့ နေရာ ရှိနေတာပေါ့။ ဒါပေမဲ့ မင်းတို့တွေ စိတ်ချပါ၊ ဒီကမ္ဘာပေါ်မှာ ငါ ဆက်ပြီး တွယ်တာနေရဦးမယ့် အရာတွေ ကျန်နေပါသေးတယ်။ ငါကတော့ ဒီ ကမ္ဘာကြီးဟာ အရှင်မင်းကြီး မျှော်လင့်ထားခဲ့တဲ့ ပုံစံမျိုး ဖြစ်လာမယ့် အချိန်အထိ၊ တိတ်တဆိတ်ပဲ စောင့်ကြည့်နေပါ့မယ်"

ဤစကားကို ပြောဆိုပြီးနောက်တွင်မူ ကောင်းလီရှီသည် ဝမ်ချောင်ကို ကျောခိုင်းထားလျက်ပင် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ဝမ်ချောင်သည် ထိုနေရာ၌ မှင်သက်စွာ ရပ်နေရင်း၊ အချိန်အတော်ကြာအောင်ပင် မည်သည့် စကားမျှ မဆိုနိုင်ဘဲ ရှိနေတော့သည်။

မည်မျှ ကြာမြင့်သွားသည် မသိစေကာမူ ခန်းမဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပေသည်၊ ဝမ်ချောင်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ နောက်ဆုံးတွင်မူ ကောင်းလီရှီစားပွဲပေါ်၌ တင်ထားခဲ့သော ထိုရွှေဝါရောင် ကြေးသေတ္တာဆီသို့ သူ၏အကြည့်များ ရောက်ရှိသွားတော့သည်။

ဝမ်ချောင်သည် ထိုနေရာသို့ တိုက်ရိုက် လျှောက်လှမ်းသွားလိုက်သည်။ သူ၏စိတ်ထဲ၌ တွန့်ဆုတ်နေသဖြင့် သေတ္တာကို မဆင်မခြင် ချက်ချင်း ဖွင့်လှစ်ခြင်း မပြုခဲ့ပေ။

သူ၏လက်ဖဝါးကို ဆန့်၍ ရွှေဝါရောင် ကြေးသေတ္တာကို အသာအယာ ပွတ်သပ်လိုက်ရာ၊ သေတ္တာထံမှနေ၍ အေးစက်လှသော အထိအတွေ့ကို ခံစားလိုက်ရသည့်ခဏ၌၊ ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌ ရှုပ်ထွေးလှသော ခံစားချက်များနှင့်အတူ၊ နက်ရှိုင်းလှသော ဝမ်းနည်းမှုကြီးတစ်ခု ထပ်မံ၍ ပေါ်ထွက်လာတော့သည်။

အတိတ်မှ မြင်ကွင်းများမှာ ဦးနှောက်အတွင်း၌ တစ်ခုပြီးတစ်ခု ပြန်လည် ထင်ဟပ်လာတော့သည်။ သူတော်စင်ဧကရာဇ်အနေဖြင့် မိမိကို မြှင့်တင်ပေးခဲ့မှုများ၊ ကာကွယ်ပေးခဲ့မှုများနှင့် ယုံကြည်မှုများမှာ မနေ့ကကဲ့သို့ပင် သူ၏မျက်စိရှေ့မှောက်၌ ပြန်လည်မြင်ယောင်နေပေသည်။

ထွက်ခွာသွားခဲ့သော ထိုပုဂ္ဂိုလ်ကြီးမှာ မိမိအပေါ်တွင် တောင်ကြီးတစ်လုံးအလား ကြီးမားလှသော ကျေးဇူးတရားများရှိနေခဲ့သူ ဖြစ်သလို မိမိ၏ဘဝတွင် အလေးစားရဆုံးနှင့် အချစ်ခင်ရဆုံးသော သူလည်း ဖြစ်ပေသည်။ သို့သော်လည်း သူ၏ဘဝနောက်ဆုံး အခိုက်အတန့်တွင်မူ မိမိအနေဖြင့် မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘဲ လူပေါင်း သောင်းခြောက်ထောင် ကြည်ညိုလေးစားရသော ဤဧကရာဇ်ကြီးမှာ တဖြည်းဖြည်းနှင့် ကြွေလွင့် ပျက်စီးသွားသည်ကိုသာ ငေးကြည့်နေခဲ့ရခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အင်အားမဲ့မှုများနှင့် နာကျင်မှု ခံစားချက်များမှာ၊ နှလုံးသားကို မြှားပေါင်း တစ်သောင်းဖြင့် ထိုးနှက်ခံရသကဲ့သို့ ရိုးတွင်းခြင်ဆီအထိပင် နာကျင်နေတော့သည်။

"အရှင်မင်းကြီး"

ဝမ်ချောင်သည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ရင်း၊ မျက်ဝန်းများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ မလှုပ်မယှက် ရှိနေစေကာမူ၊ သူ၏လက်ချောင်းများမှာမူ မသိစိတ်အရပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့်၊ လက်သည်းများမှာ အသားထဲသို့ စိုက်ဝင်သွားခဲ့ကာ၊ လက်ဖဝါးအတွင်းမှနေ၍ သွေးစ တစ်မျှင် စိမ့်ထွက်လာပြီး တောက်တောက် ဆိုသည့် အသံများနှင့်အတူ မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျဆင်းနေတော့သည်။

အကယ်၍သာ မိမိသည် လုံလောက်သော အင်အားများ ရှိနေခဲ့မည် ဆိုလျှင်၊ မည်မျှ ကောင်းပါ့မည်နည်း။

အကယ်၍သာ မိမိအနေဖြင့် သူတော်စင်ဧကရာဇ်ကို ကယ်တင်နိုင်ခဲ့မည် ဆိုလျှင်၊ မည်မျှ ကောင်းပါ့မည်နည်း။

နှမြောစရာ ကောင်းသည်မှာ၊ ဤအရာများ အားလုံးကို မိမိ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ဘဲ၊ လွန်ခဲ့သော ဘဝတုန်းကကဲ့သို့ပင်၊ အရာရာ ဖြစ်ပျက်နေသည်ကိုသာ တစ်ဖန် ပြန်လည်မြင်တွေ့နေရပြီး ဘာမှ မတတ်နိုင်ဘဲ ရှိနေရခြင်းပင်။

ဝမ်ချောင်ကို မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေသော ထိုခံစားချက်မှာ နှလုံးသားကို ဆွဲဖြဲခံလိုက်ရသကဲ့သို့ပင် နာကျင်လှပေသည်။

"ဝုန်း"

ဝမ်ချောင်သည် တိတ်တဆိတ် မျက်ဝန်းများကို မှိတ်ထားရင်း သူ၏နှုတ်ခမ်းကို သွေးထွက်အောင်အထိ ကိုက်ထားမိသည်။ ထိုအချိန်၌ပင် ရုတ်တရက်ဆိုသလို အခြေအနေများမှာ ပြောင်းလဲသွားတော့သည်။

"ပြင်းထန်လှသော စိတ်လှုပ်ရှားမှုများကို အာရုံခံမိပါသည်။ ပိုင်ရှင်၏ ကိုယ်ပေါ်တွင် ပြင်းထန်လှသော စိတ်စွဲလမ်းမှုများနှင့် ဆန္ဒများကို ခံစားမိပါသည်"

"ထူးခြားသော ဖြစ်ရပ် ကံကြမ္မာ စွမ်းအား တုန့်ပြန်နေပါသည်"

"စောင့်ဆိုင်းပါ၊ စောင့်ဆိုင်းပါဦး..."

"...ပိုင်ရှင်၏ ကိုယ်ပေါ်တွင် 'ရှင်းဟော်' အရည်အချင်း ရှိနေသည်ကို ရှာဖွေတွေ့ရှိပါသည်၊ ကံကြမ္မာကျောက်တုံး၏အရည်အချင်းများ တိုးတက်လာမှုနှင့် ပေါင်းစပ်မှုအတွင်း၌၊ ပိုင်ရှင်အနေဖြင့် ကံကြမ္မာ ခန္ဓာကိုယ် နံပါတ် ၉ကို ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းကို ဖန်တီးနိုင်ခြေ ရှိနေပါသည်။ အသစ် စမ်းသပ်လိုပါသလား”

ထိုစကားများကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်သည် အတိုင်းအဆမရှိ ထိတ်လန့်သွားခဲ့ရသည်။ ကံကြမ္မာကျောက်တုံးသည် မိမိ၏စိတ်ထဲမှ အသံကို တုန့်ပြန်လိမ့်မည်ဟု ဝမ်ချောင်လုံးဝ မထင်မှတ်ထားခဲ့ပေ။

သို့သော်လည်း သူ့ကို အရှိဆုံး စိတ်လှုပ်ရှားသွားစေသည်မှာမူ၊ ကံကြမ္မာကျောက်တုံး ထံမှနေ၍ ပေါက်ကြားလာသော သတင်းစကားပင် ဖြစ်တော့သည်။

သူတော်စင်ဧကရာဇ်ကို ပြန်လည် ကယ်တင်နိုင်မည့် အခွင့်အရေး ရှိနေသည် ဟုတ်လား။

"သဘောတူတယ်"

ဝမ်ချောင်သည် တွန့်ဆုတ်ခြင်း အနည်းငယ်မျှ မရှိဘဲ တုန့်ပြန်လိုက်သည်။

"ရှင်းဟော် အရည်အချင်းကို ခွဲခြမ်းစိတ်ဖြာနေပါသည်။"

အတည်ပြုချက်ကို လက်ခံရရှိပြီးနောက်တွင်မူ ကံကြမ္မာကျောက်တုံး၏အသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။

"ခွဲခြမ်းစိတ်ဖြာမှု ပြီးဆုံးပါပြီ၊ ပိုင်ရှင်အနေဖြင့် တစ်သောင်းပုံ သုံးပုံသော အခွင့်အရေးဖြင့် 'ရှင်းဟော် (ဇီဝမီးတောက်)' ကို 'ဟွမ်းဟော် (ဝိညာဉ်မီးတောက်)' အဖြစ် တိုးတက် ပြောင်းလဲစေနိုင်ပါသည်။ ဤဖြစ်စဉ်အတွက် ကံကြမ္မာ စွမ်းအား အမှတ် တစ်သိန်းကို သုံးစွဲရန် လိုအပ်သလို၊ ကျရှုံးနိုင်ခြေလည်း အလွန်မြင့်မားလှပေသည်။ ပိုင်ရှင်အနေဖြင့် စမ်းသပ်လိုပါသလား"

ကံကြမ္မာကျောက်တုံး၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ကံကြမ္မာ စွမ်းအား အမှတ် တစ်သိန်း

အလွန် ကြီးမားလှသော ကျရှုံးနိုင်ခြေ။

ကံကြမ္မာကျောက်တုံးထံမှ ပေါက်ကြားလာသော သတင်းများအရဆိုလျှင်၊ ဝမ်ချောင်အနေဖြင့် အနည်းဆုံးအားဖြင့် အကြိမ်ရေ တစ်သောင်းခန့် စမ်းသပ်ရန် လိုအပ်သလို၊ ကံကြမ္မာ စွမ်းအား အမှတ် ကုဋေ တစ်ရာခန့်ကို သုံးစွဲရမည် ဖြစ်ရာ ထိုသို့ လုပ်ဆောင်မှသာ သုံးကြိမ်ခန့် အောင်မြင်နိုင်ခြေ ရှိပေလိမ့်မည်။

ဤမျှလောက် နိမ့်ကျလှသော အောင်မြင်နိုင်ခြေမှာ၊ ဝမ်ချောင်အား ဤကိစ္စမှာ မူလကတည်းကပင် မဖြစ်နိုင်သော အရာဖြစ်ကြောင်း ပြောဆိုနေသကဲ့သို့ပင် ဖြစ်စေကာမူ၊ ယခု အခိုက်အတန့်တွင် ဝမ်ချောင်မှာမူ ထိုအရာများကို ထည့်သွင်း စဉ်းစားမနေတော့ပေ။

"သဘောတူတယ် အခုချက်ချင်းပဲ 'ဟွမ်းဟော်' အဖြစ် တိုးတက် ပြောင်းလဲလိုက်စမ်း"

ဝမ်ချောင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ အမိန့်ပေးလိုက်သည်။

"လဲလှယ်မှု အောင်မြင်ပါသည်။ ပိုင်ရှင်အနေဖြင့် ကံကြမ္မာ စွမ်းအား အမှတ် တစ်သိန်းကို သုံးစွဲလိုက်ပါပြီ၊ ကံကြမ္မာကျောက်တုံး ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်ပါသည်၊ 'ရှင်းဟော်' တိုးတက် ပြောင်းလဲနေဆဲ ဖြစ်ပါသည်..."

ကံကြမ္မာကျောက်တုံး၏ မည်သည့် ခံစားချက်မျှ မပါသောအသံမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ လျင်မြန်စွာ ပဲ့တင်ထပ်သွားတော့သည်။

ဝမ်ချောင်သည် မည်သည့် စကားမျှမဆိုတော့ဘဲ၊ အတိုင်းအဆမရှိသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားလျက်၊ တိတ်တဆိတ်သာ စောင့်ဆိုင်းနေတော့သည်။

သံသယဖြစ်ဖွယ် မရှိအောင်ပင်၊ ပထမဦးဆုံးအကြိမ်မှာ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

"သတိပြုရန် ခွဲခြမ်းစိတ်ဖြာမှု ကျရှုံးပါသည်"

"သတိပေးချက် ရှင်းဟော် တိုးတက် ပြောင်းလဲမှုတွင် အလွန်ကြီးမားသော ကျရှုံးနိုင်ခြေ ရှိနေသလို အောင်မြင်မှုမှာလည်း အလွန်ပင် နည်းပါးလှသည်။ ပိုင်ရှင်အနေဖြင့် စမ်းသပ်မှုများကို ရပ်တန့်ရန် အကြံပြုပါသည်"

ကံကြမ္မာကျောက်တုံး၏ ရင်းနှီးလှသော အသံမှာ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ဝမ်ချောင်မှာမူ အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။

"ဆက်လုပ်"

"တိုးတက် ပြောင်းလဲမှု ကျရှုံးပါသည်။ သတိပေးချက်၊ ပိုင်ရှင်အနေဖြင့် လက်လျှော့ရန် အကြံပြုပါသည်"

စက္ကန့်အနည်းငယ်မျှ ကြာမြင့်ပြီးနောက်တွင်မူ ကံကြမ္မာကျောက်တုံး၏အသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။

သို့သော်လည်း ဝမ်ချောင်မှာမူ ကြားသိခဲ့ခြင်း မရှိသကဲ့သို့ပင်။

"ဆက်လုပ်စမ်း"

"ဆက်လုပ်စမ်း"

"ဆက်လုပ်စမ်း"

...

ဝမ်ချောင်၏ အမူအရာမှာ အလွန်ပင် အေးစက် တည်ကြည်နေပြီး အကြိမ်ကြိမ်အခါခါသာ ဆက်တိုက် ပြုလုပ်နေတော့သည်။

ဝမ်ချောင်၏ ကံကြမ္မာစွမ်းအား အမှတ်များမှာ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ကုန်ခမ်းနေတော့သည်။ အချိန်တိုလေးအတွင်းမှာပင်၊ ဝမ်ချောင်သည် အကြိမ်ပေါင်း နှစ်ဆယ်ကျော်ခန့် ကျရှုံးသွားခဲ့ပြီ ဖြစ်သလို ကံကြမ္မာ စွမ်းအား အမှတ် နှစ်သန်းကျော်ခန့်ကိုလည်း ဖြုန်းတီးပစ်လိုက်ရပြီ ဖြစ်သည်။

ထိုမျှသာမကဘဲ ဤကဲ့သို့သော အချည်းနှီး ဖြစ်နေပုံရသော သုံးစွဲမှုများမှာ ဆက်လက် ရှိနေဆဲပင်။

"သတိပေးချက်၊ ပိုင်ရှင်အနေဖြင့် ကံကြမ္မာ စွမ်းအား အမှတ် သုံးသန်းကို သုံးစွဲလိုက်ပါပြီ။ ဆက်လက် လုပ်ဆောင်လိုပါသလား”

"နောက်ထပ် တစ်ကြိမ် ထပ်မံသတိပေးပါသည်။ ကျရှုံးနိုင်ခြေမှာ အလွန်မြင့်မားနေသဖြင့် ပိုင်ရှင်အနေဖြင့် လက်လျှော့ရန် အကြံပြုပါသည်"

ကံကြမ္မာကျောက်တုံးက ဆိုလိုက်သည်။

"ဆက်လုပ်စမ်း"

ဝမ်ချောင်သည် ယခင်အတိုင်းပင် အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိပေ။

"သတိပေးချက်၊ တိုးတက် ပြောင်းလဲမှု ကျရှုံးပါသည်"

"သတိပေးချက်၊ တိုးတက် ပြောင်းလဲမှု ကျရှုံးပါသည်"

"သတိပေးချက်၊ တိုးတက် ပြောင်းလဲမှု ကျရှုံးပါသည်"

...

ကျရှုံးမှုများမှာ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ယခုကဲ့သို့သော ကျရှုံးမှုများနှင့် အကြိမ်ကြိမ် စမ်းသပ်မှုများ၏ ဖြစ်စဉ်အတွင်း၌ ဝမ်ချောင်သည် အချိန်များကိုပင် လုံးဝ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

ခန်းမဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး ယခုအခိုက်အတန့်တွင် အချိန်များမှာ အဆုံးမဲ့အောင် ဆွဲဆန့်ခြင်း ခံထားရသကဲ့သို့ပင် ဖြစ်နေတော့သည်။

ဝမ်ချောင်အနေဖြင့် ဤကျရှုံးမှုများမှာ အဆုံးသတ် ရှိလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့စဉ်မှာပင်။ ရုတ်တရက်

"ဝုန်း"

မမျှော်လင့်ထားသော အသံတစ်ခုမှာ နှစ်ပေါင်း ကုဋေပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသကဲ့သို့ပင်။ ဝမ်ချောင်၏ဦးနှောက်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"ပိုင်ရှင်ကို ဂုဏ်ပြုပါသည်၊ 'ဟွမ်းဟော်'အဖြစ် အောင်မြင်စွာ တိုးတက် ပြောင်းလဲနိုင်ခဲ့ပါပြီ"

ထိုအသံမှာ တိုတောင်းလှသော စကားတစ်ခွန်းသာ ဖြစ်စေကာမူ၊ ဝမ်ချောင်၏ နားထဲ၌မူ နတ်ဘုရားတို့၏တေးသံအလားပင် ဖြစ်နေတော့သည်။

ဝမ်ချောင်သည် အတွေးများထဲမှ ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး တစ်ခုလုံးသော ကမ္ဘာကြီးမှာလည်း အရောင်အသွေးများ ပြန်လည် ရရှိလာသကဲ့သို့ ခံစားလိုက်ရသည်။

"ဟွမ်းဟော်"

"ထူးခြားသော စွမ်းရည်၊ ပစ်မှတ် သေဆုံးပြီး ခုနစ်ရက်အတွင်းမှာသာလျှင် အောင်မြင်စွာ ထုတ်ဖော်နိုင်မည့် အခွင့်အရေး ရှိပါသည်"

"သတိပြုရန်၊ သေခြင်းနှင့် ရှင်ခြင်း နိယာမများသည် ကံကြမ္မာအတွင်း၌ ရှိမနေသဖြင့် ပိုင်ရှင်၏ လက်ရှိ အရည်အချင်းဖြင့်မူ သက်ရှိတစ်ဦးကို ပြန်လည်ရှင်သန်လာစေမည့် အဆင့်သို့ မရောက်ရှိနိုင်သေးပါ၊ ဝိညာဉ်ကို ထိန်းသိမ်းပေးရန်နှင့် ပြုစုပျိုးထောင်ပေးရန်သာ လုပ်ဆောင်နိုင်ပြီး အချိန်အခါ ကောင်းတစ်ခု ရောက်ရှိလာသည့် အခါမှသာလျှင် တစ်ဖန် ပြန်လည် ရှင်သန်လာနိုင်မည် ဖြစ်ပါသည်"

...

ထို အချိန်မှာပင်၊ ဟွမ်းဟော်နှင့် ပတ်သက်သော သတင်းအချက်အလက်များမှာလည်း ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ပေါ်ထွက်လာတော့သည်။

ခုနစ်ရက်…

ဟွမ်းဟော်ထံမှ ပေါက်ကြားလာသော သတင်းများကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။

မိမိအတွက် ကျန်ရှိနေသော အချိန်မှာ များစွာ မရှိတော့ပေ။

"ဟွမ်းဟော်ကို စတင်လိုက်စမ်း၊ ပစ်မှတ်ရဲ့ ဝိညာဉ်ကို စုစည်းလိုက်"

ဝမ်ချောင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ အမိန့်ပေးလိုက်သည်။

"သတိပြုရန်၊ သာမန်လူသား တစ်ဦးသည် သေဆုံးပြီး နှစ်ရက်အတွင်းမှာပင်၊ ဝိညာဉ်များ အားလုံးမှာ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။ စိတ်ဓာတ် ခိုင်မာလှသော သိုင်းသမား တစ်ဦးမှာမူ အများဆုံး ခုနစ်ရက်အထိ ကြံ့ကြံ့ခံနိုင်ပြီး ခုနစ်ရက်ထက် ကျော်လွန်သွားပါကမူ ဝိညာဉ်နှင့် ဝိညာဉ် အပိုင်းအစများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သဖြင့် ဟွမ်းဟော်ကိုယ်တိုင်ပင်လျှင်လည်း အစွမ်းပြနိုင်တော့မည် မဟုတ်ပေ။"

"ဟွမ်းဟော်ကို ထုတ်ဖော်နိုင်ရန်အတွက် အခြေခံ အချက်မှာ ပစ်မှတ်၏ ကျန်ရှိနေသော ဝိညာဉ် အပိုင်းအစများကို သေချာပေါက် ရှာဖွေတွေ့ရှိရန် လိုအပ်ပေသည်ဟု ဖြစ်သည်။"

"ဒါ့အပြင် ဟွမ်းဟော်ကို ထုတ်ဖော်ရန်အတွက် ကံကြမ္မာ စွမ်းအား အမှတ် ရှစ်သိန်းကို သုံးစွဲရန် လိုအပ်ပါသည်။ ဆက်လက် လုပ်ဆောင်လိုပါသလား"

ကံကြမ္မာကျောက်တုံး၏အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

******

အခန်း (၂၀၅၀) နောက်ဆုံးသော မျှော်လင့်ချက် တစ်မျှင်၊ ဟွမ်းဟော်

"ဟုတ်ကဲ့ပါ"

ယခုအခိုက်အတန့်တွင် ဝမ်ချောင်သည် ကံကြမ္မာ စွမ်းအားအမှတ်များ ကုန်ခမ်းသွားမည့်အပေါ် လုံးဝဂရုမစိုက်တော့ပေ။

"လဲလှယ်မှုကို အတည်ပြုပါသည်၊ ကံကြမ္မာ စွမ်းအား အမှတ် ရှစ်သိန်းကို သုံးစွဲလိုက်ပါပြီ၊ 'ဟွမ်းဟော်' စတင် လည်ပတ်နေပါပြီ"

ကံကြမ္မာကျောက်တုံး၏ အသံနှင့်အတူ မှိန်ဖျော့လှသော ပိုးစုန်းကြူး အလင်းစက်လေးများမှာ ဝမ်ချောင်၏ခန္ဓာကိုယ်အတွင်းမှနေ၍ ရုတ်တရက် စိမ့်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်အတွင်း၌ ပျံဝဲနေတော့သည်။

ထိုအလင်းစက်လေးများအကြား၌မူ ပင့်ကူမျှင်အလား အားနည်းလှသော အလင်းတန်းလေးများဖြင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားကြပြီး ဆန်းကြယ်လှသော ရှစ်ထောင့်ပုံစံ မဟာဗျူဟာတစ်ခုအဖြစ် ပြောင်းလဲကာ ဝမ်ချောင်ကို အလယ်ဗဟို၌ ဝန်းရံထားလိုက်ကြသည်။

ခဏချင်းအတွင်းမှာပင် အသာအယာ တုန်ခါသွားမှု တစ်ခုနှင့်အတူ နောက်တစ်ခဏ၌ ဝုန်း ဆိုသည့် အသံနှင့်အတူ၊ ထို အလင်းစက် ရှစ်စက်ဖြင့် ဖွဲ့စည်းထားသော ဆန်းကြယ်လှသည့် မဟာအစီအရင်မှာ ချက်ချင်း ပေါက်ကွဲသွားခဲ့ပြီး ကြီးမားလှသော ကောင်းကင်ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်းမှနေ၍ တစ်ခုလုံးသော မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားတော့သည်။

ယခု အခိုက်အတန့်တွင် ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌ ထူးဆန်းလှသော ခံစားချက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

သူသည် အိမ်တော်၏ ခန်းမဆောင်အတွင်း၌ ရပ်နေဆဲ ဖြစ်စေကာမူ၊ ထို "ကောင်းကင်ပိုက်ကွန်" မှတစ်ဆင့်၊ ဝမ်ချောင်သည် တစ်ခါမှ မကြုံဖူးသေးသော ထူးဆန်းလှသည့် ဝိညာဉ် အာရုံခံ ရှုထောင့်မှနေ၍ တစ်ခုလုံးသော မြို့တော်ရှိ ပြည်သူများကို စီးမိုးကြည့်ရှုနေရသကဲ့သို့ပင် ဖြစ်နေတော့သည်။

ဟွမ်းဟော်၏ အရည်အချင်းမှာ ကြီးမားလှသော ပင့်ကူအိမ်ကြီး တစ်ခုအလား ဖြစ်သလို၊ ကြီးမားလှသော ရေဒါကိရိယာကြီး တစ်ခုကဲ့သို့လည်း ရှိနေပေရာ၊ မြို့တော်ရှိ ပြည်သူများ အားလုံးမှာ၊ ကြယ်တာရာလေးများအလား ဝိညာဉ် မီးတောက်ပုံစံမျိုးဖြင့် ဝမ်ချောင်၏ အာရုံခံစားမှုအတွင်း၌ ပေါ်ထွက်လာတော့သည်။

မြို့တော်ရှိ ပြည်သူများ၏ ဝိညာဉ်များအနက် အချို့မှာ အလွန်ပင် အားနည်းလှသဖြင့် ပိုးစုန်းကြူးလေးများအလား ရှိနေသလို အချို့မှာမူ မီးပုံကြီးများအလား တောက်ပနေကြပြီး အချို့သော ဝိညာဉ်များမှာမူ လပြည့်ဝန်းကြီးအလား တောက်ပ ကြည်လင်နေကြပေသည်။

ယခုကဲ့သို့သော ဟွမ်းဟော်မျိုးမှာ အလွန်ပင် နည်းပါးလှသလို တစ်ခုလုံးသော မြို့တော်အတွင်း၌လည်း များစွာရှိမနေပေ။ ဝမ်ချောင်အနေဖြင့် ကောင်းစွာ သိရှိထားသည်မှာ ၎င်းတို့မှာ အင်ပါယာ၏ ထိပ်သီးစစ်သူကြီးများ၏ ဝိညာဉ် မီးလျှံများ ဖြစ်ရပေမည်။

သို့သော်လည်း ယခု အခိုက်အတန့်တွင် ဝမ်ချောင်၏စိတ်အာရုံမှာ ထိုအရာများအပေါ်၌ လုံးဝရှိမနေပေ။

ကံကြမ္မာကျောက်တုံးက "ဟွမ်းဟော်"သည် ပစ်မှတ်၏ ဝိညာဉ်ကို ထိန်းသိမ်းပေးနိုင်သည်ဟု ပြောဆိုခဲ့စေကာမူ ယခုအချိန်အထိ ဝမ်ချောင်အနေဖြင့် ဤအရည်အချင်းကို မည်သို့ ထုတ်ဖော်ရမည်နည်း ဆိုသည်ကို မသိရှိသေးပေ။

ယခုအခိုက်အတန့်တွင် ဝမ်ချောင်၏စိတ်နှလုံးမှာလည်း အနည်းငယ် မတင်မကျ ဖြစ်လာခဲ့ရသည်။ ၎င်းမှာ စစ်ပွဲကြီးများအတွင်း၌ ရှိခဲ့သော စိုးရိမ်မှုများထက်ပင် ပိုမိုကျော်လွန်နေပေသည်။

သူတော်စင်ဧကရာဇ်၏ နတ်ရွာစံအခမ်းအနားမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ပုံမှန်အခြေအနေများအောက်၌မူ ဝိညာဉ်များမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်နိုင်ပေသည်။ ဝမ်ချောင်အနေဖြင့်လည်း "ဟွမ်းဟော်" သည် နတ်ရွာစံသွားခဲ့ပြီ ဖြစ်သော သူတော်စင်ဧကရာဇ်အပေါ်၌ အမှန်တကယ် အစွမ်းပြနိုင်ပါ့မလား ဆိုသည်ကို မသိရှိပေ။

ယခု အခိုက်အတန့်တွင် အချိန်များမှာ အဆုံးမဲ့အောင် ဆွဲဆန့်ခြင်း ခံထားရသကဲ့သို့ ရှိနေပြီး ဝမ်ချောင်မှာမူ စိုးရိမ်ပူပန်မှုများစွာဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။

တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်...

ဝမ်ချောင်သည် "ဟွမ်းဟော်" ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး တစ်ခုလုံးသော မြို့တော်ကြီးကိုလည်း အကြိမ်ကြိမ် စကန်ဖတ်ခဲ့သော်လည်း သူ အလိုရှိနေသော တုန့်ပြန်မှုမျိုးကိုမူ ယခုအချိန်အထိ လုံးဝမတွေ့ရသေးပေ။ ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌လည်း ပန်မှုများနှင့် တင်းမာမှုများ ပြည့်နှက်လာတော့သည်။ သို့သော်လည်း ယခုအခါတွင်မူ သူသည် ကံကြမ္မာကျောက်တုံး၏ အကြောင်းပြန်ချက်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေရုံမှလွဲ၍ အခြား မတတ်နိုင်ပေ။

အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်၊ ယခုကဲ့သို့သော ပူဆွေးလှသည့် စောင့်ဆိုင်းမှုအတွင်း၌၊ ခဏချင်းအတွင်းမှာပင် ဖြစ်ပုံရစေကာမူ၊ အမှန်တကယ်၌မူ ရှည်လျားလှသော ရာစုနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သကဲ့သို့ပင်၊ ရုတ်တရက်ဆိုသလို နတ်ဘုရားတို့၏ တေးသံအလား သာယာလှသော အသံတစ်ခုမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ထွက်ပေါ်လာတော့သည်။

"စကန်ဖတ်ခြင်း အောင်မြင်ပါသည်၊ ပစ်မှတ်ရဲ့ ဝိညာဉ် အပိုင်းအစကို ရှာဖွေတွေ့ရှိပါသည်"

စကားမဆုံးမီမှာပင် ဝုန်း ဆိုသည့် အသံနှင့်အတူ မြေပြင်မှနေ၍ ပေပေါင်း သောင်းချီ မြင့်မားလှသော ကောင်းကင်ယံထက် မူလက ဘာမှ မရှိသောနေရာ၌၊ အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာခဲ့ပြီးနောက်၊ မြူမှုန်လေး တစ်ခုအလားသော အလင်းစက်လေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

၎င်းမှာ မြူမှုန်လေးတစ်ခုအလား သေးငယ်လှစေကာမူ၊ ၎င်းအတွင်း၌ ကိန်းအောင်းနေသော အလင်းတန်းများ၏ စွမ်းအားနှင့် သဘောသဘာဝမှာမူ၊ အင်ပါယာ စစ်သူကြီးများထက် များစွာပိုကျော်လွန်နေပေရာ၊ တစ်လောကလုံးရှိ ထိပ်သီး ပညာရှင် အားလုံး မမီနိုင်လောက်သည့် အဆင့်တွင် ရှိနေခြင်းပင် ဖြစ်သည်။

သို့သော်လည်း ထိုသို့ရှိနေစေကာမူ ဤမြူမှုန်လေးအလား ဝိညာဉ် အပိုင်းအစမှာ အချိန်နှင့်အမျှ တဖြည်းဖြည်းနှင့် ပျောက်ကွယ် ဆုတ်ယုတ်နေသည်ကို မြင်တွေ့နေရသည်၊ ဝမ်ချောင်အနေဖြင့် ထိုမြူမှုန်လေးအလား ဝိညာဉ် အပိုင်းအစပေါ်၌ မျက်စိဖြင့် မမြင်နိုင်သော အက်ကြောင်းလေးများစွာ ပေါ်ထွက်နေသည်ကို အသေအချာ မြင်တွေ့နေရပြီး များမကြာမီ အချိန်အတွင်းမှာပင် လုံးဝပျောက်ကွယ်သွားတော့မည့်အတိုင်းပင် ဖြစ်နေတော့သည်။

"ဒါဟာ သူတော်စင်ဧကရာဇ်ရဲ့ ဝိညာဉ်ပဲ"

ထိုအလင်းတန်းပေါ်မှ ရင်းနှီးလှသော အငွေ့အသက်ကို အာရုံခံမိသည့်အခါ၊ ဝမ်ချောင်၏ တစ်ကိုယ်လုံးမှာ အသာအယာ တုန်ခါသွားခဲ့ပြီး ချက်ချင်းပင် မှတ်မိလိုက်ခြင်း ဖြစ်သည်။

"တကယ်ကို ကောင်းတာပဲ"

ထိုခဏ၌ ဝမ်ချောင်၏ စိတ်နှလုံးမှာ အတိုင်းအဆမရှိ စိတ်လှုပ်ရှားသွားတော့သည်။

"အခုချက်ချင်းပဲ စုစည်းလိုက်"

ဝမ်ချောင်က တွန့်ဆုတ်ခြင်း မရှိဘဲ အမိန့်ပေးလိုက်သည်။

"ဝုန်း"

နောက်တစ်ခဏတွင်မူ ကောင်းကင်ယံ အနက်ရှိုင်းဆုံး နေရာ၌ ထိုမြူမှုန်လေးအလား အားနည်းလှသော သူတော်စင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစမှာ ပုံသဏ္ဌာန် မရှိသော ကြိုးမျှင်လေးတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရသကဲ့သို့ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ ဦးတည်၍ စုစည်းလာတော့သည်။

၎င်းမှာ အစဦးနိမိတ်တစ်ခုအလား ဖြစ်သွားခဲ့ပြီး ကံကြမ္မာကျောက်တုံးသည်လည်း ပျံ့လွင့်နေသော သူတော်စင်ဧကရာဇ်၏ဝိညာဉ် အပိုင်းအစများကို တစ်ခုပြီးတစ်ခု ပို၍စတင်စစ်ဆေးတွေ့ရှိလာတော့သည်။

"စကန်ဖတ်ခြင်း အောင်မြင်ပါသည်၊ ပစ်မှတ်ရဲ့ ဝိညာဉ်အပိုင်းအစကို ရှာဖွေတွေ့ရှိပါသည်"

"စကန်ဖတ်ခြင်း အောင်မြင်ပါသည်၊ ပစ်မှတ်ရဲ့ ဝိညာဉ် အပိုင်းအစကို ရှာဖွေတွေ့ရှိပါသည်"

"စကန်ဖတ်ခြင်း အောင်မြင်ပါသည်၊ ပစ်မှတ်ရဲ့ ဝိညာဉ် အပိုင်းအစကို ရှာဖွေတွေ့ရှိပါသည်"

...

ကံကြမ္မာကျောက်တုံး၏အသံမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။

တစ်ခုလုံးသော မြို့တော်၏ အရပ်မျက်နှာ အနှံ့အပြားမှနေ၍၊ မြူမှုန်လေးများအလား ရွှေရောင်အလင်းတန်းပေါင်းများစွာမှာ ဝမ်ချောင်၏ အာရုံခံစားမှုအတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာနေပြီး ဟွမ်းဟော်၏ ဆွဲငင်မှုအောက်၌၊ ကြယ်တံခွန်များအလား ဝမ်ချောင်ဆီသို့ စုပြုံ ရောက်ရှိလာကြတော့သည်။

"ဂျီ"

ခိုတစ်ကောင်မှာ အတောင်ပံများကို ခတ်လျက် ကောင်းကင်ယံထက်မှ ဖြတ်ပျံသွားစဉ်၊ သူတော်စင်ဧကရာဇ်၏ ဝိညာဉ် အပိုင်းအစများကြားမှ ဖြတ်ကျော်သွားခဲ့သော်လည်း မည်သည့် အဟန့်အတားကိုမျှ မခံစားခဲ့ရပေ။

အဆောက်အအုံများ၊ အိမ်ရာများ... စသည့် ရုပ်ဝတ္ထု ပစ္စည်းများမှာမူ၊ ပုံသဏ္ဌာန် မရှိသော ဝိညာဉ် အပိုင်းအစများအတွက်မူ မည်သည့် အနှောင့်အယှက်မှ မဖြစ်စေနိုင်ပေ။

တစ်ခု၊ နှစ်ခု၊ သုံးခု... ညဉ့်အမှောင်အတွင်း၌၊ ရာနှင့်ချီသော ထိုဝိညာဉ် အလင်းစက်လေးများမှာ အရပ်မျက်နှာ အသီးသီးမှနေ၍ စုစည်း ရောက်ရှိလာကြသည်မှာ အမှန်တကယ်ပင် ခမ်းနားထည်ဝါလှသော မြင်ကွင်းကြီး တစ်ခုပင် ဖြစ်တော့သည်။

သို့သော်လည်း ဤအရာအားလုံးကို ဝမ်ချောင်မှလွဲ၍ အခြား မည်သူတစ်ဦးတစ်ယောက်မျှ မြင်တွေ့နိုင်ခြင်း မရှိကြပေ။

ဝမ်ချောင်သည် အဆက်မပြတ် စုစည်း ရောက်ရှိလာနေသော ထို ဝိညာဉ် အပိုင်းအစများကို ကြည့်ရင်း၊ မိမိ၏ရှေ့မှောက်၌ မြူမှုန်လေးများအလား ရှိနေသော ထို အလင်းစက်လေးများမှာ တဖြည်းဖြည်းနှင့် ကြယ်တာရာလေး တစ်ခုအလား၊ လက်မ အရွယ်အစားမျှ ရှိသော အားနည်းလှသည့် ဝိညာဉ် မီးလျှံတစ်ခုအဖြစ် စုစည်းသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ သူ၏စိတ်နှလုံးအတွင်းမှ ပေါင်ချိန်သောင်းချီသော ဝန်ထုပ်ဝန်ပိုးကြီးကို ချထားလိုက်ရသကဲ့သို့ပင် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိတော့သည်။

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့သည်။ ဝမ်ချောင်သည် ခန်းမဆောင်အတွင်း၌ တိတ်ဆိတ်စွာ ရပ်နေရင်း ဟွမ်းဟော်၏ ဝိညာဉ် စုစည်းမှု ဖြစ်စဉ်ကို တည်ငြိမ်စွာ ငေးကြည့်နေမိသည်။

မည်မျှ ကြာမြင့်သွားသည် မသိစေကာမူ၊ နောက်ဆုံးသော ဝိညာဉ် အပိုင်းအစကို စုစည်းပြီးသည့် အခါ အရာရာမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ၊ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း လိုက်ပါ၍ ငြိမ်သက်သွားတော့သည်။

ဝမ်ချောင်၏ ရှေ့မှောက်၌ စုစည်းနေသော သူတော်စင်ဧကရာဇ်၏ ဝိညာဉ် အပိုင်းအစများဖြင့် ဖွဲ့စည်းထားသည့် မီးလျှံလေးမှာ ယခုအခါတွင်မူ သစ်ကြားသီး အရွယ်အစားမျှ ရှိနေပြီ ဖြစ်သည်။

ဤမရေမတွက်နိုင်သော မြူမှုန်လေးများအလား ရှိနေသောဝိညာဉ် အပိုင်းအစများကြား၌မူ ပုံသဏ္ဌာန် မရှိသော စွမ်းအားလှိုင်းများမှာ ရေစီးကြောင်းများအလား လှည့်ပတ်လျက်၊ ထိုဝိညာဉ် အပိုင်းအစများကို လွှမ်းခြုံထားကာ ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ကပ်ညှိနေအောင် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

ဝမ်ချောင် သိရှိထားသည်မှာ ၎င်းမှာ ဟွမ်းဟော်၏ စွမ်းရည်ပင် ဖြစ်ရပေမည်။

"ပစ်မှတ်ရဲ့ ဝိညာဉ်ကို စုစည်းလို့ ပြီးပါပြီ၊ ဝိညာဉ်ရဲ့ ပြီးပြည့်စုံမှု အဆင့်ကတော့ ၃၅ ရာခိုင်နှုန်းရှိပါတယ်"

"ပိုင်ရှင်ရဲ့ ကိုယ်ပေါ်မှာရှိတဲ့ မူလ အရင်းအမြစ် ဟင်းလင်းပြင် တည်ရှိမှုကို စစ်ဆေးတွေ့ရှိပါသည်၊ 'ဟွမ်းဟော်' နဲ့ မူလ အရင်းအမြစ် ဟင်းလင်းပြင်တို့ကို ပေါင်းစပ် အသုံးပြုခြင်းအားဖြင့် ဝိညာဉ်ရဲ့ ပြုပြင် ထိန်းသိမ်းမှုနဲ့ ပြန်လည်နိုးထလာမှုကို ပိုပြီး မြန်ဆန်စေနိုင်ပါတယ်၊ အသုံးပြုလိုပါသလား"

အရာရာ ပြီးဆုံးသွားသည့် အခါတွင်မူ ကံကြမ္မာကျောက်တုံး၏အသံမှာ ထပ်မံထွက်ပေါ်လာတော့သည်။

"အင်း"

ဝမ်ချောင်က တုန့်ပြန်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ကံကြမ္မာကျောက်တုံး၏ အသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။

"သတိပြုရန် ပိုင်ရှင်၏ ကိုယ်ပေါ်တွင် ယင်ယန် ကံကြမ္မာဗန်းကို ရှာဖွေတွေ့ရှိပါသည်၊ ၎င်းအထဲမှာ ပစ်မှတ်ရဲ့ ယခင်အငွေ့အသက်တွေကိုလည်း အာရုံခံမိပါတယ်။ ထို့အပြင် အဆိုပါ ကံကြမ္မာဗန်း နဲ့ ပစ်မှတ် အကြားမှာ သိမ်မွေ့လှတဲ့ ဆက်နွယ်မှုလေး တစ်ခု ရှိနေတာကြောင့် ပစ်မှတ်ရဲ့ ပြန်လည်နိုးထမှု အရှိန်ကို တစ်သောင်းပုံတစ်ပုံခန့် မြှင့်တင်ပေးနိုင်ပါတယ်၊ အသုံးပြုလိုပါသလား”

"ယင်ယန် ကံကြမ္မာဗန်း…ဒါကို ပြောတာလား"

ဝမ်ချောင်မှာ ခေတ္တမျှ ကြောင်သွားခဲ့သော်လည်း များမကြာမီမှာပင် တစ်စုံတစ်ခုကို သတိရသွားသဖြင့် သူ၏ရင်ခွင်အတွင်းမှနေ၍ သူတော်စင်ဧကရာဇ် မိမိကို ပေးသနားထားခဲ့သော ထို "ငါးနှစ်ကောင်ပုံစံ ကျောက်စိမ်းပြား" ကို ထုတ်ယူလိုက်သည်။ ခန်းမဆောင်အတွင်းရှိ မီးရောင်များအောက်တွင်မူ ထိုယင်ယန် ခြားနားလှသော ငါးနှစ်ကောင်မှာ အလွန်ပင် ထင်ရှားစွာ မြင်တွေ့နေရပေသည်။

ဝမ်ချောင်အနေဖြင့်လည်း၊ ဤ ငါးနှစ်ကောင်ပုံစံ ကျောက်စိမ်းပြားသည် ယခုကဲ့သို့သော အချိန်မျိုးတွင်လည်း အစွမ်းပြနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူတော်စင်ဧကရာဇ်၏ ပျက်စီးနေသော ဝိညာဉ်ကို ပြန်လည်နိုးထစေရန်အတွက် တစ်သောင်းပုံ တစ်ပုံမျှသာ အရှိန်မြှင့်ပေးနိုင်မည် ဆိုစေကာမူ၊ ယခု အခြေအနေရှိ ဝမ်ချောင်အတွက်မူ၊ ၎င်းမှာ မထင်မှတ်ဘဲ ရရှိလိုက်သော ရလဒ်ကောင်းကြီး တစ်ခုပင် ဖြစ်တော့သည်။

"အင်း"

ဝမ်ချောင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ ဆက်တိုက်ဆိုသလို ခေါင်းကို ညိတ်ပြလိုက်သည်။

နောက်တစ်ခဏတွင်မူ၊ ပုံသဏ္ဌာန် မရှိသော စွမ်းအားတစ်ခု၏ ဆွဲငင်မှုအောက်၌၊ ဝမ်ချောင်သည် သူ၏လက်ထဲရှိ ထိုငါးနှစ်ကောင်ပုံစံ ကျောက်စိမ်းပြားမှာ ယင်ယန် ခြားနားလှသော စွမ်းအားလှိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တိတ်တဆိတ် ငေးကြည့်နေမိသည်။ ၎င်းနောက်တွင်မူ သူတော်စင်ဧကရာဇ်၏ ကျန်ရှိနေသော ဝိညာဉ်နှင့်အတူ၊ ကံကြမ္မာကျောက်တုံး ၏ ဆွဲငင်မှုအောက်၌၊ အလင်းတန်း တစ်ခုအလား မိမိ၏ဦးနှောက်အတွင်းသို့ စီးဝင်သွားခဲ့ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

ဝမ်ချောင်၏ မူလအရင်းအမြစ် ဟင်းလင်းပြင်အတွင်း၌မူ၊ အင်အားကြီးမားလှသော ဝိညာဉ်တစ်ခု ထပ်မံ၍ တိုးပွားလာခဲ့ပြီ ဖြစ်သည်။

အရာရာမှာ တည်ငြိမ်မှုများ ပြန်လည် ရရှိသွားခဲ့ပြီ ဖြစ်ရာ ထိုပျက်စီးနေသော ဝိညာဉ်ကို ကြည့်ရင်း ဝမ်ချောင်၏အကြည့်များမှာ ဝေဝါးနေလျက် သူ၏မျက်ဝန်းအတွင်း၌လည်း မထင်မရှားသော ဝမ်းနည်းမှုလေး တစ်ခု ထွက်ပေါ်နေပေသည်။

"ကံကြမ္မာကျောက်တုံး သူတော်စင်ဧကရာဇ်ရဲ့ ဝိညာဉ်ဟာ မူလအတိုင်း ပြန်ဖြစ်လာဖို့အတွက် ဘယ်လောက်အထိ အချိန်ယူရမှာလဲ"

မူလ အရင်းအမြစ် ဟင်းလင်းပြင် အတွင်းမှ ထိုရင်းနှီးလှသော ဝိညာဉ်အငွေ့အသက်ကို ခံစားမိသည့်အခါ ဝမ်ချောင်သည် ရုတ်တရက် မေးမြန်းလိုက်သည်။

"ကံကြမ္မာ ခန္ဓာကိုယ် နံပါတ် ၉ရဲ့ ဝိညာဉ် ပျက်စီးမှု အခြေအနေအရ ကြည့်မယ်ဆိုရင်တော့၊ လုံးဝ မူလအတိုင်း ပြန်ဖြစ်လာဖို့အတွက်၊ နှစ်ပေါင်း ထောင်ချီ ဒါမှမဟုတ် အဲဒီထက် ပိုပြီးတော့တောင် ရှည်လျားတဲ့ အချိန်တွေ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ ပိုင်ရှင်ရဲ့ မူလ အရင်းအမြစ် ဟင်းလင်းပြင် မှာတော့ ထူးခြားတဲ့ အာနိသင်တွေ ရှိနေသလို၊ ကံကြမ္မာ ခန္ဓာကိုယ် နံပါတ် ၉ ရဲ့ ဝိညာဉ်အင်အားနဲ့ ခံနိုင်ရည်ကလည်း အလွန်ပဲ အားကောင်းတာကြောင့် တစ်စုံတစ်ရာသော အဆင့်အထိတော့ အချိန်တွေကို များစွာ လျှော့ချပေးနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့အောင်မြင်နိုင်ခြေကတော့ အလွန်ပဲ နည်းပါးလှပါတယ်"

ကံကြမ္မာကျောက်တုံးက ဆိုလိုက်သည်။

ဝမ်ချောင်၏ နှုတ်ခမ်းများမှာ အသာအယာ လှုပ်ခတ်သွားခဲ့ပြီး တစ်စုံတစ်ခုသော မကျေနပ်မှုများ ရှိနေပုံရသဖြင့် တစ်စုံတစ်ခုကို ထပ်မံလုပ်ဆောင်ရန် ကြံရွယ်လိုက်စေကာမူ၊ နောက်ဆုံးတွင်မူ၊ ပြောစရာ စကားလုံးပေါင်း ထောင်ချီမှာ သက်ပြင်းတစ်ချက် အဖြစ်သာ ပြောင်းလဲသွားတော့သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုး အမတ်မင်းအနေနဲ့ ဒီလောက်အထိပဲ လုပ်ဆောင်ပေးနိုင်ပါတော့တယ်"

ဝမ်ချောင်သည် စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။

ဝမ်ချောင် မျှော်လင့်ထားသလောက်သော ရလဒ်ကို မရရှိခဲ့စေကာမူ၊ ထို့ပြင် သူတော်စင်ဧကရာဇ်၏ ဝိညာဉ်မှာလည်း ပြန်လည်နိုးထလာရန်အတွက် အလွန်ပင် ရှည်လျားလှသော အချိန်များကို စောင့်ဆိုင်းရဦးမည် ဖြစ်စေကာမူ...

နှစ်ပေါင်း ထောင်ချီ၊ နှစ်ပေါင်း သောင်းချီ...

မည်မျှအထိ ကြာမြင့်မည်နည်း ဆိုသည်ကို ဝမ်ချောင်မသိရှိသော်လည်း၊ ထိုအရာများမှာ အရေးမပါတော့ပေ။

သူတော်စင်ဧကရာဇ်ပြန်လည် ရှင်သန်လာနိုင်သရွေ့၊ မျှော်လင့်ချက် ရှိနေသရွေ့တော့၊ ၎င်းမှာပင် လုံလောက်လှပြီ ဖြစ်တော့သည်။

လျှပ်စီးအလား မြန်ဆန်လှသော အချိန်အတွင်းမှာပင်၊ ဤ အတွေးများမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ ဝမ်ချောင်သည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည် ရရှိသွားတော့သည်။

သူ၏အကြည့်များမှာ စားပွဲပေါ်ရှိ ရွှေဝါရောင် ကြေးသေတ္တာပေါ်သို့ ကျရောက်သွားခဲ့ပြီးနောက်၊ ဝမ်ချောင်သည် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်ကာ၊ စားပွဲပေါ်တွင် ကောင်းလီရှီ ထားရှိခဲ့သော ဝါဂွမ်းရောင် ကြေးသော့ကို လျင်မြန်စွာ လှမ်းယူလိုက်သည်။

ဝမ်ချောင်အနေဖြင့် အရာအားလုံးကို ပြီးဆုံးအောင် လုပ်ဆောင်ခဲ့သလို သူတော်စင်ဧကရာဇ်၏ ဝိညာဉ်ကိုလည်း တစ်ဖန်ပြန်လည်စုစည်းပေးနိုင်ခဲ့ကာ ဝမ်ချောင်၏ မူလအရင်းအမြစ် ဟင်းလင်းပြင်အတွင်း၌ အိပ်မောကျစေခဲ့ပြီ ဖြစ်သော်လည်း ဝမ်ချောင် မသိရှိခဲ့သည်မှာ သူ၏လုပ်ဆောင်ချက်များကြောင့် တစ်ခုလုံးသော မဟာထန်အင်ပါယာ၏ ကောင်းကင် မြင်ကွင်း ကမ္ဘာကြီးမှာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းပင်။

"ဝုန်း"

ပုံသဏ္ဌာန် မရှိသော လှိုင်းဂယက်တစ်ခုမှာ ကောင်းကင် မြင်ကွင်း ကမ္ဘာအတွင်း၌ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ညဉ့်ကောင်းကင်ယံ အနက်ရှိုင်းဆုံး နေရာ၌ အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာခဲ့ကာ မူလက ဘာမှ မရှိသော နေရာ၌ ကြယ်တာရာ တစ်လုံးမှာ ထင်ရှားစွာ ပေါ်ထွက်လာတော့သည်။

"မဖြစ်နိုင်ဘူး"

"ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"

"ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်ရတာလဲ"

"ဇီဝေ ကြယ်တာရာက ပျောက်ကွယ်သွားပြီးမှ ဘယ်လိုလုပ်ပြီး ပြန်ပြီးတော့ ပေါ်လာနိုင်ရတာလဲ။ ဒီလို ကိစ္စမျိုးဟာ ရှေးခေတ်ကနေ အခုအချိန်အထိ တစ်ခါမှ မကြားဖူးခဲ့ဘူး"

တောင်စဉ်တောင်တန်းများ၏ အထွတ်အထိပ်၌မူ၊ ထျန်းကျီ နက္ခတ်ပညာရှင်တစ်ဦးမှာ ဝတ်ရုံပွကြီးကို ဆင်ယင်လျက်၊ ကောင်းကင်ယံထက်သို့ မော့ကြည့်ရင်း၊ သူ၏တစ်ကိုယ်လုံးမှာလည်း ပြင်းထန်စွာ တုန်ယင်နေကာ သူ၏မျက်ဝန်းအတွင်း၌လည်း အတိုင်းအဆမရှိသော ထိတ်လန့်မှုများ ပြည့်နှက်နေပေသည်။ သူသည် မိမိဘာသာ တီးတိုး ရေရွတ်နေရင်း၊ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဆိုသည့် စကားလုံး လေးလုံးကိုသာ အဆက်မပြတ် ထပ်ခါတလဲလဲ ပြောဆိုနေတော့သည်။

မိမိ၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ၊ သာမန်နိယာမများဖြင့် ရှင်းပြရန် လုံးဝ မဖြစ်နိုင်တော့ပေ။

လူသေလျှင် မီးအိမ် ငြိမ်းသကဲ့သို့ပင်။

အထူးသဖြင့် ဇီဝေ ဧကရာဇ် ကြယ်တာရာ ကဲ့သို့သော တည်ရှိမှုမျိုးမှာ လွယ်လွယ်နှင့် ကြွေလွင့်လေ့ မရှိသလို၊ တစ်ခါ ကြွေလွင့်သွားခဲ့ပြီဆိုလျှင်လည်း ထာဝရ ပျောက်ကွယ်သွားရစမြဲ ဖြစ်ပေသည်။

သို့သော်လည်း ယခုအခါတွင်မူ ကြယ်တာရာကြီးမှာ တစ်ဖန် ပြန်လည်ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အစောပိုင်းကထက် များစွာအားနည်းနေစေကာမူ ၎င်းမှာ ဇီဝေ ဧကရာဇ် ကြယ်တာရာ အစစ်အမှန် ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သို့သော်လည်း ယခုအခိုက်အတန့်တွင် ကြီးမားလှသော လှုံ့ဆော်မှုများကို ခံစားလိုက်ရသည်မှာ ထိုကောင်းကင် လျှို့ဝှက်ချက်များကို သိမြင်နိုင်သော နက္ခတ်ပညာရှင်များသာ မကပေ။

သူတော်စင်ဧကရာဇ်၏အငွေ့အသက်မှာ ပျောက်ကွယ်သွားပြီးမှ တစ်ဖန်ပြန်လည်လင်းထိန်လာသည့်အခါ၊ ယခု အခိုက်အတန့်တွင် အရှိဆုံးသော လှုပ်ခတ်မှုကို ခံစားလိုက်ရသည်မှာ အခြားသော နေရာတစ်ခုရှိ၊ အကြောက်မက်ဖွယ် အကောင်းဆုံးသော တည်ရှိမှုကြီး တစ်ခုပင် ဖြစ်တော့သည်။

"မဖြစ်နိုင်ဘူး။ လီထိုက်ယီ မင်းက ဘယ်လို အောက်လမ်း နည်းလမ်းတွေကို သုံးနေတာလဲ။ ဒါဆို မင်းက မသေသေးဘဲနဲ့ တစ်စုံတစ်ခုကို ကြံစည်နေသေးတာလား"

"တချွင်ချွင်" အသံများနှင့်အတူ အခြားသော လျှို့ဝှက်ဆန်းပြားလှသော ဟင်းလင်းပြင်အတွင်း၌ မရေမတွက်နိုင်သော သံကြိုးများမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး "ထျန်း”သည် သူ၏ခေါင်းကို ရုတ်တရက် မော့လိုက်ရင်း မျက်ဝန်းများကို ပြူးကြည့်လျက်၊ သူ၏ရွှေရောင် မျက်ဝန်းအစုံဖြင့် ကောင်းကင်ယံထက်သို့ စူးစိုက်ကြည့်နေကာ သူ၏မျက်နှာပေါ်၌လည်း မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေပေသည်။

သူသည် လီထိုက်ယီနှင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်လာခဲ့သူ ဖြစ်သလို၊ နှစ်ဦးစလုံးမှာလည်း တစ်ဦးကိုတစ်ဦး လှည့်ကွက်ပေါင်းစုံဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ကြသည်။

ဇီဝေ ကြယ်တာရာ ကြွေလွင့်သွားခဲ့သည့် ခဏ၌ သူသည် မိမိကိုယ်မိမိ အောင်မြင်သွားခဲ့ပြီဟု ယူဆထားခဲ့သော်လည်း၊ ယခုကဲ့သို့သော ရုတ်တရက် ဖြစ်ပေါ်လာသည့် ကောင်းကင် မြင်ကွင်း အပြောင်းအလဲများကြောင့်၊ သူ အနေဖြင့် သံသယ မဖြစ်ဘဲ မနေနိုင်တော့ပေ။ ယခုတစ်ကြိမ် သေဆုံးမှုမှာ လီထိုက်ယီ ကြိုတင် စီစဉ်ထားသော ထောင်ချောက်တစ်ခု ဖြစ်နိုင်သလို၊ သူကိုယ်တိုင်မှာလည်း သေချင်ယောင်ဆောင်လျက်၊ အမှောင်ထဲမှာ ပုန်းအောင်းရင်း မိမိကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပေသည်။

ယခု အခိုက်အတန့်တွင်မူ၊ "ထျန်း" ကိုယ်တိုင်ပင်လျှင် နက်ရှိုင်းလှသော ထိတ်လန့်တုန်လှုပ်မှုကြီး တစ်ခုကို ခံစားလိုက်ရခြင်းပင် ဖြစ်တော့သည်။

******

All Chapters