ကြိုမသိနိုင်သော ဖြစ်ရပ်များ
Vol. 6 Ch. 585
ချန်ချင်သည် ဘုရင်မတစ်ပါးဖြစ်လာသည့်တိုင် ရှီးလျန်ပြည်တွင် နန်းတော်ကြီးများ ခမ်းနားစွာ ဆောက်လုပ်ခဲ့ခြင်း မရှိပါ။ သူမ သူမ၏ အိမ်တော်တွင်ပင် နေထိုင်ပြီး တိုင်းရေး ပြည်ရာများကို လုပ်ဆောင် နေခဲ့လေသည်။
သူမသည် များသောအားဖြင့် တိုင်းရေးပြည်ရာများ လုပ်ဆောင်သည့် အချိန်တွင် စာဖတ်ခန်းထဲတွင်သာ တစ်ယောက်တည်း လုပ်ဆောင်လေ့ ရှိလေသည်။
ရှီးလျန်ပြည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ စာအုပ်စာပေများကိုလည်း ပိုပြီး စုဆောင်း နိုင်ခဲ့လေသည်။
ချန်ချင်သည် အချိန်အားသည်နှင့် စာဖတ်ခန်းထဲတွင် တစ်ယောက်တည်း တိတ်တဆိတ် စာဖတ်နေလေ့ ရှိလေသည်။ အသိဉာဏ်ပညာ တိုးတက်လာလေလေ သူမ၏ အတွေးအခေါ် များလည်း ထက်မြက်လာလေလေ ဖြစ်လေသည်။ ထို့ပြင် သူမ၏ကျင့်ကြံခြင်း အဆင့်သည်လည်း သိသိသာသာ တိုးတက်လာခဲ့ပြီး ကျင့်ကြံခြင်းကို အလွန်အာရုံစိုက်သည့် ဟန်ယင်းထက်ပင်လျှင် သူမသည် သာလွန်နေခဲ့လေသည်။
သူမသည် တာအိုဝါဒ တန်ခိုးစွမ်အားများကို ပိုင်ဆိုင်စ ပြုနေပြီ ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်သည် သန့်စင်လာကာ သွေးကြောဆုံချက်များတွင် တန်ခိုးစွမ်းအားများနှင့် ပြည့်ဝလျက် ရှိလေသည်။ သူမ တန်ခိုးစွမ်းအား အနည်းငယ် ထုတ်လိုက်သည့်အခါတိုင်း အစေခံများပင်လျှင် သတိလစ် မေ့မြောကုန်ကြရသည်အထိပင် ဖြစ်ရလေသည်။
သူမက ထိုသို့ဖြစ်ရခြင်းနှင့် ပတ်သက်ပြီး ကျယ်ယန်းတောင်ပေါ်ရှိ ရွှမ်တုကျောင်းတော်မှ တာအိုဆရာ လျိုမုန့်တယ်ကို မေးမြန်းခဲ့လေသည်။ ချန်ချင် ယခုရောက်ရှိနေသည့် အဆင့်သို့ ရောက်ရှိရန်အတွက် လျိုမုန့်တယ်မှာ နှစ်ပေါင်း (၆၀)ခန့်ကြာအောင် ကျင့်ကြံခဲ့ရလေသည်။ ထို့ကြောင့် လျိုမုန့်တယ်မှာ ချန်ချင်၏တိုးတက်မှုကို များစွာအံ့သြနေမိ လေသည်။
ထို့နောက်တွင်တော့ ဆန်းလျန်စေလွှတ်လိုက်သည့် ဓားတန်ခိုးရှင် (၄)ယောက် ရှီးလျန်သို့ ရောက်ရှိ လာကြလေသည်။ ထိုသူ (၄)ယောက်လုံးမှာ မိစ္ဆာစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဆန်းလျန်က ရှီးလျန်ပြည်ကို ကာကွယ်ရန် စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ချန်ချင်ကို သတင်းပို့ ပြောပြလေသည်။
သို့သော် ချန်ချန်ကတော့ ထိုဓားတန်ခိုးရှင် (၄)ယောက်ကို သံသယဝင်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူ (၄)ယောက်က သူတို့ကိုယ်သူတို့ ဆန်းလျန်၏ ဂိုဏ်းတူ တူလေးများဟု ပြောကြလေ သည်။ ထိုအချက်သာ အမှန်ဆိုလျှင် ဆန်းလျန်မွေးသည့် အချိန်တုန်းက ထိုဓားသမားများ ဘယ်နေရာတွင် ပျောက်နေကြပါသနည်းဟု သူမ စဉ်းစားနေမိလေသည်။
အချိန်ကာလကြာလာသည်နှင့်အမျှ အခြေအနေ အရပ်ရပ်သည်လည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်လေသည်။ ဖြစ်ရပ်များကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဆန်းလျန်သည်လည်း အန္တရာယ်ထဲ ကျရောက်နေနိုင်လေသည်။ ထိုဓားတန်ခိုးရှင် (၄)ယောက်က ဆန်းလျန်ပေးပို့သည့် သတင်းစကားများကို သူမကို ပြန်လည် ပြောကြားသည့်တိုင် ချန်ချင်၏ သံသယများကတော့ ပျောက်ကွယ်သွားခြင်း မရှိပါချေ။
သို့သော်… ထိုဓားတန်ခိုးရှင် (၄)ယောက်သည် စည်းကမ်း ဖောက်ဖျက်သည့် အလုပ်များကို တစ်ခုမှ ပြုလုပ်ခဲ့ခြင်း မရှိပေ။ သူတို့ ရောက်ရှိသည့် အကြောင်းကို ချန်ချင်ကို အကြောင်း ကြားပြီးသည်နှင့် သူတို့သည် မြို့ထဲတွင်ပင် အေးအေး ဆေးဆေး နေထိုင်ကြလေသည်။
သူတို့က ဆန်းလျန်သည် မကြာခင်အချိန်တွင် ရှီးလျန်သို့ ပြန်လာမည်ဟု ချန်ချင်ကို ပြောပြ ထားလေသည်။
ချန်ချင်မှာ ထိုသတင်းစကား ကိုလည်း သံသယဖြင့်ပင် မှတ်သားထားခဲ့လေသည်။
ဆန်းလျန်မှာ သာမန်ကလေးများနှင့် မတူဘဲ နတ်ဘုရားတစ်ပါး ပြန်လည်ဝင်စားသူ တစ်ယောက် ဖြစ်စေကာမူ သူမ၏ သားအရင်းဖြစ်သည့်အတွက် သားဖြစ်သူကို သူမ လွမ်းဆွတ် နေခဲ့မိသည်မှာ ကြာပြီဖြစ်လေသည်။
ချန်ချင်သည် ဓားတန်ခိုးရှင် (၄)ယောက်ကို သံသယ ဝင်နေသည့်တိုင် မလိုအပ်ဘဲ အပိုများ တွေးတောနေခြင်းတော့ မရှိပါချေ။
သူမသည် စာဖတ်ခန်းထဲတွင် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေလေသည်။
သူမဖတ်ရှုနေသည့် စာရွက်များမှာ သူမ၏ လက်အောက်ငယ်သား အန်းကျီမှ တင်ပြ ထားသည့် ကုန်းစန်းပြည်နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများ ဖြစ်လေ၏။
အသူရာချောက်သည် ထူးဆန်းသည့်နေရာတစ်ခု ဖြစ်လေသည်။ ယင်းစန်းနှင့် တာ့ရှားပြည်၊ ကျင့်ကြံသူများနှင့် ရှားမျိုးနွယ်များကြားတွင် ဝိညာဉ်စွမ်းအား သားရဲများကို ယာဇ်ပူဇော်ခြင်း များနှင့်လည်း ဆက်နွှယ်နေလေသည်။
အန်းကျီ၏ ပြောပုံအရဆိုလျင် ကုန်းစန်းပြည်မှ လူများသည် အခြားသော ဝိညာဉ်စွမ်းအား သားရဲများကို စွဲဆောင်ရန် အတွက် တူရိယာများ တီးခတ်နိုင်သည်ဟု ဆိုလေသည်။
တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာရန် အတွက် ဝိညာဉ်စွမ်းအား သတ္တဝါများ၏ သန့်စင်သော သွေးဖြင့် ယာဇ်ပူဇော်ရန် လိုအပ်လေသည်။ ထို့ကြောင့် ကုန်းစန်းပြည်သည် ရန်လိုလေ့ရှိပြီး ကုန်းစန်ပြည်သို့ ခေါ်ဆောင်ကာ အသတ်ခံရသူ များစွာလည်းရှိလေသည်။
လွန်ခဲ့သည့် (၃)ရက်ခန့်က ကုန်းစန်းနှင့် ရှီးလျန်ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့လေသည်။ ကုန်းစန်းပြည်မှ လူများက ရှီးလျန်မှ ကျင့်ကြံသူ စစ်သည်တော် (၅)ယောက်ကို ယဇ်ပူဇော်ရန် အတွက် သတ်ဖြတ်ခဲ့ကြလေသည်။
ထိုအမျိုးသမီး စစ်သည်တော် (၅)ယောက်မှာ ချန်ချင်နှင့်လည်း မျက်မှန်းတန်းနေသည့် စစ်သည်တော်များ ဖြစ်သည့် အတွက် ချန်ချင်မှာများစွာ စိတ်မကောင်း ဖြစ်ခဲ့ရလေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရှီးလျန်ပြည်သည် အစစအရာရာ ချောမွေ့နေရကား ထိုကဲ့သို့ စစ်သည်တော်များ အသတ်ခံရခြင်းမှာ မရှိသလောက် ရှားပါးလေသည်။
ထို့ကြောင့် ချန်ချင်သည် ကုန်းစန်းပြည်နှင့် ပတ်သက်ပြီး များစွာ စိတ်ပူနေခဲ့လေသည်။
သူမသည် စိတ်မကောင်းလည်း ဖြစ်သလို ဒေါသလည်း ထွက်နေမိလေသည်။ သို့သော် ကျင့်ကြံခြင်း အဆင့် တိုးတက်လာသည်နှင့်အမျှ သူမ၏ ခံစားချက်များကို ထိန်းချုပ် နိုင်ခဲ့လေသည်။
ချန်ချင်သည် ကုန်းစန်းပြည်၏ သတင်း အချက်အလက်များကို ဖတ်ရှုနေလေသည်။
သို့သော် သူမဖတ်နေသည့် အချက်အလက် များသည် ကုန်းစန်းပြည်ကို အနိုင်ယူ တိုက်ခိုက်နိုင်သည် အထိ လုံလောက်ခြင်း မရှိသေးပေ။
သို့သော် ကုန်းစန်းပြည်၏ အင်အားသည် ရှီးလျန်ကို မယှဉ်နိုင်သေးသည်ကိုတော့ ချန်ချင် ကောင်းကောင်း သိရှိထားလေသည်။
ယခုရက်ပိုင်းအတွင်းတွင် ကုန်းစန်းပြည်သည် အစောင့်များကို တင်းကျပ်စွာ ချထားလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ဘက်မှလည်း ရှီးလျန်ပြည်မှ ကလဲ့စားပြန်ချေမည်ကို စိတ်ပူနေဟန် ရှိလေသည်။
ချန်ချင်ကတော့ ကုန်းစန်းပြည်နှင့် ရှီးလျန်ပြည် အရေးကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ရန် ဆုံးဖြတ် ထားခဲ့လေသည်။ ထို့ကြောင့် သူမက ကုန်းစန်းပြည်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ရသလောက် စုဆောင်းနေခြင်း ဖြစ်လေ၏။
ထိုအချိန်မှာပင်…
သူမ၏စာဖတ်ခန်းတံခါး ရုတ်တရက်ပွင့်လာလေသည်။
ချန်ချင်၏ အိမ်တော်တွင် ဘုရင်မ၏ စာဖတ်ခန်း အတွင်းသို့ မည်သူမှ ဝင်ခွင့်မရှိပေ။ အစောင့်များသည်ပင်လျှင် အခန်း အပြင်ဘက်တွင်သာ စောင့်ကြရလေသည်။
သို့သော်… စာဖတ်ခန်း အတွင်းသို့ ဝင်ခွင့်ရသည့် လူနှစ်ယောက် ရှိလေသည်။
တစ်ယောက်မှာ ဟန်ယင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဟန်ယင်းနှင့် သူမသည် သေအတူယှဉ်မကွာ အတူတကွ တိုက်ပွဲဝင်ကြသည့်သူများ ဖြစ်သောကြောင့်ပင်။ သို့သော် ဟန်ယင်းသည် ထိုအခွင့်အရေးကို မည်သည့်အခါမှ အသုံးချခဲ့ခြင်း မရှိပေ။
နောက်တစ်ယောက်မှာတော့ သူမ၏သမီးလေး ချန်ခယ် ဖြစ်လေသည်။
ယနေ့တွင်တော့ စာဖတ်ခန်း အတွင်းသို့ ဝင်လာသူမှာ သူမ၏ သမီးလေးချန်ခယ် မဟုတ်ခဲ့ပါ။
ဟန်ယင်း ဖြစ်နေခဲ့လေသည်။ ဟန်ယင်းသည် အကြောင်းထူး မရှိဘဲ သူမအခန်းထဲသို့ ဝင်လာမည့်သူ မဟုတ်ပေ။ အရေးကြီးကိ တစ်ခု ရှိသောကြောင့်သာ ယခုကဲ့သို့ ဝင်လာခြင်း ဖြစ်လေသည်။
ဟန်ယင်းက ကွေ့ပတ်မနေတော့ပဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
“ကုန်းစန်းကလူတွေ မင်းသမီးလေးကို ဖမ်းသွားကြတယ်”
ထိုသတင်းကို ကြားလိုက်ရသည့် အခါတွင်တော့ ချန်ချင်၏ရင်ဝကို ဓားဖြင့် အစိုက်ခံ လိုက်ရသကဲ့သို့ ခံစားလိုက်ရလေ တော့သည်။
သို့သော် သူမက စိတ်ကို ထိန်းချုပ်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြန်မေးလိုက်လေသည်။
“ဘယ်လိုဖြစ်တာလဲ”
“မင်းသမီးလေးက မြို့ထဲမှာ ဖျော်ဖြေရေးပွဲတွေ သွားကြည့်တာပါ၊ မြစ်ကမ်းနားမှာ သူ့ကို ဖမ်းခေါ် သွားခံလိုက်ရတာ၊ အဲဒီလူက အရမ်းမြန်လွန်းလို့ ကျွန်မတောင် အမီမလိုက်နိုင်ခဲ့ဘူး၊ အခု ဓားတန်ခိုးရှင် လီယွမ်လျန်က အဲဒီလူ နောက်ကို လိုက်သွားတယ်၊ လီယွမ်လျန်ကပဲ အဲဒီလူက ကုန်းစန်းပြည်က လူဖြစ်မယ်လို့ ထင်ကြေးပေးသွားတာ၊ ပြီးတော့ မလိုလားအပ်တဲ့ ဆုံးဖြတ်ချက်တွေလည်း မချမိစေဖို့လည်း ဘုရင်မကို မှာလိုက်ပါသေးတယ်၊ တကယ်လို့ သူပြန်မလာနိုင်ခဲ့ဘူး ဆိုရင်တော့ ဒီကစ္စကိုဖြေရှင်းဖို့ မင်းသားလေး ပြန်လာတဲ့ အထိ စောင့်ကြဖို့လည်း မှာသွားပါတယ်”
ဟန်ယင်းကပြောလိုက်လေသည်။
ဟန်ယင်းသည် လီယွမ်လျန် မျက်စိမျက်နှာ ပျက်နေသည်ကို မှတ်မိနေသေးသည်။
ထို့ပြင် ဓားတန်ခိုးရှင် တစ်ယောက်၏ ကြီးမားသည့် စွမ်းအားကိုလည်း သူမကိုယ်တိုင် တွေ့မြင် ခဲ့ရလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားအလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းကာ သူမရှေ့မှ ပျောက်ကွယ် သွားသည့် ဓားတန်ခိုးရှင် လီယွမ်လျန်မှာ ရင်သပ်ရှုမော ဖွယ်ရာပင် ဖြစ်လေသည်။
လီယွမ်လျန် ထွက်ခွာသွားပြီးသည့် နောက်မှ လီယွမ်လျန်၏ ဂိုဏ်းတူညီ (၃)ယောက် ရောက်ရှိ လာကြလေသည်။ သို့သော် သူတို့က လီယွမ်လျန်နောက်သို့ လိုက်ပါသွားခြင်း မရှိပါ။ သူတို့ ရှီးလျန်ပြည်တွင် ပြဿနာ အခက်အခဲ တစ်စုံတစ်ခု ရှိခဲ့လျှင် ကာကွယ်ရန် အတွက် ရှီးလျန်တွင်ပင် ကျန်ရစ်ခဲ့ကြလေသည်။
ချန်ချင်က ဟန်ယင်း၏ စကားများကို ဆုံးအောင် နားထောင်ပြီးမှ…
“ဟန်ယင်း… ရွှမ်တုကျောင်းတော်က တာအိုဆရာ လျိုမုန့်တယ်ကို ဆင့်ခေါ်လိုက်ပါ…”
ဟန်ယင်းက…
“ကျွန်မ သူ့ကိုခေါ်ဖို့ လူလွှတ်ပြီးပါပြီ…”
ချန်ချင်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
“သိပ်ကောင်းတယ်၊ ငါအခုပဲ မြို့တော်ကနေ ထွက်ခွာမယ်၊ မင်းက ဒီမှာနေခဲ့… ငါထွက်သွားတာ ဘယ်သူမှ မသိစေနဲ့”
ဟန်ယင်းက တည်ကြည်သည့် လေသံဖြင့်….
“ဘုရင်မ… ဘုရင်မက မြို့တော်ကနေ ထွက်သွားလို့ မရပါဘူး”
ချန်ချင်က…
“ဒီကိစ္စက ထောင်ချောက် အဆင်ခံရတာဖြစ်တယ် ဆိုရင်တောင်မှ ငါကတော့သွားရမယ်၊ ဘာလို့လဲ ဆိုတော့ သူတို့ ဖမ်းသွားတာ ငါ့သမီးလေးလေ…၊ မင်းနားလည်ရဲ့လား ဟန်ယင်း”
ဟန်ယင်းက…
“ကျွန်မက ဘုရင်မကို ငြင်းဆန်နေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဘုရင်မက ရှီးလျန်ပြည်ရဲ့ ဘုရင်မပါ၊ မင်းသမီးလေးရဲ့ မိခင်သာမက ရှီးလျန် ပြည်သူတွေ အားလုံးရဲ့ မိခင်ပါ၊ ဘုရင်မ ဒီမှာရှိနေရင် ရှီးလျန်ပြည် တစ်ခုလုံးလည်း လုံခြုံနေမှာပါ၊ ဒါပေမဲ့ ဘုရင်မသာ တစ်ခုခု ဖြစ်ခဲ့ရင် ဒီကပြည်သူတွေ အားလုံး ဘယ်လိုလုပ်ရတော့မလဲ”
ချန်ချင်က…
“သိပ်မကြာခင် လျန်လေး ပြန်လာတော့မှာပါ…”
ဟန်ယင်းသည် ဘုရင်မချန်ချင်အား ထပ်မံ တားဆီးလိုသည့်တိုင် မည်သည့်စကားမှ ထပ်မံ ပြောဆိုခြင်း မရှိတော့ပါ။
ဟန်ယင်းသည် သူမ၏ဝတ်ရုံကို ချွတ်လိုက်ပြီး ချန်ချင်ကို ပေးလိုက်လေသည်။
သူမက သက်ပြင်း တစ်ချက်ချလိုက်ရင်း…
“ဘုရင်မ ဒါဆို ကျွန်မအဖြစ် ဟန်ဆောင်လိုက်ပါ…”
ဟန်ယင်း၏စကားကို ချန်ချင်ကလည်း မငြင်းဆန်ပါ။
သူမက ဟန်ယင်း၏အဝတ်အစားများကို ဝတ်ဆင်ကာ ဟန်ယင်းနှင့်တူအောင် အနည်းငယ် ရုပ်ဖျက် လိုက်လေသည်။
ထို့နောက် သမီးငယ်ကို ခေါ်ဆောင်သွားသည့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း သိရစေရန် ဟန်ယင်းကို မေးမြန်း လိုက်ပြီး သမီးငယ်ကို ရှာဖွေရန် ထွက်ခွာ သွားလေတော့သည်။
သူမ၏ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့်အမျှ သမီးငယ်ကို အာရုံခံနိုင်စွမ်းမှာလည်း ပိုပြီး နက်ရှိုင်း လာခဲ့လေသည်။
ချန်ချင်သည် မြို့တော်ထဲမှ လျင်မြန်စွာပင် ထွက်ခွာသွားလေသည်။
လီယွမ်လျန်နှင့်အခြားသူများမှာ ရှီးလျန်ကို အန္တရာယ်ပြုမည့်သူများ မဟုတ်စေရန်သာ သူမ မျှော်လင့် လိုက်မိလေသည်။ သို့မဟုတ်ပါက ရှီးလျန်ပြည်သည် ဆန်းလျန် ပြန်မလာခင်မှာပင် နေဝင်ချိန်သို့ ရောက်ရတော့မည် ဖြစ်လေသည်။
ထိုအချိန်တွင်….
ချန်ခယ်ကို ဖမ်းဆီးသွားသူ နောက်သို့ လိုက်ပါသွားသည့် လီယွမ်လျန်မှာ အလွန်ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်လေသည်။
ဓားသိုင်းကို ကျင့်ကြံအောင်မြင်ပြီးသည့်နောက်ပိုင်း ယခုကဲ့သို့ ပင်ပန်း နွမ်းနယ်ခြင်းမျိုးကို လီယွမ်လျန် ခံစားရခြင်း မရှိပါ။
ထို့ကြောင့် ယခု သူရင်ဆိုင်နေရသည့် ရန်သူသည် တန်ခိုးစွမ်းအား အလွန်မြင့်မားသူ တစ်ယောက် ဖြစ်သည်ကို ချက်ချင်းပင် သိရှိ လိုက်လေတော့သည်။
***