← Chapters

ဘယ်သူမှမနာကျင်စေရဘူး

Vol. 6 Ch. 586

ဘယ်သူမှမနာကျင်စေရဘူး

Vol. 6 Ch. 586

နတ်မိစ္ဆာများသည် ကျင့်စဉ်လမ်းကို အောင်မြင်သွားလျှင် လူသားများ အဖြစ်သို့ အသွင်ပြောင်းလဲ နိုင်သည်ကို လီယွမ်လျန် ကောင်းစွာ သိရှိထားလေသည်။ နတ်မိစ္ဆာ တစ်ယောက်သည် လူသား အသွင်ပြောင်းနိုင်ရန် အတွက် မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို ဖြတ်ကျော်ရမည် ဖြစ်လေသည်။ မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို ရင်မဆိုင်ဘဲ လူသား အသွင်ပြောင်းလဲရန်မှာ လုံးဝမဖြစ်နိုင်ပေ။

သို့သော် လူသား တစ်ယောက်ကတော့ နတ်မိစ္ဆာတစ်ယောက် အဖြစ် အသွင်ပြောင်း နိုင်သည်ဟု လီယွမ်လျန်၏ ဘ၀တွင် တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့မဟုတ် လီယွမ်လျန် ရင်ဆိုင်နေရသည့် သူသည် ထင်ယောင်ထင်မှား ဖြစ်စေသည့် သဘာဝလွန် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်နိုင်သလို ပါရမီရှင် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နိုင်လေသည်။

ချန်ခယ်ကို ဖမ်းဆီးသွားသည့် လူသည် လမ်းတစ်လျှောက်လုံးတွင် နတ်မိစ္ဆာအသွင် အမျိုးမျိုး ပြောင်းလဲကာ လီယွမ်လျန်ကို တိုက်ခိုက် နေခဲ့လေသည်။ ထိုသူသည် နွားဖြစ်သွားလိုက်၊ လူသားမျက်နှာနှင့် ကျားခန္ဓာကိုယ် ဖြစ်သွားလိုက်၊ မျက်လုံးကြီးများ နီသွားလိုက်၊ ပါးစပ်ကြီး ပြဲလာလိုက်နှင့် အမျိုးမျိုးသော ပုံသဏ္ဌာန်များကို ဖန်ဆင်းလျက် ရှိလေသည်။

လီယွမ်လျန်သည် ချန်ကျန့်မေ၏ တပည့် ဖြစ်လေသည်။ သူသင်ယူထားသမျှသည် ချန်ကျန့်မေ သိသလောက်ထက် မပိုခဲ့ပေ။ ချန်ကျန့်မေသည် ဓားသိုင်း တစ်မျိုးတည်းကိုသာ စိတ်ဝင်စားသူ ဖြစ်ပြီး အခြားသော ထူးခြား ဆန်းကြယ်မှုများကို စိတ်ဝင်စားသူ မဟုတ်သည့် အတွက် ကျင့်ကြံခြင်း လောက၏ ထူးဆန်းထွေလာ များကို သိပ်ပြီး သိရှိထားခြင်း မရှိပေ။

ယခု ချန်ခယ်ကိုဖမ်းဆီးသွားသူသည် ထူးဆန်းသူ တစ်ယောက်ဖြစ်ပြီး သူပြောင်းလဲ လိုက်သည့် နတ်မိစ္ဆာပုံသဏ္ဌာန် တိုင်းတွင် ထူးခြားသော တန်ခိုးစွမ်းအား အပြောင်းအလဲ များလည်း ပါဝင်လေသည်။ တစ်ခါတစ်လေ ထိုသူထံမှ ကလေးငယ်ကဲ့သို့ ငိုကြွေး အော်ဟစ်သံများ ထွက်ပေါ်လာပြီး ထိုအသံများက လီယွမ်လျန်၏ တန်ခိုးစွမ်းအား ထုတ်လွှတ်မှုကို များစွာ အနှောင့်အယှက် ဖြစ်စေလေသည်။

လီယွမ်လျန်သည် ထိုသူနှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။ ထိုအခါ ထိုသူသည် နွားတစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားပြန်လေသည်။ သို့သော် နွားဟုသာ ဆိုရသည် မျက်လုံး တစ်လုံးတည်းသာပါရှိပြီး အမြီးကလည်း မြွေအမြီး ဖြစ်လေသည်။

ထိုသတ္တဝါက အနောက်သို့ ရုတ်တရက် လှည့်လိုက်ပြီး အဆိပ်ပြင်းသည့် အငွေ့တစ်မျိုးဖြင့် လီယွမ်လျန်ကို မှုတ်လိုက် လေသည်။ ထိုအဆိပ်ငွေ့များသည် ဓားဝိညာဉ်ကို ရပ်တန့်သွားစေပြီး သူ၏စိတ်ကိုပင် တုန်ခါသွားစေလေသည်။

လီယွမ်လျန်သည် နှစ်ပေါင်းတစ်သောင်းအသက်ရှည်ပြီး မည်သည့်အခါမှ မအိုမင်းနိုင်သည့် အသူရာ ခန္ဓာကိုပိုင်ဆိုင် သူ အသူရာဂိုဏ်းသား တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူ၏ ဓားသွားမှာလည်း သွေးနီရောင် ပင်လယ်တွင် ကျင့်ကြံထားသည့် ဓားတစ်လက် ဖြစ်လေသည်။ သို့သော် မိစ္ဆာကောင်သည် သူ၏ဓားသွားကိုပင် ရပ်တန့်သွားအောင် ပြုလုပ်နိုင်လေသည်။ ထိုသူ၏ တန်ခိုးစွမ်းအားများမှာ အလွန်ကြောက်မက် ဖွယ်ရာပင် ဖြစ်လေသည်။

လီယွမ်လျန်သည် ရှီးလျန်ကို ကာကွယ်ပေးရန် အတွက် သူ၏ ဆရာဦးလေးကို ကတိပေးထား လေသည်။ ယခု ထိုမိစ္ဆာကောင်က သူ၏ ဆရာဦးလေး၏ ညီမလေးကို ဖမ်းဆီးသွားခြင်း ဖြစ်လေသည်။ သူသည် ကတိသစ္စာတည်ပြီး တာဝန်ကျေပွန်သည့် ဓားတန်ခိုးရှင် တစ်ယောက် ဖြစ်သည့်အတွက် မည်သည့်နည်းနှင့်မျှ နောက်ပြန်ဆုတ်မည် မဟုတ်ပေ။ အသက်အသေခံကာ တာဝန်ကို ထမ်းဆောင်မည် ဖြစ်လေသည်။

လီယွမ်လျန်သည် သွေးနီရောင် ပင်လယ်ထဲတွင်လည်း မရေမတွက် နိုင်အောင် များပြားသည့် တိုက်ပွဲများစွာကို ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးလေသည်။ သို့သော် ထိုအချိန်များတုန်းက သူ၏ဆရာ ဖြစ်သူသည် သူ့အနားတွင် အမြဲတမ်း ရှိနေခဲ့လေသည်။ ထို့ကြောင့် သူ့အတွက် ယုံကြည်မှု အပြည့်ရှိကာ စိတ်ပူစရာမလိုခဲ့ပေ။

ယခုတစ်ကြိမ်တွင်တော့ သူသည် ရန်သူကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။ သူကစိတ်လှုပ် ရှားနေသည့်တိုင် ဆရာဦးလေး အတွက် သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရလျှင်ပင် သူ့နှလုံးသားသည် နောင်တရလိမ့် မည်မဟုတ်ပေ။

လီယွမ်လျန်သည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပိုပြီး အရှိန်မြှင့်တင်ကာ ရန်သူနောက်သို့ လိုက်သွားလေသည်။ တဖြည်းဖြည်းနှင့် သူတို့သည် ကျီမုမြစ် အထက်ပိုင်းသို့ ရောက်ရှိ လာခဲ့လေသည်။

မြစ်အထက်ပိုင်းတွင်တော့ ကျီမုမြစ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မြစ်လက်တက် များလည်း ခွဲဖြာသွားလေသည်။ မြစ်ကမ်းနံဘေးတွင်လည်း ရေအောက် သစ်ပင်များ၊ ရေမော်များ၊ အဆိပ်ပြင်းသော မြွေများ၊ ပိုးမွှားများဖြင့် ပြည့်နှက်လျက် ရှိလေ၏။

ချန်ခယ်ကိုဖမ်းဆီးသွားသည် မိစ္ဆာကောင်သည် ပျံသန်းသွားခြင်း မရှိပါ။ သူက မြစ်ကြောင်း တစ်လျှောက်ရှိ သစ်ပင်များပေါ်မှ ခုန်ပျံကျော်လွှားကာ သွားနေခြင်းဖြစ်လေသည်။

ရုတ်တရက်…

သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများရပ်တန့်သွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေပြီး မိစ္ဆာကောင်သည် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

လီယွမ်လျန်သည် ဓားတန်ခိုးရှင် တစ်ယောက်၏ လျင်မြန်မှုမျိုးဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု လိုက်လေသည်။

ကျီမုမြစ် အလယ်ကောင်တွင် အလွန်ကြီးမားသည့် သစ်ပင်ကြီးတစ်ပင် ရှိလေသည်။ ထိုသစ်ပင်ကြီး ထက်တွင် အိပ်ပျော်နေသည့် ချန်ခယ်ကို တွေ့လိုက်ရလေသည်။ လီယွမ်လျန်က ချန်ခယ်၏ မျက်နှာကို ကြည့်လိုက်သည့်အခါ တွင်တော့သူမသည် အဆင်ပြေပြေနှင့် အိပ်ပျော်နေခြင်း ဖြစ်သည်ကို သိလိုက်ရလေသည်။

ရေလယ်မှသစ်ပင်ကြီးသည် ပတ်ဝန်းကျင်တစ်ခုလုံးမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူထားဟန် ရှိလေသည်။ ထို့ကြောင့် သစ်ပင်ကြီး၏ ပတ်လည်တွင် သစ်ပင်၊ မြက်ပင်များ တစ်ပင်တလေပင် မတွေ့ရပေ။

ချန်ခယ်ကို ဖမ်းဆီးသွားသည့် မိစ္ဆာကောင်သည် သစ်ပင်ကြီး၏ သစ်ကိုင်းတစ်ကိုင်း ထက်တွင် ရပ်နေလေသည်။

လရောင်အောက်တွင် ထိုမိစ္ဆာကောင်၏ အသွင်သဏ္ဌာန်သည် သူ၏ မူလအသွင် သဏ္ဌာန်လား၊ ဖန်ဆင်းပြီးအသွင် ပြောင်းလဲထားခြင်းလား ဆိုသည်ကိုတော့ လီယွမ်လျန်လည်း မခန့်မှန်းနိုင်ပေ။

သစ်ကိုင်းထက်တွင် ရှိနေသူမှာ ရှည်လျားသည့် လက်များကို ပိုင်ဆိုင်သည့် အဖြူရောင် မျောက်ဝံကြီးတစ်ကောင် ဖြစ်လေသည်။ သူသည် သစ်ပင်ခွကြား တစ်နေရာတွင် ချန်ခယ်ကို ချထားလိုက်ပြီး လီယွမ်လျန်ကို စူးစိုက်ကြည့်နေလေ သည်။

လီယွမ်လျန်သည် ဓားကို ဆုပ်ကိုင်ထားပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် မျောက်ဝံဖြူကြီးကို ကြည့်လိုက်လေသည်။

“မင်းက ဘာကောင်ပဲဖြစ်ဖြစ် … မင်းသမီးလေးကို ကျုပ်ဆီပြန်ပေးစမ်း၊ မဟုတ်ရင် မင်းကို သတ်ပစ်မယ်”

လီယွမ်လျန်က အေးစက်သည့်လေသံဖြင့်ပြောလိုက်လေသည်။

မျောက်ဝံဖြူကြီးက စကားတစ်ခွန်းမှ ပြန်မပြောဘဲ ပါးစပ်ကြီးကို ဖြဲလိုက်လေသည်။ ထိုအခါ သူ၏ နီရဲသော လျှာကြီး ထွက်ပေါ်လာပြီး ထိုလျှာထက်တွင် အနက်ရောင် အပ်တစ်ချောင်းကို တွေ့မြင်ရလေသည်။ ထိုအနက်ရောင် အပ်သည် လေနှင့် ထိတွေ့သွားသည့် အခါတွင်တော့ တဖြည်းဖြည်း ရှည်လျားလာပြီး အနက်ရောင် သံတုတ်ကြီး အဖြစ် ပြောင်းလဲ သွားကာ မျောက်ဝံဖြူကြီး၏ လက်ထဲသို့ ကျရောက် လာလေသည်။

ထိုအနက်ရောင်သံတုတ်မှ ထူးဆန်းသည့် ဆူညံသံများ ထွက်ပေါ်လာပြီး လီယွမ်လျန်မှာ ခေါင်းထဲတွင် မူးဝေ သွားရလေသည်။ မျောက်ဝံဖြူကြီး၏လက်ထဲမှ အနက်ရောင် သံတုတ်သည် ချက်ချင်းပင် လီယွမ်လျန်၏ မျက်လုံးရှေ့သို့ ရောက်ရှိ လာလေသည်။

လီယွမ်လျန်သည် နားထဲတွင် ကြားနေရသည့် ဆူညံနေသည့် အသံများကြောင့် တန်ခိုးစွမ်းအားများ လျော့နည်းသွား ရလေသည်။ သူက အနက်ရောင် သံတုတ်ကို သူ၏ဓားဖြင့် ခုခံတိုက်ခိုက် လိုက်လေသည်။ သူ၏ဓားသည် အနက်ရောင်သံတုတ်ဖြင့် ထိခိုက်လိုက်မိသည်နှင့် ဓားကိုပင် မသယ်နိုင်တော့ လောက်အောင် သူ၏ခြေလက်များမှာ အားအင် ကုန်ခန်း သွားရလေသည်။

လီယွမ်လျန်သည် ဓားကို ဆုပ်ကိုင်ထားရင်းနှင့်ပင် အဝေးသို့ လွင့်စဉ်ထွက်သွားရကာ မြစ်ရေထဲသို့ ကျသွားရလေသည်။

မျောက်ဝံဖြူကြီးသည် သူလက်ထဲမှ သံတုတ်ဖြင့် ရေမျက်နှာပြင်ကို ရိုက်ချလိုက်လေသည်။ ထိုအခါ ရေမျက်နှာပြင်သည် အက်ကွဲသွားပြီး ကြီးမားလွန်းသည့် စွမ်းအား တစ်ခုသည် လီယွမ်လျန်ကို လာရောက် ရိုက်ခတ်လေသည်။

လီယွမ်လျန်သည် ထိုစွမ်းအား ရိုက်ခတ်မှု ဒဏ်ကို မခံနိုင်ဘဲ သွေးများ အန်ထုတ် လိုက်လေတော့သည်။

မိစ္ဆာကောင်သည် ထိုမျှလောက် တန်ခိုးစွမ်းအား မြင့်မားလိမ့်မည်ဟု လီယွမ်လျန် ထင်မှတ် မထားခဲ့မိပေ။ ထိုမိစ္ဆာကောင်ကို ရိုးရှင်းသည့် တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပါချေ။

လီယွမ်လျန်က ကျယ်လောင်စွာ တစ်ချက် ကျုံးဝါးလိုက်ပြီး ဓားနှင့် လူတစ်သားတည်း ကျအောင် ပေါင်းစပ်လိုက်ကာ အရိပ်မဲ့ဓားသိုင်းကို အသုံးပြုပြီး မျောက်ဝံဖြူကြီးကို ဝင်ရောက် တိုက်ခိုက် လိုက်လေသည်။ အရိပ်မဲ့ဓားသိုင်းကို အသုံးပြုလိုက်သည့် အခါတွင်တော့ လီယွမ်လျန်၏ ဓားချက်များသည် အရိပ်ပင်မထင်ဘဲ လျှင်မြန်စွာဖြင့် မျောက်ဝံကြီးထံသို့ ဝင်ရောက် သွားလေသည်။

လီယွမ်လျန်၏ အဆင့်သည် လောကနတ်ဘုရား တစ်ပါးအဆင့်ထိ မရောက်သေးသည့်တိုင် တာအို ဆရာမုကျန်းနှင့် အဆင့်အတူတူပင် ဖြစ်လေသည်။ သို့သော် သူမည်မျှပင် ကြိုးစား တိုက်ခိုက်ပါစေ မျောက်ဝံဖြူကြီး၏ လက်ထဲ တွင်ကိုင်ထားသည့် အနက်ရောင် သံတုတ်ကို ရင်ဆိုင်နိုင်ခြင်း မရှိပါပေ။

သို့သော် အရိပ်မဲ့ဓား အသွင်ပြောင်းလိုက်သည့် အတွက် မျောက်ဝံဖြူကြီးသည် သူ့ကို ယခင်ကလောက် လွယ်လွယ် ကူကူနှင့် တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

မျောက်ဝံဖြူကြီးက တစ်ချက် ရယ်မောလိုက်ရင်း သူ၏သံတုတ်ကို လေထဲသို့ ပစ်လွှတ် လိုက်လေသည်။

ထိုအခါ လေထဲတွင် သံတုတ်နှစ်ချောင်း ထွက်ပေါ်လာလေသည်။

သံတုတ်နှစ်ချောင်းမှ လေးချောင်း ပွားသွားပြန်လေသည်။ နောက်ဆုံးတွင် ကောင်းကင် တစ်ခုလုံး သံတုတ်အရိပ်များ ဖြင့် ပြည့်နှက်နေတော့သည်။

သံချင်းထိခတ်သံများလေထဲတွင် ဆူညံနေပြီး လေထဲတွင် ဓားရိပ်များနှင့် သံတုတ်အရိပ်များ ထင်ဟပ် နေလေသည်။ တိုက်ပွဲမှာ အလွန်ပြင်းထန်သည်ကို သိရှိနိုင်လေသည်။ မျောက်ဝံဖြူကြီး၏ သံတုတ်သည် ဝိညာဉ်စွမ်းအားများနှင့် ပြည့်ဝနေပြီး ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်နေလေသည်။ လီယွမ်လျန်၏ ဓားသည် သံတုတ်များကြားတွင် ညပ်လျက် ရှိလေသည်။

ရုတ်တရက်…

လီယွမ်လျန်၏ ဓားသည် အနက်ရောင် သံချောင်းနှစ်ခုနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိ သွားလေသည်။

ဓားသည် လီယွမ်လျန်၏ လက်ထဲမှ လွတ်ထွက်သွားပြီး သူ၏ ပါးစပ်ထဲမှ သွေးများ အန်ချလိုက်လေသည်။ လီယွမ်လျန်သည် မြစ်ရေထဲသို့ ပြုတ်ကျသွားကာ ပြန်ထ မလာနိုင်တော့ပေ။

လီယွမ်လျန်၏ တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီး ဆံပင်များလည်း ပြေကျနေလေရာ သူ့ပုံစံမှာ လရောင်အောက်တွင် ကြောက်မက်ဖွယ်ရာပင် ဖြစ်လေသည်။

မျောက်ဝံဖြူကြီးက ပါးစပ်ကြီးကိုဖြဲကာ အော်ဟစ် ရယ်မောလိုက်လေသည်။ ထို့နောက် လေထဲမှ သူ၏ အနက်ရောင် သံတုတ်ကို ပြန်သိမ်းလိုက်လေသည်။

ထို့နောက် မျောက်ဝံဖြူကြီးက ယောကျ်ားကြီး တစ်ယောက်၏ အသံမျိုးဖြင့် စကားစတင် ပြောလိုက်လေသည်။

“အသူရာဂိုဏ်းက အသူရာဓားသမား တစ်ယောက်က ဘာအစွမ်းမှလည်း မရှိပါလား"

လီယွမ်လျန်က…

“လက်စသတ်တော့ မင်းက ကျုပ်ကို တစ်လမ်းလုံး အရူးလုပ်ခဲ့တာကိုး…”

မျောက်ဝံဖြူကြီးက ပြုံးလိုက်ရင်း…

"သွေးနီရောင် ပင်လယ်ထဲက အသူရာဘုရင် မရဏ ဓားသခင်ဟာ အရမ်းစွမ်းအား ကြီးမားတယ်လို့ ကြားခဲ့ဖူးတယ်၊ ဒါပေမဲ့ အခု သူ့တပည့်ကတော့ စိတ်ပျက်စရာပဲ"

"ဒါက ကျုပ်ရဲ့ညံ့ဖျင်းမှုပဲ၊ ကျုပ်ဆရာနဲ့မဆိုင်ပါဘူး၊ အခုနေ ကျုပ်ရဲ့ဆရာ ဖြစ်ဖြစ် … ဆရာဦးလေး ဖြစ်ဖြစ် ရောက်လာခဲ့ရင် မင်းတော့ အသက်နဲ့ခန္ဓာ အိုးစားကွဲပြီသာမှတ်"

လီယွမ်လျန်က ပြောလိုက်လေသည်။

မျောက်ဝံဖြူကြီးက လျှာတစ်ချက် သပ်လိုက်ရင်း အဝေးတစ်နေရာသို့ လှမ်းကြည့် လိုက်လေသည်။

မြစ်ကြောင်းတစ်လျှောက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ကျက်သရေရှိစွာဖြင့် လှပလွန်းလှသည့် မိန်းကလေး တစ်ယောက် ပေါ်လာလေသည်။

ထိုမိန်းကလေးမှာ ချန်ချင်ပင် ဖြစ်လေသည်။

ချန်ချင်သည် ဧရာမ သစ်ပင်ကြီးထက်တွင် အိပ်ပျော်နေသည့် သူမ၏ သမီးလေးကို တွေ့မြင်လိုက်ရပြီး လီယွမ်လျန်မှာလည်း ဒဏ်ရာရထားသည်ကို တွေ့လိုက်ရသည့် အခါတွင်တော့ မျောက်ဝံဖြူကြီးကို သတိကြီးစွာဖြင့်ပင် စကားစတင် ပြောဆိုလိုက်လေသည်။

"ဆရာကြီးက ကုန်းစန်းပြည်ကလား... ဘာလို့ ကျွန်မရဲ့ သမီးလေးကို ဖမ်းဆီး ခေါ်ဆောင် သွားရတာလဲ"

လီယွမ်လျန်က အားတင်းပြီး ပြုံးလိုက်ရင်း...

"ဘုရင်မ... ဒီလူက ကုန်းစန်းပြည်က မဟုတ်ဘူး..."

အစပိုင်းတွင် သားရဲ သတ္တဝါပုံစံကို မြင်တွေ့လိုက်ရသည့် အတွက် လီယွမ်လျန်သည် ထိုမိစ္ဆာကို ကုန်းစန်းပြည်မှ ဖြစ်ရ မည်ဟု ထင်မှတ်ခဲ့မိလေသည်။ သို့သော် မျောက်ဝံဖြူကြီးနှင့် တိုက်ခိုက်ပြီးသည့် အခါတွင်တော့ ကုန်းစန်းပြည်မှ မဟုတ်ဘဲ ထူးဆန်းသည့် နတ်မိစ္ဆာ တစ်ယောက် ဖြစ်နေသည်ကို နားလည် သဘောပေါက် သွားရလေသည်။

မျောက်ဝံဖြူကြီးက ချန်ချင်၏ အမေးကို ပြန်မဖြေပါ။

သူက မေးခွန်း ထုတ်လိုက်လေသည်။

"ကောင်လေး… မင်းတို့ အားလုံးကို ကျုပ်က သတ်ပစ်လိုက်မယ် ဆိုရင်တောင် မင်းရဲ့ဆရာ အသူရာဘုရင် မရဏဓား သခင်က သွေးနီရောင် ပင်လယ်ကနေ ထွက်လာပြီး ကျုပ်ကို တိုက်ခိုက်နိုင်ပါ့မလား"

ထိုအချိန်မှာပင်….

နူးညံ့ပြီး နက်ရှိုင်းသည့် အသံတစ်သံသည် မြစ်ကြောင်း တစ်လျှောက်တွင် ထွက်ပေါ် လာလေသည်။

"မင်း ဒီနေ့ ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်နိုင်တော့ပါဘူးကွာ…."

***

All Chapters