အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
အခန်း (၁၇၅) - တားမြစ်ချက် အားပျော့သွားခြင်း၊ အစားအစာနှင့် အုတ်မြစ်ကျောက်ကို လဲလှယ်ခြင်း၊ ဟင်းသီးဟင်းရွက်များ အပိုပေးခြင်း
ရှောင်းယီက မျက်လုံးလှန်လိုက်ပြီး တစ်ကိုယ်တော်ရှင်သန်ခြင်းကို ဘာမှပြန်မဖြေခဲ့ပေ။ တစ်ကိုယ်တော်ရှင်သန်ခြင်းက ရှက်မသွားဘဲ ဆက်ပြောလိုက်သည်။
“တားမြစ်ချက်က အားပျော့သွားတာကို ကျုပ်တွေ့လိုက်တယ်။”
“အားပျော့သွားတာလား။”
ရှောင်းယီ အံ့ဩသွား၏။
“ဒါက ဘာကိုဆိုလိုတာလဲ။”
“ကျုပ် အရင်ကြုံဖူးတဲ့ တားမြစ်ချက်က မှန်လိုပဲ မာကျောပြီး တွန်းလို့မရဘူး။ အခုကြည့်ရတာ ပလပ်စတစ်တစ်ခုလိုမျိုး ပျော့ပျောင်းပြီး ဖိလိုက်တာနဲ့ ချိုင့်ဝင်သွားတယ်။”
တစ်ကိုယ်တော်ရှင်သန်ခြင်းက ပြောလိုက်သည်။
“အို...ဒါက အတားအဆီးကျိုးပေါက်တော့မယ့် လက္ခဏာများလား။”
ရှောင်းယီက မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်။
“ဟုတ်တယ်...။ ကျုပ်လည်း အဲ့ဒီလိုပဲထင်တယ်။ အဲ့ဒါကြောင့် သူဌေးကို လာပြောပြတာပါ။”
တစ်ကိုယ်တော်ရှင်သန်ခြင်းက ပြောလိုက်၏။
“အင်း သတင်းပေးတဲ့အတွက်ကျေးဇူးပဲ။ ဒီပစ္စည်းနှစ်မျိုးက မင်းအတွက်ပဲ။ တခြားအခြေအနေတွေရှိရင် ငါ့ကို အချိန်မီပြောပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“[ငါးကင်] (C အဆင့်) ၂၀၀ဂရမ်၊ [ဟင်းနုနွယ်ရွက်ကင်] ၅၀၀ဂရမ် - အခမဲ့လဲလှယ်ခြင်း။”
ထိုပစ္စည်းနှစ်မျိုးကို မြင်လိုက်ရသောအခါ တစ်ကိုယ်တော်ရှင်သန်ခြင်းမှာ လုံးဝအံ့အားသင့်သွားခဲ့၏။ သူသည် စကားအနည်းငယ်ပြောလိုက်ရုံသာဖြစ်သော်လည်း သူဌေးကြီးက သူ့ကို C အဆင့်အစားအစာနှင့် ဟင်းသီးဟင်းရွက်များ ပေးလိုက်သည်။
“စိတ်မပူပါနဲ့ သူဌေး။ တခြားအခြေအနေတွေရှိရင် ကျုပ် အသေအချာသိအောင်လုပ်ပါ့မယ်။”
တစ်ကိုယ်တော်ရှင်သန်ခြင်းက သူ၏ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်ပြီး လဲလှယ်မှုကို သဘောတူလိုက်လေသည်။
ထို့နောက် ကင်ထားသောအစားအစာများ သူ၏တဲထဲသို့ ရောက်ရှိလာခဲ့ပြီး တဲတစ်ခုလုံး အကင်ရနံ့များ သင့်ပျံ့သွားတော့သည်။
တစ်ကိုယ်တော်ရှင်သန်ခြင်းမှာ သူ၏နှာခေါင်းကို ခပ်ပြင်းပြင်းရှူသွင်းမိလိုက်၏။
ဒီရနံ့မျိုး မရခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက် သူသည် အကင်တစ်ခုကို ဂရုတစိုက်ကိုက်လိုက်သောအခါ ပြင်ပကကြွပ်ရွပြီး အတွင်းသားများနူးညံ့သည့် ငါးအသားက သူ၏နှုတ်ခမ်းနှင့် သွားများကြား၌ ကခုန်သွားခဲ့သည်။
“ဘုရားရေ...ဒီငါးတစ်ကိုက်အတွက် တားမြစ်ချက်ရဲ့အခြေအနေကို ငါ ဂရုစိုက်ရမယ်။”
ကုထောင်ချွေ့ရှန်း၏ မျက်လုံးများ အနည်းငယ် စိုစွတ်သွားခဲ့သည်။
ပြီးတော့ ဒီဟင်းသီးဟင်ရွက်တွေ...။ ငါ ဒီကမ္ဘာကိုရောက်တည်းက ဒီလိုမျိုး အစိမ်းရောင်အသီးအရွက်တွေကို တစ်ခါမှ မမြင်ဖူးသေးဘူး။
ကုထောင်ချွေ့ရှန်းနှင့် စကားပြောပြီးနောက် ရှောင်းယီ စဉ်းစားနေမိသည်။
ဒီအသက်ရှင်ကျန်ရစ်သူတွေကို အပြင်ကနေခွဲထားတဲ့အရာကို အခုခဏတော့ တားမြစ်ချက်လို့ခေါ်ရမယ်။
ဒီတစ်ခါ အခြေအနေတွေ ပြောင်းလဲနေတာက တားမြစ်ချက်က တကယ်ပဲ ကျိုးပေါက်တော့မှာမလို့များလား။ ဒါမှမဟုတ် သူ့သဘာဝအလျောက် ပြောင်းလဲလာတာလား။
ကုထောင်ချွေ့ရှန်းနှင့် နှစ်ကြိမ်၊သုံးကြိမ်ဆက်သွယ်ရုံမျှဖြင့် ကောက်ချက်ချ၍ မရသေးပေ။ ဆက်လေ့လာရန် လိုအပ်နေသေးသည်။
သို့သော်လည်း စမ်းသပ်မှုများ အဆင့်မြင့်လာသည်နှင့်အမျှ ထိုတားမြစ်ချက်ကိုလည်း မကြာခင် ဖျက်သိမ်းသွားပေလိမ့်မည်။ ဖျက်သိမ်းပြီးလျှင် ဤကမ္ဘာကြီး၏ ဒေသခံများနှင့် တွေ့ဆုံရမည်မှာ သေချာပေသည်။ ရှောင်းယီက ထိုအချက်ကို အပြည့်အဝယုံကြည်ထား၏။
ဤကမ္ဘာရှိ ဒေသခံများ၏ အင်အားကို ထိတွေ့ဆက်ဆံကြည့်မှသာ နားလည်နိုင်မည်ဖြစ်သည်။
သူတို့ကိုနားလည်နိုင်ရန်အတွက် ကုထောက်ချွေ့ရှန်းကို သူလိုအပ်ပေသည်။
တံတားတစ်စင်းအဖြစ် ကုထောက်ချွေ့ရှန်း၏ကျွန်းက ဒေသခံများနှင့် သေချာပေါက် ပထမဆုံး တွေ့ရပေလိမ့်မည်။
ကုထောင်ချွေ့ရှန်းကို အကင်များပေးလိုက်ခြင်းက အနာဂတ်တွင် ထိုတားမြစ်ချက်နှင့် တားမြစ်ချက် အပြင်ဘက်ရှိ အခြေအနေများကို ပိုမိုနားလည်နိုင်ရန်ဖြစ်သည်။
“ရှောင်းယီ ထမင်းစားချိန်ရောက်ပြီ။”
အန်းရန်က အော်ခေါ်လာခဲ့သည်။ ရှောင်းယီလည်း သူ၏အိပ်ခန်းထဲက ထွက်လာခဲ့လိုက်တော့လေသည်။
ထို့နောက် အန်းရန်သည် လီယန်ဆီသို့ အကင်များစွာ ပို့ပေးလိုက်၏။ ထိုအကင်များကို တွေ့လိုက်ရသောအခါ လီယန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ပုံမှန်အတိုင်း ထမင်းဟင်းမချက်ဘဲ အကင်များပြုလုပ်ခြင်းက ပစ္စည်းများကို ဖြုန်းတီးခြင်းပင် မဟုတ်ပါလော။
လီယန် အံ့ဩနေသည်ကို မြင်သောအခါ အန်းရန်က ရှင်းပြလိုက်သည်။
“အမေ.. ဒီနေ့ကျွန်းပေါ်က နွားမကြီးက သားပေါက်ပြီး နွားလေးနှစ်ကောင်တောင်မွေးတယ်လေ။ အဲ့ဒါကြောင့် ရှောင်းယီက အကင်ပွဲတော်ကြီး ကျင်းပလိုက်တာ။”
လီယန်မှာ ခဏကြသည်အထိ ဘာပြောရမှန်းမသိခဲ့ပေ။
“မင်းတို့မှာ အစားအစာတွေ အများကြီး ရှိတာပဲ။”
အန်းရန်က အကင်တစ်မျိုးကို နည်းနည်းစီဖြင့် စုံနေအောင် ပို့လိုက်သောကြောင့် အစားအစာများက အလွန်ပေါများလှ၏။
အန်းရန်သည် လီယန်ကို ပို့ပေးလိုက်ပြီးနောက် မီးဖိုခန်းသို့ ပြန်သွားလိုက်လေသည်။
ထို့နောက် ရှောင်းယီက လူတိုင်းကို စားသောက်ရန် လက်ဟန်ပြလိုက်၏။ ဤတစ်ကြိမ်တွင် တပိုင်လည်း ပါဝင်ပေသည်။
“ကျုပ် မွန်းလွဲပိုင်းမှာ တခြားအသက်ရှင်ကျန်ရစ်သူတစ်ယောက်ဆီက စာချုပ်ကတ်တစ်ခုရခဲ့တယ်။ တပိုင်နဲ့ စာချုပ်ချုပ်ပြီးသွားပြီ။ အခုသူက ကျုပ်တို့နဲ့ တစ်ဖွဲ့တည်းဖြစ်သွားပြီ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“စာချုပ်ကတ်လား။ ဒီလိုမျိုး စိတ်ကူးယဉ်ဇာတ်လမ်းထဲကအရာတွေလည်း ရှိသေးတာပဲလား။”
အန်းယွဲ့က အံ့အားသင့်စွာပြောလိုက်သည်။
“စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါဘူး။ အဲ့ဒါက မြေဆီလွှာပြုပြင်ရေးကတ်နဲ့ အတူတူပဲ။”
ယွမ်နွန်သည် မြေဆီလွှာပြုပြင်ရေးကတ်ကို သုံးခါရခဲ့ဖူးသောကြောင့် ထူးထူးခြားခြား အံ့ဩမနေခဲ့ပေ။ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်...။ ဒါပေမယ့် သက်ရှိတွေနဲ့စာချုပ်ချုပ်နိုင်တာက မြေဆီလွှာပြုပြင်တာထက် ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်တယ်။ ဒီကမ္ဘာက ပိုပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပြီ။”
ကျန်သည့်လူများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။
“ခုနတုန်းက...”
ရှောင်းယီက ဆက်ပြောလိုက်၏။
“ကုထောင်ချွေ့ရှန်းဆီက သတင်းတစ်ခုရခဲ့တယ်။ အရင်နှစ်ကြိမ်ဆက်သွယ်မှုနဲ့ယှဉ်ရင် သူ့နားက တားမြစ်ချက်က ပိုပြီးအားပျော့သွားတယ်တဲ့။ ဒါက သူ့သဘာဝအလျောက် အားပျော့သွားတဲ့ပုံစံလား ဒါမှမဟုတ် ကျိုးပျက်တော့မယ့်လက္ခဏာလားဆိုတာ မသိရသေးဘူး။”
လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
“သေချာမသိရသေးဘူးဆိုရင် ငါတို့ အဆိုးဆုံးအခြေအနေအထိ စဉ်းစားထားရမယ်။”
ယွမ်နွန်က နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
“အင်း...အဲ့ဒါကြောင့် ကျုပ် အစ်ကိုကျန်းနဲ့ တိုင်ပင်ထားတယ်။ မနက်ဖြန်ကစပြီး လူတိုင်း အစ်ကိုကျန်းရဲ့ အထူးလေ့ကျင့်မှုကို ခံယူကြရမယ်။”
ရှောင်းယီက ဆက်ပြောလိုက်၏။ လူတိုင်း အနည်းငယ်တုန်လှုပ်သွားခဲ့ကြပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။
အနာဂတ်တွင် မည်သို့သောအန္တရာယ်များ၊ မည်သို့သောရန်သူများနှင့် ရင်ဆိုင်ရမည်ကို မသိရသေးပေ။ မိမိတို့၏ ကိုယ်ပိုင်အင်အားများ တိုးတက်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။
“လူတိုင်းမှာ အကြံပြုစရာမရှိတော့ဘူးဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ။”
ရှောင်းယီက အသားကင်ကို တစ်ကိုက်ကိုက်ပြီး ပြောလိုက်၏။
ဘေးနားက တပိုင်သည်မူ သူ့အတွက် အထူးပြင်ဆင်ပေးထားသော အသားကင်တုံးကြီးကို ကိုက်ပြီး ရှောင်းယီတို့စားနေသော တုတ်ဖြင့်ထိုးထားသော အကင်များကိုကြည့်ရင်း စိတ်ထဲ၌ ပြောနေခဲ့လေသည်။
“ဒီလူတွေက တော်တော်အလုပ်ရှုပ်တာပဲ။ အသားတုံးကြီးတစ်ခုလုံး မီးဖုတ်စားလိုက်ရင် ပိုကောင်းမှာကို။ ဒီလိုတုတ်နဲ့ထိုးထားတဲ့ဟာလေးတွေက သွားကြားတောင် မညပ်ဘူး။”
အကင်များစားပြီးနောက် လူတိုင်း ကိုယ့်အခန်းကိုယ် ပြန်သွားခဲ့ကြ၏။ အန်းယွဲ့သည်မူ ဧည့်ခန်းထဲတွင် လီယန်နှင့် စကားပြောရန် သွားလိုက်သည်။
ရှောင်းယီသည် သူ့အိပ်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး အနွေးထည်အင်္ကျီငှားထားသည့် စာရင်းကို ကြည့်လိုက်၏။
လက်ရှိတွင် အုတ်မြစ်ကျောက် ၄၁၈ ခုရသွားပြီဖြစ်သည်။
“မဆိုးဘူး။”
ရှောင်းယီက ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး အုတ်မြစ်ကျောက်များအားလုံးနှင့် ကျွန်းကို တိုးချဲ့ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် ကျွန်းအထိမ်းအမှတ််ကျောက်တိုင်၏ အများသုံးချန်နယ်ကို ပြောင်းကြည့်လိုက်၏။
“အစားအစာတွေ ကုန်လုနီးပါး ဖြစ်နေပြီ။ ပစ္စည်းတွေလည်း နည်းနေပြီ။ သူဌေးကြီး စျေးနည်းနည်းလောက် လျှော့ပေးလို့ရမလား။”
“ဒါက ပစ္စည်းတွေကို လုံလုံလောက်လောက် မသိမ်းထားတဲ့ မင်းရဲ့အပြစ်ပဲလေ။ မင်းလိုမျိုး ကိုယ့်ဆီမှာကျ ပစ္စည်းမရှိဘဲ သူဌေးကြီးတွေကို စျေးလျှော့ခိုင်းရင် သူဌေးကြီးတွေနဲ့ အလုပ်ဆက်လုပ်ဖို့ ခက်ခဲလိမ့်မယ်။”
“ဟုတ်တယ်...တကယ်လို့ မင်းမှာပစ္စည်းမရှိဘူးဆိုရင် ချွေတာသုံးပြီး နောက်နှစ်ရက်အတွင်း ပစ္စည်းသေတ္တာတွေ ထပ်ဖွင့်ပေါ့။”
ရှောင်းယီက ထိုအကြောင်းကိုမြင်သောအခါ အနည်းငယ်စဉ်းစားလိုက်ပြီး အများသုံးချန်နယ်တွင် ပြောလိုက်သည်။
“လူတိုင်းပဲ အုတ်မြစ်ကျောက်နဲ့ အစားအစာလဲလို့ရပါပြီ။ အုတ်မြစ်ကျောက်တစ်ခုနဲ့ အစားအစာ အများကြီးလဲလို့ရပါတယ်။”
အများသုံးချန်နယ်တွင် ထိုသို့ပြောပြီးနောက် သူသည် ဈေးကွက်စာမျက်နှာသို့ ပြောင်းလိုက်ပြီး ငွေကြေးလဲလှယ်မှုတစ်ခု ထပ်ထည့်လိုက်လေသည်။
“[ပင်လယ်ငါး] ၂၀ကီလိုဂရမ် - [အုတ်မြစ်ကျောက်] ၁။
မှတ်ချက်- ပထမ ၅၀၀ စုအတွက် ဆလတ်ရွက် ၁၀၀ဂရမ် အခမဲ့ရမည်။ တစ်ဦးကို တစ်စုံစီသာ။”
“အား...ယီရန်ပင်းသူဌေးကြီးက အံ့ဩစရာပဲ။ ဆလတ်ရွက်တွေတောင် ထည့်ပေးထားတယ်။”
“ဟင်းသီးဟင်းရွက်က ဘယ်လိုအရသာရှိလဲဆိုတာ မသိရတာတောင် ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။”
“ဆလတ်ရွက်ပဲ...။ ဆလတ်ရွက်အတွက် ပင်လယ်ငါးတစ်စု လဲရမယ်။”
“သူဌေးက အိမ်ထဲမှာ ဖန်လုံအိမ်ဆောက်ထားတာလား။”
“မင်းက ဒါတောင်ဂရုစိုက်နေသေးတာလား။ မြန်မြန်လုပ်...မဟုတ်ရင် မကြာခင်ကုန်သွားလိမ့်မယ်။”
“ကျုပ်တစ်စုံ ဝယ်ထာစပြီးပြီ။ ကံမကောင်းစွာနဲ့ တစ်ယောက်တစ်စုံပဲ ဝယ်လို့ရတယ်။ မဟုတ်ရင် နှစ်စုံသုံးစုံလောက် ထပ်ဝယ်ချင်သေးတယ်။”
ထိုငွေကြေးလဲလှယ်မှုကိုမြင်သောအခါ တိလင်းထျန်းရှားသည် တိလင်းချင်းလုံးကိုခေါ်ကာ အင်ပါယာထဲရှိ လူတိုင်းကို ဝယ်ခိုင်းရန် အမိန့်ပေးလိုက်၏။
နောက်ဆုံးတွင် တိလင်းအင်ပါယာက အစုံနှစ်ရာနီးပါးဝယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း တစ်ရာအောက်သာ ရနိုင်ခဲ့လေသည်။
အခန်း ၁၇၆ အထူးလေ့ကျင့်ရေးနှင့် စွမ်းရည်ကတ်
ဆလတ်ရွက်ကို လုယူနိုင်ခဲ့သူအများစုသည် သူတို့၏နေရာတွင်ပင် ရပ်နေပြီ ပျော်ရွှင်မှုကို ခံစားနေခဲ့ကြရ၏။
ဤအချက်အလက်မျှဖြင့် တိလင်းထျန်းရှားက အလွန်ကျေနပ်နေပြီဖြစ်သည်။
လတ်ဆတ်သော ဆလတ်ရွက်များကိုကြည့်ရင်း တိလင်းထျန်းရှားက တစ်ကိုယ်တည်း တိတ်တဆိတ် ရေရွတ်လိုက်၏။
“ဒီယီရန်ပင်း အရင်ကမျိုးစေ့တွေအများကြီးစုဆောင်းထားတာပဲ။ သူ့လက်ထဲကနေ နည်းနည်းလောက် ဘယ်လိုထုတ်ယူရမှာလဲ။ တကယ်ပဲအုတ်မြစ်ကျောက်ကိုသုံးဖို့လိုလို့လား။”
သူ့လက်ထဲရှိအခြားအရာများသည် ယီရန်ပင်း၏ မျက်စိထဲသို့ မဝင်နိုင်ကြောင်း သူသိသော်လည်း အုတ်မြစ်ကျောက်သည် ကျွန်း၏တိုးတက်မှုနှင့်သက်ဆိုင်သော အရေးကြီးသည့်ပစ္စည်းဖြစ်ပေသည်။
“နောက် အဖွဲ့အစည်းထဲမှာပဲ စုဆောင်းလို့ရတော့မယ်ထင်တယ်။”
တိလင်းထျန်းရှားက အကူအညီမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်လေသည်။
“ချင်းလုံ ငါတို့ လင်းအင်ပါယာမှာ မြေဆီလွှာနဲ့ စိုက်ပျိုးရေးမျိုးစေ့တွေကို ရေရှည်စုဆောင်းဖို့ အမိန့်ထုတ်ပြန်လိုက်။”
တိလင်းထျန်းရှားက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
တိလင်းချင်းလုံက အမိန့်ကို လက်ခံရယူပြီး ထွက်သွားခဲ့၏။ တိလင်းထျန်းရှားက သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။
“ငါ့အဖွဲ့က မင်းအဖွဲ့ထက်အားနည်းမယ်လို့ ငါမယုံဘူး။”
အုတ်မြစ်ကျောက်နှင့် လဲလှယ်ရန် အစားအစာများကို စာရင်းပြုစုပြီးနောက် ရှောင်းယီက ရေချိုးပြီး အနားယူရန် ပြင်ဆင်လိုက်၏။ မနက်ဖြန်တွင် ကျန်းယွင်ထျန်းထံမှ အထူးလေ့ကျင့်မှုများ ခံယူရန်ရှိပေသည်။
တစ်ညလုံး ဘာမှမဖြစ်ခဲ့ပေ။ နောက်နေ့မနက် ၅ နာရီခွဲတွင် ကျန်းယွင်ထျန်းသည် အခန်းတိုင်းရှိ လူအားလုံးကို ခေါ်ထုတ်လိုက်တော့သည်။
၎င်းသည် ကျန်းယွင်ထျန်း မနေ့က သူတို့ကိုပြောခဲ့သည့် “စုရုံးရန် အချက်ပြခရာသံ” ဖြစ်ပေသည်။
လူတိုင်း အိပ်ရာမှ နိုးလာကြပြီး ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်ကာ ကျေးလက်အဗီလာ၏တံခါးဝသို့ သွားလိုက်ကြ၏။
ကျန်းယွင်ထျန်းမှာ ထိုနေရာတွင်ရပ်နေပြီဖြစ်ပြီး ဆေးဘက်ဆိုင်ရာစက်ပစ္စည်းဖြစ်သော နာ့နာသည်လည်း သူ၏ဘေးတွင်ရပ်နေခဲ့သည်။
“ဒီနေ့လူစုဖို့အတွက် ၁၅ မိနစ်နောက်ကျတယ်။ ပထမဆုံးနေ့မို့လို့ အပြစ်မပေးတော့ဘူး။ နောက်တစ်ခါ လူစုရင် ၅ မိနစ်အတွင်း ပြီးအောင်လုပ်ရမယ်။ ကျော်သွားရင် လူတိုင်း အပြစ်ပေးခံရမယ်။ နားလည်ပြီလား။”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်၏။
“နားလည်ပါပြီ။”
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
“ဒီနေ့ အခြေခံအကျဆုံး လေ့ကျင့်မှုတွေ လုပ်ရမယ်။ ပထမဆုံး ၁၀ ကီလိုမီတာပြေးပြီး သွေးပူအောင်လုပ်ရမယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်၏။ လူတိုင်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ်သွားခဲ့သည်။
၁၀ ကီလိုမီတာလား။ အဲ့ဒါက သွေးပူအောင်လုပ်ဖို့ပဲလား။
သို့သော် မနေ့က ကျန်းယွင်ထျန်းသည် အထူးလေ့ကျင့်မှုပေးမည်ဆိုပါက တစ်ခုတည်းသောလိုအပ်ချက်မှာ နာခံမှုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့လေသည်။
ထို့နောက် ကျန်းယွင်ထျန်းသည် သူတို့ကိုခေါ်ဆောင်ကာ ကျွန်းတစ်ခုလုံးကို ပတ်ပြေးစေခဲ့သည်။
ထိုအချိန်တွင် နှင်းများကျဆင်းမှုမှာလည်း ရပ်တန့်သွားပြီဖြစ်ပြီး လူတိုင်း နှင်းပေါ်သို့ တက်နင်းမိသောအခါ ကြွတ်ဆတ်ဆတ်အသံများ ထွက်ပေါ်လာခဲ့သည်။
အစပိုင်းတွင် ရှောင်းယီသည် အန်းရန်နှင့်အခြားသူများ သည်းမခံနိုင်လောက်ဟုထင်ခဲ့သော်လည်း အံ့သြစရာကောင်းလောက်အောင်ပင် လူတိုင်းက ဇွဲရှိရှိဖြင့် လုပ်ဆောင်နိုင်ခဲ့ကြပြီး အသက်ရှူမြန်ခြင်းပင် မရှိခဲ့ကြပေ။
ကျန်းယွင်ထျန်းသည်လည်း သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာများရှိသော်လည်း ဤကဲ့သို့သော သွေးပူလေ့ကျင့်ခန်းမှာ တဖြည်းဖြည်းပြေးခြင်းသာဖြစ်ပြီး ပြင်းထန်သောလေ့ကျင့်ခန်းမဟုတ်ပေ။
“နောက်ပိုင်းမှာ ဒီအကွာအဝေးကို ထပ်တိုးဖို့လိုဦးမယ်။ ဒီလိုမှမဟုတ်ရင် လူတိုင်းမှာဖိအားရှိမှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းက တစ်ကိုယ်တည်း ပြောလိုက်မိလေသည်။
လူတိုင်း ရှောင်းယီ၏ကျွန်းသို့ရောက်ရှိလာပြီးနောက် အဆင့်သတ်မှတ်ထားသော အစားအစာများကို နေ့စဉ်စားသုံးခဲ့ကြပြီး သူတို့၏ခန္ဓာကိုယ်မှာ သာမန်လူများထက် ပိုမိုကောင်းမွန်လာခဲ့သည်။ ယခုအခါတွင် သာမန်စစ်သားများ၏ ခန္ဓာကိုယ်အခြေအနေသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။
နောက်တစ်ခုမှာ အခြေခံအကျဆုံးသော တန်းစီခြင်းဖြစ်ပြီး ၎င်းတို့အတွက် အလွန်ရိုးရှင်းပေသည်။
မူလက တန်းစီခြင်းကို တစ်ရက်လုံးလေ့ကျင့်ရန် စီစဉ်ထားသော်လည်း နေ့တစ်ဝက်ဖြင့်ပင် ပြီးမြောက်သွားခဲ့သည်။
“ကောင်းပြီ ဒီနေ့အတွက် လေ့ကျင့်မှုက ဒီလောက်ပဲ။ တန်းဖြုတ်...။”
ကျန်းယွင်ထျန်းက ပြောလိုက်၏။
လူတိုင်း တန်းဖြုတ်လိုက်ပြီးနောက် သူတို့၏ကိုယ်ပိုင်အလုပ်များကို သွားလုပ်ကြတော့သည်။
“နောက်တစ်ခုက မင်းရဲ့အထူးတိုက်ခိုက်ရေးကျွမ်းကျင်မှုတွေကို သင်ယူဖို့ပဲ။”
ရှောင်းယီက ပြောလိုက်၏။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်...သူတို့ကို အထူးတိုက်ခိုက်ရေးကျွမ်းကျင်မှုတွေ သင်ပေးဖို့ ၃ ရက်လောက် အချိန်ယူရမယ်။ ကျန်တာတွေကတော့ တကယ့်လက်တွေ့လေ့ကျင့်မှုတွေပဲ။”
သူက ပြောလိုက်သည်။
“အင်း...ကောင်းပြီ ငါနောက်ပိုင်းသင်တန်းတွေ မတက်တော့ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“မင်းက ငါ့ထက် လက်တွေ့မှာ ပိုပြီးကျွမ်းကျင်တယ်။ လုံးဝ တက်စရာမလိုဘူး။”
ကျန်းယွင်ထျန်းသည်လည်း အကူညီမဲ့နေခဲ့သည်။
“ကောင်းပြီ မင်းအနားယူလိုက်ဦး။ ငါ ဦးလေးအန်းကို ပစ္စည်းသေတ္တာဖွင့်ဖို့ ကူညီလိုက်ဦးမယ်ာ”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်ပြီး ရေခဲပေါ်သို့ လျှောက်သွားခဲ့လေသည်။
ရှောင်းယီ၏အကူအညီဖြင့် နှစ်ဦးသား ရေခဲပေါ်ရှိပစ္စည်းသေတ္တာများအားလုံးကို နှစ်နာရီအတွင်း ဖွင့်နိုင်ခဲ့ကြသည်။
အုတ်မြစ်ကျောက် ၅၀၊ B အဆင့် လေးနှင့်မြားထုတ်လုပ်မှုပုံစံ၊ လက်ကိုင်ကွင်းပါ ဓားကောက် ထုတ်လုပ်မှုပုံစံနှင့် ကျန်သည်များမှာ အခြေခံပစ္စည်းများဖြစ်သည်။
သူသည် အုတ်မြစ်ကျောက်ကို အသုံးပြုကာ သူ၏ကျွန်းကိုချဲ့ထွင်ပြီး လက်နက်အားလုံးကို ထုတ်လုပ်လိုက်လေသည်။
လေးနှင့်မြားနှစ်ခုကို အန်းရန်နှင့် ဆုဝမ်ကိုပေးလိုက်ပြီး လက်ကိုင်ကွင်းပါ ဓားကောက်ကိုမူ အန်းယွဲ့အား ပေးလိုက်သည်။ ထန်ဓားက လီယန်နှင့်အတူရှိနေပြီး ဒူးလေးကတော့ ယွမ်နွန်အတွက် ဖြစ်သည်။
ကျန်းယွင်ထျန်းတွင် B အဆင့် ဓားမြှောင်တစ်ချောင်းရှိပြီး ရှောင်းယီတွင် S အဆင့် ရွှမ်းယွမ်ဓားရှိပေသည်။
ယခုအခါ လူတိုင်း၌ လက်နက်များ ရှိနေပြီဖြစ်သည်။ နောက်လုပ်ရမည့်အရာမှာ သူတို့လက်ထဲရှိ လက်နက်များနှင့် ရင်းနှီးအောင်လုပ်ရန်ဖြစ်သည်။ အထူးသဖြင့် လေးနှင့်မြားသည် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် လေ့ကျင့်ရမည်ဖြစ်သည်။
ထုတ်လုပ်ထားသော လက်နက်များကို ဘေးဖယ်ထားပြီးနောက် ရှောင်းယီက သူ၏စိတ်ထဲတွင် ပြောလိုက်၏။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
မနက်စောစောတွင် ကျန်းယွင်ထျန်းထံမှ လေ့ကျင့်မှုခံယူရန်အတွက် ဆွဲထုတ်ခံလိုက်ရသောအခါ သူ့တွင် လက်မှတ်ထိုးဝင်ရန် အချိန်မရှိခဲ့ပေ။
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ်: စွမ်းရည်ကဒ် - တယ်လီပသီ (SSS အဆင့်)။”
[စွမ်းရည်ကတ် - တယ်လီပသီ (SSS အဆင့်) : ပစ်မှတ်အား တယ်လီပသီစွမ်းရည်များကို သင်ယူနိုင်စေသည်။
ကျွမ်းကျင်မှုအကျိုးသက်ရောက်မှု: စိတ်ဝိဉာည်ရှိသောသက်ရှိများနှင့် အတားအဆီးမရှိဆက်သွယ်နိုင်ခြင်း။]
“ဒီလိုအရာမျိုးကို ဘာလို့ ဆုတစ်ခုအနေနဲ့ ပေးတာလဲ။”
ရှောင်းယီက ရေရွတ်လိုက်၏။
မနေ့က သူ၏စိတ်ထဲတွင် ကြက်သွန်ဖြူလိုချင်သည်ဟု တွေးခဲ့ပြီး ယနေ့ လက်မှတ်ထိုးဝင်ချိန်၌ ကြက်သွန်ဖြူတစ်မွှာကို ဆုချပေးမည်ဟု သူထင်ခဲ့မိခြင်းဖြစ်သည်။
မျှော်လင့်မထားသည်မှာ စွမ်းရည်ကုတ်တစ်ခု ဆုချပေးလိုက်ခြင်းကိုပင်။
ရှောင်းယီသည် စနစ်သိုလှောင်ခန်းထဲရှိ စွမ်းရည်ကတ်ကို ထုတ်ယူလိုက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက် ထွက်ပေါ်လာခဲ့သည်။
“သင့်မှာ စွမ်းရည်ကတ် ရှိကြောင်း တွေ့ရှိရပါသည်။ အသုံးပြုမည့် ပစ်မှတ်ကိုရွေးချယ်ပါ။”
“ငါ...။”
ရှောင်းယီက ပြောလိုက်သည်။
ထို့နောက် ကတ်ပြားမှာ ပျောက်ကွယ်သွားပြီး ကြယ်အလင်းများအဖြစ်သို့ ပြောင်းလဲကာ ရှောင်းယီ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားတော့သည်။ ရှောင်းယီသည် သူ၏စိတ်ဝိဉာည်မှာ ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို ချက်ချင်းပင် ခံစားလိုက်ရ၏။ ထို့နောက် သူ၏ ဘေးတွင် အိပ်နေသော ဝမ်ချိုင်ကို မြင်လိုက်ရပြီး အမိန့်ပေးကြည့်လိုက်သည်။
“အမြီးကိုကောက်၊ ရှေ့ခြေထောက်တွေကိုမြှောက်ပြီး လမ်းလျှောက်လာခဲ့။”
“ဝုတ် ဝုတ် (ဘာလို့လဲ)”
ဝမ်ချိုင်က နှစ်ခါဟောင်လိုက်၏။
ရှောင်းယီသည် ဝမ်ချိုင့်ဟောင်သံ၏အဓိပ္ပာယ်ကို အမှန်တကယ်နားလည်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ယခင်က စနစ်၏သက်ရောက်မှုအောက်တွင်သာ ဝမ်ချိုင့်ဟောင်သံ၏ အဓိပ္ပာယ်ကိုတစ်ဝက်တစ်ပျက်သာ နားလည်ခဲ့ခြင်းဖြစ်ပေသည်။
“အကြောင်းပြချက်မရှိဘူး။ မြန်မြန်လုပ်။”
ရှောင်းယီက ပြုံးကာ ထပ်ပြောလိုက်သည်။ ဝမ်ချိုင်သည် ရှောင်းယီ၏စကားကို မနှစ်မြို့စွာဖြင့် လိုက်နာလိုက်ရသည်။
ဝမ်ချိုင်၏ရယ်စရာကောင်းသော ဖျော်ဖြေမှုကို မြင်လိုက်ရသောအခါ ရှောင်းယီက အရှန်မသပ်နိုင်အောင် ရယ်မောမိလိုက်တော့လေသည်။
“ကောင်းပြီ ပြန်နားတော့။”
ရှောင်းယီသည် ဝမ်ချိုင်၏ရယ်စရာကောင်းသော ဖျော်ဖြေမှုကို ရပ်တန့်လိုက်ပြီး ထွက်သွားကာ တပိုင်ကို ကြည့်လိုက်သည်။
စာချုပ်ကတ်ကြောင့် တပိုင်သည် ရှောင်းယီ၏အမိန့်များကို နားလည်နိုင်သော်လည်း ရှောင်းယီသည်မူ တပိုင်၏အမူအရာမှတစ်ဆင့်သာ အဓိပ္ပာယ်ဖော်ရပြီး အထူးတလည် ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ သို့သော် ယခုအခါတွင်မယ လုံးဝကွဲပြားသွားပြီဖြစ်သည်။
တပိုင်က ဘာကိုဖော်ပြချင်သည်ဖြစ်စေ ရှောင်းယီက ၎င်းကို ရှင်းရှင်းလင်းလင်းနားလည်နိုင်ပေသည်။
ဤစွမ်းရည်၏ အကျိုးသက်ရောက်မှုမှာ ထို့ထက်မက ပိုမိုကျယ်ပြန့်ပေသည်။ နွားများ၊ ဝက်များနှင့် ကြက်များအထိ ရှောင်းယီသည် ၎င်းတို့၏ဆိုလိုရင်းကို အားလုံးနားလည်နိုင်၏။
“ဒီစွမ်းရည်က အရမ်းအစွမ်းထက်တယ်။ နောက်ပိုင်းကျရင် တိရစ္ဆာန်ရုံမှာ အလုပ်လုပ်လို့ရပြီ။”
ရှောင်းယီက တွေးလိုက်မိသည်။
“ဒီဒီဒီ!!!”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသံမြည်လာ၏။
ရှောင်းယီ အမြန်ပြန်ဝင်သွားလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အသိပေးချက်ကို မြင်လိုက်ရသည်။
“ကုထောင်ချွေ့ရှန်းက သင့်ကိုသီးသန့်စကားပြောရန် တောင်းဆိုနေပါသည်။ သဘောတူပါသလား။”
“သဘောတူတယ်။”
ရှောင်းယီ ချက်ချင်းပင် ဆက်သွယ်ရန်ရွေးချယ်လိုက်၏။
“နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား။”
သူက မေးလိုက်သည်။
“သူဌေး အတားအဆီးက နောက်တစ်ခါထပ်ပြီး အားပျော့သွားပြန်ပြီ။”
ဤအကြိမ်တွင် သူက အရေးမပါသောစကားများကို မပြောတော့ဘဲ တိုက်ရိုက် ပြန်ဖြေလိုက်သည်။
“အားပျော့တာက အရမ်းထင်ရှားတယ်။”
“အင်း...အခြားပုံမှန်မဟုတ်တာတွေရော ရှိသေးလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။
“ရှိတယ်၊ ရှိတယ်...”
ကုထောင်ချွေ့ရှန်း၏အမူအရာမှာ မျှော်လင့်မထားသည့်အရာတစ်ခုကို တွေ့လိုက်သလိုမျိုး ကြောင်အအဖြစ်နေခဲ့လေသည်။
“နောက်ထပ် ဘာရှိသေးတာလဲ။ သေသေချာချာပြော။”
ရှောင်းယီ မျက်မှောင်ကျုံ့ပြီး ပြောလိုက်၏။ သူ၏နှလုံးသားထဲတွင်လည်း မကောင်းသောခံစားချက်တစ်ခု ရှိနေခဲ့လေသည်။
အခန်း (၁၇၇) - အပေါက်ဖောက်ပြီး အပေါက်ကြီးဖြစ်အောင် ချဲ့ပစ်လိုက်
“အာ... ကျုပ် သံလှံနဲ့ တားမြစ်ချက်ကို ထိုးကြည့်မိလိုက်တယ်။”
ကုထောင်ချွေ့ရှန်းက တွန့်ဆုတ်စွာ ပြောလိုက်၏။
ရှောင်းယီ မျက်မှောင်ကျုံ့သွားခဲ့ပြီး သူ့စိတ်ထဲရှိ မကောင်းသောခံစားချက်များက ပိုမိုပြင်းထန်လာခဲ့သည်။
“ဘာဖြစ်သွားလဲ။”
သူက မေးလိုက်သည်။
“ကျုပ် အပေါက်သေးသေးလေးတစ်ခု ဖောက်မိသွားတယ်။”
ကုထောင်ချွေ့ရှန်းက ရင်တုန်ပန်းတုန်နှင့် ပြန်ဖြေလိုက်လေသည်။
“အာ...”
ရှောင်းယီ၏ နှုတ်ခမ်းထောင့်စွန်းများ တုန်ခါသွားခဲ့သည်။
“တားမြစ်ချက်ကို ဖောက်လိုက်မိတာလား။”
သူက ထပ်မေးလိုက်၏။ ကုထောင်ချွေ့ရှန်းက ချက်ချင်းခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး။ အပေါက် သေးသေးလေးတစ်ခုပဲဖောက်လိုက်မိတာ။ လုံးဝ ကျိုးပျက်သွားတာမျိုးမဟုတ်ဘူး။”
“မင်းက တော်တော်လေး လိမ္မာပါးနပ်တာပဲ။”
ရှောင်းယီ ပြောစရာစကားများ ကင်းမဲ့သွားခဲ့သည်။
“ဆိုလိုတာက အတားအဆီးက အခု အရမ်းမခိုင်ခံတော့ဘူး။ သံလှံနဲ့ ထိုးရုံနဲ့ အပေါက်ဖောက်လို့ရနေပြီပေါ့။”
“ဟုတ်တယ်...ကျုပ်လည်း ပျော့နေတာတွေ့လို့ သံလှံနဲ့စမ်းကြည့်လိုက်တာ တကယ်ပေါက်သွားတယ်။”
ကုထောင်ချွေ့ရှန်းက ကို့ရို့ကားယားအမူအယာဖြင့် ပြောလိုက်သည်။
ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။
“အပေါက်ဖောက်ပြီးတော့ တစ်ခုခုထူးခြားတာ ဖြစ်သွားသေးလား။”
ကုထောင်ချွေ့ရှန်းက ခေါင်းခါပြလိုက်သည်။
“ထူးထူးခြားခြားတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် အဲဒီအပေါက်ကနေ အတားအဆီးအပြင်ဘက်ကိုကြည့်လိုက်တော့ တစ်ခုခုထူးဆန်းနေတာကို တွေ့လိုက်ရတယ်။”
“ဟမ်...ဘာထူးဆန်းတာလဲ။”
ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အစက တားမြစ်ချက်အပြင်ဘက်မှာလည်း ကျုပ်တို့လိုပဲ နှင်းထူတဲ့ဆောင်းရာသီဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် အပေါက်ကနေ ချောင်ူကြည့်လိုက်တော့ လုံးဝကွဲပြားနေတာကို တွေ့လိုက်ရတယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
ရှောင်းယီက မျက်မှောင်ကျုံ့လိုက်မိပြီး ကုထောင်ချွေ့ရှန်း၏ ဖော်ပြချက်ကိုနားထောင်နေလိုက်သည်။
သူ၏ဖော်ပြချက်အရ တားမြစ်ချက် အပြင်ဘက်ရှိ ပင်လယ်ရေမှာ ခဲမနေပေ။ ပြာလဲ့နေသောပင်လယ်နှင့် ကောင်းကင်၌ နေရောင်ခြည်များပင် တောက်ပနေခဲ့သည်။
ကုထောင်ချွေ့ရှန်းသည် အတားအဆီးအပြင်ဘက်ရှိ အပူချိန်ကို မခံစားရသော်လည်း အပြင်ဘက်ရှိ မြင်ကွင်းကိုကြည့်ရုံနှင့် အပူချိန်မှာ ၂၀ဒီဂရီလောက်သာရှိမည်ကို သိနိုင်ပေသည်။
ရှောင်းယီသည် ဒဏ္ဍာရီပုံပြင်တစ်ပုဒ် နားထောင်နေရသလိုပင် ခံစားလိုက်ရ၏။
တားမြစ်ချက်တစ်ခုက အပူချိန်အလွန်ကွာခြားသော ကမ္ဘာနှစ်ခုကို ပိုင်းခြားထားခဲ့သည်။
“မင်းအမြင်မှာတာတော့ မဟုတ်ဘူးမလား။”
ရှောင်းယီက အတည်ပြုရန် ထပ်မေးလိုက်သည်။
“ဘယ်ကသာ မှားမြင်ရမှာလဲ။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေ၏။
“ဘာလို့လဲဆိုတော့ ကျုပ် ဖောက်ထားတဲ့အပေါက်နားက ပင်လယ်ရေတွေက ချက်ချင်းခဲသွားတာကို ကျုပ်တွေ့လိုက်ရတယ်လေ။”
ရှောင်းယီက ထပ်မံ၍ မျက်မှောင်ကျုံ့လိုက်မိသည်။
“ဆိုလိုတာက မင်းဖောက်ထားတဲ့အပေါက်ကနေ အေးစက်တဲ့လေတွေ ထွက်သွားပြီး အနီးနားက ပင်လယ်ရေတွေကို ရေခဲသွားစေတာလား။”
“ဟုတ်တယ်...။ ကျုပ်ဖောက်ထားတဲ့အပေါက်ကို ဗဟိုပြုပြီး ရေခဲတွေက တဖြည်းဖြည်း ပြန့်သွားတယ်။ အဝေသကိုပြေးသွားတဲ့ သင်္ဘောတစ်စီးကိုလည်း တွေ့လိုက်ရတယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“သင်္ဘောပေါ်မှာ လူတွေရှိလား။”
ရှောင်းယီက မေးလိုက်သည်။
“ရှိတယ်...ဒီနေရာရဲ့ ဒေသခံတွေထင်တယ်။ ခေါင်းပေါ်မှာ ငှက်မွေးတွေတပ်ထားပြီး ရိုးရိုးသားရေအဝတ်တွေ ဝတ်ထားတယ်။ တော်တော်များများရဲ့ လက်မောင်းသားတွေက သန်မာကြပုံပဲ။”
ကုထောင်ချွေ့ရှန်းက သေချာစွာ ပြန်ဖြေလိုက်၏။
“သူတို့ရဲ့ ကြွက်သားတွေကိုကြည့်လိုက်တော့ ကျုပ်ရဲ့ကြွက်သားတွေက အားနည်းနေသလိုတောင် ခံစားလိုက်ရတယ်။”
ရှောင်းယီက သူ၏မျက်လုံးတစ်ဝက်ကို မှေးကျဥ်းပြီး ခဏကြာအောင် စဉ်းစားလိုက်သည်။
“ဒါဆိုရင် မင်းရဲ့အပေါက်ကို ကြီးအောင်လုပ်လိုက်တော့။”
“ဟမ်...”
ကုထောင်ချွေ့ရှန်း နားမလည်နိုင်ဖြစ်သွားခဲ့၏။
“ငါဆိုလိုတာက မင်းဖောက်ထားတဲ့အပေါက်ကို ပိုကြီးအောင်လုပ်လိုက်။ ကြီးလေကောင်းလေပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ကုထောင်ချွေ့ရှန်းက ပြိ၍ပင် ခေါင်းရှုပ်သွားခဲ့သည်။
တားမြစ်ချက်က သူတို့ကို အပြင်ကလူတွေဆီကနေ ကာကွယ်ပေးထားတာလေ။
သူက မတော်တဆ အပေါက်ဖောက်မိသွားတာကိုတောင် နောင်တရနေပြီ။ အခု ရှောင်းယီက ဒီတားမြစ်ချက်ကို ဆက်ပြီးဖျက်ဆီးဖို့ ပြောနေတာလား။
ဒါဆို အဲ့ဒီတံခါးကိုဖွင့်ပြီး ဒေသခံတွေကို ဝင်ခွင့်ပေးလိုက်သလို ဖြစ်မသွားဘူးလား။
“မင်း အခုနပြောပုံအရဆိုရင် တားမြစ်ချက်အပြင်ဘက်က နွေဦးနဲ့ နွေရာသီဖြစ်လောက်တယ်။ သူတို့က ပါးပါးလေးတွေဝတ်ထားတာပဲ။ ဒါဆို သူတို့ကို ငါတို့ရဲ့အေးစက်တဲ့ရာသီဥတုကို မျှဝေခွင့်ပေးလိုက်ရအောင်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ထိုအခါ ကုထောင်ချွေ့ရှန်း၏ မျက်လုံးများ တောက်ပသွားပြီး ရှောင်းယီ၏ ဆိုလိုရင်းကိုနားလည်သွားခဲ့တော့လေသည်။
“ဟုတ်ပြီ.. ကျုပ်နားလည်ပြီ။ အခုချက်ချင်း သွားလုပ်လိုက်မယ်။”
ထိုသို့ပြောပြီးနောက် ကုထောင်ချွေ့ရှန်း ပြေးထွက်သွားရန်လုပ်လိုက်စဉ် ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
“ခဏနေဦး။”
“ဘာဖြစ်လို့လဲ။”
ကုထောင်ချွေ့ရှန်းက ပြန်လှည့်လာပြီး မေးလိုက်သည်။
“မင်းရဲ့လှေကို ယူသွားသင့်တယ်။ တားမြစ်ချက်ကို ဖျက်စီးလိုက်လို့ ရေခဲတွေအရည်ပျော်သွားရင် မင်း ရေထဲပြုတ်ကျသွားလိမ့်မယ်။”
ရှောင်းယီက သတိပေးလိုက်၏။
၎င်းသည် ချက်ချင်းကြီး အရည်ပျော်ကျသွားမည်မဟုတ်သော်လည်း ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေရန် လိုအပ်ပေသည်။ ကုထောင်ချွေ့ရှန်းလည်း ရုတ်တရက်သဘောပေါက်သွားကာ ခေါင်းငြိမ့်လိုက်၏။
“ဟုတ်သာပဲ။ သူဌေး သတိပေးလို့ တော်သေးတယ်။”
ထို့နောက် ကုထောင်ချွေ့ရှန်းသည် သူ၏လှေနားက ရေခဲများကို ချိုးဖဲ့ပြီး လှေကိုရေခဲပြင်ပေါ်တင်ကာ ကျွန်းအနောက်ဘက်သို့ ဆွဲသွားလိုက်လေသည်။
ကံကောင်းသည်မှာ ရေခဲပေါ်တွင်ဖြစ်သောကြောင့် လှေက အရမ်းမလေးပေ။
ယခင်က ဖောက်ထားသော အပေါက်နားကို ရောက်သောအခါ ကုထောင်ချွေ့ရှန်း အပြင်ဘက်ကို ချောင်းကြည့်လိုက်၏။ ယခင်က ပြေးထွက်သွားသော ရွက်လှေတစ်စီးက မထင်မှတ်ဘဲ ပြန်ရောက်ခဲ့ပြီး သိပ်မဝေးသောနေရာတွင်ရပ်ကာ တားမြစ်ချက်ပေါ်ရှိ အခြေအနေကို ဂရုတစိုက်ကြည့်နေခဲ့လေသည်။
“ဟဲဟဲ...မင်းတို့ ပြန်ရောက်လာကြတာလား။ ဒါဆို မင်းတို့လည်း အေးစက်တဲ့ရာသီဥတုရဲ့ အရသာကို ခံစားကြည့်လိုက်ကြပါဦး။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။ ထို့နောက် သူသည် သူ၏သစ်သားလှေလေးပေါ်တွင် ရပ်လိုက်ပြီး တားမြစ်ချင်ကို သံလှံနှင့် အားကုန်ထိုးစိုက်လိုက်တော့သည်။
ဖောက်! ဖောက်! ဖောက်
သူတစ်ချက်တစ်ချက်ထိုးလိုက်တိုင်း အပေါက်တစ်ခု ဖောက်နိုင်လိုက်၏။
မကြာခင်မှာပင် လှေနားရှိ တားမြစ်ချက်မှာ ကုထောင်ချွေ့ရှန်း၏ လှံကြောင့် ပျားအုံကဲ့သို့ အပေါက်ပေါင်းသောင်းခြောက်ထောင် ဖြစ်သွားတော့လေသည်။
“ငါ့အတွက် ကျိုးပျက်လိုက်စမ်း!”
မတည်မငြိမ်ဖြစ်လာသော တားမြစ်ချက်ကို ကြည့်လိုက်ပြီး ကုထောင်ချွေ့ရှန်း အော်ဟစ်လိုက်၏။ ထို့နောက် နောက်ဆုံးတစ်ချက် အားကုန်ထိုးစိုက်လိုက်တော့သည်။
ဝုန်း...
ထိုတားမြစ်ချက်သည် ယခင်ကတည်းက ကုထောင်ချွေ့ရှန်း၏ လှံကြောင့် ငါးဖမ်းပိုက်ကဲ့သို့ဖြစ်နေခဲ့ပြီး အပူချိန်ဖလှယ်မှု၏ဖိအားနှင့်အတူ လုံးဝကျိုးပျက်သွားခဲ့ကာ အပေါက်ကြီးတစ်ခုဖြစ်သွားခဲ့တော့သည်။
အေးစက်သောလေများသာ် တားမြစ်ချက်၏ အပြင်ဘက်ကို တဟုန်ထိုး ပြေးထွက်သွားပြီး တားမြစ်ချက်ပြင်ပက နွေးထွေးလေများက ကုထောင်ချွေ့ရှန်းဆီသို့ တိုးဝင်လာခဲ့သည်။
သို့သော် တားမြစ်ချက်၏ အတွင်းဘက်က တကယ်ကို အေးခဲလွန်းသောကြောင့် ထိုနွေးထွေးသည့် လေလေးအနည်းငယ်က ရေခဲများကို ချက်ချင်း အရည်မပျော်စေနိုင်ခဲ့ပေ။
အေးစက်စက်လေများ စီးထွက်လာသည်နှင့်အမျှ ပင်လယ်ပေါ်ရှိ ရေခဲများသည်လည်း တားမြစ်ချက်၏အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားတော့သည်။
ထိုအခါ ရပ်ကြည့်နေသောရွက်လှေသည် သူတို့ရှေ့တွင် ဖြစ်ပျက်နေသော အခြေအနေကို မြင်လိုက်ရကာ ထပ်မံ၍ နောက်လှည့်ထွက်ပြေးလိုက်သော်လည်း အချိန်မီတော့ပေ။
ရေခဲများသည် ရွက်လှေရောက်နေသောနေရာအထိ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး ရွက်လှေကို ရေခဲထဲ၌ အေးခဲသွားစေခဲ့သည်။
ကုထောင်ချွေ့ရှန်းသည် တားမြစ်ချက်အပြင်ဘက်ရှိ အခြေအနေကိုသတိမထားမိဘဲ သူ၏လှေကိုနေရာရွှေ့၍ ဆက်ကာ သာ လိုက်လံထိုးစိုက်နေ၏။
အပေါက်ကြီးသုံးခုဖောက်ပြီးနောက် အဝေးရှိရေခဲထဲတွင် အေးခဲနေသောသင်္ဘောကြီးတစ်စီးကို သူ တွေ့လိုက်ရတော့သည်။
“ဟားဟား!!! ဒါက စပ်စုခြင်းရဲ့ အကျိုးဆက်ပဲ။ အခု မင်းတို့ ထွက်ပြေးလို့မရတော့ဘူး။ ဒါက ပထမဆုံးတိုက်ပွဲမှာတင် အောင်ပွဲခံလိုက်ရတာပဲ။”
ကုထောင်ချွေ့ရှန်းက ရယ်မောရင်း ပြောလိုက်သည်။
ရှောင်းယီ ပို့ပေးထားသော C အဆင့်ရွက်လှေလေးကိုကြည့်ရင်း ကုထောင်ချွေ့ရှန်းက တွေးလိုက်မိ၏။
“ဒါမှမဟုတ် သွားကြည့်လိုက်ရမလား။ ပစ္စည်းကောင်းတွေ ရှိမလားမသိဘူး။”
ထိုကဲ့သို့ တွေးလိုက်ပြီးနောက် ကုထောင်ချွေ့ရှန်းသည် သူ၏သစ်သားလှေလေးကို သူဖောက်ထားသော အပေါက်ကြီးကြားမှတစ်ဆင့် တားမြစ်ချက်အပြင်ဘက်သို့ ဆွဲထုတ်လိုက်၏။ အပြင်သို့ရောက်သောအခါ အတားအဆီးအပြင်ဘက်ရှိ ပင်လယ်ရေခဲများက အတော်လေးမာကျောနေသည်ကို တွေ့လိုက်ရလေသည်။
မကြာခင်မှာပင် ကုထောင်ချွေ့ရှန်းသည် သင်္ဘောကြီးနားသို့ ရောက်သွားခဲ့၏။ ရွက်လှေကြီးမှာ တိတ်ဆိတ်နေခဲ့သည်။ သူသည် လှံကို လက်ထဲတွင် ဆုပ်ကိုင်ပြီး သတိထားကာ ရွက်လှေပေါ်သို့ တက်လိုက်သည်။
ရွက်လှေပေါ်၌ လူတစ်ယောက်သာရှိပြီး ထိုလူသည်လည်း ရွက်လှေပေါ်တွင် လဲကျနေကာ သူ၏တစ်ကိုယ်လုံး ရေခဲများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
အခန်းထဲသို့ ဝင်သွားလိုက်သောအခါ လူတစ်စုသည် တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြပြီး ရေခဲရုပ်တုများ ဖြစ်နေကြလေသည်။
သူတို့သည် သားရေအဝတ်တစ်ထည်သာ ဝတ်ထားကြရာ ဤကဲ့သို့သော အအေးဒဏ်ကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။
အပူချိန်ကို နှစ်ဖက်ညှိလိုက်လျှင်ပင် အနှုတ်၂၀ဒီဂရီကျော်နေမည်ဖြစ်ပြီး ဤလေဝင်ပေါက်နား၌မူ ပိုအေးမည်မှာ သေချာနေခဲ့ရာ ၎င်းမှာ သားရေအဝတ်တစ်ထည်တည်းဖြင့် ခံနိုင်မည့်အရာမဟုတ်ပေ။