အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁)
ကစားသမားငါးဦးစလုံး၏ အသက်မှတ်လျော့နည်းသွားခြင်း မရှိသဖြင့် ဤတိုက်ပွဲကို ခက်ခဲသောတိုက်ပွဲဟု မခေါ်ဆိုနိုင်ပေ။ သို့သော်လည်း ဤတိုက်ပွဲအပြီးတွင် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို အထင်အရှား မြင်တွေ့လိုက်ရသည်။
အကျဉ်းချုပ်ရသော် ကစားသမားငါးဦးအနက် သုံးဦးမှာ ဇာတ်လမ်းကို အောင်မြင်အောင် ကစားနိုင်စွမ်းရှိပြီး ကျန်နှစ်ဦးမှာမူ အသုံးမဝင်သော ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်ကြသည်။
ဝမ်တန်ကျိ၏ မျက်နှာနှင့် အဝတ်အစားများပေါ်တွင် ကလေးမကောင်းဆိုးဝါး၏ သွေးများ ပေကျံနေ၏။ ကံကောင်းထောက်မစွာပင် ထိုမကောင်းဆိုးဝါး၏ခန္ဓာကိုယ်မှ ထွက်လာသော အရည်များ၌ အဆိပ် သို့မဟုတ် အခြားသော ထူးခြားသည့်အာနိသင်များ ပါဝင်ခြင်း မရှိပေ။ ၎င်းသည် ဝမ်တန်ကျိ၏ ကိုယ်နံ့ကိုသာ ပိုမိုဆိုးရွားသွားစေခြင်းဖြစ်သည်။ လုံအောင်းမင်မှာမူ ဒိုင်းကို ကိုင်ဆောင်ထားသဖြင့် သူ့အဝတ်အစားများမှာ အတော်အတန် သန့်ရှင်းနေသေးသည်။ တစ်ဖက်တွင် ဖုန်းပုကြွယ်မှာလည်း အတော်လေး 'ညစ်ပေ' နေသော်လည်း ထိုပြဿနာကို သူလျင်မြန်စွာ ဖြေရှင်းလိုက်၏။
ဖုန်းပုကြွယ်သည် အဖြေတစ်ခုကို ရှာတွေ့သွားပုံရသည်။ နောက်ဆုံးကျန်ရှိသော သန္ဓေပြောင်း ကလေးမကောင်းဆိုးဝါးကို ရှင်းလင်းပြီးနောက် သူသည် ကားတစ်စီးဆီသို့ လျှောက်သွားလိုက်သည်။ သူ ကားတံခါးကို ဖွင့်ကာ ထိုင်ခုံစွပ်တစ်ခုကို ဆွဲထုတ်လိုက်၏။ ထို့နောက် လမ်းဘေးရှိ မီးသတ်ပိုက်ခေါင်းတစ်ခုဆီသို့ သွားကာ ဂွကို အသုံးပြု၍ ဘားကိုလျှော့လိုက်ရာ ရေများ ပန်းထွက်လာသည်။ ထို့နောက် ထိုင်ခုံစွပ်ကို အဝတ်စကဲ့သို့ အသုံးပြုကာ စီးထွက်လာသော ရေဖြင့် သူ့မျက်နှာနှင့် အဝတ်အစားများကို သုတ်သင်လိုက်သည်။ သူသည် ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများနှင့် အနံ့အသက်များကို ဤနည်းဖြင့် လျင်မြန်စွာ ဆေးကြောပစ်လိုက်သည်။
ဝမ်တန်ကျိသည်လည်း ၎င်းအတိုင်း လိုက်လုပ်ကာ ကားထဲမှ အဝတ်စတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဖုန်းပုကြွယ်ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို စတင် သန့်ရှင်းရေးလုပ်တော့သည်။
လုံအောင်းမင်က ကလေးမကောင်းဆိုးဝါးများ၏ အလောင်းများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်လိုက်သည်။ ၎င်းတို့အားလုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်မှ သူသည် သက်လုံအမှတ်များ ပြန်လည်ပြည့်လာစေရန် လမ်းဘေးတွင် ခေတ္တ ထိုင်နားလိုက်တော့သည်။
မစ္စတာ ‘အထီးကျန်ဆုံး’ နှင့် မစ္စ ‘ဝမ်းအနည်းဆုံး’တို့သည် လမ်းမီးတိုင်အလင်းရောင်ရှိရာသို့ လျှောက်လာကြသည်။
"ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားတို့သာ မရှိရင် ကျွန်တော်တို့တော့ သွားပြီ"
မစ္စတာ’အထီးကျန်ဆုံး’က ပြောလိုက်၏။ သူ့လေသံမှာ အရင်ကထက် ပိုနှိမ့်ချလာလေသည်။ အစပိုင်းတွင် သူသည် သူ့အဆင့်က အဆင့် ၅ ရှိသော ထိုလူနှစ်ယောက်ထက် ပိုမြင့်သဖြင့် သူ့တွင် ပို၍ စကားပြောခွင့်ရှိသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမူ ဖုန်းပုကြွယ်၏ အကြံပြုချက်များကို သူ မေးခွန်းထုတ်တော့မည် မဟုတ်ပေ။
"ငါတို့ မိစ္ဆာတံခါးရဲ့ တည်နေရာဆီ မရောက်ခင်..."
ဖုန်းပုကြွယ်သည် သူ့မျက်နှာကို သန့်ရှင်းအောင် ဆေးကြောပြီးနေပြီ ဖြစ်သည်။ သူက အင်္ကျီနှင့် ဘောင်းဘီကို သုတ်ရင်း ဆက်ပြောသည်။
"... ငါ မင်းတို့ တစ်ယောက်ချင်းစီအတွက် အသုံးအဆောင် ပစ္စည်းတစ်ခုခု ရှာပေးရမယ်၊ အရည်အသွေးညံ့တဲ့ပစ္စည်းပဲဖြစ်ဖြစ် လက်ဗလာနဲ့ တိုက်တာထက်စာရင်တော့ ပိုကောင်းတာပေါ့"
"ဒီဇာတ်လမ်းထဲက မြို့က အရမ်းကြီးတယ်၊ လမ်းမပေါ်မှာ လက်နက်အဖြစ် သုံးလို့ရမယ့် တစ်ခုခုကို ရှာရတာမခက်ဘူးလို့ ငါယုံတယ်၊ တကယ်လို့ တခြားနည်းလမ်း မရှိရင်တောင် သံချောင်းတစ်ချောင်း ကောက်ကိုင်တာ ဒါမှမဟုတ် ညီလေးဖုန်းရဲ့ ဂွကို သုံးပြီး အစိတ်အပိုင်းတချို့ကို ဖြုတ်ယူတာမျိုး လုပ်လို့ရတယ်"
လုံအောင်းမင်က ပြောသည်။
"ဒါနဲ့... ခုနက မင်းပြောခဲ့တဲ့ အမှောင်ထုနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ သုံးခုအကြောင်း..."
"ပထမ ဖြစ်နိုင်ခြေကတော့... ပတ်ဝန်းကျင်က အလင်းရောင်က တကယ်မှောင်သွားတာ မဟုတ်ဘဲ ငါတို့ရဲ့ အမြင်အာရုံနဲ့ အကြားအာရုံက တစ်ပြိုင်တည်း အနှောင့်အယှက် ခံလိုက်ရတာပဲ"
ဖုန်းပုကြွယ်က တိုက်ရိုက်ပြန်ဖြေသည်။
"ငါတို့ရဲ့ မျက်လုံးတွေက အမှောင်ထုကြောင့် ကွယ်သွားသလို ဖြစ်ပြီး နားထဲမှာလည်း ထူးဆန်းတဲ့ အသံတွေ ကြားနေရတယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့ အရင်အတိုင်းပဲ"
သူ ခဏရပ်လိုက်သည်။
"တကယ်လို့ ဒီယူဆချက်က မှန်တယ်ဆိုရင် ပြဿနာတစ်ခု ရှိလာမယ်၊ ငါတို့ကို နှောင့်ယှက်တဲ့ 'အဓိက အရာ' က ငါတို့အနီးအနားမှာ ပုန်းနေပြီး ငါတို့က မမြင်ရတာလား... ဒါမှမဟုတ် အဝေးတစ်နေရာရာမှာ ရောက်နေတာလား ဆိုတာပဲ"
'အနီးအနား' နှင့် 'မမြင်ရခြင်း' ဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ ကျန်ရှိသော လူလေးဦးမှာ ကြက်သီးမွေးညင်းများ ထသွားကြသည်။ ဖုန်းပုကြွယ် တစ်ဦးတည်းသာလျှင် ဘာမှ မဖြစ်သကဲ့သို့ ရှိနေ၏။
"နောက်ပြီး... အဲ့ဒီမကောင်းဆိုးဝါးက နောက်ဆုံးမှာ ဘာလို့ ပြောင်းလဲသွားတာလဲ၊ ငါတို့ကို နှောင့်ယှက်နေတဲ့အရာက အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာ မကောင်းဆိုးဝါးကိုပါ လွှမ်းမိုးလိုက်လို့လား"
သူသည် ခန္ဓာကိုယ်ကို သန့်ရှင်းအောင် သုတ်ပြီးနောက် ထိုင်ခုံစွပ်ကို လွှင့်ပစ်လိုက်သည်။
"ဒါတွေက လက်ရှိမှာ သက်သေမပြနိုင်သေးတဲ့ ယူဆချက်တွေပဲ၊ ဒါတွေကို ငါ ထဲထဲဝင်ဝင် မစဉ်းစားချင်သေးဘူး၊ အင်း... ဒုတိယ ဖြစ်နိုင်ခြေအကြောင်း ပြောရအောင်၊ အမှောင်ထုက တကယ်ရှိနေတာ၊ ပြီးတော့ အဲ့ဒါက တစ်မြို့လုံး ဒါမှမဟုတ် ဒီဇာတ်လမ်းထဲက တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားတာမျိုးပေါ့"
ဝမ်တန်ကျိက ကြားဖြတ်မေးသည်။
"အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ လမ်းမီးတိုင်တွေကို ထားလိုက်ဦး၊ လမင်းကြီးက မီးသီးမှ မဟုတ်တာ၊ ဘယ်လိုလုပ် အလွယ်တကူ ပိတ်ပစ်လို့ ရမှာလဲ"
"ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့၊ စွမ်းအားတစ်ခုခုက အဲ့လိုလုပ်ခဲ့တယ်လို့ ငါတို့ ယူဆလို့ ရတယ်၊ အဲ့ဒါဆိုရင်... ခုနက ဖြစ်ပျက်ခဲ့တာက ဒီကမ္ဘာကြီးဟာ အမည်မသိအမှောင်ထုရဲ့ ဝါးမြိုတာကို စက္ကန့်အနည်းငယ်လောက် ခံလိုက်ရတာပဲ၊ အဲ့ဒီ စက္ကန့်ပိုင်းအတွင်းမှာ မကောင်းဆိုးဝါးက... ဒီအမှောင်ထုရဲ့ လွှမ်းမိုးမှုအောက်မှာ... ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုနဲ့ အားကောင်းလာမှုတွေ ဖြစ်သွားတာ ဖြစ်ရမယ်"
သူ ဂွကို ပြန်သိမ်းလိုက်ပြီး လမ်းဘေးတွင် ထိုင်လိုက်သည်။
"ငါ့အမြင်အရာတော့ ဒုတိယဖြစ်နိုင်ခြေကို ပိုယုံကြည်တယ်၊ ဒီလို အမှောင်ထုမျိုးက သဘာဝ ဖြစ်စဉ်တစ်ခုနဲ့ ပိုတူတယ်၊ အဲ့ဒါရဲ့ အကျိုးသက်ရောက်မှုက ငါတို့ကိုပဲ တိုက်ရိုက်ရည်ရွယ်တာ မဟုတ်ဘဲ ပစ်မှတ်တစ်ခုတည်းကို သတ်မှတ်ထားတာမျိုး မရှိဘူး"
"တတိယ ဖြစ်နိုင်ခြေကကော ဘာလဲ"
လုံအောင်းမင်က မေးသည်။
"ငါတို့ ပထမဆုံး မကောင်းဆိုးဝါးလေးကောင်ကို သတ်တုန်းက ပြခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် စနစ်က ဇာတ်လမ်းရဲ့ အခက်အခဲကို ပြောင်းလဲလိုက်တာပဲ"
ဖုန်းပုကြွယ်က ပြန်ဖြေ၏။
"ဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်"
မစ္စတာ'အထီးကျန်ဆုံး' က ပြောသည်။
"ကျွန်တော်နဲ့ 'ဝမ်းအနည်းဆုံး'တို့ ဒီဇာတ်လမ်းကို နှစ်ခါတောင် ကစားဖူးတယ်၊ အဲ့လိုမျိုး တစ်ခါမှ မကြုံဖူးဘူး၊ အဖွဲ့က ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ နိုင်နိုင် ဇာတ်လမ်းရဲ့ အခက်အခဲက ရုတ်တရက် တိုးလာတာမျိုး မရှိပါဘူး"
မစ္စတာ 'အထီးကျန်ဆုံးသူ' က ထပ်ပြောသည်။
"ကျွန်တော်တို့ အရင်က အစ်ကိုလုံတို့လို အဆင့်ရှိတဲ့ ကစားသမားတွေနဲ့ ဆုံဖူးတယ်၊ ဇာတ်လမ်း အစောပိုင်းမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို ချက်ချင်း သတ်နိုင်ကြတယ်၊ ဒါကြောင့် အဆင့် ၁၀ ရှိတဲ့ ကစားသမားတစ်ယောက် ဦးဆောင်ရင် ဒီဇာတ်လမ်းကို နိုင်နိုင်တယ်လို့ ကျွန်တော်ပြောခဲ့တာ"
သူသည် အမှန်အတိုင်း ပြောခြင်း ဖြစ်သော်လည်း အရင်ဇာတ်လမ်းတွင် အဆင့် ၁၀ ရှိသော ကစားသမားက သူတို့ကို အထူးတလည် ကာကွယ်ပေးခြင်းမရှိသဖြင့် သူတို့ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
"အင်း... ငါလည်း တတိယဖြစ်နိုင်ခြေက အရမ်းနည်းတယ်လို့ ထင်တယ်"
ဖုန်းပုကြွယ်က စဉ်းစားရင်း ပြောလိုက်သည်။ အမှန်တကယ်တွင် သူ ဤယူဆချက်ကို ထုတ်ပြောခဲ့ခြင်းမှာ တစ်ကိုယ်တော်ရှင်သန်ရေးမုဒ်တွင် AI က သူ့ကို ဂျင်းထည့်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဤဖြစ်နိုင်ခြေကို ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
"ဒါက အဖွဲ့လိုက်ရှင်သန်ရေးမုဒ်ကို ငါပထမဆုံး ကစားဖူးတာဆိုတော့ အခြေအနေမှန်ကို သေချာ မသိသေးဘူး၊ အဲ့လိုဆိုရင်တော့... ဒီဖြစ်နိုင်ခြေကို ပယ်လိုက်လို့ ရပါတယ်"
ထိုနောက် ဝမ်တန်ကျိသည်လည်း ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေး လုပ်ပြီးသွားပြီ ဖြစ်သည်။ သူမတ်တပ်ရပ်လိုက်ပြီး ပြောသည်။
"ပထမ ဖြစ်နိုင်ခြေနှစ်ခုကိုတော့ အချိန်နဲနဲလောက်ကြာရင် အတည်ပြုလို့ ရမှာပါ၊ ဟုတ်တယ်မလား၊ တကယ်လို့ အစ်ကိုပုကြွယ်ပြောတာ မှန်တယ်ဆိုရင် ဘယ်တစ်ခုပဲဖြစ်ဖြစ် ဇာတ်လမ်း ဆက်သွားနေသရွေ့ အမှောင်ထုက ထပ်ရောက်လာဦးမှာပဲ"
"မင်းပြောတာလည်း ဟုတ်တာပဲ..."
လုံအောင်းမင် မတ်တပ်ရပ်လိုက်သည်။ သူ၏ သက်လုံအမှတ်များမှာ အတော်အတန် ပြန်ပြည့်လာပြီ ဖြစ်သည်။
"ဒါဆိုရင် ငါတို့ နောက်ထပ် မကောင်းဆိုးဝါးတွေ ဒါမှမဟုတ် အမှောင်ထုနဲ့ မဆုံခင် မစ္စတာ 'အထီးကျန်ဆုံး' တို့အတွက် အသုံးအဆောင်ပစ္စည်းတွေကို အရင် ဖြေရှင်းပေးကြတာပေါ့"
ဖုန်းပုကြွယ်သည်လည်း မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
"ငါသွားဖို့ စီစဉ်ထားတဲ့ လမ်းကြောင်းက ရဲစခန်းတစ်ခုကို ဖြတ်သွားလိမ့်မယ်၊ အဲ့ဒီကို ရောက်ရင် ငါတို့ ဝင်ရှာဖွေကြမယ်၊ အဲ့ဒီမှာ သေနတ်တွေ၊ နံပါတ်တုတ်တွေ ရှိကောင်းရှိနိုင်တယ်... ငါတို့ ကံကောင်းရင် ကျည်ကာအင်္ကျီတွေ၊ မျက်နှာဖုံးတွေနဲ့ ဒိုင်းတွေကိုပါ တွေ့နိုင်တယ်"
သူသည် စိတ်မရှည်တော့သည့် ပုံစံမျိုး ဖြစ်နေလေသည်။
"ငါ Shotgun နဲ့ ပစ်ကြည့်ချင်နေတာ ကြာပြီ..."
၎င်းကို ကြားလိုက်ရသောအခါ လုံအောင်းမင်၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ ဖုန်းပုကြွယ်၏ လေသံသည် လူသတ်ရန် လက်နက်မရှိသေးသော ရူးသွပ်နေသည့် လူသတ်သမား တစ်ယောက်နဲ့ တူနေပေသည်...။
အဖွဲ့သည် မိနစ်အနည်းငယ်ကြာ ဆွေးနွေးပြီးနောက် ဖုန်းပုကြွယ်ပြောသော ရဲစခန်းရှိရာသို့ ဦးတည်ကာ ပြန်လည် ထွက်ခွာလာကြသည်။ ပတ်ဝန်းကျင်ရှိ ဖိနှိပ်နေသောသော လေထုသည် မှောင်မိုက်နေဆဲဖြစ်ပြီး အမှောင်ထဲတွင် မကောင်းဆိုးဝါးမည်မျှ ပုန်းအောင်းနေသည်ကို မသိနိုင်ပေ။ သို့သော်လည်း သူတို့ ငါးဦးလုံးသည် ဖုန်းပုကြွယ်ပြောပြသော ရဲစခန်းသို့ရောက်ရန် မျှော်လင့်ချက် ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဂိမ်း၏ အစောပိုင်းအဆင့်များတွင် ပစ်ခတ်ရသော လက်နက်များမှာ အလွန်ရှားပါးသောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့ သေနတ်တစ်လက်ကို ရှာတွေ့ခဲ့လျှင်။ ၎င်းမှာ စွမ်းအားကြီးသော Shotgun သို့မဟုတ် အော်တိုမက်တစ်သေနတ်မျိုး ဖြစ်နေခဲ့လျှင်။ ဇာတ်လမ်းတစ်ဝက်တွင် သေဆုံးသွားခဲ့လျှင်ပင် ၎င်းက တန်ဖိုးရှိလှပေသည်။
အခန်း (၂၂)
လမ်းမအတိုင်း ဆယ့်ငါးမိနစ်ခန့် လျှောက်လှမ်းပြီးနောက် ထိုငါးဦးအဖွဲ့သည် ရဲစခန်းအဝင်ဝသို့ ရောက်ရှိလာကြတော့သည်။ အဆောက်အဦးသည် စတုရန်းမီတာငါးရာခန့် ကျယ်ဝန်းပြီး အရှေ့ဘက်တံခါးမှာ လမ်းမဘက်သို့ မျက်နှာမူထား၏။ ဘေးတံခါးမှာမူ ကားပါကင်သို့ ဆက်သွယ်ထားသည်။
ဖုန်းပုကြွယ်သည် ဘေးတံခါးကို အရင်သွားကြည့်၏။ ၎င်းမှာ ကားဝင်သည့် လမ်းလေးဖြစ်ပြီး အဆုံးတွင် အလွန်မြင့်မားသော နံရံကြီးတစ်ခု ရှိနေသည်။ ရွှေ့လျား၍ရသော သံတံခါးတစ်ခုက အဝင်ဝကို ပိတ်ဆို့ထားပြီး အထဲသို့ လှမ်းကြည့်လိုက်ပါက မှောင်မည်းနေရုံမှလွဲ၍ ဘာမျှမမြင်ရပေ။ ၎င်းမှာ လမ်းပိတ်တစ်ခု ဖြစ်ပုံရသည်။
သူ အရှေ့ဘက်တံခါးသို့ ပြန်ရောက်သောအခါ လုံအောင်းမင်မှာ စစ်ဆေးမှု ပြီးဆုံးနေပြီ ဖြစ်သည်။ အရှေ့ဘက်တံခါးသည် သစ်သားဖြင့် ပြုလုပ်ထားပြီး တံခါးနှစ်ချပ်တွဲပုံစံမျိုး ဖြစ်သည်။ ၎င်းမှာ အလွန်ခိုင်ခံ့ပြီး တင်းကျပ်စွာ ပိတ်ဆို့ထား၏။ တံခါးကြားတွင် တစ်ခုခု ညပ်နေပုံရပြီး အတင်းတွန်းဖွင့်သော်လည်း တုတ်တုတ်မလှုပ်ပေ။
ဖုန်းပုကြွယ်က ခေါင်းအသာခါပြလိုက်ရာ ဘေးတံခါးမှာ အဆင်မပြေကြောင်း ဆိုလိုခြင်းဖြစ်သည်။ လုံအောင်းမင်က ပုခုံးတွန့်ပြရင်း “ဒီဘက်ကလည်း ဖွင့်လို့မရဘူး” ဟု ဆို၏။
ဝမ်တန်ကျိက ဘေးဘက်သို့ ခြေလှမ်းအနည်းငယ် သွားလိုက်ပြီး အဆောက်အဦး၏ အပြင်ဘက် နံရံကို ကြည့်လိုက်သည်။
“ပြတင်းပေါက်တွေမှာ သံတိုင်တွေ ရှိနေတာပဲ၊ အထဲဝင်ဖို့ တော်တော်လေး အားစိုက်ရမယ့်ပုံပဲ...”
သူ စကားမဆုံးခင်မှာပင် သူ့အမူအရာက ပြောင်းလဲသွားသည်။
“အာ... ခင်ဗျားတို့ အဲ့ဒီအသံကို ကြားလိုက်လား”
မှန်ပေသည်။ ထိုအသံကို ဖုန်းပုကြွယ်လည်း ကြားလိုက်သည်။
“နောက်ဆုတ်”
သူအော်ဟစ်လိုက်ရင်း အရှေ့သို့ ပြေးဝင်သွားကာ ဝမ်တန်ကျိပုခုံးကို ဆွဲ၍ နောက်သို့ ဆွဲထုတ်လိုက်သည်။
လုံအောင်းမင်၊ မစ္စ'ဝမ်းအနည်းဆုံး' နှင့် မစ္စတာ'အထီးကျန်ဆုံး' တို့က ထိုအသံကို ကြားသည်နှင့် နောက်ဆုတ်လိုက်ကြသည်။ ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရုံရှိသေးသည် သူတို့နောက်ဘက်မှ အသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ သူတို့ လှည့်ကြည့်လိုက်သောအခါ... ရဲစခန်းအရှေ့တံခါးဘေးရှိ နံရံမှာ အတွင်းဘက်မှ တိုက်ဖွင့်ခြင်း ခံလိုက်ရပြီး ဧရာမမကောင်းဆိုးဝါးကြီးတစ်ကောင်၏ ခန္ဓာကိုယ်တစ်ဝက်ခန့် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ အကယ်၍ ဝမ်တန်ကျိသာ ထိုနေရာတွင် နောက်ထပ် စက္ကန့်အနည်းငယ်ကြာ ဆက်ရပ်နေပါက အပျက်အစီးများအောက်တွင် ဖိမိသွားလောက်ပြီ ဖြစ်သည်။
“ကောင်းပြီ... ဒါက နံရံဆီကို ပြေးလာတဲ့ သူ့ခြေသံတွေပဲလို့ ငါယုံကြည်လိုက်မယ်”
ဝမ်တန်ကျိ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း အသံကျယ်ကျယ် မထွက်တော့ပေ။ ယခုအချိန်တွင် သူသည် ထိတ်လန့်တုန်လှုပ်သည့်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး သူ၏ ကြောက်ရွံ့မှုတန်ဖိုးကို ငါးဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည့် အခြေအနေများကို အသားကျလာပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကြောက်ရွံ့မှုတန်ဖိုးမှာ သုံးဆယ့်ငါးရာခိုင်နှုန်းတွင် ရပ်တန့်နေသည်မှာ ကြာပြီဖြစ်သောကြောင့်ပင်။
နံရံကို ဖောက်ထွက်လာတတ်သည့် အသေးစားဘော့စ်ဆိုသည့်အတိုင်း ထိုမကောင်းဆိုးဝါးသည် ပေါ်လာသည်နှင့် ဟိန်းဟောက်လိုက်၏။ ဖုန်းပုကြွယ်ကား ဤအကောင်ကို အမှန်တကယ်ပင် မှတ်မိနေလေသည်။ ၎င်းမှာ သွေးအလောင်းကောင်ပင် ဖြစ်သည်။
ဤသွေးအလောင်းကောင်သည် ဖုန်းပုကြွယ် လူသစ်အစမ်းလေ့ကျင့်ရေးတွင် တွေ့ခဲ့ရသည့် အကောင်ထက် သိသိသာသာ ပိုသန်မာပေသည်။ ၎င်း၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး တစ်ဆခန့် ပိုကြီး၏။ ထို့ပြင် သူအရင်က တွေ့ခဲ့ဖူးသောအကောင်မှာ နံရံကို လက်ဗလာဖြင့် အပေါက်ဖောက်ရုံသာ တတ်နိုင်သော်လည်း ယခုတစ်ကောင်မှာမူ အင်္ဂတေနံရံကြီး တစ်ခုလုံးကို တိုက်ချပစ်လိုက်ခြင်း ဖြစ်သည်။
“အရမ်းကောင်းတယ်... ငါတို့အတွက် ဝင်ပေါက်ကို ဖွင့်ပေးလိုက်ရုံတင်မကဘဲ သန်မာတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကိုသုံးပြီး အထဲမှာ ကောင်းမွန်တဲ့ ဆုလာဘ်တွေ ရှိနေတယ်ဆိုတာကိုပါ အရိပ်အမြွက် ပြလိုက်တာပဲ၊ ဟဲဟဲ...”
ဖုန်းပုကြွယ်သည် ထိုရှည်လျားကြမ်းကြုတ်လှသော မကောင်းဆိုးဝါးကြီးကို စိုက်ကြည့်ရင်း ငါးခူပြုံး ပြုံးမိသွားသည်။ သူ့လေသံမှာ ကောင်းမွန်သည့် အရာတစ်ခုခုနှင့် ကြုံတွေ့လိုက်ရသည့်အလားပင်။
“ညီလေးဖုန်း... 'ကောင်းတယ်' လို့ ပြောချင်ရင်တော့ အဲ့ဒါက ဒီမကောင်းဆိုးဝါးကို ငါတို့ အောင်အောင်မြင်မြင် သတ်နိုင်မှုအပေါ်မှာပဲ အခြေခံတာနော်”
လုံအောင်းမင်မှာ ချွေးစေးများ စီးကျနေလေသည်။ ဤတိုက်ပွဲမှာ လွယ်ကူမည်မဟုတ်ကြောင်း သူ နားလည်ထား၏။
“ယူထားလိုက်”
ဖုန်းပုကြွယ်သည် သူကိုင်ထားသောဂွကို လုံအောင်းမင်ထံ ကမ်းပေးလိုက်သည်။
“ဒါကို သုံးဖို့ ဘာသတ်မှတ်ချက်မှ မလိုဘူး၊ အစ်ကိုလုံ၊ လောလောဆယ် ဒါကို သုံးထားလိုက်၊ ခေါင်းကို ရိုက်ရင် ပိုထိခိုက်စေလိမ့်မယ်”
“ဒါက...”
လုံအောင်းမင် တွေဝေသွားသည်။ ဖုန်းပုကြွယ်၏ အပြုအမူသည် ပစ္စည်းလဲလှယ်ရန် တောင်းဆိုသည့်ပုံစံမျိုး ဖြစ်သော်လည်း သူက အလကားပေးနေခြင်း ဖြစ်သည်။
ဤကမ္ဘာကြီးတွင် လူအချင်းချင်း ယုံကြည်မှုမှာ အလွန်နည်းပါးလှသည်။ ထူးကဲအဆင့် အသုံးအဆောင် ပစ္စည်းများသည် စမ်းသပ်ကာလအတွင်း အဖိုးတန်လှသဖြင့် တစ်ဦးဦးအား ပေးကမ်းမည်ဆိုပါက အသေအချာစဉ်းစားရမည် ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက ထိုပစ္စည်းကို ရရှိသွားပြီးနောက် ၎င်းကို ကိုယ်ပိုင်အဖြစ် ယူဆောင်ရန်အတွက် ဂိမ်းထဲမှ လော့ဂ်အောက်ထွက်သွားကာ ဇာတ်လမ်းကို စွန့်လွှတ်လိုက်မည်ဆိုပါက ဖုန်းပုကြွယ် ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ အဆုံးတွင် ဖုန်းပုကြွယ်ကိုယ်တိုင်က ပစ္စည်းပေးရန် စတင်ခဲ့ခြင်းဖြစ်ရာ စနစ်ကလည်း သူ့ကို ကူညီနိုင်မည် မဟုတ်ပေ။
“မြန်မြန် ယူလိုက်ပါ”
ဖုန်းပုကြွယ်က ပြောသည်။
လုံအောင်းမင်သည် မာရီယို၏ ဂွကို လက်ခံလိုက်ပြီး ၎င်း၏ စွမ်းရည်များကို ကြည့်လိုက်သောအခါ သူ့အမူအရာပြောင်းလဲသွားသည်။ ယခုအချိန်အထိ ဖုန်းပုကြွယ်ပေးခဲ့သော အထင်အမြင်မှာ အလွန်ဂရုစိုက်တတ်ပြီး ပါးနပ်သူတစ်ဦး ဖြစ်သည်။ သူသည် ထိုကဲ့သို့ စွမ်းအားကောင်းသော လက်နက်မျိုးကို အလွယ်တကူ ပေးလိုက်မည့်လူစားမျိုး ဖြစ်မည်ဟု စိတ်ကူးရန် ခက်ခဲလှသည်။
“ညီလေးဖုန်း... ငါဒီပစ္စည်းကိုယူပြီး ဂိမ်းထဲက ထွက်သွားမှာကို မစိုးရိမ်ဘူးလား”
လုံအောင်းမင်က မေးလိုက်သည်။ ပုံမှန်အားဖြင့် ထိုသို့ပြောတတ်သူများမှာ ထိုသို့သော အလုပ်မျိုးကို လုပ်လေ့မရှိပေ။ ပစ္စည်းကို အမှန်တကယ် ခိုးယူမည့်သူများသာ ဘာမှမပြောဘဲ ဂိမ်းထဲမှ ထွက်သွားလေ့ရှိကြသည်။
“စိုးရိမ်တယ် ဟုတ်လား”
ဖုန်းပုကြွယ်က ခါးသီးစွာ ပြုံးလိုက်ရင်း 'ငါသာ စိုးရိမ်တတ်ရင် ကောင်းမှာပဲ' ဟု တွေးလိုက်မိသည်။
“'စိုးရိမ်တယ်' ဆိုတာထက် 'ပူပန်တယ်' ဆိုတာက ပိုမှန်ကန်လိမ့်မယ်... ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့အားလုံး ဒီနေရာမှာ အသတ်ခံလိုက်ရမှာကိုပဲ ပိုပြီးပူပန်မိတယ်”
ထိုအချိန်တွင် မကောင်းဆိုးဝါးသည် နံရံအောက်ခြေ အစိတ်အပိုင်းကို ဖယ်ရှားပြီး လမ်းမပေါ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ရဲစခန်းထဲမှ ထွက်လာပြီးနောက် သွေးအလောင်းကောင်မှာ ပို၍ ကြမ်းကြုတ်သည့်ပုံစံ ပေါက်လာလေသည်။ ၎င်းမှာ နှစ်မီတာကျော်မြင့်မားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျော်တစ်ဝက် ခဲတစ်ဝက်ဖြစ်နေသော သွေးလွှာများ ဖုံးလွှမ်းနေ၏။ ၎င်း၏ အရေပြားမရှိသော မျက်နှာသည် သာမန်အရိုးစုတစ်ခုထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေလေသည်။ ထိုမကောင်းဆိုးဝါးမှာ အသေးစားဘော့စ်တစ်ကောင် ဖြစ်သည်မှာ သေချာပေသည်။ ၎င်း ပေါ်လာရခြင်းအကြောင်းရင်းမှာ ကစားသမားများက ရဲစခန်းရှေ့တွင် အချိန်အတန်ကြာနေပြီး အထဲဝင်ရန် နည်းလမ်းရှာနေသောကြောင့် ဖြစ်သည်။
“အစ်ကိုလုံ၊ သူ့ကို အာရုံလွှဲပြီး အချိန်ဆွဲပေးဖို့ ခင်ဗျားအကူအညီ လိုလိမ့်မယ်၊ ကျွန်တော်ကတော့ သူ့နောက်ဘက်ကနေ ပတ်သွားပြီး နံရံက အပေါက်ကနေတစ်ဆင့် အထဲကို ခိုးဝင်သွားမယ်၊ သေနတ်ရှိမရှိ သွားရှာမယ်၊ တကယ်လို့ တစ်လက်လောက်တွေ့ခဲ့ရင် ကျွန်တော်ခင်ဗျားကိုကူညီဖို့ ပြန်ထွက်လာခဲ့မယ်”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ခင်ဗျားရဲ့ သွေးကို ချွေတာဖို့ မမေ့ပါနဲ့၊ သူ့ကို ထိပ်တိုက်မတိုက်နဲ့”
သူသည် သွေးအလောင်းကောင်ကို မြင်သည်နှင့် တိုက်ပွဲရလဒ်ကို တွက်ချက်ခဲ့ပြီး ဖြစ်သည်။ သူတို့တွင် 'သွေးအလောင်းကောင်များ သေရမည်' ကဲ့သို့သော အထူးပစ္စည်းများ မရှိပေ။ ထိုမကောင်းဆိုးဝါးကို ကိုင်တွယ်ရန် ဒိုင်း၊ ဂွ နှင့် သစ်သီးလှီးဓားတို့သာ ရှိသည်။ ဤအနီးကပ်တိုက်ခိုက်ရေး လက်နက်များက ခုနက ကလေးမကောင်းဆိုးဝါးများအတွက် အဆင်ပြေစေသော်လည်း လုံအောင်းမင်ထက်ပင် ပိုကြီးမားသောထိုသွေးအလောင်းကောင်နှင့် ရင်ဆိုင်ရန်အတွက်မူ သူတို့တွင် အသုံးအဆောင် မလုံလောက်ပေ။
ထို့ကြောင့် အကောင်းဆုံးအဖြေမှာ လုံအောင်းမင်၏ စွမ်းအားကို မြှင့်တင်ပေးပြီး သွေးအလောင်းကောင်ကို ရင်ဆိုင်ခိုင်းထားရန်ဖြစ်သည်။ ဖုန်းပုကြွယ်ကမူ စွန့်စားပြီး ရဲစခန်းထဲသို့ လက်နက်ဝင်ရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဤသွေးအလောင်းကောင်ပေါ်လာခြင်းက ရဲစခန်းအတွင်း၌ အဖိုးတန်သည့် အရာတစ်ခုခု ရှိနေသည်ဟူသော ဖုန်းပုကြွယ်၏ သံသယကို အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ စွမ်းရည်များ၊ အသုံးအဆောင်များ သို့မဟုတ် ဇာတ်လမ်းဆိုင်ရာပစ္စည်းများ ဖြစ်နိုင်သည်။ သူသည် အချိန်တိုအတွင်း တစ်ခုခုရှာတွေ့ပြီး ဤမကောင်းဆိုးဝါးကို နှိမ်နင်းရန် ပြန်လာရန် စီစဉ်လိုက်သည်။
“စိတ်မပူပါနဲ့၊ တကယ်လို့ မင်းပြန်မလာခင် ငါအသတ်ခံလိုက်ရရင်တောင် ဒီပစ္စည်းကို မင်းဆီ ပြန်ရောက်အောင် နည်းလမ်းရှာပါ့မယ်”
လုံအောင်းမင်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် သွေးမကောင်းဆိုးဝါး၏ အာရုံကို ဆွဲဆောင်ရန် အရှေ့သို့ ပြေးထွက်သွားပြီး စတင်တိုက်ခိုက်တော့သည်။
“အင်း... အဲ့လောက်အထိ အလေးအနက်ထားနေဖို့ မလိုပါဘူး၊ ဒါက အသုံးအဆောင် ပစ္စည်းလေးတစ်ခုပဲလေ”
ဖုန်းပုကြွယ်မှာ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်ပုံစံမျိုး ဖြစ်နေသည်။ သူသည် ထိုစက်ဆုပ်ဖွယ် သွေးမကောင်းဆိုးဝါးကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်း၍ အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားလိုက်သည်။ သူသည် သွေးမကောင်းဆိုးဝါးကို ကွေ့ပတ်သွားပြီး နံရံအပေါက်ထဲသို့ ခြံစည်းရိုးကို ကျော်ခွသကဲ့သို့ ခုန်ဝင်သွားကာ ရဲစခန်း၏ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
အဝေးမှ ကြည့်နေသော လူနှစ်ဦးမှာမူ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ မစ္စတာ'အထီးကျန်ဆုံး' နှင့် မစ္စ'ဝမ်းအနည်းဆုံး' တို့မှာ အကူညီမဲ့သည့် အခန်းကဏ္ဍတွင်သာ ရှိနေဆဲပင်။ သူတို့သည် တိုက်ပွဲကို အနှောင့်အယှက် မဖြစ်စေရန် အဝေးသို့ ထပ်မံဆုတ်ခွာသွားကြသည်။
ဝမ်တန်ကျိက သွေးမကောင်းဆိုးဝါးထံသို့ ဂရုတစိုက် ချဉ်းကပ်သွား၏။ လောလောဆယ်တွင် မကောင်းဆိုးဝါး၏ အာရုံမှာ လုံအောင်းမင်ထံတွင်သာ ရှိနေခြင်းဖြစ်သည်။ အချိန်ကျသည့်နှင့် သူသည် သွေးမကောင်းဆိုးဝါးကို ဓားဖြင့်ထိုးပြီး ချက်ချင်းပြန်ဆုတ်ပေလိမ့်မည်။ သူသည် ဘော့စ်ကြောင့် ဒဏ်ရာအပြင်းအထန် မရနိုင်ကြောင်း သေချာမှသာ တိုက်ခိုက်မည် ဖြစ်သည်။
လုံအောင်းမင်၏ တိုက်ခိုက်မှုပုံစံနှင့် မတူသည်က ဝမ်တန်ကျိ၏ တိုက်ခိုက်မှုပုံစံသည် သွက်လက်မှုအပေါ် အခြေခံခြင်း ဖြစ်သည်။ ရှောင်တိမ်းခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပြန်ဆုတ်ခြင်းတို့ကို အသုံးပြုကာ ရန်သူကို တဖြည်းဖြည်း အားနည်းသွားအောင် လုပ်ခြင်းဖြစ်သည်။ ဤကဲ့သို့သော တိုက်ခိုက်မှုပုံစံသည် လေးလံသောလက်နက်များ သို့မဟုတ် ဒိုင်းများဖြင့် အဆင်မပြေပေ။ ဓားကဲ့သို့သော လက်နက်မျိုးကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ သူသည် သန်မာနေရန် မလိုအပ်ပေ။ သူသည် လုံလောက်အောင် မြန်ဆန်နေသရွေ့ ဓားဦးဖြင့် အသာအယာထိလိုက်ရုံဖြင့် ထိခိုက်မှုကို ဖြစ်စေနိုင်မည်ဖြစ်သည်။
နောက်ပိုင်းတွင် သူတို့နှစ်ဦးလုံး တိုက်ခိုက်ရေးကို အသားပေးသော ကစားသမားများ ဖြစ်လာကြသော်လည်း ကျွမ်းကျင်မှုချင်းတူသော်ငြား လုံးဝ ကွဲပြားတိုက်ခိုက်မှုပုံစံရှိသည့် ဇာတ်ကောင် နှစ်ခုအဖြစ် ပေါ်ထွက်လာကြသည်။ သူတို့၏ တိုက်ခိုက်မှုပုံစံများကို ဤဇာတ်လမ်းတွင် မြင်တွေ့နိုင်ပေသည်။ တစ်ဦးမှာ 'ခွန်အား'ကို အထူးပြုပြီး အခြားတစ်ဦးကမူ 'အရှိန်'ကို အထူးပြုထားခြင်း ဖြစ်သည်။
ဂိမ်း၏ နောက်ပိုင်းအဆင့်များတွင် ကစားသမားများမှာ ပိုမိုသန်မာလာကြမည်ဖြစ်ပြီး ကျွမ်းကျင်မှုချင်း တူသော်လည်း တိုက်ခိုက်မှုပုံစံအပေါ် မိမိတို့၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှု ကွဲပြားခြင်းကြောင့် သူတို့၏ တိုက်ခိုက်မှုပုံစံများသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ကွဲပြားသွားမည် ဖြစ်သည်။ ထို့ပြင် ပစ်ခတ်ခြင်း သို့မဟုတ် ကုသခြင်းနှင့် တွဲဖက်ထားသော တိုက်ခိုက်မှုပုံစံများကဲ့သို့သော အခြား ကျွမ်းကျင်မှုများလည်း ရှိသေးသည်။ တစ်နည်းအားဖြင့် 'သည်းထိတ်ရင်ဖို သုခဘုံ' ရှိ ဇာတ်ကောင်များတွင် အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများ ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဂိမ်းတွင် 'အသက်မွေးဝမ်းကြောင်း အဆင့်အတန်း' ဟူ၍ သတ်မှတ်ထားခြင်း မရှိပေ။ စနစ်၏ စွမ်းအားဖြင့် 'အဆင့်အတန်း' သတ်မှတ်ချက်မှာ ကစားသမားများအတွက် အဟန့်အတားတစ်ခု ဖြစ်လာနိုင်သောကြောင့်ပင်။
အွန်လိုင်းဂိမ်းတစ်ခု၏ နောက်ပိုင်းအဆင့်များနှင့် ဇာတ်ကောင်၏ စွမ်းရည်များမှာ အလွန်အရေးကြီးသည်။ အကယ်၍ ဇာတ်ကောင်တိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်သောအခါ စွမ်းရည်ချင်း တူနေမည်ဆိုပါက၊ သုံးနိုင်သော စွမ်းရည်များမှာလည်း မိမိတို့၏ 'အဆင့်အတန်း' အလိုက် ကန့်သတ်ခံထားရမည်ဆိုပါက ဂိမ်းမှာ အလွန်ပျင်းစရာ ကောင်းနေပေလိမ့်မည်။ သာမန် ကစားသမားတိုင်းသည် ထိပ်တန်းကစားသမားများ ရေးထားသော လမ်းညွှန်ချက်များကို ဖတ်လိုက်ရုံဖြင့် မိမိတို့ အဆင့်အတန်း၏ အခြေခံစွမ်းရည်များ၊ စွမ်းရည်များ ပေါင်းစပ်ပုံနှင့် သုံးသင့်သည့် အသုံးအဆောင်ပစ္စည်းများကို သိရှိသွားမည် ဖြစ်သည်။
သို့သော်လည်း ယခုဂိမ်း၏ လက်ရှိသတ်မှတ်ချက်တွင် ကစားသမားများကို လွတ်လပ်မှု အပြည့်အဝ ပေးထားခြင်းဖြစ်သည်။ ပထမဦးစွာ သက်လုံမှတ်မှလွဲ၍ ဇာတ်ကောင် စွမ်းရည်ဟူ၍ မရှိပေ။ အသက်သွေးအမှတ်နှင့် ကြောက်ရွံ့မှုတန်ဖိုးအမှတ်တို့ကို အမြဲတမ်း ရာခိုင်နှုန်းဖြင့်သာ ပြသထားပြီး တိကျသော ကိန်းဂဏန်းတန်ဖိုး မရှိချေ။ တိုက်ခိုက်မှုတစ်ခုကြောင့် ထိခိုက်မှုမည်မျှရှိသည် သို့မဟုတ် ကျည်ကာအင်္ကျီက ထိခိုက်မှုမည်မျှကို ကာကွယ်ပေးနိုင်သည် ဆိုသည်ကိုလည်း ကိန်းဂဏန်းတန်ဖိုးဖြင့် ပြသထားခြင်း မရှိပါပေ။
ဒုတိယအချက်မှာ စွမ်းရည်များနှင့် အသုံးအဆောင်များကို ကျပန်းဖန်တီးပေးခြင်း ဖြစ်သည်။ အဆင့်အတန်း ခွဲခြားထားခြင်းမျိုး မရှိပေ။ ကျွမ်းကျင်မှုသာလျှင် အဓိက ဖြစ်သည်။ ကစားသမားများသည် ဇာတ်လမ်းတစ်လျှောက် မိမိတို့၏ ကျွမ်းကျင်မှုကို ကိုယ်တိုင်ရှာဖွေ ဖော်ထုတ်ရမည် ဖြစ်သည်။ အကယ်၍ သူတို့တွင် အရည်အချင်းရှိပါက ကျွမ်းကျင်မှု ခြောက်မျိုးစလုံးကို အဆင့် S ရောက်အောင် လေ့ကျင့်နိုင်ပါသည်။
ထိုကဲ့သို့သော မြင့်မားသည့် လွတ်လပ်မှုနှင့်အတူ သည်းထိတ်ရင်ဖိုသုခဘုံ ၏ ကြောက်ရွံ့မှုတန်ဖိုး စနစ်အပြင် အခြားဆွဲဆောင်မှုတစ်ခုမှာ 'ဂုဏ်ပုဒ်စနစ်' ပင် ဖြစ်သည်။ ၎င်းသည် ကစားသမားများအား ဂိမ်း၏ နောက်ပိုင်းအဆင့်ရှိ ရှုပ်ထွေးသော တိုက်ခိုက်မှုများကြားတွင် လမ်းမပျောက်စေရန် ကူညီပေးသည်။ ဂိမ်းဇာတ်ကောင်၏ ကိုယ်ပိုင်ဟန်ကို သေချာစေရင်း 'အဓိကအချက်'တစ်ခုကိုလည်း ထောက်ပံ့ပေးထားသည်။ ဤစနစ်ကို အိပ်မက်ကော်ပိုရေးရှင်းက အသေအချာ စဉ်းစားပြီးမှ ထည့်သွင်းထားသော အကောင်းဆုံး လက်ရာတစ်ခုဟု ဆိုနိုင်သည်။
'ဂုဏ်ပုဒ်' သည် ကစားသမားအား စွမ်းရည်ဆယ့်နှစ်ခု၏ ကန့်သတ်ချက်အပြင်ဘက်တွင် အထူးစွမ်းအားတစ်ခုကို ပေးအပ်ထားသည်။ ဥပမာအားဖြင့် လုံအောင်းမင်၏ လျှပ်စီးရိုက်ချက်သည် မည်သည့် စွမ်းရည်ကွက်လပ်နေရာကိုမျှ ယူဆောင်ခြင်းမရှိသော အထူးစွမ်းအားတစ်ခု ဖြစ်သည်။ ကစားသမား ကြီးထွားလာသည်နှင့်အမျှ ဂုဏ်ပုဒ်အမည်မှာလည်း ပြောင်းလဲသွားမည် ဖြစ်သည်။ အဆင့် ၁၀ မှ စတင်ကာ စနစ်သည် ဇာတ်လမ်းပြီးဆုံးပြီးနောက် ကစားသမား၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းအပေါ် မူတည်၍ ဂုဏ်ပုဒ်အမည်ကို အသစ်ပြင်ဆင်ပေးမည် ဖြစ်သည်။ ထို့ပြင် ဂုဏ်ပုဒ်အမည် တစ်ခုစီမှာလည်း တစ်မူထူးခြား၏။ အမည်ချင်း တူနေလျှင်ပင် ၎င်းပေးအပ်သော အထူးစွမ်းအားမှာ တူညီချင်မှ တူမည်ဖြစ်သည်။ အထူးစွမ်းအားသည် အသုံးပြုရသော စွမ်းရည်ဖြစ်နေရန် မလိုပေ။ ၎င်းသည် ပင်ကိုယ်စွမ်းရည် သို့မဟုတ် သတိမထားမိနိုင်သော အပိုဆုတစ်ခုပင် ဖြစ်နိုင်သည်။
ဂိမ်းကို တရားဝင်ဖွင့်လှစ်သည့် ကာလအတွင်း အဆင့် ၂၀ အထက်ရှိသော ဇာတ်လမ်းများတွင် ဂုဏ်ပုဒ်အမည်မှာ ကုန်အမှတ်တံဆိပ်တစ်ခုကဲ့သို့ ဖြစ်၏။ အဖွဲ့လိုက်ရှင်သန်ရေးမုဒ်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေစဉ် အသင်းဖော်များ၏ အမည်မှာ သိပ်အရေးမကြီးပေ။ ကစားသမားများသည် အသင်းဖော်များ၏ ဂုဏ်ပုဒ်များကို အရင်ကြည့်လေ့ရှိပြီး ထိုအခါမှသာ ထိုသူသည် ဘယ်အရာတွင် ကျွမ်းကျင်သည်ကို သိရှိကြမည် ဖြစ်သည်။ ဥပမာအားဖြင့် [ရဲရင့်သော ရှေ့ဆောင်]၊ [မဆင်မခြင် ထိုးသတ်သူ] နှင့် [တိကျသော သေနတ်သမား] စသည်တို့ ဖြစ်သည်။ ၎င်းတို့ကို ကြည့်လိုက်ရုံဖြင့် အလွယ်တကူ နားလည်နိုင်သည်။ ထို့ပြင် ကစားသမားတစ်ဦး၏ ဂုဏ်ပုဒ်မှတစ်ဆင့် ၎င်း၏ ခွန်အားကိုလည်း မြင်တွေ့နိုင်သည်။ အဆင့် ၄၀ နှင့် အထက်သို့ ရောက်ရှိသွားပါက အထက်ပါ ဂုဏ်ပုဒ်များအပြင် [အရှေ့ဘက် မိစ္ဆာ]၊ [အနောက်ဘက် အဆိပ်]၊ [တောင်ဘက် ဧကရာဇ်] နှင့် [မြောက်ဘက် သူတောင်းစား] စသည့် ဘွဲ့အမည်များကိုပါ တွေ့မြင်ရနိုင်သည်။
မူရင်းအကြောင်းအရာသို့ ပြန်သွားရလျှင် လုံအောင်းမင်နှင့် ဝမ်တန်ကျိတို့ သွေးအလောင်းကောင်ကို ကိုင်တွယ်နေစဉ် ဖုန်းပုကြွယ်မှာ မှောင်မည်းနေသော ရဲစခန်းအတွင်း၌ အရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။