← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃)

ရဲစခန်းအတွင်း၌ လျှပ်စစ်မီးမရှိသဖြင့် မည်သည့်မီးရောင်မျှ မရှိချေ။ သို့သော်လည်း လုံးဝဥဿုံ မှောင်မည်းနေသည်တော့ မဟုတ်ပေ။ လမ်းမဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက် မှန်များနှင့် သံတိုင်များကြားမှ လရောင်သည် အထဲသို့ ဖြာကျနေပြီး အချို့နေရာများကို မြင်ရရုံမျှသာ လင်းထိန်နေစေသည်။ အမှန်စင်စစ် ၎င်းမှာ ဖုန်းပုကြွယ်အနေဖြင့် လမ်းမပျောက်စေရန်သာ ဖြစ်ပြီး နေရာအတော်များများမှာမူ မှောင်အတိ ကျနေဆဲပင်။

ဖုန်းပုကြွယ် ရဲစခန်းထဲသို့ စတင်ဝင်ရောက်ချိန်ကတည်း အပြေးအလွှား ဖြစ်နေခဲ့သည်။ ပထမအချက်အနေဖြင့် သွေးမကောင်းဆိုးဝါးကြီး ရဲစခန်းထဲသို့ ရုတ်တရက် ပြန်ဝင်လာမည်စိုးသောကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ ဤနေရာသည် ပိုလင်းနေသောကြောင့် ဖြစ်သည်။ အလင်းရောင်သည် နံရံရှိ အပေါက်ကြားမှတစ်ဆင့် စီးဝင်နေပြီး သူ့ရှေ့မှ ကော်ရစ်ဒါလမ်းကို အလင်းပေးနေ၏။

ပထမထပ်မှာ အလွန်ကျယ်ဝန်းလှသည်။ အလင်းရောင်ရှိသော နေရာမှာ မများလှသဖြင့် ဖုန်းပုကြွယ်အနေဖြင့် ဒုတိယထပ်သို့တက်မည့် လှေကားကို အချိန်တိုအတွင်း ရှာမတွေ့နိုင်ဘဲ ဖြစ်နေရသည်။ သူသည် အမှောင်ထဲတွင် စမ်းတဝါးဝါး ရှာဖွေနေရ၏။ တံခါးလက်ကိုင်တစ်ခုကို တွေ့လျှင် ဆွဲဖွင့်ကြည့်ပြီး စားပွဲတစ်ခုကို တွေ့လျှင်လည်း သော့မခတ်ထားသော အံဆွဲများရှိမရှိ ရှာဖွေကြည့်သည်။ သို့သော်လည်း အသုံးဝင်မည့်အရာ တစ်ခုမျှ မတွေ့ရသေးပေ။

သူ့အမြင်အာရုံက ကန့်သတ်ခံထားရသောကြောင့် သူ၏ အခြားအာရုံခံစားမှုများမှာ ပို၍ ထက်မြက်လာလေသည်။ မကြာမီတွင် သူသည် ပြင်းထန်သော သွေးညှီနံ့တစ်ခုကို ရလိုက်၏...။

ထိုအနံ့နောက်သို့ လိုက်ပါသွားရာ မှောင်မည်းနေသော ထောင့်တစ်ခုသို့ ရောက်ရှိသွားသည်။ သူ လက်လှမ်း၍ စမ်းကြည့်လိုက်ရာ နံရံမှာ စေးကပ်နေလေသည်။ သူ့လက်ကို နံရံအတိုင်း အောက်သို့ ရွှေ့လိုက်သောအခါ တစ်ခုခုကို ထိမိသွားသည်။

ဒါက... အရိုးများလား၊ ပုပ်ပွနေတဲ့ အသားလား။

“ဟမ်... ခေါင်းကို လိမ်ချိုးခံထားရတာလား”

ဖုန်းပုကြွယ်သည် အလောင်းတစ်ခုကို စမ်းမိလိုက်ခြင်း ဖြစ်သည်။ လည်ပင်းအထက်တွင် ဘာမျှမရှိတော့ပေ။ ဖုန်းပုကြွယ်သည် လေထဲတွင် ပေါ်နေသော လည်ပင်းရိုးအစိတ်အပိုင်းကို ထိတွေ့ကြည့်လိုက်သည်။

“တစ်မြို့လုံး လူသူကင်းမဲ့နေတယ်လို့ ငါထင်ခဲ့တာ... ဒါပေမဲ့ ဒီမှာ အလောင်းတစ်လောင်း ရှိနေပါလား၊ ဒီရဲစခန်းမှာ တစ်ခုခုတော့လွဲနေတာ သေချာတယ်”

ဖုန်းပုကြွယ်က မှောင်မည်းစွာ ပြောလိုက်သည်။

အလောင်းကို ထိတွေ့စမ်းသပ်နေရခြင်းသည် သူ့အတွက် ထိတ်လန့်စရာ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဖုန်းပုကြွယ်သည် အေးဆေးတည်ငြိမ်စွာပင် ဆက်လက် စမ်းသပ်နေ၏။ အမှန်စင်စစ် သူသည် အလောင်း၏ ကျား၊ မ ကို ခွဲခြားရန် ကြိုးစားနေခြင်း မဟုတ်ဘဲ ဝတ်ဆင်ထားသော အဝတ်အစားများမှတစ်ဆင့် အလောင်း၏ အလုပ်အကိုင်ကို အတည်ပြုရန် ကြိုးစားနေခြင်း ဖြစ်သည်။

မကြာမီတွင် အလောင်းဝတ်ထားသော အဝတ်အစားပေါ်ရှိ ပုခုံးတံဆိပ်များကို ဖုန်းပုကြွယ် သတိပြုမိလိုက်သည်။ ၎င်းမှာ ရဲယူနီဖောင်း ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။ သူသည် အလောင်းကို မဆိုင်းမတွရှာဖွေတော့သည်။ စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းပုကြွယ်သည် သေနတ်အိမ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ ဝမ်းနည်းစရာက ၎င်းမှာ အလွတ်ဖြစ်နေခြင်းပင်။ သူသည် အလောင်း၏ လက်မောင်းအတိုင်း အောက်သို့ ထပ်မံစမ်းသပ်ရာ ညာဘက်လက်တွင် ပစ္စတိုသေနတ်တစ်လက်ကို တွေ့ရှိသွားတော့သည်။

အမည် - M1911A1 ပစ္စတို

အမျိုးအစား - လက်နက်

အရည်အသွေး - သာမန်

[တိုက်ခိုက်မှု - အလယ်အလတ်]

[စွမ်းရည် - မရှိ]

[အာနိသင် - မရှိ]

အသုံးပြုရန် လိုအပ်ချက် - ပစ်ခတ်မှုကျွမ်းကျင်မှု အဆင့် F သို့မဟုတ် စက်မှုလက်မှုကျွမ်းကျင်မှု အဆင့် F

[မှတ်ချက် - ဒါက ရုပ်ရှင်မဟုတ်ဘူးဆိုတာ သတိရပါ၊ ပြီးတော့ အချက်သုံးချက်ကို မှတ်ထားပါ။ ပထမအချက်၊ မပစ်ခင် လုံခြုံရေးခလုတ်ကို အရင်ဖွင့်ပါ။ ဒုတိယအချက်၊ သေနတ်ကန်အားကို သတိထားပါ။ တတိယအချက်၊ ကျည်ပြန်ဖြည့်ဖို့ မမေ့ပါနဲ့။]

ဖုန်းပုကြွယ်သည် သေနတ်ကို သူ့ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီး အလောင်းကို ဆက်လက် ရှာဖွေလိုက်သည်။ အလောင်း၏ ခါးတွင် လက်နှိပ်ဓာတ်မီးတစ်လုံးကို တွေ့လိုက်ရသဖြင့် သူ အလွန်ဝမ်းသာသွားသည်။ သူ ၎င်းကို ကောက်ယူ၍ ဖွင့်ကြည့်သော်လည်း မီးလင်းမလာပေ။ သူ စမ်းကြည့်လိုက်သောအခါ လက်နှိပ်ဓာတ်မီး၏ မှန်မှာ ကွဲအက်နေသည်ကို တွေ့လိုက်ရသည်။

ဖုန်းပုကြွယ် သက်ပြင်းချလိုက်မိသည်။ ပစ္စတိုထက်စာလျှင် လက်နှိပ်ဓာတ်မီးက ပိုအသုံးဝင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလောင်းက ကောင်းမွန်သော သဲလွန်စတစ်ခု ဖြစ်နေသောကြောင့်ပင်။ သေနတ်က သူ့လက်ထဲမှာ ရှိနေပါလျက်နှင့် သူ့ခေါင်းက ဘာလို့ လိမ်ချိုးခံလိုက်ရတာလဲ။ သေချာသည်မှာ သွေးအလောင်းကောင်ကို ပစ္စတိုဖြင့် ကိုင်တွယ်မရသောကြောင့်ပင် ဖြစ်ရပေမည်။

အကယ်၍ လက်နှိပ်ဓာတ်မီးသာရှိပါက ဖုန်းပုကြွယ်အနေဖြင့် လက်နက်ကို ပိုမိုမြန်ဆန်စွာ ရှာဖွေနိုင်မည် ဖြစ်သည်။ သို့သော်လည်း အခုမူ သူသည် သဲသဲကွဲကွဲ မမြင်ရသေးသဖြင့် အမှောင်ထဲတွင်သာ ဆက်လက် ရှာဖွေနေရတော့သည်။ အဆုံးတွင် သူသည် အလောင်း၏ အိတ်ကပ်ထဲမှ သော့တွဲတစ်တွဲကိုသာ တွေ့ရှိပြီး အခြားဘာမျှ ထပ်မတွေ့ရတော့ပေ။

အချိန်မရှိတော့သည်ကို ထည့်သွင်းစဉ်းစားပြီး အပြင်ကလူများ အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ရာ ဖုန်းပုကြွယ်အနေဖြင့် အမြန်ဆုံးပြန်သွားရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ပစ္စတိုသည် သွေးအလောင်းကောင်ကို မသတ်နိုင်လျှင်ပင် ဘာမှမရှိတာထက်စာလျှင် ပိုကောင်းပေသည်။ အနည်းဆုံးတော့ ၎င်းက အဝေးပစ်လက်နက်တစ်ခုဖြစ်သည် မဟုတ်ပါလား။ သေဆုံးသွားသော ရဲအရာရှိသည် တစ်ဦးတည်းဖြစ်သဖြင့် သွေးအလောင်းကောင်ကို မနှိမ်နင်းနိုင်ခဲ့သော်လည်း၊ ယခုမူ ဖုန်းပုကြွယ်နှင့်ဆိုလျှင် သူတို့ သုံးယောက် ရှိနေပြီဖြစ်သည်။ လက်နက်များ၊ ဒိုင်းများနှင့် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းများ ပေါင်းစပ်လိုက်လျှင် သွေးအလောင်းကောင်ကို အောင်မြင်စွာ နှိမ်နင်းနိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ချက် ရှိနေကြသည်။

...

ရဲစခန်းအပြင်ဘက်တွင် လုံအောင်းမင်သည် ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ...။

သူ၏ ကာကွယ်ရေးစွမ်းရည်မှာ မဆိုးလှဘဲ သွေးအလောင်းကောင်၏ လက်သည်းချက် တိုက်ခိုက်မှုတိုင်းကို ဒိုင်းဖြင့် ကာကွယ်နိုင်ခဲ့သည်။ သို့သော်လည်း ဤသုံးမိနစ်အတွင်း သူ၏ အသက်မှတ်မှာ အပြည့်ဖြစ်နေရာမှ ခြောက်ဆယ့်လေးရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ သွေးအလောင်းကောင်၏ တိုက်ခိုက်မှုစွမ်းအားက ပြင်းထန်လွန်းနေသည်။

ဤအတောအတွင်း လုံအောင်းမင်သည် တိုက်ခိုက်ရင်း နောက်သို့ ဆုတ်နေခဲ့ရသည်။ အမှန်စင်စစ် သူသည် အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရခြင်း မဟုတ်ဘဲ အရိုက်ခံရလျှင်ပင် ဒိုင်းဖြင့် ကာကွယ်ထားနိုင်ခဲ့သည်။ ပြဿနာမှာ အာထရွန်အပိုင်းအစ၏ ကာကွယ်ရေးမှာ 'တန်ပြန်မှု' သာ ဖြစ်သည်။ ၎င်းသည် အဝေးပစ်တိုက်ခိုက်မှုများနှင့် အလင်းတန်းလက်နက်များကိုသာ ကာကွယ်ရေး မြှင့်တင်ပေးနိုင်ပြီး ယခုကဲ့သို့ အနီးကပ်တိုက်ခိုက်မှုများကိုမူ မကာကွယ်နိုင်ပေ။ သွေးအလောင်းကောင်၏ လက်သည်းများ ရောက်လာသောအခါ ဒိုင်းသည် လုံအောင်းမင်၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ မဖြစ်သွားအောင် သေချာစေပြီး သက်ရောက်မှု အစိတ်အပိုင်းအချို့ကို လျှော့ချပေးနိုင်သည်။ သို့သော်လည်း ကျန်ရှိသော သက်ရောက်မှုဒဏ်ကိုမူ သူ၏ အသက်မှတ်ဖြင့်သာ ခံစားရမည် ဖြစ်သည်။

သွေးအလောင်းကောင်၏ ဉာဏ်ရည်မှာ အလွန်နိမ့်ပါးသည်။ ၎င်းသည် လက်မောင်းများကိုသာ ဝေ့ယမ်းတတ်ပြီး ခြေထောက် သို့မဟုတ် တံတောင်ဆစ်များကို အသုံးမပြုတတ်ပေ။ ၎င်း၏ တိုက်ခိုက်မှုပုံစံက အလွန်ရိုးရှင်းလှသည်။ ၎င်းအတွက် ကျေးဇူးတင်ရမည် ဖြစ်သည်။ မဟုတ်ပါက လုံအောင်းမင်ငါးယောက်ရှိလျှင်ပင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။ ထို့ပြင် သွေးအလောင်းကောင်သည် ပစ်မှတ်တစ်ခုကိုသာ အာရုံစိုက်ထားပြီး ဆက်တိုက်တိုက်ခိုက်တတ်ပုံရသည်။ ဝမ်တန်ကျိ မည်မျှပင် နှောင့်ယှက်တိုက်ခိုက်ပါစေ ၎င်းသည် အခုတ်ခံရပြီးနောက် လက်မောင်းကို ဝေ့ယမ်းလိုက်ရုံမျှသာ လုပ်လေ့ရှိသည်။ အချို့သော အချိန်များတွင်မူ ဝမ်တန်ကျိကို လျစ်လျူပင် ရှုထားတတ်သေးသည်။

၎င်းက ဝမ်တန်ကျိအား ပိုမိုသတ္တိရှိလာစေပြီး စွန့်စားရသည့် အခြေအနေများတွင်ပင် တိုက်ခိုက်ရဲလာစေသည်။ အမှန်စင်စစ် သူ့တိုက်ခိုက်မှုများမှာ အာနိသင်များများစားစား မရှိလှပေ။ သူသည် သစ်သီးလှီးဓားဖြင့် မကောင်းဆိုးဝါးကို ခုတ်နေခြင်းဖြစ်ပြီး ဓားမကျိုးသွားသည်ကပင် ကံကောင်းလှပြီ ဖြစ်သည်။

လုံအောင်းမင်သည် အခွင့်အရေးကို အသုံးချ၍ သွေးအလောင်းကောင်ကို ဂွဖြင့် အကြိမ်အနည်းငယ် ရိုက်နှက်သော်လည်း ခေါင်းကို တစ်ကြိမ်သာ ရိုက်မိခဲ့သည်။ ထိခိုက်မှုမှာ ဝမ်တန်ကျိ၏ ဓားထက် ပိုကောင်းသော်လည်း လုံအောင်းမင် တိုက်ခိုက်နိုင်သည့်အချိန်သည် ဝမ်တန်ကျိထက် များစွာ နည်းပါးလှသည်။ အချိန်အတော်များများတွင် လုံအောင်းမင်သည် နောက်ဆုတ်ခြင်းနှင့် ကာကွယ်ခြင်းတို့ကိုသာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဖုန်းပုကြွယ် လုံအောင်းမင်ကို ဂွပေးလိုက်စဉ်က သူ့စိတ်ထဲတွင် ပထမဆုံးပေါ်လာသောအချက်မှာ လုံအောင်းမင်က သူ့ပစ္စည်းကို ခိုးသွားနိုင်သည်ဟူသော ဖြစ်နိုင်ခြေ မဟုတ်ပေ။ သူ ပထမဆုံး တွေးလိုက်မိသည်မှာ... လုံအောင်းမင်ကဲ့သို့ ခန္ဓာကိုယ်အရွယ်အစားရှိမှသာ သွေးအလောင်းကောင်၏ ခေါင်းကို ဂွဖြင့် ရိုက်နိုင်မည် ဖြစ်သည်။ သူနှင့် ဝမ်တန်ကျိကဲ့သို့ ၁.၈ မီတာသာ မြင့်သူများအနေဖြင့် နှစ်မီတာကျော်မြင့်သော မကောင်းဆိုးဝါး၏ ခေါင်းကို ဂွကဲ့သို့ တိုတောင်းသော လက်နက်ဖြင့် ရိုက်ရန် ကြိုးစားခြင်းမှာ အရိုက်ခံရန် တောင်းဆိုနေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ယင်းက လုံအောင်းမင်အတွက်ပင် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် သွေးအလောင်းကောင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ လူတိုင်း မြင်တွေ့နေရသည့်အတိုင်းဖြစ်သောကြောင့်ပင်။ မကောင်းဆိုးဝါး၏ ခေါင်းကို ရိုက်နိုင်ရန်အတွက် မိမိကိုယ်ကို စတေးခြင်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဖုန်းပုကြွယ်မထွက်ခွာမီက လက်နက်တစ်ခုခု ရှာတွေ့လျှင် အမြန်ဆုံး ပြန်လာကူညီမည်ဟု ပြောခဲ့သည်။ လုံအောင်းမင်က သူ့ကို ယုံကြည်ရန် ဆုံးဖြတ်ခဲ့သဖြင့် တတ်နိုင်သမျှ အချိန်ဆွဲထားခဲ့ခြင်း ဖြစ်သည်။

ဒိုင်း။

သေနတ်သံတစ်သံက ဖုန်းပုကြွယ်ပြန်ရောက်လာပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ သူ ပြန်ရောက်လာပြီဆိုပါက အဖြေတစ်ခု ရှိလာလိမ့်မည် ဖြစ်သည်။ ဖုန်းပုကြွယ်သည် အဆင့် ၅ ရှိသော ဇာတ်ကောင်လေးတစ်ကောင်သာ ဖြစ်သည်ကို သူတို့ မေ့လုနီးပါး ဖြစ်နေကြသည်။

မောင်းတင်လိုက်သည့် ခဏမှာပင် ဖုန်းပုကြွယ်သည် နောက်ထပ် ကျွမ်းကျင်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းမှာ ဤဇာတ်လမ်းထဲသို့ ဝင်ရောက်လာကတည်းက သူဖော်ထုတ်နိုင်ခဲ့သည့် တတိယမြောက် ကျွမ်းကျင်မှု ဖြစ်သည်။ ထို့ကြောင့် အဖွဲ့လိုက်ရှင်သန်ရေးမုဒ်သည် တကယ်ပင် ကွဲပြားခြားနားလှသည်။ တိုက်ခိုက်ရန် လိုအပ်သည့်အခြေအနေများ ပိုမိုများပြားလာပြီး ဂိမ်း၏ အစိတ်အပိုင်းများ ပိုမိုပါဝင်လာခြင်းက ဇာတ်လမ်း၏ တည်ဆောက်ပုံကို များစွာကျယ်ပြန့်စေပေသည်။ အထူးသဖြင့် အဆင့်နိမ့်ကစားသမားများအတွက် တိုးတက်ရန် အခွင့်အလမ်းများစွာ ရှိနေခြင်းဖြစ်သည်။ အဖွဲ့လိုက်ရှင်သန်ရေးမုဒ်ကို တစ်ကြိမ်ကစားခြင်းဖြင့် ဇာတ်လမ်းကို အောင်မြင်အောင် မကစားနိုင်လျှင်ပင် တစ်ခုခုတော့ ရရှိနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် ဖုန်းပုကြွယ်သည် အဆင့် F ရှိသော ကျွမ်းကျင်မှုငါးမျိုးကို ဖော်ထုတ်ပြီး ဖြစ်သည်။ ၎င်းတို့မှာ အထွေထွေစွမ်းရည်၊ လက်မှုပညာ၊ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေး နှင့် ပစ်ခတ်ရေးတို့ ဖြစ်ကြသည်။ ကုသမှုတစ်ခုသာ ဖော်ထုတ်ရန် ကျန်ရှိတော့သည်။

“ဂရား”

သွေးအလောင်းကောင်က ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်သည်။ ကျည်ဆန်သည် သူ့ကို များစွာ ထိခိုက်စေပုံရသည်။ ၎င်း နောက်လှည့်လာပြီး ပစ်မှတ်ကို ပြောင်းလဲလိုက်တော့သည်။

ဖုန်းပုကြွယ်၏ ကျည်ဆန်က သွေးအလောင်းကောင်၏ ကျောကို ထိမှန်သွားခြင်းဖြစ်သည်။ သူ မပစ်ခင်မှာပင် အသေအချာ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သူသည် သေနတ်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ထားပြီး သူ့မျက်လုံးများမှာ သေနတ်နှင့် တစ်တန်းတည်းတွင် ရှိနေခဲ့သည်။ သူသည် သူ့ကိုယ်သူ ကောင်းစွာသိသည်။ သူသည် လက်တွေ့ကမ္ဘာမှ အထူးတပ်ဖွဲ့ဝင် စစ်သားတစ်ယောက် မဟုတ်ပေ။ ပထမဆုံးအကြိမ် သေနတ်ပစ်ရာတွင် ပစ်မှတ်၏ ခေါင်းကို ချိန်ရွယ်ပြီး ထိမှန်သွားမည်ဆိုလျှင် သူ့အမည်ကို 'လုံအောင်းတျန်' (Long Aotian - စူပါဟီးရိုးအမည်) ဟု ပြောင်းလိုက်သင့်ပေသည်။ ထို့ကြောင့် သူသည် သွေးအလောင်ကောင်၏ ကျောကိုသာ ချိန်ရွယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်မှတ်က ပိုကြီးသဖြင့် ထိမှန်ရန် ပိုလွယ်ကူသောကြောင့်ပင်။

အဆုံးတွင် ၎င်းမှာ ဂိမ်းတစ်ခုသာ ဖြစ်သည်။ စနစ်သည် ကစားသမားများအနေဖြင့် အသုံးပြုရန် ခက်ခဲမည်ကို စိုးရိမ်သဖြင့် ဤနည်းပညာသီးသန့်လက်နက်များကို အနည်းငယ် ပြုပြင်ပြောင်းလဲပေးထား၏။ ထို့ကြောင့် ဖုန်းပုကြွယ်၏ ပထမဆုံး ကျည်ဆန်က သွေးအလောင်းကောင်၏ ကျောညာဘက်ခြမ်းကို အောင်မြင်စွာ ထိမှန်သွားခဲ့သည်။

သေနတ်ပစ်ပြီးနောက် ဖုန်းပုကြွယ်သည် မှတ်ချက်ထဲရှိ ဒုတိယအချက်၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွား၏။ မျှော်လင့်ထားသည့်အတိုင်း သေနတ်ပစ်ခြင်းဟူသည် လေ့ကျင့်ထားခြင်းမရှိသော သာမန်အရပ်သားတစ်ဦး လုပ်နိုင်သည့် အလုပ်မျိုး မဟုတ်ပေ။ ဥပမာအားဖြင့် သေနတ်ပစ်သည့်အခါ လက်ကောက်ဝတ်ကို တင်းတင်းထားရန် သို့မဟုတ် သေနတ်ကန်အားကို ပုခုံးက ခံနိုင်ရည်ရှိစေရန် တံတောင်ဆစ်ကို ဆန့်ထားရန် စသည်တို့ကို ဘယ်သူကမှ မပြောပြခဲ့လျှင် သေနတ်ပစ်ပြီးနောက် လက်ကောက်ဝတ် ကျိုးသွားနိုင်ပေသည်။ နောက်ထပ် ဥပမာတစ်ခုမှာ ဂိုဏ်းစတားရုပ်ရှင်များထဲတွင် လူမိုက်များ သေနတ်ကိုမြှောက်၍ ပစ်သည့်ပုံစံ ဖြစ်သည်။ သူတို့သည် သေနတ်ပြောင်းဝကို မိမိတို့၏ မျက်စိအထက်သို့ မြှောက်ကာ အခြားသူများ၏ ဦးခေါင်းကို ချိန်ရွယ်တတ်ကြသည်။ ၎င်းသည် ကြည့်ရသည်မှာ ကြမ်းကြုတ်လှသော်လည်း အမှန်စင်စစ် ဤအပြုအမူကြောင့် ကျည်ဆန်မှာ အပေါ်သို့ ပျံထွက်သွားပြီး မိမိတို့၏ မျက်လုံးကိုပင် ကွယ်သွားစေနိုင်ပါသည်။

ဖုန်းပုကြွယ် ကိုင်ထားသော M1911A1 ၏ ကန်အားသည်လည်း အတော်လေး ပြင်းထန်ပေသည်။ သူ သေနတ်ပစ်ပြီးနောက် သူ့လက်မောင်းတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာပင် သူ၏ သေနတ်ပစ်ဟန်မှာ အလွန်အမင်း ရယ်စရာကောင်းမနေဘဲ သူ၏ လက်ကောက်ဝတ်မှာလည်း ထိုမျှအထိ အားမနည်းပေ။ ပထမဆုံးအကြိမ် ပစ်ဖူးသည့် အတွေ့အကြုံကြောင့် နောက်ပိုင်းတွင် ပို၍ လွယ်ကူသွားတော့သည်။ ပစ်မှတ်အကွာအဝေး၊ တိကျမှုနှင့် အောင်မြင်မှုနှုန်းတို့အပေါ် သူ ပိုမို နားလည်လာခဲ့သည်။ သို့သော်လည်း သူ့ထံသို့ လှည့်ပြေးလာသော သွေးအလောင်းကောင်နှင့် ရင်ဆိုင်ရသောအခါ သူသည် တွေဝေခြင်းမရှိဘဲ နောက်သို့သာ ဆုတ်လိုက်တော့သည်။

သွေးအလောင်းကောင် ခေါင်းလှည့်သွားသည်နှင့် လုံအောင်းမင်တစ်ယောက် အားအင်များ ပြန်လည်ပြည့်ဝလာသလို ခံစားလိုက်ရသည်။ အစကတည်းက ယခုအချိန်အထိ ထိုမကောင်းဆိုးဝါးသည် ၎င်း၏ပစ်မှတ်ကို အလွယ်တကူ ပြောင်းလဲလေ့မရှိကြောင်း သူ သတိပြုမိခဲ့ပြီးဖြစ်သည်။ ၎င်းသည် ဖုန်းပုကြွယ်နောက်သို့ လိုက်သွားပြီဖြစ်သဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်မခံရသရွေ့ သူ့ကို လျစ်လျူရှုထားလိမ့်မည် ဖြစ်သည်။

လုံအောင်းမင်၏ နှလုံးသားထဲတွင် ဖိနှိပ်ထားရသော ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး ဂွကို မြှောက်ကာ သွေးအလောင်းကောင်၏ နောက်စေ့ကို အားကုန်လွှဲရိုက်ချလိုက်သည်။ သို့သော်လည်း ထုံအအ အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သတ္တုက အသားကို ဖောက်ထွက်သွားပြီး ဦးခေါင်းခွံသို့ ရောက်ရှိသွားသော အသံပင် ဖြစ်သည်။ သွေးအလောင်းကောင်၏ နောက်စေ့က ပွင့်ထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။ အတွင်းဘက်ရှိ ဦးခေါင်းခွံတွင် ရှည်လျားကျဉ်းမြောင်းသော အက်ကြောင်းတစ်ခု ပေါ်လာလေ၏။

သို့သော်လည်း ထိုမကောင်းဆိုးဝါးက ရပ်တန့်သွားခြင်း မရှိပေ။ ပြောရလျှင် ၎င်းမှာ ပို၍ပင် ကြမ်းကြုတ်လာခြင်းဖြစ်သည်။ ၎င်း၏ အရှိန်က ထိုးတက်လာပြီး လုံအောင်းမင်ကို ရိုက်ထုတ်ရန် နောက်လှည့်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် ရုတ်တရက်ဆန်လွန်းလှသဖြင့် လုံအောင်းမင်တစ်ယောက် ဒိုင်းဖြင့် ကာကွယ်ရန်ပင် အချိန်မရလိုက်ပေ။ သူ့ခါးကို ရိုက်မိသွားပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။ သူ့လည်ချောင်းထဲတွင် ချိုမြမြအရသာတစ်ခုကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။

လုံအောင်းမင်သည် ဆယ်မီတာခန့်အထိ နောက်သို့ ရိုက်ချခံလိုက်ရသည်။ သူ၏ အသက်မှတ်မှာ ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး တခဏမျှ မတ်တပ်မရပ်နိုင်ဘဲ ဖြစ်သွားရသည်။ ကံကောင်းသည်က အလွန်နီးကပ်နေသဖြင့် မကောင်းဆိုးဝါး၏ လက်သည်းများမှာ သူ့ခန္ဓာကိုယ်ကို မထိသွားခဲ့ပေ။ ၎င်း လက်ကို ဝေ့ယမ်းလိုက်သောအခါ လက်မောင်းဖြင့်သာ လုံအောင်းမင်ကို ရိုက်မိသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာ မရှိခဲ့ပေ။ မဟုတ်ပါက လုံအောင်းမင်သည် 'သွေးထွက်ခြင်း' အခြေအနေကိုပါ ခံစားရဦးမည် ဖြစ်သည်။

သွေးအလောင်းကောင်သည် ၎င်းနောက်စေ့မှ ဒဏ်ရာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး နာကျင်စွာ ညည်းညူလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ၎င်းသည် လုံအောင်းမင်ကို စိုက်ကြည့်လိုက်ပြီး သားကောင်ကို ခြောက်လှန့်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။ ဂွဖြင့် ရိုက်ခံလိုက်ရခြင်းသည် ထိခိုက်မှု အတော်အတန်များပုံရပြီး အသေးစားဘော့စ်ကို ခြိမ်းခြောက်မှု ခံစားရစေခဲ့သည်။

အစ်ကိုလုံသည်ပင် လဲကျသွားသည်ကို မြင်ရသောအခါ မစ္စတာ 'အထီးကျန်ဆုံး' နှင့် မစ္စ'ဝမ်းအနည်းဆုံး' တို့သည် အခြေအနေများ အထိန်းအကွပ်မဲ့ဖြစ်တော့မည်ကို သိလိုက်ကြသည်။ သူတို့သည် လုံအောင်းမင်ကို ကူညီထူမရန် အပြေးအလွှားသွားလိုက်ကြပြီး သွေးမကောင်းဆိုးဝါးနှင့် ဝေးရာသို့ ဆွဲခေါ်ရန် ကြိုးစားကြသည်။ မှန်ပေသည် သွေးမကောင်းဆိုးဝါးသည် သူတို့ကို လွတ်မြောက်ခွင့် ပေးလိမ့်မည်မဟုတ်ပေ။ ၎င်းသည် ထိုသုံးယောက်ရှိရာသို့ ချက်ချင်း ပြေးဝင်လာတော့သည်။

ထိုအခိုက်အတန့်တွင် ဘယ်သူမှမျှော်လင့်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ပုံရိပ်တစ်ခုသည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားပြီး သွေးမကောင်းဆိုးဝါး၏ နောက်ကျောဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားတော့သည်။ သူသည် သူ့လက်ကို ဆန့်ထုတ်၍ သွေးအလောင်းကောင်၏ ပုခုံးကို လှမ်းကိုင်လိုက်လေ၏။ ထို့နောက် သွေးအလောင်းကောင်၏ ကျောပေါ်သို့ ပေါ့ပေါ့ပါးပါးခုန်တက်သွားပြီး ၎င်း၏ပုခုံးပေါ်တွင် ဒူးထောက်ချလိုက်သည်။

ဝမ်တန်ကျိသည် အသံတစ်စိုးတစ်စိမျှ မထွက်စေခဲ့ပေ။ မကောင်းဆိုးဝါး မတုံ့ပြန်နိုင်ခင်မှာပင် သူသည် လုံအောင်းမင် ဂွဖြင့်ရိုက်ခဲ့သည့် ဒဏ်ရာထဲသို့ ဓားဦးကို ထိုးသွင်းလိုက်လေသည်။ ဓားဦးမှာ ဦးခေါင်းခွံကို ဖောက်ထွက်သွားပြီး သွေးအလောင်းကောင်၏ ဦးနှောက်အတွင်းသို့ မွှေနှောက်သွားတော့သည်။

အခန်း (၂၄)

လူတိုင်း အံ့အားသင့်သွားရသည်မှာ သွေးအလောင်းကောင်သည် ပြင်းထန်သော ဒဏ်ရာရရှိထားသော်လည်း လဲကျမသွားခြင်းပင်။ ၎င်းက ဝမ်တန်ကျိကို ဖမ်းဆွဲရန် ၎င်း၏လက်တစ်ဖက်ကို မြှောက်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်ထဲ၌ အတွေးနှစ်ခု တပြိုင်တည်း ပေါ်လာတော့သည်။ ပထမအချက်မှာ ဤမကောင်းဆိုးဝါး၏ ဦးနှောက်သည် ကော်ဖြင့် ပြုလုပ်ထားပုံရသည်ဟူ၍ ဖြစ်ပြီး ဒုတိယအချက်မှာ ဝမ်တန်ကျိတစ်ယောက်တော့ အသတ်ခံရတော့မည်ဟူ၍ ဖြစ်သည်။

ဒိုင်း။

နောက်ထပ် သေနတ်သံတစ်ချက် ထွက်ပေါ်လာပြန်သည်။

ဖုန်းပုကြွယ်၏ လှုပ်ရှားမှုသည် သူ့အတွေးကဲ့သို့ပင် လျင်မြန်လှပြီး တည်ငြိမ်ကာ ထိရောက်မှုရှိသည်။ ယခုအချိန်တွင် သူသည် သွေးအလောင်းကောင်နှင့် နှစ်မီတာခန့်အကွာတွင် ပေါ်လာပြီး သေနတ်ကို မြှောက်ကာ ၎င်း၏ ဦးခေါင်းကို ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ အကွာအဝေး နီးကပ်လှသဖြင့် ကျည်ဆန်မှာ သွေးအလောင်းကောင်၏ ဦးခေါင်းကို ဖောက်ထွက်သွားတော့၏။ သွေးအလောင်းကောင်၏ ဦးခေါင်းမှ အမည်မသိအရည်များ ပန်းထွက်လာတော့သည်။

နောက်ဆုံးတွင် သွေးမကောင်းဆိုးဝါး၏ လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။ ဝမ်တန်ကျိသည် ၎င်း၏ လက်ထဲမှ အမြန်ရုန်းထွက်ကာ ပုခုံးပေါ်မှ ခုန်ချလိုက်သည်။

ဖုန်းပုကြွယ် သွေးအလောင်းကောင်ရှေ့သို့ လျှောက်သွားပြီး သေနတ်ကို ၎င်း၏ နဖူးတည့်တည့်သို့ ချိန်ရွယ်ထားလိုက်သည်။

“စိတ်ဝင်စားစရာပဲ၊ သူ့နောက်စေ့က အသုံးမဝင်တဲ့ပုံပဲ”

သူ ထပ်မံပစ်ခတ်လိုက်ပြန်သည်။ ကျည်ဆန်သည် သွေးမကောင်းဆိုးဝါး၏ နဖူးကို ဖောက်ဝင်သွား၏။ ယခုတစ်ကြိမ်တွင်မူ ၎င်းသည် မည်သည့်အသံမျှ မထွက်နိုင်တော့ဘဲ တုံ့ပြန်နိုင်စွမ်း လုံးဝ ကင်းမဲ့သွားတော့သည်။

“အင်း... ငါ အခုမှ နားလည်တော့တယ်၊ ဒီကောင်က သူ့ကို ထိခိုက်မှုအများကြီးပေးနိုင်တဲ့ ပစ်မှတ်ကိုပဲ အာရုံစိုက်တတ်တဲ့ အလေ့အကျင့်ရှိတာကိုး၊ ဒါကြောင့် သူ့ရဲ့ နောက်ကျောက တိုက်ခိုက်ဖို့ အရမ်း လွယ်ကူနေတာ၊ သူ့ခေါင်းက အားနည်းချက်ဖြစ်တာ ငြင်းလို့မရပေမဲ့ စနစ်က သူ့ရဲ့ သေစေနိုင်တဲ့အားနည်းချက်ကို ခန္ဓာကိုယ်အရှေ့ဘက်မှာ တမင်ထားပေးထားတာပဲ၊ ပြီးတော့ သူ့ကို တိုက်ခိုက်မှုအားကောင်းပြီး သွေး (HP) များတဲ့ ကာရိုက်တာကို ပေးထားတယ်...”

ဖုန်းပုကြွယ် စကားပြောနေစဉ် မကောင်းဆိုးဝါးကြီး လဲကျသွားသည်။ အမှန်စင်စစ် သူ့အတွက်မူ မကောင်းဆိုးဝါးကို သတ်ရခြင်းသည် ထိုမျှ အရေးမကြီးပေ။ ဤကဲ့သို့သော မကောင်းဆိုးဝါးမျိုးကို အထိရောက်ဆုံးနည်းလမ်းဖြင့် မည်သို့ သတ်ဖြတ်ရမည်ကို သိရှိရန်ကသာ ပို၍ အရေးကြီးပေသည်။

လုံအောင်းမင်တစ်ယောက် နောက်ဆုံးတွင် ပြန်လည်နာလန်ထူလာသည်။ သူ မတ်တပ်ထရပ်ပြီး လမ်းလျှောက်နိုင်သေးသော်လည်း အခြေအနေက သိပ်မကောင်းလှပေ။ သူ၏ အသက်မှတ် မည်မျှ ကျန်ရှိသည်ကို အခြားသူများ မသိသော်လည်း သူ့အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်းကိုမူ သူတို့ သိကြသည်...။

ဝမ်တန်ကျိ လျော့နည်းသွားသော အသက်မှတ်မှာ လုံအောင်းမင်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။ သို့သော်လည်း သူ၏ အသက်မှတ်အရဆိုလျှင် သွေးအလောင်းကောင်၏ တိုက်ခိုက်မှုကို အသက်မှတ် ၉၀ ရာခိုင်နှုန်းရှိနေစဉ် ခံရလျှင်ပင် သေဆုံးသွားနိုင်သည်မှာ အမှန်ပင်။

အဖွဲ့သည် အသေးစားဘော့စ်ကို အနိုင်ရရှိသွားပြီဖြစ်သဖြင့် ခေတ္တ အနားယူနိုင်ပြီဟု ထင်မှတ်လိုက်သည့် ခဏမှာပင် အမှောင်ထုက ထပ်မံကျရောက်လာပြန်သည်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော အသံများစွာမှာလည်း သူတို့နားထဲတွင် ပဲ့တင်ထပ်လာတော့၏။ အဖွဲ့၏ ကြောက်ရွံ့မှုတန်ဖိုးအမှတ်များ မြင့်တက်သွားပြီး သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်တည်း ပေါ်လာကြသည်။ အကယ်၍ အမှောင်ထုပြီးသွားပြီးနောက် မြေပြင်ပေါ်ရှိ သွေးအလောင်းကောင်ကြီး ပြန်ထလာပြီး ပိုသန်မာလာမည်ဆိုပါက သူတို့ ဘာလုပ်ကြမည်နည်း။

စက္ကန့်အနည်းငယ်ကြာပြီးနောက် အမှောင်ထုမှာ ပြန်လည်ကွယ်ပျောက်သွားသည်။ ပြီးခဲ့သည့်အကြိမ်ကဲ့သို့ပင် ၎င်းသည် လာခြင်းမြန်သလို ပြန်သွားသည်မှာလည်း မြန်လှပေသည်။ ဖုန်းပုကြွယ်သည် သေနတ်ကို ထပ်မြှောက်လိုက်ပြီး မြေပြင်ပေါ်ရှိ သွေးအလောင်းကောင်၏ ဦးခေါင်းကို ချိန်ရွယ်လိုက်သော်လည်း ၎င်းမှာ နည်းနည်းမှ တုံ့ပြန်ခြင်း မရှိတော့ပေ။ ၎င်းမှာ လုံးဝ သေဆုံးသွားပုံရသည်။

“ကြည့်ရတာတော့... ငါ ခုနကပြောခဲ့တဲ့ ဖြစ်နိုင်ခြေသုံးခုထဲက ဒုတိယတစ်ခု ဖြစ်ဖို့ များတယ်”

ဖုန်းပုကြွယ်သည် ငါးစက္ကန့်၊ ခြောက်စက္ကန့်ခန့် ချိန်ရွယ်ထားပြီးနောက် ဘာမှဖြစ်မလာသဖြင့် သေနတ်ကို ပြန်ချလိုက်သည်။

“ဒီအမှောင်ထုက သဘာဝဖြစ်စဉ်တစ်ခုနဲ့ ဆင်တူတယ်၊ အဲ့ဒါ ပေါ်လာတိုင်း 'အသက်ရှင်နေသေးတဲ့' မကောင်းဆိုးဝါးတွေအားလုံး ပိုသန်မာလာကြတာပဲ”

မြေပြင်ပေါ်ရှိ သွေးအလောင်းကောင်ကို သူတစ်ချက်ကြည့်လိုက်သည်။

“ငါ ထင်တာတော့ ဒီသွေးမကောင်းဆိုးဝါးက တစ်ကြိမ်အားကောင်းလာပြီးသား ဖြစ်ရမယ်... သူတင်မကဘူး၊ ငါတို့ ပထမဆုံး အမှောင်ထုနဲ့ ကြုံတုန်းက ဒီမြို့ထဲမှာရှိတဲ့ မသေသေးတဲ့ မကောင်းဆိုးဝါးတွေအားလုံး အားကောင်းလာကြတာ ဖြစ်လိမ့်မယ်”

လုံအောင်းမင်၊မစ္စ 'ဝမ်းအနည်းဆုံး' နှင့် မစ္စတာ 'အထီးကျန်ဆုံး' တို့သည် ဖုန်းပုကြွယ်ဘေးသို့ လျှောက်လာကြသည်။ လုံအောင်းမင်မှာ ဘာမှမပြောဘဲ မာရီယို၏ဂွကို ဖုန်းပုကြွယ်ထံသို့ ပြန်ပေးလိုက်၏။ ဖုန်းပုကြွယ်ကလည်း ပုံမှန်အတိုင်းပင် လက်ခံလိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ ၎င်းအတွက် များစွာတွေးတောနေခြင်း မရှိပေ။

ဖုန်းပုကြွယ်က ဆက်ပြောသည်။

“တကယ်လို့ ငါတို့သာ ဒီသွေးမကောင်းဆိုးဝါးကို အခုမသတ်ခဲ့ရင် အမှောင်ထုထဲမှာ နောက်တစ်ကြိမ် သန္ဓေပြောင်းသွားမှာကို ငါစိုးရိမ်မိတယ်”

“ဒါဆိုရင် ဒီဇာတ်လမ်းရဲ့ အခက်အခဲက နည်းနည်းများမနေဘူးလား၊ တကယ်လို့ ဒီလိုအမှောင်ထုက နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လာဦးမယ်ဆိုရင် တစ်မြို့လုံးမှာ မကောင်းဆိုးဝါးတွေ အပြည့်ဖြစ်မနေဘူးလား”

ဝမ်တန်ကျိက မေးလိုက်၏။

“ဒါက ငါတို့ကို ဒီဇာတ်လမ်းကို အမြန်ဆုံးအောင်မြင်အောင်လုပ်ဖို့ လမ်းကြောင်းပြောင်းလိုက်တာပဲ၊ ဘာလို့လဲဆိုတော့ ဒီမြို့ကြီးက အရမ်းကျယ်လွန်းတယ်လေ၊ ဇာတ်လမ်းထဲက မကောင်းဆိုးဝါးတွေက အရမ်းကြီး များပြားမနေဘူး၊ အနည်းဆုံးတော့ ဇွန်ဘီးရုပ်ရှင်တွေထဲကလို နေရာတိုင်းမှာ ရှိမနေဘူး၊ ဒါကြောင့် ကစားသမားတွေ မြို့ထဲမှာ အချိန်ဖြုန်းပြီး လျှောက်သွားနေမှာကို တားဆီးဖို့ စနစ်က ဒီနည်းလမ်းကို သုံးရတာပဲ”

ဖုန်းပုကြွယ်က ပြောသည်။

“ငါတို့သာ အလျင်မလိုဘူးဆိုရင် နောက်ထပ် နာရီအနည်းငယ်အတွင်းမှာ ငါတို့ တွေ့ရမယ့် သာမန်မကောင်းဆိုးဝါးတစ်ကောင်ကတောင် ဘော့စ်တစ်ကောင်လောက် သန်မာနေလိမ့်မယ်၊ အဓိကမစ်ရှင်ကိုတော့ ထည့်မပြောနဲ့တော့”

“ဒါဆိုရင် ငါတို့ ဘာစောင့်နေကြတာလဲ၊ မြန်မြန် သွားကြရအောင်လေ...”

လုံအောင်းမင် စကားမဆုံးခင် ဖုန်းပုကြွယ်က ခေါင်းခါပြသည်။

“ကျွန်တော်တို့မှာ ဦးစားပေးလုပ်ရမယ့်အရာတွေ ရှိတယ်၊ ကျွန်တော်တို့ရဲ့ အစီအစဉ်က ပြောင်းလဲမှာ မဟုတ်ဘူး”

ရဲစခန်းရှိရာဘက်သို့ သူလှည့်ကြည့်လိုက်၏။

“အခု မကောင်းဆိုးဝါးကို သတ်ပြီးပြီဆိုတော့ ဒီလောက်အဆင့်ရှိတဲ့ တိုက်ပွဲတစ်ခုအပြီးမှာ ဆုလာဘ်တစ်ခုတော့ သေချာပေါက် ရှိမှာပဲ၊ ကျွန်တော်တို့ ရဲစခန်းထဲမှာ အသုံးအဆောင်ပစ္စည်းတွေကို အရင်ရှာပြီး လူတိုင်းမှာ လက်နက်ရှိအောင် လုပ်ရမယ်၊ အဲ့ဒါအပြင် အစ်ကိုလုံရဲ့ အသက်မှတ်တွေ ပြန်တက်လာဖို့လည်း လိုသေးတယ်”

ဖုန်းပုကြွယ်သည် ပွင့်ထွက်နေသော နံရံဆီသို့ လျှောက်သွားလိုက်သည်။ သူ့ပစ္စည်းသိုလှောင်ခန်းထဲမှ ပျက်စီးနေသော လက်နှိပ်ဓာတ်မီးကို ထုတ်ယူရင်း သူက ပြောသည်။

“ကျွန်တော့်မှာ ဒီပျက်နေတဲ့အရာကို သုံးမိနစ်လောက် ပုံမှန်အတိုင်း အလုပ်လုပ်အောင်လုပ်နိုင်တဲ့ စွမ်းရည်တစ်ခု ရှိတယ်၊ ဒါပေမဲ့ အဲ့ဒါက သက်လုံအမှတ်တစ်ရာ ကုန်ကျလိမ့်မယ်၊ ခုနတုန်းက ကျွန်တော် အကူအညီပေးဖို့ အမြန်ပြန်လာခဲ့ရတာမို့ ရှာဖွေဖို့ အချိန်မရခဲ့ဘူး၊ ပြီးတော့ တိုက်ပွဲမတိုင်ခင် ကျွန်တော့်ရဲ့ သက်လုံအမှတ်တွေကို အလဟဿမဖြုန်းချင်တာကြောင့် အဲ့ဒီစွမ်းရည်ကို မသုံးခဲ့တာ၊ အလင်းရောင် အကန့်အသတ်ရှိတာကို ထည့်တွက်ရင် လက်နှိပ်ဓာတ်မီးကလည်း တစ်လက်ပဲ ရှိတာဆိုတော့ ကျွန်တော်တစ်ယောက်တည်း အထဲဝင်တာက ပိုကောင်းလိမ့်မယ်၊ တကယ်လို့ ပိုစိတ်ချရတဲ့ တခြားအလင်းပေးတဲ့ပစ္စည်းတွေတွေ့ရင် ကျွန်တော်ပြန်ထွက်လာခဲ့မယ်၊ အဲ့ဒီအခါကျမှ အားလုံးအတူတူ ဝင်ကြတာပေါ့”

သူ နောက်လှည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဘယ်သူမဆို ငါ့နောက် လိုက်ချင်တယ်ဆိုရင်လည်း ရပါတယ်၊ ဒါပေမဲ့ မင်းတို့က ငါ့နောက်က လိုက်ရမှာဖြစ်ပြီး မင်းတို့ရဲ့ အမြင်အာရုံက ငါ့မီးလင်းတဲ့နေရာကိုပဲ လိုက်ကြည့်နိုင်လိမ့်မယ်”

“အဲ့လိုလုပ်ဖို့ မလိုပါဘူးကွာ၊ ငါတို့ ဒီမှာပဲ စောင့်နေပါ့မယ်၊ မင်းက ပစ္စည်းတွေကို မင်းအိတ်ထဲထည့်သွားမှာကို ငါတို့က ကြောက်နေမယ် ထင်လို့လား”

လုံအောင်းမင်က ပွင့်ပွင့်လင်းလင်း ရယ်မောရင်း မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

“ဒါက ငါအနားယူပြီး သက်လုံအမှတ်တွေ ပြန်ပြည့်အောင် လုပ်ဖို့အတွက် အကောင်းဆုံးပဲ”

ထိုအချိန်တွင် မစ္စတာ 'အထီးကျန်ဆုံး' မှာမူ မည်သည့်စကားမျှ မပြောတော့ပေ။ သူနှင့် မစ္စ 'ဝမ်းအနည်းဆုံး' တို့ အတူတူကစားခဲ့ဖူးသော အဖွဲ့လိုက်ရှင်သန်ရေးမုဒ် နှစ်ကြိမ်စလုံးတွင် အဆင့်မြင့် ကစားသမားများသည် သူတို့ကို လာရောက်ကာကွယ်ပေးခြင်း မရှိခဲ့သလို ပစ္စည်းများကိုလည်း မျှဝေပေးခြင်း မရှိခဲ့ကြပေ။ အခုမူ ဤ 'အစ်ကိုကြီးဖုန်း' က အဖွဲ့အတွက် အသုံးအဆောင် ပစ္စည်းများရရန် ရဲစခန်းသို့ တမင်တကာလာခဲ့ခြင်းဖြစ်သဖြင့် သူတို့အနေဖြင့် ကန့်ကွက်စရာ အကြောင်းမရှိပေ။

ဖုန်းပုကြွယ်သည် သူတို့လေးဦးအား အကြည့်ဖြင့် ဆက်သွယ်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြကာ နံရံမှအပေါက်ထဲသို့ ထပ်မံဝင်ရောက်သွားတော့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ့လက်ထဲ၌ လက်နှိပ်ဓာတ်မီးတစ်လက် ရှိနေပြီ ဖြစ်သည်။ အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူသည် လျင်မြန်စွာပြုပြင်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်၏။ သက်လုံအမှတ်တစ်ရာ လျော့နည်းသွားသည်နှင့် တစ်ပြိုင်နက် လက်နှိပ်ဓာတ်မီးပေါ်တွင် 2D ကုဒ်အချို့ ပေါ်လာလေသည်။ ထို့နောက် လက်နှိပ်ဓာတ်မီးသည် လျင်မြန်စွာပြောင်းလဲသွားပြီး မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

[အမည် - လက်နှိပ်ဓာတ်မီး]

ပစ္စည်းအမျိုးအစား - ကိရိယာ

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အလင်းရောင်ပေးရန်

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - ရသည်

[မှတ်ချက် - အလုပ်လုပ်ရန် နံပါတ် ၁ ဘက်ထရီ နှစ်လုံး လိုအပ်သည်။]

ထိုအိုင်တမ်ကို ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်သော်လည်း ဖုန်းပုကြွယ်၏စွမ်းရည် အာနိသင် ကုန်ဆုံးသွားသည်နှင့် လက်နှိပ်ဓာတ်မီး၏ အရည်အသွေးမှာ ပြန်လည် ပျက်စီးသွားပြီး မီးလင်းတော့မည် မဟုတ်သဖြင့် များစွာအသုံးမဝင်လှပေ။ ၎င်းမှာ ဇာတ်လမ်းဆိုင်ရာ ပစ္စည်းတစ်ခု မဟုတ်သဖြင့် ပဟေဠိကတ်တစ်ခု အဖြစ်သို့လည်း ပြောင်းလဲသွားမည် မဟုတ်ပေ။

လက်နှိပ်ဓာတ်မီးဖြင့် ရှေ့သို့ လျှောက်လှမ်းရင်း ဖုန်းပုကြွယ်၏ ရှာဖွေမှုမှာ အလွန်ပင် ထိရောက်လာတော့သည်။ မကြာမီမှာပင် သူသည် အလွန်အရေးကြီးသော အရာတစ်ခုကို တွေ့ရှိသွားသည်။

All Chapters