← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇)

ထူးဆန်းသော မကောင်းဆိုးဝါးနှစ်ကောင်၊ လုံးဝမတူညီသော စွမ်းအားနှစ်ခု။

၎င်းတို့၏ ဟိန်းဟောက်သံများသည် လေထုထဲတွင် ရိုက်ခတ်မိသွားကာ အချင်းချင်း ရစ်ပတ် ပေါက်ကွဲသွားကြသည်။ မမြင်ရသော အသံလှိုင်းများသည် ဒြပ်ရှိသောတိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားတော့၏။

လင်းနို့တောင်ပံနှင့် နတ်ဆိုး၏ ခန္ဓာကိုယ်မှာ ပီရန်ဟာငါးများ ဝိုင်းအုံစားသောက်ခံလိုက်ရသည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပြတ်ထွက်သွားရသည်။ မီးခိုးရောင် အသားအရေအောက်ရှိ အသားစများနှင့် အရိုးများမှာ အပြင်သို့ ပေါ်ထွက်လာ၏။ ၎င်း၏ အသားစများမှာ တဖြည်းဖြည်း ချွတ်ခွာခံလိုက်ရပြီး အရိုးစုသာ ကျန်ရှိတော့သည်။ ၎င်းသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အပိုင်းပိုင်းအစစ ကြွေမွသွားတော့သည်။

သစ်ပင်မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မရေမတွက်နိုင်သော တိုက်စားမှု အမှတ်အသားများ ပေါ်လာပြီး ပင်စည်မှတစ်ဆင့် အပေါ်ဘက်ရှိ သစ်ကိုင်းများဆီသို့ ပျံ့နှံ့သွားသည်။ ဤအမှတ်အသားများသည် ကုသမရသော ဒဏ်ရာများနှင့်တူပြီး သစ်ပင်မိစ္ဆာ၏ ထိခိုက်မှုကို ဆက်တိုက်ဆိုသလို မြှင့်တင်ပေးနေလေ၏။

အခြေအနေသည် မကောင်းဆိုးဝါးနှစ်ကောင်လုံး တပြိုင်တည်း သေဆုံးမည့် အနေအထားသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ သို့သော်လည်း အမှောင်ထုသည် အချိန်မကျဘဲ ရောက်ရှိလာပြန်သည်...။

လူငါးဦး၏ မြင်ကွင်းက ရုတ်တရက် အမှောင်ထုနှင့် ပြည့်နှက်သွားတော့သည်။ ဤအမှောင်ထုသည် အတွင်း၌ဖြစ်စေ၊ အပြင်ဘက်၌ဖြစ်စေ အရာအားလုံးကို ဝါးမြိုဖုံးလွှမ်းသွားနိုင်စွမ်း ရှိသည်။ အလင်းရောင် အရင်းအမြစ်က သူတို့ရှေ့တည့်တည့်တွင် ရှိနေလျှင်ပင် မည်သို့မျှ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ပေ။

ယခုတစ်ကြိမ်တွင်မူ အမှောင်ထုထဲမှ ထူးထူးခြားခြား ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်မလာချေ။ သို့သော်လည်း ၎င်းမှာ သူတို့နားများကို လက်များဖြင့် ပိတ်ထားခြင်းနှင့် မသက်ဆိုင်ကြောင်း ထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် စက္ကန့်အနည်းငယ်အကြာတွင် လူတိုင်း၏ နားထဲသို့ အလွန်ပင် ရှင်းလင်းလှသော တီးတိုးသံတစ်ခု ဝင်ရောက်လာသောကြောင့်ပင်။

“တခြားသူတွေရဲ့ ကိစ္စထဲ ဝင်ပါတတ်တဲ့ အဆင့်နိမ့်နတ်ဘုရား... မင်း ဒါအတွက် ပေးဆပ်ရလိမ့်မယ်...”

ထိုစကား ဆုံးသွားသည်နှင့် အမှောင်ထုမှာ ချက်ချင်းကွယ်ပျောက်သွားပြီး လူတိုင်း၏ မြင်ကွင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူတို့သည် မတ်တပ်ရပ်ကာ ညှိုးနွမ်းနေသော သစ်ပင်ကြီးကို မျက်နှာမူလိုက်ကြပြီး ထိုမကောင်းဆိုးဝါး မည်သို့ သန္ဓေပြောင်းသွားမည်ကို ကြည့်ရှုရန် ပြင်လိုက်ကြ၏။

မူမမှန်မှုကို ပထမဦးဆုံး သတိပြုမိသူမှာ ဖုန်းပုကြွယ် ဖြစ်သည်။ သစ်ပင်ကြီးသည် ပိုသန်မာလာပုံ မရသည့်အပြင် အစောပိုင်းက ရရှိခဲ့သော ဒဏ်ရာများမှာလည်း ပို၍ထင်ရှားလာလေသည်။ ၎င်း၏ သစ်ကိုင်းများ ပြုတ်ကျလာပြီး ပြာအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

“မင်းက ခုနကအသံက ပြောသွားတဲ့ အဆင့်နိမ့်နတ်ဘုရားလား”

ဖုန်းပုကြွယ်သည် ထိုမကောင်းဆိုးဝါးနှင့် စကားပြောရန် အမှန်တကယ် ရှေ့သို့လျှောက်သွားတော့သည်။

ကျန်လေးယောက် မတုံ့ပြန်နိုင်ခင်မှာပင် သစ်ပင်မိစ္ဆာသည် ပါးစပ်ကို ဖွင့်၍ ပြန်ဖြေလာသည်။

“လူသား... သော့ကိုသွားရှာပြီး ချိပ်ပိတ်မှုကို ပြန်လည် ပြုပြင်ပါ...”

“ငါတို့ မီးသော့ကို ရှာတွေ့ထားပြီးပြီ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ဒီမြို့မှာ ဘာတွေ ဖြစ်ခဲ့တာလဲ၊ ဒီအရာအားလုံးရဲ့ နောက်ကွယ်က တရားခံက ဘယ်သူလဲ၊ သစ်သားသော့ကရော ဘယ်မှာလဲ”

သူသည် မေးခွန်းသုံးခုကို ဆက်တိုက် မေးလိုက်၏။

“ဆမ် မွန်တီယာ... အချိန်သခင်ရဲ့ အစေခံတွေထဲက တစ်ယောက်ပေါ့၊ သူက သူ့သခင်ကို သစ္စာဖောက်ခဲ့လို့ သူ့ရဲ့ နတ်ဘုရား စွမ်းအားတွေ ရုပ်သိမ်းခံရပြီး အဆုံးမဲ့အချိန်မြစ်ထဲကို နှင်ထုတ်ခံခဲ့ရတာ...”

သစ်ပင်၏ သစ်ကိုင်းများသည် အကုန်လုံးနီးပါး ကွယ်ပျောက်သွားပြီ ဖြစ်ပြီး ပင်စည်မှာလည်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲနေသည်။

“ကင်းခြေများဟာ သေသွားရင်တောင် ဘယ်တော့မှ လဲကျမသွားဘူး... ဆမ် မွန်တီယာက လက်မလျှော့ခဲ့ဘူး၊ သူက ကျန်ရှိနေတဲ့ သူ့စွမ်းအားအားလုံးကိုသုံးပြီး ဒီမြို့ကြီးကို လက်တွေ့ကမ္ဘာကနေ ဆွဲထုတ်ပြီး ဒီနေရာမှာ ဝှက်ထားခဲ့တာ၊ ဒီနေရာဟာ အချိန်မြစ်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်တော့ဘူး... အဲ့ဒီအစား မြစ်နဲ့ သီးခြားဖြစ်နေတဲ့ ရေအိုင်ငယ်လေး တစ်ခုပဲ”

သစ်ပင်မိစ္ဆာ၏ မျက်နှာပေါ်ရှိ သစ်ခေါက်များသည်လည်း စတင်ကွာကျနေပြီ ဖြစ်သည်။

“အချိန်သခင်ရဲ့ အပြစ်ပေးမှုကို ရှောင်ရှားဖို့အတွက် သူက မိစ္ဆာတံခါးကို ဆင့်ခေါ်ခဲ့တယ်၊ တကယ်လို့ တံခါးပေါ်က ချိပ်ပိတ်မှုကို ဖွင့်လိုက်ပြီး မြို့ကြီးကို နတ်ဆိုးလောကနဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် ဒီနေရာဟာ 'နတ်ဆိုးခေါင်းဆောင်' ရဲ့ နယ်မြေ ဖြစ်သွားမှာဖြစ်ပြီး အချိန်သခင်က သူ့အပေါ်မှာ ဘာလုပ်ပိုင်ခွင့်မှ ရှိတော့မှာမဟုတ်ဘူး။

“အချို့လူသားတွေက ဆမ် မွန်တီယာနဲ့ သဘောတူညီချက်တစ်ခု ရယူခဲ့ကြတယ်၊ သူတို့က သူ့ကို တံခါးရဲ့ ချိပ်ပိတ်မှုကို ချိုးဖျက်ဖို့ ကူညီပေးသရွေ့ သူတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်လို့ပေါ့၊ ဒါပေမဲ့ နတ်ဆိုးမိစ္ဆာတွေ တံခါးထဲကနေ အရှိန်အဟုန်နဲ့ ထွက်လာတဲ့ခဏမှာပဲ ဆမ် မွန်တီယာက အဲ့ဒီလူတွေကို ချက်ချင်း စွန့်ပစ်လိုက်တယ်၊ နတ်ဆိုးမိစ္ဆာတွေက သူ့ဆီကနေ အစားအစာတွေ လုမစားခင် သူက လောဘတကြီးနဲ့ မြို့ထဲကလူသားတွေအားလုံးကို အမှောင်ထုထဲ ဝါးမြိုလိုက်တော့တာပဲ၊ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်လောက်ပဲ သော့နှစ်ချောင်းကိုယူပြီး မိစ္ဆာတံခါးဆီကနေ ထွက်ပြေးနိုင်ခဲ့ကြတာ”

ဤနေရာတွင် သစ်ပင်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ လုံးဝနီးပါး ညှိုးနွမ်းသွားပြီ ဖြစ်သော်လည်း ၎င်းက ဆက်ပြောနေဆဲပင်။

“ဆမ် မွန်တီယာ ကိုယ်တိုင်က သော့ကိုဖြစ်စေ၊ ချိပ်ပိတ်မှုကိုဖြစ်စေ မထိတွေ့နိုင်ဘူး၊ ပြီးတော့ သော့နဲ့ နီးကပ်နေတဲ့ လူသားတွေကိုလည်း သူမစားနိုင်ဘူး၊ ဒါပေမဲ့ နတ်ဆိုးမိစ္ဆာတွေကတော့ လုပ်နိုင်တယ်၊ ဒါကြောင့် သူက နတ်ဆိုးမိစ္ဆာတွေကို ကတိပေးခဲ့တယ်၊ 'သံသရာစက်ဝန်း' တစ်ခုစီ ပြီးဆုံးတိုင်းမှာ သူက အမှောင်ထုကတစ်ဆင့် သူ့ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို သူတို့ဆီ ပေးမယ်လို့ပေါ့၊ အပြန်အလှန်အနေနဲ့ နတ်ဆိုးမိစ္ဆာတွေက မြို့ထဲက အသက်ရှင်နေတဲ့ လူသားအားလုံးကို ရှာဖွေပြီး သတ်ပစ်ရမယ်၊ ချိပ်ပိတ်မှုကို ဘယ်သူမှ ပြန်မပြင်နိုင်အောင်လို့ပေါ့...”

“သစ်သားသော့က ဘယ်မှာလဲ”

ဖုန်းပုကြွယ်က ထပ်မံ မေးမြန်းလိုက်သည်။ သူသည် ယင်းနှင့်ပတ်သက်၍ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားနေရသည်။ သူ မြင်တွေ့နေရသည့် အနေအထားအရ NPC သည် ဇာတ်လမ်း၏ အရေးကြီးဆုံးအပိုင်းတွင် သေဆုံးသွားမည့် အလားအလာ ရှိနေလေသည်။

“သစ်သားသော့ကို ကိုင်ထားတဲ့လူက မြေအောက်မှာ သေဆုံးသွားခဲ့ပြီ”

သစ်ပင်မိစ္ဆာက ပြန်ဖြေလိုက်၏။

“ငါ လမ်းကို ဖွင့်ပေးထားပြီးပြီ၊ ငါသေဆုံးပြီးနောက်မှာ မင်းတို့ အောက်ကို ဆင်းသွားလို့ ရတယ်...”

၎င်း၏ ပါးစပ်သည် နောက်ဆုံးတွင် ဖုန်မှုန့်များအဖြစ် ပျော်ဝင်သွားတော့သည်။ စက္ကန့်အနည်းငယ်အကြာတွင် သစ်ပင်ပင်စည်မှသည် မြေအောက်သို့ ဖြာဆင်းနေသော အမြစ်ဖျားများအထိ အရာအားလုံး အနက်ရောင် ဖုန်မှုန့်များအဖြစ် ကြွေမွပျက်စီးသွားတော့သည်။

သစ်ပင်မိစ္ဆာ သေဆုံးသွားသော်လည်း ၎င်း မြေပြင်တွင် ဖန်တီးခဲ့သော အပေါက်ကြီးမှာ မြေအောက်လှိုဏ်ခေါင်း၏ အဝင်ဝ ဖြစ်လာခဲ့သည်။

“လက်ရှိတာဝန် ပြောင်းလဲသွားပါပြီ၊ အဓိကမစ်ရှင်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”

ကြေညာချက် ထွက်ပေါ်လာပြီးနောက် တာဝန်မီနူးက “မြေအောက်လှိုဏ်ခေါင်းသို့ ဝင်ရောက်ကာ သစ်သားသော့ကို ရှာဖွေပါ” ဟူ၍ ပြောင်းလဲသွား၏။

ဖုန်းပုကြွယ်သည် အဖွဲ့သားများဘက် လှည့်ကြည့်လိုက်သည်။

“အောက်မဆင်းခင် ငါတို့ စင်တွေဆီသွားပြီး လက်နှိပ်ဓာတ်မီးတွေ ရှိမရှိ အရင်ကြည့်ရအောင်”

ကျန်လူများမှာမူ ထိုမျှ ရှည်လျားသော ဇာတ်ကြောင်းကို နားထောင်လိုက်ရသဖြင့် သူတို့၏ ဦးနှောက်များ ချာချာလည်နေဆဲပင်။ သူတို့သည် ရပ်မြဲအတိုင်း ရပ်နေကြလေ၏။ စက္ကန့်အနည်းငယ်အကြာတွင် ဝမ်တန်ကျိက ပထမဆုံး မေးလိုက်သည်။

“အဲ... အစ်ကိုပုကြွယ်၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘာသာပြန်ဆရာအတွက် ပြန်ပြီး ဘာသာပြန်ပေးလို့ ရမလား”(အခွက်ပြောင်ချက်)

ဖုန်းပုကြွယ်သည် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်စင်ဆီသို့ လျှောက်သွားလိုက်သည်။

“အစောပိုင်းက တိုက်ပွဲနဲ့ အမှောင်ထဲက စကားသံတွေအရဆိုရင် ဒီသစ်ပင်က ငါတို့ အခုထိ တွေ့ခဲ့ရတဲ့ တခြားမကောင်းဆိုးဝါးတွေနဲ့ ကွဲပြားနေတာကို ငါ သတိပြုမိတယ်”

လေးဦးသား ဖုန်းပုကြွယ်၏ ဇာတ်ကြောင်းကို နားထောင်ရင်း နောက်မှ လိုက်ပါလာကြသည်။

“သူ့မှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာ မြင်လိုက်ရလို့ ငါအခွင့်အရေးကို အရယူပြီး အဲ့ဒီမေးခွန်း သုံးခုကို မေးလိုက်တာ၊ သူက NPC တစ်ယောက်အနေနဲ့ သူ့ရဲ့ တာဝန်ကို ကျေပွန်သွားတာပဲ၊ တိုက်ပွဲမြင်ကွင်းကို ပြပြီးတဲ့နောက် ဇာတ်လမ်းကို ရှင်းပြတယ်၊ သဲလွန်စတွေ ပေးတယ်၊ ပြီးတော့ ငါတို့အတွက် လမ်းရှာပေးခဲ့တယ်၊ အဲ့ဒီနောက်မှ သူက အနားယူ (Bento) သွားတာပဲ”

သူသည် ပြိုကျနေသော စင်တစ်ခုဆီသို့ လျှောက်သွားပြီး ကြမ်းပြင်ပေါ်မှ သေတ္တာတစ်လုံးကို ကောက်ယူလိုက်သည်။ ၎င်းကို ဖွင့်ရင်း သူက ဆက်ပြောသည်။

“သစ်ပင်ပြောစကားအရဆိုရင် သော့ ဒါမှမဟုတ် မိစ္ဆာတံခါးနဲ့ နီးကပ်နေသူတွေက မြို့ထဲက တခြားလူတွေလို ကွယ်ပျောက်သွားမှာ မဟုတ်ဘူး၊ ဒါက ရဲစခန်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ရှင်းပြပေးနေတာပဲ၊ ပြီးတော့ သစ်သားသော့ဟာ ဒီဗလာကျင်းနေတဲ့ ကုန်တိုက်ထဲမှာ ရှိမနေဘူးဆိုတာကိုလည်း သက်သေပြနေတယ်။

“ဒါအပြင်... ငါတို့အဖွဲ့ကတော့ ချွင်းချက်လို့ ငါယုံကြည်တယ်၊ ငါတို့က ကစားသမားတွေ ဖြစ်တာကြောင့် ဒီဒိုင်မန်းရှင်းထဲက 'လူသား' တွေထဲမှာ မပါဝင်လို့ ဖြစ်ရမယ်၊ မဟုတ်ရင်တော့ ငါတို့ ဇာတ်လမ်းထဲ စဝင်ကတည်းက ဆမ် မွန်တီယာရဲ့ သတ်ဖြတ်တာ ခံရမှာပဲ”

ဖုန်းပုကြွယ်သည် ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“လက်ရှိ အခြေအနေကို ပြောရရင်တော့ တကယ်တမ်းတော့ ရှင်းရှင်းလေးပါပဲ... ဒီဇာတ်လမ်းရဲ့ ဘော့စ်ကြီးက မိနစ် ၃၀ တိုင်းမှာ အမှောင်ထုကိုသုံးပြီး မြေပုံတစ်ခုလုံးမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို အားကောင်းအောင် လုပ်နေတာ၊ သူကိုယ်တိုင်တော့ ပေါ်လာမှာ မဟုတ်ဘူး၊ သူ့မှာ ရုပ်ခန္ဓာရှိမှာတောင် မဟုတ်ဘူး၊ ဒါပေမဲ့ မကောင်းဆိုးဝါးတွေကတော့ ငါတို့အတွက် အမြဲတမ်း ခြိမ်းခြောက်မှု ဖြစ်နေမှာပဲ။

ဘော့စ်ရဲ့ ရည်ရွယ်ချက်က သော့ကို သုံးနိုင်တဲ့သူတွေအားလုံးကို သတ်ပစ်ဖို့ပဲ၊ အဲ့ဒီအခါကျမှ ဒီဟင်းလင်းပြင်ဟာ နတ်ဆိုးလောကနဲ့ ထာဝရချိတ်ဆက်သွားမှာ၊ သူ ဒီမှာ ပုန်းနေသရွေ့ အချိန်သခင်က သူ့နောက်ကို လိုက်နိုင်မှာ မဟုတ်တော့ဘူး။

ငါတို့ ဒီဇာတ်လမ်းကို အောင်မြင်အောင်လုပ်ရမယ့် နည်းလမ်းကတော့ သော့နှစ်ချောင်းစလုံးကို ရှာပြီး မိစ္ဆာတံခါးဆီ ပြန်သွားပြီး ပွင့်နေတဲ့ ချိပ်ပိတ်မှုနှစ်ခုကို ပြန်ပြုပြင်ဖို့ ကြိုးစားရမှာပဲ၊ ငါတို့ အောင်မြင်သွားရင်တော့ ဒီဟင်းလင်းပြင်ဟာ နတ်ဆိုးလောကနဲ့ ချိတ်ဆက်မနေတော့ဘူး၊ အဲ့ဒီအခါကျမှ အချိန်သခင်က ဝင်လာပြီး ဆမ် မွန်တီယာကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်နိုင်မှာ ဖြစ်တယ်”

“ဒီလို ကမ္ဘာ့အမြင်မျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး”

ဝမ်တန်ကျိက ပြောလိုက်သည်။

ဖုန်းပုကြွယ်သည် လက်နှိပ်ဓာတ်မီးအချို့ကို ရှာတွေ့ထားပြီး ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ၎င်းတို့မှာ ပျက်စီးနေခြင်း မရှိသော်လည်း ဘက်ထရီ မပါဝင်ပေ။

“ဒါတွေကို သုံးလို့ရတယ်၊ တစ်ယောက်ကို နှစ်လက်စီ ယူထားလိုက်ကြ၊ အရေးကြုံရင် သုံးလို့ရအောင်၊ ပြီးတော့ ဘက်ထရီတွေလည်း ရှာလိုက်ကြဦး”

သူက ဆက်ပြောသည်။

“အိုး... ဒါနဲ့၊ အားကစားပစ္စည်းတွေ ရောင်းတဲ့နေရာမှာ ဟော်ကီရိုက်တံတွေ၊ ဘေ့စ်ဘောရိုက်တံတွေနဲ့ ဂေါက်ရိုက်တံတွေရှိတာ ငါ တွေ့ခဲ့တယ်၊ အဲ့ဒါတွေက အသုံးပြုဖို့ ဘာကန့်သတ်ချက်မှ ရှိမှာ မဟုတ်ဘူး၊ ဒါကြောင့် ငါတို့ တစ်ယောက်တစ်ခုစီ ယူထားလို့ ရတယ်”

ဤကဲ့သို့ပင် ငါးဦးသား လက်နက်ကိုယ်စီ တပ်ဆင်လိုက်ကြသည်။ ယခုတစ်ကြိမ်တွင် သူတို့ တစ်ဦးချင်းစီ၌ အနည်းဆုံး သာမန်လက်နက်တစ်ခုစီ ရှိနေပြီ ဖြစ်သည်။ မစ္စတာ 'အထီးကျန်ဆုံး' မှာမူ မီးဖိုချောင်သုံးပစ္စည်းများ ရောင်းချသည့်နေရာတွင် ဝမ်တန်ကျိ၌ ရှိသော သစ်သီးလှီးဓားထက် ပိုရှည်သော မီးဖိုချောင်သုံးဓားတစ်လက်ကိုပင် ရှာတွေ့ခဲ့သည်။ လူတိုင်းလည်း တစ်လက်စီ ယူလိုက်ကြ၏။ ရှောင်တန်သည်လည်း လူသစ်လေ့ကျင့်ရေးသင်ခန်းစာတွင် ရရှိခဲ့သော သစ်သီးလှီးဓားကို နောက်ဆုံးတွင် စွန့်ပစ်လိုက်တော့သည်။

လုံအောင်းမင် တစ်ယောက်တည်းသာ ပိုရှည်ပြီး ပိုကျဉ်းသော အနောက်တိုင်း မီးဖိုချောင်သုံးဓားကို မရွေးချယ်ခဲ့ပေ။ သူသည် တရုတ်မီးဖိုချောင်သုံးဓားမကြီးကိုသာ ရွေးချယ်ခဲ့ပြီး ၎င်းမှာ အတော်လေး လေးလံလှသည်။ သူကတော့ ထိုကဲ့သို့ လေးလံသော လက်နက်မျိုးကသာ ပိုစိတ်ချရပြီး ကိုင်တွယ်ရ ပိုလွယ်ကူသည်ဟု ခံစားရပုံရသည်။

ထိုအရာအားလုံးကို လုပ်ဆောင်ရန် သူတို့ ဆယ်မိနစ်ခန့် အချိန်ယူခဲ့ရသည်။ မြေအောက်တွင် မကောင်းဆိုးဝါးများ ရှိနိုင်သည့် အလားအလာနှင့် အမှောင်ထုကျရောက်မည့် အချိန်ကန့်သတ်ချက်ကို ထည့်တွက်ကာ အဖွဲ့သည် အချိန်မဖြုန်းတော့ဘဲ လုံအောင်းမင် ဦးဆောင်မှုဖြင့် ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြတော့သည်။

လှိုဏ်ခေါင်းထဲသို့ ပထမဆုံး ဝင်လိုက်သောအခါ ၎င်းမှာ အလွန်ကျဉ်းမြောင်းသည်ဟု ခံစားလိုက်ရသည်။ သူတို့ခြေထောက်အောက်တွင် ရွှံ့နွံများ ရှိနေပြီး လမ်းက အောက်သို့ လျောဆင်းသွား၏။ အောက်ဘက်တွင် မည်သည့် အလင်းရောင်မှ မရှိပေ။ သို့သော်လည်း ခဏအကြာတွင် သူတို့သည် အတော်လေး ကျယ်ဝန်းသော မိလ္လာပိုက်လိုင်းကြီးဆီသို့ ရောက်ရှိသွားကြသည်။ ၎င်းအတွင်း၌ သူတို့ မတ်တပ်ရပ်နိုင်ကြသည်။ ကြည့်ရတာတော့ သစ်ပင်ကြီးက မိလ္လာပိုက်လိုင်းနှင့် ကုန်တိုက်ကို ဆက်သွယ်ပေးမည့် လမ်းတစ်ခုကိုသာ ဖွင့်ပေးခဲ့ခြင်း ဖြစ်ပုံရသည်။ ကျန်သည့်လမ်းမှာမူ သစ်သားသော့ကို ကိုင်ဆောင်ထားသူ သွားခဲ့သည့် လမ်းဖြစ်သည်။ သစ်ပင်ကြီးက သစ်သားသော့ ကိုင်ဆောင်ထားသူမှာ အောက်ဘက်တွင် 'သေဆုံး' သွားပြီဟု ရှင်းလင်းစွာ သဲလွန်စ ပေးခဲ့သဖြင့် မိလ္လာပိုက်လိုင်းအတွင်း မကောင်းဆိုးဝါးတစ်မျိုးမျိုး ပုန်းအောင်းနေမည့် အခွင့်အလမ်းမှာ အလွန်ပင် မြင့်မားနေလေသည်။

စလင်ဒါပုံစံ မိလ္လာပိုက်လိုင်းကြီးသည် လူများကို ထူးဆန်းသော ဖိအားတစ်မျိုးကို ပေးစွမ်းနေခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အမြဲတမ်း ကျုံ့ဝင်နေသကဲ့သို့ ခံစားရ၏။ မှန်ပေသည် ၎င်းမှာ အာရုံမှားယွင်းမှုသာ ဖြစ်သည်။ အမှန်တကယ် မကောင်းသောခံစားမှုသည် မနှစ်မြို့ဖွယ် အနံ့အသက်များနှင့် ခြေထောက်အောက်ရှိ ရေထဲတွင် မျောပါနေသော ညစ်ပတ်သည့် အရာများပင် ဖြစ်ကာ ၎င်းတို့ကို လူများက တည့်တည့်မကြည့်ဝံ့အောင် ဖြစ်စေသည်။ မစ္စ 'ဝမ်းအနည်းဆုံး' ၏ မျက်နှာမှာ အောက်သို့ ဆင်းလာကတည်းက ပျက်ယွင်းနေတော့သည်။ သူမသည် လက်နှိပ်ဓာတ်မီးကို မြှောက်ကာ ရှေ့သို့ ကြည့်ကြည့်နေသည်။ သူမခြေထောက်အောက်ရှိ အရာများကို လျစ်လျူရှု၍ မစ္စတာ 'အထီးကျန်ဆုံသူ' ၏ နောက်မှ လိုက်ပါလာခဲ့၏။

လုံအောင်းမင်သည် လက်တစ်ဖက်တွင် ဒိုင်းကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ဘေ့စ်ဘောရိုက်တံကို ကိုင်ကာ အဖွဲ့၏ အရှေ့ဆုံးမှ လျှောက်လှမ်းနေခဲံသည်။ အကယ်၍ မကောင်းဆိုးဝါးတစ်ကောင်ကောင် ရုတ်တရက် ပေါ်လာပါက သူက ကောင်းကောင်း ဆုံးမပေးလိမ့်မည်။ အကယ်၍ ရိုက်ရုံနှင့် မရပါက သူ၏ ဓားမကြီးဖြင့် အဆုံးသတ်ပေးပေလိမ့်မည်။ ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့မှာမူ လိုအပ်ပါက လုံအောင်းမင်အား ကူညီရန် အဆင်သင့်ရှိနေကာ အဖွဲ့၏ အလယ်မှ လမ်းလျှောက်နေကြသည်။

ဤမိလ္လာပိုက်လိုင်း၏ အစိတ်အပိုင်းတွင် လမ်းတစ်လမ်းတည်းသာ ရှိသည်။ သူတို့ လာခဲ့သော လှိုဏ်ခေါင်း၏ ဘယ်ဘက်ခြမ်းမှာ မြေမြုပ်နေပြီ ဖြစ်သည်။ နံရံတွင် ရေများ စီးဝင်နိုင်သေးသည့် အက်ကွဲကြောင်းအချို့နှင့် ပိုက်ငယ်အချို့သာ ရှိတော့သည်။ ထို့ကြောင့် မကောင်းဆိုးဝါးများ နောက်ကျောမှ တိုက်ခိုက်မည့်အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးသည်။ 'ဝမ်းအနည်းဆုံး' စုံတွဲအတွက် နောက်ဆုံးမှ လမ်းလျှောက်ရခြင်းမှာ အတော်လေး ဘေးကင်းသည်ဟု ဆိုရပေမည်။

ထိုအဖွဲ့သည် ဤကဲ့သို့ ငါးမိနစ်ခန့် လမ်းလျှောက်ခဲ့ကြသည်။

“အဲ့ဒါကို ကြည့်လိုက်ဦး”

လုံအောင်းမင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြောသည်။

“အဲ့ဒီမှာပဲ၊ ဟို အလောင်းကောင်”

ဖုန်းပုကြွယ်သည် လုံအောင်းမင်၏ ပုခုံးပေါ်မှ ကျော်ကြည့်လိုက်၏။ သူတို့သည် မိလ္လာပိုက်လိုင်း၏ အဆုံးသတ်နှင့် ဆယ်မီတာခန့်သာ ဝေးတော့ကြောင်း သူသိလိုက်ရသည်။ သော့ခတ်ထားသော သံမဏိတံခါးကြီးတစ်ခုက လမ်းကို ပိတ်ဆို့ထားပြီး တံခါးအောက်ခြေရှိ အဟမှတစ်ဆင့် ရေများ ဆက်လက် စီးဆင်းနေလေသည်။ ထောင့်တစ်နေရာတွင် လက်နှိပ်ဓာတ်မီး၏ အလင်းရောင်က အလောင်းတစ်လောင်းပေါ်သို့ ကျရောက်နေပေသည်။

အခန်း (၂၈)

“အင်း... ငါတို့ အခုထိ ကြုံခဲ့ရတဲ့ အတွေ့အကြုံအရဆိုရင် တစ်ခုခုကို ‘ရှာတွေ့’ တဲ့အခါ မကောင်းဆိုးဝါးဖြစ်ဖြစ် တခြားအရာဖြစ်ဖြစ် တစ်ခုခုတော့ နိုးထလာ...”

ဖုန်းပုကြွယ် စကားတစ်ဝက်ဖြင့် ရပ်လိုက်သည်။

သူတို့ရှေ့ရှိ ‘အလောင်းကောင်’ သည် ရုတ်တရက် မတ်တပ်ရပ်လာပြီး တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ရယ်မောသံတစ်ခုက ငါးဦးသား၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။

၎င်း၏ဦးခေါင်းက ဖြည်းညင်းစွာ မော့တက်လာ၏။ ပေါ်ထွက်လာသော မျက်နှာသည် လက်နှိပ်ဓာတ်မီး အလင်းရောင်အောက်တွင် အရိပ်များ ဖုံးလွှမ်းနေဆဲဖြစ်သည်။ မျက်နှာအသွင်အပြင်ကို ခပ်ရေးရေးသာ မြင်နေရပြီး အသားအရေမှာ ခဲပုပ်ရောင်ကဲ့သို့ စိမ်းဖန့်ဖန့် ဖြစ်နေလေသည်။

“သူက မသေသေးတာများလား”

လုံအောင်းမင်က တိုးတိုးလေး ရေရွတ်လိုက်၏။

“မသေဘူးလား”

ဖုန်းပုကြွယ်သည် လုံအောင်းမင်ကို ကျော်ဖြတ်၍ လမ်းလျှောက်နေသော အလောင်းနှင့်တူသည့် လူထံသို့ လျှောက်သွားလိုက်သည်။

“ဒါဆိုရင်တော့ ရှင်းသွားပြီ၊ ခုနက ရယ်သံက ဒီအသက်ရှင်ကျန်ရစ်သူ ရှာတွေ့ခံရပြီးနောက် ထွက်ပေါ်လာတဲ့ တုံ့ပြန်မှုပဲ ဖြစ်ရမယ်”

သူသည် မျက်မှန်ကို ဝတ်ဆင်ထားသဖြင့် ထိုလူ၏ ပစ်မှတ်မှာ သူဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

မကောင်းဆိုးဝါးသည် ဖုန်းပုကြွယ် ချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်း၏ဒုတိယမြောက် တုံ့ပြန်မှုကို ချက်ချင်း လုပ်ဆောင်တော့သည်။

“အား”

မစ္စ ‘ဝမ်းအနည်းဆုံး’ က နောက်ဘက်မှ ရုတ်တရက် အော်ဟစ်မိလိုက်၏။

သူမတင်မကဘဲ မစ္စတာ ‘အထီးကျန်ဆုံး’ ပင်လျှင် ထိတ်လန့်တုန်လှုပ်သွားရသည်။ ဝမ်တန်ကျိ၏ အော်သံမှာ လည်ချောင်းထဲတွင် တစ်ဆို့နေခဲ့သည်။သူ့မျက်နှာက ဖြူလျော့နေကာ နှလုံးခုန်သံမှာ စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လုံအောင်းမင် တစ်ယောက်သာ ပုံမှန်အတိုင်း တုံ့ပြန်နိုင်သော်လည်း သူသည်ပင်လျှင် ကြက်သီးမွှေးညင်းများ ထောင်ထလာပြီး လေအေးတစ်ချက်ကို ရှူသွင်းလိုက်ရသည်။

ပုပ်ရွဲနေသော အသားအရေရှိသည့် လက်များစွာမှာ မိလ္လာပိုက်လိုင်း နံရံများမှ ထွက်ပေါ်လာကြလေသည်။ ၎င်းတို့မှာ မှောင်မည်းနေပြီး ကျောချမ်းဖွယ်ကောင်းလှသည်။ ညည်းတွားသံများနှင့် အော်ဟစ်သံများက မိလ္လာပိုက်လိုင်းအတွင်း လှိုင်းလုံးတစ်ခုကဲ့သို့ ပြည့်နှက်သွားတော့သည်။

မစ္စ ‘ဝမ်းအနည်းဆုံး’ သည် ထိတ်လန့်တကြား နောက်ဆုတ်သွား၏။ သူမသည် မျက်စိကို မှိတ်ထားပြီး လက်ထဲရှိ ဂေါက်ရိုက်တံကို ဝေ့ရမ်းနေတော့၏။ မစ္စတာ ‘အထီးကျန်ဆုံး’ က သူမကို တားဆီးရန် ကြိုးစားသော်လည်း သူမ၏ ရိုက်ချက်ဖြင့် အကြိမ်ကြိမ် ထိလုနီးပါး ဖြစ်ခဲ့ရသည်။

ဝမ်တန်ကျိမှာမူ ကြောက်ရွံ့မှုကြောင့် စိတ်လွတ်သွားရသည်။ သူသည် မျက်လုံးများ ပြူးထွက်နေပြီး မလှုပ်ရှားဝံ့ ဖြစ်နေတော့သည်။ ဓားကို ကိုင်ထားသော သူ့လက်မှာလည်း တုန်ယင်နေပြီး လက်ဖဝါးတွင်လည်း ချွေးများ စိုရွှဲနေတော့၏။

စက္ကန့်အနည်းငယ်အကြာတွင် လုံအောင်းမင်က ဟိန်းဟောက်လိုက်သည်။

“ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ၊ မလှုပ်ကြနဲ့”

သူသည် စဉ်းစားဆင်ခြင်နိုင်စွမ်း မပျောက်ဆုံးသေးဘဲ ထိုလက်များမှာ ပုံရိပ်ယောင်များသာ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် မြေပြင်မှ ထွက်လာသော လက်အချို့သည် သူ့ခြေထောက်များကို ဖောက်ထွက်သွားသော်လည်း မည်သည့် ထူးခြားမှုကိုမျှ မခံစားရသောကြောင့် ဖြစ်သည်။

“တကယ်လို့ အဲ့ဒါတွေက အစစ်အမှန်ဆိုရင်တောင် ငါတို့ကို ထိနိုင်မှာ မဟုတ်ဘူး”

လုံအောင်းမင်က ထပ်မံ အော်ပြောလိုက်သည်။

ထိုအခါမှသာ မစ္စ ‘ဝမ်းအနည်းဆုံး’က အနည်းငယ် စိတ်အေးသွားတော့သည်။ မစ္စတာ ‘အထီးကျန်ဆုံး’ က သူမကိုဆွဲဖက်ကာ နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း ကျောချမ်းနေသော်လည်း သူ့ချစ်သူ အလွန်အမင်း ထိတ်လန့်နေသည်ကို မြင်သောအခါ စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်သည်။ ၎င်းမှာ ဂိမ်းတစ်ခုသာ ဖြစ်ကြောင်း မြင်ကွင်းက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းပါစေ ၎င်းမှာ ခေတ္တခဏသာဖြစ်ပြီး အတုအယောင်သာ ဖြစ်ကြောင်း မိမိကိုယ်ကိုယ် ထပ်ခါတလဲလဲ ပြောနေတော့သည်။

ဆယ်မီတာကျော်အကွာတွင် ဖုန်းပုကြွယ်သည် မကောင်းဆိုးဝါးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုကြောက်မက်ဖွယ် ပုံရိပ်များနှင့် အသံများက သူ့ကို အနည်းငယ်မျှပင် သက်ရောက်မှု မရှိပေ။ သူသည် မျက်တောင်ပင် မခတ်ချေ။ လက်ထဲတွင် ဘေ့စ်ဘောရိုက်တံကို ကိုင်ထားပြီး လည်ပင်းကို နှစ်ချက်ခန့်ဆန့်လိုက်ကာ ရိုက်ချက်တစ်ခု ပြုလုပ်ရန် အသင့်ဖြစ်နေသည့် ပုံစံမျိုး ရှိနေသည်။

မကောင်းဆိုးဝါးသည် တစ်ဖက်လူက လှည့်ကွက်ထဲ မကျရောက်ကြောင်း မြင်သောအခါ တတိယမြောက် နည်းလမ်းကို အသုံးပြုပြန်သည်။

ညစ်ပေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားအလောင်းကောင်မှတဆင့် ချက်ချင်းဆိုသလို အသက်ရှင်နေသော အလှလေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်...။ သူမသည် အသက် ၂၀ ကျော်ခန့် ရှိပုံရပြီး အနက်ရောင် ကြိုးတစ်လုံး စကတ်တိုလေးကို ဝတ်ဆင်ထား၏။ သူမ၏ နက်မှောင်သော ဆံနွယ်ရှည်များမှာ ပုခုံးပေါ်သို့ ဝဲကျနေပြီး အသားအရေကလည်း ဆီးနှင်းကဲ့သို့ ဖြူဖွေးနေလေသည်။ ရင်သားမှာ တစ်ဝက်ခန့် ပေါ်လွင်နေပြီး သွယ်လျသော ကျောက်စိမ်းရောင်ခြေတံများမှာလည်း စကတ်အစွန်းမှ ခပ်ရေးရေး ပေါ်လွင်နေ၏။ သူမ၏ မျက်ခုံးအစုံကြားတွင်လည်း ဖော်ပြမရသော ဆွဲဆောင်မှုများ ရှိနေခဲ့သည်။

ဖုန်းပုကြွယ်မှာ တစ်စက္ကန့်ခန့် ဆွံ့အသွားပြီးနောက် ရိုက်တံကို သူ့ကျောပိုးအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

သူ့နောက်မှ အမျိုးသား ကစားသမားများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ ဘာလုပ်နေသည်ကို နားလည်သော်ငြားလည်း သူ့ကို နှာခေါင်းရှုံ့သော အကြည့်များဖြင့် ချက်ချင်း ကြည့်လိုက်ကြသည်...။

“ငါ မေ့တော့မလို့ပဲ...”

ဖုန်းပုကြွယ် ရိုက်တံကို သိမ်းပြီးသည်နှင့် သူ့ကျောပိုးအိတ်ထဲမှ ဂွကို ထုတ်လိုက်သည်။

“ဒါက လူပုံစံရှိတဲ့ သတ္တဝါဆိုတော့ ငါ ဒီလက်နက်ကိုသုံးပြီး တိုက်ခိုက်ရင် ကျွမ်းကျင်မှုအမှတ်တွေ ရနိုင်တာပဲ”

သူက ပေါ့ပေါ့ပါးပါးပြောရင်း ဂွကို မြှောက်ကာ မကောင်းဆိုးဝါး၏ ခေါင်းကို ရိုက်ချလိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း။

ဂွသည် မကောင်းဆိုးဝါး၏ ဦးခေါင်းခွံပေါ်သို့ အကြိမ်ပေါင်းများစွာ ရိုက်ချသွားသည်။ အနက်ရောင် သွေးများ ပန်းထွက်လာပြီး ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာ၏။ ဖုန်းပုကြွယ်က ၎င်း၏ ရုပ်ခန္ဓာကို တိုက်ခိုက်လိုက်သောအခါ မကောင်းဆိုးဝါးသည် ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်များ ကွယ်ပျောက်သွားပြီး ၎င်း၏ မူလရုပ်သွင်ဖြစ်သော မျက်နှာစိမ်း အလောင်းကောင်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။

သူ့နောက်မှ လေးဦးသည် ဖုန်းပုကြွယ်၏ ထိရောက်လှသော၊ ရဲရင့်လှသော၊ သနားညှာတာမှု ကင်းမဲ့လှသော တိုက်ခိုက်မှုကို စကားတစ်လုံးမှ မဆိုဘဲ ကြည့်ရှုနေကြသည်။ သူတို့အနက် သုံးဦးမှာမူ စိတ်များလွင့်ပျံနေသဖြင့် ကြောက်ရွံ့မှုအမှတ်များ မတည်မငြိမ်ဖြစ်နေကြပြီး ‘ဖုန်းပုကြွယ်’ ဟူသော အမည်နောက်ကွယ်တွင် နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခုခုများ ပုန်းကွယ်နေမလားဟု တွေးတောနေကြတော့သည်။

မကောင်းဆိုးဝါး၏ ဦးခေါင်းမှာ လုံးဝ ကြေမွသွားတော့သည်။ ဖုန်းပုကြွယ်သည် အလောင်း၏ အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်၍ ရှာဖွေလိုက်သည်။ သူ သစ်သားသော့ကို ရှာတွေ့လိုက်ပြီး ၎င်း၏ ဖော်ပြချက်မှာ မီးသော့နှင့် ဆင်တူလှသည်။

“လက်ရှိတာဝန် ပြီးဆုံးပါပြီ၊ အဓိကမစ်ရှင်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”

သော့ကို ကောက်ယူပြီးနောက် တာဝန်ဘေးတွင် အမှန်ခြစ်တစ်ခုပေါ်လာပြီး တာဝန်အသစ်တစ်ခု ထွက်ပေါ်လာသည်။

“မိစ္ဆာတံခါးဆီသို့ ပြန်သွားပြီး ချိပ်ပိတ်မှုကို ပြန်လည်ပြုပြင်ပါ”

“ပြီးပြီ၊ သွားကြရအောင်”

ဖုန်းပုကြွယ်က နောက်လှည့်လာသည်။

“အင်း... ညီလေးဖုန်း...”

လုံအောင်းမင်က ပြောသည်။

“ဒီမကောင်းဆိုးဝါးက ဒီလောက်အထိ... အားနည်းလိမ့်မယ်ဆိုတာ မင်းဘယ်လို သိတာလဲ”

“သူ မတ်တပ်ရပ်လာကတည်းက ကျွန်တော်သိလိုက်တာ”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“အဲ့ဒီ လက်တွေပေါ်လာတဲ့အခါကျတော့ ကျွန်တော်ပိုသေချာသွားတာပေါ့၊ ဒီလို မကောင်းဆိုးဝါးမျိုးက ကစားသမားရဲ့ ကြောက်ရွံ့မှုအမှတ်ကို စမ်းသပ်ဖို့အတွက် သုံးတာပဲ၊ တကယ်လို့ အဖွဲ့ထဲက လူတွေက ကြောက်ရွံ့မှုကြောင့် သူ့အနား မကပ်ရဲဘူးဆိုရင် ပုံရိပ်ယောင်တွေက ပိုဆိုးရွားလာလိမ့်မယ်၊ အဲ့ဒါက ကစားသမားတွေကို ဂိမ်းထဲကနေ ထွက်သွားအောင် မခြောက်လှန့်နိုင်ရင်တောင် အနည်းဆုံးတော့ ကစားသမားရဲ့ အဆင့်သတ်မှတ်ချက်ကို အများကြီးကျဆင်းသွားစေမှာပဲ”

သူ ခဏရပ်လိုက်သည်။

“သူက အလှလေးတစ်ယောက်အဖြစ် ပြောင်းလဲလိုက်တယ်ဆိုတာက သူ့မှာ နည်းလမ်းကုန်သွားပြီလို့ ဆိုလိုတာပဲ၊ အချိန်ဆွဲဖို့အတွက် ကျွန်တော့်ကို ဆွဲဆောင်နိုင်မယ့် အရာတစ်ခုခုအဖြစ် ပြောင်းလဲလိုက်တာပေါ့”

သူသည် မေးစေ့ကို ရုတ်တရက် ကုတ်လိုက်ရင်း “နေပါဦး... စနစ်က ငါ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဘယ်လို သိသွားတာလဲ၊ တကယ်လို့ ငါက လိင်တူချစ်သူ ဒါမှမဟုတ် နှစ်မျိုးလုံးချစ်သူ (Bisexual) ဆိုရင် သူ ဘာပြောင်းလဲမှာလဲ”

ထိုအခါ မစ္စတာ ‘အထီးကျန်ဆုံး’ က ဝင်ပြောသည်။

“ခင်ဗျားက မင်းရဲ့ ID ကို သုံးပြီး ဖိုရမ်မှာ လော့ဂ်အင်ဝင်ထားတာပဲလေ၊ အဲ့ဒီတော့ ခင်ဗျားရဲ့ အသုံးပြုသူ ကိုယ်ရေးအချက်အလက်ထဲမှာ ဒီမေးခွန်း ပါနေမှာပေါ့၊ ဟုတ်တယ်မလား”

“ဂိမ်းကုမ္ပဏီမှာ ငါ့ရဲ့ အချက်အလက်တွေရှိနေလို့ စနစ်က သိနေတာပေါ့...”

ဖုန်းပုကြွယ်က မည်းမှောင်စွာ ပြောလိုက်သည်။

“ကောင်းပြီ၊ ငါတို့ အမြန်ပြန်သွားကြတာ ပိုကောင်းမယ်”

...

အပြန်လမ်းတွင် ငါးဦးသား အတတ်နိုင်ဆုံး အမြန်လှုပ်ရှားခဲ့ကြသည်။ ဤဇာတ်လမ်းမှာ ဤမျှနှင့်တင် ပြီးဆုံးသွားမည် မဟုတ်ကြောင်း သူတို့ ခံစားနေရသည်။ ဆမ် မွန်တီယာဟု ခေါ်သော နောက်ဆုံးဘော့စ်ကြီး ပေါ်မလာနိုင်လျှင်ပင် အားကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ကတော့ နောက်ဆုံးဘော့စ်အဖြစ် ပေါ်လာပေလိမ့်မည်။

နောက်ထပ် အမှောင်ထု ကျရောက်မလာခင် တံခါးဆီသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော်လည်း အနည်းဆုံးတော့ နောက်ဆုံးဘော့စ်မှာ နောက်ထပ် အမှောင်ထုကြောင့် ပိုပြီး အားကောင်းမလာအောင်တော့ သူတို့ သေချာအောင် လုပ်ပေရမည်။

သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ငါးဦးသား ရင်ပြင်သို့ ပြန်သွားနေစဉ် အမှောင်ထု ကျရောက်လာတော့သည်။ ယင်းမှာ ဤဇာတ်လမ်းထဲ သူတို့ ရောက်ရှိလာပြီးနောက် စတုတ္ထအကြိမ်မြောက် ဖြစ်သည်။ ပထမဆုံး အမှောင်ထု မကျရောက်ခင် ဆယ်မိနစ်ကိုပါ ထည့်တွက်မည်ဆိုပါက သူတို့သည် ဤဇာတ်လမ်းထဲတွင် နှစ်နာရီနီးပါး အချိန်ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။

စတုတ္ထမြောက် အမှောင်ထုကျရောက်လာသောအခါတွင်မူ သူတို့ ဘာသံမှ မကြားရတော့ပေ။ အသက်ရှူသံ၊ တီးတိုးပြောသံ သို့မဟုတ် ရယ်မောသံများလည်း မရှိပေ။ ဖုန်းပုကြွယ်ကတော့ ၎င်းမှာ ကောင်းသောလက္ခဏာ မဟုတ်ဟု ခံစားရသည်။ ဤကဲ့သို့ ခြောက်ခြားဂိမ်းမျိုးတွင် စည်းမျဉ်းကို ဖောက်ဖျက်သော ပြောင်းလဲမှုတိုင်းသည် အခြေအနေက ဆိုးရွားသော လမ်းကြောင်းသို့ ဦးတည်နေကြောင်း ဆိုလိုခြင်းပင်။

စတုတ္ထမြောက် အမှောင်ထုကျရောက်ပြီး သုံးမိနစ်အကြာတွင် သူတို့ ရင်ပြင်သို့ ပြန်ရောက်လာကြသည်။ ထိုအချိန်တွင် လုံအောင်းမင်ပင် အသက်လုရှူနေရတော့သည်။ နှစ်နာရီကြာအောင် ပြေးလွှားခြင်း၊ တိုက်ခိုက်ခြင်း၊ လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်း အစရှိသည်တို့ကြောင့်... လူတိုင်းသည် သက်လုံအမှတ်များစွာ ကုန်ဆုံးခဲ့ကြရသည်။

မစ္စတာ ‘အထီးကျန်ဆုံး’ နှင့် မစ္စ ‘ဝမ်းအနည်းဆုံး’ တို့မှာ တစ်ဦးလျှင် သက်လုံအမှတ် ၄၀၀ ခန့် ကုန်ဆုံးခဲ့ကြသည်။ သူတို့သည် အဆင့် ၇ နှင့် အဆင့် ၆ အသီးသီး ရှိကြသည်။ အနားယူခြင်းမှ ရရှိသော သက်လုံအမှတ်များကိုပါ ထည့်တွက်လျှင်ပင် သူတို့၌ သက်လုံအမှတ် ၂၀၀ ခန့်သာ ကျန်ရှိတော့သည်။ လုံအောင်းမင်မှာမူ သက်လုံအမှတ် အများဆုံးကုန်ဆုံးခဲ့ရသူ ဖြစ်သည်။ ကလေးမကောင်းဆိုးဝါးနှင့် တွေ့စဉ်က အသုံးပြုခဲ့သော လျှပ်စီးတိုက်ချက်တစ်ခုတည်းကပင် သက်လုံအမှတ် ၃၀၀ ကုန်ဆုံးစေခဲ့သည်။ သွေးအလောင်းကောင်နှင့် တိုက်ခိုက်ခဲ့ရသည်ကိုပါ ထည့်တွက်လျှင် သူသည် သက်လုံအမှတ် ၇၀၀ကျော် ကုန်ဆုံးခဲ့ရပြီး ဖြစ်သည်။ တကယ်တမ်းတွင် ဤသည်မှာ အတော်လေး နည်းနေသေးခြင်း ဖြစ်သည်။ သူ၏ မထင်ရှားသော ဝိသေသလက္ခဏာကြောင့် သူသည် ပြေးလွှားစဉ်တွင် အခြားသူများထက် သက်လုံအမှတ်ကုန်ဆုံးမှု ပိုနည်းခဲ့သည်။ တိုက်ခိုက်ရာတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်ကာ ကွဲပြားမှုများ တဖြည်းဖြည်း စုပုံလာခြင်းသာ ဖြစ်သည်။

အနားယူခြင်းမှ ရရှိသော သက်လုံအမှတ်များကိုပါ ပေါင်းလိုက်လျှင် သူ၌ သက်လုံအမှတ် ၂၈၉/၁၀၀၀ ခန့် ကျန်ရှိနေသေးသည်။ အခြားသူများနှင့် နှိုင်းယှဉ်ပါက အဆင့် ၅ ရှိသော ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့သည် တိုက်ပွဲတစ်ခုတွင် ပါဝင်ပြီးနောက် သက်လုံအမှတ် ဒါဇင်အနည်းငယ်သာ ကျန်တော့ခြင်းမှာ အံ့ဖွယ်တစ်ခုပင် ဖြစ်တော့သည်။

“တာဝန်က အဆင့်မြင့်တင်ပြီးသွားပြီ၊ အခုဆိုရင် သော့တွေကို သုံးလို့ရပြီ ထင်တယ်၊ ဟုတ်တယ်မလား”

ဝမ်တန်ကျိက လေကို အမောတကောရှူရင်း ပြောလိုက်သည်။

ဖုန်းပုကြွယ်သည် ထိုငါးဦး၏ အရှေ့ဆုံးသို့ လျှောက်သွားလိုက်သည်။ သူသည် တံခါးကို မျက်နှာမူ၍ သော့နှစ်ချောင်းကို ထုတ်ယူလိုက်သည်။ သော့များကို လက်ပေါ်တွင် တင်ကာ တံခါးအနီးသို့ ချဉ်းကပ်သွား၏။ သူသည် ယင်းကို ဆယ်စက္ကန့်ခန့် လုပ်ဆောင်နေသော်လည်း ဘာမှဖြစ်မလာပေ။

“တစ်ခုခုတော့ မှားနေပြီ...”

လုံအောင်းမင် ထိုမြင်ကွင်းကို မြင်သောအခါ ပြောလိုက်သည်။

“ဘာလို့ အခုထိ ဘာတုံ့ပြန်မှုမှ မရှိသေးတာလဲ”

“မဟုတ်ဘူး... တစ်ခုခု ဖြစ်နေပြီလို့ ငါယုံတယ်”

ဖုန်းပုကြွယ်က အဝေးသို့ လှမ်းကြည့်သည်။

“ကြည့်လိုက်ကြဦး”

ရင်ပြင်ကြီးသည် အလွန်ကျယ်ဝန်းလှသဖြင့် သူတို့၏ ပတ်ဝန်းကျင် မီတာရာပေါင်းများစွာအထိ မြင်တွေ့နိုင်ပေသည်။ ထိုခဏ၌ မြို့၏ လမ်းမအသီးသီးမှ ထောင်ပေါင်းများစွာသော မကောင်းဆိုးဝါးများမှာ အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြတော့သည်။ ၎င်းတို့သည် ထူးဆန်းသော ပုံစံများ ရှိကြသော်လည်း ရိုင်းစိုင်းကြမ်းတမ်းသော အမျိုးအစားနှင့် ကြောက်မက်ဖွယ်ကောင်းသော အမျိုးအစားဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။

ထိုမကောင်းဆိုးဝါးများက အလွန်နှေးကွေးစွာ လှုပ်ရှားနေကြခြင်းဖြစ်သည်။ ၎င်းတို့ပေါ်ထွက်လာမှုက စိတ်ပျက်အားငယ်စရာ အငွေ့အသက်ကို ဖန်တီးလိုက်ပြီး ထိုစိတ်ပျက်အားငယ်မှု နှေးကွေးနေသည့်အခါ ကြောက်ရွံ့မှုကို ပို၍သာ တိုးပွားစေတော့သည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊ ငါတို့ တစ်ခုခု မှားသွားတာလား”

မစ္စတာ ‘အထီးကျန်ဆုံး’ မှာ စတင် ထိတ်လန့်လာပြီး အသံကို မထိန်းနိုင်ဘဲ မြှင့်ပြောလိုက်မိသည်။

“ဒီအခြေအနေမှာဆိုရင် ငါတို့ သေမှာ သေချာနေပြီ မဟုတ်လား”

ဖုန်းပုကြွယ်သည်လည်း ဤဖြစ်ပေါ်လာမှုကြောင့် အံ့သြသွားရသည်။ သူက ပြောသည်။

“ဆမ် မွန်တီယာက သော့တွေ ဒါမှမဟုတ် တံခါးပေါ်က ချိပ်ပိတ်မှုနဲ့ နီးနီးကပ်ကပ် မနေနိုင်ဘူး၊ ဒါကြောင့် သူကိုယ်တိုင် ငါတို့ဆီ လာသတ်မှာ မဟုတ်ဘူး၊ နတ်ဆိုးမိစ္ဆာတွေကလည်း ဒီနေရာနဲ့ နီးနီးကပ်ကပ် မနေချင်ကြဘူး၊ သူတို့က သော့တွေကို မကြောက်ပေမဲ့ တံခါးကိုတော့ ကြောက်ကြတယ်၊ ဒါမှမဟုတ်ရင်လည်း... သူတို့က တံခါးတစ်ဖက်ခြမ်းက နယ်မြေဆီ ပြန်သွားရမှာကို ကြောက်နေကြတာပဲ၊ အဲ့ဒါကြောင့်ပဲ နတ်ဆိုးတွေက ဒီလိုကျယ်ဝန်းတဲ့ ရင်ပြင်ထဲမှာ လျှောက်သွားမနေကြတာပေါ့”

သူသည် ထိုအချက်ကိုသုံး၍ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။

“အခု သူတို့ ဒီနေရာကို ချဉ်းကပ်လာကြတယ်ဆိုတာ သူတို့မှာ တခြားရွေးချယ်စရာ မရှိတော့လို့ပဲ၊ ငါတို့ တံခါးနဲ့ အနီးဆုံးမှာရပ်ပြီး အခြေအနေကို အတတ်နိုင်ဆုံး စောင့်ကြည့်ကြတာပေါ့”

“တကယ်လို့ သူတို့က မိစ္ဆာတံခါးကို လျစ်လျူရှုပြီး ငါတို့ကို တိုက်ရိုက် တိုက်ခိုက်လာရင်ရော”

လုံအောင်းမင်က မေး၏။

“ကျွန်တော်တို့ တံခါးထဲကို ဆုတ်ခွာသွားမှာပေါ့”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“အစ်ကိုပုကြွယ်... အဲ့ဒါက နတ်ဆိုးလောကကြီးလေ၊ တကယ်လို့ တံခါးတစ်ဖက်မှာ နောက်ထပ် မကောင်းဆိုးဝါးတွေ အများကြီး ရှိနေရင်ရော”

ဝမ်တန်ကျိက မေးလိုက်ပြန်သည်။

“အဲ့ဒါက ဖြစ်ချင်မှ ဖြစ်မှာပါ၊ ငါ သံသယရှိတာကတော့ တံခါးတစ်ဖက်ခြမ်းက အကျဉ်းထောင်တစ်မျိုးမျိုး ဖြစ်နေမှာကိုပဲ၊ အခု အကျဉ်းသားအားလုံး ထွက်ပြေးသွားကြပြီဆိုတော့ အဲ့ဒီနေရာက ဗလာကျင်းနေတာ ဖြစ်နိုင်တယ်၊ ဒါအပြင်... ဘယ်နေရာမှာသေသေ အတူတူပဲ မဟုတ်ဘူးလား”

ဖုန်းပုကြွယ်က ပြန်မေးလိုက်သည်။

“အဆုံးကျရင် ငါတို့က ဂိမ်းဝင်ခန်းမဆီပဲ ပြန်ရောက်သွားမှာပဲ မဟုတ်လား”

ငါးဦးသား မကြာမီ တံခါးဆီသို့ ဆုတ်ခွာသွားကြပြီး မိစ္ဆာတံခါးကို ကျောပေး ရပ်လိုက်ကြသည်။ ဖုန်းပုကြွယ်သည် သူ့စိတ်ထဲတွင် ဇာတ်လမ်းတစ်ခုလုံးကို ပုံဖော်ရန် ကြိုးစားနေဆဲဖြစ်သည်။ သူ့အာရုံကို ဖမ်းစားထားသည့် အချက်မှာ သစ်ပင်မိစ္ဆာ ပြောသွားသော ‘သံသရာစက်ဝန်း’ ဆိုသည့် အချက်ပင်။ လက်တွေ့ကမ္ဘာမှ ဖယ်ရှားခံထားရသော ဤမြို့ကြီးသည် မည်သို့သော သံသရာမျိုးကို ဖြတ်သန်းနေရသနည်း။ အကယ်၍ ဤပဟေဠိကိုသာ သူအဖြေရှာနိုင်မည်ဆိုပါက ဆမ် မွန်တီယာ၏ ပုံစံ သို့မဟုတ် အားနည်းချက် သို့မဟုတ် ချိပ်ပိတ်မှုကို ပြန်လည်ပြုပြင်မည့်နည်းလမ်းကို ရှာတွေ့နိုင်ပေလိမ့်မည်။

သဲလွန်စများစွာသည် သူ့စိတ်ထဲတွင် ရောယှက်နေပြီး ဖုန်းပုကြွယ်၌ အချိန်များစွာ မကျန်တော့ပေ။ သူသည် သူ့အတွေးများကို ပြန်လည် စုစည်းလိုက်သည်။ အချိန်မြစ်မှ သီးခြားဖြစ်နေသော ရေအိုင်ငယ်လေး... နာရီဝက်တစ်ကြိမ် ကျရောက်လာသော အမှောင်ထု... အမှောင်ထုအတွင်းရှိ တီးတိုးပြောဆိုသံများ ပျောက်ကွယ်သွားခြင်း...။

All Chapters