အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉)
သူတို့သည် မကောင်းဆိုးဝါးစစ်တပ်ကြီး၏ အစွန်းအဖျားကို မြင်နေရသော်လည်း ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ရန် ကြိုးစားခြင်းမှာ သိသာစွာပင် လက်တွေ့မကျလှပေ။ အဆင့် ၃၀ ရှိသော ကစားသမားငါးဦးဆိုပါက မကောင်းဆိုးဝါးရာပေါင်းများစွာ၏ ဝိုင်းရံမှုကို ဖောက်ထွက်နိုင်ကောင်း ဖောက်ထွက်နိုင်လိမ့်မည် ဖြစ်သော်လည်း သူတို့၏ ပျမ်းမျှအဆင့်မှာ ၆.၆ သာ ရှိသေးသည်။ ထိုအကြောင်းကို စဉ်းစားရန်ပင် မဖြစ်နိုင်ချေ။
“ညီလေးဖုန်း... သူတို့တွေ လာနေတုန်းပဲ...”
အတွေးနက်နေသော ဖုန်းပုကြွယ်ကို လုံအောင်းမင်က သတိပေးလိုက်သည်။
“ရပါတယ်၊ ကျွန်တော့်ကို စဉ်းစားခွင့်ပေးပါဦး”
ဖုန်းပုကြွယ်က ပြောသည်။
“ကြည့်ရတာတော့ တံခါးထဲကို ဆုတ်ခွာသွားဖို့ဆိုတာ ဂိမ်းက ကျွန်တော်တို့အတွက် ချန်ထားပေးတဲ့ နောက်ဆုံးရွေးချယ်မှုပဲ၊ အထဲမှာတော့ ခက်ခဲတဲ့ ဘော့စ်တစ်ကောင် ရှိနေမှာ သေချာတယ်၊ အဲ့ဒါကို အနိုင်ယူပြီးမှပဲ 'ကစားသမားတွေဟာ ဒီဟင်းလင်းပြင်ကနေ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ခဲ့ပေမဲ့ ဆမ် မွန်တီယာကတော့ အဲ့ဒီမှာ ထာဝရ ကျန်ရစ်ခဲ့လိမ့်မယ်' ဆိုတဲ့ ပုံမှန်အဆုံးသတ်မျိုးနဲ့ ဇာတ်လမ်းက ပြီးဆုံးသွားမှာ”
“ကောင်းပြီလေ၊ ဒါပေမဲ့ ငါကတော့ အဆုံးသတ်မှာ မသေချင်ဘူး၊ တကယ်လို့ သူတို့ တကယ်ကြီး ငါတို့ကို တိုက်ခိုက်လာရင်တော့ တံခါးထဲကို ဆုတ်ခွာသွားတာက ပိုကောင်းလိမ့်မယ်”
လုံအောင်းမင်က ဆိုသည်။
ဖုန်းပုကြွယ် ခေါင်းညိတ်ပြသည်။ သူသည် ခြေထောက်ကို ကြက်ခြေခတ်ယှက်ကာ ထိုင်ချလိုက်ပြီး လက်ထဲရှိ သော့နှစ်ချောင်းကို အသေးစိတ် လေ့လာနေတော့သည်။ ချဉ်းကပ်လာနေသော မကောင်းဆိုးဝါးစစ်တပ်သည် သူ့အတွက်တော့ ခြိမ်းခြောက်မှု သိပ်မရှိလှပေ။ သူသည် လက်တံတောင်ဆစ်များကို ခြေထောက်ပေါ်တင်၊ ခေါင်းငုံ့ကာ နဖူးကို လက်ချောင်းနှစ်ချောင်းဖြင့် တောက်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူသည် ခေါင်းကို တဖြည်းဖြည်း မော့လိုက်ပြီး လက်ထိပ်လေးများက နှာတံတစ်လျှောက် လျှောဆင်းသွား၏။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူ့အကြည့်က အပေါ်သို့ ရွေ့လျားသွားပြီး ကောင်းကင်ယံရှိ ဝေဝါးနေသော လမင်းကြီးဆီသို့ ရောက်ရှိသွားသည်။ သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး တစ်စုံတစ်ခုက သူ့စိတ်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွားတော့သည်။
“ငါတို့ ဒီဇာတ်လမ်းထဲကို စဝင်တုန်းက ဇာတ်လမ်းရဲ့ ဇာတ်လမ်းသွားက ဘာပြောသွားလဲဆိုတာ မှတ်မိလား”
ဖုန်းပုကြွယ်က မေးလာသည်။
ဝမ်တန်ကျိသည် မီတာတစ်ရာပင် မဝေးတော့သည့် မကောင်းဆိုးဝါးစစ်တပ်ကြီးကို ကြည့်ရင်း အသက်ရှူသံများမှာ မတည်မငြိမ် ဖြစ်လာလေသည်။
“ဒီနေရာက မြို့တစ်မြို့ ဖြစ်တယ်၊ အချိန်က ညဘက်ဖြစ်ပြီး ဇာတ်ကောင်တွေက အသက်ရှင်ကျန်ရစ်သူ ငါတို့တွေဖြစ်တယ်လို့ပဲ ပြောသွားတာ မဟုတ်ဘူးလား”
ဖုန်းပုကြွယ်က သူမှတ်မိသမျှကို ပြန်လည် ရွတ်ဆိုပြသည်။
“ဒုတိယအပိုဒ်မှာ... 'တစ်ညသောအခါမှာ နေမင်းကြီးဟာ နစ်မြုပ်သွားပြီး ဘယ်တော့မှ ပြန်ထွက်မလာတော့ဘူး၊ လွင့်မျောနေတဲ့ အနက်ရောင်တိမ်တိုက်တွေရဲ့ နောက်ကွယ်က လရောင်ဟာ ဒီတိတ်ဆိတ်နေတဲ့ မြို့ကြီးပေါ်ကို ကျရောက်နေတယ်' တဲ့”
သူသည် စကားလုံးတစ်လုံးမှ မလွဲစေဘဲ ရွတ်ဆိုပြလိုက်ခြင်း ဖြစ်သည်။
“အဲ့ဒါက ဘာဖြစ်လဲ”
လုံအောင်းမင်က မေးသည်။
“ဒီစာကြောင်းက ဒီဖြစ်ရပ်ဟာ ညဘက်မှာ ဖြစ်ပျက်နေတာလို့ ပြောချင်တာ မဟုတ်ဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါဟာ 'သံသရာစက်ဝန်း' ဆိုတဲ့ ဖြစ်ရပ်ကို ညွှန်းဆိုနေတာပဲ”
သူ ရုတ်တရက် မေးလိုက်ပြန်သည်။
“အခုထိ မင်းတို့တွေ အချိန်ကိုမှတ်သားနိုင်တဲ့ နာရီ ဒါမှမဟုတ် စက်ပစ္စည်းတစ်ခုခုကို တွေ့ခဲ့ရလား”
ကျန်သည့် လေးဦးမှာမူ စိတ်များ ရှုပ်ထွေးနေကြပြီ ဖြစ်သည်။ မျက်စိရှေ့တွင် မြင်တွေ့နေရသော ကြောက်ရွံ့မှုများက နီးကပ်လာနေပြီ ဖြစ်၏။ မကောင်းဆိုးဝါးများ ပို၍ နီးကပ်လာလေ ပို၍ ကြောက်စရာကောင်းလာလေပင်။ ထိုကဲ့သို့ အသေးအဖွဲကိစ္စရပ်များကို ပြန်စဉ်းစားရန် သူတို့ မည်သို့ စိတ်တည်ငြိမ်ပါမည်နည်း။ မစ္စတာ ‘အထီးကျန်ဆုံး’က မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။
“ဘယ်သူက မှတ်မိမှာလဲ၊ အဲ့ဒါက အခု အခြေအနေနဲ့ ဘာဆိုင်လို့လဲ”
ဖုန်းပုကြွယ်က ပြောသည်။
“ဒီဇာတ်လမ်းရဲ့ နောက်ကွယ်က နိယာမ... သံသရာလို့ခေါ်တဲ့ အမှောင်ထုအကြောင်းကို ငါ အခု နားလည်သွားပြီ၊ တကယ်လို့ ငါတို့ဟာ ဒီပုံရိပ်ယောင်ကမ္ဘာကြီးရဲ့ အချိန်ကို မျဉ်းဖြောင့်တစ်ကြောင်းလို မြင်ကြည့်မယ်ဆိုရင် အဲ့ဒီမျဉ်းရဲ့ ထိပ်နှစ်ဖက်က အဆုံးမရှိ ဆန့်ထွက်နေလိမ့်မယ်၊ အစကိုလည်း ရှာမရသလို အဆုံးကိုလည်း မြင်ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆမ် မွန်တီယာက ခွဲထုတ်လိုက်တဲ့ မြို့ကတော့ မျဉ်းတိုလေး တစ်ခုလိုပဲ၊ အစရှိသလို အဆုံးလည်းရှိတယ်၊ အဲ့ဒါက မိနစ် ၃၀ လောက် ရှည်လျားတယ်”
သူသည် မတ်တပ်ထရပ်ကာ လက်ဖြင့် အမူအရာပြလိုက်ရင်း “သူက ဒီမျဉ်းတိုလေးကို ကွေးလိုက်ပြီး ထိပ်ပိုင်းနဲ့ အမြီးပိုင်းကို ထိစပ်စေလိုက်တယ်၊ အဲ့လိုနဲ့ စက်ဝိုင်းတစ်ခု ဖန်တီးလိုက်တာပဲ၊ ဒီမြို့ဟာ ဒီစက်ဝိုင်းပေါ်မှာပဲ ထာဝရ လည်ပတ်နေလိမ့်မယ်...”
သူ ပြောရင်း မကောင်းဆိုးဝါးများကို ညွှန်ပြလိုက်သည်။
“ဒီလူတွေကလည်း ငါတို့လိုပဲ ဒီမြို့နဲ့ မသက်ဆိုင်ကြဘူး၊ ငါတို့အားလုံးက စက်ဝိုင်းရဲ့ အတွင်းထဲမှာ ရှိနေကြတာ၊ အဲ့ဒီမျဉ်းကြောင်းပေါ်မှာ ရှိနေတာ မဟုတ်ဘူး၊ ဒါကြောင့် ဆမ် မွန်တီယာရဲ့ စွမ်းအားက ငါတို့ကို ဝါးမြိုလို့မရဘူး၊ သူက အဲ့ဒီမျဉ်းပေါ်မှာလှုပ်ရှားနေတဲ့ အရာတွေကိုပဲ ပစ်မှတ်ထားနိုင်တာ”
မစ္စတာ’အထီးကျန်ဆုံး’ အံ့အားသင့်သွားရသည်။ သူ ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်သည်။
“အစ်ကိုကြီး၊ ကျွန်တော့်ရဲ့ ချစ်လှစွာသော အစ်ကိုကြီးရယ်၊ ကျွန်တော်က သိပ္ပံကျောင်းသား မဟုတ်ဘူးလေ၊ သင်္ချာဆိုတာ ၃၀ ရာခိုင်နှုန်းက ပါရမီ၊ ၇၀ ရာခိုင်နှုန်းက ကြိုးစားမှု၊ ၉၀ ရာခိုင်နှုန်းက ကံတရားပဲ”
“ငါက ဂျီဩမေတြီအကြောင်း ပြောနေတာ မဟုတ်ပါဘူး၊ ပုံဖော်ချက်ကို သုံးပြီး ဥပမာပေးနေတာပါ”
ဖုန်းပုကြွယ်က အေးအေးဆေးဆေးပင် ဆက်လက် ရှင်းပြနေသည်။
“ညီလေးဖုန်း... မဟုတ်ဘူး၊ အစ်ကိုပုကြွယ်၊ ငါတို့ကို ရှင်းပြမနေပါနဲ့တော့၊ တကယ်ပါ၊ ဒီအရာတွေကို မင်းကိုယ်တိုင်ပဲ နားလည်ထားလိုက်ပါ၊ ငါ့ကို ပြောစမ်းပါဦး၊ တံခါးထဲ ဆုတ်ခွာသွားတာကလွဲလို့ ငါတို့ တခြားဘာလုပ်လို့ ရသေးလဲ”
ထိုသို့ဖြင့် လုံအောင်းမင်သည်လည်း ဖုန်းပုကြွယ်ထက် လေးနှစ်ကြီးပါသော်ငြား ဖုန်းပုကြွယ်အား အစ်ကိုဟုခေါ်သည့် နောက်ထပ် လူတစ်ယောက် ဖြစ်လာတော့သည်။
“တကယ်တော့ ချိပ်ပိတ်မှုကို ပြန်ပြင်ဖို့အတွက် ငါတို့ ထူးထူးခြားခြား ဘာမှလုပ်ဖို့ မလိုပါဘူး”
ဖုန်းပုကြွယ်က ပြောရင်း သော့နှစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ ၎င်းတို့ကို လက်ထဲတွင်သာ ဆုပ်ကိုင်ထားခြင်းဖြစ်ပြီး သူ့လှုပ်ရှားမှုက ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။
“ဟေး၊ ငါတို့ လုပ်နိုင်တာက စောင့်နေဖို့ပဲလား”
ဝမ်တန်ကျိ အော်လိုက်သည်။ မကောင်းဆိုးဝါးများမှာ ပိုနီးကပ်လာပြီဖြစ်သဖြင့် မီတာနှစ်ဆယ်ခန့်သာ ဝေးတော့သည်။
“ဒါက ငါတို့ရဲ့ သတ္တိကို စမ်းသပ်တာပဲ၊ နောက်ဆုံး စက္ကန့်အထိ မတ်တပ်ရပ်နိုင်မယ့်သတ္တိ ရှိမရှိ ကြည့်ကြတာပေါ့”
ဖုန်းပုကြွယ်တစ်ယောက် ရယ်မောနိုင်သေးသည်။
“ဟားဟား... ဒီစနစ်က တကယ်ကြီး သေဘေးကနေ နောက်ဆုံးစက္ကန့်မှ လွတ်မြောက်ရတဲ့ အခြေအနေမျိုးကို ဖန်တီးရတာ ဝါသနာပါတာပဲ”
“လွတ်မြောက်တာဆိုတာ ဘာကိုဆိုလိုတာလဲ၊ ခင်ဗျားက သော့ကို မြှောက်ထားရုံပဲ ရှိတာလေ”
မစ္စတာ’အထီးကျန်ဆုံး’ ကလည်း အော်ပြောလိုက်၏။
“ရဲစခန်းမှာတုန်းက မီးသော့ရဲ့ ပဟေဠိက အရမ်းလွယ်တယ်လို့ ငါပြောခဲ့တာကို ပြန်ရုပ်သိမ်းလိုက်ပြီ”
ဖုန်းပုကြွယ်၏ အတွေးရထားကြီးက ထိုနေရာသို့ ပြန်ရောက်သွားသည်။
“၆၉၁၈၅ ဆိုတာ နောက်ထပ် သဲလွန်စတစ်ခုပဲ၊ 'အချိန်' ဆိုတဲ့ အချက်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဖြေကို သိရလိမ့်မယ်”
“အစ်ကိုပုကြွယ်... အခုတော့...”
လုံအောင်းမင် စကားမဆုံးလိုက်ပေ။
ဖုန်းပုကြွယ် သူ့စကားကို ဖြတ်ပြောလိုက်သည်။
“နာရီပေါ်က မိနစ်လက်တံဟာ ၆ ကနေ ၉ ဆီကို လက်ယာရစ်လည်ပတ်ရင် ၁၅ မိနစ် ကြာတယ်၊ အဲ့ဒီနောက် ၉ ကနေ ၁ ဆီဆိုရင် မိနစ် ၂၀၊ ၁ ကနေ ၈ ဆီဆိုရင် ၃၅ မိနစ်၊ နောက်ဆုံး ၈ ကနေ ၅ ဆီကို ဆိုရင်တော့ ၄၅ မိနစ်ပေါ့”
သူက သော့ကို ဆုပ်ကိုင်ထားဆဲပင်။
“တကယ်လို့ မိနစ်လက်တံက နောက်ပြန်မလည်ဘူးဆိုရင် ဒါမှမဟုတ် အချိန်က နောက်ပြန်မဆုတ်ဘူးဆိုရင် ၆၉၁၈၅ အရ ငါတို့ စုစုပေါင်း ၁၁၅ မိနစ် အချိန်ကုန်ဆုံးခဲ့ပြီ၊ ဇာတ်လမ်းထဲကို စဝင်ကတည်းက အခုအထိ ဂိမ်းအချိန်က...”
သူသည် သူ့ရှေ့မှ လက်သည်းများ ထက်မြက်နေသော သို့မဟုတ် ပါးစပ်များ ဖြဲထားသော မကောင်းဆိုးဝါးများကို ကြည့်လိုက်သော်လည်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ မမှားဘူးဆိုရင်၊ အခုကတော့...”
သော့မှ ထွက်ပေါ်လာသော အလင်းတန်းကြောင့် သူပြောနေသောစကား ပြတ်တောက်သွားသည်။ အလင်းရောင်က ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ညဘက်၏ လေးလံသော လေထုပင်လျှင် ကြည်လင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သော့နှစ်ချောင်းသည် အပေါ်သို့ ပျံတက်သွားပြီး တံခါး၏ ပျောက်ဆုံးနေသော အစိတ်အပိုင်းများတွင် နစ်မြုပ်သွားတော့သည်။ ရှေးဟောင်းမှော်စာလုံးများ လင်းလက်လာပြီး မီးနှင့် သစ်သား မှော်စက်ဝိုင်းများမှာ ပြန်လည် ပြုပြင်ခံလိုက်ရသည်။ ကြယ်ငါးပွင့်ပုံစံမှာ ပြန်လည် ပေါ်ထွက်လာပြီး တံခါးကြီးမှာ စတင် ပိတ်သွားတော့သည်။
မကောင်းဆိုးဝါးများ ထိတ်လန့်သွားကြသည်။ သူတို့သည် ရင်နင့်ဖွယ် အော်ဟစ်သံများဖြင့် ဖရိုဖရဲ ဖြစ်ကုန်ကြတော့၏။ သူတို့သည် သူတို့ လာစဉ်ကထက် ပိုမြန်ဆန်သော အရှိန်ဖြင့် ရင်ပြင်မှ ထွက်ပြေးသွားကြတော့သည်။
“ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ”
လုံအောင်းမင်သည် သူ့ဒိုင်းကို မြှောက်၍ တိုက်ခိုက်မှုကို ခုခံရန် အသင့်ပြင်ထားခြင်း ဖြစ်သည်။ အခြေအနေမှာ ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ရှောင်တန်၊မစ္စတာ ‘အထီးကျန်ဆုံး’ နှင့် မစ္စ ‘ဝမ်းအနည်းဆုံး’ တို့မှာမူ ဦးနှောက်များ လျှပ်စီးပတ်လမ်းတိုများ (Short-circuit) ဖြစ်သွားကြတော့သည်။ သူတို့သည် ပတ်ဝန်းကျင်မှ ဖိအားများနှင့် ဖုန်းပုကြွယ်၏ တည်ငြိမ်မှုကြောင့် ဒေါသထွက်နေခဲ့ကြသော်လည်း ထိုခဏ၌ ဘာပြောရမှန်း မသိတော့ချေ။ အံ့သြစရာတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သေဘေးမှ လွတ်မြောက်လာသည့် ပီတိမျိုးသည် ပေါက်ကွဲထွက်လာရန် အချိန်အနည်းငယ် ယူရလေ့ရှိသောကြောင့်ပင်။
“၁၁၅ မိနစ်မှာ သော့တွေကို တံခါးဆီ ယူလာမယ်ဆိုရင် ချိပ်ပိတ်မှုက ပြန်လည် ပြုပြင်ပြီးသား ဖြစ်သွားလိမ့်မယ်၊ ဒါလေးပါပဲ”
ဖုန်းပုကြွယ်က ပြောသည်။
“မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်လို့ကတော့ ရိုးရှင်းပါတယ်၊ စနစ်က နောက်ဆုံးမိနစ်မှာ မကောင်းဆိုးဝါးတွေကို တံခါးကို ဝိုင်းထားခိုင်းဖို့ စီစဉ်ထားမှာပဲ၊ ငါတို့ တံခါးထဲကို အတင်းဝင်သွားအောင် တွန်းအားပေးမလား ဆိုတာပေါ်မှာ မူတည်တာပေါ့၊ မကောင်းဆိုးဝါးတွေ ဒီလောက် နှေးနှေးကွေးကွေး လှုပ်ရှားနေရတဲ့ အကြောင်းရင်းကတော့ ချိပ်ပိတ်မှု အသက်ဝင်တဲ့အခါ ပြဇာတ်ဆန်ဆန် ထိရောက်မှုမျိုး ရှိအောင်လို့ပဲ”
“တကယ်လို့ သော့နှစ်ချောင်းစလုံးကိုစုပြီး မိစ္ဆာတံခါးဆီကို စောစောရောက်ရင် ဒါမှမဟုတ် နောက်ကျပြီးမှ ရောက်လာရင်ရော”
ဝမ်တန်ကျိက မေးပြန်၏။
“သော့နှစ်ချောင်းစလုံးကို စုပြီး ဒီနေရာကို အစောကြီး ပြန်ရောက်ဖို့ဆိုတာ အတော်လေး ခက်ခဲလိမ့်မယ်၊ ဇာတ်လမ်းရဲ့ ခက်ခဲမှုက အဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်နေတာ၊ ငါတို့က ဇာတ်လမ်းကို တော်တော်လေး ကောင်းကောင်းကစားနိုင်ခဲ့လို့သာ အချိန်ကန့်သတ်ချက် ပြည့်ဖို့ မိနစ်အနည်းငယ်ပဲ လိုတော့တာ၊ မမေ့နဲ့ဦး၊ ငါတို့ တာဝန်ကို မတွေ့ခင်မှာ ရဲစခန်းဆီ အရင်သွားခဲ့ကြသေးမလား၊ ဒါက တောင်ပြေးမြောက်ပြေး သွားလာရမယ့် အချိန်တွေကို သက်သာစေခဲ့တာပဲ၊ တကယ်လို့ ငါတို့သာ ဟိုဘက်ဒီဘက်ပတ်နေရင် အဲ့ဒီ မိနစ်အနည်းငယ်က ကုန်ဆုံးသွားမှာပဲ၊ ပြီးတော့ ကုန်တိုက်မှာလည်း ငါတို့ အချိန်နည်းနည်း သုံးခဲ့ကြသေးတယ်၊ တကယ်လို့ ငါတို့သာ လက်နက်တွေမရှာဘဲ လက်နှိပ်ဓာတ်မီး ရှာတွေ့တာနဲ့ ချက်ချင်း အောက်ဆင်းခဲ့ရင် မိနစ်အနည်းငယ်လောက် ပိုရကောင်း ရနိုင်လိမ့်မယ်၊ ဒါပေမဲ့ ပုံရိပ်ယောင်မကောင်းဆိုးဝါးကို ဖြေရှင်းတဲ့နေရာမှာ ငါတို့က တစ်မိနစ်တောင်မသုံးခဲ့ရလို့ အချိန်ပြန်ရသွားတာပေါ့”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“ဘာပဲဖြစ်ဖြစ်၊ ရတာတွေ ဆုံးရှုံးတာတွေရှိပေမဲ့ စနစ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းကတော့ ပြောင်းလဲမှာ မဟုတ်ဘူး၊ တကယ်လို့ ငါတို့သာ သော့နှစ်ချောင်းစလုံးနဲ့ ၁၁၅ မိနစ်ထက် စောပြီး ရောက်လာခဲ့ရင်လည်း ဒီအခြေအနေမျိုးကိုပဲ ကြုံရမှာပဲ။
တကယ်လို့ ငါတို့ နောက်ကျသွားရင်တော့... သဘာဝကျကျပဲ၊ ချိပ်ပိတ်မယ့် အချိန်ကန့်သတ်ချက်ကို လွတ်သွားမှာဖြစ်ပြီး တံခါးထဲကို အတင်းဝင်ဖို့ ဖိအားပေးခံရမှာပဲ”
“ဒါဆိုရင် အခုကရော၊ ငါတို့ ဇာတ်လမ်းကို အောင်မြင်သွားပြီလား”
လုံအောင်းမင်က မေးသည်။
“စနစ်က ဘာမှ မပြောသေးပါလား...”
“လက်ရှိတာဝန် ပြီးဆုံးပါပြီ၊ အဓိကတာဝန်...”
ထိုခဏ၌ စနစ်က အမှန်တကယ်ပင် အသံထွက်လာသည်။ သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ ၎င်းက စကားကို အဆုံးမသတ်ခဲ့ခြင်းပင်။
“တခြားကမ္ဘာက ပုရွက်ဆိတ်တွေ... မင်းတို့ ဘာလုပ်လိုက်တယ်ဆိုတာ သိရဲ့လား”
ဤစကားစုသည် ငါးဦးသား၏ စိတ်ထဲတွင် ပေါ်လာပြီး စနစ်၏ အသံကို ဖြတ်တောက်လိုက်သည်။ ပြောလိုက်သောအသံမှာ တတိယမြောက် အမှောင်ထုအတွင်းက ကြားခဲ့ရသော ရှင်းလင်းသည့် တီးတိုးပြောဆိုသံပင် ဖြစ်တော့၏။
ဖုန်းပုကြွယ် မီနူးကို ဖွင့်ကြည့်လိုက်သည်။ စနစ်က စကားမဆုံးခဲ့သော်လည်း 'ချိပ်ပိတ်မှု ပြန်လည်ပြုပြင်ခြင်း' တာဝန်မှာ အမှန်ခြစ်ပေါ်နေပြီ ဖြစ်ပြီး တာဝန်အသစ်တစ်ခု ထပ်တိုးလာသည်။ “ဆမ် မွန်တီယာ၏ တိုက်ခိုက်မှုမှ အသက်ရှင်အောင် နေပါ။”
“မစ်ရှင်အသစ်ကို မြင်ကြလား”
ဖုန်းပုကြွယ်၏ အသံမှာ ၎င်းက ကိစ္စကြီးတစ်ခု မဟုတ်သည့်အလားပင်။
“အဲ့ဒီလူမှာ ရုပ်ခန္ဓာ ရှိနေတာလား”
ဝမ်တန်ကျိက မေးလိုက်၏။
“ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဆမ် မွန်တီယာမှာ ရုပ်ခန္ဓာ မရှိဘူး၊ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ သတ်မှတ်ချက်အရ သူက ပိုမြင့်တဲ့ ဒိုင်မန်းရှင်းထဲမှာ ရှိနေတာ၊ သူ ငါတို့ရှေ့မှာ ပေါ်လာချင်ရင်တော့ ငါတို့ နားလည်နိုင်တဲ့ ရုပ်ခန္ဓာတစ်ခုခုအဖြစ် ပြောင်းလဲရလိမ့်မယ်”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“ကြယ်ဝါးမြိုသူ (Star Swallower) ထဲက ခရမ်းရောင်ဝတ်ထားတဲ့ ဦးလေးကြီးအဖြစ် ပေါ်လာသလိုပေါ့၊ တကယ်လို့ ဆမ် မွန်တီယာက ငါတို့ကို ကိုယ်တိုင် ကိုင်တွယ်ချင်တယ်ဆိုရင်တော့ သူ ရုပ်ခန္ဓာအဖြစ် ပြောင်းလဲပြီးမှ ငါတို့ကို ရုပ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်လို့ ရမှာပဲ”
“လူလိုပြောစမ်းပါ...”
ဝမ်တန်ကျိက ထပ်ဖြည့်လိုက်သည်။
“ကြည့်လိုက်လေ၊ အဲ့ဒီလိုမျိုးပေါ့...”
ဖုန်းပုကြွယ်က ပြောရင်း ရင်ပြင်၏ တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
ထိုခဏ၌ အနက်ရောင်တိမ်တိုက်များမှာ ကွယ်ပျောက်သွားပြီဖြစ်ပြီး လရောင်သည် ရင်ပြင်ရှိ ကျောက်ခင်းလမ်းပေါ်သို့ နှင်းမြူများကဲ့သို့ ဖုံးလွှမ်းသွားတော့သည်။ လူတိုင်း သူလက်ညှိုးညွှန်ရာသို့ လှမ်းကြည့်လိုက်ကြရာ မြေပြင်ပေါ်တွင် အချင်း ၅ မီတာခန့်ရှိသော မူမမှန်စွာထူထပ်နေသည့် စက်ဝိုင်းပုံစံ အရိပ်မည်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အနက်ရောင် ချောက်နက်ကြီး တစ်ခုကဲ့သို့ဖြစ်ပြီး အလင်းရောင်ကိုပင် ဝါးမြိုသွားနိုင်မည့်ပုံ ရှိနေတော့သည်။
အခန်း (၃၀)
စက္ကန့်အနည်းငယ်အကြာတွင် အနက်ရောင်လူပုံစံအရာကြီးသည် မြေပြင်မှ ဖြည်းညင်းစွာ ကြွတက်လာ၏။ ၎င်းသည် အရပ်နှစ်မီတာခန့်ရှိပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲလှသော အမှောင်ထုဖြင့် ရစ်ပတ်ထား၏။ ကြည့်ရသည်မှာ သုံးဖက်မြင် ‘အရိပ်’ တစ်ခုနှင့် တူသော်လည်း ၎င်းမှာ အလင်းကို အရာဝတ္ထုတစ်ခုက ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အလင်းဆိုင်ရာဖြစ်ရပ်တစ်ခု မဟုတ်ဘဲ သုံးဖက်မြင်ဟင်းလင်းပြင်တွင် အမှန်တကယ် တည်ရှိနေသော ဒြပ်ထည်တစ်ခုဖြစ်ကြောင်း သိသာလှသည်။
“မြစ်အပြင်ဘက်က ရေအိုင်ဆိုတာ ဥပမာပေးတာပါ”
ဖုန်းပုကြွယ်သည် ဆမ် မွန်တီယာ၏ ခမ်းနားမှုမရှိသော ကိုယ်ထင်ပြမှုကို လျစ်လျူရှု၍ ရှေ့ကစကားကို ဆက်ပြောလိုက်သည်။
“အချိန်မြစ်ရဲ့ အပြင်ဘက်က ဝဲဂယက်လို့ပြောရင် ပိုသင့်တော်လိမ့်မယ်”
“အိုင်းစတိုင်းက အချိန်နဲ့ ဟင်းလင်းပြင်ဆိုတာ လူသားတွေရဲ့ သိမြင်နားလည်မှုထဲက အမြင်မှားတွေသာ ဖြစ်တယ်၊ အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုကိုဖော်ပြတဲ့ ကိန်းဂဏန်းတွေသာ ဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ ဒီမှော်ဆန်တဲ့ ကမ္ဘာကြီးမှာတော့ အဲ့ဒါတွေကို ပိုပြီး လက်တွေ့ကျတဲ့ အရာတွေအဖြစ် သတ်မှတ်လို့ ရတယ်၊ ဒါဟာ အမြဲတမ်းထိန်းသိမ်းထားရမယ့် အရာမျိုးပေါ့၊ မြစ်ထဲက ရေတွေလိုပဲ အမြဲတမ်း စီးဆင်းနေရမယ်၊ တကယ်လို့ ရေစီးကြောင်း ရပ်တန့်သွားမယ်ဆိုရင် အဲ့ဒီမြစ်ကို မြစ်လို့ ခေါ်မှာ မဟုတ်တော့ဘူး။
“ဒီရှုထောင့်ကို အခြေခံပြီး ကြည့်မယ်ဆိုရင် ဆမ် မွန်တီယာက ဟင်းလင်းပြင်ကို ဖယ်ထုတ်လိုက်ကတည်းက ‘အချိန်’ ရဲ့ အစိတ်အပိုင်း တစ်ခုကိုလည်း ဖယ်ထုတ်ပစ်ရမယ်၊ မဟုတ်ရင် သူကိုယ်တိုင်အပါအဝင် ဒီဟင်းလင်းပြင်ထဲက အရာအားလုံးက ငြိမ်သက်နေလိမ့်မယ်၊ ဒါပေမဲ့ ‘မြစ်’ ထဲကနေ သူထုတ်ယူနိုင်တဲ့ ရေပမာဏက ကန့်သတ်ချက်ရှိနေတော့ သူ့မှာ မိနစ် ၃၀ ပဲ အချိန်ရတယ်၊ ဒီမိနစ် ၃၀ ဟာ ဒီမြို့ကြီးနဲ့ သက်ဆိုင်ပြီး အဆုံးမရှိ သံသရာလည်နေလိမ့်မယ်၊ အဲ့ဒီသံသရာ ရပ်တန့်သွားတိုင်းမှာ ကြားခံအဖြစ် စက္ကန့်အနည်းငယ်လောက် ဗလာဖြစ်နေတဲ့ အချိန်မျိုး ရှိလာတတ်တယ်၊ အဲ့ဒီ အမှောင်ထုကျရောက်တဲ့ အချိန်ဟာ စက်ဝိုင်းပုံစံ ဖြစ်နေတဲ့ အချိန်မျဉ်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိတဲ့ အမှတ်ပဲ၊ အဲ့ဒီကြားခံအချိန် ပြီးသွားတာနဲ့ သံသရာအသစ်တစ်ခု ပြန်စတော့တာပဲ”
ဆမ် မွန်တီယာ၏ အောက်ခြေရှိ အရိပ်စက်ဝိုင်းက စတင်လှုပ်ရှားလာလေသည်။ သူ၏ လူပုံစံခန္ဓာကိုယ်မှာ သူ့ခြေထောက်များနှင့် ချိတ်ဆက်ထားသော အနက်ရောင်စက်ဝိုင်းနှင့်အတူ ရွေ့လျားလာ၏။ သူသည် ထိုငါးဦးထံသို့ ပိုမိုနီးကပ်လာနေပြီ ဖြစ်သည်။
“အစ်ကိုပုကြွယ်... မင်းမှာ အကြံပေးစရာတစ်ခုခု ရှိလား”
ဝမ်တန်ကျိသည် အဆင်ခြင်မဲ့ မလှုပ်ရှားရဲသဖြင့် အမြန်မေးလိုက်သည်။
အခြားသူများသည်လည်း ဖုန်းပုကြွယ် တစ်ခုခုပြောလာမည့်အရေးကို စောင့်စားနေကြ၏။
“ငါတော့ ထူးထူးခြားခြား ဘာမှလုပ်ဖို့မလိုဘူးလို့ ထင်တာပဲ...”
ဖုန်းပုကြွယ်က ပြောသည်။
“အခု ဖြစ်ပျက်နေတဲ့ ဇာတ်ကွက်အရဆိုရင် ခက်ခဲမှုက တံခါးကို ဖြတ်ကျော်ရတာထက် ပိုမခက်နိုင်ပါဘူး”
သူ ဆက်ပြောပြန်သည်။
“ငါ့စကားကို ဖြတ်မပြောနဲ့ဦး၊ ငါပြောလို့ မပြီးသေးဘူး၊ အနှစ်ချုပ်ရရင်တော့ အမှောင်ထု ကျရောက်လာတာဟာ အချိန်မျဉ်းတွေ ချိတ်ဆက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုသာ ဖြစ်တယ်၊ ဆမ် မွန်တီယာက တမင်လုပ်လိုက်တဲ့ လှုပ်ရှားမှုမျိုး မဟုတ်ဘူး။
ဒါပေမဲ့ အမှောင်ထုကျရောက်တိုင်း မကောင်းဆိုးဝါးတွေ ဘာလို့ ပိုအားကောင်းလာရတာလဲ၊ အဲ့ဒါမှာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်၊ အဲ့ဒါကတော့ အချိန်သံသရာထဲမှာ မပါဝင်တဲ့ ခဏတာအမှောင်ထု ကျရောက်ချိန်ပဲ၊ အဲ့ဒီအချိန်မှာ ဆမ် မွန်တီယာက သူ့ရဲ့ စွမ်းအားအပြည့်ကို သုံးလို့ရတယ်၊ သူဟာ အဲ့ဒီ စက္ကန့်အနည်းငယ်အတွင်းမှာပဲ မကောင်းဆိုးဝါးတွေကို စွမ်းအားပေးတာမျိုး ဒါမှမဟုတ် မြို့ထဲက လူသားတွေကို ဝါးမြိုတာမျိုး လုပ်နိုင်တယ်၊ ဟုတ်တာပေါ့၊ ငါတို့ ဒီကို မရောက်ခင်ကတည်းက သူက မြို့ထဲကလူ အားလုံးကို ဝါးမြိုပြီးသားပဲ၊ ငါတို့ကတော့ တခြားကမ္ဘာကလာတဲ့ ဧည့်သည်တွေလို့ ခေါ်ရမှာပေါ့၊ သူ ငါတို့ကို ဝါးမြိုလို့ မရဘူးလေ”
“မင်းပြောချင်တာက အခု ငါတို့ရှေ့က ဆမ် မွန်တီယာက အဲ့လောက် မသန်မာဘူးလို့ ဆိုလိုတာလား၊ ဒါမှမဟုတ် အနည်းဆုံးတော့ မိစ္ဆာတံခါးကို ဖြတ်သွားရင် တွေ့ရမယ့် ဘော့စ်ထက်တော့ ပိုအားနည်းတယ်လို့ ပြောချင်တာလား”
လုံအောင်းမင်က မေးလာ၏။
“ဥပမာပေးရရင် ကျွန်တော်တို့က ပူဖောင်းတစ်ခုထဲမှာ ရှိနေတဲ့ ပုရွက်ဆိတ်လေးတွေလို အားနည်းနေပြီး ဆမ် မွန်တီယာကတော့ ပူဖောင်းအပြင်ဘက်က လူတစ်ယောက်လို သန်မာနေတယ်လို့ ထားလိုက်ပါ၊ ပူဖောင်းရဲ့ အတွင်းနဲ့ အပြင်ကြားမှာ ဖြတ်ကျော်လို့မရတဲ့ ဒိုင်မန်းရှင်းနှစ်ခု ခြားနေတယ်၊ သူက ပူဖောင်းကို ဖောက်လို့မရဘဲ ပူဖောင်းအပေါ်ကနေ သူ့လက်နဲ့ လိုက်စမ်းနေရတာပဲ ရှိတယ်၊ အခုကျွန်တော်တို့ မြင်နေရတာက ပူဖောင်းအပြင်ဘက်က သူ့ရဲ့ လက်ချောင်း အရိပ်အယောင်တွေပဲ”
ဖုန်းပုကြွယ်က မေးစေ့ကို ပွတ်ရင်း ပြောသည်။
“ဒါပေမဲ့ ကျွန်တော့်ရဲ့ သီးသန့်အမြင်အရဆိုရင်တော့... အဲ့ဒီလိုဆိုရင်တောင် သူ့ရဲ့ လက်ရှိ ခွန်အားက အစ်ကိုလုံပြောသလောက်တော့ မအားနည်းပါဘူး၊ အနည်းဆုံးတော့ ကျွန်တော်တို့ကို သတ်ပစ်ဖို့ကတော့ သူ့အတွက် လွယ်လွယ်လေးပဲ”
“ဟေး၊ အဲ့ဒါဆိုရင် ခင်ဗျားက ဘာလို့ ဒီလောက် အေးအေးဆေးဆေးတွေ ပြောနေရတာလဲ၊ ပြေးကြရအောင်”
မစ္စတာ ‘အထီးကျန်ဆုံး’ က မစ္စ ‘ဝမ်းအနည်းဆုံး’ ကို ဆွဲကာ လှည့်ပြေးရန် ပြင်တော့သည်။
သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာပင် စနစ်၏ ကြေညာချက် ထွက်ပေါ်လာသည်။
“ကမ္ဘာ့အမြင်ကို ဖြေရှင်းပြီးပါပြီ၊ ကစားသမား ဖုန်းပုကြွယ်သည် ဆုလာဘ်အဖြစ် ကျွမ်းကျင်မှုအမှတ် ၂၄၀ ရရှိပါသည်၊ အဖွဲ့သားများသည် ယခုအခါ တာဝန်မီနူးတွင် ဇာတ်လမ်းစည်းမျဉ်းများကို လေ့လာနိုင်ပါပြီ”
“ငါပြောရမယ့် စကားတွေကို မပြောဘူးဆိုရင် ဒီကျွမ်းကျင်မှုအမှတ်တွေကို ဘယ်လိုလုပ် ရမှာလဲ”
ဖုန်းပုကြွယ်က ညည်းတွားလိုက်သည်။
“ကမ္ဘာ့အမြင်ကို ဖြေရှင်းတဲ့နေရာမှာ စနစ်က ဆုံးဖြတ်နိုင်အောင် ငါက ထုတ်ပြောနေရတာ”
ဆမ် မွန်တီယာ ပြောင်းလဲထားသော အရိပ်မှာ ဖုန်းပုကြွယ်နှင့် ၁၀ မီတာခန့်သာ ဝေးတော့သော်လည်း ဖုန်းပုကြွယ်ကတော့ ပြေးရန် အစီအစဉ် မရှိသေးပေ။
“အဲ့ဒါအပြင်၊ ငါပြောသားပဲ ထူးထူးခြားခြား ဘာမှလုပ်ဖို့မလိုဘူးလို့၊ မိစ္ဆာတံခါးက ပိတ်သွားပြီဆိုတော့...”
အရိပ်သည် ရုတ်တရက် အရှိန်မြင့်တက်လာပြီး စက်ဝိုင်းအတွင်းရှိ လူပုံစံအရာသည်လည်း အဆပေါင်းများစွာ ကြီးမားလာလေသည်။ ၎င်းသည် ဧရာမအနက်ရောင်လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ဖုန်းပုကြွယ်ပေါ်သို့ ရိုက်ချလိုက်တော့သည်။
သို့သော် နောက်ဆုံးစက္ကန့်လေးတွင် ထိုလက်ကြီးသည် လေထဲတွင် တောင့်တင်းသွားပြီး မလှုပ်မယှက် ဖြစ်သွားရ၏။
“နာမည်အရဆိုရင်တော့...”
ဖုန်းပုကြွယ်က ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ အနက်ရောင်လက်ကြီးအောက်မှ အေးအေးဆေးဆေးပင် လမ်းလျှောက် ထွက်လာခဲ့သည်။
“အချိန်သခင်ဆိုတာ ဘယ်တော့မှ နောက်မကျတတ်တဲ့လူမျိုး ဖြစ်ရမယ်”
မကြာမီမှာပင် ဆမ် မွန်တီယာ၏ အရိပ်သည် အရိပ်ရေကန်၏ တစ်ဖက်ခြမ်းရှိ ဟင်းလင်းပြင်ထဲသို့ ကြီးမားသောအားတစ်ခုက ဆွဲခေါ်သွားသည့်အလား ကျုံ့ဝင်သွားတော့သည်။
“တစ်နေ့... မင်း... ပေး... ဆပ်... ရ... လိမ့်... မယ်... ဒါပေမဲ့... အဲ့ဒီနေ့က... သိပ်... မဝေး... တော့... ဘူး...”
“ဟက်... ဒါတော့ မကောင်းဘူး၊ ပုံမှန်အားဖြင့်တော့ ဗီလိန်တွေက အဲ့ဒီလိုမျိုး ပြောသွားပြီဆိုရင် အဲ့ဒီဗီလိန်က မကြာခင်မှာဖြစ်ဖြစ်၊ နောက်ကျရင်ဖြစ်ဖြစ် ပြန်ပေါ်လာတော့မှာကို ဆိုလိုတာပဲ”
ဖုန်းပုကြွယ်က ရယ်မောလိုက်၏။
မြေပြင်မှ ထွက်ပေါ်နေသော အနက်ရောင်အရိပ်သည် ရွှံ့နွံထဲ ကျသွားသည့် သားရဲတစ်ကောင်ကဲ့သို့ အပြင်းအထန် ရုန်းကန်နေပြီးနောက် လုံးဝ ပြန်ဆွဲခေါ်ခြင်း ခံလိုက်ရတော့သည်။ ထို့နောက် မြေပြင်ပေါ်ရှိ အနက်ရောင် စက်ဝိုင်းပုံအရိပ်မှာလည်း တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး ဆယ်စက္ကန့်အကြာတွင် လုံးဝ ကွယ်ပျောက်သွားတော့သည်။
“တခြားကမ္ဘာက လာတဲ့ခရီးသည်တို့၊ မင်းတို့ လုပ်ဆောင်ခဲ့သမျှ အားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေရာကို သန့်စင်ပြီးတဲ့နောက်မှာတော့ ငါဟာ ရေတွေကို သူ့ရဲ့ မူလအရင်းအမြစ်ဆီ ပြန်ပို့ပေးနိုင်ပြီး အချိန်မြစ်ထဲကို ပြန်လည် စီးဆင်းသွားစေနိုင်မှာ ဖြစ်ပါတယ်”
ဆမ် မွန်တီယာနှင့် ကွဲပြားသောအသံတစ်ခုက လူတိုင်း၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။ ထိုအသံမှာ အလွန်ပင် ပုံစံကျလှသည်။ ဂိမ်းထဲရှိ အတွေ့အကြုံရင့်ပြီး ပညာရှိလှသော ကစားသမား အများစုတွင် ဤကဲ့သို့သော အသံမျိုး ရှိတတ်ကြသည်။
“သင်သည် အချိန်သခင်ထံမှ ဆုလာဘ် ရရှိခဲ့သည်။ ကျေးဇူးပြု၍ အဆင့်သတ်မှတ်ချက် ပြန်လည်သုံးသပ်ခြင်းတွင် ကြည့်ရှုပါ” စနစ်က ဆိုသည်။
“လက်ရှိတာဝန် ပြီးဆုံးပါပြီ။ အဓိကတာဝန်များအားလုံး ပြီးဆုံးပါပြီ။
သင်သည် ဇာတ်လမ်းကို အောင်မြင်စွာ ကစားနိုင်ခဲ့ပြီ ဖြစ်သည်။ စက္ကန့် ၁၈၀ အတွင်း အလိုအလျောက် ပြန်လည် ပို့ဆောင်ပေးပါမည်။”
အဖွဲ့လိုက်ကစားသည့် ပုံစံတွင် ပြန်လည်ပို့ဆောင်မည့် အချိန်မှာ ပို၍ ကြာမြင့်ပေသည်။ ကစားသမားများအချင်းချင်း ဆက်သွယ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်ကို စနစ်က ထည့်သွင်းစဉ်းစားထားပုံ ရသည်။
ဝမ်တန်ကျိတစ်ယောက် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွား၏။ သူ၏ တင်းမာနေသောအာရုံကြောများ ပြေလျော့သွားပြီး ကြောက်ရွံ့မှုအမှတ်များမှာလည်း အောက်ခြေသို့ ပြန်ရောက်သွားတော့သည်။
မစ္စတာ ‘အထီးကျန်ဆုံး’ နှင့် မစ္စ ‘ဝမ်းအနည်းဆုံး’ တို့မှာ သက်ပြင်းချလိုက်ကြသည်။ ဇာတ်လမ်း၏ အဆုံးအထိ အသက်ရှင်ကျန်ရစ်ခဲ့ရခြင်းမှာ အလွန်ပင် ကောင်းမွန်သောခံစားချက် ဖြစ်၏။
လုံအောင်းမင်မှာမူ အတော်အတန် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် သူ့လက်နက်နှင့် ဒိုင်းကို သိမ်းလိုက်သည်။ တစ်မိနစ်ခန့် အချိန်ကျန်သေးသဖြင့် သူသည် ဖုန်းပုကြွယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အစ်ကို ဖုန်းပုကြွယ်၊ ငါ့မှာ နားမလည်သေးတဲ့ မေးခွန်းတစ်ခု ရှိသေးတယ်”
ဖုန်းပုကြွယ်က မေးသည်။
“ဘာများလဲ”
“အချိန်နဲ့ ပတ်သက်တဲ့ မေးခွန်းပါ”
လုံအောင်းမင်က ဆိုသည်။
“မင်းပြောသလိုပဲ ငါတို့ ဒီဇာတ်လမ်းထဲ စဝင်ကတည်းက နာရီ ဒါမှမဟုတ် အချိန်တိုင်းတဲ့ ကိရိယာမျိုး တစ်ခုမှ မတွေ့ခဲ့ရဘူး၊ အဲ့ဒါဆိုရင် အမှောင်ထုကျရောက်တဲ့ အချိန်နှစ်ခုကြားမှာ အချိန်ဘယ်လောက် ကုန်သွားလဲဆိုတာကို မင်းဘယ်လို တွက်ချက်ခဲ့တာလဲ၊ ငါတို့ မိစ္ဆာတံခါးဆီ ရောက်တဲ့အချိန်မှာ မင်းက ‘မိနစ် ၃၀ လောက်’ လို့ ပြောခဲ့တာ ငါမှတ်မိနေတယ်”
“ဘာလို့လဲဆိုတော့ ကျွန်တော်က အချိန်ကို မှတ်သားနေလို့ပေါ့”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“ဇာတ်လမ်းထဲကို စဝင်ကတည်းက ထူးဆန်းတဲ့အချက်တစ်ခုကို ကျွန်တော်သတိထားမိလိုက်တယ်၊ မြေအောက်ရထားဘူတာမှာ ဘာလို့ နာရီ မရှိတာလဲ၊ အပေါ်ကို ရောက်တဲ့အခါမှာလည်း အချိန်ကို မှတ်သားနိုင်တဲ့ အရာတစ်ခုမှ မတွေ့ခဲ့ဘူး၊ ပထမဆုံး အမှောင်ထုကျရောက်ပြီးတဲ့နောက်မှာတော့ ကျွန်တော် အချိန်ကို စတွက်ခဲ့တယ်၊ ကျွန်တော်တို့ ရဲစခန်းကို ရောက်တဲ့အချိန်၊ ဒုတိယမြောက် အမှောင်ထုကျရောက်ချိန်က ကျွန်တော့်ရဲ့ တွက်ချက်မှုအရဆိုရင် မိနစ် ၃၀ ခန့်ပဲ”
“ဟုတ်ပါပြီ၊ အဲ့ဒါကိုပဲ ငါမေးချင်တာ၊ နာရီမှ မရှိတာ၊ မင်း အချိန်ကို ဘယ်လို မှတ်သားခဲ့တာလဲ”
“ရေတွက်နေတာလေ”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“ကျွန်တော့်စိတ်ထဲမှာ ရေတွက်နေတာ၊ တစ်ကနေ သုံးရာအထိဆိုရင် ငါးမိနစ် ရှိပြီ၊ ကျွန်တော်မလှုပ်ရှားတဲ့ အချိန်မှာဆိုရင် ကျွန်တော့်ရဲ့ နှလုံးခုန်နှုန်းကို ရေတွက်လို့ ရတယ်၊ ကျွန်တော့်ရဲ့ ညာဘက်လက်နဲ့ ဘယ်ဘက်လက်ကို အမြဲတမ်းဆုပ်ကိုင်ထားတာ မြင်တယ်မလား၊ အဲ့ဒါက လူ့ခန္ဓာကိုယ်မှာ ပါလာတဲ့ အချိန်တိုင်းကိရိယာပဲ၊ အဲ့ဒီအခြေအနေမှာ ကျွန်တော့်ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၇၇ ချက် ရှိတယ်လို့ ရေတွက်ခဲ့တယ်”
သူသည် ဆေးရုံတွင် အချိန်အတော်ကြာ နေခဲ့ရဖူးသဖြင့် သူ၏ နှလုံးခုန်နှုန်းကို ကောင်းစွာသိနေခြင်း ဖြစ်သည်။ သူသည် စမ်းသပ်မှုများစွာကို ဖြတ်သန်းခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်အကြောင်းကို ရင်းနှီးနေခြင်း ဖြစ်၏။
“နှလုံးခုန်နှုန်းကို ရေတွက်တာက စိတ်ထဲမှာ ရေတွက်တာထက် ပိုပြီး တိကျတယ်၊ ဒါအပြင် အကြိမ်ရေကို ထိန်းချုပ်ဖို့အတွက် ဦးနှောက်သုံးနေဖို့လည်း မလိုဘူး၊ ဒါကို လူပျင်းနည်းလို့ ခေါ်လို့ ရတာပေါ့၊ အာရုံစူးစိုက်မှု လျော့နည်းလာတဲ့ အခါမှာတော့ စိတ်ထဲမှာ ရေတွက်တာနဲ့ နှလုံးခုန်နှုန်းကို ရေတွက်တာကို တစ်လှည့်စီလုပ်လို့ ရတယ်၊ အချိန်ကွာခြားချက်က အဲ့လောက် မကြီးမားပါဘူး၊ တကယ်လို့ အစ်ကိုလုံ မယုံဘူးဆိုရင် အိမ်မှာ မိနစ် ၃၀ ဒါမှမဟုတ် တစ်နာရီလောက် စမ်းကြည့်လို့ ရတယ်၊ အဲ့ဒီအချိန်အတွင်းမှာ ခင်ဗျားရဲ့ အာရုံကိုလွှဲစေမယ့် တခြားအရာတွေကို လုပ်နေလို့ ရတယ်၊ တကယ်တော့ ဒါက စိတ်ရှည်ဖို့လိုအပ်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ”
“အဲ့ဒီလောက်ထိတော့ မလိုပါဘူး... ငါ နားလည်ပါပြီ၊ မင်းရဲ့ အကြံဉာဏ်အတွက် ကျေးဇူးပါပဲ”
လုံအောင်းမင် တစ်ယောက်သာမက မစ္စတာ ‘အထီးကျန်ဆုံး’ နှင့် မစ္စ ‘ဝမ်းအနည်းဆုံး’ တို့သည်လည်း ဖုန်းပုကြွယ်ကို မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေကြတော့သည်။
ဝမ်တန်ကျိကတော့ ဒါတွေကို ရိုးအီနေပြီ ဖြစ်သည်။ အဆုံးမှာတော့ သူသည် ဖုန်းပုကြွယ်နှင့် သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး အရာအားလုံးကို မြင်တွေ့ခဲ့ဖူးသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ဆီလာပြီး ဂြိုဟ်သားတွေ ကမ္ဘာမြေကို ကျူးကျော်နေပြီဟု ပြောလာလျှင် သူ သံသယရှိမိနိုင်သော်လည်း ဖုန်းပုကြွယ်သည် တကယ်တော့ ဂြိုဟ်သားတစ်ကောင်ဖြစ်သည်ဟု ပြောလာလျှင်မူ သူယုံကြည်မိပေလိမ့်မည်။
“ကောင်းပြီလေ၊ ငါ အချိန်ထပ်မဖြုန်းတော့ပါဘူး၊ အားလုံးပဲ၊ ငါတို့ တယ်လီပို့ လုပ်ခံရတော့မယ်၊ ဒီမှာတင်ပဲ လမ်းခွဲကြရအောင်”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
မစ္စတာ ‘အထီးကျန်ဆုံး’ နှင့် မစ္စ ‘ဝမ်းအနည်းဆုံး’ တို့က သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ကြပြီး အခြားသုံးဦးကို နှုတ်ဆက်လိုက်ကြသည်။ သူတို့သည် အဖြူရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဇာတ်လမ်းထဲမှ ထွက်ခွာသွားကြတော့သည်။
လုံအောင်းမင်ကတော့ ချက်ချင်း ပြန်မသွားသေးပေ။ ထိုနှစ်ဦးပျောက်ကွယ်သွားပြီးနောက် သူက ပြောသည်။
“အစ်ကိုဖုန်း၊ အစ်ကိုဝမ်၊ ငါတို့အချင်းချင်း သူငယ်ချင်းအဖြစ် အပ်ထားကြရင် မကောင်းဘူးလား”
သူသည် ထိုသို့အကြံပြုခြင်းမှာ သူတို့၏ အရှိန်အဝါကို အသုံးချချင်၍ မဟုတ်ပေ။ အဆုံးမှာတော့ ထိုသို့လုပ်ရန်မှာ အလွန်စောလွန်းနေသေးသည်။ ယနေ့သည် စမ်းသပ်ကာလ၏ ပထမဆုံးနေ့သာ ရှိသေးသည်။ ပရော်ဖက်ရှင်နယ် ကစားသမား၊ သာမန် ကစားသမား သို့မဟုတ် အပျော်တမ်း ကစားသမား ဖြစ်စေ အဆင့်ကွာခြားချက်က သိပ်မကြီးမားသေးပေ။ ဖုန်းပုကြွယ်သည် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်လာနိုင်သည့် အရည်အချင်းရှိသည်ဟု ထင်ရသော်လည်း နောင်တွင် သူ ဂိမ်းကို ပုံမှန်ကစားနိုင်မလား ဆိုသည်မှာလည်း ပြောရခက်ပေသည်။
လုံအောင်းမင်က သူ့ကို သူငယ်ချင်းအဖြစ် အပ်ချင်ရသည့် အဓိကအကြောင်းရင်းမှာ ဖုန်းပုကြွယ်သည် အစောပိုင်းက အလွန်ကောင်းမွန်သောပစ္စည်းတစ်ခုကို သူ့အား တွေဝေခြင်းမရှိဘဲ ပေးအပ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုပစ္စည်းကိုယ်တိုင်က အလွန်တန်ဖိုးမကြီးလှသော်လည်း ယခုခေတ်ကြီးတွင် သူစိမ်းတစ်ယောက်ကို အကန့်အသတ်မရှိ ယုံကြည်ဖို့ဆိုသည်မှာ ခက်ခဲလှသည်။ ထိုအချက် တစ်ခုတည်းနှင့်ပင် သူ့ကို သူငယ်ချင်းအဖြစ်အပ်ရန် ထိုက်တန်ပေသည်။
ဝမ်တန်ကျိသည် ဖုန်းပုကြွယ်နှင့် အဖွဲ့လိုက်ကစားနေသူ ဖြစ်သဖြင့် လုံအောင်းမင်အနေနှင့် ဖုန်းပုကြွယ် တစ်ယောက်တည်းကိုသာ အပ်၍ မဖြစ်ချေ။ ထို့အပြင် သွေးအလောင်းကောင်နှင့် ရင်ဆိုင်ခဲ့စဉ်က သူ၏ စွမ်းဆောင်ရည်အရ ထိုလူမှာ လူကြောက်တစ်ယောက် ဖြစ်သော်ငြား တိုက်ခိုက်ရေးတွင်မူ အတော်လေး ကောင်းမွန်လှသည်။ သူသည် ပရော်ဖက်ရှင်နယ်ကစားသမား မဟုတ်လျှင်ပင် ဝန်ထုပ်ဝန်ပိုးတစ်ခုတော့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
“ရတာပေါ့၊ လော့ဂ်အင်ခန်းမကျမှ စကားပြောကြတာပေါ့၊ အရင်ဆုံး အခြေအနေတွေကို သွားစစ်ကြည့်ရအောင်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
သုံးဦးသားမှာလည်း နှုတ်ဆက်စကား ပြောကြပြီး ဇာတ်လမ်းထဲမှ အသီးသီး ထွက်ခွာသွားကြတော့သည်။
ကစားသမားအားလုံး ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်ခြမ်းမှ အမည်မသိသတ္တဝါ တစ်ကောင်က မှော်တံခါးကို အတင်းဝင်တိုက်နေသည့်အလား မိစ္ဆာတံခါးက ရုတ်တရက် တုန်ခါသွားတော့သည်...။
……
အဖြူရောင် အလင်းတန်းတစ်ခုနှင့်အတူ ဖုန်းပုကြွယ်သည် လော့ဂ်အင်ခန်းမသို့ ပြန်လည် ရောက်ရှိလာလေသည်။ စနစ်၏ ကြေညာချက်က ဆက်လက် ထွက်ပေါ်လာ၏။
“သင်သည် အဆင့် ၁၁ သို့ ရောက်ရှိသွားပါပြီ။ အမြင့်ဆုံးသက်လုံအမှတ်မှာ ၁၁၀၀/၁၁၀၀ သို့ တိုးလာပါပြီ။
ဂုဏ်ပုဒ်စနစ်ကို ဖွင့်လိုက်ပါပြီ။ သင်သည် ‘သွေးအေးစွာ ခေါင်းရိုက်ခွဲသူ’ ဟူသော ဂုဏ်ပုဒ်ကို ရရှိပါသည်။”
ထို့နောက် သူသည် နံရံပေါ်ရှိ စခရင်ပေါ်သို့ အကြည့်ကို ရွှေ့လိုက်သည်။ ၎င်းတွင် ဇာတ်လမ်းကို အောင်မြင်စွာ ကစားပြီးနောက် အခြေအနေများကို ပြသနေလေသည်။