← Chapters

အခန်း (၇၉၆-၇၉၈)

Vol. 54 Ch. 796-798

အခန်း (၇၉၆-၇၉၈)

Vol. 54 Ch. 796-798

အပိုင်း (၇၉၆) ဇာတ်လမ်းအစ

သွေးမြို့တော်အရှင်သခင်လေးပါး၏ အကြည့်အောက်တွင် ဟန်ဟိုင်းသွေးမြို့တော်၏ ဆင်းသက်မှုသည် များစွာနှေးကွေးမသွားသော်လည်း ဤအခြေအနေသည် ဟန်ဟိုင်းအတွက် အကန့်အသတ်သို့ ရောက်ရှိနေပုံရသည်။

ပဉ္စမမြောက် သွေးနီရောင်မျက်လုံးတစ်စုံ ပွင့်လာသောအခါ အဆုံးမဲ့ အနက်ရောင်မြူထုထဲတွင် သွေးနီရောင်လျှပ်စီးများ ပြိုးပြိုးပျက်ပျက်ပေါ်လာပြီး မိုးစက်များ စတင်ကျဆင်းလာတော့သည်။ မိုးရေများက ကောင်းကင်ယံတွင် မိုးရေအဖြစ်ရှိနေသော်လည်း ဟန်ဟိုင်းမြို့သားများအပေါ်သို့ ကျရောက်လာသောအခါတွင် သွေးများအဖြစ် ပြောင်းလဲသွားချေပြီ။

“အိုမင်းခြင်း၊ ပုပ်သိုးခြင်း၊ အချိန်၊ ပုံရိပ်ယောင်... အခုဒီတစ်ခါက ဘယ်သွေးမြို့တော်လဲ”

ကောင်းမင် ခွဲခြားနိုင်စွမ်းမရှိတော့သလို စုံစမ်းစစ်ဆေးရန်လည်း အပိုအင်အားမရှိတော့ပေ။ ထိုသွေးမိုးများသည် ဟန်ဟိုင်းမြို့သားများ သို့မဟုတ် သရဲတစ္ဆေများကို အန္တရာယ်မပြုသော်လည်း အိပ်မက်ဆိုးထဲသို့သာ စီးဝင်သွားကြသည်။၎င်းက ဤနည်းလမ်းဖြင့် ဟန်ဟိုင်း၏ ယခင်အရှင်သခင်ဟောင်း၏ အလောင်းကို ဝါးမြိုရန် ကြိုးစားနေခြင်းပင်။

၎င်း၏ အနှစ်သာရများ အခိုးခံလိုက်ရပါက သွေးမြို့တော်သည် သဘာဝအတိုင်း ထိခိုက်သွားပေလိမ့်မည်။ ဆင်းသက်လာနိုင်ရန် မဆိုထားနှင့် နောက်ဆုံးတွင် ကောင်းမင်နှင့် ကောင်းယန်တို့ပင် စုပ်ယူခံလိုက်ရပေလိမ့်မည်။

သွေးမြို့တော်ပိုင်ရှင်တစ်ဦးက အလောင်းကို မျက်စိကျနေသည်ကို မြင်လိုက်ရသောအခါ အနက်ရောင်မြူထုထဲမှ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ထွက်ပေါ်လာပြီး ဝေးကွာလှသော မြူပင်လယ်ထဲတွင် နောက်ထပ်မျက်လုံးနှစ်စုံ ထပ်မံပွင့်လာပြန်သည်။

သွေးမြို့တော် ၁၃ အနက် ဟန်ဟိုင်းနှင့် ရှင်းလုအပါအဝင် လက်ရှိစစ်ဖြစ်နေသော ဗဟိုသွေးမြို့တော်နှင့် အမှောင်သွေးမြို့တော်တို့ကို ဖယ်ထုတ်လိုက်လျှင် သွေးမြို့တော်ပိုင်ရှင် ခုနစ်ဦးသည် ဟန်ဟိုင်းကို ဝိုင်း၍ မျက်စိကျနေကြပြီဖြစ်သည်။

သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များက ဤနေရာသို့ မရောက်ရှိနိုင်သေးသော်လည်း သူတို့၏ သွေးမြို့တော်စည်းမျဉ်းများ ကိန်းအောင်းနေသော အကြည့်များသည်ပင် ဟန်ဟိုင်း၏ ဆင်းသက်မှုကို တားဆီးရန် လုံလောက်နေချေပြီ။

“ပြီးသွားပြီ...”

“ဟန်ဟိုင်းက ဘယ်တော့မှ ပြန်နိုးထလာမှာမဟုတ်တော့ဘူး၊ ထာဝရအမှောင်ထုထဲကိုပဲ နစ်မြုပ်သွားတော့မယ်”

“နောက်ဆက်တွဲကတော့ ဘယ်လိုမျိုး အပိုင်းပိုင်းအစစ ဝါးမြိုခံရမလဲဆိုတာပဲ”

ကောင်းမင် လက်ထဲတွင် ကိုင်မြှောက်ထားသော နှလုံးသား၊ မြို့ထဲမှ သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများ၏ နာကြည်းမုန်းတီးမှုများနှင့် မကျေနပ်ချက်များ၊ ပြီးနောက် ကောင်းယန် မီးရှို့လိုက်သော မီးတောက်များ။ ဤအရာအားလုံးသည် စားပွဲပေါ်သို့ တင်ထားသော အရသာရှိလှသည့် အသားပွဲတစ်ပွဲကဲ့သို့ ဖြစ်လာခဲ့ချေပြီ။

“ငါတို့ နည်းနည်းလောက် ထပ်တောင့်ခံထားနိုင်ပါသေးတယ်”

“ငါ ဒီထက်ပိုပြီး မျှော်လင့်ချက်မဲ့တဲ့ အခိုက်အတန့်တွေကိုတောင် ကြုံဖူးသေးတာပဲ”

“နည်းလမ်းတစ်ခုတော့ ရှိကို ရှိရမယ်”

ကောင်းမင်သည် သူ့လက်ကို ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီး ညှင်းပန်းနှိပ်စက်ခန်း၏ အလုံခြုံဆုံးထောင့်မှ သာမန်ရွှံ့ရုပ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းတွင် နတ်ဘုရားစွမ်းအား လုံးဝမရှိဘဲ သနားစရာကောင်းပြီး အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ သို့သော်လည်း ၎င်း၌ နွေးထွေးသော အမည်တစ်ခုရှိသည်။

‘ရှန်းနွမ်’။

အိပ်မက်ချိုးဖျက်မြို့တွင် မပြောသင့်သူ ရုပ်တုများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရစဉ်က ကောင်းမင်သည် ကောင်းကင်ဘုံဂိတ်တံခါးမှတစ်ဆင့် မပြည့်စုံခြင်းစည်းမျဉ်းကို ပိုင်ဆိုင်ထားသော ငရဲသန္ဓေသားနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ဖူးသည်။ ထိုစဉ်က သူသည် အထီးကျန်ကျွန်းပေါ်မှ မြေကြီးတစ်ဆုပ်ကို ယူ၍ ဤကလေးရုပ်လေးကို သာမန်ကာလျှံကာ ထုလုပ်ခဲ့ခြင်းဖြစ်သည်။

ငရဲသန္ဓေသားက ဤကလေးသည် အသုံးမကျဆုံးဖြစ်ပြီး မည်သည့်အထူးစွမ်းရည်မှမရှိဘဲ ဘေးအန္တရာယ်နှင့် ကံဆိုးမှုများကိုသာ ယူဆောင်လာတတ်သည်ဟု ပြောခဲ့သည်။ သို့သော်လည်း ကောင်းမင်ကမူ ၎င်းကို တန်ဖိုးအရှိဆုံးလက်ဆောင်အဖြစ် မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့သည်။

“အိပ်မက်ချိုးဖျက်မြို့ဆိုတာ မသေဆေးကုမ္ပဏီကနေ မရေမတွက်နိုင်တဲ့ လူနာတွေရဲ့ ပြန့်ကျဲနေတဲ့ အိပ်မက်အပိုင်းအစတွေနဲ့ စုစည်းထားတာပဲ၊ အဲ့ဒါက မပြည့်စုံတဲ့ဘဝတွေနဲ့ နောင်တပေါင်းများစွာကို ကိုယ်စားပြုတယ်၊ အိပ်မက်ချိုးဖျက်မြို့ထဲက လျှို့ဝှက်တံခါးကို ဖွင့်လိုက်တာနဲ့ ခင်ဗျားရဲ့အထီးကျန်ကျွန်းဆီကို တိုက်ရိုက်ရောက်သွားနိုင်တယ်၊ အခု အိပ်မက်ချိုးဖျက်မြို့နဲ့ ဟန်ဟိုင်းသွေးမြို့တော်က ပေါင်းစည်းနေပြီ၊ နောင်တနဲ့ မပြည့်စုံခြင်း စည်းမျဉ်းတွေလည်း အထဲမှာ ပါဝင်နေကြပြီ၊ တကယ်လို့ ဟန်ဟိုင်းသွေးမြို့တော်သာ အောင်အောင်မြင်မြင် ဆင်းသက်လာနိုင်ရင် ခင်ဗျားလည်းပဲ ဒီမြို့တော်ရဲ့ အရှင်သခင်ဖြစ်လာဖို့ အခွင့်အရေးရှိတယ်”

ကောင်းမင်တွင် အသုံးပြုစရာ ဝှက်ဖဲအားလုံး ကုန်ဆုံးသွားပြီဖြစ်ရာ နောက်ထပ် ရင်းနှီးစရာ ဘာမှမရှိတော့ပေ။ သူသည် နှလုံးသားကို မြှောက်ကိုင်ထားရင်း ရွှံ့ရုပ်တုမှတစ်ဆင့် သူ၏ အစစ်မှန်ဆုံး အတွေးများကို ငရဲသန္ဓေသားထံ ပေးပို့လိုက်သည်။

ကောင်းမင်သည် ဤအခိုက်အတန့်အတွက် အရာအားလုံးကို ပေးဆပ်ခဲ့သော်လည်း သူကိုယ်တိုင် သွေးမြို့တော်ပိုင်ရှင် ဖြစ်လာရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ပေ။ အကယ်၍ သွေးမြို့တော်သာ အောင်မြင်စွာ ဆင်းသက်လာနိုင်ပါက သူသည် ငရဲသန္ဓေသားထံသို့ အရာအားလုံးကို လွှဲပြောင်းပေးအပ်ရန် ဆန္ဒရှိနေပေသည်။

ဤအတွေးသည် ငရဲသန္ဓေသားနှင့် စတင်တွေ့ဆုံကတည်းက ကောင်းမင်စိတ်ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သော်လည်း မည်သူ့ကိုမျှ ပြောမပြခဲ့ဖူးချေ။

ငရဲသန္ဓေသားနှင့် ဗဟိုသွေးမြို့တော်အရှင်သခင်တို့အကြား တစ်ခုခု ဖြစ်ပျက်ခဲ့ဖူးသည်။ သူသည် ဗဟိုသွေးမြို့တော်အရှင်သခင်၏ နံပါတ်ကို မြင်သည်နှင့် ထိန်းချုပ်မှု လွတ်သွားပြီး ကျိန်စာများ ပေါက်ကွဲထွက်ကာ အနက်ရောင်မြူများကို ခြောက်သွေ့သွားစေခဲ့သည်။

ကောင်းမင်သည် သူ၏အတွင်းစိတ်ဆန္ဒများကို မြင်တွေ့နိုင်သည်။ယင်းကား သာမန်လူတစ်ယောက် ဖြစ်လိုသောဆန္ဒနှင့် ဗဟိုသွေးမြို့တော်ပိုင်ရှင် ပိုင်ဆိုင်ထားသော အရာတစ်ခုကို ပိုင်ဆိုင်လိုသောဆန္ဒပင်။ ထိုအရာက မည်သည့်အရာဖြစ်သည်က်ု ကောင်းမင် မသိသော်လည်း သွေးမြို့တော်ပိုင်ရှင် ဖြစ်လာခြင်းက ပိုမိုကြီးမားသော စွမ်းအားကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး စွမ်းအားကြီးမားလာသည်နှင့်အမျှ ရွေးချယ်စရာများလည်း ပိုမိုများပြားလာမည်ကို သူ သိထားသည်။

“ဧရာမဝေလငါးကြီးက အနက်ရောင်မြူတွေထဲမှာ အထီးကျန်ကျွန်းတစ်ကျွန်းကို သယ်ဆောင်ပြီး လွင့်မျောနေရတယ်၊ ကမ္ဘာကြီးရဲ့ ပျက်စီးသွားတဲ့ ယုံကြည်မှုအားလုံးရဲ့ ကိုယ်စားပြု ဖြစ်လာတယ်၊ ကမ္ဘာကြီးရဲ့ နောင်တတွေအတွက် အနားယူစရာ နေရာတစ်ခု မဖန်တီးပေးချင်ဘူးလား”

ကောင်းမင်သည် သွေးမြို့တော်ပိုင်ရှင်ရာထူးကို အစာအဖြစ် အသုံးပြု၍ ငရဲသန္ဓေသားကို ဟန်ဟိုင်းဘက်သို့ လုံးဝပါလာအောင် ဆွဲဆောင်နေခြင်းဖြစ်သည်။

“သွေးမြို့တော်သာ ဆင်းသက်လာရင် အရာအားလုံးက ခင်ဗျားအပိုင်ပဲ”

ကောင်းမင်၏ လက်ထဲမှ သွေးစွန်းနေသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ သူကိုင်ထားသော ရှန်းနွမ်၏ ရွှံ့ရုပ်တုသည် သူ့ကို မော့ကြည့်ကာ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

ပြည့်စုံနေသော ရွှံ့ရုပ်တုသည် ဖြည်းညင်းစွာဖြင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။ သွေးမြို့တော်ပိုင်ရှင်များ၏ အကြည့်များသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး အိပ်မက်ချိုးဖျက်မြို့၏ နက်ရှိုင်းအဆင့် အိပ်မက်ဆိုးနယ်ပယ်ဆီသို့ ရွေ့လျားသွားကာ ကောင်းကင်ဘုံဂိတ်တံခါးကို စိုက်ကြည့်လိုက်ကြသည်။

ကျောက်စိမ်းနန်းဆောင်များ၊ နတ်ဘုရားမျှော်စင်နှင့် ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော တံခါးကြီးတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာပြီး အတွင်းဘက်မှ တွန်းဖွင့်ခံလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်ကျိန်စာများသည် ဒီရေအလား တိုးထွက်လာပြီး အိပ်မက်ချိုးဖျက်မြို့၏ တစ်ဝက်ခန့်ကို ခဏချင်းအတွင်း ဝါးမြိုသွားတော့သည်။

ကလေးလက်တစ်ဖက်သည် ကျိန်စာပင်လယ်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ၎င်းသည် သွေးမြို့တော်ပိုင်ရှင်များ၏ အကြည့်အောက်တွင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ငရဲသန္ဓေသားသည် ရွှံ့ရုပ်တုမှတစ်ဆင့် ကောင်းမင်ကြုံတွေ့နေရသော အခြေအနေကို ခပ်ရေးရေး အာရုံခံမိသော်လည်း သူကိုယ်တိုင် ကောင်းကင်ဘုံဂိတ်တံခါးမှ ထွက်လာပြီး သွေးမြို့တော်ပိုင်ရှင် ခုနစ်ဦး၏ အကြည့်ကို ခံလိုက်ရသောအခါ သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

ဘယ်လိုလူမျိုးက ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခမျိုး ဖန်တီးနိုင်ရတာလဲ။

ထိုအရိပ်သည် မူလက သူ့ကိုယ်သူ လောကတွင် အသနားစရာအကောင်းဆုံးလူဟု ထင်မှတ်ထားခဲ့သည်။ သူ့အနားသို့ ချဉ်းကပ်သူတိုင်း ကံဆိုးကြလိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော် ကောင်းမင်နှင့် တွေ့ဆုံပြီးနောက်တွင်မူ သူကိုယ်တိုင်ပင် ကျိန်စာတိုက်ခံထားရသူ ဖြစ်နေကြောင်း သိလိုက်ရသည်။

“သွေးမြို့တော်သာ ဆင်းသက်လာရင် လူတိုင်းရဲ့ စွဲလမ်းမှုတွေနဲ့ တောက်လောင်နေတဲ့ ဒီနှလုံးသားကို ကျွန်တော် ခင်ဗျားကို ပေးမယ်”

ကောင်းမင် သွေးမိုးများအကြားတွင် အော်ဟစ်လိုက်သည်။ သူသည် အလွန်တိုက်ရိုက်ကျသလို အလွန်လည်း ရိုးသားနေသည်။ ငရဲသန္ဓေသားအတွက် ဤကဲ့သို့ ဆက်ဆံခံရခြင်းမျိုးက အလွန်ရှားပါးလှပေသည်။

“ငါ့ကို ပေးမယ်လား”

ငရဲသန္ဓေသားသည် ကောင်းမင်၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေသော သေဆုံးဝိညာဉ်များကို ဝေဝါးစွာ မြင်နေရသည်။ ထိုဝိညာဉ်များသည် သေဆုံးပုံခြင်း မတူညီကြသော်လည်း အားလုံးတွင် တူညီသော မျက်နှာတစ်ခုစီ ရှိနေကြသည်။ ကောင်းမင်သည် ဤနေရာသို့ ရောက်ရှိလာရန် မည်မျှအထိ ပေးဆပ်ခဲ့ရကြောင်း သူကောင်းစွာ သိရှိပေသည်။

“မင်း ဒီလောက်များတဲ့ နာကျင်မှုတွေကို တောင့်ခံခဲ့ရတယ်၊ ဒီလောက်များတဲ့ စိတ်ပျက်အားငယ်စရာ လမ်းတွေကို ဖြတ်သန်းခဲ့ရတယ်၊ နောက်ဆုံးကျမှ ဒီအသီးအပွင့်ကို ငါ့ကို ပေးချင်နေတာလား”

“သွေးမြို့တော်သာ ဆင်းသက်လာရင် ကျွန်တော် တောင်းဆိုချင်တာက ဟန်ဟိုင်းကို ပြန်လည်တည်ဆောက်ဖို့ပဲ”

“ဒါက ထိုက်တန်ရဲ့လား”

ကျိန်စာများကြား ရပ်နေရင်း ငရဲသန္ဓေသားက ဤမေးခွန်းကို မသိစိတ်ဖြင့် မေးလိုက်မိသည်။ ထိုသို့မေးပြီးနောက် သူသည် ဝေလငါးကြီးကိုလည်း ဤမေးခွန်းမျိုး မေးခဲ့ဖူးကြောင်း ရုတ်တရက် သတိရသွားသည်။

ကောင်းမင်၏ အိုမင်းပြီး ပုတ်သိုးဆွေးမြေ့နေသော ခန္ဓာကိုယ်၊ အချိန်၏ဖိအားအောက်တွင် ပြိုလဲလုနီးပါး ဖြစ်နေသော စိတ်ဆန္ဒ၊ သို့သော်လည်း လက်များကို မြှောက်ကာ နှလုံးသားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲဖြစ်သည့် ကောင်းမင်၏ပုံစံကို မြင်လိုက်ရသောအခါ ငရဲသန္ဓေသားသည် သူကိုယ်တိုင် မကောင်းဆိုးဝါးတစ်ကောင်မှန်း သိလျက်နှင့် ကာကွယ်ပေးခဲ့သော အမျိုးသမီးကို ဝေဝါးစွာ သတိရမိသွားသည်။ သူတို့နှစ်ဦးလုံး၏ ဘဝများသည် အလင်းရောင်တစ်ခုဖြင့် တောက်ပနေကြပြီး သူတို့၏ အရိပ်များကိုလည်း ထိုအလင်းကပင် လင်းထိန်စေခဲ့သည်။

“ငါ မင်းကို ကူညီနိုင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ငါ မင်းကို တစ်ခုတော့ ပြောပြဖို့လိုတယ်”

ငရဲသန္ဓေသားက ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ကျိန်စာတစ်ခုက အိပ်မက်ကို ထိုးဖောက်သွားပြီး ကောင်းမင်၏ နှလုံးသားကို ရစ်ပတ်လိုက်သည်။ သာမန်ဟု ထင်ရသော ချိန်းကြိုးတစ်ချောင်းသည် ကျိန်စာ၏ ကျူးကျော်မှုအောက်တွင် အလွန်တရာ ရှုပ်ထွေးလှသော သွေးနီရောင်စာလုံးများ ပေါ်ထွက်လာတော့သည်။

နောက်တစ်ခဏတွင် ငရဲသန္ဓေသား၏ အသံသည် ကောင်းမင်၏ စိတ်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာသည်။ ၎င်းကို ကောင်းမင်တစ်ဦးတည်းသာ ကြားနိုင်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ သွေးပင်လယ်နဲ့ ပုံရိပ်ယောင်သွေးမြို့တော်တွေကြားမှာ လျှောက်သွားနေရင်းနဲ့ အမှတ်မထင် သတင်းတချို့ ရခဲ့တယ်၊ ရှင်းလုသွေးမြို့တော်ရဲ့ အရှင်ငယ်က သွေးပင်လယ်အနက်ပိုင်းထဲကို ဝင်သွားခဲ့တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားတစ်ပါးက သူ့ကို သတင်းစကားတစ်ခု ထုတ်ပြခဲ့လို့ပဲ”

ကျိန်စာသည် ကောင်းမင်၏ နှလုံးသားထဲသို့ ဆက်လက်တိုးဝင်နေပြီး သူ့ကို အတင်းအကျပ် လှုပ်ရှားခိုင်းနေသည့်အလားပင် ချိန်းကြိုးကို တပ်းကျပ်စွာ ချည်နှောင်ထား၏။

“ရှင်းလုသွေးမြို့တော်ပိုင်ရှင် ထွက်သွားပြီးတဲ့နောက်တော့ ဒီနတ်ဘုရားက လမ်းကြောင်းကို ဖျက်ဆီးပြီး ဆက်သွယ်ရေးကို ဖြတ်တောက်ပစ်လိုက်တယ်၊ အခြားသွေးမြို့တော်တွေက ရှင်းလုကို တဖြည်းဖြည်း စူးစမ်းလာကြပြီး နောက်ဆုံး အခြားသွေးမြို့တော်တွေရဲ့ မပြောသင့်သူတွေရဲ့ သိမ်းပိုက်ခံလိုက်ရတာကို သူက ထိုင်ကြည့်နေခဲ့တယ်”

“ရှင်းလုရဲ့အရှင်သခင် တစ်နေ့နေ့ ပြန်လာမှာကို သူ ကောင်းကောင်းသိတယ်၊ သူ့ရဲ့ အကြံအစည်ထဲမှာ ရှင်းလုသွေးမြို့တော် တစ်ခုလုံးဟာ ငါးစာပဲ၊ တကယ့် ပစ်မှတ်ကတော့ ဟန်ဟိုင်းပေါ့၊ အဲ့ဒီ ဆိုးယုတ်တဲ့ နတ်ဘုရားက ဟန်ဟိုင်းသွေးမြို့တော်ရဲ့ အရှင်သခင် ဖြစ်ချင်နေတာလေ၊ မင်းကတော့ သူ့ရဲ့ ပွန်းရုပ်လေးတစ်ရုပ်ပဲ”

“မင်းက ဒီနေရာမှာ ရှိမနေသင့်တဲ့လူတစ်ယောက်ပဲ၊ သူက မင်းရဲ့ ကံကြမ္မာကို အတင်းအကျပ် ပြောင်းလဲပစ်လိုက်တာ၊ မင်း ခံစားခဲ့ရတဲ့ နာကျင်မှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေ အားလုံးက သူ့အစီအစဉ်ကနေ လာတာပဲ၊ သူက မင်းဘာမှမရိပ်မိအောင် မင်းရဲ့ ကိုယ်ပိုင်နာမည်ကိုတောင် မေ့သွားအောင် လုပ်ခဲ့တာ”

အပိုင်း (၇၉၇) အမှန်တရား

“သူက ဘယ်သူလဲ”

ယင်းက ကောင်းမင်စိတ်ထဲတွင်ရှိသည့် တစ်ခုတည်းသော မေးခွန်းပင်။

“ကြောက်ရွံ့တုန်လှုပ်နေကြတဲ့ သရဲတွေကတော့ သူ့ကို ဒေါက်တာကောင်းလို့ ခေါ်ကြတယ်ဆိုတာပဲ ငါသိတယ်”

ငရဲသန္ဓေသားက ထိုသို့ပြောပြီးနောက် သွေးမြို့တော်ပိုင်ရှင်ခုနစ်ဦး၏ အကြည့်အောက်တွင်ပင် အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်လေသည်။ သူသည် သွေးမြို့တော်ပိုင်ရှင် တစ်ဦးတစ်ယောက်ကိုမျှ ပစ်မှတ်မထားဘဲ ထိုချိန်းကြိုးထဲသို့ အပြင်းထန်ဆုံးကျိန်စာကို လောင်းထည့်လိုက်ခြင်းဖြစ်သည်။

ညှင်းပန်းနှိပ်စက်ခန်း တစ်ခုလုံးသည် ပြစ်ဒဏ်ပေးခြင်းကို ကိုယ်စားပြုသော ချိန်းကြိုးများဖြင့် ပြည့်နှက်သွားသော်လည်း အလွန်သာမန်ဆန်လှသည့် ချိန်းကြိုးတစ်ချောင်းကသာ ထိုကျိန်စာကို တွန်းလှန်နေခဲ့သည်။

ချိန်းကြိုးပေါ်တွင် သွေးစာလုံးများ ပေါ်ပေါက်လာ၏။ ချိန်းကြိုး၏ အစွန်းတစ်ဖက်သည် ညှင်းပန်းနှိပ်စက်ခန်းထဲတွင် ဝှက်ကွယ်နေပြီး အခြားတစ်ဖက်မှာမူ ကမ္ဘာတစ်ဖက်ခြမ်းသို့ ချိတ်ဆွဲထားသည့်အလား ရှိနေသည်။

ငရဲသန္ဓေသား၏ ကျိန်စာများ စိမ့်ဝင်သွားသည်နှင့်အမျှ သိပ်သည်းထူထပ်လှသော သွေးစာလုံးများသည် ပြောင်းလဲလာပြီး တစ်လုံးချင်းစီက သွေးမြို့တော်အရှိန်အဝါများ ကိန်းအောင်းနေသည့် ချိန်းကြိုးများအဖြစ် အသွင်ပြောင်းသွားကြသည်။

သွေးမြို့တော်တစ်ခုလုံးကို ဆွဲခေါ်နိုင်လောက်သည့် မရေမတွက်နိုင်သော ချိန်းကြိုးများသည် ကောင်းမင်ကို ဗဟိုပြု၍ မြူပင်လယ်ကို ဖြတ်ကျော်သွားသည်။ ၎င်းတို့က ဧရာမ သင်္ဘောကြီးတစ်စင်း ကျောက်ဆူးချလိုက်သကဲ့သို့ ပေါက်ကွဲထွက်လာပြီး အိပ်မက်၏ ရေခဲပြင်ကို ခွဲဖျက်ကာ ဟန်ဟိုင်းသွေးမြို့တော်ကို မြဲမြံစွာ ချည်နှောင်လိုက်တော့သည်။

ချိန်းကြိုးများ၏ အလယ်ဗဟိုတွင် အနီရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူသည် သွေးစွန်းနေသော အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး တိတ်ဆိတ်အေးစက်နေကာ သွေးမြို့တော်ပိုင်ရှင် ခုနစ်ဦး၏ အကြည့်ကို လျစ်လျူရှု၍ ဟန်ဟိုင်းသွေးမြို့တော်ကိုသာ အာရုံစိုက်နေလေသည်။

“တကယ်ပဲ ခင်ဗျားဖြစ်နေတာကိုး”

ငရဲသန္ဓေသားကို သတိထားအောင် လုပ်နိုင်သည့် သရဲအနည်းငယ်သာရှိပြီး ဤရက်စက်ကြမ်းကြုတ်သော နတ်ဘုရားက တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် သွေးမြို့တော်၏ ကန့်သတ်ချက်ထဲတွင် မရှိသော စွမ်းအားကို ပိုင်ဆိုင်ထားသည့်အပြင် အလွန်နက်ရှိုင်းသော ပရိယာယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဗျူဟာမြောက်စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ငရဲသန္ဓေသား၏ မှတ်ဉာဏ်ထဲတွင် ဤရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသည် တစ်ခါမှ မရှုံးနိမ့်ဖူးချေ။

“ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က တခြားနေရာမှာ ရှိနေတာ၊ ဒီပုံရိပ်ယောင်ကိုယ်ပွားက စွမ်းအားပြည့် မထုတ်နိုင်သလို ငါဝယ်ပေးနိုင်တဲ့ အချိန်ကလည်း အကန့်အသတ်ရှိတယ်၊ အတွင်းကမ္ဘာရဲ့ ဖိနှိပ်မှုတွေပြီးလို့ သွေးမြို့တော်ပိုင်ရှင် ခုနစ်ယောက် ဆုတ်ခွာသွားမှပဲ ငါတို့ချင်း စာရင်းရှင်းကြတာပေါ့”

အပြစ်ချိန်းကြိုးများအလယ်တွင် ရပ်နေရင်း သွေးနီရောင်ကုတ်အင်္ကျီဝတ်ဆင်ထားသည့် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားက အပိုစကားမပြောပေ။ ငရဲသန္ဓေသားက သူ့ကို ဘယ်လိုရည်ရွယ်ချက်နဲ့ အတင်းအကျပ် ထွက်လာအောင် လုပ်ခဲ့သည်ကိုလည်း ဂရုမစိုက်ပေ။ သူ့အသံမှာ အရာအားလုံးက သူ့ခန့်မှန်းချက်ထဲတွင် ရှိနေသည့်အလား တည်ငြိမ်နေခဲ့သည်။

သူ့အကြည့်သည် ငရဲသန္ဓေသားဆီသို့ တစ်ချက်ဝေ့ဝဲသွား၏။ ပြီးနောက် အသွေးအသား သစ်ပင်ကြီးကို နင်းဖြတ်ကာ သွေးမြို့တော်ပိုင်ရှင်ခုနစ်ဦး၏ အကြည့်များ ဆုံဆည်းရာနေရာသို့ လျှောက်သွားလိုက်သည်။

“ဟန်ဟိုင်းသွေးမြို့တော်ရဲ့ ကမ္မက အရမ်းကြီးမားလွန်းတယ်၊ မင်းတို့ တောင့်မခံနိုင်ဘူး”

ပုံရိပ်ယောင် သွေးမြို့တော်မှ အကြည့်သည် ဒေါက်တာကောင်းနှင့် ငရဲသန္ဓေသား နှစ်ယောက်လုံး ပေါ်လာသည်ကို မြင်သောအခါ သူ၏ပုံရိပ်ယောင် မျက်လုံးများကို တဖြည်းဖြည်း မှိတ်လိုက်ပြီး တစ်ခါမှမရှိခဲ့ဖူးသည့်အလား အနက်ရောင်မြူထုထဲသို့ ပျောက်ကွယ်သွားတော့သည်။

ပုံရိပ်ယောင်စည်းမျဉ်းများ၏ နှောင့်ယှက်မှုမရှိတော့သောကြောင့် ဟန်ဟိုင်းသွေးမြို့တော်သည် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲခြင်းဖြစ်စဉ်မှာ သိသိသာသာ မြန်ဆန်လာလေသည်။ ကျန်ရှိနေသော သွေးမြို့တော်အရှင်သခင် ခြောက်ဦးမှာလည်း အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။ အတွင်းကမ္ဘာ၏ မတူညီသော စည်းမျဉ်းများသည် ဒေါက်တာကောင်း၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားကြသည်။

သွေးများ အရပ်မျက်နှာအနှံ့ စင်ထွက်သွားသော်လည်း ဒေါက်တာကောင်းက ဂရုမစိုက်ပေ။ သူ့ကံကြမ္မာနှင့် ဟန်ဟိုင်းပြည်သူများ၏ စုပေါင်းစိတ်ဆန္ဒသည် အကြည့်လေးခုကို ဟန့်တားထားနိုင်ပေသည်။ ကျန်ရှိနေသော သွေးမြို့တော်အရှင်သခင် နှစ်ဦး၏ အကြည့်ကိုတော့ သူလုံးဝ အရေးမစိုက်ပေ။ သူ့လက်များသည် မရေမတွက်နိုင်သော ချိန်းကြိုးများကို ဆွဲငင်ကာ အိပ်မက်ဆိုးကဲ့သို့သော ဟန်ဟိုင်းသွေးမြို့တော်ကို နောက်ဆုံးဆင်းသက်မှုပြုနိုင်ရန် အတွင်းကမ္ဘာထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်တော့သည်။

နားကွဲမတတ် ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး မြူပင်လယ်သည် ရာစုနှစ်တစ်ခုနီးပါးအတွင်း အရှိန်အပြင်းဆုံး လှုပ်ခတ်လာတော့သည်။ စုပုံနေသော စိတ်ပျက်အားငယ်မှုများ ပေါက်ကွဲထွက်လာကြသည်။ အတွင်းကမ္ဘာ၏ ကောင်းကင်ယံသည် တစ်ခါမှ ဤမျှလောက်အထိ မှောင်မည်းမနေခဲ့ဖူးချေ။

“ကောင်းကင်ကြီးက အရမ်းမှောင်လာပြီ”

“တိမ်တွေက ဘာလို့ ပိုပို နီးကပ်လာတာလဲ”

“မဟုတ်ဘူး၊ ညကြီး ပြိုကျလာနေတာ”

အော်ဟစ်သံများနှင့်အတူ ဟန်ဟိုင်းပြည်သူများသည် အတွင်းကမ္ဘာ၏ စိတ်ပျက်အားငယ်မှုများ သူတို့ဆီသို့ စီးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ယင်းသည် အတွင်းကမ္ဘာ၏ စိတ်ဆန္ဒမှ လာသော ဖိနှိပ်မှုပင် ဖြစ်သည်။ ထိုစိတ်ပျက်အားငယ်မှုများ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မှသာ ဟန်ဟိုင်းသွေးမြို့တော်သည် ကံကြမ္မာကို ဆန့်ကျင်ပြီး အိပ်မက်ဆိုးထဲမှ ပြန်လည် ရောက်ရှိလာနိုင်မည် ဖြစ်သည်။

အလင်းရောင်အားလုံး ပိတ်ဆို့ခံလိုက်သည်။ ကောင်းမင်၏ မျက်ခွံများ တဆတ်ဆတ် တုန်လှုပ်သွားတော့သည်။ သူသည် အတွင်းကမ္ဘာတွင် စုပုံနေသော စိတ်ပျက်အားငယ်မှုများက ဤမျှအထိ ကြီးမားလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။

“ကမ္ဘာကြီးမှာရှိတဲ့ အဆိုးမြင် စိတ်ခံစားချက်တွေအားလုံး ပေါင်းရင်တောင် ဒီလောက်အထိ မများနိုင်ဘူး၊ ဒီလောက်ကြီးမားတဲ့ စိတ်ပျက်အားငယ်မှုတွေက ဘယ်ကနေ ရောက်လာတာလဲ၊ ဘာလို့ ဒီကမ္ဘာမှာပဲ အားလုံး လာစုနေရတာလဲ၊ ပြီးတော့ သွေးမြို့တော်က ဘာလို့ ပေါ်လာရတာလဲ”

စဉ်းစားနေရန် အချိန်မရှိတော့ပေ။ ကောင်းမင်နှင့် ဟန်ဟိုင်းပြည်သူများသည် ပင်လယ်ထဲတွင် လွင့်မျောနေသော လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေကြသည်။ ရုတ်တရက်ဆိုသလို ပင်လယ်နှင့် ကောင်းကင်သည် နေရာချင်း ပြောင်းလဲသွား၏။ အဆုံးမရှိသော သမုဒ္ဒရာကြီးက အပေါ်ဘက်မှ ပြိုကျလာတော့သည်။

ကျိန်စာအလွှာပေါင်းများစွာက ကောင်းမင်၏ နှလုံးသားကို ဖုံးအုပ်သွားသည်။ ငရဲသန္ဓေသားသည် သူတစ်ပါး၏ အသက်များကို ဂရုမစိုက်ဘဲ ကောင်းမင်ကိုသာ ကယ်တင်လိုပေသည်။ သို့သော် သူ့မိခင် ဝေလငါးကြီးမှာမူ လုံးဝ ကွဲပြားသည်။ သူမသည် အတွင်းကမ္ဘာ၏ မပြည့်စုံခြင်းများနှင့် နောင်တတရားများကို စုစည်းကာ အတောင်ပံများကို ဖြန့်လိုက်ပြီး သူမ၏ ဧရာမ ဝေလငါးခန္ဓာကိုယ်ကြီးဖြင့် သာမန်ဟန်ဟိုင်းပြည်သူများကို အကာအကွယ် ပေးလိုက်လေသည်။

သွေးနီရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ဒေါက်တာကောင်းသည် သွေးမြို့တော်ပိုင်ရှင်များ၏ အကြည့်တွင် တည်ငြိမ်လျက်ရှိသည်။သူသည် အခြားသွေးမြို့တော် စည်းမျဉ်းများ၏ နှောင့်ယှက်မှုကို တောင့်ခံရင်း ချိန်းကြိုးများကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။

ကျိန်စာလွှာများ တစ်လွှာပြီးတစ်လွှာ ပျက်စီးသွား၏။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် နောက်ဆုံးတွင် အတွင်းကမ္ဘာ၏ စိတ်ဆန္ဒနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်ရတော့သည်။ စိတ်ပျက်အားငယ်မှုများနှင့် မကောင်းသော စိတ်ခံစားချက်မျိုးစုံသည် ထက်မြက်သော ဓားသွားများဖြင့် ပြည့်နှက်နေသည့် မိုးကြီးကဲ့သို့ သူတို့၏ ဝိညာဉ်များကို တရစပ် တိုက်ခိုက်လာသည်။ တစ်စက္ကန့်ချင်းစီသည် အလွန်တရာ ရှည်လျားနေသလို ခံစားရပြီး မိနစ်တိုင်းသည် မတူညီသော နာကျင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

အချိန်သည် တစ်စစီ ကြေမွသွားပုံရပြီး သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသလိုပင်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ လုံးဝ မသိတော့ပေ။ ကောင်းမင် အသိစိတ် ပြန်ဝင်လာသောအခါ အတွင်းကမ္ဘာ၏ အနက်ရောင်မြူထုမှာ သိသိသာသာ ကျဲပါးသွားခဲ့ချေပြီ။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူ့နှလုံးသားက အပေါက်များစွာဖြင့် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းယန် အသွင်ပြောင်းထားသည့် မီးတောက်မှာလည်း ငြိမ်းသေလုနီးပါး ဖြစ်နေခဲ့သည်။ ငရဲသန္ဓေသား၏ မိခင်က လောက၏ နောင်တတရားများကို စုစည်းပြီး ကာကွယ်မပေးခဲ့လျှင် ဟန်ဟိုင်းပြည်သူများအားလုံး အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး အတွင်းကမ္ဘာ၏ လေတိုက်နှုန်းအောက်တွင် လွင့်စင်သွားကြပေလိမ့်မည်။

“မပြီးသေးဘူး၊ သတိမပေါ့နဲ့”

ငရဲသန္ဓေသားနှင့် ဒေါက်တာကောင်းတို့ နှစ်ယောက်လုံးသည် ပိုမိုမြင့်မားပြီး ဝေးကွာသွားသည့် အတွင်းကမ္ဘာ၏ ကောင်းကင်ယံကို ကြည့်လိုက်ကြသည်။ သွေးမြို့တော်ပိုင်ရှင် အချို့မှာလည်း သူတို့၏ ရန်လိုမှုများကို ရုပ်သိမ်းလိုက်ကြပြီး အဝေးမှနေ၍သာ စောင့်ကြည့်နေကြတော့သည်။

နောက်ဆုံး အနက်ရောင်မြူခိုးတစ်စ ပျောက်ကွယ်သွားသောအခါ ကောင်းမင်သည် အတွင်းကမ္ဘာ၏ ညကောင်းကင်ယံ အဆုံးသတ်ကို ပထမဆုံးအကြိမ်အဖြစ် မော့ကြည့်လိုက်မိသည်။

လွန်ခဲ့သော အချိန်များစွာက သူသည် ဟန်ဟိုင်း၏ အရိပ်ကမ္ဘာထဲတွင် ခွေးကြီးကဲ့သို့ ညကောင်းကင်ယံကို မော့ကြည့်ရင်း ငရဲသန္ဓေသားရှိရာ အထီးကျန်ကျွန်း အပါအဝင် ထူးဆန်းသော အရာမျိုးစုံကို မြင်ခဲ့ဖူးသည်။ သို့သော် ဤတစ်ကြိမ်တွင် အနက်ရောင်မြူများ ပျောက်ကွယ်သွားပြီးနောက် သူတို့သည် ပိုမိုဝေးကွာသော နေရာတစ်ခုကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

လောကတွင် ရှိရှိသမျှ လူသားတိုင်းသည် အတိုင်းအဆမရှိ ကြီးမားသော သစ်ရွက်တစ်ရွက်နှင့် တူညီနေကြပြီး ကံကြမ္မာ၏ ကြိုးမျှင်များသည် သူတို့ဆီသို့ စိမ့်ဝင်နေကာ သွေးကြောများသဖွယ် ချိတ်ဆက်လျက် နက်ရှိုင်းပြီး စိတ်ပျက်အားငယ်စရာကောင်းသည့် အမှောင်ထုကြီးကို ဖြစ်ပေါ်နေစေသည်။

“လောကကြီးမှာရှိတဲ့ အရာအားလုံးက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လည်ပတ်နေကြတာ၊ ဟန်ဟိုင်းဆိုတာ လူသားနဲ့ သရဲတွေ အတူယှဉ်တွဲနေထိုင်ဖို့အတွက် စမ်းသပ်ကွင်းတစ်ခုပဲ၊ သူ့အတွက်တော့ ဟန်ဟိုင်းကို စောင့်ကြပ်နေတဲ့ မပြောသင့်သူတွေက စည်းမျဉ်းတွေကို သတ်မှတ်ပေးတဲ့ အရှင်သခင်တွေပေါ့၊ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီအတွင်းကမ္ဘာတစ်ခုလုံးနဲ့ လူသားတိုင်းဟာ ဟန်ဟိုင်းလိုပဲ၊ သွေးမြို့တော်ပိုင်ရှင်တွေတောင် စည်းမျဉ်းတွေရဲ့ ကန့်သတ်ချက်အောက်မှာ ရှိနေကြတာ၊ ဒီအရာအားလုံးကို စောင့်ကြည့်နေတာကတော့ ဝေဝါးနေတဲ့ ညကောင်းကင်ယံကြီးပဲ၊ အရှုံးပေးလိုက်တဲ့ အရှုံးသမားတွေကတော့ အဲ့ဒါကို ‘ကံကြမ္မာ’ လို့ ခေါ်ကြတာပေါ့”

ဒေါက်တာကောင်းက အတွင်းကမ္ဘာ၏ ညကောင်းကင်ယံကို စိုက်ကြည့်လိုက်သည်။

“ကံကြမ္မာရဲ့ သစ်ရွက်တစ်ရွက်တည်းနဲ့တင် လူသားကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်ထားနိုင်တယ်၊ ငါတို့နေထိုင်တဲ့ အတွင်းကမ္ဘာတစ်ခုပဲ ထူးခြားနေတာ၊ ဒီနေရာက လူသားတွေရဲ့ စိတ်ပျက်အားငယ်မှုတွေ အားလုံး လာစုနေတဲ့နေရာ၊ ကံကြမ္မာရဲ့ မရေမတွက်နိုင်တဲ့ မြစ်လက်တက်ထဲက အမှောင်မိုက်ဆုံး ချောက်နက်ကြီးပေါ့”

“ဒီကမ္ဘာကြီးက ပြင်းပြင်းထန်ထန် ဖျားနာနေပြီး ကုလို့မရအောင် ရူးသွပ်နေပြီ၊ အပြောင်းအလဲတစ်ခု လုပ်ချင်ရင် ဒီနေရာကနေပဲ စလို့ရမယ်”

“သွေးမြို့တော် ၁၃ ဆိုတာ မတူညီတဲ့ ရွေးချယ်မှု ၁၃ကို ကိုယ်စားပြုနေတာပဲ၊ ကံကြမ္မာက အသိအမှတ်မပြုတဲ့ စွမ်းအား ၁၃ မျိုးနဲ့ ကံကြမ္မာသစ်ပင်ကြီးထဲက အဆိပ် ၁၃ မျိုးပေါ့၊ ငါတို့ဟာ အနက်ရှိုင်းဆုံး အမှောင်ထုထဲမှာ လှည့်လည်သွားလာရင်း မျှော်လင့်ချက်အမဲ့ဆုံး အချိန်တွေမှာ ရှေ့ကို ဆက်တက်နေကြတယ်၊ မကောင်းတဲ့ စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်ကြတယ်၊ ငါတို့က ညစ်ပတ်ယုတ်နိမ့်စွာ မွေးဖွားလာကြတာ၊ ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါတို့တွေ ပျော်ရွှင်လာမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က ဒီလိုဖြစ်ဖို့ပဲ ကံပါလာလို့ပဲ”

“ငါ အများကြီး ကြုံတွေ့ခဲ့ဖူးပြီ၊ ညကောင်းကင်ယံကို အကြိမ်ကြိမ် စိုက်ကြည့်ပြီးတဲ့နောက်တော့ ငါ့မှာ နည်းနည်းတော့ ရယ်စရာကောင်းတဲ့ အတွေးတစ်ခု ရှိနေတယ်၊ ငါ ဒီအမှောင်ထုကြီးကို သတ်ပစ်ဖို့ ကြိုးစားကြည့်လို့ ရနိုင်မလားဆိုတာပဲ”

အပိုင်း (၇၉၈) ကောင်းမင်ရဲ့နှလုံးသား

သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရား ပြောသမျှ စကားလုံးတိုင်းသည် တားမြစ်ချက်များ ဖြစ်နေသဖြင့် ဟန်ဟိုင်းပြည်သူများမှာ လုံးဝ မကြားနိုင်ကြပေ။ ကောင်းမင်နှင့် ငရဲသန္ဓေသားတို့သာ နားလည်နိုင်ကြသည်။

“ဟိုးအရင်အချိန်တွေတုန်းကတော့ အတွင်းကမ္ဘာဟာ အခုလိုမျိုး ကြောက်စရာမကောင်းခဲ့ပါဘူး၊ အမှောင်ထုထဲမှာ အချိန်အကြာကြီး ပိတ်လှောင်ခံထားရလို့သာ အခုလိုမျိုး ဖြစ်လာခဲ့တာပဲ”

ရောက်ရှိနေသော သွေးမြို့တော်အရှင်သခင်များသည် သူတို့၏ အကြည့်များကို ရုပ်သိမ်းလိုက်ကြပြီဖြစ်သည်။ သူတို့အားလုံးသည် ဝေးကွာလှသောနေရာတစ်နေရာမှ ဖြစ်တည်မှုတစ်ခု၏ ဒေါသကို အာရုံခံမိလိုက်ကြသဖြင့် ဆက်လက် မနှောင့်ယှက်ရဲကြတော့ပေ။

သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသည် ညကောင်းကင်ယံအောက်တွင် တစ်ဦးတည်း ရပ်နေလေသည်။ သူ၏ချိန်းကြိုးများသည် အိပ်မက်နှင့် လက်တွေ့ဘဝကို ထိုးဖောက်ထားပြီး မည်သည့်တားမြစ်ချက်မှမရှိဘဲ အထိန်းအကွပ်မဲ့နေခဲ့သည်။ သူသည် လှောင်အိမ်ထဲမှ လွတ်မြောက်တော့မည့် ငှက်တစ်ကောင် သို့မဟုတ် ပင်လယ်ထဲမှ ခုန်ထွက်တော့မည့် ငါးတစ်ကောင်နှင့် တူနေပေသည်။

ပြင်းထန်လှသော ဖိအားများအောက်တွင် သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ ဦးတည်ရာတစ်ခုသို့ တည့်တည့်စိုက်ကြည့်လိုက်သည်။

“မင်းရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်ဖို့တောင် သတ္တိမရှိဘူးဆိုရင် ငါ့ကို ဘယ်လိုလုပ် ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားလို့ ခေါ်လို့ရတော့မှာလဲ”

ထိုရန်စမှုကို သိရှိသွားသဖြင့် အဝေးဆုံး ညကောင်းကင်ယံမှ သစ်ကိုင်းများ တုန်ခါလာပြီး အနက်ရောင်သွေးကြောများ ပြတ်တောက်သွားသည်။ နောက်တစ်ခဏတွင် သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရား၏ မျက်လုံးတစ်လုံးက ပေါက်ကွဲထွက်သွားတော့သည်။

ကံကြမ္မာ၏ တိုက်ခိုက်မှုသည် သဲလွန်စမကျန်ဘဲ ခန့်မှန်းရခက်သလို လေ့လာ၍လည်း မရပေ။ ကံကြမ္မာ၏ မတူညီသော အကိုင်းအခက်များမှတစ်ဆင့် လွှမ်းမိုးကာ အတိတ်နှင့် အနာဂတ်၏ ရှုထောင့်မှနေ၍ ပစ္စုပ္ပန်ကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။

“ဒီခန္ဓာကိုယ်က ဘယ်လောက်သေသေ ကိစ္စမရှိဘူး၊ မင်းကပဲ ငါ့ရဲ့ အစစ်အမှန်ကိုယ်ကို အရင်ရှာတွေ့မလား၊ ငါကပဲ သွေးမြို့တော်ကို အရင်သိမ်းပိုက်မလားဆိုတာ ကြည့်ကြသေးတာပေါ့”

သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသည် အခြား မပြောသင့်သူများတွင် မရှိသော ရူးသွပ်မှုတစ်ခုကို ထုတ်ဖော်နေခဲ့သည်။

သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရား၏ စကားကို ကြားသောအခါ ကျိန်စာလှိုင်းလုံးများအကြားရှိ ငရဲသန္ဓေသားက မျက်မှောင်ကြုတ်သွားသည်။ ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသော ဒေါက်တာကောင်းနှင့် မတူသည်မှာ သူသည် ဤနေရာတွင် အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး ကံကြမ္မာက သူ့ကို မြင်တွေ့သွားပြီဖြစ်သည်။

“ငါပါ သူ့ရဲ့ လှည့်စားတာကို ခံလိုက်ရတာလား၊ ငါ့ဘဝမှာ ဒီတစ်ခါပဲ ကောင်းမှုလုပ်ဖူးတာလေ၊ တကယ်ပဲ... တကယ်ပါပဲ...”

ကျိန်စာများသည် ရူးသွပ်သွားသကဲ့သို့ တိုးပွားလာပြီး ဟန်ဟိုင်းသွေးမြို့တော်တွင် အမြစ်တွယ်လိုက်သည်။ ငရဲသန္ဓေသားသည် ယခင်က ဟန်ဟိုင်းသွေးမြို့တော်ကို စိတ်မဝင်စားခဲ့သော်လည်း ယခုတွင်မူ ဒေါက်တာကောင်း အလိုကျဖြစ်သွားမည်ကို မလိုလားတော့ပေ။

အမြင့်ဆုံးနေရာမှ အနက်ရောင်သစ်ရွက်ကြောများ ပို၍ပို၍ ပြတ်တောက်လာသည်။ ရှေ့ဆုံးမှ ရင်ဆိုင်နေသော သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားမှာ လက်နှစ်ဖက်လုံး ဆုံးရှုံးသွားပြီး သူ့ခန္ဓာကိုယ်တွင် အက်ကြောင်းများဖြင့် ပြည့်နှက်လာတော့သည်။ ငရဲသန္ဓေသားပေါ်ရှိ ကျိန်စာမှာလည်း အကြိမ်ပေါင်းများစွာ ပေါက်ကွဲသွားသော်လည်း သူသည် အကြိမ်တိုင်းတွင် အတင်းအကျပ် ပြန်လည်စုစည်းနေခဲ့သည်။

ဤရက်စက်ကြမ်းကြုတ်သော နတ်ဘုရားနှစ်ပါး၏ အောက်တွင် ဟန်ဟိုင်းပြည်သူများ အစုလိုက်အပြုံလိုက် စတင်သေဆုံးလာကြသည်။ အချို့က စိတ်ကို တင်းထားပြီး အိပ်မက်ဆိုးသွေးမြို့တော်ထဲသို့ တိုက်ရိုက်ခုန်ဝင်ကာ ၎င်း၏ ဆင်းသက်မှုကို မြန်ဆန်စေရန် သူတို့၏ ဝိညာဉ်နှင့် မှတ်ဉာဏ်များကို ပေါင်းစည်းလိုက်ကြသည်။ အချို့မှာမူ သူတို့၏ဝိညာဉ်များ မကွယ်ပျောက်မီမှာပင် ကောင်းမင်က ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ကံကြမ္မာ၏ တိုက်ခိုက်မှုသည် မည်သူ့ကိုမှ ခွဲခြားခြင်းမရှိဘဲ ရိုက်ခတ်နေလေသည်။ ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားများ ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်နေရပြီး ငရဲသန္ဓေသားမှာလည်း ပြင်းထန်သော မုန်းတီးမှုများ ပေါက်ကွဲထွက်နေသည်။ သို့သော်လည်း ကောင်းမင်တစ်ဦးတည်းသာလျှင် ချွင်းချက်ဖြစ်နေသည်။

သားစားကြူးနတ်ဘုရား၏ တစ်စိတ်တစ်ပိုင်း ပြန်လည်ကောင်းမွန်လာသော ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကြေမွသွားသော်လည်း သွေးနီရောင်လှေကားထစ်များပေါ်တွင် တစ်ဦးတည်း ရပ်နေသော ကောင်းမင်သည် ခုန်ပေါက်နေသော နှလုံးသားကို မြှောက်ကိုင်ထားဆဲဖြစ်သည်။ အမြင့်ဆုံး ညကောင်းကင်ယံတွင် ကြယ်တာရာများ ကြွေကျလာပြီး အမှောင်ထုသည် လူသားကမ္ဘာကို ဖုံးလွှမ်းသွားသည်။ ဖျက်ဆီးခံလိုက်ရသော ကံကြမ္မာများသည် အနက်ရောင်ရေတံခွန်ကြီးများအလား စီးကျလာသော်လည်း ကောင်းမင်လက်ထဲမှ နှလုံးသားမှာမူ လောက၏ တစ်ခုတည်းသော အလင်းရောင်၊ အနီရောင်ဖယောင်းတိုင် သို့မဟုတ် ပွင့်လန်းနေသော ပန်းတစ်ပွင့်အလား ဖြစ်နေလေ၏။

“အတိတ်ရှိနေသရွေ့ ကံကြမ္မာက သူ့အမြစ်တွေအထိ လိုက်ရှာလိမ့်မယ်၊ အနာဂတ်ရှိနေသရွေ့ ကံကြမ္မာက မျှော်လင့်ချက်အားလုံးကို ပိတ်ဆို့ထားလိမ့်မယ်၊ ဒီလူက ဘာလို့ ကံကြမ္မာရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်နေရတာလဲ၊ အတိတ်လည်း မရှိ၊ အနာဂတ်လည်း မရှိဘူးလား၊ ဒါဆို သူက ပစ္စုပ္ပန်မှာ ဘယ်လိုမျိုး တည်ရှိနေတာလဲ”

သွေးမြို့တော်အရှင်သခင်များ၏ အကြည့်များသည် ကောင်းမင်ထံသို့ ပြန်လည်ရောက်ရှိလာသည်။ အစောပိုင်းက သူတို့သည် ကောင်းမင်ကို လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

သူ၏ ခုန်ပေါက်နေသော နှလုံးသားသည် သူ့အိပ်မက်ဆိုးထဲမှ သွေးမြို့တော်နှင့် ပဲ့တင်ထပ်နေသည်။ ကောင်းမင်၏ လက်ထဲတွင် ဟန်ဟိုင်းသည် လက်တွေ့နှင့် အိပ်မက်ဆိုး၏ နယ်နိမိတ်ကို ထိတွေ့လိုက်ချေပြီ။

“ငါခန့်မှန်းထားတဲ့အတိုင်းပဲ၊ ဒါက သူ့တည်ရှိမှုရဲ့ အဓိပ္ပာယ်ပဲ၊ သူ အကြိမ်ပေါင်းများစွာ သေရတဲ့ အကြောင်းရင်းပဲ”

သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားက ညကောင်းကင်ယံထက်မှ ဖြစ်တည်မှုကို လှောင်ပြောင်ရင်း ကံကြမ္မာကို ကစားလိုက်သည်။

“မင်း ကံကြမ္မာမြစ်ထဲမှာ သူ့ခြေရာကို ရှာတွေ့မှာမဟုတ်ဘူး၊ သူမှာ ဘာပါရမီမှမရှိသလို ထူးခြားစွမ်းရည်လည်း မရှိဘူး၊ သူက ဖုန်မှုန့်လိုပဲ သာမန်ဆန်လွန်းတယ်၊ သူချန်ထားခဲ့တဲ့ ခြေရာတွေကိုတောင် မင်း ဂရုစိုက်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူက မင်းရဲ့ အကြည့်ခံရဖို့တောင် မထိုက်တန်လို့ပဲ”

ကောင်းမင်၏ ခြေရာလက်ရာအားလုံးသည် ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားခံခဲ့ရပြီး သူ၏ ကိုယ်ပိုင်နာမည်ကိုပင် ချွတ်ယူခံခဲ့ရသည်။ ထိုရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသည် ဤအခိုက်အတန့်အတွက် ထိုအရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သူ့အရေပြားပေါ်မှ သွေးကြောတိုင်းတွင် ဟန်ဟိုင်းသွေးမြို့တော်၏ မှတ်ဉာဏ်များ စိမ့်ဝင်နေခဲ့သည်။ ကောင်းမင်အား ဟန်ဟိုင်းရှိ သက်ရှိဖြစ်တည်မှုအားလုံး၏ စိတ်ဆန္ဒများက ပင့်မြှောက်ထားသဖြင့် သူသည် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားများထက် ပိုမိုမြင့်မားသော နေရာဖြစ်သော အိပ်မက်ဆိုးနှင့် လက်တွေ့ဘဝ၏ နယ်နိမိတ်တွင် ရပ်တန့်နေခဲ့သည်။ သူ့နှလုံးသားကို အပေါ်သို့ ပင့်မြှောက်လိုက်သည်နှင့်အမျှ အိပ်မက်ဆိုးနှင့် လက်တွေ့ဘဝသည် သူ့အတွင်း၌ ဆုံစည်းသွားတော့သည်။

မရေမတွက်နိုင်သော သွေးနီရောင် အဆောက်အအုံများသည် အိပ်မက်ဆိုးထဲမှ လက်တွေ့ကမ္ဘာဆီသို့ ဆန့်ထွက်လာကြသည်။ အတိုင်းအဆမရှိသော သွေးမြို့တော်ကြီးသည် နောက်ဆုံးတွင် ဆင်းသက်လာခဲ့ချေပြီ။

သေဆုံးသွားသင့်သော မြို့တော်ကြီးသည် မြေပြင်မှ ထိုးထွက်လာပြီး မှတ်ဉာဏ်ထဲတွင်သာ ရှိခဲ့ဖူးသော ကြက်သွေးရောင် အလင်းတန်းများသည် စိုးရိမ်ပူပန်မှု အားလုံးကို မောင်းထုတ်ပစ်လိုက်သည်။ ဟန်ဟိုင်း၏ အရိပ်ကမ္ဘာမှ ဧရာမမကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများသည် ဟိန်းဟောက် အော်ဟစ်လိုက်ကြပြီး ဟန်ဟိုင်း၏ အိပ်မက်ဆိုးစည်းမျဉ်းများက သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ပုံဖော်ပေးလိုက်သည်။ သူတို့ မသေဆုံးမီ ဟန်ဟိုင်းသွေးမြို့တော်ထဲသို့ ခုန်ဝင်ခဲ့ကြသော သရဲနီများသည် ပြန်လည် မွေးဖွားလာကြတော့သည်။ သူတို့၏ အရှိန်အဝါမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာပြီး မျက်လုံးများတွင် သွေးရောင်များ ယှက်သန်းလျက် အိပ်မက်ဆိုးများဖြင့် ဝန်းရံခံထားရသည်။

အမြင့်ဆုံး ညကောင်းကင်ယံမှ ဧရာမကံကြမ္မာသစ်ပင်ကြီးမှာ ယိမ်းခါသွားပြီး လူသားကမ္ဘာ၏ စိတ်ပျက်အားငယ်မှုများကို ခါချလိုက်သည်။ ဤလေပြင်းသည် မရေမတွက်နိုင်သော လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲပေးပေလိမ့်မည်။ အနာဂတ်ကို ဘယ်သူမှ မမြင်နိုင်ကြသော်လည်း ညကောင်းကင်ယံသည် ပိုမိုနက်ရှိုင်း၍ မှောင်မည်းလာသည်ဟုသာ လူအများ ခံစားလိုက်ကြရသည်။

ကောင်းမင်၏ နှလုံးသားသည် ဟန်ဟိုင်း၏ လက်တွေ့ကမ္ဘာနှင့် အိပ်မက်ဆိုးတို့ ဆုံစည်းရာနေရာ ဖြစ်လာသည်။ သွေးမြို့တော် ဆင်းသက်လာသည်နှင့်အမျှ ၎င်း၏ စည်းမျဉ်းများက ယူဆောင်လာသော ကြီးမားသည့် စွမ်းအားကြောင့် သူသည် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းများကို မြင်တွေ့လိုက်ရလေသည်။

အမှောင်ထု၏ အမြင့်ဆုံးနေရာ၊ အဝေးဆုံးမှ သွေးပင်လယ်နှင့် အတွင်းကမ္ဘာ၏ မတူညီသော နေရာများတွင် ရပ်တည်နေသည့် အခြားသွေးမြို့တော် ဆယ့်နှစ်ခု။

ဤသွေးမြို့တော် အများစုသည် ဟန်ဟိုင်း၏ ရန်သူများဖြစ်ကြပြီး သူတို့၏လက်များတွင် သွေးစွန်းနေသော လူသတ်သမားများ ဖြစ်ကြသည်။ သူတို့သည် ကောင်းမင်၏ အကြည့်ကို အာရုံခံမိသွားပုံရသည်။

နှလုံးခုန်သံ တစ်ချက်တိုင်းနှင့်အတူ သွေးမြို့တော်သည် ဆက်လက်ပြန့်ကားလာတော့သည်။ သို့သော် အိပ်မက်ချိုးဖျက်မြို့သည် ဟန်ဟိုင်းသွေးမြို့တော်၏ အစိတ်အပိုင်း ဖြစ်လာသည်နှင့်အမျှ ကောင်းမင်ကို ဝန်းရံထားသော ယဇ်ပလ္လင်လေးခုမှ စူးရှသော အလင်းတန်းတစ်ခု ရုတ်တရက် လက်ခနဲ ပေါ်ထွက်လာသည်။ ကောင်းမင်ကို ပံ့ပိုးပေးထားသော မျက်နှာလေးခု သားစားကြူးနတ်ဘုရားသည် ရုတ်တရက် ထိတ်လန့်ဒေါသထွက်သွားသည်။ ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော် နတ်ဘုရားပုံစံကွက်များသည် အတင်းအကျပ် လိမ်ယှက်ခံလိုက်၏။ အိပ်မက်၏ ယဇ်ပလ္လင်ထံမှ သိမ်းပိုက်ထားသော စွမ်းအားများသည် ကိုယ်ပိုင်အသိစိတ် ရရှိလာပုံရသည်။

နက်ရှိုင်းစွာ ဝှက်ကွယ်ထားသော အိပ်မက်အမှတ်အသားများသည် တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားကြပြီး အိပ်မက်ချိုးဖျက်မြို့ထက်ပင် ပိုမိုကြီးမားသော လိပ်ပြာတောင်ပံ တစ်စုံအဖြစ် ပုံပေါ်လာတော့သည်။

ထိုစူးရှလှပသော ပုံစံကွက်များသည် လောကတွင် ခမ်းနားဆုံးဖြစ်သော်လည်း စိတ်ပျက်အားငယ်စရာအကောင်းဆုံး အိပ်မက်များကို ကိုယ်စားပြုနေခြင်းဖြစ်သည်။ အကယ်၍ နံပါတ် ၂ သာ ဤနေရာမှာ ရှိနေပါက သူ့မျက်လုံးများမှာ ချက်ချင်း သွေးဆုတ်သွားပေလိမ့်မည်။ သူသည် ဤအရှိန်အဝါကို အလွန်ရင်းနှီးပေသည်။

မသိထိုက်သူအဆင့် ခြောက်ခြားမှု... အိပ်မက်။

အိပ်မက်၏ ယဇ်ပလ္လင်ကို သိမ်းပိုက်ခြင်းက အလွန်အန္တရာယ်များကြောင်း ကောင်းမင် သိခဲ့သည်။ မဟုတ်ပါက မသေဆေးကုမ္ပဏီမှ လူများသည် ဤယဇ်ပလ္လင်ကို အန္တရာယ်ရှိသော အရာအဖြစ် သတ်မှတ်ထားမည် မဟုတ်ပေ။ သို့သော် ထိုစဉ်က သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။

သားစားကြူးနတ်ဘုရားနှင့် သွေးမြို့တော်နတ်ဘုရားပုံစံကွက်တို့သည် အိပ်မက်ယဇ်ပလ္လင်ကို အကြိမ်ကြိမ် စစ်ဆေးခဲ့ကြသော်လည်း တစ်ဖက်လူ၏ အမည်မသိ နည်းလမ်းများကို လျှော့တွက်ခဲ့မိသည်။ ယနေ့အထိ သားစားကြူးနတ်ဘုရားရော ကောင်းမင်ပါ တစ်ဖက်လူသည် သူတို့ခန္ဓာကိုယ်ထဲတွင် မည်သို့ပုန်းကွယ်နေခဲ့သည်ကို မသိရှိခဲ့ကြပေ။

“သူက မင်းခန္ဓာကိုယ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားချင်နေတာ၊ ဒီအရာက အခွင့်အရေးကို စောင့်နေခဲ့တာပဲ၊ ဟန်ဟိုင်းသွေးမြို့တော် ပြန်လာမယ့်အချိန်ကို စောင့်နေခဲ့တာ”

ကျိန်စာလှိုင်းလုံးများအကြားမှ ကလေးရွှံ့ရုပ်တုက ကောင်းမင်ကို အော်ဟစ်သတိပေးလိုက်သည်။ ဤမပြောသင့်သူ ဖြစ်တည်မှုများသည် တစ်ယောက်ထက်တစ်ယောက် သတ်ရခက်သလို တစ်ယောက်ထက်တစ်ယောက်လည်း ပိုမိုကောက်ကျစ်ယုတ်မာကြသည်။

ဧရာမလိပ်ပြာတောင်ပံကြီးသည် ကောင်းမင်၏ နှလုံးသားဆီသို့ ပျံသန်းလာတော့သည်။ ၎င်းသည် နှလုံးသားကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်တော့မည့်အလားပင်။ တစ်ချိန်တည်းမှာပင် သွေးနီရောင် ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားနှင့် ငရဲသန္ဓေသားတို့လည်း ပြန်လည် ရောက်ရှိလာကြသည်။

ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားနှစ်ပါးနှင့် မသိထိုက်သူအဆင့် ဖြစ်တည်မှုတစ်ခု။

သူတို့အားလုံး၏ ပစ်မှတ်မှာ ကောင်းမင်၏ နှလုံးသားပင် ဖြစ်တော့သည်။

All Chapters