အခန်း (၇၉၉-၈၀၁)
Vol. 54 Ch. 799-801
အပိုင်း (၇၉၉) ၁၃ ယောက်မြောက် သွေးမြို့တော်သခင်
ကောင်းယန်၏ အရာအားလုံးကို လောင်ကျွမ်းစေသော မီးတောက်များနှင့် ကောင်းမင် စတေးလိုက်သော နှလုံးသားတို့သည် ဟန်ဟိုင်းသွေးမြို့တော်၏ အနှစ်သာရပင် ဖြစ်၏။ သူတို့သည် ဟန်ဟိုင်း၏ စိတ်ဆန္ဒအရ အသိအမှတ်ပြုခံထားရသော သွေးမြို့တော်အရှင်သခင်များ ဖြစ်ကြသည်။ သို့သော်လည်း ကံဆိုးသည်မှာ အတွင်းကမ္ဘာထဲရှိ မည်သူကမျှ ထိုကဲ့သို့ အသိအမှတ်ပြုမှုကို ဂရုမစိုက်ကြခြင်းပင်။
ငရဲသန္ဓေသားနှင့် သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတို့သည် အမြင့်ဆုံးညကောင်းကင်ယံမှ ကံကြမ္မာ၏ တိုက်ခိုက်မှုကို ခုခံထားနိုင်ရုံသာ ရှိသေးပြီး အိပ်မက်မှာမူ ၎င်း၏ အထွတ်အထိပ်နှင့် အလွန်ဝေးကွာနေသေးသည်။ ကောင်းမင်မှာလည်း ယဇ်ပလ္လင်လေးခုကိုသာ သိမ်းပိုက်နိုင်သေးပြီး နောက်ဆုံးယဇ်ပလ္လင်မှာ ပျောက်ဆုံးနေဆဲပင်။
ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားနှစ်ပါးနှင့် မသိထိုက်သူအဆင့် ဖြစ်တည်မှုတစ်ခုတို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့၏ စွမ်းအားအပြည့်ကို မထုတ်နိုင်ကြသော်လည်း ဖိအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။
စည်းမျဉ်းသုံးခု ထိပ်တိုက်တွေ့မှုကြောင့် အရာအားလုံး ပုံပျက်ရှုံ့တွသွားသည်။ မည်သူကမျှ အခြားတစ်ယောက်ကို အနိုင်မရနိုင်သော်လည်း အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ရောက်နေသော ငရဲသန္ဓေသားက သိသိသာသာ အသာစီးရနေသည်။ ကျိန်စာလှိုင်းလုံးများက ရိုက်ခတ်သွား၏။ ငရဲသန္ဓေသားသည် ဘယ်တုန်းကမှ လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ သူသည် အငြိုးကြီးပြီး ယုတ်မာရက်စက်ကာ တစ်ကိုယ်ကောင်းဆန်တတ်သူ ဖြစ်သည်။
“မင်းတို့နှစ်ယောက်... သေလိုက်တော့”
သွေးမြို့တော်သည် အဆုံးအဖြတ်ပေးရမည့် အရေးကြီးဆုံးအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ ကောင်းမင်သည် ဘာပြဿနာမှ ထပ်မတက်စေချင်တော့သဖြင့် အဆက်မပြတ် ရွေးချယ်မှုများ ပြုလုပ်နေရသည်။
“ဒေါက်တာကောင်းလို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားက အစကတည်းက အကွက်ချစီစဉ်နေခဲ့တာ၊ ငါ အကြိမ်ကြိမ် သေခဲ့ရတာတွေနဲ့ ငါခံစားခဲ့ရတဲ့ နာကျင်မှုတွေ အားလုံးက သူ့လက်ချက်ပဲ၊ ဒီလူက အကွက်အရမ်းစေ့တယ်၊ ဟန်ဟိုင်းကို သူ့လက်ထဲ အပ်လိုက်ရင် သူ့အတွက် အသုံးချခံကိရိယာတစ်ခုပဲ ဖြစ်သွားလိမ့်မယ်၊ အိပ်မက်ဆိုတာကလည်း မသိထိုက်သူအဆင့် ဖြစ်တည်မှုပဲ၊ သူက ရှင်းလုကို ဖျက်ဆီးလုနီးပါး လုပ်ခဲ့တယ်၊ ဟန်ဟိုင်းသွေးမြို့တော် ပျက်စီးသွားတာကလည်း သူ့ရဲ့ သစ္စာဖောက်မှုနဲ့ ပတ်သက်နေပုံရတယ်၊ ငါသေရင်တောင် ဒီလူယုတ်မာလက်ထဲတော့ မအပ်နိုင်ဘူး၊ နောက်ဆုံး ငရဲသန္ဓေသားကတော့ စိတ်နေစိတ်ထား မတည်ငြိမ်ဘူး၊ မတူညီတဲ့ အကျင့်စရိုက် ကိုးခုရှိနေပုံရတယ်၊ ဒါပေမဲ့ သူ့အမေဝမ်ချင်းကတော့ လောကမှာရှိတဲ့ နောင်တတွေနဲ့ မပြည့်စုံခြင်းအားလုံးရဲ့ ယုံကြည်ကိုးကွယ်ရာပဲ၊ အဲ့ဒီ ဧရာမဝေလငါးကြီးကတော့ အသင့်တော်ဆုံး ရွေးချယ်မှုပဲ”
အရာအားလုံးက သူတစ်ပါးအတွက် လှေကားထစ်တစ်ခုပဲ ဖြစ်နေဦးတော့ သူသည် ဟန်ဟိုင်းအတွက် အကောင်းဆုံးကံကြမ္မာကိုသာ ရွေးချယ်ပေးရပေလိမ့်မည်။
ပုန်းကွယ်နေသော အိပ်မက်အမှတ်အသားများ၏ နှောင့်ယှက်မှုမရှိတော့သဖြင့် ကောင်းမင်နှင့် သွေးမြို့တော်သရဲတက်တူးတို့သည် ပြည့်စုံစွာ ပေါင်းစည်းသွားကြသည်။ သူက သူ့အတွေးများကို ကောင်းယန်အား ပြောပြလိုက်ရာ မီးတောက်များသည် ရှိရှိသမျှ အင်အားဖြင့် တောက်လောင်လာတော့သည်။ ကောင်းမင်သည် ဟန်ဟိုင်းရှိ သက်ရှိအားလုံး၏ စိတ်ဆန္ဒနှင့်လည်း ဆက်သွယ်လိုက်သည်။ ဤအခိုက်အတန့်တွင် မည်သူကမျှ ကောင်းမင်ကို ဆန့်ကျင်ကြတော့မည် မဟုတ်ပေ။
ဆုံးဖြတ်ချက်ချပြီးနောက် ကောင်းမင်သည် ငရဲသန္ဓေသားရှိရာ ကျွန်းဆီသို့ ချဉ်းကပ်သွားသည်။ သူသည် ကျိန်စာသင့်နေပြီး ပြင်းထန်သော နာကျင်မှုများ ခံစားနေရသော်လည်း စိတ်ပျက်အားငယ်မှုများကို ဆန့်ကျင်၍ အံတင်းတင်းကြိတ်ထားကာ နီရဲနေသော မျက်လုံးများဖြင့် အတောင်ပံပါသော ဝေလငါးကြီးကို စိုက်ကြည့်လိုက်သည်။
“ငါဟာ ရွှံ့နွံထဲကနေ အကြိမ်ကြိမ် တွားထွက်လာခဲ့ရပေမယ့် ရှေ့ကလမ်းကို ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ဆိုတာ ပိုတောင်ဝေးသေးတယ်၊ ဒီအဆင့်ထိ ရောက်လာဖို့ ငါ့ရဲ့ ကံကောင်းမှုအားလုံးကို သုံးခဲ့ရပြီးပြီ၊ ငါဟာ ဘာအထူးစွမ်းအားကိုမှ မမက်မောသလို ကြီးကျယ်တဲ့ ရည်မှန်းချက်တွေလည်း မရှိဘူး၊ ငါ အစကတည်းက လိုချင်ခဲ့တာက ကောင်းကောင်းမွန်မွန် ရှင်သန်ချင်တာပဲ၊ ဒါထက် မပိုခဲ့ပါဘူး”
“အမြဲတမ်း ရုန်းကန်နေရတာ၊ ပိုနက်ရှိုင်းတဲ့ နာကျင်မှုတွေကို ရင်ဆိုင်နေရတာ၊ ပိုမှောင်မည်းတဲ့ အမှောင်ထုထဲကို ကျဆင်းနေရတာတွေကို ငါ တကယ်ငြီးငွေ့နေပြီ၊ ဒါကြောင့်လည်း ငါဟာ အရူးတစ်ယောက်လို အလင်းတန်းလေးနောက်ကို လိုက်ခဲ့ပြီး အပြောင်းအလဲအတွက် ဘယ်လိုအခွင့်အရေးကိုမဆို အင်အားကုန် ကုန်းရုန်း ဆုပ်ကိုင်ခဲ့ရတာ”
“ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ ဒီနှလုံးသားဟာ မင်းအတွက်ပဲ၊ ဟန်ဟိုင်းက ဝိညာဉ်တွေက ဘာအမှားမှ လုပ်မထားဘူး၊ သူတို့တွေက တခြားသွေးမြို့တော်ပိုင်ရှင်တွေရဲ့ ကျွန်ပြုခံပစ္စည်းတွေ မဖြစ်သင့်ဘူး၊ ကံကြမ္မာရဲ့ နင်းခြေဖျက်ဆီးခံရမယ့် သွေးစက်တွေ မဖြစ်သင့်ဘူး”
ယင်းသည် ယာယီအသုံးချရန် မဟုတ်သလို မကောင်းတဲ့ ရည်ရွယ်ချက်လည်း မရှိပေ။ ကောင်းမင်သည် ဤနှလုံးသားကို ငရဲသန္ဓေသား၏ မိခင်အား အမှန်တကယ် ပေးအပ်လိုခြင်း ဖြစ်သည်။
သူ့စိတ်ထဲတွင် ရှရန်၊ လီဆန်းစီနှင့် စီတုအန်းတို့ကဲ့သို့သော ပုံရိပ်များက အိပ်မက်ထဲမှ ပေါ်ထွက်လာပြီး ကောင်းမင်၏ စိတ်ဆန္ဒကို တိုက်စားလာကြသည်။ ညှင်းပန်းနှိပ်စက်ခန်းထဲရှိ သာမန်ဆန်ပြီး ပျက်စီးနေသော နာရီအဟောင်းကြီးမှာ နောက်ပြန်လည်လာပြီး ချိန်းကြိုးအားလုံး ကောင်းမင်၏ လက်ချောင်းများ လှုပ်ရှားမှုနှင့်အတူ ယိမ်းခါလာကြသည်။ ဤညှင်းပန်းနှိပ်စက်ခန်းသည် ဟိုးအစကတည်းက ကောင်းမင်၏ စည်းမျဉ်းများ ကိန်းအောင်းခြင်း ခံထားရပုံရသည်။
ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားနှင့် မသိထိုက်သူအဆင့် ဖြစ်တည်မှုတို့သည် သူ့ကို တားဆီးရန် ကြိုးစားကြသော်လည်း မည်သူကမျှ ကောင်းမင်ကို သတ်ပစ်ရန် သို့မဟုတ် သူ့နှလုံးခုန်သံကို ရပ်တန့်စေရန် မဝံ့ရဲကြပေ။
ငရဲသန္ဓေသားသည် ကောင်းမင်၏ လုပ်ရပ်ကို သိပ်နားမလည်ပေ။ သူသည် ကောင်းမင်နှင့် နှစ်ကြိမ်သာ ဆုံဖူးခြင်းဖြစ်သည်။ တကယ်တမ်းတွင် သူသည် သွေးမြို့တော်ပိုင်ရှင် ဖြစ်လာဖို့ကိုလည်း စိတ်မဝင်စားပေ။ ယင်းက သူ၏စွဲလမ်းမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သို့သော်လည်း ကောင်းမင် ကမ်းပေးလာသော နှလုံးသားကိုမူ သူက သဘာဝအတိုင်း ငြင်းပယ်လိမ့်မည်မဟုတ်ပေ။
ဟန်ဟိုင်းရှိ သက်ရှိများ၏ အလိုမရှိသော စိတ်ဆန္ဒများနှင့် ယခင်အရှင်သခင်ဟောင်း၏ အလောင်းမှာလည်း ဘာခုခံမှုမှ မရှိတော့ပေ။ အရာအားလုံးက လက်တစ်ကမ်းသို့ ရောက်ရှိနေချေပြီ။
သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားနှင့် ယဇ်ပလ္လင်ထဲတွင် ပုန်းကွယ်နေသော နာကြည်းမုန်းတီးမှုများက ငရဲသန္ဓေသားကို အရပ်မျက်နှာအသီးသီးမှ တိုက်ခိုက်နေကြသည်။ သူ့ပတ်လည်တွင် ကလေးရုပ်တုကိုးခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စည်းမျဉ်းကိုးခုက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွား၏။ ငရဲသန္ဓေသားမှာ အရိပ်တစ်ခုအဖြစ် ပြန်ပြောင်းသွားပြီး အန္တရာယ်အရှိဆုံးနှင့် အယုတ်မာဆုံးသော ဤရက်စက်ကြမ်းကြုတ်သော နတ်ဘုရားက သူ့ဒေါသကို ဖွင့်ချလိုက်တော့သည်။
နတ်ဆိုး နတ်ဘုရားဆိုးနှင့် အိပ်မက်တို့က ဝိုင်းရံခံလိုက်ရပြီး ကောင်းကင်မှ ကျဆင်းလာသော ကံကြမ္မာ၏ အစိတ်အပိုင်းအချို့မှာလည်း ကျိန်စာကြောင့် ဆုတ်ဖြဲခံလိုက်ရသည်။ ငရဲသန္ဓေသားသည် ကံကြမ္မာကို လုံးဝဂရုမစိုက်ပေ။ တကယ်တမ်းပြောရလျှင် သူ အမုန်းဆုံးအရာမှာ ကံကြမ္မာပင် ဖြစ်သည်။ ဘာလို့ သူ့ကို ဒီလောက်နာကျင်စရာကောင်းတဲ့ဘဝမျိုး ပေးခဲ့ရတာလဲ။
ရက်စက်ကြမ်းကြုတ်သော နတ်ဆိုး နတ်ဘုရားအဆင့် စွမ်းအားသုံးမျိုးက အသေအကျေ တိုက်ခိုက်နေကြသည်။ ကောင်းမင်သည် ထိုအခွင့်အရေးကို အသုံးချ၍ သားစားကြူးနတ်ဘုရား ပြတ်ကျသွားသော ခြေလက်များကို နင်းဖြတ်ပြီး အထီးကျန်ကျွန်းဆီသို့ တစ်လှမ်းချင်းစီ ခိုင်မာစွာ ချဉ်းကပ်သွားတော့သည်။
သူသည် သူ၏စွဲလမ်းမှုအားလုံးကို သယ်ဆောင်ထားသည့် နှလုံးသားကို မြှောက်ကိုင်ထား၏။ သူသည် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီးမှ ရရှိလာသော မျှော်လင့်ချက်ကို ဧရာမဝေလငါးကြီးထံသို့ ကိုယ်တိုင်ကိုယ်ကျ ဆက်သလိုက်လေသည်။
နှလုံးသားသည် သားစားကြူးနတ်ဘုရားနှင့် ကောင်းမင်တို့အကြားက ဆက်သွယ်မှုဖြစ်သလို ဟန်ဟိုင်းသွေးမြို့တော်၏ အနှစ်သာရ၊ လူတိုင်း၏စိတ်ဆန္ဒနှင့် သရဲနီတို့မှ ပေါင်းစပ်ထားသော မီးတောက်လည်း ဖြစ်သည်။ ထိုခုန်ပေါက်နေပြီး တောက်လောင်နေသော နှလုံးသားသည် ကောင်းမင်အတွက်တော့ အရာအားလုံးပင်။
“အကြိမ်ပေါင်းများစွာ သေခဲ့ပြီးပြီမို့ ငါ ဘာကိုမှ မကြောက်တော့ဘူး”
အထီးကျန်ကျွန်းနှင့် သွေးမြို့တော်အကြားတွင် ဝေလငါးကြီး ချဉ်းကပ်လာသည်။ လောက၏ နောင်တတရားများကို ယုံကြည်ချက်အဖြစ် ဆင်မြန်းထားသော ဝမ်ချင်းမှာ ၎င်း၏ အတောင်ပံများ ဖြန့်ကားလာပြီး အနားသို့ ရောက်ရှိလာချေပြီ။
“ဒီတစ်ခါတော့ ငါပြန်နိုးလာတော့မှာ မဟုတ်ဘူးထင်တယ်၊ နောက်ဆုံးတော့ ငါ ကောင်းကောင်း အိပ်နိုင်တော့မယ်”
ကောင်းမင် ခေါင်းကိုမော့လိုက်ရာ သူ၏အမြင်အာရုံတွင် အတိုင်းအဆမရှိသော အတောင်ပံကြီးများ ဖုံးလွှမ်းသွား၏။ ဘဝသည် မရေမတွက်နိုင်သော နောင်တများနှင့် နာကျင်မှုများကို ယူဆောင်လာတတ်ပြီး အချို့မှာ သေသည်အထိ ပျောက်ကွယ်မသွားဘဲ ဝိညာဉ်ထဲတွင် စွဲလမ်းမှုအဖြစ် ကိန်းအောင်းနေတတ်ကြကာ ခိုကိုးရာမဲ့ ဖြစ်နေတတ်ကြသည်။ ထိုအတောင်ပံကြီးများကသာ သူတို့ကို သယ်ဆောင်ပြီး လူသားကမ္ဘာ၏ ထောင့်တိုင်းဆီသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဧရာမဝေလငါးကြီးသည် ကောင်းမင်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသော ၎င်း၏ခန္ဓာကိုယ်က ဘာဖိအားမှ ပေးမနေခဲ့ပေ။ ၎င်း၏ ရေကန်ကြီးကဲ့သို့သော မျက်လုံးများက ကောင်းမင်၏ နှလုံးသားကို ကြည့်လိုက်ပြီးနောက် ကောင်းမင်ကိုယ်တိုင်ကိုလည်း ကြည့်လိုက်သည်။
အတောင်ပံများတစ်ချက် ခတ်လိုက်သည်နှင့် လောက၏ နောင်တများ ပြန်လည်ပြည့်စုံသွားကြသည်။ ဧရာမဝေလငါးကြီးသည် ရှေ့သို့ ကိုင်းညွတ်လာသော်လည်း ကောင်းမင်၏ နှလုံးသားကို ဝါးမြိုခြင်း မပြုသလို ဟန်ဟိုင်းသွေးမြို့တော်ကိုလည်း လုယူခြင်း မရှိပေ။ ၎င်းသည် ကောင်းမင်၏ နှလုံးသားကိုသာ ခပ်ဖွဖွ ထိတွေ့လိုက်လေသည်။
၎င်းက ဒဏ်ရာများဖြင့် ပြည့်နေသော ကောင်းမင်၏ နှလုံးသားကို အလွန်အမင်း နူးညံ့သိမ်မွေ့စွာ ထိတွေ့လိုက်ခြင်းပင် ဖြစ်သည်။
နှလုံးသားကို ကိုင်ထားရင်း ကောင်းမင်သည် အကြောင်းရင်းတချို့ကြောင့် မှင်တက်သွားမိသည်။ သူသည် အလွန်အေးစက်လှသော ဆောင်းရာသီတွင် အချိန်အကြာကြီး လမ်းလျှောက်လာရသည့် ဘယ်သူမှမလိုချင်သော ကလေးငယ်တစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ထိုကလေးကို နူးညံ့သောလက်တစ်စုံက ရုတ်တရက် ပွေ့ဖက်လိုက်သည့်အလားပင်။
အကြိမ်ကြိမ် သေဆုံးပြီး အကြိမ်ကြိမ် ပြန်လည်နိုးထလာရင်း အေးစက်ရက်စက်ပြီး နှလုံးသားမဲ့သူ ဖြစ်လာခဲ့သော ကောင်းမင်သည် သူ့လည်ချောင်းထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုသော စိတ်ခံစားချက်များ ပိတ်ဆို့နေသကဲ့သို့ ဖြစ်လာတော့သည်။
ဟုတ်ပါတယ်၊ ဒီအတွင်းကမ္ဘာဟာ ဒီလိုမျိုး မဖြစ်သင့်ပါဘူး။
ငါတို့တွေ အမှောင်ထုထဲမှာ နေသားကျသွားခဲ့ရင်တောင်မှ ဒီနေရာဟာ ဒီလိုမျိုး မဖြစ်သင့်ပါဘူး။
ပြိုကွဲနေသော စည်းမျဉ်းစွမ်းအားများသည် ကောင်းမင်၏ နှလုံးသားထဲသို့ စိမ့်ဝင်သွားပြီး သူ့နှလုံးသားပေါ်မှ ဒဏ်ရာများနှင့် အက်ကွဲကြောင်းများကို ကုသပေးလိုက်လေသည်။ ကောင်းမင်သည် ဧရာမဝေလငါးကြီး၏ ပျော်ရွှင်မှုကို ကြားလိုက်ရသည်။
အတောင်ပံများကို ဖြန့်ကားထားသော ဧရာမဝေလငါးကြီးမှာ သွေးမြို့တော်အထက်တွင် လူးလွန့်ပျံသန်းသွားသည်။ ကမ္ဘာကြီး၏ မပြည့်စုံမှုသည် ဤနည်းဖြင့် ပြည့်စုံသွားကြချေပြီ။ ကောင်းမင် သူမကို မော့ကြည့်လိုက်သည်။သူ့နောက်ကျောတွင်မူ အတိုင်းအဆမရှိသော သွေးမြို့တော်ကြီးက မြေပြင်မှ ထိုးထွက်လာပြီး ချောက်နက်ကြီးကို ဖြည့်ဆည်းကာ ညကောင်းကင်ယံကို ပင့်မြှောက်ထားတော့သည်။
သွေးမြို့တော်၏နတ်ဘုရားပုံစံကွက်များ၏ ဆွဲငင်မှုကြောင့် နှလုံးသားသည် ကောင်းမင်၏ ရင်ဘတ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ့ရင်ဘတ်ပေါ်မှ အက်ကြောင်းကြီး ပြန်လည်ပျောက်ကွယ်သွားသည်နှင့် ထူးခြားသော စည်းမျဉ်းစွမ်းအားတစ်ခုကို ကောင်းမင် ဆုပ်ကိုင်လိုက်နိုင်သည်။ သူသည် ဟန်ဟိုင်းမြို့သားတိုင်း၏ ဝိညာဉ်နှင့် ချိတ်ဆက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးမြို့တော်ထဲရှိ သစ်ရွက်တိုင်း၊ လေပြင်းတိုင်းကိုလည်း အာရုံခံနိုင်လာတော့သည်။
အပိုင်း (၈၀၀) ဘဝသစ်
ဟန်ဟိုင်းသွေးမြို့တော်တွင် အရှင်သခင်အသစ်တစ်ဦး ရှိလာခဲ့ပြီဖြစ်သည်။ သူကား မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီး ကံကြမ္မာ၏ ချောက်နက်ကြီးထဲမှ တွားထွက်လာခဲ့သော အရူးတစ်ယောက်ပင်။
သူသည် သွေးမြို့တော်အရှင်သခင်အားလုံးထဲတွင် အားအနည်းဆုံး၊ သာမန်အဖြစ်ဆုံးနှင့် သိသာထင်ရှားမှုမရှိဆုံးသူ ဖြစ်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားက သူ့ကို နယ်ရုပ်တစ်ခုအဖြစ် အသုံးချခဲ့ပြီး သွေးမြို့တော်အရှင်သခင်များက သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို သဘောထားခဲ့ကြသည်။
သူသည် အလွန်တရာသေးငယ်လွန်းပြီး အားနည်းလွန်းလှသဖြင့် ကံကြမ္မာ၏ စောင့်ကြည့်ခြင်းကို ခံရဖို့တောင် မထိုက်တန်ခဲ့ပေ။
သို့သော် ယခုအခါ အတွင်းကမ္ဘာ၏ လေပြင်းများမှာ သွေးရောင်လွှမ်းနေပြီး ၁၃ ယောက်မြောက် သွေးမြို့တော်သခင်ကို ကိုယ်စားပြုသော ထူးခြားဆန်းကြယ်သည့် ပုံစံကွက်များသည် သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
သူ့မျက်လုံးများကို ဖွင့်လိုက်လျှင် အနက်ရောင်မြူခိုးများ၏ အစွန်းများကို မြင်နိုင်၏။ သူ့လက်များကို ဆန့်ထုတ်လိုက်လျှင် သရဲနှင့် နတ်ဘုရားများ၏ စိတ်ဆန္ဒများကို ဆွဲနှုတ်၍ ဆုပ်ကိုင်နိုင်ပေသည်။ ကမ္ဘာကြီးထဲရှိ အိပ်မက်ဆိုးအားလုံးသည် သူ့နှလုံးခုန်သံအတိုင်း လှုပ်ရှားကြရမည်ဖြစ်ပြီး အိပ်မက်ထဲတွင် နစ်မြုပ်နေသော ဝိညာဉ်များအားလုံးမှာ သူ၏လက်အောက်ခံများ ဖြစ်ကြပေလိမ့်မည်။
၁၃ ခုမြောက် သွေးမြို့တော်သည် ‘အိပ်မက်’တစ်ခုဖြစ်သော်လည်း အနှစ်မဲ့သော ပုံရိပ်ယောင်မျိုးမဟုတ်ဘဲ သက်ရှိလူသားတိုင်း၏ စိတ်များနှင့် ချိတ်ဆက်နေသည့် အစစ်အမှန်တည်ရှိမှုတစ်ခု ဖြစ်သည်။
ကောင်းမင် မျက်လုံးများမှိတ်လိုက်သောအခါ ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံကြီးကို အာရုံခံမိလိုက်သည်။ ထိုကောင်းကင်မှာ ကံကြမ္မာက မထိတွေ့နိုင်ဘဲ သူ့အတွက်သာ သီးသန့်ဖြစ်သော ညဉ့်ယံဖြစ်သည်ဟု ခံစားရသည်။ ဝိညာဉ်တိုင်း ထိုကောင်းကင်မှ ကြယ်တစ်ပွင့်စီဖြစ်ပြီး ကြီးမြတ်သည်ဖြစ်စေ၊ သာမန်ပင်ဖြစ်စေ အမှောင်ထုထဲတွင် တောက်ပနေကြသည်။ အနည်းဆုံးတော့ ဤနေရာတွင် သူတို့ လွတ်လပ်ကြသည်။ အနည်းဆုံးတော့ သူတို့၏ အိပ်မက်ထဲတွင် သူတို့ လွတ်လပ်ခွင့်ရှိကြပေသည်။
သူ့သွေးများထဲတွင် နွေးထွေးသော မီးတောက်များ စီးဆင်းနေပြီး မျက်နှာဝေဝါးနေသော ကောင်းယန်သည် မီးတောက်အလင်းရောင်များကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ သူသည် ဟန်ဟိုင်းသွေးမြို့တော်နှင့် ပေါင်းစည်းသွားပြီး သူ၏စိတ်ဆန္ဒမှာ မြို့တော်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။ သူ၏ ရုပ်သွင်က တဖြည်းဖြည်း ရှင်းလင်းလာပြီး နောက်ဆုံးတွင် ကောင်းမင်နှင့် တစ်ပုံစံတည်း တူညီသွားတော့သည်။
အခန်း ၁၃ တွင် မရှိသင့်ခဲ့သော ကျောင်းသားတစ်ဦးဖြစ်သည့် ကောင်းယန်သည် ကောင်းမင်နှင့် တစ်ပုံစံတည်း တူနေခဲ့ခြင်းပင်။
သွေးမြို့တော်သည် အလွန်ကျယ်ပြောလှသဖြင့် ၎င်းကို ထိန်းချုပ်ရန်အတွက် သွေးမြို့တော်ပိုင်ရှင်မှာ ၎င်း၏ဝိညာဉ်ကို ခွဲထုတ်ထားရန် လိုအပ်သည်။ ပုံမှန်အားဖြင့် သွေးမြို့တော်အရှင်သခင် နှစ်ဦးရှိတတ်သည်။ တစ်ဦးမှာ သွေးမြို့တော်နှင့် ပေါင်းစည်းနေပြီး ထွက်သွား၍မရသူဖြစ်ကာ အခြားတစ်ဦးမှာမူ အပြင်သို့ ထွက်ခွာပြီး နယ်မြေချဲ့ထွင် လုယူသူဖြစ်သည်။
ရှင်းလုသွေးမြို့တော်ကို အခြားသူများက ပစ်မှတ်ထားခဲ့ရခြင်း အကြောင်းရင်းမှာ သွေးမြို့တော်ကို စောင့်ကြပ်ရမည့် အရှင်သခင်သည် အိပ်မက်နှင့်အတူ ပျက်စီးသွားပြီး သွေးပင်လယ်ထဲသို့ အတူတူကျဆင်းသွားကာ အရှင်သခင်တစ်ဦးတည်း ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။
ဗဟိုသွေးမြို့တော်မှာလည်း ထိုနည်းအတိုင်းပင်။ သွေးမြို့တော်နှင့် ပေါင်းစည်းရာတွင် အလွန်အမင်း ထူးချွန်သူနှင့် အလွန်အမင်း ဆိုးယုတ်သူ နှစ်ဦးက အမှောင်သွေးမြို့တော်ကို ဆန့်ကျင်၍ အတွင်းကမ္ဘာစစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။
သွေးမြို့တော်တစ်ခု၏ အရှင်သခင်ဖြစ်လာသူ နှစ်ဦးသည် များသောအားဖြင့် အမွှာများ သို့မဟုတ် ဝိညာဉ်နှစ်ခု အတူယှဉ်တွဲနေထိုင်သူများ ဖြစ်ကြသည်။ ယင်းက အလွန်ရှားပါးသော အခြေအနေဖြစ်သော်လည်း ကောင်းမင်ထံတွင်တော့ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။
အမှောင်ထုကို လောင်ကျွမ်းစေပြီး မီးတောက်များအဖြစ် ပြောင်းလဲသွားသော ကောင်းယန်သည် ဟန်ဟိုင်းသွေးမြို့တော်ကို ထိန်းချုပ်သည့် ဝိညာဉ်ဖြစ်လာကာ အလွယ်တကူ ထွက်သွား၍ မရတော့ပေ။
သူ့နှလုံးသားကို ပေးအပ်ခဲ့ပြီး သေခြင်းတရားကို လှေကားထစ်သဖွယ် အသုံးပြုကာ အထက်သို့ တက်လှမ်းခဲ့သော ကောင်းမင်မှာမူ ဟန်ဟိုင်းသွေးမြို့တော်၏ နာကြည်းမုန်းတီးမှု၊ ဒေါသနှင့် ပြင်ပသို့ နယ်မြေချဲ့ထွင်လိုသော ရည်မှန်းချက်များကို ကိုယ်စားပြုသည်။
“ဟန်ဟိုင်းသွေးမြို့တော်က တကယ်ဆင်းသက်လာနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူးကွာ”
ကောင်းယန်၏ ဝေဝါးနေသော အမြင်အာရုံမှာ လုံးဝ ရှင်းလင်းသွားချေပြီ။ သူသည် လွန်ခဲ့သော ဆယ်နှစ်ကာလက ကျောင်းတက်နေစဉ်အချိန်က ကောင်းမင်နှင့် တစ်ပုံစံတည်း တူနေခဲ့သည်။ အချိန်ကာလက သူ့အပေါ် တွင် ဘာခြေရာလက်ရာမှ ချန်မထားခဲ့ပေ။ သူ့ဘဝသည် လွန်ခဲ့သော ဆယ်နှစ်က ထိုဥမင်လိုဏ်ခေါင်းထဲတွင် ထာဝရ ရပ်တန့်နေခဲ့သည့်အလားပင်။
“မင်းက တကယ်ကြီး ဘယ်သူလဲ”
ကောင်းမင်က ကောင်းယန်၏ မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။ သူတို့နှစ်ယောက်လုံး သွေးမြို့တော်၏ စွမ်းအားများကို အသုံးမပြုကြသေးပေ။
“ဒါက သိသာနေတာပဲ မဟုတ်လား၊ ငါကိုယ်ငါ မလောင်ကျွမ်းခင်ကတည်းက ငါပြောခဲ့သားပဲ၊ မင်းက အခန်း ၁၃မှာ မရှိသင့်တဲ့လူပါလို့”
ကောင်းယန်သည် ထိုနေ့ညက မတော်တဆမှုတွင် ဝတ်ဆင်ခဲ့သော ကျောင်းဝတ်စုံကိုပင် ဝတ်ထားဆဲဖြစ်သည်။ ကျောင်းသားကောင်စီလက်ပတ်မှာမူ မရှိတော့ပေ။
“မင်းက လွန်ခဲ့တဲ့ဆယ်နှစ်က ငါလား၊ ဒါမှမဟုတ် သရဲဖြစ်သွားတဲ့ ငါလား”
ကောင်းမင်က သူနှင့် တစ်ပုံစံတည်း တူနေသူကို စိုက်ကြည့်နေမိသည်။
“ဒီအတွင်းကမ္ဘာထဲမှာ ကောင်းယန်ဆိုတာ ငါတစ်ယောက်တည်းပဲ ရှိတာ၊ မင်းကိုတော့ ဟိုနတ်ဆိုးနတ်ဘုရားက ဘယ်ကနေ ခေါ်လာသလဲ ငါမသိဘူး”
ကောင်းယန်က အမှန်အတိုင်း ပြောလိုက်ရင်း အမြင့်ဆုံးနှင့် အဝေးဆုံးမှာရှိသော ညကောင်းကင်ယံကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် သစ်ရွက်များကဲ့သို့ လူသားပုံရိပ်ပေါင်းများစွာက အလင်းရောင်အားလုံးကို ပိတ်ဆို့ထားကြသည်။
“ဒီလောကကြီးမှာ မင်းရဲ့ မရေမတွက်နိုင်တဲ့ ဗားရှင်းတွေ ရှိနေတယ်၊ မတူညီတဲ့ အချိန်ကာလတွေထဲမှာ နေထိုင်ပြီး ကံကြမ္မာရဲ့ မတူညီတဲ့ မြစ်လက်တက်တွေထဲမှာ လွင့်မျောနေကြတာပေါ့၊ မြစ်လက်တက် အားလုံးဟာ တစ်နေရာတည်းမှာပဲ ဆုံရမှာဖြစ်ပေမဲ့ တစ်ယောက်ယောက်က ကံကြမ္မာရဲ့ မြစ်လက်တက်အားလုံးကို အတွင်းကမ္ဘာထဲကို ပို့လိုက်တယ်လေ”
“လွန်ခဲ့တဲ့ လအနည်းငယ်က ဆာလောင်တစ္ဆေပွဲတော်ကို အစပြုမှတ်အဖြစ် ထားရရင် မင်းရဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် သေဆုံးမှုတွေဟာ အစစ်အမှန်သေဆုံးမှုတွေပဲ၊ ကံကြမ္မာရဲ့ ကြိုးမျှင်တွေက အကြိမ်ကြိမ် ပြတ်တောက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ မတော်တဆမှုတွေ အားလုံး စုစည်းသွားတဲ့အခါ ကံကြမ္မာရဲ့ သိမြင်နိုင်စွမ်းကို လုံးဝ ဖုံးကွယ်သွားတော့တာပဲ”
မရေမတွက်နိုင်သော ကံကြမ္မာမြစ်လက်တက်များအကြားတွင် တစ်ခုမှာ ကောင်းမင်ဖြစ်ပြီး အခြားတစ်ခုမှာ ကောင်းယန်ဖြစ်သည်။ ပြောင်းလဲမှုမျိုးစုံ၏ လွှမ်းမိုးမှုအောက်တွင် ကောင်းယန် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရပြီး မြစ်လက်တက်အားလုံး လူတစ်ယောက်တည်းထံတွင် စုဆုံသွားခဲ့ကြခြင်း ဖြစ်သည်။
ကောင်းယန် ခေါင်းငုံ့လိုက်ပြီး ဖရိုဖရဲများကြားရှိ သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားကို ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်က ငါဟာ ဒီကစားပွဲထဲကို အရင်ဆုံး ဝင်ခဲ့ရတယ်၊ အချိန်ဥမင်ထဲမှာ ပိတ်မိနေပြီး သူတစ်ပါးက ငါ့ကံကြမ္မာကို ပြုပြင်ထိန်းချုပ်တာ ခံခဲ့ရတယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရား၊ မပြောသင့်သူတွေနဲ့ တခြား အမည်မသိအင်အားစုတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဒီနေ့ဒီအချိန်အတွက် ကြံစည်ခဲ့ကြတာ”
“ငါ နားမလည်သေးဘူး၊ မင်းရဲ့ အတွေ့အကြုံတွေက ငါနဲ့ ဘာဆိုင်လို့လဲ”
“ဒါတွေအားလုံးက ကံကြမ္မာရဲ့ သိမြင်မှုကနေ လွတ်မြောက်ဖို့ပဲ၊ အဲ့ဒီသရဲတွေနဲ့ နတ်ဘုရားတွေက တစ်ခုနဲ့တစ်ခုဆက်နွှယ်နေတဲ့ သံသရာစက်ဝန်းတွေကို ဖန်တီးပြီး အချိန်ကို ရှုပ်ထွေးအောင် လုပ်ခဲ့ကြတာ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘတ်စ်ကားဟာ အတွင်းကမ္ဘာရဲ့ ဥမင်ထဲမှာ ပတ်ချာလည်နေခဲ့တာ၊ ငါက အချိန်ဥမင်ထဲမှာ လည်နေတာ၊ မင်းက သေခြင်းတရား သံသရာထဲမှာ လည်နေတာ၊ ငါတို့ကို အမြဲတမ်း လိုက်ရှာနေတဲ့လူတွေကတော့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှု သံသရာစက်ဝန်းထဲမှာ လည်ပတ်နေကြတာ၊ အများကြီး ထပ်ရှင်းပြနေဖို့ မလိုတော့ဘူး၊ မင်း အိမ်ပြန်ရောက်လို့ မင်းကိုယ်တိုင်မြင်လိုက်ရရင် နားလည်သွားလိမ့်မယ်”
ကောင်းယန်မှာ စိတ်ရှည်မှုကုန်ဆုံးသွားပုံရပြီး ကောင်းမင်ကို ကြည့်သော သူ့အကြည့်ထဲတွင် မဖော်ပြနိုင်သော နာကျင်မှုနှင့် ကိုယ်ချင်းစာမှုများ ပြည့်နှက်နေလေသည်။
“မင်းသိထားဖို့ လိုတာက နတ်ဘုရားတွေ မြင်ခဲ့ရတဲ့ ကံကြမ္မာမြစ်လက်တက်အားလုံးထဲမှာ ငါက အသန်မာဆုံးဖြစ်ပြီး မင်းက အားအနည်းဆုံးပဲ၊ ငါက အရမ်းအားကောင်းလွန်းလို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ဝှက်ထားခဲ့ရတာ၊ မင်းကတော့ အားနည်းလွန်းလို့ ကံကြမ္မာတောင် မင်းကို ဂရုမစိုက်ခဲ့ဘူး”
သူ့အသံမှာ အားနည်းသွားသော်လည်း ကောင်းယန်က ဆက်ပြောသည်။
“ဒါပေမဲ့... နောက်ဆုံးတော့ အရာအားလုံးကို ပြီးမြောက်အောင် လုပ်ခဲ့တာက မင်းပဲဖြစ်နေခဲ့တယ်”
ကောင်းမင် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကောင်းယန်က ဟန်ဟိုင်း၏ တစ်ဖက်ခြမ်းကို လက်ညှိုးထိုးပြလိုက်သည်။
“မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာ မြစ်လက်တက်ထဲမှာ မင်းနာမည် ဘယ်လိုခေါ်သလဲ ငါမသိဘူး၊ မင်းအိမ်ကို ပြန်သွားပြီး ကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်၊ အဲ့ဒါက အတွင်းကမ္ဘာထဲက မင်းအတွက် စမှတ်ပဲ၊ အရာအားလုံး စတင်ခဲ့တဲ့နေရာပေါ့”
“ငါ့အိမ်ရဲ့ ဓာတ်ပုံကတော့ ငါ့ကိုယ်ပေါ်မှာ ရှိပါတယ်၊ ဒါပေမဲ့ ပြန်မသွားခင် လက်ရှိပြဿနာကို အရင်ရှင်းရအောင်”
ကောင်းမင်နှင့် ကောင်းယန်တို့သည် ဟန်ဟိုင်းသွေးမြို့တော်၏ ပိုင်ရှင်များ ဖြစ်လာကြပြီဖြစ်သည်။ သူတို့နှစ်ယောက် ပူးပေါင်းမှသာ သွေးမြို့တော်မှ ပေးအပ်ထားသော စည်းမျဉ်းများကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုစည်းမျဉ်းသည် ဤအတွင်းကမ္ဘာတွင် ကြောက်မက်ဖွယ်အကောင်းဆုံး စည်းမျဉ်းတစ်ခုဖြစ်ပြီး ကံကြမ္မာပင် ကြောက်ရွံ့ရသော ‘အဆိပ်’ တစ်မျိုးဖြစ်သည်။
သွေးနီရောင် အဆောက်အအုံများမှာ စတင်သန္ဓေပြောင်းလာပြီး ‘အိပ်မက်’ နှင့် ဒေါက်တာကောင်းတို့၏ မှတ်ဉာဏ်များကို ပုံဖော်ကာ သူတို့ကို ဝါးမြိုရန် ပြင်ဆင်လိုက်သည်။
ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားနှစ်ပါးနှင့်အိပ်မက်တို့မှာ ဟန်ဟိုင်းသွေးမြို့တော်အတွင်းမှ လှုပ်ရှားမှုကို သတိထားမိသွားကြပြီ ဖြစ်သည်။ သို့သော်လည်း သွေးနီရောင်ကုတ်အင်္ကျီဝတ် နတ်ဆိုးနတ်ဘုရားနှင့် အိပ်မက်တို့သည် ငရဲသန္ဓေသား၏ အဆက်မပြတ်တိုက်ခိုက်မှုကို ခံနေရသဖြင့် တားဆီးရန် အချိန်မရှိကြပေ။
အခြေအနေများ တည်ငြိမ်သွားသည်ကို မြင်သောအခါ သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားသည် ထိတ်လန့်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မရှိပေ။ သူသည် ကျိန်စာကူးစက်ခံထားရသော်လည်း ကောင်းမင်နှင့် ကောင်းယန်တို့ကို နက်နဲသော အဓိပ္ပာယ်များ ပြည့်နှက်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သေးသည်။
“ငါ့ရဲ့ မှတ်ဉာဏ်တွေကို သုံးပြီး အိပ်မက်မက်ဖို့ ကြိုးစားနေတာလား၊ မင်းတို့ရဲ့ အသစ်ဖြစ်ခါစ သွေးမြို့တော်လေးက ဒါမျိုး မလုပ်နိုင်ပါဘူးကွာ”
ထိုသို့ပြောပြီးနောက် သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်သောနတ်ဘုရား၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် ဟန်ဟိုင်းသွေးမြို့တော်အတွင်း ပေါက်ကွဲထွက်သွားပြီး ဟန်ဟိုင်းထဲသို့ အလိုအလျောက် ပေါင်းစည်းသွားသည့် သွေးပွင့်များအဖြစ် ပြောင်းလဲသွားတော့သည်။
သွေးနီရောင်ကုတ်အင်္ကျီဝတ် နတ်ဘုရားသည် အခြားသော အိပ်မက်သရဲများကဲ့သို့ပင် ဟန်ဟိုင်းသွေးမြို့တော်ကို အားဖြည့်ပေးလိုက်ခြင်း ဖြစ်သည်။ သူ၏ အစစ်အမှန် ရည်ရွယ်ချက်သည် အခြား ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားဖြစ်သည့် ငရဲသန္ဓေသားပင် နားမလည်နိုင်သော အရာဖြစ်သည်။
သူ့ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် ကောင်းယန်နောက်ကျောရှိ ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။
“ငါ မင်းကို ရန်ပြုမှာကို စိတ်ပူစရာ မလိုပါဘူး၊ မင်းရဲ့ ရူးသွပ်မှုနဲ့ဆိုရင် မင်းဟာ မကြာခင်မှာ အန္တရာယ်အရှိဆုံး အရာတစ်ခုကို လုပ်တော့မှာပဲ၊ အဲ့ဒါက နတ်ဆိုးနတ်ဘုရားတစ်ပါးရဲ့ အမဲလိုက်ခံရတာထက် အဆပေါင်းတစ်ရာမက ပိုကြောက်စရာကောင်းတယ်၊ မင်း အဲ့ဒီရွေးချယ်မှုကို လုပ်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်”
အပိုင်း (၈၀၁) ကြောက်မက်ဖွယ် အိပ်မက်သရဲများ
ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးနတ်ဘုရားတစ်ပါး၏ ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပင်မယဇ်ပလ္လင်ထဲတွင် မြှုပ်နှံထားသော အိပ်မက်၏ အကြွင်းအကျန်မှာမူ ဖိအားအားလုံးကို အလူးအလဲ ခံစားနေရတော့သည်။ ၎င်းကို ကောင်းမင်နှင့် ကောင်းယန်တို့က သွေးမြို့တော်စွမ်းအားကို အသုံးပြု၍ ချေမှုန်းလိုက်ကြသည်။
ထူးဆန်းသည်မှာ အိပ်မက်၏ အကြွင်းအကျန်များ ကြေမွသွားပြီးနောက် ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများက ပိုမိုအားကောင်းလာခြင်းပင် ဖြစ်သည်။
“ကောလဟလတွေအရ အိပ်မက် မပြောသင့်သူဟာ ဟန်ဟိုင်းကနေ ဆင်းသက်လာတာဖြစ်ပြီး ဟန်ဟိုင်းသွေးမြို့တော်အရှင်သခင်နဲ့ ထူးခြားတဲ့ ပတ်သက်မှုတစ်ခု ရှိတယ်တဲ့၊ ဟန်ဟိုင်းသွေးမြို့တော် ပျက်စီးသွားရတဲ့ အကြောင်းရင်း အတော်များများကလည်း အိပ်မက်ကြောင့်ပဲ”
အိပ်မက်၏ အကြွင်းအကျန်များ ပျက်စီးသွားပြီး ကျိန်စာလှိုင်းများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ ငရဲသန္ဓေသားသည် ဟန်ဟိုင်းသွေးမြို့တော်ကို ဆက်ကြည့်ရန် စိတ်မပါတော့ဘဲ ညကောင်းကင်ယံကိုသာ မော့ကြည့်လိုက်တော့သည်။
ဟန်ဟိုင်းသွေးမြို့တော် အောင်မြင်စွာ ဆင်းသက်လာနိုင်ခြင်းနှင့်အတူ အနက်ရောင်မြူခိုးများသည် ဤဧရိယာကို ဖုံးလွှမ်းနိုင်စွမ်း မရှိတော့ဘဲ ဝိညာဉ်အားလုံးက ကံကြမ္မာ၏ ညကောင်းကင်ယံအောက်တွင် ပေါ်ထွက်လာကြသည်။ ငရဲသန္ဓေသားလည်း ထိုထဲတွင် ပါဝင်နေလေသည်။
“အဲ့ဒီသောက်ရူးက သူ့အစီအစဉ်ထဲမှာ ငါ့ကိုပါ ထည့်ထားတာ ကြာပြီပဲ”
ငရဲသန္ဓေသားက ရက်စက်စွာပြောဆိုရင်း စွန့်ပစ်ကျွန်းပေါ်မှ မြေကြီးလက်တစ်ဆုပ်စာ ယူလိုက်သည်။ သူသည် ဒေါက်တာကောင်း၏ ရုပ်တုကို ထုလုပ်ပြီး ကျိန်စာများကို ရူးသွပ်စွာ သွန်းလောင်းလိုက်သည်။
ထိုရုပ်တုသည် အလွန်အမင်း နာကျင်မှုနှင့် စိတ်ပျက်အားငယ်သော အမူအရာကို ပြသနေပြီး ငရဲသန္ဓေသား၏ စိတ်ခံစားမှုကို အပြည့်အဝ ဖော်ပြနေသော်လည်း ပျက်စီးသွားခြင်း မရှိပေ။
“ယုတ်မာတဲ့ သောက်ရူးကောင်၊ သရဲပုံပြောသူအဖွဲ့ဆိုတာ ပန်းသီးပုတ်လို လူယုတ်မာတွေနဲ့ပဲ ပြည့်နေတာပဲ”
ငရဲသန္ဓေသားသည် ရုပ်တုကို ရိုက်ခွဲပစ်လိုက်ပြီး ကောင်းမင်အပေါ် နှောင့်ယှက်မှုအားလုံးကို ရပ်တန့်ကာ အထီးကျန်ကျွန်းလေးဆီသို့ ပြန်သွားတော့သည်။
ကောင်းမင် စိတ်သက်သာရာရသွားသည်မှာ ငရဲသန္ဓေသားသည် အိပ်မက်ချိုးဖျက်မြို့၏ ကောင်းကင်ဘုံဂိတ်တံခါးကို တစ်ဖက်သတ် ပိတ်မပစ်ခဲ့ဘဲ အထီးကျန်ကျွန်းကို ဟန်ဟိုင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခွင့် ပြုခဲ့ခြင်းပင်။
ဤသွေးမြို့တော်သည် ကမ္ဘာကြီး၏ မပြည့်စုံခြင်းနှင့် နောင်တများအပေါ် ထားရှိသော ယုံကြည်မှုဖြင့် ၎င်း၏ဒဏ်ရာများကို ကုသခဲ့ခြင်းဖြစ်ပြီး ဝမ်ချင်း၏စွမ်းအားများ ကိန်းအောင်းနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ငရဲသန္ဓေသားနှင့် ဝမ်ချင်းတို့ အန္တရာယ်ကြုံလာပါက ဟန်ဟိုင်းသွေးမြို့တော်က သဘာဝအတိုင်း အကာအကွယ် ပေးလိမ့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် မည်သူက မည်သူ့ကို ကာကွယ်ပေးမည်မှာ မသေချာသေးသော်လည်း အနည်းဆုံးတော့ ငရဲသန္ဓေသားနှင့် ဝမ်ချင်းတို့ကို ဤနေရာတွင် အမြဲတမ်း ကြိုဆိုနေမည် ဖြစ်သည်။
“သွေးမြို့တော်က အသစ်ပြန်တည်ဆောက်ထားတာဆိုတော့ ငါတို့ လုပ်စရာတွေ အများကြီးရှိသေးတယ်”
ကောင်းမင် ညှင်းပန်းနှိပ်စက်ခန်းကို ဖွင့်လိုက်သည်။ သွေးမြို့တော်ပိုင်ရှင် ဖြစ်လာပြီးနောက် ညှင်းပန်းနှိပ်စက်ခန်း၏ လုပ်ဆောင်ချက် အတော်များများမှာ သွေးမြို့တော်နှင့် ဆင်တူနေသည်ကို သူ တွေ့ရှိခဲ့ရသည်။ ၎င်းမှာ လူလုပ်သွေးမြို့တော်အသေးစားလေးတစ်ခုနှင့် တူနေပြီး သူက ၎င်းကို တဖြည်းဖြည်း ပြည့်စုံအောင် ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။
“အဲ့ဒီ သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားက သွေးမြို့တော်ရဲ့ အပြစ်တွေကို ရာစုနှစ်တစ်ခုကြာအောင် သယ်ဆောင်ထားခဲ့တာ၊ သူဟာ ဗဟိုသွေးမြို့တော်ကို အတွင်းကမ္ဘာရဲ့ ဗဟိုချက်ဆီ ဆွဲခေါ်သွားခဲ့တယ်လို့ ပြောကြတယ်၊ ၁၃ ခုမြောက် သွေးမြို့တော်ပိုင်ရှင်တွေကလွဲရင် သွေးမြို့တော်အကြောင်း အသိဆုံးလူဟာ သူပဲ ဖြစ်လိမ့်မယ်၊ မင်းရဲ့ ညှင်းပန်းနှိပ်စက်ခန်းကလည်း သူနဲ့ ပတ်သက်နေနိုင်တယ်”
ကောင်းယန်၏ စကားများကြောင့် ကောင်းမင်သည် ညှင်းပန်းနှိပ်စက်ခန်းကို ဟန်ဟိုင်းသွေးမြို့တော်ထဲသို့ ပေါင်းစည်းမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရသည်။ သူနှင့် ကောင်းယန်သည် အသားမီးဖိုကြီးကိုသာ ဟန်ဟိုင်းထဲသို့ ရွှေ့လိုက်ကြပြီး ညှင်းပန်းနှိပ်စက်ခန်းထဲမှ ချိန်းကြိုးအားလုံးကို အသစ်ပြန်လည်သွန်းလောင်းရန် ထိုမီးဖိုထဲသို့ ပစ်ထည့်လိုက်ကြသည်။
မီးတောက်များသည် သွေးနှင့် အပြစ်များ စွန်းထင်းနေသော ချိန်းကြိုးများကို လောင်ကျွမ်းစေလိုက်သည်။ဆက်လက်၍ သွေးမြို့တော်၏ မြေပြင်ကို ပူပြင်းစေပြီး ဟန်ဟိုင်းနှင့် သက်ဆိုင်သောသရဲတက်တူးများကို အဆောက်အအုံတိုင်းပေါ်တွင် ခတ်နှိပ်လိုက်ကြသည်။
ကောင်းမင်၏ ဆင့်ခေါ်မှုကြောင့် ယခင်က သွေးမြို့တော်ထဲတွင် အခြေချခဲ့ကြသော အိပ်မက်သရဲများသည် သွေးနီရောင် အဆောက်အအုံများထဲမှ ထွက်လာကြသည်။ သူတို့ တစ်ဦးချင်းစီ၏ အင်အားသည် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးဌာနမှ အိပ်မက်သရဲ၊ မြို့တော်အရှင်သခင်ဟောင်း၏ အသွေးအသားများမှ ဖြစ်တည်လာသော အကြီးအကဲ၊ ကျောင်းအုပ်ယန်၊ ကွေ့ယွမ်၊ အကြောက်ရောဂါနှင့် ကျိကျဲ တို့မှာ ဧရာမအသားသစ်ပင်ကြီးတစ်ပင်အဖြစ် ပေါင်းစည်းသွားကြသည်။ သူတို့၏ အရှိန်အဝါသည် သာမန် မပြောသင့်သူများနှင့် မခြားနားတော့ပေ။
သူတို့သည် အချုပ်အနှောင်များမှ လွတ်မြောက်လာခဲ့ပြီး အိပ်မက်သရဲများ၏ ခန့်မှန်းရခက်သော နည်းလမ်းများနှင့် တွဲစပ်လိုက်သောအခါ ယခင်ဟန်ဟိုင်းသွေးမြို့တော်၏ အရိပ်အယောင်များကို ပြန်လည် မြင်တွေ့လာရတော့သည်။
မပြောသင့်သူ စွမ်းအားရှိသည့် အိပ်မက်သရဲ ငါးကောင်၊ သွေးမြို့တော်နှင့် ပေါင်းစည်းထားသော ကောင်းယန် နှင့် အိပ်မက်ယဇ်ပလ္လင်လေးခုကို ဝါးမြိုထားသော သားစားကြူးနတ်ဘုရားတို့ ရှိနေသဖြင့် ဟန်ဟိုင်းသွေးမြို့တော်သည် ၎င်း၏ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း ဘယ်သူမှ ထိပ်ပုတ်ခေါင်းပုတ် မလုပ်ဝံ့သော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ခင်ဗျားတို့ရဲ့ စွမ်းရည်အသစ်တွေကို သွားလေ့ကျင့်လို့ ရပြီ”
ကောင်းမင်က လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးနီရောင် အဆောက်အအုံတစ်ခုသည် လှောင်အိမ်တစ်ခုကဲ့သို့ နေရာတစ်ခုကို ဝန်းရံလိုက်သည်။ ထိုနေရာတွင် ပုပ်သိုးနေသော မျက်လုံးများနှင့် အနံ့ဆိုးများ ထွက်ပေါ်နေသည့် လေလွင့်ကြောင်တစ်ကောင် ရှိနေလေသည်။
ဟန်ဟိုင်းကို ပြန်လည်မတည်ဆောက်မီက ပုပ်သိုးခြင်းသွေးမြို့တော်မှ မပြောသင့်သူသည် ပုံမှန်မဟုတ်သော အခြေအနေကို အာရုံခံမိပြီး ဟန်ဟိုင်းအတွင်းသို့ ခိုးဝင်၍ တားဆီးရန် ကြိုးစားခဲ့သည်။ ကံဆိုးသည်မှာ အခြေအနေက အလွန်လျင်မြန်စွာ ပြောင်းလဲသွားသဖြင့် သူ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး မရလိုက်ခြင်းပင်။
ယခုတွင် သွေးမြို့တော် ဆင်းသက်လာပြီ ဖြစ်သဖြင့် သူ့အတွက် ထွက်ပြေးရန် အခွင့်အရေး မရှိတော့ပေ။
ကြောင်မှာ မရေမတွက်နိုင်သော နီရဲနေသည့် မျက်လုံးများ၏ စိုက်ကြည့်ခံနေရသဖြင့် ၎င်း၏ နှုတ်ခမ်းမွှေးများက အနည်းငယ် တုန်ရီနေလေသည်။ တစ်ချိန်က မြင့်မြတ်လှသော အုပ်ချုပ်သူ အရှင်သခင်သည် ယခုအခါ သားသတ်ခုံပေါ်မှ အသားတစ် တစ်ခုကဲ့သို့ လှောင်အိမ်ထဲတွင် ပိတ်မိနေချေသည်။
“၄၂၁... ဒီနံပါတ်က ငါ့ကို မင်းတို့လို အုပ်ချုပ်သူတွေက အကြိမ်ဘယ်လောက် ဆွဲဖြဲခဲ့သလဲဆိုတဲ့ အရေအတွက်ပဲ”
စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲသည် သက်လတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီးနောက် သူ့နောက်တွင် အခြားပုံရိပ်များ ပေါ်လာကြသည်။ သူတို့အားလုံးသည် စုံစမ်းစစ်ဆေးရေးဌာနအတွင်း သေဆုံးခဲ့ကြသော စုံစမ်းရေးမှူးများပင် ဖြစ်တော့သည်။
“ကလေးတွေ သေတာကို ကြည့်နေခဲ့ရတယ်၊ ငါမတားဆီးနိုင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အကြောက်တရားကင်းတဲ့ စတေးမှုတွေက မင်းတို့အတွက်တော့ အကြိုက်ဆုံး ဟာသပြဇာတ်တစ်ခု ဖြစ်နေလို့ပဲ၊ မင်းတို့က ငါတို့ရဲ့ကံကြမ္မာကို စိတ်ကြိုက် လှည့်စားပြုပြင်ပြီး မင်းတို့ကိုယ်တိုင် ကံကြမ္မာအပေါ် ကြောက်ရွံ့မှုကို ငါတို့ဆီ လွှဲပြောင်းပေးခဲ့တယ်၊ ငါ အမှန်တရားကို မပြောနိုင်ခဲ့ဘူး၊ ခါးခါးသီးသီးရုန်းကန်ခဲ့ရပြီး အခွင့်အရေးကိုပဲ စောင့်နေခဲ့ရတာ”
ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများ အကူအညီဖြင့် အိပ်မက်သရဲများသည် နောက်ဆုံးတွင် သူတို့၏စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ခဲ့ကြပြီ ဖြစ်သည်။ သူတို့ ဖန်တီးလိုက်သော အိပ်မက်များသည် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားဖြစ်စေ၊ မပြောသင့်သူ ဖြစ်စေ သို့မဟုတ် မည်သည့် သရဲတစ္ဆေ၊ မကောင်းဆိုးဝါးကိုမဆို သက်ရောက်မှု ရှိစေနိုင်သည်။ ဤအချက်တစ်ခုတည်းနှင့်တင် အရည်အသွေးပိုင်းအရ သိသိသာသာ ပြောင်းလဲမှုတစ်ခု ဖြစ်လာပေသည်။
အိပ်မက်သရဲ လေးကောင်နှင့် အသစ်နိုးထလာသော အသားသစ်ပင်ကြီးသည် ပုပ်သိုးခြင်း သွေးမြို့တော်မှ မပြောသင့်သူကို ဝန်းရံလိုက်ကြသည်။ အိပ်မက်ထဲသို့ ဝင်ရောက်ရန် တီးတိုးပြောဆိုသံတိုင်းသည် သေမင်းခေါင်းလောင်းသံနှင့် တူနေခဲ့သည်။ ဟန်ဟိုင်းရှိ ကျန်ရစ်သော ပြည်သူအားလုံးသည် စောင့်ကြည့်သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ခြောက်ခြားမှုကို မြင်တွေ့လိုက်ရသည်။ မပြောသင့်သူတစ်ပါးပင်လျှင် ကြောက်ရွံ့မှုကို ခံစားရနိုင်သည်သာ။
ပုပ်သိုးဆွေးမြေ့နေသော မျက်လုံးများ တဖြည်းဖြည်း မှေးမှိန်သွား၏။ ကြောင်သည် ထွက်ပြေးစရာ နေရာမရှိတော့ဘဲ အိပ်မက်ထဲသို့ ဝင်ရောက်ရန် တီးတိုးပြောဆိုသံများကြားတွင် တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။ သူ အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေပြီဆိုသည်ကို သူကိုယ်တိုင် မသိရှိလိုက်ပေ။
ကောင်းမင်နှင့် ကောင်းယန်တို့လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ တစ်မိနစ်ခန့် ကြာပြီးနောက် ကြောင်ပေါ်မှ ပုပ်သိုးဆွေးမြေ့ခြင်း အရှိန်အဝါများ ပျောက်ကွယ်သွား၏။ ၎င်းသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ မျက်လုံးသူငယ်အိမ်မှာ သာမန်အတိုင်း ပြန်ဖြစ်နေခဲ့သည်။
“ပုပ်သိုးခြင်းသွေးမြို့တော်က မပြောသင့်သူက သေသွားပြီလား”
သရဲနီများက လေလွင့်ကြောင်ကို စိုက်ကြည့်နေကြသည်။ ယခင်က ထိုမပြောသင့်သူသည် ဟန်ဟိုင်းရှိ လူတိုင်း၏ လည်ပင်းပေါ်တွင် အချိန်မရွေး ကျလာနိုင်သည့် ဓားတစ်စင်းကဲ့သို့ ဖြစ်နေခဲ့ပြီး သူတို့ကို အိပ်မပျော်၊ စားမဝင် ဖြစ်စေခဲ့သည်။
“သူ ထွက်မသွားပါဘူး၊ သူ့စွမ်းအားနဲ့ စည်းမျဉ်းတွေကို ငါတို့က အိပ်မက်ထဲမှာ ဝါးမြိုလိုက်ပြီ၊ အခုဆိုရင် သူက သူ့ကိုယ်သူ ကြောင်တစ်ကောင်လို့ပဲ တကယ်ထင်နေပြီ”
အကြီးအကဲက လက်ကို ဆန့်ထုတ်လိုက်ပြီး ကြောင်ကို လက်ဖဝါးပေါ် တင်လိုက်သည်။
“ငါတို့က ဒါကို ကြောင်လို့ပြောရင် ဒါက ကြောင်ပဲဖြစ်ရမယ်”
အရင်က ကောင်းမင်သည် ဟန်ဟိုင်း၏ အင်အားတစ်ဝက်ကို ဦးဆောင်ပြီး အမှောင်ယဇ်ပလ္လင် ပိုင်ရှင်နှင့် အသေအလဲတိုက်ခိုက်ခဲ့ရပြီး လပေါင်းများစွာ အကွက်ချစီစဉ်ပြီးမှ အမှောင်သွေးမြို့တော်မှ မပြောသင့်သူကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည် တည်ဆောက်ပြီးနောက်တွင်မူ အိပ်မက်သရဲငါးကောင် ပူးပေါင်းလိုက်ရုံဖြင့် ပုပ်သိုးခြင်းသွေးမြို့တော်မှ မပြောသင့်သူကို တစ်မိနစ်အတွင်း ဝါးမြိုနိုင်ခဲ့သည်။ ခြားနားချက်မှာ အလွန်ကြီးမားလှပေသည်။
ကြောက်စရာအကောင်းဆုံး အချက်မှာ ပြင်ပလူများအနေဖြင့် ပုပ်သိုးခြင်းသွေးမြို့တော်မှ မပြောသင့်သူ မည်သို့သေဆုံးသွားသည်ကိုပင် မသိနိုင်ခြင်း ဖြစ်သည်။ သူတို့ မြင်လိုက်ရသည်မှာ ၎င်းအိပ်ပျော်သွားပြီးနောက် သာမန်လေလွင့်ကြောင်တစ်ကောင်အဖြစ် ပြန်နိုးလာခြင်းကိုသာ ဖြစ်သည်။
“ဟန်ဟိုင်းသွေးမြို့တော်က ဘာလို့ ရန်သူအများကြီး ရှိနေရသလဲဆိုတာ မဆန်းတော့ပါဘူး၊ အိပ်မက်သရဲတွေက မပြောသင့်သူရဲ့ စည်းမျဉ်းတွေနဲ့ ဝိညာဉ်တွေကို ဝါးမြိုပြီးရင် သူတို့ရဲ့ အင်အားက သိသိသာသာ တိုးလာတာပဲ၊ ယဇ်ပလ္လင်နဲ့ ယုံကြည်မှုတွေ ရှိနေတဲ့ သရဲတွေက ငါတို့အတွက်တော့ အကောင်းဆုံး အာဟာရတွေပဲ”
ကျိကျဲက စိတ်လှုပ်ရှားစွာ ပြောသည်။ သူသည် အသားသစ်ပင်ကြီးပေါ်ရှိ သစ်ခေါင်းပေါက်ထဲမှနေ၍ စကားမပြောဘဲ မနေနိုင်တော့ပေ။ သူသည် အမြဲတမ်း သူ့ကိုယ်သူ အခြားသူများထက် နိမ့်ကျသည်ဟု ခံစားနေရသူ ဖြစ်သည်။ အခြား အိပ်မက်သရဲများနှင့် နှိုင်းယှဉ်လျှင် သူသည် ဘာမှမဟုတ်ဟု ထင်နေခဲ့ပြီး သူ၏ အကြောက်ရောဂါကြောင့်သာ ဤအခြေအနေထိ ရောက်လာသည်ဟု ယူဆထားသည်။ သူသည် သူ့ကိုယ်သူ အသားသစ်ပင်ကြီး၏ အတွေးများကို ပြန်လည်ဖောက်သည်ချပေးရသော ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ်သာ မြင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျိကျဲမသိသည်မှာ အခြားသူများ၏ အမြင်တွင်မူ သူသည် ဟန်ဟိုင်း၏ အကြီးမားဆုံး ခြောက်ခြားမှု ဖြစ်နေခြင်းပင်။ သူ၏ စိတ်ခံစားချက် အပြောင်းအလဲတိုင်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ခံနေရသလို သူပြောသော စကားလုံးတိုင်းမှာလည်း အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကို တွေးတောစေသည့်အရာများ ဖြစ်နေခဲ့သည်။
မြို့သူမြို့သားများအကြား တစ်ဆင့်စကားဖြင့် ပျံ့နှံ့သွားသည်မှာ ဟန်ဟိုင်းသွေးမြို့တော်သည် မကြာမီ ပြင်ပသို့ နယ်မြေချဲ့ထွင်တော့မည်ဖြစ်ပြီး ထိုမပြောသင့်သူများကို ရူးသွပ်စွာ အမဲလိုက်တော့မည် ဟူ၍ပင် ဖြစ်တော့သည်။