← Chapters

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အပိုင်း (၈၀၂) အိမ်ပြန်လမ်း

အတိုင်းအဆမဲ့သော သွေးမြို့တော်က ဆင်းသက်လာခဲ့ပြီဖြစ်သည်။ ကောင်းမင်နှင့် ကောင်းယန်တို့သည် ဗဟိုအဆောက်အအုံအထက်တွင် ရပ်နေကြပြီး သူတို့ပတ်လည်ရှိ သွေးနီရောင်အလင်းတန်းများကြား၌ ကြီးမားလှသော သရဲပုံရိပ်ကြီးငါးခု ရစ်ဝဲနေကြသည်။ သူတို့သည် ဟန်ဟိုင်းပြည်သူတို့၏ စိတ်လှုပ်ရှားမှုကို အာရုံခံမိနေကြသည်။ ၎င်းမှာ သူတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဆုပ်ကိုင်နိုင်ခဲ့ပြီး အချုပ်အနှောင်အားလုံးမှ လွတ်မြောက်သွားသကဲ့သို့ပင်။

“ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်လိုက်ပြီ။ ငါတို့ဟာ တခြားသွေးမြို့တော်အရှင်သခင်တွေနဲ့ ရန်သူတွေ ဖြစ်သွားပြီ၊ သူတို့က ဒီအတိုင်း ငြိမ်နေကြမှာတော့ မဟုတ်ဘူး၊ ငါတို့ကို အစကတည်းက အမြစ်ဖြတ်ဖို့ နည်းလမ်းမျိုးစုံ သုံးကြလိမ့်မယ်၊ နောက်တစ်ခါကျရင် သူတို့ကိုယ်တိုင်တောင် လာကြလိမ့်မယ်ထင်တယ်”

မီးတောက်များကြားတွင် ရှိနေသော ကောင်းယန်သည် မရေမတွက်နိုင်သော ရိုသေလေးစားသည့် အကြည့်များ၏ စောင့်ကြည့်ခြင်း ခံနေရသည်။ လူအများစုက သူ့ကိုရော ကောင်းမင်ကိုပါ သူတို့၏ ယုံကြည်မှုနှင့် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။

ဟန်ဟိုင်းသည် အားနည်းနေဆဲဖြစ်သော်လည်း ကောင်းမင်တွင် ဝှက်ဖဲများ မရှိသည်တော့ မဟုတ်ပေ။ အိပ်မက်၏ အကြွင်းအကျန်များကို လုံးဝခြေမှုန်းပြီးနောက် သူသည် အိပ်မက်ပင်လျှင် တစ်ခါမှ အသုံးမပြုခဲ့ဖူးသော ပင်မယဇ်ပလ္လင်၏ စွမ်းရည်တစ်ခုဖြစ်သည့် စိတ်ဖောက်ပြန်မှုကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ခဲ့သည်။

“ငါတို့ဟာ မနက်ဖြန်အထိ အသက်ရှင်ဖို့ မသေချာပေမဲ့ အားလုံးကိုတော့ အမှောင်ထုထဲ ဆွဲခေါ်သွားနိုင်တယ်”

ကောင်းမင်သည် သူ့ဘာသာ စကားပြောနေပုံရသော်လည်း သူ့လေသံက အနည်းငယ် ကြောက်စရာကောင်းနေလေသည်။

“ဦးနှောက်ပဲကျန်တော့တဲ့ အဲ့ဒီမပြောသင့်သူကို သူ့အတွက် သတင်းစကားတစ်ခု ပါးပေးမယ်လို့ငါကတိပေးထားခဲ့တယ်၊ ရှင်းလုသွေးမြို့တော်ပိုင်ရှင် ပြန်ရောက်လာရင် အခြေအနေက ပိုကောင်းလာနိုင်တယ်”

“တစ်ယောက်နဲ့ ဆယ့်တစ်ယောက် တိုက်ရတာကနေ တစ်ယောက်နဲ့ ဆယ်ယောက် တိုက်ရတာ ဖြစ်သွားမယ်ပေါ့”

ကောင်းယန်က နောက်ပြောင်သလို ပြောလိုက်သော်လည်း ထိုပြက်လုံးမှာ လုံးဝရယ်စရာမကောင်းပေ။

“ငါတို့ အကူအညီလိုတယ်”

ကောင်းမင် အဝေးသို့ လှမ်းကြည့်လိုက်သည်။

“ဟန်ဟိုင်းကိုတော့ မင်းလက်ထဲ အပ်ခဲ့ပြီ”

“ဒီလို နိမိတ်မကောင်းတာတွေ မပြောပါနဲ့၊ သွေးမြို့တော် ဆင်းသက်လာပြီဆိုတော့ ငါတို့မှာ ပြန်တိုက်ဖို့ အင်အားရှိနေပါပြီ”

ကောင်းယန်သည် ကောင်းမင်ကို ကူညီချင်သော်လည်း သူ ထွက်သွား၍မရပေ။ အရာအားလုံးကို လောင်ကျွမ်းစေပြီးနောက် သူသည် သွေးမြို့တော်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီဖြစ်ရာ ခွဲထွက်၍ မရတော့ပေ။ သူကိုယ်တိုင်က သွေးမြို့တော်ကြီး ဖြစ်နေပြီဖြစ်သည်။

“ငါ့ဆီမှာ ရှုပ်ထွေးနေတဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ အစီအစဉ်တွေကို ဖော်ထုတ်ပြီးတာနဲ့ ရှင်းလုကိုသွားပြီး ကယ်တင်ရှင်တွေကို ပြန်ခေါ်လာဖို့ ကြိုးစားမယ်၊ အဲ့ဒီအခါကျမှ အိပ်မက်ကို အပြီးသတ်ချေမှုန်းပြီး ဟန်ဟိုင်းရဲ့ စည်းမျဉ်းတွေကို ပြည့်စုံအောင်လုပ်မယ်”

သွေးမြို့တော်ပိုင်ရှင် ဖြစ်လာသဖြင့် ကောင်းမင်သည် မြို့တော်အကြောင်း အရာအားလုံးကို သိရှိနေပြီဖြစ်သည်။ သူသည် ဟန်ဟိုင်းစည်းမျဉ်းများ၏ မပြည့်စုံသော အစိတ်အပိုင်းများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

“ကောလာဟလတွေက အမှန်ပဲ၊ တကယ်လို့ အိပ်မက်က ဟန်ဟိုင်းကို သစ္စာမဖောက်ခဲ့ရင် ဒီမြို့ကြီးက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှာ မဟုတ်ဘူး”

“မင်းလုပ်ချင်တာကို သွားလုပ်ပါ၊ ငါဒီမှာရှိနေသရွေ့တော့ ဟန်ဟိုင်းဟာ သေရေးရှင်ရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာပဲ၊ အထီးကျန်ကျွန်းပေါ်က ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားတွေတောင် ဝင်ပါလာကြလိမ့်မယ်”

ငရဲသန္ဓေသား၏ သောင်းကျန်းမှု၊ ကံကြမ္မာကိုပင် ဂရုမစိုက်ဘဲ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ၎င်း၏ကျိန်စာများကို ပြန်အမှတ်ရရင်း ကောင်းယန်က ခေါင်းယမ်းလိုက်သည်။

“ပြောရရင် အဲ့ဒီ နတ်ဆိုးနတ်ဘုရားတွေက တကယ်ကြောက်ဖို့ကောင်းတယ်၊ တစ်ယောက်ချင်းစီက ဥပဒေမဲ့တဲ့ကောင်တွေပဲ”

“အထီးကျန်ကျွန်းပေါ်က အရိပ်နဲ့ ငါ့ကို ကြံစည်ခဲ့တဲ့ သွေးနီရောင်ကုတ်အင်္ကျီဝတ်နတ်ဘုရား၊ သူတို့တွေက ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားတွေထဲမှာတောင် ထိပ်သီးအဆင့်တွေ ဖြစ်လိမ့်မယ်၊ ငါ့ကိုယ်ငါ သူတို့နဲ့ နှိုင်းယှဉ်နေဖို့ မလိုပါဘူး”

ကောင်းမင်သည် သူ၏ အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သွေးမြို့တော်နှင့် အနက်ရောင်မြူခိုးများ ဆုံရာနေရာ၌ မူမမှန်မှုတစ်ခုကို ရှာတွေ့လိုက်သည်။

“တွေ့ပြီ”

အသစ်ပြန်လည် မွေးဖွားလာသော ဟန်ဟိုင်းသွေးမြို့တော်တွင် အစိတ်အပိုင်း သုံးခုရှိသည်။ ပထမအပိုင်းသည် လူသားကမ္ဘာကို ပုံတူကူးထားသော ရှင်းလုကယ်တင်ရှင်များ တည်ဆောက်ခဲ့သည့် လက်တွေ့ဆန်သော အကျဉ်းထောင် ဖြစ်သည်။ ထိုနေရာတွင် အခြားသွေးမြို့တော်များမှ ဟန်ဟိုင်းသို့ ပို့လိုက်သော အကျဉ်းသားများ၊ စွမ်းအားများ ဆွဲထုတ်ခံထားရသော သရဲများနှင့် မှားယွင်းရောက်ရှိလာသော သက်ရှိလူသားများ ရှိကြသည်။ ဒုတိယအပိုင်းသည် ဟန်ဟိုင်းမြို့ဟောင်းမှ ဖြစ်တည်လာသော၊ ကြောက်မက်ဖွယ်ကောင်းပြီး မိစ္ဆာဝိညာဉ်များ ပြည့်နှက်နေသည့် အရိပ်ကမ္ဘာဖြစ်သည်။ တတိယအပိုင်းမှာ နက်ရှိုင်းအဆင့် အိပ်မက်နယ်မြေဖြစ်သည့် အိပ်မက်ချိုးဖျက်မြို့ ဖြစ်သည်။

ကောင်းမင်သည် အရိပ်ကမ္ဘာ၏ အစွန်းပိုင်းဖြစ်သော သူ ယခင်က ရောက်ဖူးသည့် နေရာတစ်ခုတွင် မူမမှန်မှုတစ်ခုကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။

မည်သူ့ကိုမျှ မပြောဘဲ သို့မဟုတ် သွေးမြို့တော်စည်းမျဉ်းများ၏ သန့်စင်မှုကို ခံယူနေသော သားစားကြူးနတ်ဘုရားကိုလည်း မနှောင့်ယှက်ဘဲ ကောင်းမင်သည် သွေးမြို့တော်၏ အနာဂတ်အစီအစဉ်များကို ကောင်းယန်ထံ လွှဲအပ်ခဲ့ပြီး မြို့စွန်ဆီသို့ တစ်ယောက်တည်း လျှောက်လှမ်းသွားခဲ့သည်။

အရိပ်ကမ္ဘာ၏ အပျက်အစီးများသည် သွေးနီရောင်များဖြင့် အစားထိုးခံထားရသော်လည်း မူလအဆောက်အအုံအချို့ ကျန်ရှိနေသေးသည်။

ကောင်းမင်သည် ရင်းနှီးပြီးသား လမ်းမများကို ဖြတ်ကျော်၍ ရှေ့သို့ ဆက်လျှောက်လာရင်း နောက်ဆုံးတွင် ဥမင်လိုဏ်ခေါင်းတစ်ခုရှေ့၌ ရပ်တန့်လိုက်သည်။

လက်တွေ့ကမ္ဘာ၏ မြေပုံတွင် ဟန်ဟိုင်းမြို့ကို ပြထားခြင်း မရှိပေ။ ၎င်းသည် အိပ်မက်ဆိုးများထဲတွင်သာ တည်ရှိသော နေရာတစ်ခုဖြစ်သော်လည်း ၎င်းနှင့် ချိတ်ဆက်ထားသော ဥမင်လိုဏ်ခေါင်းကို ပြသထားပါသည်။

ကောင်းမင်သည် ရှင်းလုရှိ လက်တွေ့အမှန်ကမ္ဘာထဲသို့ ဤဥမင်မှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူသည် ရှင်းလုမြေပုံတွင် ဟန်ရှန်းနှင့် ရှင်းလုနယ်စပ်၌ ရှိသော ထိုနေရာကို မြင်ဖူးခဲ့သည်။

ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်ပေါ်ပေါက်လာခြင်းနှင့်အတူ ဤဥမင်မှာလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလက သာမန်အတိုင်းဖြစ်ပြီး အလွန်မှောင်မိုက်မှုသာ ရှိခဲ့သော်လည်း ယခုအခါ သုံးပုံတစ်ပုံမှာ သွေးနီရောင်စွန်းထင်းနေပြီး ကျန်နှစ်ပုံတွင် အနက်ရောင်မြူများ ဖုံးလွှမ်းနေကြသည်။

ဟန်ဟိုင်းကို စောင့်ကြည့်နေသော မပြောသင့်သူများမှာ သေဆုံးကုန်ကြပြီ သို့မဟုတ် ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။ ကောင်းမင် ဤဥမင်သို့ ပြန်ရောက်လာသောအခါ ယခင်ကနှင့် မတူသော ခံစားချက်ကို ရရှိလိုက်သည်။

“ဒါက ငါပြန်လည်မွေးဖွားလာတဲ့ စမှတ်ပဲ၊ သံသရာ စတင်ခဲ့တဲ့နေရာပေါ့၊ အခုတော့ ဒီအဆုံးမရှိတဲ့ သေခြင်းတရား သံသရာစက်ဝန်းကို နောက်ဆုံးတော့ ချိုးဖျက်နိုင်ခဲ့ပြီ”

သူ၏အရေပြားလက်မတိုင်းကို ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများဖြင့် ကာကွယ်ထား၏။ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်ပုံစံကွက်များမှ သာမန်ထက်ထူးကဲသော ဖော်မပြနိုင်သည့် စွမ်းအားများ ထွက်ပေါ်နေခဲ့သည်။ ကောင်းမင် ဥမင်လိုဏ်ခေါင်းထဲသို့ ခြေချလိုက်ရာ ယခင်ကနှင့် လုံးဝခြားနားသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

အမှောင်ထုကို သွေးနီရောင်များဖြင့် လင်းထိန်စေလိုက်သည်။ ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းစွမ်းအားများသည် သွေးကြောများကဲ့သို့ ဥမင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။ ကောင်းမင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထိုသွေးကြောများက ရှေ့သို့ ဆက်လက်တိုးပွားသွား၏။ နောက်ဆုံးတွင် သူရှေ့၌ မှောက်နေသော ဘတ်စ်ကားတစ်စင်း ထွက်ပေါ်လာတော့သည်။

သူ မော့ကြည့်လိုက်သောအခါ ဟန်ဟိုင်းသွေးမြို့တော်မှ ဖြာထွက်လာသော သွေးကြောတစ်ခုချင်းစီ၏ အဆုံးသည် ကောင်းမင်၏ အလောင်းတစ်ခုစီနှင့် ချိတ်ဆက်ထားသည်ကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းသည် မယုံနိုင်လောက်အောင် ခြောက်ခြားဖွယ် ကောင်းလှသည်။ ကောင်းမင်သည် ဥမင်တစ်ခုလုံး ပြည့်နှက်နေသော သူကိုယ်တိုင်များကို ပြန်ကြည့်နေမိသည်။ လူတိုင်း၏ ကံကြမ္မာသည် သူ့ထံတွင် စုဆုံနေခဲ့ခြင်း ဖြစ်သည်။

“အရင်ကတော့ ငါ့အလောင်းတွေကိုပဲ မြင်ခဲ့ရတာ၊ အခုတော့ တခြားအရာတွေကိုပါ ငါ မြင်နိုင်နေပြီထင်တယ်”

ဟန်ဟိုင်းသွေးမြို့တော် စည်းမျဉ်းများ၏ အကူအညီဖြင့် ကောင်းမင်ရှေ့မှောက်ရှိ ဖြောင့်တန်းနေသော ဥမင်မှာ လမ်းခွဲများစွာအဖြစ် ပြောင်းလဲလာသည်။ အလောင်းတစ်ခုစီက လမ်းကြောင်းတစ်ခုစီကို ကိုယ်စားပြုနေသည့်အလားပင်။

အချို့ လမ်းများသည် အချိန်အကြာကြီး စွန့်ပစ်ခံထားရသဖြင့် သစ်ပင်ခြောက်များနှင့် ကျောက်တုံးများ ပြည့်နှက်နေသည်။ အချို့မှာမူ လူသားဆန်သော ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေကာ ကွန်ကရစ်လမ်းချောများရှိပြီး အရေးပေါ် ရပ်နားရန်နေရာများလည်း ရှိနေသည်။ ယာဉ်မောင်းသူများ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အမှောင်ထုကြားတွင် ပိတ်မိနေသည့် ခံစားချက်ကို လျှော့ချရန်အတွက် ဥမင်အတွင်း၌ အထူးအလင်းတန်းများ တပ်ဆင်ထားပြီး ‘ပြာလဲ့သော ကောင်းကင်နှင့် တိမ်တိုက်ဖြူများ’ ကို ပုံဖော်ပေးထားရာ ယာဉ်မောင်းနှင့် ခရီးသည်များမှာ အပြင်ဘက်သို့ ရောက်နေသကဲ့သို့ ခံစားရစေသည်။ အချို့လမ်းများမှာမူ မတော်တဆမှု ဖြစ်ပွားပြီးစကဲ့သို့ သွေးစွန်းသည့် ခြေရာများ မြေပြင်ပေါ်တွင် ကျန်ရှိနေဆဲပင်...။

တူညီသော ဥမင်။ ဆာလောင်တစ္ဆေပွဲတော်နေ့တွင် ရပ်တန့်နေသည့် တူညီသော အချိန်။ သို့သော် မတူညီသော ကံကြမ္မာရွေးချယ်မှုများကြောင့် ဥမင်အတွင်းမှ မြင်ကွင်းများက လုံးဝကွဲပြားနေကြခြင်း ဖြစ်သည်။

“ဒီဥမင်တွေဟာ ကံကြမ္မာရဲ့ မြစ်လက်တက်တွေကို ကိုယ်စားပြုနေတာပဲ၊ ငါ့ရဲ့ မတူညီတဲ့ ကံကြမ္မာတွေဟာ နောက်ဆုံးတော့ အနက်ရှိုင်းဆုံးစိတ်ပျက်အားငယ်မှုတွေကြားမှာ အတင်းအကျပ် စုဆုံသွားကြတာပဲ”

အချိန်ကို ပြန်ကြည့်လိုက်လျှင် မရေမတွက်နိုင်သော ဥမင်များသည် တစ်ခုနှင့်တစ်ခု ထပ်နေကြပြီး သွေးနီရောင် ပစ္စုပန်ကာလအတွင်းသို့ လိမ်ယှက်ဝင်ရောက်နေသော မရေမတွက်နိုင်သည့် အတိတ်များကို ကိုယ်စားပြုနေလေသည်။

“ငါ့အိမ်က ဒီထဲမှာ ရှိရမယ်... ဒီမရေမတွက်နိုင်တဲ့ ဥမင်တွေထဲက တစ်ခုက ငါ့အတွက် ဖြစ်ရမယ်... ဒါပေမဲ့ ငါရှာမတွေ့ဘူး”

“အတွင်းကမ္ဘာရဲ့ ကောင်းကင်ယံကို ကံကြမ္မာက ဖုံးကွယ်ထားတယ်၊ သစ်ရွက်တစ်ရွက်ချင်းစီက လူသားကမ္ဘာတစ်ခုပဲ၊ ငါဟာ ဟန်ဟိုင်းသား မဟုတ်သလို လက်တွေ့ကမ္ဘာက ရှင်းလုသားလည်း မဟုတ်ဘူး၊ ငါဟာ သစ်ရွက်တစ်ရွက်ကနေ၊ လက်တွေ့ကမ္ဘာရဲ့ အသေးငယ်ဆုံး ဖုန်မှုန့်တစ်စက်ကနေ လာခဲ့တာဖြစ်ရမယ်”

ကောင်းမင်သည် ကောင်းယန်၏ စကားကို ပြန်အမှတ်ရလိုက်သည်။ သူသည် ကံကြမ္မာမြစ်လက်တက်အားလုံးထဲတွင် သာမန်အဖြစ်ဆုံးသော ဗားရှင်းဖြစ်ပေသည်။

“ဒါဆိုရင် ငါ့အိမ်ကို ဘယ်လိုရှာရမလဲ”

သူ့အိတ်ကပ်ထဲသို့ နှိုက်ကြည့်လိုက်သောအခါ ရွှမ်ဝမ်ချန်ထားခဲ့သော အိမ်သော့နှင့် သူ အမြဲတမ်း တန်ဖိုးထားသိမ်းဆည်းထားခဲ့သော မွေးနေ့ဓာတ်ပုံလေးကို တွေ့ရှိလိုက်ရသည်။

အပိုင်း (၈၀၃) အိမ်လား… ဒါက ငါ့အိမ်လား

မွေးနေ့ဆိုသည်မှာ သက်ရှိထင်ရှားရှိမှု၊ မျှော်လင့်ချက်နှင့် အနာဂတ်ကို ဂုဏ်ပြုခြင်းကို ကိုယ်စားပြုပြီး လူသေဓာတ်ပုံမှာမူ သေခြင်းတရား၊ လွမ်းဆွတ်သတိရမှုနှင့် အတိတ်ကို ဂုဏ်ပြုခြင်းကို ကိုယ်စားပြုလေသည်။

ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော ဤအရာနှစ်ခုသည် ဓာတ်ပုံတစ်ပုံတည်းတွင် အတူတူ ပေါ်ပေါက်နေကြသည်။ ကောင်းမင်က သူ၏မွေးနေ့ကိတ်ရှေ့တွင် ဆုတောင်းနေပြီး သူ၏ ဖခင်များနှင့် မိခင်များက သူ့နောက်တွင် ရပ်နေကြသည်။ အဖြူအမည်းပုံရိပ်ထဲတွင် သေခြင်းတရားက ဘဝသစ်ကို ကောင်းချီးပေးနေသည့်အလား ထင်ရသည်။

ကောင်းမင်သည် ထိုလူသေဓာတ်ပုံကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူသည် ဓာတ်ပုံ၏ ကျောဘက်ရှိ စာသားများကို ထပ်မံဖတ်ရှုရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ သူသည် ထောင့်တစ်နေရာသို့ အမြန်ပုန်းလိုက်ပြီး ဥမင်လိုဏ်ခေါင်းတစ်ခုဆီသို့ စောင်းငဲ့ကြည့်ရှုလိုက်သည်။

ထိုဥမင်ထဲမှ ထွက်လာသော ကောင်းမင်သည် သေဆုံးနေပြီဖြစ်ပြီး မျက်လုံးတစ်ဖက်နှင့် လက်တစ်ဖက်တည်းသာ ကျန်တော့ကာ တစ်စုံတစ်ခုသော လမ်းကြောင်းကို ညွှန်ပြနေလေသည်။ သို့သော် သူ၏ ဖခင်နှင့် မိခင်မှာမူ မသိကြပေ။

ဥမင်တစ်ခုလုံးတွင် ရွှံ့နွံများနှင့် ဆူးချုံပင်များ ပြည့်နှက်နေပြီး ပြိုကျနေသော ကျောက်တုံးများနှင့် သစ်ပင်ခြောက်များ စုပုံနေခဲ့သည်။ စိုးရိမ်ပူပန်နေသော မျက်နှာများဖြင့် သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးသည် ထိုဥမင်ထဲမှ ထွက်လာပြီး သွေးနီရောင် ဥမင်လမ်းကြောင်းထဲသို့ ဝင်ရောက်လာကြသည်။

သူတို့သည် ကံကြမ္မာမြစ်လက်တက်တစ်ခုမှတစ်ဆင့် ဟန်ဟိုင်းအတွင်းသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ ကောင်းမင်၏ သေဆုံးသွားသော မိဘများမှာလည်း ပါဝင်လာပြီး ဤမျှော်လင့်ချက်မဲ့ပြီး ရက်စက်လှသော အတွင်းကမ္ဘာထဲသို့ အားလုံးစုဆုံလာကြခြင်း ဖြစ်တော့သည်။

သူတို့သည် အတွင်းကမ္ဘာ၏ ဟန်ဟိုင်းမြို့ကြီးက မည်မျှကြောက်စရာကောင်းသည်ကို လုံးဝ မသိနားမလည်ကြပေ။ သူတို့ သိသည်မှာ သူတို့ကလေး ရုတ်တရက် ပျောက်ဆုံးသွားသဖြင့် သူ့ကို ရှာဖွေချင်နေကြခြင်းသာ ဖြစ်သည်။

အလင်းရောင်သည် အတွင်းကမ္ဘာ၏ အမှောင်ထုထဲတွင် ဝါးမြိုခံထာားရသည်။ ထိုဇနီးမောင်နှံသည် သူတို့ခေါင်းပေါ်တွင် ကပ်တွယ်နေသော အလောင်းများကို မမြင်နိုင်ကြပေ။ သူတို့သည် စမ်းတဝါးဝါးဖြင့် ရှေ့သို့ တိုးလာကြသည်။ အတွင်းကမ္ဘာထဲသို့ တစ်ခါ ခြေချမိပြီးပါက နောက်ပြန်လှည့်ရန် လမ်းမရှိတော့သည်ကို သူတို့ သိကြသည်။

ကောင်းမင် သူတို့ကို သတိပေးချင်သော်လည်း စကားလုံးများက ထွက်မလာခဲ့ပေ။ အကြောင်းမှာ သူသည် သူတို့ ရှာနေသော ကောင်းမင်မဟုတ်သောကြောင့်ပင်။

ကောင်းမင်သည် သွေးမြို့တော်စွမ်းအားကို အသုံးပြု၍ လမ်းကို ရှင်းလင်းပေးရင်း ထိုဇနီးမောင်နှံနောက်သို့ လိုက်ပါသွားသည်။ သူတို့ ပထမဆုံးအကြိမ် သရဲနှင့် ထိပ်တိုက်တွေ့စဉ် ခံစားရသော ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများမှသည် နောက်ဆုံးတွင် ရှင်သန်ရန်အတွက် နည်းလမ်းမျိုးစုံကို ကြိုးစားရင်း ထုံထိုင်းအသားကျသွားသည်အထိ သူစောင့်ကြည့်နေခဲ့သည်။

သူတို့တွင် ကောင်းမင် ဘယ်မှာ နေထိုင်သလဲကို သိချင်သည့် ရည်မှန်းချက်တစ်ခုတည်းသာ ရှိလေသည်။

“ကောင်းယန်က အချိန်ဥမင်ထဲမှာ ပတ်ချာလည်နေတယ်၊ ငါက သေခြင်းဥမင်ထဲမှာ လည်ပတ်နေတယ်၊ ငါတို့ကို အမြဲတမ်းလိုက်ရှာနေတဲ့ လူတွေကတော့ နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှု သံသရာထဲမှာ လည်ပတ်နေကြတာပဲ... ကောင်းယန်က ဒါကို ဆိုလိုတာပဲ၊ ငါ အကြိမ်ကြိမ် ပြန်လည်စတင်နိုင်ရတဲ့ အကြောင်းရင်းက တစ်ယောက်ယောက်က ငါ့ကို အမြဲတမ်းသတိရနေလို့၊ ဂရုစိုက်နေလို့၊ ငါ ရှိနေသေးတယ်လို့ ယုံကြည်နေလို့ပဲ၊ တစ်ယောက်ယောက်က နာမည်ကို မှတ်မိနေသရွေ့ တကယ် မသေဆုံးနိုင်တဲ့ အဲ့ဒီမပြောသင့်သူတွေလိုမျိုးပေါ့”

“သူတို့ ငါ့ကို ရှာနေခဲ့ကြတာပဲ”

“ဒါမှမဟုတ်... သူတို့ ရှာနေတာ ငါမဟုတ်ဘူးလား”

ကောင်းမင် အကြိမ်ကြိမ် ပြန်လည် မွေးဖွားနိုင်ခြင်းမှာ တစ်စုံတစ်ယောက်က သူ့ကို အမြဲတမ်း သတိရနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ ကံကြမ္မာမြစ်လက်တက်များက လုံးဝ ပြတ်တောက်မသွားခြင်းပင်။ သို့မဟုတ်ပါက သူသေဆုံးသွားလျှင် အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။

“ကံကြမ္မာရဲ့ သိမြင်မှုကနေ လွတ်မြောက်ဖို့အတွက် အဲ့ဒီ သွေးနီရောင်ကုတ်အင်္ကျီဝတ် ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားနဲ့ တခြားကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတွေက ရောယှက်နေတဲ့ သံသရာစက်ဝန်းလေးခုကို ဖန်တီးခဲ့ကြတာပဲ၊ သူတို့က ဒီအားအနည်းဆုံး အချက်ကို အသုံးချပြီး ကံကြမ္မာကို တွန်းလှန်ချင်ကြတာ”

ထိုသက်လတ်ပိုင်း ဇနီးမောင်နှံနောက်သို့ တိတ်တဆိတ် လိုက်ပါရင်း ကောင်းမင်သည် သူတို့ သေလုမြောပါးဖြစ်ရမည့် အခြေအနေများမှ အကြိမ်ကြိမ် ကာကွယ်ပေးခဲ့သဖြင့် သူတို့သည် အရိပ်ကမ္ဘာရှိ ဟန်ဟိုင်းမြို့ဟောင်းသို့ ချောမွေ့စွာ ရောက်ရှိသွားကြသည်။

ထိုနှစ်ဦးသည် တစ်စုံတစ်ယောက် ပေးထားသော လိပ်စာအတိုင်း လီစန်းဆေးရုံဟောင်းသို့ ဝင်ရောက်သွားကြသည်။ သူတို့သည် အနောက်ဘက် အဆောက်အအုံသို့ တန်းတန်းမတ်မတ် သွားကာ ဒေါက်တာလုဇန်၏ ဆွေးနွေးခန်းတံခါးကို ခေါက်လိုက်ကြသည်။

ယင်းကို မြင်သောအခါ ကောင်းမင်၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားရသည်။

“ဒေါက်တာလု၊ အထဲမှာ ရှိပါသလား”

“ရှင်က ကျွန်မတို့ကလေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ ပြောခဲ့တယ်၊ သူ ဒီမှာ အလုပ်လုပ်ရင်း မတော်တဆဖြစ်သွားတယ်လို့လည်း ပြောခဲ့တယ်လေ၊ ဒါကြောင့် သူ့ကို အိမ်ပြန်ခေါ်ဖို့ ကျွန်မတို့ လာခဲ့တာပါ”

“ဒေါက်တာလု… အထဲမှာ ရှိပါသလား”

တံခါးခေါက်သံများ ဆက်တိုက်ထွက်ပေါ်နေပြီး နောက်ဆုံးတွင် ထိုဇနီးမောင်နှံသည် ဆေးခန်းတံခါးကို တွန်းဖွင့်ဝင်သွားကြသည်။ သူတို့ မြင်လိုက်ရသည်မှာ သွေးနီရောင်ပရိဘောဂများသာ ဖြစ်ပြီး လုဇန်ကိုမူ ဘယ်နေရာမှာမှ ရှာမတွေ့ပေ။

“ငါ့မိဘတွေဆီ သတင်းပို့လိုက်တာ လုဇန်ပဲ၊ အဲ့ဒီလူက အတွင်းကမ္ဘာက သရဲတစ်ကောင် ဟုတ်ပုံမရဘူး၊ သူက မတူညီတဲ့ ကံကြမ္မာမြစ်လက်တက်တွေကြားထဲကို ကူးလူးသွားလာနိုင်တဲ့ စွမ်းရည်ရှိပုံရတယ်”

“တကယ်လို့ ငါ့မိဘတွေ အတွင်းကမ္ဘာထဲ ပထမဆုံးရောက်လာရတာက လုဇန်ကို ရှာဖို့ဆိုရင် သူတို့ဟာ လုဇန်အသုံးချတာကို ခံရတော့မှာပဲ၊ ဦးနှောက်ဆေးတာလား၊ စမ်းသပ်တာလား ဒါမှမဟုတ် ကြိုးဆွဲရာကရတဲ့ အလောင်းတွေအဖြစ် ပြောင်းလဲခံရမှာလား”

ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းထဲတွင် မရေမတွက်နိုင်သော အဖေအမေများ နေထိုင်နေကြဆဲ ဖြစ်သည်။ သူတို့အားလုံးမှာ ကောင်းမင်က သူတို့ဓာတ်ပုံများကို အသုံးပြု၍ ခေါ်ယူထားခြင်း ဖြစ်သည်။

ကောင်းမင် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် သူ့အသွေးအသား တစ်စိတ်တစ်ပိုင်းကို ဆွဲထုတ်လိုက်ပြီး သားစားကြူးနတ်ဘုရား၏ စွမ်းရည်နှင့် သွေးမြို့တော်စည်းမျဉ်းများကို အသုံးပြုကာ သူနှင့် တစ်ပုံစံတည်းတူအောင် ဖန်တီးလိုက်သည်။ ထို့နောက် သူ့ဝိညာဉ်အကြွင်းအကျန် အပိုင်းအစတစ်ခုကို ထိုခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။

“သွားတော့၊ ငါ့ကိုယ်စား အဖေနဲ့ အမေနားမှာ နေပေးလိုက်ပါ”

သူ၏ အသွေးအသားကိုယ်ပွားကို ပုခုံးပုတ်ပေးလိုက်ပြီးနောက် ကောင်းမင် လှည့်ထွက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ ရှာနေသော အိမ်မှာ ဤနေရာ မဟုတ်ပေ။

ကောင်းမင်သည် ဥမင်၏ အနက်ရှိုင်းဆုံးနေရာသို့ ပြန်သွားရင်း အဖြူအမည်း လူသေဓာတ်ပုံကို ခပ်ဖွဖွ ထိတွေ့ကာ သွေးမြို့တော်သရဲပုံစံကွက်များကို ၎င်းအတွင်းသို့ တဖြည်းဖြည်း ထည့်သွင်းလိုက်သည်။

ဖြည်းညင်းစွာဖြင့် ကောင်းမင်သည် နွေးထွေးသော လက်တစ်စုံက သူ့ကို ပွေ့ဖက်ထားသလို ခံစားလိုက်ရသည်။သူသည် နံရံတစ်လျှောက် လျှောက်လှမ်းလာရင်း ကားမတော်တဆမှု ဖြစ်ပွားရာနေရာနှင့် မဝေးသော ထောင့်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ဥမင်အတွင်းရှိ အရေးပေါ် ထွက်ပေါက်တံခါးတစ်ခုကို တွေ့ရသည်။တံခါးမျက်နှာပြင်မှာ ဖုန်မှုန့်များနှင့် သွေးများ ပေကျံနေခဲ့သည်။ ၎င်းကို သန့်ရှင်းအောင် သုတ်လိုက်သောအခါ “အရေးပေါ် ထွက်ပေါက်တံခါး” ဟု အဖြူရောင်ဖြင့် ရေးထားသည်ကို မြင်လိုက်ရသည်။

“သာမန်တံခါးတစ်ခုပါပဲ၊ ဘာမှ မထူးခြားဘူး ၊ ဘာထူးခြားတဲ့ စွမ်းအားမှလည်း ထွက်မနေဘူး”

ကောင်းမင်သည် ထိုတံခါးကို ပေါ့ပေါ့ပါးပါး တွန်းဖွင့်လိုက်သည်။ထို့နောက် ၎င်းနောက်ကွယ်ရှိ မြင်ကွင်းကြောင့် သူ မှင်တက်သွားကာ အကြာကြီး ရပ်နေမိတော့သည်။

တံခါးနောက်ရှိ နေရာလေးမှာ သေးငယ်သော်လည်း သွေးများ၊ သော့ခြစ်ရာများနှင့် အခြားသော အမှတ်အသားများဖြင့် ချန်ထားခဲ့သော သတင်းအချက်အလက်များစွာ ပြည့်နှက်နေပေသည်။

“လီစန်းဆေးရုံကို မသွားနဲ့၊ လုဇန်ကို မယုံနဲ့၊ ဆေးတွေကို မသောက်နဲ့”

“လီစန်းဆေးရုံက သေမင်းလမ်းပဲ၊ လုဇန်က ငါတို့ကလေးကို လှည့်စားဖို့ ငါတို့ရဲ့ ဓာတ်ပုံတွေကို ဖန်တီးလိမ့်မယ်”

“ဒီမြို့အောက်မှာ ဧရာမအလောင်းကြီးတစ်ခု မြှုပ်ထားတယ်၊ အဲ့ဒါက လမ်းညွှန်ပေးလိမ့်မယ်၊ ငါ ဒဏ်ရာတွေ အရမ်းပြင်းလို့ ဆက်မသွားနိုင်တော့ဘူး”

“ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာ ဘေးကင်းတဲ့နေရာ ရှိတယ်၊ မှတ်ထားပါ၊ အဲ့ဒီက တစ်ဦးတည်းသော လူကောင်းနာမည်က ယန်ရှီကျီးတဲ့”

“ကလေးက မြို့တော်အရှေ့ပိုင်းမှာ မရှိဘူး၊ ငါ နေရာအနှံ့ ရှာပြီးပြီ၊ တခြားနေရာမှာ သွားရှာ”

“အနက်ရောင်မြူတွေကို သတိထား၊ ငါ့ယောက်ျား အဲ့ဒီထဲမှာ ပျောက်သွားပြီ၊ ဒီသတင်းစကားကို ချန်ထားပြီးရင် ငါ ပြန်သွားတော့မယ်၊ တကယ်လို့ ငါပြန်မလာခဲ့ရင် အနက်ရောင်မြူတွေနဲ့ ဝေးဝေးမှာနေဖို့ မှတ်ထားပါ”

“ရွှမ်ဝမ်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ငါတွေ့ခဲ့တယ်၊ သူက ငါတို့ကလေးကို တွေ့ခဲ့တယ်တဲ့၊ သူ့ကို သွားရှာပါ”

“မြန်မြန်လုပ်၊ သူတို့တွေ ငါတို့ကလေးကို မတွေ့ခင် ငါတို့အရင်ကယ်ရမယ်”

တူညီသော လက်ရေးများ၊ မတူညီသော သတင်းစကားများ၊ မတူညီသော ကံကြမ္မာများမှ မိဘများအားလုံးသည် သူတို့၏ကလေးကို ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့တွင် ထူးခြားသော စွမ်းရည်များ မရှိကြသော်လည်း သူတို့၏ ကိုယ်ပိုင်အသွေးအသားများဖြင့် ဤသရဲတစ္ဆေများ ပြည့်နှက်နေသော ကမ္ဘာကြီးထဲတွင် ဤသတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ကောင်းမင်သည် ဤနေရာတွင် ဘာသရဲစွမ်းအားမှ မရှိသောကြောင့် ယခင်က ထိုတံခါးကို လုံးဝ လျစ်လျူရှုခဲ့မိသည်။ ၎င်းမှာ သာမန်လူသားများ ချန်ထားခဲ့သော သတင်းအချက်အလက်များသာ ဖြစ်သည်။

လှေကားထစ်များအတိုင်း ဆင်းသွားစဉ် ကောင်းမင်သည် သော့ခတ်ထားသော တံခါးတစ်ချပ်ကို တွေ့လိုက်ရသည်။ သွေးမြို့တော်တက်တူးရှိနေသော သူ့လက်ချောင်းများက အနည်းငယ် တုန်ယင်နေလေသည်။

ကောင်းမင်သည် ရွှမ်ဝမ်ချန်ထားခဲ့သော သော့ကို ထုတ်ယူ၍ ၎င်းကို သော့ပေါက်ထဲ ထည့်ပြီး ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

တံခါး ပွင့်သွားခဲ့ချေပြီ။

ဘာချိတ်ပိတ်မှုမှ မရှိ၊ ဘာကျိန်စာမှ မရှိ၊ ဘာသရဲ အမှတ်အသားမှ မရှိဘဲ ရိုးရှင်းလှသော တံခါးတစ်ချပ်သာ ဖြစ်သည်။

ထောင့်တစ်နေရာတွင် စွန့်ပစ်ထားသော မီးသတ်ဆေးဘူး အချို့ ရှိနေပြီး အင်္ဂတေမြေနံရံ လေးဖက်လုံးတွင် ညွှန်ကြားချက်များ ပြည့်နေလေသည်။ ကြမ်းပြင်ပေါ်တွင် သေသပ်စွာ ပုံထားသော စာရွက်များ၊ မှတ်စုစာအုပ်များနှင့် ကတ်ထူသေတ္တာများထဲတွင် သူတို့၏ နောက်ဆုံးစကားများ ပြည့်နှက်နေခဲ့သည်။ ကောင်းမင်အတွက် အများဆုံး တွေ့ရသော စကားလုံးမှာ “အသက်ရှင်ပါ၊ ကောင်းကောင်းမွန်မွန် ရှင်သန်ပါ” ဟူ၍ ဖြစ်သည်။

ကောင်းမင်သည် ထိုနေရာတွင် ထိုင်ချလိုက်ပြီး စာသားများကို တစ်လုံးချင်းစီ ဖတ်ရှုတော့သည်။

နက်ရှိုင်းလှသော အရိပ်ကမ္ဘာထဲတွင် ပိတ်မိနေရင်း သူတို့သည် သူတို့ကလေးကို ရှာဖွေရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြသည်။ အချို့မှာ လုဇန်ထံမှ စတင်ခဲ့ပြီး အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သော်လည်း နောက်ဆုံးတွင် လီစန်းဆေးရုံသည် သေမင်းလမ်းကြောင်းဖြစ်ကြောင်း သတင်းအချက်အလက်ကို ယူဆောင်လာနိုင်ခဲ့ကြသည်။ လုဇန်သည် မတူညီသော ကံကြမ္မာမြစ်လက်တက်များမှ မိဘများ၏ မှတ်ဉာဏ်များကို ပြုပြင်ပြောင်းလဲ၍ ကောင်းမင်ကို လွှမ်းမိုးရန်၊ သူ၏ လူသေဓာတ်ပုံကို ပေးအပ်ရန်နှင့် သူ့ကို “မိဘ” ဟု ခေါ်ဝေါ်စေရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ အစစ်အမှန် ရည်ရွယ်ချက်မှာ ဟန်ဟိုင်းရှိ မြို့သူမြို့သားများကို အရိပ်ကမ္ဘာထဲသို့ ပိုမိုဆွဲသွင်းရန်၊ ဟန်ဟိုင်း၏ ပုံပျက်ခြင်းကို မြန်ဆန်စေရန်နှင့် အိပ်မက်သရဲများ ပိုမိုပေါ်ပေါက်လာစေရန် ဖြစ်သည်။

အချို့ မိဘများသည် ဥမင်တစ်ခုလုံးတွင် ပြည့်နှက်နေသော ကောင်းမင်၏ အလောင်းများကို မြင်သောအခါ ရူးသွပ်သွားခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့ကို အခြားမိဘများက တွေ့ရှိခဲ့ကြပြီး သူတို့ကလေးမှာ အသက်ရှင်နေသေးသည်ဟု ခိုင်မာစွာယုံကြည်ကာ လက်မလျှော့ခဲ့ကြပေ။

အခြား မိဘများမှာမူ လုဇန်ကို ရှောင်ရှား၍ အရိပ်ကမ္ဘာ၏ အခြားနေရာများကို စူးစမ်းခဲ့ကြပြီး ဂူသင်္ချိုင်းကြီးအောက်မှ အလောင်းများကို တွေ့ရှိကာ ထိုအလောင်းများပေါ်မှ သရဲပုံစံကွက်အချို့ကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုပုံစံကွက်များ၏ ရည်ရွယ်ချက်ကို သူတို့ မသိကြသော်လည်း သူတို့ကလေးအတွက် ကောင်းကျိုးပြုနိုင်သည်ဟု ထင်မြင်သဖြင့် ဥမင်အတွင်းရှိ ကောင်းမင်၏ အလောင်းများပေါ်တွင် ထိုပုံစံကွက်များကို လိုက်လံရေးဆွဲပေးခဲ့ကြသည်။

မှတ်စုစာအုပ်ထဲမှ စာတစ်ကြောင်းချင်းစီသည် သူတို့၏ဘဝများ ဖြစ်နေနိုင်သည်။ ကောင်းမင်သည် စာမျက်နှာတိုင်းကို ဖြည်းဖြည်းချင်း လှန်လှောကြည့်နေမိသည်။ သူသည် ဤမျှလောက် လေးလံလှသော “ပေးစာ” မျိုးကို တစ်ခါမှ မဖတ်ခဲ့ဖူးပေ။

(TL note - ဘဝမှာ ဒီလိုဝမ်းနည်းစရာစာပေမျိုး တစ်ခါမှ မဖတ်မိခဲ့ဖူးဘူး၊ အဝေးမှာ ရောက်တဲ့နေတဲ့ စာရေးသူအတွက်တော့ အိမ်ပြန်လမ်းဟာ ကောင်းမင်လောက် မဆန်းပြားပေမယ့် စိတ်ပျက်အားငယ်မှုနဲ့ နာကျင်မှုတွေကိုတော့ ထပ်တူခံစားရပါတယ်)

အပိုင်း (၈၀၄) ကံကြမ္မာ

ကောင်းမင် နောက်ဆုံးစာကြောင်းကို ဖတ်ပြီးသွားချိန်တွင် ကောင်းယန် သူ့ကို ကြည့်ခဲ့သည့် အကြည့်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ ထိုအကြည့်သည် သနားခြင်းနှင့် စာနာမှုတို့ ရောပြွမ်းနေသည့် အလွန်တရာ နက်ရှိုင်းရှုပ်ထွေးသော အကြည့်မျိုး ဖြစ်သည်။

ကံကြမ္မာ၏ မြစ်လက်တက်အားလုံးသည် အတွင်းကမ္ဘာ၏ ဟန်ဟိုင်းထဲသို့ စီးဝင်သွားကြခြင်းဖြစ်သည်။ အနည်းဆုံးတော့ ဟန်ဟိုင်းရှိ ကောင်းယန်၏ ကလေးဘဝ မှတ်ဉာဏ်များမှာ အစစ်အမှန်ဖြစ်နေပြီး ကောင်းမင်ကဲ့သို့ ဝေခွဲမရဖြစ်နေမည် မဟုတ်ပေ။

အရာအားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက်တွင် ကောင်းမင်သည် သူပြန်ရမည့်လမ်းကို ရှာမတွေ့တော့ပေ။ မည်သည့်အတိတ်က သူ့အတွက်ဖြစ်သည်ကို မမှတ်မိတော့သလို သူ့ကိုယ်ပိုင်နာမည်ကိုပင် သူရှာမတွေ့နိုင်တော့ပေ။

“ရှာမတွေ့ရင်လည်း ထားလိုက်ပါတော့၊ ကံကြမ္မာမြစ်လက်တက် အားလုံးက ငါ့ဆီမှာ လာစုဆုံနေတာဆိုတော့ သူတို့မိဘတွေကလည်း ငါ့ရဲ့ မိဘတွေပဲပေါ့”

ဖြစ်နိုင်သည်မှာ ဤအချက်ကပင် သူ၏ အစကတည်းက ယုံကြည်ချက် ဖြစ်နေပုံရသည်။ ထို့ကြောင့်လည်း သူ့‘အိမ်’ ထဲရှိ နောက်ဆုံးစကားများနှင့် ညွှန်ကြားချက်များကို ဖတ်ရှုနေစဉ် ကောင်းမင်၏ စိတ်ခံစားချက်များ ပြင်းထန်စွာ လှုပ်ခတ်နေခဲ့ခြင်း ဖြစ်သည်။

ကောင်းမင်က စုတ်ပြဲနေသော မှတ်စုစာအုပ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ စာအုပ်ကို ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ထည့်ရန် ပြင်လိုက်စဉ် စာကြောင်းတစ်ကြောင်းသည် ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ကောင်းမင် အမြန်မော့ကြည့်လိုက်ရာ နံရံပေါ်တွင် သွေးဖြင့် ရေးသားထားသော အခြားညွှန်ကြားချက်တစ်ခုမှာလည်း ပျောက်ကွယ်သွားပြီး အက်ကွဲနေသော အင်္ဂတေနံရံသာ ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။

“ငါ့မိဘတွေ ချန်ထားခဲ့တဲ့ သတင်းအချက်အလက်တွေ ပျောက်ကွယ်နေတာလား”

ရှိပြီးသား သတင်းအချက်အလက်များသည် ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး အကြောင်းပြချက်မရှိဘဲ ဖျက်ဆီးခံနေရသည်။

“စွမ်းအားတစ်မျိုးက ဒါတွေကို အချိန်မြစ်ထဲကနေ ဖျက်ထုတ်နေတာပဲ၊ ဒါ ကံကြမ္မာရဲ့ လက်ချက်ပဲ”

ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင် ကံကြမ္မာ၏ တိုက်ခိုက်မှု နည်းလမ်းများသည် မမြင်တွေ့နိုင်သလို မထိတွေ့နိုင်သော အရာများဖြစ်သည်။ အရာအားလုံး၏ ကံကြမ္မာကို တိတ်တဆိတ် ပြောင်းလဲနိုင်စွမ်းမှာ ကံကြမ္မာတွင်သာ ရှိပေသည်။

“ဟန်ဟိုင်းသွေးမြို့တော် ဆင်းသက်လာချိန် ငါ့နှလုံးသားကို ဆုပ်ကိုင်ထားတဲ့အချိန်မှာ ငါ့ကို ကံကြမ္မာက ရှာတွေ့သွားတာပဲ၊ ကံကြမ္မာက ငါ့ကံကြမ္မာရဲ့ ခြေရာလက်ရာတွေ ဒါမှမဟုတ် ကမ္မကြိုးမျှင်တွေကို ရှာမတွေ့တော့ ငါ့ပတ်ဝန်းကျင်က လူတွေကို စပြီး ပစ်မှတ်ထားလာပြီ၊ ငါ့ကို မှတ်မိနေတဲ့သူတွေ၊ ငါ့ကို ဂရုစိုက်တဲ့သူတွေ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားအောင် လုပ်နေတာပဲ၊ နောက်ဆုံး လူတိုင်း ငါ့ကို မေ့သွားတဲ့အထိပေါ့”

ကောင်းမင် ဥမင်ထဲတွင် အကြိမ်ကြိမ် ပြန်လည်မွေးဖွားနိုင်ခဲ့ခြင်းနှင့် သူ့အလောင်းများ ဥမင်ထဲတွင် ကပ်ငြိနေပြီး ပျောက်ကွယ်မသွားခြင်းအကြောင်းအရင်းမှာ သူ့မိဘများက သူ့ကို အမြဲတမ်း ရှာဖွေနေပြီး သတိရနေသောကြောင့် ဖြစ်သည်။ ထိုအချက်က သံသရာစက်ဝန်းကို ပြတ်တောက်မသွားအောင် တားဆီးပေးထားခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ကံကြမ္မာသည် သူ့မိဘများကို စတင်ပစ်မှတ်ထားလာပြီ ဖြစ်သည်။ ကောင်းမင်ကို ဖျက်ဆီးရန်အတွက် ကံကြမ္မာသည် အပြစ်မဲ့သူမည်မျှကို သတ်ဖြတ်ရမည်ကို ဂရုမစိုက်ပေ။

မိဘများ မိမိမျက်စိရှေ့တွင် ပျောက်ကွယ်သွားခြင်းကို စောင့်ကြည့်နေရခြင်းသည် အလွန်အမင်း နာကျင်ပြီး ကြောက်စရာကောင်းသော ခံစားချက် ဖြစ်သည်။ သေဆုံးခြင်းအတွက် ဝမ်းနည်းပူဆွေးနိုင်သော်လည်း အမှတ်တရအားလုံး ဖျက်ဆီးခံရခြင်းသည် ရုတ်တရက် မှတ်ဉာဏ်များ ပျောက်ဆုံးသွားသကဲ့သို့ပင်။ တစ်စုံတစ်ရာကို ပိုင်ဆိုင်ခဲ့သည်မှာ သေချာသော်လည်း ဘာမှ မမှတ်မိတော့ဘဲ ဖော်ပြမရသော ဝမ်းနည်းမှုသာ ကျန်ရစ်တော့သည်။

ထိုပျောက်ကွယ်မှုသည် ကောင်းမင်ထံ ရောက်ရှိလာသည်အထိ ဆက်လက် ပျံ့နှံ့နေပေလိမ့်မည်။ သူ၏ ကိုယ်ပွားဗားရှင်း တစ်ခုချင်းစီသည် ဘာမှမဟုတ်သော အရာအဖြစ် ပြောင်းလဲသွားသည်ကို သူ စောင့်ကြည့်နေရမည်ဖြစ်သည်။ သူကိုယ်တိုင်မှာလည်း လုံးဝ အမေ့လျော့ခံလိုက်ရသော နောက်ဆုံးဗားရှင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

“အရာအားလုံးက ကံစီမံရာအတိုင်းပဲ၊ ကံကြမ္မာက သွေဖည်မှုတွေကို ပြန်တည့်မတ်ပေးနေတာပေါ့၊ ဒါပေမဲ့ ဒီတစ်ခါတော့ ကံကြမ္မာမှားနေတယ်လို့ ငါထင်တယ်”

ကောင်းမင် လက်ကို ဝှေ့ယမ်းလိုက်ပြီး သွေးမြို့တော်၏ စည်းမျဉ်းများကို အသုံးပြု၍ နောက်ဆုံးစကားများနှင့် ညွှန်ကြားချက်အားလုံးကို သူ့နှလုံးသားပေါ်တွင် ခတ်နှိပ်လိုက်သည်။ ထို့နောက် ထိုအခန်းတစ်ခုလုံးကို တစ်လွှာပြီးတစ်လွှာ အကာအကွယ် ပေးလိုက်တော့သည်။

“ငါ ပျောက်ကွယ်မသွားချင်ရင် ကံကြမ္မာက မှားသွားရလိမ့်မယ်၊ သွေးနီရောင်ကုတ်အင်္ကျီဝတ် နတ်ဆိုးနတ်ဘုရားက သူ့ရဲ့ နောက်ဆုံးစကားမှာ ဒါကို ဆိုလိုခဲ့တာလား၊ ငါ ဘာကိုပဲ ရွေးချယ်ပါစေ ကံကြမ္မာရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေရမှာပဲ၊ ပြီးတော့ ကံကြမ္မာရဲ့ လိုက်လံတိုက်ခိုက်မှုကိုလည်း ရင်ဆိုင်ရမှာပဲ၊ ငါပြန်မခုခံရင် ငါနဲ့ ပတ်သက်သမျှ လူတွေ၊ အရာတွေအားလုံးဟာ ကံကြမ္မာရဲ့ ဖျက်ဆီးခံရမယ့်ပစ်မှတ်တွေ ဖြစ်ကုန်လိမ့်မယ်”

ကောင်းမင်သည် သူ့ ‘အိမ်’ ထဲမှ ထွက်လာရင်း ဥမင်၏ အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

သွေးမြို့တော်သည် ဥမင်၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ထားပြီး ကောင်းမင်၏ အတင်းအကျပ် ထိန်းချုပ်မှုအောက်တွင် ဧရိယာ၏ သုံးပုံနှစ်ပုံအထိသာ ပျံ့နှံ့သွားခဲ့သည်။

ထိုနေရာသည် ကောင်းမင်၏ ကံကြမ္မာမြစ်လက်တက်များအားလုံး စုဆုံရာနေရာသာမကဘဲ အိပ်မက်ဆိုးထဲရှိ ဟန်ဟိုင်း၊ ရှင်းလုနှင့် ဟန်ရှန်းတို့၏ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာလည်း ဖြစ်သည်။ ထိုနတ်ဆိုးနတ်ဘုရားများသည် နေရာပေါင်းများစွာကို စူးစမ်းခဲ့ကြပြီးမှ ဤနေရာကို သူတို့၏ပထမဆုံး ခြေလှမ်းအဖြစ် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းကိုယ်တိုင်ကပင် တစ်စုံတစ်ခုသော ထူးဆန်းမှုတစ်ခု ရှိနေသည်။

“ရှေ့ဆက်လျှောက်သွားရင်တော့ လက်တွေ့ကမ္ဘာက ရှင်းလုကို ရောက်သွားနိုင်တယ်”

သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်၏ လွှမ်းမိုးမှု ဧရိယာထဲမှ ထွက်မသွားချင်ပေ။ လက်တွေ့ကမ္ဘာထဲတွင် ကံကြမ္မာက တစ်စုံတစ်ခုကို ခင်းကျင်းထားသည်ဟု သူအာရုံခံမိနေသည်။ အဝေးမှ အမှောင်ထုသည် သူ့အား အေးစိမ့်စိမ့် ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။ ၎င်းကို အဓိပ္ပာယ်ဖွင့်ရလျှင် ကြောက်ရွံ့မှု ဖြစ်ပေလိမ့်မည်။

ဥမင်အတွင်းရှိ ကျောက်စရစ်ခဲများပေါ်တွင် ဖိနပ်သံများ တရှပ်ရှပ်မြည်နေ၏။ ကောင်းမင်သည် တိတ်တဆိတ် လှည့်ပြန်၍ ဟန်ဟိုင်းသွေးမြို့တော်ဆီသို့ ဦးတည်လျှောက်သွားတော့သည်။

သူနှင့် ပတ်သက်ဆက်နွယ်နေသူများမှာ ဖျက်ဆီးခံနေရသည်။ သူသည် ကံကြမ္မာနှင့် လုံးဝမမျှတသော တိုက်ပွဲတစ်ခုကို ဆင်နွှဲတော့မည်ဖြစ်သည်။ ထိုတိုက်ပွဲသည် သာမန် ရှင်းပြချက်အားလုံးကို ဆန့်ကျင်နေသော တိုက်ပွဲတစ်ခု ဖြစ်သည်။

ဖြစ်နိုင်သည်မှာ သူသည် သွေးထွက်သံယို မြင်ကွင်းများကို မြင်တွေ့ရမည် မဟုတ်သော်လည်း ကိုယ်လက်အင်္ဂါများ ပြတ်တောက်သွားသည့် မြင်ကွင်းများထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ်ပေလိမ့်မည်။

ဥမင်ထဲမှ ထွက်လာချိန်တွင် မြို့လယ်ခေါင်ရှိ အသားမီးဖိုကြီးမှ မီးတောက်များက ဟုန်းဟုန်းတောက်နေခဲ့သည်။ အထက်ရှိ ကောင်းကင်ဘုံဂိတ်တံခါးမှာ တစ်ဝက်ခန့် ပွင့်နေပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော အိပ်မက်များက ရေတံခွန်ကဲ့သို့ ညကောင်းကင်ယံမှ စီးကျနေလေသည်။ လွင့်မျောနေသော ကျွန်းပေါ်တွင်မူ အထီးကျန် အရိပ်တစ်ခုက ချဉ်းကပ်ရန် ကြိုးစားနေသည့် ဧရာမဝေလငါးကြီးကို ကျိန်စာများ အသုံးချ၍ အကြိမ်ကြိမ် တွန်းထုတ်နေလေသည်။

ဟန်ဟိုင်းသည် အကန့်အသတ်မရှိဘဲ ကမ္ဘာကြီး၏ နောင်တတရားများကို အဆက်မပြတ် ဆွဲယူနေပြီး လူသားများ မေ့လျော့ထားသော အိပ်မက်များကို အရည်ပျော်စေနေသည်။ ပြန်လည်တည်ဆောက်ပြီးသည်မှာ မကြာသေးသော်လည်း မြို့တော်၏ လူဦးရေမှာ ဆယ်ရာခိုင်နှုန်းခန့် တိုးလာခဲ့ပြီဖြစ်သည်။

“အခုကစပြီး ဒီလောကရဲ့ နောင်တတွေနဲ့ အိပ်မက်တွေက သူတို့အိမ်ကို ပြန်တွေ့သွားကြပြီ၊ ဒါတွေ အားလုံးက ငါတို့ကြောင့်ပဲ”

ကျိကျဲ၏ အသံမှာ သူ့ဘေးရှိ သစ်ကိုင်းတစ်ခုမှ ထွက်ပေါ်လာသည်။ အသားသစ်ပင်ကြီးသည် ဟန်ဟိုင်းထဲတွင် ပေါင်းစည်းသွားပြီး အစစ်အမှန် အိပ်မက်သရဲတစ်ကောင် ဖြစ်လာခဲ့ပြီဖြစ်သည်။ ၎င်း၏ အမြစ်များသည် မရေမတွက်နိုင်သော နက်ရှိုင်း အိပ်မက်ဆိုးများထဲသို့ ထိုးဖောက်ဝင်ရောက်၍ ဟန်ဟိုင်းကို လျင်မြန်စွာ နယ်မြေချဲ့ထွင်ရန် ကူညီပေးနေသည်။

“မင်းက တကယ်ကြီး ထူးခြားတဲ့အရာတစ်ခုကို လုပ်နိုင်ခဲ့တာပဲ”

ကောင်းမင်က ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် ကျိကျဲကို သူပြောခဲ့သော စကားများကို ပြန်သတိရလိုက်သည်။

“ဟုတ်တယ်၊ အခုဆိုရင် ငါ နောက်ထပ် ကျောင်းသားဟောင်းတွေ့ဆုံပွဲတစ်ခုလောက် လုပ်ချင်နေပြီ၊ ဟန်ဟိုင်းမှာ ဆယ်နှစ်ခွဲပြည့် အထိမ်းအမှတ်ပါတီပွဲလေးတစ်ခု လုပ်ရင် ဘယ်လိုလဲ၊ ငါက ငါဘယ်လောက် အောင်မြင်နေလဲဆိုတာ ကြွားချင်လို့ မဟုတ်ပါဘူး၊ သူငယ်ချင်းတွေကို တွေ့ချင်လို့ပါ”

“စိတ်ကူးကောင်းပဲကွ၊ ဒါပေမဲ့ ငါကတော့ လာနိုင်မှာ မဟုတ်လောက်ဘူး”

ကောင်းမင်တွင် လုပ်စရာကိစ္စများစွာ ကျန်ရှိနေသေးသည်။ ဟန်ဟိုင်းကို ပြန်လည်တည်ဆောက်ပြီးနောက် အခြားသွေးမြို့တော်များမှ ဟန်ဟိုင်းသို့ ပို့လိုက်သော အကျဉ်းသားများသည် သူတို့မှတ်ဉာဏ်များကို ပြန်လည် ရရှိလာကြသည်။ထိုလူများသည် အလွန်အမင်း ဆိုးသွမ်းလှသော အရူးများ ဖြစ်သည်။ သူတို့၏ စွဲလမ်းမှုများ ရှိနေသရွေ့ ဟန်ဟိုင်း၏ လက်အောက်သို့ ရောက်ရှိသွားပြီးနောက် ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းနှင့် စွမ်းအားများ အကူအညီဖြင့် သူတို့၏ ဆုံးရှုံးသွားသော စွမ်းရည်များကို တဖြည်းဖြည်း ပြန်လည် ရရှိလာကြလိမ့်မည်။

ဟန်ဟိုင်းသို့ ပို့ဆောင်ခံရသော အကျဉ်းသားအားလုံးထဲတွင် ကောင်းမင် အစိုးရိမ်ဆုံးဖြစ်ရသည့် တစ်ဦး ရှိနေလေသည်။

အသားမီးဖိုကြီးဆီသို့ ပြန်ရောက်သောအခါ ကောင်းမင်က ကုလားထိုင်တစ်လုံးကို ဆွဲယူ၍ သားစားကြူးနတ်ဘုရားရှေ့တွင် ထိုင်လိုက်သည်။

ဟန်ဟိုင်းသွေးမြို့တော် အောင်မြင်စွာ ဆင်းသက်လာခြင်းသည် ကောင်းမင်နှင့် သေအတူရှင်မကွာ အတူတူ ဖြတ်သန်းခဲ့သော သားစားကြူးနတ်ဘုရားအတွက် အကြီးမားဆုံး အကျိုးကျေးဇူးကို ယူဆောင်လာပေးခဲ့သည်။ ၎င်းသည် သွေးမြို့တော်စည်းမျဉ်းများ၏ သန့်စင်မှုအောက်တွင် ၎င်း၏ ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက ၎င်းကို ချည်နှောင်ထားသော အချုပ်အနှောင်အားလုံးမှာလည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သွေးမြို့တော် ဆင်းသက်လာချိန်တွင် ဝါးမြိုခဲ့သော အဆုံးမရှိသည့် စိတ်ပျက်အားငယ်မှုများနှင့် အဆိုးမြင် စိတ်ခံစားချက် အများအပြားသည်လည်း ၎င်းထံသို့ ကူးပြောင်းသွားခဲ့သည်။ ထို့အပြင် အိပ်မက်၏ အကြွင်းအကျန်မှာလည်း ခြေမွပြီး ဝါးမြိုခံလိုက်ရသဖြင့် သားစားကြူးနတ်ဘုရားသည် ထိပ်တန်းအဆင့် ယဇ်ပလ္လင်လေးခုကို ချက်ချင်းပိုင်ဆိုင်သွားခဲ့ပြီး ၎င်း၏ စွမ်းအားကို ပိုမို ချဲ့ထွင်နိုင်ခဲ့သည်။

“ငါ မင်းနဲ့ စကားပြောချင်တယ်”

ကောင်းမင်က မြင့်မားလှသော သွေးတောင်ကြီးတစ်ခုကို မော့ကြည့်နေရသော သာမန်သေမျိုးလူသားတစ်ယောက်ကဲ့သို့ သားစားကြူးနတ်ဘုရားရှေ့တွင် ထိုင်ရင်း ပြောလိုက်သည်။

“ဂုဏ်ယူပါတယ်၊ သားစားကြူးနတ်ဘုရားရဲ့ တခြားစိတ်ဆန္ဒတွေကို ခေါ်လိုက်ပါဦး”

သားစားကြူးနတ်ဘုရားတွင် သရဲမျက်နှာ လေးခုရှိပေသည်။ အချိန်အတော်များများတွင် လူသားနှင့်တူသော ကုန်းစီ ပေါ်ထွက်လာလေ့ရှိသော်လည်း သားစားကြူးနတ်ဘုရားတွင် အခြားစိတ်ဆန္ဒသုံးခု ရှိနေသည်ကို ကောင်းမင်အမြဲတမ်း သိနေခဲ့သည်။

ကုန်းစီ၏ မျက်နှာက တဖြည်းဖြည်း ပြောင်းလဲသွားပြီး အခြားသရဲမျက်နှာ သုံးခုသည် မတူညီသော လမ်းကြောင်းသုံးခုမှနေ၍ ကောင်းမင်ကို ကြည့်လိုက်ကြသည်။

“ပုပ်သိုးခြင်းသွေးမြို့တော်နဲ့ မင်းနဲ့ ဘယ်လိုပတ်သက်မှု ရှိတာလဲ၊ ပုပ်သိုးခြင်း စွမ်းအားတွေကို ဝါးမြိုပြီးရင် ဘာလို့ မင်းက ပိုအသက်ဝင်လာရတာလဲ”

ကောင်းမင် ထိုမေးခွန်း မေးလိုက်ချိန်တွင် သူ၏ ခုန်ပေါက်နေသော နှလုံးသားထဲမှ မှတ်ဉာဏ်တစ်ခု တိုက်ရိုက် ပေါ်ထွက်လာသည်။ သူသည် သားစားကြူးနတ်ဘုရားနှင့် သွေးချင်းဆက်နွှယ်နေပြီး တစ်ဖက်က ၎င်းမှတ်ဉာဏ်များကို သူ့အား မျှဝေပေးလိုက်ခြင်း ဖြစ်သည်။

All Chapters