← Chapters

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အပိုင်း (၈၀၅) ဆင့်ခေါ်ခြင်း

ဆွေးမြေ့ပုပ်သိုးခြင်းဟူသည်မှာ ရှင်သန်မှုကို ငြင်းပယ်ခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းသည် သွေးမြို့တော်အားလုံးထဲတွင် မျှော်လင့်ချက်နှင့် အနီးစပ်ဆုံးသော အရာဖြစ်သည်။ အဆိုးမြင် စိတ်ခံစားချက်များနှင့် စိတ်ပျက်အားငယ်မှုအားလုံး ပုပ်သိုးသွားပြီးနောက်တွင် အသစ်တစ်ခု ပြန်လည်မွေးဖွားလာလိမ့်မည်။ ဆွေးမြေ့ပုပ်သိုးခြင်းဆိုသည်မှာ သံသရာတစ်ခုထဲသို့ ပထမဆုံးခြေလှမ်း၊ စွန့်လွှတ်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။

ပုပ်သိုးခြင်းသွေးမြို့တော်၏ အစစ်အမှန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ပုပ်သိုးခြင်းကိုယ်တိုင်မဟုတ်ဘဲ အဆုံးမရှိသော ဆင့်ကဲပြောင်းလဲမှု သံသရာဖြစ်သည်။ အတွင်းကမ္ဘာတွင်ဖြစ်စေ လက်တွေ့ကမ္ဘာတွင်ဖြစ်စေ မည်သည့်အရာမှ ထာဝရမတည်မြဲပေ။ ကံကြမ္မာ အပါအဝင် အရာအားလုံးတွင် အဆုံးသတ်နှင့် အစသစ်တစ်ခုစီ ရှိကြသည်။

သွေးမြို့တော် ၁၃ခု သည် ကံကြမ္မာကို ခြိမ်းခြောက်နိုင်သော စည်းမျဉ်း ၁၃ နှင့် အဆိပ် ၁၃ မျိုးကို ကိုယ်စားပြုပြီး ဆွေးမြေ့ပုပ်သိုးခြင်းသည်လည်း ထိုအထဲမှ တစ်ခုဖြစ်သည်။

သားစားကြူးနတ်ဘုရားက ကောင်းမင်အား မျှဝေပေးခဲ့သော မှတ်ဉာဏ်အားလုံးသည် ပုပ်သိုးခြင်း သွေးမြို့တော်နှင့် သက်ဆိုင်နေခဲ့သည်။ ထိုသွေးမြို့တော်တွင်လည်း အရှင်သခင်နှစ်ဦးရှိပြီး တစ်ဦးက ပုပ်သိုးခြင်းကို ကိုယ်စားပြုကာ အခြားတစ်ဦးက ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသည်။ ပုပ်သိုးခြင်းသည် အတွင်းကမ္ဘာတွင် အမြစ်တွယ်နေရပြီး ပြန်လည်မွေးဖွားခြင်းမှာမူ လူသားလောကအားလုံးဆီသို့ သွားရောက်ရသည်။

တစ်ချိန်က ပုပ်သိုးခြင်း သွေးမြို့တော်သည် အတွင်းကမ္ဘာထဲတွင် လူသားလောကနှင့် အတူဆုံးသော နေရာဖြစ်ခဲ့သည်။ သို့သော်လည်း ကံကြမ္မာ၏ အမျိုးမျိုးသော ကြံစည်မှုများအောက်တွင် ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသော မြို့တော်သခင်သည် အတွင်းကမ္ဘာ၏ ဘုံရန်သူဖြစ်လာခဲ့ပြီး အပိုင်းပိုင်းအစစ အဖြတ်တောက်ခံခဲ့ရကာ ဖျက်ဆီးမရသော နှလုံးသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။ လောကကြီးတွင် အသွေးအသားများ တည်ရှိနေသရွေ့ ၎င်း၏ နှလုံးသားက ပုံစံအမျိုးမျိုးဖြင့် ပြန်ရောက်လာမည်ဖြစ်ပြီး မီးတောက်တစ်ခုကဲ့သို့ တဖျတ်ဖျတ်ခုန်ပေါက်နေပေလိမ့်မည်။

၎င်းကို ဖျက်ဆီးရန် အကြိမ်ကြိမ် ကြိုးစားကြသော်လည်း အရာမထင်သဖြင့် သွေးမြို့တော်ပိုင်ရှင်များသည် ၎င်းကို သေဆုံးနေသော ဟန်ဟိုင်းမြို့တော်ထဲတွင် ချုပ်နှောင်ထားခဲ့ပြီး နောက်မှ ဆုံးဖြတ်ချက်ချရန် ပြင်ဆင်ခဲ့ကြသည်။

တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကို ခပ်ဖွဖွထိတွေ့ရင်း ကောင်းမင်၏ အကြည့်များ နူးညံ့သွား၏။ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသော နှလုံးသားသည် မရေမတွက်နိုင်အောင် သေဆုံးခဲ့ဖူးသော လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ကောင်းမင်၏ ကံကြမ္မာသည် ထိုအခိုက်အတန့်မှစ၍ ပြောင်းလဲလာပြီး ကံကြမ္မာ၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“သွေးမြို့တော်ရဲ့ စည်းမျဉ်းတွေက ကံကြမ္မာကို အမှန်တကယ်ခြိမ်းခြောက်နိုင်တဲ့ အဆိပ်တွေပဲ”

လူသားဆန်သော မျက်နှာသည် အခြားသရဲမျက်နှာသုံးခုကို ထပ်မံ အစားထိုးလိုက်သည်။ ကုန်းစီက ပါးစပ်ဟလိုက်ပြီး ကောင်းမင်ကို သတင်းတစ်ခု ပြောရန် ကြိုးစားနေပုံရသည်။ သို့သော်လည်း ယင်းသည် ကံကြမ္မာနှင့် သက်ဆိုင်နေပုံရသဖြင့် ကောင်းမင်မှာ တစ်လုံးမှ မကြားရသလို သက်ဆိုင်ရာ မှတ်ဉာဏ်များကိုလည်း လက်လှမ်းမမီနိုင်ပေ။

“မလောပါနဲ့၊ သားစားကြူးနတ်ဘုရားရဲ့ အတိတ်ကို သိလိုက်ရတာနဲ့တင် ငါ့အတွက် လုံလောက်ပါပြီ”

ကောင်းမင် ထရပ်လိုက်ပြီး အသားမီးဖိုကြီးဆီသို့ အတော်ဝေးဝေး လျှောက်သွားလိုက်သည်။ သူ့လက်ကို အတွင်းသို့ လျှိုသွင်းလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်မှ သွေးမြို့တော်တက်တူးများ အရည်ပျော်ကျသွားပြီး သားစားကြူးနတ်ဘုရား၏ ကျောပေါ်တွင် တဖြည်းဖြည်း ခတ်နှိပ်သွားတော့သည်။ သူသည် စွမ်းအားကြီးသော မကောင်းဆိုးဝါးတစ်ကောင် လိုအပ်နေပြီး ဟန်ဟိုင်းမှာလည်း တစ်ကောင် လိုအပ်နေသည်။

အခြားသွေးမြို့တော်များနှင့် နှိုင်းယှဉ်လျှင် ဟန်ဟိုင်းသည် အလွန်အားနည်းလွန်းပြီး အမည်မသိအရာများကို ပြန်လည်တိုက်ခိုက်ရန် စွမ်းအားကင်းမဲ့နေရသည်။ ကောင်းမင် ဆုံတွေ့ခဲ့ဖူးသော ဟန်ဟိုင်းမကောင်းဆိုးဝါးအားလုံးထဲတွင် သားစားကြူးနတ်ဘုရား တစ်ပါးတည်းသာ ထိုသို့သော အလားအလာ ရှိသည်။

၎င်းသည် မူလက ပုပ်သိုးခြင်း သွေးမြို့တော်ပိုင်ရှင်၏ နှလုံးသားဖြစ်ပြီး ပြန်လည်မွေးဖွားခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အိပ်မက်၏ ပင်မယဇ်ပလ္လင် လေးခုကိုလည်း သိမ်းပိုက်ထားပြီး ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်တည်ဆောက်ခြင်း၏ သန့်စင်မှုကို ခံယူခဲ့သဖြင့် ၎င်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လိုအပ်လာပါက သားစားကြူးနတ်ဘုရားအား စုံစမ်းစစ်ဆေးရေးဌာနအကြီးအကဲကို ဝါးမြိုစေကာ ယခင်ဟန်ဟိုင်းသွေးမြို့တော်အရှင်သခင်၏ အသွေးအသားများကို ရယူရန်ပင် ကောင်းမင် စဉ်းစားထားသည်။ ဤနည်းဖြင့် သားစားကြူးနတ်ဘုရားက ပိုမို အားကောင်းလာနိုင်ပေလိမ့်မည်။

“မင်း သူ့ကို အရမ်းကြီး ယုံကြည်နေတာတော့ မဟုတ်ဘူးမလား”

မီးတောက်များကြားမှ ကောင်းယန်၏အသံ ထွက်ပေါ်လာသည်။ သူ၏ စိတ်ဆန္ဒသည် အစိတ်အပိုင်းများစွာ ကွဲထွက်နေပြီး သွေးမြို့တော်လည်ပတ်မှုကို ထိန်းသိမ်းကာ မြို့တော်၏ အစိတ်အပိုင်းအသီးသီးကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

“ငါတို့မှာ ယုံကြည်လို့ရတဲ့သူ သိပ်မရှိပါဘူး၊ မင်း ငါ့ဆီလာတာ ဒါကို လာသတိပေးဖို့ပဲလား”

ကောင်းမင်က မီးတောက်များကြားရှိ သွေးမြို့တော်ပုံစံကွက်များကို စိုက်ကြည့်ရင်း အက်ရှရှလေသံဖြင့် မေးလိုက်သည်။

“မင်း ‘အိမ်’ ကို သွားကြည့်ပြီးပြီလား”

“အင်း”

“တကယ်တော့ အဲ့ဒီနောက်ဆုံးစကားတွေကို မင်း သိပ်ဂရုစိုက်နေဖို့ မလိုပါဘူး”

“ငါ့ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး၊ ငါ တချို့အရာတွေကို စဉ်းစားနေတာပါ”

ကောင်းမင် သူ့လက်ကို ပြန်ရုပ်လိုက်သည်။

“အဲ့ဒီ ဥမင်ဟာ မရေမတွက်နိုင်တဲ့ ကံကြမ္မာမြစ်လက်တက်တွေ စုဆုံတဲ့နေရာပဲ၊ ငါသာ ဥမင်တစ်လျှောက် နောက်ပြန်ကြည့်ရင် မတူညီတဲ့ကံကြမ္မာတွေထဲက ကောင်းမင်လာခဲ့တဲ့ လမ်းကြောင်းတွေကို မြင်နိုင်တယ်၊ တကယ်လို့ အတွင်းကမ္ဘာကြီးက ဧရာမအနက်ရောင် သေတ္တာကြီးတစ်ခုဆိုရင် အဲ့ဒီဥမင်ဟာ ကံကြမ္မာကို ငါချောင်းကြည့်လို့ရတဲ့ အပေါက်ပဲ၊ ငါက အနက်ရှိုင်းဆုံးအမှောင်ထုနဲ့ သွေးတွေကြားမှာ မကောင်းဆိုးဝါးတစ်ကောင်လို ရပ်နေပြီး မတူညီတဲ့ လူသားလောကတွေကို ချောင်းကြည့်နေတာ”

“မင်း ဘာပြောချင်နေတာလဲ”

ကောင်းယန်၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်သွားသည်။

“အမှောင်ယဇ်ပလ္လင်ကို မှတ်မိလား၊ အဲ့ဒီ ကမ္ဘာမှာ နေထိုင်သူတွေအတွက်တော့ အဲ့ဒီယဇ်ပလ္လင်ဟာ ဧရာမအနက်ရောင်သေတ္တာကြီး တစ်ခုပဲ၊ အိပ်မက်သရဲသုံးကောင်နဲ့ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေက သူတို့ကိုယ်သူတို့ တစ်ယောက်ပြီးတစ်ယောက် စတေးခဲ့ကြလို့ မင်းအတွက် အခွင့်အရေး ရခဲ့တာ၊ မင်း နောက်ဆုံး အဲ့ဒီယဇ်ပလ္လင်ကို ဘယ်လိုသိမ်းပိုက်နိုင်ခဲ့တာလဲ”

“ငါလား”

ကောင်းယန်က ကောင်းမင်၏ အတွေးများကို နားလည်သွားသည်။

“ယဇ်ပလ္လင်ထဲက အမှောင်ထုအားလုံးကို ငါသန့်စင်ခဲ့တယ်၊ ယုံကြည်မှုတွေ၊ ဝိညာဉ်တွေနဲ့ သက်ရှိအားလုံးရဲ့ စိတ်ဆန္ဒတွေကို မီးရှို့ခဲ့တယ်၊ ယဇ်ပလ္လင်တစ်ခုလုံးကို လောင်စာအဖြစ် အသုံးချပြီး အိပ်မက်သရဲတွေရဲ့ အချုပ်အနှောင်ကို အချိန်တိုအတွင်း ချိုးဖျက်ပြီး မပြောသင့်သူစွမ်းအားကို ရခဲ့တာပဲ”

“တကယ်တော့ သဘောတရားက အတူတူပဲ၊ အတွင်းကမ္ဘာကိုလည်း စိတ်ပျက်အားငယ်မှုတွေ ထည့်ထားတဲ့ ဧရာမအနက်ရောင်သေတ္တာကြီးတစ်ခုလို့ နားလည်လို့ရတယ်၊ ကံကြမ္မာက အရာအားလုံးကို သီးခြားခွဲထုတ်ထားပြီး ငါတို့က အပေါက်တချို့ကနေတစ်ဆင့် အပြင်ဘက်က ပျော်ရွှင်မှုတွေကို ရံဖန်ရံခါ မြင်တွေ့ရတယ်၊ ငါတို့ ကံကြမ္မာကို ပြန်ခုခံချင်ရင် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှ ရမယ်”

ကောင်းမင်၏ စကားပြောသံက နှေးကွေးသွားသည်။

“တကယ်လို့ ငါတို့သာ သွေးမြို့တော် ၁၃ ခုလုံးကို စတေးနိုင်မယ်ဆိုရင် အတွင်းကမ္ဘာတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ်”

ဤအတွေးကို တွေးလိုက်ရုံနှင့်ပင် ကောင်းမင်သည် ကြီးမားလှသော ဖိအားကြောင့် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။ သွေးမြို့တော်အရှင်သခင် ဖြစ်နေသည့်တိုင် သူသည် မိစ္ဆာဒိဌိတစ်ဦး ဖြစ်နေဆဲပင်။

“ရူးနေတာပဲ”

ကောင်းယန်က ကောင်းမင်နှင့် ခပ်ဝေးဝေးအောင် နေရန် ကြိုးစားလိုက်သော်လည်း သူတို့နှစ်ဦးမှာ ယခုတွင် ခွဲခြားမရအောင် တစ်သားတည်း ဖြစ်နေကြပြီ ဖြစ်သည်။

“ငါက ပြောပြရုံပါကွာ”

ကောင်းမင်က နွေးထွေးနူးညံ့စွာ ပြုံးလိုက်သော်လည်း သူ့မျက်လုံးထဲတွင်မူ အစစ်အမှန် ပျော်ရွှင်မှုများ ရှိမနေပေ။

“အဝေးကြီးမတွေးပါနဲ့၊ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ပါ”

ကောင်းယန်က မီးတောက်များထဲတွင် စာတစ်ကြောင်း ရေးလိုက်သည်။ အသားမီးဖိုက အမြင်အာရုံကို ပိတ်ဆို့ထားသဖြင့် အခြားသွေးမြို့တော်ပိုင်ရှင်များနှင့် ကံကြမ္မာတို့ မြင်တွေ့ရန် ခက်ခဲပေလိမ့်မည်။ သတင်းမှာ နံပါတ် ၂ နှင့် ပိုင်ရှောင်တို့နောက်သို့ လိုက်ကာ ရှင်းလုသွေးမြို့တော်ထဲသို့ ဝင်ရောက်သွားကြသော ကျောင်းသားကောင်စီဝင်များထံမှ သတင်းစကားဖြစ်သည်။ သူတို့သည် ပြဿနာကြီးနှင့် ရင်ဆိုင်နေရပြီး အခြားသွေးမြို့တော်များကို လက်စားချေရန်ထက် ရှင်းလုမြို့ထဲတွင် သူတို့ရရှိနိုင်မည့် အကျိုးအမြတ်များကို အသုံးချရန်က ပိုမို လက်တွေ့ကျပေလိမ့်မည်။

“ဒါကို ငါ့နဲ့ပဲ ထားလိုက်ပါ”

ယခုအချိန်တွင် ဟန်ဟိုင်းအတွက် ရှင်းလုကယ်တင်ရှင်များ ပြန်လာခြင်းက အကောင်းဆုံးအရာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူတို့၏ ဖိအားအများအပြားကို ကူညီလျှော့ချပေးနိုင်သောကြောင့် ဖြစ်သည်။

ကောင်းမင်သည် မြင့်မားလှသော အရိပ်များတိုးထွက်နေသည့် အိပ်မက်သရဲများ၏ အစစ်အမှန်ပုံရိပ်များကို ညှင်းပန်းနှိပ်စက်ခန်းထဲသို့ တိတ်တဆိတ် ခေါ်ယူလိုက်သည်။

“ဒီတစ်ခါ ရှင်းလုကိုသွားမယ့် ရည်ရွယ်ချက်က ရိုးရှင်းတယ်၊ အဲ့ဒီ မပြောသင့်သူ အိပ်မက်တွေအားလုံးကို ဝါးမြိုပြီး ဟန်ဟိုင်းမှာ အိပ်မက်သရဲတွေ ပိုပေါ်လာအောင် လုပ်ဖို့ပဲ”

ကောင်းမင်နှင့် သွေးမြို့တော်ပိုင်ရှင်များသည် သေရာပါရန်သူများ ဖြစ်ကြသဖြင့် သူတို့ကို စော်ကားမိရန် သို့မဟုတ် အခြားသွေးမြို့တော်များကြားရှိ နားလည်မှုများကို ချိုးဖောက်မိရန် သူ ဂရုမစိုက်ပေ။

ကောင်းမင်နှင့် သူ့အဖွဲ့တို့ ဘာမှမလုပ်လျှင်ပင် သွေးမြို့တော်ပိုင်ရှင်များသည် သူတို့ကို အမြစ်ဖြတ်ရန် နည်းလမ်းရှာကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အကြီးမားဆုံး အမှားသည် ဟန်ဟိုင်းတွင် “မွေးဖွား” လာခဲ့ခြင်းကြောင့် ဖြစ်သည်။

ကောင်းမင်သည် ယခင်တစ်ခေါက်ကကဲ့သို့ အကြီးအကျယ် လှုပ်ရှားခြင်းမျိုး မဟုတ်ဘဲ ဤတစ်ကြိမ်တွင် အိပ်မက်သရဲ ဖြစ်လာနိုင်ခြေရှိသော ဟန်ဟိုင်းမြို့သားတချို့ကို ညှင်းပန်းနှိပ်စက်ခန်းထဲသို့ တိတ်တဆိတ် ခေါ်ဆောင်လိုက်ပြီး အိပ်မက်နတ်ဘုရား၏ ယဇ်ပလ္လင်မှတစ်ဆင့် ဟန်ဟိုင်းမှ မသိမသာ ထွက်ခွာခဲ့တော့သည်။

“ကျန်းတင်းက လူတစ်စုကို ခေါ်ပြီး ဟန်ရှန်းကို သွားခဲ့တယ်၊ ရှင်းလုသွေးမြို့တော် ကိစ္စပြီးရင် ငါတို့ သူတို့နဲ့ သွားတွေ့လို့ရတယ်”

ကောင်းမင်တွင် ကျန်းတင်း၏ “ခန္ဓာကိုယ် အစိတ်အပိုင်းများ” ညှင်းပန်းနှိပ်စက်ခန်းထဲ၌ ရှိနေသဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ ကောင်းမွန်ကြောင်း သိသော်လည်း သူ၏ စိတ်ခံစားချက်များမှာ ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခုတွင် ပိတ်မိနေသကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်နေခဲ့သည်။

သူသည် ထိုခန္ဓာကိုယ်အစိတ်အပိုင်းများမှတစ်ဆင့်ပင် ကြောက်ရွံ့မှုကို ခံစားနေရသည်။

“ကျန်းတင်းရဲ့ စွမ်းအားက အိပ်မက်သရဲတစ်ကောင်နဲ့ နီးစပ်နေပြီ၊ ဟန်ရှန်းမှာ ဘာတွေ ဖုံးကွယ်ထားလို့ သူ့ကို ဘာဒဏ်ရာမှ မရစေဘဲ ဒီလောက်အထိ ကြောက်သွားအောင် လုပ်နိုင်ရတာလဲ”

အပိုင်း (၈၀၆) အိပ်မက်၏ အဓိပ္ပါယ်

ကောင်းမင်သည် ဟန်ရှန်းတွင် ကျန်းတင်း မည်မျှ ဒုက္ခရောက်နေသည်ကို မသိပေ။ ညှင်းပန်းနှိပ်စက်ခန်းအတွင်း ကျန်းတင်းချန်ထားခဲ့သော "ခန္ဓာကိုယ် အစိတ်အပိုင်းများ" မှတစ်ဆင့် ကျန်းတင်း၏ ဝိညာဉ် ပျက်စီးမသွားသည့်အပြင် ဝိညာဉ်စွမ်းအားများပင် သိသိသာသာ တိုးလာကြောင်းကိုသာ သူအတည်ပြုနိုင်ခဲ့သည်။

"အရေးကြီးဆုံးအလုပ်ကတော့ ရှင်းလုသွေးမြို့တော် ကိစ္စပဲ"

ဟန်ဟိုင်းသည် ပြန်လည်တည်ဆောက်ကာစဖြစ်ပြီး အခြေခံမခိုင်မာသေးချိန်တွင် ကောင်းမင်က အိပ်မက်သရဲအားလုံးကို ခေါ်ဆောင်ကာ ထွက်ခွာလာခြင်းမှာ စွန့်စားမှုတစ်ခု ဖြစ်သည်။ သူတို့အနေဖြင့် ရှင်းလုကယ်တင်ရှင်များနှင့် အမြန်ဆုံးဆက်သွယ်ရန် လိုအပ်နေသည်။

ရှင်းလု၏ နေရောင်ခြည်အောက်တွင် ကောင်းမင်သည် မြို့စွန်ရှိ စွန့်ပစ်အဆောက်အအုံတစ်ခုပေါ်၌ ရပ်နေရင်း ရှင်းလု၏ လက်တွေ့ဘဝမြင်ကွင်းကို ငုံ့ကြည့်နေသည်။

မသေဆေးကုမ္ပဏီနှင့် နက်ရှိုင်းအာကာသနည်းပညာကဲ့သို့သော ကုမ္ပဏီကြီးများ၏ ရုံးချုပ်များမှာ ဤနေရာတွင် ရှိနေကြသည်။ သူ့ရှေ့မှ မြို့ကြီးသည် တစ်ချိန်က မျိုးရိုးဗီဇအချုပ်အနှောင်များနှင့် အာကာသဆိုင်ရာ ပိတ်ဆို့မှုများကို ချိုးဖျက်နိုင်မည့် ရာစုသစ်၏ အစပြုမှတ်အဖြစ် တင်စားခံခဲ့ရပြီး အနာဂတ်ဘဝကို တစ်လှမ်းချင်းစီ ယူဆောင်လာပေးခဲ့သည်။

သို့သော် ထိုပန်းတိုင်များကို ရောက်ခါနီးအချိန်မှာပင် ပိုမိုနက်ရှိုင်းသော အတွင်းကမ္ဘာ၏ အိပ်မက်များက လက်တွေ့ကမ္ဘာကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်မှုများ ရပ်တန့်သွားစေခဲ့ပြီး အရာအားလုံးမှာ ကံကြမ္မာ၏ စီမံခန့်ခွဲမှုအောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပုံရသည်။

"အိပ်မက်ဆိုတာ မေ့လျော့ခံထားရတဲ့ အတိတ်၊ ပုံပျက်နေတဲ့ ယုံကြည်မှုနဲ့ လျစ်လျူရှုခံထားရတဲ့ စိတ်ပျက်အားငယ်မှုပဲ၊ ဒီမြို့က လူတွေဟာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး ရှေ့တိုးခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ လူ့သဘာဝရဲ့ ချို့ယွင်းချက်တွေဆီမှာပဲ ဒူးထောက်ခဲ့ကြရတယ်"

လူတွေရဲ့ စိတ်ကောင်းစေတနာကို ဘယ်တော့မှ မငြင်းပယ်ပါနဲ့။ ဒါပေမဲ့ သူတို့ရဲ့ မကောင်းစိတ်တွေကိုလည်း လျှော့မတွက်ပါနဲ့။

နေဝင်ချိန် နေမင်းကြီးသည် ဧရာမမီးလုံးကြီးတစ်ခုကဲ့သို့ ပင်လယ်နက်ထဲသို့ ငုပ်လျှိုးသွားသည်။ နောက်ဆုံး လက်ကျန်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ကောင်းမင်သည် ရှင်းလုထဲသို့ ဝင်ရောက်လိုက်သည်။

လမ်းမီးတိုင်များက မြို့တော်ကြီးကို လင်းထိန်စေနေပြီး အလွန် စည်ကားနေသည်။ ပတ်လမ်း၏ ရှင်းလုဘက်ခြမ်းသည် လင်းထိန်နေသော်လည်း ဟန်ရှန်းဘက်ခြမ်းမှာမူ လုံးဝ အမှောင်အတိကျနေခဲ့သည်။ ယင်းမှာ သိသာထင်ရှားသော ကွာခြားချက်ပင်။

ညှင်းပန်းနှိပ်စက်ခန်းအတွင်းရှိ ယဇ်ပလ္လင်လေးခု၏ ပဲ့တင်သံများကို အာရုံခံရင်း ကောင်းမင်သည် မြို့လယ်သို့သွားရန် ကားတစ်စီးကို တားလိုက်သည်။

သွေးမြို့တော်ပိုင်ရှင်အားလုံးထဲတွင် သူသည် လက်တွေ့ကမ္ဘာ၏ စည်းမျဉ်းများနှင့် ချည်နှောင်မှုအနည်းဆုံးခံရသူ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သွေးမြို့တော်စွမ်းအားကို အသုံးမပြုချိန်တွင် သူသည် အလွန်အားနည်းသောကြောင့် ဖြစ်သည်။

ကားမောင်းသူသည် သတ္တိသိပ်မရှိလှသော အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ယွမ် ၈၀၀၀၀၊ ၉၀၀၀၀ ခန့် တန်ဖိုးရှိသော လျှပ်စစ်ကားကို မောင်းနှင်နေခြင်းဖြစ်သည်။ ရေဒီယိုမှ ခြောက်ခြားဇာတ်လမ်းပုဒ်ကို ထုတ်လွှင့်နေခဲ့သည်။

သူမသည် စတီယာရင်ကို တင်းတင်းဆုပ်ကိုင်၍ ရှေ့မှ လမ်းကြောင်းကို အာရုံစိုက်ကြည့်နေရင်း ကောင်းမင်နှင့် ရံဖန်ရံခါ စကားပြော၏။

သူမ၏ စကားလုံးများနှင့် အပြုအမူများတွင် မော်ဒန်ခေတ်၏ အကြီးမြတ်ဆုံးမြို့အဖြစ် သတ်မှတ်ခံထားရသော ရှင်းလုမြို့သူတစ်ဦးဖြစ်သည့်အတွက် ဂုဏ်ယူနေမှုများ ပါဝင်နေခဲ့သည်။ တစ်ဖက်တွင်လည်း သူမ၏ ဘဝအခက်အခဲများကို ညည်းတွား၏။ သူမသည် ကုမ္ပဏီသူဌေးအကြောင်း ကောင်းမင်ကို ရင်ဖွင့်နေပြီး ကားထဲမှ မုန့်များကိုလည်း မျှဝေပေးနေသည်။

လမ်းတစ်ဝက်ခန့်ရောက်သောအခါ ထိုအမျိုးသမီးထံသို့ အိမ်မှ ဖုန်းဝင်လာခဲ့သည်။ မိဘများ၏ စိုးရိမ်ပူပန်မှုနှင့် ပွစိပွစိပြောဆိုမှုများကို ရင်ဆိုင်ရချိန်တွင် သူမသည် ပျော်ရွှင်ရသလို အခက်လည်း တွေ့နေပုံရသည်။ ကားထဲမှ ခြောက်ခြားဇာတ်လမ်း ရေဒီယိုအသံမှာ နောက်ခံဂီတတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

"ဒီရက်ပိုင်း ရှင်းလုက သိပ်မငြိမ်းချမ်းဘူး၊ မြို့ပြင်မှာ လူတချို့ ပျောက်ပျောက်သွားတယ်တဲ့၊ အလုပ်ဆင်းရင် လျှောက်မသွားနဲ့နော်၊ အိမ်ကို တန်းတန်းမတ်မတ် ပြန်"

"ဟုတ်ကဲ့ပါ၊ စိတ်မပူပါနဲ့"

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး၊ အပြင်စာတွေ အရမ်းမှာမစားနဲ့"

"ဟုတ်ကဲ့၊ အဖေတို့လည်း ကောင်းကောင်းစားကြပါ၊ သမီးကားမောင်းနေလို့ အိမ်ရောက်မှ ပြန်ဆက်လိုက်မယ်နော်"

ဖုန်းချပြီးနောက် အမျိုးသမီးငယ်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

"ကျွန်မအဖေက အငြိမ်းစားရဲအရာရှိဆိုတော့ လူတိုင်းကို လူဆိုးလို့ပဲ ထင်နေတာလေ၊ အမြဲတမ်း ဒီဟာသတိထား ဟိုဟာသတိထားနဲ့ လိုက်ပြောနေတာ"

"သူပြောတာ မှန်နိုင်တာပဲလေ"

ကောင်းမင်က ပြုံးလိုက်ပြီး လမ်းဘေးရှိ စွန့်ပစ်ထားသော သစ်သားတဲလေးတစ်ခုကို ညွှန်ပြလိုက်သည်။

"ဒီမှာ ခဏလောက် ရပ်ပေးလို့ ရမလား၊ ကျွန်တော် လုပ်စရာလေး ရှိလို့"

"ဒီနေရာကြီးမှာလား"

အမျိုးသမီးငယ်က ခဏမျှတွေဝေသွားသော်လည်း သဘောတူလိုက်သည်။

"ဒါဆို မြန်မြန်လုပ်နော်၊ ဒီနေရာက မြို့နဲ့ဝေးပြီး လူပြတ်တော့ သိပ်ဘေးမကင်းဘူး"

သူမသည် လမ်းဘေး စောင့်ကြည့်ကင်မရာအနီးတွင် ကားကို ရပ်ပေးလိုက်သည်။

"ကျေးဇူးပါ"

ကောင်းမင်သည် ကားပေါ်မှ လက်ဗလာဖြင့် ဆင်းသွားပြီး တောအုပ်ထဲသို့ ဝင်သွားခဲ့သည်။ တဲလေးနှင့် မနီးခင်မှာပင် သွေးညှီနံ့ ရလိုက်သည်။

သူ ဂရုမစိုက်ပေ။ သူသည် အသံမထွက်စေရန် သတိထား၍ တဲရှေ့သို့သွားလိုက်ပြီး သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။

ကြမ်းပြင်ပေါ်တွင် ပုလင်းခွံအချို့ ပြန့်ကျဲနေခဲ့သည်။ တစ်လုံးတည်းရှိသော သစ်သားစားပွဲတွင် ကြိုးများဖြင့် ပတ်ထားပြီး စားပွဲနှင့် ကုတင်ကြားတွင် အမျိုးသမီးအလောင်းတစ်လောင်း ရှိနေလေသည်။ သူမ၏ အဖြူရောင် ဝတ်စုံအပေါ်င်္ကျီသည် စုတ်ပြဲနေပြီး အတွင်းခံကို ခြေကျင်းဝတ်အထိ ဆွဲချခံထားရသည်။ သူမ၏လက်သည်းများက ကျိုးပဲ့နေကာ သွေးများ ပြည့်နေပြီး လည်ပင်းတွင် လက်ချောင်းနှစ်လုံးစာ အနက်ရောင် ကြိုးကွင်းရာကြီးတစ်ခု ရှိနေလေသည်။

ဂေါ်ပြားတစ်ခု မြေကြီးပေါ်ကျသံ ထွက်ပေါ်လာသည်။ အပြင်ဘက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ငြင်းခုံနေကြသည်။ ကောင်းမင်က ပြတင်းပေါက် အဟမှတစ်ဆင့် ချောင်းကြည့်လိုက်သည်။

အမျိုးသားတစ်ယောက်က တောအုပ်ထဲတွင် ကျင်းတူးနေပြီး အမျိုးသမီးက အိတ်ထဲမှ ပစ္စည်းများကို မွှေနှောက်နေခဲ့သည်။ အလှကုန်များနှင့် အစာအိမ်ဆေးများ မြေပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။

"နင်ကတော့ လုပ်လိုက်ပြန်ပြီ၊ လျှို့ဝှက်နံပါတ်ကိုတောင် မရသေးဘူး၊ သူ့ကို သတ်လိုက်ပြီလား၊ နင် နင့်အောက်ပိုင်းကို မထိန်းနိုင်ရင်လည်း ဖြတ်ပစ်လိုက်တော့"

"သေစမ်း၊ ငါလည်း သူ့ကို ဒီလောက်စောစောသတ်ဖို့ စိတ်မကူးထားပါဘူး"

ကောင်းမင် ဆက်နားမထောင်ချင်တော့ပေ။ သူ နောက်ဘက်မှ ချဉ်းကပ်သွားစဉ် သူ့နှလုံးသားက အနည်းငယ် ခုန်နေခဲ့သည်။ သူသည် သားစားကြူးနတ်ဘုရား၏ စွမ်းရည်ကို အသုံးပြုကာ ထိုအမျိုးသားနှင့် အမျိုးသမီးကို ပုံပျက်နေသော အသွေးအသားများအဖြစ် ပြောင်းလဲလိုက်သည်။ သူတို့၏ နာနာကျင်ကျင် ရုန်းကန်နေမှုကြားမှာပင် သူတို့သည် သွေးများအဖြစ် ပြောင်းလဲသွားပြီး သူတို့တူးထားသော ကျင်းထဲသို့ စီးဝင်သွားတော့သည်။

တဲထဲသို့ ပြန်ဝင်လာပြီးနောက် ကောင်းမင်သည် သူ၏အပေါ်င်္ကျီကို ချွတ်၍ အမျိုးသမီးအလောင်းကို ဖုံးပေးလိုက်သည်။ ထို့နောက် သေဆုံးသူ၏ ဖုန်းကို အသုံးပြု၍ အရေးပေါ်မက်ဆေ့တစ်စောင် ပေးပို့လိုက်သည်။

အရာအားလုံး ပြီးသွားသောအခါ ကောင်းမင် သစ်သားတဲထဲမှ ထွက်လာပြီး ကားဆီသို့ ပြန်သွားလိုက်သည်။

"အားလုံးပြီးပြီ၊ မြို့ထဲကို ဆက်သွားရအောင်"

ကောင်းမင်က ပြုံးလိုက်ပြီး ကားမောင်းသူ အမျိုးသမီးကို ကြည့်လိုက်သည်။ သူမမျက်နှာတွင် သွေးများ စီးဆင်းနေခြင်းမရှိဘဲ လည်ပင်းတွင် လက်ချောင်းနှစ်လုံးစာ ကြိုးကွင်းရာကြီး ရှိနေခဲ့သည်။ သူမ၏ လက်များသည် စွဲလမ်းမှုတစ်ခုကြောင့် စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ထားသကဲ့သို့ တောင့်တင်းနေလေသည်။

"ဟုတ်ကဲ့... ဒါနဲ့ ရှင့်အပေါ်အင်္ကျီက ဘယ်ရောက်သွားတာလဲ"

အမျိုးသမီးငယ်မှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသကဲ့သို့ သူမ၏အမူအရာက ထူးဆန်းသွားသည်။

"ရှင်က တစ်ရှူးမပါလာလို့ အပေါ်အင်္ကျီနဲ့ပဲ..."

၁၃ ယောက် သွေးမြို့တော်အရှင်သခင်မှာ ဤသို့ ပြောဆိုခံရသော်လည်း စိတ်မဆိုးဘဲ မျက်စိမှိတ်ကာ အနားယူနေလိုက်သည်။

"ကားထဲမှာ တစ်ရှူးပါတယ်လေ"

"မောင်းတော့"

"အစာအိမ်ဆေးရော လိုသေးလား"

ကောင်းမင် ရှက်သွားသဖြင့် စကားမပြောတော့သည်ဟု ထင်ကာ အမျိုးသမီးငယ်က ထပ်မမေးတော့ဘဲ မြို့ထဲသို့ ဆက်လက်မောင်းနှင်လိုက်သည်။

လူစည်ကားရာနေရာနှင့် နီးကပ်လာလေလေ အမျိုးသမီးငယ်မှာ ပိုအေးစိမ့်လာသလို ခံစားရလေလေ ဖြစ်လာသည်။

"ရှင်စိတ်မရှိရင် အဲကွန်းပိတ်လိုက်လို့ ရမလား၊ ထူးဆန်းတယ်၊ ကျွန်မ အားမရှိသလို ခံစားနေရတယ်၊ အမြင်အာရုံတွေတောင် ဝေဝါးလာသလိုပဲ"

အမျိုးသမီးငယ်၏ ခန္ဓာကိုယ်သည် အနည်းငယ် မှေးမှိန်လာသော်လည်း သူမကိုယ်တိုင်မှာမူ ယင်းကို သတိမထားမိပုံရသည်။

"မင်း အရမ်းပင်ပန်းလို့ နေမှာပေါ့၊ နည်းနည်းလောက် အိပ်လိုက်လေ၊ မင်းအိမ်ရောက်အောင် ငါမောင်းပို့ပေးမယ်"

ကောင်းမင် ခေါင်းလှည့်လိုက်ပြီး လက်ညှိုးတစ်ချောင်းဖြင့် သူမနဖူးကို ထိတွေ့ကာ သေဆုံးခြင်းမရှိသော အိပ်မက်တစ်ခုကို သူမအတွက် ဖန်တီးပေးလိုက်သည်။

ကားမောင်းသူ အမျိုးသမီး၏ အိပ်ပျော်နေစဉ် အေးချမ်းသောအမူအရာကို ကြည့်ရင်း ကောင်းမင်သည် ဤအရာကပင် အိပ်မက်များ၏ အဓိပ္ပာယ်ဖြစ်မည်ဟု ခံစားလိုက်ရသည်။

"အနည်းဆုံးတော့ မင်းရဲ့ အိပ်မက်ထဲမှာတော့ နာကျင်မှုတွေမရှိဘဲ လွတ်လပ်နိုင်မှာပါ"

ညှင်းပန်းနှိပ်စက်ခန်းကို ဖွင့်၍ အမျိုးသမီးငယ်ကို အတွင်းသို့ ပို့လိုက်သည်။ ပြီးနောက် ကောင်းမင်သည် မသေဆေးကုမ္ပဏီဆီသို့ တိုက်ရိုက် မောင်းနှင်သွားခဲ့သည်။ သူ့အတွင်းရှိ ယဇ်ပလ္လင်လေးခုလုံးက သူ့ကို တိုက်တွန်းနေကြပြီဖြစ်သည်။ ငါးခုမြောက် ယဇ်ပလ္လင်၏တည်နေရာကို သူတို့ အာရုံခံမိနေကြပြီ ဖြစ်သည်။

"နောက်ဆုံး အိပ်မက်ယဇ်ပလ္လင်ကို ငါရပြီးရင်တော့ ပြီးပြည့်စုံတဲ့ စိတ်ဖောက်ပြန်မှုစွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ်၊ အိပ်မက်တောင် အသုံးမပြုချင်တဲ့ ဒီစွမ်းအားက လူတိုင်းအတွက် 'အံ့အားသင့်စရာ' တစ်ခုခု ယူဆောင်လာနိုင်မှာပါ"

ကားကို စွန့်ပစ်လိုက်ပြီး ရှင်းလုဉာဏ်ပညာမြို့တော်ထဲသို့ ဝင်ရောက်သွားချိန်တွင် ကောင်းမင်ကို တွေ့သူတိုင်း အိပ်မက်ထဲသို့ ကျရောက်သွားကြသည်။ ယခုတွင် သူသည် တိုက်ရိုက်စူးစမ်း၍ မရသော "မူမမှန်ဖြစ်ရပ်" တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

မသေဆေးကုမ္ပဏီ အဆောက်အအုံထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သော်လည်း ကောင်းမင်သည် မည်သည့် ဓာတ်ခွဲခန်းကိုမှ မသွားခဲ့ပေ။ သူသည် အလွှာနံပါတ်များမပါသော ဓာတ်လှေကားတစ်ခုကို စီး၍ အောက်ထပ်သို့ ဆင်းသွားပြီး ရှင်းလုဉာဏ်ပညာမြို့တော်၏ ဗဟိုချက်နေရာသို့ တိုက်ရိုက် သွားလိုက်သည်။

သုတေသီများကို သူ့အိပ်မက်ထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်ပြီးနောက် ကောင်းမင်သည် သူတို့၏ လမ်းညွှန်မှုဖြင့် လုံခြုံရေးတံခါးများစွာကို ဖြတ်ကျော်သွားသည်။ နောက်ဆုံးတွင် မီတာများစွာ မြင့်မားသော စတုရန်းပုံစံ အနက်ရောင်သေတ္တာကြီးတစ်ခုရှေ့သို့ ရောက်ရှိသွားခဲ့သည်။

အပိုင်း (၈၀၇) အနက်ရောင်သေတ္တာ

၎င်း၏ မျက်နှာပြင်သည် မည်သည့် အရေးအကြောင်းမှမရှိဘဲ ချောမွေ့နေ၏။ ထိုအနက်ရောင်မှာ ကောင်းမင် တစ်ခါမှ မမြင်ဖူးသည့် အနက်ရောင်မျိုး ဖြစ်သည်။

ညကောင်းကင်ယံ၏ နက်ရှိုင်းမှုနှင့်လည်းမတူ၊ အမှောင်ယဇ်ပလ္လင်၏ ဆိုးယုတ်မှုမျိုးလည်းမရှိဘဲ ၎င်းသည် အဆုံးမရှိသော ဖြစ်နိုင်ခြေများ၊ အဆုံးစွန်တိတ်ဆိတ်မှုနှင့် ထာဝရတည်မြဲသော အခြေခံသဘောတရားတစ်ခုကို ကိုယ်စားပြုနေသယောင် ရှိသည်။

"ရှင်းလုဉာဏ်ပညာမြို့တော်ရဲ့ AI ဦးနှောက်က ဒီသေတ္တာထဲမှာ ရှိနေတာလား"

ကောင်းမင်သည် အဆောက်အအုံအတွင်းရှိ သက်ရှိမှန်သမျှကို အိပ်မက်ကမ္ဘာထဲသို့ ဆွဲသွင်းထားပြီးဖြစ်သည်၊ ရေဆိုးမြောင်းထဲမှ ကြွက်များပင် ကြောင်ကို ပြန်အနိုင်ကျင့်ရသည့် အိပ်မက်မျိုး မက်နေကြသော်လည်း သူသည် တစ်စုံတစ်ဦး၏ ချောင်းမြောင်းကြည့်ရှုခြင်းကို ခံနေရဆဲဟု ခံစားနေရသည်။

"မင်း ငါ့ကို စောင့်ကြည့်နေတာပဲ"

ကောင်းမင်သည် ထိုနေရာတွင် ငြိမ်သက်စွာရပ်နေရင်း ဧရာမအနက်ရောင်သေတ္တာကြီးကို စိုက်ကြည့်ကာ တစ်ဖက်လူကို ရှာဖွေရန် ကြိုးစားလိုက်သည်။

ဘာတုံ့ပြန်မှုမျှ မရှိ၊ ဘာအဖြေမှ ထွက်မလာပေ။ အနက်ရောင်သေတ္တာကြီးတွင် မည်သည့် အဆက်အစပ် သို့မဟုတ် ပြုပြင်ထားသည့် မည်သည့်အမှတ်အသားမှမရှိဘဲ တံခါး၊ ပြတင်းပေါက် သို့မဟုတ် အပေါက်ဟူ၍ လုံးဝမရှိပေ။

ကောင်းမင်သည် သူ့လက်ကို မြှောက်လိုက်ရာ သွေးမြို့တော်သရဲတက်တူးများက သူ့လက်ချောင်းများတွင် ရစ်ပတ်သွားသည်။ လက်တွေ့ကမ္ဘာတွင် တားမြစ်ထားသော စွမ်းအားကို အသုံးပြု၍ အနက်ရောင်သေတ္တာကို ထိတွေ့ရန် ပြင်လိုက်စဉ် အရိုးထဲထိ အေးစိမ့်သွားသော အအေးဓာတ်ကို သူခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်သည် ကြီးမားလှသော အမှောင်ထုနှင့် ခြောက်ခြားမှုတို့၏ ဝါးမြိုခြင်းခံလိုက်ရသည်။ တစ်ဖက်လူမှာ မည်သည့်အရာဖြစ်ကြောင်း သူ မဖော်ပြနိုင်ပေ။ လောကရှိ မည်သည့်စကားလုံးကမှ ၎င်းကို တိကျစွာ ဖော်ပြနိုင်မည်မဟုတ်ဘဲ ဝေဝါးသော စကားလုံးအချို့သာ ရှိပေသည်။

မသိထိုက်သူ။

မမြင်ရ၊ မကြားရ၊ နာမည်မရှိ၊ မည်သူမျှ မသိရှိနိုင်ဘဲ ၎င်းသည် တကယ်မရှိသော အရာတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သို့သော်လည်း ကောင်းမင်ကို ပေးစွမ်းသည့် ကြောက်ရွံ့မှုမှာမူ ငြင်းဆိုမရနိုင်အောင် အစစ်အမှန် ဖြစ်နေသည်။

"ဒါက ဒီအနက်ရောင်သေတ္တာထဲမှာပဲ"

နှစ်ဖက်လုံးမှာ တစ်ဦးကိုတစ်ဦး အာရုံခံမိနေကြပြီး တစ်ဖက်လူထံမှ ထွက်ပေါ်နေသော အန္တရာယ်ကိုလည်း သိရှိနေကြသည်။

လက်တွေ့ကမ္ဘာတွင် အိပ်မက်သရဲများအပေါ် ကန့်သတ်ချက်သည် မပြောသင့်သူများအပေါ် ကန့်သတ်ချက်ထက် များစွာ လျော့နည်းသော်လည်း ဤဖြစ်တည်မှုမှာ ထိုနေရာတွင် အခြေချနေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်ကာ နှစ်ပေါင်းများစွာကတည်းက ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ရှေ့ဆက် ဘာဖြစ်လာမည်ကို ဘယ်သူမှ မခန့်မှန်းနိုင်ပေ။ ကောင်းမင်သည် ခန့်မှန်း၍မရသော ရန်သူမျိုးနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးပေ။

"ကလစ်"

ခလုတ်တစ်ခု နှိပ်လိုက်သည့်အသံ ထွက်ပေါ်လာသည်။ ထူးဆန်းသည်မှာ ကောင်းမင်သည် မီတာထောင်ပေါင်းများစွာ ဝေးကွာသော အခန်းတစ်ခုအတွင်းရှိ မီးချောင်းကို ပိတ်လိုက်သည့်အသံကို ရှင်းလင်းစွာ ကြားလိုက်ရခြင်း ဖြစ်သည်။

မီးငြိမ်းသွားသည့် ခဏမှာပင် အတွင်း၌ စကားပြောနေသူများ၊ ငိုယိုနေသော ကလေးငယ်၊ ဟင်းချက်နေသောမိခင် အားလုံးမှာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြသည်။ ထိုအခန်းသည် တိတ်ဆိတ်သွားပြီး မီးပိတ်လိုက်ရုံသာမက အတွင်းရှိ မျှော်လင့်ချက်နှင့် အသက်ဓာတ်အားလုံးကိုပါ ပိတ်ပစ်လိုက်သကဲ့သို့ပင်။

ဒုတိယမြောက် ခလုတ်နှိပ်သံက ကောင်းမင်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင် မှောင်သွားသော အခန်းမှာ ပို၍ နီးကပ်လာသည်။ ဈေးကြီးသော တိုက်ခန်းတစ်ခုအတွင်း၌ နားကြားကိရိယာတပ်ထားသော အဘိုးအိုတစ်ဦးက ဝှီးချဲပေါ်တွင် ထိုင်နေပြီး ပြုစုစောင့်ရှောက်သူက ဘုံဘိုင်ခေါင်းတွင် ဟင်းသီးဟင်းရွက်များ ဆေးကြောနေသည်။ ခလုတ်နှိပ်လိုက်သည်နှင့် စီးကျနေသော ရေသံပင် ရပ်တန့်သွားခဲ့သည်။

"ဖျတ်"

တတိယမြောက် ခလုတ်နှိပ်သံမှာ မသေဆေးကုမ္ပဏီ အဆောက်အအုံအတွင်းမှ ထွက်ပေါ်လာသည်။ ရုံးခန်းများအတွင်းရှိ ပုံရိပ်ယောင်ပရိုဂျက်တာ မျက်နှာပြင်များ မှိတ်ကျသွားပြီး ဓာတ်ခွဲခန်းအတွင်းရှိ သုတေသီများမှာလည်း အမှောင်ထုထဲတွင် ပျော်ဝင် ပျောက်ကွယ်သွားကြသည်။

အခန်းအတွင်းရှိ မီးများကို ပိတ်လိုက်သောအချိန်တွင် ဘာဖြစ်လာမည်ကို ကောင်းမင် လုံးဝမသိပေ။ သူသည် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူသည် မည်သူ့ကိုမျှ မမြင်ရဘဲ အမှောင်ထု နီးကပ်လာသည်ကိုသာ ခံစားနေရသည်။

မသေဆေးကုမ္ပဏီ အဆောက်အအုံအတွင်းရှိ မီးများ တစ်လွှာပြီးတစ်လွှာ ငြိမ်းသေသွားသည်။ လက်တွေ့ကမ္ဘာသည် တစ်စုံတစ်ခုသော စည်းမျဉ်းကြောင့် ဆုတ်ဖြဲခံလိုက်ရသယောင်ရှိပြီး ကန့်သတ်ထားသော အတိုင်းအတာအတွင်း မြင်တွေ့နိုင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။

"ဒါ အမှောင်သွေးမြို့တော်က မသိထိုက်သူအဆင့် ဖြစ်တည်မှုတစ်ခုလား၊ သူတို့က အခု ဗဟိုသွေးမြို့တော်နဲ့ တိုက်ခိုက်နေကြတာဆိုတော့ ဘယ်လိုမှ စွမ်းအားအပို မရှိနိုင်ဘူး၊ ဒါဆိုရင် အခြေအနေက ပိုကြောက်စရာကောင်းသွားပြီ တစ်ယောက်ယောက်က အမှောင်သွေးမြို့တော်က ဖြစ်တည်မှုတစ်ခုလို ဟန်ဆောင်ပြီး သူတို့နဲ့ ဆင်တူတဲ့ စည်းမျဉ်းတွေကို သုံးပြီး ငါ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ"

ကောင်းမင်မှာ ဘာဖြစ်နေသည်ကို သေချာစဉ်းစားရန် အချိန်မရလိုက်ပေ။ ခပ်တိုးတိုး အသံတစ်ခုက အမှောင်ထုကို ထိုးဖောက်သွားပြီး အနက်ရောင်သေတ္တာရှိသည့် အထပ်တစ်ခုလုံးမှာ အမှောင်ကျသွားတော့သည်။ မမြင်ရသော တိုက်ခိုက်မှုက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အရာအားလုံးကို အမှောင်ထုက လွှမ်းမိုးသွားချိန်တွင် ကောင်းမင်၏ နှလုံးသားက ခုန်ပေါက်လာပြီး သူ၏ အသားမီးတောက်များမှာ ပြင်းထန်စွာ တောက်လောင်လာတော့သည်။ သို့သော် သူ့စိတ်ထဲတွင်မူ မရေမတွက်နိုင်သော မှတ်ဉာဏ်မြင်ကွင်းများကြား၌ လက်တစ်ဖက်က ခလုတ်တစ်ခုကို နှိပ်ချလိုက်သည်။

ယင်းက အနည်းငယ် အားစိုက်ထုတ်လိုက်ရုံနှင့် ကောင်းမင်၏ မှတ်ဉာဏ်များထဲရှိ အလင်းရောင်အားလုံးကို ပိတ်ပစ်ကာ သူ့ကို လုံးဝ ဖျက်ပစ်နိုင်တော့မည့်ပုံ ရှိနေသည်။

သို့သော်လည်း ခလုတ်ပေါ်တွင် တန့်နေသော လက်က အလွယ်အကူ ကျဆင်းမလာခဲ့ပေ။ ကောင်းမင်သည် အိပ်မက်ပင်မယဇ်ပလ္လင်နှင့် ချိတ်ဆက်လိုက်ရာ မှတ်ဉာဏ်ပင်လယ်ပြင်အတွင်း၌ မီးလျှံလေးခုက ပြင်းထန်စွာ တောက်လောင်လာတော့သည်။ ယဇ်ပလ္လင်အတွင်း ဖုံးကွယ်ထားသော တစ်ခုတည်းသော စွမ်းအား စိတ်ဖောက်ပြန်မှုသည် နုနယ်သော မျိုးစေ့လေးတစ်ခုကဲ့သို့ အဆက်မပြတ် ပုံသဏ္ဌာန် ပြောင်းလဲနေပြီး ကောင်းမင်၏ လက်ထဲတွင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရသည်။

“ငါ မင်းနဲ့ စကားအများကြီး မပြောချင်ဘူး၊ မင်း ရှင်းလုဆီက ဘာလိုချင်နေလဲဆိုတာလည်း ငါ စိတ်မဝင်စားဘူး၊ ငါ ဒီကိုလာတာ နောက်ဆုံးအိပ်မက်ယဇ်ပလ္လင်ကို လာယူတာပဲ၊ မင်း ငါ့ရဲ့ မှတ်ဉာဏ်တွေကို လွယ်လွယ်နဲ့ ကျူးကျော်နိုင်တာဆိုတော့ ငါဘယ်လိုလူလဲဆိုတာ မင်း မြင်နိုင်မှာပါ၊ မင်း မီးပိတ်လိုက်တဲ့ တစ်စက္ကန့်မှာပဲ စိတ်ဖောက်ပြန်မှုက မင်းဆီမှာ ကပ်ငြိသွားပြီး မင်းနဲ့အတူ ထာဝရ ရှိနေလိမ့်မယ်”

ကောင်းမင်တွင် မသိထိုက်သူအဆင့် ဖြစ်တည်မှုများနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံ မရှိသလို တစ်ဖက်လူကို မည်သို့ ထိန်းချုပ်ရမည်ကိုလည်း မသိပေ။ သူသည် သွေးမြို့တော်ပိုင်ရှင် ဖြစ်လာသည့်အချိန်မှာ တိုတောင်းလွန်းသဖြင့် စည်းမျဉ်းများအပေါ် သူ၏ နားလည်မှုက ကောင်းယန်လောက် မကောင်းချေ။ သို့သော်လည်း ၎င်းက သူ၏ အန္တရာယ်အဆင့်ကို မထိခိုက်စေနိုင်ပေ။

ထိုကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုက သူ့ကို စမ်းသပ်နေခြင်းဖြစ်စေ သို့မဟုတ် သတ်ဖြတ်ရန် ပြင်ဆင်နေခြင်းဖြစ်စေ ကောင်းမင်သည် အဆိုးဆုံးအတွက် ပြင်ဆင်ထားမည်ဖြစ်သည်။ တိုက်ခိုက်ရန် အခွင့်အရေးက တစ်ကြိမ်သာ ရရှိလျင်ပင် သူသည် အပြင်းထန်ဆုံးသော တိုက်ကွက်ကိုသာ ရွေးချယ်ပေလိမ့်မည်။

ခလုတ်ပေါ်တွင် တန့်နေသော လက်က အချိန်အတော်ကြာသည်အထိ နှိပ်မချခဲ့ပေ။ အချိန်အတော်ကြာပြီးနောက်တွင် မသေဆေးကုမ္ပဏီ အဆောက်အအုံ၏ အောက်ထပ်မီးများ ပြန်လည်လင်းလာခဲ့သည်။ဧရာမအနက်ရောင်သေတ္တာနှင့် ကောင်းမင်ကြားတွင် ဟောင်းနွမ်းနေသော ယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤယဇ်ပလ္လင်သည် အခြားယဇ်ပလ္လင်များထက် သေးငယ်သော်လည်း အခြားလေးခုပေါင်းထက် ပိုမိုများပြားသော အိပ်မက်အမှတ်အသားများ ထွင်းထုထားသည်။ ယဇ်ပလ္လင်တံခါးကို မဖွင့်ရသေးခင်မှာပင် ကျိုးပဲ့နေသော အပေါက်များမှတစ်ဆင့် အတွင်း၌ ဖြစ်တည်နေသော အိပ်မက်ကမ္ဘာများကို မြင်တွေ့နေရသည်။ ၎င်းတို့သည် သွေးနီရောင် အတောင်ပံတစ်စုံကို ဝန်းရံထားသော ကြယ်တာရာများကဲ့သို့ ဖြစ်နေလေသည်။

"သွေးပင်လယ်က လိပ်ပြာအတောင်ပံတွေကို ဆွဲနှစ်လိုက်တာလား၊ ဒီလူက လုံးဝ မသေသေးဘူးလား"

ကောင်းမင်နှင့် ထိုမသိထိုက်သူ နှစ်ဦးလုံး ယဇ်ပလ္လင်၏ ထူးခြားမှုကို အာရုံခံမိနေကြသော်လည်း ကောင်းမင်မှလွဲ၍ မည်သူမျှ ၎င်းနှင့် ပတ်သက်နေသောကမ္မဆက်နွယ်မှုထဲသို့ အလွယ်တကူ ဝင်မပါချင်ကြပေ။

ချောင်းကြည့်ခံနေရသည့် ခံစားချက်က ပျောက်ကွယ်မသွားသေးပေ။ တစ်ဖက်လူက ကောင်းမင်အား ယဇ်ပလ္လင်ကို ပေးအပ်၍ ထွက်ခွာခွင့်ပေးလိုက်ခြင်းသည် သူတို့သည် လက်ရှိတွင် အရေးကြီးသော အခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေကြောင်း ပြသနေခြင်း ဖြစ်သည်။

"ဒါ ရှင်းလုသွေးမြို့တော်လား"

ထိုအတွေး ကောင်းမင်စိတ်ထဲသို့ ပေါ်လာရုံရှိသေးသည် မသေဆေးကုမ္ပဏီ အဆောက်အအုံ၏ ပတ်ဝန်းကျင် မီတာ ၅၀၀ အတွင်းရှိ မီးများအားလုံး ပိတ်ကျသွားခဲ့သည်။ ကောင်းမင်ခေါင်းပေါ်မှ မီးချောင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ သူသည် အခြားကမ္ဘာတစ်ခုမှ ချက်ချင်း ခွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သွေးမြို့တော်သရဲတက်တူးများပင် အနည်းငယ် ပုံပျက်သွားခဲ့သည်။

ကောင်းမင်သည် အေးစက်စွာ ပြုံးလိုက်ရင်း ဤအရာမှာ သတိပေးချက်တစ်ခုဖြစ်ကြောင်း သိလိုက်သည်။ သူသည် နောက်ဆုံး အိပ်မက်ယဇ်ပလ္လင်ကို သိမ်းဆည်းလိုက်ပြီး အဆောက်အအုံအတွင်းမှ ထွက်လာခဲ့တော့သည်။

ဓာတ်ခွဲခန်းထဲမှ သူထွက်လာပြီး လူတိုင်း၏ အိပ်မက်များကို ရုပ်သိမ်းလိုက်ချိန်တွင် မီးများက တစ်ပြိုင်နက်တည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း အချို့အခန်းများတွင် လူဦးရေ လျော့နည်းသွားပုံရပြီး အချို့အခန်းများတွင်မူ ပိုများလာပုံရသည်။

"သုည၊ အနက်ရောင်သေတ္တာ၊ ရှင်းလု..."

ကောင်းမင်သည် လူအုပ်ကြားထဲ လိုက်ပါသွားရင်း အိပ်မက်ထဲသို့ ဝင်ရောက်ခဲ့သူများ၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားနေခဲ့သည်။ ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်တည်ဆောက်ပြီးကတည်းက မသေဆေးကုမ္ပဏီသည် ကောင်းမင်နှင့် စုံစမ်းစစ်ဆေးရေးဌာနအပေါ် အာရုံစိုက်မှု လျော့နည်းသွားခဲ့သည်။ သူတို့၏ ဟန်ဟိုင်းပရောဂျက်မှာ လုံးဝ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဤအချက်က နားလည်ပေးနိုင်စရာ ရှိသည်။နံပါတ်(၀)၏ အာရုံမှာ အစကတည်းက ဟန်ဟိုင်းအပေါ်တွင် ရှိမနေခဲ့ပေ။ ၎င်း၏ စိတ်ဝင်စားမှုသည် သေဆုံးနေသော ဟန်ဟိုင်းနှင့် နှိုင်းယှဉ်လျှင် ရှင်းလုအပေါ်သာ ပိုမိုကြီးမားနေကြောင်း သိသာလှသည်။

ဤအချက်က ကောင်းမင်ကို ပဟေဋိ ဖြစ်စေသည်။ ထိုစဉ်က မပြောသင့်သူ အိပ်မက်၊ ယခု နံပါတ် (၀) နှင့် အတွင်းကမ္ဘာရှိ သွေးမြို့တော်ပိုင်ရှင် အများအပြားသည် အဘယ်ကြောင့် ရှင်းလုသွေးမြို့တော်အပေါ် ဤမျှပြင်းပြင်းထန်ထန် စိတ်ဝင်စားနေကြရသနည်း။

ဟန်ဟိုင်းသွေးမြို့တော်အတွက်ဖြစ်ပါက ၎င်းတို့က ဖျက်ဆီးပစ်ရန်သာ ဖြစ်သော်လည်း ရှင်းလုသွေးမြို့တော်အတွက်မူ နည်းလမ်းမျိုးစုံသုံး၍ သိမ်းပိုက်ရန်သာ ဖြစ်နေကြသည်။

"ရှင်းလုက အတွင်းကမ္ဘာနဲ့ လက်တွေကမ္ဘာကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်နေလို့လား၊ ဒါမှမဟုတ် တခြားနေရာတွေကို သွားတဲ့ လမ်းကြောင်းတစ်ခုခု ဖြစ်နေလို့လား"

All Chapters