အခန်း (၈၀၈-၈၁၀)
Vol. 54 Ch. 808-810
အပိုင်း (၈၀၈) သူမကို သွားတွေ့ကြစို့
ကောင်းမင် ပိုစဉ်းစားလေလေ ၎င်းမှာ ဖြစ်နိုင်ခြေ ပိုရှိလေလေဟု ခံစားရသည်။ ရှင်းလုသွေးမြို့တော် အတွင်း၌ လျှို့ဝှက်ချက်တစ်ခုခု ဖုံးကွယ်နေနိုင်ပေသည်။
ရဲကားဥဩဆွဲသံများက ကောင်းမင်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ သူ့ဘေးမှ ရဲကားများ ဖြတ်မောင်းသွားကြပြီး မသေဆေးကုမ္ပဏီ အဆောက်အအုံထဲသို့ ဝင်မသွားဘဲ အနီးနားရှိ လူနေအိမ်များဆီသို့ ဦးတည်သွားနေကြသည်။
AI က ရာဇဝတ်သားကို ရှာတွေ့ထားပြီးဖြစ်၍ ရဲများအနေဖြင့် အတည်ပြုဖမ်းဆီးရန်သာ လိုအပ်တော့သည်။
ရှင်းလုဉာဏ်ပညာမြို့တော်တွင် နိုင်ငံသားတိုင်း၏ ရာဇဝတ်မှုကျူးလွန်နိုင်ခြေကို ကိန်းဂဏန်းများဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ ဤနေရာတွင် လူသတ်သမားက လူသားမဟုတ်လျှင်မှလွဲ၍ ဖမ်းမမိနိုင်သော ရာဇဝတ်သားဟူ၍ မရှိပေ။
မြို့သူမြို့သားများသည် AI က ယူဆောင်လာပေးသော အဆင်ပြေချောမွေ့မှုများတွင် ကျင့်သားရနေကြပြီဖြစ်ရာ တစ်ခါတစ်ရံတွင် စဉ်းစားတွေးတောနေရန်ပင် မလိုတော့ပေ။ မြို့တော်တစ်ခုလုံးကို AI က စေ့စပ်သေချာစွာ စီမံထားခြင်းဖြစ်သဖြင့် မည်သည့်အခါမျှ အမှားအယွင်းရှိမည်မဟုတ်ဟု ထင်မှတ်ရသည်။
"ဉာဏ်ပညာမြို့တော်ကို နံပါတ် (၀)က ပြန်ပေးဆွဲထားတာပဲ၊ သူက အထူးနည်းလမ်းတစ်ခု သုံးပြီး လူတွေကို ကိုယ့်ခြေထောက်နဲ့ကိုယ် ယဇ်ပလ္လင်ပေါ် တက်လာအောင် လုပ်နေတာပဲ"
ကောင်းမင်သည် နံပါတ်(၀) ၏ အစီအစဉ်ထဲတွင် ဝင်မပါချင်ပေ။ သို့သော်လည်း မသေဆေးကုမ္ပဏီ၏ ရွှံ့နွံထဲမှ သူဆွဲထုတ်သွားချင်သည့် လူတစ်ဦး ရှိပေသည်။
ကောင်းမင် ထိုလူကို မည်သို့ ရင်ဆိုင်ရမှန်း မသိပေ။ သူမသည် ပူးပေါင်းကြံစည်မှုအားလုံးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သကဲ့သို့ ပြောင်းလဲမှုအားလုံး၏ အကြောင်းရင်းလည်း ဖြစ်သည်။ သူမသည် ပြစ်မှုကျူးလွန်သူဖြစ်သလို ကယ်တင်ရှင်လည်း ဖြစ်သည်။ ကောင်းမင်သည် သူမထံတွင် လူသားသဘာဝ၏ ရှုပ်ထွေးမှုနှင့် မရေရာမှုများကို အပြည့်အဝ မြင်တွေ့ခဲ့ရသည်။
"သွားတွေ့လိုက်ပါ"
အခြားသွေးမြို့တော်အရှင်သခင်များနှင့် နှိုင်းယှဉ်လျှင် ကောင်းမင်သည် ပို၍ အထီးကျန်နေပုံရသည်။ သူသည် ဤကမ္ဘာကြီးနှင့် တစ်သားတည်းမကျသော အငွေ့အသက်မျိုး ရှိနေခဲ့သည်။ ၎င်းမှာ ဟန်ဟိုင်းတွင် သူပေါ်ထွက်လာခြင်းက ပူးပေါင်းကြံစည်မှုတစ်ခုနှင့် မတော်တဆမှုတစ်ခု ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ညှင်းပန်းနှိပ်စက်ခန်းထဲသို့ လက်လှမ်း၍ သူမ၏ ဓာတ်ပုံကို ထုတ်ယူလိုက်သည်။ ကောင်းမင်သည် မသေဆေးကုမ္ပဏီဝန်ထမ်းများ၏ အိပ်မက်များကို ရှာဖွေကြည့်ပြီးနောက် နောက်ဆုံးတွင် ထိုမျက်နှာကို မြင်တွေ့လိုက်ရသည်။
သူမသည် မသေဆေးကုမ္ပဏီ၏ စီမံခန့်ခွဲမှုရာထူးမှ ဖယ်ရှားခြင်း ခံထားရသည်။ အခြားသူများ၏ စိတ်ထဲရှိ သူမနှင့် ပတ်သက်သော အိပ်မက်များသည် မီးခိုးရောင်၊ အမည်းရောင်နှင့် အနီရောင်များဖြင့်သာ ဖွဲ့စည်းထားလေသည်။
မိဘမဲ့ဂေဟာတစ်ခုသို့ ရောက်ရှိလာချိန်တွင် ကောင်းမင်သည် ကလေးငိုသံများ ကြားလိုက်ရသည်။ ထိုအသံများနောက်သို့ လိုက်ပါရင်း အနည်းငယ်ဟောင်းနွမ်းနေသော အဆောက်အအုံများကြားမှ ဖြတ်လျှောက်သွား၏။
ဤမိဘမဲ့ဂေဟာကို ရာစုနှစ် တစ်ဝက်ခန့်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကြိမ်ကြိမ် ပြုပြင်မွမ်းမံခဲ့သော်လည်း ခေတ်နောက်ကျနေဆဲပင်။ဂေဟာသည် မသေဆေးကုမ္ပဏီနှင့် ပတ်သက်သော အရှုပ်တော်ပုံအချို့ကြောင့် ယခင်က ပိတ်သိမ်းခြင်းပင် ခံခဲ့ရဖူးသည်။
ကောင်းမင်သည် တိတ်ဆိတ်စွာ လျှောက်လှမ်းရင်း နေရာတစ်ခု၏ ကောင်းခြင်း ဆိုးခြင်းကို အာရုံခံနိုင်သည်။ ယင်းမှာ စိတ်ကူးဖြင့် ခန့်မှန်းခြင်းမဟုတ်ဘဲ အိပ်မက်များပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။
မိဘမဲ့ဂေဟာရှိ ကလေးများ၏ အိပ်မက်များသည် ကြီးမားလှသော ဂွမ်းမုန့်များကဲ့သို့ နူးညံ့ပျော့ပျောင်းကာ ချိုမြိန်သော အနံ့အသက်တို့ ရှိနေလေသည်။ သူတို့သည် ကောင်းမွန်စွာ စောင့်ရှောက်ခံထားရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကလေးများ၏ ငိုသံများ ရပ်တန့်သွားခဲ့သည်။ ကောင်းမင်သည် နွေးထွေးသော အဝါရောင်အလင်းတန်းများ ဖြာကျနေသည့် မိဘမဲ့ဂေဟာ၏ မီးဖိုချောင်ဆီသို့ လျှောက်သွားခဲ့သည်။
အနီရောင်ဝတ်စုံဝတ်ထားသော ကောင်မလေးတစ်ယောက်သည် စားပွဲဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။ သူမသည် အလွန်ငယ်သေးသဖြင့် စားပွဲပေါ်ရှိ ပန်းကန်များကို မြင်နိုင်ရန် စားပွဲအစွန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခြေဖျားထောက်ကြည့်နေရသည်။
သန့်ရှင်းသော ပန်းကန်များပေါ်တွင် ပန်းသီးဖြင့် ပြုလုပ်ထားသော ယုန်ကလေးများ ရှိနေ၏။ ယုန်ကလေးများ၏ဘေးတွင်မူ ဖြူဝင်းချောမွတ်သော လက်တစ်စုံက ဓားတစ်ချောင်းကို ချလိုက်သည်။
ကောင်မလေးမှာ စိတ်မရှည်စွာ လက်လှမ်းယူလိုက်သော်လည်း ပန်းကန်ပေါ်ရှိ ယုန်ကလေးများကို လှမ်းမမီပေ။ သူမသည် ပန်းရောင်သန်းနေသော ပါးပြင်လေးများဖြင့် စားပွဲတစ်ဖက်ရှိ အမျိုးသမီးကို မော့ကြည့်လိုက်သည်။
"မေမေဆရာမ၊ သမီး မမီဘူး"
ကောင်မလေး၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ အမြဲတမ်းလိုလို နူးညံ့သိမ်မွေ့စွာ ပြုံးနေတတ်သော ဒါရိုက်တာမေမေသည် စားပွဲဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူမမျက်လုံးများက တံခါးဝဆီသို့ ဦးတည်နေပေသည်။ သူမသည် အကြည့်ကို လွှဲဖယ်ချင်သော်လည်း မလွှဲဖယ်နိုင်ပုံရသည်။
"မေမေဆရာမ"
ကောင်မလေးက လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ဒါရိုက်တာမေမေနှင့် အသက်အရွယ်ချင်း တူပုံရသည်။ သူသည် ချောမောခန့်ညားခြင်း မရှိသော်လည်း အတွေ့အကြုံများစွာ ရှိပုံရသည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ဝိညာဉ်ကို ဆွဲယူသွားနိုင်သည့် ထူးဆန်းသော ဝဲဂယက်ကြီးတစ်ခုကဲ့သို့ ရှိနေလေသည်။
“သူတို့က ဒီကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ မင်းကို ဒီပို့လိုက်တာလား”
ကောင်းမင် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ငါ ‘အိမ်’ ကို သွားခဲ့ပြီးပြီ၊ သော့အတွက် ကျေးဇူးပါပဲ”
သူမ စကားမပြောခဲ့ပေ။ ထိုအမျိုးသမီးသည် ယခင်က ကောင်းမင်အား အထိန်းအကွပ်မရှိ နောက်ပြောင်လေ့ရှိသည်။ ဟန်ဟိုင်းတွင် သူမ ဘာမဆို လုပ်နိုင်ခဲ့သည်။ ထိုအရာအားလုံးမှာ အတုအယောင်များ၊ အိပ်မက်များ၊ အမြင်အာရုံလှည့်စားမှုများသာ ဖြစ်သည်။ သို့သော် ဤနေရာမှာ ရှင်းလု ဖြစ်သည်။
“ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်တည်ဆောက်ပြီးပြီ၊ အတုအယောင်တွေအားလုံး အစစ်အမှန်တွေ ဖြစ်လာခဲ့ပြီ”
ကောင်းမင်သည် ရွှမ်ဝမ်တွေးနေသည့်အရာကို သိသည်။ သူ့မျက်လုံးများက ရွှမ်ဝမ်စိတ်ထဲရှိ အိပ်မက်ပေါင်းများစွာကို မြင်တွေ့နေရသည်။ထိုအရာများက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ ထိုအိပ်မက်တိုင်းတွင် သူ ရှိနေခဲ့သည်။
“ကျွန်မက အစကတည်းက မသေဆေးကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတာ၊ ရှင့်ရဲ့ ဘဝဇာတ်ကြောင်းကို ရေးခဲ့ပြီး ရှင်မခံစားသင့်တဲ့ နာကျင်မှုတွေကို ခံစားရအောင် လုပ်ခဲ့တာလည်း ကျွန်မပဲ၊ ရှင့်ကို ဘယ်တုန်းကမှ တန်းတူတစ်ယောက်လို မဆက်ဆံခဲ့ဘူး၊ ကျွန်မတို့ အတူတူရှိခဲ့တဲ့ အချိန်တွေမှာ ရှင့်ကို ပျိုးထောင်ဖို့နဲ့ သိမ်းပိုက်ဖို့ လူတစ်ယောက်အနေနဲ့ပဲ အများဆုံး ဆက်ဆံခဲ့တာ၊ ရင်းနှီးမှုတွေ၊ ဝေဝါးမှုတွေနဲ့ ပတ်သက်မှုတွေအားလုံးက ကြိုတင်စီစဉ်ထားတာတွေချည်းပဲ”
အမျိုးသမီးက ခေါင်းမော့ကာ ကောင်းမင်မျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်သည်။
“အခုရော ရှင် ကျွန်မကို ကျေးဇူးတင်ဦးမှာလား”
သူ ခေါင်းညိတ်ပြလိုက်ပြီး အမှောင်ရိပ်ထဲမှ ထွက်လိုက်သည်။ အလင်းရောင်က သူ့မျက်နှာပေါ်သို့ ဖြာကျလာသည်။
“ရှင်းလုက မကြာခင် ဖရိုဖရဲတွေ ဖြစ်လာတော့မယ်၊ ကယ်တင်ရှင်သာ ပြန်မလာဘူးဆိုရင် ဒီမြို့ဟာ သွေးမြို့တော်ပိုင်ရှင်တွေ ခွဲယူတာခံရလိမ့်မယ်၊ ကယ်တင်ရှင် ပြန်လာရင်တောင်မှ မင်းက နံပါတ် (၀) ကြောင့် ကြားညှပ်သွားနိုင်တယ်၊ ဒါကြောင့် အကောင်းဆုံးရွေးချယ်မှုကတော့ ငါနဲ့အတူ လိုက်ခဲ့ပြီး ဟန်ဟိုင်းကို ပြန်ဖို့ပဲ”
ကံကြမ္မာ၏ ဆွဲဆောင်ခြင်းခံရသော ကောင်းမင်နှင့် သူ့ကိုရှာဖွေရန် အတွင်းကမ္ဘာထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့သော သူ့မိဘများမှလွဲလျှင် ရွှမ်ဝမ်သည် ဥမင်ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့သော တစ်ဦးတည်းသော သက်ရှိလူသား ဖြစ်သည်။ အကယ်၍ သူမတွင် မကောင်းစိတ်ရှိခဲ့ပါက ကောင်းမင်မိဘများ၏ “ဘေးကင်းရာအိမ်” ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။
တကယ်တမ်းတွင် ရွှမ်ဝမ် ထိုအိမ်ကို မဖျက်ဆီးခဲ့သည့် အချိန်မှစ၍ သူမသည် နံပါတ် (၀) ၏ အမိန့်များကို ချိုးဖောက်ခဲ့ပြီး ဥမင်အတွင်းရှိ သတင်းအချက်အလက်များကို ဖုံးကွယ်ပေးခဲ့ခြင်း ဖြစ်သည်။
အမည်မသိဖြစ်တည်မှုများသည် အဆင့်မြင့်ကစားပွဲတစ်ခုကို ကစားနေကြခြင်းဖြစ်ပြီး ကံကြမ္မာကြောင့် သူတို့ကိုယ်တိုင် တိုက်ရိုက်ပါဝင်၍မရဘဲ နယ်ရုပ်များကိုသာ အသုံးပြု၍ ကစားပွဲကို ခင်းကျင်းနေရခြင်းဖြစ်သည်။ ယခုအခါ ကောင်းမင်က ကစားပွဲပေါ်မှ ခုန်ထွက်သွားခဲ့ပြီဖြစ်ရာ ရွှမ်ဝမ်မှာ စတေးခံနယ်ရုပ်တစ်ကောင် ဖြစ်လာတော့သည်။
“မေမေဆရာမကို ခေါ်သွားလို့ မရဘူး”
ကောင်မလေးက စားပွဲကို ပတ်ပြေးလာပြီး ရွှမ်ဝမ်ကို ဖက်လိုက်သည်။ ကလေးများသည် သူတို့၏ စိတ်ခံစားချက်ကို ရိုးရှင်းတိုက်ရိုက်စွာ ဖော်ပြတတ်ကြသည်။ သူတို့ကြိုက်သည့်အရာကို ဖက်ထားတတ်ကြပြီး မကြိုက်သည့်အရာနှင့် ဝေးဝေးနေတတ်ကြသည်။သူတို့သည် စိုးရိမ်ပူပန်မှုများစွာရှိသော လူကြီးများနှင့် မတူညီကြပေ။
ကောင်မလေး၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးရင်း ရွှမ်ဝမ်က ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သို့သော် သူမ၏အမူအရာက ကောင်းမင်၏ ခိုင်မာသော အဖြေကို ကြားပြီးနောက် နူးညံ့သွား၏။
“ကျွန်မ ရှင်နဲ့အတူ လိုက်လို့မရဘူး၊ ရှင့်ရဲ့ လမ်းကြောင်းက တစ်ကိုယ်တည်းသွားရဖို့ သတ်မှတ်ထားပြီးသားပဲ၊ ရှင်တွေ့ဆုံခဲ့သမျှ လူတိုင်းက ကံကြမ္မာရဲ့ စီမံမှုတွေပဲ၊ သူတို့ ရှင်နဲ့ ပိုနီးကပ်လေလေ သူတို့ဆီကို အန္တရာယ်တွေ ပိုရောက်လာလေလေပဲ”
ကောင်မလေးမှာ အနည်းငယ် ထိတ်လန့်သွားသည်။ သူမသည် ကြင်နာတတ်သူဖြစ်ရာ မေမေဆရာမ ပြောလိုက်သော စကားသည် တစ်ဖက်လူကို နာကျင်စေသည်ဟု ခံစားမိပုံရသည်။
“ဒါက အဆင်ပြေပါတယ်”
ကောင်းမင်က သူ့လက်ကို ကမ်းပေးလိုက်သည်။
“ငါ အကြိမ်ကြိမ် ပြန်မွေးဖွားလာတိုင်း ငါ့ကို ခေါ်သွားပေးတာ မင်းပဲ၊ အကြိမ်ပေါင်းများစွာ ကပြခဲ့တဲ့ ဒီတစ်ကိုယ်တော်ပြဇာတ်မှာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော ပရိသတ်ပဲ”
“ဒါကြောင့်လည်း ကျွန်မ ရှင်နဲ့အတူ လိုက်လို့မရတာပေါ့၊ ဖြစ်နိုင်တာက ရှင်နောက်တစ်ခါ မျက်လုံးဖွင့်လိုက်ချိန်မှာလည်း ကျွန်မက အဲ့ဒီလျှပ်စစ်ဆိုင်ကယ်လေးကို စီးပြီး ရှင့်ကို လာကြိုနေဦးမှာပဲ၊ အဲ့ဒီအချိန်မှာ မိုးတွေရွာနေလိမ့်မယ်၊ လမ်းကလည်း ကြမ်းတမ်းနေလိမ့်မယ်၊ မြို့ကြီးကလည်း မှောင်မည်းနေပြီး တိတ်ဆိတ်နေလိမ့်မယ်၊ ကျွန်မတို့နှစ်ယောက်တည်း ရှိနေသလိုမျိုး တိတ်ဆိတ်နေမှာပေါ့”
ရွှမ်ဝမ်သည် တစ်စုံတစ်ခုကို လွမ်းဆွတ်နေပုံရသည်။
“ရှင် သိလား၊ တကယ်တော့ ကျွန်မ...”
သူမ စကားကို အဆုံးမသတ်ခဲ့ပေ။ ရွှမ်ဝမ်သည် ပန်းသီးဖြင့် ပြုလုပ်ထားသော "ယုန်ကလေး" ကို ကောင်မလေးထံ ကမ်းပေးလိုက်ပြီး သူမ၏လက်ကို ကိုင်ကာ ပြောလိုက်သည်။
"သမီး အရင်သွားနှင့်ဦးနော်၊ မေမေ ခဏလောက် စဉ်းစားပါရစေ"
မီးဖိုချောင်မှ ထွက်လာပြီးနောက် ရွှမ်ဝမ်သည် ကောင်မလေးကို သူမအခန်းသို့ ပြန်ပို့ပေးလိုက်သည်။
"မေမေ၊ သမီး ကောင်းကောင်းအိပ်ပါ့မယ်၊ သမီးအတွက် စိတ်မပူပါနဲ့၊ ဒီဦးလေးကြီးနဲ့ သွားပြီး ကောင်းကောင်း စကားပြောပေးလိုက်ပါဦး၊ သူက အများကြီး နာကျင်နေပုံရတယ်၊ နှလုံးသားထဲကနေ လာတဲ့ နာကျင်မှုမျိုးလေ"
ကောင်မလေးက ကုတင်ပေါ်တွင် လိမ္မာစွာ လဲလျောင်းလိုက်ပြီး ပန်းသီးယုန်ကလေးကိုပင် မစားတော့ပေ။
"မေမေ သူ့ရဲ့ နာကျင်မှုကို သိပါတယ်၊ ဒါကြောင့်လည်း သူ့ကို ထပ်ပြီး မနာကျင်စေချင်တော့တာပေါ့"
ရွှမ်ဝမ်က ကုတင်အစွန်းတွင် ထိုင်လိုက်သည်။
"သူက အားနည်းချက် မရှိတဲ့လူပဲ၊ ငါက သူ့ရဲ့ အားနည်းချက် ဖြစ်လို့မရဘူး"
အပိုင်း (၈၀၉) နူတ်ဆက်ထွက်ခွာသွားသူများ စာရင်း
မိဘမဲ့ဖြစ်ရခြင်းက လူတစ်ယောက်ကို အထီးကျန်စေသည်မဟုတ်ဘဲ မည်သည့်အခါမျှ အိမ်ပြန်လမ်း ရှာမတွေ့နိုင်တော့ခြင်းကသာ အမှန်တကယ် အထီးကျန်စေခြင်းဖြစ်သည်။
ကောင်းမင်သည် အိမ်လေး၏ အပြင်ဘက်တွင် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ပြီးနောက် အထဲမှ တံခါးပွင့်လာခဲ့သည်။ ညအိပ်ဝတ်စုံ ဝတ်ထားသော ကောင်မလေးမှာ တံခါးကြားမှတစ်ဆင့် ကောင်းမင်အား စူးစမ်းမှု၊ ကြောက်ရွံ့မှုတို့ ရောပြွမ်းနေသော အကြည့်များဖြင့် ချောင်းကြည့်နေလေသည်။
“မေမေဆရာမက ဒါကို ဦးဦးကို ပေးခိုင်းလိုက်တာ၊ ဦးဦး လုပ်သင့်တွေ လုပ်ပြီးရင် အရင်အခေါက်တွေကလိုပဲ မေမေက ဦးဦးကို လာကြိုပါလိမ့်မယ်တဲ့”
ကောင်မလေးက ပုံပြင်စာအုပ်တစ်အုပ်မှ ဆုတ်ဖြဲထားသော ပုံဆွဲစက္ကူတစ်ရွက်ကို ကောင်းမင်အား ကမ်းပေးလိုက်သည်။ ထိုစက္ကူပေါ်တွင် လက်ဖြင့် ရေးသားထားသော အမည်စာရင်းတစ်ခု ပါရှိပြီး အမည်တစ်ခုစီ၏ နောက်တွင် အဓိကကျသော တည်နေရာများကို မှတ်သားထားသည်။
ရှရန် - ကောင်းကင်ဟိုတယ်။
ကောင်းမင် - ရှင်းလု အမှတ် (၁) အထက်တန်းကျောင်း။
အားဖန် - ကျောက်မီးသွေးနှင့် ကုတ်ခ်စက်ရုံ တိုက်ခန်း။
စီတုအန်း - ရှင်းလု အမှတ် (၇) အထူးဆေးရုံ။
မေးခွန်း (ကျင်းထောင်ရှန်း) - ရှင်းလုသုသာန်စီမံခန့်ခွဲရေးရုံး။
(TL note - ဟန်ဟိုင်းထဲကနေ လက်တွေ့ကမ္ဘာကြီးကို သွားလို့ရမယ့် ပုံသေနည်းကို တွက်ထုတ်ခဲ့တဲ့ လီစန်းဆေးရုံက မစ္စတာမေးခွန်းကို မှတ်မိကြမယ်ထင်ပါတယ် ၊ဒီလိုဆို ဟန်ဟိုင်းမှာ ကျင်းထောင်ရှန်းနှစ်ယောက် ဖြစ်နေခဲ့မှာပေါ့ ၊ မေးခွန်းက ကျင်းထောင်ရှန်းရဲ့ တခြားဗားရှင်းဖြစ်နိုင်ပါတယ်၊ စကားမစပ် ကျင်းထောင်ရှန်းဆိုတဲ့နာမည်က သန့်စင်ကုန်းမြေနတ်ဘုရားလို့ အဓိပ္ပါယ်ရပါတယ်)
...
စာရင်းထဲတွင် နာမည်ဆယ်ခု ပါရှိပြီး ၎င်းမှာ မသေဆေးကုမ္ပဏီမှ ရွေးချယ်ထားသော ဟန်ဟိုင်းသွေးမြို့တော် ကိုယ်စားလှယ်လောင်းကိုးဦးကို ကိုယ်စားပြုနေပုံရသည်။ ကောင်းမင်ကား မတော်တဆမှုကြောင့် ပါဝင်လာခြင်း ဖြစ်ပေလိမ့်မည်။
“စာထဲမှာ ဘာတွေ ရေးထားလို့လဲ”
စာမဖတ်တတ်သော ကောင်မလေးမှာ စူးစမ်းစိတ်များ ပြည့်နှက်နေသည်။
“ဦးဦးရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရဲ့ လိပ်စာတွေပေါ့”
ကောင်းမင်က ကောင်မလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း တံခါးအဟကြားမှတစ်ဆင့် အထဲသို့ လှမ်းကြည့်လိုက်သည်။
“မေမေဆရာမက အရမ်းအလုပ်များနေတာလေ၊ ဒါပေမဲ့ သူလာကြိုမယ်လို့ ပြောရင်တော့ သေချာပေါက် လာမှာပါ”
ကောင်မလေးသည် အပြစ်မကင်းသလို ခံစားနေရပုံဖြင့် ကောင်းမင်အနားသို့ တိုးကပ်လာသည်။
“သမီး မေမေဆရာမကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ဘယ်လိုပြောရမလဲ... ဦးဦးကို တွေ့ပြီးတော့ သူက ပိုလှပြီး ပိုငယ်သွားသလိုပဲ၊ ဦးဦးတို့နှစ်ယောက် အတူတူ အချိန်ပိုပေးသင့်တယ်နော်”
ကောင်းမင်က အကြည့်ကို ပြန်ရုပ်လိုက်သည်။ သူသည် ရွှမ်ဝမ်၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ ခေတ္တအကြာတွင် သူလှည့်ထွက်သွားပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားတော့သည်။
ညမှာ အမှောင်တိ ကျနေသော်လည်း ကောင်းကင်ဟိုတယ်မှာ လင်းထိန်နေဆဲပင်။ ဤဟိုတယ်သည် ရှင်းလုဉာဏ်ပညာမြို့တော်၏ အထင်ကရနေရာများထဲမှ တစ်ခုဖြစ်ပြီး လွန်ခဲ့သော ငါးနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ဟိုတယ်သည် အလွန်အမင်း ဇိမ်ကျမှု၊ မြင့်မားသော ဈေးနှုန်းများနှင့် ထူးကဲသော ဝန်ဆောင်မှုများကြောင့် နာမည်ကြီးသည်။
ဟိုတယ်မန်နေဂျာ၏ နောက်မှ လိုက်ပါလာရင်း ကောင်းမင်သည် လူတို့၏ အိပ်မက်များကို ထိန်းချုပ်လိုက်သည်။ သွေးမြို့တော်ပိုင်ရှင် ဖြစ်လာပြီးနောက် သူသည် ဂရုစိုက်နေရန် မလိုတော့ပေ။ လက်တွေ့ကမ္ဘာ၏ စည်းမျဉ်းများက သူ့ကို မည်သို့မျှ မတားဆီးနိုင်တော့ဘဲ သူအလိုရှိရာကို လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
သူသည် ဓာတ်လှေကားစီး၍ ဟိုတယ်အပေါ်ဆုံးထပ်သို့ တက်သွားခဲ့သည်။ ထိုနေရာတွင် အများပြည်သူအတွက် မဟုတ်သော ဇိမ်ခံအခန်းကြီးတစ်ခန်း ရှိနေသည်။ အခန်းနံပါတ်သည် ရှရန်၏ မွေးနေ့နှင့် တိုက်ဆိုင်နေ၏။
“လူကြီးမင်း... ကျွန်တော် ဒီအခန်းကို တစ်ခါမှ မရောက်ဖူးပါဘူး၊ ဒါက သီးသန့်ကတ်ပြား လိုအပ်ပါတယ်”
“မင်း သွားနားလို့ ရပါပြီ၊ အိပ်မက်လှလှ မက်ပါစေ”
မန်နေဂျာ ထွက်ခွာသွားပြီးနောက် ကောင်းမင်က သော့ကို အလွယ်တကူ ဖျက်ဆီးကာ အတွင်းသို့ ဝင်ရောက်သွားသည်။
ဉာဏ်ပညာမြို့တော်တစ်ခုလုံးကို ငုံ့ကြည့်နိုင်သော ထိုအခန်းတွင် ပန်းချီကားများဖြင့် ပြည့်နှက်နေ၏။
ရှရန်သည် အလိမ်အညာများဖြင့် ပြည့်နှက်နေသူဖြစ်သော်လည်း သူ့လက်ရာများမှာမူ အလွန်ရိုးသားလှသည်။ စုတ်ချက်တိုင်းသည် သူ၏ အတွင်းစိတ် ခံစားချက်များကို အမှန်တကယ် ဖော်ပြနေကြခြင်းဖြစ်သည်။
အခြား ကိုယ်စားလှယ်လောင်းများနှင့် မတူဘဲ ရှရန်သည် မွေးဖွားလာကတည်းက အရာအားလုံးကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ အသက်နှစ်ဆယ်ကျော်အရွယ်တွင် တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပနိုင်ခြင်းနှင့် နိုင်ငံတကာ အနုပညာပြခန်းများတွင် သူ့လက်ရာများကို ပြသနိုင်ခြင်းသည် ပါရမီနှင့် ကျွမ်းကျင်မှုတစ်ခုတည်းဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။
ရှရန်၏ မိခင်သည် ဤအခန်း၏ အစစ်အမှန်ပိုင်ရှင်ဖြစ်ပြီး သူ့ဖခင်၏ အထောက်အထားမှာမူ ရှင်းလုတွင် များစွာပြောဆို၍မရသော အရာတစ်ခု ဖြစ်သည်။ ယင်းက တားမြစ်ထားခြင်းမျိုး မဟုတ်သော်လည်း ပြောဆိုရန်မှာ အဆင်မပြေလှပေ။
ငယ်စဉ်ကတည်းက ရှရန်သည် ထူးကဲသော ပါရမီကို ပြသနိုင်ခဲ့သည်။ သူသည် မိဘများ၏ အကောင်းဆုံး မျိုးရိုးဗီဇများကို ဆက်ခံခဲ့ပြီး မြင်ရုံနှင့် မှတ်မိနိုင်သော ဓာတ်ပုံမှတ်ဉာဏ်မျိုးရှိကာ အရာများစွာတွင် ထူးချွန်ခဲ့သည်။ သူသည် ချမ်းသာသော စီးပွားရေးသမား၊ ထူးချွန်သော ဆရာဝန်၊ အရည်အချင်းရှိသော နိုင်ငံရေးသမား သို့မဟုတ် ပါရမီရှင် စစ်တုရင်ကစားသမား တစ်ဦး ဖြစ်လာနိုင်သော်လည်း ထိုအရာများကို စိတ်မဝင်စားခဲ့ပေ။ သူသည် ပန်းချီဆွဲခြင်းကိုသာ စွဲစွဲလမ်းလမ်း မြတ်နိုးခဲ့သည်။
ကောင်းမင်သည် အခန်းအလယ်တွင် ရပ်ရင်း နံရံပေါ်ရှိ သုံးမီတာပတ်လည် ဧရာမ ဆီဆေးပန်းချီကားကြီးကို ကြည့်လိုက်သည်။ ၎င်းမှာ ဘုရားသခင်ကိုယ်တိုင် အာဒမ်အား ပန်းသီးကို ပေးအပ်နေသည့် ပန်းချီကား ဖြစ်သည်။
ပန်းချီကားသည် ဓာတ်ပုံတစ်ပုံကဲ့သို့ အလွန် အသက်ဝင်လှသည်။ ထိုပန်းချီကားကို ရှရန် အသက် ၁၈ နှစ်အရွယ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
သွေးနီရောင် ပန်းသီးက သိပ်ဆွဲဆောင်မှုမရှိပေ။ အနီးကပ်ကြည့်မည်ဆိုပါက ထိုပန်းသီး၏ မျက်နှာပြင်ပေါ်တွင် နာကျင်နေသော မျက်နှာများကို မြင်တွေ့နိုင်သည်။ထိုမျက်နှာများသည် ရှရန်၏ မိသားစုဝင်များပင် ဖြစ်သည်။
ပို၍ အနီးကပ်ကြည့်လျှင် အာဒမ်သည် အဝတ်ဗလာဖြစ်နေပြီး သူ့အကြည့်မှာ ရိုသေလေးစားမှု မရှိဘဲ မျက်လုံးများကို မှေးကျဉ်းကာ နတ်ဘုရားကို ကြည့်ရင်း ခပ်ယဲ့ယဲ့ ပြုံးနေသည်။
အကြည့်လွှဲလိုက်ပြီးနောက် ကောင်းမင်သည် ရှရန်၏ ပန်းချီကားထဲမှ ဘုရားသခင်နှင့်လုဇန်တို့ကြား ဆင်တူယိုးမှားဖြစ်မှုကို ခံစားလိုက်ရသည်။ အရာအားလုံးကို သိမြင်နိုင်သော၊ တတ်စွမ်းနိုင်သော ထိုထိုနတ်ဘုရားတွင် ခိုင်မာသော မျက်နှာတစ်ခု ရှိပြီး သူ၏ပေါ်ထွက်လာမှုက ရှရန်၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။
ပန်းချီကားကို ထိတွေ့လိုက်ရာ ဖုန်မှုန့်များက အရောင်အသွေးရှိလာခဲ့သည်။ ကောင်းမင်သည် အိပ်မက်သရဲ စွမ်းရည်ကို အသုံးပြု၍ ပန်းချီကားထဲရှိ ရှရန်၏ စိတ်ခံစားချက်များကို ဖမ်းယူကာ အိပ်မက်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
ထိုအိပ်မက်သည် အလွန်အဓိပ္ပါယ်မရှိလွန်းလှသဖြင့် ကောင်းမင်က အခြားလက်ရာများကို စတင်ထိတွေ့လိုက်သည်။ ရှရန်၏ အစောပိုင်းလက်ရာများက လက်တွေ့ဆန်သော်လည်း နောက်ပိုင်းလက်ရာများမှာ ပို၍ အဓိပ္ပာယ်မရှိဘဲ ထူးဆန်းလာခဲ့သည်။ ရှရန်မြင်တွေ့နေရသော ကမ္ဘာကြီးသည် သာမန်လူများနှင့် မတူတော့သယောင် ရှိနေသည်။
သူ့မိသားစုနှင့် သူ့သူငယ်ချင်းများက သူ့ကို နားမလည်နိုင်ကြသလို သူသည်လည်း သူတို့၏ နားလည်မှုကို မလိုအပ်ပေ။ သူသည် ထိုထူးဆန်းသော ကမ္ဘာကြီးကို တစ်ယောက်တည်း စူးစမ်းရှာဖွေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် ကောင်းမင်သည် အတိတ်တစ်ခုကို ပြန်လည် စုစည်းမိသွားသည်။ လုဇန်သည် ရှရန် အရွယ်ရောက်သည့်နေ့တွင် သူ့ကို လာတွေ့ခဲ့ပြီး မတူညီသော လူသားကမ္ဘာများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းနေရာများတွင် ရှရန်သည် သူ၏ မတူညီသော ဗားရှင်းပုံစံအမျိုးမျိုးကို မြင်တွေ့ခဲ့ရသည်။
ရှရန်၏ ထူးဆန်းပြီး အဓိပ္ပာယ်မရှိသော လက်ရာများသည် သူမြင်တွေ့ခဲ့သမျှကို အမှန်အတိုင်း မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ သို့သော် ဤလျှို့ဝှက်ချက်ကို သူနှင့် လုဇန်တို့သာ သိရှိကြသည်။
“လုဇန်က ငါ့လိုပဲ ဒီအတွင်းကမ္ဘာကလူ မဟုတ်ဘူး၊ သူက ဘာလို့ ဒါတွေ လုပ်နေတာလဲ”
ကောင်းမင်က အဖြေကို လျင်မြန်စွာ ရှာတွေ့လိုက်သည်။ မတူညီသော ကံကြမ္မာ မြစ်လက်တက်တစ်ခုမှ ရှရန်ကို ရှင်းလုတွင် နေထိုင်သော ရှရန်က သတ်ပစ်လိုက်သည်။ သူသည် လောင်ကျွမ်းနေသော ကံကြမ္မာမှ ကျန်ရစ်သော ပြာများကို ဝါးမြိုလိုက်ပြီး လုဇန်၏ လမ်းညွှန်မှုဖြင့် သူ့ကိုယ်သူ ဆက်လက် ဝါးမြိုနေခဲ့ခြင်း ဖြစ်သည်။
“ဟန်ဟိုင်းသွေးမြို့တော်ရဲ့ ကိုယ်စားလှယ်လောင်းအားလုံးကို လုဇန်က ဒီလိုနည်းနဲ့ လေ့ကျင့်ပေးခဲ့တာလား”
“ဟုတ်တယ်၊ မင်း တစ်ယောက်ပဲ ထူးခြားနေတာ”
ဆရာရှ၏ အသံက ညှင်းပန်းနှိပ်စက်ခန်းအတွင်းမှ ထွက်ပေါ်လာသည်။ ကောင်းမင် သွေးမြို့တော်ပိုင်ရှင် ဖြစ်လာပြီးနောက် သူသည် ကောင်းမင်အပေါ် မလွှမ်းမိုးနိုင်တော့ဘဲ ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့ရာမှ ပထမဆုံး စကားကို ပြောလိုက်ခြင်း ဖြစ်သည်။
“မင်း ဖန်တီးလိုက်တဲ့ အိပ်မက်က ငါ့အတိတ်တွေကို ပြန်သတိရစေတယ်”
“ငါက ဟိုးအရင်ကတည်းက ရူးသွပ်နေခဲ့တာ၊ ဒါပေမဲ့ ငါ့မိဘတွေရဲ့ ဖုံးကွယ်ပေးမှုအောက်မှာ ဒီရူးသွပ်မှုဟာ ‘ပါရမီ’ ဖြစ်လာခဲ့တယ်၊ ငါသာ ရှင်းလုမှာ လူတစ်ယောက်ကို မသတ်ခဲ့ရင် ငါ့မိဘတွေက ငါ့ကို အရူးတစ်ယောက်လို့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး”
ရှရန်သည် သတိရှိနေသော အရူးတစ်ယောက်ဖြစ်ပြီး သူဘာလုပ်နေသည်ကို အမြဲတမ်း သိနေခဲ့သည်။
“တခြားလူတွေကို သွားတွေ့လိုက်ပါဦး၊ သူတို့ရဲ့ လမ်းကြောင်းတွေက ငါနဲ့ မတူနိုင်ဘူး”
ဟိုတယ်အခန်းတံခါးမှာ ဘယ်သူမှ မရှိခဲ့သကဲ့သို့ ပြန်ပိတ်သွား၏။ ဆီဆေးပန်းချီကားများမှာမူ ရုတ်တရက် အရောင်မှိန်သွားပြီး အဖြူအမည်းအဖြစ် ပြောင်းလဲသွားတော့သည်။
နာရီလက်တံများ နူးညံ့စွာ လှုပ်ရှားနေခဲ့သည်။ ကောင်းမင်သည် ရှင်းလုသုသာန်စီမံခန့်ခွဲရေးရုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝန်ထမ်းများ၏ အိပ်မက်များကို ရှာဖွေပြီးနောက် ကောင်းမင်သည် ကျင်းထောင်ရှန်းတဖြစ်လဲ မေးခွန်း၏ သဲလွန်စများကို ရှာတွေ့ခဲ့သည်။
သူသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး မိသားစုများစွာ၏ အလှူအတန်းဖြင့် ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူ၏ ကလေးဘဝကို တစ်နေ့တွင် အစစ်အမှန် နတ်ဘုရားတစ်ပါးကို အိပ်မက်မက်သည့် အချိန်အထိ ဘုရားကျောင်းများနှင့် အော်ပရာပြဇာတ်အဖွဲ့များတွင် ကုန်ဆုံးခဲ့သည်။
ကျင်းထောင်ရှန်း အလုပ်လုပ်ခဲ့သော နေရာတွင် ကောင်းမင်သည် လုဇန်နှင့် အနည်းငယ်ဆင်တူသော လက်လုပ်ရုပ်တုတစ်ခုကို ရှာတွေ့လိုက်သည်။
ရုပ်တုပေါ်ရှိ ကျန်ရှိနေသော ကံကြမ္မာကြိုးမျှင်များကို ခြေရာခံရင်း ကောင်းမင်သည် ကျင်းထောင်ရှန်း စီမံခန့်ခွဲခဲ့သော သုသာန်သို့ ရောက်ရှိလာလေသည်။
ကောင်းမင်သည် အရှေ့မြောက်ထောင့်တွင် စာသားမပါသော ဂူကျောက်တိုင် အများအပြားကို တွေ့လိုက်ရသည်။ ၎င်းတို့သည် အိမ်ခြေရာမဲ့များနှင့် အထီးကျန်လူအိုကြီးများအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။
အုတ်ဂူတစ်ခုကို သူတူးကြည့်လိုက်ရာ သေဆုံးသူ၏ အရိုးပြာများကို မတွေ့ရဘဲ ကျင်းထောင်ရှန်း၏ ပုံတူပန်းချီကားတစ်ချပ်ကိုသာ တွေ့လိုက်ရသည်။
ထိုပုံတူမှာ မတူညီသော လူသားကမ္ဘာမှ ရောက်ရှိလာခြင်းဖြစ်ပြီး ကံကြမ္မာကြိုးမျှင်များ ရှုပ်ထွေးလွန်းနေသဖြင့် ၎င်း၏ ပုံစံကွက်ကို ရှာဖွေရန် မဖြစ်နိုင်ပေ။
ကောင်းမင် တစ်ဂူပြီးတစ်ဂူ ဆက်တူးလိုက်သည်။ ယခုတွင် သေချာသွားသောအရာမှာ လုဇန်သည် ကျင်းထောင်ရှန်းကိုလည်း မတူညီသော ကမ္ဘာများဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျင်းထောင်ရှန်းသည် မိမိ၏ အခြားဗားရှင်းများကို ပြန်လည်သတ်ဖြတ်ခဲ့သည့် ရှရန်နှင့်မတူဘဲ လူသားကမ္ဘာတွင် သေဆုံးသွားခဲ့သော အခြားဗားရှင်းပုံစံအမျိုးမျိုးကို ဂုဏ်ပြုမှတ်တမ်းတင်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
အပိုင်း (၈၁၀) မတူညီသော ကံကြမ္မာများ
“မိမိကိုယ်ကို သတ်သေပါ၊ မိမိကိုယ်ကို ယဇ်ပူဇော်ပါ...”
ကောင်းမင်သည် ဂူကျင်းထဲမှ ကျင်းထောင်ရှန်း၏ ဓာတ်ပုံတစ်ပုံကို ကောက်ယူလိုက်သည်။ သူသည် သေဆုံးသွားသော မေးခွန်းအတွက် နေ့စဉ်ဝမ်းနည်းပူဆွေးမှုများ ပြုလုပ်ပေးရင်း သူ့ဝိညာဉ်ကို နားခိုရာပေးခဲ့သည်။ ယခုဆိုလျှင် မေးခွန်းသည် အိမ်ခြေရာမဲ့ မိဘမဲ့တစ်ဦး မဟုတ်တော့ပေ။
ဓာတ်ပုံအား စိတ်ရှည်လက်ရှည်ဖြင့် အာရုံခံကြည့်သောအခါ ရှရန်၏ပန်းချီကားများကဲ့သို့ပင် မေးခွန်း၏ ပုံတူထဲ၌ စွမ်းအားတစ်ခု ကိန်းအောင်းနေဆဲ ဖြစ်သည်။
ကောင်းမင် ထိုစွမ်းအားကို ထုတ်ယူရန် ကြိုးစားလိုက်သည်။ ထိုစွမ်းအားသည် ရှုပ်ထွေးပွေလီသော မျဉ်းကြောင်းများကဲ့သို့ပင် စနစ်တကျမရှိခြင်းနှင့် သေခြင်းတရားတို့ဖြင့် ပြည့်နှက်နေပေသည်။
“ဒါက နောက်ထပ် လမ်းကြောင်းတစ်ခုပဲ”
ရွှမ်ဝမ်ပေးထားသော လိပ်စာများအတိုင်း ကောင်းမင်သည် အခြားကိုယ်စားလှယ်လောင်းများ၏ နေရာများသို့ သွားရောက်ခဲ့သည်။ သူသည် သွေးမြို့တော် စွမ်းအားဖြင့် ထိုလူများအပေါ်တွင် ရစ်ပတ်နေသော ကံကြမ္မာကြိုးမျှင်များကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော်လည်း သာမန်လူများ၏ ကံကြမ္မာကြိုးမျှင်များနှင့်မတူသည်က ထိုလူများ၏ ကြိုးမျှင်များသည် လုံးဝကို လိမ်ရှုပ်နေပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရသယောင် ရှိနေသည်။
“ကံကြမ္မာကြိုးမျှင်ဆိုတာ ကံကြမ္မာက သက်ရှိအားလုံးကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ ရုပ်သေးကြိုးတွေပဲ၊ အဲ့ဒီကြိုးတွေဟာ အချိန်မြစ်ထဲကနေ စီးဆင်းလာပြီး လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ဖြတ်သန်းသွားတာ၊ ဒါပေမဲ့ ဒီကြိုးတွေကတော့ တွန့်လိမ်ပုံပျက်နေပြီး ရောဂါကူးစက်ခံထားရသလိုပဲ၊ တချို့ကြိုးတွေက ဘယ်လိုမှ ဖြည်မရတဲ့ အထုံးတွေ၊ တချို့က ပြတ်နေတယ်၊ တချို့က ကံကြမ္မာဆီကို ပျံ့နှံ့သွားတဲ့ အဆိပ်တွေအဖြစ် ပြောင်းလဲသွားတယ်၊ တချို့ကတော့ တခြားလူတွေရဲ့ ကံကြမ္မာကြိုးမျှင်တွေကို လုယူပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားကြတယ်”
ကောင်းမင် သူ့လက်ဖဝါးကို ကြည့်လိုက်သည်။ ကိုယ်စားလှယ်လောင်း တစ်ဦးစီ၏ ကံကြမ္မာကြိုးမျှင်များက သူ့လက်ချောင်းတစ်ချောင်းစီတွင် ထူးဆန်းသော အရောင်အသွေးရှိသည့် လက်စွပ်များကဲ့သို့ ရစ်ပတ်နေသည်ကို မြင်လိုက်ရသည်။
ဤကြိုးမျှင်များသည် ကံကြမ္မာအပေါ် အတော်အတန် ထိခိုက်မှုပေးနိုင်သော "လက်နက်များ" ဖြစ်ရုံသာမက ကောင်းမင်အား လုဇန်၏ အရှိန်အဝါများကို ခြေရာခံနိုင်စေရန်လည်း အထောက်အကူပြုသည်။
သူကိုယ်တိုင်အပါအဝင် ကိုယ်စားလှယ်လောင်း ၁၃ ဦးလုံးတွင် လုဇန်၏ ဝင်ရောက်စွက်ဖက်ထားသော ခြေရာလက်ရာများ ရှိနေကြသည်။
“နောက်ဆုံးတစ်ယောက်ဆီ သွားရမယ့်အချိန် ရောက်ပြီ”
သန်းခေါင်ယံ ခေါင်းလောင်းသံ ထွက်ပေါ်လာချိန်တွင် ကောင်းမင်သည် ရှင်းလု အမှတ် (၇) အထူးဆေးရုံ၏ ကော်ရစ်ဒါအတိုင်း လျှောက်လှမ်းလာခဲ့သည်။ ဤနေရာရှိ လူနာဆောင်များကို တစ်ဝက်ပိတ်နှင့် အားလုံးပိတ်ဟူ၍ အမျိုးအစားခွဲခြားထားသည်။ ၎င်းသည် ရှင်းလုတွင် အထူးဆန်းဆုံးသော ဆေးရုံပင် ဖြစ်သည်။
သူ့နှလုံးခုန်သံက ထူးခြားသော စည်းချက်တစ်ခုဖြင့် တဒိတ်ဒိတ်ခုန်လာ၏။ သာမန်မျက်စိဖြင့် မမြင်နိုင်သော အိပ်မက်အမှတ်အသားများက ကောင်းမင်၏ ခြေဖဝါးအောက်မှ တွားသွားထွက်လာကြသည်။ ၎င်းတို့မှာ ချောက်နက်ကြီးထဲမှ ထွက်ပေါ်လာသော ဧရာမ ရေဘဝဲကြီးများကဲ့သို့ပင် လူတိုင်း၏ အိပ်မက်များကို အငမ်းမရ ရစ်ပတ်နေကြသည်။
“အသက်ရှူစက်တွေ၊ အစာအိမ်ဆေးစက်တွေ၊ ပြွန်ထည့်ကိရိယာတွေ၊ ရှော့တိုက်ကုသတဲ့ ကိရိယာတွေ... ဒီနေရာက ပစ္စည်းတိုင်း နေရာတိုင်းမှာ စီတုအန်းရဲ့ အမှတ်အသားတွေ ရှိနေတာပဲ၊ သူက သူ့ကိုယ်သူ အပိုင်းပိုင်းဖြတ်ပြီး ဒီဆေးရုံတစ်ခုလုံးမှာ ပြန့်ကျဲနေအောင် လုပ်ထားခဲ့သလိုပဲ”
ရှရှန်၏ ပန်းချီကားများကို ကောင်းကင်ဟိုတယ်တွင် သိမ်းဆည်းထားပြီး ကျင်းထောင်ရှန်း၏ ပုံတူများကို အများပြည်သူသုသာန်တွင် မြှုပ်နှံထားသည်။ အခြားကိုယ်စားလှယ်လောင်းများ၏ အမှတ်အသားများမှာလည်း စုစုစည်းစည်း ရှိကြသည်။ စီတုအန်း တစ်ယောက်တည်းသာလျှင် သဲလွန်စများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ဘယ်သူမှ ရှာမတွေ့နိုင်သလို ရှာတွေ့ခဲ့လျှင်ပင် ဘယ်သူမှ နားမလည်နိုင်ပေ။ သို့တိုင် ထိုလူသည် အလွန်အမင်း သတိကြီးစွာ ထားနေခဲ့သည်။
ဆရာဝန်များနှင့် လူနာများ၏ အိပ်မက်များကို ပြန်လည်စစ်ဆေးရင်း ကောင်းမင်သည် စီတုအန်း၏ ပုံရိပ်များကို ထုတ်ယူလိုက်ရာ သူ့ကို တုန်လှုပ်စေမည့် အရာတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။
စီတုအန်းသည် လုဇန်ကို သတ်ချင်သည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း ဖြစ်ပေသည်။ သူသည် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း အားလုံးမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ နောက်ဆုံးတွင် သူသည် လုဇန်ကို အတင်းအကျပ် ထွက်လာစေရန်အတွက် သူ့ကိုယ်သူ ရူးသွားအောင်ပင် ပြုလုပ်ခဲ့ပြီး အရူးတစ်ယောက်၏ ရှုထောင့်မှတဆင့် ထိုရူးသွပ်သော ကမ္ဘာကြီးကို နားလည်ရန် ကြိုးစားခဲ့သည်။
ဆရာဝန်များနှင့် လူနာများအတွက် စီတုအန်းမှာ လုံးဝဥဿုံ စိတ္တဇအရူးတစ်ယောက်ဖြစ်သော်လည်း ကောင်းမင်၏ ရှုထောင့်မှကြည့်လျှင်မူ ထိုသူ၏ ရူးသွပ်မှုအားလုံးကို ရှင်းပြနိုင်သည်။ ကောင်းမင်သည် ယခုတွင် သွေးမြို့တော်ပိုင်ရှင်ဖြစ်နေသော်လည်း ထိုစဉ်က စီတုအန်းမှာ သာမန်လူတစ်ဦးသာ ဖြစ်နေသေးသည်ကို သတိပြုရမည် ဖြစ်သည်။
“လူနာတွေရဲ့ သေဆုံးမှုကိုသုံးပြီး သူ့ကို စမ်းသပ်တယ်၊ ဆေးရုံစည်းမျဉ်းတွေကို သုံးပြီး သူ့ကို တိုက်ခိုက်တယ်၊ စီတုအန်းက အားနည်းတဲ့ လူနာတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရင်း လုဇန်နဲ့အတူ ‘ရူးသွပ်တဲ့ ကစားပွဲ’ မျိုးစုံကို ကစားနေခဲ့တာပဲ”
စီတုအန်းသည် တစ်ခါမှ အနိုင်မရခဲ့သော်လည်း လုဇန်၏ လေးစားမှုကိုတော့ ရရှိခဲ့သည်။ လုဇန်သည် ကိုယ်စားလှယ်လောင်း အားလုံးထဲတွင် စီတူအန်းကို တန်ဖိုးအထားဆုံး ဖြစ်သည်။
စုဆောင်းရရှိထားသော အိပ်မက်အမှတ်အသားများကို ယူဆောင်လိုက်သည်။ပြီးနောက် ကောင်းမင်သည် ဆေးရုံ၏ အနက်ရှိုင်းဆုံးနေရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလိုက်သည်။
စတုတ္ထမြောက် သီးသန့်ခန်းထဲတွင် ကောင်းမင်သည် နံရံပေါ်၌ လက်ရေးဖြင့် ရေးထားသော ကိန်းဂဏန်းများနှင့် သင်္ကေတ အမြောက်အမြားကို တွေ့လိုက်ရသည်။ ၎င်းတို့က နံရံတစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။
၎င်းတို့ကြားတွင် စနစ်ကျသော ပုံစံတစ်ခုရှိနေပြီး ဘာသာစကားစနစ် အသစ်တစ်ခုကဲ့သို့ပင် ရှုပ်ထွေးလှသည်။ ၎င်းမှာ ဖြန့်ဝေရန်နှင့် မှတ်သားရန်အတွက် မလွယ်ကူလှပေ။ ရေးသားသူမှလွဲ၍ သာမန်လူများမှာ မည်သို့မျှ နားလည်နိုင်မည်မဟုတ်ပေ။
“ဒါက စီတုအန်းရဲ့ လက်ရေးလား”
ကောင်းမင်သည် စီတုအန်းကို သတ်နိုင်ရန်အတွက် ဤကမ္ဘာပေါ်တွင် စီတူအန်းအကြောင်းကို အသိဆုံးလူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။သူ့လက်ရေးနှင့် စကားပြောပုံများကိုပါ ကောင်းစွာ သိရှိထားသည်။
သီးသန့်ခန်းထဲတွင် ထိုင်နေရင်း ကောင်းမင်သည် စာလုံးများကို လက်ဖြင့် ပွတ်သပ်ကြည့်လိုက်သည်။ စာလုံးများ၏ အဓိပ္ပာယ်ကို သူနားမလည်သော်လည်း စာလုံးများအတွင်း ကိန်းအောင်းနေသော စိတ်ခံစားချက်များနှင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်နေသော ကံကြမ္မာကြိုးမျှင်များကို သူ ခံစားနိုင်သည်။
အိပ်မက်စွမ်းအားကို အသုံးပြုလိုက်သည်နှင့် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။
စီတုအန်းမှာလည်း လုဇန် ရွေးချယ်ခဲ့သော ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူ၏ မွေးဖွားခြင်းနှင့် အတိတ်များကို လုဇန်က ဖျက်ပစ်ခဲ့သည်။ ဤလူကိုလည်း လုဇန်က အခြားလူသားလောကများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူသည် ရှရန်ကဲ့သို့ သူ၏ အခြားဗားရှင်းများကို လျင်မြန်စွာ မသတ်ဖြတ်ခဲ့သလို ကျင်းထောင်ရှန်းကဲ့သို့ သေဆုံးသွားသော သူ့ဗားရှင်းများကိုလည်း မစုဆောင်းခဲ့ပေ။ ထိုအစား သူသည် မတူညီသော ကံကြမ္မာ မြစ်လက်တက်များရှိ သူ့ဗားရှင်းပုံစံများနှင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
သူသည် သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိသော လူတစ်ဦးဖြစ်သည်။ ကံကြမ္မာက မည်သို့ပင် ပြောင်းလဲပါစေ တစ်ဖက်လူမှာလည်း စီတုအန်းသာ ဖြစ်ပါက သူ ချန်ထားခဲ့သော သတင်းအချက်အလက်များကို သေချာပေါက် အဖြေရှာနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
တစ်ခါမှ မဆုံတွေ့ဖူးဘဲ အရိပ်အမြွက်များနှင့် သဲလွန်စအမျိုးမျိုးကို အသုံးပြု၍ မတူညီသော ကံကြမ္မာလောကများရှိ စီတုအန်းများသည် အချိန်မြစ်ကို ဖြတ်ကျော်ဆက်သွယ်ခဲ့ကြပြီး ကြီးမားလှသော ပင့်ကူအိမ်ကွန်ရက်ကြီးတစ်ခုကို တည်ဆောက်ခဲ့ကြသည်။
ဖော်ထုတ်မခံရစေရန်အတွက် အချို့စီတုအန်းများသည် သတ်မှတ်ထားသော ဇာတ်ညွှန်းအတိုင်း တိတ်ဆိတ်စွာ ကပြကြပြီး အချို့ကမူ လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန်အတွက် မိမိကိုယ်ကိုယ် သတ်သေရန်ပင် ဝန်မလေးကြပေ။ သူတို့သည် ကံကြမ္မာကို လှည့်စား၍ အခွင့်အရေးများကို ရှာဖွေရင်း မတူညီသောကမ္ဘာများတွင် စွမ်းအားများကို စုဆောင်းနေခဲ့ကြသည်။
အခြား ကိုယ်စားလှယ်လောင်းများနှင့် မတူသည်မှာ စီတုအန်းသည် သူ့လက်တံများကို အခြားကမ္ဘာများဆီသို့ပါ ဆန့်ထုတ်ထားခြင်း ဖြစ်သည်။ အတွင်းကမ္ဘာရှိ စီတုအန်းက ကျရှုံးခဲ့သော်လည်း အခြားကမ္ဘာများရှိ စီတုအန်းများကမူ လက်မလျှော့ခဲ့ကြပေ။ သူတို့သည် အဆုံးမရှိသော ပုရွက်ဆိတ်များကဲ့သို့ အခြားသော ကံကြမ္မာမြစ်များထဲတွင် ကိုယ်ပိုင်ပုရွက်ဆိတ်တောင်ပို့များကို တည်ဆောက်နေကြပြီး သူတို့၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည့် မကောင်းဆိုးဝါးများကို မွေးမြူနေကြသည်။
သွေးနီရောင်ကုတ်အင်္ကျီဝတ် နတ်ဆိုးနတ်ဘုရားနှင့် အခြားသော မပြောသင့်သူများသည် အတွင်းကမ္ဘာကို အခြေစိုက်စခန်းအဖြစ် သုံး၍ ကံကြမ္မာကို လှည့်စားရန် ကြိုးစားနေကြသော်လည်း စီတုအန်းကမူ လုဇန်လာခဲ့သော လမ်းကြောင်းအတိုင်း လိုက်ပါရင်း ကံကြမ္မာမြစ်ထဲတွင် ပြန့်ကျဲနေခဲ့ခြင်း ဖြစ်သည်။
“သူ့ရဲ့ တည်ရှိမှုကို ငါ ဘာလို့ အာရုံမခံမိတာလဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး၊ လုဇန်က အဲ့ဒီလူကို တခြားလူသားကမ္ဘာတစ်ခုဆီ ခေါ်သွားခဲ့တာပဲ ဖြစ်ရမယ်”
နံရံပေါ်ရှိ စာလုံးများသည် အိပ်မက်၏ တိုက်စားမှုကြောင့် တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်သွား၏။ ၎င်းတို့က စီတုအန်း၏ ကံကြမ္မာကြိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းမင်၏ ဘယ်ဘက်လက်သန်းတွင် ရစ်ပတ်သွားတော့သည်။
ထိုကံကြမ္မာကြိုးမျှင်များ ရှိနေသရွေ့ ကောင်းမင်သည် စီတုအန်းကို ရှာဖွေနိုင်မည်ဖြစ်သည်။ စီတုအန်းမှတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်သော လုဇန်ကိုလည်း ရှာတွေ့နိုင်ပေလိမ့်မည်။
“ပုန်းနေတာလား၊ မင်း ဘယ်မှာ ပုန်းနိုင်မှာလဲ”
အခွင့်အရေးရမည်ဆိုပါက ကောင်းမင်သည် စီတုအန်းကို သတ်ဖြတ်ရန်နှင့် သူပိုင်ဆိုင်သမျှကို နောက်တစ်ကြိမ် သိမ်းပိုက်ရန် ဝန်လေးနေမည်မဟုတ်ပေ။ အခွင့်အရေး မရသေးလျှင်ပင် သူ အလောတကြီး မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် စီတုအန်းနှင့် လုဇန်တို့နှစ်ဦးလုံးသည် ကံကြမ္မာ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်နေသူများဖြစ်သဖြင့် ကောင်းမင်၏ မိတ်ဆွေများ ဖြစ်လာမည်မဟုတ်သော်လည်း ကံကြမ္မာ၏ ရန်သူများ ဖြစ်လာကြမည်မှာ သေချာသောကြောင့် ဖြစ်သည်။
နံရံပေါ်ရှိ နောက်ဆုံးသင်္ကေတ ပျောက်ကွယ်သွားသောအခါ ကောင်းမင်သည် အိပ်မက်စွမ်းအားကို သုံး၍ ၎င်းကို ပြန်လည်တည်ဆောက်လိုက်သည်။ သူက ခန့်မှန်းခြေ တည်နေရာတစ်ခုကို တွက်ချက်လိုက်သည်။
ရှင်းလုသွေးမြို့တော်။
“လုဇန်က စီတုအန်းကို ရှင်းလုသွေးမြို့တော်ထဲ ခေါ်သွားတာလား၊ အဲ့ဒီမှာ တကယ်ကြီး တခြားလူသားကမ္ဘာကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ရှိနေတာလား”
သူ့လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ပုံပျက်နေသော ကံကြမ္မာကြိုးမျှင်များကို သူတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
“ငါတို့ ရှင်းလုသွေးမြို့တော်ကို သွားရမယ်၊ ဒီကမ္ဘာကြီးက သိပ်မရှုပ်ထွေးသေးဘူး၊ ကယ်တင်ရှင်တွေကို ပြန်ခေါ်ပြီး သွေးမြို့တော် စစ်ပွဲအသစ်တစ်ခု စတင်နိုင်မယ့် နည်းလမ်းကို ရှာရမယ်”
သူ ခေါင်းမော့ကြည့်လိုက်သည်။ ညဉ့်ယံသည် မှောင်မိုက်နေပြီး ကြယ်နှင့် လကို မမြင်ရပေ။ သို့သော် ကောင်းမင်၏ အကြည့်ကား တိမ်တိုက်များကို ထိုးဖောက်ကာ ပိုမိုမြင့်မားပြီး ချည်နှောင်မှုများစွာ ရှိနေသော ကံကြမ္မာတစ်ခုကို မြင်တွေ့နေရသယောင် ရှိနေလေသည်။