အခန်း (၁၃၆၁-၁၃၆၃)
Vol. 93 Ch. 1361-1363
အခန်း (၁၃၆၁) အင်္ဂလိပ်စာဆိုသည်မှာ ကျွမ်းကျင်မှုတစ်ခုသာ
ဖုန်းယွီသည် ပါမောက္ခချုပ်လီနှင့် အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် သာမန်ကာလျှံကာ စကားစမြည် ပြောဆိုနေကြသည်။ ထိုစဉ် ပါမောက္ခချုပ်လီက လက်ရှိ တက္ကသိုလ်ကျောင်းသား အတော်များများမှာ အင်္ဂလိပ်စာ အဆင့် ၄ ကိုပင် မအောင်မြင်ကြကြောင်း၊ အချို့သော တက္ကသိုလ်များက အဆင့် ၄ အောင်လက်မှတ်ကို ဘွဲ့လက်မှတ်နှင့် ချိတ်ဆက်လိုက်သည့်အခါမှသာ အောင်ချက်နှုန်း သိသိသာသာ တက်လာကြောင်း ပြောဆိုလာသည်။
ဤသို့ ပြောဆိုနေစဉ်အတွင်း ပါမောက္ခချုပ်လီ၏ မျက်နှာအမူအရာမှာ ၎င်းလုပ်ဆောင်ချက်သည် အလွန်ပင် ထိရောက်ကောင်းမွန်သော နည်းလမ်းတစ်ခုဟု ယူဆနေဟန်တူသည်။ သို့သော် သူသည် ဖုန်းယွီ၏ မျက်နှာထက်တွင်မူ အထင်သေးသော အရိပ်အယောင်တစ်ခုကို အမှတ်မထင် တွေ့လိုက်ရ၏။
"ဘာလဲ... မင်းက ဒီကိစ္စအပေါ်မှာ အမြင်တစ်မျိုး ရှိနေတာလား”
"မရှိပါဘူးဗျာ... ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော်က နားလည်တာမှ မဟုတ်တာ” ဖုန်းယွီက နှုတ်မှ ငြင်းဆိုလိုက်သော်လည်း သူ၏မျက်နှာထက်က အထင်သေးသည့် အမူအရာမှာ ပို၍ပင် ထင်ရှားလာသည်။
ဤကိစ္စနှင့် ပတ်သက်၍ လီန ပြောပြသည်ကို သူ ကြားဖူးသည်။ အရင်ဘဝတုန်းကလည်း အဆင့်မြင့်တက္ကသိုလ် အတော်များများမှာ ဤနည်းလမ်းကို ကျင့်သုံးခဲ့ကြသော်လည်း နောက်ပိုင်းတွင် အထက်လူကြီးများက ပြဿနာ၏ အရင်းအမြစ်ကို သဘောပေါက်သွားသဖြင့် အများစုကို ပြန်လည် ပယ်ဖျက်ခဲ့ကြရသည်။
"မင်းတို့လို ဖုန်းဥက္ကဋ္ဌကြီးတွေ နားမလည်တဲ့ ကိစ္စဆိုတာ ရှိလို့လား" ပါမောက္ခချုပ်လီက ခနဲ့သလို ကျီစယ်လိုက်သည်။
"ပါမောက္ခချုပ်လီက ဒီလောက်တောင် ပြောနေမှတော့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်လေးတစ်ခုကို တင်ပြပါရစေ။ ဒါက သာမန် အယူအဆလေး တစ်ခုမို့ မှီငြမ်းရုံလောက်ပဲ သဘောထားပေးပါ”
"အင်္ဂလိပ်စာဆိုတာ ဘာလဲ။ အင်္ဂလန်နိုင်ငံက မြစ်ဖျားခံလာတဲ့ ဘာသာစကားတစ်ခုပဲ။ နိုင်ငံအတော်များများရဲ့ ရုံးသုံးဘာသာစကား ဖြစ်သလို၊ လက်ရှိ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်ရဲ့ ရုံးသုံးဘာသာစကားလည်း ဖြစ်တယ်။ ဒါပေမဲ့ အင်္ဂလိပ်စာရဲ့ အနှစ်သာရ အစစ်အမှန်က ဘာလဲဆိုရင် အဲဒါဟာ ဘာသာစကားတစ်ခုသက်သက်ပဲ ဖြစ်နေတာပါပဲ"
"ကျွန်တော်တို့က တရုတ်လူမျိုးတွေပါ၊ ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားက တရုတ်စကားပဲ။ ကျွန်တော့်အတွက် အံ့သြစရာ ကောင်းနေတာက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် တရုတ်စာကိုတောင် ဘွဲ့လက်မှတ်နဲ့ မချိတ်ဆက်ထားဘူး၊ တက္ကသိုလ်က ဘာသာရပ် အတော်များများမှာတောင် တရုတ်စာကို သီးသန့် သင်ကြားဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ အင်္ဂလိပ်စာကိုကျတော့မှ အဆင့် ၄ အောင်မှ ဘွဲ့ပေးမယ်ဆိုပြီး ချိတ်ဆက်ထားကြတယ်”
"အင်္ဂလိပ်စာ အဆင့် ၄ အောင်တာက ဘာကို သက်သေပြနိုင်မှာမို့လို့လဲ။ မင်း ဒီဘာသာစကားကို ကျွမ်းကျင်သွားပြီလို့ သက်သေပြတာလား။ ဒါမှမဟုတ် မင်း ဒီဝေါဟာရတွေကို သိသွားပြီလို့ သက်သေပြတာလား။ ဝေါဟာရတွေ အများကြီး သိရုံနဲ့ စာကြောင်းတစ်ကြောင်းရဲ့ ဆိုလိုရင်းကို နားလည်သွားပြီလို့ ဆိုနိုင်ပါ့မလား”
ပါမောက္ခချုပ်လီသည် ဖုန်းယွီ၏ လေသံကို နားထောင်ရင်း မနေနိုင်ဘဲ ပြန်လည် ချေပလိုက်သည်။ "မင်း ငါတို့ တက္ကသိုလ်ကို တက်တုန်းက အထူးအခွင့်အရေးနဲ့ တိုက်ရိုက်တက်ခဲ့တာ မဟုတ်လား။ အဲဒီတုန်းက မင်းက ရုရှားစာရော အင်္ဂလိပ်စာပါ ကျွမ်းကျင်နေတာလေ။ အခုကျမှ အင်္ဂလိပ်စာကို ဒီလောက်အထိ အနှိမ်ခံလုပ်နေရအောင် ဘာလို့ အထက်တန်းကျောင်းတုန်းက အသည်းအသန် သင်ယူခဲ့သေးလဲ”
"ကျွန်တော်က အင်္ဂလိပ်စာကို နှိမ်တာ မဟုတ်ပါဘူး။ အင်္ဂလိပ်စာဟာ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကား ဖြစ်နေတာကတော့ အမှန်ပဲ။ ဒါဟာ အရင်တုန်းက အင်္ဂလန်ရဲ့ ရေကြောင်းအင်အား တောင့်တင်းမှုနဲ့ ဗြိတိသျှ ဘုရင်မမှာ နယ်ချဲ့ ကိုလိုနီနယ်မြေတွေ အများကြီး ရှိခဲ့တာကနေ အရင်းခံတာလေ။ အခုအချိန်အထိတောင် ကနေဒါ၊ အိန္ဒိယနဲ့ သြစတေးလျတို့လို နိုင်ငံတွေက ဗြိတိသျှ ဘုရင်မကို အလေးအမြတ် ထားနေကြတုန်းပဲ”
"ကျွန်တော် အင်္ဂလိပ်စာကို သင်ယူခဲ့တာက ကျွန်တော် အသုံးချဖို့ လိုအပ်လို့ပါ။ ဘာသာစကားဆိုတာ ကျွမ်းကျင်မှုတစ်ခုပဲဗျ။ ရှင်သန်ရပ်တည်ရေးနဲ့ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု တစ်မျိုးပေါ့။ လူတွေအချင်းချင်း ဆက်သွယ်တဲ့နေရာမှာ အဟန့်အတားတွေကို လျှော့ချပေးနိုင်တယ်။ ကျွန်တော်က ပြည်ပမှာ စီးပွားရေး သွားလုပ်ရမှာမို့ ဒီဘာသာစကားကို သင်ယူခဲ့တာ၊ ဒါမှသာ စီးပွားဖက်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ အဟန့်အတားမရှိ ပိုပြီး အဆင်ပြေမှာ မဟုတ်လား”
"ဒါပေမဲ့ ကျွန်တော်တို့ တက္ကသိုလ်က တခြားကျောင်းသားတွေကို ကြည့်ပါဦး။ သူတို့ထဲမှာ ဘယ်နှစ်ယောက်က အင်္ဂလိပ်စာကို တကယ် အသုံးချရမှာလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုးဆယ်ရာခိုင်နှုန်းကျော်က ဒီတစ်သက် အသုံးချရမှာ မဟုတ်ဘူး။ အင်္ဂလိပ်စာ အဆင့် ၄ ဒါမှမဟုတ် အဆင့် ၆ အောင်ထားတဲ့သူတွေတောင် တကယ်တမ်းကျရင် နားထောင်ခြင်း၊ ပြောဆိုခြင်း၊ ဖတ်ရှုခြင်းနဲ့ ရေးသားခြင်းကို ကျွမ်းကျင်တယ်လို့ ဆရာကြီး ထင်လို့လား။ သူတို့တွေ ကျွန်တော့်လိုမျိုး အင်္ဂလိပ်စကားနဲ့ လူတွေကြားမှာ အေးအေးဆေးဆေး ဆက်သွယ်နိုင်ပါ့မလား”
"ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ကျောင်းက ပါမောက္ခ အတော်များများတောင် အင်္ဂလိပ်စာ မတတ်ကြဘူး မဟုတ်လား။ တခြား ဘာသာခြားစကား တစ်ခုမှ မတတ်တာတောင် သူတို့ရဲ့ စာသင်ကြားရေးနဲ့ လူတော်လူကောင်း မွေးထုတ်ပေးတဲ့ နေရာမှာ အဟန့်အတား ဖြစ်စေခဲ့လို့လား။ အဲဒီ ကျောင်းသားတွေဟာ ဒီတစ်သက် အသုံးချရဖို့ မသေချာတဲ့ ဘာသာစကားတစ်ခုအတွက် ငွေတွေ ဘယ်လောက်တောင် အကုန်ခံနေရသလဲ။ လေ့ကျင့်ခန်းစာအုပ်တွေ ဝယ်ရတယ်၊ မှီငြမ်းစာစောင်တွေ ဝယ်ရတယ်၊ အင်္ဂလိပ်သတင်းစာတွေ ဖတ်ရတယ်၊ အင်္ဂလိပ် ရေဒီယိုတွေ နားထောင်ရတယ်၊ အင်္ဂလိပ်ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေ ကြည့်ရတယ်။ ဒီနေရာမှာပဲ ကြီးမားတဲ့ ပြဿနာတစ်ခု ထပ်ပေါ်လာတော့တာပဲ”
ပါမောက္ခချုပ်လီက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ဘာပြဿနာလဲ”
"အတွေးအခေါ် ပြန့်နှံ့မှုပဲဗျ။ သူတို့ကြည့်တဲ့ အင်္ဂလိပ်ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ သူတို့ဖတ်တဲ့ အင်္ဂလိပ်ဝတ္ထုတွေနဲ့ သတင်းစာတွေကနေတစ်ဆင့် အနောက်တိုင်းရဲ့ အတွေးအခေါ်တွေက အဓိက စီးဝင်လာတော့တာပဲ။ ဥပမာ အမေရိကန်ရဲ့ တစ်ကိုယ်တော် သူရဲကောင်းဝါဒတွေ၊ ငွေကြေးကို အရာရာထက် ဦးစားပေးတဲ့ အရင်းရှင်ဝါဒတွေပေါ့။ ဒါတွေအားလုံးက ကျောင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်ကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးသွားလိမ့်မယ်”
"ဘာဖြစ်လို့ ကျောင်းသား အတော်များများက ပြည်ပမှာ ပညာသွားသင်ဖို့ကိုပဲ တောင့်တနေကြတာလဲ။ အပြင်က ပညာရေးက တကယ်ပဲ အစစအရာရာ သာလွန်နေလို့လား။ ဘာလို့ သူတို့က ပြည်ပက ဘဝတွေကို ဒီလောက်အထိ အားကျနေရတာလဲ။ ပြည်ပက ဘဝတွေက တကယ်ပဲ အဲဒီလောက်အထိ လှပနေလို့လား။ အကြောင်းကတော့ မီဒီယာတွေကနေ ဝါဒဖြန့်ချိနေတာတွေဟာ အဲဒီနိုင်ငံတွေရဲ့ ကောင်းကွက်တွေချည်းပဲ ဖြစ်နေလို့ပါ၊ သူတို့ရဲ့ မှောင်မိုက်တဲ့ အခြမ်းတွေကိုတော့ ဘယ်တော့မှ ထုတ်ဖော်ပြမှာ မဟုတ်ဘူးလေ”
"တကယ်တော့ ကျောင်းသား အတော်များများက ဒီကိစ္စတွေကို မူလက စိတ်မဝင်စားကြပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာ သင်ယူဖို့အတွက် ဆရာတွေ၊ မိဘတွေက ဖိအားပေးပြီး ဒီလို မှီငြမ်းစာပေတွေကို ဖတ်ခိုင်းရာကနေ ပြည်ပက ဘဝတွေကို စတင် အားကျလာကြတော့တာပဲ”
"ဥပမာ ပြည်ပမှာဆိုရင် စာသင်ရတာ ဖိအားမရှိဘူး၊ တက္ကသိုလ်တက်ရတာ လွယ်တယ်၊ လူမှုဘဝ ဖိအားနည်းတယ်၊ ဘယ်နေရာမဆို အလုပ်ရလွယ်တယ်၊ လူတိုင်း တန်းတူညီမျှမှု ရှိတယ်၊ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေ မရှိဘူး စသဖြင့်ပေါ့။ ဒါတွေဟာ တစ်ဖက်သတ် ဆန်လွန်းတဲ့ အမြင်တွေပါ၊ ဒါမှမဟုတ် သူတို့ တမင်တကာ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေလို့တောင် ဆိုနိုင်တယ်”
"အမေရိကန်မှာ တက္ကသိုလ်တက်ရတာ တကယ်ပဲ လွယ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ဆီမှာ အသက်မွေးဝမ်းကျောင်းကောလိပ်တက်ဖို့ အမှတ်မီတဲ့သူဟာ အမေရိကန်မှာဆိုရင် တက္ကသိုလ် တက်ခွင့်လျှောက်လို့ ရနေပြီ။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ ပုဂ္ဂလိက တက္ကသိုလ်တွေ အများကြီး ရှိနေပြီး အမှတ်ကန့်သတ်ချက်က အလွန်နိမ့်လို့ပဲ၊ အောင်မှတ်ရှိရုံနဲ့ တက်လို့ရတယ်။ ဒါပေမဲ့ အဲဒီလို တက္ကသိုလ်တွေက ဘွဲ့ရဖို့လည်း မလွယ်သလို၊ ဘွဲ့ရပြီးရင်လည်း အလုပ်ရဖို့ အလွန် ခက်ခဲပါတယ်။ အမေရိကန်လူမျိုးတွေ ကိုယ်တိုင်တောင် အဲဒီလို တက္ကသိုလ်မျိုးတွေကို မတက်ကြဘူး။ အမေရိကန်ရဲ့ လူငယ် ရာဇဝတ်မှုနှုန်းက ကျွန်တော်တို့ တရုတ်ပြည်ထက် အများကြီး ပိုမြင့်တယ်။ ပြီးတော့ အမေရိကန်ရဲ့ အဂတိလိုက်စားမှုကလည်း အလွန်ပဲ များပြားလှပါတယ်။ ဒါပေမဲ့ သူတို့က ပါတီနှစ်ခုက အပြန်အလှန် စောင့်ကြည့်နေကြတာမို့ အလွန်အကျွံ လုပ်ဖို့ မလွယ်တာပဲ ရှိတာ”
"အခု ပြည်ပမှာ ပညာသွားသင်တယ်ဆိုတဲ့သူ အတော်များများဟာ အဲဒီလို ပုဂ္ဂလိက တက္ကသိုလ်တွေ၊ ဒါမှမဟုတ် ငွေပေးရင် တက်လို့ရတဲ့ ကျောင်းမျိုးတွေမှာ သွားတက်နေကြတာ။ အဲဒါဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေအတွက် 'ရွှေရောင်သုတ်'ဖို့သက်သက်ပဲ။ အဲဒီလူတွေထဲက တကယ် လူတော်လူကောင်း ဖြစ်လာမယ့်သူ ဘယ်လောက်ရှိမယ်လို့ ဆရာကြီး ထင်သလဲ။ တချို့ဆိုရင် ပြည်ပက ပြန်လာတာတောင် အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်ကြသေးဘူး။ အဓိက အချက်က မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု ရှိ၊ မရှိ ပေါ်မှာပဲ မူတည်တာပါ”
ပါမောက္ခချုပ်လီက အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့် ဆိုလိုက်သည်။ "မင်း စကားအရဆိုရင် အင်္ဂလိပ်စာ ဘာသာရပ်ကို ဖျက်သိမ်းပစ်ရတော့မှာပေါ့”
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် ပြောခဲ့သလိုပဲ ဒါဟာ ကျွမ်းကျင်မှု တစ်ခုပါပဲ။ လက်သမားတစ်ယောက်ဟာ သစ်သားကို လွှနဲ့ တိုက်တတ်ရုံနဲ့ လက်သမားလို့ မခေါ်နိုင်ပါဘူး၊ ပရိဘောဂတွေကို ဖန်တီးနိုင်မှသာ လက်သမားလို့ ခေါ်နိုင်တာပါ။ ထူးချွန်တဲ့ ပစ္စည်းတွေကို ဖန်တီးနိုင်မှသာ ထိပ်တန်း လက်သမား ဖြစ်လာမှာပေါ့။ အင်္ဂလိပ်စာကို သင်ယူလို့ ရပါတယ်၊ ဒါပေမဲ့ တကယ် ကျွမ်းကျင်သွားဖို့တော့ လိုတာပေါ့။ အနည်းဆုံးတော့ လူတွေနဲ့ ဆက်သွယ်နိုင်ရမယ်၊ မဟုတ်ရင်တော့ အဲဒီ အောင်လက်မှတ်ဆိုတာ သူ တစ်ချိန်က သင်ယူခဲ့ဖူးတယ်ဆိုတဲ့ သက်သေတစ်ခုထက် မပိုတော့ဘူး။ 'သင်ယူခဲ့ဖူးတာ' နဲ့ 'ကျွမ်းကျင်သွားတာ' ကြားမှာ အကွာအဝေးက အရမ်းကြီးလွန်းတယ်ဗျ”
"အင်္ဂလိပ်စာဟာ လူတိုင်းအတွက် မလိုအပ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် တရုတ်စာကိုတောင် ကောင်းကောင်း မတတ်ကြသေးဘူး၊ ဒီတစ်သက် အသုံးချရဖို့ မသေချာတဲ့ အင်္ဂလိပ်စာကို ဘာလို့ ဒီလောက်အထိ အသည်းအသန် လုပ်နေကြမှာလဲ။ အခု အင်္ဂလိပ်စာ သင်တန်းကျောင်းတွေ ဘယ်လောက်တောင် များနေပြီလဲ ကြည့်ဦး။ အဆင့် ၄ နဲ့ ဘွဲ့လက်မှတ်ကို ချိတ်ဆက်လိုက်တဲ့အခါ အဲဒီကျောင်းတွေရဲ့ သင်တန်းကြေးက ပိုတောင် ဈေးကြီးလာသေးတယ်။ ကျောင်းတွေမှာ ငှားထားတဲ့ နိုင်ငံခြားသား ဆရာတွေကော ဆရာဖြစ်ဖို့ အရည်အချင်း ပြည့်မီကြရဲ့လား။ သင်ကြားနည်းတွေကော သင်ယူဖူးကြလို့လား။ ဆရာ့ကျင့်ဝတ်ရော ရှိကြရဲ့လား”
"ဒါကြောင့် ကျွန်တော့်အမြင်မှာတော့ အခု မူလတန်းတွေ၊ မူကြိုတွေမှာတောင် အင်္ဂလိပ်စာ စသင်နေတာဟာ တကယ့်ကို အဓိပ္ပာယ် မရှိတဲ့ ကိစ္စပဲ။ အလယ်တန်းတွေမှာတောင် အင်္ဂလိပ်စာရဲ့ အမှတ်ပေးစနစ်က တရုတ်စာနဲ့ သင်္ချာတို့လိုပဲ အမှတ်အချိုးအစား အရမ်းကြီးလွန်းနေတယ်။ အင်္ဂလိပ်စာကို ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားနဲ့ တန်းတူ ထားနေတာဟာ တကယ်ပဲ ကောင်းတဲ့ ကိစ္စလို့ ဆရာကြီး ထင်လို့လား”
ပါမောက္ခချုပ်လီသည် ခေါင်းငုံ့လျက် အတွေးနက်သွားသည်။ ဖုန်းယွီပြောဆိုချက်များတွင် အကျိုးအကြောင်း ခိုင်လုံသော အချက်များ ပါဝင်နေသည်။ ပြည်တွင်းရှိ ပညာရှင်အချို့ကလည်း အင်္ဂလိပ်စာကို အလွန်အကျွံ အလေးမထားသင့်ကြောင်း ပြောဆိုဖူးကြသော်လည်း သူတို့၏ အကြောင်းပြချက်မှာ ဖုန်းယွီကဲ့သို့ မပြတ်သားပါချေ။
ဤပြဿနာကို သေသေချာချာ ပြန်လည် စဉ်းစားရပေမည်။ နောက်တစ်ကြိမ် ပညာရေးဆိုင်ရာ အစည်းအဝေး ကျင်းပသည့်အခါ ဤအချက်ကို ဆွေးနွေးရန် တင်ပြရမည်။ တရုတ်ပြည်ကြီးကဲ့သို့သော နိုင်ငံကြီးတွင် မိဘများက မိမိကလေး၏ အင်္ဂလိပ်စာ အမှတ်ကိုသာ အလေးထားနေကြခြင်းမှာ တကယ်ပင် မဖြစ်သင့်သောအရာပင်။
အင်္ဂလိပ်စာကိုလည်း အခြားသော ဘာသာစကားများကဲ့သို့ သာမန် ဘာသာရပ်တစ်ခုအဖြစ်သာ သဘောထားသင့်လှပေတော့သည်။
******
အခန်း (၁၃၆၂) ရှေးဟောင်းစာပေနှင့် ပဒေသရာဇ်ခေတ်၏ အညစ်အကြေးများ
"Songjiangဖလား" ရှေးဟောင်းစာပေ စာမူပြိုင်ပွဲအတွက် လျှောက်လွှာများ စတင်လက်ခံနေပြီ ဖြစ်သည်။ ဖြန့်ချိရေး လုပ်ငန်းများမှာလည်း အရှိန်အဟုန်ဖြင့် တောက်လောင်နေသည့် မီးလျှံကဲ့သို့ အားကောင်းမောင်းသန် ရှိနေစဉ်မှာပင်၊ မမျှော်လင့်ထားသော အနှောင့်အယှက်တစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့သည်။
"ရှေးဟောင်းစာပေဆိုတာ ဘာလဲ။ နတ်ရဲသရဲတွေအကြောင်း ဝါဒဖြန့်နေတာဟာ ပဒေသရာဇ်ခေတ်ရဲ့ အညစ်အကြေးတွေပဲလေ" မိမိကိုယ်ကိုယ် အမေရိကန်နိုင်ငံသား တရုတ်လူမျိုး စာရေးဆရာတစ်ဦးဟု အမည်ခံထားသူက သတင်းစာပေါ်မှနေ၍ ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်လိုက်သည်။
သူက ဆက်လက်၍ "ရှေးခေတ် တရုတ်ပြည်ရဲ့ နတ်ဘုရားတွေဆိုတာ ဘာမှမလုပ်ဘဲ အလကားရဖို့ အိမ်မက်မက်နေကြတာပဲ။ ရှေးဟောင်း ဝတ္ထုတွေဆိုတာလည်း ဘီလူးသရဲတွေ နေရာအနှံ့ ရှိနေတာပဲ၊ စာသင်သားနဲ့ မိန်းမပျို သရဲမတွေ၊ အထူးသဖြင့် မြေခွေးမတွေနဲ့ ဇာတ်လမ်းတွေ အများဆုံး ရှိနေတာက အဲဒီခေတ်က လူတွေရဲ့ ကာမရာဂ ကြီးမားမှုကို သက်သေပြနေတာပဲ!"
"အခု ဒါ ဘယ်လိုခေတ်လဲ၊ ၂၁ ရာစု ရောက်နေပြီလေ။ ဒီလို ပဒေသရာဇ် အတွေးအခေါ်တွေကို ဘာရည်ရွယ်ချက်နဲ့ ဝါဒဖြန့်နေကြတာလဲ။ နိုင်ငံတော်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ ဌာနတွေ၊ တက္ကသိုလ်တွေ၊ သတင်းစာတိုက်တွေနဲ့ ထုတ်ဝေရေးတွေ စုပေါင်းပြီး ကျင်းပတာဟာ ယဉ်ကျေးမှု နောက်ပြန်ဆုတ်ခြင်းပဲ။ အထူးသဖြင့် ဒီကိစ္စကို စတင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဖုန်းယွီရဲ့ စိတ်နေစိတ်ထားကတော့ တကယ့်ကို အပြစ်ပေးထိုက်လှတယ်!"
"ငွေနံ့ နံစော်နေတဲ့ ကုန်သည်တစ်ယောက်က စာပေအကြောင်း ဘာနားလည်လို့လဲ။ သူဟာ လူကြားကောင်းအောင် ဟန်ပြလုပ်နေတာ သက်သက်ပဲ၊ ဒီလှုပ်ရှားမှုကို အသုံးချပြီး လူတွေရဲ့ အာရုံစိုက်မှုကို ရယူကာ ငွေရှာဖို့ ကြိုးစားနေတာ!"
ဖုန်းယွီသည် လက်ထဲမှ သတင်းစာကို ဖြည်းဖြည်းချင်း ချလိုက်သည်။ "ရွှယ်ဟိုင်ဖန့်ကျိုး" (Xue Hai Fan Zhou - ပညာပင်လယ်အတွင်း လှေလှော်ခတ်သူ) ဟူသော ကလောင်အမည်ရှင်ကို သူ လုံးဝ အမှတ်မရပါချေ။ ထိုကဲ့သို့သော သူတစ်ဦးအား မည်သည့်အချိန်တွင် ရန်ငြိုးဖွဲ့ခဲ့မိသည်ကို သူ စဉ်းစား၍ မရနိုင်တော့ပါချေ။
"ဝူကျိကန်း... ငါတို့ ဒီလူကို ရန်စမိတာမျိုး ရှိလား” ဖုန်းယွီက မေးလိုက်သည်။
"Boss... ကျွန်တော်လည်း ဒီလူကို မသိပါဘူးဗျာ။ ဒါပေမဲ့ အဲဒီသတင်းစာတိုက်နဲ့တော့ ကျွန်တော်တို့ ဆက်သွယ်နေပါတယ်။ အဲဒီသတင်းစာတိုက်က ကျွန်တော်တို့ရဲ့ စာမူပြိုင်ပွဲမှာ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ထဲမှာ မပါသလို၊ ပုဂ္ဂလိကပိုင် သတင်းစာတိုက် တစ်ခုလည်း ဖြစ်နေတယ်ဗျ" ဝူကျိကန်းက ရှင်းပြသည်။
အကယ်၍ ဤသတင်းစာတစ်စောင်တည်းတွင်သာ ဖော်ပြခြင်းဖြစ်ပါက ကိစ္စမရှိလှသော်လည်း၊ ယခု ပြိုင်ပွဲတွင် မပါဝင်သော အခြားသော သတင်းစာတိုက် အမြောက်အမြားကပါ တစ်ဆင့်ပြန်လည် ကူးယူဖော်ပြကြသည့်အပြင်၊ အင်တာနက်ပေါ်တွင်လည်း အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသဖြင့် သက်ရောက်မှုမှာ အလွန် ကြီးမားလှပေသည်။
အကယ်၍ Sinaစသည့် ဝဘ်ဆိုက်ကြီးများက ဖုန်းယွီအပေါ် တိုက်ခိုက်သော စကားများကို မြင်တွေ့၍ ပိတ်ပင်မပေးခဲ့ပါက၊ ဤဂယက်မှာ ယခုထက် ပို၍ ကြီးမားသွားပေလိမ့်မည်။ လက်ရှိတွင် ထိုဝဘ်ဆိုက်ကြီးများ၏ လူဝင်မှုနှုန်းမှာ အလွန်ပင် ကြီးမားလှသဖြင့် တရုတ်ပြည် အင်တာနက်အသုံးပြုသူတိုင်း နီးပါး ထိုဝဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။ သို့သော် ဝဘ်ဆိုက်ကြီးများထဲတွင် 'Yahoo China'ဟူသော အားကောင်းသည့် ပြိုင်ဘက် တစ်ခုလည်း ရှိနေသေးသည်။
"ဒီလူက အရင်က ဘာစာအုပ်တွေ ရေးဖူးလဲ။ ဒါမှမဟုတ် နာမည်ကြီး ဆောင်းပါးတွေ ရှိလား”
"သူက သိပ်ပြီး နာမည်ကြီးတာ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ 'Baidu'မှာ ရှာရင်တောင် သူ့အကြောင်း မတွေ့ရဘူးဗျ" ဝူကျိကန်းက အထင်သေးသော လေသံဖြင့် ဆိုလိုက်သည်။
သူ့အမြင်အရဆိုလျှင် ဤ ရွှယ်ဟိုင်ဖန့်ကျိုးဆိုသူသည် လူအများ၏ အာရုံစိုက်မှုကို တမင်ရယူရန် ကြိုးပမ်းနေသူသာ ဖြစ်သည်။ ထို့ထက်ပိုသည်မှာ ထိုသူက အမှန်တကယ်ပင် အမေရိကန်နိုင်ငံသား ဖြစ်နေပါက၊ သူသည် တရုတ်လူမျိုး မဟုတ်တော့ပါချေ။ တရုတ်လူမျိုး မဟုတ်ပါဘဲနှင့် တရုတ်ပြည်မှာ ကပ်တွယ်ပြီး နာမည်ကြီးအောင် လုပ်နေခြင်းမှာ တကယ့်ကို အောက်တန်းကျလွန်းလှပေသည်။
ရွှယ်ဟိုင်ဖန့်ကျိုးသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ အင်တာနက်ပေါ်ရှိ သူ၏ ဆောင်းပါးနှင့် ပတ်သက်သော သတင်းများကို ကြည့်ရင်း မျက်နှာတွင် ဂုဏ်ယူဝင့်ကြွသော အမူအရာများ ပြည့်နှက်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူ သေချာပေါက် နာမည်ကြီးတော့မည် ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီကို အသုံးချကာ မြှင့်တင်ခြင်းမှာ တကယ့်ကို မှန်ကန်သော အကွက်တစ်ခုပင်>
ဤသတင်း၏ အပူရှိန်မှာ အလွန်ပင် မြင့်မားနေခဲ့သည်။ သူ၏ ဆောင်းပါးကို သတင်းစာများနှင့် အွန်လိုင်း မီဒီယာ အမြောက်အမြားက ပြန်လည် ဖော်ပြနေကြသလို သူ၏ ကလောင်အမည်ကိုလည်း အဖန်ဖန် တလဲလဲ ဖော်ပြနေကြသည်။ ယခုအချိန်တွင် သူ၏ အမည်ကို 'Baidu'တွင် ရှာဖွေမှု အပူရှိန်မှာ နာမည်ကြီး မင်းသားများထက်ပင် သာလွန်နေပေလိမ့်မည်!
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေရင်ကော ဘာဖြစ်လဲ၊ နောက်ဆုံးတော့ ငါ နာမည်ကြီးဖို့အတွက် "ခြေနင်းကျောက်" တစ်ခု ဖြစ်သွားတာပဲ မဟုတ်လား။
"အခုခေတ် လူတွေက တကယ့်ကို အမြင်မရှိကြတာပဲ" သူ ကျေနပ်စွာ ရေရွတ်လိုက်သည်။ သူ ပေါက်ကရ အနည်းငယ် ရေးလိုက်ရုံနှင့်ပင် လူအမြောက်အမြား၏ ထောက်ခံမှုကို ရရှိခဲ့သည် မဟုတ်ပါလား။ ယခု သူ အလိုချင်ဆုံး အချက်မှာ ပြိုင်ပွဲကျင်းပရေး ကော်မတီက သူ့ကို ပြန်လည် ချေပလာရန်ပင် ဖြစ်သည်။ ထိုသို့သာ ဖြစ်ပါက သူ၏ နာမည်မှာ ယခုထက် ပို၍ လူသိများသွားပေလိမ့်မည်။
သူ၏ အမည်ကို လူ သန်းပေါင်းများစွာ သိရှိသွားသည့် အချိန်သည် သူ၏စာအုပ်အသစ်ကို ဈေးကွက်ထဲသို့ ဖြန့်ချိမည့် အချိန်ပင် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူ၏ စာအုပ်မှာ မည်မျှပင် အဆင့်မရှိစေကာမူ၊ လူတွေက သိချင်စိတ်ဖြင့် ဝယ်ယူကြမည်မှာ အသေအချာပင်။ ထိုအခါ သူသည် တကယ့်ကို အရောင်းရဆုံး စာရေးဆရာတစ်ဦးအဖြစ် တစ်ညတွင်းချင်း ပြောင်းလဲသွားပေလိမ့်မည်>
အနည်းဆုံးတော့ အုပ်ရေ တစ်သန်းလောက် ရောင်းရဖို့ဆိုတာ သေချာပေါက် ပြဿနာ မရှိပါဘူး!
မှန်ပါသည်... ရွှယ်ဟိုင်ဖန့်ကျိုး သည် မူလက ဖုန်းယွီနှင့် မည်သည့် ပတ်သက်မှုမှ မရှိသလို၊ မည်သည့် ရန်ငြိုးမှလည်း မရှိပါချေ။ သူသည် ဖုန်းယွီ၏ ကြီးမားသော ကြွယ်ဝမှုအပေါ်တွင် မနာလိုဖြစ်နေသူ တစ်ဦးသာ ဖြစ်သည်။ သေချာပေါက် လူအတော်များများကလည်း ထိုသို့ပင် ဖြစ်ကြသည် မဟုတ်ပါလား။
ရွှယ်ဟိုင်ဖန့်ကျိုးသည် သူ၏ဘဝတွင် ဖုန်းယွီ၏ အဆင့်အတန်းကို မီရန် ဘယ်သောအခါမှ မျှော်လင့်ချက် မရှိကြောင်း ကောင်းစွာ သိရှိထားသည်။ ထီထိပ်ဆုကို အကြိမ်ကြိမ် ပေါက်စေဦးတော့၊ ဖုန်းယွီအနားကိုပင် ကပ်နိုင်မည် မဟုတ်ပါချေ။
သို့သော် သူသည် နည်းလမ်းကောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းမှာ ဖုန်းယွီ၏ ကျော်ကြားမှုကို အသုံးချကာ သူ၏နာမည်ကို မြှင့်တင်ရန်ပင်။ နှမြောစရာ ကောင်းသည်မှာ ဖုန်းယွီသည် အလွန်ပင် ခေါင်းပုံဖြတ်ခံရမှု နည်းပါးလှသူ ဖြစ်နေခြင်းပင်။ အင်တာနက်ပေါ်တွင် ဖုန်းယွီနှင့် ပတ်သက်သော သတင်းမှာ အလွန်ရှားပါးလှသလို၊ သူသည် ဖုန်းယွီ၏ ဓာတ်ပုံတစ်ပုံကိုပင် ရှာမတွေ့ခဲ့ပါချေ။ မူလက သူ၏ စီမံကိန်းမှာ ဖုန်းယွီနှင့် သူ အတူတူ ရိုက်ထားသော ဓာတ်ပုံအတု တစ်ပုံကို ဖန်တီးရန်ပင် ဖြစ်သည်။
ထိုအချိန်တွင် သူသည် ဤစာမူပြိုင်ပွဲ သတင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ အရေးအသား အရည်အသွေးနှင့် ဆိုပါက ဤပြိုင်ပွဲတွင် နေရာရရန် လုံးဝ မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။ သူသည် အရင်ကလည်း စာအုပ်တစ်အုပ် ထုတ်ဖူးသော်လည်း၊ သူကိုယ်တိုင် ငွေစိုက်ထုတ်ခဲ့ရသလို အုပ်ရေ တစ်သောင်းပင် မပြည့်အောင် ရောင်းခဲ့ရသည် မဟုတ်ပါလား။
ထို့ကြောင့် သူသည် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ စာမူပြိုင်ပွဲကို တိုက်ခိုက်မည်၊ ဖုန်းယွီကို ဝေဖန်မည်၊ ထိုမှတစ်ဆင့် သူ နာမည်ကြီးလာမည်။ နာမည်ကောင်းဖြစ်စေ၊ နာမည်ဆိုးဖြစ်စေ နာမည်ကြီးဖို့ကသာ အရေးကြီးဆုံး မဟုတ်ပါလား။ တရုတ်လူမျိုးတွေထဲမှာ ချင်းဟွေ့ကို မသိတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။ ဇီရှီး (Cixi) မယ်တော်ကြီးကို မသိတဲ့သူကော ရှိလို့လား။ သူတို့ရဲ့ နာမည်တွေက တကယ့်ကို နံစော်နေတာပဲ မဟုတ်လား။ ဒါပေမဲ့ သူတို့ သုံးခဲ့တဲ့ ပစ္စည်းတွေကျတော့ သာမန် ရှေးဟောင်းပစ္စည်းတွေထက် အဆပေါင်းများစွာ တန်ဖိုးကြီးနေတာလေ၊ ဘာလို့လဲဆိုတော့ ယဉ်ကျေးမှု တန်ဖိုး ရှိနေလို့ပဲ။
သူသာ နာမည်ကြီးသွားပြီး အရောင်းရဆုံး စာရေးဆရာ ဖြစ်လာမည်ဆိုပါက၊ စာဖတ်သူများနှင့် အားပေးသူများက သူ့အား "အာဏာကို မကြောက်သော သူရဲကောင်း"အဖြစ် သတ်မှတ်လာကြမည်မှာ အသေအချာပင်။ ဖုန်းယွီအနေဖြင့်လည်း သူ၏ ဂုဏ်သတင်းကို ငဲ့ကွက်၍ သူ့အား လာရောက် နှိပ်ကွပ်ဝံ့လိမ့်မည် မဟုတ်ဟု သူက ယူဆထားသည်။
ထပ်ပြောရရင် သူဟာ အမေရိကန် နိုင်ငံသားအဖြစ် ဟန်ဆောင်ထားတာလေ။ ဖုန်းယွီအနေနဲ့ နိုင်ငံတကာ ဂယက်ရိုက်ခတ်မှုကို ထည့်သွင်း စဉ်းစားရမှာပေါ့။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်စေဦးတော့၊ အမေရိကန် နိုင်ငံသား တစ်ယောက်ကို ရန်စဝံ့ပါ့မလား။
အခြေအနေများမှာ ရွှယ်ဟိုင်ဖန့်ကျိုး ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ သူ၏ ပြောဆိုချက်များအပေါ် ပြန်လည် တုံ့ပြန်မှုများ စတင် ထွက်ပေါ်လာခဲ့သည်။
"ရှေးဟောင်းယဉ်ကျေးမှုဆိုတာ ရွှယ်ဟိုင်ဖန့်ကျိုး ပြောသလို အညစ်အကြေးတွေတင် မဟုတ်ပါဘူး။ ဂန္ထဝင် ဝတ္ထုကြီး လေးအုပ်ကို မဆိုထားနဲ့ဦး၊ ဟွားမူလန်လိုမျိုး သူရဲကောင်း အမျိုးသမီးတွေအကြောင်း၊ ချီကျိကွမ်းရဲ့ ရန်သူကို ခုခံတိုက်ထုတ်ပုံတွေ အကြောင်းတွေ ရှိနေသေးတယ်။ တန်ကဗျာ၊ ဆုန့်ကဗျာတွေ ရှိတယ်၊ ငါတို့ရဲ့ ကွန်ဖြူးရှပ် ယဉ်ကျေးမှုတွေ ရှိတယ်။ ဒါတွေဟာ လူတွေကို ကြင်နာတတ်ဖို့၊ သတ္တိရှိဖို့၊ အမြော်အမြင်ရှိဖို့နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ ဆုံးမပေးနေတာလေ..."
ဤကဲ့သို့သော တုံ့ပြန်မှုများမှာ ရုတ်တရက် အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။ ထိုသူများမှာ တက္ကသိုလ် ပါမောက္ခများ၊ စာပေပညာရှင်များနှင့် သုတေသီများ ဖြစ်ကြပြီး ရွှယ်ဟိုင်ဖန့်ကျိုး အား ဝိုင်းဝန်း ချေပနေကြခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသား တစ်ယောက်ကများ တရုတ်ပြည်ရဲ့ ရိုးရာယဉ်ကျေးမှုကို လာပြီး တိုက်ခိုက်နေရတယ်လို့။
ခင်ဗျားပြောတာ အကျိုးအကြောင်း ခိုင်လုံရင်တောင် တစ်မျိုးပေါ့၊ အခုဟာက အချက်အလက် အနည်းငယ်ကိုပဲ ကြည့်ပြီး တစ်ခုလုံးကို ဆုံးဖြတ်နေတာ၊ အပေါ်ယံကိုပဲ ကြည့်ပြီး ကောက်ချက်ချနေတာ၊ ဒါဟာ ဘာအဆင့်အတန်းမှ မရှိတဲ့ လုပ်ရပ်ပဲ။
သို့သော် ၎င်းတို့ မသိရှိလိုက်သော အချက်မှာ ၎င်းတို့ ပြန်လည် ချေပလိုက်သည့် အကြိမ်တိုင်းသည် ရွှယ်ဟိုင်ဖန့်ကျိုးအား နာမည်ကြီးအောင် ဝိုင်းကူပေးနေသကဲ့သို့ ဖြစ်နေခြင်းပင်။
အခြားသူများက ဤအချက်ကို သတိမပြုမိသော်လည်း၊ ဖုန်းယွီကမူ သတိထားမိသည်။ သို့သော် သူသည် တားဆီးခြင်း မပြုပါချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကြောင့် စာမူပြိုင်ပွဲ၏ အရှိန်အဝါမှာ ပိုမို မြင့်တက်လာသောကြောင့် ဖြစ်သည်။ ပီကင်းတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များ စုပေါင်းကျင်းပခြင်း သို့မဟုတ် ပညာရှင်ကြီးများက ဒိုင်အဖြစ် ဆောင်ရွက်ခြင်းတို့ထက်ပင်၊ ယခုကဲ့သို့သော အငြင်းပွားမှုက ပို၍သတင်းထူး ဖြစ်နေခဲ့သည်။
အမှန်တရားဆိုသည်မှာ ငြင်းခုံရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အငြင်းပွားမှု ရှိနေမှတော့၊ ကောင်းကောင်းလေး ငြင်းခုံကြတာပေါ့။ ဤပါမောက္ခကြီးများက ထို ရွှယ်ဟိုင်ဖန့်ကျိုးအား အစအန မကျန်အောင် ပြန်လည်ချေပနိုင်လိမ့်မည်ဟု ဖုန်းယွီယုံကြည်ထားသည်။
ထိုအချိန်တွင် ဖုန်းယွီအဓိက အာရုံစိုက်နေသည်မှာ ဤရွှယ်ဟိုင်ဖန့်ကျိုး၏ တကယ့် ကိုယ်ရေးအချက်အလက်များကို ရှာဖွေရန်ပင်။ အင်တာနက် IP လိပ်စာမှတစ်ဆင့် ဖုန်းယွီသည် ဤလူမှာ မည်သူဖြစ်ကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဖုန်းယွီအနေဖြင့် ရဲကို လွှတ်၍ ဖမ်းခိုင်းရန်မှာမူ မသင့်တော်လှပါချေ။ ထိုသို့လုပ်ဆောင်ပါက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးက အာဏာကို အသုံးပြု၍ လူတစ်ဦးကို အနိုင်ကျင့်နေသည်ဟု အထင်ခံရနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဖုန်းယွီသည် ရွှယ်ဟိုင်ဖန့်ကျိုး၏ အချက်အလက်အချို့ကို ဝဘ်ဆိုက်များမှ သတင်းထောက်များထံသို့ တိတ်တဆိတ် ပေးပို့လိုက်သည်။ ထိုသူများက ထိုလူ၏ မျက်နှာဖုံးကို ခွာပြလိုက်ကြသည့်အခါတွင်မူ၊ ထိုလူ မည်သို့ ဆက်လက် ကခုန်နေဦးမည်ကို စောင့်ကြည့်ရပေတော့မည်။
******
အခန်း (၁၃၆၃) နာမည်ကြီးအောင် လုပ်ဆောင်ခြင်း၏ တန်ဖိုး
အင်တာနက်ပေါ်တွင် တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာသော အငြင်းပွားမှုများကို ကြည့်ရင်း ရွှယ်ဟိုင်ဖန့်ကျိုးတစ်ယောက် အတော်လေး ကျေနပ်ဂုဏ်ယူနေမိသည်။ သူသည် ထုတ်ဝေရေးလုပ်ငန်းတစ်ခုနှင့် တိတ်တဆိတ် ဆက်သွယ်ထားပြီးဖြစ်ကာ၊ ထိုလုပ်ငန်းကလည်း သူနှစ်နှစ်ကြာ အားစိုက်ရေးသားခဲ့သော ဝတ္ထုရှည်ကြီးကို ထုတ်ဝေပေးရန် ပဏာမ သဘောတူညီမှု ပေးထားခဲ့ပြီ ဖြစ်သည်။
သေချာပေါက်၊ တစ်ဖက်လူတွင်လည်း အခြေအနေများ ရှိနေသည်။ ၎င်းမှာ အစောပိုင်း ထုတ်ဝေမှု ကုန်ကျစရိတ်များကို ရွှယ်ဟိုင်ဖန့်ကျိုး ကိုယ်တိုင် ကျခံရမည် ဖြစ်ကာ၊ အကယ်၍ စာအုပ်မှာ ရောင်းကောင်းခဲ့ပါက အလျင်အမြန် ထပ်မံရိုက်နှိပ်ပေးမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ပြန်လည်ပေးလျော်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုထုတ်ဝေရေးမှ စာတည်းများ ဖတ်ရှုပြီးနောက် ဤစာအုပ်၏ အရည်အသွေးမှာ အလွန်ပင် သာမန်မျှသာ ရှိသည်ဟု သုံးသပ်ထားသောကြောင့် ဖြစ်သည်။
သို့သော် ရွှယ်ဟိုင်ဖန့်ကျိုးကတော့ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေသည်။ သူ၏စာအုပ်မှာ သေချာပေါက် ပေါက်သွားလိမ့်မည်ဟု သူ ယုံကြည်သည်။
ပထမဆုံးအနေဖြင့် သူသည် သတင်းစာတိုက်တစ်ခုသို့ လိပ်စာမပါသော စာတစ်စောင်ကို တိတ်တဆိတ် ပေးပို့ခဲ့ပြီး ၎င်းမှာ သူ၏ ဆောင်းပါးပင် ဖြစ်သည်။ သူ၏လိပ်စာကို ချန်လှပ်ထားခဲ့သဖြင့် တစ်ဖက်လူက လိုက်လံ ရှာဖွေလာမှာကိုလည်း သူ မစိုးရိမ်ပါချေ။
ထို့နောက်တွင်မူ သူသည် အင်တာနက်ပေါ်တွင် သူ၏ အယူအဆများကို စတင် ထုတ်ဖော်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သတင်းစာများကလည်း ပြန်လည်ကူးယူဖော်ပြနေကြသလို၊ အင်တာနက်၏ပြန့်နှံ့မှုနှုန်းမှာ ပိုမို မြန်ဆန်ပြီး ပို၍လည်း ဘေးကင်းသည်ဟု သူ ယူဆထားသဖြင့်၊ သူ၏ကောင်းစားမည့်နေ့ရက်များမှာ မဝေးတော့ပြီဟု သူ ထင်မြင်နေခဲ့သည်။
ယနေ့ သူ အိပ်ရာနိုးလာသည့်အခါ၊ ထုံးစံအတိုင်း ကွန်ပျူတာကို ဖွင့်ကာ အင်တာနက် ကြည့်လိုက်သည်။
ကြည့်စမ်း... သူ၏ဆောင်းပါးနှင့် ပတ်သက်သော သတင်းများသည် 'Sina'၊ 'Yahoo' စသည့် ဝဘ်ဆိုက်ကြီးများ၏ ထိပ်တန်းသတင်းများ ဖြစ်နေပြန်ပြီ မဟုတ်ပါလား။ နိုင်ငံတော် ခေါင်းဆောင်များ၏ ခရီးစဉ် သတင်းများကိုပင် သူက ကျော်တက်ကာ ဖိနှိပ်ထားနိုင်ခဲ့သည်။
ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ရင်း၊ သူသည် ဆောင်းပါးကို ကလစ်နှိပ်ကာ သူ၏ ကျော်ကြားမှု အရှိန်အဝါကို ထပ်မံ ခံစားရန် ပြင်ဆင်လိုက်သည်။ သို့သော် စာကြောင်း နှစ်ကြောင်း၊ သုံးကြောင်းမျှ ဖတ်ပြီးသည့်အခါတွင်မူ သူ၏ မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားခဲ့ရသည်။ ဘယ်လို ဖြစ်ရတာလဲ... ပါဝင်တဲ့ အကြောင်းအရာတွေက သူ ထင်ထားတာနဲ့ လုံးဝကို ကွဲပြားနေပါလား။
မူလက သူ ထင်မှတ်ထားသည်မှာ ထိုပါမောက္ခကြီးများက သူ၏ အယူအဆများကို ပြန်လည် ဝေဖန်ထားသော ဆောင်းပါးများ ဖြစ်လိမ့်မည်ဟူ၍ ဖြစ်ပြီး၊ ထိုအရာများကို သူက အားပေးသူ တစ်ယောက်အလား သဘောကျစွာ ဖတ်ရှုရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ သူ၏ အမြင်အရ ထိုသူများ မည်မျှပင် ပြင်းထန်စွာ ဝေဖန်ပါစေ၊ ၎င်းမှာ သူ၏နာမည်ကို ပိုမို ကျော်ကြားစေရန် ဝိုင်းကူပေးနေခြင်းသာ ဖြစ်သည်။
လက်ရှိတွင် အင်တာနက်ပေါ်၌ ရွှယ်ဟိုင်ဖန့်ကျိုး ဟူသော အမည်ကို မသိသူ ရှိပါဦးမလား။ သို့သော် သူ၏ တကယ့် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မည်သူမျှ မသိရှိကြသေးပါချေ။
ယခုမူ ထိုအချက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ Sinaဝဘ်ဆိုက်ပေါ်တွင် အမည်မဖော်လိုသူ အင်တာနက် အသုံးပြုသူတစ်ဦးက သူသည် မည်သူဖြစ်ကြောင်း ခန့်မှန်းဖော်ပြထားသည့်အပြင်၊ သူ၏ကိုယ်ရေးအချက်အလက်များကိုပါ အသေးစိတ် ချပြထားခဲ့သည်။
အချို့သော အသေးစိတ် အချက်အလက်များကို ဝဘ်ဆိုက်ဘက်မှ 'မိုးဆတ်'ဖြင့် ကွယ်ထားစေကာမူ၊ 'Sina' ဝဘ်ဆိုက်သည် သူ၏ တကယ့် အချက်အလက်များကို လက်ဝယ်ရရှိထားပြီ ဖြစ်ကြောင်း သက်သေပြနေခဲ့ပြီ။ ဤသို့ဆိုလျှင် သူသည် အမေရိကန်နိုင်ငံသား တရုတ်လူမျိုး မဟုတ်ကြောင်း၊ အရောင်းရဆုံး စာရေးဆရာလည်း မဟုတ်ကြောင်းကို လူတွေ သိသွားကြပြီ မဟုတ်ပါလား။
ထို့ပြင် သူ၏ ပြောဆိုချက်များသည် ဖုန်းယွီအား ဒေါသထွက်စေခဲ့ပြီမှာ သေချာလှပေသည်။ ဖုန်းယွီက သူ့ကို လာရောက် နှိပ်ကွပ်ရန် လူလွှတ်လိုက်မည်လား။
သူ မသိရှိလိုက်သော အချက်မှာ - အင်တာနက်တွင် 'IP Address' ဟူသော အရာ ရှိနေပြီး၊ ထိုလိပ်စာမှတစ်ဆင့် သူ့ကို ရှာဖွေနိုင်သည် ဆိုသည့် အချက်ပင်။ ထို့ထက်ပိုသည်မှာ အလုပ်မရှိ အကိုင်မရှိ အင်တာနက် အမြဲသုံးနေသော အင်တာနက် အသုံးပြုသူများမှာ မည်မျှအထိ စွမ်းအားကြီးပြီး၊ ထိုသူများကြားတွင် မည်မျှအထိ ပညာရှင်များ ဖုံးကွယ်နေသည်ကို သူ လုံးဝ မသိရှိခဲ့ပါချေ။
ဖုန်းယွီသည် သူ၏ IP လိပ်စာနှင့် ဝေဝါးသော အချက်အလက် အချို့ကိုသာ အရိပ်အမြွက် ပေးခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှိသော အချက်အလက် အားလုံးမှာမူ လူအများက ဝိုင်းဝန်း ဖော်ထုတ်လိုက်ကြခြင်း ဖြစ်သည်။ 'Sina' ကဲ့သို့သော ဝဘ်ဆိုက်ကြီးများက အဓိက အချက်အလက်များကို ထိန်းသိမ်း ကွယ်ဝှက်ပေးထားစေကာမူ၊ ဝဘ်ဆိုက်ငယ်လေးများမှာမူ ထိုသို့သော ငဲ့ညှာမှုမျိုး လုံးဝမရှိပါချေ။ ၎င်းတို့သည် ဤ ရွှယ်ဟိုင်ဖန့်ကျိုး အား အဝတ်အစား တစ်ထည်မှ မကျန်တော့အောင် အကုန် ချွတ်ပြလိုက်ချင်နေကြခြင်းပင်!
'Baidu' ပေါ်တွင်လည်း သူနှင့် ပတ်သက်သော စွယ်စုံကျမ်းတစ်ခု တရားဝင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ကာ သူ၏အချက်အလက်များကို အသေးစိတ် ဖော်ပြထားသည့်အပြင်၊ သူသည် နာမည်ကြီးရန်အတွက် အောက်တန်းကျသော နည်းလမ်းဖြင့် အရောင်းမြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာ ဥပဒေများကိုပါ ချိုးဖောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ရွှယ်ဟိုင်ဖန့်ကျိုးသည် ထိုအခါမှသာ သူ၏လုပ်ရပ်သည် ဥပဒေနှင့် ငြိစွန်းနေကြောင်း သိရှိသွားခဲ့ရသည်။ သူသည် အယူအဆပိုင်းတွင် ငြင်းခုံရုံတင်မကဘဲ၊ အခြေအမြစ် မရှိသော ခန့်မှန်းချက်များဖြင့် ဖုန်းယွီ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သည်။ ဥပမာ ဖုန်းယွီသည် ငွေရှာရန်အတွက် ဤလှုပ်ရှားမှုကို တမင်ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းမှာ "အသရေဖျက်မှု"မြောက်နေခဲ့ပြီ ဖြစ်သည်။
သူသည် သူ၏ 'Sina' ဘလော့ဂ်သို့ အလျင်အမြန် ဝင်ရောက်ကြည့်ရှုလိုက်ရာ၊ မှတ်ချက်ပေးသည့် ကဏ္ဍတွင် ဆဲဆိုသံများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
မူလက သူ၏အကောင့်တွင် သူ့အား ထောက်ခံသူ အချို့ ရှိနေခဲ့သေးသည်။ ထိုသူများထဲတွင် နိုင်ငံခြားကို အထင်ကြီးလွန်းသူများ၊ သူ့အား သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်သူများနှင့် အပျော်သဘော ဝိုင်းအော်ပေးသူများ ပါဝင်ကြသည်။
သို့သော် သူ၏ ကိုယ်ရေးအချက်အလက်များ ပေါ်ထွက်လာပြီး၊ သူ၏ လိမ်လည်မှုများ အားလုံး ဗူးပေါ်သလို ပေါ်သွားသည့် အခါတွင်မူ၊ ဘလော့ဂ်အောက်ရှိ မှတ်ချက်များမှာမူ ဆဲဆိုကြိမ်းမောင်းသံများသာ ကျန်ရှိတော့သည်!
"ကောင်စုတ်... ပဒေသရာဇ်ခေတ်ရဲ့အညစ်အကြေး ဆိုတာ မင်းကိုယ်တိုင်ပဲကွ"
"ထွက်သွားစမ်း... အရောင်းရဆုံး စာရေးဆရာ တဲ့လား၊ တကယ်တော့ ကိုယ့်ငွေနဲ့ကိုယ် စာအုပ်တစ်အုပ်ပဲ ထုတ်ဖူးပြီး အဲဒါတောင် အုပ်ရေ တစ်ထောင် မပြည့်ဘူး မဟုတ်လား"
"အပေါ်က လူကလည်း မသိဘဲနဲ့... အဲဒီ အုပ်ရေ တစ်ထောင်ဆိုတာလည်း လူတွေကို လိုက်ဝေထားတာ ဖြစ်မှာပါ။ တကယ်တမ်း ဝယ်တဲ့သူ တစ်ရာတောင် ရှိပါ့မလား။ ဒါနဲ့ ငါတို့ ရွာထိပ်က အိမ်သာမှာ စက္ကူ ကုန်နေပြီကွ၊ မင်းရဲ့ စာအုပ်တွေကို ဘယ်တော့ ပို့ပေးမှာလဲ”
"ဟုတ်ပ... ငါတို့ ကျောင်းက အိမ်သာမှာလည်း စက္ကူ မရှိတော့ဘူး"
"ဖူး... ခင်ဗျားတို့ကလည်းဗျာ၊ သူ့စာအုပ်က အိမ်သာသုံးစက္ကူပဲ လုပ်လို့ရမယ်လို့ ဆိုလိုတာလား။ ကျွန်တော်ကတော့ ဝက်ခြံထဲမှာ ခင်းဖို့ပဲ သင့်တော်မယ်လို့ ထင်တယ်ဗျ"
"ဒီလို သူတစ်ပါးကို ဂုဏ်ဖျက်ပြီး မဟုတ်မမှန် လုပ်စားတဲ့သူကိုတော့ ဖမ်းဆီး အပြစ်ပေးသင့်တယ်"
"မှန်တယ်... ဖမ်းပြီး ငါးမိနစ်လောက် သေနတ်နဲ့ ပစ်သတ်လိုက်!"
"ဒီလိုလူမျိုးက စာအုပ်ထုတ်ဝေဝံ့သေးတယ်၊ နောင်ကျရင် သူ့စာအုပ်ကို ဝယ်တဲ့သူမှန်သမျှဟာ ရန်သူကို အားပေးတာပဲ။ အမေရိကန်နိုင်ငံသား အယောင်ဆောင်ရတာ မရှက်ဘူးလား၊ တရုတ်ပြည်ကနေ ထွက်သွားပြီး မင်းရဲ့အမေရိကန် အဖေတွေဆီ သွားလိုက်တော့"
အောက်သို့ အကြာကြီး ဆွဲချ၍ ဖတ်ကြည့်သော်လည်း သူ့အား ထောက်ခံသော စကားတစ်ခွန်းမျှ မရှိပါချေ။ မူလက သူ့အား ထောက်ခံခဲ့သူများပင်လျှင် ယခုအခါ ပြောင်းလဲသွားကြပြီး သူ့အား ဝိုင်းဝန်း ဆဲဆိုနေကြပြီ ဖြစ်သည်။
အချို့ဆိုလျှင် သူသည် ခေတ်သစ် "နိုင်ငံရောင်းစားသူ" ဖြစ်သည်ဟုပင် ဆိုနေကြပြီ။
ရွှယ်ဟိုင်ဖန့်ကျိုးသည် ကိစ္စရပ်များ ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်လိုမှ မထင်မှတ်ထားခဲ့ပါချေ။ သူ၏ဂုဏ်သတင်းမှာ တစ်ဖက်သတ် ဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။
သူ ထိတ်လန့်သွားခဲ့ရသည်။ ရဲတွေကော သူ၏အိမ်တံခါးဝသို့ ရောက်လာမည်လား။
ထိုအချိန်တွင် ဖုန်းမြည်လာသဖြင့် သူ လန့်ဖျပ်သွားခဲ့ရသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်သည့်အခါ ထုတ်ဝေရေးမှ စာတည်း ဖြစ်နေသဖြင့်၊ သူ၏ စိတ်ထဲတွင် မကောင်းသော အငြိမ်းဓာတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"ဟယ်လို... အယ်ဒီတာလီ"
"ငါ ထုတ်ဝေရေးကို ကိုယ်စားပြုပြီး ခင်ဗျားကို အသိပေးချင်တာကတော့... အရင်က ခင်ဗျားရဲ့ စာအုပ်ကို ထုတ်ဝေပေးဖို့ ဆုံးဖြတ်ချက်ကို အယ်ဒီတာချုပ်က ပယ်ဖျက်လိုက်ပြီ ဆိုတာပါပဲ"
"ဘာ… မနေ့ကတင် စာတည်းချုပ်က သဘောတူတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ အစောပိုင်း ကုန်ကျစရိတ်တွေကို ကျွန်တော် ကိုယ်တိုင် စိုက်ထုတ်ပါ့မယ်လို့လည်း ပြောထားသားပဲ"
"အကြောင်းရင်းကတော့ ငါ အများကြီး ရှင်းပြနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ခင်ဗျားရဲ့ စာအုပ်ကို ဝယ်မယ့်သူ ဘယ်လောက်ပဲ များများ၊ ငါတို့ကတော့ မထုတ်ဝေဝံ့ပါဘူး။ အသိပေးပြီးပြီဆိုတော့ ငါလည်း အလုပ်ရှိသေးလို့ ဒီမှာတင် ရပ်လိုက်မယ်"
ဖုန်းကျသွားသည့်အခါ ရွှယ်ဟိုင်ဖန့်ကျိုး၏ မျက်နှာမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဟုတ်ပါသည်... အရင်တုန်းက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ လျှို့ဝှက်ချက်ဖြစ်နေခဲ့သလို သူ့အား ထောက်ခံသူလည်း ရှိနေသဖြင့်၊ သူ၏ စာအုပ်ကို ထုတ်ဝေရန် အခွင့်အရေး ရှိခဲ့သည်။
သို့သော် ယခုမူ သူ၏ စာအုပ်ကို မည်သူက ဝယ်ယူဝံ့ပါမည်နည်း။ သူ့စာအုပ်ကို ဝယ်တာဟာ ရန်သူကို အားပေးတာပဲလို့ ပြောနေကြတဲ့ ကြားထဲမှာ၊ ဘယ်သူက ဝယ်ဝံ့မှာလဲ။
ရန်သူကို အားပေးခြင်း ဟူသော စွပ်စွဲချက်မှာ မည်မျှအထိ ပြင်းထန်လှသနည်း။
ဒေါက် ဒေါက် ဒေါက်…
တံခါးခေါက်သံကို ကြားလိုက်ရသည့်အခါ ရွှယ်ဟိုင်ဖန့်ကျိုး တစ်ယောက် သူ၏ နားထင်မှ သွေးကြောများ အသည်းအသန် ခုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်မှာ - "ဘယ်သူလဲ"
"ရှောင်ဟန်... ငါပါ၊ ရပ်ကွက်ကော်မတီက ဒေါ်လေး ယန်လေ"
ဒေါ်လေးယန် ဖြစ်ကြောင်း သိလိုက်ရသည့်အခါမှ ရွှယ်ဟိုင်ဖန့်ကျိုးတစ်ယောက် စိတ်အနည်းငယ် အေးသွားကာ တံခါးကို ဖွင့်ရင်း မေးလိုက်သည်။ "ဒေါ်လေးယန်... ဘာကိစ္စ... ဟင်.. ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ဘာလုပ်ကြမလို့လဲ!"
"မလှုပ်နဲ့! ခင်ဗျားဟာ ကောလာဟလတွေ ဖြန့်ဝေပြီး ပြဿနာ ရှာခဲ့တဲ့အတွက်၊ ငါတို့နဲ့အတူ စစ်ဆေးမေးမြန်းမှုကို လိုက်ပါဖို့ ဖိတ်ခေါ်ပါတယ်။ ကျန်တဲ့သူတွေ... အထဲဝင်ပြီး သက်သေအထောက်အထားတွေ သိမ်းဆည်းကြစမ်း!"
ရွှယ်ဟိုင်ဖန့်ကျိုးသည် တံခါးကို ခေါ်ဖွင့်ပေးခဲ့သော ဒေါ်လေး ယန် ကို နာကျင်ဝမ်းနည်းစွာဖြင့် ကြည့်လိုက်သည်။ ဒေါ်လေး ယန် ကမူ သူရဲကောင်းတစ်ဦးအလား မျက်နှာပေးဖြင့် သူ့အား ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ 'ငါတို့ ရပ်ကွက်ရဲ့ ဂုဏ်သိက္ခာကို ဒီလို ဥပဒေချိုးဖောက်တဲ့ လူယုတ်မာတွေက လာပြီး ဖျက်ဆီးနေတာပဲ၊ ငါတို့ ရပ်ကွက်က စံပြရပ်ကွက်ွကွ!' ဟု သူမက စိတ်ထဲမှ ကြိမ်းမောင်းနေဟန် တူသည်။
"Boss... ဟို ဟန်တာ့ပေါင်ဆိုတဲ့လူလေ၊ အဲဒီ ရွှယ်ဟိုင်ဖန့်ကျိုးကို ရဲတွေက ဖမ်းသွားပါပြီ။ သူ ကျူးလွန်ထားတဲ့ အမှုတွေကတော့ လွတ်ဖို့ မရှိပါဘူး၊ အနည်းဆုံး သုံးနှစ်လောက်တော့ ထောင်ကျလိမ့်မယ်" ဝူကျိကန်းက အစီရင်ခံလိုက်သည်။
"အင်း” ဖုန်းယွီက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။ "ဒီကိစ္စမှာ ငါတို့ ဝင်မပါတော့ဘူး၊ သူ့ကို ဥပဒေအတိုင်းပဲ အပြစ်ပေးလိုက်ရုံပေါ့။ ဒါနဲ့... စာမူပြိုင်ပွဲ အခြေအနေကကော ဘယ်လို ရှိလဲ”
"ဒီနေ့မှာတင် အင်တာနက်ကနေ စာမူတွေ အများကြီး ထပ်ရောက်လာတယ်ဗျ။ ကျွန်တော်တို့ ခန့်မှန်းတာတော့ နောက်ထပ် ရက်အနည်းငယ် အတွင်းမှာ စာတိုက်ကနေ ပေးပို့တဲ့ စာမူအရေအတွက်ကလည်း အကြီးအကျယ် တိုးလာလိမ့်မယ်။ ဒီတစ်ခါ စာမူပြိုင်ပွဲဟာ ငါတို့နိုင်ငံရဲ့ စာမူပြိုင်ပွဲ သမိုင်းမှာ အကြီးမားဆုံး စံချိန်သစ်ကို တင်နိုင်ပါလိမ့်မယ်!" ဝူကျိကန်းက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
ဖုန်းယွီက ဝူကျိကန်းကို တစ်ချက် ဝေ့ကြည့်လိုက်ကာ - မင်းကလည်း အဲဒီလောက်ကလေးနဲ့... ဟု တွေးလိုက်မိသည်။ စံချိန်ဆိုတာ ချိုးဖျက်ဖို့ ရှိတာလေ၊ အခု မင်းတို့ အံ့သြနေတဲ့ အရေအတွက်ဆိုတာ နောက်ထပ် နှစ်အနည်းငယ် ကြာရင် ဘာမှ မဟုတ်တော့ဘူး ဆိုတာကို တွေ့ရပါလိမ့်မယ်။
"ကောင်းပြီ... ငါ သိပြီ။ ဒီဘက်ကိုတော့ မင်းပဲ သေသေချာချာ စောင့်ကြည့်ထားပါ။ နောက်ထပ် နှစ်ရက်လောက် ကြာရင် ငါ ရှန်ဟိုင်းကို တစ်ခေါက် သွားရဦးမယ်"
******