အခန်း (၁၃၆၄-၁၃၆၆)
Vol. 93 Ch. 1364-1366
အခန်း (၁၃၆၄) ခယ့်ရှင်း၏ မိဘများ
ကျိုးခယ့်ရှင်းသည် လမ်းဘေးတွင် ရပ်နေရင်း သူမ၏ လက်ကောက်ဝတ်ရှိ နာရီကို ခဏခဏ ငုံ့ကြည့်နေမိသည်။ ထို့နောက် လမ်း၏ တစ်ဖက်တစ်ချက်စီသို့လည်း မျှော်လင့်တကြီး ဝေ့ဝဲကြည့်ရှုနေခဲ့သည်။ 'ဘာလို့ အခုထိ ရောက်မလာသေးတာလဲ' ဟု သူမ စိတ်ထဲမှ စိုးရိမ်တကြီး ရေရွတ်နေမိသည်။
မကြာမီမှာပင် မော်ဒယ်ဟောင်း ဖြစ်သော Songjiang Guoa ကားတစ်စီးသည် သူမအနားသို့ တရွေ့ရွေ့ မောင်းနှင်လာပြီး ရပ်တန့်သွားခဲ့သည်။ ကားမှန်တံခါး ပွင့်သွားသည့်အခါ နေကာမျက်မှန် တပ်ဆင်ထားသော ခေါင်းတစ်လုံး ပြူထွက်လာခဲ့သည်။
"ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ" ကျိုးခယ့်ရှင်းက မကျေမနပ် လေသံလေးဖြင့် ဆိုလိုက်သည်။
"မင်းနေတဲ့ ရပ်ကွက်က မြို့ပြင်ဘက် အရမ်းရောက်တာကိုး၊ လမ်းမှာလည်း ကားတွေက ပိတ်နေတာနဲ့။ ဒါနဲ့... ငါ ဝယ်ပေးထားတဲ့ အိမ်ကိုပဲ ပြောင်းနေပါလား၊ မင်း ရုံးတက်ရတာလည်း ပိုပြီး အဆင်ပြေတာပေါ့"
"ကျွန်မက ရှင့်ရဲ့ အငယ်အဖြစ် နေပေးမယ်လို့ သဘောတူခဲ့တာပဲ ရှိတာနော်၊ ရှင့်ရဲ့ မွေးစားထားတဲ့ ကြက်တူရွေးအဖြစ် ခံယူမှာ မဟုတ်ဘူး။ ကဲပါ... မြန်မြန် မောင်းဝင်စမ်းပါ၊ ကျွန်မ မိဘတွေ စောင့်နေကြပြီ" ပြောရင်း ကျိုးခယ့်ရှင်းသည် ရှေ့ခန်းတံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်တော့သည်။
ယခုတစ်ကြိမ် ဖုန်းယွီတစ်ယောက် ရှန်ဟိုင်းသို့ အလောတကြီး ရောက်လာရခြင်းမှာ ကျိုးခယ့်ရှင်း၏ မိဘများက သူမအား အိမ်ထောင်ဖက် မိတ်ဆက်ပေးရန် ပြင်ဆင်နေကြသည်ဟု ကြားသိရသောကြောင့် ဖြစ်သည်။ ဖုန်းယွီသည် ထိုသတင်းကို ကြားလျှင်ကြားချင်း ထိတ်လန့်သွားခဲ့ရသည်။ ကျိုးခယ့်ရှင်းသာ သူတို့စကားကို နားယောင်ပြီး သဘောတူလိုက်မည်ကို သူ အလွန်ပင် စိုးရိမ်နေခဲ့ခြင်းပင်။
ကံကောင်းသည်မှာ ကျိုးခယ့်ရှင်းက သူမတွင် ရှန်ဟိုင်း၌ ချစ်သူရှိနေပြီဖြစ်ကြောင်း၊ သို့သော် သူ၏ အလုပ်မှာ အနည်းငယ် ထူးခြားပြီး ခရီးတွေ အမြဲထွက်နေရသဖြင့် အိမ်ကို အသိမပေးရသေးခြင်း ဖြစ်ကြောင်း သူမ၏မိဘများကို ပြောဆိုထားခဲ့သည်။ ၎င်းကို ကြားသည့်အခါ သူမ၏မိဘများသည် ရှန်ဟိုင်းသို့ ချက်ချင်း ရောက်လာကြပြီး၊ သူမ၏ ချစ်သူကို မဖြစ်မနေ တွေ့ရမည်ဟု ဇွတ်အတင်း ပြောဆိုလာကြသဖြင့်၊ ကျိုးခယ့်ရှင်း က ဖုန်းယွီထံသို့ ဖုန်းဆက်ကာ အကူအညီ တောင်းခဲ့ရခြင်း ဖြစ်သည်။
"ငါ့ရဲ့ပုံစံက အဆင်ပြေရဲ့လား။ စိတ်ချပါ... ခဏနေရင်တော့ နေကာမျက်မှန်ကို သေချာပေါက် ချွတ်ထားပါ့မယ်"
ဖုန်းယွီသည် အရင်ဘဝတုန်းက ခယ့်ရှင်း၏ မိဘများနှင့် ပထမဆုံး ဆုံတွေ့စဉ်က နေကာမျက်မှန် တပ်ထားမိသဖြင့် အထင်အမြင် လွဲမှားခြင်း ခံခဲ့ရသည်ကို မှတ်မိနေဆဲ ဖြစ်သည်။ ခယ့်ရှင်း၏ မိဘများ အမြင်တွင် နေကာမျက်မှန် တပ်ထားသူမှန်သမျှမှာ လေလွင့်လူငယ်များသာ ဖြစ်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ ဖုန်းယွီသည် သင်ခန်းစာကို ကောင်းစွာ ရယူထားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဖုန်းယွီသည် ခယ့်ရှင်း၏ မိဘများ မည်သည့်အရာကို နှစ်သက်ပြီး မည်သည့်အရာကို မုန်းတီးသည်ကိုလည်း ကောင်းစွာ သိရှိထားသည်။ ယခုဘဝတွင် အပြောင်းအလဲအချို့ ရှိနိုင်စေကာမူ၊ အခြေခံ အကြိုက်နှင့် လူနေမှုပုံစံများမှာမူ များစွာ ကွဲပြားလိမ့်မည် မဟုတ်ဟု သူ ယူဆထားသည်။
ကားကို ရပ်နားပြီးနောက်၊ ဖုန်းယွီသည် နောက်ခန်းမှ သစ်သီးအိတ် နှစ်အိတ်နှင့် အရက်နှစ်ပုဒ်ကို ဆွဲယူကာ ထွက်လာခဲ့သည်။
"ဟင်... ခင်ဗျားက ကျွန်မ အမေ ဒူးရင်းသီး ကြိုက်တာကို ဘယ်လိုလုပ် သိတာလဲ”
ဖုန်းယွီက ကျိုးခယ့်ရှင်းကို ကြည့်ကာ ဆိုလိုက်သည်။ "မင်း မေ့သွားပြီလား၊ ငါက မင်းရဲ့ အရင်ဘဝက အမျိုးသားလေ။ ဒါတွေကို ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ပြီးတော့... အန်တီရဲ့မှတ်ပုံတင်ပေါ်က မွေးနေ့က မှားနေတာလေ၊ သူက တကယ်တော့ Lunar calendar တတိယလ၊ ကိုးရက်နေ့မှ မွေးတာ"
ကျိုးခယ့်ရှင်း တစ်ယောက် လျှာလေးထုတ်ကာ အံ့သြသွားတော့သည်။ "ကောင်းပြီလေ... ဒါဆိုရင်တော့ သတိထားရမယ့် အချက်တွေကို ကျွန်မ ထပ်ပြောနေစရာ မလိုတော့ဘူးပေါ့။ မှတ်ထားနော်... ရှင့်ရဲ့ လက်ရှိ အဆင့်အတန်းကို"
ကျိုးခယ့်ရှင်းသည် ဖုန်းယွီအား အထူးဌာန တစ်ခုတွင် အလုပ်လုပ်နေသူတစ်ဦးအဖြစ် ဟန်ဆောင်ခိုင်းထားသည်။ မည်သည့် အထူးဌာနလဲ ဆိုသည်ကိုမူ ထုတ်ဖော်ပြော၍ မရပါချေ၊ လျှို့ဝှက်ထားရမည် ဖြစ်သည်။ လျှို့ဝှက်မထားပါက အဘယ်မှာလျှင် "အထူး" ဖြစ်ပါတော့မည်နည်း။
ဖုန်းယွီစဉ်းစားကြည့်ရာ ဤသို့ ဟန်ဆောင်ခြင်းကလည်း မဆိုးလှပါချေ။ ပြဿနာ အမြောက်အမြားကို ရှောင်ရှားနိုင်မည် မဟုတ်ပါလား။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ခယ့်ရှင်းသည် သူ့အပေါ် အမှန်တကယ်ပင် သစ္စာရှိစွာဖြင့် အငယ်အဖြစ် ခံယူရန် ဆုံးဖြတ်ထားကြောင်း သူ မြင်နိုင်ခဲ့သည်။
ကျိုးခယ့်ရှင်း တံခါးကို ခေါက်လိုက်သည့် အခါတွင်မူ၊ ဖုန်းယွီသည် သူ၏မှတ်ဉာဏ်ထဲမှ ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူ မှတ်မိထားသည်ထက် အနည်းငယ် ပို၍ နုပျိုနေကြသည်။
"ဦးလေးနဲ့အန်တီ မင်္ဂလာပါဗျာ။ ကျွန်တော့်နာမည် ဖုန်းယွီပါ၊ ခယ့်ရှင်းရဲ့ ချစ်သူပါ။ လူကြီးမင်းတို့ ရောက်နေမှန်း ကြိုမသိခဲ့လို့ပါ၊ ကျွန်တော်က အပြင်မှာ အလုပ်ကိစ္စနဲ့ ရောက်နေတာမို့၊ အခုမှ အထက်လူကြီးဆီ ခွင့်တောင်းပြီး အပြေးအလွှား ပြန်လာခဲ့ရတာ။ အချိန်ကြန့်ကြာသွားတဲ့အတွက် ခွင့်လွှတ်ပါ"
လိမ်လည်မှုတစ်ခုကို ဖုံးကွယ်ရန်အတွက် အခြားသော လိမ်လည်မှု အမြောက်အမြားဖြင့် အစားထိုးရသည်မှာ သဘာဝပင်။ ကံကောင်းသည်မှာ ဖုန်းယွီသည်လည်း လိမ်လည်ရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခြင်းပင်။
"ဪ... ရောက်လာပြီလား၊ လာလေ... အထဲဝင် ထိုင်ကြ။ အို... ဒူးရင်းသီးတွေတောင် ဝယ်လာတာလား၊ အန်တီ ဒါကို ကြိုက်မှန်း ဘယ်လိုလုပ် သိတာလဲ”
ဦးလေးကျိုးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဆိုလိုက်သည်။ "ဒီလို နံစော်နေတဲ့ အရာကို မင်းပဲ ကြိုက်တာလေ!" ဤသည်မှာ မေးနေစရာပင် မလိုပါချေ၊ သူ၏ သမီးဖြစ်သူက ပြောပြထားခြင်း ဖြစ်မည်ဟု သူက ယူဆထားခြင်း ဖြစ်သည်။
"ရှင်က ဘာသိလို့လဲ၊ တီဗွီထဲမှာတောင် ပြောထားတယ်လေ... ဒီသစ်သီးက အာဟာရ အရှိဆုံးပဲတဲ့" ခယ့်ရှင်း၏အမေက သူမ၏ ခင်ပွန်းအား ပြန်လည် ချေပလိုက်သည်။
"တခြားလူတွေ စားတဲ့ သစ်သီးက မွှေးကြိုင်နေတာလေ၊ မင်းကြိုက်တဲ့ဟာကတော့ တို့ဖူးနံ ကျနေတာပဲ"
"ဦးလေး... ကျွန်တော် ဦးလေးအတွက် အရက်နှစ်ပုဒ် ဝယ်လာပါတယ်၊ ဒါက ကျွန်တော့် ရုံးက အထက်လူကြီး ပေးထားတာပါ။ ကျွန်တော်က အရက်မသောက်တော့၊ ဦးလေး ကြိုက်မယ် ထင်လို့ ယူလာခဲ့တာပါ"
"အို... မောက်ထိုင်ပါလား။ ဒါ တကယ့်ကို ကောင်းတာ၊ ငါ သဘောကျတယ်" ဦးလေးကျိုး၏ မျက်နှာတွင် ချက်ချင်းပင် အပြုံးပန်းများ ဝေဆာသွားတော့သည်။
"ရှောင်ဖုန်း... ထိုင်ပါဦး။ လာ... ရေလေး ဘာလေး သောက်ဦး။ ဒါနဲ့... မင်းက ဘာအလုပ် လုပ်တာလဲ” ခယ့်ရှင်း၏အမေက ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။
"အမေရယ်... သမီး ပြောထားသားပဲ၊ ဒါတွေကို မမေးရဘူး၊ ပြောလို့လည်း မရဘူးလို့။ စည်းကမ်း ရှိတယ်လေ!" ကျိုးခယ့်ရှင်းက အလျင်အမြန် ကြားဖြတ် ပြောဆိုလိုက်သည်။
"ငါက ရှောင်ဖုန်း နဲ့ စကားပြောနေတာလေ၊ နင်က ဘာလို့ ကြားဖြတ်နေတာလဲ! ရှောင်ဖုန်း ရေ... ပြောလို့ မရရင်လည်း မပြောပါနဲ့၊ အန်တီက သာမန်ပဲ မေးကြည့်တာပါ။ ကြည့်လေ... ပြန်သွားလို့ အိမ်နီးနားချင်းတွေက မေးရင်လည်း 'လျှို့ဝှက်ချက်' လို့ပဲ ပြောနေလို့ မဖြစ်ဘူး မဟုတ်လား"
ဖုန်းယွီကတော့ စိတ်ထဲမှ ရေရွတ်နေမိသည် - 'ဒါတောင် မပြောလည်း ရတယ်လို့ ဆိုနေသေးတယ်။ တကယ်လို့သာ ကျွန်တော် ဘာမှ မပြောဘဲ နေခဲ့ရင် အန်တီ့မျက်နှာ ဘယ်လို ဖြစ်သွားမလဲတောင် မသိဘူး' ဟူ၍ပင်။
"အန်တီ... ကျွန်တော့်ကို 'အမျိုးသား လုံခြုံရေး' လိုမျိုးပဲ သဘောထားလိုက်ပါ၊ ကျွန်တော်တို့ အလုပ်သဘောသဘာဝက ဆင်တူပါတယ်။ ဒါပေမဲ့ ကျွန်တော့် အလုပ်က သူတို့လောက်တော့ အန္တရာယ် မရှိပါဘူး။ ကျွန်တော်တို့ အဓိက ကိုင်တွယ်တာက 'စီးပွားရေးရာ ရာဇဝတ်မှု'တွေကိုပါ" ဖုန်းယွီက အခြေအနေ ကြည့်၍ လိမ်ညာလိုက်တော့သည်။
"စီးပွားရေး ရာဇဝတ်မှုတွေကို နှိမ်နင်းတာတောင် လျှို့ဝှက်ထားရတာလား” ခယ့်ရှင်း၏အမေက အနည်းငယ် သံသယ ဖြစ်သွားသည်။
"အဂတိလိုက်စားတဲ့ အရာရှိတွေကို ဖမ်းဖို့ဆိုတာ တိတ်တဆိတ် စုံစမ်းရတာပေါ့ဗျာ။ ပေါ်တင်ကြီး လုပ်နေရင် သူတို့က ဖုံးကွယ်ထားကြမှာပေါ့! ကိစ္စမရှိပါဘူး... နောင်ကျရင် အိမ်နီးချင်းတွေကိုတော့ သူက သာမန် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တာ၊ အင်း... စာရင်းကိုင် လုပ်တာလို့ပဲ ပြောလိုက်မယ်" ဦးလေးကျိုးက ပြတ်သားစွာ ဆုံးဖြတ်ပေးလိုက်သည်။
လိမ်လည်သည့် အခါတွင် အရိုးရှင်းဆုံး နည်းလမ်းမှာ တစ်ဝက်ကိုသာ ပြောပြပြီး ကျန်ရှိသော အစိတ်အပိုင်းကို တစ်ဖက်လူအား မိမိဘာသာ တွေးတောခိုင်းခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် လိုအပ်ချက် အားလုံးကို တစ်ဖက်လူက သူ၏ စိတ်ကူးဖြင့် ဖြည့်စွက်သွားမည်ဖြစ်ရာ၊ မိမိ၏ လိမ်လည်မှု ပေါ်သွားနိုင်ခြေကို လျှော့ချပေးနိုင်သည်။
သို့သော်လည်း ဖုန်းယွီမထင်မှတ်ထားခဲ့သည်မှာ - ခယ့်ရှင်း၏ဖခင်မှာ ဤမျှအထိ စိတ်ကူးယဉ် အားကောင်းလိမ့်မည် ဟူ၍ပင်။
"ရှောင်ဖုန်း... ဒါဆို မင်းရဲ့ဝင်ငွေကော ဘယ်လိုလဲ။ လောက်လောက်ငင ရှိရဲ့လား" ခယ့်ရှင်း၏အမေက ထပ်မံ မေးမြန်းပြန်သည်။
"အဆင်ပြေပါတယ်ဗျာ၊ ဝင်ငွေက တည်ငြိမ်သလို ဆုကြေးငွေတွေလည်း ရပါတယ်။ ပြီးတော့ ရုံးကနေ အိမ်လည်း ခွဲပေးထားသလို၊ အလုပ်ကိစ္စ သွားလာဖို့အတွက် ကားတစ်စီးလည်း စီစဉ်ပေးထားပါတယ်"
"အို... မင်းတို့ ရုံးက တကယ့်ကို ကောင်းတာပဲ၊ အခုခေတ်အထိ အိမ်တွေ ခွဲပေးနေတုန်းလား။ ဘယ်နားမှာလဲ၊ အိမ်ကော ကျယ်ရဲ့လား” ခယ့်ရှင်း၏အမေ မျက်လုံးများ တောက်ပသွားခဲ့သည်။
"ရှန်ဟိုင်းမှာတင်ပါပဲ။ မူလကတော့ အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်း တစ်ခန်း ပုံစံပါ။ နောက်ပိုင်းမှာ ကျွန်တော် ငွေနည်းနည်း ထပ်စိုက်ပြီးတော့ အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း နှစ်ခန်းပုံစံနဲ့ လဲလိုက်တာပါ"
ခယ့်ရှင်း၏မိခင်သည် သူမ၏ခင်ပွန်းအား လှမ်းကြည့်လိုက်သည်။ ဤအခြေအနေမှာ အလွန်ပင် ကောင်းမွန်လှပေသည်။ ရှန်ဟိုင်းကဲ့သို့သော နေရာမျိုးတွင် အိပ်ခန်း သုံးခန်းပါသော အိမ်ကြီးတစ်လုံး ရှိနေခြင်း၊ ရုံးက ကားပေးထားခြင်းနှင့် တည်ငြိမ်သော ဝင်ငွေ ရှိခြင်းတို့မှာ နည်းပါးသော အရည်အချင်း မဟုတ်ပါချေ။ သူ၏သမီးမှာ အမှန်တကယ်ပင် ရွှေသမက် တစ်ဦးကို ရှာတွေ့ခဲ့ခြင်းပင် ဖြစ်သည်။
အစတုန်းက သမီးဖြစ်သူကို ရှန်ဟိုင်းမှာ ကျောင်းထားပေးခဲ့ခြင်းမှာ အမှန်တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ ထိုသို့သာ မဟုတ်ပါက သမီးဖြစ်သူမှာ ယခုကဲ့သို့ အောင်မြင်လာမည် မဟုတ်သလို၊ ဤမျှ ကောင်းမွန်သော ချစ်သူကိုလည်း ရှာတွေ့နိုင်မည် မဟုတ်ပါချေ။
"ယောက္ခမက သမက်ကို ကြည့်လေ၊ ပိုပြီး စိတ်ကျေနပ်လေ" ဆိုသည့် စကားအတိုင်းပင်။ ယခုအခါ ခယ့်ရှင်း၏အမေသည် ဖုန်းယွီအား သူမ၏ အနာဂတ် သမက်အဖြစ် အပြည့်အဝ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ဤမျှ ကောင်းမွန်သော ဂုဏ်သတင်းမှာ သူမ သမီးအား မိတ်ဆက်ပေးရန် ပြင်ဆင်ထားသော လူငယ်ထက် အဆပေါင်းများစွာ သာလွန်လှပေသည်။
"ရှောင်ဖုန်း... မင်းရဲ့မိဘတွေကော ဘာလုပ်ကြလဲ၊ အိမ်မှာ လူဘယ်နှစ်ယောက် ရှိလဲ”
"ကျွန်တော့် မိဘတွေရဲ့အလုပ်ကလည်း လျှို့ဝှက်ချက်ပါပဲ၊ ပြောလို့ မရပါဘူးဗျာ။ ကျွန်တော့် အထက်မှာတော့ အစ်မတစ်ယောက် ရှိပါတယ်၊ သူကတော့ သူနာပြုပါ"
ခယ့်ရှင်း၏အမေက သူမ၏ ခင်ပွန်းအား မျက်ရိပ်ပြလိုက်သည်။ 'တွေ့လား... ဒီ ရှောင်ဖုန်းရဲ့ မိသားစုနောက်ခံက သေချာပေါက် မသေးဘူး၊ ဒီလို အလုပ်မျိုးက မိသားစုအလိုက် ဆက်ခံလို့ ရတာမျိုးလေ၊ အခြေအနေကလည်း အရမ်းကောင်းတယ်။ နောင်ကျရင် ငါတို့ မြေးလေးရဲ့ အလုပ်အတွက်တောင် ပူစရာ မလိုတော့ဘူး' ဟူသော အဓိပ္ပာယ်ပင်။
"ရှောင်ဖုန်း... ဆေးလိပ်သောက်တတ်လား" ဦးလေးကျိုးက ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ ဖုန်းယွီအား ကမ်းပေးလိုက်သည်။
"ဦးလေး... ကျွန်တော် မသောက်တတ်ပါဘူး။ ကျွန်တော်တို့ အလုပ်က ဆေးလိပ်နဲ့ အရက်ကို အတတ်နိုင်ဆုံး ရှောင်ခိုင်းထားလို့ပါ"
"ဪ... ဒီလိုလား။ ဆေးလိပ်မသောက်တာ ကောင်းပါတယ်။ ကျိုးဦးလေးကတော့ ဆေးလိပ်အရမ်းသောက်တာ၊ ညဘက်ဆိုရင် ခဏခဏ ချောင်းဆိုးနေတာလေ" ခယ့်ရှင်း၏အမေက ပြုံးရွှင်စွာ ဆိုလိုက်သည်။
"မင်းကလည်း... ဘာလို့ ငါ့ကိုပဲ လာပြောနေတာလဲ။ ငါက အလုပ်တွေ များလွန်းလို့လေ၊ အခု ငါက ဌာနမှူး ဖြစ်နေပြီနော်"
"ဒု-ဌာနမှူးပါ၊ ပြီးတော့ ထောက်ပံ့ရေးကို ကိုင်ရတာလေ၊ ဘာအာဏာ ရှိမှာမို့လို့လဲ။ ရာထူးလေး နည်းနည်း ရတာနဲ့တင် ကြွားလုံးတွေ ထုတ်နေလိုက်တာ၊ ရှင်က ရှောင်ဖုန်းနဲ့ ယှဉ်လို့ ရမှာမို့လို့လား"
ကျိုးခယ့်ရှင်း သည် ဖုန်းယွီကို လှမ်းကြည့်လိုက်ရာ၊ သူမ၏ မျက်ဝန်းများတွင် အပြုံးရိပ်များ ပါဝင်နေခဲ့သည်။ မူလက အလုပ်ထုတ်ခံရလုနီးပါး ဖြစ်နေသော သူမ ဖခင်၊ သူ အလုပ်လုပ်သော စက်ရုံမှာ အဘယ်ကြောင့် ရုတ်တရက် ပြန်လည်အသက်ဝင်လာခဲ့သနည်း၊ ထို့အပြင် သူမ၏ဖခင်မှာလည်း အဘယ်ကြောင့် ရုတ်တရက် ဒု-ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသနည်း။ ဤကိစ္စအရပ်ရပ်၏ နောက်ကွယ်တွင် ဖုန်းယွီနှင့် မပတ်သက်ဘူးဆိုလျှင် သူမ လုံးဝ ယုံကြည်မည် မဟုတ်ပါချေ။
"အမေ... ကျွန်မတို့ သွားပြီး ထမင်းချက်ကြရအောင်လေ။ အဖေ့ကိုတော့ သူနဲ့အတူ စစ်တုရင် ကစားခိုင်းထားလိုက်မယ်"
******
အခန်း (၁၃၆၅) သမီးရေ... သူပဲ ဖြစ်ရမယ်
"ရှောင်ဖုန်း... လာပါဦး၊ ဦးလေးနဲ့အတူ စစ်တုရင် တစ်ပွဲလောက် ကစားရအောင်” ဦးလေးကျိုးက ပြောပြောဆိုဆိုဖြင့် လက်ဖက်ရည်ဝိုင်းအောက်မှ စစ်တုရင်ဗူး အသစ်စက်စက် တစ်ဗူးကို ထုတ်ယူလိုက်သည်။
ဖုန်းယွီစိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိသည်။ သူ၏စစ်တုရင် အဆင့်အတန်းမှာလည်း အလွန်ကြီး မမြင့်မားလှသော်လည်း ခယ့်ရှင်း၏ ဖခင်မှာမူ တကယ့်ကို အပျော်တမ်းအဆင့်သာ ဖြစ်ကြောင်း သူ သိထားသည်။ အင်း... ခဏနေရင်တော့ သူ့ကို အလျှော့ပေးပြီး ကစားမှ ဖြစ်မည်၊ မဟုတ်လျှင် စိတ်တိုပြီး ဆေးလိပ်တွေကို အလုအယက် ထိုင်သောက်နေဦးမည် မဟုတ်ပါလား။
"ရှောင်ဖုန်း... ခယ့်ရှင်းရဲ့တင်ပါးပေါ်မှာ မွေးရာပါအမှတ်တစ်ခု ရှိတာကို မင်း သိလား" ဦးလေးကျိုးက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
ဖုန်းယွီခေတ္တမျှ ကြောင်အမ်းသွားခဲ့ရသည်။ ခယ့်ရှင်း တင်ပါးမှာ မွေးရာပါအမှတ်ရှိလို့လား။ ငါ ဘာလို့ မသိပါလိမ့်။ ဒါမှမဟုတ် ဒီဘဝမှာ အပြောင်းအလဲတွေ ဖြစ်ကုန်တာလား။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး၊ ကျန်တဲ့ အချက်တွေက အရင်အတိုင်းပဲလေ။ သို့သော်လည်း ဖုန်းယွီချက်ချင်းပင် ရိပ်မိသွားခဲ့သည်။ ခယ့်ရှင်း၏ဖခင်သည် သူနှင့် ခယ့်ရှင်းတို့ မည်မျှအထိ နီးစပ်သွားပြီလဲဆိုသည်ကို ပရိယာယ်သုံး၍ စမ်းသပ်နေခြင်းပင် ဖြစ်သည်။
"ဗျာ... ကျွန်တော် မသိပါဘူးဗျ”
"ဟားဟားဟား... ငယ်ငယ်တုန်းကတော့ ရှိတယ်၊ ကြီးလာတော့ ပျောက်သွားတာ ဖြစ်မှာပါ” ဦးလေးကျိုး က ရယ်မောလျက် ဆိုလိုက်သည်။
ဖုန်းယွီစိတ်ထဲမှ 'တော်သေးတာပေါ့၊ ဒါက တကယ့်ကို ထောင်ချောက် (Trap) ပဲ' ဟု ရေရွတ်လိုက်မိသည်။
"ဪ... ဒါနဲ့၊ သူက အိပ်ရင် စောင်ကန်တတ်တဲ့ အကျင့် ရှိတယ်၊ မင်း သူ့ကို စောင်ပြန်ခြုံပေးရတာ တော်တော် ဒုက္ခရောက်မှာပဲနော်"
"ဦးလေး... ကျွန်တော်တို့ အတူတူ နေတာ မဟုတ်ပါဘူးဗျာ" ဖုန်းယွီမနေနိုင်တော့ဘဲ ထုတ်ပြောလိုက်ရသည်။ ဒီအဘိုးကြီးကတော့ တစ်ခါပြီးတစ်ခါ စမ်းသပ်မှုတွေ လုပ်နေတော့သည် မဟုတ်ပါလား။
"ငါက နောင်အနာဂတ်အတွက် ပြောတာပါ။ ကဲ... စစ်တုရင် မြန်မြန်ရွှေ့စမ်း၊ မင်းအလှည့် ရောက်ပြီ"
ဤအကြောင်းအရာမှာ အဆုံးသတ်လိမ့်မည် မဟုတ်ကြောင်း ရိပ်မိသဖြင့် ဖုန်းယွီသည် စကားလမ်းကြောင်းကို အခြားတစ်ဖက်သို့ လွှဲပြောင်းရန် ဆုံးဖြတ်လိုက်သည်။
"ဦးလေး... ခယ့်ရှင်း ပြောပြတာတော့ ဦးလေးက ဌာနမှာ ခေါင်းဆောင်လုပ်တာ၊ လူတွေရဲ့ လေးစားမှုကို ရရုံတင်မကဘူး၊ လူတိုင်းကလည်း ဦးလေးကို အလွန် ချစ်ကြတယ်ဆို”
"အာ... ဟားဟားဟား၊ ငါကလည်း အရင်တုန်းက အလုပ်သမား ဘဝက လာတာဆိုတော့ လူတိုင်းနဲ့ အဆင်ပြေပြေ ပေါင်းတတ်တာပါ။ လေးစားတယ် ဆိုတာကတော့ ငါက အလုပ်အပေါ်မှာ အလေးအနက်ထားတယ်၊ အလုပ်ကို တန်ဖိုးထားတယ်၊ ပြီးတော့ အသက်အရွယ်ကလည်း နည်းနည်း ကြီးနေပြီဆိုတော့ လူတွေက ငဲ့ညှာကြတာပါ"
နှုတ်မှ နှိမ့်ချသော စကားများကို ဆိုနေစေကာမူ၊ သူ၏ မျက်နှာအမူအရာမှာမူ ထိုစကားများကို လုံးဝဆန့်ကျင်နေခဲ့သည်။ ဖုန်းယွီ၏ ဤမြှောက်ပင့်စကားကြောင့် သူသည် အလွန်ပင် ဇိမ်ကျသွားခဲ့ရသည်။
ထင်ရှားသည်မှာ ဦးလေးကျိုးသည် မိမိကိုယ်ကိုယ် ချီးမွမ်းရသည်ကို အလွန် နှစ်သက်သောသူတစ်ဦး ဖြစ်သည်။ ဤကဲ့သို့သော သူများသည် ပုံမှန်အားဖြင့် ကြွားလုံးထုတ်ရသည်ကိုလည်း ဝါသနာပါတတ်ကြသည်။
ဖုန်းယွီသည် မြှောက်ပင့်ပြောဆိုရာတွင် မကျွမ်းကျင်စေကာမူ၊ သူကိုယ်တိုင်မှာမူ အမြဲတမ်း မြှောက်ပင့်ခြင်းကို ခံနေရသူ ဖြစ်သည်။ အထူးသဖြင့် ခါမီဒါ မာဆာအို ကဲ့သို့သော နည်းလမ်းမျိုးစုံဖြင့် မြှောက်ပင့်တတ်သည့် ပညာရှင်ဆီမှ ဆယ်ပုံ တစ်ပုံခန့်ကို သူ သင်ယူထားခဲ့ရာ၊ ယခုအခါ ခယ့်ရှင်း၏ဖခင်အား ကိုင်တွယ်ရန်မှာမူ လုံလောက်လှပေသည်။
ထို့နောက်တွင်မူ ဖုန်းယွီသည် စကားဝိုင်း၏ အရှိန်အဝါကို အလုံးစုံ ထိန်းချုပ်လိုက်ကာ၊ ဦးလေးကျိုး ဂုဏ်ယူဝင့်ကြွနိုင်မည့် အချက်များကိုသာ ရွေးချယ်မေးမြန်းခဲ့သဖြင့် ဦးလေးကျိုး တစ်ယောက် တကယ့်ကို စိတ်ကျေနပ်မှု အပြည့် ရရှိနေခဲ့သည်။
အကယ်၍သာ ဖုန်းယွ သည် သူ၏ သမီးဖြစ်သူ၏ ချစ်သူ မဟုတ်ခဲ့ပါက၊ သူသည် ဖုန်းယွီနှင့် သွေးသောက်ညီအစ်ကို တော်စပ်ရန်တောင် စဉ်းစားမိပေလိမ့်မည်။ ဤမျှအထိ စကားပြော၍ ကောင်းသောသူမှာ တွေ့ရခဲလှသည် မဟုတ်ပါလား။
မီးဖိုချောင်ထဲတွင်မူ ခယ့်ရှင်း၏မိခင်သည် ဟင်းသီးဟင်းရွက်များကို ဆေးကြောရင်း မေးမြန်းနေခဲ့သည်။ "ခယ့်ရှင်း.. သူ့မိဘတွေက အရာရှိကြီးတွေလား”
"မဟုတ်ပါဘူး အမေရယ်... အမေက ဒါတွေကို ဘာလို့ မေးနေတာလဲ”
"ကလေးကလည်း... အမေက သိထားချင်လို့ပေါ့။ ဒါဆိုရင် သူ့မိသားစုက အရမ်း ချမ်းသာတာလား။ ရှန်ဟိုင်းမှာ အိပ်ခန်း နှစ်ခန်းပါတဲ့ အိမ်ကို၊ ငွေထပ်စိုက်ပြီး သုံးခန်းပါတဲ့ အိမ်နဲ့ လဲဖို့ဆိုတာ ငွေတွေ အများကြီး လိုမှာလေ"
"အဲဒီငွေတွေက သူ ကိုယ်တိုင် ရှာထားတာပါ"
ခယ့်ရှင်း၏အမေသည် ထိုစကားကို ကြားရသည့်အခါ ပို၍ပင် စိတ်ကျေနပ်သွားခဲ့သည်။ ကိုယ်တိုင် ရှာထားသည် ဆိုခြင်းမှာ ဤ ရှောင်ဖုန်းသည် အလုပ်လုပ်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးစေကာမူ၊ အိမ်တစ်ဝက်စာဖိုးကို ရှာဖွေနိုင်ခဲ့ခြင်း မဟုတ်ပါလား။
နေဦး... ခဏ... သူက စီးပွားရေး ရာဇဝတ်မှုတွေကို စုံစမ်းရတဲ့သူဆိုတော့၊ ကြားထဲကနေ လာဘ်ပေးလာဘ်ယူတွေ လုပ်ထားတာ မဟုတ်ဘူးလား။ အို... ဒီလူငယ်လေးက အသက်မှ သိပ်မရှိသေးတာ၊ ကိုယ့်ဘဝကိုယ် အလဟဿ အဖြစ်မခံသင့်ဘူး။ အရေးကြီးတာက သမီးဖြစ်သူရဲ့ ဘဝကိုပါ ထိခိုက်မသွားစေဖို့ပဲ။
"ခယ့်ရှင်း... အမေ့ကို အမှန်အတိုင်း ပြောစမ်းပါ။ သူ့ငွေတွေက တရားမဝင်တဲ့ နေရာက ရတာလား။ သူ သူများဆီက ငွေတွေ ယူထားတာလား။ အမေ့စကားကို နားထောင်စမ်းပါ... ဒီလို လူမျိုးကိုတော့ မညားသင့်ဘူးနော်။ နင့်ရဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း လီကျွမ်းကို ကြည့်လေ၊ အရာရှိ တစ်ယောက်နဲ့ ညားခဲ့တာကို အခုတော့ အဲဒီလူက အဖမ်းခံလိုက်ရပြီ။ သမီးလေးခမျာ လင်ရှိမယား မဟုတ်တဲ့ ဘဝနဲ့ နေနေရရုံတင်မကဘူး၊ လူတွေရဲ့ ကဲ့ရဲ့တာကိုလည်း အမြဲ ခံနေရတာ"
"အမေရယ်... ဘယ်ကိစ္စတွေကို လာပြီး ဆက်စပ်နေတာလဲ။ သူ့ရဲ့ငွေတွေက တရားဝင် ရတဲ့ ဝင်ငွေတွေပါ၊ ဒါကတော့ သေချာပါတယ်" ကျိုးခယ့်ရှင်းက စိတ်ထဲမှ ရေရွတ်လိုက်သည်မှာ 'ဖုန်းယွီက သူများဆီက ငွေယူနေစရာ လိုလို့လား၊ သူ့မှာရှိတဲ့ ငွေတွေကတောင် သုံးလို့မကုန်နိုင်တာကို။ အမေတို့သာ သူ့ရဲ့ တကယ့် အဆင့်အတန်းကို သိရင်တော့ လန့်သေသွားကြလိမ့်မယ်' ဟူ၍ပင်။
"ဒါဆို အမေ့ကို ပြောပါဦး... နင်တို့နှစ်ယောက် အခြေအနေက ဘယ်အဆင့်အထိ ရောက်နေပြီလဲ။ သူ နင့်ကို အနိုင်ကျင့်တာမျိုးကော ရှိလား"
"အမေရယ်... ဟင်းတွေ တူးတော့မယ်" ကျိုးခယ့်ရှင်း တစ်ယောက် အလွန်ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ထမင်းဟင်းများ အဆင်သင့် ဖြစ်သွားခဲ့သည်။
"ဦးလေး... ကျွန်တော် တကယ်ပဲ အရက် မသောက်တော့ပါဘူး၊ ကျွန်တော် ကားမောင်းလာလို့ပါ"
ဒီလောက် ကောင်းမွန်တဲ့ မောက်ထိုင်ကို ဒီလူငယ်လေးက မသောက်ဘူး ဟုတ်လား။ ကောင်းပြီလေ... ငါပဲ သောက်တော့မယ်။
သို့သော်လည်း ဦးလေးကျိုးသာ သိရှိမည်ဆိုပါက - သူ သောက်နေသော ဤ မောက်ထိုင်မှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိပြီး၊ တန်ဖိုးမှာ အလွန်ပင် မြင့်မားလှသည်ကို သိလျှင်မူ သူကိုယ်တိုင် သောက်ဝံ့လိမ့်မည် မဟုတ်ပါချေ။
"ရှောင်ဖုန်း... မင်းရဲ့နာမည်ကို ပထမဆုံး ကြားတုန်းက ငါတို့တောင် လန့်သွားတာ။ မင်းနာမည်က ဖုန်းယွီဆိုတော့၊ တီဗွီထဲမှာ ပြောနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးနဲ့ နာမည်ချင်း တူနေတာကိုး။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ နာမည်တူတဲ့သူတွေက အများကြီးပဲလေ၊ ငါတို့ စက်ရုံမှာတောင် နာမည်တူတဲ့သူ နှစ်ယောက် ရှိတယ်၊ နှစ်ယောက်လုံးက ကျန်းကျန့်တဲ့" ဦးလေးကျိုးသည် အသံကျယ်ကျယ်ဖြင့် ပြောဆိုနေခဲ့ပြီး မျက်နှာမှာလည်း နီမြန်းနေခဲ့ရာ အရက် အနည်းငယ် ရှိန်တက်နေပြီ ဖြစ်ကြောင်း သိသာလှပေသည်။
ဖုန်းယွီသည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ကာ ဝေဝါးစွာပင် ပြန်လည် ဖြေကြားလိုက်သည်။ "ဟုတ်ပါတယ်ဗျာ... နာမည်တူတဲ့သူတွေက အများကြီးပါ"
ကျိုးခယ့်ရှင်းကတော့ ခေါင်းငုံ့ကာ တိတ်တဆိတ် ရယ်မောနေခဲ့သည်။ နာမည်တူတာ မဟုတ်ဘူး၊ တစ်ယောက်တည်း ဖြစ်နေတာကိုး။
"ဒါပေမဲ့ ခယ့်ရှင်း ရှာတဲ့သူကသာ အဲဒီ ဖုန်းယွီဖြစ်နေမယ်ဆိုရင်တော့ ငါတို့ လုံးဝသဘောတူမှာ မဟုတ်ဘူး။ သူက ငွေတွေ အများကြီး ရှိတယ်ဆိုပေမဲ့၊ အဲဒီလို ချမ်းသာတဲ့သူတွေက စိတ်မချရဘူး။ ငါတို့ မြို့မှာတောင် သူဌေးကြီး တစ်ယောက် ရှိတယ်၊ ငွေတွေ ရလာတော့ သူ့မိန်းမကို ကွာရှင်းပြီး အငယ်အနှေးတွေ ထားတာလေ။ ဒါကြောင့် ပြောတာပေါ့... ချမ်းသာတဲ့သူတွေက စိတ်မချရဘူး။ မင်းလို လူမျိုးကမှ ငါတို့အတွက် စိတ်အေးရတာ"
ဖုန်းယွီ၏အပြုံးမှာ ပို၍ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။ ဦးလေး ပြောနေတဲ့ ဖုန်းယွီဆိုတာ ကျွန်တော်ပဲလေ။
"အဖေ... ဘာတွေ ပြောနေတာလဲ" ဟု ကျိုးခယ့်ရှင်း က မျက်စောင်းထိုး၍ တားမြစ်လိုက်သည်။
ဦးလေးကျိုးက ဟားဟားဟား ရယ်မောကာ ဘာမှထပ်မပြောတော့ဘဲ ဟင်းများကိုသာ ငုံ့စားနေတော့သည်။ ဤထမင်းဝိုင်းမှာ လူတိုင်း အလွန်ပင် ပျော်ရွှင်ခဲ့ကြသည်။ ဖုန်းယွီ၏ ပါးနပ်စွာ လိုက်လျောညီထွေ နေထိုင်မှုကြောင့် လူကြီးနှစ်ဦးစလုံးမှာ သူ့အပေါ်တွင် အလွန် စိတ်ကျေနပ်သွားခဲ့ကြသည်။
ထမင်းစားပြီးနောက် ဖုန်းယွီပြန်ရန် ပြင်ဆင်သည့်အခါ ကျိုးခယ့်ရှင်းက အောက်ထပ်အထိ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ "ရှင်က တကယ်ကို စကားပြောတတ်တာပဲနော်၊ ကျွန်မ မိဘတွေက တကယ်ကို ပျော်နေကြတာ၊ ရှင့်ကိုလည်း တော်တော် သဘောကျသွားပုံရတယ်"
"ဒါဆို မင်းကော... ငါ့ကို သဘောကျရဲ့လား" ဖုန်းယွီက မျက်နှာပြောင်တိုက်၍ မေးမြန်းလိုက်သည်။
"တော်ကာကျပါပဲ။ သဘောမကျရင်ကော ဘာထူးမှာမို့လို့လဲ။ ရှင့်လို ဥက္ကဋ္ဌကြီး တစ်ယောက်ကို ထားခဲ့ပြီး တခြားလူဆီ သွားရင်လည်း၊ အဲဒီလူကတော့ ကောင်းကောင်းမွန်မွန် နေရမှာ မဟုတ်ပါဘူး" ကျိုးခယ့်ရှင်းက ကျီစယ်လိုက်သည်။
"ဟင်းဟင်း... သိရင် ပြီးတာပါပဲ။ ငါက အရမ်း အာဏာပြတတ်တာနော်၊ ဘယ်သူကများ မင်းဆီကို လက်လှမ်းဝံ့မလဲ၊ အဲဒီလူရဲ့လက်ကို ငါ ရိုက်ချိုးပစ်မှာ" ဖုန်းယွီက ဒေါသထွက်ဟန်ဖြင့် ဟန်ဆောင်ပြလိုက်သည်။
"ကဲပါ... ပြန်ပါတော့"
"ဒါဆိုရင်... တစ်ချက်လောက် နမ်းပါဦး" ဖုန်းယွီက နောက်ထပ် တောင်းဆိုချက်တစ်ခု ထပ်မံ တင်ပြပြန်သည်။
ကျိုးခယ့်ရှင်းသည် မျက်နှာလေး နီမြန်းသွားကာ ဖုန်းယွီ၏ပါးကို တစ်ချက် နမ်းလိုက်ပြီးနောက် အမြန်ဆုံး အပေါ်ထပ်သို့ ပြေးတက်သွားခဲ့တော့သည်။ ဖုန်းယွီ၏မျက်နှာတွင်မူ အပြုံးဖျော့ဖျော့လေး တစ်ခုရှိနေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူ သေချာပေါက် အောင်မြင်ခဲ့ပြီ ဖြစ်ကာ သူမ၏နှလုံးသားကိုလည်း ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
"ခယ့်ရှင်း... သူ့အိမ်က ဘယ်နားမှာလဲ" ကျိုးခယ့်ရှင်း အခန်းထဲသို့ ပြန်ဝင်လာသည့်အခါတွင် သူမ၏အမေက ထပ်မံ မေးမြန်းလိုက်သည်။
"သမီး ကုမ္ပဏီနဲ့ သိပ်မဝေးဘူး အမေ၊ လမ်းလျှောက်ရင် ငါးမိနစ်လောက်ပဲ ကြာတာ"
"ဒီလောက်နီးတာလား၊ ဒီကောင်လေးက တမင်တကာ ဝယ်ထားတာ ဖြစ်မှာပဲ။ သူက သမီးကို အဲဒီမှာ ပြောင်းနေစေချင်လို့ မဟုတ်လား”
"ဒါပေမဲ့ သမီး ရုံးတက်ရတာတော့ တကယ် ဝေးတာပဲနော်၊ အသွားအပြန်ဆို တစ်နာရီနီးပါး ကြာမှာ။ ဒါဆိုရင်တော့ သမီး အဲဒီမှာပဲ သွားနေလိုက်ပါလား၊ အိမ်လစာလည်း သက်သာသလို ရုံးတက်ရတာလည်း ပိုပြီး အဆင်ပြေတာပေါ့" ဦးလေးကျိုး က မူးမူးရူးရူးဖြင့် ဆိုလိုက်သည်။
"ဘာတွေလျှောက်ပြောနေတာလဲ၊ သမီးက မညားရသေးဘဲနဲ့ အဲဒီမှာ သွားနေလို့ ဘယ်ဖြစ်ပါ့မလဲ။ အဖေလုပ်တဲ့သူက ဒီလို ပြောရသလား"
သူမ၏ခင်ပွန်းကို ဆူပူကြိမ်းမောင်းပြီးနောက် ခယ့်ရှင်း အမေက သမီးဖြစ်သူဘက်သို့ လှည့်ကာ ဆိုလိုက်သည်။ "သမီးရေ... သမီးရဲ့အမြင်က တကယ်ကို မှန်ကန်တယ်။ ဒီရှောင်ဖုန်းကို အမေ ကြည့်ရတာ တကယ် သဘောကျတယ်။ မပြောတော့ဘူး... မေမေ့သမက်ကတော့ သူပဲ ဖြစ်ရမယ်"
******
အခန်း (၁၃၆၆) ဆုံးဖြတ်ချက်
နောက်တစ်နေ့တွင်မူ ကျိုးခယ့်ရှင်း၏ မိဘများသည် လက်မှတ်ဝယ်၍ ပြန်ရန် ပြင်ဆင်ကြသဖြင့် ဖုန်းယွီက သူတို့အား မီးရထားဘူတာရုံသို့ ကားဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။
မထွက်ခွာမီ အချိန်အထိ ကျိုးခယ့်ရှင်း၏မိဘများသည် ဖုန်းယွီအား မရပ်မနား ချီးမွမ်းနေခဲ့ကြရာ ၎င်းတို့အနေဖြင့် ဖုန်းယွီအပေါ် မည်မျှအထိ စိတ်ကျေနပ်မှု ရှိနေသည်မှာ သိသာထင်ရှားလှပေသည်။ သို့သော် ၎င်းတို့က ဖုန်းယွီ၏ မိဘများနှင့် ဆုံတွေ့ရန် ချိန်းဆိုလိုကြောင်း ပြောဆိုလာသည့်အခါတွင်မူ ဖုန်းယွီတစ်ယောက် အနည်းငယ် အနေရခက်ကာ အကြပ်ရိုက်သွားခဲ့ရသည်။
ဘူတာမှအပြန် ကျိုးခယ့်ရှင်းကို ပို့ဆောင်ပေးသည့် လမ်းခရီးတွင် ဖုန်းယွီက မအောင့်နိုင်တော့ဘဲ ဆိုလိုက်သည်။ "ခယ့်ရှင်း... မင်းကို ငါပြောခဲ့ဖူးတဲ့အတိုင်း မင်္ဂလာပွဲတစ်ခု သေချာပေါက် ဖန်တီးပေးမှာပါ။ ဒါပေမဲ့ အဲဒီပွဲက ပြည်တွင်းမှာတော့ ဖြစ်နိုင်လိမ့်မယ် မဟုတ်ဘူး"
"ကိစ္စမရှိပါဘူး၊ ကျွန်မကိုယ်တိုင် ရှင့်ကို ရွေးချယ်ခဲ့တာပဲလေ။ ရှင် သိလား... မနေ့ညက အမေက ကျွန်မကို လာမေးသေးတယ်၊ အဲဒီတုန်းက ဆေးရုံမှာ ခွဲစိတ်မှု လုပ်ခဲ့ရတာ ကံကောင်းတယ်တဲ့။ မဟုတ်ရင် ရှင်သာ ကျွန်မ ကလေးမရနိုင်ဘူးဆိုတာ သိသွားရင် ကျွန်မကို သေချာပေါက် ဖြတ်ပစ်လိမ့်မယ်တဲ့လေ။ အဲဒါကြောင့် ဒီကိစ္စကို ရှင် လုံးဝမသိစေနဲ့လို့ ကျွန်မကို အထပ်ထပ် မှာနေသေးတယ်"
"သူတို့မှ မသိတာ... ဒီကိစ္စက ရှင်ကိုယ်တိုင် လုပ်ခဲ့တာမှ မဟုတ်ဘဲ။ ပြောရရင် ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်တော့... အကယ်၍သာ ကျွန်မရဲ့အဲဒီရောဂါကို ရှင် မကုပေးခဲ့ဘူးဆိုရင် ပိုကောင်းမယ်လို့ ရှင် ထင်နေတာလား။ ကျွန်မသာ ကလေးမရနိုင်ဘူးဆိုရင် အခုရှိနေတဲ့ ပြဿနာ အများကြီးက လျော့နည်းသွားနိုင်တာပေါ့။ ရှင့်ရဲ့ အခု ဇနီးသည်ကလည်း ကျွန်မကို ခြိမ်းခြောက်မှုတစ်ခုလို့ မြင်မှာ မဟုတ်တော့သလို၊ ကျွန်မ မိဘတွေကလည်း ကျွန်မ ရှင့်ရဲ့ အငယ်အဖြစ် နေတာကို လက်ခံကောင်း လက်ခံနိုင်လိမ့်မယ်လို့ ရှင် တွေးနေတာလား”
မီးပွိုင့်တွင် အနီရောင် ပြနေသဖြင့် ဖုန်းယွီသည် ဘရိတ်ကို နင်းလိုက်ကာ ကျိုးခယ့်ရှင်းဘက်သို့ လှည့်ကြည့်၍ လေးနက်စွာ ဆိုလိုက်သည်။ "ဒီကိစ္စအတွက် ငါ ဘယ်တော့မှ နောင်တမရခဲ့ဘူး။ မင်းဟာ ကလေးတွေကို အရမ်းချစ်တတ်တဲ့သူ ဆိုတာကို ငါ သိနေလို့ပါ"
"ပြီးတော့ အဲဒီတုန်းက ငါ အများကြီး မစဉ်းစားမိခဲ့ဘူး၊ မင်းကို ရောဂါပျောက်ကင်းစေချင်တာ တစ်ခုပဲ ရှိခဲ့တာ။ ဆရာဝန်တွေကလည်း ဒီရောဂါဟာ စောစော ကုသနိုင်လေ ပျောက်ကင်းဖို့ အခွင့်အလမ်း ပိုများလေလို့ ပြောထားတာလေ။ ဒါနဲ့... မင်းကော နောင်တရနေလို့လား။ အဲဒီ ခွဲစိတ်မှုကို လုပ်ခဲ့မိတာကို”
"ဟင့်အင်း... ခွဲစိတ်မှုအတွက်တော့ ကျွန်မ နောင်တမရပါဘူး။ ဒါပေမဲ့ ရှင့်ရဲ့ အငယ်အဖြစ် နေပေးမယ်လို့ သဘောတူခဲ့မိတာကိုတော့ နည်းနည်း နောင်တရမိသလိုပဲ။ ကျွန်မကလည်း ကတိဆိုရင် တည်တတ်တဲ့သူဆိုတော့... နောင်တရလည်း နောက်ကျသွားပြီပေါ့"
"ဟားဟားဟား... မှန်တာပေါ့၊ မင်း နောင်တရလည်း နောက်ကျသွားပြီ။ အခုတော့ ငါ မင်းကို စီချွမ်းဟင်းလျာသွားကျွေးမယ်၊ အဲဒီမှာ ဆိုင်တစ်ဆိုင်ရှိတယ်၊ အရသာက တကယ့်ကို ရှယ်ပဲ"
ထမင်းစားပြီးနောက် နှစ်ဦးသား ရုပ်ရှင်ရုံသို့ သွားကာ ရုပ်ရှင်တစ်ကား ကြည့်ခဲ့ကြသည်။ သို့သော်လည်း လက်ရှိခေတ်၏ ရုပ်ရှင်များမှာ အမှန်တကယ်ပင် ပျင်းစရာ ကောင်းလှပေသည်။ ပြည်ပတွင် ဆုအချို့ ရရှိထားစေကာမူ ပြည်တွင်းရှိ ပရိသတ်များ လုံးဝစိတ်မဝင်စားကြသော "အနုပညာကား"ဟု အမည်တပ်ထားသည့် လက်ရာတစ်ခုသာ ဖြစ်သည်။
ဖုန်းယွီကတော့ ထိုကဲ့သို့သော အနုပညာကားများကို သိပ်ပြီး သဘောမကျပါချေ။ မင်းအနေနဲ့ အနုပညာ ရသရော၊ ရုံတင်ဝင်ငွေပါ နှစ်ခုလုံးကို ဂရုစိုက်နိုင်မှ ဖြစ်မည် မဟုတ်ပါလား။ အတွင်းသား အဓိပ္ပာယ်လည်း ရှိရမယ်၊ လူတွေကိုလည်း ဆွဲဆောင်နိုင်ရမယ်။
အထူးသဖြင့် ယခုခေတ် အနုပညာကားများသည် ပုံမှန်အားဖြင့် မိသားစု လူနေမှုဘဝများကို ရိုက်ကူးပြလေ့ ရှိသော်လည်း၊ ၎င်းတို့ ပြသနေသည့် ဘဝများမှာ လူအနည်းစုသာ ကြုံတွေ့ရသော အခြေအနေမျိုး ဖြစ်နေတတ်သည်။ သူ၏ အရင်ဘဝက "လူငယ်ဘဝ ကျောင်းကား"များကဲ့သို့ပင်၊ အချိန်ရှိသရွေ့ ပြည်ပထွက်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း စသည်တို့ဖြင့်သာ ပြည့်နှက်နေတတ်သည်။ ဖုန်းယွီသိရှိထားသည်မှာ ထိုကဲ့သို့သော ဘဝမျိုးကို ကျောင်းသား ၉၉ ရာခိုင်နှုန်းမှာ ဘယ်သောအခါမှ မကြုံတွေ့ခဲ့ရပါချေ။
ဤသည်ကို ဖုန်းယွီအနေဖြင့် ဤသို့သာ နားလည်နိုင်တော့သည်။ 'ဒါဟာ အနုပညာပေါ့၊ လူနေမှုဘဝကနေ မြစ်ဖျားခံလာပေမဲ့၊ ဘဝထက်တော့ အများကြီး မြင့်မားနေတယ်' တဲ့။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သာမန်ဘဝများနှင့် လုံးဝမသက်ဆိုင်ခြင်းပင် ဖြစ်သည်။
ထို့နောက် ၎င်းတို့က ဤဘဝသည်သာ အမှတ်ရစရာ အကောင်းဆုံး ဘဝဖြစ်သည်။ ဤသည်မှာ လူငယ်ဘဝဖြစ်သည်ဟု ဆိုကြပြန်သည်။ ကျောင်းတက်နေစဉ်အတွင်း ကောင်းကင်ပြိုလောက်အောင် ဆိုးသွမ်းမှုမျိုး မလုပ်ခဲ့ဖူးပါက လူငယ်ဘဝကို မဖြတ်သန်းခဲ့ရသလိုမျိုး ဖန်တီးထားကြသည်။
ဤသည်မှာ ၉၉ ရာခိုင်နှုန်းသော လူထုအား ၁ ရာခိုင်နှုန်းသော လူနည်းစု မည်သို့ နေထိုင်သည်ကို ပြသနေခြင်းသာ ဖြစ်သည်။ ခေတ်မီ ဖက်ရှင်မဂ္ဂဇင်းများကဲ့သို့ပင်၊ လစာ ရှစ်ထောင်မှ တစ်သောင်းကြား ရရှိသူများက လစာ ငါးသောင်းရသူများ မည်သည့်အဝတ်အစား ဝတ်ရမည်၊ မည်သည့် အဆင်တန်ဆာ ဆင်မြန်းရမည်ကို လစာ သုံးထောင်မှ ငါးထောင်ကြား ရရှိသူများ ဖတ်ရှုရန် ရေးသားနေခြင်းနှင့် အလားသဏ္ဌာန် တူလှပေသည်။
သို့သော်လည်း ဖုန်းယွီသတိပြုမိသည်မှာ ကျိုးခယ့်ရှင်းသည် ရုပ်ရှင်ကို အလွန်ပင် အာရုံစိုက်ကာ ကြည့်ရှုနေခြင်းပင်။ သူမသည် ထိုရုပ်ရှင်၏ ရသထဲတွင် နက်နက်ရှိုင်းရှိုင်း စီးမျောနေသယောင် ရှိနေခဲ့သည်။
သူ၏အရင်ဘဝက အွန်လိုင်းစကားလုံးဖြင့် ပြောရလျှင် ဤမျှသော ခံစားမှုကို နားလည်နိုင်စွမ်း ရှိမှတော့၊ ရုပ်ရှင်ဝေဖန်ရေး ဒိုင်တစ်ယောက်ပဲ လုပ်လိုက်ပါတော့လား။
ရုပ်ရှင်ပြီးသည့်အခါ ကျိုးခယ့်ရှင်းသည် ဖုန်းယွီ၏လက်ကို တွဲလျက် အပြင်သို့ ထွက်လာခဲ့သည်။ သူမ၏ဦးခေါင်းလေးမှာ ဖုန်းယွီ၏ ပုခုံးပေါ်သို့ ခပ်ဖွဖွ မှီထားခဲ့ပြီး၊ သူမ၏ ထွက်သက်ငွေ့လေးများမှာ ဖုန်းယွီ၏ ရှပ်အင်္ကျီကို ဖြတ်၍ နွေးထွေးစွာ ထိတွေ့နေခဲ့ရာ ဖုန်းယွီအဖို့ တစစ်စစ်ဖြင့် ယားကျိကျိ ဖြစ်နေစေခဲ့သည်။
ထိုအချိန်တွင် ဖုန်းယွီတစ်ယောက် သူ၏နှလုံးသားမှာလည်း ယားကျိကျိ ဖြစ်လာခဲ့ရသည်။
"ခယ့်ရှင်း... မင်း အဲဒီအိမ်ကိုပဲ ပြောင်းနေလိုက်ပါလား၊ အလုပ်သွား အလုပ်ပြန်လည်း မပင်ပန်းတော့ဘူးလေ"
ကျိုးခယ့်ရှင်းသည် ဖုန်းယွီကို စနောက်လိုသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူမသည်လည်း မိန်းကလေးငယ်လေး မဟုတ်တော့သဖြင့် ဖုန်းယွီနေထိုင်ရာသို့ ပြောင်းရွှေ့လိုက်ပါက မည်သည့်အရာများ ဖြစ်ပေါ်လာနိုင်သည်ကို ကောင်းစွာနားလည်ထားပြီးသား ဖြစ်သည်။
ကျိုးခယ့်ရှင်း၏စိုက်ကြည့်မှုကို ခံလိုက်ရသဖြင့် ဖုန်းယွီအနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသော်လည်း သူက ဆက်လက်၍ တိုက်တွန်းနေခဲ့သည်။ "အဲဒီရပ်ကွက်က ပိုပြီးတော့လည်း လုံခြုံမှု ရှိသလို၊ ပတ်ဝန်းကျင်ကလည်း ပိုပြီးတော့ စည်ကားတာလေ"
"ဟုတ်လို့လား။ ဒါဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက မေးလာရင် ကျွန်မ ဘယ်လို ရှင်းပြရမလဲ။ ကျွန်မတစ်ယောက်တည်းက အိပ်ခန်းသုံးခန်းပါတဲ့ အိမ်ကြီးတစ်လုံးကို၊ အဲဒီလို အဆင့်မြင့်ရပ်ကွက်မှာ ဘယ်လိုလုပ်ပြီး ငှားနေနိုင်မှာလဲ”
" ရှင် သိလား... ကျွန်မရဲ့ တစ်လလစာက ဘယ်လောက်ရှိလို့လဲ။ အကယ်၍သာ အဲဒီအိမ်ကို တကယ် ငှားနေမယ်ဆိုရင်၊ ကျွန်မရဲ့ တစ်လစာ လစာဟာ အိမ်လစာပေးဖို့တောင် မလောက်နိုင်သလို၊ စားစရိတ်နဲ့ တခြား လူနေမှုစရိတ်တွေကို ဖယ်လိုက်ရင် ဘာကျန်တော့မှာလဲ။ ကျွန်မမှာ အခု ကားအသစ်တစ်စီး ရှိနေပြီ၊ ဒါကို ကျွန်မ စုထားတဲ့ ငွေနဲ့ ဝယ်တာလို့ ပြောထားပေမဲ့၊ နောင်ကျရင် ငွေမစုတော့ဘူးလား။ တခြား လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ဘယ်လို မြင်သွားကြမလဲ၊ ဘာတွေ တွေးကုန်ကြမလဲ"
"ဟဲဟဲ... မင်းရဲ့ ချစ်သူက ဝယ်ပေးတာလို့ ပြောလိုက်လေ"
"ချစ်သူ ဟုတ်လား။ ဘယ်သူ့ရဲ့ ချစ်သူကများ ဒီလောက်အထိ ရက်ရက်ရောရောနဲ့ အဲဒီလောက် ဈေးကြီးတဲ့ အိမ်ကို ဝယ်ပေးမှာလဲ။ သူတို့တွေ သေချာပေါက် ပြောကြမှာက... ကျွန်မ သူဌေးတစ်ယောက်ကို ကပ်နေတာလို့ပဲ ဖြစ်မှာပေါ့"
ဖုန်းယွီသည် မိမိ၏ နှာခေါင်းကို တစ်ချက် ပွတ်လိုက်မိသည်။ သို့သော်လည်း သူသည် တကယ့်ကို သူဌေးကြီးတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။
"ဒါဆိုရင်လည်း... မင်းချစ်သူရဲ့ အိမ်လို့ပဲ ပြောလိုက်ပေါ့။ အခုခေတ်မှာ ချစ်သူနဲ့ အတူတူနေတာက ဆန်းတဲ့ကိစ္စမှ မဟုတ်တော့တာ"
"ရှင်က ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဝံ့လို့လား။ သူတို့အားလုံးက ရှင့်ကို သိကြတယ်လေ၊ ဖုန်းဥက္ကဋ္ဌကြီးရယ်"
ဖုန်းယွီတစ်ယောက် ဆွံ့အသွားခဲ့ရသည်။ ဤသည်မှာ အမှန်တကယ်ပင် ပြဿနာတစ်ခု ဖြစ်နေခဲ့သည်။ သူကတော့ 'တခြားလူတွေ သိရင်လည်း သိပါစေပေါ့၊ ဘယ်သူကများ ပေါက်ကရ လျှောက်ပြောဝံ့မှာလဲ' ဟု ဆိုချင်နေမိသော်လည်း၊ ခယ့်ရှင်း အနေဖြင့်မူ အခြားသူများ၏ သိစေလိုစိတ် မရှိကြောင်း၊ သူမသည် ထိုသို့သော ထူးခြားသည့် အကြည့်များကို ခံနိုင်ရည် မရှိကြောင်း သူ ကောင်းစွာ သိရှိထားသည်။
"ဒါဆိုရင်... မင်း အလုပ်အသစ်တစ်ခု ပြောင်းလိုက်မလား" ဖုန်းယွီက အခြေအနေကြည့်၍ မေးမြန်းလိုက်သည်။
အလုပ်တစ်ခု ပြောင်းလိုက်ရုံနှင့် ပြဿနာ အားလုံးမှာ ပြေလည်သွားမည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ကျိုးခယ့်ရှင်း ကို ကုမ္ပဏီတစ်ခု၏ အကြီးအကဲ ဖြစ်စေရန် သို့မဟုတ် သူမ လုပ်ချင်သော မည်သည့် အလုပ်ကိုမဆို လုပ်ဆောင်နိုင်ရန် ဖန်တီးပေးနိုင်သည်။ အကယ်၍ ကျိုးခယ့်ရှင်းက ဘုရင်မ တစ်ပါး လုပ်ချင်သည် ဆိုဦးတော့၊ အာဖရိကရှိ နိုင်ငံငယ်လေး သို့မဟုတ် မျိုးနွယ်စုငယ်လေးတစ်ခုတွင် အာဏာလွှဲပြောင်းမှု ဖြစ်ပေါ်အောင် ဖန်တီးပေးရန်မှာ ဖုန်းယွီအတွက် မခဲယဉ်းလှပါချေ။ အဲဒီဘက်မှာက နေ့တိုင်း အာဏာ အပြောင်းအလဲတွေ ရှိနေတာပဲလေ။
ကျိုးခယ့်ရှင်း၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ဟုတ်သားပဲ... သူမအနေဖြင့် အလုပ်ပြောင်းလိုက်၍ ရသည်ပဲ။ သို့မဟုတ်လျှင်လည်း အလုပ်ကို လုံးဝ ပြောင်းစရာ မလိုဘဲ နေရာရွှေ့ပြောင်းလိုက်ရုံသာ ဖြစ်သည်။
Wind and Rain စီးပွားရေး အပတ်စဉ်သည် ဟောင်ကောင်တွင် ဌာနခွဲအသစ် ဖွင့်လှစ်ထားပြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် အရှေ့တောင်အာရှ ဈေးကွက်များအတွက် ရှေးဟောင်းတရုတ်စာ ဗားရှင်းများကို ထုတ်ဝေနေခဲ့သည်။ ထိုဘက်တွင် တာဝန်ယူမည့်သူ တစ်ဦး လိုအပ်နေချိန်ဖြစ်ရာ၊ ကျိုးခယ့်ရှင်း ပြောင်းရွှေ့သွားခြင်းမှာလည်း ထူးဆန်းနေမည် မဟုတ်ပါချေ။
ဤသို့ဖြင့် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားမည် ဖြစ်စေကာမူ၊ အလွန်အမင်း ကွဲပြားသွားခြင်းမျိုး မရှိပါချေ။ ထိုဘက်ကို ရောက်သွားလျှင် သူမကို မည်သူက သိပါမည်နည်း၊ ထိုအခါ စိုးရိမ်ပူပန်မှုများလည်း လျော့နည်းသွားမည် မဟုတ်ပါလား။ ထို့ပြင် ဖုန်းယွီတွင်လည်း ဟောင်ကောင် နိုင်ငံကူးလက်မှတ် ရှိနေသဖြင့် သွားလာရသည်မှာလည်း အခက်အခဲ ရှိမည် မဟုတ်ပါချေ။ ဤသို့ တွေးတောလိုက်မိသည့် အခါတွင်မူ ကျိုးခယ့်ရှင်း၏မျက်နှာတွင် အပြုံးပန်းများ ပြန်လည်ဝေဆာလာခဲ့ပြန်သည်။
ကျိုးခယ့်ရှင်း ပြုံးသည်ကို မြင်ရသည့်အခါ ဖုန်းယွီလည်း လိုက်၍ ရယ်မောလိုက်မိသည်။ သူမကို ကောင်းစွာ သိရှိထားသော ဖုန်းယွီသည် သူမအနေဖြင့် သူ၏အကြံပြုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။
ကျိုးခယ့်ရှင်းသည် Wind and Rain စီးပွားရေး အပတ်စဉ်၏ဟောင်ကောင် ဌာနခွဲသို့ သွားရောက်လိုသည့် အကြောင်းကို ဖုန်းယွီအား ပြောပြခဲ့သည်။ ဖုန်းယွီနားထောင်ကြည့်ရာ သွားရမည့် နေရာမှာ အနည်းငယ် ဝေးကွာနေသော်လည်း၊ လက်ရှိ အခြေအနေအရမူ ဤသည်မှာ အမှန်တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်နေခဲ့သည်။ ထို့ပြင် ကျိုးခယ့်ရှင်း ကိုယ်တိုင်ကလည်း သွားလိုစိတ် ရှိနေသဖြင့် ပို၍ပင်ကောင်းမွန်လှပေသည်။
"ကောင်းပြီလေ... ငါ ဟူရွှမ့်ဆီကို ဖုန်းဆက်ပြီး စီစဉ်ခိုင်းလိုက်မယ်။ မင်း အဲဒီကို ရောက်ရင် ဘယ်လို ရာထူးမျိုး ယူချင်လဲ”
"ဒီလောက် အဝေးကြီးကို သွားပြီး အလုပ်လုပ်ရမှာဆိုတော့... ရာထူးလေး နည်းနည်း တက်သွားတာတော့ မလွန်ဘူး မဟုတ်လား။ 'ဒုတိယ အယ်ဒီတာချုပ်'ဆိုရင်တော့ လူသိပ်မများလောက်ဘူး ထင်တယ်" ကျိုးခယ့်ရှင်းက ခေတ္တမျှ စဉ်းစားပြီး ဆိုလိုက်သည်။
"ရတာပေါ့... ဒါဆိုရင် 'ဒုတိယ အယ်ဒီတာချုပ်' ပေါ့။ ဟူရွှမ့်ကိုယ်တိုင် မင်းကို နေရာရွှေ့ပေးတာဆိုတော့၊ ဟိုဘက်က ဌာနခွဲ အကြီးအကဲတောင် မင်းကို အထင်သေးဝံ့မှာ မဟုတ်ပါဘူး။ နောက်ထပ် နှစ်အနည်းငယ် ကြာရင်တော့ မင်း အယ်ဒီတာချုပ် ဖြစ်လာမယ်၊ အဲဒီနောက်မှာတော့ ဌာနမှူး ဖြစ်လာမှာပေါ့!"
******