← Chapters

အခန်း (၁၃၆၇-၁၃၆၉)

Vol. 93 Ch. 1367-1369

အခန်း (၁၃၆၇-၁၃၆၉)

Vol. 93 Ch. 1367-1369

အခန်း (၁၃၆၇) ဇူကာဘတ်

ဖုန်းယွီသည် ရှန်ဟိုင်းတွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ပြီး၊ ကျိုးခယ့်ရှင်းနှင့် သံယောဇဉ် အရှိန်တက်နေခိုက်တွင် သူမကို အပိုင်သိမ်းရန် ပြင်ဆင်နေစဉ် ခါမီဒါ မာဆာအိုထံမှ ဖုန်းဝင်လာခဲ့သည်။ ဇူကာဘတ်လေးသည် ဖေ့စ်ဘွတ်ခ် (Facebook) ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ သို့သော် သူတို့ဘက်မှ ရင်းနှီးမြှုပ်နှံမှုအတွက် သွားရောက် ဆွေးနွေးသည့်အခါ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိလိုက်ရသည်။ ဇူကာဘတ်သည် ဖုန်းယွီနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်ရမှသာ ဆွေးနွေးမည်ဟု ဇွတ်အတင်း တောင်းဆိုနေခြင်းပင်။

ဖုန်းယွီသည်လည်း ဇူကာဘတ်လေးအပေါ် စိတ်ဝင်စားမှု အတော်လေး ရှိနေသဖြင့်၊ တစ်ဖက်လူက တွေ့ချင်မှတော့ ဆုံတွေ့ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် အိမ်သို့ ဖုန်းဆက်ကာ သူ၏ခရီးစဉ်ကို အသိပေးပြီးနောက် ကိုယ်ပိုင်လေယာဉ်ဖြင့် နယူးယောက်သို့ ပျံသန်းခဲ့လေသည်။

"Boss…ဒါက ကျွန်တော့်ရဲ့အလုပ်အမှားပါ။ အဲဒီလူငယ်က တကယ်ပဲ အဲဒီလောက်အထိ အရေးကြီးလို့လား။ နည်းပညာပိုင်းမှာ သူ့ထက် မနိမ့်တဲ့အပြင်၊ ပိုတောင် ကောင်းနိုင်တဲ့ တခြားသူတွေကို ငါတို့ ပံ့ပိုးပေးလို့ ရတာပဲ မဟုတ်လား" ခါမီဒါ မာဆာအို က တွေ့တွေ့ချင်းမှာပင် သူ၏အမှားကို ဝန်ခံလိုက်သည်။

မူလက ခါမီဒါထင်ထားသည်မှာ သူသည် အလွန်ပင် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ကမ်းလှမ်းထားခဲ့သည်။ ရန်ပုံငွေ အားလုံးကို Wind and Rain ဟိုးဒင်း အုပ်စုက စိုက်ထုတ်မည်ဖြစ်ပြီး၊ ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ သန်းတစ်ရာထက် မနည်းစေရဘဲ၊ ထို ဇူကာဘတ်လေးကိုလည်း ၅ ရာခိုင်နှုန်းသော နည်းပညာရှယ်ယာများ ပေးအပ်မည်ဖြစ်သည်။ ၎င်းမှာ ဒေါ်လာ ငါးသန်းခန့် တန်ဖိုးရှိနေရာ၊ ဤမျှနှင့် မလုံလောက်သေးဘူးလားဟု သူ တွေးမိခြင်းပင်။

ထိုကောင်လေးမှာ အသက် ၂၀ သာ ရှိသေးသည်။ အသက် ၂၀ အရွယ် လူငယ်တိုင်းသည် သူ၏ အလုပ်ရှင်ကဲ့သို့ "နတ်ဆိုးသဖွယ် ပါရမီရှင်" ဖြစ်နိုင်မည် မဟုတ်ပါချေ။ သို့သော် ဤ ဇူကာဘတ်ကမူ ဖုန်းယွီနှင့် တွေ့ဆုံရန် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသည့်အပြင်၊ Goldman Sachs၊ SoftBank နှင့် Morganစသည့် ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းကြီးများကလည်း သူ့ကို ဆက်သွယ်နေကြသဖြင့် သူသည် ဆွေးနွေးပွဲတွင် အသာစီးရရန် ယုံကြည်မှု ရှိနေခြင်းပင်။

ခါမီဒါအနေဖြင့်လည်း အလုပ်ရှင်က "တရုတ်ကွန်ရက်"နှင့် ဆင်တူသော ဝဘ်ဆိုက်တစ်ခု ပေါ်ထွက်လာပါက ချက်ချင်း အသိပေးရန်နှင့်၊ မည်သည့် နည်းလမ်းသုံး၍ဖြစ်စေ ဝယ်ယူရန် မှာကြားထားသဖြင့် ဤကိစ္စကို လျစ်လျူရှု၍ မရနိုင်ပါချေ။

"မဟုတ်ဘူး... ငါ အဲဒီလူငယ်ကို အထင်ကြီးတယ်။ ပြီးတော့ ဒီဝဘ်ဆိုက်က လောလောဆယ်မှာ လူငယ်တွေကို အဓိက ဦးတည်ထားတာဆိုတော့၊ သူက ငါတို့ရဲ့ အတွေးအခေါ်တွေထက်စာရင် လူငယ်တွေကြားထဲမှာ ဖြန့်ဖို့ ပိုပြီးသင့်တော်တယ်။ နောက်ပြီး သူက ဟားဗတ်ကျောင်းသားလေ၊ ဒါဟာ ကောင်းမွန်တဲ့ ကြော်ငြာသက်ရောက်မှုတစ်ခု ဖြစ်စေလိမ့်မယ်။ သေချာတာပေါ့... အကယ်၍ သူကသာ အရမ်းကို အလိုရမ္မက် ကြီးနေမယ်ဆိုရင်တော့၊ သူ့ကို နှိမ်နင်းဖို့က ငါတို့အတွက် မခဲယဉ်းပါဘူး"

ဖုန်းယွီသည် "တရုတ်ကွန်ရက်" ပဏာမ အောင်မြင်မှု ရပြီးကတည်းက အမေရိကန်တွင်လည်း ဤကဲ့သို့သော ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် ဝဘ်ဆိုက်ကို တည်ထောင်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ဖုန်းယွီသည် "တစ်ယောက်တည်း စားရခြင်း"၏ အခက်အခဲကို ကောင်းစွာ နားလည်ထားသည်။ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးမှန်သမျှသည် တစ်ဦးတစ်ယောက် သို့မဟုတ် မိသားစုတစ်ခုတည်း၏ ပိုင်ဆိုင်မှု မဟုတ်ဘဲ၊ မိတ်ဖက်များ လိုအပ်လှပေသည်။

ထို့ကြောင့် ဖုန်းယွီသည် အမေရိကန် သို့မဟုတ် တရုတ်ပြည်တွင်းရှိ သူ၏ ရင်းနှီးမြှုပ်နှံမှုများတွင် မိတ်ဖက်အချို့ကို အမြဲ ရှာဖွေလေ့ရှိသည်။ ရံဖန်ရံခါတွင် သူကိုယ်တိုင် ရှယ်ယာ အများစုကို မထိန်းချုပ်ထား စေဦးတော့၊ အရေးမကြီးပါချေ။ ငွေရလျှင် လုံလောက်လှပြီ ဖြစ်သလို၊ ယခုအချိန်တွင်လည်း ဖုန်းယွီ၏ ပိုင်ဆိုင်မှုများကို ဝါးမြိုရန် ကြံစည်ဝံ့သူ မရှိပါချေ။

ထို့အပြင် ဖုန်းယွီသည် သူသာ ဝင်ရောက် မစွက်ဖက်ပါက၊ အရင်ဘဝ သမိုင်းကြောင်းထဲမှ ကိစ္စရပ်များအတိုင်း ထပ်မံဖြစ်ပွားလာမည်လား ဆိုသည်ကိုလည်း စောင့်ကြည့်ချင်နေမိသည်။ ထင်ရှားသည်မှာ ကိစ္စရပ်များမှာ သမိုင်းကြောင်းအတိုင်း ဖြစ်ပျက်လာခဲ့ပြီဖြစ်ရာ၊ ဤသည်မှာ "သမိုင်း၏ အရှိန်အဟုန်" ကြောင့်များလားဟု သူ တွေးတောနေမိသည်။

"Boss... အဲဒီကောင်လေးက ကျောင်းကိစ္စတွေ ရှိနေလို့၊ ငါတို့ဘက်ကပဲ သူ့ဆီကို သွားတွေ့ရပါလိမ့်မယ်။ ကျွန်တော် သူ့ကို ဘော့စတွန်မှာ ချိန်းထားပါတယ်"

"ကိစ္စမရှိပါဘူး၊ ငါကိုယ်တိုင်လည်း ဘော့စတွန်ဘက်ကို သွားကြည့်ချင်နေတာ။ ကြားရသလောက်တော့ အဲဒီမှာ ပညာရပ်ဆိုင်ရာ ဝန်းကျင်က အလွန် ကောင်းမွန်သလို၊ တစ်ကမ္ဘာလုံးမှာလည်း နာမည်ကြီးတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... နောက်ထပ် နှစ်ရက်နေရင် ငါတို့ရဲ့ ဖုန်းယွီအသင်းနဲ့ Celticsအသင်းတို့ ပွဲရှိတယ် မဟုတ်လား၊ လမ်းကြုံရင် ဘတ်စကက်ဘောပွဲပါ ကြည့်သွားလို့ ရတာပေါ့"

ဇူကာဘတ်သည် ဟားဗတ်တက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်ပြီး၊ ယခုနှစ်အတွင်း အဆောင်၌ နေထိုင်ရင်း လူမှုကွန်ရက် ဝဘ်ဆိုက်တစ်ခုကို စတင် ဖန်တီးခဲ့သူ ဖြစ်သည်။ သို့သော် ၎င်းကို "အလှမယ် ရွေးချယ်သည့် ဝဘ်ဆိုက်"ဟု ခေါ်ဆိုခြင်းက ပို၍မှန်ကန်ပေလိမ့်မည်။ သူသည် ကျောင်းနေဖက် ကျောင်းသားများ၏ ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်ကာ၊ မည်သူက အလန်းဆုံးလဲဆိုသည်ကို မဲပေးခိုင်းခြင်း ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဇူကာဘတ်လေးသည်လည်း အေးဆေးသယောင်နှင့် စိတ်ကစားတတ်သော အိမ်အောင်းလူငယ်တစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။

သို့သော် သူသည် သူတစ်ပါး၏ ဓာတ်ပုံများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့သဖြင့် အချို့သူများ၏ မကျေနပ်မှုကို ဖိတ်ခေါ်ခဲ့ရပြီး၊ လူသိရှင်ကြား တောင်းပန်ခဲ့ရသည်။ သူ၏ဝဘ်ဆိုက်သည်လည်း လူဝင်မှုနှုန်း အလွန် မျာပြားလွန်းသဖြင့် ကျောင်း၏ ဆာဗာများမှာ မခံနိုင်တော့ဘဲ အတင်းအဓမ္မ ပိတ်သိမ်းခြင်း ခံခဲ့ရသည်။

သူ၏စိတ်ဝင်စားစရာ ကောင်းသော စိတ်ကူးကို လက်လျှော့ရန် ပြင်ဆင်နေချိန်တွင်၊ သူ မထင်မှတ်ထားသော ပုဂ္ဂိုလ်တစ်ဦး သူ့ထံသို့ ဆက်သွယ်လာခဲ့သည်။ ၎င်းမှာ Wind and Rain ဟိုးဒင်း၏ ဥက္ကဋ္ဌ ခါမီဒါ မာဆာအိုပင် ဖြစ်သည်။ Wind and Rain ဟိုးဒင်း အုပ်စု ဆိုသည်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီ၏ လုပ်ငန်းကြီး မဟုတ်ပါလား။

မူလက သူသည် ဤဝဘ်ဆိုက်ကို ဆက်လက် လုပ်ဆောင်ရန် ရန်ပုံငွေ လိုအပ်နေသဖြင့်၊ ကျောင်းပြီးသွားသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်သော စီနီယာ အစ်ကိုကြီးများကို ဆက်သွယ်ကာ ရင်းနှီးမြှုပ်နှံမှု တောင်းခံရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ လူမှုဝန်းကျင် အတော်များများတွင် "ကျောင်းသားဟောင်း" ဆက်ဆံရေးမှာ အကွာအဝေးကို နီးကပ်စေသည် မဟုတ်ပါလား။

ဥပမာ Sergey Brinတို့အဖွဲ့သည်လည်း အစောပိုင်းက ရင်းနှီးမြှုပ်နှံသူ ရှာဖွေသည့်အခါ၊ Yahoo၏ အဆင့်မြင့် အရာရှိများကို အရင်ဆုံး ရှာဖွေခဲ့ကြခြင်းမှာ ၎င်းတို့သည် ကျောင်းနေဖက်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။

ခါမီဒါ မာဆာအို ကမ်းလှမ်းသော အခြေအနေများမှာ မဆိုးလှသော်လည်း၊ သူ့အား ပေးအပ်သည့် ရှယ်ယာ ပမာဏမှာ အလွန် နည်းပါးနေခဲ့သည်။ သူသည် ဤဝဘ်ဆိုက်ကို တည်ထောင်သူ ဖြစ်ပါလျက်နှင့်၊ အဘယ်ကြောင့် ၅ ရာခိုင်နှုန်းသော နည်းပညာရှယ်ယာသာ ရရှိရသနည်း။ ထို ၅ ရာခိုင်နှုန်းမှာ ငွေအမြောက်အမြား ဖြစ်နေစေကာမူ သူ မကျေနပ်ပါချေ။

ဇူကာဘတ်သည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီအကြောင်း ဒဏ္ဍာရီများကို ကြားဖူးထားသည်။ ထိုပုဂ္ဂိုလ်သည် လူတော်များကို အထူး အလေးထားသလို၊ ဆုလာဘ်များကိုလည်း ရက်ရက်ရောရော ပေးတတ်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် ဖုန်းယွီနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံချင်နေခြင်း ဖြစ်သည်။ တစ်ဖက်တွင်မူ အခြေအနေများကို ပို၍ ကောင်းမွန်အောင် ညှိနှိုင်းနိုင်ရန် ဖြစ်သလို၊ အခြားတစ်ဖက်တွင်မူ အသက် ၃၀ ပင် မပြည့်သေးဘဲ လက်ဗလာဖြင့် စတင်ကာ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာသူအပေါ် အလွန်အမင်း သိချင်စိတ် ဖြစ်ပေါ်နေသလို၊ အားကျလေးစားမှုများဖြင့်လည်း ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

လက်တွေ့တွင်မူ လူငယ်အမြောက်အမြားသည် ဖုန်းယွီကို ၎င်းတို့၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြသည်။ အထူးသဖြင့် ဖုန်းယွီသည် အလွန်ပင် လျှို့ဝှက်လွန်းလှပြီး၊ မီဒီယာများတွင် သူ၏ဓာတ်ပုံကို မြင်တွေ့ရန် ခဲယဉ်းလှပေသည်။ တွေ့ရလျှင်ပင် နေကာမျက်မှန်နှင့် နှာခေါင်းစည်းများ တပ်ထားသဖြင့် ရုပ်ရည်အစစ်အမှန်ကို ရှင်းလင်းစွာ မမြင်ရပါချေ။

ဤအချက်အပေါ်တွင် ဇူကာဘတ်လေးမှာ များစွာဇဝေဇဝါ ဖြစ်နေမိသည်။ အကယ်၍သာ သူသည် သူဌေးကြီး ဖြစ်လာမည်ဆိုပါက၊ မီဒီယာများ၏ မီးမောင်းထိုးပြမှုအောက်တွင် ပေါ်ပေါ်ထင်ထင် နေထိုင်ကာ လူတိုင်း သူ့မျက်နှာကို မှတ်မိအောင် လုပ်ဆောင်မည်ဟု သူ တွေးတောနေမိသည်။ ထိုသို့သာ ဖြစ်ပါက သူ ခိုးချစ်နေရသော တရုတ်နွယ်ဖွား မိန်းကလေးသည်လည်း သူ့အား ချစ်သူအဖြစ် လက်ခံကောင်း လက်ခံနိုင်လိမ့်မည် မဟုတ်ပါလား။

ယနေ့တွင်မူ ဇူကာဘတ်သည် ကိန်းဘရစ်ချ်မြို့မှ ဘော့စတွန်သို့ ရောက်ရှိလာခဲ့သည်။ အကွာအဝေးမှာ အလွန်မဝေးလှစေကာမူ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မစ္စတာ ဖုန်းယွီနှင့် တွေ့ဆုံရမည် ဖြစ်သဖြင့် သူသည် အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့သည်။

သူ၏ဝဘ်ဆိုက်ကို အခြားသော ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများက စိတ်ဝင်စားနေကြစေကာမူ၊ ဇူကာဘတ်၏ စိတ်ထဲတွင်မူ ဖုန်းယွီ၏ ရင်းနှီးမြှုပ်နှံမှုကိုသာ အလိုချင်ဆုံး ဖြစ်နေခဲ့သည်။ ဤသည်မှာ ဖုန်းယွီအပေါ် အားကျခြင်းကြောင့်တင် မကဘဲ၊ Wind and Rain ဟိုးဒင်း ဘက်မှ ကမ်းလှမ်းချက်များမှာလည်း ပို၍ကောင်းမွန်သောကြောင့်ဖြစ်သည်။ သေချာပေါက် သူသည် ဤထက် ပို၍ကောင်းမွန်သော အခြေအနေများကို မျှော်လင့်နေဆဲ ဖြစ်သည်။

"မစ္စတာ ခါမီဒါ... ကျွန်တော် နောက်မကျဘူး မဟုတ်လား” ဇူကာဘတ်လေးသည် ဟိုတယ် အခန်းအတွင်းသို့ ဝင်ရောက်လာရင်း သူ၏ လက်ပတ်နာရီကို ကြည့်ကာ မေးမြန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ခါမီဒါ မာဆာအို ၏ ဘေးတွင် ထိုင်နေသော တရုတ်လူမျိုး လူငယ်တစ်ဦးကို တွေ့ရှိလိုက်ရသည်။ ဤသူသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လား။ ကြည့်ရတာတော့ ထင်သလောက် အရှိန်အဝါကြီးပြီး ကြောက်စရာ ကောင်းတဲ့ ပုံစံမျိုး မဟုတ်ပါလား။

"မာ့ခ်... ဤပုဂ္ဂိုလ်ကတော့ ငါတို့ Songjiang ဟိုးဒင်းရဲ့ ဥက္ကဋ္ဌ မစ္စတာ ဖုန်းယွီပါ။ မင်း မဖြစ်မနေ တွေ့ချင်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ပေါ့"

ဇူကာဘတ်သည် ဖုန်းယွီထံသို့ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖက်လဲတကင်းလုပ်ရန် ပြင်လိုက်သော်လည်း၊ ချက်ချင်းပင် အနေရခက်စွာဖြင့် ညာဘက်လက်ကိုသာ ကမ်းပေးလိုက်ပြန်သည်။ သူသည် အရှေ့တိုင်းသားများ၏ ယဉ်ကျေးမှုကို ခဏတာ မေ့လျော့သွားခဲ့ခြင်းပင်။ အရှေ့တိုင်းသားများသည် ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် ဖက်လှဲတကင်း လုပ်လေ့ မရှိကြပါချေ။

"မစ္စတာဖုန်း... ခင်ဗျားကို တွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်။ မယုံနိုင်စရာပါပဲ... ကျွန်တော် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နဲ့ လက်ဆွဲနှုတ်ဆက်နေရတယ်ဆိုတာ" ဇူကာဘတ်တစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် စကားများပင် ထစ်ငေါ့နေခဲ့ရသည်။

သူ၏အရင်ဘဝတုန်းက ကမ္ဘာ့အငယ်ဆုံး ဘီလျံနာ သူဌေးကြီး ဖြစ်လာမည့်သူအား ဤမျှအထိ ရင်ခုန်အောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် ဖုန်းယွီ၏စိတ်ထဲတွင်လည်း ကျေနပ်ပီတိ အချို့ ဖြစ်ပေါ်နေခဲ့သည်။

"မင်းကို တွေ့ရတာလည်း ငါ ဝမ်းသာပါတယ်။ ခါမီဒါပြောတာတော့... မင်းက ငါနဲ့ တွေ့ခွင့်ရမှ ကုမ္ပဏီအကြောင်း ဆွေးနွေးမယ် ဆိုတာကြောင့် အခု ငါ ရောက်လာခဲ့ပြီလေ"

******

အခန်း (၁၃၆၈) ဇူကာဘတ်လေးကို နားချခြင်း

ဇူကာဘတ်လေးသည် ဖုန်းယွီနှင့် တွေ့ဆုံရသည့်အခါ သူ၏ ဝဘ်ဆိုက်နှင့် ပတ်သက်သော စိတ်ကူးစိတ်သန်းများနှင့် အလားအလာများကို မရပ်မနား တတွတ်တွတ် ရှင်းပြတော့သည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် စကားပြောရင်း တံတွေးများပင် စင်ထွက်လာခဲ့ရာ၊ ဖုန်းယွီမှာမူ မအောင့်နိုင်တော့ဘဲ ကုလားထိုင်ပေါ်တွင် နောက်သို့ အနည်းငယ် ဆုတ်ကာ မှီထိုင်လိုက်ရလေသည်။

ထိုအချိန်တွင် ခါမီဒါ မာဆာအိုက ဇူကာဘတ် ၏ စကားကို မအောင့်နိုင်တော့ဘဲ ကြားဖြတ်၍ ဟန့်တားလိုက်သည်။ "မစ္စတာ ဇူကာဘတ်... ကျွန်တော် ခင်ဗျားကို အရင်ကလည်း ပြောပြခဲ့ဖူးသလိုပဲ၊ တရုတ်ပြည်မှာ 'ဟွာရန်ဝမ်'လို့ ခေါ်တဲ့ ဝဘ်ဆိုက်တစ်ခု ရှိနေပြီလေ။ ခင်ဗျားရဲ့ စိတ်ကူးနဲ့ အတော်လေး ဆင်တူတဲ့အပြင် အဲဒီဝဘ်ဆိုက်က တည်ထောင်တာ တစ်နှစ်ကျော်နေပြီဖြစ်သလို အသုံးပြုသူ သန်းဆယ်ဂဏန်းကျော် ရှိနေပြီ။ အခုလည်း အရှိန်အဟုန်နဲ့ တိုးတက်နေတုန်းပဲ"

ဇူကာဘတ်လေး၏ မျက်နှာထက်က အပြုံးများမှာ ရုတ်ချည်း တောင့်ခဲသွားခဲ့ရသည်။ သူသည် ဤအချက်ကို ဘယ်လိုများ မေ့လျော့သွားခဲ့ပါလိမ့်။ ဆိုလိုသည်မှာ သူ၏စိတ်ကူးသည် ကမ္ဘာပေါ်တွင် အသစ်အဆန်း မဟုတ်တော့ဘဲ၊ တခြားသူများကို လိုက်တုထားသည်ဟုပင် အထင်ခံရနိုင်သည် မဟုတ်ပါလား။

ဖုန်းယွီက လက်ကာပြ၍ ခါမီဒါ၏စကားကို ရပ်တန့်စေလိုက်ပြီး၊ ဇူကာဘတ်အား ပြုံးလျက် ဆိုလိုက်သည်။ "ကိစ္စမရှိပါဘူး... မင်း ဆက်ပြောပါဦး"

ဇူကာဘတ် သည် ထိုအခါမှသာ သူ၏ ဝဘ်ဆိုက်၏ အနာဂတ် အစီအစဉ်များကို ဆက်လက်ပြောဆိုတော့သည်။ သို့သော် ယခင်ကကဲ့သို့ စကားပြောနှုန်း မမြန်တော့သလို၊ လေသံမှာလည်း စိတ်လှုပ်ရှားမှုများ လျော့ကျသွားခဲ့ရသည်။ သူသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရပုံပင်။

သူ့စကားတွေ အားလုံး ပြီးသွားသည့်အခါ၊ သူသည် ယုံကြည်မှု ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ဖုန်းယွီကို လှမ်းကြည့်လိုက်မိသည်။ ဖုန်းယွီ၏မျက်ဝန်းများဆီမှ အသိအမှတ်ပြုမှု တစ်ခုခုကို သူ မျှော်လင့်နေခြင်းပင်။ သို့သော် ဖုန်းယွီ၏ မျက်လုံးများမှာမူ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းမရှိဘဲ အလွန်ပင် တည်ငြိမ်နေခဲ့ရာ၊ လက်အောက်ငယ်သား တစ်ဦး၏ အလုပ်အစီရင်ခံစာကို နားထောင်နေသည့် ပုံစံမျိုးသာ ပေါက်နေခဲ့သည်။

"ဒါတွေပဲလား"

"လောလောဆယ် ကျွန်တော် စဉ်းစားလို့ရသမျှကတော့ ဒါတွေပါပဲ။ ဒါပေမဲ့ ကျွန်တော် အာမခံရဲတာကတော့... နောင်အနာဂတ်မှာ ဒီထက်မကတဲ့ စိတ်ကူးတွေ ထွက်ပေါ်လာဦးမှာဖြစ်သလို၊ ဝဘ်ဆိုက်ကနေ ငွေတွေ အများကြီး ရှာပေးနိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ စတော့ဈေးကွက်ကိုလည်း တက်လှမ်းလို့ ရသေးတယ်လေ။ အခုဆိုရင် အင်တာနက် နည်းပညာ ကုမ္ပဏီတွေရဲ့ စတော့ဈေးနှုန်းတွေ ပြန်တက်လာပြီဆိုတော့၊ ကျွန်တော်တို့ သေချာပေါက် အမြတ်အစွန်းတွေ အများကြီး ရနိုင်ပါတယ်"

ခါမီဒါက ခနဲ့သလို ပြုံးလိုက်ရင်း "မင်းက ငါတို့ကို စီးပွားရေး အတွေ့အကြုံတွေအကြောင်း လာသင်ပြနေတာလား"

ဇူကာဘတ် တစ်ယောက် ဆွံ့အသွားခဲ့ရသည်။ သူ၏စကားများမှာ လက်တွေ့နှင့် ကင်းကွာသော စာအုပ်ကြီးအတိုင်း ပြောဆိုချက်များသာ ဖြစ်သည် မဟုတ်ပါလား။ သူ့ရှေ့တွင် ထိုင်နေသော ပုဂ္ဂိုလ်နှစ်ဦးမှာ နာမည်ကျော် စီးပွားရေး ပညာရှင်ကြီးများ ဖြစ်ကြရာ၊ ခုနက သူပြောခဲ့သော စကားများသည် ၎င်းတို့၏ အမြင်တွင် ရယ်စရာ ဟာသတစ်ခုအလား ဖြစ်နေပေလိမ့်မည်။

ဖုန်းယွီက အလွန်တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။ "မင်း မျှော်မှန်းထားတဲ့ အခြေအနေတွေကို ပြောပြပါဦး"

ဇူကာဘတ်သည် ဖုန်းယွီကို အံ့သြတကြီး မော့ကြည့်လိုက်မိသည်။ 'ငါ ဘာကြားလိုက်တာလဲ၊ မစ္စတာ ဖုန်းယွီက ငါ့ကို အခြေအနေတွေ တောင်းဆိုခိုင်းနေတာလား၊ ဒါဆိုရင် ငါတို့ ဆွေးနွေးလို့ ရသေးတာပေါ့' ဟု သူ စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

မူလက ဇူကာဘတ်သည် ရှယ်ယာ လေးပုံတစ်ပုံခန့်ကို လိုချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ဝဘ်ဆိုက်သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စိတ်ကူးမဟုတ်ဘဲ၊ တစ်ဖက်လူကလည်း အလားတူ ဝဘ်ဆိုက်တစ်ခုကို ဖန်တီးထားပြီးဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင်မူ သူ၏ မျှော်လင့်ချက်များမှာ အတော်လေး လျော့ကျသွားခဲ့ရသည်။

"ရှယ်ယာ ၁၅ ရာခိုင်နှုန်း (15%) ဆိုရင်ကော အဆင်ပြေမလား”

"မင်း ဘာတွေ လာစနောက်နေတာလဲ။ ငါတို့က အနည်းဆုံး ဒေါ်လာ သန်းတစ်ရာလောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာလေ။ မင်းရဲ့ဆိုလိုရင်းက မင်းကိုယ်တိုင်က ဒေါ်လာ ၁၅ သန်းလောက် တန်ဖိုးရှိတယ်လို့ ပြောချင်တာလား။ ပြောစမ်းပါဦး... ဘယ်အချက်က မင်းကို အဲဒီလောက်အထိ တန်ဖိုးရှိစေတာလဲ။ မင်းနေရာမှာ တခြားသူနဲ့ အစားထိုးလို့ မရတာမှ မဟုတ်တာ။ မင်းက ကျောင်းတောင် မပြီးသေးဘူးလေ၊ မင်းထက် တော်တဲ့ နည်းပညာရှင်တွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ်။ ငါတို့ ကိုယ်တိုင် ဝဘ်ဆိုက်အသစ် တစ်ခုထောင်ပြီး၊ နည်းပညာရှင်တွေ ငှားပြီး အခြေခံ ကုဒ်တွေ ရေးခိုင်းမယ်ဆိုရင်တောင် ဒေါ်လာ ၅ သန်းတောင် ကုန်မှာ မဟုတ်ဘူး" ခါမီဒါက ပြင်းပြင်းထန်ထန် ပုတ်ခတ်လိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝဘ်ဆိုက်က နာမည်နည်းနည်း ရနေပြီလေ" ဇူကာဘတ်က ပြန်လည် ချေပလိုက်သည်။

"ဟားဗတ်ဝင်းထဲမှာတင် ရတဲ့ နာမည်ကများ... နာမည်ကြီးတယ်လို့ ခေါ်လို့ ရလို့လား"

"မဟုတ်ပါဘူး... ဟားဗတ် တစ်ခုတည်းတင် မကဘဲ၊ တခြားသော အဆင့်မြင့် တက္ကသိုလ်တွေမှာလည်း သြဇာညောင်းမှု အချို့ ရှိနေပါပြီ"

"သူတို့ သိထားတာက... ဟားဗတ်ကျောင်းသား တစ်ယောက်က အလှမယ် ရွေးတဲ့ ဆော့ဖ်ဝဲလ်တစ်ခု လုပ်ပြီး၊ နောက်ဆုံးမှာ အတင်းအကျပ် တောင်းပန်လိုက်ရတယ် ဆိုတာပဲလေ။ ဒါကို မင်းက သြဇာညောင်းမှုလို့ ခေါ်တာလား။ လူအတော်များများက မင်းကို ဟားဗတ်ရဲ့ ဟာသတစ်ခုလိုပဲ မြင်နေကြတာ မဟုတ်ဘူးလား" ခါမီဒါက အအေးမိစေမည့် စကားလုံးများဖြင့် ဆက်လက် တိုက်ခိုက်နေခဲ့သည်။

ထိုအချိန်တွင် ဖုန်းယွီသည် သူ၏ ကော်ဖီခွက်ကို ဖြည်းဖြည်းချင်း ချလိုက်သည်။ သူသည် ကော်ဖီ၏ အရသာကို ယခုထိ သိပ်ပြီး သဘောမကျသေးပါချေ။

"ကဲပါ... ခါမီဒါ ရေ၊ တော်ပါတော့။ ဇူကာဘတ်... အခု အခြေအနေက ဒီလို ရှိတယ်။ မင်း တခြားလူတွေဆီမှာလည်း ရင်းနှီးမြှုပ်နှံမှု သွားတောင်းလို့ ရပါတယ်။ ဒါပေမဲ့ ဝဘ်ဆိုက်တစ်ခုကို တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံရမယ့် အတွေ့အကြုံပိုင်းမှာတော့... မင်းနဲ့ ငါနဲ့က အဝေးကြီး ကွာခြားနေတုန်းပဲ။ ငါ ရဲရဲကြီး ပြောရဲတာကတော့ - အကယ်၍ မင်း တခြားလူဆီက ငွေယူပြီး ငါနဲ့ လာပြိုင်မယ်ဆိုရင်၊ ရှုံးမယ့်သူဟာ မင်းပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါက မင်းရဲ့ဝဘ်ဆိုက်အပေါ် စိတ်ဝင်စားမှု အနည်းငယ် ရှိနေသေးတယ်။ ငါတို့လည်း မြောက်အမေရိက ဈေးကွက်ကို ထိုးဖောက်ဖို့ စီစဉ်နေတာနဲ့ အတော်ပဲပေါ့။ ဒါကြောင့် ငါတို့ မင်းရဲ့ဝဘ်ဆိုက်မှာ ရင်းနှီးမြှုပ်နှံပေးမယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ ဒေါ်လာ သန်းတစ်ရာထက် မနည်းစေရဘဲ၊ ဒီထက်လည်း ပိုနိုင်ပါသေးတယ်"

"အခု မင်းရဲ့နည်းပညာနဲ့ စိတ်ကူးက ရှယ်ယာ ၁၅ ရာခိုင်နှုန်း တန်ဖိုးရှိသေးတယ်လို့ ထင်နေတုန်းပဲလား။ နောက်ပြီး ငါ သိရသလောက်တော့ ဒီ ဖေ့စ်ဘွတ်ခ်ကို မင်းတစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ဘူး မဟုတ်လား။ ဆာဗီရင်တို့လို တခြားသူတွေလည်း ရှိနေသေးတာပဲ။ ငါသာ သူတို့ကို လာခဲ့ပါလို့ လှမ်းခေါ်လိုက်ရင်... သူတို့ ငါ့ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်လိမ့်မယ်လို့ မင်း ထင်လို့လား"

ဖုန်းယွီစကားတစ်ခွန်း ပြောလိုက်တိုင်း ဇူကာဘတ်လေး၏ မျက်နှာမှာ ပို၍ မှောင်ကျသွားခဲ့ရသည်။ မှန်ပါသည်... ဖုန်းယွီပြောသမျှမှာ အချက်အလက် အမှန်တွေချည်း ဖြစ်သည်။ အထူးသဖြင့် သူသည် ဝဘ်ဆိုက်၏ အဓိက တည်ထောင်သူ ဖြစ်စေကာမူ၊ အခြားသော မိတ်ဖက်များ ရှိနေသေးသည်။ အကယ်၍ ထိုသူများကိုသာ ဆွဲထုတ်သွားမည်ဆိုပါက ဤဝဘ်ဆိုက်မှာ ချက်ချင်းပင် ရပ်ဆိုင်းသွားပေလိမ့်မည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ဝံ့သူ ရှိပါ့မလား။ ရှိနိုင်သော်လည်း သူ၏မိတ်ဖက်များထဲတွင်တော့ ပါဝင်လိမ့်မည် မဟုတ်ပါချေ။

"ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ငါ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒါက မင်းတစ်ယောက်တည်းအတွက် မဟုတ်ဘဲ မင်းတို့ တစ်ဖွဲ့လုံးအတွက်ပါ။ ဘယ်လို ခွဲဝေကြမလဲဆိုတာကိုတော့ ငါ ဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ တောင်းဆိုချက်ကတော့... အဓိက တည်ထောင်သူတွေဟာ လုပ်ငန်းကနေ ထွက်မသွားဘဲ ဖေ့စ်ဘွတ်ခ်အတွက် ဆက်လက် အားထုတ်ပေးရမယ် ဆိုတာပါပဲ"

ဒေါ်လာ သန်းတစ်ရာ၏ ၁၅ ရာခိုင်နှုန်းဆိုသည်မှာ အလွန်များပြားလှသည်ဟု ထင်ရစေကာမူ အင်တာနက် နည်းပညာ ကုမ္ပဏီများမှာ ငွေကို မီးရှို့သကဲ့သို့ အသုံးပြုရခြင်း ဖြစ်သည်။ နောင်အနာဂတ်တွင် ဖေ့စ်ဘွတ်ခ် ထဲသို့ စီးဝင်လာမည့် ရန်ပုံငွေမှာ ဒေါ်လာ သန်းထောင်ချီ သို့မဟုတ် သောင်းချီ ရှိလာပေလိမ့်မည်။ ထိုအခါ အကြိမ်ကြိမ်သော ရင်းနှီးမြှုပ်နှံမှုများကြောင့် ဇူကာဘတ်တို့၏ ရှယ်ယာ အချိုးအစားမှာလည်း အလျင်အမြန်ပင် လျော့နည်းသွားပေလိမ့်မည်။

အရင်ဘဝတုန်းကလည်း ဇူကာဘတ်သည် သူ၏ အဆောင်ဖော် ဆာဗီရင်တို့အပေါ် ဤကဲ့သို့ပင် ပြုမူခဲ့သည် မဟုတ်ပါလား။ ထိုအချိန်က သူ၏ စံပြပုဂ္ဂိုလ်မှာ ဘီလ်ဂိတ်ဖြစ်ပြီး၊ လုပ်ဆောင်ပုံများမှာလည်း ဘီလ်ဂိတ် အတိုင်းပင်။ ဖေ့စ်ဘွတ်ခ်သည် သူ၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို သိစေချင်ခဲ့ခြင်းပင် ဖြစ်သည်။

"မစ္စတာဖုန်း... ၁၅ ရာခိုင်နှုန်းသော ရှယ်ယာတွေဟာ နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ၊ ကျွန်တော်တို့လက်ထဲမှာ ဘယ်လောက်အထိ ကျန်ရှိနေဦးမှာလဲ" ဇူကာဘတ်က ပါးနပ်စွာ မေးမြန်းလိုက်သည်။

"ဒီ ၁၅ ရာခိုင်နှုန်းဟာ မဲပေးပိုင်ခွင့်ရှိတဲ့ ရှယ်ယာတွေပါ။ နောင်အနာဂတ်မှာ ရန်ပုံငွေတွေ ဘယ်လောက်ပဲ ထပ်ဝင်လာပါစေ၊ မင်းတို့ရဲ့ မဲပေးပိုင်ခွင့် အာဏာကိုတော့ လျော့နည်းသွားအောင် ငါ မလုပ်ဘူးလို့ ကတိပေးပါတယ်။ မဲပေးပိုင်ခွင့်ဟာ ကုမ္ပဏီမှာ မင်းတို့ရဲ့အဆင့်အတန်းကို အာမခံပေးထားမှာပါ။ မင်းတို့ကိုယ်တိုင်က အတင်းအကျပ် ရောင်းထုတ်ခြင်း မပြုသရွေ့ ငါလည်း လိုက်ပြီး ဝယ်ယူမှာ မဟုတ်ပါဘူး။ ပြီးတော့ တည်ထောင်သူတွေအနေနဲ့ မင်းတို့ရဲ့ လစာထဲမှာလည်း မူလရှယ်ယာအချို့ ပါဝင်ဦးမှာပါ။ အကယ်၍ မင်းတို့ရဲ့ အားထုတ်မှုကသာ တကယ် ကြီးမားမယ်ဆိုရင်တော့၊ မင်းတို့ရဲ့ ရှယ်ယာ အချိုးအစားဟာ လျော့မသွားတဲ့အပြင် ပိုတောင် တိုးလာနိုင်ပါသေးတယ်"

ရှယ်ယာ အချိုးအစားက ထပ်တိုးလာနိုင်တယ် ဟုတ်လား၊ ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား။

ဇူကာဘတ်၏ မယုံကြည်နိုင်သော မျက်ဝန်းများကို မြင်ရသည့်အခါ ခါမီဒါက ကြားဝင် ပြောဆိုလိုက်သည်။ "ငါကိုယ်တိုင်လည်း Wind and Rain ဟိုးဒင်း မှာ ရှယ်ယာ အချိုးအစားတွေ တိုးလာခဲ့တာပဲလေ။ တခြားသော ဒုဥက္ကဋ္ဌတွေလည်း အတူတူပါပဲ။ Bossရဲ့ လက်အောက်မှာ အလုပ်လုပ်ရင်၊ ကောင်းကောင်း လုပ်သရွေ့တော့ ထိုက်တန်တဲ့ အကျိုးခံစားခွင့်ကို မရမှာ စိုးရိမ်နေစရာ မလိုပါဘူး"

ရှယ်ယာ အချိုးအစားဆိုသည်မှာ မဲပေးပိုင်ခွင့်နှင့် မတူပါချေ။ ထို့ပြင် ခါမီဒါတို့ တိုးလာသော ရှယ်ယာမှာလည်း အနည်းငယ်မျှသာ ဖြစ်စေကာမူ၊ ၎င်း၏ တန်ဖိုးမှာမူ အလွန်ပင် မြင့်မားလှပေသည်။ မည်သို့ပင် အပြောင်းအလဲ ရှိစေကာမူ၊ ကုမ္ပဏီ၏ အကြွင်းမဲ့ ထိန်းချုပ်ခွင့် အာဏာကိုမူ ဖုန်းယွီတစ်ဦးတည်းကသာ ဆုပ်ကိုင်ထားမည်မှာ အသေအချာပင်။

"မစ္စတာဖုန်း... ကျွန်တော့်အနေနဲ့ တခြားသူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ နောက်ထပ် တောင်းဆိုချက် တစ်ခု ရှိပါသေးတယ်။ ကျွန်တော်တို့ တည်ထောင်သူ အားလုံးဟာ ကုမ္ပဏီရဲ့ အဆင့်မြင့် စီမံခန့်ခွဲသူတွေဖြစ်လာရမယ် မဟုတ်လား”

ခါမီဒါကတော့ အထင်သေးစွာ ပြုံးလိုက်မိသည်။ 'မင်းတို့လို လူတွေထဲမှာ ကုမ္ပဏီ စီမံခန့်ခွဲတဲ့ အတွေ့အကြုံ ရှိတဲ့သူ တစ်ယောက်မှ ပါလို့လား' ဟု သူ စိတ်ထဲမှ ဆိုလိုက်သည်။

သို့သော် ဖုန်းယွီကမူ ပြုံးလျက် ဆိုလိုက်သည်။ "အကယ်၍ မင်းတို့သာ လုံလောက်တဲ့ အရည်အချင်းကို ပြသနိုင်မယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် (CEO) နေရာကိုတောင် မင်းကို ပေးဖို့ ငါ ဝန်မလေးပါဘူး"

******

အခန်း (၁၃၆၉) Googleလည်း ဗီဒီယိုလောကထဲ ခြေစုံပစ်ဝင်တော့မည်

" Boss... ခင်ဗျားက တကယ်ပဲ သူ့ကို ကုမ္ပဏီရဲ့ CEOအဖြစ် ခန့်အပ်ချင်တာလား။ သူ့မှာ ဘာအတွေ့အကြုံမှ မရှိသေးဘူးနော်!" ခါမီဒါ မာဆာအိုက အနည်းငယ် စိုးရိမ်ပူပန်သော လေသံဖြင့် မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲ... ဘာပြဿနာ ရှိလို့လဲ။ ဆာဂေးတို့ လုပ်နေတာလည်း မဆိုးဘူး မဟုတ်လား။ အခုဆိုရင် Google ရဲ့ အင်တာနက် အသုံးပြုမှုနှုန်းဟာ Yahoo နဲ့ Microsoft ပြီးရင် တတိယနေရာမှာ ရှိနေပြီလေ" ဖုန်းယွီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

တစ်ဖက်လူက ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်သေးသည်ဟု ထင်ရစေကာမူ၊ အတွေ့အကြုံရှိသူများကို ဘေးမှနေ၍ ဝိုင်းဝန်းကူညီပံ့ပိုးပေးခိုင်းလျှင် ရပေသည်။ လူငယ်များတွင် ပိုမိုတက်ကြွဆန်းသစ်သော အတွေးအခေါ်များ ရှိကြရာ၊ ဤအချက်မှာ အရာရာကို အစိုးရိမ်ကြီးပြီး တည်ငြိမ်မှုကိုသာ ရှေးရှုသော လူကြီးပိုင်းများ မမီနိုင်သည့် အားသာချက်ပင် ဖြစ်သည်။ သက်ကြီးပိုင်းများမှာမူ အောင်မြင်မှုထက် အမှားမပါရန်ကိုသာ ပို၍ဦးစားပေးတတ်ကြသည်။

တရုတ်ပြည်၏ ဒေသအတော်များများတွင်လည်း လူငယ်အရာရှိများကို အုပ်ချုပ်ရေးပိုင်း၏ ဦးစီးမှူးများအဖြစ် ခန့်အပ်ပြီး၊ အတွေ့အကြုံရင့်ကျက်သော လူကြီးများကိုတော့ စည်းရုံးရေးမှူးအဖြစ် ထားရှိကာ ထိန်းကျောင်းပေးလေ့ ရှိကြသည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ ဖေ့စ်ဘွတ်ခ်၏ ဥက္ကဋ္ဌနေရာကိုတော့ Wind and Rain ဟိုးဒင်းဘက်ကပဲ ခန့်အပ်မှာ ဖြစ်သဖြင့် စိုးရိမ်နေစရာ အကြောင်းမရှိပါချေ။

ထို့အပြင် အမှုဆောင်ချုပ် (CEO) ကို ခန့်အပ်ခြင်းမှာလည်း ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက် လိုအပ်လှသည်။ အကယ်၍ ဇူကာဘတ်လေးသာ တကယ် အရည်အချင်း မရှိဘူးဆိုရင်တော့ သူ့ကို ဖြုတ်ပစ်လိုက်ဖို့က မခဲယဉ်းပါဘူးဟု ဖုန်းယွီက တွေးတောနေမိသည်။

"အစတုန်းက Googleမှာ ရင်းနှီးမြှုပ်နှံခဲ့တာဟာ Bossရဲ့ တကယ့်ကို အမြော်အမြင်ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ အခုဆိုရင် Google ဟာ ကမ္ဘာ့နံပါတ်တစ် Search Engine ကုမ္ပဏီ ဖြစ်လာခဲ့ပြီ ဖြစ်သလို၊ နိုင်ငံအတော်များများမှာလည်း လက်ဝါးကြီးအုပ်မှုအဆင့်ကို ရောက်နေပြီ။ ရှာဖွေရေး ဝန်ဆောင်မှုဆိုတာ သာမန်အသုံးပြုသူတွေအတွက် အခမဲ့ဖြစ်နေလို့သာ လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲမခံရတာပေါ့" ခါမီဒါသည် Boss၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲ၍ မရနိုင်တော့ကြောင်း နားလည်သွားသဖြင့် သူ၏ လေးစားမှုကို ပြသသည့်အနေဖြင့် မြှောက်ပင့်စကားကိုသာ လိမ္မာပါးနပ်စွာ ဆိုလိုက်တော့သည်။

"Google က ဂျပန်ဈေးကွက်ထဲကိုလည်း ဝင်သွားပြီ မဟုတ်လား၊ အခြေအနေ ဘယ်လို ရှိလဲ"

"ဂျပန်မှာလည်း Google က နံပါတ်တစ်ပါပဲ။ အင်္ဂလိပ်စာ သုံးစွဲတဲ့ နိုင်ငံတွေမှာတော့ Google ရဲ့ နေရာကို ဘယ်သူမှ မလှုပ်ရှားနိုင်ဘူး။ တခြားသော ဘာသာစကား သုံးတဲ့ နိုင်ငံတွေမှာလည်း ဈေးကွက်ဝေစု နံပါတ်တစ် နေရာကို ရထားတာတွေ မနည်းပါဘူး။ တရုတ်၊ ရုရှားနဲ့ ကိုရီးယားစကား သုံးတဲ့ နိုင်ငံတွေမှာပဲ Google ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အနည်းငယ် ခက်ခဲနေတာပါ"

ကမ္ဘာပေါ်တွင် ကိုယ်ပိုင် ရှာဖွေရေး ဝဘ်ဆိုဒ် နည်းပညာကို ပိုင်ဆိုင်ထားသော နိုင်ငံ လေးနိုင်ငံမှာ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားတို့ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ဘာသာစကား သုံးစွဲသော နိုင်ငံများတွင် အသုံးပြုသူဦးရေ အများဆုံးကို ပိုင်ဆိုင်ထားကြခြင်းမှာ မဆန်းပါချေ။

"တွေ့လား... သူတို့တွေလည်း ကောင်းကောင်း လုပ်ဆောင်နိုင်တာပဲလေ။ ဒါကြောင့် တခြားလူတွေကိုလည်း သူတို့ရဲ့ အရည်အချင်းကို ပြသနိုင်ဖို့ အခွင့်အရေး ပေးရမယ်၊ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်သင့်ဘူး။ ဒါနဲ့... ခင်ဗျားရဲ့အစီရင်ခံစာထဲမှာ Google က စတော့ဈေးကွက် (IPO) တက်ဖို့ စီစဉ်နေတယ်လို့ ကြားမိတယ်"

"ဟုတ်ပါတယ်... Google အနေနဲ့ ပြည်ပကို နယ်မြေချဲ့ထွင်တဲ့ နေရာမှာ ရန်ပုံငွေ ဖိအားက အရမ်းကြီးမားနေပါတယ်။ ပြင်သစ်၊ ဂျာမန်၊ အာရပ်နဲ့ ရုရှား ဗားရှင်းတွေအတွက် နည်းပညာ ဖော်ဆောင်ရမှာမို့ ငွေအမြောက်အမြား လိုအပ်နေတာပါ။ ပြီးတော့ ဆာဂေးတို့ဆီမှာ စိတ်ကူးသစ် တစ်ခု ရှိသေးတယ်၊ အဲဒါက GPRS ကို အခြေခံတဲ့ 'မြေပုံ' တစ်ခု လုပ်ဖို့ပါပဲ။ လူတွေ ခရီးသွားတဲ့အခါ လမ်းကြောင်း ရှာဖွေရတာ လွယ်ကူစေဖို့ပေါ့။ ဒါက ဆက်သွယ်ရေးနဲ့ တည်နေရာပြ ဂြိုဟ်တုတွေ လိုအပ်တာမို့ ငွေကြေး လိုအပ်ချက်က အရမ်းကြီးမားနေတာကြောင့် စတော့ဈေးကွက်ကနေ ရန်ပုံငွေ ရှာဖို့ ဆုံးဖြတ်လိုက်တာပါ"

"လက်ရှိ အမေရိကန် စတော့ဈေးကွက်က ပြန်လည်ဦးမော့လာမယ့် အရိပ်အယောင်တွေ ရှိနေပြီ။ အခု အချိန်မှာ စတော့တင်လိုက်ရင် နောက်ထပ် သုံးနှစ်အကြာမှာ စတော့ဈေးနှုန်းတွေက အလွန်မြင့်မားတဲ့ အနေအထားကို ရောက်သွားမှာ သေချာတယ်။ အဲဒီအချိန်ကျရင် ငါတို့ဆီက မဲပေးပိုင်ခွင့် မရှိတဲ့ ရှယ်ယာအချို့ကို ထုတ်ရောင်းပြီး အမြတ်ထုတ်လို့ ရတာပေါ့၊ အမြတ်ကတော့ နည်းမှာ မဟုတ်ဘူး"

"အင်း... ဒီစီမံကိန်းက ဖြစ်နိုင်ပါတယ်။ ခင်ဗျား ထိပ်တန်း ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေကို ဆက်သွယ်လိုက်ပါ။ သူတို့တွေလည်း Google ရဲ့ စတော့တွေကို ဖြန့်ချိခွင့် ရဖို့ စိတ်ဝင်စားကြမှာပါ" သူတို့ကို ဖြန့်ချိခွင့် ပေးလိုက်ခြင်းမှာလည်း ၎င်းတို့အား Google ၏ ရှယ်ယာအချို့ကို ဝယ်ယူခွင့် ပေးလိုက်ခြင်း ဖြစ်သလို၊ ထိုမှတစ်ဆင့် အမြတ်ဝေစု ခွဲဝေပေးလိုက်ခြင်းလည်း ဖြစ်သည်။

Google ၏ ဈေးကွက်ဝေစု ဤမျှ မြင့်မားနေခြင်းက လူအတော်များများအား မနာလို ဖြစ်စေနိုင်ပေသည်။ ထိုအချိန်တွင် ဧရာမ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းကြီးများ သို့မဟုတ် ငွေကြေး အင်အားစုကြီးများကို ဆွဲသွင်းလိုက်ခြင်းအားဖြင့် ဖိအားများကို ခွဲဝေယူစေနိုင်သလို ၎င်းတို့၏ လူမှုကွန်ရက်များကို အသုံးချကာ Google ကို ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

နောက်ထပ် သုံးလေးနှစ်အကြာတွင် စတော့ဈေးကွက် အမြင့်ဆုံး အခြေအနေနှင့် ကြုံကြိုက်သည့်အခါ ရှယ်ယာအချို့ကို ငွေသားအဖြစ် ပြောင်းလဲလိုက်ခြင်းက အကျိုးအမြတ် အရှိဆုံးပင်။ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီ၏ အချုပ်အခြာ အာဏာကိုတော့ မိမိလက်ထဲမှာပဲ ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်သည်ဟု ဖုန်းယွီက တွေးတောနေမိသည်။

ရှယ်ယာ အမြတ်ဝေစုထက်စာလျှင် စတော့ဈေးနှုန်း မြင့်တက်လာခြင်းမှ ရရှိသော အမြတ်မှာ ပို၍ကြောက်ခမန်းလိလိ ကောင်းလှပေသည်။ စတော့ဈေးနှုန်းများ အောက်ဆုံးသို့ ပြန်ကျသွားသည့် အခါမှသာ ငွေအနည်းငယ် သုံးပြီး ပြန်လည် ဝယ်ယူလိုက်ရုံသာ ရှိတော့သည်။

ဤနှစ်နှစ်အတွင်း ဖုန်းယွီသည် Amazon၊ Googleနှင့် Baidu စသည့် ကုမ္ပဏီ အားလုံးကို စတော့ဈေးကွက် တင်ရန် စီစဉ်ထားပြီး၊ စတော့ဈေးကွက်၏ အကောင်းဆုံး အခြေအနေကို အရယူရန် ပြင်ဆင်နေသည်။

သို့သော် အဓိကအသက်သွေးကြောဖြစ်သော ပိုင်ဆိုင်မှုအချို့ကိုမူ စတော့ဈေးကွက် တင်မည် မဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်သည်။ ဥပမာ Alipayနှင့်PayPal တို့ကဲ့သို့သော လုပ်ငန်းများ ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းယွီ၏ လက်ထဲ၌ ငွေသား အမြောက်အမြား ရှိနေမည် ဖြစ်ရာ၊ သူသည် Minsheng ဘဏ်၏ ရှယ်ယာများကို ထပ်မံ ဝယ်ယူပြီး Minshengဘဏ် ကို ပြည်ပသို့ပါ တိုးချဲ့ကာ တစ်ကမ္ဘာလုံးတွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်မည် ဖြစ်သည်။

အွန်လိုင်း ဘဏ္ဍာရေးနှင့် ရိုးရာ ဘဏ်လုပ်ငန်းတို့ကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ဧရာမ ဘဏ္ဍာရေး လုပ်ငန်းစုကြီး တစ်ခုကို တည်ဆောက်မည် ဖြစ်သည်။ ဤသို့ဖြင့်သာ သူသည် ကမ္ဘာ့ထိပ်တန်း ငွေကြေး အင်အားစုကြီးများကို အမှန်တကယ် ရင်ဘောင်တန်းနိုင်မည် ဖြစ်သလို၊ ကမ္ဘာ့ စီးပွားရေး ပိရမစ်၏ အထိပ်ဆုံး နေရာတွင် တကယ်တမ်း ရပ်တည်နိုင်မည် ဖြစ်သည်။

" Boss... ဒါကိုတော့ စိတ်ချပါ။ Google ရဲ့ နာမည်နဲ့ဆိုရင် ငါတို့ရဲ့ စတော့ဖြန့်ချိရေး မိတ်ဖက် ဖြစ်လာဖို့အတွက် ထိပ်တန်း အင်အားစုကြီးတွေပဲ ဖြစ်ရပါလိမ့်မယ်။ အခုတောင်မှ အင်အားစုကြီး တစ်ခုမကက ငါ့ဆီကို ဆက်သွယ်ပြီး Google မှာ ရှယ်ယာ ပါဝင်ချင်တယ်လို့ ပြောနေကြပြီ။ နာမည်ကြီး စီမံခန့်ခွဲသူအချို့ကလည်း ငါတို့ရဲ့ဒါရိုက်တာအဖွဲ့ထဲမှာ ပါဝင်ချင်နေကြတယ်"

"အဲဒီ ထိပ်တန်းအင်အားစုကြီးတွေထဲက နှစ်ယောက် သုံးယောက်လောက်ကိုတော့ ဒါရိုက်တာအဖြစ် ခန့်အပ်လို့ ရပါတယ်။ ဒါပေမဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ ရှယ်ယာတွေကိုတော့ သူတို့ကို လုံးဝ မရောင်းရဘူး"

သူတို့အား အမြတ်ခွဲဝေခွင့် ပေးနိုင်သော်လည်း၊ ကုမ္ပဏီ၏ အဓိက ဆုံးဖြတ်ချက်ချနိုင်သော မဲပေးပိုင်ခွင့်ကိုတော့ မိမိလက်ထဲမှာပဲ ဆုပ်ကိုင်ထားရမည်။ ဖုန်းယွီအနေဖြင့် ထိုရင်းနှီးမြှုပ်နှံသူများကို လုံးဝစိတ်မချပါချေ။ အကယ်၍ သူတို့က လှည့်ကွက်များ သုံးလာမည်ဆိုပါက ဖုန်းယွီ၏ အတွေ့အကြုံက သူတို့အား ယှဉ်နိုင်ရန် မသေချာသောကြောင့် ဖြစ်သည်။

"နောက်ပြီး အချို့သော သူတွေက Amazonရဲ့ ရှယ်ယာတွေကိုလည်း စိတ်ဝင်စားနေကြတယ်။ သူတို့ကိုလည်း ရှယ်ယာအချို့ ရောင်းပေးပြီး ဒါရိုက်တာ နေရာတွေ ပေးရမလား"

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ "ပြဿနာ မရှိပါဘူး။ သူတို့ရဲ့ အကူအညီ ရှိမှသာ ကုမ္ပဏီရဲ့ နယ်မြေချဲ့ထွင်မှုက ပိုပြီးမြန်ဆန်မှာပါ။ ဒါပေမဲ့ ဒါရိုက်တာတွေကို ရွေးချယ်တဲ့အခါမှာ ဒေသအလိုက်ကို ထည့်သွင်း စဉ်းစားရမယ်။ ဥရောပဘက်က အင်အားစုကြီးတွေကိုလည်း ထည့်သွင်းရမယ်၊ ဒါမှ ကုမ္ပဏီ ဥရောပကို တိုးချဲ့တဲ့အခါ အဆင်ပြေမှာ။ အမေရိကန်ဘက်ကတော့ နောက်ထပ် တစ်ယောက်ဆိုရင် လုံလောက်ပါပြီ"

မူလကပင် ကုမ္ပဏီ၏ အမှုဆောင်ချုပ် စသူတို့မှာ အမေရိကန်လူမျိုးများ ဖြစ်နေကြပြီဖြစ်ရာ၊ ဒါရိုက်တာအဖွဲ့ထဲတွင်လည်း အမေရိကန်တွေ အရမ်း များနေမည်ဆိုပါက မသင့်တော်လှပါချေ။

"Boss... ကျွန်တော် နားလည်ပါပြီ။ Google ဘက်က နောက်ဆုံး အစီရင်ခံစာအရ သူတို့တွေ ဗီဒီယို ဝဘ်ဆိုက်တစ်ခု တည်ထောင်ဖို့ စီစဉ်နေကြတယ်။ သူငယ်ချင်းတွေကြားမှာ ဗီဒီယို အတိုလေးတွေ (Video clips) မျှဝေလို့ ရအောင်ပေါ့။ ကျွန်တော် ကြည့်ရသလောက်တော့ လုပ်ဆောင်ချက်တွေက တရုတ်ပြည်က Sohuရဲ့ ဗီဒီယို ကဏ္ဍနဲ့ ဆင်တူနေတယ်"

ဖုန်းယွီက မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။ Google က ကိုယ်ပိုင် ဗီဒီယို မျှဝေရေး ဝဘ်ဆိုက်တစ်ခု ဖန်တီးတော့မည် ဟုတ်လား။ (YouTube လို စိတ်ကူးမျိုးကို ဆိုလိုခြင်းပါ။) ဤသည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။ ထိုသို့သော ဗီဒီယို ဝဘ်ဆိုက်များ ပေါ်ထွက်လာခြင်းက မိသားစုသုံး ဗီဒီယိုကင်မရာ ရောင်းအားကိုလည်း လှုံ့ဆော်ပေးမည် ဖြစ်သည်။ ဈေးကွက်ကြီးမားလာပါက သူတို့၏ Songjiang ဗီဒီယိုကင်မရာများမှာ ဂျပန်ထုတ်ကုန်များလောက် မသာစေဦးတော့ ရောင်းအားကိုတော့ တိုးတက်စေမည် မဟုတ်ပါလား။

ထို့ထက်ပိုသည်မှာ Songjiang ဗီဒီယိုကင်မရာများမှာ ဈေးနှုန်း ပိုမို သက်သာပြီး သယ်ဆောင်ရ ပို၍လွယ်ကူသဖြင့်၊ ရောင်းအားရော ဈေးကွက်ဝေစုပါ မြင့်တက်လာရမည်ဟု ဖုန်းယွီက ယူဆထားသည်။

"ဒီစိတ်ကူးက ကောင်းပါတယ်။ ဒါနဲ့... ဒီကိစ္စကို ဘယ်သူ့ကို တာဝန်ပေးဖို့ စီစဉ်ထားကြလဲ"

"PayPal က အရင် ဝန်ထမ်းဟောင်း သုံးယောက်ပါ၊ သူတို့က အဆင့်မြင့် ကွန်ရက် အင်ဂျင်နီယာတွေပေါ့။ ပြီးတော့ Google ရဲ့ ကိုယ်ပိုင်အဖွဲ့ဝင် အချို့လည်း ပါဝင်ပါတယ်"

ဖုန်းယွီ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ။ ဒါပေမဲ့ တစ်ခု သတိထားဖို့က... အဲဒီ ဗီဒီယို အတိုလေးတွေဟာ ကိုယ်တိုင်ဖန်တီးထားတာဖြစ်ဖို့ကို အလေးပေးရမယ်။ အထူးသဖြင့် မူပိုင်ခွင့်ပြဿနာတွေ မဖြစ်အောင်ပေါ့။ ဗီဒီယိုတွေထဲက တေးသံစုံ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို သေသေချာချာ စိစစ်ရမယ်။ ရုပ်ရှင်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အင်တာနက် ပြသခွင့်တွေကို ဝယ်ယူထားရမယ်။ သူတို့တွေ ငါတို့ကို အကွက်ချောင်းပြီး တရားစွဲမယ့် အခွင့်အရေးမျိုး မပေးစေနဲ့"

လက်ရှိတွင် Google ၏ အဆင့်အတန်းမှာ အလွန်မြင့်မားနေသလို၊ တဟုန်ထိုး တိုးတက်နေမှုကြောင့် Googleဆီမှ အသားတစ်ဖဲ့လောက် ကိုက်ယူချင်နေသူတွေက အလွန်များပြားလှသည်။

အမေရိကန်တွင် နစ်နာကြေး အဆမတန် တောင်းဆိုသော အမှုများမှာ ချမ်းသာသော ကုမ္ပဏီများကိုသာ ပစ်မှတ်ထားလေ့ ရှိကြသည်။ ဥပမာ သူဌေးတစ်ဦးက ဆင်းရဲသားတစ်ဦးကို ကားနှင့် တိုက်မိပါက၊ ၎င်းတို့သည် ခွဲခြားဆက်ဆံမှု စသည့်အကြောင်းပြချက်များပါ ထည့်သွင်းကာ ဒေါ်လာ သန်းချီ၍ တောင်းဆိုတတ်ကြသည်။ သို့သော် သာမန်လူတစ်ဦးကသာ တိုက်မိပါက ငွေတစ်ထောင်လောက် တောင်းရဖို့ပင် မလွယ်ကူမှန်း သိသဖြင့် ဖုန်ခါပြီး ထသွားတတ်ကြသည် မဟုတ်ပါလား။

"ကောင်းပါပြီ... ကျွန်တော် ဘရင်း တို့ကို ပြန်ပြီး မှာကြားလိုက်ပါ့မယ်။ ဒါနဲ့ Boss... ကျွန်တော့်မှာ ပုဂ္ဂိုလ်ရေး ကိစ္စလေး တစ်ခုရှိလို့၊ ခင်ဗျားရဲ့ အကြံဉာဏ်ကို တောင်းချင်ပါတယ်"

ဖုန်းယွီက ခါမီဒါ မာဆာအိုကို သိချင်စိတ်ဖြင့် ကြည့်လိုက်မိသည်။ ဘာကိစ္စများကြောင့် ဒီပညာရှင်ကြီးက စကားပြောဖို့ ခက်ခဲနေပါလိမ့်။

******

All Chapters