← Chapters

အခန်း (၅၉၉-၆၀၁)

Vol. 41 Ch. 599-601

အခန်း (၅၉၉-၆၀၁)

Vol. 41 Ch. 599-601

အခန်း ၅၉၉ - ထိပ်တိုက်တွေ့ဆုံခြင်း

"ကိုယ်တိုင်သွားမယ်။"

မဟာမိတ်သိုင်းအဖွဲ့ တမန်တော်၏ စကားကို ကြားသောအခါ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ဥပဒေစိုးမိုးရေးအဖွဲ့မှ သခင်ကြီးကျန်းက အကဲခတ်သည့်အနေဖြင့် မေးလိုက်သည်။ "တမန်တော်မင်းကြီး... အဲဒီတရားခံကို တကယ်ပဲ ကိုယ်တိုင်သွားတွေ့မလို့လားခင်ဗျာ။"

သခင်ကြီးကျန်း သတိထားမိသည်မှာ လူလတ်ပိုင်းပညာတတ်သည် ဓားခြောက်လက် တည်းခိုခန်းရှိရာဘက်သို့ ကြည့်ပြီးမှ ဤစကားကို ပြောလိုက်ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သူ၏ စိတ်ဝင်စားမှုကို ရရှိသွားသူမှာ လီမီးတောက်ဂိုဏ်းဆိုင်တွင် ပြဿနာရှာခဲ့သည့် ကျန်းယိတောင် ဖြစ်နေပုံရသည်။

မပြောပလောက်သည့် ဂျူနီယာလေးတစ်ယောက်က မဟာမိတ်သိုင်းအဖွဲ့ တမန်တော်ကိုယ်တိုင် လာတွေ့ချင်လောက်အောင် စိတ်ဝင်စားမှုကို ရရှိသွားတာလား။ ကျန်းမှာ ကြောင်အသွားသလို လီမီးတောက်ဂိုဏ်း အကြီးအကဲမှာလည်း ဆွံ့အသွားတော့သည်။

လူလတ်ပိုင်းပညာတတ်က "စိတ်ဝင်စားစရာပဲ" ဟု မှတ်ချက်ပေးခဲ့သော်လည်း ဒေါသထွက်နေသည့်ပုံ မပေါ်ပေ။ ဤအခြေအနေမှာ ၎င်းတို့အတွက် နိမိတ်မကောင်းပါချေ။

"တရားခံ။"

လူလတ်ပိုင်းပညာတတ်က ရယ်မောလိုက်ပြီး "တရားခံဆိုတဲ့ စကားလုံးက နည်းနည်းတော့ လွန်သွားပြီထင်တယ်။ လူငယ်ဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရလာရင် နည်းနည်းတော့ ကြွားဝါချင်တာ၊ ပေါ်ပေါ်ထင်ထင် နေချင်တာ သဘာဝပဲလေ။ ဒါက ကျိုးကြောင်းဆီလျော်ပါတယ်"

ဤစကားကို ကြားသောအခါ တမန်တော်နှင့်အတူ အမြဲလိုက်ပါလာသည့် ရုပ်ချောချော လူငယ်လေးမှာ မျက်မှောင်ကြုတ်သွားတော့သည်။ တမန်တော်၏ လေသံအရ ကုန်းစွန်းယန်တို့ကို အနိုင်ယူလိုက်သူမှာ လူငယ်တစ်ဦး ဖြစ်နေသည်လား။

ကြည့်ရသည်မှာ ထိုလူငယ်သည် ကုန်းစွန်းယန်ကဲ့သို့ အမှိုက်များထက် ကျိန်းသေပေါက် ပို၍အင်အားကြီးပုံရသည်။ ထို့ပြင်... သူသည် တမန်တော်ကို "စိတ်ဝင်စားစရာပဲ" ဟုပင် ပြောထွက်အောင် လုပ်နိုင်ခဲ့သည်။

သူက စိတ်ဝင်စားဖို့ကောင်းလို့လား...။

ရုပ်ချောချောလူငယ်သည် မျက်မှောင်ကြုတ်ကာ သူ၏လက်ချောင်းများကို မသိမသာ ချိုးလိုက်မိသည်။ တမန်တော်က ထိုအမူအရာကို သတိပြုမိသော်လည်း လျစ်လျူရှုထားလိုက်ပြီး ကျန်းကို ဆက်ပြောလိုက်သည်။

"လူငယ်ဆိုတာ ဒေါသထွက်လွယ်တတ်တာပဲ။ ပြီးတော့ မင်းရဲ့ ဥပဒေစိုးမိုးရေးသမားတွေကလည်း အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း လုပ်တတ်ကြတာ မဟုတ်လား။

လီမီးတောက်ဂိုဏ်းကလည်း နည်းနည်းတော့ မောက်မာပြခဲ့ပုံရတယ်၊ အဲဒီတော့ ပဋိပက္ခဖြစ်တာ မဆန်းပါဘူး။ သူက စိတ်လိုက်မာန်ပါနဲ့ မင်းလူတွေကို ရိုက်လိုက်တာကလည်း ပုံမှန်ပါပဲ"

ပုံမှန်....

ကုန်းစွန်းတိန်မှာ ဆွံ့အသွားတော့သည်။ သူတို့ လီမီးတောက်ဂိုဏ်းရဲ့ ဆိုင်လည်း အဖျက်ဆီးခံရတယ်၊ လူ ၁၀ ယောက်ကျော်လည်း ဒုက္ခိတဖြစ်သွားတယ်။

စုံစမ်းဖို့သွားတဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ခေါင်းဆောင်တောင် ရုပ်ပျက်ဆင်းပျက် အရိုက်ခံလိုက်ရတာ။

ဒါကို တမန်တော်က "ပုံမှန်" လို့ပဲ မှတ်ချက်ပေးတာလား။ အကယ်၍ ဤစကားကို အခြားသူတစ်ဦးက ပြောလျှင် ကုန်းစွန်းတိန်မှာ ဒေါသပေါက်ကွဲမိမည် ဖြစ်သည်။

သို့သော် မဟာမိတ်သိုင်းအဖွဲ့ တမန်တော်က ပြောနေမှတော့ သူ ဘာပြန်ပြောရဲမည်နည်း။

"တမန်တော်မင်းကြီး... အကယ်၍ ဒီကိစ္စကို အပြစ်မပေးဘူးဆိုရင် နောင်မှာ ကျွန်တော်တို့ ဥပဒေစိုးမိုးရေးအဖွဲ့က..." ကျန်းသည် အကျပ်ရိုက်စွာ ပြောလိုက်သည်။ တမန်တော်သည် ဤကိစ္စကို အမှုလုပ်ရန် စိတ်မဝင်စားဘဲ ထိုလူငယ်ကိုသာ စိတ်ဝင်စားနေသည်မှာ ထင်ရှားလှသည်။ ဤသည်မှာ သတင်းကောင်းမဟုတ်ပါချေ။

သူ၏ ဥပဒေစိုးမိုးရေးအဖွဲ့၏ ဂုဏ်သိက္ခာကို မည်သို့ ဆက်လက်ထိန်းသိမ်းရပါမည်နည်း။

တမန်တော်က "အပြစ်ပေးဖို့ကတော့ လိုအပ်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်အရည်အချင်းကို အားကိုးပြီး ရမ်းကားတာမျိုးက မကောင်းဘူးလေ။ ဆုံးမဖို့တော့ လိုတာပေါ့" ဟု ဆိုလိုက်သည်။

တမန်တော်၏ စကားကြောင့် ကုန်းစွန်းတိန်မှာ လုံးဝ စကားမပြောနိုင်တော့ပါချေ။

"ဆုံးမရုံပဲလား"

ထျန်းဝူမြို့တော်တွင် ရန်ပွဲဖြစ်ပွားခြင်းမှာ ကျန်းနှင့် ကုန်းစွန်းတိန်တို့အတွက် ဂုဏ်သိက္ခာကို ကြီးမားစွာ ထိပါးခြင်း ဖြစ်သော်လည်း တမန်တော်အတွက်မူ ကလေးချင်း ရန်ဖြစ်နေသကဲ့သို့ပင်။ သူ လုံးဝ အရေးမလုပ်ပါချေ။

"အကြီးအကဲကုန်းစွန်း... ခင်ဗျားလည်း အရမ်း စိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်တော် လျော်ကြေးပေးမှာပါ။ ခင်ဗျားရဲ့ဆိုင် အဖျက်ဆီးခံရတယ်ဆိုတော့ နောက်ထပ်ဆိုင်သစ်တစ်ဆိုင် ဖွင့်ခွင့်ပေးပါ့မယ်" တမန်တော်က အေးဆေးစွာ ပြောလိုက်သည်။

သူ၏အဆင့်အတန်းအရ ပါရမီမရှိသော လီမီးတောက်ဂိုဏ်း အစောင့် ၁၀ ယောက်ကျော် ဒုက္ခိတဖြစ်သွားခြင်းမှာ ဘာမှမဟုတ်ပါ။ ဆိုင်တစ်ဆိုင် ထပ်ပေးလိုက်ခြင်းကပင် လျော်ကြေးအဖြစ် လုံလောက်လှပေပြီ။

တမန်တော်က ဤသို့ပြောလိုက်သဖြင့် ကုန်းစွန်းတိန်နှင့် ကျန်းတို့မှာ မည်မျှပင် မကျေနပ်သော်လည်း သူ၏နောက်မှ ဓားခြောက်လက် တည်းခိုခန်းသို့ လိုက်သွားကြရတော့သည်။ ရတနာတိုက်မှ ထွက်လာသည်နှင့် အရှက်ရနေသော လူအချို့နှင့် တိုးတော့သည်။

၎င်းတို့ကို ဦးဆောင်လာသူမှာ ကုန်းစွန်းယန်ပင် ဖြစ်သည်။ နှာခေါင်းချွန်နှင့်လူနှင့် ကုန်းစွန်းကျီတို့မှာ ပျောက်ကွယ်နေကြပြီ ဖြစ်သည်။ ကုန်းစွန်းကျီမှာ ဒဏ်ရာအနည်းငယ်သာ ရသဖြင့် အဆင်ပြေသော်လည်း နှာခေါင်းချွန်နှင့်လူမှာမူ နှာခေါင်းကြီး မျက်နှာထဲ ချိုင့်ဝင်သွားသဖြင့် ကြည့်မကောင်းလောက်အောင် ဖြစ်နေသည်။ ကုန်းစွန်းယန် တစ်ယောက်တည်းသာ ဂုဏ်သိက္ခာကို အရှုံးပေး တောင်းပန်ခဲ့သဖြင့် အကောင်းအတိုင်း ပြန်လာနိုင်ခြင်း ဖြစ်သည်။

တမန်တော်ကို မြင်လိုက်ရသောအခါ ကုန်းစွန်းယန်မှာ ပျာယာခတ်သွားတော့သည်။ သူသည် တောင်ဘက်ပင်လယ်လူရိုင်းကို ဆုံးမရန် အရှိန်အဝါအပြည့်ဖြင့် သွားခဲ့သော်လည်း အခုတော့ တစ်ဖွဲ့လုံး အရှက်တကွဲ ပြန်ဆုတ်လာခဲ့ရပြီ မဟုတ်ပါလား။

"တ... တမန်တော်မင်းကြီး" ကုန်းစွန်းယန်သည် ပြာပြာသလဲ အရိုသေပေးလိုက်သည်။

တမန်တော်က ခေါင်းတစ်ချက် ငြိမ့်ပြရုံသာ ပြုလုပ်ပြီး ဘာမှမပြောပေ။

သို့သော် သူ၏နောက်မှ ရုပ်ချောချောလူငယ်ကမူ နှာခေါင်းရှုံ့လျက် အသံပို့လွှတ်ကာ "အမှိုက်ပဲ။ လမ်းဘေးခွေးတစ်ကောင်လို ပြန်လာရတယ်လို့" ဟု လှောင်လိုက်သည်။

မင်း.... ကုန်းစွန်းယန်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားတော့သည်။ ဤရုပ်ချောချောလူငယ်မှာ ကောင်းကင်ဘုံဥပဒေသ သမဂ္ဂဝင် ဖြစ်ရုံနှင့် အလွန်မောက်မာလှပြီး သူ့ကို ခဏခဏ လှောင်ပြောင်နေခြင်း ဖြစ်သည်။

"တော်တော့" ထိုစဉ် ကုန်းစွန်းတိန်၏ အသံမှာ ကုန်းစွန်းယန်၏ နားထဲတွင် ဟိန်းထွက်လာသည်။

ရုပ်ချောချောလူငယ်မှာ အသံလွှင့်၍သာ ပြောခဲ့သော်လည်း ကုန်းစွန်းယန်၏ တုံ့ပြန်မှုနှင့် ကြည့်ပုံအရ ဘာဖြစ်နေသည်ကို ကုန်းစွန်းတိန် ရိပ်မိလိုက်သည်။ အမှန်စင်စစ် ကုန်းစွန်းတိန်တင်မက တမန်တော်ကိုယ်တိုင်လည်း သတိပြုမိသော်လည်း ဘာမှဝင်မပြောပါချေ။

"မင်း အရှက်ကွဲတာ မဝသေးဘူးလား။ အဲဒီလူရိုင်းကိုသာ အနိုင်ယူခဲ့ရင် ဒါမျိုးတွေ ဖြစ်ပါ့မလား။ ငါတို့ လီမီးတောက်ဂိုဏ်းကို အလှောင်ခံရအောင် လုပ်တယ်" ကုန်းစွန်းတိန်က စိတ်ပျက်လက်ပျက်ဖြင့် ဆူပူလိုက်သည်။ ကုန်းစွန်းယန်မှာ ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထား လိုက်ရတော့သည်။

၎င်းတို့အဖွဲ့မှာ ပညာရှင်များ ဖြစ်ကြသဖြင့် အေးအေးဆေးဆေး လျှောက်နေကြသော်လည်း တစ်မိနစ်ပင် မပြည့်မီမှာပင် ရတနာတိုက်မှ ဓားခြောက်လက် တည်းခိုခန်းသို့ ရောက်ရှိသွားကြသည်။

"ဒီနေရာလား။"

တမန်တော်သည် လက်ကို နောက်ပစ်လျက် တည်းခိုခန်းရှေ့တွင် ရပ်နေသည်။ သူ၏ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားလှသဖြင့် ဖြတ်သန်းသွားလာသူတိုင်းက လှမ်းကြည့်ကြသည်။ သူ ဘယ်သူမှန်း မသိကြသော်လည်း သာမန်လူမဟုတ်ကြောင်းတော့ လူတိုင်း ခံစားမိကြသည်။

တည်းခိုခန်း၏ တံခါးမှာ နှာခေါင်းချွန်နှင့်လူကြောင့် ပျက်စီးနေပြီ ဖြစ်သည်။ အတွင်း၌လည်း ရှုပ်ပွနေဆဲဖြစ်ကာ လူအချို့လည်း ဝိုင်းကြည့်နေကြဆဲပင်။ သို့သော် လူတိုင်းမှာ တမန်တော်ရှိသည့်နေရာကို မသိစိတ်မှပင် ရှောင်ရှားသွားကြသဖြင့် သူရပ်နေသည့် နေရာမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ တမန်တော်သည် အထဲသို့ မဝင်ဘဲ စောင့်ဆိုင်းနေလိုက်သည်။

ထိုအချိန်တွင် အပြာရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ဓားတစ်လက်ကို ကိုင်လျက် ရှုပ်ပွနေသော တည်းခိုခန်းထဲမှ ထွက်လာသည်။

ဤလူငယ်မှာ အလွန်သာမန်ဆန်ပြီး လူအုပ်ထဲတွင် အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည့် ပုံစံမျိုးပင်။ သို့သော် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ လူအများကို ထိတ်လန့်သွားစေသည်။

ဤလူငယ်မှာ "ကြယ်တာရာပြောင်းလဲခြင်း ကောင်းကင်လှည့်စားကျမ်း" ကို အသုံးပြုထားသည့် ယီယွင်ပင် ဖြစ်သည်။ ထိုမှော်ပညာဖြင့် သူ၏ ရုပ်ရည်၊ အရှိန်အဝါနှင့် အရိုးသက်တမ်းကိုပင် ပြောင်းလဲထားခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ မောက်မာသော ဟန်ပန်မှာ လွန်ခဲ့သော ခုနစ်နှစ်ခန့်က ပျောက်ကွယ်သွားခဲ့သည့် ယီယွင်နှင့် ဆက်စပ်ရန် လူတိုင်းအတွက် ခက်ခဲစေသည်။

တမန်တော်နှင့် ယီယွင်တို့မှာ မျက်လုံးချင်း ဆုံလိုက်ကြသည်။

သူပဲလား...။

ယီယွင်သည် တမန်တော်ထံမှ ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ စောစောက သူ့ကို အေးစိမ့်သွားအောင် အာရုံခံလိုက်သူမှာ ဤပုဂ္ဂိုလ်ပင် ဖြစ်ပုံရပေသည်။

အခန်း ၆၀၀ - ဖိတ်ခေါ်ခြင်း

“မင်းနာမည် ဘယ်လိုခေါ်သလဲ။”

လူလတ်ပိုင်းပညာတတ်က ယီယွင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ယီယွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အမူအရာကင်းမဲ့စွာဖြင့် စကားသုံးခွန်း ပြောလိုက်သည် “ကျန်းယိတောင် (ဓားတစ်ချက်ကျန်း) ပါ”

“ဒါက မင်းရဲ့ဘွဲ့အမည်ပဲ။ ငါမေးတာက မင်းရဲ့နာမည်အရင်းကိုပါ” ဒီကိုလာတဲ့လမ်းမှာ လူလတ်ပိုင်းပညာတတ်ဟာ ယီယွင်ရဲ့ ကြုံးဝါးမှုကို ကြားခဲ့ပြီးသားဖြစ်သည်။ မိမိနှင့်အဆင့်တူ ပါရမီရှင်တစ်ယောက်ကို နှိမ်နင်းဖို့ ဒုတိယတစ်ချက် ထပ်သုံးစရာမလိုဘူးဆိုသည့် စကားမှာ သူ့အတွက် အတော်လေး စိတ်ဝင်စားစရာကောင်းနေသည်။

ယီယွင်က မျက်တောင်မခတ်ဘဲ ပြန်ပြောလိုက်သည် “ဒီဘွဲ့အမည်ကပဲ ကျွန်တော့်နာမည်ပါ။ အကယ်၍ ဒီဘွဲ့နဲ့ မထိုက်တန်တော့တဲ့နေ့ ကျရောက်လာရင် နာမည်ဆိုတာ ကျွန်တော့်အတွက် အပိုပဲ ဖြစ်ပါလိမ့်မယ်”

လူလတ်ပိုင်းပညာတတ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်သည် “တကယ်ပဲ... လူငယ်တွေက မောက်မာတတ်ကြတာပဲ”

ဘေးနားရှိ ကုန်းစွန်းယန်မှာ ထိုစကားကို ကြားသောအခါ အံကြိတ်နေမိသည်။ ဒီ 'ကျန်းယိတောင်' ဆိုတဲ့ကောင်က သူ့အဖေ ဘယ်သူလဲ၊ မျိုးရိုးက ဘာလဲဆိုတာတောင် မေ့နေပုံရပြီ သူသည် သူ့ဘဝတွင် မောက်မာသူများစွာ မြင်ဖူးသော်လည်း ဤမျှအဆင့်အထိ ရမ်းကားသူကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

မဟာမိတ်သိုင်းအဖွဲ့ တမန်တော်၏ရှေ့တွင် ရှိနေပြီး ထျန်းဝူမြို့တော်တွင် လူသတ်မှု ကျူးလွန်ထားကာ ဥပဒေစိုးမိုးရေးအဖွဲ့ကိုပါ ရိုက်နှက်ထားသည့်တိုင် သူက ဤမျှ မောက်မာနေဆဲလား။ သူက သူ့ကိုယ်သူ ဘယ်သူမှတ်နေလို့လဲ။ ကုန်းစွန်းယန်ကတော့ ယီယွင်တစ်ယောက် တမန်တော်ကို စော်ကားမိပြီး ရိုက်သတ်ခံလိုက်ရဖို့သာ ဆုတောင်းနေတော့သည်။

သို့သော်... တမန်တော် ဆက်ပြောလိုက်သည့် စကားကြောင့် ကုန်းစွန်းယန်မှာ မိမိလျှာကိုပင် ကိုက်မိလုနီးပါး ဖြစ်သွားရသည်။

လူလတ်ပိုင်းပညာတတ်က လက်ကို အသာအယာ ပုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ပါရမီရှိတဲ့လူတွေ မောက်မာတာက ပုံမှန်ပါပဲ။ ငါက အဲဒီလိုလူမျိုးတွေကို သဘောကျတယ်။ ဒါပေမဲ့ ပါရမီမရှိဘဲ ရမ်းကားနေတာကတော့ လူမိုက်လုပ်တာပဲ။ အကယ်၍ မင်းရဲ့ တန်ဖိုးကို ငါ့ကိုပြနိုင်မယ်ဆိုရင် မင်းကို 'ကောင်းကင်ဘုံဥပဒေသ သမဂ္ဂ' ထဲ ဝင်ခွင့်ပေးမယ်”

ကောင်းကင်ဘုံဥပဒေသ သမဂ္ဂ ထိုအမည်ကို ကြားလိုက်ရချိန်တွင် ကုန်းစွန်းယန်၏ ရင်ထဲ၌ တုန်လှုပ်သွားတော့သည်။ သူသည် ထိုအဖွဲ့ထဲဝင်ရန် အလွန်အမင်း ကြိုးစားနေရသော်လည်း အခုတော့ ဤအဖိုးတန်နေရာကို တမန်တော်က ကျန်းယိတောင်အား ပေးလိုက်သည်လား။

လီမီးတောက်ဂိုဏ်းဆိုင်ကို ဖျက်ဆီးပြီး မြို့ထဲမှာ ပြဿနာရှာထားတဲ့ တရားခံတစ်ယောက်က ဒီလိုအခွင့်အရေး ရသွားချိန်မှာ သူကိုယ်တိုင်ကတော့... ကုန်းစွန်းယန် တစ်ယောက် စိတ်ဓာတ်တွေ လုံးဝကျသွားတော့သည်။ သူ ဤအချက်ကို လက်မခံနိုင်ပါချေ။

ထိုစဉ် တမန်တော်ဘေးရှိ မိသားစုကြီးများမှ အကြီးအကဲများမှာမူ တမန်တော်က ယီယွင်ကို "စိတ်ဝင်စားစရာပဲ" ဟု ထပ်ခါတလဲလဲ ပြောကတည်းက ဤသို့ဖြစ်လာနိုင်ကြောင်း ရိပ်မိနေခဲ့ကြသည်။ ၎င်းမှာ သူတို့အတွက် သတင်းကောင်းမဟုတ်သော်လည်း အလွန်အမင်းတော့ မအံ့ဩကြတော့ပါ။ ကုန်းစွန်းတိန် တစ်ယောက်သာ မျက်နှာပြာနှမ်းနေ၏။ သူတို့ဂိုဏ်းကို အရှက်ခွဲသွားသည့် ကောင်က သမဂ္ဂထဲ ဝင်ခွင့်ရသွားသည်မှာ သူ့အတွက်တော့ လူကြားထဲ လှောင်ပြောင်ခံရသလို ခံစားနေရသည်။ သို့သော် တမန်တော်၏ရှေ့တွင် သူ ဘာမှကန့်ကွက်ရဲခြင်း မရှိပါ။

“ကောင်းကင်ဘုံဥပဒေသ သမဂ္ဂ။” ယီယွင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ထိုအဖွဲ့ထဲဝင်ရန် အရည်အချင်းရှိကြောင်း မိမိကိုယ်ကိုယ် သိထားပြီးသား ဖြစ်သည်။ အမှန်စင်စစ် သူသည် အစကတည်းက ဤအစီအစဉ်ကို စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။

မိမိ၏ စွမ်းအားကို အသုံးချ၍ 'သွေးလမင်း' အဖွဲ့၏ အာရုံစိုက်မှုကို ခံယူကာ သမဂ္ဂထဲသို့ ဝင်ရောက်ရန်ပင်။ ထိုအဖွဲ့ထဲ ရောက်သွားမှသာ သမဂ္ဂ၏ အဓိက လျှို့ဝှက်ချက်များကို ပိုမိုနီးကပ်စွာ စုံစမ်းနိုင်မည် မဟုတ်ပါလား။ သို့သော် အရာအားလုံးက ဤမျှ ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါ။

ယီယွင်သည် အရည်အချင်း ပြည့်မီသော်လည်း ချက်ချင်းတော့ သဘောမတူလိုက်ပါ။ သူ ဖန်တီးထားသော "မောက်မာသည့် လူငယ်" ပုံစံအရ ချက်ချင်း လက်ခံလိုက်လျှင် သူများက သံသယဝင်နိုင်သောကြောင့် ဖြစ်သည်။

“စစ်ဆေးမှုကို ဖြတ်ကျော်ပြီးမှ သမဂ္ဂထဲ ဝင်ရမှာလား။” ယီယွင်က ပြုံးလိုက်သည် “ခင်ဗျားက ကျွန်တော်က အဲဒီထဲကို ဝင်ချင်နေတယ်လို့ ထင်နေတာလား။ အဲဒီနေရာက လူအများကြီး နည်းလမ်းမျိုးစုံနဲ့ တိုးဝင်ချင်နေကြတဲ့ နေရာဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒါကြောင့်ပဲ ကျွန်တော်က စိတ်မဝင်စားတာ။ လောကမှာ ဒီလောက်ကောင်းတဲ့ အပေးအယူ ဘယ်မှာရှိမှာလဲ။ ခင်ဗျားတို့က အမွေအနှစ်တွေ၊ အရင်းအမြစ်တွေ ပေးမယ်၊ ပါရမီရှိရင် လာကျင့်ကြံလို့ ရမယ်။ အားလုံးက အကျိုးကျေးဇူးတွေပဲလား။”

“ဒီလောကမှာ အကျိုးအမြတ်မပါဘဲ ဘယ်သူမှ ဘာမှမလုပ်ဘူး။ ကောင်းကင်ဘုံဥပဒေသ သမဂ္ဂထဲဝင်လို့ ရမယ့် အကျိုးကျေးဇူးတွေအတွက် ကျွန်တော်က တစ်ခုခုတော့ ပြန်ပေးဆပ်ရမှာ သေချာတယ်”

ယီယွင် စကားဆုံးသောအခါ လူလတ်ပိုင်းပညာတတ်၏ မျက်လုံးများ ထပ်မံ ကျဉ်းမြောင်းသွားပြန်သည်။ သို့သော် သူ၏နောက်မှ ရုပ်ချောချောလူငယ်၏ မျက်လုံးထဲတွင်မူ အေးစက်သော အလင်းတန်းများ ပေါ်လာတော့သည် “မင်း ဘာပြောလိုက်တာလဲ။”

သမဂ္ဂ၏ ဂုဏ်ယူစရာ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် ယီယွင်၏ စော်ကားမှုကို သည်းမခံနိုင်ပါချေ။ “ငါတို့ သမဂ္ဂက ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ မင်းလို ပုရွက်ဆိတ်တစ်ကောင်က မေးခွန်းထုတ်စရာ မလိုဘူး”

စကားပြောရင်း ရုပ်ချောချောလူငယ်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ၏လက်ထဲတွင် ဓားရှည်တစ်လက်မှာ တစ္ဆေတစ်ကောင်ပမာ ပေါ်လာပြီး ယီယွင်၏ မျက်ခုံးနှစ်ခုကြားသို့ ချိန်ရွယ်လိုက်သည်။ “မင်း ပြောခဲ့တယ် မဟုတ်လား၊ အသက်တူတဲ့ ပါရမီရှင်တွေထဲမှာ မင်းကို ဒုတိယအချက် ထပ်တိုက်ခိုင်းနိုင်တဲ့လူ မရှိဘူးဆိုတာ။ အကယ်၍ တစ်ယောက်ယောက်က မင်းကို ဒုတိယအချက် တိုက်ခိုင်းအောင် လုပ်နိုင်ရင် မင်းနာမည်တောင် မလိုတော့ဘူးဆိုပဲ။ ဒါဆို မင်း ဒုတိယအချက်နဲ့တောင် မနိုင်ရင် ဒါမှမဟုတ် အရှုံးပေးလိုက်ရရင် မင်းက ဆက်ပြီး အသက်ရှင်မနေတော့ဘူးလား။”

ရုပ်ချောချောလူငယ်က အေးစက်စွာ မေးလိုက်သည်။ သူသည် ယီယွင်၏ မောက်မာမှုကို လုံးဝ မကြည့်ချင်တော့ပါ။

“မင်းက ဥပဒေသမျိုးစေ့ ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာတောင် ငါ့ကို အဆင့်ကျော်ပြီး တိုက်ချင်နေတာလား။” ယီယွင်က ရယ်မောလိုက်သည် “ငါကပဲ သူများကို အဆင့်ကျော်ပြီး တိုက်ခဲ့တာ၊ ငါ့ကို အဆင့်ကျော်ပြီး လာတိုက်တဲ့လူ တစ်ခါမှ မမြင်ဖူးသေးဘူး”

ဤရုပ်ချောချောလူငယ်မှာ အသက် ၁၇ နှစ်ခန့်သာ ရှိသေးသော်လည်း ဤအရွယ်နှင့် ဤအဆင့်သို့ ရောက်ရှိနေခြင်းမှာ အလွန်ကျော်ကြားလှသည်။ သို့သော် ယီယွင်၏ မျက်လုံးထဲတွင်မူ ၎င်းမှာ ဘာမှမဟုတ်ပါချေ။

“ဟက်” လူလတ်ပိုင်းပညာတတ်က ဝင်ပြောလိုက်သည် “ငါတို့ မဟာမိတ်သိုင်းအဖွဲ့က ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ မင်းလို လူငယ်တစ်ယောက်ကို ရှင်းပြနေဖို့ မလိုပါဘူး။ ဒါပေမဲ့ မင်းက သိချင်နေတော့လည်း ငါ ပြောပြမယ်။ ထျန်းယွမ်ကမ္ဘာကြီးက အခု ငြိမ်းချမ်းနေသလို ထင်ရပေမဲ့ တကယ်တော့ ကပ်ဘေးတစ်ခု ကျရောက်တော့မှာ။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကလည်း အဲဒီလို ကပ်ဘေးမျိုး ကျရောက်ခဲ့ဖူးပြီး ထျန်းယွမ်ကမ္ဘာရဲ့ မူလသိုင်းပညာ ယဉ်ကျေးမှုတွေကို အကုန်ဖျက်ဆီးခဲ့တယ်။ မရေမတွက်နိုင်တဲ့ သိုင်းအမွေအနှစ်တွေ ပြတ်တောက်သွားခဲ့ရတယ်။”

“အခုလည်း အဲဒီလို ကပ်ဘေးမျိုး ထပ်ကျလာနိုင်တယ်။ ငါတို့အပေါ် ရန်ငြိုးထားနေတဲ့ 'ပျက်စီးခြင်းမျိုးနွယ်' တွေနဲ့ ထာဝရဝဲကယက်ထဲမှာ ပုန်းအောင်းနေတဲ့ 'ဖျက်ဆီးခြင်းမျက်လုံး' တွေက အဲဒီကပ်ဘေးရဲ့ အကြောင်းရင်းတွေ ဖြစ်လာနိုင်တယ်။

ဒါကြောင့် ငါတို့ မဟာမိတ်သိုင်းအဖွဲ့က နှစ်သန်းပေါင်းများစွာ စုဆောင်းထားတဲ့ အမွေအနှစ်တွေကို ထုတ်ပြီး 'အင်ပါရီယာယ်ဘုရင်' တွေ၊ 'မဟာဧကရီ' တွေကို မွေးထုတ်ပေးနေတာ။

ဒါက ငါတို့အတွက် မဟုတ်ဘူး၊ ထျန်းယွမ်ကမ္ဘာမှာရှိတဲ့ လူသားမျိုးနွယ် တစ်ခုလုံးအတွက် လုပ်ဆောင်နေတာ”

တမန်တော်၏ စကားမှာ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအထိ ဟိန်းထွက်သွားသည်။ ဝိုင်းကြည့်နေသူ သိုင်းသမားများမှာလည်း ထိုစကားကို ကြားသောအခါ လေးစားအားကျသွားကြတော့သည်။

“မဟာမိတ်သိုင်းအဖွဲ့က တကယ်ကို မလွယ်ဘူးပဲ”

အဘိုးအိုတစ်ဦးက သက်ပြင်းချလိုက်သည်“နှစ်သန်းပေါင်းများစွာ အေးအေးဆေးဆေး နေလာခဲ့ပေမဲ့ အခုတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ သူတို့ကပဲ တာဝန်ယူပေးနေရပြီ”

လူအုပ်ကြီး၏ ဝေဖန်သံများမှာ မဟာမိတ်သိုင်းအဖွဲ့ဘက်သို့ ပါသွားပြီး ယီယွင်မှာ လူအများ၏ အပြစ်တင်ခြင်းကို ခံရတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရုပ်ချောချောလူငယ်က ကျေနပ်စွာ ပြုံးလိုက်ပြီး “လူကြီးလူကောင်းတွေရဲ့ စေတနာကို မင်းလိုလူမျိုးက နားမလည်နိုင်တာ မဆန်းပါဘူး။

ငါ့ကို နောက် ၃ နှစ်လောက် အချိန်ပေးပါ။ ငါ ဥပဒေသမျိုးစေ့နယ်ပယ်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်တဲ့နေ့ကျရင် မင်းကို နှိမ်နင်းဖို့က ကြက်ကလေး တစ်ကောင်ကို သတ်ရသလောက်ပဲ လွယ်လိမ့်မယ်”

ယီယွင်က ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ သူသည် တမန်တော်၏ စကားများကို မည်သို့ ပြန်ချေပရမှန်း မသိသည့်ပုံစံ ဖမ်းနေခြင်း ဖြစ်သည်။ သူ ကောင်းကောင်းသိသည်မှာ တမန်တော်၏ ရှေ့တွင် ဆက်ပြီး ခေါင်းမာနေလျှင် အခြေအနေ မကောင်းနိုင်တော့ပါချေ။

“ဘာလဲ။ စကားမပြောနိုင်တော့ဘူးလား။” ရုပ်ချောချောလူငယ်က ပို၍ မောက်မာစွာ မေးလိုက်သည်“

မင်းက တောင်ဘက်ပင်လယ်မှာ အခွင့်အရေးလေး နည်းနည်းရခဲ့ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ မဟာမိတ်သိုင်းအဖွဲ့ရဲ့ အခြေခံနဲ့ တာဝန်တွေက မင်း ထင်ထားတာထက် အများကြီး ပိုကြီးမားတယ်။ မြေအိုးမြေခွေးတွေလို လူအချို့ကို အနိုင်ယူနိုင်ရုံနဲ့ မင်းက အနိုင်မခံ အရှုံးမပေး ဖြစ်နေတာလား။”

ရုပ်ချောချောလူငယ်၏ 'မြေအိုးမြေခွေး' ဟူသော စကားကြောင့် ကုန်းစွန်းယန်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ ဒါ ငါ့ကို ပြောတာ မဟုတ်လား။

ယီယွင်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ထိုလူငယ်ကို ကြည့်လိုက်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ။”

“မင်း ငါ့နာမည်ကို သိစရာမလိုဘူး။ ငါ့ကို 'ကျန့်ဝူရွှမ်း' (ဓားတစ်လက်တည်းရှိသူ) လို့ပဲ ခေါ်လိုက်ပါ” ဟု ဆိုလိုက်သည်။

ကျန့်ဝူရွှမ်း။ ယီယွင် ကြောင်သွားပြီးမှ ထိုလူငယ်သည် သူ၏ဘွဲ့အမည်ကို ခိုးယူကာ ပို၍ လှပအောင် ပြောင်းလဲထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ 'ဓားတစ်ချက်တည်းနှင့် ပြီးပြည့်စုံသူ' ဟူသော အဓိပ္ပာယ်ပင်။ ၎င်းမှာ ယီယွင်ကို လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

“သူများရဲ့ နည်းစနစ်တွေကို တုပရုံတင်မကဘဲ ဘွဲ့အမည်ကိုပါ လိုက်တုတာလား။ မင်းကရော မင်းနဲ့ အဆင့်တူတဲ့လူတွေကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်လို့လား။” ယီယွင်က ပြုံး၍ မေးလိုက်သည်။

ရုပ်ချောချောလူငယ်က “နောက် ၃ နှစ်နေရင် မင်း ငါ့ကို လာစမ်းကြည့်လို့ ရပါတယ်” ဟု အေးဆေးစွာ ပြောလိုက်သည်။

“၃ နှစ်။ အဲဒီလောက် စောင့်စရာ မလိုပါဘူး။ အခုပဲ ငါ့ရဲ့ ကျင့်ကြံမှုကို ဥပဒေသမျိုးစေ့နယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို နှိမ့်လိုက်မယ်” ဟု ဆိုလိုက်သည်နှင့် ယီယွင်၏ အရှိန်အဝါမှာ သိသိသာသာ လျော့ကျသွားတော့သည်။

ခဏအတွင်းမှာပင် သူ၏ ကျင့်ကြံမှုမှာ ရုပ်ချောချောလူငယ်နှင့် တန်းတူဖြစ်သော အစောပိုင်းအဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။

ဥပဒေသမျိုးစေ့နယ်ပယ် အစောပိုင်းအဆင့် အချင်းချင်း တိုက်ပွဲ

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ ယီယွင်သည် ကျင့်ကြံမှုကိုသာ နှိမ့်လိုက်ခြင်းဖြစ်ပြီး ဥပဒေသများအပေါ် နားလည်မှုကိုမူ နှိမ့်ထားခြင်း မရှိပါ။ ပါရမီရှင် လူငယ်အချင်းချင်း တိုက်ပွဲဆိုသည်မှာ ဥပဒေသများအပေါ် မည်သူက ပိုမိုနားလည်သလဲဆိုသည်ကို ယှဉ်ပြိုင်ကြခြင်းပင် ဖြစ်သည်။

တစ်ဖက်မှကြည့်လျှင် ကျင့်ကြံမှုကို နှိမ့်ထားသူက အသာစီးရနိုင်သော်လည်း၊ ဤတိုက်ပွဲမှတစ်ဆင့် မည်သူက ပို၍ စွမ်းဆောင်ရည် မြင့်မားသည်ကို အဖြေထုတ်နိုင်ပေလိမ့်မည်။

အခန်း ၆၀၁ - ယီယွင်၏ ဓားချက်

သူတို့ တိုက်ခိုက်ကြတော့မည်။

စိတ်ဒဏ်ရာများဖြင့် တုန့်ဆိုင်းနေသော ကုန်းစွန်းယန်သည် ဤမြင်ကွင်းကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။ ကျန်းယိတောင်ဖြစ်စေ၊ ကျန့်ဝူရွှမ်းဖြစ်စေ ကုန်းစွန်းယန်အတွက်တော့ နှစ်ယောက်လုံးမှာ အသေအလဲ မုန်းတီးရမည့်သူများ ဖြစ်သည်။ သူ ဖြစ်စေချင်သည်မှာ တစ်ယောက်နှင့်တစ်ယောက် အသေအလဲ တိုက်ခိုက်ပြီး နှစ်ဦးလုံး အထိနာသွားကြဖို့ပင်။

အခုတော့ သူတို့ တိုက်ခိုက်ကြတော့မည်ဆိုတော့ မည်သူရှုံးရှုံး သူ့အတွက်တော့ အာသာပြေစရာပင် မဟုတ်ပါလား။

လူလတ်ပိုင်းပညာတတ်သည်လည်း ထိုမြင်ကွင်းကို ပြုံးကြည့်နေသည်။ သူသည် ယီယွင်၏ စွမ်းအားအစစ်အမှန်ကို မြင်တွေ့လိုသဖြင့် ၎င်းတို့ကို တားဆီးရန် အစီအစဉ်မရှိပါ။

"ငါ့ရဲ့ ကျင့်ကြံမှုကိုတော့ နှိမ့်ထားတယ်၊ ဒါပေမဲ့ ဥပဒေသတွေကိုတော့ နှိမ့်ထားလို့ မရဘူး။ ဒါကြောင့် မင်းကို အသာစီးမယူရအောင် ငါ့ရဲ့ 'ရှုထောင့်ပုံရိပ်' ကို အသုံးမပြုဘဲ တိုက်ခိုက်ပေးမယ်"

ယီယွင်၏ စကားကြောင့် ကျန့်ဝူရွှမ်း၏ မျက်မှောင်များ ကျဉ်းမြောင်းသွားသည်။ "တကယ်ကို ရဲတင်းလှချည်လား"

"ချလွမ်....ရွှင်"

ကျန့်ဝူရွှမ်းသည် သတိပေးချက်မရှိဘဲ သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်ကာ တိုက်ခိုက်လိုက်တော့သည်။ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှာ တောက်ပသော လျှပ်စီးတန်းများဖြင့် ဖုံးလွှမ်းသွားသည်။

"ဂျိန်း... ဂျိန်း..."

လျှပ်စီးတန်းများမှာ မြွေများစွာပမာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ဤရုပ်ချောချောလူငယ်သည် မိုးကြိုးဥပဒေသကို ကျင့်ကြံထားခြင်း ဖြစ်သည်။ ဖန်တီးခြင်းဥပဒေသများဖြစ်သော လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးတို့အနက် မိုးကြိုးဥပဒေသမှာ တိုက်စစ်အင်အား အကောင်းဆုံး ဖြစ်သည်။

"ရှုး..."

ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ကို နှစ်ခြမ်းခွဲမတတ် မိုးကြိုးပစ်ချက်နှင့်အတူ ထွက်ပေါ်လာသည်။ ပေါက်ကွဲသံမှာ တိမ်တိုက်များအထိ ဟိန်းထွက်သွားပြီး ကြည့်နေသူများ၏ နားစည်ကိုပင် ကျိန်းစပ်သွားစေသည်။

လေကဲ့သို့ လျင်မြန်သော ဟန်ပန်နှင့် မိုးကြိုးဓားအလင်းတန်းမှာ ယီယွင်ထံသို့ တိုးဝင်လာသည်။ ကျန့်ဝူရွှမ်းသည် မောက်မာစွာ ပြောဆိုခဲ့သော်လည်း ယီယွင်မှာ အလွယ်တကူ ကိုင်တွယ်နိုင်သူမဟုတ်မှန်း သိသဖြင့် အစွမ်းကုန် တိုက်ခိုက်ခြင်း ဖြစ်သည်။

ဓားဦးမှာ ယီယွင်၏ မျက်နှာရှေ့သို့ ရောက်ရှိလာချိန်တွင် ယီယွင် လှုပ်ရှားလိုက်ပြီဖြစ်သည်။

ဓားအလင်းတန်းတစ်ခု ပေါ်လာပြီးနောက် ချက်ချင်းပင် ဓားရိပ်ပေါင်း တစ်ထောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မျက်စိတစ်မှိတ်အတွင်း ကျန့်ဝူရွှမ်း၏ ရှေ့သို့ ရောက်ရှိသွားသည်။

ဓားအလင်းတန်းနှင့် ဓားရိပ်တို့ ထိပ်တိုက်တွေ့ဆုံရာမှ စွမ်းအင်လှိုင်းများမှာ ပတ်ဝန်းကျင်သို့ ဂယက်ရိုက် ပျံ့နှံ့သွားသည်။ အကယ်၍ ထိုလှိုင်းများကို သာမန် ဥပဒေသမျိုးစေ့နယ်ပယ် သိုင်းသမားတစ်ဦး ထိမှန်ပါက အနည်းဆုံး ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မည်။

"ဖုန်း"

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထိုခဏ၌ ကျန့်ဝူရွှမ်းသည် ယှဉ်ပြိုင်၍မရသော ကြီးမားသည့် အင်အားတစ်ခု သူ့ထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရတော့သည်။

ယီယွင်မှာမူ ထိုတိုက်ကွက်ကို ထုတ်ဖော်ပြီးနောက် သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီ ဖြစ်သည်။

အင်... ကျန့်ဝူရွှမ်းကို နောက်ဆုတ်အောင် လုပ်လိုက်တာလား။ လူတိုင်းမှာ မှင်တက်သွားကြသည်။ ဓားတစ်ချက်တည်းဖြင့် ဓားရိပ်တစ်ထောင် ထုတ်ဖော်ပြီး ကျန့်ဝူရွှမ်းကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခြင်းမှာ ယီယွင်၏ စွမ်းအားကို သက်သေပြလိုက်ခြင်းပင်။ အကယ်၍ ၎င်းမှာ လေ့ကျင့်ခန်းတစ်ခုဆိုလျှင် ယီယွင်က တစ်ကွက်သာကာ အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ယီယွင်၏ ဘွဲ့အမည်မှာ ကျန်းယိတောင် (ဓားတစ်ချက်ကျန်း) ဖြစ်သည်။ သူသည် ဒုတိယတစ်ချက် ထပ်သုံးရလျှင် နာမည်တောင် မလိုတော့ဟု ကြုံးဝါးထားသူဖြစ်သည်။ ထို့ကြောင့် သူသည် ဓားကို ပြန်သိမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော် ဤမျှနှင့်ပင် ယီယွင်က အနိုင်ရနေပြီ ဖြစ်သည်။

ကျန့်ဝူရွှမ်းမှာ နောက်သို့ ဆုတ်လိုက်ရသဖြင့် အလွန်အရှက်ရသွားသည်။ အထူးသဖြင့် ယီယွင်က ဓားကို ပြန်သိမ်းလိုက်သည်ကို မြင်သောအခါ သူသည် အလှောင်ခံရသကဲ့သို့ ခံစားလိုက်ရပြီး ဒေါသများ ပေါက်ကွဲလာတော့သည်။ တစ်ကွက်စာ အသာရခြင်းမှာ ကြီးမားသော ခြားနားချက် မဟုတ်ဟု သူက ယူဆထားသည်။

"ဒါနဲ့ပဲ ငါ့ကို နိုင်ပြီလို့ မင်းထင်နေတာလား။" ကျန့်ဝူရွှမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကဲရော့...ဝုန်း......."

လျှပ်စီးလက်လိုက်သကဲ့သို့ပင် ဓားအလင်းတန်းပေါင်း တစ်ထောင်ကျော် ပွင့်လန်းလာသည်။ ကျန့်ဝူရွှမ်း၏ နောက်တွင် လျှပ်စီးများ ထွက်ပေါ်နေသော မိုးတိမ်တိုက်ကြီးတစ်ခု ပေါ်လာပြီး ထိုတိမ်တိုက်ထဲမှ တောင်ပံဖြန့်ထားသော ခရမ်းရောင် မိုးကြိုးငှက်တစ်ကောင် ထွက်ပေါ်လာတော့သည်။

ကျန့်ဝူရွှမ်း၏ 'ရှုထောင့်ပုံရိပ်' ပင် ဖြစ်သည်။ အစပိုင်းတွင် ယီယွင်က ရှုထောင့်ပုံရိပ် မသုံးသဖြင့် သူလည်း မသုံးရန် ဆုံးဖြတ်ခဲ့သော်လည်း၊ အခုတော့ သူ၏ မာနကို ဘေးဖယ်ကာ အစွမ်းကုန် တိုက်ခိုက်ရန် ရှုထောင့်ပုံရိပ်ကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

ရှုထောင့်ပုံရိပ်၏ အကူအညီဖြင့် ကျန့်ဝူရွှမ်း၏ ဓားမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး လျှပ်စီးတန်းများအကြားမှ ယီယွင်ကို ထိုးနှက်လိုက်သည်။

"သေပေတော့"

ကျန့်ဝူရွှမ်းသည် မဆုတ်မနစ်သော အရှိန်အဝါဖြင့် ယီယွင်ထံသို့ တိုးဝင်သွားသည်။ သို့သော် ယီယွင်မှာ ဓားဦးက သူ့ထံသို့ နီးကပ်လာသော်လည်း ဓားကို ပြန်မဆွဲထုတ်ဘဲ အားလုံးကို အံ့ဩသွားစေသည်။

ဝိုင်းကြည့်နေသူများမှာ ခဏမျှ ကြောင်သွားကြသည်။

ဒါက...

ပါရမီရှင် အချင်းချင်း တိုက်ပွဲတွင် အသက်နှင့်ရင်း၍ တိုက်ခိုက်ရခြင်း ဖြစ်သည်။ အထူးသဖြင့် ဒေါသများ ပါဝင်နေသော တိုက်ပွဲတွင် တစ်ဖက်နှင့်တစ်ဖက် သေအောင် သတ်ကြသည်မှာ ပုံမှန်ပင်။ ကျန်းယိတောင်သည် စောစောက တစ်ကွက်သာခဲ့သော်လည်း ကျန့်ဝူရွှမ်းကို လုံးဝနှိမ်နင်းနိုင်ခဲ့ခြင်း မရှိသေးပါ။ ထို့ပြင် အခု ကျန့်ဝူရွှမ်းက ရှုထောင့်ပုံရိပ်ကိုပါ သုံးထားသဖြင့် သူ၏ ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်နေပြီ ဖြစ်သည်။

အကယ်၍ ကျန်းယိတောင်က သူပြောထားသည့် စကားကို တည်ချင်သဖြင့် ဓားကို ပြန်မထုတ်ဘဲနေလျှင် ၎င်းမှာ အလွန်အန္တရာယ်ကြီးလှပေသည်။

ထိုခဏ၌ ကောင်းကင်ယံမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်တွင် ရှိနေဆဲဖြစ်သော ယီယွင်၏ ဓားရိပ်တစ်ထောင်မှာ ပျောက်ကွယ်မသွားဘဲ လားရာကို ဖြည်းဖြည်းချင်း ပြောင်းလဲကာ တစ်နေရာတည်းသို့ စုစည်းလာတော့သည်။

ဟင်...... ဒါက... လူတိုင်း လန့်ဖျပ်သွားကြသည်။

ပုံမှန်အားဖြင့် ဓားရိပ်တစ်ခုကို ထုတ်ဖော်ပြီးလျှင် ထိမှန်ပြီးနောက် ပျောက်ကွယ်သွားရမည် ဖြစ်သည်။ ယခုကဲ့သို့ ထုတ်ဖော်ပြီးသား ဓားရိပ်များက ပြန်လည်စုစည်းလာသည်ကို မြင်ရခဲလှသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ဓားရိပ်တစ်ထောင်မှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

"ဝိန်း...ရွှမ်း..."

လေထုမှာ ဆွဲဖြဲခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဓားရိပ်မှာ ပြိုင်ဘက်ကင်းသော ရွှေရောင် ဓားအလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုဓားအလင်းတန်းမှာ ကျန့်ဝူရွှမ်း၏ မိုးကြိုးတိမ်တိုက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

မိုးကြိုးတိမ်တိုက်ထဲမှ ခရမ်းရောင်ငှက်မှာ စူးရှစွာ အော်ဟစ်ကာ ကျန့်ဝူရွှမ်း၏ ဓားချက်နှင့်အတူ ရွှေရောင်ဓားအလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဖုန်း"

လျှပ်စီးတန်းများမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ယီယွင်၏ ဓားချက်မှာ တားဆီး၍ မရနိုင်ပါချေ။

ကျန့်ဝူရွှမ်း၏ မျက်လုံးများ ပြောင်းလဲသွားသည်။ သူ၏ စွမ်းအင်များမှာ လျင်မြန်စွာ ကုန်ခမ်းသွားပြီး သူ၏ ဓားရိပ်များမှာ ကောင်းကင်တွင် ပြန့်ကျဲသွားကာ သူ၏ ခန္ဓာကိုယ်မှာ လျှပ်စီးများအကြားမှ အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။ သို့သော် သူ မည်မျှပင် ရှောင်သော်လည်း ထိုဓားအလင်းတန်းမှာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူ၏ ရင်ဘတ်တည့်တည့်သို့ ရောက်ရှိလာတော့သည်။

ဒါက ဓားရိပ်က ဒုတိယအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သော်လည်း သူ မကာကွယ်နိုင်ပါချေ။

ကျန့်ဝူရွှမ်းသည် အကြိမ်ကြိမ် နောက်ဆုတ်သွားရပြီး နောက်ဆုံးတွင် မတတ်သာတော့ဘဲ တတိယအကြိမ် ဓားချက်ကို ထုတ်ဖော်ကာ ခုခံလိုက်ရတော့သည်။ ယီယွင်မှာမူ ဓားကို ဓားအိမ်ထဲ ထည့်ထားဆဲပင်။ သူသည် အစကတည်းက ဓားတစ်ချက်တည်းကိုသာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ရှောင်၍မရတော့သဖြင့် ကျန့်ဝူရွှမ်းမှာ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။ သို့သော် အလောတကြီး ထုတ်ဖော်လိုက်ရသော တတိယဓားချက်မှာ မည်မျှ ခွန်အားပါနိုင်မည်နည်း။

"ဘုန်း"

ကျယ်လောင်သော အသံနှင့်အတူ ကျန့်ဝူရွှမ်းမှာ ဓားအလင်းတန်း ထိမှန်သွားတော့သည်။ သူ၏ ကာကွယ်ရေးစွမ်းအင်များမှာ ချက်ချင်း ပျက်စီးသွားပြီး သူသည် သွေးတစ်လုတ် ထွေးထုတ်ကာ နောက်သို့ လွင့်ထွက်သွားတော့သည်။ သူ လွင့်ထွက်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် မြေပြင်မှာ မီးလောင်ထားသကဲ့သို့ ဓားရာကြီးများ ထင်ကျန်ရစ်ခဲ့သည်။

ကျန့်ဝူရွှမ်း၏ ခန္ဓာကိုယ်မှာ ပေအနည်းငယ် တရွတ်တိုက် ပါသွားပြီးမှ ဆိုင်တစ်ဆိုင်၏ ဆိုင်းဘုတ်ကို ဝင်တိုက်ကာ ရပ်တန့်သွားတော့သည်။ သူသည် ပါးစပ်မှ သွေးများကို သုတ်လိုက်ရင်း ယီယွင်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။

ဓားတစ်ချက်။ တကယ်ပဲ သူက ဓားတစ်ချက်တည်းသာ သုံးခဲ့ခြင်း ဖြစ်သည်။ သူ အရှုံးပေးလိုက်ရပြီ

ကျန့်ဝူရွှမ်း မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ၊ သူ ရှုံးသွားပြီဆိုသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

ယီယွင်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားမှာ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ရုပ်ချောချောလူငယ်ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"မင်းရဲ့ နာမည်ရင်းကိုပဲ သုံးတာ ပိုကောင်းပါလိမ့်မယ်။ ဒီ 'ဝူရွှမ်း' (ဒုတိယမရှိသူ) ဆိုတဲ့ နာမည်ကို မင်း သုံးလို့ မရသေးဘူး။

All Chapters