အခန်း (၆၀၅-၆၀၇)
Vol. 41 Ch. 605-607
အခန်း ၆၀၅ - အဝင်စစ်ဆေးမှု
"သခင်ကြီးစစ်ဆေးရေးမှူး... ဒါက ကောင်းကင်ဘုံဥပဒေသ သမဂ္ဂကို လာရောက်ပူးပေါင်းကြတဲ့ ဂိုဏ်းအသီးသီးက နောက်ဆုံးသုတ် ပါရမီရှင်တွေပါပဲ" အသားညိုညို၊ မျက်လုံးအိမ် အသက်မဲ့နေသော လူတစ်ယောက်က အသံဩဩဖြင့် ပြောလိုက်သည်။
မျက်နှာဖုံးစွပ်လူသားက ခေါင်းညိတ်ပြလိုက်သည်။ ထိုလူ စကားပြောနေစဉ်မှာပင် သူသည် ပါရမီရှင် လူအုပ်ကြီးကို အကဲခတ်နေခဲ့ပြီးဖြစ်သည်။
သမဂ္ဂကို တည်ထောင်ပြီးကတည်းက အသက်ရှည်ဆေးလုံး များ၊ များပြားလှသော အရင်းအမြစ်များနှင့် မိမိတို့၏ မူလဂိုဏ်းကို စွန့်ခွာရန် မလိုခြင်းဟူသော အချက်များကြောင့် ပါရမီရှင် မြောက်မြားစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ အချို့ဂိုဏ်းများတွင် လျှို့ဝှက်လေ့ကျင့်ပေးထားသော ဂိုဏ်းဆက်ခံသူ လူငယ်များပင်လျှင် သမဂ္ဂသို့ လာရောက် ပူးပေါင်းခဲ့ကြသည်။
"ထျန်းယွမ်ကမ္ဘာရဲ့ ပါရမီရှင်အားလုံးနီးပါး ဒီမှာ စုံနေပြီလို့ ပြောလို့ရပါတယ်"
အသံဩဩနှင့်လူက ဆက်ပြောသည်။ မဟာမိတ်သိုင်းအဖွဲ့၏ အာဏာမှာ ယခုအခါ မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုခဏ၌ ရွှေရောင်မျက်နှာဖုံးစွပ်လူသားသည် ချိတ်တံဆိပ်တစ်ခုကိုဖော်ဆောင်လိုက်သည်။ ၎င်းမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မှော်တံဆိပ်မှာ ချက်ချင်းပင် ပျက်ပြယ်သွားတော့သည်။ အလင်းရောင် မှိန်သွားချိန်တွင် ခန့်ညားထည်ဝါသော နန်းတော်နက်ကြီးမှာ လူအုပ်ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာသည်။
စောင့်ဆိုင်းနေသော ပါရမီရှင်များမှာ ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ရွှေရောင်မျက်နှာဖုံးစွပ်လူနှင့် နောက်လိုက်များကို မြင်လိုက်ရချိန်တွင် သူတို့ ပို၍ပင် အံ့ဩသွားကြ၏။ သူတို့သည် ဤနေရာတွင် ရှိနေသော်လည်း မိမိတို့ ပတ်ဝန်းကျင်တွင် ချိတ်တံဆိပ်တစ်ခု ရှိနေသည်ကိုလည်းကောင်း၊ ဤလူများက သူတို့ကို အနီးကပ် စောင့်ကြည့်နေသည်ကိုလည်းကောင်း လုံးဝ မသိရှိခဲ့ကြပါ။
မျက်နှာဖုံးစွပ်လူသား၏ အရှိန်အဝါမှာ ပါရမီရှင်များကို တုန်လှုပ်သွားစေသည်။ သူ၏ ရွှေရောင်မျက်နှာဖုံးမှာ တစ်မျက်နှာလုံးကို ဖုံးအုပ်ထားပြီး မျက်လုံးပေါက်ကလေးများသာ ရှိသည်။ ၎င်းမှာ ရိုးရှင်းသော်လည်း အေးစက်ပြီး ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
ထိုမျက်လုံးပေါက်ငယ်လေးများကို ကြည့်လိုက်ရုံနှင့်ပင် သူတို့၏ အသက်ဓာတ်များကို စုပ်ယူခံနေရသကဲ့သို့ ခံစားရသည်။
"ဒါ မဟာမိတ်သိုင်းအဖွဲ့က လူတွေပဲ" "ငါတို့ကို လာကြိုတဲ့ သမဂ္ဂက အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်ရမယ်"
ပါရမီရှင်များမှာ မတ်တတ်ရပ်၍ အရိုအသေပေးရန် ပြင်လိုက်စဉ်မှာပင် မျက်နှာဖုံးစွပ်လူ၏ နောက်ကလိုက်ပါလာသူများက ရုတ်တရက် တိုက်ခိုက်လိုက်တော့သည် ထက်ရှသော ဓားအလင်းတန်းများစွာ ကောင်းကင်မှ ကျဆင်းလာပြီး တစ်ဧရိယာလုံးကို လွှမ်းခြုံသွားသည်။
"ဒါ ဘာဖြစ်တာလဲ။" "သူတို့က ဘာလို့ ရုတ်တရက် တိုက်ခိုက်တာလဲ။"
ပါရမီရှင်များမှာ မျက်လုံးပြူးသွားကြပြီး အသည်းအသန် ရှောင်တိမ်းကြ သို့မဟုတ် ခုခံကြတော့သည်။ အချို့မှာ ထိတ်လန့်တကြား ခုခံသော်လည်း အပြည့်အဝ မကာကွယ်နိုင်ဘဲ အော်ဟစ်ကာ လွင့်ထွက်သွားကြသည်။ တောင်တက်လမ်းတွင် ယီယွင်နှင့် တွေ့ခဲ့သော လူတစ်ယောက်မှာ ရင်ဘတ်တွင် ဒဏ်ရာအပြင်းအထန်ရကာ လွင့်ထွက်သွားခဲ့သည်။
တရားထိုင်နေသော ယီယွင်ထံသို့ စွမ်းအင်လှိုင်းတစ်ခု ပြေးဝင်လာချိန်တွင် သူသည် လှုပ်ရှားခြင်းမရှိဘဲ လက်သီးတစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။
"ဘုန်း"
ကိုးခေါင်းနဂါး၏ သန်မာသော ခန္ဓာကိုယ်နှင့် ခွန်အားမှာ ရွှေရောင်စွမ်းအင်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ရွှေရောင်အလင်းတန်းမှာ ချက်ချင်း ကွဲအက်သွားပြီး ပျောက်ကွယ်သွားတော့သည်။
"ဒါ... ဒါက ဘာကြီးလဲ။" "ငါ့လက် ကျိုးသွားပြီ။ သူတို့ တိုက်ခိုက်တာ အရမ်း ရက်စက်လွန်းတယ်"
ဒဏ်ရာရသွားသော ပါရမီရှင်များမှာ ညည်းတွားနေကြသည်။ ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်သူများ၏ အဆင့်မှာလည်း သူတို့ထက် အများကြီး သာလွန်နေသဖြင့် အားလုံး မကာကွယ်နိုင်ကြခြင်းမှာ သဘာဝပင်။
ဤလူငယ်များသည် အရေးကြီးပုဂ္ဂိုလ်များ ရောက်လာလျှင် မျက်နှာသာရဖို့ မျှော်လင့်ခဲ့ကြသော်လည်း သူတို့ကို စောင့်ကြိုနေသည်မှာ စွမ်းအင်ဖြင့် ပေါက်ကွဲတိုက်ခိုက်မှုသာ ဖြစ်သည်။ စွမ်းအင်များ ငြိမ်သက်သွားချိန်တွင် ရင်ပြင်၌ ပါရမီရှင် အများစုမှာ လွင့်စဉ်သွားကြပြီး အချို့မှာ သွေးအိုင်ထဲတွင် လဲနေကြသည်။
သို့သော် ထိုတိုက်ခိုက်မှုကို အေးအေးဆေးဆေး ခုခံနိုင်သူ အနည်းငယ် ရှိနေသည်။ သူတို့မှာ ၇ ယောက် သို့မဟုတ် ၈ ယောက်ခန့်သာ ရှိသည်။ အားလုံးမှာ ပါရမီရှင်များ ဖြစ်ကြသော်လည်း ခွန်အားကွာခြားချက်မှာ သိသာလှသည်။
ထို ၈ ယောက်အနက် တစ်ဦးမှာ ထောင့်တစ်နေရာတွင် ထိုင်လျက် တရားထိုင်နေဆဲ လူငယ်တစ်ဦး ဖြစ်သည်။ သူက ရုပ်ရည် သာမန်သာရှိပြီး ကျောတွင် ဓားတစ်လက် လွယ်ထားသည်။ အခြားသူများမှာ မတ်တတ်ရပ်နေကြသော်လည်း သူကတော့ ထိုင်နေဆဲပင် တိုက်ခိုက်မှု မတိုင်ခင်ကလည်း သူ ထိုင်နေခြင်းဖြစ်ပြီး အခုမှ တရားထိုင်ခြင်း ပြီးဆုံးသွားပုံရသည်။ သူ၏ ဝတ်စုံတွင် ဖုန်တစ်စပင် မတင်ဘဲ စောစောက ပြင်းထန်သော တိုက်ခိုက်မှုမှာ သူ့အတွက် လေပြည်အေးလေး တိုက်ခတ်သွားသကဲ့သို့သာ ရှိခဲ့သည်။
"ဟိုမှာ... ငါတို့ တောင်တက်လမ်းမှာ တွေ့ခဲ့တဲ့ တစ်ယောက်ပဲ" နိမိတ်မျိုးနွယ်စုမှ လူများက ယီယွင်ကို မှတ်မိသွားကြသည်။ သူတို့မှာ ယီယွင်က သူတို့ကို လျစ်လျူရှုခဲ့သဖြင့် မကျေမနပ် ဖြစ်ခဲ့ကြသူများ ဖြစ်သည်။ ယီယွင်မှာ ကိုယ်ဖော့ပညာတွင်သာ တော်သည်ဟု သူတို့ ထင်ခဲ့သော်လည်း အခုမြင်ကွင်းအရ ယီယွင်မှာ သူတို့ထက် အများကြီး သာလွန်နေမှန်း သိလိုက်ရပြီဖြစ်သည်။
ယခင်က တိုက်ခိုက်မှုတွင် သူတို့ထဲမှ တစ်ယောက်မှာ ဒဏ်ရာပြင်းထန်သွားပြီး ကျန်သူများမှာလည်း အရှက်ရဖွယ် အခြေအနေသို့ ရောက်သွားကြသည်။ သူတို့မှာ ယီယွင်နှင့် အဆင့်အတန်းချင်း မတူတော့ပါ။ ဤအချက်ကြောင့် သူတို့မှာ ယီယွင်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေမိကြသည်။
"ဒီလူက ဓားသမားပဲ..."
ယီယွင်၏ ဘေးနားရှိ အချို့သော ပါရမီရှင်များမှာ ယီယွင်၏ ကျောက ဓားကို သတိထားမိသွားကြသည်။ ဓားသမားတစ်ယောက် ဖြစ်ပါလျက် အစွမ်းထက်သော လက်သီးချက်ကို သုံးနိုင်ခြင်းက သူတို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ အေးဆေးစွာ ခုခံနိုင်ခဲ့သော အခြား ပါရမီရှင်များပင်လျှင် ယီယွင်ကို အကဲခတ်ကာ မှတ်သားထားလိုက်ကြသည်။
ထိုစဉ် မိစ္ဆာနတ်ဘုရားခန်းမ တံခါးဝရှိ ရွှေရောင်မျက်နှာဖုံးစွပ်လူသားက အေးစက်စွာ ပြောလိုက်သည်။
"ဒဏ်ရာရတဲ့လူတွေ အကုန်လုံး ထွက်သွားလို့ ရပြီ"
"ဘာ။"
လူငယ်များမှာ မှင်တက်သွားကြသည်။ တစ်ယောက်က မသိစိတ်ဖြင့် မေးလိုက်မိသည်။
"ထွက်သွားရမယ်ဟုတ်လား... ဘယ်ကိုလဲ။"
သူတို့မှာ တစ်ခုခု ဖြစ်တော့မည်ကို ရိပ်မိနေသော်လည်း လက်မခံနိုင်ကြသေးပါ။
"မေးနေဖို့ လိုသေးလား။ လာတဲ့နေရာကို ပြန်သွားရမှာပေါ့။ မင်းတို့တွေ အရည်အချင်းမမီလို့ ဖယ်ထုတ်ခံလိုက်ရပြီ" ချိတ်တံဆိပ်ထဲ ပုန်းနေစဉ်က ယီယွင်ကို လှောင်ခဲ့သော အရပ်ရှည်လူငယ်က ရယ်မောရင်း ပြောလိုက်သည်။
ဖယ်ထုတ်ခံလိုက်ရပြီ။ ပါရမီရှင် အများအပြားမှာ ထိုစကားကြောင့် မှင်တက်သွားကြသည်။ သူတို့သည် သမဂ္ဂထဲဝင်ရန် ခက်ခဲစွာ ကြိုးစားခဲ့ရပြီး အားတက်သရော ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ အခုတော့ မဟာမိတ်သိုင်းအဖွဲ့ကို ရောက်ရောက်ချင်းမှာပင် အိမ်ပြန်ခိုင်းနေပြီလား။
ဤရုတ်တရက် တိုက်ခိုက်မှုမှာ အဝင်စစ်ဆေးမှု ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပါ။ အရည်အချင်းမမီသူများ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားကြတော့သည်။ သူတို့ လက်မခံနိုင်ကြပါ။
"ဒီတစ်ခေါက် မဟာမိတ်သိုင်းအဖွဲ့က ခေါ်ယူတဲ့ အရေအတွက်က အရင်ကထက် အဆပေါင်းများစွာ များတယ်။ မင်းတို့အားလုံး သမဂ္ဂထဲ ဝင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ကလေးဆန်လိုက်တာ" အရပ်ရှည်လူငယ်က လှောင်ပြောင်လိုက်သည်။
မျှော်လင့်ချက်အပြည့်နှင့် လာခဲ့ရာမှ စိတ်ပျက်အားငယ်မှုသို့ ပြောင်းလဲသွားသော လူငယ်များကို ကြည့်ပြီး ထိုအရပ်ရှည်လူငယ်မှာ အသာစီးရသကဲ့သို့ ခံစားနေရသည်။ သို့သော် သူသည် ယီယွင်ကို မြင်သောအခါ မကျေမနပ် ဖြစ်သွားပြန်သည်။
ယီယွင်က စစ်ဆေးမှုကို အလွယ်တကူ အောင်မြင်သွားခြင်းကို သူ မနာလိုဖြစ်နေခြင်း ဖြစ်သည်။ သူသည် ယီယွင်ကဲ့သို့ ထင်ပေါ်ကျော်ကြားပြီး သူ့ထက်သာနေသူမျိုးကို အရှက်တကွဲ ရှုံးနိမ့်သွားသည်ကိုသာ မြင်ချင်နေသူ ဖြစ်သည်။
အခန်း ၆၀၆ - ထူးဆန်းသော မိစ္ဆာစွမ်းအင်
"ပြန်ရမယ်။ ကျွန်တော့်ရဲ့ လျှောက်လွှာက အောင်မြင်ပြီးသားဗျ။ ဒီဓားရှည်တောင်တန်းကို ရောက်ဖို့ ဝေးဝေးလံလံ ခရီးနှင်ခဲ့ရတာ။ အခုလို ပြန်လွှတ်တာကို ကျွန်တော် လက်မခံနိုင်ဘူး" ဒဏ်ရာရထားသော ပါရမီရှင် လူငယ်တစ်ဦးက မျက်နှာတပြင်လုံး နီမြန်းလျက် အော်ဟစ်လိုက်သည်။
ရွှေရောင်မျက်နှာဖုံးစွပ်လူသားသည် ထိုလူငယ်ဘက်သို့ လှည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုပါ။ ရုတ်တရက်ပင်၊ အလွန်လျင်မြန်ပြီး ကြောက်မက်ဖွယ်ကောင်းသော ယုတ်မာညစ်ထေးသည့် အရှိန်အဝါတစ်ခုမှာ မျက်နှာဖုံးကို ဖြတ်ကျော်ကာ ရှေ့သို့ တိုးဝင်သွားသည်။ ၎င်းမှာ အေးစက်စက်နှင့် ရက်စက်သော မျက်လုံးတစ်စုံက ထိုလူငယ်ကို စိုက်ကြည့်လိုက်သကဲ့သို့ပင်။
ထိုလူငယ်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်အဝါ ကင်းမဲ့သွားပြီး မှင်တက်သွားတော့သည်။ သတိပြန်ဝင်လာချိန်တွင်မူ သူ၏မျက်လုံးများထဲ၌ အစွန်းကုန် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ ထိုထူးဆန်းသော စွမ်းအင်နှင့် ထိတွေ့လိုက်ရခြင်းမှာ သူ့အတွက် သေမင်းနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ သူ စကားတစ်ခွန်းမှ ထပ်မဟရဲတော့ပါ။
"ကျွန်တော်... ကျွန်တော် အခုပဲ ထွက်သွားပါ့မယ်... အခုချက်ချင်းပဲ..." လူငယ်မှာ မျက်နှာတစ်ပြင်လုံး စက္ကူဖြူပမာ ဖြူလျော့သွားကာ တုန်တုန်ရင်ရင်ဖြင့် ရေရွတ်လိုက်သည်။
အခြား မကျေမနပ်ဖြစ်နေသော လူများမှာလည်း ဤမြင်ကွင်းကို ကြည့်ပြီး ဘာဖြစ်သွားသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားကြသည်။ သူတို့ စိတ်ပျက်နေကြသော်လည်း မည်သူမျှ ထပ်မံ၍ ကန့်ကွက်ခြင်း မပြုရဲတော့ပါ။ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသမျှ ဓားရှည်တောင်တန်း တောင်ထိပ်ရောက်မှ လက်ဗလာဖြင့် ပြန်လှည့်ရခြင်းမှာ သူတို့အတွက် အလွန် ခါးသီးလှပေသည်။
ထိုစဉ် ယီယွင်သည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ သူသည် မျက်နှာဖုံးစွပ်လူသားကို တိတ်တဆိတ် ကြည့်နေရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ သူ၏ စွမ်းအင်မြင်ကွင်းမှာ ပွင့်နေဆဲဖြစ်ရာ ထိုမိစ္ဆာစွမ်းအင်ကို အပြည့်အဝ မြင်နေရသည်။
ယခင်က ယီယွင် ယူဆထားသည်မှာ ထိုမိစ္ဆာစွမ်းအင်သည် လူတစ်ယောက်၏ နတ်အမြုတေ ထဲတွင် ပုန်းအောင်းနေပြီး အသက်ဓာတ်ကို ဖြည်းဖြည်းချင်း စားသုံးမည်ဟု ဖြစ်သည်။ ၎င်းက အသက်အန္တရာယ် ပေးနိုင်ရန်မှာ နှစ်ပေါင်းရာချီ ကြာမြင့်လိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု မြင်တွေ့နေရသည်မှာ ထိုသို့မဟုတ်ပါ စွမ်းအင်မြင်ကွင်းအရ ထိုမိစ္ဆာစွမ်းအင်သည် မျက်နှာဖုံးစွပ်လူသား၏ ဦးနှောက်ထဲတွင် အမြစ်တွယ်နေပြီ ဖြစ်သည်။ ပြောရလျှင် ထိုစွမ်းအင်မှာ မျက်နှာဖုံးစွပ်လူ၏ ဝိညာဉ်ပင်လယ်ကို ထိန်းချုပ်ထားခြင်းပင်။ ၎င်းကသာ လှုပ်ရှားလိုက်ပါက မျက်နှာဖုံးစွပ်လူမှာ ထိုမိစ္ဆာစွမ်းအင်၏ စေခိုင်းရာကို လုပ်ဆောင်ရမည့် ရုပ်သေးရုပ် ဖြစ်သွားပေလိမ့်မည်။
ယီယွင်၏ အကြည့်ကို ခံစားမိသကဲ့သို့ မျက်နှာဖုံးစွပ်လူသားမှာ ယီယွင်ဘက်သို့ လှည့်ကြည့်လာသည်။ ရွှေရောင်မျက်နှာဖုံး၏ အေးစက်ပြီး ဗလာကျင်းနေသော အမူအရာမှာ လူတစ်ယောက်ကို အလိုအလျောက် ထိတ်လန့်သွားစေနိုင်သည်။
"နောက်ထပ် လက်မခံနိုင်တဲ့လူ ရှိသေးလား။" မျက်နှာဖုံးစွပ်လူ၏ အကြည့်က ယီယွင်ထံတွင် ရပ်တန့်သွားသည်။
ယီယွင်မှာမူ ကြယ်တာရာပြောင်းလဲခြင်းကျမ်း ကြောင့် သူ၏ ရုပ်ဖျက်မှုမှာ အပြစ်ပြောစရာ မရှိအောင် လုံခြုံလှသည်။ မျက်နှာဖုံးစွပ်လူက ယီယွင်ကို မသိနိုင်သော်လည်း၊ ယီယွင်ကမူ စွမ်းအင်မြင်ကွင်းကြောင့် မျက်နှာဖုံးနောက်ကွယ်က မျက်နှာကို မြင်လိုက်ရပြီ ဖြစ်သည်။
ရင်းနှီးနေသော မျက်နှာတစ်ခုကို သူ တွေ့လိုက်ရသည်... ရှန်းထူနန်ထျန်း။
ယီယွင်၏ မျက်ဆန်များ ကျဉ်းမြောင်းသွားသည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ
"ဒါ မဖြစ်နိုင်ဘူး" ဟူ၍ပင်
မဟာဧကရီ နယ်မြေထဲတွင် ရှန်းထူနန်ထျန်းကို သူကိုယ်တိုင် လက်စဖျောက် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ သေသွားသောလူက ဘယ်လိုလုပ် အသက်ပြန်ရှင်လာနိုင်မည်နည်း။ ရှန်းထူနန်ထျန်း သေသွားပြီဆိုသည်ကို ယီယွင် အသေအချာ အတည်ပြုခဲ့ပြီးသား ဖြစ်သည်။
'သွေးလမင်း' တောင်မှ သေပြီးသားလူကို အသက်ပြန်သွင်းနိုင်စွမ်း မရှိနိုင်ပေ။
ယီယွင် တစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ ရှေ့ကလူမှာ ရှန်းထူနန်ထျန်းနှင့် ရုပ်ချင်းတူသော်လည်း သူထုတ်လွှတ်နေသော အရှိန်အဝါမှာ လုံးဝ ကွဲပြားနေသည်။ ယီယွင်သည် ရှန်းထူနန်ထျန်းနှင့် မဟာရန်သူတော်များ ဖြစ်ခဲ့ကြသဖြင့် သူ့အကြောင်းကို ကောင်းကောင်း သိသည်။ လူတစ်ယောက်၏ ရုပ်ရည်ကို ပြောင်းလဲရန် လွယ်ကူသော်လည်း အရှိန်အဝါ ကို ပြောင်းလဲရန်မှာ အလွန်ခက်ခဲလှသည်။
"သူက ရှန်းထူနန်ထျန်း မဟုတ်ဘဲ သူ့အလောင်းကို ဝိညာဉ်တစ်ခုက ဝင်ရောက် ပူးကပ်နေတာ ဖြစ်ရမယ်"
ယီယွင်သည် ရှန်းထူနန်ထျန်း၏ မျက်နှာပေါ်က မှဲ့ကလေးတစ်ခုအထိ တူညီနေသည်ကို မြင်သောအခါ ၎င်းမှာ ရှန်းထူနန်ထျန်း၏ ရုပ်အလောင်းဖြစ်ကြောင်း သေချာသွားသည်။ ထိုခန္ဓာကိုယ်ထဲတွင် မိစ္ဆာစွမ်းအင်များ ရှိနေခြင်းကလည်း ဤယူဆချက်ကို ပိုခိုင်မာစေသည်။ အလောင်းကို ဝင်စီးလိုက်သော ဝိညာဉ်မှာ ထိုမိစ္ဆာစွမ်းအင်၏ တည်ရှိမှုကို မသိရှိဘဲ မိုက်မိုက်ကန်းကန်း ဝင်စီးခဲ့သဖြင့် ယခုအခါ ထိုစွမ်းအင်၏ လွှမ်းမိုးမှုကို ခံနေရခြင်း ဖြစ်ပေလိမ့်မည်။
ယီယွင် ခန့်မှန်းကြည့်ရလျှင် ရှန်းထူနန်ထျန်းကို ဝင်စီးနိုင်သူမှာ သွေးလမင်းအဖွဲ့ဝင် ယင်ဝိညာဉ် များသာ ဖြစ်နိုင်သည်။ သို့သော် ယီယွင် နားမလည်သည်မှာ ထိုမိစ္ဆာစွမ်းအင်မှာ နှစ်အနည်းငယ်အတွင်း ဘာကြောင့် ဤမျှအထိ ကြီးထွားလာရသနည်း ဆိုသည်ကိုပင်။
ယီယွင်သည် ခရမ်းရောင်သလင်းကျောက်၏ အာရုံခံစားမှုကို အစွမ်းကုန်မြှင့်၍ ထိုစွမ်းအင်၏ အရင်းအမြစ်ကို ထွင်းဖောက်ကြည့်လိုက်သည်။
ထိုခဏ၌...
"ဝူး..."
မျက်နှာဖုံးစွပ်လူ၏ ဝိညာဉ်ပင်လယ်ထဲက မိစ္ဆာစွမ်းအင်မှာ လှုံ့ဆော်မှုတစ်ခု ရရှိသွားသကဲ့သို့ ရုတ်တရက် ရှုံ့ချည်သွားတော့သည်။
ထိုသို့ ရှုံ့ချည်သွားရာမှ ယီယွင် မြင်လိုက်ရသည်မှာ မိစ္ဆာစွမ်းအင်သည် သေးငယ်သော အမျှင်တန်းပေါင်းများစွာအဖြစ် ကွဲထွက်သွားပြီး မျက်နှာဖုံးစွပ်လူ၏ ဝိညာဉ်ပင်လယ် တစ်ခုလုံးကို ပျံ့နှံ့ဝင်ရောက်သွားခြင်း ဖြစ်သည်။ ၎င်းမှာ 'ကပ်ပါးမှို' တစ်ခုနှင့် ဆင်တူလှသည်။ ၎င်း၏ အမြစ်များကို ဝိညာဉ်ပင်လယ်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ထားပြီး တစ်ဖက်လူ၏ စွမ်းအင်များကို သဲလွန်စမကျန် စုပ်ယူနေခြင်း ဖြစ်သည်။
ဒါကို မြင်လိုက်ရသောအခါ ယီယွင်မှာ ကြောချမ်းသွားမိသည်။ ဤမြင်ကွင်းမှာ တကယ့်ကို ထူးဆန်းပြီး ထိတ်လန့်စရာ ကောင်းလှသည်။
မိစ္ဆာစွမ်းအင်မှာ ချက်ချင်းပင် အလုံးအခဲတစ်ခုအဖြစ် ပြန်လည် စုစည်းသွားပြီး အလွန် သတိရှိသွားသည်။ ယီယွင် စွမ်းအင်မြင်ကွင်းနှင့် ကြည့်လိုက်ချိန်တွင် ၎င်းက ခရမ်းရောင်သလင်းကျောက်၏ တည်ရှိမှုကို ရိပ်မိသွားခြင်း ဖြစ်သည်။
ခရမ်းရောင်သလင်းကျောက်မှာ စွမ်းအင်အားလုံး၏ ဘုရင်ဖြစ်ရာ မိစ္ဆာစွမ်းအင်အတွက်တော့ ကြွက်က ကြောင်ကို တွေ့လိုက်ရသကဲ့သို့ပင်။ ၎င်းမှာ ရှင်သန်လိုသော ဗီဇကြောင့် တုန်လှုပ်သွားခြင်း ဖြစ်သည်။
သို့သော် ယီယွင်က အမြင်အာရုံဖြင့်သာ ကြည့်ခြင်းဖြစ်ပြီး ခရမ်းရောင်သလင်းကျောက်၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် ထိုမိစ္ဆာစွမ်းအင်မှာ ခေတ္တအကြာတွင် ပြန်လည် ငြိမ်သက်သွားသည်။ ၎င်းတွင် အသိဉာဏ် မရှိဘဲ ဗီဇစိတ်သာ ရှိခြင်းကြောင့် ဖြစ်သည်။
ဤအခြေအနေအားလုံးကို မျက်နှာဖုံးစွပ်လူသားမှာ ဘာမှမသိလိုက်ပါ။ အလောင်းတစ်လောင်းကို အသက်သွင်းထားသော ဝိညာဉ်နှင့် သူ၏ ဝိညာဉ်ပင်လယ်ထဲက စွမ်းအင်ကို တိတ်တဆိတ် စားသုံးနေသော မိစ္ဆာစွမ်းအင်... ဤပေါင်းစပ်မှုမှာ တကယ့်ကို ထူးဆန်းလှပေသည်။
မျက်နှာဖုံးစွပ်လူသည် ယီယွင်ထံမှ အကြည့်ကို လွှဲလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
"ကောင်းပြီ"
သူ၏ နောက်က အရပ်ရှည်နှင့် အရပ်ပု လူငယ်နှစ်ဦးမှာ ရင်ပြင်ထဲသို့ ဆင်းလာကာ ဒဏ်ရာရသူများကို စစ်ဆေးတော့သည်။ ဒဏ်ရာ အနည်းငယ် ရရုံမျှနှင့်ပင် ချက်ချင်း တောင်အောက်သို့ မောင်းချခံလိုက်ရသည်။ ထိုပါရမီရှင်များမှာ မကျေမနပ် ဖြစ်နေကြသော်လည်း လက်မှိုင်ချကာ ပြန်လှည့်သွားကြရတော့သည်။
"အခု ရင်ပြင်ပေါ်မှာ ကျန်နေတဲ့လူတွေကတော့ စစ်ဆေးမှုကို အောင်မြင်ပြီး သမဂ္ဂထဲကို တရားဝင် ဝင်ခွင့်ရပြီ။ ဒါပေမဲ့ အေးဆေးနားနေရမယ်လို့တော့ မထင်နဲ့ဦး။ သားရဲလောကမှာ သန်မာတဲ့ သားရဲတွေကပဲ အကောင်းဆုံး အစားအစာကို စားပွင့်ရှိသလို၊ ငါတို့ သိုင်းသမားလောကမှာလည်း ဒီအတိုင်းပဲ။ သမဂ္ဂထဲမှာလည်း ဒီစည်းမျဉ်းအတိုင်းပဲ သွားမယ်"
အခန်း ၆၀၇ - ရှေးဟောင်းအမွေအနှစ်
မျက်နှာဖုံးစွပ်လူသား၏ စကားများကို ပါရမီရှင်များက ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိကြပါ။ သိုင်းလောကတွင် 'သန်မာသူက အနိုင်ယူစတမ်း' ဆိုသည့် အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် ဥပဒေသမှာ အလွန်ရိုးရှင်းလှသည်။ ကျင့်ကြံသူတိုင်းမှာ ထိပ်ဆုံးသို့ ရောက်ရန် အချင်းချင်း ယှဉ်ပြိုင်နေကြရသူများ ဖြစ်သဖြင့် အားနည်းသူက အစာဖြစ်သွားခြင်းမှာ သဘာဝကျလှပေသည်။
၎င်းမှာ ဤလူငယ်များ၏ ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီနေသည်။ လူတိုင်းမှာ အသန်မာဆုံး ဖြစ်ချင်ကြသည် မဟုတ်ပါလား။
"သမဂ္ဂမှာ ကျင့်ကြံနေရင်း မင်းတို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အချိန်တွေ ရှိလိမ့်မယ်။ အကယ်၍ ကြောက်တယ်ဆိုရင် အခုပဲ နုတ်ထွက်သွားလို့ ရတယ်"
ရွှေရောင်မျက်နှာဖုံးစွပ်လူသားက ပြောဆိုပြီးနောက် ပါရမီရှင်များကို ဝေ့ကြည့်လိုက်သည်။
"ဘယ်သူမှ မထွက်ဘူးပေါ့။ ကောင်းပြီ ဒါဆိုရင် ကောင်းကင်ဘုံဥပဒေသ သမဂ္ဂရဲ့ အဖွဲ့ဝင်သစ်တွေ ဖြစ်လာတဲ့အတွက် မင်းတို့ကို ဂုဏ်ပြုပါတယ်။ ငါ့နောက်ကို လိုက်ခဲ့ကြ"
မျက်နှာဖုံးစွပ်လူသားသည် အေးဆေးစွာ လမ်းလျှောက်နေသော်လည်း ခြေလှမ်းအနည်းငယ်အတွင်းမှာပင် အဝေးကြီးကို ရောက်သွားသည်။ ပါရမီရှင်များမှာလည်း သူ၏နောက်သို့ အမီလိုက်ကြရတော့သည်။ အချို့မှာ ကိုယ်ဖော့ပညာ အားနည်းသဖြင့် ဥပဒေသစွမ်းအင်များကို သုံး၍ အသည်းအသန် လိုက်ကြရသည်။
နန်းတော်နက်ကြီးကို ဖြတ်ကျော်ပြီးနောက် အဆောက်အဦး မြောက်မြားစွာကို မြင်တွေ့လိုက်ရသည်။ ဓားရှည်တောင်တန်း၏ တောင်ထိပ်မှာ အလွန်ကျယ်ပြောလှပြီး ကောင်းကင်နှင့် တစ်ပြင်တည်း ရှိနေသကဲ့သို့ ခံစားရစေသည်။ အဆောက်အဦးများအကြားတွင် ဓားတစ်လက်ပမာ မတ်မတ်ရပ်နေသော ကျောက်မျှော်စင် မြင့်မြင့်ကြီးများ ရှိနေပြီး ထက်ရှသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
မျက်နှာဖုံးစွပ်လူသားသည် ကျောက်မျှော်စင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ အဝေးကကြည့်လျှင် တောင်ကုန်းငယ်လေးများနှင့် တူသော်လည်း အနီးကပ်ကြည့်သောအခါ နန်းတော်တစ်ခုပမာ ခန့်ညားလှသည်။ ထိုမျှော်စင်ကြီးများမှာ အလွန်ကြီးမားသော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသဖြင့် ဖိအားတစ်ခုကို ခံစားရစေသည်။
"ဒါ မင်းတို့ တည်းခိုရမယ့်နေရာပဲ။ အဖွဲ့ဝင်သစ်တွေအနေနဲ့ မင်းတို့ဟာ သမဂ္ဂရဲ့ အထူးအခွင့်အရေးတွေကို ရရှိမှာ ဖြစ်တယ်။ မျှော်စင်ထဲမှာ ဒီဒေသရဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအင်တွေကို စုစည်းပေးထားတဲ့ ချိတ်တံဆိပ်တွေ ရှိတယ်။ ဒါဟာ အဆင့်မြင့်ဆုံး ကျင့်ကြံခြင်း နယ်မြေတစ်ခုပဲ"
မျက်နှာဖုံးစွပ်လူသား၏ စကားကြောင့် ပါရမီရှင်များ၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ ဤကျင့်ကြံခြင်း နယ်မြေမှာ သူတို့၏ မိခင်ဂိုဏ်းများထက် အများကြီး သာလွန်ကောင်းမွန်လှသည်။ သို့သော် ယီယွင်အတွက်မူ ဤနေရာမှာ မဟာဧကရီ နယ်မြေနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပါချေ။
"ဒါ့အပြင်..."
မျက်နှာဖုံးစွပ်လူသားသည် သူတို့ကို အခြား မျှော်စင်တစ်ဆူသို့ ခေါ်ဆောင်သွားပြန်သည်။ ထိုမျှော်စင်ထဲတွင် စင်များစွာရှိပြီး ဆေးလုံးများ၊ ကျမ်းစာများ၊ လက်နက်များနှင့် ရတနာများမှာ ကြည့်မကုန်အောင် စုံလင်လှသည်။
"ဒါကတော့ သမဂ္ဂရဲ့ ရတနာလဲလှယ်တဲ့ နေရာပဲ။ ကိုယ့်ဘာသာကိုယ် ကြည့်ကြ"
ပါရမီရှင်များမှာ မိမိတို့ မိသားစုထဲတွင် ရတနာများစွာ မြင်ဖူးကြသဖြင့် အစပိုင်းတွင် ထူးထူးခြားခြား မခံစားရဘဲ စင်ပေါ်က ကျမ်းစာများကို အေးဆေးစွာ လှန်လှောကြည့်လိုက်ကြသည်။ သို့သော် ခေတ္တအကြာတွင် သူတို့၏ မျက်နှာပေးများမှာ ပြောင်းလဲသွားတော့သည်။
"အင်။ ဒီကျင့်စဉ်က အောင်မြင်သွားရင် 'အင်ပါရီယယ်ဘုရင်' အဆင့်အထိ ရောက်နိုင်မှာလား။" အသက် ၂၀ ခန့်ရှိသော မိန်းကလေးတစ်ဦးမှာ ကျမ်းတစ်စောင်၏ မိတ်ဆက်ကို ဖတ်ပြီး မှင်တက်သွားသည်။
ထျန်းယွမ်ကမ္ဘာတွင် 'အင်ပါရီယယ်ဘုရင်' ဆိုသည်မှာ အလွန်ကြီးကျယ်သော ဘွဲ့ထူးဖြစ်ပြီး 'ပညာရှိ' အဆင့်ထက်ပင် မြင့်မားသည်။ အင်အားကြီးဂိုဏ်းကြီးများတွင်ပင် ထိုအဆင့်ရှိသူ လက်ချိုးရေတွက်ရုံသာ ရှိသည်။
သူမသည် မယုံကြည်နိုင်သဖြင့် ရှေ့ပိုင်းအတွဲကို ဖတ်ကြည့်ရာ ကျင့်စဉ်၏ နက်နဲမှုကြောင့် ချက်ချင်း စွဲလန်းသွားတော့သည်။
"တကယ့်ကို ထူးခြားတာပဲ" သူမ၏ အာမေဍိတ်သံကြောင့် အခြားသူများလည်း စိတ်ဝင်စားသွားကြသည်။
"ဟင်းလင်းပြင် စွမ်းအင်တွေကို ထိန်းချုပ်နိုင်တာလား။ ဒါ... ဒါက ဟင်းလင်းပြင် ဥပဒေသကျင့်စဉ်ပဲ" နောက်ထပ် အံ့ဩသံတစ်ခု ထွက်ပေါ်လာပြန်သည်။
ဟင်းလင်းပြင် ဥပဒေသ ....ထျန်းယွမ်ကမ္ဘာတွင် ဟင်းလင်းပြင် ဥပဒေသမှာ အလွန်လျှို့ဝှက်ဆန်းပြားလှသည်။ ထိုပညာကို ကျင့်ကြံနိုင်သူမှာ အလွန်ရှားပါးပြီး ကျင့်ကြံနိုင်လျှင်ပင် အပေါ်ယံမျှသာ တတ်မြောက်ကြသည်။
အကြောင်းမှာ ထိုကျင့်စဉ်များမှာ ဂိုဏ်းကြီးများတွင်သာ လျှို့ဝှက်သိမ်းဆည်းထားပြီး ပြင်ပသို့ မပေါက်ကြားစေသောကြောင့် ဖြစ်သည်။
"ဒါက အတုတွေ ဖြစ်ရမယ်..." လူအများက မယုံနိုင်ဘဲ ဝိုင်းကြည့်ကြသော်လည်း ကျမ်းစာထဲက ဖော်ပြချက်များမှာ လုံးဝ လုပ်ကြံထားခြင်း မဟုတ်ဘဲ နက်နဲသောဥပဒေသ များ ပါဝင်နေသဖြင့် သူတို့၏ ရင်များ တုန်လှုပ်ကုန်ကြသည်။
"ဒါတွေက အစစ်တွေပဲ" တစ်ဦးက အခိုင်အမာ ပြောလိုက်သည်။ ဤလူငယ်များမှာ အဆင့်မြင့်သူများ ဖြစ်သဖြင့် အတုနှင့်အစစ်ကို ခွဲခြားနိုင်စွမ်း ရှိကြသည်။
သူတို့သည် အင်ပါရီယယ်ဘုရင် ဖြစ်စေနိုင်သော ကျင့်စဉ်များသာမက ထျန်းယွမ်ကမ္ဘာတွင် တစ်ခါမှ မမြင်ဖူးသော အမွေအနှစ်များကို တွေ့ရှိခဲ့ကြသည်။
"မယုံနိုင်စရာပဲ။ မဟာမိတ်သိုင်းအဖွဲ့မှာ ဘယ်လိုလုပ် ဒီလိုရတနာတွေ ရှိနေတာလဲ။" "ဒီကျမ်းစာ အနည်းငယ်နဲ့တင် အပြင်က ထိပ်တန်းဂိုဏ်းကြီးတွေ မနာလိုဖြစ်သွားစေဖို့ လုံလောက်တယ်"
အားလုံးမှာ အံ့အားသင့်ကုန်ကြသည်။ မဟာမိတ်သိုင်းအဖွဲ့မှာ ကြာမြင့်စွာ တည်ရှိခဲ့သော်လည်း အမြဲတမ်း လူမသိအောင် နေခဲ့သူများ ဖြစ်သည်။ အခုမှ ထွက်ပေါ်လာချိန်တွင် ဤမျှ အင်အားကြီးမားသော အမွေအနှစ်များကို ပြသလိုက်ခြင်း ဖြစ်သည်။
သူတို့၏ စကားများကို နားထောင်ရင်း မျက်နှာဖုံးစွပ်လူသားက အေးစက်စွာ ရယ်မောလိုက်သည်။ "မင်းတို့ မြင်နေရတဲ့ ကျင့်စဉ်တွေနဲ့ ရတနာတွေက မဟာမိတ်သိုင်းအဖွဲ့ရဲ့ အမွေအနှစ် အပိုင်းအစလေးတွေပဲ ရှိသေးတယ်။ ထျန်းယွမ်ကမ္ဘာမှာ ငါတို့နဲ့ ယှဉ်နိုင်တဲ့ ဂိုဏ်းဆိုတာ မရှိဘူး။ ဒီအမွေအနှစ်တွေ ဘယ်ကလာသလဲဆိုတာ မင်းတို့ သိချင်နေကြမှာပေါ့"
သူက စကားကို ခေတ္တရပ်လိုက်ရာ ပါရမီရှင်များမှာ နားစွင့်လိုက်ကြသည်။
"ရှေးဟောင်းခေတ်တုန်းက သိုင်းပညာဟာ ရွှေခေတ်ကို ရောက်ခဲ့ဖူးတယ်ဆိုတာ မင်းတို့ ကြားဖူးမှာပါ။ အဲဒီခေတ်မှာ ပါရမီရှင်တွေ မြောက်မြားစွာနဲ့ ထူးကဲတဲ့ အမွေအနှစ်တွေ အများကြီး ရှိခဲ့တယ်။ အဲဒီခေတ်က ထျန်းယွမ်ကမ္ဘာဟာ မြင့်မြတ်တဲ့ နယ်မြေတွေနဲ့ ကျွမ်းကျင်သူတွေ ပြည့်နေတာ။ အဲဒီထဲမှာ 'ရှေးဟောင်း မဟာဧကရီ' လို ပုဂ္ဂိုလ်မျိုးတွေ ရှိခဲ့ဖူးတယ်..."
မျက်နှာဖုံးစွပ်လူသား ပြောလိုက်သောအခါ ပါရမီရှင်များမှာ သဘောပေါက်သွားကြသည်။ ရှေးဟောင်း မဟာဧကရီမှာ လက်ရှိ ဂိုဏ်းချုပ်များထက် အများကြီး သာလွန်သူ ဖြစ်သည်။ သို့သော် သမိုင်းကြောင်းများ ပျောက်ကွယ်သွားသဖြင့် ထိုရွှေခေတ်အကြောင်းကို မှန်းဆရုံသာ တတ်နိုင်ကြသည်။
"ငါတို့ မဟာမိတ်သိုင်းအဖွဲ့ဟာ အဲဒီ ရှေးဟောင်းရွှေခေတ်ကတည်းက ဆင်းသက်လာတာဆိုတာ မင်းတို့ ထင်ထားမှာ မဟုတ်ဘူး။ ငါတို့ဟာ အဲဒီခေတ်ကနေ ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော လူသားအဖွဲ့အစည်းပဲ။ ဒါကြောင့် ထျန်းယွမ်ကမ္ဘာမှာ မရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ငါတို့ဆီမှာ ရှိနေတာပဲ"
မျက်နှာဖုံးစွပ်လူသားက အားပါပါ ပြောလိုက်သော စကားမှာ ပါရမီရှင်များ၏ နားထဲတွင် ဟိန်းထွက်သွားတော့သည်။
ဘာ....ရှေးဟောင်းရွှေခေတ်ကတည်းက ကျန်ရစ်ခဲ့တဲ့ အဖွဲ့အစည်း ဟုတ်လား။ အဲဒါဆိုရင် ဒီအဖွဲ့အစည်းက ဘယ်လောက်တောင် သက်တမ်းရင့်နေပြီလဲ။