← Chapters

အခန်း (၆၁၁-၆၁၃)

Vol. 41 Ch. 611-613

အခန်း (၆၁၁-၆၁၃)

Vol. 41 Ch. 611-613

အခန်း ၆၁၁ - သားကောင်

"ညီလေးကုန်းစုန်း... အဆင်ပြေရဲ့လား။"

ကုန်းစုန်းဟုန် တစ်ကွက်တည်းနှင့် လွင့်ထွက်သွားသည်ကို မြင်သောအခါ အရပ်ရှည်ရှည်နှင့် အရပ်ပုပု လူငယ်နှစ်ဦးမှာ ကုန်းစုန်းဟုန်၏ အခြေအနေကို ကြည့်ရန် အပြေးအလွှား ရောက်လာကြသည်။

အမှန်တကယ်တော့ ကုန်းစုန်းဟုန်မှာ ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့သော်လည်း သူ၏ ပုံစံမှာ ကြည့်မကောင်းလှပေ။ ယီယွင်၏ ဓားအလင်းတန်းမှာ ထက်ရှလွန်းသဖြင့် ကုန်းစုန်းဟုန်၏ ဝတ်စုံဖြူမှာ လည်ပင်းမှသည် ပေါင်ကြားအထိ အစိတ်စိတ်အမွှာမွှာ ဆုတ်ပြတ်သွားခဲ့သည်။ အကယ်၍ သူသာ အဝတ်အစားကို လက်နှင့် မထိန်းထားပါက မတ်တပ်ရပ်လိုက်သည်နှင့် ဗလာကျင်းသွားပေလိမ့်မည်။

အမျိုးသမီး တပည့်များစွာမှာ ဤမြင်ကွင်းကို မြင်သောအခါ ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာလွှဲလိုက်ကြတော့သည်။

ကုန်းစုန်းဟုန်၏ မျက်နှာမှာ ဝက်သဲရောင်ကဲ့သို့ နီမြန်းနေတော့သည် အကယ်၍ ယီယွင်၏ ဓားက ပေါင်ကြားကိုသာ အာရုံစိုက်လိုက်ပါက သူသည် ပန်းသေသွားမည် မဟုတ်သော်လည်း သူ၏ 'အသက်သွေးကြော' မှာ ဒဏ်ရာရသွားပေလိမ့်မည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် သူသည် မဟာမိတ်သိုင်းအဖွဲ့တွင် တစ်မဟုတ်ချင်း နာမည်ကျော်သွားပေတော့မည်။

"မင်း... မင်း..."

ကုန်းစုန်းဟုန်က အံကြိတ်ပြီး ယီယွင်ကို စိုက်ကြည့်လိုက်သော်လည်း ယီယွင်မှာ 'ငါနဲ့မဆိုင်ဘူး' ဆိုသည့် မျက်နှာပေးမျိုး လုပ်နေသည်။ ၎င်းက ကုန်းစုန်းဟုန်ကို ဆွံ့အသွားစေသည်။ တရားမျှတသော တိုက်ပွဲတွင် ရှုံးနိမ့်ခြင်းမှာ မိမိညံ့ဖျင်း၍သာ ဖြစ်သဖြင့် ယီယွင်ကို အပြစ်တင်၍ မရပါချေ။

ယီယွင်က အလျင်အမြန်ပင် အားနာသယောင် ပြောလိုက်သည် "ညီလေးကုန်းစုန်း... အဆင်ပြေရဲ့လား။ မင်းရဲ့ တိုက်ကွက်က အရမ်း အစွမ်းထက်ပြီး လှပလွန်းနေတာကို ငါ သတိထားမိလို့ ငါလည်း မခုခံနိုင်မှာ စိုးတာနဲ့ အစွမ်းကုန် ရမ်းခုတ်လိုက်မိတာပါ။ ညီလေးကုန်းစုန်းက ငါ့ကို တမင် သက်ညှာပေးမယ်လို့ လုံးဝ မထင်ထားမိဘူး။ ဒါကြောင့် ဓားအလင်းတန်း ထိသွားပြီး ဒီလို ဖြစ်သွားရတာပါ"

ယီယွင်၏ 'တမင် သက်ညှာပေးတယ်' ဆိုသော စကားကို ကြားသောအခါ ကုန်းစုန်းဟုန်မှာ ရင်ထဲတွင် ဗြောင်းဆန်သွားတော့သည်။

သူက အံကြိတ်ကာ "ငါက သက်ညှာပေးတာ မဟုတ်ဘူး၊ စောစောက ငါ သိပ်မကျွမ်းကျင်သေးတဲ့ တိုက်ကွက်ကို သုံးမိသွားလို့ပါ။ အဲဒီ မိစ္ဆာနတ်ဘုရား ၃၆ ဓားကွက်ရဲ့ အစိပ်အပိုင်းလေးကိုပဲ ငါ တတ်သေးတာ၊ ငါ ပေါ့ဆသွားမိတယ်။ နောက်တစ်ခေါက် ထပ်တိုက်ကြမယ်။ အဲဒီကျရင် ငါ့ရဲ့ အစွမ်းအကုန်ကို သုံးပြမယ်"

ဘေးမှ ကြည့်နေသော ပါရမီရှင် အများအပြားမှာ သူ့ကို အထင်သေးသွားကြသည်။ တိုက်ပွဲတစ်ခုတွင် ရှုံးလျှင် ရှုံးခြင်းသာ ဖြစ်သည်။ ပေါ့ဆသွားသည်ဆိုသည်မှာ အကြောင်းပြချက် မဟုတ်ပါ။ အကယ်၍ နယ်မြေအသစ်များတွင် အန္တရာယ်နှင့် ကြုံ၍ သေသွားလျှင်ရော 'ငါ ပေါ့ဆသွားလို့ပါ' ဟု ပြော၍ ပြန်ရှင်လာနိုင်မည်လား။

သို့သော် ဤနေရာမှာ မဟာမိတ်သိုင်းအဖွဲ့၏ နယ်မြေဖြစ်ပြီး ကုန်းစုန်းဟုန်မှာ 'ကောင်းကင်သွေးမဟာမိတ်' ကို ကိုယ်စားပြုနေသူ ဖြစ်သဖြင့် သူတို့မှာ ထုတ်မပြောရဲကြပေ။

"ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်တွေက ထင်သလောက် မသန်မာပါလား"

"ရှေးဟောင်းအမွေအနှစ်က ကောင်းချင်ကောင်းမယ်၊ ဒါပေမဲ့ ကျင့်ကြံတဲ့သူပေါ်မှာပဲ မူတည်တာပဲ" "ဟုတ်တယ်... ငါတို့ သေချာ ပြန်စဉ်းစားရမယ်။ ရှေးဟောင်းအမွေအနှစ်ဆိုတာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကျင့်စဉ်တွေပဲ၊ အခုခေတ် သိုင်းပညာစနစ်နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာ..."

လူအများမှာ ဤသို့ စတင်တွေးတောလာကြသည်။ လောကတွင် အောင်မြင်မှုနှင့် ကျရှုံးမှုကသာ အဆုံးအဖြတ် ပေးလေ့ရှိသည်။ ယီယွင်က ကုန်းစုန်းဟုန်ကို အနိုင်ယူလိုက်ခြင်းမှာ သူတို့၏ ဆုံးဖြတ်ချက်ကို တိုက်ရိုက် မပြောင်းလဲစေနိုင်သော်လည်း၊ ပါရမီရှင်များကို ပိုမို တည်ငြိမ်သွားစေသည်။ ဝိညာဉ်စာချုပ် လက်မှတ်ထိုးခြင်း၏ အကျိုးနှင့် အပြစ်ကို ပိုမို ချိန်ဆလာကြသည်။

သွေးမဟာမိတ်ထဲ မဝင်လိုက်ရုံနှင့် သူတို့က သွေးမဟာမိတ် အဖွဲ့ဝင်များထက် နိမ့်ကျသွားမည် မဟုတ်ကြောင်း သိလိုက်ရခြင်း ဖြစ်သည်။

"နောက်တစ်ခေါက် ဟုတ်လား။" ကုန်းစုန်းဟုန်၏ စကားကို ကြားသောအခါ ယီယွင်မှာ မှင်တက်သွားပြီး တွေဝေသွားဟန် ပြလိုက်သည်။ နောက်တစ်ကြိမ် တိုက်ရန် ယုံကြည်မှု မရှိသကဲ့သို့ပင်။ သူသည် သူ၏ဓားကို ကိုင်လိုက်ပြီး "ညီလေးကုန်းစုန်းက နောက်တစ်ခေါက် တိုက်ချင်တယ်ဆိုရင်တော့ ငါ စောင့်နေပါ့မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ..."

ယီယွင်က စကားကို ရပ်လိုက်ပြီး ကုန်းစုန်းဟုန်၏ အရှက်ရဖွယ် အခြေအနေကို တစ်ချက်ကြည့်ကာ အားနာနာဖြင့် ပြောလိုက်သည် "ညီလေးကုန်းစုန်း အရင်ဆုံး အဝတ်အစား သွားလဲလိုက်ရင် မကောင်းဘူးလား။"

ယီယွင် ပြောလိုက်သည်နှင့် အမျိုးသမီးတပည့်တစ်ဦးမှာ မအောင့်နိုင်ဘဲ ရယ်ချလိုက်တော့သည်။ ကုန်းစုန်းဟုန်၏ မျက်နှာမှာ သွေးထွက်မတတ် နီမြန်းသွားသည်။ မဟာဧကရီ နယ်မြေက ထွက်လာပြီးကတည်းက ယနေ့မှာ သူ့အတွက် အရှက်ရဆုံးနေ့ပင် ဖြစ်တော့သည်။

သူက အံကြိတ်ကာ "မင်း သိပ်ပြီး မောက်မာမနေနဲ့... ငါ့ရဲ့ ဒုတိယတိုက်ကွက်က အစွမ်းကုန် ဖြစ်လိမ့်မယ်"

ကုန်းစုန်းဟုန်မှာ မကျေမနပ် ဖြစ်နေပြီး ယီယွင်ကို ထပ်မံ စိန်ခေါ်ရန် ပြင်လိုက်စဉ်တွင် အေးစက်သော အသံတစ်သံ ဟိန်းထွက်လာသည်။

"တော်ပြီ၊ မင်း ရှုံးသွားပြီ"

ဤအသံကြောင့် ရယ်မောပျော်ရွှင်နေသော အငွေ့အသက်များမှာ ချက်ချင်း အေးခဲသွားတော့သည်။ အားလုံးက ချက်ချင်း တိတ်ဆိတ်သွားပြီး လှမ်းကြည့်လိုက်ရာ ပြောလိုက်သူမှာ မျက်နှာဖုံးစွပ်လူသား ဖြစ်နေသည်။

မျက်နှာဖုံးစွပ်လူသားသည် ယီယွင်ကို စိုက်ကြည့်လိုက်သော်လည်း သူ၏ အေးစက်လှသော မျက်နှာဖုံးနောက်ကွယ်မှ မည်သည့် ခံစားချက်ကိုမျှ ခန့်မှန်း၍ မရပါချေ။ ယီယွင်ကလည်း သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။ သူသည် ထိုလူကို လုံးဝ မကြောက်ပါ။

"မင်း... တကယ့်ကို မဆိုးဘူးပဲ"

မျက်နှာဖုံးစွပ်လူသားက မည်သည့် အဓိပ္ပာယ်မှန်း မသိရသော မှတ်ချက်တစ်ခု ပေးလိုက်သည်။ မဟာမိတ်သိုင်းအဖွဲ့မှာ ဝါရင့်အဖွဲ့ဝင်ကို သုံး၍ တပည့်သစ်များကို ပညာပြရန် ကြံစည်ခဲ့သော်လည်း ယီယွင်ကြောင့် သူတို့၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရခြင်း ဖြစ်သည်။

ဝါရင့်အဖွဲ့ဝင်များ၏ အစွမ်းပြပွဲမှာ ဟာသတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ယီယွင်က တမင် မဟုတ်သကဲ့သို့ လုပ်ဆောင်ခဲ့လျှင်ပင် ဤအခြေအနေမှာ မျက်နှာဖုံးစွပ်လူသားကို အကြီးအကျယ် မကျေမနပ် ဖြစ်စေလိမ့်မည်မှာ သေချာသည်။

"ဒီကောင်လေးက တကယ့်ကို သတ္တိရှိတာပဲ။ ဝင်ဝင်ချင်းပဲ သွေးမဟာမိတ်ကို စော်ကားလိုက်တယ်"

"စောစောက သူခုတ်လိုက်တဲ့ ဓားကွက်ကို ငါ နားမလည်ပေမဲ့၊ မြင်ရသလောက်တော့ မရိုးရှင်းဘူး။ သူက ကျားကိုစားမယ့် ဝက်လို ဟန်ဆောင်နေတဲ့ ကျွမ်းကျင်သူ ဖြစ်ရမယ်" ပါရမီရှင်များကလည်း ယီယွင်မှာ ကုန်းစုန်းဟုန်ကို အရူးလုပ်လိုက်ခြင်း ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။

"စစ်ဆေးရေးမှူးကြီး... ကျွန်တော် ဆက်တိုက်နိုင်ပါသေးတယ်..." ကုန်းစုန်းဟုန်က မကျေမနပ် ပြောလိုက်သည်။ သို့သော် မျက်နှာဖုံးစွပ်လူသားက အေးစက်စွာ အော်လိုက်သည်။

"ထွက်သွားစမ်း"

ကုန်းစုန်းဟုန်မှာ စကားစပြတ်သွားပြီး သူ၏ မာန်မာနကို မြိုသိပ်ကာ အမိန့်ကို နာခံလိုက်ရတော့သည်။ သူသည် ယီယွင်ကို ဒေါသတကြီး တစ်ချက်ကြည့်လိုက်သည်။

"မင်းမှာ တကယ့်ကို ကောင်းမွန်တဲ့ အကဲခတ်မှု ရှိတာပဲ" မျက်နှာဖုံးစွပ်လူသားက ယီယွင်ကို ချီးကျူးလိုက်သည်။

အခြားသူများ မမြင်နိုင်သော်လည်း သူက မြင်သည်။ ယီယွင် တိုက်ခိုက်လိုက်သော ခဏချင်းအတွင်း၌ ကုန်းစုန်းဟုန်၏ တိုက်ကွက်ရှိ အားနည်းချက်ကို တိတိကျကျ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ပြိုင်ဘက်ကို တစ်ကွက်တည်းနှင့် အနိုင်ရစေရန် အဓိက အချက်ပင်။

မဟာမိတ်သိုင်းအဖွဲ့က 'မိစ္ဆာနတ်ဘုရား ၃၆ ဓားကွက်' မှာ သူတို့၏ လျှို့ဝှက်ကျင့်စဉ် ဖြစ်သဖြင့် ပြင်ပလူများ မသိနိုင်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ဤလူငယ်မှာ ထိုကျမ်းကို အရင်က မြင်ဖူးရန် မဖြစ်နိုင်ပါ။ ဆိုလိုသည်မှာ ဤလူငယ်၏ အကဲခတ်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းမှာ အလွန် ကြောက်စရာကောင်းသော အဆင့်တွင် ရှိနေခြင်း ဖြစ်သည်။

ဤသို့သော လူတစ်ယောက်သည် ကုန်းစုန်းဟုန်နှင့် မိမိကြားက အင်အားကွာခြားချက်ကို မသိဘဲ နေပါမည်လော။ အစကတည်းက သူသည် ကုန်းစုန်းဟုန်ကို အရူးတစ်ယောက်လို သဘောထားခဲ့ခြင်းပင်။

ဝါရင့်အဖွဲ့ဝင်ကို အရူးလုပ်နိုင်သော အဖွဲ့ဝင်သစ်တစ်ဦးမှာ မျက်နှာဖုံးစွပ်လူသား၏ စိတ်ဝင်စားမှုကို ရရှိသွားသည်။ သူသည် မျက်နှာဖုံးနောက်ကွယ်မှနေ၍ ယီယွင်ကို 'အရသာရှိသော သားကောင်' တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေတော့သည်။

မျက်နှာဖုံးစွပ်လူသား၏ အမြင်တွင် ယီယွင်မှာ အလွန် မောက်မာလွန်းပြီး လောကကြီး မည်မျှ ကျယ်ပြောသည်ကို မသိသေးသောသူ ဖြစ်သည်။ မိမိကိုယ်ကို တော်လှပြီဟု ထင်မှတ်ကာ အခြားသူများကို အရူးလုပ်နေသော ဤကဲ့သို့သော သူမျိုးမှာ အမှားတစ်ခုနှင့်တင် ဘဝပျက်သွားနိုင်သူများ ဖြစ်သည်။ ဖားတစ်ကောင် မည်မျှပင် မြင့်အောင် ခုန်နိုင်ပါစေ၊ ရေတွင်းနက်ကြီးထဲမှ ဘယ်တော့မှ ခုန်ထွက်နိုင်လိမ့်မည် မဟုတ်ပါ။

"မင်းက ငါ့ရဲ့ သားကောင် ဖြစ်ဖို့ ကံပါလာတာပဲ..."

မျက်နှာဖုံးစွပ်လူသား၏ နှုတ်ခမ်းများမှာ မျက်နှာဖုံးနောက်ကွယ်တွင် တွန့်ကွေးသွားသည်။ မင်း ဝိညာဉ်စာချုပ် လက်မှတ်မထိုးဘူးဆိုရင်တောင်၊ ကောင်းကင်သွေးမဟာမိတ်ထဲ မဝင်ဘူးဆိုရင်တောင်... မင်း ငါ့လက်ခုပ်ထဲကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး

အခန်း ၆၁၂ - ပြန်လည်ဝင်စားလာသူများ

မျက်နှာဖုံးစွပ်လူသား၏ အမူအရာအားလုံးမှာ သူ၏မျက်နှာဖုံးအောက်တွင် ဖုံးကွယ်နေသည်။ ဟောင်းလောင်းပေါက်များ ပါရှိသော သူ၏မျက်နှာဖုံးမှာ အပြင်ပန်းကြည့်လျှင် အလွန်အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ပုံ ပေါက်လှသည်။

ရှိနေသော ပါရမီရှင်များအတွက်မူ မျက်နှာဖုံးစွပ်လူသား ပေးသောဖိအားမှာ အလွန်ကြီးမားလှသည်။ သူ၏ ချီးကျူးစကားကပင် သူတို့၏နှလုံးသားကို ပါးစပ်သို့ ရောက်လာမတတ် တုန်လှုပ်ခြောက်ခြားစေသည်။

"မင်းအတွက် ဆုလာဘ်အဖြစ် သွေးကျောက်စိမ်း နှစ်ထောင်ပေးမယ် အရည်အချင်းရှိတဲ့ လူငယ်တွေကို ငါ တန်ဖိုးထားတယ်"

မျက်နှာဖုံးစွပ်လူသား ပြောလိုက်သည်နှင့် သူ၏ဘေးမှ နောက်လိုက်တစ်ဦးက ကျောက်စိမ်းသေတ္တာတစ်လုံးကို သယ်ဆောင်လာသည်။

၎င်းကို ဖွင့်လိုက်သောအခါ သေတ္တာထဲတွင် သေသေသပ်သပ် စီထားသော သွေးကျောက်စိမ်း ၂၉ တွဲကို တွေ့ရသည်။ ကျန်သော သွေးကျောက်စိမ်း ၉၀၀ မှာ ကုန်းစုန်းဟုန်ကို အနိုင်ယူ၍ ရရှိသော ဆုလာဘ်ဖြစ်သည်။

စဝင်ချင်းမှာပင် သွေးကျောက်စိမ်း ၂၉၀၀ ရရှိလိုက်သဖြင့် ယီယွင်၏ ကြွယ်ဝမှုမှာ အခြားသော အဖွဲ့ဝင်သစ်များအားလုံး ပေါင်းထားသည်ထက်ပင် သာလွန်နေသည်။

ဤသည်ကို မြင်သောအခါ ပါရမီရှင်များစွာမှာ မနာလို ဖြစ်သွားကြသည်။ ဤသွေးကျောက်စိမ်းများကို သုံး၍ ရှေးဟောင်းအမွေအနှစ်များနှင့် ရတနာအမြောက်အမြားကို လဲလှယ်နိုင်သည် မဟုတ်ပါလား။

"ဒီနေ့ကစပြီး မင်းတို့တစ်ယောက်ချင်းစီဟာ သတ်မှတ်ထားတဲ့ သွေးကျောက်စိမ်း လစာကို ရကြလိမ့်မယ်။ အစပိုင်းမှာတော့ တစ်လကို သွေးကျောက်စိမ်း ၁၀ ခု ရမယ်။ အကယ်၍ မင်းတို့က ကောင်းကင်သွေးမဟာမိတ်ထဲ ဝင်မယ်ဆိုရင်တော့ တစ်လကို သွေးကျောက်စိမ်း ၅၀ ရလိမ့်မယ်"

"ကောင်းကင်လမ်းစဉ်သမဂ္ဂ မှာ စမ်းသပ်မှု အမျိုးမျိုးရှိတယ်။ အဲဒါတွေကို အောင်မြင်ရင် သတ်မှတ်ထားတဲ့ သွေးကျောက်စိမ်း ဆုလာဘ်တွေ ရမယ့်အပြင် မင်းတို့ရဲ့ လစာလည်း တိုးလာမယ်။ ပြီးတော့ တူညီတဲ့ စမ်းသပ်မှုတစ်ခုမှာတောင် ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်တစ်ယောက်ဟာ ကောင်းကင်လမ်းစဉ်သမဂ္ဂ အဖွဲ့ဝင်ထက် ဆုလာဘ် ၅ ဆ ပိုရတယ်"

"မင်းတို့ရဲ့ လစာဟာ အမြဲတမ်း စုဆောင်းနေမှာပဲ။ အကယ်၍ မင်းတို့ဟာ ကောင်းကင်သွေးမဟာမိတ်ရဲ့ အဓိက အဖွဲ့ဝင် ဖြစ်လာရင် တစ်လကို သွေးကျောက်စိမ်း ၁၀၀၀ ရဖို့တောင် မအံ့ဩပါနဲ့။ ဒါပေမဲ့... အခု ကုန်းစုန်းဟုန် ဖြစ်သွားသလိုမျိုး အဖွဲ့ဝင်သစ်တစ်ယောက်ကို တိုက်ပွဲမှာ ရှုံးနိမ့်သွားမယ်ဆိုရင်တော့... အဲဒီအဖွဲ့ဝင်သစ်ကို ပေးရတဲ့ ဆုလာဘ်ကို မင်းတို့ရဲ့ လစာထဲကနေ နှုတ်ယူမယ့်အပြင်၊ ၂ ဆ ဒဏ်ကြေးပါ ပေးဆောင်ရလိမ့်မယ်"

မျက်နှာဖုံးစွပ်လူသားက အေးစက်စွာ ပြောဆိုလိုက်သည်။ ထို့နောက် သူသည် ယီယွင်ကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ ကောက်ကျစ်စွာ ရယ်မောပြီးနောက် လှည့်ထွက်သွားတော့သည်။

ဒဏ်ကြေးက ဆုလာဘ်တန်ဖိုးရဲ့ ၂ ဆတောင်လား။

သူတို့ထဲမှ အများအပြားမှာ တိတ်တဆိတ် တုန်လှုပ်သွားကြသည်။ ယီယွင်သည် ကုန်းစုန်းဟုန်ကို အနိုင်ယူ၍ (စိန်ခေါ်ခကို မတွက်ဘဲ) သွေးကျောက်စိမ်း ၁၀၀၀ ရရှိခဲ့သည်။

ထိုသို့ဆိုလျှင် ကုန်းစုန်းဟုန်၏ လစာထဲမှ သွေးကျောက်စိမ်း ၂၀၀၀ နှုတ်ယူခံရတော့မည်လား။

ကုန်းစုန်းဟုန်၏ လစာမှာ ထိုမျှအထိ မများနိုင်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။ ဤသည်မှာ သူ့အတွက် အတော်လေး ဆိုးရွားသော ဆုံးရှုံးမှုပင် ဖြစ်သည်။

ယီယွင်သည် လက်ထဲက သွေးကျောက်စိမ်းများကို ကစားနေမိသည်။ သူသည် ကျင့်ကြံခြင်း နည်းစနစ်များကို စိတ်မဝင်စားသော်လည်း... မဟာမိတ်သိုင်းအဖွဲ့၏ ရတနာများမှာမူ မဆိုးလှပေ။ ၎င်းတို့ကို အသုံးမချဘဲ နေခြင်းမှာ မိုက်မဲရာ ကျပေလိမ့်မည်။

သို့သော်လည်း မဟာမိတ်သိုင်းအဖွဲ့ထံမှ အသာစီးရယူရန်မှာ မလွယ်ကူမှန်း ယီယွင် သိသည်။

ဤနေရာကို နဂါးအိုင်၊ ကျားဂူကဲ့သို့ အန္တရာယ် များလှသည်ဟု တင်စားလျှင်ပင် လွန်မည်မဟုတ်ပါ။

မျက်နှာဖုံးစွပ်လူသား ထွက်သွားသော်လည်း ကုန်းစုန်းဟုန်မှာမူ မထွက်သွားသေးပါ။

သူသည် အရှက်ရမှုနှင့် နစ်နာမှုများကြောင့် အကြီးအကျယ် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။

ထိုအကြောင်းကို တွေးမိရုံနှင့်ပင် ကုန်းစုန်းဟုန်၏ နှလုံးသားမှာ နာကျင်ခံစားနေရသည်။ စောစောက သူသည် ယီယွင်၏ အရူးလုပ်ခြင်းကို ခံလိုက်ရမှန်း သူ နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

သူသည် ယီယွင်၏ ပြိုင်ဘက်မဟုတ်ပါ။ အကယ်၍ သူသာ အစကတည်းက အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင်ပင် သူ နိုင်နိုင်ချေ မရှိလှပါ။

"ကောင်လေး... မင်း နာမည် ဘယ်သူလဲ။"

ကုန်းစုန်းဟုန်က အံကြိတ်ရင်း ယီယွင်ကို မေးလိုက်သည်။

ယီယွင်က ကုန်းစုန်းဟုန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည် "ငါက ငါ့နာမည်ရင်းကို မသုံးဘူး၊ ငါ့မှာ ဘွဲ့အမည် တစ်ခုရှိတယ်... ကျန်းယိတောင် တဲ့"

ကျန်းယိတောင်။

ကုန်းစုန်းဟုန် မျက်မှောင်ကြုတ်သွားသည်။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကောင်းကင်လမ်းစဉ်သမဂ္ဂတွင် တံခါးပိတ် ကျင့်ကြံနေသဖြင့် ဤကဲ့သို့သောသူကို မကြားဖူးပါ။

ကုန်းစုန်းဟုန် မသိသော်လည်း ကောင်းကင်လမ်းစဉ်သမဂ္ဂသို့ အခုမှ ဝင်လာကြသော ပါရမီရှင်များမှာမူ 'ကျန်းယိတောင်' ဟူသော အမည်နှင့် အလွန်ရင်းနှီးလှသည်။

၎င်းမှာ လွန်ခဲ့သော လအနည်းငယ်အတွင်းက အလွန်ကျော်ကြားခဲ့သော အမည်တစ်ခု ဖြစ်သည်။

ကျန်းယိတောင်၏ ခွန်အားနှင့် ပတ်သက်၍ ကောလာဟလများမှာ အတော်လေး ကြောက်စရာကောင်းလှသည်။ သို့သော်လည်း ရှိနေသော ပါရမီရှင်များမှာ ကောလာဟလကိုသာ ကြားဖူးကြပြီး လက်တွေ့ မယုံကြည်နိုင်ကြသေးပါ။

ယခု ယီယွင်၏ ခွန်အားကို မျက်မြင်တွေ့လိုက်ရသောအခါ သူတို့ အတော်လေး လက်ခံသွားကြသည်။

"သူက ကျန်းယိတောင်လား။" "သူက တကယ်ပဲ တစ်ကွက်တည်းနဲ့ပဲ တိုက်ခိုက်တာပဲ..."

လူအများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်တဆိတ် တုန်လှုပ်သွားကြသည်။

ကုန်းစုန်းဟုန်သည် ကျန်းယိတောင်ကို မသိသော်လည်း လူအုပ်ကြီး၏ ဆွေးနွေးမှုများအရ ကျန်းယိတောင်မှာ သာမန်လူမဟုတ်မှန်း သိလိုက်ရသည်။

"ကျန်းယိတောင်... မင်းရဲ့နာမည်က တကယ့်ကို မောက်မာတာပဲ။ ငါ့ကို အနိုင်ယူရုံနဲ့ မင်းကိုယ်မင်း သန်မာလှပြီ ထင်နေတာလား။ ကောင်းကင်သွေးမဟာမိတ်မှာ မင်းရဲ့ စိတ်ကူးထက် အများကြီး သာလွန်တဲ့ တည်ရှိမှုတွေ ရှိသေးတယ်။ ငါက ကောင်းကင်သွေးမဟာမိတ်မှာ ဘာမှမဟုတ်ဘူး။ သူတို့နဲ့ ယှဉ်ရင် မင်းကလည်း ဘာမှမဟုတ်ဘူး။ မကြာခင် မင်း သင်ခန်းစာ ရလိမ့်မယ်"

ကုန်းစုန်းဟုန်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

သို့သော်လည်း ရှိနေသော ပါရမီရှင်များမှာ ကုန်းစုန်းဟုန်၏ လှောင်ပြောင်မှုကို သဘောမတူကြပါ။

ကောင်းကင်သွေးမဟာမိတ်ထဲမှာ ကျန်းယိတောင်ကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ တည်ရှိမှုတွေ ရှိနေလို့လား။

ကုန်းစုန်းဟုန်သည် ကောင်းကင်လမ်းစဉ်သမဂ္ဂသို့ မဝင်ခင်ကတည်းက ထျန်းယွမ်ကမ္ဘာ တွင် ကျော်ကြားခဲ့သူဖြစ်ကြောင်း သိထားရမည်။

သူသည် ထိပ်တန်း ပါရမီရှင် မဟုတ်သော်လည်း အကောင်းဆုံးလူများထဲမှ တစ်ဦး ဖြစ်သည်။

ကုန်းစုန်းဟုန်၏ အထက်တွင် ပို၍ ထူးခြားဆန်းပြားသော သူများ ရှိနိုင်သော်လည်း ကွာခြားချက်မှာ အလွန်ကြီးမားမည် မဟုတ်ပါ။

လူအများ၏ အမြင်တွင် ကျန်းယိတောင်၏ ပါရမီမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ကျန်းယိတောင်ထက် ပို၍ ထူးခြားဆန်းပြားသောသူများ ရှိနိုင်မည်ဟု မည်သူမျှ မယုံကြည်ကြပါ။

၎င်းအပြင် ပုံမှန်အားဖြင့် ပါရမီရှင်တစ်ဦးသည် ကုန်းစုန်းဟုန်ကဲ့သို့ပင် ငယ်စဉ်ကတည်းက ကျော်ကြားလေ့ရှိသည်။ လူတိုင်းမှာ သူ၏အကြောင်းကို အနည်းဆုံးတော့ အနည်းငယ် ကြားဖူးကြသည်။

ရံဖန်ရံခါတွင် မည်သူမျှမသိသော ပါရမီရှင်များ ရုတ်တရက် ပေါ်လာတတ်သည်မှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် ပါရမီရှင် အမြောက်အမြား ဘယ်ကမှန်းမသိဘဲ ရုတ်တရက် ပေါ်လာသည်ဆိုခြင်းမှာ အဓိပ္ပာယ်မရှိပါ။

ကုန်းစုန်းဟုန် ပြောလိုသည်မှာ ကောင်းကင်သွေးမဟာမိတ်သည် ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေပြီး ကုန်းစုန်းဟုန်ထက် အဆပေါင်းများစွာ သာလွန်သော ပါရမီရှင် အမြောက်အမြား ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့က ဘယ်ကမှန်းမသိဘဲ ပေါ်လာစရာ အကြောင်းမရှိပါ။ ဒါဆို သူတို့ ဘယ်က လာကြသလဲ။

မဟာမိတ်သိုင်းအဖွဲ့က နက်နဲသော နယ်မြေ တစ်ခုကို လျှို့ဝှက် တည်ထောင်ပြီး အဲဒီထဲမှာ သူတို့ကို ပြုစုပျိုးထောင်ခဲ့တာလား။

လူအများမှာ ထူးဆန်းသည်ဟု ထင်နေကြပြီး လူအတော်များများက သူ့ကို မယုံကြည်ကြပါ။ ကုန်းစုန်းဟုန်သည် ရှုံးနိမ့်သွားပြီးနောက် သူ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန်အတွက် ဤစကားများကို ပြောနေခြင်းသာ ဖြစ်မည်ဟု သူတို့ ခံစားရသည်။

ကုန်းစုန်းဟုန်သည် လူတိုင်း ဘာတွေးနေသည်ကို သိနိုင်သည်။

ထို့ကြောင့် သူက လှောင်ပြောင်လိုက်သည် "ပုရွက်ဆိတ်တွေရဲ့ မျက်လုံးကတော့ ရှေ့က လမ်းကျဉ်းလေးကိုပဲ အမြဲတမ်း မြင်တာပေါ့။ လောကကြီး ဘယ်လောက် ကျယ်လဲဆိုတာ မင်းတို့ ဘယ်သိမလဲ။ ကောင်းကင်သွေးမဟာမိတ်မှာ ပြန်လည်ဝင်စားလာသူတွေအများကြီး ရှိတယ်။

သူတို့ထဲက အသန်မာဆုံးလူ ၉ ယောက်ဆိုရင် မင်းတို့ရဲ့ စိတ်ကူးထက် အများကြီး သာလွန်တယ်။ သူတို့အတွက်တော့ မင်းတို့အားလုံးက ဘာမှမဟုတ်ဘူး"

ကုန်းစုန်းဟုန်က ထိုစကားကို ပြောလိုက်သောအခါ သူတို့အားလုံး မှင်တက်သွားကြသည်။

ပြန်လည်ဝင်စားလာသူများ။

သိုင်းသမားတွေက သိုင်းပညာ ကျင့်ကြံပြီးရင် ပြန်လည်ဝင်စားလို့ ရသလား။

အရာအားလုံးကို အစကနေ ပြန်စရသော်လည်း အရင်ဘဝက အမှတ်ရချက်တွေ ရှိနေမည်ဆိုလျှင် ၎င်းမှာ အလွန် ကြောက်စရာကောင်းသော အစွမ်းပင် ဖြစ်သည်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ခံစားရသည်။

လူအုပ်ကြီး၏ မှင်တက်နေသော မျက်နှာများကို မြင်သောအခါ ကုန်းစုန်းဟုန်မှာ ဂုဏ်ယူသွားသည်။ "ဟုတ်တယ်၊ ပြန်လည်ဝင်စားတာ ကောင်းကင်သွေးမဟာမိတ်မှာ ပထမတန်းစား နတ်ဘုရားကျင့်စဉ်လို့ ယူဆနိုင်တဲ့ ကောင်းကင်ဥပဒေသ ပြန်လည်ဝင်စားခြင်း မဟာကျင့်စဉ် ရှိတယ်"

"ကံမကောင်းတာက မင်းတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် နိဒါန်းကိုပဲ မြင်ဖူးဦးမယ်။ လဲလှယ်ဖို့တောင် မင်းတို့မှာ အခွင့်အရေး မရှိဘူး"

ကုန်းစုန်းဟုန်၏ လေသံမှာ အလွန်အမင်း အသာစီးရလိုသော ခံစားချက် ပါဝင်နေသည်။ သို့သော် သူ၏ ဆုတ်ပြတ်နေသော အဝတ်အစားများနှင့် ကြည့်လိုက်လျှင် အတော်လေး ရယ်စရာ ကောင်းနေသည်။

'ကောင်းကင်ဥပဒေသ ပြန်လည်ဝင်စားခြင်း မဟာကျင့်စဉ်'။

ယီယွင် မျက်မှောင်ကြုတ်သွားသည်။ ဤကဲ့သို့သော ကျင့်စဉ်မျိုးကို နီလာယန်သခင်၏ စုဆောင်းမှုများထဲတွင် အကြမ်းဖျင်း ဖော်ပြထားဖူးသည်။

ကုန်းစုန်းဟုန်၏ စကားများက လူအတော်များများ၏ စိတ်ဝင်စားမှုကို နှိုးဆွလိုက်သည်။ ဤကဲ့သို့သော ကျင့်စဉ်မှာ အလွန် ကြောက်စရာကောင်းသော အစွမ်းရှိပုံ ပေါက်လှသည်။ အကယ်၍ လူတစ်ယောက်သည် ပြန်လည်ဝင်စားခြင်းဖြင့် တစ်ဖန် ပြန်လည်မွေးဖွားလာနိုင်ပြီး မိမိ၏ အမှတ်ရချက်များကို ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် ၎င်းမှာ တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်သောအရာ ဖြစ်ပေလိမ့်မည်။

၎င်းကို မသင်ယူနိုင်လျှင်ပင် မျက်မြင်တွေ့ရရုံနှင့်ပင် ကောင်းလှပေသည်။

၎င်းအပြင် သူတို့မှာ ယခု အဆင့်မမီသေးသော်လည်း အနာဂတ်တွင် အဆင့်မီလာနိုင်သည် မဟုတ်ပါလား။

သူတို့ထဲမှ အများအပြားမှာ မျက်လုံးများ တောက်ပလာကြပြီး ရတနာတိုက်ထဲတွင် ဤ 'ကောင်းကင်ဥပဒေသ ပြန်လည်ဝင်စားခြင်း မဟာကျင့်စဉ်' ကို မနေနိုင်ဘဲ လိုက်ရှာကြတော့သည်။

ကုန်းစုန်းဟုန်သည် အထင်သေးသော အမူအရာဖြင့် ရယ်မောပြီးနောက် ရတနာတိုက်မှ ထွက်ခွာသွားတော့သည်။

မထွက်ခွာခင် သူသည် ယီယွင်ကို အေးစက်စွာ တစ်ချက် ကြည့်သွားသည်။

ဤအမုန်းတရားက ယီယွင်ကို မနှောင့်ယှက်နိုင်ပါ။ ကျန်းယိတောင်၏ အမှတ်အသားဖြင့် နေစဉ်အတွင်း အခြားသူများကို စော်ကားမိသွားခြင်းမှာ ကိစ္စမရှိပါ။ ယီယွင်၏ မူလအမှတ်အသားမှာပင် ကမ္ဘာတစ်ဝန်းလုံးတွင် ရန်သူများ ပြည့်နှက်နေပြီးသား ဖြစ်သည်။

ကုန်းစုန်းဟုန် ထွက်သွားပြီးနောက် ရှိနေသော ပါရမီရှင်များမှာ ရတနာအားလုံးကို လိုက်လံ ကြည့်ရှုကြတော့သည်။ မကြာခင်မှာပင် တစ်စုံတစ်ယောက်က 'ကောင်းကင်ဥပဒေသ ပြန်လည်ဝင်စားခြင်း မဟာကျင့်စဉ်' ကို ရှာတွေ့သွားသည်။

"ဒီမှာ ရှိတယ်"

ကျမ်းစာကို ရှာတွေ့သူမှာ မအော်ဘဲ မနေနိုင် ဖြစ်သွားသည်။

လူတိုင်းမှာ အသံလာရာဘက်သို့ ချက်ချင်း ဦးတည်သွားကြသည်။

'ကောင်းကင်ဥပဒေသ ပြန်လည်ဝင်စားခြင်း မဟာကျင့်စဉ်' ကို ရတနာတိုက်၏ တတိယထပ် (အမြင့်ဆုံးထပ်) တွင် ထားရှိထားသည်။

၎င်းကို ထားရှိသော နေရာမှာ အလွန် ထင်ရှားလှသည်။ ၎င်းမှာ တတိယထပ်၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေပြီး ထိုအချက်ကြောင့်ပင် တစ်စုံတစ်ယောက်က လျင်မြန်စွာ ရှာတွေ့သွားခြင်း ဖြစ်သည်။

ယီယွင်သည်လည်း သိချင်စိတ်ဖြင့် တတိယထပ်သို့ လျှောက်သွားလိုက်သည်။ သူသည်လည်း ဤနက်နဲသော ကျင့်စဉ်၏ အစစ်အမှန် မျက်နှာစာကို မြင်တွေ့ချင်မိသည်။

ဤနက်နဲသော ကျင့်စဉ်ကို ရွှေအိုရောင် သတ္တုသေတ္တာတစ်ခုထဲတွင် ထည့်သွင်းထားပြီး သေတ္တာကို ချိတ် ဖြင့် ပိတ်ထားသည်။

ရတနာတိုက်ရှိ ကျင့်စဉ် အတော်များများမှာ ပထမစာမျက်နှာကို ကြိုတင်ကြည့်ရှုခွင့် ပေးထားသော်လည်း ဤကျင့်စဉ်မှာမူ စာသားတစ်လုံးကိုပင် ကြိုတင်ကြည့်ရှုခွင့် မပေးထားပါ။

သေတ္တာအပြင်ဘက်တွင် နိဒါန်းစာသား အနည်းငယ်သာ ရှိသည်။

ကောင်းကင်သွေးမဟာမိတ်၏ အဓိကအဖွဲ့ဝင်များသာလျှင် ဤကျင့်စဉ်ကို လဲလှယ်ယူခွင့် ရှိကြောင်း ယီယွင် သတိထားမိလိုက်သည်။ ၎င်းကို လဲလှယ်ရန် ကုန်ကျစရိတ်မှာလည်း နက္ခတ္တဗေဒဆိုင်ရာ ဈေးနှုန်းမျိုးပင် ဖြစ်သည်။

သွေးကျောက်စိမ်း ၁၀၀,၀၀၀ (တစ်သိန်း) ဆိုသည်မှာ ပထမတွဲကို လဲလှယ်ရန်အတွက်သာ လုံလောက်သည်။ နောက်ထပ်တွဲများအတွက်မူ ပို၍ ပို၍ပင် ဈေးကြီးလာသည်။

၎င်းအပြင် သွေးကျောက်စိမ်း လုံလောက်ရုံနှင့် မရဘဲ ကောင်းကင်လမ်းစဉ်သမဂ္ဂအတွက် အကျိုးဆောင်မှု တစ်ခု ပြုလုပ်ရဦးမည် ဖြစ်သည်။

ဤမျှ တင်းကျပ်လှသော လဲလှယ်မှု အခြေအနေများကို ကြည့်ပြီး လူအတော်များများမှာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

ဒါဟာ တကယ့်ကို ရယ်စရာ ကောင်းလွန်းလှသည်။

ကောင်းကင်သွေးမဟာမိတ်ထဲ ဝင်ဖို့တင် ဝိညာဉ်စာချုပ် လက်မှတ်ထိုးရသေးသည်။

ဒါပေမဲ့ သွေးကျောက်စိမ်း သိန်းပေါင်းများစွာ ပေးဖို့နဲ့ သမဂ္ဂအတွက် အကျိုးဆောင်မှု ပြုလုပ်ဖို့ဆိုတာ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး။

အခြေခံအားဖြင့်တော့ ဤနက်နဲသော ကျင့်စဉ်မှာ လှပသော တံလျှပ်တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ ကြည့်ရုံသာ ကြည့်လို့ရသော အရာပင်။

"ဒီလို အထွတ်အထိပ် ကျင့်စဉ်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ငါ တကယ်ပဲ တစ်ချက်လောက် ကြည့်ချင်မိတယ်။ စာမျက်နှာ တစ်မျက်နှာဆိုရင်တောင် တန်ပါတယ်"

လှပသော မိန်းကလေးတစ်ဦးက မအောင့်နိုင်ဘဲ ပြောလိုက်သည်။

ပြန်လည်ဝင်စားခြင်း ဆိုသည်မှာ အလွန်ဆွဲဆောင်မှု ရှိလှသည်။ ဤသည်မှာ ခွန်အားကို တစ်ဖန် ပြန်လည် စုဆောင်းနိုင်ရုံသာမက ဘဝသစ်တစ်ခု ပြန်လည်မွေးဖွားခြင်းလည်း ဖြစ်သည်။

အလှအပကို မြတ်နိုးသော အမျိုးသမီးများအတွက်မူ၊ အသက်ကြီး၍ သေဆုံးသွားပြီးနောက် လူပျိုဖော်ဝင်ကာလသို့ ပြန်လည်ရောက်ရှိနိုင်မည်ဆိုလျှင် မည်သည့်မိန်းကလေးက စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

သို့သော်လည်း ယီယွင်ကတော့ စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။

လောကတွင် အလကားရသော နေ့လယ်စာ မရှိပါ။ အကယ်၍ ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော ကျင့်စဉ်မျိုး ရှိခဲ့လျှင် နီလာယန်သခင်က ဘာကြောင့် အကြမ်းဖျင်းသာ ဖော်ပြခဲ့ပါမည်နည်း။ သူသည် ၎င်းကို အသေးစိတ် ဖော်ပြခဲ့ပေလိမ့်မည်။ ထိုဖော်ပြချက်တွင်လည်း ထိုကျမ်းအပေါ် သူ၏ လေးစားမှုကို မြင်တွေ့ရပေလိမ့်မည်။

အမှန်တကယ်တော့ နီလာယန်သခင်၏ အဆိုအရ ဤသို့သော ပြန်လည်ဝင်စားခြင်း ကျင့်စဉ်များသည် နည်းလမ်းများစွာဖြင့် ကန့်သတ်ချက်များ ရှိနေလေ့ရှိသည်။

ဥပမာအားဖြင့် မွေးဖွားခြင်း၏ လျှို့ဝှက်ချက်မျိုးပေါ့။

ပြန်လည်ဝင်စားသောအခါ အမှတ်ရချက် အမြောက်အမြား ပျောက်ဆုံးသွားလိမ့်မည်။ လူအချို့မှာ ပြန်လည်ဝင်စားပြီးနောက် သူတို့၏ စရိုက်လက္ခဏာ အနည်းငယ် ပြောင်းလဲသွားတတ်သည်။ သူတို့သည် လုံးဝ တခြားလူတစ်ယောက် ဖြစ်မသွားသော်လည်း သူတို့၏ မူလစရိုက် အတိုင်းလည်း လုံးဝ မဟုတ်တော့ပါ။

၎င်းအပြင် ဤကဲ့သို့သော ပြန်လည်ဝင်စားခြင်း ကျင့်စဉ်များကို ကျင့်ကြံခြင်းသည် လူတစ်ယောက်၏ အသက်ကို ရှည်စေရုံသာမက အမှန်တကယ်တော့ ပို၍ပင် တိုစေလိမ့်မည်။

ပြန်လည်ဝင်စားမှု တိုင်းသည် လူတစ်ယောက်၏ သက်တမ်းကို တိုစေသည်။ ပြန်လည်ဝင်စားမှု များလေလေ၊ မြန်မြန် သေလေလေ ဖြစ်သည်။

အမှန်တကယ်တော့ ပြန်လည်ဝင်စားခြင်း ကျင့်စဉ်များသည် လူတစ်ယောက်၏ ဘဝအလားအလာ ကို ကြိုတင် ထုတ်ယူသုံးစွဲလိုက်ခြင်းသာ ဖြစ်သည်။

အသက်တစ်ရာ မပြည့်ခင်တွင် သိုင်းသမားတစ်ယောက်မှာ ကြီးမားသော ဘဝအလားအလာများ ရှိနေပြီး အမြန်ဆုံးနှုန်းဖြင့် ကျင့်ကြံနိုင်သည်။ ပြန်လည်ဝင်စားခြင်း ကျင့်စဉ်၏ အကျိုးကျေးဇူးမှာ လူတစ်ယောက်၏ ဘဝအလားအလာကို အကြီးမားဆုံး အတိုင်းအတာအထိ လှုံ့ဆော်ပေးခြင်း ဖြစ်သည်။

၎င်းသည် မူလက ဥပဒေသမျိုးစေ့ အဆင့်အထိသာ ရောက်နိုင်သော သိုင်းသမားတစ်ယောက်ကို 'ယွမ်ဖွင့်ခြင်း' အဆင့်အထိ တက်လှမ်းစေနိုင်သည်။ 'ယွမ်ဖွင့်ခြင်း' အဆင့်မှာသာ ကန့်သတ်ခံထားရသူများကို 'အင်ပါရီယယ် ဘုရင်' များ ဖြစ်လာစေနိုင်သည်။

ဤသည်မှာလည်း အချို့သောသူများက ပြန်လည်ဝင်စားခြင်း ကျင့်စဉ်ကို ရွေးချယ်ပြီး ပြန်လည်ဝင်စားလာသူအဖြစ် ကျင့်ကြံရခြင်း အကြောင်းရင်းပင် ဖြစ်သည်။ သူတို့သည် သူတို့၏ လူငယ်ဘဝမှာပင် အမှတ်ရချက်များစွာ ရှိနေသဖြင့် ပြိုင်ဘက်ကင်းသလောက် ဖြစ်စေသည်။

"မဟာမိတ်သိုင်းအဖွဲ့မှာ ဒီလိုမျိုး ပြန်လည်ဝင်စားခြင်း ကျင့်စဉ် ရှိနေတယ်။ အကယ်၍ သူတို့က သိုင်းသမားတွေကို ပြုစုပျိုးထောင်နေပြီး သူတို့အားလုံးက တိကျတဲ့ ခေတ်ကာလတစ်ခုမှာ ပြန်လည်ဝင်စားဖို့ ရွေးချယ်ခဲ့ကြတယ်ဆိုရင်... အဲဒါက ဒီလူတွေ ဘာကြောင့် အရင်က မသိခဲ့ကြသလဲဆိုတာကို ရှင်းပြနိုင်လိမ့်မယ်"

ယီယွင် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ပြန်လည်ဝင်စားလာသူများက ယခုခေတ်ကို ရွေးချယ်ခဲ့ကြသည်ဆိုသည်မှာ မဟာမိတ်သိုင်းအဖွဲ့က နှစ်ပေါင်းများစွာ ကြံစည်ခဲ့သော အစီအစဉ်ကြီးမှာ ယခုအခါ ဖြည်းဖြည်းချင်း အကောင်အထည် ပေါ်လာတော့မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

အခန်း ၆၁၃ - ကျောက်နက်စမ်းသပ်ပွဲ

ကောင်းကင်လမ်းစဉ်သမဂ္ဂတွင် 'ပြန်လည်ဝင်စားလာသူများ' ဟူသည်မှာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် စွမ်းအားတို့၏ ကိုယ်ပွားများပင် ဖြစ်သည်။

လူတစ်ယောက်သည် ပြန်လည်မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် သူ၌ များပြားလှသော သိုင်းပညာအတွေ့အကြုံများနှင့် ဥပဒေသတရားများကို ထိုးထွင်းသိမြင်မှုများ ရှိနေပြီးသားဖြစ်သည်။ သူလုပ်ဆောင်ရန် ကျန်ရှိသည်မှာ ကျင့်ကြံမှုအဆင့်အတန်းများကို ဖောက်ထွက်ရန်သာ ဖြစ်သည်။ ကျင့်ကြံမှုအဆင့်များ တက်လှမ်းရန်အတွက်မူ ခိုင်မာသော အခြေခံအုတ်မြစ်ရှိရန်သာ လိုအပ်ပြီး ကျန်ရှိသည်များမှာ သဘာဝအလျောက် စီးဆင်းဖြစ်ပေါ်လာမည်ဖြစ်သည်။

ပြန်လည်ဝင်စားလာသူအားလုံးသည် အလွန်လျှင်မြန်သောနှုန်းဖြင့် ကျင့်ကြံနိုင်ကြသည်။ ကောင်းကင်လမ်းစဉ်သမဂ္ဂရှိ အချို့သော ပြန်လည်ဝင်စားလာသူများမှာ တစ်ကြိမ်တည်းတင်မကဘဲ သုံးကြိမ်၊ လေးကြိမ် သို့မဟုတ် ငါးကြိမ်တိုင်အောင်ပင် ပြန်လည်ဝင်စားခဲ့သူများ ရှိသည်။

ထိုသို့ အကြိမ်ကြိမ် ပြန်လည်ဝင်စားခြင်းမှ စုဆောင်းရရှိမှုများကို အချို့မှာ နှစ်ပေါင်းသောင်းချီမှသည် သိန်းချီသည်အထိ ခြားနားထားကြပြီး၊ အားလုံးက ဤခေတ်ကာလတွင်မှ ပေါ်ထွက်လာရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

သူတို့၏ ဥပဒေသတရားများနှင့် ကောင်းကင်ဥပဒေသအပေါ် နားလည်မှုများသည် အစဉ်မပြတ် တိုးပွားခိုင်မာနေသည်။ ဥပဒေသမျိုးစေ့ အဆင့် အစောပိုင်းရှိ သိုင်းသမားတစ်ဦးသည်ပင် ယွမ်စတင်ခြင်းအဆင့် အထွတ်အထိပ် သိုင်းသမားများ၏ စံနှုန်းသို့ ရောက်ရှိနေသော ဥပဒေသဗဟုသုတများ ရှိနေပြီး အင်ပါရီယယ်ဘုရင် အဆင့်သို့ပင် နီးကပ်နေပြီဖြစ်သည်။

တူညီသောအဆင့်ရှိ သိုင်းသမားများထဲတွင် သူတို့သည် 'ပြိုင်ဘက်ကင်း' ဟူသော စကားလုံးနှင့် ထိုက်တန်သူများ ဖြစ်ကြသည်။ ထိုဘွဲ့အမည်နှင့် လိုက်ဖက်ညီသူများမှာ သူတို့သာ ရှိပေလိမ့်မည်။

မဟာမိတ်သိုင်းအဖွဲ့သည် ပြန်လည်ဝင်စားလာသူများ ရှိနေခြင်းကို ဖုံးကွယ်မထားပေ။ ဤမတိုင်မီက မဟာမိတ်သိုင်းအဖွဲ့၏ ဝါရင့်အဖွဲ့ဝင်များအားလုံးသည် ပြန်လည်ဝင်စားလာသူများ၏ လက်ရည်စမ်းပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြဖူးသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမှာ ယနေ့တိုင် သူတို့၏စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။

ထိုလက်ရည်စမ်းပွဲကြောင့်ပင် ကောင်းကင်လမ်းစဉ်သမဂ္ဂ၏ ဝါရင့်အဖွဲ့ဝင်များစွာမှာ သူတို့၏ နောက်ဆုံးကျန်ရှိသော ဇွဲကို လက်လျှော့လိုက်ကြပြီး ဝိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးကာ ကောင်းကင်သွေးမဟာမိတ်ထဲသို့ ဝင်ရောက်သွားကြခြင်း ဖြစ်သည်။ ထိုအချက်တစ်ခုတည်းနှင့်တင် ကောင်းကင်သွေးမဟာမိတ်သည် အဖွဲ့ဝင်အသစ် ဒါဇင်အနည်းငယ်မျှ တိုးပွားသွားခဲ့သည်။

ကုန်းစုန်းဟုန်သည်လည်း ထိုအချိန်ကပင် ကောင်းကင်သွေးမဟာမိတ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ပြန်လည်ဝင်စားလာသူများ၏ စွမ်းအားကို မျက်မြင်တွေ့ခဲ့ရသဖြင့် ကုန်းစုန်းဟုန်သည် သူတို့၏ စွမ်းအားအပေါ် အလွန်အမင်း အထင်ကြီး လေးစားသွားခဲ့သည်။ ၎င်းက သူ၏စိတ်ကို တကယ်ပင် လှုပ်ခတ်သွားစေခဲ့သည်။

ထို့ကြောင့်ပင် ကုန်းစုန်းဟုန်သည် ယီယွင်ကို ရှုံးနိမ့်ပြီးနောက် ပြန်လည်ဝင်စားလာသူများအကြောင်း ထည့်ပြောခဲ့ခြင်းဖြစ်သည်။ မျက်နှာပြန်ဆယ်ရန် ကြိုးပမ်းခြင်းအပြင် သူကိုယ်တိုင်ကလည်း ပြန်လည်ဝင်စားလာသူများကို အလွန်အမင်း အားကျနေသောကြောင့်လည်း ပါဝင်သည်။

သူသည် မဟာမိတ်သိုင်းအဖွဲ့၏ ပြန်လည်ဝင်စားလာသူများကို သူ၏ပန်းတိုင်အဖြစ် သတ်မှတ်ထားသည်။ မဟာမိတ်သိုင်းအဖွဲ့အတွက် အကျိုးဆောင်မှုများပြုလုပ်ရန်နှင့် 'ကောင်းကင်ဥပဒေသ ပြန်လည်ဝင်စားခြင်း မဟာကျင့်စဉ်' ကို ကျင့်ကြံခွင့်ရရန် သူ အိပ်မက်မက်နေသည်။

အကယ်၍ သူသာ ဤအထွတ်အထိပ်ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပါက အနည်းဆုံးတော့ အင်ပါရီယယ်ဘုရင်အဖြစ် ဘွဲ့အပ်နှင်းခံရမည် သို့မဟုတ် ဘိုးဘေး တစ်ဦး ဖြစ်လာမည်၊ သို့မဟုတ်ပါက ထိုအဆင့်ကိုပင် ကျော်လွန်သွားနိုင်မည်ဖြစ်သည်။

ကောင်းကင်လမ်းစဉ်သမဂ္ဂသို့ ဝင်ရောက်လာသော ထိပ်သီးလူငယ်များအားလုံးမှာ ကိုယ်စီရည်မှန်းချက်များ ရှိကြသည်။ သူတို့ရှေ့တွင် ဤကဲ့သို့သော အခွင့်အရေးများ ရှိနေပြီး အံ့ဖွယ်အမှုများစွာကို မျက်မြင်တွေ့နေရသဖြင့် သူတို့၏ မူလစွဲကိုင်ထားမှုများမှ ယိမ်းယိုင်မသွားရန်မှာ အလွန်ခက်ခဲလှသည်။

လူသားများသည် ပတ်ဝန်းကျင်၏ ကူးစက်မှုကို ခံရလွယ်ကြသည်။ မိမိတို့ပတ်ဝန်းကျင်ရှိ လူများ၏ ရွေးချယ်မှုများက သက်ရောက်မှုရှိလာသောအခါ ကောင်းကင်သွေးမဟာမိတ်သို့ ဝင်ရောက်ရန်မှာ ပို၍ သဘာဝကျလာတော့သည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားအတွက် လွတ်လပ်မှုကို စတေးခြင်းမှာ လက်မခံနိုင်စရာကိစ္စ မဟုတ်တော့ပေ။

ထို့ကြောင့် ယီယွင် မဟာမိတ်သိုင်းအဖွဲ့သို့ ဝင်ရောက်ပြီး တစ်လအတွင်းမှာပင် ယီယွင်နှင့်အတူ ဝင်ရောက်လာခဲ့သော ပါရမီရှင် ဆယ်ယောက်ကျော်မှာ ကောင်းကင်သွေးမဟာမိတ်သို့ ဝင်ရန် ရွေးချယ်ခဲ့ကြပြီးဖြစ်သည်။

ကောင်းကင်သွေးမဟာမိတ်သို့ ဝင်ရောက်သူ ပို၍ ပို၍ များပြားလာသည်။ ယီယွင်သည် မဟာမိတ်သိုင်းအဖွဲ့သို့ ရောက်ရောက်ချင်း ဝါရင့်အဖွဲ့ဝင် ကုန်းစုန်းဟုန်ကို အနိုင်ယူပြီး မျက်နှာကို ဖြတ်ရိုက်လိုက်သော်လည်း၊ ၎င်းက ထိပ်သီးလူငယ်များ၏ ဆုံးဖြတ်ချက်ကို အနည်းငယ်သာ နှောင့်နှေးစေခဲ့ပြီး အခြေခံကျသော သက်ရောက်မှုမျိုး မရှိခဲ့ပေ။

လူအများအပြား ကောင်းကင်သွေးမဟာမိတ်သို့ ဝင်ရောက်နေခြင်းကို ယီယွင် ဂရုမစိုက်သလို၊ ထိုအပေါ်တွင်လည်း များစွာ မတွေးတောမိပေ။ ကမ္ဘာတစ်ခုလုံး၏ ကပ်ဘေးနှင့် ပတ်သက်နေသော အခြေအနေမျိုးတွင် ပါရမီရှင် အနည်းငယ် သေဆုံးခြင်းမှာ အမှန်တကယ်တော့ အသေးအဖွဲသာဖြစ်သည်။

လူတိုင်းသည် မိမိတို့၏ ရွေးချယ်မှုအတွက် တန်ဖိုးပေးဆပ်ကြရမည်သာ။

ဆောင်းဦးအစောပိုင်းတွင် ဓားရှည်တောင်တန်း ပေါ်၌ နှင်းများ ကျဆင်းနေသည်။ တောင်ပေါ်တွင် အေးစက်ပြီး လေပြင်းထန်နေကာ မြောက်ပြန်လေမှာ ပျံသန်းနေသော ဓားများနှင့် လှံများကဲ့သို့ တိုက်ခတ်နေသည်။

"ဂေါင်.... ဂေါင်...... ဂေါင်......"

ဓားရှည်တောင်တန်းပေါ်တွင် ခေါင်းလောင်းသံတစ်ခု ရုတ်တရက် မြည်ဟိန်းသွားသည်။ ခေါင်းလောင်းသံမှာ အေးစက်သော လေပြင်းနှင့် မုန်တိုင်းကို ဖြတ်သန်း၍ ကောင်းကင်လမ်းစဉ်သမဂ္ဂ အဖွဲ့ဝင်တိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

"ကျန်းယိတောင်... ကျောက်နက်စမ်းသပ်ပွဲ စတင်တော့မယ်"

ယီယွင်သည် အခန်းထဲတွင် တရားထိုင်နေစဉ် အပြင်ဘက်မှ အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ယီယွင်၏ ဘေးအခန်းတွင် နေထိုင်သော လူငယ်တစ်ဦးက သူ့ကို လှမ်းခေါ်နေခြင်းဖြစ်သည်။

ထိုလူငယ်၏အမည်မှာ ဝေချီဝေ ဖြစ်သည်။ သူသည် ယီယွင်ထက် ငယ်ရွယ်ပြီး ထင်ရှားသော နောက်ခံနောက်ကြောင်း မရှိပေ။ သူသည် ထျန်းယွမ်ကမ္ဘာရှိ ဒုတိယတန်းစား အဖွဲ့အစည်းတစ်ခုမှ လာသူဖြစ်သော်လည်း ကောင်းကင်လမ်းစဉ်သမဂ္ဂသို့ ဝင်ခွင့်ရခဲ့သည်မှာ သူသည် သာမန်လူမဟုတ်ကြောင်း သက်သေပြနေသည်။

ဝေချီဝေသည် ယီယွင်နှင့် ဆင်တူသည်။ သူသည်လည်း ကောင်းကင်သွေးမဟာမိတ်သို့ ဝင်ရန် ငြင်းဆန်ထားသူဖြစ်သည်။ သို့သော် ဤအခြေအနေက မည်မျှကြာအောင် ဆက်သွားမည်ကို ယီယွင် မသိပါ။

ယီယွင်သည် သူ၏ ကျောက်အိမ်လေးထဲမှ ထွက်လာခဲ့သည်။ မဟာမိတ်သိုင်းအဖွဲ့တွင် ကောင်းကင်သွေးမဟာမိတ် အဖွဲ့ဝင်များသာလျှင် ကျောက်မျှော်စင် တွင် နေထိုင်ခွင့်ရှိသည်။ ထိုမျှော်စင်များတွင် ကြွယ်ဝပြီး သန့်စင်သော ကောင်းကင်မြေကြီး ယွမ်ချီ ရရှိစေရန် အာမခံချက်ပေးသော ချိတ်တံဆိပ်ကြီးများ ရှိနေသဖြင့် ကျင့်ကြံရန် အကောင်းဆုံး ပတ်ဝန်းကျင်ဖြစ်သည်။

ကောင်းကင်သွေးမဟာမိတ်သို့ မဝင်သော သာမန်အဖွဲ့ဝင်များမှာမူ ဤကဲ့သို့သော ကျောက်အိမ်များတွင်သာ နေထိုင်ကြရသည်။ အသုံးအဆောင်များမှာ ရိုးရှင်းပြီး ယွမ်ချီ သိပ်သည်းဆမှာလည်း ပျမ်းမျှအဆင့်သာ ရှိသည်။

ယီယွင်သည် ကောင်းကင်လမ်းစဉ်သမဂ္ဂတွင် ကျော်ကြားသော်လည်း သူသည် ဤကဲ့သို့သော ရိုးရှင်းသည့် ကျောက်အိမ်တွင်သာ နေထိုင်ရသည်။ ၎င်းအပြင် သူ၏ နေထိုင်ရာနေရာမှာ သာမန်အဖွဲ့ဝင်များထဲတွင်ပင် အညံ့ဖျင်းဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။

ထို့အပြင် သာမန်အဖွဲ့ဝင်များသည် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်မျိုးစုံနှင့် စမ်းသပ်ပွဲ အစီအစဉ်များတွင် ကန့်သတ်ချက်မျိုးစုံ ခံကြရသည်။ ယီယွင်အတွက်မူ သာမန်အဖွဲ့ဝင်များ၏ အမည်မဖော်လိုသော ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသဖြင့် အထူး "စောင့်ရှောက်မှု" ပေးခြင်း ခံနေရသည်။

ယီယွင်သည် မတရားသော ဆက်ဆံမှုမျိုးစုံကို လက်ခံရရှိနေသည်။ ဤသည်မှာ ကောင်းကင်သွေးမဟာမိတ် ဝါရင့်အဖွဲ့ဝင်များက တမင်တကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ စမ်းသပ်ပွဲ အစီအစဉ်များစွာကို ကောင်းကင်သွေးမဟာမိတ် ဝါရင့်အဖွဲ့ဝင်များကပင် ကြီးကြပ်နေကြခြင်းဖြစ်ရာ ထိုလူများသည် ယီယွင်ကို မနှစ်သက်ကြချေ။

အမှန်စင်စစ် လွန်ခဲ့သော လေးလခန့်က ယီယွင် ကောင်းကင်လမ်းစဉ်သမဂ္ဂသို့ စတင်ဝင်ရောက်စဉ် ကုန်းစုန်းဟုန်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ကတည်းက ကောင်းကင်သွေးမဟာမိတ် ဝါရင့်အဖွဲ့ဝင်များသည် သူ့အပေါ် ရန်လိုနေခဲ့ကြပြီးဖြစ်သည်။

ရိုင်းစိုင်းသော နောက်ခံမှ လာသည့် ဤကောင်လေးသည် ဓားရှည်တောင်တန်းပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်သွေးမဟာမိတ် ဝါရင့်အဖွဲ့ဝင်များ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သိက္ခာနှင့် ဆိုင်သော ကိစ္စဖြစ်သည်။ ဝါရင့်အဖွဲ့ဝင်များက အဖွဲ့ဝင်သစ်ထက် နိမ့်ကျနေသည်မှာ အလွန်ပင် အရှက်ရစရာ ကောင်းလှသည်။

ကောင်းကင်သွေးမဟာမိတ် ဝါရင့်အဖွဲ့ဝင်များသည် ဤကဲ့သို့သော မောက်မာသည့် အဖွဲ့ဝင်သစ်ကို "ပညာပေး" ရန်နှင့် ကောင်းကင်ထက်မှာ ကောင်းကင်ရှိကြောင်း၊ လူထက်မှာ လူရှိကြောင်း သိစေရန် ဆန္ဒရှိကြသည်။

သို့သော်... ယီယွင်က သန်မာလွန်းနေသည်။

လူတိုင်းက ကုန်းစုန်းဟုန်၏ ခွန်အားကို သိကြသော်လည်း ယီယွင်က ကုန်းစုန်းဟုန်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ကုန်းစုန်းဟုန်က သူသည် ပေါ့ဆသွား၍သာ ဖြစ်ကြောင်း၊ လူတောတိုးအောင် ဟန်လုပ်ရင်း ယီယွင်ကို ရှုံးခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ သူသာ အစွမ်းကုန် တိုက်ခိုက်ပါက အနိုင်အရှုံးရလဒ်မှာ အလွန်ဆုံးမှ ၄ ဆ ၆ ဆသာ ဖြစ်မည်ဟု အခိုင်အမာ ပြောဆိုခဲ့သော်လည်းကုန်းစုန်းဟုန်၏ စကားကို ယုံကြည်သူမှာ လူနည်းစုသာဖြစ်သည်။

ကုန်းစုန်းဟုန် ပြောသော ထို ၄၀-၆၀ ဆိုသည့်အထဲက "၆၀" မှာ ကုန်းစုန်းဟုန်ကို ဆိုလိုခြင်းလော သို့မဟုတ် ယီယွင်ကို ဆိုလိုခြင်းလော ဆိုသည်ကိုပင် လူများက မဝေခွဲနိုင်ကြပေ။ ကုန်းစုန်းဟုန်သည် ကြွားဝါကောင်း ကြွားဝါနိုင်သော်လည်း သူသည် ယီယွင်ကို နောက်တစ်ကြိမ် ထပ်မံ မစိန်ခေါ်တော့သဖြင့် အမှန်တရားမှာ အလွန်ပင် ထင်ရှားလှသည်။

ယီယွင်သည် အလွန်သန်မာပြီး အဖွဲ့ဝင်သစ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်သွေးမဟာမိတ် ဝါရင့်အဖွဲ့ဝင်များက ယီယွင်ကို သင်ခန်းစာ ပေးလိုပါက သူနှင့် တိုက်ခိုက်ရမည် ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ခြင်းမှာ မည်သည့် အကျိုးကျေးဇူးမှ မရှိပေ။

ယီယွင်က ကုန်းစုန်းဟုန်ကို အရူးလုပ်လိုက်သည့် ကိစ္စက သူ့ကို မဟာမိတ်သိုင်းအဖွဲ့တွင် ကျော်ကြားသွားစေသည်။ သူသည် ကျားကိုစားမည့် ဝက်အဖြစ် ဟန်ဆောင်နေသည်မှာ သိသာလှပြီး ကုန်းစုန်းဟုန်ကို လုံးဝ လှည့်စားနိုင်ခဲ့သည်။ ကောက်ကျစ်သော လှည့်ကွက်များဖြင့် ပြည့်နှက်နေသော ဤသို့သော လူစားမျိုးကို မနှောင့်ယှက်ခြင်းက အကောင်းဆုံးပင်။ သူ့ကို ရှုံးနိမ့်သွားပါက နာမည်ပျက်ရုံသာမက ဘဝပင် ပျက်သွားနိုင်သည်။

ထို့ကြောင့် လအနည်းငယ်ကြာအောင် ယီယွင်သည် အေးအေးချမ်းချမ်း ကျင့်ကြံနေခဲ့သည်။ မည်သူမျှ သူ့ကို လာမနှောင့်ယှက်ကြပေ။ ယင်းအစား ယီယွင်နှင့်အတူ ဝင်ရောက်လာသော ကောင်းကင်လမ်းစဉ်သမဂ္ဂ အဖွဲ့ဝင်များသာလျှင် ဝါရင့်အဖွဲ့ဝင်များ၏ နှိပ်စက်မှုကို ခံခဲ့ကြရသည်။

တိုက်ပွဲများစွာတွင် သွေးကျောက်စိမ်း ဆုလာဘ်များကို အလောင်းအစားအဖြစ် ထားရှိလေ့ရှိသည်။ ဤအဖွဲ့ဝင်သစ်များ၊ အထူးသဖြင့် ဝိညာဉ်စာချုပ် လက်မှတ်မထိုးရန် ဇွတ်ငြင်းဆန်နေသော အဖွဲ့ဝင်သစ်များမှာ ဆိုးရွားစွာ နှိပ်စက်ခံခဲ့ကြရသည်။

လူ့သဘာဝမှာ ဤသို့ပင်ဖြစ်သည်။ ကောင်းကင်သွေးမဟာမိတ် ဝါရင့်အဖွဲ့ဝင်များသည် ဝိညာဉ်စာချုပ် လက်မှတ်ထိုးရန် ရွေးချယ်ပြီးနောက်တွင် အခြားသူများကိုလည်း သူတို့ကဲ့သို့ လက်မှတ်ထိုးစေချင်သော စိတ်ပိုင်းဆိုင်ရာ ဆန္ဒတစ်ခု ရှိနေတတ်ကြသည်။ ဤနည်းဖြင့် သူတို့သည် စိတ်ပိုင်းဆိုင်ရာ မျှခြေကို ရယူနိုင်ကြခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် သူတို့သည် ကောင်းကင်သွေးမဟာမိတ်သို့ ဝင်ရောက်ပြီးသော အဖွဲ့ဝင်သစ်များကို ပစ်မှတ်မထားကြဘဲ၊ ဝင်ရောက်ရန် နှောင့်နှေးနေသူများကိုသာ ဘဝခါးအောင် လုပ်ဆောင်လေ့ရှိကြသည်။

ဤရက်ပိုင်းများတွင် ယီယွင်သည် ပုံစံနိမ့်နိမ့်ဖြင့်သာ နေထိုင်ခဲ့သည်။ သူသည် လျှောက်သွားကာ သူတစ်ပါးမျက်နှာကို လိုက်ရိုက်ခြင်း သို့မဟုတ် အခြားသူများကို စိန်ခေါ်ခြင်းများ မလုပ်ခဲ့ပေ။ မဟာမိတ်သိုင်းအဖွဲ့က နောက်ထပ် ဘာစီစဉ်နေသည်ကို မသိရသေးသဖြင့် သူသည် ငြိမ်ငြိမ်လေးသာ နေရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူ၏ ခွန်အားမှာ အစဉ်မပြတ် တိုးပွားနေပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ ယခုအခါ ဥပဒေသမျိုးစေ့ အဆင့်၏ အထွတ်အထိပ်သို့ နီးကပ်နေပြီဖြစ်သည်။

ဤအဆင့်အထိ ကျင့်ကြံနိုင်ရန် သူ၌ မည်မျှအထိ ဝှက်ဖုံးထားသော စွမ်းအားများ ရှိနေသည်ကို ယီယွင်ကိုယ်တိုင်ပင် မသိပါ။

အဘယ်ကြောင့်ဆိုသော် မဟာဧကရီ နယ်မြေတွင် တံခါးပိတ် ကျင့်ကြံမှု ပြီးဆုံးပြီးကတည်းက သူ အစွမ်းကုန် တိုက်ခိုက်ခဲ့သည့် တစ်ခုတည်းသော အချိန်မှာ လင်းရှင်းထုံ နှင့် လက်ရည်စမ်းစဉ်ကသာ ဖြစ်သောကြောင့်ဖြစ်သည်။

လင်းရှင်းထုံမှာ သာမန်အတွေးအခေါ်ဖြင့် တိုင်းတာ၍ရသောသူ မဟုတ်ပေ။ ထျန်းယွမ်ကမ္ဘာနှင့် ယှဉ်လျှင် သူ မည်မျှအထိ ခရီးရောက်နေပြီလဲဆိုသည်ကို ယီယွင် မသိသေးပါ။

"ငါ လာပြီ"

တရားထိုင်နေသော ယီယွင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဘေးနားရှိ ဓားကို ကောက်ကိုင်လိုက်သည်။

ဤဓားမှာ ငါးပေရှည်သည်။ ၎င်းမှာ ဂျပန်ကီတားနား ဓားရှည် အမျိုးအစားဖြစ်ပြီး ဓားသွားမှာ ရှည်လျားကျဉ်းမြောင်းကာ ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှလှသည်။ ဓား၏အမည်မှာ 'သဲမုန်တိုင်း' ဖြစ်သည်။ ယီယွင်သည် မဟာမိတ်သိုင်းအဖွဲ့၏ လက်နက်တိုက်မှ သွေးကျောက်စိမ်းများဖြင့် ၎င်းကို လဲလှယ်ထားခြင်း ဖြစ်သည်။

ဤဓားမှာ သွေးကျောက်စိမ်း ၁၅၀၀ တန်ကြေးရှိသည်။ ထျန်းယွမ်ကမ္ဘာအတွက်ဆိုလျှင် ဤဓားမှာ ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။

ယခုအချိန်အထိ ယီယွင်၌ နေမင်းပစ်သတ်ဖြတ်ခြင်းကိုးပါးလေး နှင့် လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုးတစ်လက် ရှိနေသည်။ သို့သော် ဓားရှည် နှင့် ပတ်သက်လျှင်မူ ယီယွင်၌ ကောင်းမွန်သော ဓားတစ်လက် မရှိခဲ့ပေ။

ယခင်က ယီယွင်သည် ထောင်ချီလက်ဝါး လက်တထောင်အဘွားအိုထံမှ လုယူခဲ့သော ကြာနီဓား ကိုသာ သုံးစွဲနေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ မဆိုးလှသော်လည်း သူ၏ အမှတ်အသားကို ပြောင်းလဲလိုက်ပြီးနောက်တွင် ထိုကြာနီဓားကို သဘာဝအတိုင်း အသုံးပြု၍ မရတော့ပေ။

ယခု ယီယွင်၏ လက်ထဲရှိ သဲမုန်တိုင်းဓားမှာ ကြာနီဓား၏ အရည်အသွေးထက် နည်းလမ်းပေါင်းစုံဖြင့် သာလွန်လှသည်။ ယီယွင်သည် လေးလကြာ အသုံးပြုပြီးနောက်တွင် ဤဓားနှင့် အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။

သဲမုန်တိုင်းဓားကို လက်ထဲကိုင်လျက် ယီယွင်သည် ကျောက်အိမ်ထဲမှ လှမ်းထွက်လာခဲ့သည်။ သူ အပြင်ထွက်လာပြီး ဝေချီဝေကို မြင်လိုက်ရသောအခါ ယီယွင် မျက်မှောင်ကြုတ်သွားသည်။

ဝေချီဝေသည် နုနယ်သော အသားအရေရှိသည့် လူငယ်တစ်ဦးဖြစ်သော်လည်း ယခုအခါ သူ၏ လည်ပင်းတွင် စက်ဆုပ်ဖွယ်ကောင်းသော ဓားဒဏ်ရာတစ်ခုက စောင်းလျက်သား တည်ရှိနေပြီး ရင်ဘတ်အထိ ပြန့်နှံ့နေသည်။

ဝေချီဝေ၏ မျက်နှာမှာလည်း ညိုမည်းနေတော့သည်။ သိသာလှသည်မှာ သူသည် လွန်ခဲ့သော ခဏလေးကမှ အခြားသူများ၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းပင် ဖြစ်သည်။

All Chapters